အခန်း (၄၉၆-၄၉၈)
Vol. 34 Ch. 496-498
အပိုင်း (၄၉၆) မုန်တိုင်း (၄)
လီယန်သည် ထိုကဲ့သို့သော ပုံစံဖြင့် အိမ်တော်သို့ ပြန်ရောက်လာခဲ့လေသည်။
တုန်းပင်ကျွင်းဝမ်ဖေးသည် သတင်းကြားသည်နှင့် အလျင်အမြန် ရောက်ရှိလာပြီး သားဖြစ်သူ၏ ပုံစံကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားကာ ဒေါသလည်း ထွက်သွားလေသည်။ "ဘယ်သူက မင်းကို ဒီလိုဒဏ်ရာရအောင် လုပ်လိုက်တာလဲ။ သတ္တိတွေ ကောင်းလှချည်လား။ ဘယ်သူလဲဆိုတာ ပြောစမ်း"
လီယန်သည် လမ်းခရီးတစ်လျှောက်လုံး ဆင်ခြေများကို ကြိုတင်စဉ်းစားထားပြီးဖြစ်ရာ ညှိုးငယ်သော မျက်နှာထားဖြင့် သက်ပြင်းချကာ ပြောလိုက်လေသည်။ "မပြောပါနဲ့တော့ဗျာ။ ဒီနေ့ ကျွန်တော် နန်းတော်ထဲမှာ ပဉ္စမမင်းသားနဲ့ တွေ့တယ်။ စကား (၂) ခွန်း (၃) ခွန်းလောက်ပဲ ပြောရသေးတယ်... စကားများကြတော့တာပဲ။ ကျွန်တော်လည်း ဒေါသထွက်ပြီး အရင် လက်ပါလိုက်မိတယ်"
"ကျွန်တော့် နှာခေါင်း ထိခိုက်သွားပေမဲ့ ပဥ္စမင်းသားကလည်း ကျွန်တော့်လက်ချက်နဲ့ မသက်သာပါဘူး။ အနည်းဆုံးတော့ လဝက်လောက် အိပ်ရာထဲ လှဲနေရလောက်တယ်"
နောက်ဆုံးစကားကို ပြောသောအခါ သူသည် ခေါင်းကိုမော့လိုက်ပြီး လေသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပါဝင်နေလေသည်။
တုန်းပင်ကျွင်းဝမ်ဖေး၏ စိတ်နှလုံးသည် အေးချမ်းမသွားဘဲ ပို၍ပင် စိုးရိမ်ထိတ်လန့်လာလေသည်။ "တကယ်ပဲ မင်းက အရင် စလုပ်လိုက်တာလား"
လီယန်သည် ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်လေသည်။ "သူက ပါးစပ်ဖွင့်တာနဲ့ ကောင်းတာ တစ်ခွန်းမှ မပါဘူး။ ကျွန်တော့်ကို အရှေ့နန်းဆောင်က ခွေးတစ်ကောင်တဲ့။ ကျွန်တော်က ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။ နောက်တော့ ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေး ရောက်လာကြတယ်။ ထိုက်ဇီဖေးက ကျွန်တော့်ဘက်က ပါပေးတယ်။ တတိယမင်းသားလည်း ရောက်လာပြီး ပဥ္စမမင်းသားကို ခေါ်သွားတယ်။ ထိုက်ဇီက ထိုက်ယီကို ကုသပေးခိုင်းပြီး (၁၀) ရက် ခွင့်ပေးလိုက်လို့ ကျွန်တော် ပြန်လာတာ"
တုန်းပင်ကျွင်းဝမ်ဖေး "..."
အရှေ့နန်းဆောင်နှင့် တတိယမင်းသားတို့၏ အုပ်စုကွဲကာ တိတ်တဆိတ် တိုက်ခိုက်နေကြသည်ကို နန်းတွင်းနန်းပြင်၌ မသိသူ မရှိကြပေ။ လီချန်၏ စိတ်နေသဘောထားအရ လီယန်ကို စကားဖြင့် စော်ကားသည်မှာ မထူးဆန်းလှပေ။
သို့သော် လီယန်က အရင် လက်ပါခဲ့ပြီး ပဉ္စမမင်းသား ဒဏ်ရာရသွားသည်မှာ မကောင်းလှပေ။ အကယ်၍ အရှင်မင်းကြီးသာ အပြစ်ရှာလာလျှင် မည်သို့ လုပ်ရပါမည်နည်း။
တုန်းပင်ကျွင်းဝမ်ဖေးသည် တွေးလေ ကြောက်လေ ဖြစ်လာပြီး သားဖြစ်သူ၏ မျက်နှာမှ ဒဏ်ရာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စိုးရိမ်တကြီး တိုးတိုးပြောလိုက်လေသည်။ "နင် တကယ့် ကောင်စုတ်လေးပဲ။ ဘယ်လိုလုပ် အရင်လက်ပါပြီး ပဥ္စမမင်းသားကို ဒဏ်ရာရအောင် လုပ်ရတာလဲ။ နင်က ဆွေမျိုးတော်စပ်တယ် ဆိုပေမဲ့၊ အရှင်မင်းကြီးက နင့်ကို ငယ်ငယ်ကတည်းက ကြည့်လာခဲ့တယ် ဆိုပေမဲ့ ပဥ္စမမင်းသားလောက်တော့ ဘယ်ရင်းနှီးပါ့မလဲ... အရှင်မင်းကြီးသာ ဒေါသထွက်ပြီး အပြစ်ပေးရင် နင် ဘယ်လိုခံနိုင်မှာလဲ"
ပတ်တီးအထပ်ထပ်က လီယန်၏ မျက်နှာထားကို ဖုံးကွယ်ထားသော်လည်း သူ၏ မျက်ဝန်းထဲတွင် တွေဝေမှုများ ဖြစ်ပေါ်နေပြီး လေသံကလည်း မရေမရာ ဖြစ်နေလေသည်။ "အရှင်မင်းကြီးက တိုင်းရေးပြည်ရာ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာပါ။ ဒီလို ကိစ္စသေးသေးလေးလောက်နဲ့တော့ လှုပ်လှုပ်ရှားရှား ဖြစ်မလာလောက်ပါဘူး"
စကားမဆုံးမီမှာပင် တုန်းပင်ကျွင်းဝမ်ဖေးသည် သူ၏ ကျောကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။ "ပြဿနာရှာတဲ့နေရာမှာတော့ တစ်ဖက်ကမ်းခတ်ပဲ။ ကိုယ့်အဆောင်ကို မြန်မြန် ပြန်မသွားသေးဘူးလား။ ငါ အခုပဲ မျိုးနွယ်တော်များထိန်းသိမ်းရေးရုံးကို လူလွှတ်ပြီး နင့်အဖေကို နန်းတော်ထဲသွားပြီး အပြစ်သွားတောင်းခိုင်းလိုက်မယ်"
"နင်က မကြာခင် စေ့စပ်ပြီး အိမ်ထောင်ပြုတော့မယ့်လူလေ။ နောက်ဆို ပြောတာဆိုတာ လုပ်တာကိုင်တာ ဆင်ခြင်ဦး။ ဒီလို ပေါက်ကရတွေ ထပ်မလုပ်နဲ့တော့"
လီယန်သည် တော်တော်နှင့် ထွက်မသွားဘဲ နေလေသည်။ "ကျွန်တော့်ဒဏ်ရာက ရက်နည်းနည်းဆို ကောင်းသွားမှာပါ။ ကမ်းလှမ်းမယ့် ကိစ္စကိုတော့ နှောင့်နှေးလို့ မဖြစ်ဘူးနော်"
တုန်းပင်ကျွင်းဝမ်ဖေးသည် ဒေါသထွက်လွန်းအားကြီးပြီး ရယ်မောလိုက်မိတော့သည်။ "နင့်ရဲ့ တစ်သက်တာကိစ္စကြီးကို ဘယ်သူက နှောင့်နှေးရဲမှာလဲ။ မြန်မြန်သာ စေ့စပ်ပြီး လက်ထပ်လိုက်။ နင့်ကို ထိန်းမယ့် မိန်းမ ရလာရင် ငါ့လို အမေက နည်းနည်းလောက် စိတ်သက်သာရာ ရမှာ"
ပြောပြီးနောက် လီယန်ကို အဆောင်သို့ ပြန်ရန် တိုက်တွန်းလိုက်လေသည်။
တုန်းပင်ကျွင်းဝမ်ဖေးသည် သူပြောသော စကားများကို သံသယမဝင်သည်ကို တွေ့ရသဖြင့် လီယန် စိတ်သက်သာရာ ရသွားလေသည်။
ဒါကလည်း သူနဲ့ ထိုက်ဇီတို့ တိုင်ပင်ထားတဲ့ အပြင်လူတွေကို ပေးသိမယ့် အကြောင်းပြချက်ပါပဲ။ လုမင်ယွဲ့ရဲ့ ဂုဏ်သိက္ခာ မထိခိုက်အောင်လို့လေ။
လီချန်ကတော့ လီဟောက်ရဲ့ "ဆုံးမ" မှုကို ခံထားရပြီးပြီမို့လို့ ပေါက်ကရတွေ လျှောက်ပြောရဲတော့မှာ မဟုတ်ပါဘူး။ ဒီကိစ္စက လူငယ်ချင်း စိတ်လိုက်မာန်ပါ ဖြစ်ကြတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ပြီးဆုံးသွားမှာပါ။
...
နောက်ဆက်တွဲ ကိစ္စများသည် လီကျင့် မျှော်မှန်းထားသည့်အတိုင်းပင် ဖြစ်လာခဲ့လေသည်။
တုန်းပင်ကျွင်းဝမ်သည် အဖြစ်အပျက်၏ "အစအဆုံး" ကို သိရှိပြီးနောက် ချက်ချင်းပင် နန်းတော်ထဲသို့ ဝင်ရောက်ကာ အရှင်မင်းကြီးကို သွားရောက်တွေ့ဆုံလေသည်။
တုန်းပင်ကျွင်းဝမ်သည် မြေကြီးပေါ်တွင် ဒူးထောက်လိုက်ပြီး ရှက်ရွံ့သော မျက်နှာထားဖြင့် အပြစ်တောင်းခံလိုက်လေသည်။ "...လီယန် မလိမ္မာလို့ ဖြစ်ရတာပါ။ စကားများတာလေးနဲ့ ပဥ္စမမင်းသားနဲ့ ပဋိပက္ခဖြစ်ပြီး လက်ပါသွားမိတယ်။ ပဥ္စမမင်းသားကို ဒဏ်ရာရအောင် လုပ်မိတယ်။ လီယန်ရဲ့ မျက်နှာမှာလည်း ဒဏ်ရာနည်းနည်း ရသွားပေမဲ့ ပြောပလောက်တာ မဟုတ်ပါဘူး။ ကျွန်တော်မျိုး ဒီနေ့ နန်းတော်ထဲ ဝင်လာတာက အရှင်မင်းကြီးဆီမှာ အပြစ်လာတောင်းခံတာပါ။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ"
ယုံးကျားဧကရာဇ်သည် ကြားလိုက်သည်နှင့် ဘာဖြစ်သည်ကို နားလည်လိုက်လေသည်။ စိတ်ထဲတွင် အသုံးမကျသော သားဆိုး လီချန်ကို ဆဲရေးလိုက်ပြီးနောက် ကိုယ်တိုင်ကိုယ်ကျ တုန်းပင်ကျွင်းဝမ်ကို တွဲထူလိုက်လေသည်။ "သွေးဆူလွယ်တဲ့ လူငယ်လေးနှစ်ယောက် စကားများပြီး ရန်ဖြစ်ကြတာ ဘာမှ မဟုတ်ပါဘူး။ မင်း ငယ်ငယ်တုန်းကလည်း ငါနဲ့ မကြာခဏ ရန်ဖြစ်ဖူးတာပဲလေ"
တုန်းပင်ကျွင်းဝမ်သည် မျက်နှာပူသွားပြီး လက်များကို ပွတ်သပ်လိုက်လေသည်။ "အဲဒီတုန်းက ကျွန်တော်မျိုး နားမလည်လို့ပါ..."
"ငါက ဒီအတိုင်း ပြောလိုက်တာပါ။ တခြားသဘော မရှိပါဘူး" ယုံးကျားဧကရာဇ်က ကြည်လင်ရွှင်ပြစွာ ပြုံးလျက် ပြောလိုက်လေသည်။ "မင်းလည်း စိုးရိမ်မနေပါနဲ့။ သူတို့က ညီအစ်ကိုတွေပဲ။ ရန်ဖြစ်တာ ဘာဆန်းလို့လဲ။ ဒီကောင်စုတ်လေးနှစ်ကောင် ဒဏ်ရာသက်သာမှ ငါ သူတို့ကို ခေါ်ပြီး မျက်နှာချင်းဆိုင် ဆူပူကြိမ်းမောင်းလိုက်မယ်။ မင်းကတော့ မင်းအလုပ် မင်းလုပ်ပါ။ ဒီကိစ္စကို စိတ်ထဲ ထားမနေနဲ့"
တုန်းပင်ကျွင်းဝမ်သည် ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းကြီးက သဘောထား ကြီးမြတ်လှပါတယ်။ ကျွန်တော်မျိုး ကျေးဇူးတင်မဆုံးပါဘူး"
ယုံးကျားဧကရာဇ်သည် ပြုံးလျက် တုန်းပင်ကျွင်းဝမ်၏ ပခုံးကို ပုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်လေသည်။ "ဒါနဲ့ မင်းတို့အိမ်တော်က လုအိမ်တော်နဲ့ လက်ထပ်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်"
တုန်းပင်ကျွင်းဝမ်သည် သံသယ မဝင်ပေ။ ပြုံးလျက် ပြန်ဖြေလိုက်လေသည်။ "မှန်လှပါ။ ကျွန်တော်မျိုးက မူလတုန်းက လက်ထပ်ပွဲ အတည်ဖြစ်မှ အရှင်မင်းကြီးကို သတင်းကောင်း လာလျှောက်တင်မလို့ပါ။ အခု လီယန်ကောင်စုတ်လေးက မျက်နှာမှာ ဒဏ်ရာရသွားတော့ ရက်နည်းနည်းလောက် နားရဦးမယ်။ ကမ်းလှမ်းမယ့် ကိစ္စလည်း ခဏ ရွှေ့ဆိုင်းထားရမှာပေါ့"
ယုံးကျားဧကရာဇ်က ပြောလိုက်လေသည်။ "ကမ်းလှမ်းတဲ့ကိစ္စက လီယန် ကိုယ်တိုင် သွားစရာမှ မလိုတာ။ ငါ့သဘောပြောရရင် စောစောစီးစီး စေ့စပ်ပြီး ရက်သတ်မှတ်လိုက်တာ ပိုကောင်းတယ်။ သူ မိန်းမရသွားရင် ပိုပြီး တည်ငြိမ်ရင့်ကျက်သွားမှာ"
ယုံးကျားဧကရာဇ်၏ ရယ်ရယ်မောမော ပြောဆိုလိုက်သော စကားများသည် တုန်းပင်ကျွင်းဝမ်၏ စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများကို ဖယ်ရှားပေးလိုက်လေသည်။
တုန်းပင်ကျွင်းဝမ်သည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး အလျင်အမြန် ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "အရှင်မင်းကြီးရဲ့ စကားက ကျွန်တော်မျိုးရဲ့ ရင်ထဲကို ထိသွားတာပါပဲ။ ကျွန်တော်မျိုးလည်း ဒီကောင်စုတ်လေး မြန်မြန် အရွယ်ရောက်ပြီး လိမ္မာလာဖို့ မျှော်လင့်နေတာပါ။ အဲဒါမှ ကျွန်တော်မျိုးလည်း အမြဲတမ်း စိတ်ပူနေရတဲ့ဒုက္ခက ကင်းဝေးမှာ"
"သားသမီးဆိုတာ အတိတ်ဘဝက ပါလာတဲ့ ဝဋ်ကြွေးတွေပဲ" ယုံးကျားဧကရာဇ်သည် တုံးအသော လီချန်ကို တွေးမိပြီး သက်ပြင်းရှည်ကြီး ချလိုက်မိလေသည်။
လီချန်တင် ဘယ်ကမလဲ... ထိုက်ဇီ လီကျင့်နဲ့ တတိယမင်းသား လီဟောက်တို့လည်း ရှိသေးတယ်။ သူတို့ကြားမှာ သားသမီးကို လုပ်ကြံမှုတွေ၊ မိခင်ကို သတ်ဖြတ်မှုတွေနဲ့ အမုန်းတရားတွေ ရှုပ်ထွေးနေတာ။ ဒီရှုပ်ထွေးနေတဲ့ ကြိုးတွေကို ဘယ်လို ဖြေရှင်းရမလဲ။
ယုံးကျားဧကရာဇ်သည် ထိုအကြောင်းများကို တွေးလိုက်မိသည်နှင့် စိတ်အနှောင့်အယှက် ဖြစ်လာလေတော့သည်။
တုန်းပင်ကျွင်းဝမ် ထွက်ခွာသွားပြီးနောက် ယုံးကျားဧကရာဇ်သည် ချက်ချင်းပင် ကျောင်းဖန်နန်းဆောင်သို့ ထွက်ခွာသွားလေသည်။
...
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ယုံးကျားဧကရာဇ် ရုတ်တရက် ရောက်ရှိလာသော်လည်း ချောင်မိဖုရားခေါင်သည် အံ့သြခြင်း၊ ကြောက်ရွံ့ခြင်း အနည်းငယ်မျှ မရှိဘဲ တည်ငြိမ်စွာဖြင့် နှုတ်ဆက်လိုက်လေသည်။
ယုံးကျားဧကရာဇ်သည် ထိုပုံစံကို ကြည့်ရင်း ရင်ထဲတွင် မွန်းကြပ်လာလေသည်။
လင်မယားသက်တမ်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ ချောင်မိဖုရားခေါင်၏ စိတ်နေသဘောထားကို သူ ကောင်းစွာ သိရှိလေသည်။ သူ မုန့်ဖေးကို ဘယ်လောက်ပဲ မျက်နှာသာပေးပေး ချောင်မိဖုရားခေါင်က တိတ်တဆိတ် သည်းခံလေ့ရှိသည်။ ဝမ်းနည်းစရာ ရှိရင်လည်း ရင်ထဲမှာပဲ မျိုသိပ်ထားတတ်သည်။
ဒါကြောင့် သူက ချောင်မိဖုရားခေါင်ရဲ့ ဝမ်းနည်းနေပေမဲ့ မတတ်သာဘဲ သဘောထားကြီးဟန်ဆောင်နေရတဲ့ ပုံစံကို ကျင့်သားရနေခဲ့ပြီ။
သူက မုန့်ဖေးကို အရာရာ မြှောက်စားခဲ့တယ်။ ကျောင်းဖန်နန်းဆောင်ကနေ ထွက်ခွာပြီး ဖန်ဟွားနန်းဆောင်မှာ ညအိပ်ခဲ့တယ်။ ဒါက မိဖုရားခေါင်တစ်ပါးအတွက် အကြီးမားဆုံးသော စော်ကားမှုပဲ။ ဒါပေမဲ့ ဘယ်အချိန်ကစပြီး ချောင်မိဖုရားခေါင်က သူ့ရဲ့ အေးစက်စိမ်းကားမှုတွေကို ဂရုမစိုက်တော့တာလဲ။
ယုံးကျားဧကရာဇ်သည် စိတ်မကြည်မလင် ဖြစ်နေပြီး မျက်နှာထား တင်းမာနေလေသည်။ "ဒီနေ့ တုန်းပင်ကျွင်းဝမ် နန်းတော်ထဲ ဝင်လာပြီး ကျန်းဆီမှာ အပြစ်လာတောင်းတယ်။ ကျန်း မင်းကို မေးချင်တာက လီယန်နဲ့ လီချန်တို့ ဘာကိစ္စကြောင့် လက်ပါကြတာလဲ"
ချောင်မိဖုရားခေါင်က မျက်လုံးဝေ့ကြည့်လိုက်ရာ နန်းတွင်းသူ နန်းတွင်းသားများ အားလုံး ထွက်ခွာသွားကြလေသည်။
ယုံးကျားဧကရာဇ်၏ ဘေးနားမှ လျိုကုန်းကုန်းနှင့် ချိုင်လန်တို့သာ ကျန်ရစ်ခဲ့လေသည်။ သူတို့နှစ်ဦးသည် ဧကရာဇ်နှင့် မိဖုရားခေါင်တို့၏ လူယုံများဖြစ်ကြသဖြင့် စကားပြောရာတွင် ရှောင်ဖယ်နေစရာ မလိုပေ။
ချောင်မိဖုရားခေါင်သည် မော့ကြည့်ကာ ယုံးကျားဧကရာဇ်ကို ကြည့်လိုက်လေသည်။ "ဒီနေ့ ဖြစ်တဲ့ကိစ္စက လီချန်ရဲ့ မကျေနပ်မှုကြောင့် စတာပါ။ လီချန်က လီယန်နဲ့ လုမင်ယွဲ့ စေ့စပ်တော့မယ်ဆိုတဲ့ သတင်းကို ကြားပြီး မနာလိုဝန်တိုစိတ် ဖြစ်ပြီး တမင်သက်သက် ရန်စတာပါ။ လီချန်ကပဲ အရင် စပြီး လက်ပါခဲ့တာပါ"
"ဒီကိစ္စ ပြန့်သွားရင် တကယ် ကြည့်မကောင်းပါဘူး။ ဒါကြောင့် အခုလို အကြောင်းပြချက် ပေးလိုက်တာပါ။ လီချန်ရဲ့ သိက္ခာကို ကာကွယ်ပေးရာ ရောက်သလို နန်းတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းရာ ရောက်ပါတယ်"
"အရှင်မင်းကြီး ဘာများ မကျေနပ်စရာ ရှိသေးလို့လဲ"
ယုံးကျားဧကရာဇ် "..."
...
အပိုင်း (၄၉၇) အဖုအထစ်
ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်က စတင်၍ ပြန်လှန်ပြောဆိုရဲလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ ရင်ထဲတွင် ဒေါသအနည်းငယ် ဖြစ်ပေါ်နေရာမှ ချက်ချင်းဆိုသလို ဒေါသများ ပိုမိုကြီးထွားလာခဲ့လေသည်။
"မင်းက ကျန်းကို ဒီလိုပုံစံနဲ့ စကားပြောရဲတယ်ပေါ့" ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်ကို စိုက်ကြည့်လိုက်ပြီး အသံထဲတွင် အေးစက်မှုများ ပါဝင်နေ၏။ "ဟွမ်ဟုပ်က အမြဲတမ်း သိမ်မွေ့နူးညံ့ခဲ့တာ။ ဘယ်အချိန်ကစပြီး ဒီလိုပုံစံ ပြောင်းသွားရတာလဲ"
ယခင်ကသာဆိုလျှင် ချောင်မိဖုရားခေါင်သည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အပြစ်ပေးရန် တောင်းဆိုမိပေလိမ့်မည်။
ယခုအခါတွင်မူ ချောင်မိဖုရားခေါင်သည် ယုံးကျားဧကရာဇ်၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ရင်း မိမိစိတ်ထဲတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိတော့သည်ကို ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်ရသည်။
လိုအင်ဆန္ဒမရှိလျှင် ကြံ့ခိုင်သည် ဆိုသော စကားသည် တကယ်ကို မှန်ကန်ပေသည်။
သူမသည် သူ့အပေါ် မျှော်လင့်ချက် ထားရှိခဲ့စဉ်က သူနှင့်ပတ်သက်သမျှ အရာအားလုံးကို ဂရုစိုက်ခဲ့သည်။ ယခုအခါ သူမ၏ စိတ်နှလုံးသည် ခြောက်သွေ့နေသော ရေတွင်းတစ်တွင်းကဲ့သို့ ဖြစ်နေပြီး ယုံးကျားဧကရာဇ်ကို ကြည့်လိုက်လျှင် သူစိမ်းတစ်ယောက်ကို ကြည့်နေရသကဲ့သို့ ခံစားနေရသည်။ ခံစားချက်အားလုံးသည် ထူထဲသော အကာအရံတစ်ခု၏ ခြားနားခြင်းကို ခံလိုက်ရသကဲ့သို့ပင်။
သူ ဒေါသထွက်နေသည်ကို သူမ သိသည်။ သို့သော် သူမသည် ခေါင်းငုံ့ပြီး အလျှော့မပေးချင်တော့ပေ။ သူ့ဆီက ခွင့်လွှတ်မှုနှင့် သနားကြင်နာမှုကိုလည်း မတောင်းခံချင်တော့ပေ။
"အရှင်မင်းကြီး စိတ်လျှော့ပါဦး" ချောင်မိဖုရားခေါင်သည် ပြုံးပင် ပြုံးလိုက်သေးသည်။ "ချန်ချဲ့ ခုနက ပြောလိုက်တာတွေက အမှန်တရားတွေချည်းပါပဲ။ တစ်ဝက်မှ မမှားပါဘူး။ အရှင်မင်းကြီးက သဘောထားကြီးမြတ်ပြီး စိတ်ဓာတ်ခိုင်မာတဲ့သူပဲ။ အမှန်တရား စကားနည်းနည်းလောက်တောင် နားမထောင်နိုင်တော့ဘူးလား"
ယုံးကျားဧကရာဇ်သည် ဆွံ့အသွားပြီး ဒေါသများ တဖွားဖွား ထွက်ပေါ်လာကာ မျက်လုံးထဲတွင် မီးပွားများ လွင့်ပျံလာတော့သည်။
ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် ကျေနပ်အားရမှု တစ်ခု ဖြတ်သန်းသွားလေသည်။
ငါ ဂရုမစိုက်တော့တဲ့အချိန်မှာ ဒီလောက်တောင် မာကျောနိုင်ပါလား။
တကယ့်ကို လွတ်လပ်ပေါ့ပါးလိုက်တာ။
သို့သော် ချောင်မိဖုရားခေါင်သည် အဆုံးထိ ခေါင်းမာနေမည် မဟုတ်ပေ။ ယုံးကျားဧကရာဇ်ကို လုံးဝ ဒေါသထွက်သွားအောင် လုပ်လိုက်ခြင်းသည် ကျောင်းဖန်နန်းဆောင်အတွက်ရော၊ အရှေ့နန်းဆောင် အတွက်ပါ ကောင်းကျိုး မရှိနိုင်ပေ။
ချောင်မိဖုရားခေါင်သည် လေသံကို လျှော့လိုက်လေသည်။ "မိုးတောင် ချုပ်တော့မယ်။ အရှင်မင်းကြီး ညစာ သုံးဆောင်ဦးမလား။ ချန်ချဲ့ စားဖိုဆောင်ကို အခုပဲ ခိုင်းလိုက်..."
"မလိုတော့ဘူး"
ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်၏ စကားကို အေးစက်စွာ ဖြတ်ပြောလိုက်လေသည်။ "ကျန်း ဒီည ယန်ရှီးနန်းဆောင်ကို သွားမယ်"
ချောင်မိဖုရားခေါင်သည် စိတ်မဆိုးဘဲ အရိုအသေ ပြုလိုက်လေသည်။ "ဒါဆိုရင်လည်း ချန်ချဲ့ အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်"
ယုံးကျားဧကရာဇ် "..."
သူမက ခေါင်းမငုံ့တဲ့အပြင် တားတောင်မတားဘူးလား။ ငါ့ကိုတောင် နှုတ်ဆက်လိုက်သေးတယ်ပေါ့။
ယုံးကျားဧကရာဇ်သည် ဒေါသကြောင့် သွေးများ ဆူပွက်လာပြီး ချောင်မိဖုရားခေါင်ကို မျက်စောင်းထိုးကာ လက်ကို ဝှေ့ယမ်း၍ ထွက်ခွာသွားတော့သည်။
လျိုကုန်းကုန်းသည် အချိန်ဆွဲမနေရဲဘဲ အလျင်အမြန် နောက်မှ လိုက်ပါသွားလေ၏။
...
ယုံးကျားဧကရာဇ် ထွက်သွားသည်နှင့် ကျောင်းဖန်နန်းဆောင်အတွင်းရှိ တင်းမာနေသော လေထုသည် ချက်ချင်း လျော့ပါးသွားလေသည်။
တချိန်လုံး စိတ်ပူပန်နေခဲ့သော ချိုင်လန်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး အလျင်အမြန် ရှေ့သို့ တိုးလာလေသည်။ "ဟွမ်ဟုပ်ညန်ညန်... အရှင်မင်းကြီးက ရှားရှားပါးပါး ကျောင်းဖန်နန်းဆောင်ကို ရောက်လာတာကို။ ညန်ညန်က ဘာလို့ လေသံပျော့ပျော့နဲ့ မပြောရတာလဲ။ အနည်းဆုံးတော့ အရှင်မင်းကြီးကို ညစာစားဖို့ ဆွဲထားသင့်တာပေါ့"
ချောင်မိဖုရားခေါင်က ဖျော့တော့စွာ ပြုံးလိုက်၏။ "အရှင်မင်းကြီးက နေချင်ရင် သူ့ဘာသာ နေမှာပေါ့။ အရှင်မင်းကြီးက သွားချင်နေမှတော့ ပန်ကုံးက ဘယ်လောက်ပဲ နူးညံ့ပြနေပါစေ အလကားပဲ"
ညစာ စားဖို့ ဘာလုပ်ရမှာလဲ။
ခွေးကောင်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို ဆက်ပြီး သတိထား ကြည့်နေရဦးမှာလား။
သား၊ ချွေးမ၊ မြေးတွေနဲ့အတူ ညစာစားရတာက ပိုပြီး အရသာရှိဦးမယ်။
ချိုင်လန်သည် ချောင်မိဖုရားခေါင်ကို နှစ်ပေါင်းများစွာ ပြုစုလာခဲ့သူဖြစ်ရာ ချောင်မိဖုရားခေါင်၏ ပြောင်းလဲမှုကို မည်သို့ မမြင်ဘဲ နေပါမည်နည်း။ သူမ၏ ရင်ထဲတွင် ပိုမို စိုးရိမ်လာမိသည်။ "ကျွန်မ မရဲတရဲနဲ့ မပြောသင့်တဲ့ စကားနည်းနည်းလောက် ပြောပါရစေ"
"ညန်ညန် စိတ်ထဲမှာ မကျေမနပ်ဖြစ်ပြီး ဝမ်းနည်းနေတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ အရှေ့နန်းဆောင်အတွက်၊ မိဖုရားခေါင် နေရာ မြဲဖို့အတွက် ညန်ညန်က သည်းခံသင့်ပါတယ်။ အခုလို အရှင်မင်းကြီးနဲ့ စိတ်ကောက်နေရင် နောက်ဆုံး နစ်နာမှာက ညန်ညန်ပါပဲ"
ချောင်မိဖုရားခေါင်က ချိုင်လန်ကို ကြည့်လိုက်လေသည်။ "ချိုင်လန်... ဒီနှစ်ဝက်ကျော်ကာလအတွင်း ပန်ကုံး ဒီလိုပဲ တွေးခဲ့တာ။ ဒီလိုပဲ သည်းခံကျော်ဖြတ်ခဲ့တာ။ ဒီနှစ်ဝက်တင် မကပါဘူး။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်လုံး ပန်ကုံးက အမြဲတမ်း ဒေါသကို မျိုသိပ်ပြီး နေလာခဲ့တာ။ အရှင်မင်းကြီးက မုန့်ရှီကို မြှောက်စားတယ်၊ မယားပြိုင်ကမွေးတဲ့ သားကြီးကို အလိုလိုက်တယ်၊ ဝမ်းကွဲညီမကို မိဖုရားမြှောက်တယ်၊ ကချေသည်တစ်ယောက်ကို အိမ်ထဲခေါ်သွင်းပြီး မယားငယ် လုပ်တယ်... ပန်ကုံး အကုန်လုံး သည်းခံခဲ့တယ်"
"ပန်ကုံးက စိတ်ညစ်စရာတွေကို သည်းခံခဲ့ရုံတင် မကဘူး။ အတွင်းရေး ကိစ္စတွေကိုလည်း အကောင်းဆုံး စီမံခန့်ခွဲပေးခဲ့တယ်။ ကိုယ့်သားသမီးအရင်းတွေကို ကောင်းကောင်း ပျိုးထောင်ပေးခဲ့သလို တခြားမိဖုရားတွေက မွေးတဲ့ သားသမီးတွေကိုလည်း ခွဲခြားဆက်ဆံတာမျိုး မလုပ်ခဲ့ဘူး"
"ဒီလို သည်းခံပြီး အလျှော့ပေးခဲ့တာတွေက ပြန်ရလိုက်တာက သနားကြင်နာမှု မဟုတ်ဘူး။ ဆက်ပြီး နှိပ်စက်စော်ကားခံရတာပဲ ရတယ်"
"ပန်ကုံး အခုတော့ သဘောပေါက်သွားပြီ။ အရှင်မင်းကြီးက ဘယ်နန်းဆောင်က မိန်းမကိုပဲ မြှောက်စားမြှောက်စား သူ့သဘောပဲ။ ထိုက်ဇီနဲ့ ထိုက်ဇီဖေး ရှိနေသရွေ့၊ ချောင်အိမ်တော်နဲ့ လုအိမ်တော် ရှိနေသရွေ့ အရှေ့နန်းဆောင်က တည်ငြိမ်နေမှာ။ ပန်ကုံးလည်း တည်ငြိမ်နေမှာပဲ"
ချောင်မိဖုရားခေါင်၏ ကြည်လင်နေသော မျက်နှာထားကို ကြည့်ရင်း ချိုင်လန်သည် ခေတ္တမျှ ဆွံ့အသွားပြီးနောက် သခင်မအတွက် စိတ်မကောင်း ဖြစ်မိပြန်လေသည်။
ဒါက အရှင်မင်းကြီးကြောင့် စိတ်နှလုံး လုံးဝ ကွဲကြေသွားပြီး လင်မယားသံယောဇဉ်လည်း ကုန်ခန်းလုနီးပါး ဖြစ်သွားပြီပဲ။
ချောင်မိဖုရားခေါင်က ချိုင်လန်ကို ပြောလိုက်လေသည်။ "ထိုက်ဇီဖေးက ဒီနေ့ ကိုယ်လက်လှုပ်ရှားထားတော့ သွားလာဖို့ မသင့်တော်ဘူး။ ပန်ကုံးပဲ အရှေ့နန်းဆောင်ကို သွားလိုက်မယ်။ မင်း လူလွှတ်ပြီး စကားပါးလိုက်"
ချိုင်လန်သည် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။
နာရီဝက်ခန့် ကြာသောအခါ ချောင်မိဖုရားခေါင်သည် အရှေ့နန်းဆောင်သို့ ရောက်ရှိသွားလေသည်။
လီကျင့်နှင့် လုမင်ယွိတို့သည် သားသမီးနှစ်ဦးနှင့်အတူ ထွက်ကြိုကြလေသည်။ ချောင်မိဖုရားခေါင်၏ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာနေပြီး ယုံးကျားဧကရာဇ်နှင့် ရန်ဖြစ်ထားသည့် အရိပ်အယောင် အနည်းငယ်မျှ မတွေ့ရပေ။ "မိုးချုပ်နေပြီ။ ရာသီဥတုကလည်း အေးလာပြီ။ တံခါးဝမှာ ရပ်မနေကြနဲ့။ အထဲမြန်မြန်ဝင်ပြီး စကားပြောကြတာပေါ့"
လုမင်ယွိနှင့် လီကျင့်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားကြလေသည်။
ယုံးကျားဧကရာဇ်က ကျောင်းဖန်နန်းဆောင်ကို အရင်သွားပြီးမှ ညစာတောင် မစားဘဲ ယန်ရှီးနန်းဆောင်ကို သွားလိုက်တယ်တဲ့။ ဒီလို "ပါးရိုက်" ခံလိုက်ရတဲ့ လုပ်ရပ်မျိုးသာ အရင်တုန်းကဆိုရင် ချောင်မိဖုရားခေါင် ဘယ်လောက်တောင် ဒေါသထွက်နေမလဲ မသိဘူး။ အခုတော့ ဒီလောက်တောင် တည်ငြိမ်နေပါလား...
"မင်းတို့က ပန်ကုံးကို ဘာလို့ ဒီလို ကြည့်နေကြတာလဲ" ချောင်မိဖုရားခေါင်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။ "ပန်ကုံး ဒီနေ့ မျက်လုံးတစ်လုံး ပိုပါလာလို့လား"
လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြောလိုက်လေသည်။ "မူဟုပ် စိတ်အခြေအနေ ဒီလောက်ကောင်းနေတာ တကယ်ကို မထင်မှတ်ထားဘူး"
ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်လေသည်။ "တုန်းပင်ကျွင်းဝမ် နန်းတော်ထဲဝင်ပြီး အပြစ်တောင်းတာကို အရှင်မင်းကြီးက အပြစ်မယူဘူးလေ။ ဒီကိစ္စက ဒီလိုပဲ ပြီးသွားတော့ ပန်ကုံး စိတ်ပျော်တာပေါ့"
လီကျင့်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။ "ကျွန်တော် နောက်ဆို မူဟုပ်ကို ကောင်းကောင်း ပြုစုလုပ်ကျွေးပါ့မယ်။ မူဟုပ် စိတ်မဆင်းရဲစေရပါဘူး"
ချောင်မိဖုရားခေါင်က သဘောကျစွာ ပြုံးလိုက်လေသည်။ "ကောင်းပြီ။ ပန်ကုံးက နောက်ဆို မင်းတို့ကိုပဲ အားကိုးရတော့မှာ"
"သားလည်း ရှိသေးတယ်" ရွှီအာ က ချက်ချင်း ဝင်ပြောလိုက်လေသည်။ "သားက နောက်ဆို အဘွားတော်ကို ကောင်းကောင်း ဆက်ဆံမှာ"
ရွှမ်းအာ ကလည်း အားကျမခံ ဝင်ပြောလေသည်။ "သမီးလည်း အဘွားတော်ကို လုပ်ကျွေးပြုစုမှာ"
ချောင်မိဖုရားခေါင်သည် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး မြေးတော်မောင်နှမ နှစ်ယောက်ကို ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်လေသည်။ "ကောင်းပါပြီ ကောင်းပါပြီ။ ပန်ကုံးမှာ ဒီလို လိမ္မာတဲ့ မြေးနှစ်ယောက် ရှိနေမှတော့ နောက်ဆို ပျော်စရာမကောင်းမှာ ပူစရာ လိုသေးလို့လား"
ဘွားအေ၊ သား၊ ချွေးမ၊ မြေး (၅) ယောက်နှင့် လုမင်ယွိ၏ ဗိုက်ထဲမှ မမွေးသေးသော ကလေးအပါအဝင် (၆) ယောက်သည် စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။ သာမန် ပြည်သူအိမ်များကဲ့သို့ပင် စားသောက်ရင်း ပြောဆိုရယ်မောကြရာ လေထုသည် သဟဇာတဖြစ်ပြီး နွေးထွေးနေလေသည်။
...
ချောင်မိဖုရားခေါင်သည် အေးချမ်းပျော်ရွှင်နေသော်လည်း ယုံးကျားဧကရာဇ်ကမူ ထိုမျှလောက် စိတ်မကြည်လင်ပေ။
ယန်ရှီးနန်းဆောင်သို့ ဝင်ရောက်လာပြီးနောက် မုန့်ဖေးက မည်မျှပင် မျက်နှာချိုသွေးနေပါစေ ယုံးကျားဧကရာဇ်သည် မျက်နှာပုပ်သိုးနေဆဲပင်။
နောက်ဆုံးတွင် မုန့်ဖေးသည်လည်း စိတ်တိုလာပြီး အေးစက်စွာ ပြုံးလျက် ပြောလိုက်လေတော့သည်။ "အရှင်မင်းကြီးက ဒီနေ့ မျက်နှာကြီး တင်းနေတာ ဟွမ်ဟုပ်ညန်ညန်ဆီမှာ စိတ်ဆိုးစရာ ကြုံခဲ့လို့လား။ အရှင်မင်းကြီး မပျော်ရင် ဟွမ်ဟုပ်ညန်ညန်ဆီမှာ သွားပြလေ။ ချန်ချဲ့ကို လာပြီး ဘာလို့ မျက်နှာလာပြနေတာလဲ"
ယုံးကျားဧကရာဇ်သည် အထိနာသွားပြီး မုန့်ဖေးကို မျက်စောင်းထိုးလိုက်ကာ "ပေါက်ကရတွေ... ကျန်းက ဘယ်အချိန်တုန်းက ဟွမ်ဟုပ်ဆီက စိတ်ဆိုးစရာ ခံခဲ့ရဖူးလို့လဲ။ ကျန်းက ဧကရာဇ်လေ... သူကများ ရဲပါ့မလား"
မုန့်ဖေးက ထပ်မံ၍ အေးစက်စွာ ရယ်မောလိုက်လေသည်။ "ဟွမ်ဟုပ်ကလွဲရင် ဒီနောက်နန်းဆောင်ထဲမှာ အရှင်မင်းကြီးကို စိတ်ညစ်အောင် လုပ်ရဲတဲ့သူ ဘယ်သူရှိလို့လဲ"
ချင်ဖေးက စိတ်ထဲမှာ ကောက်ကျစ်ပေမဲ့ အပြင်ပန်းမှာတော့ အလိုက်အထိုက် နေတတ်တယ်။ ဝမ်ကျဲယွီ ဆိုရင် ရွှံ့ရုပ်လို ပျော့ပြောင်းတဲ့ စိတ်ထားရှိတာ။ သူ့ကို ဖယ်လိုက်ရင် ချောင်မိဖုရားခေါင်ကလွဲလို့ ဘယ်သူရှိဦးမှာလဲ။
ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်၏ နာမည်ကို ကြားလိုက်ရသည်နှင့် ခေါင်းကိုက်လာပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ကျန်း ဖတ်စရာ ညီလာခံမှတ်တမ်းတွေ ရှိသေးတယ်။ ဒီည ဒီမှာ မအိပ်တော့ဘူး"
ပြောပြီးသည်နှင့် ထွက်ခွာသွားလေသည်။
မုန့်ဖေးသည် ဒေါသထွက်လွန်းသဖြင့် နားထင်ကြောများ ထောင်တက်လာပြီး အံကိုကြိတ်ကာ အရှင်မင်းကြီးကို နှုတ်ဆက်လိုက်တော့သည်။
လူ့စိတ်ဆိုတာ ပြောင်းလဲလွယ်လိုက်တာ။
အရင်တုန်းက သူမ စိတ်ကောက်ရင် ယုံးကျားဧကရာဇ်က ပြုံးပြုံးရွှင်ရွှင်နဲ့ လာချော့ခဲ့တာ။ အခုတော့ သူမက အမှန်တရားစကား (၂) ခွန်းလောက် ပြောမိတာနဲ့ မျက်နှာလွှဲပြီး ထွက်သွားတယ်ပေါ့။
ဖွီ...
ခွေးကောင်!
...
အပိုင်း (၄၉၈) စေ့စပ်ခြင်း
လီယန်နှင့် ပဉ္စမမင်းသားတို့၏ "ရန်ပွဲ" သည် လူအများ၏ အာရုံစိုက်မှုကို သိပ်မခံရလှချေ။
အရှေ့နန်းဆောင်နှင့် တတိယမင်းသားတို့၏ အုပ်စုကွဲကာ တိုက်ခိုက်နေကြသည်ကိုတော့ မသိသူ မရှိပေ။ ဤကဲ့သို့သော ကိစ္စသေးသေးလေးသည် ရေခဲတောင်ကြီး၏ ထိပ်ဖျားလေးမျှသာ ဖြစ်လေသည်။
လီယန်သည် တုန်းပင်ကျွင်းဝမ် အိမ်တော်တွင် ဒဏ်ရာကုသနေပြီး ပဉ္စမမင်းသားသည်လည်း တတိယမင်းသားအိမ်တော်တွင် အနားယူနေလေသည်။ သူတို့နှစ်ဦးစလုံးသည် ဆယ်ကျော်သက်အရွယ်များ ဖြစ်ကြပြီး ဂုဏ်ဒြပ်မြင့်မားသော်လည်း နိုင်ငံရေးလောကတွင် အရေးပါသော နေရာ၌ မရှိကြသေးပေ။
လုအိမ်တော်က မကြာမီတွင် လက်ထပ်ပွဲကို သဘောတူကြောင်း အကြောင်းပြန်ကြားလိုက်လေသည်။
တုန်းပင်ကျွင်းဝမ် အိမ်တော်သည် ကမ်းလှမ်းရန် အလုပ်များနေပြီး လီယန်၏ မျက်နှာမှ ဒဏ်ရာ သက်သာသည်နှင့် တင်တောင်းလက်ဆောင်များ ယူဆောင်ကာ လုအိမ်တော်သို့ ရောက်ရှိလာလေသည်။
သည်နေ့တွင် လီယန်၏ မျက်နှာပေါ်မှ အပြုံးသည် ရပ်တန့်ခြင်း မရှိဘဲ ပါးစပ်ပင် ရွဲ့တော့မတတ် ပြုံးနေလေသည်။
လက်ရှိ ထုံးစံအရ စေ့စပ်သည့်နေ့တွင် သတို့သားနှင့် သတို့သမီး တွေ့ဆုံခြင်း မရှိရပေ။ လီယန်သည် မျှော်လင့်တကြီး မျက်လုံးများဖြင့် ယောက္ခမလောင်းနောက်သို့ တကောက်ကောက် လိုက်ပါနေပြီး အဆက်မပြတ် မျက်နှာချိုသွေးနေလေသည်။
နောက်ဆုံးတွင် လုလင်းသည် သည်းမခံနိုင်တော့ဘဲ ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်ရသည်။ "ဒီနေ့ တင်တောင်းပွဲ ပြီးသွားပြီဆိုတော့ နောက်ဆိုရင် မိသားစုဝင်တွေ ဖြစ်သွားပြီ။ မင်ယွဲ့ကို ခေါ်ပြီး လီယန်နဲ့ တွေ့ခိုင်းလိုက်"
လီယန်၏ မျက်လုံးများ တောက်ပလာပြီး ပျော်ရွှင်ဝမ်းမြောက်စွာ ပြောလိုက်လေသည်။ "ယွဲ့ဖုကို ကျေးဇူးတင်ပါတယ်"
သူ၏ ပျော်လွန်း၍ ရူးမတတ် ဖြစ်နေသော ပုံစံသည် လူတိုင်းကို ရယ်မောစေခဲ့လေသည်။
လုရွှမ်း တစ်ယောက်သာလျှင် ကြည့်မရသော မျက်လုံးများဖြင့် ကြည့်ကာ မျက်လုံးကို ကစားလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။ "ယိဖု ... ဒီနေ့လိုရက်မှာ ဝူကျဲ က လူမြင်ကွင်းကို ထွက်လာလို့ ဘယ်ကောင်းမလဲ။ ကျွန်တော်ပဲ အနာဂတ် ဝူကျဲဖူကို ခေါ်ပြီး အတွင်းဆောင်မှာ ဝူကျဲနဲ့ သွားတွေ့ခိုင်းလိုက်ပါ့မယ်"
လုလင်းသည် ပြုံးလျက် လုရွှမ်းကို တစ်ချက်ကြည့်လိုက်လေ၏။ "မင်း သွားတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး လှည့်စားတာမျိုး မလုပ်နဲ့နော်"
လုရွှမ်းသည် ဝမ်းနည်းသလို မျက်နှာထားဖြင့် ပြောလိုက်လေသည်။ "ယိဖုက ကျွန်တော့်ကို အဲဒီလိုပြောရက်တယ်။ ဝူကျဲဖူလောင်းကို တွေ့ရလို့ ကျွန်တော့်ရင်ထဲမှာ ပျော်ရွှင်နေတာပါ။ ဘယ်လိုလုပ် လှည့်စားရဲမှာလဲ"
လုလင်းသည် ပြုံးရုံသာ ပြုံးနေလိုက်၏။
သားသမီးများထဲတွင် လုရွှမ်းသည် အငယ်ဆုံးဖြစ်ပြီး ဉာဏ်အများဆုံး ဖြစ်လေသည်။ လုမင်ယွဲ့နှင့်လည်း သံယောဇဉ် အရှိဆုံးဖြစ်သည်။ ယခုအခါ လီယန်က အိမ်တော်သို့ လာရောက်ပြီး "လူလု" သွားမည်ကို လုရွှမ်းက မည်သို့ ကျေနပ်နိုင်ပါမည်နည်း။
လုရွှမ်းသည် လီယန်ကို သွားဖြဲပြလိုက်လေသည်။ "လီရှစ်ဇီ... ကျွန်တော့်နောက် လိုက်ခဲ့ပါ"
လီယန်သည် ယဉ်ကျေးစွာ ပြောလိုက်လေသည်။ "လျို့တိကို ကျေးဇူးတင်ပါတယ်"
လက်တောင် မထပ်ရသေးဘူး... ယောက်ဖအရာ ဝင်နေပြီပေါ့။
လုရွှမ်းသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်ကာ မျက်စောင်းကြီး တစ်ချက် ထိုးလိုက်သော်လည်း မျက်နှာထားကတော့ ပိုလို့ပင် ရင်းနှီးဖော်ရွေနေလေသည်။ ထိုအပြုအမူက လီယန်ကို အံ့အားသင့်သွားစေသည်။ လမ်းလျှောက်ရင်း လုရွှမ်းက မေးလိုက်လေသည်။ "လျို့တိ... မင်းက စာဖတ်တာ ဝါသနာပါလား။ သိုင်းကစားတာ ဝါသနာပါလား"
လုရွှမ်းသည် ခေါင်းကို ခါရမ်းကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။ "နှစ်ခုလုံး ဝါသနာမပါဘူး။ ကျွန်တော်က တစ်နေ့ကုန် လျှောက်သွားပြီး ဆော့ကစားရတာပဲ ကြိုက်တယ်"
လီယန် "..."
လီယန်သည် ချောင်းတစ်ချက်ဟန့်ကာ ခေါင်းစဉ် ပြောင်းလိုက်လေသည်။ "လျို့တိက ဘာကစားရတာ ကြိုက်လဲ။ မြို့တော်မှာ ကြက်တိုက်တာ၊ ပုရစ်တိုက်တာ၊ ငှက်တိုက်တာတွေ ရှိတယ်။ တစ်နေ့နေ့ အားရင် ငါ မင်းကို အရှေ့ဈေးဘက် ခေါ်သွားပေးမယ်လေ"
လုရွှမ်းသည် မျက်တောင်ခတ်ကာ ပြုံးလိုက်လေသည်။ "ကျွန်တော်က အဲဒါတွေ မကြိုက်ပါဘူး။ ကျွန်တော်က တရားစီရင်ရေးဌာနကို သွားပြီး အလောင်းစစ်ဆေးတာ ကြည့်ရတာ ကြိုက်တယ်။ ရဲမက်တွေ အမှုလိုက်တာကို လိုက်ကြည့်ရတာ ကြိုက်တယ်"
လီယန်သည် နောက်တစ်ကြိမ် ဆွံ့အသွားပြန်လေသည်။ "..."
လီယန်၏ ဦးနှောက်သည် လျင်မြန်စွာ လည်ပတ်သွားပြီး ချီးကျူးစကား အနည်းငယ်ကို အတင်းညှစ်ထုတ် ပြောလိုက်လေသည်။ "ဒါလည်း မခက်ပါဘူး။ ငါနဲ့ တရားစီရင်ရေးဌာနက ကျောက်လန်ကျုံး နဲ့ ရင်းနှီးတယ်။ နောက်တစ်ခါ ငါ မင်းကို အဲဒီကို ခေါ်သွားပေးမယ်"
"လီရှစ်ဇီကို ဒုက္ခပေးစရာ မလိုပါဘူး" လုရွှမ်းက အေးဆေးစွာ ပြောလိုက်လေသည်။ "ကျွန်တော့် ယိဖုက တရားစီရင်ရေးဝန်ကြီးနဲ့ ပြောထားပြီးသားပါ"
လီယန် "..."
အစ်ကိုကြီးက တည်ငြိမ်ပြီး စကားနည်းသလောက် ညီငယ်လေးကတော့ တော်တော်လေး ကိုင်တွယ်ရခက်တာပဲ။
လီယန်သည် ချွေးစေးများ ထွက်ချင်နေသည်ကို ထိန်းထားရင်း ခပ်ဟဟ ရယ်မောကာ ပါးစပ်ပိတ်ထားလိုက်တော့သည်။ ထို့နောက် လျှောက်လာရင်း တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
လမ်းတွေက ကွေ့ကောက်ပြီး လူသူကင်းမဲ့လာတာ ဘာကြောင့်လဲ။ မိန်းကလေးတွေ နေတဲ့နေရာနဲ့ မတူပါလား။
"လီရှစ်ဇီ ဒီမှာ ခဏလောက် စောင့်နေပေးပါ" လုရွှမ်းသည် လီယန်ကို ဇရပ်တစ်ဆောင်သို့ ခေါ်ဆောင်သွားပြီး မျက်စိတစ်ဖက် မှိတ်ပြကာ ပြုံးလျက် ပြောလိုက်လေသည်။ "ဒီနေရာက တိတ်ဆိတ်တော့ စကားပြောရတာ အဆင်ပြေတယ်။ ကျွန်တော် အခုပဲ ဝူကျဲကို သွားခေါ်လိုက်မယ်"
လီယန်သည် တစ်ခုခု လွဲနေကြောင်း ရိပ်မိလိုက်ပြီဖြစ်သော်လည်း ပြုံးလျက် ပြောလိုက်လေသည်။ "လျို့တိ... မြန်မြန်သွားပြီး မြန်မြန်ပြန်လာနော်။ ငါ့ကို ဒီမှာ တစ်ယောက်တည်း ပစ်မထားနဲ့ဦး"
လုရွှမ်းသည် တက်ကြွစွာ ထူးလိုက်ပြီး ခြေကုန်သုတ်ကာ ပြေးထွက်သွားတော့သည်။ ခဏလေးအတွင်းမှာပင် ပျောက်ကွယ်သွားလေသည်။
...
ဆောင်းဦးလေညင်းသည် တိုက်ခတ်နေပြီး လီယန်သည် လေတိုးနေသော ဇရပ်ထဲတွင် တိတ်ဆိတ်စွာ ရပ်နေရင်း ယောက်ဖလောင်း၏ "အေးစက်မှု" ကို ခံစားလိုက်ရလေသည်။
ထားလိုက်ပါတော့လေ။
အစကတည်းက အစနောက်ခံရမယ်မှန်း သိနေတာပဲ။
ကိုယ်ချစ်တဲ့ မိန်းကလေးကို လက်ထပ်ရဖို့အတွက် အနာဂတ် ယောက်ဖလေးရဲ့ စနောက်မှုကို ခံရတာ ဘာမှ မဟုတ်ပါဘူး။ ဒီမှာ အမွှေးတိုင်တစ်တိုင် ကုန်တဲ့အထိ စောင့်ပြီးမှ ပြန်သွားလိုက်မယ်။ တစ်ယောက်ယောက် မေးလာရင်လည်း ယောက်ဖလေးအတွက် ဖုံးဖိပေးရဦးမယ်။ မဟုတ်ရင် ယောက်ဖလေး မျက်နှာပျက်ပြီး သူ့ကို ပိုမုန်းသွားလိမ့်မယ်။
ထိုစဉ် ဖွဖွနင်းလျှောက်လာသော ခြေသံတစ်သံကို ကြားလိုက်ရသည်။
လီယန်သည် လှည့်မကြည့်ဘဲ ပြောလိုက်လေသည်။ "လျို့တိ... မင်းသာ မလာရင် ငါ တစ်ယောက်တည်း ပြန်သွားတော့မှာနော်"
ငွေခေါင်းလောင်းလေး လှုပ်ခါသွားသကဲ့သို့ ရယ်သံလွင်လွင်လေး ထွက်ပေါ်လာခဲ့သည်။
လီယန်သည် အံ့သြဝမ်းသာသွားပြီး ချက်ချင်း လှည့်ကြည့်လိုက်လေသည်။ သူ၏ မျက်ဝန်းထဲတွင် စွဲထင်နေသော လှပသည့် မျက်နှာလေးကို တွေ့လိုက်ရသည်။ နှုတ်ခမ်းထောင့်မှ အပြုံးချိုချိုလေးသည် အေးစက်မှု အားလုံးကို ဖယ်ရှားပေးလိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။
"မင်ယွဲ့..." လီယန်သည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ နာမည်ကို လွှတ်ခနဲ ခေါ်လိုက်မိလေသည်။
လုမင်ယွဲ့၏ မျက်နှာလေး နီရဲသွားသော်လည်း ရှက်ရွံ့မနေဘဲ ပွင့်လင်းစွာ ပြန်ထူးလိုက်သည်။ "လီရှစ်ဇီ"
လီယန်သည် ပျားရည်သောက်လိုက်ရသကဲ့သို့ ရင်ထဲတွင် ချိုမြိန်သွားတော့၏။ "ကိုတို့ ဒီနေ့ စေ့စပ်လိုက်ပြီဆိုတော့ စေ့စပ်ထားသူတွေ ဖြစ်သွားပြီလေ။ ကို့နာမည်ကို တည့်ခေါ်လို့ ရပါပြီ"
လုမင်ယွဲ့သည် နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်ရာ ပါးချိုင့်လေးနှစ်ခု ပေါ်လာလေသည်။
လီယန်သည် မူးယစ်သွားသကဲ့သို့ ဖြစ်သွားပြီး လုမင်ယွဲ့၏ ရှေ့သို့ လျှောက်သွားကာ သူမ၏ လက်ကို လှမ်းကိုင်လိုက်လေသည်။
အဟွတ် အဟွတ် အဟွတ်!
ကျယ်လောင်သော ချောင်းဟန့်သံ (၃) ချက် ထွက်ပေါ်လာခဲ့သည်။
လီယန်သည် သူခိုးလူမိသကဲ့သို့ လက်ကို ချက်ချင်း ပြန်ရုတ်လိုက်ပြီး လိပ်ပြာမလုံသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်လေသည်။ လုရွှမ်းသည် မလှမ်းမကမ်းတွင် ရပ်နေပြီး အနာဂတ် ယောက်ဖလောင်းကို သွားဖြဲပြလိုက်၏။ "မင်းတို့ ပြောစရာရှိတာ ပြောကြပါ။ ကျွန်တော် မရှိဘူးလို့သာ သဘောထားလိုက်"
လီယန်သည် နေရခက်စွာ ရယ်မောလိုက်လေသည်။
လုမင်ယွဲ့က ပြုံးကာ မာန်မဲလိုက်လေသည်။ "ထပ်ပြီး နောက်နေရင် ငါ လာရိုက်မှာနော်။ ဝေးဝေးသွားနေ။ နားမထောင်နဲ့"
လုရွှမ်းက တမင်သက်သက် သက်ပြင်းချလိုက်လေသည်။ "မိန်းကလေးဆိုတာ သူများအိမ် ရောက်သွားရင် မိဘမောင်ဘွားကို မေ့သွားတတ်ကြတာ တကယ်ပဲကိုး။ အရင်တုန်းက ဘာကိစ္စဖြစ်ဖြစ် မောင်လေးဘက်က ပါပေးတာ။ အခု အိမ်မပြောင်းရသေးဘူး အနာဂတ် ခင်ပွန်းဘက်က ပါနေပြီ"
လုမင်ယွဲ့၏ မျက်နှာလေး နီရဲသွားပြီး လုရွှမ်းကို တံတွေးထွေးဟန် ပြုလိုက်လေသည်။ "လျှာရှည်မနေနဲ့။ ငါ နင့်ကို ကောင်းကောင်း ဆုံးမလိုက်ရမလား"
လုရွှမ်းသည် ထိုအခါမှ ရယ်မောကာ ထွက်ခွာသွားလေသည်။
လုမင်ယွဲ့၏ မျက်နှာပေါ်မှ အနီရောင် မပြယ်သေးဘဲ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "လျို့တိက အမြဲတမ်း အဲဒီလိုပဲ နောက်တတ်တာ။ သူ့ကို အပြစ်မယူပါနဲ့နော်"
လီယန်သည် ရင်ထဲတွင် ပျော်ရွှင်နေပြီး ပြုံးကာ ပြောလိုက်လေသည်။ "မယူပါဘူး... မယူပါဘူး။ ဒီနေ့ မင်းကို တွေ့ရတာတင် မမျှော်လင့်ထားတဲ့ လက်ဆောင်တစ်ခု ရလိုက်သလိုပါပဲ။ လျို့တိက အခုတော့ ကို့ကို ကြည့်မရဖြစ်နေတာ။ နောက်ဆို ကိုတို့ လက်ထပ်ပြီးရင် အဆင်ပြေသွားမှာပါ"
လုမင်ယွဲ့သည် မျက်လုံးကို ပင့်ကာ လီယန်ကို တစ်ချက် ကြည့်လိုက်လေသည်။ "ရှင်နဲ့ ပဉ္စမမင်းသား စကားများပြီး ရန်ဖြစ်ကြလို့ နှာခေါင်းမှာ ဒဏ်ရာရသွားတယ်ဆို။ ဒီရက်ပိုင်း ကျွန်မ ရှင့်ကို အရမ်း စိတ်ပူနေတာ"
လီချန်အကြောင်း ပြောလိုက်သည်နှင့် လီယန်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး ပေါ့ပေါ့ပါးပါးပင် ပြုံးလျက် ပြောလိုက်လေသည်။ "ဒဏ်ရာ အသေးလေးပါ။ ပျောက်တောင် ပျောက်သွားပါပြီ။ မင်း စိတ်မချရင် ကိုယ်တိုင် လာစမ်းကြည့်ပါလား"
လုမင်ယွဲ့၏ မျက်နှာလေး နီရဲသွားပြီး မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။
လီယန်က သွားဖြဲပြလိုက်ပြန်သည်။
ကောလာဟလများ မထွက်ပေါ်စေရန် အတွင်းသိသူများသည် နားလည်မှုရှိစွာဖြင့် လီချန် လုမင်ယွဲ့ကို လက်ထပ်ခွင့်တောင်းခဲ့သည့် ကိစ္စကို ဖုံးဖိထားကြလေသည်။ သို့သော် လီယန်ကမူ လီချန် လုမင်ယွဲ့ကို လက်ထပ်ချင်သည်မှာ နိုင်ငံရေး အိမ်ထောင်ပြုခြင်း တစ်ခုတည်းကြောင့် မဟုတ်ကြောင်း ကောင်းစွာ သိရှိလေသည်။
ဟို ဝတုတ်ပု ကောင်စုတ်လေးက ငါ့ရဲ့ မင်ယွဲ့လေးကို ကြံစည်နေတာပဲ။
ဟွန်း...
စိတ်ကူးယဉ်မနေနဲ့!
သူက မကြာခင် မင်ယွဲ့မေ့မေ့ကို အိမ်ခေါ်သွားတော့မှာ။
...