← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အပိုင်း (၄၉၉) ချိုမြိန်သောရက်များ

တတိယမင်းသား အိမ်တော်။

မုန့်ယွင်လော်သည် တံခါးကို ဖွဖွ ခေါက်လိုက်၏။ ပြန်ထူးသံ မကြားသဖြင့် နောက်ထပ် အနည်းငယ် ထပ်ခေါက်လိုက်သည်။

အခန်းထဲမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ "ထွက်သွား!"

မုန့်ယွင်လော်သည် နှုတ်ခမ်းကို တွန့်လိုက်ပြီး စိတ်ရှည်လက်ရှည် ပြောလိုက်လေသည်။ "ဝူတိ။ စန်းစောင်ပါ"

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လီချန်၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။ "ကျွန်တော် အခု ဘယ်သူ့ကိုမှ မတွေ့ချင်ပါဘူး။ စကားလည်း မပြောချင်ဘူး။ စန်းစောင် ပြန်လိုက်ပါတော့"

မုန့်ယွင်လော်သည် ထူထဲသော တံခါးကို စိုက်ကြည့်ကာ အတင်းဝင်ရောက်၍လည်း မဖြစ်သဖြင့် မကျေမနပ်နှင့် လှည့်ပြန်လာခဲ့ရလေသည်။ လီချန်သည် လဝက်ကြာသည်အထိ အခန်းအောင်းကာ ဒဏ်ရာကုသနေပြီး မည်သူ့ကိုမှ လက်မခံခဲ့ပေ။

သူမက တရားဝင် မရီးတစ်ယောက် ဖြစ်သဖြင့် လစ်လျူရှုထား၍လည်း မသင့်တော်ပေ။ မျက်နှာပူပူနှင့် သွားရောက် မေးမြန်းသော်လည်း လီချန်သည် လုံးဝ အသိအမှတ် မပြုပေ။ အကြိမ်တိုင်း ငြင်းပယ်ခံရသည်ကို တွေးကြည့်လျှင် တကယ်ပင် ဒေါသထွက်စရာ ကောင်းလှသည်။

မုန့်ယွင်လော်သည် တစ်နေကုန် ဒေါသထွက်နေပြီး ညဘက် လီဟောက် ပြန်လာသောအခါ မနေနိုင်တော့ဘဲ ညည်းတွားလိုက်မိလေသည်။ "...ဝူတိက ဒီလို အမြဲတမ်း အခန်းအောင်းနေလို့ ဘယ်ဖြစ်မလဲ။ ကျွန်မ သမားတော်ကို မေးကြည့်တော့ သူ့ဒဏ်ရာက မပြင်းထန်ပါဘူးတဲ့။ စိတ်ဓာတ်ကျပြီး ဆေးမသောက်ချင်လို့ ဒဏ်ရာက မသက်သာတာတဲ့။ ဒီအတိုင်း ဆက်သွားရင် ဘယ်လိုလုပ်မလဲ"

လီဟောက်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း ချက်ချင်း ပြန်လည် တည်ငြိမ်သွားလေသည်။ "ကိုယ် သိပါပြီ။ ခဏနေရင် ကိုယ် သူ့ကို သွားဖျောင်းဖျလိုက်မယ်"

ထို့နောက် နူးညံ့စွာ ဆက်ပြောလိုက်သည်။ "မင်းက နေ့တိုင်း အိမ်မှုကိစ္စတွေ စီမံနေရတာ။ ကျန်းအာကိုလည်း ပြုစုနေရသေးတယ်။ ဝူတိ ကိစ္စတွေကို ဂရုစိုက်ဖို့ ဘယ်မှာ အချိန်ရှိတော့မလဲ။ နောက်ဆို သူ့ကိစ္စတွေကို ကိုယ်ပဲ တာဝန်ယူလိုက်မယ်။ မင်း ဂရုမစိုက်နဲ့တော့"

မုန့်ယွင်လော်က နှုတ်ခမ်းကို စူလိုက်လေသည်။ "ကျွန်မကရော ဂရုစိုက်ချင်လွန်းလို့လား။ သူက ကျွန်မတို့ အိမ်တော်မှာ လာနေတာလေ။ ကျွန်မက မရီးတစ်ယောက် ဖြစ်နေပြီး မေးလည်းမမေး မြန်းလည်းမမြန်းရင် သူများတွေ ဝိုင်းပြီး အပြစ်ပြောကြမှာပေါ့"

"ကျွန်မက စေတနာနဲ့ လုပ်ပေးတာကို ရှင်တို့ညီအစ်ကိုတွေက ကျေးဇူးမတင်တဲ့အပြင် ကျွန်မကပဲ ပိုနေသလို ဖြစ်နေပြီ"

လီဟောက်သည် တိုးတိုးလေး ရယ်မောလိုက်ပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ နားနားကပ်၍ ပြောလိုက်လေသည်။ "မင်း သူ့အပေါ် ကောင်းတာက ကိုယ့်အပေါ် ကောင်းတာနဲ့ အတူတူပါပဲ။ ကိုယ် စိတ်ထဲမှာ မှတ်ထားပါတယ်"

မုန့်ယွင်လော်၏ ရင်ထဲတွင် နွေးထွေးသွားပြီး ပါးပြင်များ နီရဲလာကာ လီဟောက်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေသည်။ "ရှင့်ဆီက ဒီစကားတစ်ခွန်း ကြားရရင် ကျွန်မ ဘယ်လောက် ပင်ပန်းပါစေ တန်ပါတယ်"

လီဟောက်သည် လက်ဖြင့် ပွတ်သပ်ပေးလိုက်ရာ မုန့်ယွင်လော် တစ်ကိုယ်လုံး ပူနွေးပျော့ပျောင်းလာလေသည်။ ထိုအခါမှ သူက ရယ်မောကာ ပြောလိုက်လေသည်။ "မနက်ဖြန် ရုံးပိတ်ရက်လေ။ ကိုယ် မင်းနဲ့ ကျန်းအာကို ခေါ်ပြီး မုန့်အိမ်တော်ကို လိုက်ပို့ပေးမယ်။ တစ်နေကုန် နေကြမယ်လေ"

မုန့်ယွင်လော်သည် အံ့သြဝမ်းသာ ဖြစ်သွားလေသည်။ "ရှင် တကယ် လိုက်ပို့ပေးမှာလား"

လီဟောက်က နူးညံ့စွာ ပြောလိုက်၏။ "အရင်တုန်းက ကိုယ်က အိမ်တော်ထဲမှာပဲ တံခါးပိတ်ပြီး အနားယူနေခဲ့ရတာ။ အိမ်ပြင်မထွက်ဖြစ်ဘူးလေ။ နောက်ဆို ကိုယ် အားရင် မင်းကို ယောက္ခမအိမ် ပြန်လိုက်ပို့ပေးပါ့မယ်"

ဤကဲ့သို့သော ကြင်နာယုယမှု၊ ဂရုစိုက်မှုများသည် မုန့်ယွင်လော်ကို မူးယစ်ရီဝေသွားစေပြီး လီဟောက်၏ လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်မိလေသည်။

လီဟောက်သည် ခေါင်းငုံ့ကာ ခေတ္တမျှ နမ်းရှိုက်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်လေသည်။ "ကိုယ် ဝူတိဆီ ခဏ သွားလိုက်ဦးမယ်။ ပြီးရင် ပြန်လာခဲ့မယ်။ မင်း အရင် ရေချိုးပြီး ကုတင်ပေါ်မှာ စောင့်နေနော်"

မုန့်ယွင်လော်သည် မျက်နှာနီရဲစွာဖြင့် ကြည်နူးစွာ ထွက်ခွာသွားတော့သည်။

မုန့်ယွင်လော် ထွက်သွားသည်နှင့် လီဟောက်၏ မျက်နှာပေါ်မှ အပြုံး ရပ်တန့်သွားပြီး မျက်လုံးထဲတွင် ရွံရှာသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ ထို့နောက် မျက်လုံးအောက်ခြေသို့ ဖုံးကွယ်ပျောက်ကွယ်သွားပြီး လီချန်၏ အခန်းသို့ လျှောက်လှမ်းသွားလေသည်။

...

လီဟောက်နှင့် လီချန်တို့ မည်သည့်စကားများ ပြောဆိုခဲ့ကြသည်မသိ။ နောက်တစ်နေ့ နံနက်တွင် လီချန်သည် နောက်ဆုံး၌ အခန်းပြင်သို့ ထွက်လာခဲ့လေသည်။ မျက်နှာထား ညှိုးငယ်နေပြီး မျက်လုံးကျဉ်းကျဉ်းလေးများသည် အားအင်မရှိ ဖြစ်နေလေသည်။

မုန့်ယွင်လော်ကမူ မျက်နှာရွှင်လန်းနေပြီး ပြုံးရွှင်စွာ မေးလိုက်လေသည်။ "ဝူတိ နေလို့ ကောင်းသွားပြီလား"

လီချန်က တိုးတိုးလေး ဖြေလိုက်သည်။ "စန်းစောင် ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် တော်တော် သက်သာသွားပါပြီ။ ဒီနေ့ စာကြည့်ခန်း သွားပြီး စာဖတ်လိုက်ပါဦးမယ်"

တကယ်တမ်းတွင် လီချန် နေကောင်းသည် မကောင်းသည်ကို မုန့်ယွင်လော် လုံးဝ ဂရုမစိုက်ပေ။ လီဟောက် အမြင်ကောင်းစေရန် ဟန်ဆောင်မေးမြန်းခြင်းသာပင်။

မုန့်ယွင်လော်သည် ဟန်ဆောင်ပန်ဆောင် ဂရုစိုက်စကား အနည်းငယ် ပြောပြီးနောက် သမီးဖြစ်သူကို ခေါ်ဆောင်ကာ လီဟောက်နှင့်အတူ မြင်းလှည်းစီး၍ ကွမ်းပင်းနယ်စား အိမ်တော်သို့ ပြန်သွားလိုက်ကြသည်။

ကွမ်းပင်းနယ်စားသည် ယနေ့ အိမ်တော်တွင် ရှိနေပြီး သမီးနှင့် သားမက် ပြန်လာသည်ကို တွေ့ရသဖြင့် အလွန် ဝမ်းမြောက်နေ၏။ ထိုနေ့ နေ့လယ်တွင် မုန့်အိမ်တော်သည် မိသားစု စုံညီစားပွဲ ကျင်းပခဲ့ရာ လူကြီးလူငယ် စုံလင်ပြီး အလွန် စည်ကားသိုက်မြိုက်ခဲ့လေသည်။

စားပွဲသိမ်းပြီးနောက် ကွမ်းပင်းနယ်စားကတော်နှင့် သမီးဖြစ်သူတို့ သီးသန့် စကားစမြည် ပြောဆိုဖြစ်ကြသည်။

"ဒီရက်ပိုင်း အရှင်မင်းသားနဲ့ အဆင်ပြေရဲ့လား" ကွမ်းပင်းနယ်စားကတော်သည် သမီးကို သေချာ အကဲခတ်ကြည့်ရှုပြီး တိုးတိုးလေး မေးလိုက်လေသည်။

အမှန်တော့ အိမ်ထောင်ရေး သာယာမှု ရှိမရှိ ဆိုသည်မှာ မျက်နှာကို ကြည့်လိုက်သည်နှင့် သိသာလေသည်။

မုန့်ယွင်လော်သည် မျက်နှာရွှင်လန်းနေပြီး ပါးပြင်များသည် ပန်းပွင့်ကဲ့သို့ လှပနေကာ မျက်လုံးထဲမှ အပြုံးနှင့် ပျော်ရွှင်မှုများကို ဖုံးကွယ်ထား၍ မရနိုင်အောင် ဖြစ်နေလေသည်။ "အရှင်မင်းသားက သမီးအပေါ် အရမ်းကောင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်ဝက်လုံးလုံး အိမ်တော်ထဲမှာပဲ အနားယူပြီး သမီးနဲ့ ကျန်းအာကို အဖော်ပြုပေးခဲ့တယ်။ အခု ညီလာခံ တက်နေရပြီ ဆိုပေမဲ့ အလုပ်ပြီးတာနဲ့ အိမ်ကို စောစော ပြန်လာတယ်။ အပြင်မှာ ဘယ်တော့မှ မအိပ်ဘူး"

ပြောရင်းနှင့် နှုတ်ခမ်းကို ကိုက်ကာ တိုးတိုးလေး ရယ်မောလိုက်လေသည်။ "လွန်ခဲ့တဲ့ ရက်ပိုင်းက ဧည့်ခံပွဲတစ်ခုမှာ တစ်ယောက်က အရှင်မင်းသားကို ကချေသည်တစ်ယောက် လက်ဆောင်ပေးတယ်။ အရှင်မင်းသားက ချက်ချင်း ငြင်းပယ်လိုက်တယ်။ လက်ဖျားနဲ့တောင် မထိခဲ့ဘူး"

ကွမ်းပင်းနယ်စားကတော်၏ မျက်လုံးများတွင် အပြုံးရိပ် သန်းလာလေသည်။ "ကောင်းတယ်... ကောင်းတယ်။ နောက်ဆုံးတော့ ဒုက္ခတွေပြီးလို့ သုခရောက်လာပြီပေါ့"

မုန့်ယွင်လော်က ချွဲနွဲ့စွာ ပြောလိုက်၏။ "ဘာဒုက္ခတွေလဲ။ သမီးက အရှင်မင်းသားနဲ့ လက်ထပ်ပြီးကတည်းက ဒုက္ခဆိုတာ မကြုံဖူးပါဘူး။ အမြဲတမ်း ချိုမြိန်တဲ့ ရက်တွေချည်းပါပဲ"

ကွမ်းပင်းနယ်စားကတော်သည် သဘောကျပြီး ရယ်မောလိုက်လေသည်။ "ဟုတ်ပါပြီရှင်... ဟုတ်ပါပြီ။ အရင်တုန်းက ညည်းတွားပြီး ငိုခဲ့တာတွေက အကုန် ဟန်ဆောင်လုပ်တာတွေပေါ့လေ"

မုန့်ယွင်လော်သည် ယခင်က ပြောခဲ့သော စကားများကို မည်သို့ မှတ်မိပါမည်နည်း။ သူမက ရယ်မောကာ ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ် သူ့ကို လက်ထပ်ရတာ သမီး အတိတ်ဘဝက ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့လို့ ဖြစ်မှာ"

တကယ့် ကောင်မလေးပါလား...

ချိုမြိန်တဲ့ စကားလေး (၂) ခွန်း (၃) ခွန်းလောက်နဲ့ ဂရုစိုက်မှုလေး နည်းနည်းလောက် ရတာနဲ့ ခေါင်းမူးသွားပြီပေါ့။

ကွမ်းပင်းနယ်စားကတော်သည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သော်လည်း ပါးစပ်ကတော့ သမီး၏ စကားကို ထောက်ခံကာ ပြုံးလျက် ပြောလိုက်လေသည်။ "သမီးတို့ လင်မယား ချစ်ချစ်ခင်ခင်နဲ့ သင့်မြတ်ကြတာ ကောင်းတဲ့ကိစ္စပါပဲ။ အမေလည်း သမီးအတွက် ဝမ်းသာပါတယ်။ ကျန်းအာလည်း (၃) နှစ် ပြည့်တော့မယ်။ ဒီအချိန်မှာ နောက်ထပ် ကိုယ်ဝန်ဆောင်ပြီး သားလေးတစ်ယောက်လောက် မွေးနိုင်ရင် ပိုကောင်းတာပေါ့"

မုန့်ယွင်လော်သည် မျက်နှာ အနည်းငယ် ရဲသွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းသားက အရင်တုန်းက စူးဖေးညန်ညန်အတွက် (၁) နှစ် ဝမ်းနည်းခြင်းကာလစောင့်ထိန်းပြီး အောင့်အီးခဲ့တာလေ။ အခု ဝမ်းနည်းခြင်းကာလ ပြီးသွားပြီဆိုတော့ သမီးလည်း ကိုယ်ဝန်မြန်မြန် ရချင်ပါတယ်"

သားအမိနှစ်ဦး ရင်းနှီးစွာ စကားပြောနေကြစဉ် မုန့်ယွင်လော်က ရုတ်တရက် မေးလိုက်လေသည်။ "အမေနဲ့ အဖေကရော အဆင်ပြေကြရဲ့လား"

ကွမ်းပင်းနယ်စားကတော်သည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ယင်ကောင်တစ်ကောင်ကို မြိုချလိုက်ရသကဲ့သို့ မျက်နှာထား ဖြစ်သွားလေသည်။ "အဆင်ပြေပါတယ်"

ကွမ်းပင်းနယ်စားသည် ရူးသွပ်မှုတစ်ခု ဖြစ်ပြီးနောက်ပိုင်း မကြာခဏ သူမ၏ အခန်းသို့ လာရောက် အိပ်စက်လေ့ရှိသည်။ သူမ သဘောမတူလေ သူက ပိုပြီး လာလေ ဖြစ်နေသည်။ သူမ မည်မျှပင် စိတ်ဆိုးဒေါသထွက်ပါစေ မတတ်နိုင်ခဲ့ပေ။

ဘာလုပ်လို့ ရဦးမှာလဲ။

ခွေးအကိုက်ခံရတယ်လို့ပဲ သဘောထားလိုက်ရတော့တာပေါ့။

မုန့်ယွင်လော်သည် သံသယဖြင့် မိခင်ဖြစ်သူကို ကြည့်လိုက်လေသည်။ "အမေ ဘာဖြစ်လို့လဲ။ အဖေနဲ့ ရန်ဖြစ်ထားပြန်ပြီလား"

ကွမ်းပင်းနယ်စားကတော်သည် ထိုအကြောင်းများကို မပြောချင်သဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "အမေနဲ့ သမီးအဖေက အိုကြီးအိုမတွေ ဖြစ်နေပြီ။ ဘာရန်ဖြစ်စရာ ရှိလို့လဲ။ သမီးဘဝ သမီး ကောင်းကောင်း နေစမ်းပါ။ အမေ့အတွက် စိတ်ပူမနေနဲ့"

ထို့နောက် စကားလမ်းကြောင်း လွှဲလိုက်သည်။

အခြားတစ်ဖက်တွင် ကွမ်းပင်းနယ်စားနှင့် လီဟောက်တို့သည် စာကြည့်ခန်းထဲတွင် စကားပြောနေကြလေသည်။

ပထမမင်းသား၏ ညာဘက်ခြေထောက် ဒုက္ခိတ ဖြစ်သွားပြီးကတည်းက ကွမ်းပင်းနယ်စားသည် လီဟောက်အပေါ် အထူးဂရုစိုက်လာခဲ့သည်။ ချူနိုင်ငံ မြို့တော်ကို တိုက်ခိုက်သော စစ်ပွဲတွင် ကွမ်းပင်းနယ်စားသည် သူ၏ ကိုယ်ရံတော်တပ်ဖွဲ့ကို လီဟောက်အား ပေးအပ်ခဲ့သည်။ လီဟောက် စစ်ပွဲနိုင်ပြီးနောက် စစ်တပ်အတွင်း လီဟောက်၏ ဂုဏ်သတင်းကို ကျော်ကြားအောင် ပြုလုပ်ပေးခဲ့သည်။

လွန်ခဲ့သော နှစ်ဝက်အတွင်း လီဟောက်သည် အိမ်တော်အပြင် မထွက်သော်လည်း ကွမ်းပင်းနယ်စားနှင့် တိတ်တဆိတ် စာအဆက်အသွယ် ရှိခဲ့လေသည်။ ယောက္ခမနှင့် သားမက်တို့သည် ပိုမို ရင်းနှီးလာခဲ့ကြသည်။

လီချန် လက်ထပ်ခွင့်တောင်းခဲ့သည့် ကိစ္စကို လီဟောက်သည် ကွမ်းပင်းနယ်စားအား တိတ်တဆိတ် ပြောပြခဲ့ပြီး ဖြစ်လေသည်။ ယခု သူတို့နှစ်ဦး တွေ့ဆုံသောအခါ ထိုကိစ္စကို သဘာဝကျကျ ပြောဆိုလာကြလေသည်။ "ပဉ္စမမင်းသားရဲ့ လက်ထပ်ပွဲအတွက် အရှင်မင်းသားမှာ ဘယ်လို အစီအစဉ် ရှိလဲ"

လီဟောက်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားလေသည်။ "ရာထူးဝန်ကြီးဌာနက ဝန်ကြီးယွီ မှာ တရားဝင်မြေးမလေး တစ်ယောက် ရှိတယ်။ ပါရမီရှိပြီး နာမည်ကြီးတယ်"

ကွမ်းပင်းနယ်စားသည် ကြားလိုက်သည်နှင့် နားလည်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ "ပဥ္စမမင်းသား နဲ့ ယွီအိမ်တော် လက်ထပ်တာ တော်တော် သင့်တော်ပါတယ်"

...

အပိုင်း (၅၀၀) လက်ထပ်ခြင်း

သာ့ဝေတိုင်းပြည်တွင် အထူးတပ်ဖွဲ့ကြီး (၄) ဖွဲ့ ရှိလေသည်။ ၎င်းတို့မှာ လုလင်း ဦးဆောင်သော ရှင်းယန်စစ်သည်များ၊ ကွမ်းပင်းနယ်စား လက်အောက်ရှိ မုန့်အိမ်တော်စစ်သည်များ၊ ဖူယန်နယ်စား အုပ်ချုပ်သော ကျောက်အိမ်တော်စစ်သည်များနှင့် စစ်သူကြီးလျန် ဦးစီးသော တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့တို့ ဖြစ်ကြပေသည်။

မင်းသားကြင်ရာတော်များနှင့် ထိုက်ဇီဖေးတို့သည် ထိုစစ်ဘက်ဆိုင်ရာ အိမ်တော်ကြီးများမှ ဆင်းသက်လာကြသူများ ဖြစ်ကြလေသည်။

ပဉ္စမမင်းသား၏ အလှည့်သို့ ရောက်သောအခါတွင်မူ သာ့ဝေတိုင်းပြည်၏ တိုင်းရေးပြည်ရာများ တည်ငြိမ်အေးချမ်းနေပြီဖြစ်သဖြင့် တိုက်ခိုက်စရာ စစ်ပွဲကြီးများ မရှိသလောက် ဖြစ်နေချေပြီ။ ထို့ကြောင့် နန်းတွင်းတွင် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ အခန်းကဏ္ဍသည် တဖြည်းဖြည်း မှေးမှိန်လျော့ပါးလာလေသည်။ ယုံးကျားဧကရာဇ်သည် စစ်ဘက်အရာရှိများကို တော်လှန်တိုက်ခိုက်နိုင်ရန်အတွက် အရပ်ဘက် အမတ်များကို မဖြစ်မနေ မြှောက်စားလာတော့သည်။ ဤသည်မှာ ဧကရာဇ်တို့၏ အာဏာချိန်ခွင်လျှာ ညီမျှအောင် ထိန်းညှိသော နည်းလမ်းပင်။

ယခင်က လုအိမ်တော်နှင့် လက်ထပ်ပွဲပြုရန် စီစဉ်ခဲ့သည် ဆိုသည်မှာလည်း အကွက်ချထားသော ပရိယာယ်တစ်ခုသာ။ လုအိမ်တော်က လုံးဝ လက်ခံမည် မဟုတ်ကြောင်း လီဟောက် ကြိုတင်တွက်ဆထားပြီးသား။ ထိုအကြောင်းအရာကို အသုံးချ၍ အရှင်မင်းကြီးနှင့် အရှေ့နန်းဆောင်တို့၏ သားအဖသံယောဇဉ်ကို ဖြတ်တောက်ရန် ကြံစည်ခဲ့ခြင်း ဖြစ်လေသည်။

ထိုအရပ်ဘက် အမတ်များသည် စစ်ဘက်အရာရှိများ အာဏာကြီးစိုးစဉ်က ညီညွတ်စွာဖြင့် စုပေါင်းကာကွယ်ခဲ့ကြသော်လည်း ယခုအခါ စစ်မက်များ ငြိမ်းအေးသွားပြီး အရပ်ဘက်အရာရှိများ၏ အခန်းကဏ္ဍ မြင့်တက်လာသောအခါ သူတို့အချင်းချင်းကြားတွင်လည်း သဘောထားကွဲလွဲမှုများ ရှိလာပြီး အုပ်စုကွဲခြင်းများ ထင်ရှားလာတော့သည်။

အရပ်ဘက် အမတ်များတွင် ချောင်ကောလောင်က ဦးဆောင်သူဖြစ်ပြီး အခမ်းအနားဝန်ကြီးဌာနမှ ဝန်ကြီးလော်သည် ချောင်ကောလောင်နှင့် တစ်သားတည်း ရှိလေသည်။ အခြားတစ်ဖက်တွင်မူ ရာထူးဝန်ကြီးဌာနမှ ဝန်ကြီးယွီ ရှိလေသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးကျင်းနှင့် ဝန်ကြီးယွီတို့သည် ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးကြသူများ ဖြစ်ကြသည်။

ဘဏ္ဍာရေးဝန်ကြီးမှာမူ နိုင်ငံတော်ဘဏ္ဍာတိုက်ကိုသာ အာရုံစိုက်ပြီး မည်သည့် နိုင်ငံရေးပဋိပက္ခတွင်မှ ဝင်ရောက်စွက်ဖက်ခြင်း မရှိချေ။ တရားစီရင်ရေးဝန်ကြီးမှာမူ လေသင့်ရာ ယိမ်းတတ်သူ ဖြစ်လေသည်။

လီဟောက်သည် လီချန်အတွက် အမှန်တကယ် လက်ထပ်ပေးလိုသူမှာ ရာထူးဝန်ကြီးဌာနမှ ဝန်ကြီးယွီ၏ မြေးမလေးပင် ဖြစ်လေသည်။

ကွမ်းပင်းနယ်စားက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ " ပဉ္စမမင်းသားနဲ့ ယွီအိမ်တော် လက်ထပ်ပြီးသွားရင် အရှင်မင်းသားက ဒီနည်းလမ်းကိုသုံးပြီး ဝန်ကြီးယွီရဲ့ အုပ်စုကို စည်းရုံးလို့ ရသွားပြီ။ ဒါပေမဲ့ ဒီကိစ္စကို လောလို့ မဖြစ်ဘူး။ ဝန်ကြီးယွီ နဲ့ ချောင်ကောလောင် တို့က နိုင်ငံရေးအမြင် မတူကြပေမဲ့ ဝန်ကြီးယွီကလည်း ထိုက်ဇီကို ထောက်ခံတဲ့သူပဲ"

ထိုက်ဇီ လီကျင့်သည် ယုံးကျားဧကရာဇ်၏ တစ်ဦးတည်းသော တရားဝင် မိဖုရားခေါင်မှ ဖွားမြင်သည့် သားဖြစ်ပြီး အရပ်ဘက် အမတ်များ၏ စိတ်ထဲတွင် လီကျင့်သည် သဘာဝကျကျပင် ထီးနန်းဆက်ခံမည့်သူ ဖြစ်နေလေသည်။

ထို့အပြင် လီကျင့်သည် ငယ်ရွယ်၍ ဉာဏ်ပညာ ထက်မြက်ခြင်း၊ ဖော်ရွေခြင်းတို့ ရှိသည့်အပြင် စစ်မြေပြင်တွင်လည်း မရေမတွက်နိုင်သော အောင်ပွဲများကို ရယူခဲ့သူ ဖြစ်သည်။ အိမ်ရှေ့စံ နေရာသည် တောင်ကြီးပမာ ခိုင်ခံ့နေသဖြင့် အလွယ်တကူ လှုပ်ခါ၍ ရမည် မဟုတ်ချေ။

ဝန်ကြီးယွီ၏ အုပ်စုကို ဆွဲဆောင်စည်းရုံးရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။

လီဟောက်က ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "ယွဲ့ဖု ပြောတာကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ ယွဲ့ဖု စိတ်ချပါ... ကျွန်တော် ဘာကိုမှ ကမန်းကတန်း လုပ်မှာ မဟုတ်ပါဘူး။ ယွီအိမ်တော်နဲ့ လက်ထပ်ပွဲပြုပြီးမှပဲ ဝင်ထွက်သွားလာဖို့ အကြောင်းပြချက် ရှိလာမှာပါ။ ဒီအချိန်မှာ လောလို့ မရသလို လောလို့လည်း မဖြစ်ပါဘူး"

"ကံကောင်းတာက ကျွန်တော်နဲ့ ဝူတိ က ငယ်ပါသေးတယ်။ ဖုဟွမ်ကလည်း ကျန်းမာသန်စွမ်းတုန်းပဲ ရှိသေးတာဆိုတော့ ကျွန်တော်တို့အတွက် အချိန်တွေ အများကြီး ရှိပါသေးတယ်"

ကွမ်းပင်းနယ်စားသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သဘောကျလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ "ပြောတာ မှန်တယ်။ အကြီးအကျယ် ကြံစည်မယ့်သူက စိတ်ကို တည်ငြိမ်အောင် ထားနိုင်ရမယ်။ အရှင်မင်းသားက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို သည်းခံနိုင်စွမ်း ရှိလိမ့်မယ်လို့ ထင်မထားမိဘူး"

လီဟောက်သည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး မျက်ဝန်းထဲတွင် ခါးသီးမှု အနည်းငယ် ဖြတ်ပြေးသွားလေသည်။ "ကာကွယ်ပေးမယ့် မိခင်ရင်း မရှိတော့ရင် အရာရာ ကိုယ့်အားကိုယ်ကိုးရတာပဲလေ။ သဘာဝကျကျပဲ ပိုပြီး ရင့်ကျက်လာရတာပေါ့"

ကွယ်လွန်သွားသော စူးဖေး အကြောင်းကို ပြောကြရင်း ကွမ်းပင်းနယ်စား၏ ရင်ထဲတွင်လည်း ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာလေသည်။

သို့သော် သူ၏ အနေအထားအရ များများစားစား ပြောဆိုရန် မသင့်တော်သဖြင့် အားပေးစကား အနည်းငယ်သာ ပြောလိုက်လေသည်။ "သေသွားတဲ့သူက ပြန်ရှင်လာမှာမှ မဟုတ်တာ။ စိတ်ဖြေနိုင်အောင် ကြိုးစားပါ"

လီဟောက်သည် သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်ပြီး ကွမ်းပင်းနယ်စားကို ပြုံးပြလိုက်၏။ "ယွဲ့ဖု စိတ်မပူပါနဲ့။ မူဖေးဆုံးတာ (၁) နှစ် ရှိသွားပြီ။ ကျွန်တော် မူဖေးအတွက် ဝမ်းနည်းခြင်းကာလလဲ စောင့်ထိန်းပြီးသွားပြီဆိုတော့ စိတ်ထဲမှာလည်း တည်ငြိမ်သွားပါပြီ။ နောက်ဆို ကျွန်တော်နဲ့ ယွင်လော် ကောင်းကောင်း နေသွားမှာပါ။ သားသမီးရတနာလေးလည်း စောစော ရအောင် ယူရမှာပေါ့"

"အဲဒီလို တွေးတာ မှန်တယ်" ကွမ်းပင်းနယ်စားက ပြုံးလျက် သားမက်၏ ပခုံးကို ပုတ်လိုက်လေသည်။ "လူဆိုတာ အတိတ်မှာပဲ နစ်မွန်းနေလို့ မဖြစ်ဘူး။ ရှေ့ကို ဆက်လျှောက်ပြီး အနာဂတ်ကို မျှော်ကြည့်ရမှာ"

"စကားမစပ်... အရှင်မင်းသားက ခေါင်းငုံ့ပြီး လီချန်ရဲ့ လက်ထပ်ပွဲကိုပဲ တွေးမနေနဲ့ဦး။ အရှင်မင်းကြီး အတွက်လည်း စဉ်းစားပေးဦးမှပေါ့။ အရှင်မင်းကြီးက နန်းတက်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ စစ်တိုက်လိုက်၊ တိုင်းပြည်အတွက် အလုပ်လုပ်လိုက်နဲ့ ပင်ပန်းနေခဲ့တာ။ နောက်နန်းဆောင်မှာလည်း မိဖုရားက အဲဒီလူတွေပဲ ရှိတာ။ ဟိုရုပ် ဒီရုပ်တွေပဲ ထပ်ခါထပ်ခါ မြင်နေရတော့ အရှင်မင်းကြီးလည်း ငြီးငွေ့နေလောက်ပြီ"

လီဟောက်သည် ကြောင်အသွားပြီး မော့ကြည့်ကာ ကွမ်းပင်းနယ်စားနှင့် မျက်လုံးချင်း ဆုံလိုက်သည်။

ကွမ်းပင်းနယ်စားသည် လီဟောက်ကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်လေသည်။ "ယောက်ျားဆိုတာ သဘာဝအရ ငယ်ရွယ်နုပျိုပြီး လှပတဲ့ မိန်းကလေးတွေကို နှစ်သက်တတ်ကြတာပဲ။ အနောက်နန်းဆောင်က ဝမ်ကျဲယွီ ဆိုရင် အရှင်မင်းကြီးရဲ့ အချစ်တော် ဖြစ်နေတာလေ။ တကယ်လို့ အရှင်မင်းကြီးရဲ့ အနားကို စကားနားလည်တဲ့ ပန်းပွင့်လေးတစ်ပွင့်လောက် ပို့ပေးနိုင်ရင်..."

သူက လီဟောက်၏ ပခုံးကို ထပ်မံ ပုတ်လိုက်ပြီး စကားကို ဆက်မပြောတော့ပေ။

လီဟောက်၏ စိတ်ထဲတွင် အတွေးများစွာ လျင်မြန်စွာ ဖြတ်သန်းသွားပြီး ချက်ချင်း သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်လေသည်။ "ယွဲ့ဖုရဲ့ သဘောထားကို ကျွန်တော် နားလည်ပါပြီ"

စူးဖေး မရှိတော့သည့်နောက် လီဟောက်အတွက် နောက်နန်းဆောင်တွင် အားကိုးစရာ မရှိတော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ အခြေအနေ ဆိုးရွားလာနိုင်သည်။

ဦးနှောက်သုံးပြီး နည်းလမ်းရှာရမည့်အချိန် ရောက်နေပြီ။

...

ရက်အနည်းငယ် ကြာပြီးနောက် လီဟောက်သည် ယုံးကျားဧကရာဇ်အား လီချန်အတွက် ဝန်ကြီးယွီ အိမ်တော်မှ ဒုတိယသခင်မလေးကို တောင်းရမ်းပေးရန် တိတ်တဆိတ် အကြံပြု လျှောက်တင်လိုက်လေသည်။

လီချန်သည် မည်မျှပင် သာမန်ဆန်ပြီး တုံးအပါစေ သားအရင်း ဖြစ်နေသေးသည်။

ယုံးကျားဧကရာဇ်သည် စဉ်းစားတွေးတောပြီးနောက် ဝန်ကြီးယွီကို ခေါ်ယူကာ လက်ထပ်ပွဲကိစ္စ ပြောဆိုလိုက်လေသည်။

အိမ်တော်မှ မင်းသားကြင်ရာတော် တစ်ပါး ထွက်ပေါ်လာခြင်းသည် မည်မျှ ဂုဏ်ယူစရာ ကောင်းလိုက်ပါသနည်း။

အရပ်ဘက် အမတ်များသည် ရာထူးဆက်ခံခွင့်ရှိသော ဂုဏ်သရေရှိ စစ်ဘက်အရာရှိများနှင့် မတူကြပေ။ အငြိမ်းစား ယူလိုက်သည်နှင့် မိသားစု၏ အရှိန်အဝါ ကျဆင်းသွားတတ်ကြသည်။ နန်းတွင်းနှင့် လက်ထပ်ခြင်းပြုထားလျှင် နောင်တွင် မိသားစုမှ သားမြေးများ အရာရှိ လုပ်လိုပါက များစွာ အဆင်ပြေချောမွေ့နိုင်လေသည်။

တစ်ခုတည်းသော အားနည်းချက်မှာ လီချန်သည် ပုပြတ်ဝဖြိုးပြီး ရုပ်ရည် သာမန်သာ ရှိကာ အခြားမင်းသားများနှင့် ယှဉ်လျှင် များစွာ ကွာခြားနေခြင်းပင်။

သို့သော် နန်းတော်တွင် လက်မထပ်ရသေးသော မင်းသားဟူ၍ ဤတစ်ပါးသာ ကျန်ရှိတော့သည် မဟုတ်ပါလား။

ဝန်ကြီးယွီသည် လျင်မြန်စွာ ချင့်ချိန်တွက်ဆပြီးနောက် ရိုသေစွာ ပြန်လည်လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီးရဲ့ မဟာကရုဏာတော်ကြောင့် ယွီမျိုးနွယ်က သမီးပျိုကို ရွေးချယ်တော်မူတာပါ။ ဒါက ယွီမျိုးနွယ်တစ်ခုလုံးရဲ့ ဂုဏ်ယူစရာပါပဲ။ ကျွန်တော်မျိုးတို့ ယွီအိမ်တော် မျက်နှာပန်းလှအောင် အမိန့်တော် ပြန်တမ်း ထုတ်ပြန်ပေးပါရန် လျှောက်ထားအပ်ပါတယ်"

ယုံးကျားဧကရာဇ်သည် စိတ်လက်ပေါ့ပါးသွားပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။ "ကောင်းပြီ... ကျန်း မနက်ဖြန်ကျရင် အမိန့်တော် ထုတ်ပြန်ပေးမယ်"

နောက်တစ်နေ့တွင် ယုံးကျားဧကရာဇ်သည် ပဉ္စမမင်းသားနှင့် ယွီအိမ်တော်မှ ဒုတိယသခင်မလေးတို့ လက်ထပ်ရန် အမိန့်တော် ထုတ်ပြန်လိုက်လေသည်။

ယွီအိမ်တော် တစ်ခုလုံးသည် အမိန့်တော်ကို စိတ်လှုပ်ရှားစွာ ကြိုဆိုကြလေသည်။ ဒုတိယသခင်မလေး ယွီ ၏ အခန်းတွင် လာရောက် ဂုဏ်ပြုကြသော ဆွေမျိုးများဖြင့် ပြည့်နှက်နေလေသည်။

(၁၅) နှစ်အရွယ် ဒုတိယသခင်မလေး ယွီ သည် အလွန်အမင်း လှပသူ မဟုတ်သော်လည်း ကြည့်ပျော်ရှုပျော် ရှိသည်။ သူမသည် ငယ်စဉ်ကတည်းက စာပေလေ့လာလိုက်စားပြီး ပန်းချီဆွဲရာတွင် ကျွမ်းကျင်ကာ တည်ငြိမ်ရင့်ကျက်သည့် အထက်တန်းလွှာ အမျိုးသမီးတို့၏ စိတ်နေသဘောထား ရှိသူ ဖြစ်လေသည်။

လူအများ ဝိုင်းဝန်းဂုဏ်ပြုကြသောအခါ ဒုတိယသခင်မလေးယွီ ၏ ပါးပြင်များ နီရဲသွားပြီး ရှက်သွေးဖြာကာ ခေါင်းငုံ့ထားလိုက်တော့၏။

လူအများ ပြန်သွားကြသောအခါ သခင်မကြီးယွီက သမီးဖြစ်သူကို ဝမ်းသာအားရ ပြောလိုက်လေသည်။ "အရှင်မင်းကြီး ကိုယ်တိုင် အမိန့်တော် ထုတ်ပြန်ပြီး လက်ထပ်ပေးတာနော်။ ဒီလို ဂုဏ်သရေမျိုးက လောကမှာ ရှားမှရှားကွဲ့။ လိမ္မာတဲ့ သမီးလေး... သမီးက နောက်ဆိုရင် မင်းသားကြင်ရာတော် ဖြစ်တော့မှာ"

ဒုတိယသခင်မလေးယွီသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "မေမေ... သမီး ကြားတာတော့ ပဥ္စမမင်းသားက ရုပ်ရည် သိပ်မချောဘဲ ပုပုဝဝကြီး ဆို"

"သမီးရယ်... အတွေးမချော်ပါနဲ့" သခင်မကြီးယွီက ပြုံးရွှင်စွာဖြင့် သမီးဖြစ်သူ၏ စကားကို ဖြတ်ပြောလိုက်လေသည်။ "အဲဒါက နန်းတော်က မင်းသားတစ်ပါးလေ။ ဂုဏ်ဒြပ်က အမြင့်ဆုံးပဲ။ မင်းသားကြင်ရာတော် ဖြစ်ရတာက သမီး ဘဝဆက်ဆက် ကုသိုလ်ပြုခဲ့လို့ ရတဲ့ ကံကောင်းမှုပဲ။ ပြီးတော့ ယောက်ျားကောင်းတစ်ယောက်ဆိုတာ ရုပ်ရည်က အရေးမကြီးပါဘူး။ သမီးအပေါ် ကောင်းရင်၊ သမီးကို ချစ်ခင်ရင် သမီးတစ်သက်လုံး စံစားလို့ မကုန်တော့ဘူး"

ပြောသာပြောရသော်လည်း ချောမောခန့်ညားသော ခင်ပွန်းသည်ကို မလိုချင်သည့် မိန်းကလေး မည်သူရှိပါမည်နည်း။

ဒုတိယသခင်မလေးယွီသည် ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်ပြီး နောက်တစ်ကြိမ် ခေါင်းငုံ့သွားလေသည်။

...

သည်နေ့တွင် တတိယမင်းသား အိမ်တော်တွင်လည်း လူဝင်လူထွက်များပြီး အတော်ပင် စည်ကားနေလေသည်။

လီချန်သည် တတိယမင်းသား အိမ်တော်တွင် နေထိုင်နေပြီး ယနေ့ အမိန့်တော် ရောက်ရှိလာသောအခါ လာရောက်ဂုဏ်ပြုကြသော ဆွေမျိုးသားချင်းများ မနည်းလှချေ။ လီယန် ပင်လျှင် ရောက်ရှိလာခဲ့လေသည်။

လီယန်သည် ပြုံးရွှင်စွာဖြင့် လက်ကိုယှက်ကာ ဂုဏ်ပြုစကား ဆိုလိုက်လေသည်။ "ပဉ္စမမင်းသားကို ဂုဏ်ပြုပါတယ်။ ထိုက်ဇီ အရှင်မင်းသားက ကျွန်တော့်ကို လာပြီး ဂုဏ်ပြုခိုင်းလိုက်တာပါ... ဝမ်းသာပါတယ်ဗျာ"

လီချန်၏ မျက်နှာပေါ်မှ အဆီများ တုန်ခါသွားပြီး ကျဉ်းမြောင်းသော မျက်လုံးလေးများထဲမှ ဒေါသရောင်ခြည်များ ထွက်ပေါ်လာတော့၏။

သူသည် လီဟောက်၏ ထပ်ခါတလဲလဲ သတိပေးမှုကို မှတ်မိနေသဖြင့် အံကိုကြိတ်ကာ မပွင့်တပွင့် ပြောလိုက်လေသည်။ "အာ့ကောရဲ့ စေတနာကို ကျေးဇူးတင်ကြောင်း ပြောပေးပါ။ မင်းလည်း စေ့စပ်လိုက်ပြီဆိုတော့ မကြာခင် ကိုယ်ချစ်တဲ့ မိန်းကလေးနဲ့ လက်ထပ်ရတော့မှာမို့ ဂုဏ်ပြုပါတယ်"

လီယန်က မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။ "ဝမ်းသာစရာချင်း အတူတူပါပဲဗျာ"

လီချန်သည် စိတ်ထဲတွင် အံကြိတ်ကာ မကျေမနပ်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

ငါက လုမင်ယွဲ့ကို အဲဒီလောက်ကြီး သဘောကျနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူများက အတင်းလုယူသွားသလို ဖြစ်နေတော့ ရင်ထဲမှာ ဘယ်လိုလုပ် ဖြေသိမ့်လို့ ရမှာလဲ။

...

အပိုင်း (၅၀၁) ကိုယ်ဝန်ဆောင်လက္ခဏာ

ယွီမိသားစုနှင့် တတိယမင်းသားအိမ်တော်တို့၏ စည်ကားသိုက်မြိုက်မှုနှင့် နှိုင်းယှဉ်လျှင် နန်းတော်တွင်းမှ တုံ့ပြန်မှုသည် ပို၍ အေးဆေးငြိမ်သက်နေခဲ့လေသည်။

ယခင် မင်းသားကြင်ရာတော်များသည် ဂုဏ်သရေရှိ စစ်သူကြီးမျိုးနွယ်များမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ ကျင့်အန်းကုန်းကျူနှင့် ဟွေ့အန်းကုန်းကျူတို့၏ ဖုမာများသည်လည်း မြို့တော်မှ ထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ်ကြလေသည်။

လီချန်၏ အလှည့်ရောက်သောအခါ ဝန်ကြီးတစ်ပါး၏ တရားဝင်သမီးကို လက်ထပ်ရခြင်းသည် ထူးဆန်းအံ့သြဖွယ်ရာ ကိစ္စတစ်ခု မဟုတ်တော့ချေ။

မယ်တော်ကြီးကျောက်နှင့် ချောင်မိဖုရားခေါင်တို့သည် လီချန်ကို ဆုလာဘ်များ အသီးသီး ချီးမြှင့်လိုက်ကြပြီး ကျန်ရှိသော ကိုယ်လုပ်တော်များကလည်း ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကား ဆိုလိုက်ကြရုံဖြင့် ဤကိစ္စသည် ပြီးဆုံးသွားခဲ့လေသည်။

မင်္ဂလာပွဲရက်ကို လာမည့်နှစ် ၅လပိုင်းတွင် သတ်မှတ်လိုက်ပြီး နှစ်ဝက်ခန့် အချိန်ရသေးသဖြင့် မင်္ဂလာကိစ္စအတွက် ပြင်ဆင်ရန် လုံလောက်မှု ရှိလေသည်။

မင်္ဂလာကိစ္စကို စီမံခန့်ခွဲရမည့် တာဝန်သည် အလိုအလျောက်ပင် ချောင်မိဖုရားခေါင်၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့သည်။

ပဉ္စမမင်းသားအိမ်တော်ကို ရှင်းလင်းပြုပြင်ရမည်ဖြစ်ပြီး တင်တောင်းလက်ဆောင်များကိုလည်း ပြင်ဆင်ရပေဦးမည်။ နှစ်ကုန်ချိန်နှင့် တိုက်ဆိုင်နေသဖြင့် နန်းတွင်းရေးရာ ကိစ္စရပ်များ များပြားရှုပ်ထွေးနေချိန်တွင် ချောင်မိဖုရားခေါင်သည် အလုပ်များလွန်းပြီး ကျန်းမာရေး ထိခိုက်ကာ မကြာမီတွင်ပင် အိပ်ရာထဲ လဲလေတော့သည်။

ချောင်မိဖုရားခေါင် နေမကောင်းဖြစ်သွားသဖြင့် နန်းတွင်းရေးရာများကို ကိုယ်စားတာဝန်ယူ ဖြေရှင်းပေးမည့်သူ လိုအပ်လာခဲ့သည်။

မုန့်ကွေ့ဖေးနှင့် ချင်ဖေးတို့သည် စိတ်လှုပ်ရှား တက်ကြွနေကြလေသည်။

တစ်ယောက်က ယုံးကျားဧကရာဇ်၏ ရှေ့မှောက်တွင် မိမိဆန္ဒအလျောက် တာဝန်ယူလိုကြောင်း လျှောက်တင်ပြီး ကျန်တစ်ယောက်က မယ်တော်ကြီးကျောက်၏ နားနားတွင် ကပ်ကာ လေပူမှုတ်နေလေသည်။ သူတို့နှစ်ဦးစလုံးသည် ချောင်မိဖုရားခေါင်၏ "သောကများကို မျှဝေခံစားလိုကြသူများ" ဖြစ်ကြသည်။

သို့သော် ယုံးကျားဧကရာဇ်နှင့် မယ်တော်ကြီးကျောက်တို့ နှုတ်မဟရသေးမီမှာပင် ထိုက်ဇီဖေး လုမင်ယွိသည် ရှေ့ထွက်လာခဲ့ပြီး နေ့စဉ် ကျောင်းဖန်နန်းဆောင်တွင် ထိုင်ကာ နန်းတွင်းကိစ္စအဝဝကို ကိုယ်စား စီမံခန့်ခွဲနေလေပြီ။

မုန့်ကွေ့ဖေးသည် စိတ်နှလုံး မချမ်းမမြေ့ဖြစ်ကာ ယုံးကျားဧကရာဇ်၏ ရှေ့မှောက်တွင် မကောင်းစကား မဆိုဘဲ မနေနိုင်တော့ချေ။ "ထိုက်ဇီဖေးက ကိုယ်ဝန်ရှိနေတာဆိုတော့ စိတ်အေးလက်အေး ကိုယ်ဝန်စောင့်ရှောက်သင့်တာပါ။ ဒီလောက်တောင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေမှတော့ တော်ကြာ ကိုယ်ဝန်ကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ"

"ဟွမ်ဟုပ်ညန်ညန်က ချန်ချဲ့ကို မယုံကြည်ဘူးဆိုရင်လည်း ချန်ချဲ့မှာ ပြောစရာစကား မရှိပါဘူး။ ဒါပေမဲ့ ချင်ဖေး ဒါမှမဟုတ် ဝမ်ကျဲယွီကို နန်းတွင်းရေးရာ ကူညီဖြေရှင်းခိုင်းလိုက်ရင်တောင် ထိုက်ဇီဖေး ပင်ပန်းခံနေရတာထက် ပိုကောင်းပါသေးတယ်"

ယုံးကျားဧကရာဇ်သည် အမှန်တကယ်ပင် မျက်မှောင်ကြုတ်လိုက်လေသည်။

သို့သော် ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ မသွားရောက်ခဲ့သည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်ပြီး ဤကဲ့သို့ သေးငယ်သော ကိစ္စလေးအတွက်နှင့် ချောင်မိဖုရားခေါင်နှင့် ထပ်မံ စကားများရန် မလိုလားသဖြင့် ပေါ့ပေါ့ပါးပါးသာ ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ကလည်း အမြဲတမ်း နေမကောင်းဖြစ်နေမှာမှ မဟုတ်တာ။ ရက်အနည်းငယ်ကြာရင် သက်သာလာမှာပါ။ လုရှီက ရက်အနည်းငယ်လောက် တောင့်ခံထားလိုက်ရင် ကိစ္စမရှိပါဘူး"

မုန့်ကွေ့ဖေးသည် ယုံးကျားဧကရာဇ်၏ မျက်နှာတွင် စိတ်မရှည်သည့် အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် နှုတ်ဖျားသို့ ရောက်လာသော စကားများကို ပြန်မျိုချလိုက်ရပြီး ပထမမင်းသားအတွက် အလုပ်တာဝန်တောင်းခံရန် စကားလမ်းကြောင်း လွှဲလိုက်ရတော့သည်။ "...အားယိက ညာဘက်ခြေထောက် သိပ်မသန်ပေမယ့် အရှင်မင်းကြီးအတွက် တာဝန်ထမ်းဆောင်ပြီး အပူအပင်တွေကို မျှဝေပေးချင်ရှာပါတယ်။ ပြီးတော့ နောင်တစ်ချိန်ကျရင် သူက မြို့တော်ကနေ ခွာပြီး နယ်စားပယ်စား လုပ်ရဦးမှာ။ နယ်စားမင်းတစ်ပါး လုပ်ရမယ့်သူက နိုင်ငံရေးအုပ်ချုပ်မှုကို နားမလည်လို့ မဖြစ်ဘူးလေ"

ယုံးကျားဧကရာဇ်သည် ပထမမင်းသားကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အချစ်ပိုခဲ့ဖူးသဖြင့် ပထမမင်းသား၏ ခြေထောက်မသန်စွမ်းသည့်ကိစ္စကို ကြားရသောအခါ စိတ်မကောင်း ဖြစ်မိလေသည်။

သူသည် ခဏလောက် စဉ်းစားလိုက်ပြီး ပြောလေ၏။ "အရင်တုန်းက ကျန်း သူတို့ကို ဝန်ကြီးဌာနခြောက်ခုမှာ တာဝန်ထမ်းဆောင်ခိုင်းဖူးတယ်။ အခု သူ့ခြေထောက် ဒဏ်ရာရထားတော့ စစ်ဘက်ရေးရာဝန်ကြီးဌာနနဲ့ တရားရေးရာဝန်ကြီးဌာနတွေက မသင့်တော်ဘူး။ ဘဏ္ဍာရေးဝန်ကြီးဌာနကိုပဲ သွားခိုင်းလိုက်မယ်"

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ကြီးကောင်း၏ သားငယ်သည် ကျင့်အန်းကုန်းကျူ၏ ဖုမာ ဖြစ်လေသည်။

ဒီလို ဆက်နွယ်မှုမျိုး ရှိနေသဖြင့် ပထမမင်းသား ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဝင်ရောက်သွားပါက ဝန်ကြီးကောင်းနှင့် ဆက်ဆံရသည်မှာလည်း အဆင်ပြေချောမွေ့လိမ့်မည်။

မုန့်ကွေ့ဖေးသည် အလွန်ဝမ်းသာသွားပြီး ယုံးကျားဧကရာဇ်ကို အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

ယုံးကျားဧကရာဇ်သည် မုန့်ကွေ့ဖေး၏ စိတ်လှုပ်ရှား ဝမ်းသာနေသော မျက်နှာကို ကြည့်ရင်း ရင်ထဲတွင် တက်ကြွမှုမရှိဘဲ ပျင်းရိငြီးငွေ့သလို ခံစားလိုက်ရသည်။

တစ်ချိန်တုန်းကတော့ အသည်းနှလုံးထဲ ထည့်ထားပြီး လက်ဖဝါးပေါ် တင်ထားမတတ် အလိုလိုက် အချစ်ပိုခဲ့ဖူးသည်။ မည်သည့်အချိန်က စတင်ခဲ့သည်မသိ။ ဤမျက်နှာသည် တစ်နေ့ထက်တစ်နေ့ အိုမင်းရင့်ရော်လာပြီး သူသည်လည်း တဖြည်းဖြည်း ကြည့်ရတာ ရိုးအီလာခဲ့လေသည်။

အနောက်နန်းဆောင်ထဲမှ ဝမ်ကျဲယွီသည် နူးညံ့သိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းသော်လည်း တွေ့ရဖန် များလာသောအခါ လန်းဆန်းမှု လျော့နည်းလာခဲ့သည်။

ယုံးကျားဧကရာဇ်သည် ညစာသုံးဆောင်ပြီးနောက် လျှောက်တင်လွှာများကို စစ်ဆေးရန် ရှိသေးသည်ဟု အကြောင်းပြချက်ပေးကာ ယန်ရှီနန်းဆောင်မှ ထွက်ခွာလာခဲ့လေသည်။

လျိုကုန်းကုန်းသည် သခင်၏ စိတ်သဘောထားကို ခန့်မှန်းရာတွင် အတော်ဆုံးဖြစ်သဖြင့် ဧကရာဇ်၏ မျက်နှာအရိပ်အကဲကို ကြည့်ကာ လေသံတိုးတိုးဖြင့် အကြံပြုလိုက်သည်။ "အချိန်လည်း လင့်နေပါပြီ။ အရှင်မင်းကြီး ဖန်းဟွာနန်းဆောင်ကို သွားရောက် အနားယူလိုက်ပါလား။ လျှောက်တင်လွှာတွေကို မနက်ဖြန်ကျမှ စစ်ဆေးလိုက်ရင်လည်း ရတာပဲကို"

ယုံးကျားဧကရာဇ်ကမူ ပြောလိုက်သည်။ "မလိုတော့ဘူး။ ကျန်း ဝမ်ဟွားနန်းဆောင်ကိုပဲ ပြန်တော့မယ်"

ထိုအခါမှ လျိုကုန်းကုန်းသည် ပါးစပ်ပိတ်သွားတော့သည်။

...

နောက်တစ်နေ့၊ ကျောင်းဖန်နန်းဆောင်။

လုမင်ယွိသည် ကိုယ်ဝန်ဆောင်သည်မှာ ၃လနီးပါး ရှိပြီဖြစ်၍ ဝမ်းဗိုက်ငယ်သည် အနည်းငယ် စူထွက်လာပြီ ဖြစ်သည်။ ပွရောင်းသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားသဖြင့် အပြင်ပန်းမှ ကြည့်လျှင် ကိုယ်ဝန်ရှိမှန်း လုံးဝ မသိသာပေ။

ဒီတစ်ခေါက် ကိုယ်ဝန်သည် ကျန်းမာရေး ကောင်းမွန်သော်လည်း လူကို အလွန် နှိပ်စက်လေသည်။ လုမင်ယွိသည် မကြာခဏ ပျို့အန်ချင်သလို ဖြစ်နေပြီး အတွင်းမီး အလွန်များကာ ဒေါသစိတ်သည်လည်း ထိုနည်းတူ ကြီးထွားလာခဲ့သည်။ ယခုအချိန်တွင် သူမသည် ကုလားထိုင်ပေါ်တွင် မတ်မတ်ထိုင်နေပြီး မျက်နှာထားမှာ အနည်းငယ် တင်းမာနေလေသည်။

စာရင်းဇယား မရှင်းလင်းသော အိမ်တော်ထိန်းတစ်ဦးကို အပြစ်ပေးလိုက်ပြီး တာဝန်ပေါ့လျော့သော အစေခံနှစ်ဦးကို ကြိမ်းမောင်းလိုက်ရာ ကျန်ရှိသော လူအားလုံးသည် ကြောက်လန့်တကြား ငြိမ်သက်နေကြပြီး အသက်ပြင်းပြင်းပင် မရှူရဲကြချေ။

နန်းတွင်းရေးရာ ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ပြီးသောအခါ တစ်နာရီကျော်မျှ ကြာမြင့်သွားခဲ့လေပြီ။

အိမ်တော်ထိန်းများနှင့် အကြီးအကဲများအားလုံး အရိုအသေပြုကာ ပြန်လည် ထွက်ခွာသွားကြပြီး ကျောင်းဖန်နန်းဆောင်မှ အပြင်သို့ ရောက်သည်နှင့် တပြိုင်နက် သက်ပြင်းချလိုက်မိကြကာ ဘေးအန္တရာယ်မှ လွတ်မြောက်သွားသကဲ့သို့ ဝမ်းသာသွားကြတော့သည်။

ထိုက်ဇီဖေးသည် ကိုယ်ဝန်ရရှိပြီးနောက်ပိုင်း ဒေါသအိုး ပေါက်ကွဲလွယ်လာခဲ့သည်။ ဒီရက်ပိုင်းအတွင်း တာဝန်ထမ်းဆောင်ရာတွင် ပိုမို သတိထား ဂရုစိုက်ကြရပေမည်။

"ညန်ညန် စိတ်မတိုပါနဲ့" ချီယွင်သည် ဂန္ဓမာပန်းလက်ဖက်ရည် တစ်ခွက်ကို ယူလာပေးလေသည်။ "လက်ဖက်ရည်လေး သောက်ပြီး အပူငြိမ်းလိုက်ပါဦး"

လုမင်ယွိသည် စိတ်ကို ငြိမ်အောင်ထားလိုက်ပြီး လက်ဖက်ရည်ကို လှမ်းယူကာ တစ်ငုံ သောက်လိုက်လေသည်။ ပူနွေးသော လက်ဖက်ရည်သည် သင်းပျံ့သော မွှေးရနံ့လေး ပါဝင်ပြီး ခံတွင်းထဲတွင် ချိုမြိန်သွားကာ တောက်လောင်နေသော ဒေါသမီးကို တဖြည်းဖြည်း ငြိမ်းအေးသွားစေသည်။

"ငါက ယမ်းအိုး ဖြစ်ခါနီးနေပြီ" လုမင်ယွိက မိမိကိုယ်ကို ပြုံးရယ်ကာ လှောင်ပြောင်လိုက်လေသည်။ "မီးပွားစလေး နည်းနည်းလောက် ထိလိုက်တာနဲ့ ပေါက်ကွဲထွက်တော့မလိုပဲ"

ချီယွင်က နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်ပြီး နောက်ပြောင်လိုက်လေသည်။ "ညန်ညန်က ဒီလောက် အစွမ်းထက်နေတာ။ မီးပွားစတောင် လိုမယ်မထင်ပါဘူး"

လုမင်ယွိသည် ပြုံးလျက်ပင် ချီယွင်ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် မတတ်သာသည့်ဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။ "ငါလည်း ဒီရက်ပိုင်း စိတ်တွေ မငြိမ်ဘူးဆိုတာ သိပါတယ်။ ထိန်းချုပ်ဖို့ ကြိုးစားပေမယ့်လည်း အမြဲတမ်း စိတ်မရှည် ဖြစ်မိနေတာပဲ"

တကယ်တမ်းကျတော့ မီးပွားစတောင် မလိုဘဲ ကိုယ့်ဘာသာကို လောင်ကျွမ်းနေခြင်း ဖြစ်သည်။

ချီယွင်က ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး သခင်မကို နှစ်သိမ့်လိုက်လေသည်။ "ကိစ္စမရှိပါဘူး။ ညန်ညန်က ကိုယ်ဝန်ဆောင်ထားရလို့ စိတ်အခြေအနေက ပုံမှန်အချိန်နဲ့ မတူဘူးဆိုတာ လူတိုင်းသိပါတယ်။ အားလုံးကလည်း နားလည်ပေးကြမှာပါ"

နန်းတွင်းသူနန်းတွင်းသားများနှင့် ကုန်းကုန်းများကို မဆိုထားနှင့်။ အရှင်မင်းသား ကိုယ်တိုင်ပင် ဒီရက်ပိုင်း စကားပြောလျှင် သုံးဆလောက် သတိထားနေရသည် မဟုတ်ပါလား။

လုမင်ယွိသည် သူမ၏ ဗိုက်ကို ပွတ်သပ်လိုက်လေသည်။ "ငါ့စိတ်ထင် ဒီဗိုက်ထဲမှာ ရှိနေတာက စိတ်ကြီးတဲ့ သားဆိုးလေး ဖြစ်လောက်တယ်"

ချီယွင်သည် ထိုစကားကြောင့် ခပ်တိုးတိုး ရယ်မောနေတော့သည်။

အပြင်ဘက်တွင် ဆော့ကစားနေကြသော ရွှီအာနှင့် ရွှမ်းအာတို့သည် လက်ချင်းချိတ်လျက် ဝင်ရောက်လာကြပြီး မိခင်ဖြစ်သူကို တစ်ချက်လှမ်းကြည့်ကာ ချက်ချင်းပင် လှည့်ထွက်သွားကြတော့သည်။

လုမင်ယွိ "..."

နန်းဆောင်ထဲရှိ နန်းတွင်းသူများ အားလုံးသည် ပါးစပ်ကိုအုပ်ကာ ရယ်မောနေကြတော့၏။

လုမင်ယွိသည် ဒေါသထွက်လွန်းသဖြင့် ရယ်ချင်စိတ်ပင် ဖြစ်သွားပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

ချီယွင်သည် လန့်ဖျပ်သွားပြီး ချက်ချင်း ပြောလိုက်လေသည်။ "ညန်ညန် ဘာလုပ်မလို့လဲ။ မင်းသားလေးနဲ့ မင်းသမီးလေးက ငယ်ပါသေးတယ်။ ညန်ညန် သူတို့ကို လက်ပါလို့မဖြစ်ဘူးနော်"

လုမင်ယွိသည် ပြောစရာစကားမဲ့သွားသည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။ "ငါက ဘယ်အချိန်တုန်းက သူတို့ကို ရိုက်မယ်လို့ ပြောလို့လဲ။ ငါ ထိုင်နေတာ ကြာလို့ ခြေလက် ဆန့်ချင်လို့ ထလိုက်တာပါ"

ချီယွင်က အလျင်အမြန်ပင် ပြုံးရွှင်စွာ လျှောက်လာပြီး လုမင်ယွိ၏ လက်မောင်းကို တွဲကူပေးလိုက်သည်။ "ကျွန်မ ညန်ညန်ကို အပြင်လိုက်ပို့ပေးပါမယ်"

ဘေးနားရှိ နန်းတွင်းသူများက တိုးတိုးတိတ်တိတ် ပြုံးရယ်နေကြသည်။ ထိုက်ဇီဖေးညန်ညန်က ရံဖန်ရံခါ ဒေါသထွက်လျှင် ကြောင်လေးတစ်ကောင် အမွှေးထောင်သကဲ့သို့ ဖြစ်နေပြီး ဆိုးသွမ်းသလိုလိုနှင့် ချစ်စရာ ကောင်းနေပြန်သည်။ ဒီလိုအချိန်မျိုးဆိုလျှင် ချီယွင် တစ်ယောက်တည်းသာ သခင်မကို ချော့မော့နိုင်စွမ်း ရှိလေသည်။

လုမင်ယွိသည် တစ်ပတ်လောက် လမ်းလျှောက်ပြီးနောက် ချောင်မိဖုရားခေါင်၏ အိပ်ဆောင်သို့ သွားရောက်ခဲ့သည်။

ဟွေ့အန်းကုန်းကျူလည်း ရောက်ရှိနေပြီး ချောင်မိဖုရားခေါင် ဆေးသောက်ရန် ကူညီပြုစုပေးနေလေသည်။ သားအမိနှစ်ယောက် ဘာအကြောင်း ပြောနေကြသည်မသိ။ လုမင်ယွိ ဝင်လာသည်နှင့် သဘာဝကျကျပင် စကားသံ တိတ်ဆိတ်သွားကြသည်။

လုမင်ယွိကလည်း ဘာမှ မမေးမြန်းပေ။

သားအမိနှစ်ယောက် လူသိမခံချင်သော လျှို့ဝှက်စကားများ ပြောဆိုနေကြခြင်းမှာ ပုံမှန်ပင်။ ပြောပြချင်လျှင် သူမ မေးစရာမလို။ မပြောပြလျှင်လည်း သူမက ဇွတ်အတင်း မေးမြန်းနေပါက အကဲခတ်ညံ့ရာကျပြီး အမုန်းခံရရုံသာ ရှိပေမည်။

ချောင်မိဖုရားခေါင်သည် ဆေးသောက်ပြီးနောက် လုမင်ယွိကို ပြုံးကာ မေးလိုက်လေသည်။ "ဒီနေ့ မင်း လူတချို့ကို ဆူလိုက်ပြန်ပြီလို့ ကြားတယ်။ တာဝန်မကျေရင် မင်း စိတ်ကြိုက်သာ ဆူပစ်လိုက်။ ဒါပေမဲ့ စိတ်ထဲတော့ မထားနဲ့။ အဲ့ဒီ အစေခံတွေကြောင့်နဲ့ ဒေါသထွက်ပြီး ကိုယ်ဝန် ထိခိုက်မခံနဲ့"

လုမင်ယွိက ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "မူဟုပ် စိတ်မပူပါနဲ့။ ကျွန်မ စိတ်ထဲမှာ အတိုင်းအတာ ရှိပါတယ်"

ဟွေ့အန်းကုန်းကျူက ပြုံးကာ စနောက်လေသည်။ "မင်း စိတ်ထဲမှာ အတိုင်းအတာ ရှိလို့ တော်သေးတာပေါ့။ မဟုတ်ရင် ပါးစပ်က ဆူရုံတင်မကဘဲ လက်ပါ ပါသွားလောက်ပြီ"

လုမင်ယွိ "..."

အခန်းထဲတွင် ရယ်မောသံများ ပျံ့လွင့်နေစဉ် ရွှီအာနှင့် ရွှမ်းအာတို့သည် ပျော်ရွှင်စွာ ပြေးဝင်လာကြလေသည်။ "ဘာတွေ ရယ်နေကြတာလဲ"

"သားလည်း နားထောင်ချင်တယ်။ သမီးလည်း ရယ်ချင်တယ်"

ထိုစကားကို ကြားလိုက်ရသည်တွင် လူတိုင်းက ပိုပြီး အားပါးတရ ရယ်မောလိုက်ကြတော့သည်။

...

All Chapters