အခန်း (၅၀၂-၅၀၄)
Vol. 34 Ch. 502-504
အပိုင်း (၅၀၂) အကြံပြုချက်
ရက်အနည်းငယ် ကြာလွန်ပြီးနောက် ချောင်မိဖုရားခေါင်၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာကာ ကုတင်ပေါ်မှဆင်း၍ လမ်းလျှောက်နိုင်လာပြီ ဖြစ်သည်။ ချက်ချင်းပင် နန်းတွင်းရေးရာများကို ပြန်လည် လွှဲပြောင်းယူလိုက်လေသည်။ ထို့နောက်တွင် လုမင်ယွိကို ပြုံးကာ မှာကြားလိုက်သေးသည်။
"မင်း ကျန်းမာရေးကောင်းတယ်ဆိုတာ ပန်ကုံး သိပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ထားရတာက ပုံမှန်အချိန်နဲ့ မတူဘူးလေ။ ဘယ်လောက်ပဲ ဂရုစိုက်စိုက် မပိုပါဘူး။ စိတ်ကိုအေးအေးထားပြီး ကိုယ်ဝန်ကိုပဲ ကောင်းကောင်း စောင့်ရှောက်ပါ"
ချောင်မိဖုရားခေါင်သည် လုမင်ယွိ၏ စိတ်နေစိတ်ထားကို ကောင်းစွာသိရှိထားသဖြင့် လုမင်ယွိ စိတ်မကြည်မလင် ဖြစ်သွားမည်ကို စိုးရိမ်ကာ စကားကို အလွန်နူးညံ့သိမ်မွေ့စွာ ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။
လုမင်ယွိသည် ရယ်ချင်မိသလို ဖြစ်သွားပြီး စိတ်ထဲတွင်လည်း ကြည်နူးသွားကာ လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။
"မူဟုပ် ကျွန်မအပေါ် ကောင်းတာတွေအားလုံးကို ကျွန်မ သိပါတယ်"
ချောင်မိဖုရားခေါင်သည် အသံထွက် ရယ်မောလိုက်မိတော့သည်။
"ကြည့်စမ်း။ တကယ်ပဲ အရင်ကနဲ့ မတူတော့ဘူး။ အရင်တုန်းကသာဆိုရင် မင်းက ဒီလို ရင်ထဲထိရောက်တဲ့ စကားအနုအယွတွေကို ပြောထွက်မှာ မဟုတ်ဘူး"
ဟုတ်သည် မဟုတ်ပါလား။
ကိုယ်ဝန်ရှိပြီးနောက်ပိုင်းတွင် သူမသည် စိတ်အပြောင်းအလဲ မြန်ရုံသာမက ယခင်ကထက် ပိုပြီး ခံစားလွယ်လာခဲ့သည်။
လုမင်ယွိသည် အနည်းငယ် စူထွက်နေသော ဝမ်းဗိုက်ကို ပွတ်သပ်လိုက်ပြီး ပြုံးကာ မိမိကိုယ်ကို နောက်ပြောင်လိုက်လေသည်။
"မူဟုပ် စိတ်မပူပါနဲ့။ ဗိုက်ထဲက ကလေးမွေးပြီးတာနဲ့ ကျွန်မ မူလပုံစံအတိုင်း ပြန်ဖြစ်သွားမှာပါ"
ယောက္ခမနှင့် ချွေးမ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်မိကြသည်။
နှစ်ကုန်ခါနီးဖြစ်၍ နန်းတွင်းရေးရာများ များပြားရှုပ်ထွေးနေသဖြင့် ချောင်မိဖုရားခေါင်သည် အားတင်းကာ အလုပ်ရှုပ်နေရတော့သည်။
အမှန်တကယ် အလုပ်မနိုင်တော့သည့်အဆုံးတွင် ချောင်မိဖုရားခေါင်သည် ပြတ်ပြတ်သားသားပင် မယ်တော်ကြီးကျောက်ကို မျက်နှာလုပ်ကာ ချင်ဖေးကို နန်းတွင်းရေးရာများ ကူညီစီမံခန့်ခွဲရန် တာဝန်ပေးလိုက်လေသည်။
"နှစ်ကုန်ရောက်တော့ လျှော်ဖွပ်ရေးဌာနနဲ့ အပ်ချုပ်ဆောင်တွေက အလုပ်အများဆုံးနဲ့ အရှုပ်ဆုံးပဲ။ ဒီနေရာနှစ်ခုက ကိစ္စတွေကို မင်းကို လွှဲပေးလိုက်မယ်"
ဤသည်မှာ ချင်ဖေးအတွက်တော့ မမျှော်လင့်ထားသော ဆုလာဘ်ကြီးတစ်ခု ဖြစ်နေသဖြင့် တရစပ် ပြုံးရယ်ကာ ပြောလိုက်တော့သည်။
"ဟွမ်ဟုပ်ညန်ညန်က ချန်ချဲ့ကို ဒီလောက် ယုံကြည်ပေးမှတော့ ချန်ချဲ့က သေချာပေါက် အစွမ်းကုန် ကြိုးစားပြီး တာဝန်ထမ်းဆောင်ပါ့မယ်။ ညန်ညန်ရဲ့ မေတ္တာစေတနာကို အလဟဿ မဖြစ်စေရပါဘူး"
မုန့်ဖေးမှာမူ ဘေးတွင် အပယ်ခံထားလိုက်ရသဖြင့် ဒေါသများ တလိပ်လိပ် ထွက်နေရတော့သည်။
နန်းတွင်းရေးရာများကို စီမံခန့်ခွဲခြင်းသည် မိဖုရားခေါင်၏ လုပ်ပိုင်ခွင့်အာဏာ ဖြစ်လေသည်။ ချောင်မိဖုရားခေါင်က မည်သူ့ကို ကူညီခိုင်းမည် ဆိုသည်မှာ ချောင်မိဖုရားခေါင်၏ သဘောဆန္ဒသာ ဖြစ်၏။ ဤမျှ သေးငယ်သော ကိစ္စလေးကို ယုံးကျားဧကရာဇ်က လုံးဝ ဝင်ရောက်စွက်ဖက်မေးမြန်းလိမ့်မည် မဟုတ်ပေ။
ချင်ဖေးသည် တာဝန်ရရှိသွားသဖြင့် မျက်နှာတစ်ခုလုံး နီရဲတောက်ပနေပြီး စိတ်အားထက်သန်နေကာ လမ်းလျှောက်လျှင်ပင် လေဟုန်စီးနေသကဲ့သို့ ဖြစ်နေတော့သည်။
သူမသည် နေ့စဉ် နံနက်ပိုင်းတွင် ကျောင်းဖန်နန်းဆောင်၌ ၄နာရီခန့် နေထိုင်ပြီး အလုပ်ပြီးသည်နှင့် မယ်တော်ကြီးကျောက်ကို အဖော်ပြုရန် ရှို့နင်နန်းဆောင်သို့ သွားရောက်လေ့ရှိသည်။
မယ်တော်ကြီးကျောက်သည် ချင်ဖေး အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း စိတ်မကောင်း ဖြစ်မိကာ ပါးစပ်ဟ၍ ပြောလိုက်လေသည်။
"နင်လည်း အသက်ကြီးနေပါပြီ။ ဒီလောက် အလုပ်ရှုပ်ခံနေပြီးတော့ ဘာကိုများ မျှော်ကိုးနေတာလဲ။ အိုက်ကျား လူလွှတ်ပြီး ဟွမ်ဟုပ်ကို ပြောခိုင်းလိုက်မယ်။ ဒီတာဝန်ကို နင် မယူနဲ့တော့"
ချင်ဖေးသည် "အသက်ကြီးနေပြီ" ဟူသော စကားကို ကြားလိုက်ရသည်တွင် နှုတ်ခမ်းထောင့်များ ရှုံ့တွသွားပြီး အလျင်အမြန် ပြုံးကာ ပြောလိုက်လေသည်။
"ချန်ချဲ့က အသက် ၄၀တောင် မပြည့်သေးပါဘူး။ ဘယ်နေရာက အသက်ကြီးနေလို့လဲ။ ပြီးတော့ ချန်ချဲ့က တစ်နေ့ကုန် အားနေတာ။ ဟွမ်ဟုပ်ညန်ညန်ရဲ့ အပူအပင်တွေကို ကူညီဖြေရှင်းပေးဖို့ အခွင့်အရေး ရခဲပါတယ်။ အလုပ်ရှုပ်နေရရင်တောင် ပျော်ပါတယ်။ မယ်တော်ကြီးက အဲဒီစကားကို လုံးဝ မပြောပါနဲ့နော်"
မယ်တော်ကြီးကျောက်သည် ထိုစဉ်က နောက်မိန်းမအဖြစ် ဝင်ရောက်ခဲ့ရသည်မှာ မှန်သော်လည်း အိမ်သို့ ရောက်သည်နှင့် အိမ်မှုကိစ္စများကို စီမံခန့်ခွဲခွင့် ရခဲ့လေသည်။ ကိုယ်လုပ်တော်ဘဝ၏ ဆင်းရဲဒုက္ခကို အဘယ်မှာ နားလည်နိုင်ပါမည်နည်း။ မယ်တော်ကြီးကျောက်က အမြဲတမ်း မြှောက်စားထားလျှင်ပင် ကိုယ်လုပ်တော်သည် ကိုယ်လုပ်တော်သာ ဖြစ်နေဆဲပင်။
ချင်ဖေးသည် အိမ်မှုကိစ္စများကို စီမံခန့်ခွဲရသည့် အရသာကို မြည်းစမ်းကြည့်ချင်ကြောင်း အိပ်မက်ပင် မက်ခဲ့ဖူးလေသည်။
ယခုအခါ နန်းတွင်းရေးရာများကို ကူညီစီမံခန့်ခွဲခွင့် ရနေပြီဖြစ်၍ ဟန်ပြလုပ်ရလျှင်ပင် ကျေနပ်စရာ ကောင်းနေပေပြီ။
မယ်တော်ကြီးကျောက်သည် စေတနာဖြင့် ပြောသော်လည်း ချင်ဖေးက လက်မခံသဖြင့် နှုတ်ခမ်းကို တွန့်ကာ ပြောလိုက်လေသည်။
"ဒီလို အားနေတဲ့အချိန်မှာ အရှင်မင်းကြီးကို ကောင်းကောင်း ပြုစုတာက ပိုမကောင်းဘူးလား။ ပြောလို့ရတာ မဟုတ်ဘူး။ အသက်ကြီးမှ ကလေးရပြီး မင်းသားလေးတစ်ပါးလောက် ထပ်မွေးလာနိုင်တာပဲ"
ချင်ဖေး "..."
ချင်ဖေး၏ အပြုံးသည် အနည်းငယ် ခါးသက်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"အရှင်မင်းကြီးက အနောက်နန်းဆောင်ကို ဝင်လာရင် ယန်ရှီနန်းဆောင် ဒါမှမဟုတ် ဖန်ဟွားနန်းဆောင်ကိုပဲ သွားတာများတယ်။ ချန်ချဲ့ဆီကိုတော့ တစ်လနေလို့မှ တစ်ခါနှစ်ခါလောက်ပဲ လာတာ။ ချန်ချဲ့က အရှင်မင်းကြီးကို ကောင်းကောင်း ပြုစုချင်ပေမယ့် အရှင်မင်းကြီးရဲ့ မျက်လုံးထဲမှာတော့ ချန်ချဲ့က ရာသီကုန်သွားတဲ့ ဂေါ်ဖီထုပ် ရိုးတံကြီး ဖြစ်နေပြီ"
မယ်တော်ကြီးကျောက်သည် ချင်ဖေးကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။
"ကြည့်စမ်း။ နင့်ရဲ့ အသုံးမကျပြီး အဖြစ်မရှိတဲ့ ပုံစံကို။ အိုက်ကျားက အရှင်မင်းကြီးကို တစ်ခါလောက်တော့ သတိပေးလို့ ရပေမယ့် နင့်ဆီသွားဖို့ အမြဲတမ်းတော့ တိုက်တွန်းနေလို့ မရဘူးလေ။ ဒီလိုကိစ္စမျိုးကိုပါ အိုက်ကျားက စိတ်ပူပေးနေရမှာလား"
ချင်ဖေးသည် ရှက်လွန်းသဖြင့် မျက်နှာနီရဲသွားပြီး အတော်ကြာမှ စကားတစ်ခွန်း ညှစ်ထုတ်လိုက်နိုင်တော့သည်။
"ဒီလိုပဲ ဖြစ်နေရင်တောင် ချန်ချဲ့က ရောင့်ရဲပါတယ်။ ဘာပဲဖြစ်ဖြစ် ဟွမ်ဟုပ်ညန်ညန်ထက်တော့ သာပါသေးတယ်"
လွန်ခဲ့သော လအနည်းငယ်က ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်တွင် ညစာသုံးဆောင်ပြီးနောက် ဖန်းဟွာနန်းဆောင်သို့ သွားရောက် အိပ်စက်ခဲ့လေသည်။ ထိုကိစ္စသည် ချောင်မိဖုရားခေါင်၏ သိက္ခာကို အကြီးအကျယ် ကျဆင်းစေခဲ့သည်။ ယခုအခါတွင်မူ ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ လုံးဝ မသွားတော့ချေ။
ယခင်ကသာဆိုလျှင် ဤကဲ့သို့ အေးစက်စွာ ဆက်ဆံခံရပါက ချောင်မိဖုရားခေါင်သည် စိတ်နာကြည်းပြီး ဝမ်းနည်းပက်လက်ဖြစ်ကာ မရယ်ချင်ဘဲ အတင်းဟန်ဆောင် ပြုံးရလိမ့်မည်။ ယခုအခါ အရှင်မင်းကြီး ကျောင်းဖန်နန်းဆောင်သို့ ခြေဦးမလှည့်သည်ကို ချောင်မိဖုရားခေါင်က စိတ်ထဲပင် မထားတော့ဘဲ နေ့စဉ် ကောင်းကောင်းစား ကောင်းကောင်းအိပ်ကာ စိတ်ပျော်ရွှင်နေလေသည်။
မယ်တော်ကြီးကျောက်သည် ထိုစကားကို ကြားသောအခါ နှုတ်ခမ်းကို တွန့်လိုက်ပြန်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။
"ဟွမ်ဟုပ်ရဲ့ မျက်လုံးထဲမှာ ထိုက်ဇီနဲ့ ထိုက်ဇီဖေး ပြီးတော့ ရွှီအာနဲ့ ရွှမ်းအာပဲ ရှိတော့တာ။ အရှင်မင်းကြီးကို ဘယ်နေရာမှာများ ထားသေးလို့လဲ"
မယ်တော်ကြီးကျောက်၏ အမြင်တွင်တော့ သားတော်၌ အမှားတစ်စက်မှ မရှိဘဲ မှားသည်မှာ သေချာပေါက် ချွေးမသာ။
ချင်ဖေးသည် မကောင်းစကားဆိုရန် အခွင့်အရေး တစ်ခုမှ လက်လွတ်ခံမည့်သူ မဟုတ်သဖြင့် ချက်ချင်းပင် လေသံတိုးတိုးဖြင့် ထောက်ခံလိုက်လေသည်။
"ဟုတ်တယ် မဟုတ်လား။ ချန်ချဲ့ ကြည့်ရတာလည်း စိတ်ထဲ ဘဝင်မကျပါဘူး။ ဟွမ်ဟုပ်ညန်ညန်က အခုဆိုရင် အရှင်မင်းကြီးကို လုံးဝ မျက်လုံးထဲ ထည့်တော့တာ မဟုတ်ဘူး"
မယ်တော်ကြီးကျောက်က နှာခေါင်းတစ်ချက် ထပ်ရှုံ့လိုက်ပြန်သည်။
"ထားလိုက်ပါတော့။ အိုက်ကျား ဟွမ်ဟုပ်ကို ပြောလိုက်မယ်။ နှစ်သစ်ကူးပြီးရင် အနောက်နန်းဆောင်အတွက် ကိုယ်လုပ်တော် ရွေးမယ်။ အနောက်နန်းဆောင်ထဲမှာ ဒီလူဟောင်းတွေချည်းပဲ လှည့်ပတ် တွေ့နေရတာ အရှင်မင်းကြီးလည်း ကြည့်ရတာ ရိုးအီနေလောက်ပြီ။ မျက်နှာသစ်လေးတွေ များများစားစား ရှိသင့်တယ်"
ချင်ဖေး "..."
...
ချင်ဖေးသည် ကိုယ့်ရှူးကိုယ်ပတ် ဖြစ်သွားသဖြင့် စိတ်ထဲတွင် မည်မျှ နောင်တရနေသည်ကို ခဏထားလိုက်ပါဦးမည်။
မယ်တော်ကြီးကျောက်သည် ကိုယ်လုပ်တော် ရွေးချယ်မည့်ကိစ္စကို စိတ်ထဲစွဲနေပြီး နှစ်ကုန်သည့်နေ့ နန်းတွင်းစားပွဲသောက်ပွဲတွင် လူအများရှေ့၌ ချောင်မိဖုရားခေါင်ကို ပြောလိုက်လေသည်။
"အရှင်မင်းကြီးက နေ့စဉ် တိုင်းရေးပြည်ရာကိစ္စတွေနဲ့ အလုပ်ရှုပ်နေရတယ်။ အနောက်နန်းဆောင်က ကိစ္စအဝဝကို ဟွမ်ဟုပ်ကပဲ စီမံခန့်ခွဲနေရတာ။ အိုက်ကျား စဉ်းစားမိတာက အနောက်နန်းဆောင်မှာ လူသစ်တချို့ ဖြည့်သင့်တယ်လို့လေ။ မနက်ဖြန် နွေဦးပေါက်ရင် အနောက်နန်းဆောင် ကိုယ်လုပ်တော် ရွေးမယ်။ ဟွမ်ဟုပ် ဘယ်လိုသဘောရလဲ"
ချောင်မိဖုရားခေါင်သည် အပြုံးမပျက်ဘဲ နူးညံ့စွာ ပြန်ဖြေလိုက်လေသည်။
"အာရှီနဲ့ မူဟုပ်နဲ့ အတွေးချင်း တူနေပါတယ်။ အာရှီမှာလည်း ဒီလို အစီအစဉ် ရှိပါတယ်။ ကိုယ်လုပ်တော် ဘယ်လိုရွေးမလဲ ဆိုတာကိုတော့ အရှင်မင်းကြီးရဲ့ သဘောထားကို မေးမြန်းရပါဦးမယ်"
လူတိုင်းက ယုံးကျားဧကရာဇ်ကို ပြိုင်တူ လှမ်းကြည့်လိုက်ကြပြီး တစ်ယောက်ချင်းစီ၏ စိတ်အကြံအစည်များမှာ မတူညီကြပေ။
ထိုအထဲတွင် မုန့်ဖေး၏ အကြည့်သည် အတောက်ပဆုံးနှင့် အစူးရှဆုံး ဖြစ်ပြီး ဓားမြှောင်နှစ်ချောင်းကဲ့သို့ပင် ထင်ရလေသည်။
ယုံးကျားဧကရာဇ်သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ကိုယ်လုပ်တော် ရွေးချယ်မည့် အကြံပြုချက်ကို တရားမျှတ လေးနက်သော လေသံဖြင့် ငြင်းပယ်လိုက်လေသည်။
"သာ့ဝေတိုင်းပြည်က စစ်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့လို့ နိုင်ငံတော်ဘဏ္ဍာတိုက်က ဟာလာဟင်းလင်း ဖြစ်နေပြီ။ အတွင်းရေးရာဌာနကလည်း ဟွမ်ဟုပ်နဲ့ ထိုက်ဇီဖေးတို့ကို မှီခိုပြီး အနိုင်နိုင် ရပ်တည်နေရတာ။ နှစ်နှစ် သုံးနှစ်လောက် မရှိဘဲနဲ့ နာလန်ပြန်ထူနိုင်မှာ မဟုတ်ဘူး"
"ဒီလိုအချိန်မျိုးမှာ ကျန်းက ဘယ်လိုလုပ် ဖြုန်းတီးပြီး ကိုယ်လုပ်တော် ရွေးတဲ့ကိစ္စကို လုပ်နိုင်မှာလဲ။ ဒီကိစ္စကို ထပ်မပြောကြနဲ့တော့"
ချောင်မိဖုရားခေါင်သည် တစ်ချက် ပြုံးလိုက်ပြီး စကားထပ်မဆိုတော့ချေ။
မယ်တော်ကြီးကျောက်သည် ထိုအချိန်ကျမှ သတိဝင်လာပြီး မျက်နှာအနည်းငယ် ပျက်သွားလေသည်။
ဟုတ်ပါသည်။ အတွင်းရေးရာဌာန လည်ပတ်ရန် သုံးစွဲနေရသော ငွေကြေးများသည် ချောင်မိဖုရားခေါင်နှင့် လုမင်ယွိ ယောက္ခမနှင့် ချွေးမ နှစ်ယောက် ထုတ်ပေးထားခြင်း ဖြစ်လေသည်။ ဒီလိုအချိန်မှာ ကိုယ်လုပ်တော် ရွေးချယ်ခြင်းက သိပ်မသင့်တော်လှပေ...
ယုံးကျားဧကရာဇ်သည် မယ်တော်ကြီးကျောက် နေရခက်နေသည်ကို မြင်သောအခါ ပြုံးကာ အခြေအနေကို ဖြေရှင်းပေးလိုက်လေသည်။
"မူဟုပ်က ကျန်းကို သနားလို့ပါ။ ကျန်းက မူဟုပ်ကို ကျေးဇူးတင်ရမှာပါ။ ဒီတစ်ခွက်က မူဟုပ်အတွက် ဂုဏ်ပြုပါတယ်"
မယ်တော်ကြီးကျောက်သည် အရက်ခွက်ကို မကာ အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်လေသည်။
"အရှင်မင်းကြီးနဲ့ ဟွမ်ဟုပ် အဆင်ပြေနေရင် အိုက်ကျားက ဘာနဲ့မှမလဲနိုင်အောင် ဝမ်းသာပါတယ်"
ချောင်မိဖုရားခေါင်သည် မသိမသာ ပြုံးလိုက်ပြီး အတူတကွ ခွက်မြှောက်လိုက်လေသည်။
"အာရှီလည်း မူဟုပ်ကို တစ်ခွက် ဂုဏ်ပြုပါတယ်"
အနောက်နန်းဆောင်မှ ကိုယ်လုပ်တော်များသည်လည်း အသီးသီး ခွက်မြှောက်ကာ လိုက်ပါ ဂုဏ်ပြုလိုက်ကြလေသည်။
ဤခေါင်းစဉ်သည် ထိုနေရာတွင်ပင် ရပ်တန့်သွားတော့၏။
လီကျင့်၏ အကြည့်များသည် အေးစက်နေပြီး နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။
ချောင်မိဖုရားခေါင်သည် အနောက်နန်းဆောင်ကို စီမံခန့်ခွဲရန် အစွမ်းကုန် ကြိုးစားခဲ့ရပြီး နေမကောင်းပင် ဖြစ်ခဲ့ရသည်။ လူတိုင်းက သနားစာနာခြင်း မရှိသည့်အပြင် ဒီလိုအချိန်မျိုးမှာ ကိုယ်လုပ်တော် ရွေးချယ်မည့်ကိစ္စကို ထုတ်ပြောလာကြသေးသည်။
ယုံးကျားဧကရာဇ်က သိသာထင်ရှားစွာပင် စိတ်ပါနေခဲ့ပြီဖြစ်ရာ ဘယ်လောက်ကြာကြာ ထိန်းချုပ်ထားနိုင်ဦးမည် မသိပေ။
ဘေးတွင် ထိုင်နေသော လုမင်ယွိသည် တိတ်တဆိတ် လက်လှမ်းလိုက်ပြီး လီကျင့်၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။
လီကျင့်သည် သတိပြန်ဝင်လာပြီး လုမင်ယွိကို ပြုံးပြလိုက်ကာ မိမိစိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ကြောင်း အရိပ်အယောင် ပြလိုက်၏။
လုမင်ယွိသည်လည်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
လီကျင့်ကို မဆိုထားနှင့်။ သူမပင်လျှင် ယောက္ခမဖြစ်သူကို သနားမိလာသည်။
သီလနှင့် ပြည့်စုံသော မိဖုရားခေါင်တစ်ပါး ဖြစ်ရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး အနောက်နန်းဆောင် ကိစ္စများအတွက် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ခဲ့ရသော်လည်း ပြန်လည် ရရှိလာသည်က မည်သို့သောအရာများ ဖြစ်နေပါသနည်း။
...
အပိုင်း (၅၀၃) နှင်းမုန်တိုင်း
နန်းတွင်းစားပွဲသောက်ပွဲ ပြီးဆုံးပြီးနောက် လီကျင့်နှင့် လုမင်ယွိတို့သည် အိမ်ရှေ့စံနန်းဆောင်သို့ အတူတကွ ပြန်လာခဲ့ကြသည်။
ဆောင်းရာသီကုန်ချိန်ဖြစ်၍ ရာသီဥတုမှာ အလွန်အေးစက်နေပြီး လေအေးများကလည်း တိုက်ခတ်နေကာ အအေးဒဏ်ကြောင့် အမူးပြေသွားသလိုပင်။
လုမင်ယွိက ပါးစပ်ဟကာ ပြောလိုက်လေသည်။ "ကြည့်ရတာ နှင်းကျတော့မယ် ထင်တယ်"
လီကျင့်သည် စိတ်နှင့်ကိုယ် မကပ်ဘဲ အင်း ဟုသာ ပြန်ဖြေလိုက်ပြီး သူ၏ ဝတ်ရုံကို ချွတ်ကာ လုမင်ယွိ၏ ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။
လုမင်ယွိသည် ရင်ထဲတွင် နွေးထွေးသွားပြီး ပြုံးကာ ပြောလိုက်လေသည်။ "ကျွန်မက ကိုယ်ဝန်ဆောင်ဆိုတော့ အပူဓာတ်များတယ်။ နည်းနည်းလေးမှ မအေးပါဘူး။ ရှင်သာ အအေးမမိအောင် ဂရုစိုက်ပါ"
လီကျင့်သည် စနောက်ရန် စိတ်မပါသဖြင့် လက်ဆန့်ကာ လုမင်ယွိ၏ ပခုံးကို ဖက်ထားလိုက်လေသည်။
ရွှီအာနှင့် ရွှမ်းအာတို့သည် မိဘနှစ်ပါး၏ အလယ်တွင် တိုးဝှေ့နေရသည်ကို အကျင့်ပါနေပြီဖြစ်ရာ ယခုလည်း ရှေ့သို့ တိုးဝင်ရန် ပြင်လိုက်ကြသည်။ ချီယွင်သည် မျက်စိလျင်ပြီး လက်မြန်သဖြင့် ကလေးနှစ်ယောက်ကို ဖမ်းဆွဲလိုက်ကာ လေသံတိုးတိုးဖြင့် ချော့မော့လိုက်လေသည်။ "ဖုဝမ်နဲ့ မူချင်းတို့ စကားပြောစရာ ရှိလို့တဲ့။ ယွင်မားမားက မင်းသားလေးနဲ့ မင်းသမီးလေးကို အရင်ခေါ်သွားပေးမယ်နော်"
ရွှီအာနှင့် ရွှမ်းအာတို့သည် မလိုက်ချင်လိုက်ချင်ဖြင့် ပါသွားကြတော့သည်။
လုမင်ယွိနှင့် လီကျင့်တို့သည် အနောက်မှ ဖြည်းညှင်းစွာ လိုက်ပါလာရင်း တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။
လုမင်ယွိက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ရှင် စိတ်ထဲ မပျော်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒီနေ့ အဘွားတော်က ကိုယ်လုပ်တော် ရွေးချယ်မယ့်ကိစ္စကို ရုတ်တရက် ထုတ်ပြောလာတယ်။ ဖုဟွမ်ကလည်း စိတ်ပါနေတာ သိသာတယ်။ တစ်နှစ် နှစ်နှစ်လောက်နေရင် သေချာပေါက် လူသစ်တွေ နန်းတွင်းထဲ ရောက်လာကြတော့မှာ။ ကျွန်မ မူဟုပ်အတွက် မတန်ဘူးလို့ ခံစားရတယ်"
"ဒါပေမဲ့ ဒီလိုကိစ္စမျိုးက တော်ဝင်မိသားစုတင် မဟုတ်ပါဘူး။ မူးမတ်မျိုးနွယ်တွေကြားထဲမှာလည်း ဖြစ်နေကျပါပဲ။ စီးပွားရေးလုပ်ပြီး ဆိုင်ဖွင့်တဲ့သူတွေတောင် လက်ထဲ ငွေရွှင်လာရင် မယားငယ် ယူချင်ကြသေးတာ။ တိုင်းပြည်အုပ်ချုပ်တဲ့ ဧကရာဇ်မင်းမြတ်ဆိုရင် ပြောစရာတောင် မလိုတော့ဘူးပေါ့"
အရင်တုန်းကတော့ စစ်တိုက်နေရလို့ အချိန်မရှိသလို အင်အားလည်း မစိုက်ထုတ်နိုင်ခဲ့ဘူး။ အခုတော့ တိုင်းပြည်အေးချမ်းသွားပြီး တိုင်းသူပြည်သားတွေကလည်း ဩဇာခံယူနေကြပြီဆိုတော့ ဧကရာဇ်မင်းမြတ်အနေနဲ့ စည်းစိမ်ယစ်မျိုးချင်တဲ့ စိတ်ဆန္ဒတွေ ပေါ်လာတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။
လီကျင့်၏ မျက်ဝန်းထဲတွင် ရွံရှာသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။ "ကိုက သားတစ်ယောက်အနေနဲ့ ဖခင်ဖြစ်သူ ကိုယ်လုပ်တော် ယူတာကို ဝင်စွက်ဖက်လို့ မရဘူး။ နောက်ဆို မူဟုပ်ကို ကောင်းကောင်း ဂရုစိုက်ရမယ်"
လုမင်ယွိက ခေါင်းညိတ်လိုက်သည်။ "တကယ်တော့ ရှင် သိပ်ပြီး စိတ်ပူနေစရာ မလိုပါဘူး။ မူဟုပ်က အခုဆိုရင် သဘောထားကြီးပြီး ပွင့်လင်းနေပါပြီ။ ကိုယ့်ကိုယ်ကိုယ် သနားပြီး ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို ခိုင်မာအောင်ထားပြီး ဒီလိုကိစ္စတွေကို စိတ်ထဲမထားဘဲနေရင် နေ့ရက်တိုင်းက ပုံမှန်အတိုင်းပါပဲ"
လီကျင့်သည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လုမင်ယွိကို စိုက်ကြည့်နေသည်။
လုမင်ယွိသည်လည်း ခြေလှမ်းရပ်တန့်လိုက်ပြီး မျက်ခုံးပင့်ကာ မေးလိုက်လေသည်။ "ကျွန်မကို ဘာလို့ ဒီလို ကြည့်နေတာလဲ"
လီကျင့်သည် လုမင်ယွိ၏ မျက်ဝန်းများကို စူးစိုက်ကြည့်ရင်း နူးညံ့စွာ ပြောလိုက်လေသည်။ "ရှောင်ယွိ... ကိုယ်တို့ တစ်သက်လုံး ချစ်ချစ်ခင်ခင် ပေါင်းသင်းကြရအောင်နော်"
လုမင်ယွိ ခေါင်းမညိတ်ရသေးမီ သူက ဆက်ပြောလိုက်ပြန်သည်။ "မင်းက ကတိသစ္စာ စကားတွေကို မယုံဘူးဆိုတာ ကို သိပါတယ်။ ဒါကြောင့် ကိုက ချိုမြိန်တဲ့ စကားတွေကို ဘယ်တော့မှ မပြောဘူး။ နောင် ၃နှစ် ၅နှစ်၊ ၁၀နှစ် ၈နှစ်၊ နှစ် ၂၀ ၃၀ လောက်ထိ မင်း ကို့ကို စောင့်ကြည့်နေလိုက်ပါ"
ဤမြင်ကွင်း ဤအခြေအနေသည် မည်သည့်အခါမှ ပျက်ပြယ်သွားမည် မဟုတ်ပေ။
ကောင်းကင်ယံမှ ကြယ်ရောင်စုံများသည် လီကျင့်၏ မျက်ဝန်းနက်များထဲတွင် ထင်ဟပ်နေလေသည်။
လုမင်ယွိ၏ မျက်ဝန်းအိမ်များ ပူနွေးလာပြီး အတော်ကြာမှ ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပြီ"
လီကျင့်က ပြုံးလိုက်ပြီး လုမင်ယွိ၏ လက်ကို ဆွဲကာ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။ လုမင်ယွိသည် လီကျင့်၏ ပခုံးပေါ်တွင် ခေါင်းမှီလိုက်၏။ လူနှစ်ယောက်၏ ပုံရိပ်သည် တစ်သားတည်း ဖြစ်သွားပြီး အရိပ်များသည်လည်း တဖြည်းဖြည်း ပေါင်းစပ်သွားကြတော့သည်။
...
ယုံးကျား ၁၃နှစ်၏ နှစ်သစ်ကူးကာလသည် ဖြူဖွေးသော နှင်းမုန်တိုင်းကြားတွင် ရောက်ရှိလာခဲ့လေသည်။
နှစ်သစ်ကူး ပထမရက်မှ စတင်၍ နှင်းပွင့်များ ကျဆင်းလာခဲ့သည်။
နှင်းများ ထူထပ်စွာ ကျဆင်းနေပြီး သစ်ကိုင်းများပေါ်တွင် ရေခဲပွင့်များ တင်ကျန်နေကာ မြေပြင်တစ်ခုလုံးကိုလည်း နှင်းထုကြီးများ ဖုံးလွှမ်းထားလေသည်။ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ခြေထောက်သည် နှင်းထဲသို့ ဒူးဆစ်အထိ နစ်မြုပ်သွားလေသည်။
ငွေရောင်မီးသွေးခဲများ ထည့်ထားသော မီးဖိုကို ထွန်းညှိကာ လက်တွင် မီးအိုးလေး ကိုင်ဆောင်ထားပြီး ထူထဲသော သားမွေးဝတ်ရုံများကို ဝတ်ဆင်ထားကြသည့် သူဌေးသူကြွယ်များသည် နှစ်အနည်းငယ်အတွင်း တွေ့ရခဲသော နှင်းကျသည့် မြင်ကွင်းကို ခံစားကြည့်ရှုနေကြသည်။ စိတ်ပါလာလျှင် အရက်တစ်အိုး နွှေးကာ အမွှေးတိုင်တစ်တိုင် ထွန်းညှိပြီး အစေခံမိန်းကလေးများကို မင်သွေးခိုင်းကာ ကဗျာတစ်ပုဒ် ရေးစပ်ခြင်း၊ ပန်းချီတစ်ချပ် ဆွဲခြင်းတို့ဖြင့် ပျော်ရွှင်နေကြလေသည်။
ဆင်းရဲသား ပြည်သူများအတွက်မူ ရက်ပေါင်းများစွာ ဆက်တိုက် ရွာသွန်းနေသော နှင်းမုန်တိုင်းသည် အေးစက်ခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းကိုသာ ဆောင်ကြဉ်းလာခဲ့သည်။
နှစ်သစ်ကူး ၆ရက်မြောက်နေ့တွင် မြို့တော်ဝန်က အရေးပေါ် သတင်းပို့လာသည်။ မြို့တော်အနီးရှိ ခရိုင်နှစ်ခုတွင် နှင်းဘေးအန္တရာယ် ကျရောက်နေကြောင်း သတင်းပို့လာခြင်း ဖြစ်သည်။
ဒီနှစ် နှစ်သစ်ကူးတွင် ယုံးကျားဧကရာဇ်သည် စိတ်အေးလက်အေး မနေနိုင်တော့ပေ။ လီကျင့်နှင့် မင်းသားများအားလုံး ဝမ်ဟွားနန်းဆောင်သို့ ရောက်ရှိလာကြပြီး ဝန်ကြီးများနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆွေးနွေးတိုင်ပင်ကြတော့သည်။
ချောင်ကောလောင်၏ မျက်လုံးများသည် နီရဲနေပြီး အသံများ အက်ကွဲနေလေသည်။
"အရှင်မင်းကြီး... လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း ဒီလောက် သည်းထန်တဲ့ နှင်းမုန်တိုင်းမျိုး တစ်ခါမှ မကြုံဖူးပါဘူး။ မြို့တွင်းက ပြည်သူတွေကတော့ ပြည့်စုံကြလို့ မီးသွေးရှိတယ်၊ စားစရာရှိတယ်။ မြို့ပြင်က ခရိုင်တွေမှာတော့ ဆင်းရဲသား ပြည်သူတချို့ နှင်းပိတ်မိပြီး အိမ်ထဲက အိမ်ပြင်မထွက်နိုင်ဘဲ အေးခဲပြီး သေလုမြောပါး ဖြစ်နေကြပါပြီ"
"ကယ်ဆယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံး လုပ်ဆောင်ရပါမယ်"
မျက်လုံးများ နီရဲနေသော ဝန်ကြီးကောင်းက ဝင်ပြောလိုက်လေသည်။ "ကျွန်တော်မျိုးက ဘဏ္ဍာရေးဝန်ကြီးဌာနက အရာရှိအားလုံးကို ဆင့်ခေါ်ထားပြီးပါပြီ။ ငွေတိုက်က ငွေတွေနဲ့ စပါးတွေကို စာရင်းစစ်ပြီး ကယ်ဆယ်ရေးအတွက် ပြင်ဆင်ခိုင်းထားပါတယ်"
ပထမမင်းသားသည် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သဖြင့် နှစ်ရက်ဆက်တိုက် အလုပ်လုပ်နေရပြီး မသန်စွမ်းသော ညာဘက်ခြေထောက်မှာ တဆစ်ဆစ် ကိုက်ခဲနေလေသည်။
ပထမမင်းသား၏ မာနကြီးသော စိတ်သဘောထားကြောင့် နာကျင်မှုကို လုံးဝ ထုတ်ဖော်ပြသမည် မဟုတ်ပေ။ ချက်ချင်းပင် ဝင်ပြောလိုက်လေသည်။
"ဖုဟွမ်... သားတော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနက လူတွေနဲ့အတူ ရုံးမှာပဲ အိပ်ပြီး ကယ်ဆယ်ရေးကိစ္စတွေ ပြီးမှ အိမ်ပြန်ပါ့မယ်"
ယုံးကျားဧကရာဇ်သည် စကားများများ ပြောချင်စိတ်မရှိသဖြင့် ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။
ဝန်ထမ်းရေးရာဝန်ကြီးဌာနမှ ဝန်ကြီးယွီက လေးနက်စွာ လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီး... ကယ်ဆယ်ရေး အမိန့်တော်ကို ချက်ချင်း ထုတ်ပြန်ပေးပါ"
ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် တည်ငြိမ်လေးနက်နေ၏။ "ကျန်းမှာလည်း ဒီလိုအစီအစဉ် ရှိပါတယ်။ အခု နှင်းမတိတ်သေးတော့ လမ်းတွေ ပိတ်နေတယ်။ ငွေတွေ စပါးတွေ ပို့ချင်ရင်တောင် မြို့ပြင် ထွက်လို့မရဘူး"
စစ်ဘက်ရေးရာဝန်ကြီးဌာနမှ ဝန်ကြီးယန်က ချက်ချင်းပင် ဝင်ပြောလိုက်လေသည်။ "ဒီကိစ္စကို စစ်ဘက်ရေးရာဝန်ကြီးဌာနကို လွှဲပေးပါ။ မြို့တော်စောင့်တပ်ဖွဲ့ကို လွှတ်ပြီး လမ်းရှင်းခိုင်းလိုက်ပါ့မယ်"
ယုံးကျားဧကရာဇ်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ ကျန်း မင်းကို နှစ်ရက် အချိန်ပေးမယ်။ နှစ်ရက်အတွင်း မြို့ပြင် မိုင် ၅၀အကွာအဝေးထိ လမ်းပေါ်က နှင်းတွေကို ရှင်းလင်းပေးရမယ်။ ရိက္ခာနဲ့ မြင်းတွေ သယ်ယူပို့ဆောင်လို့ရအောင် လုပ်ပေးရမယ်။ လီရှန်း... ဒီကိစ္စကို မင်းပါ ကူညီကြီးကြပ်ပေးလိုက်"
စတုတ္ထမင်းသားက ချက်ချင်း အမိန့်နာခံလိုက်လေသည်။
ယုံးကျားဧကရာဇ်၏ အကြည့်သည် အိမ်ရှေ့စံ လီကျင့်နှင့် တတိယမင်းသား လီဟောက်တို့ထံသို့ ရောက်ရှိသွားသည်။
"ဖီခရိုင်နဲ့ ကျန့်ခရိုင်မှာ နှင်းဘေးအန္တရာယ် ဆိုးရွားနေတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးဆောင်မယ့်သူ လိုအပ်တယ်။ မင်းတို့နှစ်ယောက် သွားချင်လား"
လီကျင့်နှင့် လီဟောက်တို့သည် ပြိုင်တူပင် ဖြေကြားလိုက်ကြသည်။ "သားတော်တို့ အမိန့်တော်အတိုင်း လိုက်နာပါ့မယ်"
ပထမမင်းသားသည် သူတို့နှစ်ဦးကို တိတ်တဆိတ် ကြည့်လိုက်မိသည်။
ဘေးဒုက္ခကျရောက်နေသော ခရိုင်များသို့ ကိုယ်တိုင်သွားရောက် ကယ်ဆယ်ခြင်းသည် မျက်နှာပန်းလှပြီး နာမည်ကောင်း ရရှိနိုင်သော အခွင့်အရေးကောင်း တစ်ခုပင်။ ဝမ်းနည်းစရာ ကောင်းသည်မှာ သူ၏ မသန်စွမ်းသော ခြေထောက်သည် ပြင်းထန်သော ရာသီဥတုဒဏ်ကို မခံနိုင်သဖြင့် မြို့ပြင်သို့ပင် ထွက်နိုင်မည် မဟုတ်ပေ။
စတုတ္ထမင်းသားသည် ပထမမင်းသားထက် ပို၍ တည်ငြိမ်လေသည်။
လီကျင့်သည် သာ့ဝေတိုင်းပြည်၏ အိမ်ရှေ့စံ ဖြစ်သဖြင့် ကယ်ဆယ်ရေး သွားရောက်ခြင်းသည် တရားဝင် ဖြစ်လေသည်။ လီဟောက်သည် လက်ရှိတွင် မျက်နှာသာပေးခံနေရပြီး ထက်မြက်သွက်လက်သူ ဖြစ်သဖြင့် သူ ယှဉ်နိုင်မည် မဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သိသည်။ သူသည် မိမိတာဝန်ကိုသာ ကျေပွန်အောင် ထမ်းဆောင်ပြီး အစ်ကိုများနှင့် မပြိုင်ဆိုင်ဘဲ နေလိုက်တော့မည်။
ယုံးကျားဧကရာဇ်က လေးနက်စွာ ပြောလိုက်လေ၏။ "မင်းတို့ အိမ်ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြ။ လမ်းပွင့်တာနဲ့ ချက်ချင်း ထွက်ခွာရမယ်"
...
လီကျင့်သည် အိမ်ရှေ့စံနန်းဆောင်သို့ ပြန်ရောက်သည်နှင့် လက်အောက်ငယ်သားများကို ဆင့်ခေါ်လိုက်သည်။
ဖန်းဇီကျန်းက ကြားသည်နှင့် ချက်ချင်း ပြောလိုက်လေသည်။ "ကျွန်တော်မျိုး အရှင်မင်းသားနဲ့အတူ လိုက်ပါပါရစေ"
ကျိုးလီကလည်း အားကျမခံ ဝင်ပြောလေသည်။ "ကျွန်တော်မျိုးလည်း လိုက်ပါ့မယ်"
ကျောက်ရွေ့၏ မျက်လုံးများလည်း အရောင်တောက်လာသည်။ "မြို့တော်ကနေ ခရီးဝေးသွားရမှာဆိုတော့ ဘယ်လိုလုပ် ကျွန်တော်မပါဘဲ ဖြစ်မှာလဲ။ ကျွန်တော် အရှင်မင်းသားနဲ့အတူ လိုက်ပါ့မယ်"
လီကျင့်က ကျောက်ရွေ့ကို တစ်ချက်ကြည့်လိုက်သည်။ "ကယ်ဆယ်ရေးကိစ္စက ရှုပ်ထွေးများပြားတယ်။ သာမန်ကိစ္စ မဟုတ်ဘူး။ အပျော်သဘောနဲ့ လိုက်လို့မရဘူး။ လိုက်မယ်ဆိုရင် အမိန့်နာခံရမယ်။ ဘယ်လောက် ပင်ပန်းဆင်းရဲပါစေ သည်းခံရမယ်"
ကျောက်ရွေ့ "..."
ကျောက်ရွေ့သည် ခေါင်းကုတ်လိုက်ပြီး တွေဝေသွားသည်။ "ဒါဆိုရင် ကျွန်တော် အိမ်ရှေ့စံနန်းဆောင်မှာပဲ နေခဲ့မယ်။ လီယန်ကိုပဲ သွားခိုင်းလိုက်ပါ"
လီယန်သည် ဒေါသထွက်လွန်းသဖြင့် ရယ်ချင်မိသွားတော့သည်။ "ငါက အစကတည်းက သွားဖို့ စိတ်ကူးရှိပြီးသားပါ။ ဘယ်သူက မင်းကို ဝင်ပြောခိုင်းလို့လဲ"
ကျောက်ရွေ့သည် မျက်နှာပြောင်တိုက်ကာ လက်နှစ်ဖက်ယှက်ပြီး တောင်းပန်လိုက်လေသည်။
လီကျင့်သည် ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
ကျောက်ရွေ့တွင် ကြီးမားသော အပြစ်အနာအဆာ မရှိသော်လည်း သူဌေးသား ပုံစံမျိုး ရှိနေသည်။ ဘယ်နေရာရောက်ရောက် ကောင်းကောင်းစား ကောင်းကောင်းသောက်ပြီး ကောင်းကောင်းအိပ်ချင်သည်။ ကြက်တိုက်၊ ခွေးတိုက်၊ မြင်းလောင်း စသော ကစားနည်းများကို နှစ်သက်ပြီး အပင်ပန်း မခံနိုင်သူ ဖြစ်လေသည်။
"ကောင်းပြီ။ ကျောက်ရွေ့ နေခဲ့။ မင်းတို့သုံးယောက် ငါနဲ့အတူ လိုက်ခဲ့"
...
အပိုင်း (၅၀၄) နှင်းမုန်တိုင်း (၂)
"မေမေ... သမီးတို့ ခမည်းတော် ပြန်လာတာကို မစောင့်တော့ဘူးလား"
ရွှမ်းအာ၏ အသံလေးသည် ချွဲပစ်နေပြီး ချိုသာလှသည်။
လုမင်ယွိ ပြန်မဖြေနိုင်သေးခင် ရွှီအာက သူ့ညီမလေးကို အလိုမကျဟန်ဖြင့် ကြည့်လိုက်သည်။
"ဖေဖေက အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိတယ်လေ။ နေ့တိုင်း ဘယ်လိုလုပ် ငါတို့နဲ့ အတူတူ ထမင်းစားနိုင်မှာလဲ"
ရွှမ်းအာသည်လည်း ခေါင်းမာသော ကလေးမလေး ဖြစ်သဖြင့် နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"ဖေဖေက ဒီမနက် ငါ့ကို ကတိပေးသွားတယ်။ သေချာပေါက် ပြန်လာမယ်လို့ ပြောသွားတယ်။ ငါက ခမည်းတော်ကို စောင့်ချင်တာ"
ရွှီအာက ခဏ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"မေမေ့က ဗိုက်ထဲမှာ ညီလေး ရှိနေတာ။ အစာအငတ်မခံလို့ မဖြစ်ဘူး။ နင်က ဖေဖေ့ကို စောင့်ချင်ရင် စောင့်နေလိုက်။ ငါက မေမေနဲ့ အတူတူ အရင် စားနှင့်မယ်"
ရွှမ်းအာက ခေါင်းညိတ်လိုက်သည်။
"ရပါတယ်"
လုမင်ယွိသည် ကလေးနှစ်ယောက်ကြောင့် ရယ်မောလိုက်မိသည်။
နှစ်တစ်နှစ် ကုန်ဆုံးသွားပြီးနောက် ရွှီအာနှင့် ရွှမ်းအာတို့သည် အရပ်အနည်းငယ် ထွက်လာခဲ့ကြသည်။ လူကြီးများ ပြောသမျှကို လိုက်ပြောတတ်သဖြင့် ကြည့်ရသည်မှာ အလွန် ချစ်စရာ ကောင်းနေလေသည်။
ရွှမ်းအာသည် ရက်အနည်းငယ်ကြာ အိမ်ထဲတွင် အောင်းနေရသဖြင့် အပြင်သို့ ထွက်ကစားချင်နေလေပြီ။
လုမင်ယွိက တားမြစ်လိုက်လေသည်။
"ရွှမ်းအာ... အပြင်မှာ နှင်းတွေ ထူထပ်နေပြီး အရမ်းလည်း အေးတယ်။ အပြင်ထွက် မဆော့နဲ့"
ရွှမ်းအာသည် မိုးနတ်မင်းကိုပင် မကြောက်တတ်သော်လည်း မိခင်ဖြစ်သူကိုတော့ ကြောက်ရွံ့လေသည်။ လုမင်ယွိ၏ မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ရုံနှင့် ရွှမ်းအာသည် ချက်ချင်း ငြိမ်ကျသွားပြီး လိမ္မာစွာ ပြန်ဝင်လာခဲ့သည်။ သို့သော် သူမ၏ နှုတ်ခမ်းလေးမှာမူ ဆူထော်နေတော့သည်။
ချီယွင်က အလျင်အမြန် ရှေ့တိုးလာပြီး ရွှမ်းအာကို ပွေ့ဖက်ကာ ချော့မော့လိုက်လေသည်။
"နှင်းတိတ်တာနဲ့ ကျွန်မ လူတွေကို အိမ်ရှေ့က နှင်းတွေ ရှင်းခိုင်းလိုက်မယ်။ အဲဒီကျရင် အပြင်ထွက်ပြီး နှင်းလူရုပ် လုပ်လို့ရပြီ"
ရွှမ်းအာ၏ မျက်လုံးများ အရောင်တောက်လာသည်။
"တကယ်လား"
ချီယွင်က ပြုံးရယ်စွာ ပြောလိုက်သည်။
"တကယ်ပေါ့။ ကျွန်မက မင်းသမီးလေးကို ဘယ်တုန်းကများ လိမ်ဖူးလို့လဲ"
ရွှီအာသည်လည်း ခေါင်းပြူထွက်လာလေသည်။
"သားလည်း နှင်းလူရုပ် လုပ်ချင်တယ်"
ချီယွင်က ပြုံးကာ ပြောလိုက်လေသည်။
"လုပ်လို့ရတာပေါ့။ မင်းသားလေးနဲ့ မင်းသမီးလေး တစ်ယောက် တစ်ရုပ် လုပ်ကြတာပေါ့။ နှင်းလူရုပ်တင် မကပါဘူး။ ယုန်လေးတွေ ခွေးလေးတွေ ကြောင်လေးတွေ ကြိုက်တာ လုပ်လို့ရတယ်"
ကလေးနှစ်ယောက်သည် စိတ်ကျေနပ်သွားကာ ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။
လုမင်ယွိသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် ကြည်နူးသွားမိသည်။
ထိုအချိန်မှာပင် လီကျင့်သည် ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာလေသည်။
လုမင်ယွိသည် မတ်တပ်ထရပ်ကာ ကြိုဆိုလိုက်ပြီး သူ့ပခုံးပေါ်က နှင်းများကို ခါထုတ်ပေးလိုက်သည်။
လီကျင့်သည် စိတ်ရှုပ်ထွေးမှုများကို ဖုံးကွယ်ထားလိုက်ပြီး လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်ကာ လေသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။
"ဒါက ၁၀နှစ်အတွင်း အကြီးမားဆုံး နှင်းမုန်တိုင်းပဲ။ နှင်းကျတာ လှပေမယ့် ပြည်သူတွေအတွက်တော့ သဘာဝဘေးအန္တရာယ်ကြီး တစ်ခုပဲ"
လုမင်ယွိသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး လီကျင့်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်လေသည်။
"ဖုဟွမ်က ရှင့်ကို မြို့ပြင်ထွက်ပြီး ကယ်ဆယ်ရေးလုပ်ဖို့ စေလွှတ်လိုက်တာလား"
ထင်သည့်အတိုင်းပင်။
လီကျင့်က ခေါင်းညိတ်လိုက်သည်။
"ကျန့်ခရိုင်နဲ့ ဖီခရိုင်က အရေးပေါ်သတင်း ပို့လာတယ်။ နှင်းဘေးအန္တရာယ်က ဆိုးရွားနေတယ်။ ဖုဟွမ်က ကို့ကို ကျန့်ခရိုင်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးစီးခိုင်းတယ်။ လီဟောက်က ဖီခရိုင်ကို သွားရမယ်။ အစ်ကိုကြီးက ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ငွေနဲ့ ရိက္ခာတွေကို စီစဉ်နေတယ်။ စစ်တိက မြို့တော်စောင့်တပ်ဖွဲ့ကို သွားပြီး လမ်းရှင်းတဲ့လုပ်ငန်းတွေကို ကြီးကြပ်ရမယ်"
"ကို ခုနက ဇီကျန်းတို့နဲ့ တိုင်ပင်ပြီးပြီ။ ကျောက်ရွေ့က အိမ်ရှေ့စံနန်းဆောင်မှာ ကျန်ခဲ့မယ်။ ဇီကျန်း၊ ကျိုးလီနဲ့ လီယန်တို့က ကိုနဲ့အတူ ကျန့်ခရိုင်ကို လိုက်ခဲ့မယ်။ နှစ်ရက်နေရင် ထွက်ခွာမယ်"
ဒီလို အခြေအနေမျိုး ကြုံတွေ့လာရလျှင် သာ့ဝေတိုင်းပြည်၏ အိမ်ရှေ့စံအနေဖြင့် ရှေ့ဆုံးကနေ ဦးဆောင်ရပေမည်။
ယုံးကျားဧကရာဇ်သည် လီကျင့်ကို မြို့တော်ထဲတွင် ပိတ်လှောင်မထားဘဲ တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။ အိမ်ရှေ့စံအပေါ် မကျေနပ်မှုများ ရှိနေသော်လည်း ပေးသင့်ပေးထိုက်သည့် ဂုဏ်သိက္ခာကို ပေးအပ်ထားခြင်း ဖြစ်လေသည်။
လုမင်ယွိက ဘာမှ ထပ်မပြောတော့ဘဲ ခေါင်းညိတ်လိုက်လေသည်။
"ကျွန်မ မနက်ဖြန် ရှင့်အတွက် ခရီးဆောင်အိတ် ပြင်ဆင်ပေးပါ့မယ်။ အိမ်ရှေ့စံနန်းဆောင်က ကိစ္စတွေကို ကျွန်မ တာဝန်ယူလိုက်မယ်။ ရှင် စိတ်ချလက်ချ ကျန့်ခရိုင်ကို သွားပါ။ ကျွန်မတို့ သားအမိတွေကို စိတ်မပူနဲ့"
လီကျင့်သည် လက်လှမ်းလိုက်ပြီး လုမင်ယွိ၏ စူထွက်လာသော ဝမ်းဗိုက်ကို ပွတ်သပ်လိုက်လေသည်။
"မင်းလည်း သိပ်ပြီး မပင်ပန်းစေနဲ့။ ကိုယ်ဝန်ကို ကောင်းကောင်း ဂရုစိုက်။ ကျန့်ခရိုင်ကို သုံးရက်ခရီးလောက်ပဲ သွားရမှာ။ အဆင်ပြေရင် တစ်လမပြည့်ခင် ကို ပြန်လာနိုင်မှာပါ"
လုမင်ယွိက ပြုံးကာ အင်း ဟု ပြန်ဖြေလိုက်သည်။
ရွှီအာနှင့် ရွှမ်းအာတို့သည် အနားသို့ ရောက်လာကြပြီး ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြိုင်တူ တိုးဝင်လိုက်ကြ၏။
လီကျင့်သည် အားတင်းလိုက်ပြီး သားသမီးနှစ်ယောက်လုံးကို ပွေ့ချီလိုက်လေသည်။ နှစ်ယောက်စလုံး ကိုယ်အလေးချိန် စီးလာသည့်အပြင် အဝတ်အစားများကလည်း ထူထဲနေသဖြင့် တစ်ယောက်ချီရသည်ပင် မလွယ်ကူပေ။ နှစ်ယောက်လုံးကို ချီရသည်မှာ ပိုဆိုးလေသည်။
သို့သော် ကလေးနှစ်ယောက်သည် ဤကဲ့သို့ အချီခံရခြင်းကို အလွန် နှစ်သက်ကြပြီး ခေါင်းချင်းဆိုင်၊ ပါးချင်းအပ်ကာ တခစ်ခစ် ရယ်မောနေကြတော့သည်။
သားသမီးများ၏ ရယ်မောသံကို ကြားရသောအခါ လီကျင့်၏ နှလုံးသားသည် အရည်ပျော်သွားပြီး ကလေးများ၏ ပါးပြင်ကို နမ်းလိုက်လေသည်။
"ဗိုက်ဆာနေကြပြီလား။ လာ... အတူတူ ညစာ သွားစားကြမယ်"
ရွှမ်းအာသည် ချိုသာသော အသံလေးဖြင့် ဟုတ် ဟု ထူးလိုက်ပြီး ဖခင်၏ လည်ပင်းကို ဖက်တွယ်လိုက်သည်။ ရွှီအာကလည်း အားကျမခံ လည်ပင်းကို လှမ်းဖက်လိုက်လေသည်။
လီကျင့်သည် ပျော်ရွှင်စွာ ရယ်မောလိုက်တော့သည်။
လုမင်ယွိသည်လည်း ပြုံးလိုက်မိလေသည်။
...
နောက်တစ်နေ့ နံနက်တွင် ရက်အနည်းငယ်ကြာ ရွာသွန်းခဲ့သော နှင်းမုန်တိုင်းသည် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့လေသည်။
လီကျင့်နှင့် လုမင်ယွိတို့သည် ကလေးများကို ခေါ်ဆောင်ကာ ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် ရောက်ရှိလာကြသည်။
ချောင်မိဖုရားခေါင်သည် ကလေးများ၏ မျက်နှာလေးများ အေးခဲပြီး နီရဲနေသည်ကို တွေ့ရသောအခါ စိတ်မကောင်း ဖြစ်သွားပြီး ညည်းညူလိုက်လေသည်။
"ဒီလို ရာသီဥတုမျိုးမှာ အိမ်ရှေ့စံနန်းဆောင်မှာပဲ နေပါတော့လား။ ဘာလို့ ဂါရဝပြုဖို့ လာနေကြသေးတာလဲ။ ချော်လဲပြီး အအေးမိသွားရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ မင်းရောပဲ... နှင်းကျလို့ လမ်းချော်နေတာကို ဟိုသွားဒီသွား လုပ်နေသေးတယ်။ ကိုယ်ဝန်ကို ကောင်းကောင်း စောင့်ရှောက်တာက ပန်ကုံးအတွက် အကောင်းဆုံး ဂါရဝပြုတာပဲ"
လုမင်ယွိက ပြုံးကာ ပြန်ပြောလိုက်လေသည်။
"ကလေးတွေက အိမ်ရှေ့စံနန်းဆောင်ထဲမှာ အောင်းနေရတာ ကြာပြီဆိုတော့ အပြင်ထွက်ချင်နေကြတာ။ ဒီနေ့ နှင်းတိတ်သွားတော့ ကျွန်မလည်း သူတို့ကိုခေါ်ပြီး ကျောင်းဖန်နန်းဆောင်မှာ တစ်နေကုန် လာနေမလို့။ မူဟုပ် ကလေးထိန်းပေးထားရင် ကျွန်မလည်း နားလို့ရတာပေါ့"
ချောင်မိဖုရားခေါင်သည် ထိုစကားကို ကြားသောအခါ သဘောကျသွားပြီး ချက်ချင်း ပြုံးကာ ပြောလိုက်လေသည်။
"မင်း သွားနားလိုက်ပါ"
စကားစမြည် ပြောပြီးနောက် ချောင်မိဖုရားခေါင်သည် လီကျင့်ကို တစ်နာရီခန့် မှာကြားနေပြန်သည်။ "ရာသီဥတုအေးပြီး လမ်းချော်လို့ သတိထားသွားပါ"၊ "အလုပ်က အရေးကြီးပေမယ့် ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ"
လီကျင့်သည် စိတ်ရှည်လက်ရှည် နားထောင်ပြီး တစ်ခွန်းချင်း ပြန်လည် ဖြေကြားနေလေသည်။
စတုတ္ထမင်းသားသည် မြို့တော်စောင့်တပ်ဖွဲ့သို့ ကိုယ်တိုင် သွားရောက်ပြီး စစ်သည် ၃၀၀၀ ကို ဦးဆောင်ကာ နှစ်ရက်နှစ်ည အချိန်ယူပြီး မြို့တွင်းနှင့် မြို့ပြင် လမ်းမကြီးများကို ရှင်းလင်းခဲ့ရသည်။
ပထမမင်းသားက ဘဏ္ဍာရေးဝန်ကြီးဌာနတွင် နှစ်ညအိပ်ပြီး ဝန်ထမ်းများနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သည်။
နှစ်သစ်ကူး ၉ရက်မြောက်နေ့ နံနက်စောစောတွင် အိမ်ရှေ့စံ လီကျင့်သည် အိမ်ရှေ့စံနန်းဆောင် အရာရှိများနှင့် ကိုယ်ရံတော် ၁၀၀၀ ကို ဦးဆောင်ကာ ကျန့်ခရိုင်သို့ ထွက်ခွာသွားလေသည်။ တတိယမင်းသား လီဟောက်သည် ကိုယ်ရံတော် ၅၀၀၊ အကြံပေးအရာရှိတစ်ဦးနှင့် လက်ထောက်နှစ်ဦးကို ဦးဆောင်ကာ ဖီခရိုင်သို့ ထွက်ခွာသွားလေသည်။
အနောက်နန်းဆောင်မှ ကိုယ်လုပ်တော်များသည်လည်း စိတ်လှုပ်ရှားလာကြတော့သည်။
မုန့်ဖေးသည် နေ့စဉ် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လူလွှတ်ကာ ပထမမင်းသား၏ အခြေအနေကို စုံစမ်းခိုင်းတော့သည်။
ချင်ဖေးသည်လည်း စတုတ္ထမင်းသားကို စိတ်ပူနေပြီး စတုတ္ထမင်းသား နန်းတော်ထဲသို့ ရက်အတော်ကြာ မရောက်လာသဖြင့် စတုတ္ထမင်းသားအိမ်တော်သို့ လူလွှတ်ကာ စာပို့ခိုင်းလေသည်။ စတုတ္ထမင်းသား နန်းတော်ထဲ ရောက်လာသောအခါ တစ်ချက်ကြည့်လိုက်ရုံဖြင့် စိတ်မကောင်း ဖြစ်သွားရသည်။
"မင်း ဒီရက်ပိုင်း ဘာတွေ လုပ်နေတာလဲ။ ဘာလို့ မည်းသည်းပိန်ချုံးသွားရတာလဲ"
စတုတ္ထမင်းသားသည် မည်းသည်းပိန်ချုံးသွားရုံသာမက မျက်လုံးများလည်း နီရဲနေပြီး ရက်အတော်ကြာ အိပ်ရေးပျက်ထားသည်မှာ သိသာထင်ရှားနေသည်။
စတုတ္ထမင်းသားက သက်ပြင်းချလိုက်လေသည်။
"လမ်းမကြီးတွေကို နှစ်ရက်နှစ်ည ရှင်းလင်းခဲ့ရတယ်။ ဒီရက်ပိုင်း ကျွန်တော် မြို့တော်စောင့်တပ်ဖွဲ့ကို ဦးဆောင်ပြီး မြို့တော်အနှံ့ လိုက်စစ်ဆေးနေတာ။ ပြည်သူတချို့ရဲ့ အိမ်တွေ နှင်းပိပြီး ပြိုကျကုန်တယ်။ လမ်းဘေးက သူတောင်းစား ၁၀ယောက်ကျော် အေးခဲပြီး သေကုန်ကြတယ်။ နှင်းဘေးအန္တရာယ်ကို အခွင့်ကောင်းယူပြီး ဆူပူသောင်းကျန်းတဲ့ လူမိုက်တွေလည်း ရှိသေးတယ်။ ဒီရက်ပိုင်း စုစုပေါင်း အိပ်ချိန် ၁၀နာရီတောင် မပြည့်ဘူး"
ချင်ဖေး၏ မျက်ဝန်းအိမ်များ နီရဲလာသည်။
"ဒီလိုကိစ္စတွေကို မြို့တော်စောင့်တပ်ဖွဲ့ကိုပဲ လုပ်ခိုင်းလိုက်ပါလား။ မင်းသားတစ်ပါးဖြစ်ပြီးတော့ ဘာလို့ ဝင်ပါနေရတာလဲ"
စတုတ္ထမင်းသားသည် မျက်နှာထား တည်သွားပြီး လေးနက်စွာ ပြောလိုက်လေသည်။
"ဒီလိုအချိန်မျိုးမှာ ပြည်သူတွေကို ကယ်ဆယ်ဖို့က အရေးကြီးဆုံးပဲ။ ကျွန်တော်က ဦးဆောင်လုပ်ပြမှ အောက်လက်ငယ်သားတွေက အလုပ်မခိုကြမှာ။ မူဖေး ကျွန်တော့်ကို သနားမှန်း သိပါတယ်။ ဒါပေမဲ့ နောက်ဆို ဒီလိုစကားမျိုး မပြောပါနဲ့တော့။ ကျွန်တော်က သာ့ဝေတိုင်းပြည်ရဲ့ မင်းသားတစ်ပါး ဖြစ်တဲ့အတွက် တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ပေးရမှာ တာဝန်ပါပဲ"
ချင်ဖေး "..."
...