← Chapters

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အပိုင်း (၅၀၅) အချစ်တော်သစ် (၁)

သူမတော့ တုံးအတဲ့သားကို မွေးမိလေသလား။

ချင်ဖေးသည် ဆက်မငိုနိုင်တော့ဘဲ လက်ကိုင်ပဝါဖြင့် မျက်ရည်သုတ်ကာ ခါးသက်စွာ ပြောလိုက်တော့သည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါက အမြော်အမြင်နည်းပြီး သဘောထားသေးသိမ်လို့ မဟုတ်ကဟုတ်ကတွေပဲ တွေးမိတာပါ။ နောက်ဆိုရင် မင်းလုပ်ချင်တာ မင်းလုပ်တော့။ ငါ့ကို ဂရုစိုက်မနေနဲ့"

စတုတ္ထမင်းသားက သက်ပြင်းချလိုက်ပြီး လေသံကို လျှော့ကာ ပြောလိုက်လေသည်။

"မူဖေး... စိတ်မဆိုးပါနဲ့"

"ပုံမှန်အချိန်မှာ ကိုယ်ကျိုးအတွက် ကြံစည်တာက ထားလိုက်ပါတော့။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုရဲ့ အရေးကို ရှေ့တန်းတင်ရမယ်။ တိုင်းပြည် တည်ငြိမ်ရေးကို အဓိကထားရမယ်။ တကယ်လို့ မူဖေးပြောသလို ကျွန်တော်က ပြဿနာကြုံရင် နောက်ဆုတ်ဖို့ပဲ သိတယ်ဆိုရင် နန်းတွင်းမူးမတ်တွေက ကျွန်တော့်ကို ဘယ်လိုထင်မလဲ။ ဖုဟွမ်ကရော ကျွန်တော့်ကို ဘယ်လိုမြင်မလဲ"

"သာ့ကောကို ကြည့်လိုက်ဦး။ ခြေထောက်တစ်ဖက် ဒဏ်ရာရထားပြီး လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ ဖြစ်နေတာတောင် အိမ်မှာမနေဘဲ အလုပ်သွားလုပ်နေတာ။ ဘဏ္ဍာရေးဝန်ကြီးဌာနမှာ နေတာ ၇ရက် ၈ရက်လောက် ရှိနေပြီ။ ကျွန်တော်က ခြေလက်သန်စွမ်းပြီး လှုပ်ရှားနိုင်ပါလျက်နဲ့ ဘယ်လိုလုပ် အနားယူနေနိုင်မှာလဲ"

ချင်ဖေးသည် ခေတ္တမျှ ဆွံ့အသွားပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

မင်းသားတစ်ပါး ဖြစ်လာလျှင် အပြောအဆို အနေအထိုင် အားလုံးကို လူတွေက စောင့်ကြည့်နေကြသည်။

အမြဲတမ်း ပုန်းရှောင်နေပါက သိက္ခာကျစရာ ဖြစ်ပေလိမ့်မည်။

"နေပါဦး... လီချန်ရော" ချင်ဖေးသည် ပဉ္စမမင်းသားကို ရုတ်တရက် သတိရသွားသည်။ "သူက မင်္ဂလာဆောင်ဖို့ စီစဉ်ထားပြီးပြီ။ ဒီနှစ် ၅လပိုင်းမှာ မင်္ဂလာဆောင်တော့မှာ။ ငယ်တော့တာ မဟုတ်ဘူး။ အလုပ်သင်လုပ်သင့်ပြီ"

စတုတ္ထမင်းသားက ခေါင်းညိတ်လိုက်သည်။

"စန်းကောက ဖီခရိုင်ကို သွားတုန်းက ဝူတိကိုပါ တစ်ပါတည်း ခေါ်သွားတယ်"

ချင်ဖေးသည် ပြောစရာစကား မရှိတော့သဖြင့် စတုတ္ထမင်းသားကို ကျန်းမာရေး ဂရုစိုက်ရန်သာ မှာကြားလိုက်ရတော့သည်။

ချင်ဖေးသည် မယ်တော်ကြီးကျောက်ရှေ့မှောက်သို့ ရောက်သောအခါ စတုတ္ထမင်းသားကို အမွှန်းတင် ပြောဆိုလေတော့သည်။

မယ်တော်ကြီးကျောက်သည် စတုတ္ထမင်းသားကို မူလကတည်းက အချစ်ပိုသူ ဖြစ်၏။ ထို့ပြင် စတုတ္ထမင်းသားသည် လွန်ခဲ့သော ၂နှစ်အတွင်း လုပ်ဆောင်ချက်များမှာ စနစ်တကျ ရှိပြီး ချီးကျူးစရာ ကောင်းလှသည်။

ထို့ကြောင့် မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်ကို ခေါ်ယူပြီး စတုတ္ထမင်းသား၏ ကုသိုလ်ကောင်းမှုများကို ထုတ်ဖော်ချီးကျူးလေသည်။

ယုံးကျားဧကရာဇ်သည် ထိုရက်ပိုင်းအတွင်း ခြေကုန်လက်ပန်းကျအောင် အလုပ်များနေပြီး ရက်အနည်းငယ်ကြာ ကောင်းကောင်းမစားရ ကောင်းကောင်းမအိပ်ရသဖြင့် မျက်နှာမှာ ညှိုးနွမ်းနေပြီး မျက်ကွင်းများ ညိုမဲနေသည်။ မယ်တော်ကြီးကျောက်၏ တရစပ် ပြောဆိုသံများကို ကြားရသောအခါ ခေါင်းပိုကိုက်လာလေသည်။

"အခုလောလောဆယ် ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေရတာ။ အားလုံး ပြီးသွားမှ ဆုချသင့်တာ ချပေးပါ့မယ်"

မယ်တော်ကြီးကျောက်သည် သားဖြစ်သူကို သနားသွားပြန်သည်။

"အရှင်မင်းကြီးလည်း အသက် ၄၀ကျော်နေပြီ။ ငယ်ငယ်တုန်းကလို မဟုတ်တော့ဘူး။ ဘယ်လောက်ပဲ အလုပ်ရှုပ်ပါစေ အချိန်မှန် စားသောက်ပြီး ကောင်းကောင်း အနားယူရမယ်။ ကျန်းမာရေး ထိခိုက်မခံနဲ့"

ယုံးကျားဧကရာဇ်သည် အားတင်းပြီး ပြုံးလိုက်လေသည်။

"ကျန်းက ကလေးမှ မဟုတ်တာ။ မူဟုပ်က စိတ်ပူနေရသေးတယ်"

မယ်တော်ကြီးကျောက်က ပြုံးကာ ပြောလိုက်သည်။

"အသက် ၄၀ မကလို့ ၆၀ ၇၀ ဖြစ်နေပါစေ။ အိုက်ကျား ရှိနေသရွေ့ အရှင်မင်းကြီးက အိုက်ကျားရဲ့ သားပဲ။ အိုက်ကျားက ကိုယ့်သားကိုယ် မချစ်လို့ ဘယ်သူ့သွားချစ်ရမှာလဲ"

ထို့နောက် လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။

"ဒီကိစ္စတွေ ပြီးသွားရင် အိုက်ကျား ဟွမ်ဟုပ်နဲ့ တိုင်ပင်ပြီး နန်းတွင်းကို လူသစ်တွေ ရွေးထည့်ခိုင်းလိုက်မယ်။ အရှင်မင်းကြီးက နေ့တိုင်း ပင်ပန်းနေရတာ။ ဘေးနားမှာ ပြုစုစောင့်ရှောက်မယ့်သူ ရှိသင့်တယ်"

ယုံးကျားဧကရာဇ်သည် ဒီတစ်ကြိမ်တွင် ချက်ချင်း မငြင်းဘဲ ပြောလိုက်လေသည်။

"ဒီကိစ္စတွေ ပြီးမှပဲ ပြောကြတာပေါ့"

...

၅ရက်ကြာပြီးနောက် နန်းတော်သို့ အိမ်ရှေ့စံနှင့် တတိယမင်းသားတို့ထံမှ သံတော်ဦးတင်လွှာများ အသီးသီး ရောက်ရှိလာခဲ့သည်။

လုမင်ယွိသည်လည်း လီကျင့်ထံမှ ပေးစာတစ်စောင် လက်ခံရရှိလေသည်။

စာရွက်ပါးလေး တစ်ရွက်တည်းသာ ပါဝင်ပြီး စာကြောင်းရေ အနည်းငယ်သာ ပါရှိကာ လက်ရေးမှာ မညီမညာ ဖြစ်နေလေသည်။ လီကျင့် မည်မျှ အလုပ်ရှုပ်နေသည်ကို သိသာထင်ရှားနေသည်။

"ကျန့်ခရိုင်မှာ နှင်းဘေးအန္တရာယ်က အတော်ဆိုးရွားနေတယ်။ ပြည်သူ ၁၀၀ကျော် အေးခဲပြီး သေဆုံးသွားတယ်။ ငတ်မွတ်ခေါင်းပါးနေတဲ့သူတွေ နေရာတိုင်းမှာ ရှိနေတယ်။ မြင်ကွင်းတွေက ကြေကွဲစရာ ကောင်းလွန်းတယ်..."

လုမင်ယွိသည် ထိုစာကို ဖတ်ရင်း စိတ်မကောင်း ဖြစ်မိကာ မျက်မှောင်ကြုတ်လျက် ဆက်ဖတ်လိုက်သည်။

လီကျင့်သည် ကျန့်ခရိုင်သို့ ရောက်သည်နှင့် ချက်ချင်းပင် စပါးကျီများကို ဖွင့်လှစ်ပြီး ပြည်သူများကို ကယ်ဆယ်ရန် အမိန့်ပေးလိုက်သည်။ သို့သော် မမျှော်လင့်ဘဲ ကျန့်ခရိုင် စပါးကျီထဲတွင် စာရင်းစာအုပ်ပါ ပမာဏ၏ ၃ပုံ ၁ပုံပင် မရှိတော့ချေ။

လီကျင့်သည် ဒေါသထွက်လွန်းသဖြင့် ကိုယ်ရံတော်များကို စေလွှတ်ကာ မြို့နယ်ရုံးကို စီးနင်းပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လက်ထောက်များကို တစ်ယောက်ချင်းစီ စစ်ဆေးမေးမြန်းခဲ့သည်။

စပါးကျီထဲမှ စပါးအများစုကို တိတ်တဆိတ် ရောင်းစားခဲ့ကြခြင်း ဖြစ်သည်။ ပုံမှန်အချိန်များတွင် နွေဦးပေါက်၍ စပါးပေါ်ချိန်၌ ပြန်လည်ဖြည့်ဆည်းထားလိုက်လျှင် မည်သူမျှ သိမည်မဟုတ်ပေ။ သို့သော် ဒီနှစ်တွင် ဆယ်စုနှစ်တစ်ခုကျော်အတွင်း မကြုံဖူးသော နှင်းမုန်တိုင်းကြီး ကျရောက်လာသဖြင့် စပါးကျီထဲမှ စပါးများကို ထုတ်သုံးရန် လိုအပ်လာသောအခါ ကျန့်ခရိုင် အရာရှိများအားလုံး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြတော့သည်။

လီကျင့်သည် အခြေအနေမှန်ကို သိရှိပြီးနောက် ကျန့်ခရိုင်မှ အရာရှိများအားလုံးကို ထောင်ထဲထည့်ကာ မြို့နယ်ရုံးလုပ်ငန်းများကို ကိုယ်တိုင် တာဝန်ယူ စီမံခန့်ခွဲပြီး စပါးကျီများကို ဖွင့်လှစ်ကာ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည်။ တပြိုင်နက်တည်းမှာပင် မြို့တော်သို့ သံတော်ဦးတင်လွှာ ပေးပို့ပြီး စပါးနှင့် ရိက္ခာများ အမြန်ဆုံး ပို့ပေးရန် တောင်းဆိုလိုက်လေသည်။

ထိုသံတော်ဦးတင်လွှာသည် ဧကရာဇ်မင်းမြတ်၏ စားပွဲတော်ပေါ်သို့ ရောက်ရှိလာသောအခါ ယုံးကျားဧကရာဇ်သည် ပြင်းထန်စွာ ဒေါသထွက်ပြီး ချက်ချင်းပင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စပါးနှင့် ရိက္ခာများ ပို့ပေးရန် အမိန့်ထုတ်လိုက်၏။ ထို့နောက် ဝန်ထမ်းရေးရာဝန်ကြီးဌာနမှ အရာရှိအချို့ကို ရွေးချယ်ပြီး ကျန့်ခရိုင်ရှိ လစ်လပ်နေသော နေရာများတွင် အစားထိုး တာဝန်ထမ်းဆောင်စေခဲ့သည်။

ရဲတင်းပြီး စိတ်ထားယုတ်ညံ့သော အရာရှိများကိုမူ အိမ်ရှေ့စံ လီကျင့် ပြန်လာသောအခါ တစ်ပါတည်း ဖမ်းဆီးခေါ်ဆောင်လာပြီး တရားရေးရာဝန်ကြီးဌာနတွင် စစ်ဆေးမေးမြန်းကာ ပြစ်ဒဏ်ချမှတ်ရန် စီစဉ်ထားလေသည်။

ကျန့်ခရိုင်နှင့် နှိုင်းယှဉ်လျှင် ဖီခရိုင်၏ ဘေးအန္တရာယ် အခြေအနေမှာ ပိုမို သက်သာပြီး ကယ်ဆယ်ရေးလုပ်ငန်းများလည်း ပိုမို ချောမွေ့လေသည်။

လဝက်ကျော် ကြာပြီးနောက် လီဟောက်သည် လီချန်နှင့် ကိုယ်ရံတော် ၅၀၀ ကို ဦးဆောင်ကာ ပြန်ရောက်လာခဲ့သည်။

လီဟောက်သည် စစ်တပ်ထဲတွင် ၂နှစ်ကြာ လေ့ကျင့်ခဲ့ဖူးသဖြင့် လုပ်ရည်ကိုင်ရည် ထက်မြက်လေသည်။ ဖီခရိုင်သို့ ကယ်ဆယ်ရေး သွားရောက်ရာတွင်လည်း အစစအရာရာ ပြည့်စုံအောင် ဆောင်ရွက်နိုင်ခဲ့သည်။ လီချန်ပင်လျှင် မြို့တော်မှ တစ်လကြာ ထွက်ခွာသွားပြီးနောက် ပိုမို ရင့်ကျက်လာသကဲ့သို့ ရှိပြီး ပြောဆိုဆက်ဆံရာတွင်လည်း တည်ငြိမ်လာခဲ့သည်။

ယုံးကျားဧကရာဇ်သည် ထိုအရာများကို မြင်တွေ့ရသောအခါ အလွန် ကျေနပ်အားရမိပြီး လီချန်ကို ပြုံးကာ ချီးကျူးစကား ဆိုလိုက်လေသည်။

"မင်းကို ကြည့်ရတာ အရင်ကထက် အများကြီး ပိုကောင်းလာတယ်။ နောက်လအနည်းငယ်ကြာရင် မင်း မိန်းမယူတော့မှာ။ လူကြီးဖြစ်ပြီပေါ့။ အဲဒီကျရင် ကျန်း မင်းကို တာဝန်တချို့ ပေးမယ်။ သေချာ ကြိုးစားပြီး လုပ်ရမယ်"

လီချန်သည် ရှားရှားပါးပါး ချီးကျူးခံရသဖြင့် စိတ်လှုပ်ရှားစွာ ခါးကို မတ်လိုက်လေသည်။

"မှန်လှပါ။ သားတော် သေချာပေါက် ကြိုးစားပါ့မယ်"

လီဟောက်က ပြုံးကာ ဝင်ပြောလိုက်သည်။

"မင်္ဂလာဆောင်ပြီးတဲ့အထိ စောင့်စရာ မလိုပါဘူး။ ဝူတိက ၁၆နှစ် ရှိနေပြီ။ အရင်တုန်းကလည်း ညီလာခံတက်ပြီး နိုင်ငံရေး လေ့လာဖူးတယ်။ ဖုဟွမ်... ဝူတိကို အခုကတည်းက တာဝန်ပေးပြီး အလုပ်သင်ခိုင်းလိုက်ပါ"

ယုံးကျားဧကရာဇ်သည် သားဖြစ်သူ ထူးချွန်သည်ကို မြင်လိုသဖြင့် ပြုံးကာ ပြောလိုက်လေသည်။

"ကောင်းပြီလေ။ ဒါဆို ဆောက်လုပ်ရေးဝန်ကြီးဌာနကို သွားခိုင်းလိုက်မယ်"

ဝန်ကြီးဌာန ၆ခုတွင် ဝန်ထမ်းရေးရာဝန်ကြီးဌာနသည် အရာရှိများ၏ ရာထူးတိုးမြှင့်ရေးကို ကိုင်တွယ်သဖြင့် အာဏာအကြီးဆုံး ဖြစ်သည်။ ယဉ်ကျေးမှုဝန်ကြီးဌာနသည် အခမ်းအနားများနှင့် စာမေးပွဲများကို ကိုင်တွယ်သဖြင့် အသန့်ရှင်းဆုံးနှင့် အမြင့်မြတ်ဆုံး ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ ငွေကြေးနှင့် ရိက္ခာများကို ကိုင်တွယ်သဖြင့် အကျိုးအမြတ် အများဆုံး ဖြစ်သည်။ ယင်းတို့နှင့် နှိုင်းယှဉ်လျှင် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အနည်းငယ် နိမ့်ကျနေသည်မှာ ထင်ရှားလေသည်။

သို့သော် လီချန်သည် ရွေးချယ်ပိုင်ခွင့် မရှိသဖြင့် ကျေးဇူးတင်ကြောင်း ရိုးသားစွာ ပြောဆိုလိုက်ရတော့သည်။

ယုံးကျားဧကရာဇ်သည် လီဟောက်ကို ကြည့်လေ သဘောကျလေ ဖြစ်ကာ ပြုံးပြီး ချီးကျူးလိုက်ပြန်သည်။

"မင်း ဒီတစ်ခေါက် တာဝန်ထမ်းဆောင်တာ မြန်လည်းမြန်တယ် ကောင်းလည်းကောင်းတယ်။ လီချန်လည်း အများကြီး တိုးတက်လာတယ်။ ဒါတွေအားလုံးက မင်းရဲ့ ကောင်းမှုတွေချည်းပဲ။ ကျန်း မင်းကို ဆုချရမယ်"

လီဟောက်က ပြုံးကာ ပြန်ပြောလိုက်သည်။

"သားတော် တကယ်ပဲ ဖုဟွမ်ဆီက ဆုတစ်ခု လိုချင်နေတာပါ။ ဒီနှစ်သစ်ကူးမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာ ဖုဟွမ်လည်း ကောင်းကောင်း မနားရသေးဘူး။ သားတော် အိမ်တော်မှာ စားပွဲသောက်ပွဲလေး လုပ်ပြီး သာ့ကော၊ စစ်တိနဲ့ ဖုမာ ၂ယောက်ကို ဖိတ်ချင်ပါတယ်။ ဖုဟွမ်လည်း သားတော်ကို မျက်နှာသာပေးပြီး ကြွရောက်ပေးပါ"

သားက ဖိတ်ကြားသည်ကို ဖခင်ဖြစ်သူက ငြင်းပယ်စရာ အကြောင်းမရှိပေ။

ယုံးကျားဧကရာဇ်သည် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။

လီဟောက်သည် အသာအယာ ပြုံးလိုက်ပြီး လက်အုပ်ချီကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဖုဟွမ်"

...

လီဟောက်သည် တတိယမင်းသားအိမ်တော်တွင် ဧည့်ခံပွဲကျင်းပပြီး မင်းသားများ၊ ဖုမာများနှင့် ယုံးကျားဧကရာဇ် ကိုယ်တိုင် တက်ရောက်ခဲ့သည်။ လီကျင့်သည် ကျန့်ခရိုင်တွင် ကယ်ဆယ်ရေး လုပ်နေဆဲဖြစ်၍ တက်ရောက်နိုင်ခြင်း မရှိပေ။

လုမင်ယွိသည် ဝမ်းဗိုက် တဖြည်းဖြည်း ကြီးလာပြီဖြစ်၍ မသွားဘဲနေရန် ခိုင်လုံသော အကြောင်းပြချက် ရှိနေသည်။

ယုံးကျားဧကရာဇ်သည် စိတ်လက်ပေါ့ပါးနေပြီး အရက်မူးသွားသဖြင့် ထိုညတွင် နန်းတော်သို့ ပြန်မလာဘဲ တတိယမင်းသားအိမ်တော်တွင် အိပ်စက်ခဲ့လေသည်။ နောက်တစ်နေ့တွင် ညီလာခံ မတက်ဘဲ တတိယမင်းသားအိမ်တော်တွင် တစ်နေကုန် ဆက်နေခဲ့သည်။

ညနေစောင်းမှသာ ယုံးကျားဧကရာဇ်သည် တတိယမင်းသားအိမ်တော်မှ ထွက်ခွာခဲ့လေသည်။

ထို့ပြင် နူးညံ့သိမ်မွေ့ပြီး လှပသော မိန်းမပျိုလေး တစ်ဦးကို နန်းတော်သို့ ခေါ်ဆောင်လာခဲ့လေသည်။

အသစ်စက်စက် အချစ်တော်မလေးသည် လောလောဆယ်တွင် ရာထူးအမည်နာမ မရှိသေးဘဲ စူးဖေး အသက်ရှင်စဉ်က နေထိုင်ခဲ့သော ယိဟွားနန်းဆောင်တွင် နေရာချထားပေးလိုက်သည်။ ထိုညတွင်ပင် ယုံးကျားဧကရာဇ်သည် ယိဟွားနန်းဆောင်၌ အိပ်စက်လေသည်။

သတင်းသည် လုမင်ယွိ၏ နားထဲသို့ ရောက်ရှိလာသောအခါ လုမင်ယွိ၏ မျက်ခုံးများ လှုပ်ရှားသွားပြီး မကောင်းသော နိမိတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရတော့သည်။

...

အပိုင်း (၅၀၆) အချစ်တော်သစ် (၂)

ချီယွင်သည် လုမင်ယွိ၏ မျက်နှာအမူအရာ ပုံမှန်မဟုတ် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန်ပင် နှစ်သိမ့်စကား ပြောလိုက်လေသည်။ "အနောက်နန်းဆောင်မှာ လူသစ်တစ်ယောက် တိုးလာတာက ကိစ္စကြီး တစ်ခုမှ မဟုတ်တာပဲ။ ညန်ညန် စိတ်ထဲထားနေစရာ မလိုပါဘူး"

ယုံးကျားဧကရာဇ်တွင် အချစ်တော်အသစ် ရောက်ရှိလာခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသူများမှာ မုန့်ဖေးနှင့် ဝမ်ကျဲယွီတို့သာ ဖြစ်ကြ၏။ ချောင်မိဖုရားခေါင် အတွက်မူကား ယုံးကျားဧကရာဇ်နှင့် လင်မယားသံယောဇဉ်မှာ ပါးလပ်နေပြီဖြစ်ပြီး အိပ်ဆောင်ခွဲနေသည်မှာလည်း ကြာမြင့်ပြီ ဖြစ်သဖြင့် ဤကဲ့သို့သော ကိစ္စမျိုးကို ဂရုစိုက်တော့မည် မဟုတ်ပေ။

လုမင်ယွိအတွက် ဆိုလျှင်လည်း ဤကိစ္စသည် မပြောပလောက်သည့် ကိစ္စလေးတစ်ခုသာ ဖြစ်လေသည်။

လုမင်ယွိ၏ ရင်ထဲတွင် အတွေးများ ပြည့်နှက်နေသော်လည်း ဘာမှမသိနားမလည်သည့် ချီယွင်ကို ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်ချေ။ သူမသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် မတ်တပ်ထရပ်လိုက်လေသည်။ "ချီယွင်... နင် ရွှီအာနဲ့ ရွှမ်းအာကို ကြည့်ထားလိုက်။ ကျွန်မ ကျောင်းဖန်နန်းဆောင်ကို ခဏသွားလိုက်ဦးမယ်"

ချီယွင်လည်း လက်ခံရုံသာ တတ်နိုင်လေသည်။

လုမင်ယွိသည် မျက်နှာထား တည်ငြိမ်လေးနက်စွာဖြင့် ကျောင်းဖန်နန်းဆောင်သို့ ထွက်ခွာလာခဲ့လေသည်။

လူတစ်ယောက်က လုမင်ယွိထက် ခြေလှမ်းတစ်လှမ်း ပိုမြန်နေခဲ့လေသည်။ ထိုသူသည် ယခုအချိန်တွင် ကျောင်းဖန်နန်းဆောင်ထဲ၌ ထိုင်နေပြီး မျက်နှာထား တည်ငြိမ်အေးစက်နေသော ချောင်မိဖုရားခေါင်အား ရင်ဖွင့်တိုင်တန်းနေတော့သည်။ " ... ဒီလောကကြီးမှာ သားက အဖေအရင်းကို မိန်းမလှလေး ဆက်သတယ်ဆိုတဲ့ ဓလေ့ထုံးစံ ဘယ်မှာရှိလို့လဲ။ တတိယမင်းသားက ဒီလိုလုပ်လိုက်တာကို ချန်ချဲ့တော့ တကယ်ပဲ နားမလည်နိုင်တော့ဘူး။ ဒီလိုကိစ္စမျိုးကို ဟွမ်ဟုပ်ညန်ညန်က မသိကျိုးကျွန် ပြုနေလို့ မဖြစ်ဘူးလေ"

ဤသို့ ပွစိပွစိ ပြောဆိုနေသူမှာ ချင်ဖေးပင်။

ယုံးကျားဧကရာဇ်သည် အချစ်တော်အသစ်ကို ခေါ်ဆောင်ကာ အနောက်နန်းဆောင်သို့ ဝင်ရောက်လာခြင်းသည် နန်းတွင်းသူများအတွက်မူကား လေငြိမ်ရာမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။

ဝမ်ကျဲယွီသည် ပုံမှန်အားဖြင့် အနေအထိုင် တည်ငြိမ်သူဖြစ်သဖြင့် အသံထွက်လာမည် မဟုတ်ပေ။ မုန့်ဖေးကတော့ ဒေါသထွက်လွန်း၍ မတတ်သာ ဖြစ်နေသော်လည်း သူမ၏ မာနကြီးသော စိတ်နေစိတ်ထားကြောင့် ချောင်မိဖုရားခေါင်ထံသို့ လာရောက်ပြီး ခေါင်းငုံ့ရင်ဖွင့်မည် မဟုတ်ချေ။

ထို့ကြောင့် ချင်ဖေးတစ်ယောက်သာလျှင် ဟန်ဆောင်ပန်ဆောင် ရင်ဖွင့်တိုင်တန်းရင်း ချောင်မိဖုရားခေါင်၏ နှလုံးသားကို လာရောက် ထိုးဆွခြင်း ဖြစ်ပေသည်။

ချင်ဖေး၏ မျက်နှာထက်တွင် မကျေနပ်မှုများ အထင်းသား ပေါ်လွင်နေပြီး လက်ထဲမှ လက်ကိုင်ပုဝါကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။ သူမ၏ ရင်ထဲမှ ဒေါသများမှာ ဟန်ဆောင်နေခြင်း မဟုတ်ပေ။ "အရှင်မင်းကြီးက ငယ်ရွယ်နုပျိုတဲ့ မိန်းမလှလေးတွေကို လိုချင်ရင် နန်းတွင်းရွေးချယ်ပွဲ ကျင်းပပြီး ရွေးလို့ရတာပဲ။ ဟွမ်ဟုပ်ညန်ညန်က သဘောထားကြီးပြီး အမြော်အမြင် ရှိတာမလို့ တားဆီးမှာ မဟုတ်ပါဘူး။ ချန်ချဲ့ဆိုရင်လည်း ပြောစရာစကား မရှိပါဘူး"

"ဒါပေမဲ့ အခုဟာက ဘယ်လိုအဓိပ္ပာယ်လဲ။ နန်းတော်ထဲကထွက်ပြီး တတိယမင်းသားအိမ်တော်မှာ တစ်ညအိပ်တယ်။ ပြီးတော့ မိန်းမလှလေးတစ်ယောက်နဲ့ အတူအိပ်ပြီး နန်းတော်ထဲကိုပါ ခေါ်လာခဲ့တယ်။ ဒီလိုသာ အစဉ်အလာ ဖြစ်သွားရင် နောက်ဆို အနောက်နန်းဆောင်က ဖရိုဖရဲတွေ ဖြစ်ကုန်တော့မှာပေါ့"

"ပိုပြီး ဒေါသထွက်စရာကောင်းတာက ရှိသေးတယ်။ ကွယ်လွန်သွားတဲ့ စူးဖေးက အရှင်မင်းကြီးအတွက် မင်းသားနှစ်ပါးတောင် မွေးပေးထားခဲ့တာ။ ကိုယ်လုပ်တော်ဆိုတာ ဆွေမျိုးတော်စပ်မှုအရ တရားဝင် မဟုတ်ပေမယ့် အရှင်မင်းကြီးအနေနဲ့ စူးဖေးရဲ့ တူမအရင်းကိုတော့ မယူသင့်ပါဘူး..."

စကားမဆုံးသေးမီမှာပင် လုမင်ယွိ၏ အရိပ်သဏ္ဌာန်သည် တံခါးဝတွင် ပေါ်လာခဲ့ပြီး နောက်ဆုံးပြောလိုက်သည့် စကားနှစ်ခွန်းကိုလည်း ကြားလိုက်ရလေသည်။

တကယ်ပဲ စူးရော့ ဖြစ်နေတာကိုး!

လုမင်ယွိသည် မျက်နှာသေ ဖြစ်နေသော်လည်း နှလုံးသားထဲတွင်မူကား ဖော်ပြ၍မရနိုင်သော ဒေါသမီးများ တောက်လောင်နေတော့သည်။

ယခင်ဘဝက လီဟောက် နန်းတက်ပြီးသည့်အချိန်တွင် စူးရော့သည် နန်းတော်ထဲသို့ ဝင်ရောက်လာပြီး ကွေ့ဖေး ဖြစ်လာခဲ့သည်။ ထိုအရာတွင် စူးဖေး၏ အကျိုးဆောင်မှုများ ပါဝင်နေသော်လည်း စူးရော့က လီဟောက်အပေါ်ထားရှိသည့် သံယောဇဉ်မှာလည်း အတုအယောင် မဟုတ်ခဲ့ပေ။

ဤဘဝတွင်မူ လီဟောက်သည် ချစ်ခင်မြတ်နိုးရသည့် စူးမိသားစုဝင် ညီမဝမ်းကွဲလေးကို ကိုယ်လုပ်တော်အဖြစ် မယူဘဲ ယုံးကျားဧကရာဇ်၏ အိပ်ဆောင်ထက်သို့ ပို့ဆောင်ပေးလိုက်လေသည်။

ယခုအချိန်တွင် လုမင်ယွိ ခံစားလိုက်ရသည်မှာ အသက်ရှင်နေသော ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ ရွံရှာဖွယ် ကောင်းလှသည်။

...

လုမင်ယွိ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော ဖိအားများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိမြင်နိုင်လေသည်။

ချင်ဖေးသည် လုမင်ယွိကို အကြောင်းအရင်းမရှိဘဲ ကြောက်ရွံ့နေမိသဖြင့် လုမင်ယွိ ရောက်လာသည်ကို မြင်လိုက်သည်နှင့် ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။

လုမင်ယွိက ရှေ့သို့တိုးကာ ဂါရဝပြုလိုက်သည်။ "အာရှီက မူဟုပ်ကို ဂါရဝပြုပါတယ်"

ချောင်မိဖုရားခေါင်က စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။ "ပန်ကုံး မင်းကို စောစောကတည်းက မှာထားတယ်လေ။ ကိုယ်ဝန်ရှိနေတာဆိုတော့ ဂါရဝပြုတဲ့ အခမ်းအနားတွေကို လျှော့လို့ရရင် လျှော့ပါလို့။ မြန်မြန် ထလိုက်ပါ"

လုမင်ယွိသည် မတ်တပ်ထရပ်လိုက်ပြီးနောက် ချောင်မိဖုရားခေါင်၏ ဘေးတွင် ဝင်ထိုင်လိုက်ရာ ချင်ဖေးနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားလေတော့သည်။

ချင်ဖေး "..."

လုမင်ယွိ၏ နက်ရှိုင်းသော အကြည့်များနှင့် အကြည့်ခံလိုက်ရသဖြင့် ချင်ဖေးသည် တစ်ကိုယ်လုံး နေရထိုင်ရ ခက်သွားပြီး ထိုင်ခုံပေါ်တွင် သံမှိုစိုက်ထားသကဲ့သို့ ဖြစ်သွားကာ ဆက်လက် ထိုင်မနေနိုင်တော့ပေ။

ချင်ဖေးသည် ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ "ထိုက်ဇီဖေးက ဟွမ်ဟုပ်ညန်ညန်နဲ့ ပြောစရာကိစ္စ ရှိမှာသေချာပါတယ်။ ချန်ချဲ့က ဒီနေရာမှာ မျက်စိနောက်အောင် မနေတော့ပါဘူး။ အခုပဲ ခွင့်ပြုပါဦး"

ပြောပြီးသည်နှင့် မတ်တပ်ထရပ်ကာ ဂါရဝပြုပြီး ထွက်ခွာသွားလေသည်။

လုမင်ယွိသည် ချင်ဖေးကို ပညာပေးရန် စိတ်မပါသဖြင့် ချင်ဖေး ထွက်ခွာသွားသည်ကို ဒီအတိုင်း လွှတ်ထားလိုက်သည်။

ချင်ဖေး ထွက်ခွာသွားပြီးနောက် လုမင်ယွိက ချောင်မိဖုရားခေါင်အား ပြောလိုက်လေသည်။ "ခုနက ချင်ဖေးပြောတဲ့စကားတွေကို ကျွန်မ နည်းနည်းကြားလိုက်ပါတယ်။ ယိဟွားနန်းဆောင်မှာ နေရာချထားတဲ့ အဲဒီမိန်းမလှလေးက စူးဖေးရဲ့ တူမ စူးရော့ ဆိုတာ ဟုတ်တယ်မလား"

ချောင်မိဖုရားခေါင်သည်လည်း အမှန်တကယ်တွင် စိတ်ထဲ၌ မသိုးမသန့် ဖြစ်နေလေသည်။ စောစောက ချင်ဖေး၏ ရှေ့မှောက်တွင် မထုတ်ပြချင်သဖြင့် အောင့်အီးသည်းခံထားခြင်း ဖြစ်သည်။ ယခု လုမင်ယွိနှင့် တွေ့သောအခါတွင်မူ ချောင်မိဖုရားခေါင်သည် စိုးရိမ်ပူပန်မှု မရှိတော့ဘဲ မျက်လုံးထဲတွင် ရွံရှာမုန်းတီးမှုများကို အထင်းသား ဖော်ပြလိုက်လေသည်။ "စူးဖေးရဲ့ တူမဆိုတာ ဟုတ်တယ်။ အရှင်မင်းကြီးက လျိုကုန်းကုန်းကို ကျောင်းဖန်နန်းဆောင်ဆီ လွှတ်ပြီး စူးရော့ကို ရာထူးတစ်ခု ပေးမယ်လို့ လာပြောတယ်"

လုမင်ယွိ မျက်မှောင်ကြုတ်သွားသည်။

ချောင်မိဖုရားခေါင်သည် အကြောင်းစုံကို မသိသဖြင့် ချွေးမဖြစ်သူက မိမိဘက်မှ နာကြည်းပေးနေသည်ဟု ထင်မှတ်ကာ ရင်ထဲတွင် နွေးထွေးသွားပြီး လုမင်ယွိကို ပြန်လည်နှစ်သိမ့်ပေးလိုက်လေသည်။ "ထားလိုက်ပါတော့။ အနောက်နန်းဆောင်မှာက နောက်ကျရင်လည်း မိဖုရားရွေးပွဲတွေ လုပ်ပြီး လူသစ်တွေ ဝင်လာဦးမှာပဲ။ အရှင်မင်းကြီးက စူးရှီကို ရာထူးပေးချင်နေမှတော့ ပေးလိုက်ပေါ့"

မိုးရွာမည်ကို တားမရသလို အမေက နောက်အိမ်ထောင်ပြုမည်ဆိုလျှင်လည်း တားမရပေ။ အရှင်မင်းကြီးက ကိုယ်လုပ်တော် ယူမည်ဆိုသည်ကို မည်သူက တားဆီးနိုင်မည်နည်း။

လုမင်ယွိသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး ရင်ထဲမှ အခိုးအငွေ့များကို မှုတ်ထုတ်လိုက်သကဲ့သို့ ပြုမူလိုက်သည်။ "ဖုဟွမ်က စူးရှီကို ဘာရာထူး ပေးမယ်တဲ့လဲ"

ချောင်မိဖုရားခေါင်က ဟက်ခနဲ ရယ်မောလိုက်ပြီး "ကွေ့ရန် ရာထူး အရင်ပေးမယ်တဲ့"

ဝမ်ကျဲယွီသည် ကိုယ်ဝန်ရှိလာမှ ရာထူးတိုးပေးခြင်း ခံခဲ့ရသည်။ စူးရော့ကတော့ နန်းတော်ထဲ ဝင်ရောက်လာသည်နှင့် ကွေ့ရန် ဖြစ်လာသည်ကို ကြည့်ခြင်းအားဖြင့် အချစ်တော်ဖြစ်ကြောင်း သိသာလှပေသည်။

လုမင်ယွိသည် ချွေးမတစ်ယောက် ဖြစ်သည့်အလျောက် ယောက္ခထီး၏ အိပ်ခန်းတွင်းရေးရာ ကိစ္စများကို မည်သို့ များများစားစား ပြောဆိုနိုင်ပါမည်နည်း။

ဂုဏ်သိက္ခာလည်း မရှိသလို စည်းမျဉ်းစည်းကမ်းနှင့်လည်း မညီညွတ်ချေ။

လုမင်ယွိသည် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မူဟုပ် စိတ်ထဲမှာ မကျေနပ်တာရှိရင် အာရှီကို ဖွင့်ပြောပြလိုက်ပါ။ တစ်ချိန်လုံး မြိုသိပ်သည်းခံမနေပါနဲ့"

ချောင်မိဖုရားခေါင်သည် ဦးစွာ ပြုံးလိုက်သော်လည်း မကြာမီတွင် အပြုံးများ ပျောက်ကွယ်သွားပြီး အံကိုကြိတ်ကာ ဒေါသတကြီး ပြောဆိုလေသည်။ "မိန်းမ လိုချင်ရင် ပန်ကုံးက မတားပါဘူး။ တရားဝင် မိဖုရားရွေးပွဲ ကျင်းပပြီး ရွေးလိုက်ရင် ရတာပဲ"

"အခုလို နည်းလမ်းမှားနဲ့ နန်းတော်ထဲ ခေါ်လာတာက အပြင်လူတွေ သိသွားရင် ရယ်စရာကြီး ဖြစ်နေမှာ။ သူက အရှက်မရှိပေမယ့် ပန်ကုံးကတော့ သူ့အစား ရှက်မိတယ်"

ယုံးကျားဧကရာဇ် နှစ်သက်ခဲ့သော မိန်းမလှများကို ပြန်ရေတွက်ကြည့်လျှင် မုန့်ဖေးသည် တိတ်တဆိတ် "ချိတ်ဆက်" ခဲ့ပြီးနောက် ကိုယ်ဝန်ရလာမှ အိမ်တော်သို့ ဝင်ရောက်လာခဲ့သူဖြစ်သည်။ ချင်ဖေးသည် မယ်တော်ကြီးကျောက်၏ စီစဉ်မှုဖြင့် ဝင်ရောက်လာသူ ဖြစ်သည်။ ကွယ်လွန်သွားသော စူးဖေးမှာမူ ကွမ်းပင်းနယ်စားက လက်ဆောင်အဖြစ် ဆက်သခဲ့သော မိန်းမလှဖြစ်သည်။ ဤ "လက်ဆောင်" ဆိုသည်မှာ ဘာကိုဆိုလိုကြောင်း လူတိုင်း နားလည်ကြပေသည်။

ဤအချက်များကို ကြည့်ခြင်းအားဖြင့် ယုံးကျားဧကရာဇ်၏ မိန်းမလှများအပေါ်ထားရှိသည့် ဝါသနာသည် သာမန်မဟုတ်သည်ကို တွေ့မြင်နိုင်ပေသည်။

ယခုလက်ရှိ အနောက်နန်းဆောင်တွင် အချစ်တော်ခံရဆုံးသူမှာ ဝမ်ကျဲယွီ ဖြစ်သည်။ ဝမ်ကျဲယွီသည် ချောင်မိဖုရားခေါင်၏ လူဖြစ်ပြီး နူးညံ့သိမ်မွေ့ကာ အနေအထိုင် တည်ငြိမ်သူဖြစ်သည်။ အနောက်နန်းဆောင်တွင် ရံဖန်ရံခါ လှိုင်းလေထသော်လည်း ယေဘုယျအားဖြင့် ငြိမ်းချမ်းနေခဲ့သည်။

ယခု စူးရော့ တစ်ယောက် ထပ်တိုးလာသဖြင့် ဘယ်လောက်များ လှိုင်းလေမုန်တိုင်းများ ထန်ဦးမည်မသိချေ။

ချောင်မိဖုရားခေါင်သည် အားရပါးရ ဆဲဆိုကြိမ်းမောင်းလိုက်ပြီးနောက် ရင်ထဲမှ အခိုးအငွေ့များကို ထုတ်လိုက်လေသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ "ထားလိုက်ပါတော့။ ကိစ္စက ဒီအခြေအနေထိ ရောက်လာမှတော့ ဘာမှ ဆက်ပြောနေလည်း အပိုပဲ။ ပန်ကုံး ဒီနေ့ပဲ အမိန့်တော်ပြန်တမ်း ထုတ်ပြီး စူးကွေ့ရန်ကို ရာထူးတိုးပေးလိုက်မယ်"

အနောက်နန်းဆောင်ကို အုပ်ချုပ်ရသည့် မိဖုရားခေါင်တစ်ပါးအနေဖြင့် မိဖုရားငယ်များကို စီမံအုပ်ချုပ်ရသည်မှာ ချောင်မိဖုရားခေါင်၏ တာဝန်ပင်ဖြစ်သည်။ ယုံးကျားဧကရာဇ်က စူးကွေ့ရန်ကို ရာထူးတိုးပေးချင်လျှင်လည်း ချောင်မိဖုရားခေါင်က အမိန့်တော်ပြန်တမ်း ထုတ်ပြန်ပေးရပေမည်။

လုမင်ယွိက ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး သတိပေးလိုက်လေသည်။ "စူးကွေ့ရန် ကျေးဇူးတင်စကား လာပြောတဲ့အချိန်ကျရင် မူဟုပ်အနေနဲ့ ဆုံးမစကား နည်းနည်းလောက် ပြောလိုက်ပါဦး။ စူးကွေ့ရန်က အရှင်မင်းကြီးရဲ့ အချစ်ကို ကိုးစားပြီး မောက်မာလာရင် အနောက်နန်းဆောင်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ်"

ချောင်မိဖုရားခေါင်က မျက်ခုံးပင့်ကာ အေးစက်စက် ပြုံးလိုက်သည်။ "စောင့်နေစရာ မလိုပါဘူး။ ပန်ကုံး အခုပဲ သူ့ကို လာတွေ့ဖို့ အမိန့်ပေးလိုက်မယ်။ ဒီနေ့တော့ အရှင်မင်းကြီး မျက်စိကျလောက်တဲ့ မိန်းမလှလေးက ဘယ်လိုပုံစံမျိုးလဲ ဆိုတာ ပန်ကုံး သေသေချာချာ ကြည့်ရသေးတာပေါ့"

"မင်းလည်း အလျင်လိုပြီး ပြန်မသွားနဲ့ဦး။ ဒီမှာနေပြီး အတူတူ မျက်စိအစာကျွေးကြတာပေါ့"

လုမင်ယွိသည်လည်း ပြန်ရန် ဆန္ဒမရှိသဖြင့် လိုက်လျောညီထွေစွာပင် လက်ခံလိုက်လေသည်။

ချိုင်လန်သည် ယိဟွားနန်းဆောင်သို့ အမိန့်တော်ပြန်တမ်း သွားရောက်ပို့ဆောင်ခဲ့ပြီး အမွှေးတိုင် တစ်တိုင်စာခန့် ကြာမြင့်သောအခါတွင် ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လှပကျော့ရှင်းသည့် မိန်းမပျိုလေးတစ်ဦးသည် ကျောင်းဖန်နန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။

...

အပိုင်း (၅၀၇) အချစ်တော်သစ် (၃)

စူးရော့ကို မြင်လိုက်ရသည့် ခဏ၌ လုမင်ယွိ၏ မျက်ဝန်းများသည် အနည်းငယ် အေးစက်သွားပြီး အင်္ကျီဝတ်ရုံထဲရှိ လက်များမှာလည်း လှုပ်ရှားသွားခဲ့လေသည်။

အတိတ်က အဖြစ်အပျက်ဟောင်းများသည် ပြီးဆုံးခဲ့ပြီ ဖြစ်၏။ သူမသည် လီဟောက်ကိုပင် ဂရုမစိုက်တော့ရာ စူးရော့ကိုမူကား ပို၍ပင် ဂရုစိုက်တော့မည် မဟုတ်ပေ။ သို့သော် စူးရော့အပေါ်ထားရှိသည့် မုန်းတီးရွံရှာမှုကတော့ သွေးထဲအထိ နက်ရှိုင်းစွာ စွဲမြဲနေခဲ့လေပြီ။

စူးရော့၏ မျက်နှာကို မြင်လိုက်ရသည်နှင့် တပြိုင်နက် ယခင်ဘဝက မနှစ်မြို့ဖွယ်ရာ အမှတ်တရများသည် နှလုံးသားထက်သို့ လှိုင်းလုံးများပမာ ရိုက်ခတ်လာတော့သည်။

"ရှောင်ယွိ... ဒါက ကို့ရဲ့ ဝမ်းကွဲညီမလေးလေ။ သူ့နာမည်က အားရော့တဲ့။ စိတ်သဘောထားကလဲ နာမည်နဲ့လိုက်အောင် နူးညံ့တယ်။ နောက်ပိုင်းကျရင် သူက ကိုယ်လုပ်တော်အဖြစ် နန်းတော်ထဲ ဝင်လာလိမ့်မယ်။ ဒါပေမဲ့ ကို့စိတ်ထဲမှာတော့ မင်းက အမြဲတမ်း ပထမပဲ။ အားရော့ညီမလေးက မင်းကို ဘယ်တော့မှ ကျော်တက်နိုင်မှာ မဟုတ်ဘူး..."

"လုရှီ... မင်းက မိဖုရားခေါင် ဖြစ်နေပြီ။ အနောက်နန်းဆောင်ကို အုပ်ချုပ်ရမယ့် ဂုဏ်ဒြပ်ရှိရမယ်။ တိုင်းပြည်အရှင်သခင် ဧကရာဇ်မင်းမြတ်က မိန်းမတစ်ယောက်တည်းကိုပဲ တစ်သက်လုံး စောင့်ထိန်းရမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ စူးရော့က ငါ့ရဲ့ တူမတော်စပ်သလို အရှင်မင်းကြီးရဲ့ ညီမဝမ်းကွဲလဲ ဖြစ်တယ်။ နောက်ဆိုရင် သူနဲ့မင်းက ညီအစ်မတွေ ဖြစ်သွားကြပြီ..."

"နောင်ကျရင် ကျွန်မ ကိစ္စတိုင်းမှာ ညန်ညန်ရဲ့ စကားကိုပဲ နာခံပါ့မယ်။ ညန်ညန်နဲ့ ယှဉ်ပြိုင်ဖို့ လုံးဝ မဝံ့ရဲပါဘူး။ ဟွမ်ဟုပ်ညန်ညန် ကျွန်မကို နေစရာနေရာလေးတစ်ခုလောက် ပေးသနားပါ။ ကျွန်မကို နန်းတော်ထဲကနေ မမောင်းထုတ်ပါနဲ့..."

လုမင်ယွိသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ထိုရွံရှာဖွယ်ကောင်းသော အမှတ်တရများကို ဦးနှောက်ထဲမှ မောင်းထုတ်လိုက်လေသည်။

ချောင်မိဖုရားခေါင်သည်လည်း စူးရော့ကို အာရုံစိုက်ကာ အကဲခတ်ကြည့်ရှုနေသည်။

အသက် ၁၆နှစ်အရွယ် မိန်းမပျိုလေးသည် သစ်ကိုင်းထက်က လတ်ဆတ်သော ပန်းပွင့်လေးအလား နုနယ်ပျိုမြစ်နေပြီး မျက်နှာထက်တွင် မိတ်ကပ်လိမ်းခြယ်ထားခြင်း မရှိသော်လည်း လှပကာ ဆွဲဆောင်မှု ရှိနေဆဲပင်။

ကွယ်လွန်သွားသော စူးဖေးသည် နူးညံ့ပြီး ညှို့ဓာတ်ပြင်းသူ ဖြစ်သည်။ ယခု စူးရော့၏ ရုပ်ရည်သွင်ပြင်သည် စူးဖေးနှင့် အနည်းငယ် ဆင်တူသော်လည်း သနားကရုဏာ သက်ဖွယ်ကောင်းသော ဆွဲဆောင်မှုမျိုး ပို၍ ရှိနေလေသည်။

စူးဖေးသည် ကချေသည်ဘဝမှ လာသူဖြစ်သဖြင့် လောကီဆန်သော အငွေ့အသက်များ ရှိနေသည်။ စူးရော့မှာမူကား စူးမိသားစုက သေသေချာချာ ပြုစုပျိုးထောင်ထားသူဖြစ်ပြီး စာပေကဗျာ အများအပြားကို ဖတ်ရှုထားသလို ဂီတ၊ စစ်တုရင်၊ စာရေး၊ ပန်းချီ စသည့် အနုပညာရပ်များကိုလည်း လေ့လာထားသဖြင့် နူးညံ့သိမ်မွေ့မှုကြားတွင် ပညာတတ် အမျိုးသမီးတစ်ဦး၏ အငွေ့အသက်များ ပါဝင်နေသည်။ စူးဖေးနှင့် ယှဉ်လျှင် အပြတ်အသတ် သာလွန်နေလေသည်။

ဤကဲ့သို့သော မိန်းမလှမျိုးကို ယုံးကျားဧကရာဇ်က အတူအိပ်စက်ပြီးနောက် လက်မလွှတ်နိုင်ဘဲ အနောက်နန်းဆောင်သို့ တန်းတန်းမတ်မတ် ခေါ်ဆောင်လာခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

စူးရော့သည် ကျောင်းဖန်နန်းဆောင်ထဲသို့ ဝင်ရောက်လာပြီးနောက် တစ်ကိုယ်လုံး တောင့်တင်းနေသော်လည်း ဂါရဝပြုရန်တော့ မမေ့လျော့ပေ။ သူမသည် ရှေ့သို့တိုးကာ ဒူးထောက်လိုက်ပြီး ဦးခေါင်းညွတ်၍ အရိုအသေ ပေးလိုက်လေသည်။ "စူးရော့က ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်"

ချောင်မိဖုရားခေါင်က အင်း ဟု ခပ်ပြတ်ပြတ် ဖြေကြားလိုက်သည်။

ချိုင်လန်က ဘေးမှနေ၍ သတိပေးလိုက်လေသည်။ "ထိုက်ဇီဖေးညန်ညန်လည်း ရှိပါသေးတယ်"

စူးရော့သည် ထိတ်လန့်သွားပြီး အမှတ်တမဲ့အလိုလို ခေါင်းမော့ကြည့်လိုက်ရာ လုမင်ယွိ၏ အကြည့်နှင့် တည့်တည့်တိုးသွားလေတော့သည်။ ထို့နောက်တွင်တော့ လုမင်ယွိ၏ မျက်လုံးထဲမှ အေးစက်စူးရှမှုကြောင့် ကြောက်လန့်သွားပြီး ခေါင်းကို အလျင်အမြန် ပြန်ငုံ့လိုက်ရသည်။ "ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"

လုမင်ယွိက အသံမထွက်ပေ။

ချောင်မိဖုရားခေါင်ကလည်း စူးရော့ကို ထခိုင်းမည့်ပုံ မပေါ်ချေ။

စူးရော့မှာ ဆက်လက် ဒူးထောက်နေရပြီး ရင်ထဲတွင်တော့ ကြောက်ရွံ့စိုးရိမ်မှုများ ပြည့်နှက်နေတော့သည်။

သူမအနေဖြင့် ဤကဲ့သို့သော နေ့ရက်မျိုး ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

...

မနှစ်က တော်ဝင်သင်္ချိုင်းတော်တွင် ကွယ်လွန်သူ စူးဖေးကို သွားရောက်ကန်တော့စဉ်က သူမသည် ယုံးကျားဧကရာဇ်ကို အဝေးမှနေ၍ မြင်တွေ့ခဲ့ဖူးသည်။ သို့သော် ထိုစဉ်က သူမသည် သေချာ ကြည့်ရှုခြင်း မရှိခဲ့ပေ။ ပထမအချက်မှာ ဧကရာဇ်မင်းမြတ်၏ ဘုန်းတန်ခိုးကို ကြောက်ရွံ့၍ မကြည့်ရဲခြင်းဖြစ်ပြီး ဒုတိယအချက်မှာ မိမိနှင့် ယုံးကျားဧကရာဇ်တို့ ပတ်သက်ဆက်နွှယ်မှု ရှိလာလိမ့်မည်ဟု မည်သည့်အခါကမှ မတွေးထားခဲ့ခြင်းကြောင့်ပင်။

သူမ၏ စိတ်ထဲတွင် မျှော်မှန်းထားသည်မှာ ဝမ်းကွဲအစ်ကို လီဟောက်နှင့် လက်ထပ်ပြီး ကိုယ်လုပ်တော် ဖြစ်လာရန်သာ ဖြစ်သည်။ ချစ်မြတ်နိုးရသူ၏ ဘေးနားတွင် အချိန်ကြာမြင့်စွာ အတူနေထိုင်ပြီး သားသမီး တစ်ယောက်၊ နှစ်ယောက် မွေးဖွားခွင့်ရလျှင်ပင် ဒီဘဝအတွက် တခြားလိုအင်ဆန္ဒ မရှိတော့ပေ။

ထိုနေ့က လီဟောက်သည် စူးမိသားစုအိမ်တော်သို့ ရောက်လာခဲ့ပြီး အဘိုးဖြစ်သူနှင့် စာကြည့်ခန်းထဲတွင် အချိန်အတော်ကြာအောင် စကားပြောဆိုခဲ့သည်။ အဘိုးက သူမ၏ မိဘအရင်းများကို ခေါ်ယူခဲ့သည်။ ထို့နောက်တွင်တော့ သူမသည် မြင်းလှည်းပေါ်သို့ တွဲကူပို့ဆောင်ပေးခြင်း ခံလိုက်ရပြီး အိမ်ရာဝင်းတစ်ခုထဲသို့ ပို့ဆောင်ခံလိုက်ရလေသည်။

ထိုအချိန်က လီဟောက်သည် သူမကို အိမ်ခွဲတစ်ခုတွင် ထားရှိမည်ဟု သူမ ထင်မှတ်ခဲ့ပြီး ပျော်ရွှင်ဝမ်းမြောက်မိသော်လည်း တစ်ဖက်တွင်တော့ မကျေမနပ် ဖြစ်မိသည်။

စူးမိသားစုက ဂုဏ်နိမ့်ပါးသည် ဆိုသော်ငြားလည်း သူမသည် လီဟောက်၏ ညီမဝမ်းကွဲအရင်း ဖြစ်သည်။ ညီမဝမ်းကွဲကို အိမ်ခွဲအနေနှင့် ထားရသည်ဟု ဘယ်မှာ ထုံးစံရှိပါမည်နည်း။ အနောက်နန်းဆောင်ထဲတွင် ရှိနေသော ချင်ဖေးသည်လည်း ယုံးကျားဧကရာဇ်၏ ညီမဝမ်းကွဲပင် မဟုတ်ပါလား။

နောက်ပိုင်းတွင် ထိုအိမ်ရာဝင်းထဲသို့ မာမားအချို့ ရောက်ရှိလာကြသည်။ အချို့က သူမကို ဓလေ့ထုံးစံနှင့် စည်းကမ်းများကို သင်ကြားပေးကြပြီး အချို့က ဝတ်စားဆင်ယင်ပုံနှင့် မိတ်ကပ်လိမ်းခြယ်ပုံများကို သင်ကြားပေးကြသည်။ ပိုပြီး ရှက်စရာကောင်းသည်မှာ ယောက်ျားတစ်ယောက်၏ အလိုလိုက်အောင် မည်သို့ ပြုမူနေထိုင်ရမည် ဆိုသည်ကိုပါ သင်ကြားပေးခဲ့ကြခြင်းပင်...

သူမသည် ရှက်ရွံ့မှုကို သည်းခံပြီး အလွန် ကြိုးစားသင်ယူခဲ့သည်။ တစ်နေ့သောအခါတွင် ဤအရာများကို အသုံးပြုပြီး လီဟောက်၏ အချစ်ကို ရယူနိုင်မည်ဟု တွေးတောမိသောကြောင့်ပင်။ ဖြစ်နိုင်သည်မှာ လီဟောက်သည် မကြာမီ သူမကို တတိယမင်းသားအိမ်တော်သို့ လာရောက်ခေါ်ဆောင်ပေလိမ့်မည်။

သူမသည် ထိုခြံဝင်းထဲတွင် ၃လကြာအောင် နေထိုင်ခဲ့ရသည်။ နှစ်သစ်ကူးပြီးစီး၍ ပထမလသို့ ရောက်ရှိပြီး ပထမလ၏ လဝက်ကျော်ချိန် ရောက်မှသာ သူမကို တတိယမင်းသားအိမ်တော်သို့ ခေါ်ဆောင်ရန် လူရောက်လာခဲ့တော့သည်။

သူမသည် အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပြီး သေသေချာချာ လှပအောင် ပြင်ဆင်မွမ်းမံကာ ပျော့ပျောင်းသော ဝေါယာဉ်ကို စီးနင်း၍ တတိယမင်းသားအိမ်တော်သို့ ဘေးပေါက်မှတစ်ဆင့် ဝင်ရောက်လာခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်ကာ လှပသော ခြံဝင်းတစ်ခုထဲသို့ ရောက်ရှိလာခဲ့လေသည်။

ထိုနေ့တွင် သူမသည် တတိယမင်းသား၏ ကြင်ရာတော် မုန့်ယွင်လော်နှင့် တွေ့ဆုံခဲ့သည်။

သူမမှာ ကြောက်လန့်တကြားဖြင့် ခေါင်းငုံ့ကာ နှုတ်ဆက်ခဲ့သည်။

မုန့်ယွင်လော်၏ တုံ့ပြန်ပုံမှာလည်း အလွန်ထူးဆန်းနေခဲ့သည်။ မနာလိုဝန်တိုသည့် အရိပ်အယောင် လုံးဝ မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူမကို စိတ်အေးချမ်းသာစွာ နေထိုင်ရန် ချိုသာသော စကားများဖြင့် နှစ်သိမ့်ပြောဆိုခဲ့လေသည်။ နောက်ပိုင်းရက်များတွင် ပိုးထည်များနှင့် လက်ဝတ်ရတနာ အမျိုးမျိုးကို သူမ၏ ခြံဝင်းထဲသို့ အဆက်မပြတ် လာရောက်ပို့ဆောင်ပေးခဲ့သည်။

သူမသည် တိမ်တိုက်ပေါ်တွင် လွင့်မျောနေသကဲ့သို့ ခံစားနေရပြီး လီဟောက် စောစီးစွာ ပြန်လာမည့်ရက်ကိုသာ မျှော်လင့်စောင့်စားနေခဲ့သည်။

ရက်အနည်းငယ် ကြာသောအခါ လီဟောက် ပြန်ရောက်လာခဲ့ပြီး အိမ်တော်တွင် စားသောက်ပွဲ ကျင်းပကာ မင်းသားနှင့် မင်းသမီးများကို ဖိတ်ကြားခဲ့သည်။ နန်းတော်ထဲက ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ပင် ကြွရောက်လာခဲ့သည်။

စားသောက်ပွဲ မစတင်မီတွင် လီဟောက်သည် နောက်ဆုံးတော့ သူမကို လာရောက်တွေ့ဆုံလေသည်။

သူမ၏ ရင်ထဲတွင် ရှက်ရွံ့မှုနှင့် ကြည်နူးမှုများ ပြည့်နှက်နေပြီး မျက်လုံးများထဲတွင်တော့ စွဲလမ်းနှစ်သက်မှုများ အပြည့်ဖြင့် ပြောလိုက်လေသည်။ "ဝမ်းကွဲအစ်ကို ပြန်လာတာကို ညီမလေး နောက်ဆုံးတော့ စောင့်ရကျိုးနှပ်သွားပြီ"

လီဟောက်သည် သူမကို ကြည့်လိုက်ရာ သူ၏ အကြည့်များက အနည်းငယ် ရှုပ်ထွေးနေသည်။ "အားရော့ညီမလေး... ဒီည ကျော်လွန်သွားပြီးရင် မင်းအတွက် တစ်သက်တာလုံးစာ ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ရှိလာတော့မှာပါ"

ဒါက တစ်သက်လုံး သူမအပေါ် ကောင်းမွန်ပါ့မယ်လို့ ကတိပေးနေတာလား။

သူမ၏ မျက်နှာလေး နီရဲသွားပြီး တိုးတိုးလေး ပြန်ပြောလိုက်လေသည်။ "ဝမ်းကွဲအစ်ကို့ ဘေးနားမှာ အမြဲတမ်း နေခွင့်ရမယ်ဆိုရင် ညီမလေး ကျေနပ်ပါပြီ"

လီဟောက်သည် သူမကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။

သူမသည် အရက်မူးနေသူကဲ့သို့ စိတ်တွေ လွင့်မျောကြည်နူးနေပြီး မှန်ကိုကြည့်ကာ တစ်ယောက်တည်း ရယ်မောနေမိသည်။ ထို့နောက်တွင်တော့ နန်းတွင်းသူများ ရောက်လာပြီး သူမကို ရေချိုးသန့်စင်ပေးကာ အဝတ်အစားလဲလှယ်ပြီး ဆံပင်ဖြီးလိမ်း ပြင်ဆင်ပေးကြသည်။ ထို့ပြင် ထူးဆန်းသော ရနံ့ပါသည့် လက်ဖက်ရည် တစ်ခွက်ကိုလည်း တိုက်ကျွေးခဲ့ကြသည်။

လက်ဖက်ရည် သောက်ပြီးနောက်တွင် သူမ၏ တစ်ကိုယ်လုံးသည် အကြောင်းရင်းမရှိဘဲ ပူလောင်လာကာ ပါးပြင်နှစ်ဖက်သည် နီရဲလာပြီး အသိစိတ်များလည်း တဖြည်းဖြည်း ဝေဝါးလာကာ ခန္ဓာကိုယ်သည် အလွန်အမင်း ထိရှလွယ် ဖြစ်လာတော့သည်။ သူမသည် နေရထိုင်ရ ခက်ခဲလာသဖြင့် ကုတင်ပေါ်တွင် လဲလျောင်းကာ ဟိုလှိမ့်ဒီလှိမ့် ဖြစ်နေရတော့သည်။

မည်သည့်အချိန်ကမှန်း မသိဘဲ တံခါး ပွင့်သွားကာ အရပ်မြင့်မြင့် ယောက်ျားတစ်ယောက်၏ အရိပ်သည် ကုတင်ဘေးတွင် ပေါ်လာခဲ့သည်။ ပြင်းထန်သော အရက်နံ့များ လွင့်ပျံ့လာခဲ့၏။ သူမသည် အကြောင်းရင်းမသိသော မီးအပူကြောင့် အသက်ရှူရ ကြပ်လာပြီး ထိုယောက်ျား၏ လက်ကို မနေနိုင်ဘဲ လှမ်းဆွဲလိုက်မိသည်။

ထို့နောက်တွင်တော့ ထိုယောက်ျားသည် သူမအပေါ်သို့ ကိုယ်ကိုကိုင်းညွတ်ချလိုက်လေသည်။

နောက်ပိုင်း မှတ်ဉာဏ်များမှာ ရှုပ်ထွေးဝေဝါးနေတော့သည်။

သူမသည် မိန်းကလေးတစ်ယောက်၏ ရှက်ရွံ့တတ်သော စိတ်များ လုံးဝ ပျောက်ဆုံးသွားပြီး ထိုယောက်ျားကို တင်းကျပ်စွာ ဖက်တွယ်ထားမိသည်။

နိုးလာသည့် အချိန်၌ မိုးလင်းနေပြီ ဖြစ်၏။

ခေါင်းက မူးဝေနေလျက် မျက်လုံးဖွင့်ကြည့်လိုက်သည့် ခဏ၌ ခေါင်းအုံးဘေးရှိ ယောက်ျား၏ မျက်နှာသည် လီဟောက် လုံးဝ မဟုတ်ကြောင်း သဲကွဲစွာ မြင်လိုက်ရ၏။ ထိုယောက်ျား၏ မျက်လုံးထောင့်များတွင် အရေးအကြောင်းများ ရှိနေပြီး အသက် ၄၀ ကျော် ရှိနေကာ သူမ၏ အဖေအရင်း ဖြစ်လောက်သည့် အရွယ်ပင် ဖြစ်လေသည်။

သူမသည် ဒီမျက်နှာကို အဝေးကနေ မြင်ဖူးခဲ့သည်။ သို့သော် တစ်နေ့ကျလျှင် ဒီမျက်နှာသည် မိမိ၏ ခေါင်းအုံးဘေးတွင် ပေါ်လာလိမ့်မည်ဟု မည်သည့်အခါကမှ မတွေးဖူးခဲ့ချေ။

ဒါ ဘယ်လိုဖြစ်ရတာလဲ။

သူမ အခန်းထဲ ဝင်လာတဲ့သူက ဘာဖြစ်လို့ ယုံးကျားဧကရာဇ် ဖြစ်နေရတာလဲ။

ယုံးကျားဧကရာဇ်သည် မျက်လုံးဖွင့်လိုက်ရာ သူမ၏ ကြောက်လန့်တကြား ဖြူဖပ်ဖြူရော် ဖြစ်နေသည့် ပုံစံကို မြင်လိုက်ရသဖြင့် ရယ်ချင်သလို ဖြစ်သွားပြီး အနည်းငယ်လည်း သနားကရုဏာ သက်သွားလေသည်။ "ကျန်းလား"

သူမ ဘာပြောရမည်မသိ ဖြစ်နေပြီး မျက်ရည်များသည် မျက်ဝန်းအိမ်ထဲမှ အဆက်မပြတ် စီးကျလာတော့သည်။

ဘယ်လိုဖြစ်ပျက်ခဲ့သည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေရသည်။ သို့သော် သူမ သိလိုက်သည်မှာ သူမသည် ဝမ်းကွဲအစ်ကိုနှင့် လက်ထပ်ရရန် မဖြစ်နိုင်တော့ခြင်းပင်။ သူမ၏ အိပ်ခန်းထဲသို့ ယုံးကျားဧကရာဇ် ဘာကြောင့် ရောက်နေရသလဲ ဆိုသည်ကိုလည်း သူမ မမေးမြန်းရဲချေ။

ယုံးကျားဧကရာဇ်သည် သူမ ဤမျှလောက်အထိ ငိုကြွေးနေသည်ကို မြင်သောအခါ သူမကို ပွေ့ဖက်ပြီး ခဏလောက် ချော့မော့လိုက်လေသည်။

မြင်းလှည်းပေါ်တက်၍ နန်းတော်ထဲသို့ ဝင်ရောက်လာပြီး ယိဟွားနန်းဆောင်တွင် နေရာချထားခံရသည်မှ ယခု ဤနေရာတွင် ဒူးထောက်ပြီး မိဖုရားခေါင်နှင့် ထိုက်ဇီဖေးကို ဂါရဝပြုနေရသည် အထိ အရာအားလုံးသည် အိပ်မက်တစ်ခု မက်နေသကဲ့သို့ပင် ဖြစ်နေတော့သည်။

....

All Chapters