← Chapters

အကန့်အသတ်များကို မေ့ပျောက်ရန် အဆုံးသတ်ကိုရောက်ပြီ

Vol. 3 Ch. 285

အကန့်အသတ်များကို မေ့ပျောက်ရန် အဆုံးသတ်ကိုရောက်ပြီ

Vol. 3 Ch. 285

"ကောင်းပြီလေ၊ သွားကြပါ…"

စိုကျင့်နှင့် စိုရွှမ်တို့က ဆန်းလျန်ကို တည်းခိုရိပ်သာ အပြင်ဘက်သို့ ပြန်လိုက်ပို့ လိုက်ကြလေသည်။ စိုကျင့်က အသံတိုးတိုးဖြင့်…

"အဲဒီ ကောင်မလေးက ဝိညာဉ် စွမ်းအား တော်တော်ကောင်းတာပဲ၊ အသက်က ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်လောက်ပဲ ရှိဦးမယ်နော်၊ အဲဒါ ဂိုဏ်းချုပ်ရဲ့ သမီးလေးလား မသိဘူး"

"အဓိပ္ပါယ်မရှိတာတွေ၊ ဂိုဏ်းချုပ်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက် ကတည်းက တောင်ပေါ်မှာ ကျင့်ကြံနေတာ၊ ဘယ်က သမီးတစ်ယောက်က ရလာရမှာလဲ"

စိုရွှမ်က ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်သည်။

"ဘယ်ပြောလို့ ရမလဲကွ၊ ဂိုဏ်းချုပ်က ခန့်မှန်းရခက်တယ်၊ ပြီးတော့ ဟိုင်သန်း အဆင့် မတက်ခင်ကလည်း တောင်ပေါ်ကလည်း ဆင်းသွား သေးတယ်လေ၊ ပြီးတော့ အဲဒီ ကလေးမလေးက ဂိုဏ်းချုပ်နဲ့ ရုပ်ချင်း တော်တော်ဆင်တာ"

စိုကျင့်က ခပ်တိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

စိုရွှမ်က စိုကျင့်ကို စိတ်ပျက်လက်ပျက် အမူအရာဖြင့် ကြည့်လိုက်ရင်း သက်ပြင်း ချလိုက်လေသည်။

သူက စားပွဲပေါ်တွင် အရက်ဖြင့် စာကြောင်း တစ်ကြောင်း ရေးပြလိုက်သည်။

"ငါတို့ပြောတဲ့ စကားတွေကို ဂိုဏ်းချုပ် မကြားဖူးများ ထင်နေသလား"

စိုကျင့် ချက်ချင်းပင် မျက်နှာ ပျက်သွားလေသည်။ ဆန်းလျန်က အပြစ်ပေးပြီ ဆိုလျှင် သွေးအေးအေးနှင့် ရက်စက်တတ်သူ ဖြစ်လေသည်။

စကားတွေ လျှောက်ပြောတတ်သည့် သူ့အကျင့်ကိုသာ အပြစ်တင်ရမည် ဖြစ်သည်။ သို့သော် စကားအကုန် ပြောပြီးမှ သတိပေးရ ကောင်းလားဟု သူ၏ ဂိုဏ်းတူ အစ်ကို စိုရွှမ်ကို စိတ်တို သွားလေသည်။

အပြစ်ပေး မခံရအောင် ဆရာဦးလေး ယန့်ပုကွေး၏ ရှင်သန်စေခြင်း ကျောင်းတော်တွင်သာ အပြီး နေလိုက်တော့မည်ဟု ကျိတ်ပြီး ဆုံးဖြတ် လိုက်လေသည်။

ဆန်းလျန်နှင့် ရော့ရှီတို့မှာ ဝမ့်ရှင်းလမ်း အဝင်တွင် ရောက်ရှိ နေကြလေသည်။

"ဦးဦး၊ ဟို အစ်ကိုနှစ်ယောက်က သမီးကို ဦးဦးရဲ့ သမီးဖြစ်မယ်လို့ ပြောနေကြတယ်"

ဆမ်းလျန်က ရော့ရှီလေး၏ ခေါင်းကို အသာအယာ ပွတ်သပ်လိုက်သည်။ ရော့ရှီမှာ ကလေး မဟုတ်တော့။ အရွယ် ရောက်နေပြီ ဖြစ်သည့်အတွက် သူမ၏ ဆံပင်ရှည်များကို ဆန်းလျန်အနေဖြင့် ပြင်ဆင် ထုံးဖွဲ့ပေးရန် မသင့်တော်တော့ဟု တွေးလိုက်မိသည်။

"ဒီလောက် အဝေးကြီးကနေတောင် သူတို့ပြောတာကို သမီးကြားတာ အရင်နှစ်တွေ တုန်းက သမီးက အပြင်းအထန် ကျင့်ကြံခဲ့တယ် ထင်တယ်၊ တောင်ပေါ် ရောက်တာနဲ့ သမီးကို ချင်းရွှမ် နတ်တံခါးရဲ့ တရားဝင် တပည့်အဖြစ် သတ်မှတ်ပေးမယ်"

ဆန်းလျန်က အေးဆေးစွာ ပြောလိုက်သည်။

"ကောင်းလိုက်တာ၊ ဦးဦး... သမီး ဘယ်တော့လောက် လေထဲမှာ ပျံလို့ရမလဲဟင်၊ အခုတော့ မိုးမြေစွမ်းအားတွေ အသုံးပြုပြီး လေထဲကို နည်းနည်း ပျံနိုင်နေပြီ၊ ကောင်းကင်ပေါ်မှာ ပျံကြည့် ချင်နေပြီ"

ရော့ရှီက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

"မလောနဲ့၊ တစ်ဆင့်ချင်း သွားရမယ်..."

ဆန်းလျန်က ပြုံးရင်း ပြောလိုက်တော့ ရော့ရှီလေး၏ မျက်နှာက ညှိုးနွမ်း သွားသည်။

သူမက ခေါင်းကို ငုံ့လိုက်ရင်း....

"သမီး မစောင့်နိုင်မှာ စိုးရိမ်မိတယ်၊ အရင်ရက်တွေကလည်း အာရုံထဲမှာ ဆရာ့ကို တွေ့တယ်၊ တစ်နေ့ကျရင် သူတို့ သမီးကို ပြန်လာခေါ်သွားမှာ ကြောက်လို့"

ဆန်းလျန်က ရော့ရှီပခုံးကို ဖက်လိုက်ရင်း....

"ရော့ရှီ... ဘာတွေပဲ ဖြစ်လာ ဖြစ်လာ၊ သမီးက ရော့ရှီဆိုတာ မမေ့နဲ့၊ သမီးရဲ့ မေမေက ဦးဦးရဲ့ ညီမ၊ သမီးက ဦးဦးရဲ့ တူမလေးပဲ၊ အမြဲတမ်း မှတ်ထားရမယ်နော်"

"ဟုတ်..."

ရော့ရှီက ခေါင်းငုံ့ရင်း ပြန်ဖြေ လိုက်သည်။

ဝမ့်ရှင်း လမ်းတစ်လျှောက် သူတို့ နှစ်ယောက် တိတ်ဆိတ်စွာဖြင့် လမ်းလျှောက် လာကြလေသည်။

ဝမ့်ရှင်းလမ်းမှ ပြင်းထန်သည့် ဖိအားများနှင့် ပုံရိပ်ယောင်များမှာ ရော့ရှီအပေါ်တွင် လုံးဝ သက်ရောက်မှု မရှိပေ။ ထို့ကြောင့် သူမသည် ဝမ့်ရှင်းလမ်းကို အမြန်ဆုံး ဖြတ်ကျော်လာနိုင်ကာ ချင်းရွှမ် နတ်တံခါးသို့ ရောက်ရှိ လာခဲ့လေတော့သည်။

ဝမ့်ရှင်းလမ်းကို ဖန်တီးခဲ့သူမှာ ဆရာဘိုးဘိုးယွမ်ချင်း ဖြစ်လေသည်။ ဝမ့်ရှင်းလမ်း၏ အဓိက ရည်ရွယ်ချက်မှာ တပည့်အသစ်များ ရွေးချယ်ရာတွင် စိတ်နေ စိတ်ထားကို စစ်ဆေးရန် အတွက် ပြုလုပ်ထားခြင်း ဖြစ်လေသည်။ အချို့သော အဆင့်မြင့် ကျင့်ကြံသူများပင် ဝမ့်ရှင်းလမ်းကို ဖြတ်ကျော်နိုင်ခြင်း မရှိကြပေ။

ရော့ရှီကတော့ ထူးခြားသည့် စွမ်းရည်များ ပိုင်ဆိုင်ထားသူ ဖြစ်သည့်အတွက် ဝမ့်ရှင်းလမ်းကို လွယ်လွယ်ကူကူပင် ဖြတ်သန်း နိုင်ခဲ့လေသည်။

နှလုံးသား စည်းချက် ကျင့်စဉ်ကြောင့်သာမက ယွမ်ကျွင်း ဧကရီဝင်စားသည့် မိန်းကလေးလည်း ဖြစ်သည့်အတွက် ဝိညာဉ် စွမ်းအားကို စစ်ဆေးသည့် ပုံရိပ်ယောင်များသည် သူမကို မည်သို့မှ မသက်ရောက်နိုင်ပေ။

နတ်ဘုရားများမှ လူပြန်ဝင်စား သူများသည် ဝိညာဉ် စွမ်းအား ကောင်းမွန်လေ့ ရှိလေသည်။ ရော့ရှီမှာလည်း ထိုသို့ပင် ဖြစ်လေသည်။ လူ့လောက၏ မကောင်းမှုများက သူတို့ အပေါ်တွင် သက်ရောက်မှု မရှိကြပေ။

သူမသည် ချင်းရွှမ်နတ်တံခါးသို့ အားအင် အများကြီး စိုက်ထုတ် ရခြင်းမရှိဘဲ ဝင်ရောက် လာနိုင်ခဲ့လေသည်။

ဆန်းလျန်နှင့် ရော့ရှီ ထိုက်ယီ တောင်ထိပ်သို့ ရောက်ရှိ လာခဲ့လေသည်။

ကူးချိုင်ဝေ့က သူတို့နှစ်ယောက်ကို အသင့် စောင့်ကြိုနေလေသည်။ ဆန်းလျန်နှင့် ကူးချိုင်ဝေ့မှာ ထိုက်ရွှီးနည်းဗျူဟာ ကျင့်ကြံကြသူများ ဖြစ်သည့်အတွက် စိတ်ချင်း ဆက်သွယ်မှု ရှိလေသည်။

ရော့ရှီလေးက နူးညံ့ သိမ်မွေ့ပုံရသည့် ကူးချိုင်ဝေ့ကို စိတ်ဝင်တစား ကြည့်နေလေသည်။

ကူးချိုင်ဝေ့သည် တောင်ပေါ်မှ ရေပူစမ်းလေး အလား နွေးထွေးလှလေသည်။ ထို့အတူ တိတ်ဆိတ်သည့် ဝါးရုံတောလေးထဲသို့ ဖြာကျနေသည့် လရောင်လေး အလားလည်း သိမ်မွေ့ လှလေသည်။

ကူးချိုင်ဝေ့က ပြုံးလိုက်ရင်း…

“ဒါဖြင့် သူက မောင်လေးရဲ့ တူမလေးပေါ့၊ မင်းနဲ့ တော်တော်တူတာပဲ”

ဆန်းလျန်က ရော့ရှီလေးကို ကူးချိုင်ဝေ့နှင့် မိတ်ဆက် ပေးလိုက်သည်။

“ဒါက ဒေါ်လေး ကူးချိုင်ဝေ့တဲ့၊ ဦးဦးရဲ့ ဂိုဏ်းတူအစ်မပေါ့”

ရော့ရှီလေးက သွက်လက်စွာဖြင့်ပင် ချက်ချင်း ပြန်နှုတ်ဆက် လိုက်သည်။

“မင်္ဂလာပါ ဒေါ်လေးကူး၊ ဒေါ်လေးက အရမ်းလှတာပဲ”

“မမရှောင်ယွီလိုပဲ အရမ်းလှတယ်”

ရော့ရှီက ဆက်ပြော လိုက်သည်။

ရော့ရှီလေး၏ စကားကြောင့် ကူးချိုင်ဝေ့ မနေနိုင်တော့ဘဲ ရယ်မော လိုက်မိလေသည်။

“ဆန်းလျန်ရယ်၊ ရှောင်ယွီနဲ့ ထပ်တွေ့ ကြသေးတာလား၊ နောက်တစ်ခါ သူနဲ့တွေ့ရင် သူက မင်းတူမလေးရဲ့ ဒေါ်လေး အသစ် တော်ရတော့မယ် ထင်တယ်"

ဆန်းလျန်က ချောင်းတစ်ချက် ဟန့်လိုက်ရင်း...

"အစ်မ၊ လျှောက်စ မနေနဲ့တော့၊ ဒါနဲ့ ဆရာဘွားဘွားရော ဘယ်လိုနေသေးလဲ"

ကူးချိုင်ဝေ့က မျက်နှာပိုး သတ်လိုက်ရင်း...

"ဆရာဘွားဘွား တံခါးပိတ် ကျင့်ကြံနေတာ အပြင်တော့ ထွက်မလာသေးဘူး၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ဆရာဘွားဘွား အများကြီး သက်သာလာပါပြီ၊ ဒဏ်ရာက ပြင်းထန်ပေမယ့် မပျောက်နိုင်တဲ့ ဒဏ်ရာမျိုးတော့ မဟုတ်ပါဘူး၊ အော်... ပြီးတော့ ထိုက်စု နတ်ဘုရားဂိုဏ်းက တပည့် တစ်ယောက်နဲ့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက တပည့်တစ်ယောက် လက်ဆက်ပေးပြီး ဂိုဏ်းနှစ်ဂိုဏ်း ပူးပေါင်းသွားတဲ့ သတင်းက ကျင့်ကြံသူ လောကမှာ ဟိုးလေးတကျော်ကို ဖြစ်နေတာပဲ"

ထိုက်စု နတ်ဘုရားဂိုဏ်းမှာ နှစ်ပေါင်း တစ်သောင်းကျော်ကြာ ထင်ရှား ကျော်ကြားခဲ့သည့် အဓိက နတ်ဘုရား ဂိုဏ်းကြီး တစ်ခုဖြစ်လေသည်။ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းမှာလည်း လက်ရှိ အချိန်တွင် တန်ခိုးစွမ်းအား မြင့်မားနေလေ သည်။ ထို့ကြောင့် ထိုက်စု နတ်ဘုရားဂိုဏ်းနှင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်း ပူးပေါင်းသည့် သတင်းကြားရသည့် အခါ ကျင့်ကြံသူ လောက တစ်ခုလုံးကို တုန်လှုပ် သွားကြရခြင်း ဖြစ်လေသည်။

ထိုက်စု နတ်ဘုရားဂိုဏ်းတွင် နတ်ဘုရား သုံးပါးရှိပြီး ကွမ်းချင်းနတ်ဘုရားဂိုဏ်းတွင် နတ်ဘုရားငါးပါး ရှိလေသည်။ ဂိုဏ်းနှစ်ဂိုဏ်းပေါင်းလျှင် နတ်ဘုရားရှစ်ပါး ဖြစ်သွားမည် ဖြစ်လေသည်။ နတ်ဘုရားရှစ်ပါး ပေါင်းစည်းသည့် အင်အားမှာ ကြောက်စရာ ကောင်းလွန်းလှပြီး ရွှမ်ထျန်း ဂိုဏ်းကိုပင် စိန်ခေါ်နိုင်မည့် အနေအထား ဖြစ်လေသည်။

“ကျွန်တော့်ကြောင့် ဖြစ်ရတာပါ”

ဆန်းလျန် သက်ပြင်းချရင်း ပြောလိုက်သည်။

ဆန်းလျန်က ရော့ရှီလေးကို ထိုက်စု နတ်ဘုရားဂိုဏ်းမှ ကယ်တင်ခဲ့သည့် အဖြစ်အပျက်များ အားလုံးကို ကူးချိုင်ဝေ့ကို စိတ်စွမ်းအား အသုံးပြုကာ သတင်းပို့ပြီးပြီ ဖြစ်လေသည်။ ထို့ကြောင့် ကူးချိုင်ဝေ့ ကလည်း ဖြစ်ကြောင်း ကုန်စင်ကို သိထားလေသည်။

သို့သော် ကူးချိုင်ဝေ့က မောင်ငယ်ဖြစ်သူကို အပြစ်တင်ခြင်း အလျဉ်းမရှိခဲ့ပါ။

“မင်းနေရာမှာ အစ်မဆိုလည်း ဒီလိုပဲ လုပ်မိမှာပါပဲ၊ ပြီးတော့ ဆရာဘွားဘွား လီချင်းဆွေနဲ့ ဆရာဘွားဘွား ကျိလင်တို့ ငယ်ငယ်တုန်းက ဆိုရင် မင်းထက်တောင် ပြဿနာ ရှာကြသေးတယ်၊ ဆရာသခင်ပိယွင် ပြောပြတာ အရဆိုရင် ဆရာဘွားဘွားချင်းဆွေက ငယ်ငယ်တုန်းက လူမုန်း များသလား မမေးနဲ့၊ လောကနတ်ဘုရား ဆယ်ပါးလောက် သူ့ဆီရောက်လာပြီး ပြဿနာ လာရှင်းကြတဲ့ အထိပဲ၊ ကောင်းတဲ့ နတ်ဘုရားတွေရော၊ ဆိုးတဲ့ နတ်ဘုရားတွေရောပဲတဲ့၊ ဒါပေမဲ့ အစ်မတို့ ချင်းရွှမ်နတ်တံခါးက အားလုံးကို ဖြေရှင်းနိုင်ခဲ့ပါတယ်”

ဆန်းလျန်မှာ ဆရာဘွားဘွား လီချင်းဆွေ အကြောင်းကို မှတ်တမ်း စာပေများထဲတွင် များစွာ ဖတ်ဖူးလေသည်။ သို့သော် လောကနတ်ဘုရား ဆယ်ပါးဖြင့် ပြဿနာတက်သည့် အကြောင်းကိုတော့ ယခုမှသာ ကြားဖူးခြင်း ဖြစ်လေသည်။

“ဒီအကြောင်း အခုမှပဲ ကြားဖူးတော့တယ်”

ဆန်းလျန်က ပြောလိုက်သည်။

“အချို့ကိစ္စတွေက စာအုပ်တွေထဲမှာ ရေးမထားဘူးလေ၊ အချို့လျှို့ဝှက် စာအုပ်တွေကလည်း ဆရာဦးလေး ယန်ရွှီးကြောင့် ဖျက်ဆီး ခံလိုက်ရသေးတယ်၊ မင်းက ချင်းရွှမ် နတ်တံခါးရဲ့ ဂိုဏ်းချုပ်ဆိုတော့ အစ်မထက်ပိုပြီး ဗဟုသုတ ကြွယ်ဝပါတယ်၊ မင်းသာ နတ်ဘုရား တစ်ပါးဖြစ်သွားရင် ထျန်းတိကျန်းကနေ တစ်ဆင့် အတိတ်နဲ့ အနာဂတ်ကို သိမြင်နိုင်လိမ့်မယ်၊ ဒါဆိုရင် လောကမှာ မင်းမသိတဲ့အရာ ဘာမှ မရှိတော့ဘူး”

ကူးချိုင်ဝေ့က ပြုံးရင်း ပြောလိုက်သည်။

ဆန်းလျန်က ထျန်းတိကျန်း အကြောင်းကို အခြားသူများထက် ပိုသိသူ ဖြစ်လေသည်။ ထျန်းတိကျန်းသည် ချင်းရွှမ်နတ်တံခါး၏ အဖိုးအတန်ဆုံးသော မှော်ဝင်ပစ္စည်း ဖြစ်လေသည်။ သို့သော် ဆရာသခင် ကျန်းရော့ရွှီး၏ လက်ထက်တွင်ပင် ထျန်းတိကျန်း၏ စွမ်းအား အကုန်လုံးကို ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့ပြင် ထျန်းတိကျန်းသည် ပြီးပြည့်စုံမှုလည်း မရှိသေးပေ။

ဆန်းလျန်က…

“ကျွန်တော် ကျင့်စဉ် ကျင့်ကြံဖို့ လိုသေးတယ်၊ ခုလောလောဆယ်မှာတော့ အများကြီး သိထားလည်း ဘာမှ လုပ်လို့ မရသေးပါဘူး”

“အမှန်ပဲ၊ ပြီးတော့ ဆရာဘိုးဘိုးက မင်းဒီနေ့ ပြန်ရောက်လာမယ်လို့ ပြောနေတယ်၊ သူက မင်းပြန်လာတာနဲ့ သူ့ကို တွေ့ဖို့ လာခဲ့ပါလို့ မှာခိုင်းထားတယ်"

ကူးချိုင်ဝေ့က ပြန်ပြောလိုက်သည်။

ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…

“အခုပဲ သွားလိုက်ပါ့မယ်"

ဆရာဘိုးဘိုးဆိုသည်မှာ ထိုက်ဝေ့ထိုင် ခန်းမဆောင်မှ နတ်ဘုရား အဘိုးအိုကို ပြောခြင်း ဖြစ်လေသည်။

ထိုနတ်ဘုရား အဘိုးကြီးမှာ အလွန်မှ ရှေးကျပြီဖြစ်သည့် နတ်ဘုရားကြီး တစ်ပါး ဖြစ်လေသည်။ သူ၏နာမည်ကိုပင် မည်သူမျှ မမှတ်မိကြတော့ပေ။ သို့သော် ချင်းရွှမ်နတ်တံခါး၏ မှတ်တမ်းများတွင်တော့ ထိုနတ်ဘုရား အဘိုးအိုကို “ထျန်းယန်စန်းကျွင်းဘိုးဘိုး” ဟု ခေါ်ကြလေသည်။

သို့သော် ဆရာဘိုးဘိုးက ထိုနာမည်ကို ခေါ်ဆိုခြင်း မပြုရန် တားမြစ် ထားလေသည်။ ဆရာဘိုးဘိုးသည် ထိုနာမည်ကို ကြားရလျှင် အတိတ်ဆိုးများကို ပြန်လည် အမှတ်ရဟန် ရှိလေသည်။

ကျီဖူတောင်ထိပ်…

ထိုက်ဝေ့ထိုင် ခန်းမဆောင်….

“လူကလေးဆန်းလျန်၊ မင်းတောင် ဖော့ဝမ့်အဆင့် တက်ရောက် နိုင်ခဲ့ပြီပဲ၊ အဲဒီတော့ ဘယ်လို ခံစားရလဲ”

နတ်ဘုရားအဘိုးအိုက သူ၏ အိပ်ငိုက်နေဟန် ရှိသည့် မျက်လုံးများကို ဖွင့်ကြည့်ရင်း မေးလိုက်လေသည်။

ဆန်းလျန်သည် နတ်ဘုရား အဘိုးအိုကို မြင်လိုက်ရသည့် အခါ များစွာ အံ့သြ သွားရလေသည်။

အဘိုးအို၏ ဆံပင်ဖြူများမှာ အတော်များများ ကျွတ်နေပြီ ဖြစ်သည်။ မျက်ခုံးမွေးများမှာလည်း တစ်ဝက်တစ်ပျက် ပျောက်ကွယ် နေလေသည်။ ထို့ပြင် အဘိုးအိုသည် များစွာ ပိန်သွားပြီး ငရဲမှ တစ္ဆေတစ်ကောင် အလား ကြောက်မက်ဖွယ်ရာ ပုံသဏ္ဌာန် ဖြစ်နေလေသည်။

ဆန်းလျန်က အဘိုးအိုကို ရိုသေစွာ ဦးညွတ်လိုက်ရင်း…

“ဆရာဘိုးဘိုး၊ ဘာများဖြစ်လို့လဲ”

ဟု မေးလိုက်လေသည်။

အဘိုးအိုကတော့ သူ့အခြေအနေကို စိတ်အနှောင့်အယှက် ဖြစ်သည့်ပုံ မပေါ်ပေ။

သူက အေးဆေးသည့် လေသံဖြင့်…

“ကျင့်စဉ်လမ်း အစစ်ဆေးခံရတာပဲ၊ ကျုပ်က ဒါကို ရွှေ့ဆိုင်း ထားခဲ့ပေမယ့် နောက်ဆုံးတော့ ရောက်လာခဲ့ပြီ၊ ဒါပေမဲ့ နတ်ဘုရားပေါင်း များစွာမှာ ကျုပ်အဆင့်ကို ဘယ်သူမှ မရောက်နိုင်ကြဘူး”

"လောက နတ်ဘုရားတွေကလည်း ဒီလို ဘေးအန္တရာယ်တွေနဲ့ အစစ်ဆေး ခံရတာပဲလား"

ဆန်းလျန်က မေးလိုက်သည်။

ဆန်းလျန်အမေးကြောင့် နတ်ဘုရား အဘိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"ကျုပ်က အသက်လည်း ကြီးမလာသလို သေလည်းမသေနိုင်ဘူး၊ ဒါပေမဲ့ ကျုပ်က မိုးနဲ့မြေကိုလည်း စွန့်ခွာသွားလို့ မရဘူး၊ ဒီ ဘေးအန္တရာယ်က နှစ်ပေါင်းများစွာ မိုးနဲ့မြေမှာ နေခဲ့တဲ့ အတွက်ကြောင့် ရင်ဆိုင်ရတဲ့ ကံတရားပါပဲ"

အဘိုးအို စကားကြောင့် ဆန်းလျန် ငြိမ်သက် သွားလေသည်။ နတ်ဘုရား အဘိုးအို၏ စကားမှာ မှန်ကန်လေသည်။ ကျင့်ကြံသူ တစ်ယောက်သည် မိုးမြေကို နာခံလျှင် လူသား တစ်ယောက်မျှသာ ဖြစ်ပေမည်။ မိုးမြေကို ဆန့်ကျင်လျှင်တော့ နတ်ဘုရား တစ်ပါး ဖြစ်လာပေလိမ့်မည်။

လူသားရယ်လို့ ဖြစ်လာပါက မွေး၊ အို၊ နာ၊ သေ သံသရာ စက်ဝန်းမှ လွတ်မည် မဟုတ်ပေ။ နောက်ဆုံး မြေမှုန့်ဘဝဖြင့် အဆုံးသတ်ရမည် ဖြစ်လေသည်။

သို့သော် ကျင့်ကြံသူများကတော့ မိုးမြေစွမ်းအားနှင့် အသက်ဓာတ် စွမ်းအားများကို စုပ်ယူကာ ထာဝရ အသက်ကို ရရှိအောင် ကျင့်ကြံခဲ့ကြလေသည်။ သို့သော် လူသားက သဘာဝတရားကို ဆန့်ကျင်ကာ ထာဝရ အသက်ရအောင် ကျင့်ကြံသည့် အတွက် မိုးနှင့်မြေတွင် ဆိုးကျိုးကို ဖြစ်ပေါ် စေလေသည်။

လောက နတ်ဘုရားများက အိုခြင်း၊ သေခြင်း ကင်းဝေးသလို တန်ခိုးစွမ်းအား များကလည်း အဆုံးမရှိ ကြီးမားလေသည်။ သူတို့၏ မိုးနှင့်မြေကို ဆန့်ကျင်ခြင်းသည် သဘာဝ တရားကြီးကို ဓားထက်ထက်များဖြင့် ဖျက်ဆီးနေသကဲ့သို့ ဖြစ်လေသည်။ ထို့ကြောင့် နန်ဟွာကျမ်းစာတွင် ရေးသားထားသည်မှာ -

"ကျင့်ကြံသူတွေ အသက်ရှင်နေသရွေ့ သဘာဝ တရားများကို ခိုးယူ နေကြဦးမည်"

ဟူ၍ ဖြစ်လေသည်။

နတ်ဘုရား အဘိုးအိုက ဆက်ပြောလေသည်။

"ဖော့ဝမ့် အဆင့် အောင်မြင်ပြီးရင် မူလဝိညာဉ်ခန္ဓာကို ရလိမ့်မယ်၊ မူလဝိညာဉ် ခန္ဓာရပြီးတဲ့ နောက်ပိုင်း ကျင့်စဉ်လမ်းမှာ အစစ်ဆေးခံရတဲ့ ဘေးအန္တရာယ် သုံးခုရှိတယ်၊ စစ်ဆေးခံရမှု ပြီးတိုင်း မင်းကိုယ်မင်း ပိုပြီး အားကြီးလာမယ်လို့တော့ ဘယ်တော့မှ မမျှော်လင့်လေနဲ့၊ အဲဒီလို စစ်ဆေး ခံရမှုတွေ မင်းတကယ်တမ်း ရင်ဆိုင်ရပြီဆိုရင် ကျုပ်ကို လာတိုင်ပင်လို့ ရပါတယ်၊ ကျုပ်မရှိတော့ဘူး ဆိုရင် ကျိလင်ကို မေးကြည့်ပါ၊ ကျင့်စဉ်လမ်းနဲ့ ပတ်သက်ရင် နောက်ပိုင်းကျ ကျိလင်က ကျုပ်ထက်တောင် သာချင်သာသွားဦးမှာ၊ ခုချိန်မှာတော့ ဒီအကြောင်းတွေကို မင်းကို ပြောပြလို့ မရသေးဘူး၊ ဒါနဲ့ ဒီတစ်ခေါက် အပြင်ကို သွားတော့ ယန်ရွှီးနဲ့ တွေ့ခဲ့တယ် မဟုတ်လား"

နတ်ဘုရားအဘိုးအိုက စကားလမ်းကြောင်း ပြောင်းကာ ယန်ရွှီး အကြောင်းကို ပြောလိုက် လေသည်။

"သူက ချင်းရွှမ် နတ်တံခါးအကြောင်း အကုန်သိထားတဲ့ သူပဲ၊ ကျွန်တော် သူ့ကို နိုင်အောင် မတိုက်ခိုက်ခဲ့နိုင်ဘူး"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

"မင်းလား သူ့ကိုနိုင်အောင် တိုက်နိုင်မှာ၊ မင်းသာ သူ့ကို နိုင်အောင် တိုက်နိုင်ရင် ကျိလင်တောင် သူ့ကိုယ်သူ သတ်သေသွားဦးမယ်၊ သူနဲ့ ရင်ဆိုင်ရလို့ မင်းသိပ်အများကြီး ဒဏ်ရာ ရမသွားတာပဲ ကျေးဇူးတင်ရမယ်၊ ဒါပေမဲ့ ယန်ရွှီး မင်းအသက် အရွယ် လောက်တုန်းက မင်းလောက် မတော်ပါဘူးကွာ"

စကားပြောလေ့ မရှိသော အဘိုးအိုသည် ယခုတစ်ကြိမ်တွင်တော့ စကားများစွာ ပြောနေလေသည်။

ဆန်းလျန်မှာ အဘိုးအိုကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေလေသည်။

အဘိုးအို၏ ပုံစံမှာ များစွာပြောင်းလဲနေပြီး သေခါနီး လူတစ်ယောက်အလား ထင်မှတ် ရလေသည်။

"နေပါဦး၊ ကျုပ်က သေခါနီးမို့လို့ စကားတွေ အများကြီး ပြောနေတယ်လို့ မင်းက တွေးနေတာလား"

အဘိုးအိုက ဆန်းလျန်၏ စိတ်ကို သိနေသည့်အလား မေးခွန်း ထုတ်လိုက်သည်။

"ဆန်းလျန် မထင်ရဲပါဘူး"

ဆန်းလျန်က ပျာပျာသလဲ ပြန်ဖြေလိုက်သည်။

ဆန်းလျန် အဖြေကြောင့် အဘိုးအိုက ရယ်မော လိုက်လေသည်။

အဘိုးအိုမှာ အလွန်ပိန်လှီ နေသည့် အတွက် သူရယ်လိုက်သည့် အခါ ပါးရိုးများမှာ ငေါထွက် လာလေသည်။ အဘိုးအို၏ အပြုံးမှာ ကြောက်မက်ဖွယ်ရာ ဖြစ်နေသော်လည်း ဆန်းလျန်က ကြောက်ရွံ့မိခြင်း မရှိပါ။

"အောင်မြင်မှု ရသွားတဲ့ အချိန်ကျတော့ အောင်မြင်မှုရအောင် ကြိုးစားခဲ့ရတာတွေကို မေ့သွား ကြတာပေါ့ကွာ၊ သေခြင်းတရားက ကြောက်စရာ ကောင်းတယ်လို့ မင်းက ထင်နေတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သေခြင်းတရားရဲ့ နိယာမကို မင်းက မသိသေးလို့ပဲ၊ ကျုပ်လည်း မသိခဲ့ဘူးကွ၊ ဒါကြောင့်လည်း ကျုပ်က ရော့ရွှီးနဲ့ ယန်ရွှီးကို နာကျင်စေခဲ့မိတယ်၊ ခုချိန်မှာ မင်းကို နာကျင်အောင် မလုပ်မိတာပဲ ကျေးဇူး တင်ရဦးမယ်"

နတ်ဘုရား အဘိုးအို၏ စကားများ နောက်ကွယ်တွင် အဓိပ္ပာယ်များစွာရှိသည်ဟု ဆန်းလျန် ခံစား လိုက်မိလေသည်။ ဆန်းလျန်က အဘိုးအိုကို မေးကြည့်မည်ဟု ကြံရွယ် လိုက်မိစဉ်မှာပင် အဘိုးအိုက ဆန်းလျန်ဆီသို့ လက်ညှိုးတစ်ချက် ညွှန်ပြ လိုက်လေသည်။

မိုးမြေတစ်ခုလုံး ချာချာလည်သွားပြီး ဆန်းလျန်သည် မွှေးရနံ့များ သင်းပျံ့နေသည့် မက်မွန်တော တစ်ခုအတွင်းသို့ ရောက်ရှိ သွားလေတော့သည်။

***

All Chapters