← Chapters

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အပိုင်း (၅၀၈) အချစ်တော်သစ် (၄)

စူးရော့သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရှေ့တွင် ဒူးထောက်နေပြီး ခေါင်းကိုပင် မမော့ရဲချေ။

ယခင်ဘဝက အမှတ်တရထဲတွင် နန်းတော်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာသည့် ပုံစံနှင့် ထပ်တူပင် ဖြစ်လေသည်။

ဒါက စူးမိသားစုရဲ့ သွေးထဲမှာ စီးဆင်းနေတဲ့ နှိမ့်ချမှု တစ်မျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကွယ်လွန်သွားတဲ့ စူးဖေးလိုပဲ မျက်ရည်ခံထိုးတာက ဟန်ဆောင်နေတာ သက်သက်တော့ မဟုတ်ဘူး။

သို့သော် ထိုနှိမ့်ချမှု၏ အောက်တွင် စည်းစိမ်ဥစ္စာနှင့် ဂုဏ်အရှိန်အဝါကို မက်မောပြီး အရာအားလုံးကို စွန့်လွှတ်ရဲသော စိတ်ဓာတ်နှင့် တဖြည်းဖြည်း ကြီးထွားလာမည့် ရည်မှန်းချက်ကြီးမားသော အမှောင်ထုတို့ ရှိနေကြသည်။

လုမင်ယွိသည် စူးရော့ကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။

ဘေးနားရှိ ချောင်မိဖုရားခေါင်က ထိုအကြည့်များကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။

ချောင်မိဖုရားခေါင်က လုမင်ယွိကို နူးညံ့စွာ ပြောလိုက်သည်။ "မင်းက ကိုယ်ဝန်ရှိနေတဲ့သူပဲ။ ကိုယ်ဝန်ကို ဂရုစိုက်ရမယ်။ ဒီလို ကိစ္စအသေးအဖွဲလေးအတွက်နဲ့ ဒေါသထွက်နေဖို့ မတန်ပါဘူး"

လုမင်ယွိက အကြည့်ကို ပြန်လွှဲလိုက်ပြီး ချောင်မိဖုရားခေါင်ကို ပြုံးပြလိုက်လေသည်။ "မူဟုပ် ပြောတာ မှန်ပါတယ်။ ကျွန်မက စိတ်ဆတ်ပြီး ဒေါသထွက်လွယ်တဲ့ စိတ်ဓာတ်ကို ဘယ်လိုမှ ပြင်လို့မရဘူး ဖြစ်နေတာ"

ချောင်မိဖုရားခေါင်သည် ရင်ထဲတွင် နွေးထွေးသွားပြီး လေသံက ပိုမိုပျော့ပျောင်းလာခဲ့သည်။ "စိတ်မပူပါနဲ့။ အနောက်နန်းဆောင်မှာ ကွေ့ရန်တစ်ယောက် တိုးလာတာက ပန်ကုံးအတွက်တော့ ကိစ္စကြီး တစ်ခု မဟုတ်ပါဘူး။ ဒီသတင်း အပြင်ကို ပြန့်သွားရင် ဂုဏ်သိက္ခာကျရမယ့်သူက ပန်ကုံးမှ မဟုတ်တာ"

ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော စူးရော့သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာတွင် ရှက်ရွံ့မှုများ အပြည့်ဖြစ်ကာ မျက်ရည်များက တစ်စက်ပြီးတစ်စက် ကျဆင်းလာတော့သည်။

သူမသည် ရည်ရွယ်ချက်ရှိရှိဖြင့် နဂါးပျံကုတင်ပေါ်သို့ တက်ရောက်ခဲ့ခြင်း မဟုတ်ပေ။ သူမ အစက ထင်မှတ်ထားခဲ့သည်မှာ သူမနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူသည် ဝမ်းကွဲအစ်ကို လီဟောက်ဟုသာ...

သို့သော် ယခုအချိန်တွင် လှေက ကမ်းနားမှ ထွက်ခွာသွားပြီ ဖြစ်သဖြင့် အမှားကို အမှားအတိုင်း ဆက်လက် လုပ်ဆောင်ရုံသာ ရှိတော့သည်။ ဤကဲ့သို့သော ဆင်ခြေပေးသည့် စကားများကို မည်သည့်အခါကမှ ထုတ်ပြောနိုင်တော့မည် မဟုတ်ပေ။

စူးရော့သည် အသံတိတ် ရှိုက်ငိုနေပြီး ပခုံးနှစ်ဖက်က တုန်ခါနေသည်မှာ မိုးရေစိုနေသော သစ်တော်ပန်းလေး တစ်ပွင့်အလား သနားကရုဏာ သက်ဖွယ်ကောင်းလှသည်။

ချောင်မိဖုရားခေါင်သည် စူးရော့ကို တစ်ချက် စွေကြည့်လိုက်ပြီး မျက်လုံးထဲတွင် ရွံရှာသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဒီစူးရော့က ဟိုတုန်းက စူးဖေးထက် ပိုလှပြီး ပို "နူးညံ့" တယ်။ ပြီးတော့ အပျိုစင်ဘဝနဲ့ ယုံးကျားဧကရာဇ်နောက်ကို လိုက်ခဲ့တာ။ ယုံးကျားဧကရာဇ်ရဲ့ အချစ်ကြီးတဲ့ စိတ်နဲ့ဆိုရင် သေချာပေါက် အချိန်အတိုင်းအတာ တစ်ခုအထိ မြှောက်စားထားဦးမှာပဲ။

သူမအနေဖြင့် သတိပေးစကား အနည်းငယ် ပြောဆိုခြင်းမှာ ကိစ္စမရှိသော်လည်း အလွန်အကျွံ လုပ်ဆောင်ရန် မသင့်ပေ။ သို့မဟုတ်ပါက ယုံးကျားဧကရာဇ်နှင့် ထပ်မံ ပဋိပက္ခ ဖြစ်ပွားနိုင်လေသည်။ မည်သို့ပင်ဖြစ်စေ သူမသည် ယုံးကျားဧကရာဇ်နှင့် အတူမအိပ်တော့သည်မှာ ကြာပြီဖြစ်၍ ယုံးကျားဧကရာဇ် ဘယ်သူနှင့် အိပ်အိပ် ဂရုမစိုက်တော့ပေ။

"စူးရော့" ချောင်မိဖုရားခေါင်က ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။ "ပန်ကုံး မင်းကို ဒီခေါ်လိုက်တာက ကိစ္စနှစ်ခု ပြောစရာရှိလို့ပဲ။ ပထမကိစ္စက အရှင်မင်းကြီးက မင်းကို ရာထူးတိုးပေးမယ်တဲ့။ ပန်ကုံး ဒီနေ့ပဲ အမိန့်တော်ပြန်တမ်း ထုတ်ပြီး မင်းကို ကွေ့ရန်အဖြစ် ခန့်အပ်လိုက်မယ်"

စူးရော့က လက်မောင်းဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး ခေါင်းညွတ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။ "ဟွမ်ဟုပ်ညန်ညန်ကို ကျေးဇူးတင်ပါတယ်"

ယုံးကျားဧကရာဇ်သည် သူမကို နန်းတော်ထဲသို့ ခေါ်ဆောင်လာစဉ်က တရားဝင် ရာထူးတစ်ခု ပေးမည်ဟု ကတိပေးခဲ့သည်။

သူမသည် အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သဖြင့် အခြားသူနှင့် လက်ထပ်၍ မရတော့ပေ။ အနောက်နန်းဆောင်မှ တရားဝင် ကိုယ်လုပ်တော်တစ်ဦး ဖြစ်လာခြင်းသည်သာ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်တော့သည်။

ချောင်မိဖုရားခေါင်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။ "ဒုတိယကိစ္စက မင်း အရှင်မင်းကြီးနဲ့ ဘယ်လို နီးစပ်သွားလဲ။ ဘယ်လို မျက်နှာသာပေးခံရလဲ ဆိုတာ မင်းစိတ်ထဲမှာ အသိဆုံးပဲ ဖြစ်မှာပါ။ ဒီကိစ္စက အစကနေ အဆုံးထိ နန်းတွင်းစည်းမျဉ်းတွေနဲ့ မကိုက်ညီဘူး။ အရင်တုန်းက ကိစ္စတွေကို ပန်ကုံး အပြစ်မတင်တော့ဘူး။ ဒီနေ့က စပြီး မင်း နန်းတွင်းစည်းမျဉ်းတွေကို လိုက်နာရမယ်။ တကယ်လို့ စည်းကျော်တာမျိုး ရှိခဲ့ရင် ပန်ကုံး မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး"

စူးရော့သည် တွန့်ဆုတ်သွားပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ"

လုမင်ယွိက ချောင်မိဖုရားခေါင်ကို ပြောလိုက်သည်။ "စူးကွေ့ရန်က နန်းတော်ထဲ အခုမှ ရောက်လာတာဆိုတော့ နန်းတွင်းစည်းမျဉ်းတွေကို နားမလည်သေးဘူး။ မူဟုပ်အနေနဲ့ စည်းကမ်းထိန်းသိမ်းရေး မားမားတစ်ယောက်လောက် ပေးပြီး စူးကွေ့ရန်ကို သင်ကြားပေးခိုင်းလိုက်ပါလား"

ချောင်မိဖုရားခေါင်သည် အနောက်နန်းဆောင်ကို အုပ်ချုပ်ရသည့် မိဖုရားခေါင် ဖြစ်သည့်အလျောက် လူသစ်တစ်ယောက်အတွက် စည်းကမ်းထိန်းသိမ်းရေး မားမားတစ်ယောက် စေလွှတ်ပေးခြင်းသည် သင့်လျော်သော ကိစ္စပင်ဖြစ်သည်။ ယုံးကျားဧကရာဇ်ပင်လျှင် အပြစ်ရှာစရာ ရှိမည်မဟုတ်ပေ။

ချောင်မိဖုရားခေါင်သည် လုမင်ယွိကို သဘောကျစွာ ကြည့်လိုက်လေသည်။ "ပန်ကုံး မေ့တော့မလို ဖြစ်သွားတယ်။ မင်း ပြောလိုက်မှ ပန်ကုံး သတိရတော့တယ်။ စူးကွေ့ရန်ကို စည်းကမ်းဆိုတဲ့ စကားလုံးနှစ်လုံး ကောင်းကောင်း နားလည်သွားအောင် သေချာ သင်ကြားပေးဖို့ လိုအပ်တာပဲ"

စည်းကမ်းဟူသော စကားလုံး တစ်လုံးချင်းစီက စူးရော့ကို ရှက်ရွံ့စေပြီး မြေကြီးထဲ တိုးဝင်ချင်စိတ် ပေါက်သွားစေသည်။

ချောင်မိဖုရားခေါင်သည် သတိပေးဆုံးမခြင်း ပြီးဆုံးပြီ ဖြစ်သဖြင့် စူးရော့ကို ပြန်ခိုင်းမည် ပြုစဉ် နန်းတွင်းသူတစ်ဦး ဝင်ရောက်လာပြီး သတင်းပို့လေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်... မုန့်ဖေးညန်ညန် လာရောက် တွေ့ဆုံခွင့် တောင်းခံနေပါတယ်"

အနောက်နန်းဆောင်သည် သေးသည်ဟု ဆိုလျှင်လည်း မသေးသလို ကြီးသည်ဟု ဆိုလျှင်လည်း သိပ်မကြီးလှပေ။

လူသစ်တစ်ယောက် နန်းတော်ထဲ ဝင်ရောက်လာသည့် ကိစ္စကို ချင်ဖေးပင် သိရှိနေလျှင် မုန့်ဖေးက မည်သို့ မသိဘဲ နေပါမည်နည်း။ အစက သည်းခံပြီး မလာဘဲ နေခဲ့သော်လည်း ယခု ချောင်မိဖုရားခေါင်က လူသစ်ကို ကျောင်းဖန်နန်းဆောင်သို့ ခေါ်ယူလိုက်သည်ဟု ကြားသိရသောအခါ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ရောက်ရှိလာခြင်း ဖြစ်သည်။

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လုမင်ယွိနှင့် အကြည့်ချင်း ဖလှယ်လိုက်ကာ ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "မုန့်ဖေးကို ဝင်ခွင့်ပေးလိုက်"

...

တောက်ပသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် မုန့်ဖေးသည် ဖြည်းညှင်းစွာ လျှောက်လှမ်း ဝင်ရောက်လာပြီး ချောင်မိဖုရားခေါင်ကို ဦးစွာ ဂါရဝပြုလိုက်သည်။

ချောင်မိဖုရားခေါင်က မျက်နှာထား မပျက်ဘဲ ပြောလိုက်လေသည်။ "ထလိုက်ပါ! မင်းက ရုတ်တရက်ကြီး ဘာကိစ္စ ရှိလို့ လာတွေ့တာလဲ"

မုန့်ဖေးက ဟက်ခနဲ ရယ်မောလိုက်သည်။ "ချန်ချဲ့ ကြားတာတော့ နန်းတော်ထဲမှာ လူသစ် ရောက်နေတယ်ဆိုလို့။ အထူးတလည် လာကြည့်တာပါ"

ဒါက စိတ်ထဲမှာ မကျေနပ်လို့ တမင်သက်သက် လာပြီး ခြိမ်းခြောက်တာပဲ!

လုမင်ယွိက စိတ်ထဲတွင် သဘောကျသွားပြီး လက်ပိုက်ကာ ပွဲကြည့်ရန် ပြင်လိုက်တော့သည်။

မုန့်ဖေး၏ မျက်လုံးထောင့်နှင့် မျက်ခုံးများတွင် အရေးအကြောင်းများ ပေါ်နေပြီဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်အတွင်း မိတ်ကပ်လိမ်းခြယ်မှုမှာလည်း ပိုမိုထူထဲလာကာ အနည်းငယ် ရိုင်းစိုင်းသော အလှမျိုး ဖြစ်လာသည်။ သူမသည် မျက်လုံးထောင့်ကို ပင့်တင်လိုက်ပြီး ငယ်ရွယ်နုပျို လှပသော စူးရော့ကို စွေကြည့်လိုက်ကာ စကားလုံးများက ရင့်သီးလာတော့သည်။

"ချန်ချဲ့ စိတ်ထဲမှာလည်း ထူးဆန်းနေတာ။ ဘယ်လို မိန်းမလှလေးမျိုးမလို့ အရှင်မင်းကြီး စွဲလမ်းသွားပြီး စည်းကမ်းတွေကိုတောင် ဂရုမစိုက်ဘဲ ဒီအတိုင်း နန်းတော်ထဲ ခေါ်လာတာလဲလို့။ ဒီနေ့ တွေ့လိုက်ရတော့မှ တကယ်ပဲ သာမန်မဟုတ်ဘူး ဆိုတာ သိလိုက်ရတော့တယ်"

"ကြည့်ပါဦး... ဒီကိုယ်လုံးကိုယ်ပေါက်၊ ဒီရုပ်ရည်သွင်ပြင်က ကွယ်လွန်သွားတဲ့ စူးဖေးနဲ့ ငါးပုံပုံ တစ်ပုံလောက် တူနေတာပဲ"

"အရှင်မင်းကြီးက စူးဖေးကို လွမ်းဆွတ်တသ ဖြစ်နေတာ။ အခု ပိုငယ်ရွယ်ပြီး ပိုလှပတဲ့သူကို တွေ့လိုက်တော့ ဘယ်လိုလုပ် စိတ်ထိန်းနိုင်တော့မှာလဲ"

"ပြောရမယ်ဆိုရင် ဆွေမျိုးတော်စပ်ပုံက နည်းနည်း လွဲနေသလိုပဲ။ ဒီစူးသခင်မလေးက စူးဖေးရဲ့ တူမလေ။ တတိယမင်းသားရဲ့ ညီမဝမ်းကွဲလည်း ဖြစ်တယ်။ အရှင်မင်းကြီးကို ဦးလေးလို့ ခေါ်ရင်တောင် မမှားဘူး မဟုတ်လား။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ နဂါးပျံကုတင်ပေါ်ကို ရောက်လာခဲ့တယ်။ ကျွတ်... ကျွတ်... တကယ်ပဲ အောက်တန်းစား မျိုးနွယ်က လာတဲ့သူတွေက ဘာမဆို လုပ်ရဲကြတာပဲ!"

မုန့်ဖေးသည် ရောက်လာသည်နှင့် စူးရော့၏ မျက်နှာဖုံးကို ခွာချလိုက်တော့သည်။

စူးရော့၏ မျက်နှာသည် နီရဲလာပြီး မျက်ရည်များက မျက်ဝန်းအိမ်ထဲမှ လျင်မြန်စွာ စီးကျလာတော့သည်။ သို့သော် ပြန်လည်ချေပရန် အားမရှိပေ။

အကြောင်းကလည်း မုန့်ဖေး ပြောသမျှ စကားတိုင်းသည် အမှန်တရားများ ဖြစ်နေသောကြောင့်ပင်။

သူမသည် ထူးဆန်းသော လက်ဖက်ရည်ကို သောက်မိပြီး အသိစိတ် လွတ်သွားခြင်း ဖြစ်ကြောင်းကို မပြောနိုင်သလို သူမ နီးစပ်ချင်ခဲ့သောသူမှာ လီဟောက် ဖြစ်ကြောင်းကိုလည်း ပို၍ပင် မပြောနိုင်ပေ။ ထို့ကြောင့် မုန့်ဖေး၏ စော်ကားမှုများကို ငြိမ်ခံနေရုံသာ ရှိတော့သည်။

ချောင်မိဖုရားခေါင်နှင့် မုန့်ဖေးတို့သည် နှစ်ပေါင်းများစွာ ရန်ဘက် ဖြစ်ခဲ့ကြသော်လည်း ပထမဆုံးအကြိမ်အဖြစ် မုန့်ဖေးတွင်လည်း ကောင်းကွက် ရှိသည်ဟု ခံစားလိုက်ရသည်။ ဤကဲ့သို့ ဂုဏ်သိက္ခာမရှိသော်လည်း စိတ်ကျေနပ်စရာကောင်းသော စကားများကို သူမအနေဖြင့် ပြောဆိုရန် မသင့်တော်သော်လည်း မုန့်ဖေးကတော့ ပြောထွက်လေသည်။

လုမင်ယွိသည် စူးရော့ အရှက်ခွဲခံနေရသည်ကို အေးအေးဆေးဆေး ကြည့်ရှုနေလိုက်သည်။

မုန့်ဖေးသည် ဒေါသ မပြေနိုင်သေးသဖြင့် ဟန်ဆောင်ပြုံးလိုက်ပြီး ဆက်လက် ပြောဆိုလေသည်။ "ဟိုတုန်းက စူးဖေးကို ကွမ်းပင်းနယ်စားက အရှင်မင်းကြီးဆီ ဆက်သခဲ့တာ။ အခု စူးသခင်မလေးကတော့ တတိယမင်းသားအိမ်တော်မှာ အရှင်မင်းကြီးရဲ့ အချစ်တော် ဖြစ်လာခဲ့တာ။ တတိယမင်းသားက ဒီကိစ္စကို လုပ်လိုက်တာ တကယ်ပဲ မသင့်တော်ဘူး"

"ဒါနဲ့ စကားမစပ်... စူးသခင်မလေးက အိမ်ထောင်မကျသေးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပြီးတော့ ဘယ်လိုလုပ် တတိယမင်းသားအိမ်တော်ရဲ့ အတွင်းဆောင်ထဲကို ရောက်နေရတာလဲ။ ဒီကိစ္စမှာ တခြား အကြောင်းရင်းတွေများ ရှိနေမလား"

စူးရော့သည် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ရင်ထဲမှ ထိတ်လန့်မှုများသည် ရင်ဘတ်ထဲမှ လျှံကျလာမတတ် ဖြစ်နေတော့သည်။

အပြစ်ရှိစိတ် ရှိနေသူသည် တစ်စုံတစ်ယောက်က မိမိ၏ နာကျင်စရာ အချက်ကို ထိမှန်အောင် ပြောလိုက်သည်နှင့် ပထမဆုံး တုံ့ပြန်မှုမှာ ရှောင်လွှဲခြင်းပင် ဖြစ်သည်။ ပြန်လည်ငြင်းခုံရန် သတ္တိနှင့် ယုံကြည်မှု လုံးဝ မရှိတော့ပေ။ သို့သော် ဤကိစ္စကို သူမ ဘယ်လို ရှင်းပြရပါမည်နည်း။

မုန့်ဖေးက အေးစက်စက် ရယ်မောလိုက်ပြီး စကားလုံးများက ပို၍ စူးရှခါးသီးလာတော့သည်။ "ကြားတာတော့ အရှင်မင်းကြီးက မနေ့ညက အရက်မူးနေတုန်း တစ်ယောက်ယောက်ရဲ့ ကြံစည်မှုကို ခံလိုက်ရတယ် ဆိုလားပဲ။ စဉ်းစားကြည့်ရင်လည်း ဟုတ်တာပဲ။ စူးဖေး သေသွားတော့ စူးမိသားစုမှာ ငယ်ရွယ်လှပတဲ့ မိန်းကလေးတွေ ကျန်နေသေးတာပဲ။ နန်းတော်ထဲဝင်ပြီး စည်းစိမ်ဥစ္စာ ရှာဖို့ ကြိုးစားကြမှာပေါ့။ ဒီကိစ္စက တတိယမင်းသားနဲ့ ကင်းရှင်းမယ် မထင်ဘူး"

"ဒါပေမဲ့ ဒီလို အရှက်မရှိတဲ့ အပြုအမူမျိုးက နန်းတော်အပြင်ဘက်မှာဆိုရင် ထားလိုက်ပါတော့။ နန်းတော်ထဲ ရောက်လာရင်တော့ နန်းတွင်းစည်းမျဉ်းတွေကို လိုက်နာရမယ်။ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို အကျမခံနိုင်ဘူး"

စူးရော့၏ မျက်လုံးများ နီရဲနေပြီး မျက်ရည်များ တသွင်သွင် ကျဆင်းနေသည်။ လက်ကိုမြှောက်ပြီး မျက်ရည်သုတ်ရန် သတ္တိပင် မရှိတော့ပေ။

ချောင်မိဖုရားခေါင်သည် မုန့်ဖေးက ပြောလေလေ ပိုပြီး စိတ်ပါလာလေလေ ဖြစ်နေသည်ကို မြင်သောအခါ ခပ်ပေါ့ပေါ့ ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "မင်းက သူများကိုပဲ ပြောမနေနဲ့ဦး။ ဟိုတုန်းက မင်းကိုယ်တိုင် လီမိသားစုရဲ့ အတွင်းဆောင်ထဲကို ဘယ်လို ရောက်လာခဲ့လဲ ဆိုတာ ပြန်စဉ်းစားကြည့်ပါဦး"

မုန့်ဖေး "..."

...

အပိုင်း (၅၀၉) စည်းကမ်း (၁)

ချောင်မိဖုရားခေါင်က ပါးစပ်ဖွင့်လိုက်သည်နှင့် မုန့်ဖေး၏ မျက်နှာဖုံးကို ခွာချလိုက်ပြီး မြေကြီးပေါ်သို့ ပစ်ချလိုက်တော့သည်။

ဟိုတုန်းက မုန့်ဖေးသည် အိမ်ထောင်ရှိသော ယောက်ျားတစ်ယောက်နှင့် ဖောက်ပြန်ပြီး ကိုယ်ဝန်ရလာမှ လီအိမ်တော်၏ တံခါးကို ကျော်ဖြတ်ဝင်ရောက်နိုင်ခဲ့သူ ဖြစ်သည်။

ဒီလိုလူမျိုးက တခြားသူကို ဝေဖန်ဖို့ မျက်နှာ ရှိသေးတယ်လား။

ကံကောင်းထောက်မစွာ မုန့်ဖေးသည် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသူ ဖြစ်သဖြင့် စူးရော့ကဲ့သို့ မျက်နှာပါးသူ မဟုတ်ပေ။ သူမ၏ မျက်နှာ အနည်းငယ် တောင့်တင်းသွားသော်လည်း ချက်ချင်းပင် အခြေအနေကို ထိန်းလိုက်ပြီး ပြောလိုက်လေသည်။ "ဟိုတုန်းက ကိစ္စနဲ့ အခုကိစ္စက မတူဘူးလေ။ ချန်ချဲ့နဲ့ အရှင်မင်းကြီးက ငယ်ငယ်ကတည်းက သိကျွမ်းခဲ့ပြီး ငယ်ချစ်ဦးတွေ ဖြစ်ကြတယ်။ အပြန်အလှန် ချစ်မြတ်နိုးကြတယ်။ စိတ်အလိုကို မထိန်းနိုင်ဖြစ်ပြီး အမှားတစ်ခု လုပ်မိခဲ့တာပါ"

ချောင်မိဖုရားခေါင်သည် ရွံရှာလွန်း၍ မခံမရပ်နိုင် ဖြစ်နေတော့သည်။

လုမင်ယွိသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။ "ကျွန်မ ဒီနေရာမှာ ထိုင်နေသေးတယ်ဆိုတာ မုန့်ဖေး သတိရပါဦး။ အတိတ်ဟောင်းကို ပြန်ပြောင်းသတိရချင်ရင် တခြားအချိန် တခြားနေရာမှာ သွားပြီး ပြောပါ"

နန်းတော်ထဲရှိ လူတိုင်းသည် လုမင်ယွိကို မြင်လျှင် ကြောက်ရွံ့ကြစမြဲ ဖြစ်ရာ မောက်မာဝင့်ကြွားသော မုန့်ဖေးသည်လည်း ချွင်းချက် မဟုတ်ပေ။

လုမင်ယွိ စကားစပြောလိုက်သည်နှင့် မုန့်ဖေးသည် ချက်ချင်း ပါးစပ်ပိတ်သွားပြီး မကျေမနပ် ဖြစ်နေတော့သည်။

ချောင်မိဖုရားခေါင်သည် နားအေးပါးအေး ဖြစ်သွားပြီး ပြောလိုက်လေသည်။ "ဒီနေ့ကိစ္စကို ဒီလောက်နဲ့ ရပ်လိုက်ကြရအောင်။ မင်းတို့ အားလုံး ကိုယ့်နန်းဆောင်ကိုယ် ပြန်ကြတော့။ ကိုယ်လုပ်တော်တွေ ဖြစ်နေပြီးတော့ ထားသင့်ထားထိုက်တဲ့ သိက္ခာကို မလွှတ်ချလိုက်ကြနဲ့။ ဒီနေ့ပြောခဲ့တဲ့ စကားတွေကို နောက်နောင် ထပ်မပြောကြနဲ့တော့"

မုန့်ဖေးက ခံယူပါကြောင်း ပြောပြီး မတ်တပ်ထကာ နှုတ်ဆက်ထွက်ခွာသွားသည်။ ထွက်ခွာခါနီးတွင် စူးရော့ကို စူးစူးဝါးဝါး တစ်ချက် စိုက်ကြည့်သွားသေးသည်။

စူးရော့သည် မုန့်ဖေး၏ အကြည့်ကြောင့် ကျောချမ်းသွားပြီး မုန့်ဖေး ထွက်သွားပြီးနောက်မှ တိုးတိုးလေး နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။

စူးရော့၏ အရိပ် ပျောက်ကွယ်သွားမှ လုမင်ယွိသည် ချောင်မိဖုရားခေါင်ဘက်သို့ လှည့်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "မူဟုပ် ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး"

ချောင်မိဖုရားခေါင်က ခါးသက်သက် ပြုံးလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "အရှင်မင်းကြီးက သူ့ကို ရာထူးပေးမယ် ဆိုနေမှတော့ ပန်ကုံး ဘာတတ်နိုင်မှာလဲ"

ယုံးကျားဧကရာဇ်က ဘယ်သူနဲ့ အိပ်ချင်လဲ၊ ဘယ်သူ့ကို မြှောက်စားချင်လဲ ဆိုတာ မိဖုရားခေါင် ဖြစ်သူ သူမအနေဖြင့် တားဆီး၍ ရသည် မဟုတ်ပေ။

လုမင်ယွိ၏ မျက်လုံးများ အရောင်လက်သွားပြီး လေးနက်စွာ ပြောလိုက်လေသည်။ "စူးရော့ နန်းတော်ထဲ ဝင်လာတဲ့ကိစ္စက တော်တော်လေး သံသယဖြစ်စရာ ကောင်းနေတယ်။ ဖုဟွမ်က တတိယမင်းသားအိမ်တော်မှာ စားသောက်ပွဲ သွားတက်တယ်။ အရက်မူးပြီး အိပ်ပျော်သွားတယ်။ စူးရော့က ဘယ်လိုလုပ် နဂါးပျံကုတင်နားကို ကပ်သွားနိုင်မှာလဲ။ ဒါတွေအားလုံးက တတိယမင်းသားရဲ့ အကွက်ချစီစဉ်မှု ဆိုတာ သိသာနေတာပဲ"

"စူးဖေး သေဆုံးသွားပြီးနောက်ပိုင်း သူတို့ညီအစ်ကိုတွေ အနောက်နန်းဆောင်မှာ အားကိုးစရာ မရှိတော့ဘူး။ သူ စူးရော့ကို နန်းတော်ထဲ တွန်းပို့လိုက်တာက ဘာရည်ရွယ်ချက်နဲ့လဲ"

"ဖုဟွမ်က အလှအပမှာ ယစ်မူးပြီး ခေါင်းနောက်နေလို့ သေသေချာချာ မစဉ်းစားမိတာ ဖြစ်မယ်။ တကယ်တော့ မျက်စိရှင်တဲ့သူတိုင်း လီဟောက်ရဲ့ အကြံအစည်ကို မြင်နိုင်ပါတယ်။ သူက မိန်းမလှလေး ဆက်သပြီး ဖုဟွမ်ရဲ့ အချစ်ကို ရယူချင်နေတာ။ ပြီးတော့ အနောက်နန်းဆောင်မှာ သူ့လူကို ထည့်သွင်းထားပြီး ဖုဟွမ်ကို နားချခိုင်းလို့ ရတာပေါ့။ အချိန်ကြာလာရင် ဖုဟွမ်က သူတို့ညီအစ်ကိုတွေကိုပဲ ပိုပြီး မျက်နှာသာ ပေးလာလိမ့်မယ်"

"ဒီလို ယုတ်မာတဲ့ စိတ်ဓာတ်မျိုးကို ဖုဟွမ် သိအောင် လုပ်ပေးရမယ်။ ပြီးတော့ နန်းတွင်းအမတ်တွေလည်း သိအောင် လုပ်ရမယ်"

ချောင်မိဖုရားခေါင် "..."

ချောင်မိဖုရားခေါင်သည် လေအေးတစ်ချက် ရှူသွင်းလိုက်ပြီး မျက်နှာထား တည်ငြိမ်အေးစက်နေသော လုမင်ယွိကို ကြည့်ကာ အချိန်အတော်ကြာမှ မေးလိုက်လေသည်။ "မင်း ဆိုလိုချင်တာက ဒီကိစ္စကို အကြောင်းပြပြီး ပြဿနာရှာမယ် ပေါ့လေ"

လုမင်ယွိက မျက်ခုံးပင့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ဒါက ပြဿနာ ရှာတာ မဟုတ်ပါဘူး။ တတိယမင်းသားရဲ့ လှည့်ကွက်ကို ဖော်ထုတ်လိုက်တာပါ"

လီဟောက်က ဒီလောက် ရွံရှာဖွယ်ကောင်းတဲ့ နည်းလမ်းကို သုံးလာမှတော့ သူမကရော ဘာလို့ လက်တုံ့မပြန်ဘဲ နေရမှာလဲ။

ချောင်မိဖုရားခေါင်သည် ဖြောင့်မတ်မှန်ကန်စွာ နေထိုင်လေ့ရှိသူ ဖြစ်သဖြင့် ဤကဲ့သို့သော မမြင်ကွယ်ရာ လုပ်ရပ်မျိုးကို သိပ်ပြီး အသားမကျလှပေ။ အနည်းငယ် တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။ "မင်း အမြင်အရ ဘယ်ကနေ စလုပ်ရင် အသင့်တော်ဆုံး ဖြစ်မလဲ"

လုမင်ယွိက ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။ "မူဟုပ် ကျွန်မကို ယုံကြည်တယ်ဆိုရင် ဒီကိစ္စကို ကျွန်မလက်ထဲ လွှဲပေးလိုက်ပါ။ နောက်ပိုင်းကျရင် ဖုဟွမ် မေးလာရင်လည်း မူဟုပ်အနေနဲ့ ဖြေရခက်နေစရာ မလိုတော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ်လေ... မူဟုပ်က ဘာမှ မသိပါဘူး"

ချောင်မိဖုရားခေါင် "..."

ချောင်မိဖုရားခေါင် သေချာ စဉ်းစားကြည့်လိုက်ရာ ဟုတ်ပေသည်။ သို့သော် ဤသို့ လုပ်ဆောင်ခြင်းက လုမင်ယွိအတွက် ပင်ပန်းစေလိမ့်မည်။

"မင်းက ကိုယ်ဝန်ဆောင်ထားရတာ။ ဒီလောက် ပင်ပန်းခံနေရတာကို ပန်ကုံး ဘယ်လို စိတ်ချလက်ချ နေနိုင်မှာလဲ" ချောင်မိဖုရားခေါင်သည် ချွေးမဖြစ်သူကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်လေသည်။ "မင်း ဘာလုပ်ချင်လဲ ပန်ကုံးကို ပြောပြလေ။ ပန်ကုံး စီစဉ်လိုက်ပါ့မယ်"

လုမင်ယွိက ပြောလိုက်သည်။ "ပါးစပ်လှုပ်ရုံလောက်က ဘာမှ ပင်ပန်းစရာ မရှိပါဘူး။ မူဟုပ် စိတ်ချလက်ချသာ နေပါ။ ပွဲကောင်း ကြည့်ဖို့သာ ပြင်ထားလိုက်ပါ"

လုမင်ယွိ၏ ခေါင်းမာသော စိတ်ဓာတ်ကို ချောင်မိဖုရားခေါင် ကောင်းစွာ သိရှိထားပြီး ဖြစ်သဖြင့် လိုက်လျောလိုက်ရုံသာ တတ်နိုင်တော့သည်။ ဒေါသထွက်ပြီး ကျန်းမာရေး ထိခိုက်မခံရန်သာ ထပ်ခါတလဲလဲ မှာကြားလိုက်ရလေသည်။

လုမင်ယွိက အသာပြုံးလိုက်ပြီး ခေါင်းညိတ် လက်ခံလိုက်သည်။

...

အရှေ့နန်းဆောင်သို့ ပြန်ရောက်သည်နှင့် လုမင်ယွိသည် ကျောက်ရွေ့ကို ချက်ချင်း ခေါ်ယူလိုက်ပြီး တိုးတိုးတိတ်တိတ် မှာကြားလိုက်လေသည်။

ကျောက်ရွေ့သည် တခြားအရာများတွင် ညံ့ဖျင်းသော်လည်း စားသောက်ပျော်ပါးသည့် ကိစ္စများတွင် ကျွမ်းကျင်သူဖြစ်ပြီး မြို့တော်ရှိ ဂုဏ်သရေရှိ အိမ်တော်များမှ လေလွင့်နေသော သခင်လေးများနှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။

လုမင်ယွိ၏ အမိန့်ကို ကြားလိုက်ရသည်နှင့် ကျောက်ရွေ့သည် ချက်ချင်း ပျော်ရွှင်သွားပြီး ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေသည်။ "ထိုက်ဇီဖေးညန်ညန်က တကယ့်ကို မျက်စိအမြင် စူးရှတာပဲ။ ဒီကိစ္စကို ကျွန်တော့်လက်ထဲသာ အပ်လိုက်ပါ။ သေသေချာချာ ဖြစ်မြောက်အောင် လုပ်ပေးပါ့မယ်"

ကျောက်ရွေ့သည် စတုတ္ထမင်းသားကြင်ရာတော် ကျောက်ယွီ၏ အစ်ကိုအရင်းဖြစ်ပြီး ငယ်စဉ်က လုမင်ယွိကို တိတ်တခိုး ချစ်ကြိုက်ခဲ့ဖူးသူ ဖြစ်သည်။ လုမင်ယွိ၏ ထိုးနှက်ဆုံးမခြင်းကိုလည်း ခံခဲ့ရဖူးသည်။

ထိုအဖြစ်အပျက်ဟောင်းများကို လီကျင့်ပင် စိတ်ထဲ မထားတော့ပေ။

ယခုအခါ ကျောက်ရွေ့သည် ဇနီးနှင့် သားသမီးများ ရရှိနေပြီ ဖြစ်သဖြင့် လုမင်ယွိအပေါ် ထားရှိခဲ့သော ငယ်ဘဝ ခံစားချက်များကို စောစီးစွာကပင် သိမ်းဆည်းထားလိုက်ပြီ ဖြစ်သည်။ သို့သော် နှစ်သက်ခဲ့ဖူးသူက မျက်စိရှေ့ ရောက်နေသဖြင့် ကျောက်ရွေ့၏ ပျော်ရွှင်မှုများမှာ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေလေ၏။

လုမင်ယွိသည် ကျောက်ရွေ့၏ တောက်ပနေသော မျက်နှာကို ကြည့်ကာ ပြုံးလိုက်ပြီး မှာကြားလိုက်လေသည်။ "မှတ်ထားနော်... ပေါ့ပေါ့ပါးပါးလေး တစ်ခွန်းနှစ်ခွန်းလောက် ပြောပြီးရင် ဆက်မပြောနဲ့တော့။ တခြားလူတွေက ထပ်မေးရင် ဘယ်ညာ ဝေ့ဝိုက်ပြီး စကားလွှဲလိုက်"

ကောလာဟလ ဆိုသည်မှာ ဟုတ်သလိုလို မဟုတ်သလိုလိုနှင့် သုံးပုံလောက်သာ ပြောလိုက်လျှင် အကောင်းဆုံး ဖြစ်သည်။ နားထောင်သူများက ကျန်ရှိနေသော ခုနစ်ပုံကို ဖြည့်စွက်တွေးတောသွားကြလိမ့်မည်။ တစ်ယောက်စကား တစ်ယောက်နားဖြင့် ပြန့်နှံ့သွားပြီး ပိုပိုပြီး ကွန့်ညွန့်လာကြသည်မှာ ထုံးစံပင်။

ကျောက်ရွေ့က ခေါင်းညိတ် လက်ခံလိုက်သည်။

ကျောက်ရွေ့ ထွက်သွားပြီးနောက် လုမင်ယွိသည် ချီယွင်ကို ခေါ်ယူလိုက်ပြီး အချိန်အတော်ကြာအောင် တီးတိုး မှာကြားလိုက်ပြန်သည်။ ".... ဒီကိစ္စကို လျှို့ဝှက်ပြီး သေသေချာချာ လုပ်ရမယ်။ ရှင် ပြန်ရောက်ရင် လုယိနဲ့ တွေ့ပြီး ဒီကိစ္စကို သူ့လက်ထဲ အပ်လိုက်။ အလင်းထဲက လူတွေကို တစ်ယောက်မှ မသုံးနဲ့"

လုမင်ယွိ၏ ကိုယ်ရံတော်တပ်သား ၅၀၀၀ သည် ခြံဝင်းထဲတွင် အမြဲရှိနေကြသည်။ အမှောင်ထဲတွင် လှုပ်ရှားနေသော လုမိသားစု၏ လျှို့ဝှက်တပ်သားများလည်း ရှိနေသေးသည်။

ချီယွင်က ခေါင်းညိတ်လိုက်ပြီး ထိုနေ့ နေ့လယ်တွင်ပင် နန်းတော်ထဲမှ ထွက်ခွာကာ ဒုတိယမင်းသားအိမ်တော်သို့ ပြန်သွားလေသည်။

...

နောက်တစ်နေ့တွင် ချောင်မိဖုရားခေါင်က အမိန့်တော်ပြန်တမ်း ထုတ်ပြန်လိုက်ပြီး စူးရော့ကို ကွေ့ရန်အဖြစ် ခန့်အပ်လိုက်သည်။ ရွှေငွေရတနာများနှင့် ပိုးထည်များကို ဆုချလိုက်ပြီး နန်းတွင်းမားမား တစ်ယောက်ကိုလည်း ရာထူးတိုးလိုက်သော စူးကွေ့ရန်အား နန်းတွင်းစည်းမျဉ်းများ သင်ကြားပေးရန် စေလွှတ်လိုက်သည်။

ရှို့နင်နန်းဆောင်မှ မယ်တော်ကြီးကျောက်သည် ချင်ဖေးထံမှတဆင့် အဖြစ်အပျက် အစအဆုံးကို သိရှိသွားခဲ့သည်။

ချင်ဖေး၏ ရင်ထဲတွင် မနာလိုဝန်တိုစိတ်များ ပြေပျောက်ခြင်း မရှိသော်လည်း မယ်တော်ကြီးကျောက်ကမူ ပျော်ရွှင်စွာ ရယ်မောလိုက်လေသည်။ "ဘယ်ကပဲ လာလာ... အရှင်မင်းကြီးကို ကောင်းကောင်း ပြုစုနိုင်ပြီး အရှင်မင်းကြီး ပျော်ရွှင်ရင် ပြီးတာပါပဲ"

အနောက်နန်းဆောင်မှ ကိုယ်လုပ်တော်များ၏ အကြီးမားဆုံး တာဝန်မှာလည်း ဤမျှသာ။

ဒီစူးရော့က ဘာပဲပြောပြော အပျိုစင် ဖြစ်နေသေးတာပဲ။ ဟိုတုန်းက စူးဖေးထက်တော့ သာပါသေးတယ်။

ချင်ဖေးသည် မကျေနပ်နိုင်သေးဘဲ မယ်တော်ကြီးကျောက်၏ နားနားကပ်ကာ လေချိုသွေးလိုက်ပြန်သည်။ "ချန်ချဲ့လည်း နန်းတော်ထဲမှာ လူသစ် ရောက်လာတာကို မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီစူးကွေ့ရန်က တကယ်ပဲ စည်းကမ်း နားမလည်ဘူး။ ထိုက်ဟုပ်ညန်ညန်အနေနဲ့ တစ်ယောက်ယောက်ကို လွှတ်ပြီး သင်ကြားပေးခိုင်းလိုက်ပါလား"

မယ်တော်ကြီးကျောက်က မသိစိတ်ဖြင့် ပြောလိုက်သည်။ "ဟွမ်ဟုပ်က စည်းကမ်းထိန်းသိမ်းရေး မားမားတစ်ယောက်ကို ယိဟွားနန်းဆောင်ဆီ လွှတ်လိုက်ပြီလေ"

ချင်ဖေးက ပြုံးလိုက်ပြီး "အဲဒါက ဟွမ်ဟုပ်ညန်ညန် လွှတ်လိုက်တဲ့လူလေ။ ထိုက်ဟုပ်ညန်ညန်ရဲ့ နန်းဆောင်ထဲက လူလောက် ဘယ်လိုလုပ် ရင်းနှီးနွေးထွေးနိုင်မှာလဲ။ စူးကွေ့ရန်ကို သင်ကြားပေးတာက ထိုက်ဟုပ်ညန်ညန်ရဲ့ မေတ္တာဂရုဏာလည်း ဖြစ်တာပေါ့"

မယ်တော်ကြီးကျောက်သည် ဟုတ်နိုးနိုးဟု ထင်မှတ်သွားပြီး ခေါင်းညိတ်လိုက်ကာ နန်းတွင်းသူတစ်ဦးကို ယိဟွားနန်းဆောင်သို့ စေလွှတ်လိုက်လေသည်။

ထိုင်၊ ထ၊ သွား၊ လာ၊ စား၊ သောက်၊ ဆံပင်ဖြီး၊ အဝတ်ဝတ် စသည့် လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမည့်သူ ရှိလာပြီ။ အနည်းငယ် အမှားပါသွားသည်နှင့် ဆူပူကြိမ်းမောင်းခံရပြီး အစမှ ပြန်လုပ်ခိုင်းစေသည်။

ရာထူးတိုးကာစ စူးကွေ့ရန်သည် ကိုယ်လုပ်တော်တစ်ဦး၏ ဂုဏ်ကျက်သရေကို မခံစားရသေးဘဲ "စည်းကမ်း" သင်ကြားခြင်းကို ဦးစွာ ခံစားလိုက်ရသဖြင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့နေရတော့သည်။

ယုံးကျားဧကရာဇ်သည် အချစ်တော်အသစ် ရရှိထားသဖြင့် အရှိန်တက်နေချိန်ဖြစ်ရာ ရက်အနည်းငယ် ဆက်တိုက် ယိဟွားနန်းဆောင်တွင် ညအိပ်လေတော့သည်။ ယနေ့ညတွင် ယိဟွားနန်းဆောင်သို့ ခြေချလိုက်သည်နှင့် စူးကွေ့ရန်သည် ပြတင်းပေါက်နားတွင် ထိုင်ကာ တိတ်တဆိတ် မျက်ရည်ကျနေသည်ကို တွေ့လိုက်ရ၏။

ကွယ်လွန်သူ စူးဖေးသည် ငိုကြွေးခြင်းကို အနှစ်သက်ဆုံး ဖြစ်သည်။ တုန်တုန်ယင်ယင်နှင့် အသည်းကွဲမတတ် ငိုကြွေးတတ်သည်။

စူးကွေ့ရန်သည်လည်း မျက်ရည်ကျရသည်ကို နှစ်သက်သော်လည်း သူမက အသံတိတ် တိတ်တခိုး ငိုကြွေးတတ်သဖြင့် မြင်ရသူအဖို့ ပို၍ သနားကရုဏာ သက်ဖွယ် ကောင်းနေလေတော့သည်။

...

အပိုင်း (၅၁၀) စည်းကမ်း (၂)

ထိုညတွင် စူးကွေ့ရန်သည် ယုံးကျားဧကရာဇ်၏ ရင်ခွင်ထဲ၌ မိုးရေစိုနေသော သစ်တော်ပန်းလေး တစ်ပွင့်အလား ငိုကြွေးပစ်လိုက်လေသည်။

နောက်တစ်နေ့ မနက်စောစော၌ ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ ရောက်လာလေတော့၏။

ယုံးကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့ မျက်နှာချင်းဆိုင်လိုက်ကြသောအခါ တစ်ဖက်နှင့် တစ်ဖက် စိတ်ထဲတွင် မျက်မှောင်ကြုတ်လိုက်ကြပြီး အလွန်အမင်း မကျေမနပ် ဖြစ်နေကြသည်။

တစ်ယောက်က တွေးနေသည်မှာ "ကျန်း မလာတာ ဒီလောက်ကြာနေပြီကို မင်းက ခေါင်းမငုံ့တဲ့အပြင် အေးအေးလူလူ နေနိုင်သေးတယ်။ ငါကိုယ်တော်ကို မျက်လုံးထဲရော စိတ်ထဲရော မထားဘူးဆိုတာ သေချာနေတာပဲ။ တကယ့်ကို စိတ်ပျက်စရာ ကောင်းလိုက်တာ" ဟူ၍ ။

နောက်တစ်ယောက်ကတော့ စိတ်ထဲတွင် အေးစက်စွာ ပြုံးနေပြီး "အသက် ၄၀ ကျော်နေတဲ့ ယောက်ျားကြီး ဖြစ်နေပြီကို ကိုယ့်ကျန်းမာရေး ကိုယ် ဂရုမစိုက်ဘဲ ညတိုင်း ပျော်ပါးနေတယ်။ ဆေးပညာ နားမလည်တဲ့ ငါတောင်မှ သူ့ခြေလှမ်းတွေ ယိုင်နဲ့ပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေတာကို ကြည့်လိုက်တာနဲ့ သိတယ်။ ဒါ မိန်းမဗိုက်ပေါ်မှာ သေချင်နေတာပဲ ဖြစ်မယ်" ဟူ၍။

"ချန်ချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" ချောင်မိဖုရားခေါင်သည် ထုံးစံအတိုင်း ရှေ့တိုးပြီး ဂါရဝပြုလိုက်၏။

ယုံးကျားဧကရာဇ်က ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။ "ဟွမ်ဟုပ် ထလိုက်ပါ။ ကျန်း ဒီကို လာတာက မေးစရာ ရှိလို့။ စူးကွေ့ရန်ရဲ့ ဘေးနားမှာ စည်းကမ်းထိန်းသိမ်းရေး မားမားနှစ်ယောက် ရောက်နေတာ ဘယ်လိုဖြစ်တာလဲ။ သူက နန်းတွင်းစည်းမျဉ်းကို နားမလည်ရင် ဖြည်းဖြည်းချင်း သင်ပေးလိုက်ရင် ရတာပဲ။ တစ်နေ့လုံး မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေပြီး ကိစ္စတိုင်းကို စည်းကမ်းနဲ့အညီ ဖြစ်ရမယ်ဆိုပြီး လုပ်နေကြတယ်။ အနောက်နန်းဆောင်မှာ စည်းကမ်းတွေက ဒီလောက် တင်းကြပ်သွားမှန်း ကိုယ်တော် မသိလိုက်ပါလား"

ပါးစပ်ဖွင့်လိုက်သည်နှင့် အပြစ်တင်သည့် စကားများ ထွက်ပေါ်လာတော့သည်။

ချောင်မိဖုရားခေါင်သည်လည်း အနည်းငယ် ဒေါသထွက်သွားပြီး အေးစက်စွာ ပြန်ဖြေလိုက်လေသည်။ "စူးကွေ့ရန်က အရှင်မင်းကြီး နန်းတော်အပြင်ကနေ ခေါ်လာတဲ့သူဆိုတော့ နန်းတွင်းစည်းမျဉ်းတွေကို နားမလည်ဘူးလေ။ ချန်ချဲ့က ယိဟွားနန်းဆောင်ဆီ လူလွှတ်လိုက်တာက မိဖုရားခေါင်တစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တာပါ။ အရှင်မင်းကြီး သဘောမကျရင် ချန်ချဲ့ ဒီနေ့ပဲ အဲဒီလူကို ပြန်ခေါ်လိုက်ပါ့မယ်"

"ဝူမားမား ကိစ္စကတော့ ရှို့နင်နန်းဆောင်က လွှတ်လိုက်တဲ့သူဆိုတော့ ချန်ချဲ့ ဝင်ပါလို့ မရပါဘူး။ အရှင်မင်းကြီး ကိုယ်တိုင် ရှို့နင်နန်းဆောင်ကို သွားပြီး မူဟုပ်ကို ပြောပြလိုက်ပါ"

"ဒါပေမဲ့ ချန်ချဲ့ အရှင်မင်းကြီးကို အကြံပေးချင်တာ တစ်ခုတော့ ရှိတယ်။ ကိုယ်လုပ်တော်လေး တစ်ယောက်ကို အရှင်မင်းကြီး သဘောကျလို့ နည်းနည်းပိုပြီး အလိုလိုက်တာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ စိတ်အာရုံတွေကို အများကြီး သိမ်းပိုက်ထားလို့တော့ မဖြစ်ဘူး။ အရှင်မင်းကြီးက တိုင်းပြည်ရဲ့ အရှင်သခင် ဖြစ်တဲ့အတွက် တိုင်းပြည်ရေးရာကို ဦးစားပေးသင့်တယ်။ ဒီလို နှမ်းစေ့လောက် ရှိတဲ့ ကိစ္စလေးအတွက်နဲ့ ကိုယ်တိုင် လိုက်ပြောနေတာက ဧကရာဇ်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ မဟုတ်ဘူးလား"

ယုံးကျားဧကရာဇ် "..."

ယုံးကျားဧကရာဇ်သည် ဒေါသထွက်လွန်း၍ မျက်နှာများ ပြာနှမ်းသွားပြီး မျက်လုံးများ ပြူးကျယ်ကာ စိုက်ကြည့်နေတော့သည်။

ဟွန်း! ဒေါသထွက်ချင်ရင် ထွက်လိုက်စမ်းပါစေ!

အရင်လို ဂရုစိုက်နေမယ်များ ထင်နေလား!

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် ထပ်မံ၍ အေးစက်စွာ ရယ်မောလိုက်ပြီး ဂါရဝပြုကာ တောင်းပန်လိုက်လေသည်။ "ချန်ချဲ့က စိတ်ထဲရှိတာကို တည့်ပြောတတ်တဲ့သူဆိုတော့ စကားပြောရင် နားဝင်မချို ဖြစ်တတ်ပါတယ်။ သစ္စာစကားဆိုတာ နားဝင်ဆိုးတယ်လို့ ပြောကြတယ် မဟုတ်လား။ အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားပြီး သဘောထားကြီးတဲ့သူပဲ။ ချန်ချဲ့နဲ့ ဖက်ပြိုင်ပြီး အပြစ်ယူနေမယ် မထင်ပါဘူး"

အဓိပ္ပာယ်ကတော့ "ရှင် ကျွန်မကို အပြစ်ယူမယ်ဆိုရင် ရှင်က သဘောထားသေးသိမ်တဲ့သူ ဖြစ်သွားမှာပေါ့" ဟူ၍။

ယုံးကျားဧကရာဇ်က မျက်နှာတည်ဖြင့် ပြောလိုက်လေသည်။ "ဟွမ်ဟုပ်ရဲ့ သဘောထားကြီးမှုနဲ့ မွန်မြတ်မှုကို တစ်တိုင်းပြည်လုံးက သိကြတာပဲ။ ကျန်းက ဟွမ်ဟုပ်နဲ့ ဘယ်လိုလုပ် စကားနိုင်လုနေတော့မှာလဲ"

ချောင်မိဖုရားခေါင်သည် ယုံးကျားဧကရာဇ်၏ လှောင်ပြောင်မှုကို နားမလည်သကဲ့သို့ ဟန်ဆောင်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။ "အရှင်မင်းကြီး ချီးကျူးတာကို ချန်ချဲ့ မခံယူဝံ့ပါဘူး"

ယုံးကျားဧကရာဇ်သည် ကြည့်လေ စိတ်ပျက်လေ ဖြစ်လာသဖြင့် ဆက်လက် မနေချင်တော့ဘဲ "ကျန်း ရှို့နင်နန်းဆောင် သွားလိုက်ဦးမယ်" ဟု ပြောကာ လက်ပြတ်ကို ခါပြီး ထွက်ခွာသွားတော့သည်။ ချောင်မိဖုရားခေါင်ကို အတူလိုက်ခဲ့ရန်ပင် မခေါ်ဆောင်တော့ပေ။

ဇနီးမောင်နှံနှစ်ဦး၏ ဆက်ဆံရေးသည် ဤအခြေအနေထိ ရောက်ရှိလာခဲ့ပြီး လုံးဝ ကွဲကွာသွားလေပြီ။

ချောင်မိဖုရားခေါင်သည် မူလနေရာတွင် ရပ်လျက် ယုံးကျားဧကရာဇ် ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။ ရင်ထဲမှ ဝမ်းနည်းမှုများကို ကျော်လွန်ပြီး စိတ်ပေါ့ပါးလွတ်လပ်မှုကို ခံစားလိုက်ရသည်။

ဒီလို ဖြစ်သွားတာလည်း ကောင်းပါတယ်။

အရှင်သခင်နဲ့ လက်အောက်ငယ်သား ဆက်ဆံရေးပဲ ထားလိုက်တော့မယ်။ လင်မယား ဆက်ဆံရေး မထားတော့ဘူး။

ယုံးကျားဧကရာဇ်သည် မျက်နှာမသာမယာဖြင့် ရှို့နင်နန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။

နန်းဆောင်ထဲသို့ ဝင်ရောက်လာသည်နှင့် မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်၏ မျက်နှာကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားပြီး အလျင်အမြန် ထရပ်ကာ မေးလိုက်လေသည်။ "အရှင်မင်းကြီး မျက်နှာက ဘာလို့ ဒီလောက် ကြည့်ရဆိုးနေတာလဲ။ နေမကောင်း ဖြစ်နေတာလား။ လာကြပါဦး... သမားတော်ကျိုးကို အမြန်ဆုံး သွားခေါ်လိုက်ကြ"

ယုံးကျားဧကရာဇ်က စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး မယ်တော်ကြီးကျောက်ကို ပြောလိုက်လေသည်။ "မူဟုပ် စိတ်အေးအေးထားပါ။ ကျန်းက စိတ်ထဲမှာ မကျေနပ်တာလေး ရှိနေလို့ပါ။ ကျန်းမာရေး ကောင်းပါတယ်"

မယ်တော်ကြီးကျောက်သည် သားဖြစ်သူကို သနားကရုဏာ သက်သလို ဒေါသလည်း ထွက်သွားပြီး မျက်စောင်းထိုးကာ ပြောလိုက်လေသည်။ "အိုက်ကျား အခုပဲ မှန်ယူခိုင်းပြီး မင်းမျက်နှာမင်း ပြန်ကြည့်ခိုင်းလိုက်ရမလား"

ယုံးကျားဧကရာဇ်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး အသံကို လျှော့ကာ ပြောလိုက်သည်။ "ကျန်း ဒီရက်ပိုင်း အိပ်ရေး နည်းနည်းပျက်ထားလို့ပါ။ ရက်အနည်းငယ်လောက် ကောင်းကောင်း အနားယူလိုက်ရင် သက်သာသွားမှာပါ"

အမေက သားကို ဆုံးမစကား ပြောဆိုရာတွင် အားနာနေစရာ မလိုပေ။

မယ်တော်ကြီးကျောက်သည် နန်းတွင်းသူများကို ဦးစွာ ထွက်ခွာခိုင်းလိုက်ပြီးမှ ဆူပူကြိမ်းမောင်းတော့သည်။ "မင်းရဲ့ ဘေးနားမှာ လူသစ် ရောက်နေလို့ စိတ်ပါလက်ပါ ဖြစ်နေတယ် ဆိုတာ အိုက်ကျား သိပါတယ်။ မင်း ငယ်ငယ်ကတည်းက ဒီလို စိတ်ဓာတ်မျိုး ရှိခဲ့တာပဲ။ မုန့်ဖေး အိမ်တော်ရောက်ကာစ နှစ်တွေတုန်းကလည်း မင်း ဒီလိုပဲလေ။ ညတိုင်း မုန့်ဖေးရဲ့ အခန်းမှာပဲ အိပ်ပြီး သူ့ကို မိုးပေါ်ရောက်အောင် မြှောက်စားပေးခဲ့တာ။ ဒါပေမဲ့ အခု မင်းအသက်က ၄၀ ကျော်နေပြီ။ လူငယ်ဘဝတုန်းကနဲ့ တူလို့လား။ ကာမဂုဏ် ဆိုတာ အရိုးကို လှီးဖြတ်တဲ့ ဓားသွားလိုပဲ။ ဒီလို ဆက်သွားနေရင် ခန္ဓာကိုယ်က ဘယ်လိုလုပ် ခံနိုင်တော့မှာလဲ"

ယုံးကျားဧကရာဇ် "..."

ယုံးကျားဧကရာဇ်သည် မျက်နှာ မည်မျှပင် ပြောင်စေကာမူ မိခင်ဖြစ်သူ၏ တရစပ် ပြောဆိုမှုများကို ခံနိုင်ရည် မရှိတော့ဘဲ လက်လျှော့လိုက်ရတော့သည်။ "ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ကျန်း မူဟုပ် စကားကို နားထောင်ပါ့မယ်။ နောက်ဆိုရင် သတိထားပါ့မယ်"

ထိုအခါမှ မယ်တော်ကြီးကျောက်သည် ကျေနပ်သွားပြီး ယုံးကျားဧကရာဇ်၏ လက်ကို ဆွဲကာ ဟိုမေးဒီမေး လုပ်နေတော့သည်။

ယုံးကျားဧကရာဇ်သည် စိတ်ရှည်လက်ရှည် ပြန်လည်ဖြေကြားပေးပြီးနောက် ဝူမားမားကို ရှို့နင်နန်းဆောင်သို့ ပြန်ခေါ်ရန်နှင့် စူးကွေ့ရန်ကို ဆက်လက် ဒုက္ခမပေးရန် သွယ်ဝိုက်သော နည်းလမ်းဖြင့် ပြောဆိုလိုက်သည်။

သည်လို ကိစ္စသေးလေးအတွက် မယ်တော်ကြီးကျောက်သည် သားဖြစ်သူ၏ ဆန္ဒကို မလွန်ဆန်လိုသဖြင့် ချက်ချင်းပင် သဘောတူလိုက်လေသည်။

...

ထိုနေ့ ညနေခင်းတွင်ပင် ချင်ဖေးသည် ထိုသတင်းကို ကြားသိလိုက်ရသဖြင့် မနာလိုဝန်တိုမှုများနှင့် ဒေါသများ ဖြစ်ပေါ်လာတော့သည်။

သည်လို ကိစ္စသေးလေးအတွက် ယုံးကျားဧကရာဇ် ကိုယ်တိုင် ဝင်ရောက်ပြောဆိုပေးသည်ကို ကြည့်ခြင်းအားဖြင့် စူးကွေ့ရန်အပေါ် မည်မျှ အလေးထားသည်ကို သိသာလှပေသည်။

ချင်ဖေးသည် ရင်ထဲမှ မနာလိုဝန်တိုမှုများကို မထိန်းချုပ်နိုင်သဖြင့် ဖန်းဟွားနန်းဆောင်သို့ ဦးစွာ သွားရောက်ပြီး ဝမ်ကျဲယွီကို ရင်ဖွင့်တိုင်တန်းလေသည်။ "... အနောက်နန်းဆောင်မှာ ကိုယ်လုပ်တော်တွေ အများကြီး ရှိတာပဲ။ အရှင်မင်းကြီးက ဘယ်သူ့ကို ချစ်ချစ် သူသဘောပဲလေ။ ဒါပေမဲ့ အရှင်မင်းကြီးက စူးကွေ့ရန် တစ်ယောက်တည်းအတွက်နဲ့ နန်းတွင်းစည်းမျဉ်းတွေကိုတောင် ဂရုမစိုက်တော့ဘူး"

"ငါကတော့ သိပ်ကိစ္စ မရှိပါဘူး။ ညီမလေးအတွက် မတရားဘူးလို့ ခံစားရလို့ပါ။ ညီမလေးက ကိုယ်ဝန်ရှိလာမှ ရာထူးတိုးပေးခံရတာ။ အချစ်တော် ဖြစ်ခဲ့တုန်းကတောင် ဒီလောက် မကြွားဝါခဲ့ဘူး။ ဒီစူးကွေ့ရန်ကို ကြည့်ပါဦး။ နန်းတော်ထဲ ရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ အနောက်နန်းဆောင်မှာ သူတစ်ယောက်တည်း အချစ်တော် ဖြစ်နေသလို ပုံစံဖမ်းနေတာ။ တကယ့်ကို ဒေါသထွက်စရာ ကောင်းတယ်"

ဝမ်ကျဲယွီသည် ချင်ဖေး၏ သွေးထိုးလှုံ့ဆော်မှုကို နားမလည်သကဲ့သို့ ပြုံးလျက် ပြောလိုက်လေသည်။ "အရှင်မင်းကြီးကို ပြုစုခွင့်ရတာ ကျွန်မတို့ရဲ့ ကံကောင်းမှုပါပဲ။ အရှင်မင်းကြီးက လူသစ်ကို ချစ်ခင်နှစ်သက်ပြီး ပျော်ရွှင်နေရင် ကျွန်မလည်း အရှင်မင်းကြီးအတွက် ဝမ်းသာပေးရမှာပေါ့"

ချင်ဖေးသည် လက်မလျှော့နိုင်သေးဘဲ သက်ပြင်းချကာ ထပ်ပြောလိုက်ပြန်သည်။ "နားဝင်ချိုတဲ့ စကားတွေကတော့ ဘယ်သူမဆို ပြောတတ်ကြတာပဲ။ အခု တခြားလူလည်း ရှိတာ မဟုတ်ဘူး။ ငါတို့ နှစ်ယောက်တည်း ရှိတာဆိုတော့ ရင်ထဲက စကားတွေကို ပွင့်ပွင့်လင်းလင်း ပြောကြကြေးလေ။ ဘယ်သူက အရှင်မင်းကြီး ဒီလောက်ထိ လူသစ်ကို မြှောက်စားနေတာ မြင်ချင်မှာလဲ။ အခုမှ နန်းတော်ထဲ ဝင်လာတာပဲ ရှိသေးတယ်။ ဒီလောက် မျက်နှာသာ ပေးခံနေရပြီ။ နောက်ဆိုရင် အရှိန်အဝါ ကြီးလာပြီး ငါတို့တောင် သူ့မျက်နှာကို ကြည့်ပြီး နေရမယ့်ကိန်း ဆိုက်တော့မယ်"

ဝမ်ကျဲယွီက ပြုံးပြလိုက်ပြီး "ချင်ဖေးညန်ညန် အတွေးလွန်နေပါပြီ။ အနောက်နန်းဆောင်မှာ ထိုက်ဟုပ်ညန်ညန်(မယ်တော်ကြီး) ရှိသလို ဟွမ်ဟုပ်ညန်ညန်လည်း ရှိနေတာပဲ။ ကျွန်မတို့ ကိုယ့်စည်းကမ်း ကိုယ်ထိန်းသိမ်းပြီး နေရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး"

ချင်ဖေးသည် ဝမ်ကျဲယွီကို သွေးထိုး၍ မရသဖြင့် ယန်ရှီးနန်းဆောင်သို့ ထွက်ခွာသွားပြန်သည်။

စကားနှစ်ခွန်းပင် မပြောရသေးမီ မုန့်ဖေးက အေးစက်စွာ ရယ်မောပြီး ပြောလိုက်လေသည်။ "ရှင် ဘာမှ ဆက်ပြောမနေနဲ့တော့။ အရှင်မင်းကြီးက အခု စိတ်ပါလက်ပါ ဖြစ်နေတုန်းဆိုတော့ စူးကွေ့ရန်ကို မြှောက်စားထားမှာပဲ။ ဟွမ်ဟုပ်ညန်ညန်တောင် ဘာမှ မပြောဘဲ နေနေတာ"

"ရှင် အရည်အချင်း ရှိရင် အရှင်မင်းကြီးဆီ တန်းသွားပြီး ပြောလိုက်လေ။ ရင်ဖွင့်ချင်တာပဲ ဖြစ်ဖြစ်၊ အချစ်ခံချင်တာပဲ ဖြစ်ဖြစ် ရှင့်သဘောပဲ။ ကျွန်မဆီ လာပြီး ပြဿနာ ဖြစ်အောင် လာသွေးထိုးတာကတော့ တကယ်ပဲ အကြံပိုင်လွန်းအားကြီးတယ်"

ချင်ဖေး "..."

ချင်ဖေး၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားပြီး ခြောက်ကပ်ကပ် အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်ရသည်။ "ဒါ ဘယ်လို စကားတွေ ပြောနေတာလဲ။ ကျွန်မက စိတ်ထဲ မကျေနပ်လို့ ရှင်နဲ့ လာပြီး ရင်ဖွင့်တာပါ။ ဘယ်လိုလုပ် သွေးထိုးတယ် ဖြစ်သွားရတာလဲ"

မုန့်ဖေးသည် ချင်ဖေးကို စွေကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ "ရှင်နဲ့ သိလာတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ ရှင့်ရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ စိတ်ဓာတ်ကို ဘယ်သူ မသိဘဲ နေမှာလဲ။ ကိုယ်တိုင် ရှေ့မထွက်ရဲဘဲ တခြားလူကို ရှေ့ထွက်အောင် လိုက်သွေးထိုးနေတာ။ ဝမ်ကျဲယွီက ရှင့်စကား နားမထောင်တော့ ကျွန်မဆီ ရောက်လာတာမလား။ ထွီ"

ချင်ဖေးသည် နှာခေါင်းနှင့် တံခါး ဆောင့်မိသကဲ့သို့ ဖြစ်သွားပြီး ရှက်ရှက်နှင့် ကိုယ့်နန်းဆောင် ကိုယ် ပြန်ပြေးရတော့သည်။

သို့သော် စိတ်ညစ်ရသည်မှာ ရက်အနည်းငယ်သာ ကြာမြင့်လိုက်သည်။ နန်းတော်အပြင်ဘက်မှ ကောလာဟလ သတင်းတစ်ခု ထွက်ပေါ်လာပြီး နန်းတော်ထဲသို့ လျင်မြန်စွာ ပျံ့နှံ့ရောက်ရှိလာခဲ့လေသည်။ ထိုကောလာဟလ သတင်းမှာ စိတ်ဝင်စားစရာ ကောင်းလွန်းလှပြီး ပြဇာတ်တစ်ပုဒ် ရေးသား၍ပင် ရလောက်ပေသည်။

ချင်ဖေးသည် ထိုသတင်းကို ကြားလိုက်ရသည်နှင့် သဘောကျလွန်း၍ တဟားဟား ရယ်မောနေတော့သည်။

အိုး!

တကယ့်ကို ကျေနပ်စရာ ကောင်းလိုက်တာ!

...

All Chapters