← Chapters

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အပိုင်း (၅၁၁) သားအဖနှစ်ယောက် မိန်းမတစ်ယောက် (၁)

ချင်ဖေးတစ်ယောက် ပျော်ရွှင်နေချိန်တွင် စတုတ္ထမင်းသား ရောက်ရှိလာခဲ့လေသည်။

စတုတ္ထမင်းသားသည် ချင်ဖေး၏ သားဖြစ်သည့်အလျောက် အတင်းအဖျင်း ပြောဆိုရသည်ကို နှစ်သက်ပြီး ပွဲကြည့်ရသည်ကို ကြိုက်နှစ်သက်သည့် စိတ်နေစိတ်ထားမှာ ချင်ဖေးနှင့် တစ်ပုံစံတည်းပင်။ သူ၏ မျက်ဝန်းတစ်စုံတွင် အတင်းအဖျင်း ပြောဆိုရတော့မည့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပနေပြီး ပါးစပ်ဟလိုက်သည်နှင့် ပြောလိုက်လေသည်။

"နန်းတော်အပြင်က ကောလာဟလတွေကို မူဖေး ကြားပြီးပြီလား"

ချင်ဖေးက နှုတ်ခမ်းကို တွန့်ကာ ပြောလိုက်လေသည်။ "နန်းတော်ထဲမှာ တံမြက်စည်းလှည်းတဲ့ အစေခံတွေတောင် သိနေကြပြီပဲ"

"ဘယ်သူကများ ဒီလောက်တောင် စိတ်ဓာတ်အောက်တန်းကျပြီး အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို လွှင့်လိုက်တာလဲ မသိဘူး။ စူးကွေ့ရန်က သားကို အရင်ပြုစုပြီးတော့ အဖေကို ဆက်ပြီး ပြုစုတယ်တဲ့။ သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို မျှဝေပေါင်းသင်းခြင်း ဆိုပါလား... ဪ... နားထောင်ရတာတောင် ရွံစရာကောင်းလိုက်တာ"

သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို မျှဝေပေါင်းသင်းခြင်း ဆိုသည်မှာ အဘယ်နည်း။

ဆိုလိုသည်မှာ သားအဖနှစ်ယောက်လုံး မိန်းမတစ်ယောက်တည်းနှင့် အိပ်စက်ကြသည်ဟူ၍ ဖြစ်ပြီး အပြုအမူမှာ အောက်တန်းကျလွန်းကာ တိရစ္ဆာန်များနှင့်ပင် မခြားတော့ပေ။

စူးဖေးသည် အရင်က လီမိသားစုထဲသို့ မဝင်ရောက်မီက အလှအပဖြင့် အသက်မွေးသော ကချေသည်တစ်ဦး ဖြစ်ခဲ့ဖူးပြီး ကွမ်းပင်းနယ်စားနှင့်လည်း ဖောက်ပြန်ခဲ့ဖူးလေသည်။ ထိုကိစ္စတစ်ခုတည်းနှင့်ပင် စူးဖေးသည် ဆယ်စုနှစ်တစ်ခုကျော်ကြာသည်အထိ ခါးမတ်အောင် မနေနိုင်ခဲ့ပေ။ လူတိုင်းက စူးဖေး၏ အသည်းနှလုံးကို ထိုးနှက်ချင်ကြသည့်အခါ ထိုကိစ္စကို တစ်ခွန်းလောက် ပြောလိုက်ရုံဖြင့် စူးဖေးမှာ မျက်နှာကိုအုပ်၍ ထွက်ပြေးရသည်အထိ ရှက်ရွံ့တတ်လေသည်။

ယခု စူးကွေ့ရန်အလှည့် ရောက်သောအခါတွင်မူ သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို မျှဝေပေါင်းသင်းကြသည်ဟူသော စကားများပင် ထွက်ပေါ်လာခဲ့ပြီ။

နောင်ဆိုလျှင် စူးကွေ့ရန်အနေနှင့် မည်သည့်မျက်နှာဖြင့် လူတကာကို ရင်ဆိုင်ရဲပါတော့မည်နည်း။

လီဟောက်မှာကော မည်သည့်မျက်နှာ ရှိပါဦးမည်နည်း။

ယုံးကျားဧကရာဇ်ကော မည်သည့်မျက်နှာ ရှိပါတော့မည်နည်း။

ချင်ဖေးသည် နားထဲတွင် ညစ်ညမ်းသည်ဟု ပြောဆိုနေသော်ငြားလည်း သူမ၏ မျက်နှာအမူအရာကတော့ ထိုသို့မဟုတ်ချေ။ မျက်ခုံးနှစ်ဖက်မှာ ပျော်ရွှင်လွန်းသဖြင့် အပေါ်သို့ပင် မြောက်တက်လုမတတ် ဖြစ်နေလေသည်။

စတုတ္ထမင်းသားက ချောင်းတစ်ချက် ဟန့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။ "မူဖေး ပျော်မနေနဲ့ဦး။ ဒီကိစ္စက သားထင်သလောက် ရိုးရှင်းမှာ မဟုတ်ဘူး"

"ဖုဟွမ်က စန်းကောရဲ့ အိမ်တော်ကို သွားပြီး ညအိပ်ခဲ့တဲ့ကိစ္စကို သိတဲ့လူ မများလှဘူး။ စူးကွေ့ရန်ကို နန်းတော်ထဲ ခေါ်လာတာကလည်း ကမ္ဘာပျက်မယ့် ကိစ္စကြီးမှ မဟုတ်တာ။ ဘာဖြစ်လို့ ရုတ်တရက်ကြီး လူတိုင်းသိကုန်ကြပြီး ဒီလောက်အထိ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ ထွက်လာရတာလဲ"

"ဒါက စန်းကောကို စော်ကားလိုက်တာတင် မဟုတ်ဘဲ ဖုဟွမ်ကိုပါ အရှက်ခွဲလိုက်တာပဲ။ ဒီလောက် ဂုဏ်သိက္ခာမဲ့တဲ့ ကောလာဟလတွေကြောင့် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ မျက်နှာပန်းလည်း ထိခိုက်ရတယ်"

ချင်ဖေးက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်လေသည်။ "မင်းက ဘာတွေ လာပြီး ဂုဏ်သိက္ခာတို့ မျက်နှာပန်းလှတာတို့ လာပြောနေတာလဲ။ လီဟောက်က အကွက်ချစီစဉ်ပြီး ဖုဟွမ်ကို မျက်နှာလိုမျက်နှာရ လုပ်တယ်။ စူးကွေ့ရန်ကို နန်းတော်ထဲ ပို့လိုက်တယ်။ သူ ဘာလိုချင်နေလဲဆိုတာ မျက်လုံးပါတဲ့သူတိုင်း သိနေတာပဲ"

"အရှေ့နန်းဆောင်ကလည်း သူလုပ်သမျှ ငြိမ်ခံနေမယ့် ပျော့ညံ့တဲ့လူတွေမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး ပြန်မတိုက်ခိုက်ဘဲ နေမှာလဲ။ မင်း စောင့်သာ ကြည့်နေလိုက်။ ပွဲကောင်းက အခုမှ စမှာ!"

စတုတ္ထမင်းသားသည် လက်ချောင်းများကို ပွတ်သပ်လိုက်ပြီး သူ၏ မျက်နှာတွင် ပွဲကြည့်ရမည် ဖြစ်သဖြင့် စိတ်လှုပ်ရှားနေသည့် ပုံစံနှင့် ဖခင်နှင့် အစ်ကိုဖြစ်သူအတွက် ပူပန်နေသည့် ပုံစံတို့ တစ်လှည့်စီ ဖြစ်ပေါ်နေလေသည်။

ချင်ဖေးသည် ကြည့်ရမြင်ရသည်ကို အဆင်မပြေဖြစ်လာသဖြင့် လက်ကိုဆန့်ကာ စတုတ္ထမင်းသားကို တစ်ချက် ရိုက်ထည့်လိုက်လေသည်။ "တော်စမ်း။ ငါ့ရှေ့မှာ ဘာတွေ လာပြီး ဟန်ဆောင်နေတာလဲ။ မင်းရဲ့ ဗိုက်ထဲက အူခွေဘယ်နှစ်ခွေ ရှိလဲဆိုတာ ငါ ကောင်းကောင်းသိတယ်"

"ဒီကိစ္စက အစကနေ အဆုံးထိ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ ငါတို့က လက်ပိုက်ပြီး ပွဲကြည့်ရုံပဲ။ မင်း ဝင်ပြီး မပါနဲ့"

စတုတ္ထမင်းသားက ချက်ချင်းပင် ရယ်မောလိုက်လေသည်။ "ဒါကတော့ သေချာတာပေါ့"

ချင်ဖေးသည် သက်ပြင်းချလိုက်ပြီး မျက်နှာထက်တွင် သူများဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေသည့် အပြုံးများ ပေါ်လာပြန်သည်။ "စူးကွေ့ရန် ဘယ်လောက်ကြာကြာ လေကြီးမိုးကြီး တိုက်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

...

သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို မျှဝေပေါင်းသင်းခြင်း ဟုတ်လား။

ချောင်မိဖုရားခေါင်သည် အေးအေးဆေးဆေး ရှိနေသော လုမင်ယွိကို ကြည့်ရင်း ယုံကြည်နိုင်စွမ်း မရှိသကဲ့သို့ ဖြစ်နေပြီး စကားပင် ကောင်းကောင်း မပြောနိုင်တော့ချေ။ "နန်းတော်အပြင်က ကောလာဟလတွေက... ဘယ်လိုဖြစ်ရတာလဲ"

လုမင်ယွိက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။ "စူးရော့က မနှစ်ကတည်းက လီဟောက်ရဲ့ ခေါ်ထုတ်သွားတာကို ခံရပြီး အပြင်အိမ်မှာ နေခဲ့ရတာပါ။ နောက်ပိုင်းမှာ တတိယမင်းသား အိမ်တော်ထဲကို ရောက်သွားခဲ့တယ်။ ဖုဟွမ်က အရက်မူးပြီး တတိယမင်းသား အိမ်တော်မှာ ညအိပ်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ စူးရော့ရဲ့ အိပ်ခန်းထဲကို ရောက်သွားခဲ့တာလေ"

"အကြောင်းအရာ တစ်ခုချင်းစီတိုင်းက အမှန်တရားတွေချည်းပါပဲ"

"ကျွန်မက ဒီကိစ္စကို ဖြန့်လိုက်ရုံပါပဲ။ နောက်ပိုင်း ကောလာဟလတွေက ဘယ်လိုလုပ်ပြီး သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို မျှဝေပေါင်းသင်းကြတယ် ဆိုပြီး ပြောင်းလဲသွားလဲ ဆိုတာကိုတော့ ကျွန်မလည်း မသိတော့ဘူး"

ချောင်မိဖုရားခေါင် "..."

ချောင်မိဖုရားခေါင်သည် အသက်ကို ပြင်းပြင်းရှူလိုက်မိပြီး အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်သွားရလေသည်။

ကောလာဟလများသည် ဆူညံပွက်လောရိုက်နေပြီး မင်းမျိုးမင်းနွယ်များ၊ စာပေပညာရှင်များ၊ ဆွေမျိုးများနှင့် လမ်းမများပေါ်တွင်ပါ မကျန် ပြောဆိုနေကြလေသည်။ ပို၍ပင် အံ့သြစရာ ကောင်းလာသည်မှာ ကောလာဟလများက တဖြည်းဖြည်း ပိုပြီး လမ်းလွဲလာခြင်းပင်။

သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို မျှဝေပေါင်းသင်းခြင်း ဆိုသည်မှာ စာဆန်သည့် အသုံးအနှုန်း ဖြစ်သော်လည်း တိတ်တဆိတ် ပြောဆိုနေကြသည့် ကောလာဟလများကတော့ ပိုပြီး ရိုင်းစိုင်းကာ နားထောင်၍ မကောင်းချေ။ ဥပမာအားဖြင့် "သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းနဲ့ အိပ်ကြတယ်" "သားဖြစ်သူ အိပ်ပြီးသား မိန်းမကို အဖေဖြစ်သူရဲ့ ကုတင်ပေါ် ပို့ပေးတယ်" စသည်ဖြင့် အမျိုးမျိုး ပြောဆိုနေကြလေသည်။

ထို့ထက်ပို၍ လွန်ကဲသည်မှာ စူးကွေ့ရန်မှာ ကိုယ်ဝန်ရှိနေပြီဟူ၍ပင်။ ကလေးက ဘယ်သူ့ကလေးလဲ ဆိုတာတောင် မသိရဘူး။ နောက်ပိုင်း ကလေးမွေးလာရင် မင်းသားလို့ ခေါ်ရမလား မြေးတော်လို့ ခေါ်ရမလား။ လီဟောက်ကိုကော စန်းကောလို့ ခေါ်သင့်လား မခေါ်သင့်ဘူးလား စသည်ဖြင့်။

တကယ့်ကို သွေးမထွက်ဘဲ သတ်လိုက်ခြင်းပင်။

ချောင်မိဖုရားခေါင်သည် ထိတ်လန့်နေမိသော်လည်း အကြောင်းပြချက်မရှိဘဲ စိတ်ထဲတွင် ကျေနပ်အားရနေမိလေသည်။

လုမင်ယွိ၏ အသံက နားထဲသို့ ဝင်ရောက်လာခဲ့သည်။ "မူဟုပ် စိတ်မပူပါနဲ့။ ကောလာဟလတွေက လူတိုင်းသိကုန်ပြီဆိုတော့ ဖုဟွမ် ဒေါသထွက်ရင်တောင် လိုက်စစ်ဆေးဖို့ မဖြစ်နိုင်တော့ပါဘူး"

မြို့တော်တစ်ခုလုံးရှိ လူတိုင်းက "သားအဖနှစ်ယောက် ပြောမပြချင်လောက်အောင် ရှုပ်ထွေးပွေလီနေသည့် ဇာတ်လမ်း" ကို ဆွေးနွေးငြင်းခုံနေကြရာ ယုံးကျားဧကရာဇ် မည်မျှပင် ဒေါသထွက်စေကာမူ ဘာတတ်နိုင်မည်နည်း။ လူတိုင်းကို ဖမ်းဆီးပြီး ခေါင်းဖြတ်ပစ်ဖို့တော့ မဖြစ်နိုင်ပေ။

တကယ်ပဲ ဧကရာဇ်မင်းမြတ် ဖြစ်ရုံနဲ့ စိတ်ကြိုက် လုပ်ချင်ရာ လုပ်လို့ရသည်ဟု ထင်နေသလား။

ချောင်မိဖုရားခေါင်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး လုမင်ယွိ၏ တည်ငြိမ်နေသော ပုံစံကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ပန်ကုံး စိုးရိမ်တာက အရှင်မင်းကြီး ဒေါသထွက်ပြီး အရှေ့နန်းဆောင်ကို မဲနေမှာစိုးလို့"

"အမဲခံရတာ နည်းတော့တာလဲ မဟုတ်ဘူးလေ" လုမင်ယွိ၏ မျက်ဝန်းအိမ်များ ရုတ်တရက် စူးရှသွားတော့သည်။ "စူးဖေး သေသင့်တယ်ဆိုတာ ဘယ်သူမဆို သိကြတာပဲ။ ဖုဟွမ် ပြန်မရောက်ခင် ကျွန်မက အရင်လက်ဦးပြီး စူးဖေးကို သတ်လိုက်မိလို့ ဖုဟွမ်က စိတ်ထဲမှာ အဖုအထစ်ဖြစ်ပြီး အရှင်မင်းသားကို နည်းမျိုးစုံနဲ့ လစ်လျူရှုထားခဲ့တာလေ"

"လီချန်ရဲ့ လက်ထပ်ပွဲအတွက်နဲ့ ဖုဟွမ်က အရှင်မင်းသားကို အပြစ်ရှာပြီး အရှေ့နန်းဆောင်ကို လစ်လျူရှုခဲ့ပြန်တယ်"

"အရှင်မင်းသားက နည်းမျိုးစုံ သည်းခံခဲ့သလို ကျွန်မလည်း စိတ်ကိုထိန်းပြီး ငြိမ်နေခဲ့ပါတယ်။ ဒါပေမဲ့ အခု လီဟောက်က ဒီလောက်ထိ အောက်တန်းကျတဲ့ ကိစ္စတွေကိုတောင် လုပ်ရဲနေမှတော့ ဒီအတိုင်း လွှတ်ထားလိုက်ရင် နောက်ဆို အရှေ့နန်းဆောင်ကို ဖျက်သိမ်းပြီး တခြားသူကို အိမ်ရှေ့စံအရာ တင်မြှောက်တော့မှာ"

"လီဟောက်မှာ အဲဒီလို စိတ်ကူးရှိရင်တောင် အဲဒီလို ကံပါရဲ့လားဆိုတာ ကြည့်ရသေးတာပေါ့"

"အရှင်မင်းသားက တရားဝင် မိဖုရားခေါင်က မွေးဖွားတဲ့ သားအရင်းပါ။ မူးမတ်တွေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကိုလည်း ရထားတယ်။ စစ်မြေပြင်မှာလည်း ကြီးမားတဲ့ အကျိုးဆောင်မှုတွေကို ပြုလုပ်ခဲ့တယ်။ ပြည်မကြီးက စာပေပညာရှင်တွေက အရှင်မင်းသားကို ထောက်ခံကြသလို ရှင်းယန်ဝမ်ရဲ့ တပ်မတော် ၁၀သိန်းကလည်း အရှင်မင်းသားရဲ့ နောက်မှာ ရှိနေတယ်။ အရှင်မင်းသားသာ အမှားကြီးကြီးမားမား မလုပ်သရွေ့ ဖုဟွမ်အနေနဲ့ အရှေ့နန်းဆောင်ကို ဖျက်သိမ်းလို့ မရပါဘူး"

ချောင်မိဖုရားခေါင်သည် ကြားရသည်နှင့် ရင်တုန်ပန်းတုန် ဖြစ်လာပြီး လက်ကိုဆန့်ကာ လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။ "မင်း အရင်ဆုံး စိတ်လျှော့ပါဦး။ ကိုယ်ဝန် ထိခိုက်မှာ စိုးလို့ပါ"

လုမင်ယွိက မျက်ခုံးကို ပင့်လိုက်ပြီး ချောင်မိဖုရားခေါင်၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်လေသည်။ "မူဟုပ် စိတ်မပူပါနဲ့။ ကျွန်မက စိတ်ဆတ်တယ် ဆိုပေမယ့် ကိုယ်ဝန်က ကျန်းမာပါတယ်။ ဘာမှ မဖြစ်ပါဘူး"

"လီဟောက်က နည်းမျိုးစုံနဲ့ အကွက်ချစီစဉ်နေတာ။ ကျွန်မတို့က ဒီအတိုင်း သည်းခံနေလို့ မဖြစ်ဘူးလေ။ ဒီတစ်ခါတော့ ကိုယ်တူးတဲ့ ကျင်းထဲ ကိုယ်ပြန်ရောက်သွားတဲ့ အရသာကို သူ့ကို မြည်းစမ်းခိုင်းရမယ်။ ဒါက အခုမှ စတာပဲ ရှိသေးတယ်။ မူဟုပ် စောင့်သာ ကြည့်နေလိုက်ပါ"

ချောင်မိဖုရားခေါင်၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး စိတ်လှုပ်ရှားသလိုလို စိုးရိမ်သလိုလို ဖြစ်လာခဲ့သည်။ "ဒီလောက်တောင် လမ်းလွဲကုန်ပြီပဲ။ ဘာတွေ ကျန်သေးလို့လဲ"

လုမင်ယွိ၏ မျက်ဝန်းများ လင်းလက်သွားပြီး ရုတ်တရက် ပြုံးလိုက်လေသည်။ "မူဟုပ် ဘာမှ မသိထားတာက အကောင်းဆုံးပါပဲ။ ဖုဟွမ် မေးလာရင် မူဟုပ်က ခါးကို မတ်မတ်ထားပြီး ကိုယ့်ဘက်က မှန်ကန်ကြောင်း ယုံကြည်မှုရှိရှိနဲ့ ဖြေရှင်းလို့ ရတာပေါ့"

ဒါမှလည်း စိတ်မလုံတာမျိုး ဖြစ်မနေမှာလေ။

ချောင်မိဖုရားခေါင်၏ နှလုံးခုန်သံများကတော့ မြန်ဆန်နေဆဲပင်။ စကားပင် လွှတ်ခနဲ ထွက်သွားတော့သည်။ "တကယ်လို့... တကယ်လို့များ အရှင်မင်းကြီးက ဒီကိစ္စကို အရှေ့နန်းဆောင်နဲ့ ပတ်သက်နေတယ် ဆိုတာ သိသွားပြီး မင်းကို အပြစ်လာတင်ရင် ဘယ်လိုလုပ်မလဲ"

လုမင်ယွိက အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။ "အရှင်မင်းသားက ရေဘေးသင့်ဒေသကို သွားပြီး ကယ်ဆယ်ရေး လုပ်နေတာလေ။ မြို့တော်ကို ပြန်မရောက်သေးတော့ ဒီကိစ္စနဲ့ ပတ်သက်မှု မရှိကြောင်း ရှင်းလို့ရပါတယ်။ ကျွန်မကတော့ ကိုယ်ဝန်နဲ့မို့ အရှေ့နန်းဆောင်ထဲမှာပဲ နေပြီး ကိုယ်ဝန်စောင့်ရှောက်နေတာပါ။ နန်းတော်တံခါးကိုတောင် ခြေတစ်လှမ်း မကျော်ပါဘူး။ နန်းတော်အပြင်က ကိစ္စတွေက ကျွန်မနဲ့ ဘာဆိုင်လို့လဲ"

ချောင်မိဖုရားခေါင် "..."

လူတစ်ယောက်က ဒီလောက်ထိတောင် မျက်နှာပြောင်တိုက်လို့ ရသလား။

ချောင်မိဖုရားခေါင်သည် အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှား တက်ကြွလာကာ လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်ထားသည်မှာ တုန်ရီလာသည်အထိပင်။ "တကယ်လို့... မတော်တဆ အရှင်မင်းကြီးက မင်းလက်ချက် ဆိုတာကို အတိအကျ သိသွားပြီး အပြစ်ပေးရင် ဘယ်လိုလုပ်မလဲ"

လုမင်ယွိက အနည်းငယ် အံ့သြသွားဟန် ပြုလိုက်လေသည်။ "ယောက္ခထီး လုပ်တဲ့သူက သားဖြစ်သူ မရှိတဲ့အချိန်မှာ အရှေ့နန်းဆောင်ထဲ ဝင်ပြီး ချွေးမဖြစ်သူကို လက်ညှိုးထိုး ဆူပူကြိမ်းမောင်းမယ် ဟုတ်လား။ သာမန်ပြည်သူတွေတောင် ဒီလို ဂုဏ်သိက္ခာမဲ့တဲ့ ကိစ္စမျိုးကို မလုပ်ကြပါဘူး။ ဖုဟွမ်က တိုင်းပြည်တစ်ခုရဲ့ ဧကရာဇ်မင်းမြတ် ဖြစ်ပြီး တိုင်းပြည်ရဲ့ စံပြပုဂ္ဂိုလ်လေ။ ဒီလို လုပ်ပါ့မလား"

"မူဟုပ် ဒီလိုတွေးတာက ဖုဟွမ်ရဲ့ သဘောထားကြီးမှုကို အရမ်း လျှော့တွက်လွန်းရာ ရောက်နေပါပြီ"

ချောင်မိဖုရားခေါင် "..."

...

အပိုင်း (၅၁၂) သားအဖနှစ်ယောက် မိန်းမတစ်ယောက် (၂)

သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို မျှဝေပေါင်းသင်းခြင်း ဆိုပါလား။

ဝမ်ဟွားနန်းဆောင်ထဲတွင် ခွမ်းခနဲ ကျွတ်ဆတ်ဆတ် အသံကျယ်ကြီး ထွက်ပေါ်လာခဲ့လေသည်။

အလွန်ကောင်းမွန်သည့် ကျောက်စိမ်းစက္ကူဖိတုံး တစ်တုံးသည် တည့်တည့်မတ်မတ် လွင့်စင်ထွက်သွားပြီး တိုင်လုံးကို ဝင်ဆောင့်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

လျိုကုန်းကုန်းနှင့် အခြားနန်းတွင်းအမတ်များ၊ ကုန်းကုန်းများ အားလုံးသည် ဆောင်းတွင်းက ပုစဉ်းရင်ကွဲကောင်များကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကြပြီး တညီတညွတ်တည်း ဒူးထောက်ကာ အပြစ်ကို တောင်းပန်လိုက်ကြလေသည်။ "ကျွန်တော်မျိုးတို့ သေဒဏ်ပေးခံရဖို့ ထိုက်တန်ပါတယ်။ အရှင်မင်းကြီး ဒေါသဖြေတော်မူပါ"

ယုံးကျားဧကရာဇ်၏ အသက်ရှူသံများသည် မြန်ဆန်ပြီး မမှန်တော့ဘဲ ရင်ဘတ်သည်လည်း နိမ့်လိုက်မြင့်လိုက် ဖြစ်နေလေသည်။ မျက်နှာတစ်ခုလုံးသည် ဒေါသကြောင့် သံဖြူရောင်ဖြစ်နေပြီး မျက်လုံးထဲမှ မီးပွားများပင် ထွက်ကျလုမတတ် ဖြစ်နေတော့၏။ "တိရစ္ဆာန်ကောင်တွေ။ ဘယ်သူကများ ထပ်ပြီး လျှောက်ပြောရဲသေးလဲ။ ကျန်း သူ့ခေါင်းကို ဖြတ်ပစ်မယ်"

"လျိုကုန်းကုန်း... မင်း အခုချက်ချင်း သွားစစ်ဆေးစမ်း။ ကောလာဟလတွေ ဘယ်ကနေ စပြီးထွက်လာတာလဲဆိုတာ တစ်ရက်အတွင်း အရှင်းလင်းဆုံး ဖြစ်အောင် စစ်ဆေးပြီး ကျန်းကို လာတင်ပြရမယ်။ ကျန်း သူ့ကို လုံးဝ ခွင့်မလွှတ်ဘူး"

ယုံးကျားဧကရာဇ်သည် တွေးလေ ဒေါသထွက်လေ ဖြစ်လာပြီး ကုလားထိုင်ကိုပါ ကန်မှောက်လိုက်လေသည်။

ထည်ဝါခန့်ညားလှသည့် တိုင်းပြည်အရှင် ဧကရာဇ်တစ်ပါးဖြစ်ပါလျက်နှင့် သားဖြစ်သူနှင့်အတူ မိန်းမတစ်ယောက်တည်းကို အတူတူ အိပ်စက်သည်ဟု ကောလာဟလ ထွက်နေရသည်... သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို မျှဝေပေါင်းသင်းခြင်း ဆိုသည့် စကားလုံးသည် သူ့မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည့် ပါးရိုက်ချက်တစ်ခုနှင့် တူလှပေသည်။

လူဘယ်နှစ်ယောက်လောက်များ နောက်ကွယ်မှာ အတင်းအဖျင်း ပြောဆိုပြီး ပွဲကြည့်နေကြမလဲ ဆိုတာ မသိနိုင်တော့ပေ။

ယုံးကျားဧကရာဇ် ဒေါသထွက်နေချိန်တွင် လျိုကုန်းကုန်းသည် မည်သည့်စကားမျှ ဝင်မပြောရဲ၊ ဝင်မချော့ရဲဘဲ အလျင်အမြန်ပင် အမိန့်နာခံကာ ဆုတ်ခွာသွားခဲ့သည်။

ဝမ်ဟွားနန်းဆောင်ထဲမှ ထွက်လာပြီးမှသာ လျိုကုန်းကုန်းသည် ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ကုန်းကုန်းအချို့ကို ခေါ်ယူကာ တစ်ယောက်ချင်းစီကို အမိန့်ပေးလိုက်တော့၏။

ထိုအထဲမှ ကုန်းကုန်းတစ်ယောက်က အခက်တွေ့နေသည့် မျက်နှာထားဖြင့် အသံတိုးတိုး ပြောလိုက်လေသည်။ "လျိုကုန်းကုန်း... ကျွန်တော်မျိုးက တာဝန်ကို ငြင်းဆန်ချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးတို့က ပုံမှန်ဆိုရင် နန်းတော်ထဲမှာပဲ နေရတာလေ။ နန်းတော်ပြင်ပကို ထွက်သွားရင်လည်း မျက်စိကန်းနေသလို ဖြစ်နေမှာ။ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး စစ်ဆေးရမှာလဲ"

အခြား ကုန်းကုန်းတစ်ယောက်ကလည်း သက်ပြင်းချကာ ပြောလေသည်။ "ဟုတ်ပါတယ်။ ကျွန်တော်မျိုး ပြောရမယ်ဆိုရင် ဒီတာဝန်က တော်ဝင်ကိုယ်ရံတော်တပ်ကို လွှဲပေးသင့်တာပါ။ သူတို့အများစုက မင်းမှုထမ်း မျိုးနွယ်တွေဖြစ်ပြီး အဆက်အသွယ်လည်း များသလို မြို့တော်ရဲ့ နေရာအနှံ့အပြားကိုလည်း ရင်းနှီးကျွမ်းဝင်ကြတယ်..."

စကားမဆုံးသေးခင်မှာပင် လျိုကုန်းကုန်း၏ မျက်နှာသည် တည်သွားတော့သည်။ "အရှင်မင်းကြီး အမိန့်ပေးလိုက်တဲ့ တာဝန်ကို မင်းတို့က ငြင်းဆန်ရဲတယ်ပေါ့လေ။ ပခုံးပေါ်က ခေါင်းကို မလိုချင်ကြတော့ဘူးလား။ နောက်တစ်ခွန်း ထပ်ပြောရဲရင် ငါ အခုပဲ အရှင်မင်းကြီးကို သွားလျှောက်တင်လိုက်မယ်"

ကုန်းကုန်းအချို့က ချက်ချင်းပင် ခေါင်းငုံ့ကာ အမိန့်ကို နာခံလိုက်ကြလေသည်။

လျိုကုန်းကုန်း ပြန်လည်ဝင်ရောက်သွားသည့်အခါ ကုန်းကုန်းခေါင်းဆောင် အချို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပြိုင်တူ သက်ပြင်းချလိုက်ကြလေသည်။

"ဒီလို ပင်ပန်းပြီး အရာမထင်မယ့် ကိစ္စမျိုးကျတော့ ငါတို့ကိုပဲ ခေါင်းခံခိုင်းတယ်" ကုန်းကုန်းတစ်ယောက်က အသံတိုးတိုးဖြင့် ညည်းညူလိုက်လေသည်။ "အစကတည်းက တော်ဝင်ကိုယ်ရံတော်တွေရဲ့ တာဝန်ဖြစ်သင့်တာ။ စဉ်းစားကြည့်ပါဦး။ ငါတို့တွေက မိန်းမစိုးတွေလေ။ နန်းတော်တံခါးအပြင် ထွက်လိုက်တာနဲ့ ဘယ်သူက မသိဘဲ နေမှာလဲ။ ငါတို့က ကောလာဟလရဲ့ အရင်းအမြစ်ကို သွားစစ်ဆေးရင် ဘယ်သူက အမှန်တိုင်း ပြောမှာလဲ"

"ဒါပေါ့... ဒီကိစ္စက အရှင်မင်းကြီးနဲ့ အခုမှ နန်းတော်ထဲ ဝင်လာတဲ့ စူးကွေ့ရန်၊ ပြီးတော့ နန်းတော်အပြင်က တတိယမင်းသားတို့နဲ့ ပတ်သက်နေတာ။ မပြောတတ်ရင် အရှေ့နန်းဆောင်နဲ့ပါ ပတ်သက်နေဦးမှာ... ဘယ်သူပဲ ပါပါ ကံဆိုးမှာပဲ"

"ဒီလိုစကားမျိုးတွေကို မင်းတို့တွေ မပြောကြနဲ့တော့။ ခုနက လျိုကုန်းကုန်း ပြောသွားတာကို မကြားလိုက်ဘူးလား။ ငါတို့တွေ စကားများနေရင် အရင်ဆုံး အပြစ်ပေးခံရလိမ့်မယ်"

"တော်ပါပြီ။ ငါတို့ကံဆိုးတယ်လို့ပဲ သဘောထားလိုက်ပါတော့။ ပွစိပွစိ လုပ်မနေကြနဲ့တော့။ နန်းတော်ထဲကနေ မြန်မြန်ထွက်ကြရအောင်။ အရှင်မင်းကြီး ဒေါသထွက်နေတာ။ တကယ်လို့ မေးလာတဲ့အခါ ငါတို့ဘက်က အဖြေမရှိရင် သေချာပေါက် ကြိမ်ဒဏ်ပေးခံရမှာ"

"ပြောရရင် ဒီကောလာဟလက တော်တော်လေး ရက်စက်တာပဲ။ သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို မျှဝေပေါင်းသင်းခြင်း ဆိုတဲ့ စကားတောင် ထွက်လာတယ်။ ဒါက အရှင်မင်းကြီး မျက်နှာပျက်မှာကို မကြောက်ကြဘူးလား"

"တတိယမင်းသားကမှ တကယ်ကံဆိုးတာ။ အကြီးအကျယ် ကြိုးစားအားထုတ်ပြီး အလှမယ်လေးကို နောက်နန်းဆောင်ထဲ ပို့ပေးလိုက်တာ။ အရှင်မင်းကြီးကို မျက်နှာလုပ်ပြီး အနာဂတ်အတွက် ကြံစည်ချင်လို့လေ။ အခုတော့ ကောင်းရော... ဒီလိုမျိုးကြီး ပြောဆိုခံလိုက်ရပြီ"

"ငါ့အမြင်ကတော့ ယိဟွားနန်းဆောင်ထဲက စူးကွေ့ရန်ကမှ အကံဆိုးဆုံးပဲ။ အသစ်စက်စက် အရှိန်အဝါလေးတောင် မကုန်သေးဘူး။ ဒီလိုကိစ္စကြီး ဖြစ်လာခဲ့ပြီ။ အရှင်မင်းကြီးက နောက်ပိုင်း ယိဟွားနန်းဆောင်ကို သွားရင် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်မနေဘူးလား"

"မင်းတို့ ပြောကြည့်... ဒီကိစ္စကို ဘယ်သူ လုပ်တာဖြစ်မလဲ။ အရှေ့နန်းဆောင်များ ဖြစ်မလား..."

"ဖီး ဖီး ဖီး... မင်းပါးစပ် ပိတ်ထားလိုက်စမ်းပါ။ အရိပ်အယောင်မရှိတဲ့ ကိစ္စကို မင်းက လျှောက်ပြီးမှန်းဆရဲတယ်။ ထိုက်ဇီက မြို့တော်မှာ ရှိတာမှ မဟုတ်တာ။ လက်အောက်ငယ်သားတွေ အကုန်လုံးကလည်း ကျန့်ခရိုင်ကို လိုက်သွားကြပြီ။ ထိုက်ဇီဖေးကလည်း ကိုယ်ဝန်စောင့်ရှောက်ဖို့ပဲ အာရုံစိုက်နေပြီး အရှေ့နန်းဆောင်ကနေတောင် မထွက်ဖူးဘူး။ ဒါက အရှေ့နန်းဆောင်နဲ့ ဘာဆိုင်လို့လဲ"

"လျှော့ပြီး တွေးကြည့်ရင် ပတ်သက်မှု ရှိတယ်ဆိုရင်တောင် ခိုင်လုံတဲ့ သက်သေအထောက်အထား တွေ့မှ ပြောလို့ရမှာ။ မဟုတ်ရင် အရှင်မင်းကြီးနဲ့ အရှေ့နန်းဆောင်ကြားကို သွေးထိုးလှုံ့ဆော်ရာ ရောက်သွားလိမ့်မယ်။ ဒီလိုပြစ်မှုမျိုးကို ငါတို့တွေ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

ကုန်းကုန်းခေါင်းဆောင်များသည် တီးတိုးတီးတိုး ပြောဆိုပြီးနောက် လူစုခွဲကာ ထွက်သွားကြလေသည်။

...

တတိယမင်းသား အိမ်တော်ထဲတွင်လည်း တိမ်မည်းများ ဖုံးလွှမ်းနေလေသည်။

အစေခံများနှင့် ကုန်းကုန်းများသည် ခေါင်းကို ရင်ဘတ်ထဲ ဝင်သွားသည်အထိ ငုံ့ထားချင်ကြပြီး လမ်းလျှောက်သည့်အခါတွင်လည်း ခြေသံလုံအောင် လျှောက်လှမ်းနေကြကာ သခင်၏ အာရုံစိုက်မှုကို ခံရမည်ကို အလွန်ကြောက်ရွံ့နေကြသည်။

မုန့်ယွင်လော်သည် ဒေါသထွက်လွန်းသဖြင့် တစ်နေ့လုံး ထမင်းမစားခဲ့ချေ။ ကောလာဟလ ဖြန့်ဝေသူများကို ဆဲဆိုကြိမ်းမောင်းနေရင်း တစ်ဖက်တွင်လည်း မျက်လုံးများ နီရဲလာကာ မျက်ရည်သုတ်နေလေသည်။

ဘေးနားရှိ အစေခံ ဝမ်ရှို့က မျက်ဝန်းအိမ်များ နီရဲလျက် နှစ်သိမ့်ပေးလေသည်။ "ညန်ညန် ဒေါသထွက်နေရင်တောင် ကိုယ့်ကျန်းမာရေးကိုတော့ ဂရုစိုက်ပါဦး။ ညန်ညန်က အခုမှ ကိုယ်ဝန်ရှိလာတာ။ ကိုယ်ဝန်ကို မထိခိုက်စေပါနဲ့"

မုန့်ယွင်လော်သည် အကြိမ်ကြိမ် မျှော်လင့်တောင့်တခဲ့ပြီးနောက် နောက်ဆုံးတွင် ထပ်မံ၍ ကိုယ်ဝန်ရရှိလာခဲ့သည်။ ထို့အပြင် စူးရော့ကလည်း နန်းတော်ထဲသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်သွားနိုင်သဖြင့် စိတ်အခြေအနေ ကောင်းမွန်နေခဲ့သည်။ မထင်မှတ်ထားသည်မှာ ရက်အနည်းငယ်အတွင်း၌ပင် ကောလာဟလများက နေရာအနှံ့ ပျံ့နှံ့သွားပြီး ဆူညံပွက်လောရိုက်သွားခြင်းပင်။

မုန့်ယွင်လော်သည် ဒေါသကြောင့် မျက်လုံးများ နီရဲလာပြီး ရှိုက်ကြီးတငင် ပြောလေ၏။ "ဒီ စိတ်ထားယုတ်မာတဲ့ကောင်တွေ။ လျှောက်ပြီး ပြောဆိုနေကြတယ်။ အရှင်မင်းသားနဲ့ စူးကွေ့ရန်က မောင်နှမဝမ်းကွဲတွေလေ။ အစကနေ အဆုံးထိ သန့်ရှင်းစင်ကြယ်ကြပါတယ်။ အခုတော့ အမှန်တကယ်လိုလို ဘာလိုလိုနဲ့ ပြောဆိုနေကြတော့ အရှင်မင်းသားက နောက်ဆို ဖုဟွမ်ကို ဘယ်လိုမျက်နှာပြရတော့မလဲ"

သူမပင်လျှင် ဤမျှ ဒေါသထွက်နေရလျှင် နန်းတော်ထဲရှိ ယုံးကျားဧကရာဇ်၏ တုံ့ပြန်မှုကို ခန့်မှန်းကြည့်နိုင်ပေသည်။

ဝမ်ရှို့က လက်ကိုင်ပုဝါဖြင့် သခင်မလေး၏ မျက်ရည်များကို သုတ်ပေးရင်း သက်ပြင်းချကာ ပြောလေသည်။ "ညန်ညန် စိတ်မချမ်းသာဖြစ်နေတာကို ကျွန်မလည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဖြစ်ပြီးသွားပြီဆိုတော့လည်း ဒီကိစ္စကို ထည့်သွင်းစဉ်းစားရတော့မှာပဲ"

"စူးကွေ့ရန်က အပျိုစင်စစ်စစ်ပါဆိုတာ အရှင်မင်းကြီး စိတ်ထဲမှာ အသိဆုံးပါ။ ဒီလို ကောလာဟလတွေက မျက်နှာပျက်စရာ ကောင်းရုံပါပဲ။ တကယ်တမ်းကျတော့ အရှင်မင်းသားကို နည်းနည်းလေးမှ မထိခိုက်နိုင်ပါဘူး"

မုန့်ယွင်လော်က နာကြည်းစွာဖြင့် ပြောလေသည်။ "နင် ဘာနားလည်လို့လဲ။ ဒီလိုဖြစ်နေလို့ ပိုပြီး မုန်းစရာကောင်းတာပေါ့။ အရှင်မင်းကြီးနဲ့ အရှင်မင်းသားတို့က သိပေမယ့် တခြားလူတွေက သိတာမှ မဟုတ်တာ။ မဟုတ်မှလွဲရော တစ်ယောက်ချင်းစီကို လိုက်ရှင်းပြနေရမှာလား"

ဝမ်ရှို့က ဘယ်လိုလုပ်ပြီး နားမလည်ဘဲ နေပါ့မလဲ။

ကောလာဟလများက အချစ်ရေးကိစ္စများနှင့် ပတ်သက်လာလျှင် လူတွေက စိတ်ဝင်တစား ပြောဆိုတတ်ကြသည်မှာ သဘာဝပင်။ အခုက တော်ဝင်မိသားစုမှ သားအဖနှစ်ယောက်နှင့် ပတ်သက်နေပြန်တော့ နောက်ကွယ်မှာ အတင်းပြောသူတွေက ပိုပြီး အားတက်သရော ဖြစ်နေကြတာပေါ့။

အခုဆိုရင် သာမန်အရပ်သားတွေတောင် "အရှင်မင်းကြီး၊ တတိယမင်းသားနဲ့ စူးကွေ့ရန်တို့ရဲ့ ပြောမပြချင်လောက်အောင် ရှုပ်ထွေးပွေလီနေသည့် ဇာတ်လမ်း" ကို ပြောဆိုနေကြပြီ။ ကောလာဟလက ဒီအဆင့်ထိ ရောက်လာမှတော့ ချေးတုံးတစ်တုံး မျက်နှာပေါ် လာကပ်နေသလိုမျိုး ဘယ်လိုလုပ်ပြီး ပြောင်စင်အောင် သုတ်လို့ရပါတော့မလဲ။ အတင်းအဓမ္မ သုတ်ပစ်လိုက်ရင်တောင် အနံ့ဆိုးက လုံးဝ စွဲကျန်ရစ်နေမှာပဲ။

လီဟောက် နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့တဲ့ ဂုဏ်သတင်းကောင်းလေးကတော့ တစ်ခဏအတွင်း ပျက်စီးသွားခဲ့ရပြီ။

ဒီနောက်ကွယ်ကနေ လှုပ်ရှားတဲ့လူရဲ့ နည်းလမ်းက တကယ်ပဲ ရက်စက်လွန်းတယ်။

ဝမ်ရှို့သည် စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း ပါးစပ်ကတော့ သခင်မလေးကို စိတ်ထဲမထားရန် နည်းမျိုးစုံဖြင့် နှစ်သိမ့်ပေးနေရလေသည်။

ညနေစောင်းသည့်အခါမှ လီဟောက်သည် စာကြည့်ဆောင်ထဲမှ ထွက်လာခဲ့လေသည်။ အကြံပေးအရာရှိအချို့သည် လေးနက်သော မျက်နှာထားများဖြင့် လူစုခွဲသွားကြသည်။ လီဟောက်၏ မျက်နှာသည်လည်း ကြည့်ရဆိုးလှပေသည်။

မုန့်ယွင်လော်သည် မျက်လုံးများ နီရဲလျက် ရှေ့သို့ တိုးလာခဲ့သည်။ ပါးစပ်မဟရသေးမီမှာပင် လီဟောက်က ပြောလိုက်လေသည်။ "ငါ နန်းတော်ထဲ ခဏသွားမယ်"

မုန့်ယွင်လော်သည် လန့်သွားပြီး မျက်ရည်သုတ်ဖို့ပင် သတိမရတော့ချေ။ "ဖုဟွမ်က သေချာပေါက် ဒေါသထွက်နေမှာ။ အရှင်မင်းသား ရှင်းပြချင်ရင်တောင် နှစ်ရက်လောက်တော့ စောင့်သင့်တယ်"

"နှစ်ရက်လောက် စောင့်လိုက်ရင် နောက်ကျသွားလိမ့်မယ်" လီဟောက်သည် ရင်ထဲမှ ဒေါသများကို ဖိနှိပ်ထားပြီး အသံနက်ကြီးဖြင့် ပြောလိုက်လေသည်။ "ငါ အခုပဲ နန်းတော်ထဲ ဝင်မယ်"

ခဏရပ်ပြီး သူက မုန့်ယွင်လော်ကို နှစ်သိမ့်ပြန်လေသည်။ "မင်းက ကိုယ်ဝန်ရှိနေတာ။ ကိုယ်ဝန်ကို ဂရုစိုက်ဖို့က အရေးကြီးဆုံးပဲ။ ဒီလို အရိပ်အယောင်မရှိတဲ့ ကိစ္စတွေက မျက်နှာပျက်စရာ ကောင်းပေမယ့် ငါ့ကို နည်းနည်းလေးမှ မထိခိုက်နိုင်ပါဘူး။ မင်း အရမ်း စိတ်ပူမနေပါနဲ့"

မုန့်ယွင်လော်သည် နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။

လီဟောက်သည် အိမ်တော်မှ ထွက်ခွာလာပြီး မြင်းကောင်းတစ်ကောင်ပေါ်သို့ ခုန်တက်လိုက်လေသည်။

နောက်ကျောဘက်မှ လီချန်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ "စန်းကော... ကျွန်တော့်ကို စောင့်ပါဦး။ ကျွန်တော် အစ်ကိုနဲ့အတူ နန်းတော်ထဲ လိုက်မယ်"

လီဟောက်က ခေါင်းလှည့်ကာ လီချန်ကို တစ်ချက် ကြည့်လိုက်လေသည်။ "မလိုဘူး။ မင်း အိမ်တော်ထဲမှာပဲ ကောင်းကောင်းနေခဲ့။ အပြင်ထွက်ပြီး ပြဿနာမရှာနဲ့။ ငါ မကြာခင် ပြန်လာခဲ့မယ်" ပြောပြီးသည်နှင့် မြင်းကို ဒုန်းစိုင်းနှင်ကာ ထွက်ခွာသွားတော့သည်။

လီဟောက်သည် လမ်းတစ်လျှောက်လုံး အမြန်နှင်လာခဲ့ပြီး မကြာမီ နန်းတော်ထဲသို့ ရောက်ရှိလာခဲ့၏။

လမ်းတစ်လျှောက် ဖြတ်သန်းလာရာတွင် တော်ဝင်ကိုယ်ရံတော်များ သို့မဟုတ် နန်းတွင်းအစေခံများနှင့် ကုန်းကုန်းများသည် တစ်ယောက်ထက်တစ်ယောက် ပိုပြီး ရိုသေလေးစားစွာ အရိုအသေ ပြုကြသော်လည်း သူတို့၏ အကြည့်များကတော့ တစ်ယောက်ထက်တစ်ယောက် ပိုပြီး ထူးဆန်းနေကြလေသည်။

လီဟောက် "..."

...

အပိုင်း (၅၁၃) သားအဖနှစ်ယောက် မိန်းမတစ်ယောက် (၃)

လီဟောက်သည် သက်ရှိ ယင်ကောင် အကောင်တစ်သောင်းလောက် မျိုချလိုက်ရသကဲ့သို့ ရင်ထဲတွင် မွန်းကျပ်နေသော ဒေါသများက လူးလိမ့်နေလေသည်။

ဘယ်သူက ကောလာဟလ ဖြန့်လိုက်တာလဲ။

အရှေ့နန်းဆောင်လား။ ပထမမင်းသားလား။ စတုတ္ထမင်းသားလား။

အထင်ရှားဆုံးကတော့ အရှေ့နန်းဆောင်က သံသယအဝင်ရဆုံးပဲ။

အိမ်ရှေ့စံက မြို့တော်မှာ မရှိဘူးဆိုတော့ လက်သည်က လုမင်ယွိကလွဲရင် တခြားမရှိတော့ဘူး။ ဒီtကွက်က ငါ ကြိုးစားတည်ဆောက်ထားတဲ့ ဂုဏ်သတင်းကောင်းကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်တာပဲ။ ရက်စက်လိုက်တာ၊ ထက်မြက်လိုက်တာ။

လီဟောက်သည် ဝမ်ဟွားနန်းဆောင်အပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ရောက်ရှိလာခဲ့လေသည်။ ဝမ်ဟွားနန်းဆောင်ကို စောင့်ကြပ်နေသော ကုန်းကုန်းများ၏ အကြည့်များသည်လည်း အနည်းငယ် ထူးဆန်းနေသယောင် ရှိ\။ "ကုန်းကုန်းခေါင်းဆောင်တွေက အခုမှ အမိန့်ပြန်ကြားနေတုန်းပါ။ အရှင်မင်းသား ခဏလောက် စောင့်ပေးပါဦး။ ကျွန်တော်မျိုး ဝင်ပြီး လျှောက်တင်ပေးပါ့မယ်"

လီဟောက်သည် ရင်ထဲမှ ဒေါသမီးများကို ဖိနှိပ်ထားပြီး အသံပြတ်ပြတ် ပြောလိုက်လေသည်။ "ကောင်းပြီ။ ငါ ဒီမှာပဲ စောင့်နေမယ်"

ကုန်းကုန်းသည် ဝင်ရောက်သွားပြီးနောက် အတော်ကြာသည်အထိ ပြန်ထွက်မလာချေ။

လီဟောက်သည် လက်ကို နောက်ပစ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်လေသည်။ အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးသွားပြီးနောက်မှ ကုန်းကုန်းခေါင်းဆောင်အချို့သည် ဖြူဖပ်ဖြူရော် မျက်နှာများဖြင့် ပြန်ထွက်လာကြလေသည်။ ထိုအထဲမှ တစ်ယောက်မှာ နဖူးပေါ်တွင် သွေးများ စွန်းထင်းနေပြီး ဦးခေါင်းနှင့် ကြမ်းပြင် မိတ်ဆက်ပွဲ အကြိမ်ကြိမ် လုပ်ထားရသည်မှာ သိသာလှပေသည်။ နောက်တစ်ယောက်မှာလည်း လမ်းလျှောက်သည့်အခါ ထော့နဲ့ထော့နဲ့ ဖြစ်နေပြီး ခြေထောက်နှင့် ကန်ခံထားရသည်မှာ သေချာလှသည်။

ကုန်းကုန်းခေါင်းဆောင်များသည် တတိယမင်းသားကို တွေ့လိုက်ရသောအခါ ရင်ထဲတွင် မကျေမနပ် ဖြစ်သွားကြလေသည်။

ဒီကိစ္စသာ မဖြစ်ခဲ့ရင် သူတို့တွေ ဒီလောက်ထိ အဆူခံရမှာ မဟုတ်ဘူး။ တစ်မနက်ခင်းလုံး အလုပ်ရှုပ်ခံပြီး ဘာမှလည်း ရှာမတွေ့ဘူး။ အရှင်မင်းကြီးရဲ့ ဆဲဆိုကြိမ်းမောင်းတာ ခံရပြီး အခု ထပ်ပြီး သွားစစ်ဆေးရဦးမယ်...

သို့သော်လည်း မည်မျှပင် မကျေနပ်စေကာမူ သခင်ကို တွေ့သည့်အခါ ဂါရဝပြု နှုတ်ဆက်ရသည်မှာ ထုံးစံပင်။

"ကျွန်တော်မျိုးတို့ အရှင်မင်းသားကို ဂါရဝပြုပါတယ်"

လီဟောက်သည် စိတ်အခြေအနေ မကောင်းသဖြင့် ပေါ့ပေါ့ပါးပါးပင် "အင်း" ဟု ပြန်ထူးလိုက်လေသည်။

ခဏအကြာတွင် လျိုကုန်းကုန်းလည်း ထွက်လာခဲ့လေသည်။ ယုံးကျားဧကရာဇ်ရှေ့တွင် မျက်နှာပန်းလှသော လျိုကုန်းကုန်းပင်လျှင် ယနေ့တွင် တံတွေးခွက် ပက်လက်မျောအောင် အဆူခံထားရသဖြင့် မျက်နှာမှာ မီးခိုးရောင် သမ်းနေတော့သည်။ "အရှင်မင်းကြီးက အရှင်မင်းသားကို ဝင်ခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်"

လီဟောက်သည် လျိုကုန်းကုန်းအပေါ်တွင်တော့ ယဉ်ကျေးစွာ ဆက်ဆံလေသည်။ "ကျွန်တော် အခုပဲ ဝင်လိုက်ပါ့မယ်"

လျိုကုန်းကုန်းသည် အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်ပြီး အသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။ "အပြင်မှာ ကောလာဟလတွေ ဆူညံနေလို့ အရှင်မင်းကြီး တော်တော်လေး ဒေါသထွက်နေတယ်။ အရှင်မင်းသား ဒီနေ့ စကားပြောရင် သတိထားပါဦး"

လီဟောက်က အားတင်းထားလိုက်ကာ "သတိပေးတဲ့အတွက် လျိုကုန်းကုန်းကို ကျေးဇူးတင်ပါတယ်"

ခဏအကြာတွင် လီဟောက်သည် နန်းဆောင်ထဲသို့ ဝင်ရောက်သွားလေသည်။

ယုံးကျားဧကရာဇ်သည် ဒေါသထွက်ပြီးခါစ ဖြစ်သဖြင့် ကြမ်းပြင်ပေါ်တွင် ရှုပ်ပွနေလေသည်။ ကုန်းကုန်းများသည် အသက်ပင် မရှူရဲဘဲ ခေါင်းကိုငုံ့ကာ တိတ်တဆိတ် သိမ်းဆည်းနေကြသည်။

လီဟောက် ဝင်လာသည်နှင့် ယုံးကျားဧကရာဇ်၏ မျက်နှာထားမှာ မည်းမှောင်နေပြီး သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

လီဟောက်၏ ရင်ထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။

ယုံးကျားဧကရာဇ်သည် ဖခင်ကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးပြီး တော်ဝင်မိဖုရား မဟုတ်သူများမှ မွေးဖွားသော သားများကိုလည်း အလေးထားခဲ့ဖူးသည်။ သို့သော် နဂါးပလ္လင်ပေါ်တွင် ကြာရှည်စွာ ထိုင်လာသည့်အခါ ဧကရာဇ်မင်းမြတ်၏ အရှိန်အဝါများ ပိုမိုကြီးမားလာပြီး သံသယနှင့် မယုံကြည်မှုများလည်း ပိုများလာခဲ့သည်။

နေရာအနှံ့ ပျံ့နှံ့နေသော ကောလာဟလများကြောင့် ယုံးကျားဧကရာဇ်သည် မျက်နှာပျက်ခဲ့ရပြီး အလှမယ် ဆက်သခဲ့သော သားဖြစ်သူအပေါ်တွင်လည်း မကျေနပ်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

"သားတော် ဒီနေ့ ဖုဟွမ်ဆီကို အပြစ်လာတောင်းပန်တာပါ"

လီဟောက်သည် ရှေ့သို့တိုးပြီး ဒူးထောက်ချလိုက်ကာ ရှက်ရွံ့ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။ "သားတော်က အဲဒီတုန်းက သေချာ မစဉ်းစားမိခဲ့ပါဘူး။ ဖုဟွမ်ရဲ့ အနားမှာ အဖော်ပြုပေးမယ့် အလှမယ်လေးတစ်ယောက် ပေးချင်တဲ့ စိတ်ပဲ ရှိခဲ့တာပါ။ မထင်မှတ်ထားတာက တစ်စုံတစ်ယောက်က သားတော်နဲ့ စူးကွေ့ရန်ရဲ့ မောင်နှမဝမ်းကွဲ တော်စပ်တာကို အခွင့်ကောင်းယူပြီး ပုံကြီးချဲ့ ပြောဆိုကြလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဖုဟွမ်ကို ဂုဏ်သိက္ခာကျစေပြီး တော်ဝင်မိသားစုရဲ့ မျက်နှာကို ထိခိုက်စေခဲ့ပါတယ်။ ဖုဟွမ်... သားတော်ကို အပြစ်ပေးပါ"

စူးကွေ့ရန်ကတော့ သေချာပေါက် အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက်ပါ။

ဒီအချက်ကို ယုံးကျားဧကရာဇ် ကောင်းကောင်း သိသည်။

ဒီကောလာဟလ လှိုင်းလုံးကြီးက လီဟောက်ကို ရည်ရွယ်ပြီး တိုက်ခိုက်တာ ဖြစ်သလို ဧကရာဇ်ဖြစ်တဲ့ သူ့ကိုပါ ထိခိုက်စေချင်တာ သေချာတယ်။ ယုံးကျားဧကရာဇ်က ဒီအချက်ကိုလည်း သိသည်။ သိနေသော်ငြားလည်း ဒေါသထွက်နေသည်ကတော့ လျော့မသွားချေ။

ယုံးကျားဧကရာဇ်သည် နှာခေါင်းရှုံ့လိုက်လေသည်။ "ကျန်းက အဲဒီနေ့တုန်းက အရက်သောက်ထားမိလို့ စိတ်လိုက်မာန်ပါ ဖြစ်သွားပြီး သေချာ မစဉ်းစားမိခဲ့တာပါ။ စူးကွေ့ရန်က မင်းရဲ့ ညီမဝမ်းကွဲ ဖြစ်နေတော့ ကျန်း သူ့ကို နန်းတော်ထဲ ခေါ်သွင်းလိုက်တာက တကယ်ပဲ မသင့်တော်ပါဘူး"

ဒီကိစ္စ ဖြစ်လာမှတော့ စူးကွေ့ရန်က အချစ်ခံရတော့မှာ မဟုတ်ဘူး ဆိုတာ သေချာသွားပြီ။

လီဟောက်သည် ယခုအချိန်တွင် စူးရော့ကို ဂရုစိုက်နိုင်စွမ်း မရှိတော့ဘဲ ခေါင်းကို ကြမ်းပြင်နှင့် ထိသည်အထိ ဦးညွှတ်လိုက်လေသည်။ "အားလုံးက သားတော်ရဲ့ အမှားပါ။ ဖုဟွမ် ဒေါသဖြေပြီး ကျန်းမာရေးကို ဂရုစိုက်ပါ"

ယုံးကျားဧကရာဇ်သည် ကုန်းကုန်းတစ်သိုက်ကို ဆူပူကြိမ်းမောင်းပြီးဖြစ်ရာ ဒေါသအရှိန် အနည်းငယ် ကျသွားပြီ ဖြစ်သည်။ လီဟောက်က ဒူးထောက်ပြီး အပြစ်တောင်းပန်လိုက်သည့်အခါ ယုံးကျားဧကရာဇ်၏ ဒေါသများ ပိုပြီး ပြေလျော့သွားကာ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ထတော့"

လီဟောက်သည် ပြောသည့်အတိုင်း ထရပ်လိုက်သော်လည်း မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ အပြည့် ရှိနေဆဲပင်။ "ကောလာဟလတွေက နေရာအနှံ့ ဖြစ်နေပါပြီ။ သားတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းတာက ကိစ္စမရှိပေမယ့် ဖုဟွမ်ရဲ့ ဘုန်းတန်ခိုးကို ထိခိုက်စေတဲ့အတွက် သားတော် တကယ်ပဲ ဖုဟွမ်ကို မျက်နှာမပြရဲတော့ပါဘူး"

"သားတော် အချိန်အတိုင်းအတာ တစ်ခုအထိ ခွင့်ယူပြီး အိမ်တော်ထဲမှာပဲ နေချင်ပါတယ်။ ကောလာဟလတွေ ငြိမ်သွားမှ ပြန်ထွက်လာပါ့မယ်"

ကောလာဟလတွေက ပြင်းထန်နေတော့ ခဏလောက် ရှောင်နေတာ ကောင်းပါတယ်။ နောက်ကွယ်က ကြိုးကိုင်သူကို အလျှော့ပေးလိုက်တဲ့ သဘောလည်း သက်ရောက်စေတာပေါ့။

ယုံးကျားဧကရာဇ်က "အင်း" ဟု ပြန်ဖြေလိုက်လေသည်။ "မင်းလည်း ခဏလောက် ရှောင်နေတာ ကောင်းပါတယ်" ခဏရပ်ပြီး သူက မေးလိုက်ပြန်သည်။ "မင်းအမြင်အရဆိုရင် ဒီကိစ္စကို နောက်ကွယ်ကနေ ဘယ်သူက လှုံ့ဆော်နေတာလဲ"

သေချာပေါက် အရှေ့နန်းဆောင်ပေါ့။

လီဟောက်၏ ချောမောသော မျက်နှာပေါ်တွင် တွေဝေသည့် အရိပ်အယောင်များ ပေါ်လာပြီး ယုံးကျားဧကရာဇ်ကို မော့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ "သားတော် မပြောရဲပါဘူး။ ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ် သားတော်ကို ကြည့်မရလို့ သားတော်ကို တိုက်ခိုက်ချင်တဲ့ သဘောပါပဲ။ ဖုဟွမ်ကို မလေးမစား လုပ်လိုတဲ့ စိတ်ဆန္ဒတော့ ရှိမှာ မဟုတ်ပါဘူး"

ယုံးကျားဧကရာဇ်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း စကားတစ်ခွန်းမျှ ဝင်မပြောပေ။

လီဟောက်၏ ရင်ထဲတွင် လေးလံသွားတော့သည်။

အရှေ့နန်းဆောင်၏ အင်အားက ကြီးမားလွန်းပြီး နန်းတွင်းအမတ်များကြားတွင် ထောက်ခံသူ အများအပြား ရှိသည်။ ယုံးကျားဧကရာဇ်သည် အရှေ့နန်းဆောင်ကို မကျေမနပ် ဖြစ်နေလျှင်တောင် အိမ်ရှေ့စံကို ဖြုတ်ချပစ်မည့် အဆင့်ထိ ရောက်လာဖို့ အဝေးကြီး လိုပါသေးသည်။

ဒါကြောင့် ဒေါသထွက်ပြီးသွားရင် ဒီကိစ္စကို ဒီအတိုင်း ဝါးတားတားနဲ့ပဲ ပြီးသွားရတော့မှာပဲ။

...

လီဟောက် ထွက်ခွာသွားပြီးနောက် မိုးချုပ်သွားခဲ့ပြီ။

လျိုကုန်းကုန်းက သတိထားပြီး လျှောက်တင်လိုက်လေသည်။ "အရှင်မင်းကြီး တစ်နေကုန် ဘာမှ မသုံးဆောင်ရသေးပါဘူး။ ဗိုက်ဆာပြီး ကျန်းမာရေး ထိခိုက်မှာ စိုးရပါတယ်။ ကျွန်တော်မျိုး တော်ဝင်မီးဖိုဆောင်ကို ပွဲတော်တည်ခိုင်းလိုက်ပါ့မယ်"

ယုံးကျားဧကရာဇ်သည် တစ်နေကုန် ဒေါသထွက်နေရသဖြင့် စားချင်သောက်ချင်စိတ် မရှိတော့ပေ။ "မလိုတော့ဘူး"

ထို့နောက် ထရပ်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။

အနောက်နန်းဆောင်ကို သွားမလို့လား။

လျိုကုန်းကုန်းသည် မမေးရဲဘဲ တိတ်တဆိတ် နောက်က လိုက်ပါသွားခဲ့လေသည်။

ယုံးကျားဧကရာဇ်သည် ရက်ပေါင်းများစွာ ဆက်တိုက် ယိဟွားနန်းဆောင်တွင် ညအိပ်ခဲ့သော်လည်း ယနေ့တွင် ကောလာဟလများကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရသည်။ စူးကွေ့ရန်ကို တွေးလိုက်သည်နှင့် သေလောက်အောင် ရွံစရာကောင်းသည့် "သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို မျှဝေပေါင်းသင်းခြင်း" ဆိုသည့် စကားလုံးကြီးကို သတိရလာသဖြင့် ယိဟွားနန်းဆောင်ကို မည်သို့များ သွားနိုင်ပါတော့မည်နည်း။

ချင်ဖေးကတော့ ဉာဏ်နီဉာဏ်နက် အများဆုံးဖြစ်ပြီး သွေးထိုးလှုံ့ဆော်ရတာကို ကြိုက်တယ်။

မုန့်ဖေးကျပြန်တော့လည်း စကားပြောရင် ရန်တွေ့သလိုလိုနဲ့ သည်းမခံနိုင်စရာ ကောင်းတယ်။

ကျောင်းဖန်နန်းဆောင်... ထားလိုက်ပါတော့။ ချောင်မိဖုရားခေါင်နဲ့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရတာတောင် စိတ်ပျက်စရာ ကောင်းနေပြီ။ မတွေ့တာပဲ ကောင်းပါတယ်။

ယုံးကျားဧကရာဇ်၏ ခေါင်းထဲတွင် နူးညံ့သိမ်မွေ့ပြီး စကားနည်းသော မျက်နှာလေးတစ်ခု ဖြတ်ပြေးသွားပြီး ခြေလှမ်းများက ဖန်းဟွားနန်းဆောင်ဘက်သို့ ဦးတည်သွားလေတော့သည်။

ဝမ်ကျဲယွီသည် ယုံးကျားဧကရာဇ် ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် ဝမ်းသာအားရ ကြိုဆိုလေသည်။ မျက်နှာချောချောလေးနှင့် ရှောင်ဖျင်အန်း မင်းသမီးလေးကိုလည်း ပွေ့ချီလာခဲ့ပြီး ဖုဟွမ်ဟု ချစ်စဖွယ် ခေါ်လိုက်လေသည်။

ယုံးကျားဧကရာဇ်၏ တစ်နေ့လုံး ဒေါသထွက်ပြီး စိတ်ရှုပ်ထွေးနေရသော ခံစားချက်များသည် ဤနူးညံ့သိမ်မွေ့မှုကြောင့် ပြေလျော့သွားပြီး နောက်ဆုံးတွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ "ကျန်း မင်းတို့ သားအမိကို လာမကြည့်တာ ကြာပြီ။ ကျန်းကို လွမ်းနေလား"

ဝမ်ကျဲယွီက နှုတ်ခမ်းကို ဖိကာ ပြုံးလိုက်လေသည်။ "ချန်ချဲ့က နေ့တိုင်း လွမ်းနေတာပါ။ ဒါပေမဲ့ အရှင်မင်းကြီးက နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်ပြီး မအားလပ်ဘူးဆိုတာ ချန်ချဲ့ သိပါတယ်။ အားတဲ့အချိန်ကျရင် အရှင်မင်းကြီး ရောက်လာမှာပါလို့ တွေးထားပါတယ်"

မင်းသမီးငယ်လေးက ချိုမြိန်စွာ ပြုံးလိုက်လေသည်။ "သမီးလည်း ဖုဟွမ်ကို လွမ်းတယ်"

ယုံးကျားဧကရာဇ်သည် မျက်ခုံးများ ပြေလျော့သွားပြီး ဟားတိုက် ရယ်မောလိုက်ကာ မင်းသမီးငယ်လေးကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်လေသည်။

ဝမ်ကျဲယွီသည် တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။

ယုံးကျားဧကရာဇ်၊ တတိယမင်းသားနှင့် စူးကွေ့ရန်တို့ကြားက "ပတ်သက်ဆက်နွယ်မှု" ကို နန်းတော်တစ်ခုလုံး သိနေကြပြီး သူမလည်း ကြားထားခဲ့သည်။ ဒီကိစ္စကို သူမ အနေဖြင့် ဝင်မပြောရဲသလို ပြောလည်း မပြောသင့်ပေ။ သူမက အရင်အတိုင်းပဲ အရှင်မင်းကြီးကို ကောင်းကောင်းမွန်မွန် ပြုစုယုယပေးရုံပါပဲ။

လျိုကုန်းကုန်းလည်း တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ချက်ချင်းပင် ပွဲတော်တည်ခိုင်းလိုက်လေသည်။

အရှင်မင်းကြီးက တစ်နေကုန် ဘာမှ မစားရသေးဘူး။ အခုတော့ မျက်နှာကြည်လင်လာပြီဆိုတော့ စားချင်စိတ် ရှိလာလောက်ပြီ။

ကျောင်းဖန်နန်းဆောင်ထဲမှ ချောင်မိဖုရားခေါင်သည် ယုံးကျားဧကရာဇ် ဖန်းဟွားနန်းဆောင်သို့ သွားရောက်ကြောင်း သိလိုက်ရသောအခါ နှုတ်ခမ်းထောင့်များ မြောက်တက်သွားတော့သည်။

ကောလာဟလတွေ နေရာအနှံ့ ဖြစ်လာတော့ မူလက နာမည်ကြီးနေတဲ့ စူးကွေ့ရန် ချက်ချင်း အချစ်ခံရတာ ရပ်သွားတယ်။ နှုတ်ဆိတ်ပြီး နူးညံ့သိမ်မွေ့တဲ့ ဝမ်ကျဲယွီက ချက်ချင်း ပြန်ပြီး မျက်နှာပန်းလှလာတယ်။ ဒီအနောက်နန်းဆောင်က သူမရဲ့ လက်ထဲမှာ ရှိနေတုန်းပါပဲ။

...

All Chapters