အခန်း (၅၁၄-၅၁၆)
Vol. 35 Ch. 514-516
အပိုင်း (၅၁၄) သားအဖနှစ်ယောက် မိန်းမတစ်ယောက် (၄)
"ညနက်နေပါပြီ။ ကွေ့ရန် စောစော အနားယူပါတော့လား"
ည သန်းခေါင်ယံ အချိန်သို့ ရောက်နေပြီ ဖြစ်သော်လည်း ယိဟွားနန်းဆောင်ထဲတွင် မီးခွက်များ လင်းထိန်နေဆဲပင်။ စူးကွေ့ရန်သည် ကုတင်ပေါ်တွင် မှောက်လျက် အဆက်မပြတ် ငိုကြွေးနေပြီး သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးမှာ တသိမ့်သိမ့် တုန်နေလေသည်။
ခရမ်းရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော အသက် နှစ်ဆယ်ကျော်အရွယ် နန်းတွင်းအပျိုတော်တစ်ဦးသည် ကုတင်ဘေးတွင် ရပ်နေပြီး အားမလိုအားမရသည့် မျက်နှာထားဖြင့် နှစ်သိမ့်ပေးနေလေသည်။ "ကွေ့ရန် စိတ်မကောင်းဖြစ်နေတာကို ကျွန်မ သိပါတယ်။ အခြေအမြစ်မရှိတဲ့ ဒီလို ကောလာဟလတွေကို ကြားရတဲ့အခါ ကျွန်မတောင် စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဘယ်လို လူယုတ်မာတွေကများ နောက်ကွယ်ကနေ လျှောက်ပြောပြီး ကွေ့ရန်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေရတာလဲ မသိပါဘူး..."
စူးကွေ့ရန်၏ ခန္ဓာကိုယ်လေး တွန့်သွားပြီး ပို၍ပင် ရှိုက်ကြီးတငင် ငိုကြွေးလာတော့သည်။
ဟုတ်တာပေါ့။ တော်ဝင်မိသားစုက သားအဖနှစ်ယောက်အတွက်တော့ ဒါက ဂုဏ်သိက္ခာမဲ့ပြီး မျက်နှာပျက်စရာ ကောလာဟလ ဖြစ်နေတာ။ သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို မျှဝေပေါင်းသင်းခြင်း ဆိုတာက ဘာလဲ။ သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းနဲ့ အိပ်ကြတယ်တဲ့... ဒါပေမဲ့ သူတို့အတွက်ကတော့ မျက်နှာပျက်စရာ ဖြစ်ရုံလေးပါပဲ။ အချိန်တစ်ခု ကြာသွားရင် ကောလာဟလတွေက ငြိမ်သက်သွားမှာဖြစ်ပြီး ဘာပြဿနာမှ ရှိမှာ မဟုတ်တော့ဘူး။
ဒါပေမဲ့ သူမအတွက်ကတော့ သေစေနိုင်လောက်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်နေတယ်။
ကိုယ်လုပ်တော်တစ်ယောက်က ဒီလို ဂုဏ်သိက္ခာမဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားနေမှတော့ နောက်ဆို ဘယ်လိုလုပ်ပြီး လူတွေကို မျက်နှာပြရဲတော့မလဲ။
ယုံးကျားဧကရာဇ်ကကော ယိဟွားနန်းဆောင်ကို လာဦးမှာလား။
သူမအနေနဲ့ နောက်ထပ် လီဟောက်ကို တွေ့ခွင့် ရနိုင်ပါဦးမလား။
ဘယ်သူကများ သူမကို ဒီလောက်ထိ မုန်းတီးပြီး သေလမ်းသို့ ပို့ဆောင်နေရတာလဲ။
စူးကွေ့ရန်သည် ကောလာဟလကို စတင်ကြားသိရချိန်ကတည်းက ငိုကြွေးနေခဲ့ခြင်း ဖြစ်သည်။ တစ်နေကုန် ငိုကြွေးနေခဲ့သဖြင့် အသံများပင် ဝင်နေလေသည်။ ယခုအခါ သူမသည် ခေါင်းအုံးထဲတွင် မျက်နှာကို အပ်ထားပြီး ပခုံးနှစ်ဖက်က အဆက်မပြတ် လှုပ်ခါနေကာ ငိုသံများကလည်း ပြတ်တောက်ခြင်း မရှိပေ။
ဘေးနားရှိ အပျိုတော်သည် ဆက်လက် နှစ်သိမ့်ပေးနေရသော်လည်း စိတ်ထဲတွင်တော့ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
စူးကွေ့ရန် နန်းတော်ထဲ ဝင်ရောက်လာကတည်းက ယုံးကျားဧကရာဇ်သည် ရက်ပေါင်းများစွာ ဆက်တိုက် ယိဟွားနန်းဆောင်တွင် ညအိပ်ခဲ့ပြီး အခြားသူများ မရရှိနိုင်သော အချစ်တော်နေရာကို ရယူထားနိုင်ခဲ့သည်။ မုန့်ဖေးနှင့် ဝမ်ကျဲယွီတို့ကိုပင် ကျော်တက်သွားခဲ့သည်။
သူမက ကံကောင်းပြီး သခင်ကောင်းကို ရွေးချယ်မိပြီဟု ထင်ခဲ့မိသည်။ မထင်မှတ်ထားသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း ဒီလို စိတ်ပျက်စရာ ကိစ္စကြီးနှင့် ကြုံတွေ့လာရခြင်းပင်။
စူးကွေ့ရန်ကတော့ သွားပြီ။ သူမလို အပျိုတော်ခေါင်းဆောင်အတွက်လည်း နောက်ပိုင်း နေရထိုင်ရ ခက်ခဲတော့မည်။
စူးကွေ့ရန်သည် ငိုရလွန်း၍ မောပန်းသွားပြီးနောက် နောက်ဆုံးတွင် အငိုတိတ်သွားတော့သည်။ ကုတင်ပေါ်တွင် ငူငူငိုင်ငိုင် လှဲလျောင်းနေပြီး မျက်ဝန်းထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုနှင့် ဗလာဟင်းလင်း ဖြစ်နေမှုများ ပြည့်နှက်နေလေသည်။
နောက်ဆိုရင် သူမ ဘယ်လို လုပ်ရမလဲ။
...
ထိုညက လူတစ်ချို့ အိပ်မပျော်နိုင်ဘဲ လူးလှိမ့်နေရပြီး လူတစ်ချို့ကတော့ တစ်ညလုံး မျက်စိကြောင်နေခဲ့ကြသည်။
လုမင်ယွိကတော့ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့ပြီး နောက်တစ်နေ့ မနက်ခင်း နိုးထလာသောအခါ မျက်နှာလေး ရဲရောင်သန်းနေကာ ကြည်လင်လန်းဆန်းနေလေသည်။ ဗိုက်ထဲမှ ကလေးငယ်သည်လည်း မိခင်ဖြစ်သူ၏ ကောင်းမွန်သော စိတ်အခြေအနေကို ခံစားမိသည့်အလား ရုတ်တရက် လှုပ်ရှားလိုက်လေသည်။
လုမင်ယွိသည် ရယ်မောလိုက်ပြီး ခေါင်းငုံ့ကာ ဗိုက်ကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။ လက်ဖဝါးအောက်မှ လှုပ်ရှားမှုသည် ငြိမ်သက်သွားခြင်း မရှိဘဲ သူမ၏ လက်ဖဝါးမှ အနွေးဓာတ်နှင့် နူးညံ့သိမ်မွေ့မှုကြောင့် ပို၍ပင် ပြင်းထန်လာလေသည်။
"ကောင်စုတ်လေး။ အမေ့ဗိုက်ထဲမှာ လက်ဝှေ့ထိုးနေတာလား" လုမင်ယွိက သဘောကျစွာ ရယ်မောလိုက်လေသည်။
ကိုယ်ဝန် သုံးလကျော်ပြီးနောက် သမားတော်ချုပ်ကျိုးသည် စမ်းသပ်စစ်ဆေးပေးခဲ့ရာ ယောက်ျားလေး ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ လုမင်ယွိသည် ဗိုက်ထဲမှ ကလေးငယ်နှင့် စကားပြောသည့်အခါ "ကောင်စုတ်လေး" ဟု ချစ်စနိုး ခေါ်လေ့ရှိသည်။
ချီယွင်သည် သခင်မလေးကို ဆံပင်ဖြီးပေးရင်း ပြုံးရွှင်စွာ နောက်လိုက်လေသည်။ "အရှင်မင်းသားလေး မွေးလာရင် ညန်ညန်က ကောင်စုတ်လေးလို့ ခေါ်ရက်တော့မှာ မဟုတ်ပါဘူး"
လုမင်ယွိ၏ စိတ်အခြေအနေ ကောင်းမွန်နေသည်ကို အတိုင်းသား မြင်နေရ၏။
အကြောင်းရင်းကိုတော့ ပြောစရာမလိုအောင် အားလုံး သိကြပေသည်။
မျက်နှာချေ လိမ်းခြယ်ပြီးနောက် ချီယွင်က အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒါက အခုမှ စတာပဲ ရှိသေးတယ်။ ညန်ညန် စောင့်သာ ကြည့်နေလိုက်ပါ။ နောက်ပိုင်း ပိုပြီး ကြည့်ကောင်းတဲ့ ပွဲတွေ လာဦးမှာ"
မလုပ်ရင်သာ မလုပ်မယ်။ လုပ်ပြီဟေ့ ဆိုရင်တော့ လီဟောက်ကို လုံးဝ ပြန်မထူနိုင်အောင် နင်းချေပစ်ရမယ်။
လုမင်ယွိက မျက်ခုံးပင့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သော်လည်း စကားမပြောပေ။
ချီယွင်သည် ဆက်မပြောတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "ကြားတာတော့ တတိယမင်းသားက မနေ့ညက နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးဆီ အပြစ်တောင်းပန်ခဲ့တယ်တဲ့။ ဒီနေ့ ညီလာခံ တက်မှာ မဟုတ်လောက်ဘူး။ ပြီးတော့ မနေ့ညက အရှင်မင်းကြီး ဖန်းဟွားနန်းဆောင်မှာ ညအိပ်ခဲ့တယ်တဲ့"
လုမင်ယွိက ပေါ့ပေါ့ပါးပါးပင် "အင်း" ဟု ပြန်ဖြေလိုက်ပြီး မတ်တပ်ထရပ်လိုက်လေသည်။ "ရွှီအာနဲ့ ရွှမ်းအာတို့ကို ခေါ်လိုက်။ ငါ သူတို့ကို ခေါ်ပြီး ကျောင်းဖန်နန်းဆောင်ကို ဂါရဝပြုဖို့ သွားမယ်"
ချီယွင်က ပြုံးပြုံးရွှင်ရွှင်ပင် ခေါင်းညိတ်လိုက်လေသည်။
လက်ဖက်ရည်တစ်အိုးသောက်ချိန် ခန့်အကြာတွင် လုမင်ယွိသည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ပြီး ကျောင်းဖန်နန်းဆောင်သို့ ဝင်ရောက်လာခဲ့လေသည်။
ချောင်မိဖုရားခေါင်သည် တစ်ညလုံး ကောင်းမွန်စွာ အိပ်ပျော်ခဲ့သဖြင့် ယနေ့တွင် မျက်နှာကြည်လင်နေလေသည်။ ယောက္ခမနှင့် ချွေးမတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သဘောပေါက်သည့် အပြုံးများ ပြုံးလိုက်ကြလေသည်။ သို့သော် မည်သူကမျှ တတိယမင်းသားအကြောင်းဖြစ်စေ စူးကွေ့ရန်အကြောင်းဖြစ်စေ ထည့်မပြောကြဘဲ ထိုင်ကာ စကားစမြည် ပြောနေကြလေသည်။
"ရွှီအာနဲ့ ရွှမ်းအာက ငယ်သေးတယ်။ အခုကတည်းက စာသင်ပေးရင် စောလွန်းနေမလား" ချောင်မိဖုရားခေါင်သည် မြေးများကို သနားသဖြင့် မနေနိုင်ဘဲ ပြောလိုက်လေသည်။
လုမင်ယွိက ပြုံးလိုက်ပြီး "မငယ်တော့ပါဘူး။ ကလေးနှစ်ယောက်က ရိုးရာရေတွက်ပုံအရ ငါးနှစ်ရှိပြီ။ အသက်အရဆိုရင် သုံးနှစ်ခွဲ ရှိနေပါပြီ။ ကျွန်မ သူတို့အရွယ်တုန်းကဆိုရင် နေ့တိုင်း တစ်နာရီလောက် မြင်းစီးလေ့ကျင့်ခန်း လုပ်ခဲ့ရတာ။ အရှင်မင်းသား ပြောပြတာတော့ သူက လေးနှစ်သားလောက်ကတည်းက စာသင်ခဲ့ရတာတဲ့။ ဒီအရွယ်ဆို အနေတော်ပါပဲ"
"ကျွန်မ ကိုယ်တိုင် အရင်ဆုံး တစ်နှစ် နှစ်နှစ်လောက် သင်ပေးလိုက်မယ်။ နည်းနည်းလေး ကြီးလာမှ စာသင်ဆောင်ကို ပို့ပြီး တရားဝင် စာသင်ခိုင်းမယ်"
ချောင်မိဖုရားခေါင်က စဉ်းစားပြီး ပြောလိုက်လေသည်။ "မင်းဗိုက်က တစ်နေ့ထက်တစ်နေ့ ကြီးလာမှာ။ အရမ်း ပင်ပန်းခံလို့ မဖြစ်ဘူး။ သိုင်းပညာ သင်တာကို မင်း သင်ပေးလိုက်။ စာသင်တာကိုတော့ ပန်ကုံးဆီ လွှဲလိုက်ပါ။ ပန်ကုံးက အရမ်း ပညာတတ်ကြီး မဟုတ်ပေမယ့် ကလေးနှစ်ယောက်ကို စာသင်ပေးဖို့တော့ လုံလောက်ပါတယ်"
ချောင်မိဖုရားခေါင်သည် မြေးတော်မောင်နှမ နှစ်ယောက်အပေါ်တွင် စေတနာ အပြည့်ရှိလေသည်။
လုမင်ယွိသည် ငြင်းဆန်ခြင်း မပြုဘဲ ပြုံးလျက် ခေါင်းညိတ် သဘောတူလိုက်လေသည်။
"ဟွမ်ဟုပ်ညန်ညန်... ကျဲယွီညန်ညန် ဂါရဝပြုဖို့ ရောက်နေပါတယ်" ချိုင်လန်က ပြုံးရွှင်စွာ လာရောက် လျှောက်တင်လေသည်။
ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။ "ဝမ်ကျဲယွီကို ဝင်ခိုင်းလိုက်ပါ"
ထိုစဉ်က ချောင်မိဖုရားခေါင်သည် အပျိုတော် အများအပြားထဲမှ ဝမ်ကျဲယွီကို ရွေးချယ်ခဲ့ခြင်းမှာ ဝမ်ကျဲယွီသည် မုန့်ဖေးနှင့် ရုပ်ချင်းဆင်သော်လည်း ပိုပြီး ငယ်ရွယ်နုပျိုကာ လှပသောကြောင့် ဖြစ်သည်။ ဝမ်ကျဲယွီကို မြှောက်စားပေးခြင်းမှာ မုန့်ဖေး ရရှိထားသော အချစ်တော်နေရာကို ခွဲဝေယူစေချင်သောကြောင့် ဖြစ်သည်။
မထင်မှတ်ထားသည်မှာ ဝမ်ကျဲယွီသည် မမျှော်လင့်ထားလောက်အောင် အသုံးဝင်သော "နယ်ရုပ်" တစ်ရုပ် ဖြစ်လာခဲ့ခြင်းပင်။ ထို့အပြင် အမြဲတမ်း ရိုသေလေးစားပြီး နူးညံ့သိမ်မွေ့ကာ အချစ်တော်နေရာ ရရှိထားသော်လည်း ဘဝင်မြင့်ခြင်း မရှိပေ။
လူတိုင်းက သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပါပဲ။ ချောင်မိဖုရားခေါင်သည် ဝမ်ကျဲယွီအပေါ်တွင် သံသယများ တဖြည်းဖြည်း ကင်းစင်လာပြီး ကိုယ့်လူအဖြစ် အမှန်တကယ် သတ်မှတ်လာခဲ့သည်။
"ချန်ချဲ့ ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုပါတယ်။ ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်" ဝမ်ကျဲယွီသည် ယဉ်ကျေးစွာ ဂါရဝပြုလိုက်လေသည်။
လုမင်ယွိသည် ဝမ်ကျဲယွီကို ပြုံးပြလိုက်လေသည်။ "ဝမ်ကျဲယွီ... ထပါတော့"
ချောင်မိဖုရားခေါင်က ပြုံးလိုက်လေသည်။ "မလိုပါဘူး... ထပါတော့။ မင်း ဒီနေ့ စောစောစီးစီး ရောက်လာတာပဲ။ ကြားတာတော့ မနေ့ညက အရှင်မင်းကြီး ဖန်းဟွားနန်းဆောင်မှာ ညအိပ်ခဲ့တယ်ဆို။ ဘာလို့များ ပိုပြီး အနားမယူတာလဲ။ ဂါရဝပြုဖို့ လာတာက ဒီလောက် အရေးကြီးလို့လား"
ဝမ်ကျဲယွီက နူးညံ့စွာ ပြုံးလိုက်လေသည်။ "အရှင်မင်းကြီးက ညီလာခံ တက်နေတာဆိုတော့ ချန်ချဲ့က ဂါရဝပြုဖို့ အချိန်ကိုက် လာလိုက်တာပါ။ ဟွမ်ဟုပ်ညန်ညန်က ချန်ချဲ့ကို စာနာပေးတာက ညန်ညန်ရဲ့ မေတ္တာတရားကြောင့်ပါ။ ချန်ချဲ့က ညန်ညန်ရဲ့ မျက်နှာသာပေးမှုကို အခွင့်ကောင်းယူပြီး ဘဝင်မြင့်လို့ မဖြစ်ဘူးလေ"
ချောင်မိဖုရားခေါင်သည် ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။ "အရှင်မင်းကြီး ဖန်းဟွားနန်းဆောင်ကို လာတုန်းက မင်းကို စူးကွေ့ရန်အကြောင်း ပြောပြသေးလား"
ဝမ်ကျဲယွီက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။ "မပြောပါဘူး"
စူးကွေ့ရန်အကြောင်း မပြောသည့်အပြင် ကောလာဟလ ကိစ္စကိုလည်း လုံးဝ မပြောပေ။
ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် ကျေနပ်သွားပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။
...
ထိုနေ့တွင် ယုံးကျားဧကရာဇ်သည် ပုံမှန်အတိုင်း ညီလာခံ တက်ရောက်လေသည်။
တတိယမင်းသား လီဟောက်သည် ယနေ့တွင် ညီလာခံသို့ ရောက်မလာခဲ့ချေ။ နေမကောင်းဖြစ်၍ အိမ်တော်တွင် အနားယူမည်ဟု အကြောင်းပြချက် ပေးထားလေသည်။
နန်းတွင်းအမတ်များ အားလုံးကတော့ မျက်စိရှင် နားရှင်များ ဖြစ်ကြသည့်အလျောက် ဘာဖြစ်နေသလဲ ဆိုတာကို ကောင်းကောင်း သိနေကြသည်။
ကောလာဟလများ နေရာအနှံ့ ပျံ့နှံ့နေချိန်တွင် တတိယမင်းသားက မျက်နှာ ဘယ်လောက်ပြောင်ပြောင် သည်းမခံနိုင်တော့သဖြင့် အိမ်တော်ထဲတွင် ခေတ္တခဏ ပုန်းရှောင်နေရခြင်း ဖြစ်သည်။ ကောလာဟလများ ငြိမ်သက်သွားမှ လူထုရှေ့ ပြန်ထွက်လာပေလိမ့်မည်။
နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ယုံးကျားဧကရာဇ်သည် ယနေ့တွင် မျက်နှာ မကောင်းဘဲ လေထုတစ်ခုလုံး တင်းမာနေလေသည်။ အမတ်များသည် လျှောက်တင်စရာရှိလျှင် လျှောက်တင်ကြပြီး မရှိလျှင် ပါးစပ်ပိတ်နေကြရာ မကြာမီ ညီလာခံ ပြီးဆုံးသွားခဲ့လေသည်။
ကွမ်းပင်းနယ်စားသည် ဝမ်ဟွားနန်းဆောင်ထဲသို့ ဆင့်ခေါ်ခြင်း ခံလိုက်ရ၏။
ဘုရင်နှင့် အမတ်ကြားတွင် ဘာတွေ ပြောဆိုခဲ့ကြသလဲ ဆိုတာတော့ မသိရပေ။ နာရီဝက်ခန့်အကြာတွင် ကွမ်းပင်းနယ်စားသည် ကြည့်ရဆိုးသော မျက်နှာထားဖြင့် ဝမ်ဟွားနန်းဆောင်ထဲမှ ထွက်ခွာလာခဲ့လေသည်။
တတိယမင်းသားသည် ခွင့်ယူထားပြီး အပြင်မထွက်သေးပေ။
ကောလာဟလများ ပျံ့နှံ့နေသည်မှာ လဝက်ခန့် ရှိနေပြီဖြစ်ပြီး မကြာမီ ငြိမ်သက်သွားတော့မည်ဟု ထင်ရသည်။ မထင်မှတ်ထားသည်မှာ ပို၍ပင် ပြင်းထန်သော ကောလာဟလတစ်ခု တိတ်တဆိတ် ပျံ့နှံ့လာပြန်သည်။
ကွယ်လွန်သွားသော စူးဖေးသည် လီမိသားစုထဲသို့ မဝင်ရောက်မီကတည်းက ကိုယ်ဝန်ရှိနေခဲ့သည်ဟု ဆိုကြသည်။ တတိယမင်းသား လီဟောက်သည် ယုံးကျားဧကရာဇ်၏ သားအရင်း မဟုတ်ဘဲ ကွမ်းပင်းနယ်စား၏ သွေးသားရင်း ဖြစ်သည်ဟူ၍ပင်။
...
အပိုင်း (၅၁၅) သွေးသားရင်း (၁)
"ဘယ်ခွေးကောင်က လျှောက်ပြောနေတာလဲ"
ကွမ်းပင်းနယ်စားသည် ဒေါသကြောင့် လည်ပင်းကြောများ ထောင်ထွက်လာပြီး အော်ဟစ်ဆဲဆိုလိုက်လေသည်။ "စိတ်ဓာတ်အောက်တန်းကျတဲ့ ကောင်တွေ။ ငါ့အကြောင်းကိုပါ ထည့်ပြီး ဇာတ်လမ်းဆင်နေကြတယ်။ ဒီလို ပြောတဲ့ကောင်ကို မိလို့ကတော့ ပါးစပ်ကို စုတ်ဖြဲပစ်မယ်"
ကောလာဟလများသည် အမှန်တရားနှင့် နီးစပ်လုနီးပါး ဖြစ်နေသည်။ စူးဖေးက မုန့်မိသားစုထဲသို့ မည်သို့ ဝင်ရောက်လာသည်၊ ကွမ်းပင်းနယ်စားကို မည်သို့ မြှူဆွယ်ခဲ့သည် ဆိုသည်မှာ အားလုံး နီးပါး မှန်ကန်နေသည်။
စူးဖေးသည် ယုံးကျားဧကရာဇ်ကို ပြုစုပြီးမှ ကိုယ်ဝန်ရလာခြင်းဖြစ်ပြီး ထို့နောက်မှ လီမိသားစု၏ အတွင်းအိမ်ဆောင်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သို့သော် ကောလာဟလများထဲတွင်မူ စူးဖေး၌ ကိုယ်ဝန်ရရှိနေပြီးမှ ကွမ်းပင်းနယ်စားက သူမကို ယုံးကျားဧကရာဇ်ထံ ဆက်သခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုထားကြသည်။
ဒါက ကောလာဟလရဲ့ အဆိုးရွားဆုံး အချက်ပင်။ ကိုးဆယ်ရာခိုင်နှုန်းလောက် မှန်ကန်နေသော်လည်း အရေးကြီးဆုံးနဲ့ အသက်အန္တရာယ် အပေးနိုင်ဆုံး အချက်ကတော့ မှားယွင်းနေခြင်း ဖြစ်သည်။
ကွမ်းပင်းနယ်စားကတော်၏ မျက်နှာထားသည်လည်း မကောင်းလှပေ။ သူမက အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ "ဟိုရယ်က တော်တော်လေး အစွမ်းထက်တာပဲ။ အိမ်တော်ထဲမှာပဲ ဒေါသထွက်နေမယ့်အစား အပြင်ထွက်ပြီး ကောလာဟလ လိုက်ဖြန့်နေတဲ့ ပြည်သူတွေကို သွားဖမ်းပါလား။ နောက်ကွယ်ကနေ အတင်းပြောပြီး ပွဲထိုင်ကြည့်နေတဲ့ မိန်းမသားတွေကို ဖမ်းချုပ်ထားလိုက်လေ။ ပြီးတော့ အရက်သောက်ရင်း မျက်စပစ်ပြီး ပြောဆိုနေတဲ့ နန်းတွင်းအမတ်တွေကိုပါ တစ်ယောက်ချင်းစီ လိုက်ပြီး ပါးစပ်တွေ ဆွဲဖြဲပစ်လိုက်ပါလား"
ကွမ်းပင်းနယ်စား "..."
ကွမ်းပင်းနယ်စား၏ နားထင်ကြောများ ထောင်ထွက်လာပြီး သွေးများက ခေါင်းပေါ်သို့ ဆောင့်တက်လာသလို ခံစားလိုက်ရသည်။
ကွမ်းပင်းနယ်စားကတော်သည်လည်း ဒေါသကို မထိန်းနိုင်တော့ဘဲ အံကြိတ်ကာ ပြောလိုက်လေသည်။ "အရင်တုန်းက စူးကွေ့ရန်ကိစ္စ ဖြစ်ကတည်းက တစ်ခုခု မှားနေပြီလို့ ကျွန်မ ထင်နေခဲ့တာ။ နောက်ကွယ်က ကြိုးကိုင်သူ မရှိရင် ဘယ်လိုလုပ်ပြီး ဒီလောက် လှိုင်းလုံးကြီး ဖြစ်လာမှာလဲ"
"တတိယမင်းသားက လဝက်လောက် ခွင့်ယူပြီး အိမ်တော်ထဲက မထွက်ဘဲ နေခဲ့တယ်။ အခုတော့ ပိုတောင် ဆိုးသွားပြီ။ အတင်းပြောတဲ့ လူတွေက ငြိမ်သွားမယ့်အစား ပိုပြီး အားတက်သရော ပြောဆိုလာကြတယ်။ နှစ်ပေါင်းများစွာက မြုပ်နေတဲ့ ကိစ္စဟောင်းတွေကိုတောင် ပြန်ဖော်လာကြပြီ"
"အခုဆိုရင် လူတိုင်းက တတိယမင်းသားက တော်ဝင်သွေးသား မဟုတ်ဘဲ ဟိုရယ်ရဲ့ သွေးသားပါလို့ ပြောဆိုနေကြပြီ။ တော်ဝင်သွေးသားကို ရှုပ်ထွေးစေတာက သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူးနော်။ ကောလာဟလ ဖြစ်နေရင်တောင် တတိယမင်းသားအတွက်တော့ သေစေနိုင်လောက်တဲ့ ထိုးနှက်ချက်ပဲ။ ဟိုရယ်က နန်းတော်ထဲ ဝင်ပြီး အပြစ်သွားမတောင်းပန်ဘဲ ဒီမှာ ဒေါသထွက်နေသေးတယ်"
ကွမ်းပင်းနယ်စား "..."
ထိုစကားများသည် ရေအေးတစ်ပုံးနှင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
ခေါင်းမှ ခြေဖျားအထိ အေးစက်သွားတော့၏။
ဒီလို ကောလာဟလတွေ ပြန့်နေတာကို သူတောင် ဒီလောက် ဒေါသထွက်နေရင် နန်းတော်ထဲက ယုံးကျားဧကရာဇ်ဆိုရင် ဘယ်လောက်တောင် ဒေါသထွက်နေမလဲ ဆိုတာ စဉ်းစားကြည့်လို့ ရတယ်။ တကယ်လို့များ ယုံးကျားဧကရာဇ်က တကယ် သံသယ ဝင်သွားခဲ့ရင်...
ကွမ်းပင်းနယ်စား၏ မျက်နှာထားမှာ တောင့်တင်းသွားပြီး ခဏအကြာမှ ပြောလိုက်လေသည်။ "ငါ အခုပဲ နန်းတော်ထဲ သွားပြီး အရှင်မင်းကြီးကို သွားတွေ့လိုက်မယ်"
ကွမ်းပင်းနယ်စားကတော်သည် ဒေါသထွက်နေသော်လည်း စိတ်ရှည်လက်ရှည် မှာကြားလိုက်လေသည်။ "ဟိုရယ် ကိုယ့်ကိုယ်ကိုယ် နစ်နာတယ်လို့ မထင်ပါနဲ့။ အရင်က ကိစ္စတွေက အစကတည်းက ဟိုရယ် မှားခဲ့တာပါ"
"အခုချိန်က အရင်လို မဟုတ်တော့ဘူး။ အရှင်မင်းကြီးက သာ့ဝေတိုင်းပြည်ရဲ့ ဧကရာဇ်မင်းမြတ် ဖြစ်နေပြီ။ တော်ဝင်ဂုဏ်သိက္ခာကို အလေးထားဆုံး အချိန်ပဲ။ ဒီလိုကိစ္စတွေ ပျံ့နှံ့နေမှတော့ အရှင်မင်းကြီး ဒေါသထွက်မှာ သေချာတယ်။ ဟိုရယ် နန်းတော်ထဲ ရောက်ရင် မာန်မာနတွေကို ချထားပြီး ခေါင်းငုံ့ အပြစ်တောင်းပန်လိုက်ပါ။ အရှင်မင်းကြီး ဒေါသပြေအောင် လုပ်ဖို့က အရေးကြီးဆုံးပဲ"
ကွမ်းပင်းနယ်စားသည် ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေသော်လည်း ခေါင်းညိတ်လိုက်ပြီး အမြန်ပင် ထွက်ခွာသွားတော့သည်။
ကွမ်းပင်းနယ်စားကတော်သည် စဉ်းစားရင်း ထိုင်မနေနိုင်တော့သဖြင့် မတ်တပ်ထရပ်လိုက်ပြီး တတိယမင်းသား အိမ်တော်သို့ သွားရန် ပြင်ဆင်လိုက်လေသည်။
ဒီလိုကိစ္စတွေ ဖြစ်လာတော့ တတိယမင်းသားက အခက်ခဲဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာ။ သွေးသားရင်း မဟုတ်ဘူးလို့ သံသယဝင်ခံရတာက မင်းသားတစ်ပါးအတွက်တော့ သေဒဏ်ပေးလိုက်သလိုပါပဲ။
ဒီလို ကောလာဟလတွေ လွှင့်ဖို့ စေခိုင်းတဲ့သူက လီဟောက်ကို ဘယ်လောက်တောင် မုန်းတီးနေလို့လဲ။
...
ကွမ်းပင်းနယ်စားကတော်သည် အလျင်စလို ထွက်ခွာလာရာ အတွင်းခန်းမဆောင်မှ မထွက်ရသေးမီမှာပင် ရင်းနှီးသော ပုံရိပ်တစ်ခုနှင့် ဝင်တိုက်မိတော့သည်။
"မူချင်း" မုန့်ယွင်လော်သည် မျက်လုံးများ နီရဲလျက် ငိုယိုကာ ကွမ်းပင်းနယ်စားကတော်၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့လေသည်။ "အခု လူတိုင်း ပြောနေကြတယ်။ အရှင်မင်းသားက ဖုဟွမ်ရဲ့ သွေးသား မဟုတ်ဘူးတဲ့။ အဖေရဲ့ သားတဲ့..."
ကွမ်းပင်းနယ်စားကတော်သည် မုန့်ယွင်လော်ကို စိုက်ကြည့်လိုက်ပြီး အသံမာမာဖြင့် ပြောလိုက်လေသည်။ "ပါးစပ်ပိတ်ထား"
"ဒီလို အခြေအမြစ်မရှိတဲ့ ကိစ္စတွေကို ဘယ်လိုလုပ်ပြီး အတည်ယူလို့ ရမှာလဲ။ နင်က တတိယမင်းသားရဲ့ ကြင်ရာတော်လေ။ ဒီလောက်လေးတောင် စိတ်မထိန်းနိုင်ဘူးလား။ ငါ နင်ကို အလကား မွေးပြီး အလကား ကျွေးထားတာပဲ"
မုန့်ယွင်လော်သည် မိခင်ဖြစ်သူ၏ ဒေါသကြီးမှုကို တခါမှ မကြုံဖူးသဖြင့် လန့်ဖျပ်သွားပြီး ပါးစပ်ပိတ်လိုက်သော်လည်း ရင်ထဲတွင် ဝမ်းနည်းမှုများ လျော့ကျမသွားဘဲ မျက်ရည်များ တသွင်သွင် စီးကျလာလေသည်။
ကွမ်းပင်းနယ်စားကတော်သည် ဒေါသတကြီးဖြင့် မုန့်ယွင်လော်ကို အတွင်းခန်းမဆောင်ထဲသို့ ဆွဲခေါ်သွားလေသည်။
ဘေးနားရှိ အစေခံများသည် ခေါင်းငုံ့ကာ ထွက်ခွာသွားကြလေသည်။
ကွမ်းပင်းနယ်စားကတော်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ အသံကို လျှော့၍ ပြောလိုက်လေသည်။ "မငိုနဲ့တော့။ အရင်ထိုင်ဦး"
မုန့်ယွင်လော်သည် နှာခေါင်းရှုံ့လိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်လိုက်လေသည်။ မျက်လုံးများမှာ နီရဲနေပြီး မည်မျှကြာအောင် ငိုထားသည်မသိပေ။
ကွမ်းပင်းနယ်စားကတော်က အရင်မေးလိုက်၏။ "နင် ဒီလို အလောတကြီး ပြေးလာတာကို အရှင်မင်းသား သိရဲ့လား"
မုန့်ယွင်လော်က ခေါင်းညိတ်ပြလိုက်သည်။
ကွမ်းပင်းနယ်စားကတော်က မျက်မှောင်ကြုတ်ကာ မေးပြန်လေသည်။ "နင် အခု ဘယ်လို နေလဲ။ ဗိုက်နာလား။ နေမကောင်းဖြစ်တာ ရှိလား"
မမေးရင် ဘာမှမဖြစ်သော်လည်း မေးလိုက်သည့်အခါ မုန့်ယွင်လော်သည် ဗိုက်ထဲမှ အောင့်သလို ခံစားလိုက်ရပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။ ကွမ်းပင်းနယ်စားကတော်သည် ဒေါသထွက်သလိုလို သနားသလိုလို ဖြစ်သွားပြီး ကံကောင်းထောက်မစွာ အိမ်တော်တွင် သမားတော် ရှိနေသဖြင့် ချက်ချင်းပင် ခေါ်လိုက်လေသည်။
သမားတော်သည် မုန့်ယွင်လော်၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ရိုသေစွာ ပြောလိုက်လေသည်။ "မင်းသားကြင်ရာတော်က ဘာမှ မဖြစ်ပါဘူး။ စိတ်လှုပ်ရှားပြီး ကိုယ်ဝန် နည်းနည်း ထိခိုက်သွားတာပါ။ စိတ်ကိုအေးအေးထားပြီး ကောင်းကောင်း အနားယူလိုက်ရင် ရပါပြီ"
ထိုအခါမှ ကွမ်းပင်းနယ်စားကတော်လည်း စိတ်အေးသွားတော့သည်။ သမားတော် ထွက်သွားပြီးနောက် မျက်နှာထား တင်းတင်းဖြင့် ဆူပူလေသည်။ "ဒီလိုအချိန်မှာ လုံးဝ ပြာပြာသလဲ မဖြစ်ရဘူး။ အခြေအနေက အဆိုးဆုံး အဆင့်ထိ မရောက်သေးဘူး..."
"ဒါက အဆိုးဆုံး မဟုတ်သေးဘူးလား" မုန့်ယွင်လော်သည် သည်းမခံနိုင်တော့ဘဲ မျက်ရည်များ ထပ်မံ ကျဆင်းလာပြန်သည်။ "အရှင်မင်းသားက စာပေရော သိုင်းပညာပါ ထူးချွန်တယ်။ စစ်မြေပြင်မှာလည်း အသက်နဲ့ရင်းပြီး အမှုထမ်းခဲ့တယ်။ မြို့တော်ကို ပြန်ရောက်ပြီး နှစ်ဝက်လောက် သည်းခံနေခဲ့ရတယ်။ အခုမှ ညီလာခံ တက်ခွင့်ရပြီး ဖုဟွမ်ရဲ့ မျက်နှာသာပေးမှုကို ရခါစ ရှိသေးတာ။ အခုတော့ ရေပုပ်နဲ့ အပက်ခံလိုက်ရသလို အရှင်မင်းသားရဲ့ ဂုဏ်သတင်းက လုံးဝ ပျက်စီးသွားပြီ"
"အခုဆို အရှင်မင်းသားရဲ့ သွေးသားရင်း ကိစ္စကိုပါ လူတွေက သံသယဝင်နေကြပြီ"
"ပြီးတော့ တချို့ ရက်စက်တဲ့လူတွေက ပြောကြသေးတယ်။ သမီးနဲ့ အရှင်မင်းသားက ဖအေတူမအေကွဲ မောင်နှမတွေတဲ့။ မောင်နှမချင်း ညားကြတယ်ဆိုပြီး လူ့ကျင့်ဝတ်နဲ့ မညီဘူးတဲ့..."
မုန့်ယွင်လော်သည် ဆက်လက် သည်းမခံနိုင်တော့ဘဲ အသံကုန်ဟစ်ကာ ငိုကြွေးလိုက်တော့သည်။
ဒီထိုးနှက်ချက်က အရင် "သားအဖနှစ်ယောက် မိန်းမတစ်ယောက်တည်းကို မျှဝေပေါင်းသင်းခြင်း" ကိစ္စထက် ပိုပြီး ရက်စက်လွန်းတယ်။
ကွမ်းပင်းနယ်စား အိမ်တော် ပါဝင်ပတ်သက်နေရုံသာမက သူမလို မင်းသားကြင်ရာတော်ကလည်း လူတိုင်းရဲ့ မျက်စိထဲမှာ ဟာသတစ်ခု ဖြစ်လာခဲ့ပြီ။
ကွမ်းပင်းနယ်စားကတော်သည် ထိုကောလာဟလများကို ကြားရသောအခါ ဒေါသကြောင့် မျက်လုံးများ ပြာဝေသွားပြီး မူးလဲလုမတတ် ဖြစ်သွားလေသည်။ မုန့်ယွင်လော်သည် လန့်သွားပြီး ငိုသံများပင် ပြောင်းလဲသွားတော့သည်။ "မူချင်း... မူချင်း... လာကြပါဦး။ သမားတော် သွားခေါ်ကြပါဦး"
ကွမ်းပင်းနယ်စားကတော်သည် မုန့်ယွင်လော်၏ လက်ကို ဆုပ်ကိုင်ထားပြီး အတော်ကြာမှ ပြန်လည် သတိဝင်လာလေသည်။ "မအော်နဲ့တော့။ ငါ အသက်ရှူလိုက်ရင် သက်သာသွားမှာပါ" အသက်တစ်ချက် ရှူလိုက်ပြီး ပြောပြန်လေသည်။ "ဒီလို အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို နင် ဂရုစိုက်မနေနဲ့"
"ယွင်လော်... တစ်ယောက်ယောက်က တမင်သက်သက် ကောလာဟလတွေ ဖြန့်ပြီး တတိယမင်းသားနဲ့ မုန့်မိသားစုကို နာမည်ဖျက်နေတာ။ အရှင်မင်းကြီးရဲ့ မျက်နှာကိုပါ အရှက်ခွဲနေတာ။ ဒီလိုလုပ်ရဲတဲ့သူက အရှေ့နန်းဆောင်ကလွဲရင် တခြား ဘယ်သူမှ မရှိဘူး"
မုန့်ယွင်လော်၏ မျက်လုံးများထဲတွင် မီးပွားများ ထွက်လာပြီး အံကြိတ်ကာ ပြောလိုက်လေသည်။ "သေချာပေါက် သေသင့်တဲ့ လုမင်ယွိ လက်ချက်ပဲ။ ကျွန်မ အခုပဲ နန်းတော်ထဲ ဝင်ပြီး သူ့ကို သွားတွေ့မယ်"
ကွမ်းပင်းနယ်စားကတော်သည် စဉ်းစားမနေဘဲ မုန့်ယွင်လော်ကို တားလိုက်လေသည်။ "နင် နန်းတော်ထဲ ဝင်ပြီး သူ့ကို တွေ့တော့ကော ဘာလုပ်နိုင်မှာမို့လို့လဲ။ လူ့ပါးစပ်ဆိုတာ ပိတ်လို့ရတာမှ မဟုတ်တာ။ သူက မဟုတ်ပါဘူးလို့ ငြင်းရင် နင်က သူ့ကို ဘာလုပ်နိုင်မှာလဲ"
"သူက သာ့ဝေတိုင်းပြည်ရဲ့ ထိုက်ဇီဖေးလေ။ မြေးတော် ယောက်ျားလေး မိန်းကလေး တစ်ယောက်စီ မွေးပေးထားတယ်။ အခုလည်း ကိုယ်ဝန်ရှိနေသေးတယ်။ သူ့ရဲ့ နောက်ကျောမှာ လုမိသားစု ရှိတယ်။ ရှင်းယန်ဝမ်ရဲ့ တပ်မတော် ၁၀သိန်း ရှိတယ်။ ထိုက်ဇီဖေးရဲ့ ကိုယ်ရံတော်တပ် ထောင်ချီ ရှိတယ်။ ချောင်မိဖုရားခေါင်ကလည်း နောက်နန်းဆောင်မှာ နေရာခိုင်မြဲနေပြီ။ အိမ်ရှေ့စံ လီကျင့်ကလည်း ကျန့်ခရိုင်မှာ တိုင်းပြည်နဲ့ လူထုအတွက် အမှုထမ်းနေတယ်"
"နင်မပြောနဲ့ အရှင်မင်းကြီးတောင် သူ့လက်ချက် ဆိုတာကို မရိပ်မိဘဲ နေမလား။ ဒါပေမဲ့ နင် ကြည့်ကြည့်။ အရင်က ကောလာဟလတွေ လဝက်လောက် ပျံ့နှံ့နေတာတောင် အရှင်မင်းကြီးက အရှေ့နန်းဆောင်ကို သွားပြီး ထိုက်ဇီဖေးကို အပြစ်တင်တာမျိုး လုပ်ခဲ့လို့လား"
မုန့်ယွင်လော် "..."
...
အပိုင်း (၅၁၆) သွေးသားရင်း (၂)
မုန့်ယွင်လော်သည် နှုတ်ခမ်းကို တင်းတင်းကိုက်ထားလျက် မျက်ရည်များ တသွင်သွင် စီးကျနေလေသည်။ "မူချင်း ပြောသလိုဆိုရင် သမီးက ဘာမှလုပ်လို့မရတော့ဘူးပေါ့။ အရှင်မင်းသားနဲ့ သမီးအပေါ် ရေဆိုးနဲ့ပက်သလို လုပ်နေတာကို ဒီတိုင်းပဲ မျက်စိဖွင့် နားစွင့်ပြီး ကြည့်နေရတော့မှာလား"
ကွမ်းပင်းနယ်စားကတော်၏ မျက်နှာထားသည် တင်းမာခက်ထန်နေလေသည်။ "ဒီလိုမှ မလုပ်ရင် ဘယ်လိုလုပ်ရမှာလဲ"
"အရင်တုန်းက တတိယမင်းသား ဂုဏ်ရှိန်တောက်ပြောင်တုန်းက နင်လည်း မျက်နှာပွင့်ခဲ့တာပဲ။ အိမ်ရှေ့စံအိမ်တော်က ဒေါသကို မြိုသိပ်ထားခဲ့ရတာလေ။ လူဆိုတာ ရက်ပေါင်း၁၀၀လုံး ကောင်းမနေနိုင်သလို ပန်းဆိုတာလည်း ရက်ပေါင်း၁၀၀၀လုံး လှမနေနိုင်ပါဘူး။ ဒီလောက် ဒုက္ခလေးတောင် သည်းမခံနိုင်ရင် တတိယမင်းသားက အိမ်ရှေ့စံအိမ်တော်နဲ့ ဘာသွားယှဉ်ပြိုင်မှာလဲ"
ထီးနန်းလုတာက ကလေးကစားစရာလို့ ထင်နေတာလား။
လီဟောက်က မကြာခဏ လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့တာ။ အိမ်ရှေ့စံအိမ်တော်က ဘယ်လိုလုပ် ငြိမ်ခံနေမှာလဲ။
ယုံးကျားဧကရာဇ်ကို ထောက်ထားပြီး အသက်အန္တရာယ် မထိခိုက်အောင် လုပ်ထားလို့သာ။ ဒါပေမဲ့ ကောလာဟလဆိုတာ ဓားသွားလိုပဲ လူကို ချောက်ထဲတွန်းပို့နိုင်တယ်။
မုန့်ယွင်လော်သည် ကွမ်းပင်းနယ်စားကတော်၏ ရင်ခွင်ထဲတွင် မှောက်လျက် အသံတိတ် ငိုကြွေးနေလေသည်။
ကွမ်းပင်းနယ်စားကတော်သည် လည်ချောင်းဝသို့ ရောက်လာသော သက်ပြင်းကို မြိုသိပ်လိုက်ပြီး မုန့်ယွင်လော်၏ ကျောပြင်ကို ဖွဖွလေး ပုတ်ပေးကာ တိုးတိုးညှင်းညှင်း မှာကြားလိုက်လေသည်။ "နင့်အဖေက အပြစ်သွားတောင်းဖို့ နန်းတော်ထဲ ဝင်သွားပြီ။ နင် အိမ်တော်ပြန်ပြီး အရှင်မင်းသားကို နေမကောင်းချင်ယောင်ဆောင်ပြီး အပြင်မထွက်ခိုင်းနဲ့။ လေထန်နေတဲ့အချိန် ပြဿနာထပ်မဖြစ်စေနဲ့"
"ဒီနေ့ကစပြီး နင်လည်း အိမ်တော်ပြင် မထွက်နဲ့တော့။ ကိုယ်ဝန်ရှိနေတာ အိမ်ထဲမှာပဲ ကလေးကို ဂရုစိုက်နေလိုက်"
"အပြင်က ကောလာဟလတွေကို နင် မသိချင်ယောင်ဆောင်လိုက်။ အရာအားလုံးက ကျန်းမာရေးက အဓိကပဲ"
မုန့်ယွင်လော်သည် ငိုကြွေးနေဆဲဖြစ်ပြီး ဤလေးနက်သော သတိပေးစကားများကို နားထဲ ဝင်မဝင်ကိုတော့ မသိရပေ။
...
ဖူယန်မြို့စားအိမ်တော်။
ဖြောင်း!
ဖူယန်မြို့စားသည် တအံ့တဩဖြစ်သွားသည့် ရုပ်ဖြင့် စားပွဲကို အားပါပါ ရိုက်လိုက်ပြီး "ဒီအကွက်က တကယ်ကို ရက်စက်တာပဲ။ ဒါက တတိယမင်းသားကို ချောက်ထဲ တွန်းပို့လိုက်ပြီး အရှင်မင်းကြီးကို ကွမ်းပင်းနယ်စားအပေါ် အမြင်ကပ်သွားအောင် လုပ်လိုက်တာပဲ"
"သွေးမထွက်ဘဲ လူသတ်တာ။ ကောလာဟလနဲ့ နှလုံးသားကို ထိုးစိုက်လိုက်တာ။ ကြောက်စရာကောင်းတယ်။ တကယ်ကို ကြောက်စရာကောင်းတယ်"
ဖူယန်မြို့စားသည် တက်ခေါက်ကာ ချီးကျူးနေလေသည်။ ဘေးနားရှိ ဖူယန်မြို့စားကတော်က မျက်မှောင်ကြုတ်လျက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဟိုရယ်... ဒီကောလာဟလတွေ ကြားရတာ ကျွန်မဖြင့် ရင်တုန်လိုက်တာ"
ဖူယန်မြို့စားက ဇနီးသည်ကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။ "ဒီကိစ္စက ငါတို့ ကျောက်မိသားစုနဲ့ ဘာမှမဆိုင်ဘူး။ မင်းက ဘာတွေ လိုက်ပြီး ရင်တုန်နေရတာလဲ။ လက်ပိုက်ကြည့်နေပြီး ရေနွေးကြမ်းသောက် နေကြာစေ့စားပြီး ပွဲကောင်းကြည့်နေလိုက်"
ဒါကလည်း ဟုတ်နေသည်ပင်။
ကျောက်မိသားစုသည် "သူများကိစ္စ ငါနဲ့မဆိုင်" ဆိုသည့် မူဝါဒကို အမြဲကျင့်သုံးပြီး မယ်တော်ကြီး၏ ဆွေမျိုးများအနေဖြင့် စည်းစိမ်ချမ်းသာကို အေးအေးဆေးဆေး ခံစားနေကြသူများ ဖြစ်လေသည်။ မင်းသားများ၏ ထီးနန်းလုပွဲတွင် တတ်နိုင်သမျှ ဝင်မပါဘဲ နေကြသည်။
သားမက်ဖြစ်သူ စတုတ္ထမင်းသားသည်လည်း လိမ္မာပါးနပ်သူဖြစ်ပြီး ပြဿနာရှာလေ့မရှိသဖြင့် ယောက္ခမအိမ်ကို ဒုက္ခပေးမည့်သူ မဟုတ်ပေ။
ဖူယန်မြို့စားကတော်သည် စိတ်ကို ငြိမ်အောင်ထားလိုက်ပြီး နှလုံးခုန်သံကို ပုံမှန်ပြန်ဖြစ်အောင် လုပ်လိုက်ရသည်။
ထို့နောက် ဖူယန်မြို့စားက ဟိုဟိုဒီဒီ လမ်းလျှောက်လိုက်၊ ခေါင်းတယမ်းယမ်း လုပ်လိုက်၊ လက်ခုပ်တီးလိုက်နှင့် အံ့သြတကြီး ဖြစ်နေသည်ကို မြင်တွေ့ရပြန်သည်။
ဖူယန်မြို့စားကတော်မှာ ရယ်ချင်သလိုလိုနှင့် မတတ်သာသည့်ဟန် ဖြစ်သွားရ၏။ "ဟိုရယ်က ဒီကိစ္စက ကျွန်မတို့နဲ့ မဆိုင်ဘူးလို့ ပြောပြီးတော့ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ"
ဖူယန်မြို့စားက မျက်ခုံးပင့်လိုက်လေသည်။ "ဒီလောက် ပွဲကောင်းမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ သေသေချာချာ ကြည့်ရမှာပေါ့"
ဖူယန်မြို့စားကတော်သည် ရယ်ချင်နေသော်လည်း မတတ်သာသည့်ပုံစံ ဖြစ်နေပြီး စပ်စုကာ မေးလိုက်လေသည်။ "ဒါနဲ့... အရင်တုန်းက ကွမ်းပင်းနယ်စားနဲ့ စူးဖေးက တကယ်ပဲ ဇာတ်လမ်းရှိခဲ့တာလား"
"ဒါက ပြောနေစရာ လိုသေးလို့လား" ဖူယန်မြို့စားက အသံကို နှိမ့်လိုက်ပြီး မျက်ဝန်းထဲတွင် လှောင်ပြောင်ရိပ်များ ပြည့်နှက်နေလေသည်။ "မုန့်ဟွေးဆိုတဲ့ကောင်က အလှအပမက်ပြီး စိတ်ရိုင်းဝင်ခဲ့တာလေ။ ဒါပေမဲ့ အဲဒီတုန်းက ဝမ်းကွဲအစ်ကိုကြီးက လီမိသားစုရဲ့ သခင်လေးပဲ ရှိသေးတာ။ မုန့်ဟွေးနဲ့ ဝမ်းကွဲအစ်ကိုကြီးက ငယ်ငယ်ကတည်းက ခင်လာကြတာ။ သူ့ညီမကလည်း ဝမ်းကွဲအစ်ကိုကြီးရဲ့ အသည်းကျော် ကိုယ်လုပ်တော်လေ။ ပုံမှန်ဆိုရင်လည်း ရင်းရင်းနှီးနှီး နေကြတာပဲ"
"တကယ်တော့ ဒီလိုကိစ္စက ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ သူနဲ့ ဝမ်းကွဲအစ်ကိုကြီးက အတူတူ သောက်စားပျော်ပါးပြီး ကချေသည်တစ်ယောက်တည်းကို အတူတူ အိပ်ခဲ့တာတွေက ဘာဆန်းလို့လဲ"
"အစကတော့ စူးရှီတစ်ယောက်လောက်က ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ မထင်ထားတာက ဝမ်းကွဲအစ်ကိုကြီးက စူးရှီကို တကယ် နှစ်သက်သွားတာပဲ။ ပြီးတော့ စူးရှီရဲ့ ဗိုက်ကလည်း အားကိုးရတယ်။ သိပ်မကြာခင်မှာပဲ ကိုယ်ဝန်ရလာတယ်။ စူးရှီက လီမိသားစုရဲ့ အတွင်းဆောင်ထဲ ရောက်သွားတော့ အရင်တုန်းက ကိစ္စတွေက ရှောင်ရန်ဆောင်ရန် ဖြစ်သွားတာပေါ့"
"အထူးသဖြင့် ဝမ်းကွဲအစ်ကိုကြီးက နဂါးကံ ပါလာပြီး တစ်ဆင့်ပြီးတစ်ဆင့် နန်းတော်ထဲက နဂါးပလ္လင်ပေါ် ရောက်သွားတာလေ။ လီဟောက်ကလည်း စာပေရော စစ်ရေးပါ ထူးချွန်ပြီး တာ့ဝေတိုင်းပြည်ရဲ့ အတော်ဆုံး မင်းသားတစ်ပါး ဖြစ်နေတာ"
"အခုတော့ ဒီအတိတ်က ဇာတ်လမ်းဟောင်းကြီးကို ပြန်လှန်လိုက်ကြပြီ။ အရှင်မင်းကြီးရဲ့ သိက္ခာလည်း ကျပြီ။ လီဟောက်လည်း လူတောမတိုးရဲတော့ဘူး။ မုန့်ဟွေးကရော ကောင်းကျိုးရမယ်လို့ မင်း ထင်နေတုန်းလား"
ဖူယန်မြို့စားက ပြောရင်း ပြောရင်းနှင့် ပိုပြီး စိတ်ပါလာကာ တံတွေးများပင် စင်ထွက်လာတော့သည်။
"မင်း စောင့်ကြည့်နေလိုက်။ ပွဲကောင်းက နောက်မှလာမှာ"
...
ထိုအချိန်တွင် ချောင်မိဖုရားခေါင်သည် အိမ်ရှေ့စံအိမ်တော်ထဲသို့ ဝင်ရောက်လာလေသည်။
အပြင်လောကတွင် မိုးလေဝသ မမှန်ဘဲ လေပြင်းမိုးပြင်း ကျနေသော်လည်း အိမ်ရှေ့စံအိမ်တော်အတွင်း၌မူ အေးချမ်းသာယာနေလေသည်။
မွန်းလွဲပိုင်း နေရောင်ခြည်သည် နန်းဆောင်အတွင်းအပြင် ဖြာကျနေပြီး ငှက်ကလေးများ၏ တေးသီသံများဖြင့် နွေဦးရာသီ၏ အငွေ့အသက်များ လွှမ်းခြုံနေလေသည်။
လုမင်ယွိသည် ကိုယ်ဝန်ဗိုက် ပူလာပြီဖြစ်ပြီး စင်္ကြံအောက်တွင် ထိုင်ကာ နေပူစာလှုံရင်း အေးအေးလူလူ ရှိနေ၏။ ရွှီအာနှင့် ရွှမ်းအာတို့သည် အတူတူ မြင်းစီးဟန် ပြုလုပ်လျက် ရှိပြီး မျက်နှာလေးများ တင်းကာ အလွန်အမင်း အာရုံစိုက်နေကြ၏။
ချောင်မိဖုရားခေါင်သည် အစကတော့ စိတ်ထဲတွင် အတွေးများဖြင့် ခြေလှမ်းသွက်သွက် လျှောက်လာခဲ့သော်လည်း မြေးတော်နှစ်ပါးကို တွေ့လိုက်ရသည်နှင့် အတွေးများအားလုံး ပျောက်ကွယ်သွားကာ ပြုံးရွှင်သွားတော့သည်။ သူမသည် ကလေးနှစ်ယောက်ကို ပြုံးပြုံးရွှင်ရွှင်နှင့် ကြည့်နေမိသည်။
ရွှီအာနှင့် ရွှမ်းအာတို့ကတော့ မျက်နှာလေးများ တင်းထားဆဲပင်။
မြင်းစီးဟန် ပြုလုပ်နေချိန်တွင် စကားပြောခွင့် မရှိသလို လှုပ်ရှားခွင့်လည်း မရှိပေ။ မဟုတ်လျှင် အမေဖြစ်သူ၏ မျက်နှာထား တင်းသွားသည်နှင့် သူတို့၏ တင်ပါးလေးများ နာကျင်ရပေတော့မည်။
လုမင်ယွိက ပြုံးကာ ထရပ်လိုက်ပြီး ကြိုဆိုလိုက်လေသည်။ "မူဟုပ် ဘယ်လိုလုပ် ရောက်လာတာလဲ"
ချောင်မိဖုရားခေါင်သည် ထိုအခါမှ သူမ လာရင်းကိစ္စကို သတိရသွားပြီး ချောင်းတစ်ချက် ဟန့်လိုက်လေသည်။ "ပန်ကုံး မင်းကို ပြောစရာ စကားနည်းနည်း ရှိလို့"
လုမင်ယွိက အလိုက်တသိဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ချီယွင်ဘက်သို့ လှည့်ကာ မှာကြားလိုက်လေသည်။ "ငါ မူဟုပ်နဲ့ စကားဝင်ပြောလိုက်ဦးမယ်။ နင် သူတို့နှစ်ယောက်ကို ကြည့်ထားပေး။ အမွှေးတိုင်တစ်တိုင်စာလောက် ဆက်ပြီး ထိုင်ခိုင်းထားလိုက်"
သမီးယောက္ခမနှစ်ယောက် အတွင်းဆောင်သို့ ဝင်သွားကြပြီး နန်းတွင်းသူများ ထွက်ခွာသွားကြသည်နှင့် ချောင်မိဖုရားခေါင်သည် ဟန်မဆောင်နိုင်တော့ဘဲ အားရဝမ်းသာသည့် လေသံဖြင့် လုမင်ယွိကို တိုးတိုးလေး မေးလိုက်လေသည်။ "ဒါ မင်းပြောတဲ့ ပွဲကောင်း ဆိုတာလား"
လုမင်ယွိက အသာပြုံးလိုက်လေသည်။ "မူဟုပ် ကြားရတာ စိတ်ကျေနပ်ရဲ့လား"
ဒါက ပြောနေစရာ လိုသေးလို့လား။ ကျေနပ်တာပေါ့။
ချောင်မိဖုရားခေါင်သည် ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်ပြီး မျက်ဝန်းထဲတွင် ကြည်နူးရိပ်များ ဖြတ်ပြေးသွားလေသည်။ "ကြားတာတော့ ကွမ်းပင်းနယ်စားက အပြစ်သွားတောင်းဖို့ နန်းတော်ထဲ ဝင်သွားပြီတဲ့။ ဟွန်း... အရှင်မင်းကြီးက ဘယ်လောက်ထိ သဘောထားကြီးနိုင်မလဲ ဆိုတာ ပန်ကုံး စောင့်ကြည့်ရသေးတာပေါ့"
လုမင်ယွိက နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး မျက်ဝန်းထဲတွင် အေးစက်သော အပြုံးရိပ်များ ဖြတ်ပြေးသွားလေသည်။
ဒီနည်းလမ်းကို သုံးလိုက်တော့ ကွမ်းပင်းနယ်စားနဲ့ လီဟောက်က ကောလာဟလတွေကြားထဲ ရောက်သွားပြီ။ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကြီးလှပါတယ်ဆိုတဲ့ ယုံးကျားဧကရာဇ်လည်း လူတကာရဲ့ လှောင်ပြောင်စရာ ဖြစ်တော့မှာပဲ။
ဒါက ယုံးကျားဧကရာဇ်က အလယ်နန်းဆောင်နှင့် အိမ်ရှေ့စံအပေါ် ဖိနှိပ်ခဲ့တာကို "လက်တုံ့ပြန်" လိုက်ခြင်းလည်း ဖြစ်လေသည်။
ချောင်မိဖုရားခေါင်က ခဏလောက် ရယ်မောလိုက်ပြီးမှ ထိုအချက်ကို တွေးမိကာ အပြုံးများ ပျောက်ကွယ်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ "ပန်ကုံး စိုးရိမ်တာက အရှင်မင်းကြီး ရှက်ရမ်းရမ်းပြီး ဒေါသထွက်မှာကိုပဲ။ အားကျင့် မြို့တော်ပြန်ရောက်လာရင် သူ့အပေါ် ဒေါသပုံချလိမ့်မယ်"
ယောက္ခထီးလုပ်သူက ချွေးမကို ထိပ်တိုက်တွေ့ဖို့ မသင့်တော်ပေမယ့် သားဖြစ်သူကို ကိုင်တွယ်ဖို့ကတော့ လွယ်ကူသည်လေ။
လုမင်ယွိက လေသံအေးအေးဖြင့် ပြောလိုက်လေသည်။ "ဒါက ပထမဆုံးအကြိမ်မှ မဟုတ်တာ။ အရှင်မင်းသားလည်း ကျင့်သားရနေပါပြီ။ ဒီဒေါသကို အရင်ဆုံး ထွက်သွားအောင် လုပ်ရမယ်။ မဟုတ်ရင် အားလုံးက အိမ်ရှေ့စံအိမ်တော်ကို ပျော့တဲ့တည်သီးလို့ ထင်ပြီး လာညှစ်ချင်နေကြမှာ။ အခုတော့ သူတို့ လက်တွေ ခေါင်းတွေ နာကုန်ကြပြီဆိုတော့ နောက်တစ်ခါ လှုပ်ရှားချင်ရင် သေသေချာချာ ချင့်ချိန်ကြတော့မှာပါ"
ဒါလည်း ဟုတ်တာပဲ။
ချောင်မိဖုရားခေါင်က ခေါင်းညိတ်လိုက်ပြန်သည်။
ထိုအချိန်မှာပင် ချိုင်လန်သည် မျက်နှာပျက်ပျက်ဖြင့် ဝင်ရောက်လာလေသည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်... အရှင်မင်းကြီးက လျိုကုန်းကုန်းကို လွှတ်လိုက်ပြီး ညန်ညန်ကို ဝမ်ဟွားနန်းဆောင်ဆီ လာခဲ့ဖို့ အမိန့်တော် ပြန်လိုက်ပါတယ်"
ချောင်မိဖုရားခေါင်၏ အပြုံးများ ရပ်တန့်သွားသည်။
လုမင်ယွိက မျက်ခုံးပင့်လိုက်ပြီး ထရပ်လိုက်လေသည်။ "အာရှီလည်း မူဟုပ်နဲ့အတူတူ လိုက်ခဲ့မယ်"
ချောင်မိဖုရားခေါင်က ချက်ချင်း သတိဝင်လာသည်။ "မဖြစ်ဘူး။ မင်းက ကိုယ်ဝန်၅လ ရှိနေပြီ။ ကလေးကို ထိခိုက်လို့ မဖြစ်ဘူး။ မင်း အိမ်ရှေ့စံအိမ်တော်မှာပဲ အနားယူနေလိုက်။ ပန်ကုံး တစ်ယောက်တည်း သွားလိုက်မယ်"
လုမင်ယွိကတော့ ပြောလိုက်၏။ "မူဟုပ် စိတ်ချပါ။ ဒီလောက် အခြေအနေလောက်ကို အာရှီ ခံနိုင်ရည်ရှိပါတယ်"
ချောင်မိဖုရားခေါင်သည် သူမကို မတားနိုင်တော့သဖြင့် သဘောတူလိုက်ရပြီး ထပ်ခါတလဲလဲ မှာကြားလိုက်လေသည်။ "ခဏနေ ဝမ်ဟွားနန်းဆောင်ရောက်ရင် အရှင်မင်းကြီး ဘာမေးမေး ပန်ကုံးပဲ ဖြေရှင်းလိုက်မယ်။ မင်း ပါးစပ်ဖွင့်မပြောနဲ့"
လုမင်ယွိက ခေါင်းညိတ်လိုက်လေသည်။
...