အခန်း (၅၁၇-၅၁၉)
Vol. 35 Ch. 517-519
အပိုင်း (၅၁၇) ထိပ်တိုက်ရင်ဆိုင်ခြင်း
ဝမ်ဟွားနန်းဆောင်အတွင်းတွင် တိတ်ဆိတ်ငြိမ်သက်နေ၏။
ကွမ်းပင်းနယ်စားသည် ရှက်ရွံ့သည့်မျက်နှာထားဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေလေသည်။
ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် ရှုံ့မဲ့နေပြီး စကားတစ်ခွန်းမှ မဆိုပေ။
ကွမ်းပင်းနယ်စားသည် နန်းတော်ထဲသို့ စောစီးစွာ ရောက်ရှိနေခဲ့ပြီး နန်းဆောင်အပြင်ဘက်တွင် တစ်နာရီကျော်ခန့် စောင့်ဆိုင်းခဲ့ရသည်။ ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဒူးထောက်ကာ အပြစ်တောင်းပန်နေခဲ့သည်။ ဤသို့ ဒူးထောက်နေသည်မှာ တစ်နာရီနီးပါး ကြာမြင့်နေလေပြီ။
အစမှအဆုံးတိုင် ယုံးကျားဧကရာဇ်သည် အသံမထွက်ခဲ့ချေ။ ရင်ထဲက ဒေါသအမျက်များသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး မီးတောင်တစ်လုံးကဲ့သို့ အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်အလား ရှိနေ၏။
ကုန်းကုန်းတစ်ယောက်သည် တုန်တုန်ယင်ယင်ဖြင့် ဝင်ရောက်လာပြီး လျှောက်တင်လေသည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးတို့ အပြင်မှာ တွေ့ခွင့်တောင်းနေပါတယ်"
လုမင်ယွိလည်း လာတယ်လား။
သတ္တိကတော့ မသေးဘူးပဲ။ ဝမ်ဟွားနန်းဆောင်အထိတောင် မျက်နှာပြောင်တိုက်ပြီး လာရဲသေးတယ်။
သူက ငါ့လို ဧကရာဇ်တစ်ပါးအနေနဲ့ သူ့ကို ဘာမှမလုပ်နိုင်ဘူးလို့ တွက်ထားတာလား။
ယုံးကျားဧကရာဇ်၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်လာပြီး အေးစက်စက် စကားလုံးအချို့ကို ပြောလိုက်သည်။ "သူတို့ကို ဝင်ခိုင်းလိုက်"
ကွမ်းပင်းနယ်စားသည် ဤအခွင့်အရေးကို အသုံးချကာ အနည်းငယ် လှုပ်ရှားလိုက်၏။ ဒူးထောက်ထားရသဖြင့် ထုံကျင်ကိုက်ခဲနေသော ဒူးခေါင်းမှ နာကျင်မှုများကို တဆစ်ဆစ် ခံစားနေရသည်။
သူသည်လည်း အသက် ၄၀ အရွယ် လူတစ်ယောက် ဖြစ်နေပြီ။ လွန်ခဲ့သော ဆယ်နှစ်ကျော်က ယုံးကျားဧကရာဇ်နောက်သို့ လိုက်ပါကာ တိုင်းပြည်ကို တည်ထောင်ခဲ့ပြီး အရှေ့ဘက်ကို စစ်တိုက်လိုက် အနောက်ဘက်ကို စစ်တိုက်လိုက်ဖြင့် ပင်ပန်းဆင်းရဲကြီးစွာ အမှုထမ်းခဲ့သည်ဟု ပြောလျှင် လုံးဝလွန်မည် မဟုတ်ပေ။ ယခုအခါတွင်တော့ နှစ်ဟောင်းက စာရင်းဟောင်းများ ပြန်လှန်ခံရပြီး သူက ဒူးထောက် အပြစ်တောင်းပန်နေရသည်...
ထိုအကြောင်းများကို တွေးမိလိုက်တိုင်း ကွမ်းပင်းနယ်စား၏ ရင်ထဲတွင် ပြောမပြတတ်အောင် မွန်းကြပ်ပြီး ဒေါသထွက်မိလေသည်။
ဒီအခက်အခဲကို ကျော်ဖြတ်ပြီးတာနဲ့ နောင်ကျရင် ဒီစာရင်းကို သူ အသေအချာ ပြန်ရှင်းရမယ်။
နောက်ကျောဘက်ဆီမှ ခြေသံနှစ်သံ ထွက်ပေါ်လာ၏။
တစ်ခုက လေးလံပြီး သိုင်းပညာ မသင်ကြားဖူးသော ချောင်မိဖုရားခေါင်၏ ခြေသံပင်။
နောက်တစ်ခုကတော့ ပေါ့ပါးသွက်လက်ပြီး မင်းသားကြင်ရာတော် လုမင်ယွိ၏ ခြေသံဖြစ်ပေလိမ့်မည်။
ကွမ်းပင်းနယ်စားသည် ဒူးထောက် အပြစ်ပေးခံထားရသဖြင့် လှုပ်ရှား၍ မရဘဲ မျက်လုံးထောင့်ကပ်ကာ အကဲခတ်ကြည့်လိုက်ရသည်။
ချောင်မိဖုရားခေါင်သည် လမ်းတစ်လျှောက် အလျင်စလို လာခဲ့ရသဖြင့် အသက်ရှူသံ အနည်းငယ် မမှန်ဖြစ်နေပြီး ခါးညွှတ်ကာ ဂါရဝပြုလိုက်လေသည်။ "ချန်ချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
လုမင်ယွိကတော့ တည်ငြိမ်အေးဆေးနေပြီး မလျော့မတင်း ဂါရဝပြုလိုက်လေသည်။ "အာရှီ ဖုဟွမ်ကို ဂါရဝပြုပါတယ်"
ယုံးကျားဧကရာဇ်သည် လုမင်ယွိကို မြင်လိုက်သည်နှင့် ဒေါသက ငယ်ထိပ်သို့ ဆောင့်တက်လာတော့သည်။ ကောလာဟလများ နေရာအနှံ့ ပျံ့နှံ့နေသော်လည်း သူက တော်ဝင်ကိုယ်ရံတော်များကို လွှတ်ပြီး မစစ်ဆေးခဲ့သလို တရားစီရင်ရေးဌာနကိုလည်း လူဖမ်းခိုင်းခြင်း မရှိဘဲ ကုန်းကုန်းများကိုသာ စုံစမ်းခိုင်းခဲ့သည်။
ဒါက သူက ဧကရာဇ်တစ်ပါးအနေဖြင့် အလျှော့ပေးလိုက်ခြင်း ဖြစ်ပြီး အိမ်ရှေ့စံအိမ်တော်အနေဖြင့် ဒီဒေါသထွက်စရာကိစ္စကို ထွက်ပေါက်ပေးလိုက်ခြင်းဖြစ်ပြီး ဒီလောက်နှင့် ရပ်တန့်လိုက်ဖို့ အရိပ်အမြွက် ပြလိုက်ခြင်းပင်။ မထင်မှတ်ထားသည်မှာ လုမင်ယွိသည် လက်မလျှော့သည့်အပြင် ပိုပြီးတောင် ရဲတင်းလာခဲ့သည်...
"မတ်တပ်ရပ်ကြ" ယုံးကျားဧကရာဇ်သည် မာကျောခက်ထန်စွာ ပြောလိုက်လေသည်။
ချောင်မိဖုရားခေါင်သည် သူနှင့် လင်မယားသက်တမ်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍ သူ အမှန်တကယ် ဒေါသထွက်နေကြောင်း သိရှိသဖြင့် စိတ်ထဲတွင် တိတ်တဆိတ် ထိတ်လန့်သွားပြီး မတ်တပ်ရပ်လိုက်ချိန်တွင် လုမင်ယွိကို မျက်ရိပ်ပြလိုက်လေသည်။ အရှင်မင်းကြီးရှေ့မှာ စကားပြောရင် ပိုပြီး သတိထားဖို့ရန်ပင်။
လုမင်ယွိက မသိမသာ ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး သူမ၏ စိတ်ထဲတွင် နားလည်မှုရှိကြောင်း ပြသလိုက်သည်။
ချောင်မိဖုရားခေါင်သည် စိတ်ကို တည်ငြိမ်အောင်ထားပြီး လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "အရှင်မင်းကြီး ချန်ချဲ့ကို ခေါ်တော်မူတာ ဘာအမိန့်ရှိလို့လဲ မသိဘူး"
ယုံးကျားဧကရာဇ်က အေးစက်စက် ပြောလိုက်လေသည်။ "ကျန်း မင်းကို မေးမယ်။ နန်းတော်အပြင်မှာ ကောလာဟလတွေ ပြန့်နှံ့နေတာ မင်း သိလား"
ပါးစပ်ဖွင့်လိုက်သည်နှင့် ပြင်းထန်သော မေးခွန်းထုတ်မှုပင်။
ချောင်မိဖုရားခေါင်သည် မူလက ထိတ်လန့်တုန်လှုပ်နေသော်လည်း ယခုအချိန်တွင်မူ ပြန်လည် တည်ငြိမ်သွားလေသည်။ "ချန်ချဲ့လည်း နည်းနည်းပါးပါးတော့ ကြားမိပါတယ်"
"ဒီလို ကောလာဟလတွေက တကယ်ကို နားထောင်လို့ မကောင်းဘူး။ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာလည်း ဘာမှမကျန်တော့ဘူး။ တတိယမင်းသားရဲ့ နာမည်ဂုဏ်သတင်းလည်း အကြီးအကျယ် ထိခိုက်သွားတယ်။ ကျန်းလည်း လူတွေရဲ့ လှောင်ပြောင်တာကို ခံနေရတယ်။" ယုံးကျားဧကရာဇ်က အေးစက်စက် ပြောလိုက်လေသည်။ "ဟွမ်ဟုပ်မှာ ဘာဖြေရှင်းနည်းများ ရှိလဲ မသိဘူး"
ဒီလေသံကို ကြားရသည်တွင် ချောင်မိဖုရားခေါင်သည် ပျို့အန်ချင်သလို ခံစားလိုက်ရသည်။
နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ရသော ဝမ်းနည်းမှုနှင့် မကျေနပ်မှုများသည် ရင်ထဲသို့ လှိမ့်တက်လာတော့သည်။
ချောင်မိဖုရားခေါင်သည် မျက်လုံးကို ပင့်ကာ ယုံးကျားဧကရာဇ်ကို စိုက်ကြည့်လိုက်လေသည်။ "ဟိုးအရင်တုန်းက ကိစ္စတွေကို ချန်ချဲ့က အစကနေအဆုံးထိ ဘာမှ မသိခဲ့ရပါဘူး။ အရှင်မင်းကြီးက စူးရှီကို ခေါ်လာပြီး ချန်ချဲ့ကို လက်ဖက်ရည်ကြမ်း ဆက်သခိုင်းမှ အတွင်းဆောင်ထဲမှာ လူတစ်ယောက် ပိုလာမှန်း ချန်ချဲ့ သိခဲ့ရတာပါ။ လအနည်းငယ် ကြာပြီးတော့ စူးရှီက ကိုယ်ဝန်ရပြီး လီဟောက်ကို မွေးဖွားခဲ့တယ်။ ချန်ချဲ့က တရားဝင်မိခင်တစ်ယောက်အနေနဲ့ မယားငယ်ကမွေးတဲ့သားကို နှိပ်စက်ညှဉ်းပန်းတာမျိုး မလုပ်ခဲ့ပါဘူး။ အိမ်ရှင်မကြီးအနေနဲ့လည်း ကိုယ်လုပ်တော်အပေါ် အနိုင်ကျင့်တာမျိုး မလုပ်ခဲ့ပါဘူး"
"အဲဒီတုန်းက အတွင်းရေးကိစ္စတွေကိုတော့ အရှင်မင်းကြီးနဲ့ ကွမ်းပင်းနယ်စားတို့က အသိဆုံး ဖြစ်မှာပါ။ အခု အရှင်မင်းကြီးက ချန်ချဲ့ကို လာမေးနေတော့ ချန်ချဲ့က ဘာနည်းလမ်း ရှိမှာလဲ"
ယုံးကျားဧကရာဇ် "..."
ယုံးကျားဧကရာဇ်၏ မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်လာပြီး ချောင်မိဖုရားခေါင်ကို ထိုးစိုက်တော့မည့် မြှားတစ်စင်းအလား ဖြစ်နေလေသည်။
ဟွန်း... ကြည့်ချင်ရင် ကြည့်ပါစေ။ ဘယ်သူက ကြောက်နေမှာလဲ။ သူမကို အရင်တုန်းကလို ပျော့ညံ့ပြီး သည်းခံတတ်တဲ့ ချောင်ယင်းညန်လို့ ထင်နေတုန်းလား။
ချောင်မိဖုရားခေါင်သည် ခါးကို မတ်မတ်ထားလိုက်ပြီး ယုံးကျားဧကရာဇ်ကို ပြန်လည် စိုက်ကြည့်လိုက်လေသည်။
ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော ကွမ်းပင်းနယ်စားသည် နှုတ်ခမ်းကို တွန့်လိုက်မိသည်။
ဒီလောကကြီးက ဘာဖြစ်ကုန်တာလဲ။ သူ့ရဲ့ ဇနီးသည်အိုကြီးက သူ့ကို ဂရုမစိုက်။ ထိုက်ဇီဖေးကလည်း ဂုဏ်သတင်းကျော်ကြားပြီး ပဉ္စမမင်းသားကိုတောင် ရိုက်နှက်ရဲတယ်။ အကျင့်သီလနှင့် ပြည့်စုံသည်ဟု နာမည်ကြီးသော ချောင်မိဖုရားခေါင်ကအစ တခြားလူတစ်ယောက်လို ပြောင်းလဲသွားသလို...
"ဖုဟွမ် စိတ်လျှော့ပါဦး" လုမင်ယွိ၏ အသံ ထွက်ပေါ်လာသည်။
ယုံးကျားဧကရာဇ်သည် ဒေါသများ ဗိုက်ထဲတွင် ပြည့်အိပ်နေလေသည်။
သို့သော် ချွေးမတော်နှင့် ရင်ဆိုင်ရသည့်အခါ ယောက္ခမတစ်ယောက်၏ ဂုဏ်သိက္ခာကိုတော့ ထိန်းထားရမည်။ သူ မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ သည်းခံထားရမည်။ "မင်းက ဘာပြောချင်လို့လဲ။ ဒါက နှစ်ဟောင်းက ကိစ္စတွေ။ ကျန်းက ဟွမ်ဟုပ်ကို မေးနေတာ။ မင်းကရော အတွင်းရေးကို သိနေလို့လား"
နောက်ဆုံးတော့ လုံးဝသည်းမခံနိုင်တော့ဘဲ လေသံထဲတွင် လှောင်ပြောင်သရော်မှုများ ပါဝင်လာလေသည်။
သက်သေအထောက်အထား မရှိသော်ငြားလည်း ကောလာဟလများ ဆူညံနေခြင်းသည် လုမင်ယွိနှင့် မပတ်သက်ဘဲ မနေနိုင်ပေ။
သူမကများ ပြောရဲဆိုရဲ ရှိသေးတယ်။
လုမင်ယွိက နည်းနည်းလေးမှ စိတ်ဆိုးခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းစွာ ပြောလိုက်လေသည်။ "အရှင်မင်းသား မြို့တော်က ထွက်ခွာသွားကတည်းက အာရှီက အိမ်ရှေ့စံအိမ်တော်ထဲမှာပဲ ကိုယ်ဝန်ကို ဂရုစိုက်နေခဲ့တာပါ။ အိမ်ရှေ့စံအိမ်တော်ကနေ အပြင်ကို လုံးဝနီးပါး မထွက်ခဲ့ပါဘူး။ နန်းတော်အပြင်ဘက်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ အာရှီ နည်းနည်းလေးမှ မသိပါဘူး"
"အာရှီက သတ္တိမွေးပြီး လာခဲ့တာက ဖုဟွမ် ဒေါသထွက်ပြီး စကားအကြီးအကျယ် ပြောမိလို့ မူဟုပ် စိတ်ထိခိုက်သွားမှာ စိုးရိမ်လို့ပါ"
"တချို့စကားတွေက အာရှီအနေနဲ့ ဝင်မပြောသင့်ပါဘူး။ ဒါပေမဲ့ ဒီအခြေအနေထိ ရောက်လာတော့ အာရှီ မပြောလို့ မဖြစ်တော့ပါဘူး။ အတွင်းဆောင်ထဲမှာ ကိုယ်လုပ်တော်တွေ ဘယ်လောက်ပဲ များပြားပါစေ ကိုယ်လုပ်တော်က ကိုယ်လုပ်တော်ပါပဲ။ အနောက်နန်းဆောင်က ကိုယ်လုပ်တော်တွေက မူဟုပ်နဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ"
"မူဟုပ်က ဖုဟွမ် တရားဝင် ပေါင်းသင်းလက်ထပ်ထားတဲ့ ဇနီးမယားပါ။ အခုဆိုရင် တာ့ဝေတိုင်းပြည်ရဲ့ မိဖုရားခေါင်ကြီးပါ။ မူဟုပ်ရဲ့ မွန်မြတ်တဲ့ ဂုဏ်သတင်းက နန်းတွင်းရော အပြင်မှာပါ ကျော်ကြားပြီး နန်းတော်ထဲက လူတိုင်းကလည်း လေးစားကြပါတယ်"
"ဖုဟွမ်အနေနဲ့ စိတ်ထဲမှာ ဒေါသထွက်နေရင်တောင် မူဟုပ်အပေါ် ဒေါသပုံမချသင့်ပါဘူး။ ဆယ်နှစ်ကြာမှ လှေတစ်စင်းတည်း အတူစီးခွင့်ရပြီး နှစ်တစ်ရာကြာမှ လင်မယားဖူးစာ ဆုံစည်းရတာပါ။ လင်နဲ့မယားဆိုတာ တစ်သားတည်းပါပဲ။ ဖုဟွမ်ရဲ့ ဂုဏ်သိက္ခာက မူဟုပ်ရဲ့ ဂုဏ်သိက္ခာပါပဲ။ ပြောင်းပြန်ပြောရရင် မူဟုပ် မျက်နှာပျက်ရရင် ဖုဟွမ်လည်း ကြည့်ကောင်းမှာ မဟုတ်ပါဘူး။ လင်မယားသံယောဇဉ်ဆိုတာ အထင်လွဲတာကို မခံနိုင်သလို ပွန်းပဲ့ထိခိုက်တာကိုလည်း ခံနိုင်ရည်မရှိပါဘူး"
"လင်မယားနှစ်ယောက် စိတ်ဝမ်းကွဲပြီး သူစိမ်းတွေလို ဖြစ်သွားပြီဆိုရင် တော်ဝင်မိသားစုအတွက် ကပ်ဘေးတစ်ခု ဖြစ်လာမှာပါ။ ပြီးတော့ နန်းတွင်းနဲ့ တိုင်းပြည်ကိုပါ ရိုက်ခတ်လာပြီး လူထုစိတ်ဓာတ်လည်း မငြိမ်မသက် ဖြစ်လာနိုင်ပါတယ်။ ဖုဟွမ် သွေးအေးအေးနဲ့ သုံးသပ်ပြီးမှ လုပ်ဆောင်ပါ"
ယုံးကျားဧကရာဇ် "..."
ယုံးကျားဧကရာဇ်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြန်ထုတ်လိုက်ကာ နောက်တစ်ကြိမ် ထပ်ရှူလိုက်ရသည်။
ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော ကွမ်းပင်းနယ်စားသည် ထိတ်လန့်အံ့သြစွာဖြင့် ခေါင်းမော့လာပြီး ယုံကြည်မှုရှိရှိ ပြောဆိုနေသော လုမင်ယွိကို တစ်ချက် ကြည့်လိုက်မိသည်။
ဒီစကားတွေက ရုတ်တရက် နားထောင်ရင် နူးညံ့သိမ်မွေ့သလို ရှိပေမယ့် သေသေချာချာ တွေးကြည့်ရင်တော့ အထဲမှာ ဆူးတွေချည်းပဲ။
ဒီထိုက်ဇီဖေးရဲ့ သတ္တိက တကယ်ကို မသေးဘူးပဲ။
ချောင်မိဖုရားခေါင်သည် ဒီစကားများကို ကြားလိုက်ရသည့်အခါ မျက်ရည်များ ဝဲတက်လာလေသည်။ ဒီနှစ်တွေတစ်လျှောက်လုံး အရှက်ကွဲခြင်းနှင့် စိတ်ဆင်းရဲခြင်းများကို မည်မျှ ခံစားခဲ့ရသနည်း။ လူတိုင်းက သူမကို သည်းခံဖို့သာ တိုက်တွန်းခဲ့ကြသည်။ သူမက ထပ်ခါတလဲလဲ သည်းခံခဲ့သော်ငြား ရင်ထဲမှာ ဘယ်လောက် ဝမ်းနည်းခဲ့ရလဲဆိုတာ သူမကိုယ်တိုင်သာ အသိဆုံးပင်။
တစ်ဖက်သတ် အလျှော့ပေးလိုက်လျောခြင်းကြောင့် ရရှိလာသည်မှာ နားလည်ပေးမှုနှင့် ခွင့်လွှတ်မှု မဟုတ်ဘဲ ပိုမို အထင်သေးခံရခြင်းသာ ဖြစ်သည်။
သူမ စောစောစီးစီးကတည်းက ခါးမတ်မတ် ထားသင့်ခဲ့တာ။
ဘာပဲဖြစ်ဖြစ် သူမ နန်းတော်ထဲမှာ ရပ်တည်နေတာက "အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှု" ကြောင့် မဟုတ်ဘူး။ ယုံးကျားဧကရာဇ်က ဘယ်လောက်ပဲ မနှစ်သက်ပါစေ သူမရဲ့ မိဖုရားခေါင်နေရာကို ဖျက်သိမ်းလို့မရဘူး။
"လုရှီ ပြောတဲ့စကားတွေက ချန်ချဲ့ ပြောချင်တဲ့ စကားတွေပါပဲ" ချောင်မိဖုရားခေါင်က ယုံးကျားဧကရာဇ်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ "ဒီလို အခြေအမြစ်မရှိတဲ့ ကောလာဟလတွေက အရှင်မင်းကြီးကို အကြီးအကျယ် မျက်နှာပျက်စေတာမို့ အရှင်မင်းကြီး စိတ်ဆိုးတာလည်း မဆန်းပါဘူး"
"ချန်ချဲ့ ဘာမှ မလုပ်ခဲ့သလို ဘာမှလည်း မသိပါဘူး။ အရှင်မင်းကြီးက ချန်ချဲ့ကို အပြစ်တင် မေးမြန်းနေတော့ ချန်ချဲ့ ဘယ်လို ပြန်ဖြေရမလဲ မသိတော့ဘူး"
ယုံးကျားဧကရာဇ်၏ မျက်နှာထားသည် ရေကဲ့သို့ တည်ငြိမ်နေပြီး ချောင်မိဖုရားခေါင်ကို ကြည့်နေသော်လည်း အတော်ကြာသည်အထိ စကားတစ်ခွန်းမှ မပြောပေ။
ထိုအချိန်မှာပင် ကုန်းကုန်းတစ်ယောက် ဝင်ရောက်လာပြီး လျှောက်တင်လေသည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ချောင်ကောလောင်နဲ့ ဝန်ကြီးခြောက်ပါးတို့ အပြင်မှာ တွေ့ခွင့်တောင်းနေပါတယ်။ အရေးကြီးတဲ့ နိုင်ငံရေးကိစ္စ ဆွေးနွေးစရာ ရှိလို့ပါတဲ့"
...
အပိုင်း (၅၁၈) ကျောထောက်နောက်ခံ
ချောင်ကောလောင် ရောက်လာခဲ့သည်။
ဒါသည် တိုက်ဆိုင်မှုလား။ ဒါမှမဟုတ် တမင်သက်သက်လား။
ယုံးကျားဧကရာဇ်သည် မျက်ခုံးပင့်လိုက်ပြီး ချောင်မိဖုရားခေါင်ကို စူးစိုက်ကြည့်လိုက်၏။ ချောင်မိဖုရားခေါင်ကတော့ အံ့သြနေသည့် မျက်နှာအမူအရာ ဖြစ်နေသည်။
လုမင်ယွိသည် အချိန်ကိုက်ပင် ပါးစပ်ဖွင့်ကာ ယုံးကျားဧကရာဇ်နှင့် မိဖုရားခေါင်ကြားက စကားမဲ့ ထိပ်တိုက်တွေ့မှုကို ဖြတ်တောက်လိုက်လေသည်။ "ချောင်ကောလောင်နဲ့ ဝန်ကြီးခြောက်ပါးက နိုင်ငံရေးဆွေးနွေးဖို့ ရောက်နေပြီဆိုတော့ အာရှီနဲ့ မူဟုပ် အရင်ပြန်နှင့်ပါရစေ"
ယုံးကျားဧကရာဇ်သည် နှာခေါင်းရှုံ့လိုက်ပြီး "အင်း" ဟု ပြန်ဖြေလေသည်။
လုမင်ယွိကတော့ ယုံးကျားဧကရာဇ်၏ မျက်နှာအမူအရာ ကောင်းသည် ဆိုးသည်ကို ဂရုမစိုက်ဘဲ ပြုံးပြုံးရွှင်ရွှင်ဖြင့် ရှေ့သို့တက်ကာ ချောင်မိဖုရားခေါင်၏ လက်မောင်းကို တွဲလိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည်။ "မူဟုပ် ခြေလှမ်း သတိထားပါ"
လက်ဖဝါးမှ နွေးထွေးမှုသည် ပါးလွှာသော နွေဦးဝတ်စုံမှတစ်ဆင့် ခန္ဓာကိုယ်သို့ ကူးစက်သွားသည်။
ချောင်မိဖုရားခေါင်သည် စိတ်တည်ငြိမ်သွားပြီး လုမင်ယွိကို ပြုံးပြလိုက်လေသည်။ သားအမိနှစ်ယောက် အတူတူ ထွက်ခွာသွားကြတော့သည်။
ဝမ်ဟွားနန်းဆောင်မှ ထွက်လာသည်နှင့် ချောင်ကောလောင်နှင့် အဖွဲ့ကို မျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။
ချောင်ကောလောင်နှင့် ဝန်ကြီးခြောက်ပါးသည် လက်ကို ယှက်ကာ အရိုအသေပြုလိုက်ကြလေသည်။ "ကျွန်တော်မျိုးတို့ ဟွမ်ဟုပ်ညန်ညန်နဲ့ ထိုက်ဇီဖေးညန်ညန်ကို ဂါရဝပြုပါတယ်"
"အားလုံး ထကြပါ" ချောင်မိဖုရားခေါင်သည် ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးသော အနေအထားသို့ ပြန်လည်ရောက်ရှိသွားပြီး ဝန်ကြီးများကို နူးညံ့စွာ ပြောလိုက်လေသည်။ ဝန်ကြီးများက ကျေးဇူးတင်စကားဆိုကာ မတ်တပ်ရပ်လိုက်ကြသည်။ ချောင်ကောလောင်၏ အကြည့်သည် ချောင်မိဖုရားခေါင်၏ ဖြူဖျော့နေသော မျက်နှာပေါ်သို့ ကျရောက်သွားပြီး စိတ်ပူသွားကာ တိုးတိုးလေး ပြောလိုက်လေသည်။ "နွေဦးရာသီက အပူကန်တတ်တယ်။ ညန်ညန် ကျန်းမာရေး ဂရုစိုက်ပါ"
လုမင်ယွိသည် စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်မိသည်။
ချောင်ကောလောင်က စကားပြော အရမ်းကျွမ်းကျင်တာပဲ။ ဒီ "နွေဦးရာသီက အပူကန်တတ်တယ်" ဆိုတဲ့ စကားက တကယ်ကို အဓိပ္ပာယ်တွေ ပါနေတာ။ မကြာသေးခင်က ခဏခဏ ဒေါသထွက်နေတဲ့ ယုံးကျားဧကရာဇ်ကို ရည်ညွှန်းနေတာ မဟုတ်လား။
ချောင်မိဖုရားခေါင်သည် ဆံပင်တစ်ဝက် ဖြူနေပြီဖြစ်သော်လည်း သူမအတွက် စိတ်ပူပေးနေဆဲဖြစ်သော ချောင်ကောလောင်ကို ကြည့်ရင်း နှာခေါင်းအနည်းငယ် ရှုံ့သွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "သမီး ဘာမှမဖြစ်ပါဘူး။ နိုင်ငံရေးကိစ္စတွေ များနေတဲ့ကြားက အဖေလည်း ကျန်းမာရေး ဂရုစိုက်ပါ"
လူရှေ့သူရှေ့မို့ သားအဖနှစ်ယောက် စကားနှစ်ခွန်း သုံးခွန်းလောက်သာ ပြောဆိုပြီး နှုတ်ဆက်လိုက်ကြရသည်။
ချောင်ကောလောင်ကို တွေ့လိုက်ရပြီးနောက် ချောင်မိဖုရားခေါင်၏ စိတ်သည် လျင်မြန်စွာ တည်ငြိမ်သွားတော့၏။
ဒီလို လုံခြုံစိတ်ချရမှုမျိုးကို အဖေအရင်းကသာ ပေးနိုင်တာ။
ချောင်ကောလောင်သည် နိုင်ငံတော်၏ အမတ်ချုပ်ကြီး ဖြစ်သည့်အလျောက် ချောင်မိသားစု၏ မှီခိုအားထားရာ ဖြစ်ရုံသာမက သူမလို မိဖုရားခေါင်တစ်ပါးရဲ့ ကျောထောက်နောက်ခံလည်း ဖြစ်နေသည်။
"မူဟုပ်ကို ကျောင်းဖန်နန်းဆောင်အထိ အာရှီ လိုက်ပို့ပေးပါမယ်" လုမင်ယွိက တိုးတိုးလေး ပြောလိုက်ရာ ချောင်မိဖုရားခေါင်က မငြင်းဆန်တော့ဘဲ ခေါင်းညိတ်လိုက်သည်။
လမ်းတစ်လျှောက်လုံး စကားမပြောဖြစ်ကြပေ။
ကျောင်းဖန်နန်းဆောင်သို့ ရောက်သည်နှင့် နန်းတွင်းသူများ အားလုံးကို ထွက်ခွာခိုင်းလိုက်ပြီး သားအမိနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တပြိုင်နက်တည်း ရယ်မောလိုက်ကြသည်။
ချောင်မိဖုရားခေါင်သည် မျက်မှောင်ကြုတ်ထားသည်များကို လျှော့ချလိုက်ပြီး တိုးတိုးလေး ရယ်မောလိုက်လေသည်။ "ပန်ကုံး အရင်တုန်းက ဒေါသတွေကို မြိုသိပ်ပြီး အရှင်မင်းကြီးနဲ့ ဘယ်တော့မှ ပြိုင်မငြင်းခဲ့ဘူး။ ကိစ္စတိုင်းမှာ အရှင်မင်းကြီးရဲ့ သဘောထားအတိုင်း လိုက်လျောခဲ့တယ်။ အကျင့်သီလ ပြည့်စုံတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရခဲ့ပေမယ့် ဒါတွေက သူများ အထင်ကြီးအောင် လုပ်ပြနေရတာပါပဲ။ စိတ်ဆင်းရဲရတဲ့ ဘဝကို ကိုယ်တိုင်ပဲ အသိဆုံးပါ"
"အခုတော့ ပန်ကုံး သဘောပေါက်သွားပြီ။ သည်းခံနိုင်ရင် သည်းခံမယ်။ သည်းမခံနိုင်ရင် လုံးဝ အလျှော့မပေးတော့ဘူး"
လုမင်ယွိက အသာပြုံးလိုက်ပြီး စကားဆက်လိုက်လေသည်။ "မူဟုပ် ဒီလို တွေးတတ်သွားတာ အာရှီလည်း ဝမ်းသာပါတယ်။ လူဆိုတာ စိတ်ချမ်းသာဖို့ နေရတာလေ။ တစ်ချိန်လုံး ခေါင်းငုံ့ပြီး အရာရာ လိုက်လျောနေရတဲ့ ဘဝမျိုးက ဘာအဓိပ္ပာယ် ရှိမှာလဲ"
ကိုယ့်ကိုယ်ကိုယ် မွန်းကြပ်ပြီး သေသွားရုံပဲ ရှိမှာ။
ချောင်မိဖုရားခေါင်က ရယ်မောလိုက်လေသည်။ "သဘောတရားက ရိုးရှင်းပေမယ့် တကယ် နားလည်သဘောပေါက်ဖို့က မလွယ်ဘူး"
ဒါကလည်း ပေးဆပ်ရမှု ရှိတာပေါ့။
မူလကတည်းက ပါးလွှာနေပြီဖြစ်သော လင်မယားသံယောဇဉ်က အခုတော့ လုံးဝ ပျောက်ကွယ်သွားပြီ။
လုမင်ယွိသည် ချောင်မိဖုရားခေါင်ကို စူးစိုက်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "မူဟုပ် စိတ်မပူပါနဲ့။ အရှင်မင်းသား ရှိတယ်။ အာရှီ ရှိတယ်။ ပြီးတော့ ချောင်ကောလောင်လည်း ရှိနေတာပဲ။ ဘယ်သူကမှ မူဟုပ်ကို နည်းနည်းလေးတောင် ထိခိုက်အောင် မလုပ်နိုင်ပါဘူး"
ချောင်မိဖုရားခေါင်သည် ရင်ထဲတွင် နွေးထွေးသွားပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလိုလို နောက်ပြောင်သလိုလို ပြောလိုက်လေသည်။ "ဟုတ်ပါတယ်။ ပန်ကုံးရဲ့ ဘဝတစ်ဝက်က ခင်ပွန်းသည်ကို အားကိုးခဲ့ရပြီး ကျန်တဲ့ ဘဝတစ်ဝက်ကတော့ သားနဲ့ ချွေးမ၊ ပြီးတော့ အသက် ၆၀ ကျော်နေပြီဖြစ်တဲ့ အဖေအိုကြီးကို အားကိုးရတော့မယ်"
လုမင်ယွိက ရယ်မောလိုက်ကာ "မူဟုပ် ပြောတာ မပြည့်စုံသေးဘူး။ မူဟုပ်ကမှ အာရှီတို့ရဲ့ ကျောထောက်နောက်ခံပါ"
ချောင်မိဖုရားခေါင်က ပြုံးလိုက်လေသည်။ "ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ငါတို့အားလုံးက တောင်ကြီးတွေပဲ။ အချင်းချင်း မှီခိုပြီး တောင်တန်းကြီးတစ်ခု ဖြစ်နေကြတာ။ မိုးတွေလေတွေ ဘယ်လောက်ပဲ တိုက်ခိုက်ပါစေ။ ငါတို့က မတုန်မလှုပ် ရှိနေမှာ"
စနောက်ပြီးနောက်တွင် ချောင်မိဖုရားခေါင်က လုမင်ယွိကို တိုးတိုးလေး ပြစ်တင်ပြောဆိုလေသည်။ "ပန်ကုံးက မင်းရဲ့ စိတ်သဘောထားက မာကျောတယ်ဆိုတာ သိလို့ မသွားခင်တုန်းက အထူးတလည် မှာကြားခဲ့တာ။ မင်းကတော့ အရှင်မင်းကြီးနဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့တာပဲ။ အရှင်မင်းကြီးက ပန်ကုံးကို ဒေါသပုံချတာက ကိစ္စမရှိပါဘူး။ မင်းက ဘာလို့ ရှေ့ထွက်ပြီး ခံပြောရတာလဲ"
လုမင်ယွိကတော့ ပြောလိုက်၏။ "ပြောသင့်တဲ့စကားကိုတော့ ပြောရမှာပေါ့။ မဟုတ်ရင် ဖုဟွမ်က ဒေါသပုံချရတာ ကျင့်သားရနေပြီး ဘာကိစ္စဖြစ်ဖြစ် မူဟုပ်ကိုပဲ အရင်ဆုံး အပြစ်တင်နေလိမ့်မယ်"
"ဘာပဲဖြစ်ဖြစ် ဖုဟွမ်က မျက်နှာလိုချင်တဲ့သူမို့ လူအများကြီးရှေ့မှာ အာရှီကို ဆူပူကြိမ်းမောင်းဖို့ အဆင်မပြေပါဘူး။ အာရှီအနေနဲ့ စကားနည်းနည်းပါးပါး ရဲရဲတင်းတင်း ပြောလိုက်တာ ဘာမှမဖြစ်ပါဘူး"
ချောင်မိဖုရားခေါင်သည် ကြားလိုက်ရသည့်စကားကြောင့် ရင်ထဲတွင် နွေးထွေးသွားသလို ရယ်လည်း ရယ်ချင်သွားသည်။ "မင်းက အရှင်မင်းကြီး မင်းကို ဘာမှမလုပ်နိုင်ဘူးဆိုတာ သေချာတွက်ချက်ထားတာကိုး"
လုမင်ယွိက မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး အပြုံးထဲတွင် ကောက်ကျစ်မှု အနည်းငယ် ပါဝင်နေလေသည်။ "မူဟုပ်မှာ ချောင်ကောလောင်ဆိုတဲ့ ကျောထောက်နောက်ခံ ရှိသလို အာရှီမှာလည်း ရှင်းယန်ဝမ်ဆိုတဲ့ ကျောထောက်နောက်ခံ အကြီးကြီး ရှိတာပဲ။ ဘာကြောက်စရာ ရှိလို့လဲ"
ချောင်မိဖုရားခေါင်က တစ်ခါ ရယ်မောလိုက်ပြီး တိုးတိုးလေး မှာကြားပြန်သည်။ "လွန်လွန်းရင် မကောင်းဘူး။ လီဟောက်လည်း သင်ခန်းစာ ရသွားပြီ။ ကွမ်းပင်းနယ်စားလည်း နန်းတော်ထဲ ဝင်ပြီး အပြစ်တောင်းပန်နေရပြီ။ အရှင်မင်းကြီးလည်း မျက်နှာပျက်နေရပြီ။ ဒီဒေါသထွက်စရာတွေ ပြီးသွားပြီဆိုတော့ ဆက်ပြီး လက်ရှောင်လိုက်တော့"
လုမင်ယွိက ခေါင်းညိတ်လိုက်လေသည်။ "ကောင်းပါပြီ။ အာရှီ မူဟုပ်စကား နားထောင်ပါ့မယ်။ ဒီနေ့ကစပြီး မီးထိုးပေးနေတဲ့သူတွေကို ရပ်ခိုင်းလိုက်ပါ့မယ်"
သို့သော် ပျံ့နှံ့ပြီးသား ကောလာဟလတွေကိုတော့ ဘာမှလုပ်လို့မရတော့ပေ။ အချိန်တစ်ခု ကြာပြီးမှသာ တဖြည်းဖြည်း ငြိမ်သက်သွားပေလိမ့်မည်။
...
ဝမ်ဟွားနန်းဆောင်ထဲတွင်တော့ အခြေအနေက တစ်မျိုးပြောင်းလဲနေလေသည်။
ချောင်ကောလောင်နှင့် အဖွဲ့ ဝင်ရောက်လာချိန်တွင် ကွမ်းပင်းနယ်စားသည် သနားစဖွယ် ဒူးထောက်နေရဆဲပင်။ ယုံးကျားဧကရာဇ်၏ မျက်နှာအမူအရာတွင် အပြုံးအရိပ်အယောင် မရှိဘဲ လေထုတစ်ခုလုံး အေးစက်နေသည်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်လေသည်။
ချောင်ကောလောင်သည် စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၍ ဝန်ကြီးများနှင့်အတူ ခါးညွှတ်ကာ ဂါရဝပြုလိုက်လေသည်။ "ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ယုံးကျားဧကရာဇ်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်လေသည်။ "အားလုံး ထကြပါ"
ဝန်ကြီးများက ကျေးဇူးတင်စကားဆိုကာ မတ်တပ်ရပ်လိုက်ကြသည်။
ကွမ်းပင်းနယ်စားက ဘေးနားတွင် ထင်ထင်ရှားရှားကြီး ဒူးထောက်နေသည်ကို ဝန်ကြီးများက မမြင်ချင်ယောင်ဆောင်၍ မရတော့ပေ။
ချောင်ကောလောင်သည် အနည်းငယ် စဉ်းစားလိုက်ပြီး ကွမ်းပင်းနယ်စားအတွက် ဝင်ရောက် ပြောဆိုပေးလိုက်လေသည်။ "ကွမ်းပင်းနယ်စား ဘာအပြစ်လုပ်ထားလဲဆိုတာ ကျွန်တော်မျိုး မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးတို့မှာ ဆွေးနွေးစရာ နိုင်ငံရေးကိစ္စတွေ ရှိနေပါတယ်။ အနည်းဆုံးတော့ တစ်နာရီကျော်လောက် ကြာပါလိမ့်မယ်။ အရှင်မင်းကြီး... ကွမ်းပင်းနယ်စားကို အရင်ဆုံး ထခိုင်းပြီး အပြင်မှာပဲ စောင့်ခိုင်းစေချင်ပါတယ်။ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးပြီးမှ ကွမ်းပင်းနယ်စားနဲ့ ဆက်လက် ဖြေရှင်းရင်လည်း မနောက်ကျပါဘူး"
ယုံးကျားဧကရာဇ်သည် စိတ်ထဲတွင် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
နန်းတော်အပြင်ဘက်က ကောလာဟလတွေကို ချောင်ကောလောင်က မသိဘဲ နေပါ့မလား။ အခုအချိန်မှာ လာဆွေးနွေးတယ်ဆိုတာက ကွမ်းပင်းနယ်စား နန်းတော်ထဲ ရောက်နေတာကို ကြားလို့ ချောင်မိဖုရားခေါင်အတွက် ကျောထောက်နောက်ခံ လာပေးတာလည်း ဖြစ်နိုင်တယ်...
သို့သော် ဂုဏ်သရေရှိသော အမတ်ချုပ်ကြီးကိုတော့ ဧကရာဇ်ဖြစ်လင့်ကစား စိတ်ရှိတိုင်း မျက်နှာအမူအရာတင်း၍ မရပေ။
ယုံးကျားဧကရာဇ်၏ မျက်နှာအမူအရာ အနည်းငယ် လျော့ကျသွားပြီး အသံသည်လည်း ပိုမို နူးညံ့သွားလေသည်။ "ကောလောင် ပြောတာ အကြောင်းအကျိုး ဆီလျော်ပါတယ်" ထို့နောက် ကွမ်းပင်းနယ်စားဘက်သို့ လှည့်ကာ မျက်စောင်းထိုးလိုက်လေသည်။ "ချောင်ကောလောင်က မင်းအတွက် ပြောပေးနေမှတော့ မင်း ထပြီး နန်းဆောင်အပြင်ဘက်မှာ သွားရပ်နေ။ ငါ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးပြီးမှ မင်း ပြန်ဝင်ခဲ့"
ကွမ်းပင်းနယ်စားသည် ကျေးဇူးတင်လွန်းမက ဖြစ်သွားပြီး အရှင်မင်းကြီး၏ ကျေးဇူးတော်ကို ချီးမွမ်းကာ ချောင်ကောလောင်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောပြီးနောက် မတ်တပ်ရပ်ကာ သိမ်ငယ်စွာဖြင့် နန်းဆောင်အပြင်ဘက်သို့ ထွက်ခွာသွားလေသည်။
ချောင်ကောလောင်သည် အပြုံးဖြင့်သာ တုံ့ပြန်လိုက်ပြီး ကွမ်းပင်းနယ်စားအကြောင်း ထပ်မပြောတော့ဘဲ နိုင်ငံရေးကိစ္စများကို စတင်လျှောက်တင်လေသည်။
ယုံးကျားဧကရာဇ်သည်လည်း စိတ်ရှုပ်စရာ ကိစ္စများကို ခေတ္တမေ့ထားပြီး ဝန်ကြီးများနှင့် နိုင်ငံရေးကိစ္စများကို ဆွေးနွေးရတော့သည်။ ဤသို့ အလုပ်များနေလိုက်သည်မှာ တကယ်ပင် တစ်နာရီကျော် ကြာမြင့်သွားခဲ့သည်။
ကောင်းကင်သည် တဖြည်းဖြည်း မှောင်ရီပျိုးလာပြီး နေဝင်ဆည်းဆာ အလင်းရောင်သည် ခမ်းနားထည်ဝါသော နန်းတော်အမိုးပေါ်သို့ ကျရောက်ကာ အရိပ်ကြီးများကို ဖြစ်ပေါ်စေလျက်ရှိသည်။
သနားစရာ ကွမ်းပင်းနယ်စားသည် နာရီဝက်ကြာ ဒူးထောက်ခဲ့ရပြီးနောက် နန်းဆောင်အပြင်ဘက်တွင် တစ်နာရီကျော် မတ်တပ်ရပ်ခဲ့ရပြန်သည်။ ကုန်းကုန်းများနှင့် တော်ဝင်ကိုယ်ရံတော် အများအပြား၏ စောင့်ကြည့်ခြင်းကိုလည်း ခံနေရသေးသည်...
တကယ့်ကို အရှက်ကွဲစရာပင်။
အတော်ကြာ စောင့်ဆိုင်းပြီးနောက် မိုးချုပ်ခါနီးအချိန်ကျမှ ချောင်ကောလောင်နှင့် ဝန်ကြီးများသည် နန်းဆောင်ထဲမှ ထွက်လာကြသည်။ သူတို့ တစ်ယောက်ချင်းစီသည် ကွမ်းပင်းနယ်စားကို သနားကြင်နာသော အကြည့်များဖြင့် ကြည့်သွားကြလေသည်။
ကွမ်းပင်းနယ်စား "..."
…
အပိုင်း (၅၁၉) ကိုယ်ပိုင်တပ်
ထိုနေ့ညတွင်ပင် လုမင်ယွိသည် ချီယွင်ကို ခေါ်ယူပြီး အမှာစကားများ မှာကြားလိုက်လေသည်။
ချီယွင်က ခေါင်းညိတ်လိုက်ပြီး နောက်တစ်နေ့တွင် နန်းတော်ထဲမှ ထွက်ခွာကာ ဒုတိယမင်းသားအိမ်တော်သို့ ပြန်ခဲ့လေသည်။
လုအိမ်တော်မှ ခွဲထွက်လာသော လုယိသည် ညသန်းခေါင်အချိန်တွင် သတင်းရသည်နှင့် မြင်းကို အပြင်းနှင်ကာ အိမ်သို့ ပြန်လာခဲ့သည်။ နေ့လယ်စာစားချိန် ရောက်မှသာ လင်မယားနှစ်ယောက် ဆုံစည်းခွင့် ရတော့သည်။ လုယိက ချီယွင်ကို အရင်ဆုံး ပွေ့ဖက်လိုက်ပြီး ပါးကို အားရပါးရ နမ်းလိုက်တော့သည်။
ချီယွင်၏ မျက်နှာလေး နီရဲသွားပြီး လုယိကို မျက်စောင်းထိုးလိုက်၏။ ရင်ခွင်ထဲမှ ကျုံးအာသည် သူ့ကို လျစ်လျူရှုထားသည်ကို မကျေနပ်သဖြင့် လက်သီးဆုပ်လေးများကို ဝှေ့ယမ်းကာ တအဲ့အဲ့ အော်ဟစ်နေတော့သည်။
"သားလေး လာပါဦး။ အဖေ ချီမယ်" လုယိက သားဖြစ်သူကို ပျော်ရွှင်စွာ ပွေ့ချီလိုက်ပြီး မုတ်ဆိတ်ရိတ်မထားသော မျက်နှာဖြင့် ကျုံးအာ၏ နုနယ်သော ပါးပြင်လေးများကို ပွတ်သပ်လိုက်လေသည်။
ကျုံးအာသည် မကြာမီမှာပင် အဖေဖြစ်သူ၏ မုတ်ဆိတ်မွေးများနှင့် ပွတ်တိုက်ခံရသဖြင့် ငိုလေတော့သည်။
ချီယွင်သည် ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး လုယိကို တစ်ချက် ထုလိုက်ကာ "တစ်လမှ သားနဲ့ တစ်ခါတွေ့ရတာကို တမင်သက်သက် ငိုအောင် လုပ်တယ်"
လုယိက ပါးစပ်ဖြဲကာ ရယ်မောလိုက်ပြီး ကျုံးအာကို အမြင့်ကြီး မြှောက်တင်လိုက်ကာ ပြန်ဖမ်းလိုက်လေသည်။ ဤသို့ မြှောက်လိုက် ဖမ်းလိုက် လုပ်ပေးသောအခါ ကျုံးအာသည် တကယ်ပင် အငိုတိတ်သွားပြီး တခစ်ခစ် ရယ်မောလာတော့သည်။
ကျုံးအာသည် တစ်နှစ်နီးပါး ရှိနေပြီဖြစ်သော်လည်း အဖေဖြစ်သူနှင့် တွေ့ဆုံရသည့်အကြိမ်အရေအတွက်မှာ မများလှပေ။ တစ်လလျှင် တစ်ကြိမ်သာ ဆုံစည်းရသည်။ သို့သော် သားအဖနှစ်ယောက်၏ သွေးသားရင်းနှီးမှုမှာ မွေးရာပါဖြစ်သဖြင့် အတူရှိနေလျှင် လျင်မြန်စွာ ရင်းနှီးသွားကြသည်။
လုယိသည် သားဖြစ်သူနှင့် နေ့ဝက်ခန့် ကစားပေးပြီးနောက် ကျုံးအာ အိပ်ပျော်သွားသည်နှင့် မစောင့်နိုင်တော့ဘဲ ချီယွင်ကို အခန်းထဲ ဝင်ရန် တိုက်တွန်းလေတော့သည်။
ချီယွင်သည် မျက်နှာနီနီလေးဖြင့် လုယိနှင့်အတူ အခန်းထဲသို့ ဝင်သွားလေသည်။
မိုးချုပ်သည်အထိ ပြန်ထွက်မလာကြတော့ပေ။
ညစာကိုလည်း အခန်းထဲသို့သာ ပို့ခိုင်းလိုက်ပြီး လင်မယားနှစ်ယောက် ကုတင်ပေါ်မှာပင် ဗိုက်ဖြည့်လိုက်ကြသည်။ စားသောက်ပြီးနောက်တွင် လုယိသည် နောက်တစ်ကြိမ် လှုပ်ရှားရန် ပြင်ဆင်လာရာ ချီယွင်က မျက်စောင်းထိုးပြီး တားလိုက်ရသည်။ "မကဲနဲ့ဦး။ ရှင်နဲ့ ပြောစရာ ရှိတယ်"
လုယိက မလိုလားသော ပုံစံဖြင့် လက်ကို လွှတ်ပေးလိုက်လေသည်။ "နန်းတော်ထဲမှာ အခြေအနေ ဘယ်လိုရှိလဲ"
ချီယွင်က တိုးတိုးလေး ဖြေလေသည်။ "မနေ့က ကွမ်းပင်းနယ်စား နန်းတော်ထဲဝင်ပြီး အပြစ်တောင်းပန်တယ်။ အရှင်မင်းကြီးက ဒေါသအကြီးအကျယ်ထွက်ပြီး ဟွမ်ဟုပ်ညန်ညန်ကို လာခိုင်းတယ်။ ထိုက်ဇီဖေးညန်ညန်လည်း လိုက်သွားပြီး ဟွမ်ဟုပ်ညန်ညန်ကို ကာကွယ်ပြောဆိုခဲ့တယ်။ နောက်တော့ ချောင်ကောလောင်နဲ့ ဝန်ကြီးတွေ ရောက်လာမှ ညန်ညန်တို့လည်း လွတ်လာခဲ့တာ"
"ညန်ညန်က ပြောတယ်။ ကောလာဟလကိစ္စကို လွန်လွန်ကဲကဲ မဖြစ်စေနဲ့တဲ့။ လက်ရှောင်သင့်ရင် ရှောင်လိုက်ပါတဲ့"
အရေးကြီးကိစ္စ ပြောလာသည့်အခါ လုယိ၏ မျက်နှာထားသည်လည်း တည်ငြိမ်သွားပြီး ခေါင်းညိတ်လိုက်လေသည်။ "မျက်နှာပျက်စရာ မဖြစ်သေးခင် လက်ရှောင်လိုက်တာ ကောင်းပါတယ်။ ဒီတစ်ခေါက်နဲ့တင် တတိယမင်းသားနဲ့ ကွမ်းပင်းနယ်စားတို့ အတော်လေး ခံလိုက်ရပြီ"
ချီယွင်သည် သစ္စာအရှိဆုံးဖြစ်သည့်အလျောက် နှာခေါင်းရှုံ့လိုက်လေသည်။ "အရင်တုန်းက တတိယမင်းသားက မျက်နှာလိုမျက်နှာရ လုပ်ပြီး အရှင်မင်းကြီးက နေရာတိုင်းမှာ အိမ်ရှေ့စံအိမ်တော်ကို ဖိနှိပ်ခဲ့တာလေ။ အရှင်မင်းသားနဲ့ ညန်ညန်တို့က သည်းခံခဲ့ရတာပဲ"
လုယိ၏ မျက်ဝန်းများ အရောင်လက်သွားပြီး လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်လေသည်။ "ညန်ညန်ကို အနိုင်ကျင့်ချင်ရင် ငါတို့ လုမိသားစုတစ်စုလုံးက လက်ခံမလားဆိုတာ အရင်မေးကြည့်ရဦးမယ်"
ချီယွင်က တိုးတိုးလေး မေးလိုက်လေသည်။ "ရှင် လယ်တောအိမ်မှာ ကိုယ်ပိုင်တပ်သားတွေကို လေ့ကျင့်ပေးနေတာ အခြေအနေ ဘယ်လိုရှိလဲ"
လုယိက ဂုဏ်ယူစွာ ပြောလိုက်လေသည်။ "တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့နဲ့ ယှဉ်ရင် တစ်ယောက်ကို နှစ်ယောက်အေးဆေးပဲ။ ကျောက်မိသားစုရဲ့ တပ်ဖွဲ့ဆိုရင်တော့ တစ်ယောက်ကို သုံးယောက်လောက် ကောင်းကောင်း နှိပ်နယ်ပေးလို့ ရတယ်" ခဏရပ်ပြီး သူက အသံကို နှိမ့်ကာ ဆက်ပြောလိုက်သည်။ "အပေါ်ယံမှာတော့ ကိုယ်ပိုင်တပ်သား ငါးထောင်ပေါ့။ တကယ်တမ်းကျတော့ လျှို့ဝှက်တပ်သား ရာဂဏန်းလောက် ရှိသေးတယ်။ လျှို့ဝှက်တပ်သားက အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတယ်။ ဖြည်းဖြည်းချင်း လူရွေးပြီး လေ့ကျင့်ပေးနေတာ သုံးနှစ် ငါးနှစ်လောက်နေရင် အထူးတပ်ဖွဲ့ ဖြစ်လာလိမ့်မယ်"
နောင်တစ်ချိန်ကျရင် အသုံးဝင်လာနိုင်သည်ဟု ပြောမရပေ။
လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ဒီအကြောင်းအရာကို ဆက်မပြောကြတော့ပေ။
...
ချီယွင်သည် ဒုတိယမင်းသားအိမ်တော်တွင် နှစ်ရက်ကြာ နေထိုင်ပြီးနောက် နန်းတော်သို့ ပြန်လာခဲ့သည်။
လုမင်ယွိသည် ချီယွင်၏ သတင်းပို့ချက်ကို နားထောင်ပြီးနောက် ခေါင်းအသာညိတ်ကာ လေသံထဲတွင် ဝမ်းနည်းရိပ်အနည်းငယ် ပါဝင်နေလေသည်။ "နှမြောစရာပဲ။ ငါက ကိုယ်ဝန်ရှိနေတော့ နန်းတော်အပြင် ထွက်လို့မရဘူး။ မဟုတ်ရင် လယ်တောအိမ်ကို ကိုယ်တိုင်သွားကြည့်ချင်တာ"
မနှစ်က သူမ တစ်ခေါက်သွားခဲ့ဖူးပြီး ကိုယ်ပိုင်တပ်ဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံကာ တပ်သားများနှင့်အတူ နေ့ဝက်ခန့် လေ့ကျင့်ခဲ့ဖူးသည်။ မူလကတော့ နှစ်လတစ်ကြိမ် သွားမည်ဟု စိတ်ကူးထားခဲ့သည်။
မထင်မှတ်ထားသည်မှာ မကြာခင်မှာပဲ သူမ ကိုယ်ဝန်ထပ်ရသွားတာပင်။
ချီယွင်က ပြုံးပြီး နှစ်သိမ့်လိုက်၏။ "လုယိက တပ်သားတွေကို လေ့ကျင့်ပေးနေတာဆိုတော့ ညန်ညန်က စိတ်ချလက်ချ ကိုယ်ဝန်ကိုသာ ဂရုစိုက်ပါ။ ဗိုက်ထဲက ကလေး မွေးပြီးသွားလို့ အားလပ်ချိန်ရမှ သွားလည်း မနောက်ကျပါဘူး"
"ဒါပဲ တတ်နိုင်တော့တာပေါ့" လုမင်ယွိက မတတ်သာသည့်ဟန်ဖြင့် ပြုံးလိုက်လေသည်။
မိန်းမသားတစ်ယောက်အနေဖြင့် ကိုယ်ဝန်ဆောင်၊ ကလေးမွေး၊ သားသမီး ထိန်းကျောင်းရတာနဲ့တင် အချိန်နဲ့ လူပင်ပန်းမှု အတော်များများကို ပေးလိုက်ရပြီ။ အခုအချိန်က ကလေးများများ မွေးလေ ကောင်းလေ၊ လင်မယားချစ်ခင်လေ ဆိုတဲ့အချိန်မို့ ကလေးကို တစ်ယောက်ပြီးတစ်ယောက် မွေးနေရတာ။ တခြားအလုပ်တွေလုပ်ဖို့ ဘယ်မှာ အချိန်ရှိတော့မှာလဲ။
ကိုယ်တိုင် စစ်ရေးလေ့ကျင့်ပေးဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ တော်သေးတာက လုယိက သစ္စာရှိပြီး စိတ်ချရသလို စစ်ရေးလေ့ကျင့်ပေးရာမှာလည်း ကျွမ်းကျင်သူ ဖြစ်နေတယ်။ စစ်ရေးလေ့ကျင့်တဲ့ ကိစ္စတွေကို လုယိဆီ လွှဲထားလိုက်ရတာ သူမလည်း စိတ်အေးရပါတယ်။
ချီယွင်က အသံကို နှိမ့်လိုက်ပြီး လုယိက လျှို့ဝှက်တပ်ဖွဲ့ ဖွဲ့စည်းနေသည့် ကိစ္စကိုပါ ပြောပြလိုက်လေသည်။
လုမင်ယွိ၏ မျက်ဝန်းများက အရောင်လက်သွားတော့၏။ "အဲဒီတုန်းက ငါ လုယိနဲ့ တိုင်ပင်ပြီးသားပါ။ မမျှော်လင့်တာတွေ ဖြစ်လာရင် အသင့်ဖြစ်နေအောင် လူအင်အား စုဆောင်းထားဖို့လေ"
ချီယွင်သည် ရင်တုန်သွားပြီး လုမင်ယွိ၏ မျက်နှာထားကို ကြည့်ကာ ဆက်မမေးရဲတော့ပေ။
သခင်မလေးက မင်းသားကြင်ရာတော် ဖြစ်နေပြီ။ ခင်ပွန်းသည်ကလည်း တစ်ချိန်က အိမ်ရှေ့စံ။ အိမ်ရှေ့စံ နန်းတက်လာရင် သူမက မိဖုရားခေါင် ဖြစ်လာမှာပဲလေ။ ဘာများ "မမျှော်လင့်တာတွေ" ရှိနိုင်ဦးမှာလဲ။
လုမင်ယွိက မျက်နှာပျက်နေသော ချီယွင်ကို ကြည့်ကာ အသံကို လျှော့ပြီး ပြောလိုက်လေသည်။ "နန်းတွင်းမှာ စစ်သည်အင်အား နှစ်သိန်းကျော် ရှိတယ်။ ငါ့အဖေက ငါနဲ့ အိမ်ရှေ့စံဘက်မှာ ရှိတာ မှန်ပေမယ့် ရှင်းယန်စစ်တပ်က လုမိသားစုတပ်ဖွဲ့ ဖြစ်သလို ဧကရာဇ်နဲ့ တာ့ဝေတိုင်းပြည်အပေါ် သစ္စာရှိတဲ့ တပ်ဖွဲ့လည်း ဖြစ်တယ်။ လှုပ်ရှားလို့ မကောင်းဘူး"
"အရှင်မင်းသားမှာ ကိုယ်ပိုင်တပ်သား တစ်ထောင် ရှိတယ်။ ဒီလောက် အင်အားလေးက အရှင်မင်းသားရဲ့ လုံခြုံရေးအတွက်ပဲ လုံလောက်တာ။ တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင် အနည်းဆုံးတော့ ဒီထိုက်ဇီဖေးရဲ့ ကိုယ်ပိုင်တပ်ဖွဲ့ကို သုံးလို့ရသေးတယ်"
ချီယွင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ "ညန်ညန် ပြောတာကို ကျွန်မ နားလည်ပါပြီ။ ညန်ညန် စိတ်ချပါ။ လုယိက သစ္စာရှိရှိ အမှုထမ်းပြီး ညန်ညန်ရဲ့ မျှော်လင့်ချက်တွေကို အပျက်စီးခံမှာ မဟုတ်ပါဘူး"
လုမင်ယွိက အသာပြုံးလိုက်ပြီး စကားပြောရန် ပြင်လိုက်ချိန်တွင် နန်းတွင်းသူတစ်ဦး တံခါးဝသို့ ရောက်လာပြီး ဂါရဝပြုလိုက်လေသည်။ "ထိုက်ဇီဖေးညန်ညန်ကို လျှောက်တင်ပါတယ်။ စတုတ္ထမင်းသားကြင်ရာတော် ရောက်နေပါတယ်"
စတုတ္ထမင်းသားနှင့် အိမ်ရှေ့စံတို့ ဆက်ဆံရေး ကောင်းမွန်သဖြင့် ကျောက်ယွီသည်လည်း အိမ်ရှေ့စံအိမ်တော်သို့ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသည်။
လုမင်ယွိက ပြုံးလိုက်ကာ "သူ့ကို ဝင်ခိုင်းလိုက်ပါ"
...
ကျောက်ယွီသည် ပြုံးရွှင်စွာဖြင့် အခန်းထဲသို့ ဝင်ရောက်လာလေသည်။
လုမင်ယွိက ရယ်မောကာ စနောက်လိုက်လေသည်။ "ဘာသတင်းကောင်း ရှိလို့လဲ။ ဒီနေ့ ဘာလို့ ဒီလောက် ပျော်နေရတာလဲ"
ကျောက်ယွီက ရယ်မောလိုက်ကာ "ဒီရက်ပိုင်း စိတ်ဝင်စားစရာ ကိစ္စတွေ အများကြီးပဲ။ အာ့စောင်က နေ့တိုင်း နန်းတော်ထဲမှာပဲ နေနေတာဆိုတော့ တစ်ချို့တလေ ကြားရရင်တောင် အပြင်မှာ ပြောနေကြသလောက် စိတ်ဝင်စားစရာ မကောင်းဘူး။ လာ... လာ... ကျွန်မ အပျင်းပြေအောင် ရယ်စရာတွေ ပြောပြမယ်"
ကျောက်ယွီက အူကြောင်ကြောင် နိုင်တာလား ဒါမှမဟုတ် တကယ်ပဲ ဘာမှမတွေးမိတာလားတော့ မသိ။ ဆူညံနေသော ကောလာဟလများကို လုမင်ယွိအား တစ်ခုမကျန် ပြောပြနေတော့သည်။
လုမင်ယွိက စိတ်ဝင်တစား နားထောင်ဟန်ဆောင်နေရင်း ကျောက်ယွီကို မသိမသာ အကဲခတ်လိုက်၏။
ကျောက်ယွီကတော့ မျက်ခုံးပင့် မျက်လုံးဝင့်ဖြင့် ပြောနေဆဲပင်။ "...တခြား ကောလာဟလတွေက ထားပါတော့။ စန်းစောင်နဲ့ ပတ်သက်တာကတော့ ပိုဆိုးတယ်။ တတိယမင်းသားက တကယ်တော့ ကွမ်းပင်းနယ်စားရဲ့ သားတဲ့။ စန်းစောင်နဲ့ ဖအေတူ မအေကွဲ မောင်နှမတွေ ဖြစ်နေတယ် ဆိုတာတွေပေါ့"
"စန်းစောင်က ဒေါသထွက်လွန်းလို့ ငိုပြီး သူ့မိဘအိမ် ပြန်ပြေးသွားတယ်။ ကွမ်းပင်းနယ်စားကတော်က ဘယ်လို ချော့လိုက်လဲတော့ မသိဘူး။ ပြန်လာပြီးတာနဲ့ အိမ်တံခါးပိတ်ပြီး ကိုယ်ဝန်စောင့်ရှောက်နေတော့တာပဲ။ ဘယ်သူ့ကိုမှ လက်မခံတော့ဘူး"
"ကျွန်မ မနေ့က စေတနာနဲ့ သွားတွေ့တာတောင် တံခါးဝကနေ လှည့်ပြန်ခဲ့ရတယ်"
ကျောက်ယွီသည် မျက်လုံးကစားလိုက်ပြီး အသံကို နှိမ့်ကာ ရယ်မောလိုက်လေသည်။ "အာ့စောင်... ဒီကောလာဟလတွေက ဘယ်ကနေ ထွက်လာတာလဲဟင်။ ပြောနေကြတာက တကယ့်အဖြစ်အပျက်တွေလိုပဲ။ ကျွန်မတောင် ကွမ်းပင်းနယ်စားနဲ့ စူးဖေးတို့ ရှုပ်နေတာလို့ ထင်သွားမိတယ်။ ပြီးတော့ တတိယမင်းသား... သူ့ရဲ့ မျိုးရိုးက တကယ်ပဲ ပြဿနာ ရှိနေတာလား"
လုမင်ယွိက ဖျော့တော့စွာ ပြုံးလိုက်ကာ "ဒီလို အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ဘယ်လိုလုပ် ယုံလို့ရမှာလဲ။ ဖုဟွမ်က ဉာဏ်ပညာကြီးရှသူပါ... ကိုယ့်သားကိုယ်တောင် မခွဲခြားတတ်ဘဲ နေမလား"
"ဒီလိုစကားမျိုး နောက်ဆို လျှောက်မပြောနဲ့တော့။ တခြားသူတွေ ကြားသွားရင် ပြဿနာတက်လိမ့်မယ်"
...