← Chapters

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အပိုင်း (၅၂၀) အလှည့်ကျ

လုမင်ယွိသည် ပြောဆိုရာတွင် တည်ငြိမ်ပြတ်သားလှ၏။

ကျောက်ယွီ၏ အကြည့်သည် လုမင်ယွိ၏ မျက်နှာပေါ်တွင် ဝဲပျံသွားသော်လည်း အပြစ်ရှိသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရသဖြင့် ရယ်မောကာ စနောက်လိုက်လေသည်။ "ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ အာ့စောင်က ဖြူစင်ရိုးသားတာကို ကျွန်မက အပိုစကားတွေ ပြောမိတာပါ။ နောက်ဆိုရင် သံသယတွေကို စိတ်ထဲမှာပဲ ထားပြီး ဘယ်တော့မှ ထုတ်မမေးတော့ပါဘူး"

လုမင်ယွိက အသာပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် လက်ခံလိုက်လေသည်။

ဘာပဲဖြစ်ဖြစ် ကျောက်ယွီရဲ့ အရည်အချင်းနဲ့ဆို သူမဆီက ဟာကွက်ကို ရှာတွေ့မှာ မဟုတ်ဘူး။

ကျောက်ယွီက အသံကို နှိမ့်လိုက်ပြီး ဆက်ပြောလာသည်။ "ဒီလို ကိစ္စတွေ ဖြစ်လာတော့ တတိယမင်းသားအိမ်တော်က အချိန်တစ်ခုလောက် တံခါးပိတ်ထားရတော့မှာပဲ။ ဒါနဲ့... နန်းတွင်းက စူးကွေ့ရန်ရဲ့ ရောဂါက သက်သာပြီလား"

ကောလာဟလများ ထွက်ပေါ်လာချိန်မှစ၍ စူးကွ့ရန်သည် နေမကောင်းဟု အကြောင်းပြကာ လူလုံးထွက်မပြသည်မှာ တစ်လကျော် ရှိနေလေပြီ။

လုမင်ယွိက ခပ်တိုးတိုး ပြောလိုက်၏။ "ငါက နေ့တိုင်း အိမ်ရှေ့စံအိမ်တော်ထဲမှာပဲ ကိုယ်ဝန်ဆောင်နေတာ။ နန်းတော်အပြင်ကို လုံးဝနီးပါး မထွက်ဖြစ်ဘူး။ အနောက်နန်းဆောင်က ကိစ္စတွေကို ငါ သိပ်မသိပါဘူး"

စူးကွေ့ရန်အကြောင်း ပြောသည့်အခါ လေယူလေသိမ်းသည် အလွန်အေးစက်နေလေသည်။

ကျောက်ယွီသည်လည်း ဉာဏ်ကောင်းသူ ဖြစ်သဖြင့် လုမင်ယွိက ဒီအကြောင်း ဆက်မပြောချင်ကြောင်း သိလိုက်သည်နှင့် ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်ပြီး နေ့စဉ် သာမန်စကားများကို ပြောလေတော့သည်။

"စတုတ္ထဒေါ်ဒေါ်..." ချိုသာပြတ်သားသော မိန်းကလေးအသံလေး ထွက်ပေါ်လာသည်။

ကျောက်ယွီသည် ထိုအသံကို ကြားလိုက်သည်နှင့် ချက်ချင်း ပြုံးရွှင်သွားပြီး ရွှမ်းအာကို ရင်ခွင်ထဲ ဆွဲသွင်းကာ နမ်းရှုံ့လိုက်လေသည်။

သူမသည် ချန်းအာကို မွေးဖွားပြီးကတည်းက သမီးလေးတစ်ယောက် လိုချင်နေခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဝမ်းမဆွဲသေးပေ။ ရွှမ်းအာကို တွေ့တိုင်း သူမသည် ရင်ခွင်ထဲ ထည့်ကာ အလွမ်းဖြေရစမြဲ။

ရွှမ်းအာသည်လည်း အသက်ဝင်တက်ကြွသော စတုတ္ထအဒေါ်ကို သဘောကျပြီး ရင်ခွင်ထဲမှ မထွက်ဘဲ နေလေသည်။

လုမင်ယွိသည် ကြည့်ရင်း မနာလိုတောင် ဖြစ်လာမိသည်။ "ရွှမ်းအာက နင့်ကို တော်တော်သဘောကျတာပဲ"

သူမအပေါ်တောင် ဒီလောက် မရင်းနှီးဘူး။

ကျောက်ယွီက ပါးစပ်ဖြဲကာ ရယ်မောလိုက်လေသည်။ "ဘယ်သူက နင့်ကို ပုံမှန်အချိန်တွေမှာ ဒီလောက် တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခိုင်းလို့လဲ။ ရွှမ်းအာနဲ့ ရွှီအာတို့က နင့်ကို ကြောက်နေရတာ။ နင့်ရှေ့မှာ ဘယ်လိုလုပ် လွတ်လွတ်လပ်လပ် နေရဲမှာလဲ"

"တခြားဟာ ထားလိုက်ပါတော့။ ကလေးနှစ်ယောက်က ဒီလောက် ငယ်သေးတာကို စာသင်တာက ထားပါဦး။ ဒီလောက် စောစောစီးစီး သိုင်းသင်ပြီး မြင်းစီးခိုင်းနေတာ။ နေ့တိုင်း မျက်ရည်တွေ ဝဲနေအောင် လေ့ကျင့်ခိုင်းတာ နင်က တကယ် ရက်စက်တာပဲ"

လုမင်ယွိက ရယ်မောလိုက်လေသည်။ "ဒါက ဘာရက်စက်တာ ကျနေတာပဲလဲ။ သိုင်းသင်တယ်ဆိုတာ ပင်ပန်းတာ သဘာဝပဲလေ။ သုံးရက်လုပ် နှစ်ရက်နားဆိုရင် ဘယ်လိုလုပ် တတ်မြောက်မှာလဲ။ တစ်ဝက်တစ်ပျက် သင်မယ့်အစား လုံးဝ မသင်တာက ပိုကောင်းတယ်"

ကျောက်ယွီက ပွစိပွစိ ပြောတော့သည်။ "တစ်ဝက်တစ်ပျက်ဆိုလည်း နေပါစေတော့။ ငါကတော့ ငါ့ကလေးတွေကို ဒီလို အပင်ပန်း မခံနိုင်ဘူး။ ချန်းအာက ငယ်ပါသေးတယ်။ ၅နှစ်ပြည့်မှ စာသင်ခိုင်းမယ်။ သိုင်းသင်တာလည်း ဒီလောက် ပြင်းပြင်းထန်ထန် မလုပ်ခိုင်းဘူး။ နောက်ကျရင် ချန်းအာကို ကိုယ်ရံတော် များများ ထည့်ပေးလိုက်ရင် ရတာပဲ။ သူက စာမေးပွဲ ဖြေရမှာမှ မဟုတ်တာ။ စစ်တိုက်ထွက်ရမှာမှ မဟုတ်တာ"

လုမင်ယွိသည် ကျောက်ယွီကို ဆွံ့အစွာဖြင့် ကြည့်လိုက်မိသည်။

ကျောက်ယွီသည် ကိုယ့်ကိုယ်ကိုယ် သိမြင်မှုရှိပြီး ပြုံးစစဖြင့် ပြောလိုက်လေသည်။ "မိခင်မေတ္တာက သားသမီးကို ပျက်စီးစေတယ် ဆိုတဲ့ စကားကို ငါ နားလည်ပါတယ်။ ငါက ကလေးတွေကို အလိုလိုက်တတ်တဲ့ မိခင်မေတ္တာရှင်လေ"

လုမင်ယွိသည် အောင့်မထားနိုင်ဘဲ ရယ်မောလိုက်ရသည်။

ရွှမ်းအာနှင့် ရွှီအာတို့သည်လည်း နားလည်သဘောပေါက်ဟန်ဖြင့် အားကျသော မျက်နှာထားများ ဖြစ်ပေါ်လာသည်။

သူတို့၏ အမေကလည်း အလွန်ကောင်းမွန်ပါသည်။ ဒါပေမဲ့ စတုတ္ထအဒေါ်လိုသာဆိုရင် ပိုကောင်းမှာပဲ။

လုမင်ယွိသည် သားသမီးနှစ်ယောက်၏ မျက်နှာပေါ်မှ မဖုံးကွယ်နိုင်သော အားကျသည့် အမူအရာများကို ကြည့်ရင်း စိတ်ဆိုးရခက် ရယ်ရခက် ဖြစ်သွားပြီး မျက်နှာကို တမင်တကာ တင်းထားလိုက်လေသည်။ "နင်တို့နှစ်ယောက်က စတုတ္ထအဒေါ်ကို ဒီလောက် သဘောကျနေရင် ခဏနေ စတုတ္ထအဒေါ်နဲ့ လိုက်သွားကြတော့"

ရွှီအာနှင့် ရွှမ်းအာတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အလေးအနက် တိုင်ပင်လိုက်ကြသည်။ "အမေက စတုတ္ထအဒေါ်နဲ့ လိုက်သွားခိုင်းတယ်။ နင် လိုက်ချင်လား"

"လိုက်ချင်တာပေါ့။ ချန်းတိတိ(မောင်လေး)နဲ့ တစ်ရက်လောက် ကစားရတာပေါ့။ ကစားလို့ မောမှ ပြန်လာမယ်လေ။ အမေက ငါတို့ကို မလိုချင်တော့တာမှ မဟုတ်တာ"

"ကောင်းပြီ။ ဒါဆို အတူတူ သွားကြမယ်"

လုမင်ယွိ "..."

ကျောက်ယွီကတော့ တခစ်ခစ် ရယ်မောနေလေသည်။

လုမင်ယွိ ဆွံ့အသွားသည့် ပုံစံမျိုးက တကယ်ကို တွေ့ရခဲလှသည်။

လုမင်ယွိသည် သားသမီးနှစ်ယောက်ကြောင့် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိပြီး မျက်စောင်းထိုးကာ ပြောလိုက်တော့သည်။ "နင်တို့နှစ်ယောက် ထပ်ပြီး ကဲနေရင် တကယ်ပဲ နန်းတော်အပြင် ထုတ်လိုက်မယ်။ စတုတ္ထမင်းသားအိမ်တော်မှာ တစ်လလောက် သွားနေခိုင်းမယ်။ နင်တို့ရဲ့ စတုတ္ထအဒေါ်ကို ခေါင်းကိုက်အောင် သွားလုပ်ကြ"

ရွှီအာနှင့် ရွှမ်းအာတို့ ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။

ကျောက်ယွီကတော့ တဟားဟား အော်ရယ်နေပြန်သည်။

လုမင်ယွိသည် မနေနိုင်ဘဲ စနောက်လိုက်လေသည်။ "ဂုဏ်သရေရှိတဲ့ စတုတ္ထမင်းသားကြင်ရာတော်က ရယ်လိုက်ရင် ဘဲမတစ်ကောင်လိုပဲ။ ယိမ်းထိုးနေပြီး အိန္ဒြေမရှိဘူး။ သူများတွေ ရယ်မှာ မကြောက်ဘူးလား"

ကျောက်ယွီက ယုံကြည်မှုရှိရှိ ပြန်ပြောလိုက်လေသည်။ "ရယ်ချင်တဲ့သူ ရယ်ပါစေ။ ငါ့ရှေ့မှာ လာမရယ်ရင် ပြီးတာပဲ။ ငါ မကြားရင် ဘာမှမဖြစ်ဘူးလို့ သဘောထားလိုက်မယ်"

လုမင်ယွိက သူမကို နှာခေါင်းရှုံ့ပြလိုက်ပြီး "ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ နင့်ရဲ့ စိတ်သဘောထား ကြီးမြတ်ပုံကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး"

...

လုမင်ယွိ တွက်ဆထားသည့်အတိုင်း ကောလာဟလများ ပျံ့နှံ့သွားပြီဖြစ်ရာ မည်သူကမှ မီးထိုးပေးစရာမလိုဘဲ ဟိုဟိုဒီဒီ ဆူညံနေနှင့်လေပြီ။

ကွမ်းပင်းနယ်စားသည် နေမကောင်းဟု အကြောင်းပြကာ အိမ်တွင်းအောင်းနေပြီး တတိယမင်းသားလင်မယားသည်လည်း တံခါးပိတ်ထားကာ လူလုံးထွက်မပြကြပေ။ ပဉ္စမမင်းသား လီချန်သည်လည်း နေ့စဉ် တတိယမင်းသားအိမ်တော်ထဲတွင်သာ နေထိုင်ပြီး အပြင်မထွက်ပေ။

အရှင်မင်းကြီးရှေ့တွင် မည်သူမှ ဒီကိစ္စကို ဆွေးနွေးရဲခြင်း မရှိသော်လည်း ကွယ်ရာတွင်တော့ တိုးတိုးတိတ်တိတ် ရယ်မောပြောဆိုနေကြသည်။

ပထမမင်းသားသည် ဝမ်းသာအားရဖြစ်ကာ ယုံးကျားဧကရာဇ်ရှေ့တွင် လီဟောက်၏ "ရောဂါအခြေအနေ" ကို မေးမြန်းလေသည်။

"ဖုဟွမ်... ညီလေး နေမကောင်းဖြစ်နေတာ ကြာပြီ။ အိမ်တော်ထဲမှာပဲ အနားယူနေတယ်။ သားတော်က အစ်ကိုကြီးတစ်ယောက်အနေနဲ့ စိတ်ပူနေမိတယ်။ ဒါပေမဲ့ ညီလေးက တံခါးပိတ်ထားပြီး ဧည့်သည်လည်း လက်မခံဘူး။ သမားတော်တွေကို လွှတ်ပြီး ညီလေးကို ကုသပေးဖို့ ဖုဟွမ်ကို တောင်းဆိုပါတယ်"

မပြောသင့်တာကိုမှ ရွေးပြောတာပဲ။

သားအရင်းက အဖေအရင်းကို လာပြီး လှောင်ပြောင်နေတာ။

ယုံးကျားဧကရာဇ်၏ မျက်နှာသည် မည်းမှောင်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့၏။ "မင်းက အားနေလို့ ပြဿနာလာရှာနေတာလား။ ဝမ်ဟွားနန်းဆောင်ထဲကနေ ထွက်သွားစမ်း။ ငါ့အမိန့်မရဘဲ နောက်ဆို နန်းဆောင်ထဲ ဝင်မလာနဲ့။ ထွက်သွား!"

ပထမမင်းသားသည် ဆူပူကြိမ်းမောင်းခံရသဖြင့် မျက်နှာပျက်ကာ သနားစဖွယ် ထွက်ခွာသွားရတော့သည်။

ရက်ပေါင်းများစွာ ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်ခွင့်မရတော့ပေ။

စတုတ္ထမင်းသားကတော့ မကြာခဏဆိုသလို အခစားဝင်ရန် ဆင့်ခေါ်ခံရသည်။

စဉ်းစားကြည့်ရင်လည်း ဟုတ်နေတာပဲ။ မင်းသား ၅ပါး ရှိသည့်အနက် ပထမမင်းသားက အဆူခံထားရတယ်။ အိမ်ရှေ့စံက မြို့တော် ပြန်မရောက်သေးဘူး။ တတိယမင်းသားနဲ့ ပဉ္စမမင်းသားက လူလုံးထွက်မပြကြဘူး။ စတုတ္ထမင်းသား တစ်ပါးတည်း ကျန်တော့တာပဲ။

စတုတ္ထမင်းသားသည် လိမ္မာပါးနပ်ပြီး အကင်းပါးသူဖြစ်သလို စကားပြောလည်း ကောင်းသည်။ တစ်ဖက်လူ နားထောင်ချင်သော စကားကို ရွေးပြောပြီး နားမထောင်ချင်သော စကားဆိုလျှင် တစ်လုံးမှ မပြောချေ။ နေ့တိုင်း ပြုံးပြုံးရွှင်ရွှင်နှင့် ဟာသလေးများ ပြောပြီး လူများကို ပျော်ရွှင်အောင် လုပ်ပေးတတ်သည်။

စိတ်ညစ်နွမ်းနေသော ယုံးကျားဧကရာဇ်သည်လည်း စတုတ္ထမင်းသားကြောင့် မကြာခဏ ရယ်မောရလေသည်။

ဒီလိုနှင့် စတုတ္ထမင်းသား ဝမ်ဟွားနန်းဆောင်သို့ ဝင်ထွက်ရသည့် အကြိမ်အရေအတွက် ပိုများလာခဲ့သည်။

စတုတ္ထမင်းသား မျက်နှာပွင့်ပြီး ကံကောင်းနေသည်ကို ကြည့်ရင်း ပထမမင်းသားသည် မနာလိုဖြစ်ကာ စကားနာထိုးလေတော့သည်။ "စစ်တိက အခုဆို ဖုဟွမ်ရဲ့ အချစ်တော် ဖြစ်နေပြီပဲ။ အားတဲ့အချိန်ကျရင် သာ့ကောအတွက် စကားကောင်းလေးတွေ ပြောပေးပါဦး။ သာ့ကောလည်း မျက်နှာပွင့်ရအောင်လို့လေ"

စတုတ္ထမင်းသားက မျက်လုံးမှိတ်ပြလိုက်ကာ "ဒါက ပြောစရာ လိုသေးလို့လား။ ကျွန်တော်တို့က ညီအစ်ကိုအရင်းတွေပဲ။ သာ့ကော မပြောလည်း ကျွန်တော်က သာ့ကောကို အမြဲတမ်း စိတ်ထဲမှာ ရှိနေတာပါ"

"မနေ့ကတောင် ဖုဟွမ်ရှေ့မှာ သာ့ကောအတွက် ဝင်ပြောပေးပါသေးတယ်။ နှမြောစရာကောင်းတာက ဖုဟွမ်က ကြားလိုက်တာနဲ့ မျက်နှာပျက်သွားပြီး သာ့ကောက သဘောထားသေးသိမ်ပြီး စကားပြောရင် ထိခိုက်အောင် ပြောတတ်လို့ မတွေ့ချင်ဘူးတဲ့။ ကျွန်တော်လည်း ဘယ်လိုလုပ် ဆက်ပြောရဲတော့မှာလဲ"

ပထမမင်းသား "..."

လူပါးဝနေတာ။

ထွီ!

ပထမမင်းသားက အေးစက်စက် ရယ်မောလိုက်ပြီး ထေ့ငေါ့ကာ ပြောလိုက်လေသည်။ "တစ်နေ့ကျရင် ဖုဟွမ်ရှေ့မှာ အသနားခံဖို့ စစ်တိကို အကူအညီတောင်းရလိမ့်မယ်လို့ တကယ် မထင်ထားဘူး"

"ဟုတ်တယ်လေ။ သာ့ကော မပြောနဲ့ ကျွန်တော်တောင် မထင်ထားဘူး" စတုတ္ထမင်းသားက စကားကို လျင်မြန်စွာ လက်ခံလိုက်ပြီး ပြုံးရွှင်စွာ ဆက်ပြောလေသည်။ "အဲဒီတုန်းက ဖုဟွမ်က စန်းကောကို မကြာခဏ ခေါ်တွေ့တော့ ကျွန်တော် တွေးမိတာက ကံတရားဆိုတာ လှည့်ပတ်နေတာပဲ။ တစ်နေ့ကျရင် ငါ့အလှည့် ရောက်လာမှာပဲလို့လေ"

"အခုတော့ တကယ် ရောက်လာပြီပဲ"

ပထမမင်းသား "..."

...

အပိုင်း (၅၂၁) လက်တုံ့ပြန်ခြင်း (၁)

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် လဝက်ခန့် ကုန်လွန်သွားခဲ့လေသည်။

ရှုပ်ထွေးပွေလီသော ကောလာဟလ သတင်းများသည် ငြိမ်သက်သွားလုနီးပါး ဖြစ်နေသော်လည်း ဤအချိန်တွင် မြို့တော်ရှိ စာအုပ်ဆိုင် အသီးသီး၌ ပုံပြင်စာအုပ်တစ်အုပ်သည် ရုတ်တရက် ရောင်းအားကောင်းလာခဲ့သည်။

မြို့တော်သည် ဧကရာဇ်မင်းမြတ် စိုးစံရာ ခြေရင်းတော်ဖြစ်ပြီး သာ့ဝေတိုင်းပြည်၏ အကြွယ်ဝဆုံး နေရာလည်း ဖြစ်ပေသည်။ ပြည်သူပြည်သားများသည် နေထိုင်စားသောက်မှု ပြည့်စုံကြပြီး သာမန်အရပ်သားများသည်လည်း စာပေအနည်းငယ် တတ်မြောက်ကြသဖြင့် ပုံပြင်စာအုပ် ဖတ်ရှုခြင်းကို နှစ်သက်သူ မနည်းလှပေ။

"ဒီလ စာအုပ်ဆိုင်မှာ အသစ်ထွက်တဲ့ ပုံပြင်စာအုပ်ကို ဖတ်ပြီးကြပြီလား"

"တောကြောင်မှတ်တမ်း ဆိုတဲ့ စာအုပ်ကို ပြောတာလား"

"ဟုတ်တယ် ဟုတ်တယ်။ အဲဒီစာအုပ်က ရေးထားတာ အရမ်းကို ယုတ္တိမဲ့ပြီး ဖြစ်ကတတ်ဆန်း နိုင်လွန်းတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်လဲ မသိပါဘူး။ စကိုင်လိုက်တာနဲ့ ပြီးတဲ့အထိ မဖတ်ရမနေနိုင် ဖြစ်သွားရော"

"ဟုတ်တယ် ဟုတ်တယ်။ ငါလည်း အဲဒီလိုပဲ ခံစားရတယ်။ ဒီလောက် ယုတ္တိမရှိတဲ့ ဇာတ်လမ်း။ အစဖွင့်ကတည်းက ရှုပ်ပွနေတာပဲ။ ဒါပေမဲ့ ဘယ်လိုဖြစ်လို့ ဆက်ဖတ်မိသွားမှန်းကို မသိတော့ဘူး..."

တောကြောင်မှတ်တမ်းသည် ရောင်းအား အလွန်ကောင်းမွန်သောကြောင့် မြို့တော်ရှိ အကြီးအသေး စာအုပ်ဆိုင်ပေါင်း ဒါဇင်များစွာတို့သည် အလုအယက် ပုံနှိပ်ထုတ်ဝေကြတော့သည်။ ထိုခေတ်ကာလတွင် မူပိုင်ခွင့်ဟူသည် မရှိသဖြင့် မည်သူမဆို စာအုပ်ရိုက်နှိပ်နိုင်ကြလေသည်။

ဤပုံပြင်စာအုပ်သည် သာမန်ပြည်သူများကြားမှ စတင်ပျံ့နှံ့သွားပြီး မကြာမီတွင် စာသင်သားများ လက်ထဲသို့ ရောက်ရှိသွားကာ ထိုမှတစ်ဆင့် မူးမတ်သေနာပတိတို့၏ အိမ်တော်များအတွင်းသို့ စီးဝင်သွားတော့သည်။ အိမ်တွင်းအောင်းနေရသည့် အပျိုစင် သခင်မလေးများပင်လျှင် ဤတောကြောင်မှတ်တမ်းကို အကြိမ်ကြိမ်အခါခါ ပြန်လည် ဖတ်ရှုနေကြလေသည်။

တောကြောင်မှတ်တမ်း၏ ဇာတ်လမ်းမှာ ဤသို့ဖြစ်လေသည်။

သူဌေးသားတစ်ဦးသည် အလွန်လှပသော မယားငယ်တစ်ဦးကို ကောက်ယူခဲ့သည်။ ထိုမယားငယ်သည် သူဌေးသား၏ သူငယ်ချင်းဖြစ်သူနှင့် ဖောက်ပြန်ပြီး ကိုယ်ဝန်ရရှိခဲ့သည်။ သူဌေးသားမှာမူ ထိုအကြောင်းကို လုံးဝမသိရှိဘဲ မယားငယ်တွင် ကိုယ်ဝန်ရရှိသည်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ကာ စားပွဲသောက်ပွဲကြီးများ ကျင်းပခဲ့သည်။

မယားငယ်သည် ဆယ်လလွယ်၍ မွေးဖွားလာသောအခါ လက်ခြေအင်္ဂါ စုံလင်သော်လည်း မျက်နှာမှာ တောကြောင်နှင့် တူနေသည့် ဘီလူးသရဲလေး ဖြစ်နေခဲ့သည်။ မယားငယ်သည် ကြောက်လန့်တကြားဖြင့် ယုံကြည်စိတ်ချရသော အစေခံကို ခေါ်ကာ မွေးဖွားခါစ ဘီလူးသရဲလေးကို လွှင့်ပစ်ခိုင်းလိုက်ပြီး သာမန်ကလေးငယ်တစ်ဦးနှင့် လဲလှယ်ကာ အိမ်တော်ထဲသို့ ခေါ်သွင်းပြီး မိမိ၏ သားအရင်းအဖြစ် မွေးမြူခဲ့လေသည်။

သင်္ချိုင်းကုန်းတွင် လွှင့်ပစ်ခံလိုက်ရသော ဘီလူးသရဲလေးသည် ကံကောင်းထောက်မစွာ မသေဆုံးခဲ့ဘဲ လှည့်လည်သွားလာ အသက်မွေးနေသည့် မျက်လှည့်ဆရာတစ်ဦး၏ ကောက်ယူခြင်းကို ခံလိုက်ရသည်။ ထိုကလေးကို 'တောကြောင်' ဟု နာမည်ပြောင် ပေးလိုက်၏။ မျက်လှည့်ဆရာသည် အလွန်ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး ကလေး၏ ခြေလက်များကို ချိုးကာ ငယ်စဉ်ကတည်းက ကြောင်တစ်ကောင်ကဲ့သို့ မွေးမြူထားခဲ့သည်။ ထိုတောကြောင်ကို အသုံးပြု၍ ငွေကြေးအမြောက်အမြား ရှာဖွေခဲ့လေသည်။

ဆယ်နှစ်ကြာပြီးနောက် သူဌေးသား၏ သားငယ်လေးသည် ဘုရားပွဲဈေးသို့ သွားရောက်လည်ပတ်ရာ တောကြောင်နှင့် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့သည်။ သူဌေးသားငယ်သည် တောကြောင်ကို စိတ်ဝင်စားသွားသဖြင့် ငွေပေးချေကာ ဝယ်ယူပြီး အိမ်တော်သို့ ခေါ်ဆောင်သွားခဲ့သည်။

မယားငယ်သည် တောကြောင်၏ မျက်နှာကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် စူးစူးဝါးဝါး အော်ဟစ်ကာ လန့်ဖျပ်ပြီး မေ့လဲသွားတော့သည်။

သူဌေးသားငယ်မှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ထိုအချိန်တွင် တောကြောင်၏ မျက်လုံးများထဲ၌ ရက်စက်သော အလင်းရောင်များ လက်ခနဲဖြစ်သွားပြီး ရုတ်တရက် ခုန်အုပ်ကာ သူဌေးသားငယ်၏ လည်ပင်းကို ပြင်းထန်စွာ ကိုက်ခဲလိုက်သဖြင့် သွေးများ ပန်းထွက်လာပြီး သူဌေးသားငယ်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

သူဌေးသားသည် သတင်းကြား၍ ရောက်ရှိလာပြီး ထိုမြင်ကွင်းကြောင့် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားကာ တောကြောင်ကို ရိုက်သတ်ရန် အမိန့်ပေးလိုက်သည်။

တောကြောင်သည် အရှင်လတ်လတ် ရိုက်သတ်ခံရပြီး မျက်လုံးမမှိတ်မီတွင် "အဖေ" ဟု သနားစဖွယ် အော်ဟစ်လိုက်လေသည်။

သူဌေးသား၏ သူငယ်ချင်းဖြစ်သူ ရောက်ရှိလာပြီး ထိုလူသားလောက၏ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးကို မြင်လိုက်ရသောအခါ "ငါ မင်းကို မျက်နှာမပြရဲတော့ဘူး" ဟု ဝမ်းနည်းပက်လက် အော်ဟစ်ရင်း ဓားနှင့် လည်ပင်းကိုလှီးကာ မိမိကိုယ်ကို အဆုံးစီရင်သွားလေတော့သည်။

...

တကယ်ကို ယုတ္တိမရှိဘဲ ဖြစ်ကတတ်ဆန်း နိုင်လွန်းသော တောကြောင်မှတ်တမ်းပင်။

လုမင်ယွိသည် မျက်စိရှေ့တွင် ချထားသော ပုံပြင်စာအုပ်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ မသိမသာ လှုပ်ရှားသွားရတော့သည်။

လုအိမ်တော်၏ ဂိုဒေါင်ထဲတွင် ပုံနှိပ်ထားပြီး မရောင်းရသေးသော ပုံပြင်စာအုပ်အများအပြား သိမ်းဆည်းထားရှိလေသည်။ ထိုစာအုပ်များအားလုံးသည် လုလင်း အားလပ်ချိန်တွင် အပျင်းပြေ ရေးသားထားခြင်းဖြစ်ပြီး ရောင်းအား မကောင်းလှပေ။ လုမင်ယွိသည် ဖခင်ဖြစ်သူကို သနားသဖြင့် လူလွှတ်ကာ တိတ်တဆိတ် ဝယ်ယူခိုင်းပြီး ဂိုဒေါင်ထဲတွင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ထားသည်မှာ နှစ်အနည်းငယ် ကြာပြီးနောက်တွင် လုလင်းသည် ကလောင်ကို ပြန်ကိုင်ကာ နာမည်ကြီးပြီး ရောင်းအားအကောင်းဆုံး ပုံပြင်စာအုပ်တစ်အုပ်ကို ရေးသားလိုက်ခြင်းပင်။

ချီယွင်သည် ထိုအကြောင်းကို သိသော်လည်း မသိချင်ယောင်ဆောင်ကာ ပြုံးလျက်ပြောလေသည်။ "ဒီ တောကြောင်မှတ်တမ်း ဇာတ်လမ်းက ဒီရက်ပိုင်း အရမ်းနာမည်ကြီးနေတာလေ။ ကျွန်မ နန်းတော်ထဲက ထွက်တုန်း လမ်းကြုံလို့ ဝယ်လာခဲ့တာ။ သခင်မလေး ပျင်းပြေနပြေ ဖတ်လို့ရတာပေါ့"

လုမင်ယွိက အင်း ဟု အသံပြုလိုက်ပြီး ချီယွင်ကို မော့ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် ဘာမှမတတ်နိုင်သည့် အရိပ်အယောင်များ ပေါ်လွင်နေလေ၏။

ချီယွင်က ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး "သခင်မလေး အရင် ဖတ်နှင့်လိုက်ဦး။ ကျွန်မ စားဖိုဆောင်ကို သွားပြီး ညစာ ပြင်ဆင်ခိုင်းလိုက်မယ်"

ချီယွင် ထွက်ခွာသွားပြီးနောက် လုမင်ယွိသည် ပုံပြင်စာအုပ်ကို လှန်လှောကာ အသေးစိတ် ဖတ်ရှုလိုက်သည်။

တကယ်ပင် ယုတ္တိမရှိ ဖြစ်ကတတ်ဆန်း နိုင်လှသော်လည်း အလုပ်မရှိဘဲ အားလပ်နေသူများအတွက် အပျင်းဖြေရန် အလွန်သင့်လျော်ပေသည်။ ဤမျှ ရောင်းအားကောင်းရခြင်း အကြောင်းရင်းမှာ ဇာတ်လမ်းထဲတွင် သွယ်ဝိုက်၍ ရည်ညွှန်းထားသော အခြားဇာတ်လမ်းတစ်ပုဒ်နှင့် များစွာ ပတ်သက်ဆက်နွယ်နေသောကြောင့် ဖြစ်လေသည်။

မယားငယ်နှင့် သူငယ်ချင်း ဖောက်ပြန်ကြပြီး သူဌေးသားက လုံးဝ မသိရှိခြင်း။

ပင်ပန်းခံကာ မွေးမြူခဲ့ရသော သားသည် မိမိ၏ သွေးသားရင်း မဟုတ်နေခြင်း။

တောကြောင်က နောက်ဆုံးအချိန်တွင် အဖေဟု အော်ဟစ်ခံလိုက်ရသူမှာ မည်သူမည်ဝါဖြစ်ခြင်း။

သူဌေးသား၏ သူငယ်ချင်းက နောက်ဆုံးတွင် နှလုံးသားက စေစားသဖြင့် သူဌေးသားနှင့် သွေးသားရင်း ကလေးငယ်အပေါ် အပြစ်ရှိသည်ဟု ခံစားရပြီး အသက်ရှင်ရန် မျက်နှာမပြရဲတော့ခြင်း။

ဒါက တကယ်ကို ရဲရဲတင်းတင်း ရေးသားထားခြင်းပင်။

လုမင်ယွိ ဖတ်ပြီးသွားသောအခါ အသံမထွက်ဘဲ ပြုံးလိုက်မိလေသည်။

"ထိုက်ဇီဖေးကို လျှောက်တင်ပါတယ်။ ဟွမ်ဟုပ်ညန်ညန် ရောက်လာပါတယ်" နန်းတွင်းအပျိုတော်တစ်ဦးက ဝင်ရောက် သတင်းပို့လာသည်။ လုမင်ယွိသည် သတိပြန်ဝင်လာပြီး ထကာ ကြိုဆိုလိုက်သည်။

ချောင်မိဖုရားခေါင်သည် ခြေလှမ်းသွက်သွက်ဖြင့် ဝင်ရောက်လာပြီး လက်ထဲတွင် စာအုပ်ပါးလေးတစ်အုပ်ကို ကိုင်ဆောင်ထားလေသည်။

စာအုပ်၏ မျက်နှာဖုံးမှာ အလွန်ရင်းနှီးနေ၏။

လုမင်ယွိ၏ မျက်စိအမြင်အာရုံမှာ အလွန်ကောင်းမွန်သဖြင့် တစ်ချက်လှမ်းကြည့်လိုက်ရုံဖြင့် ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။ "မူဟုပ် လက်ထဲက ဘာစာအုပ်လဲ"

ချောင်မိဖုရားခေါင်က လက်ထဲမှ ပုံပြင်စာအုပ်ကို ကမ်းပေးလိုက်သည်။ "ဒီနေ့မှပဲ ပန်ကုံး သိရတယ်။ မြို့တော်က အကြီးအသေး စာအုပ်ဆိုင်တိုင်းမှာ ဒီပုံပြင်စာအုပ်ကို ရောင်းနေကြသတဲ့"

လုမင်ယွိသည် ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး စာအုပ်ကို လှမ်းယူကာ ဟိုလှန်ဒီလှန် လုပ်ကြည့်လိုက်သည်။ "ချီယွင်လည်း အပြင်ကပြန်လာတော့ ကျွန်မ အပျင်းပြေ ဖတ်ဖို့ တစ်အုပ်ဝယ်လာပေးတယ်။ ဒါပေမဲ့ မူဟုပ် လက်ထဲက စာအုပ်က စာရွက်သား ပိုကောင်းပြီး ပုံနှိပ်ထားတာလည်း ပိုသပ်ရပ်တယ်"

ချောင်မိဖုရားခေါင် "..."

ချောင်မိဖုရားခေါင်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ဒီပုံပြင်စာအုပ်ကို ဘယ်သူရေးလဲဆိုတာ မင်း သိလား"

လုမင်ယွိက သံသယဖြစ်နေသော မျက်နှာထားဖြင့် "မသိပါဘူး။ ကျွန်မက လက်လျှော့လိုက်ဖို့ လူလွှတ်ပြီး ပြောထားပြီးသားပါ။ ဘယ်ကနေဘယ်လို ဒီလိုပုံပြင်စာအုပ်တစ်အုပ် ထွက်ပေါ်လာပြီး ဒီလောက်တောင် ပျံ့နှံ့သွားလဲဆိုတာ မသိရပါဘူး"

ချောင်မိဖုရားခေါင် "..."

ချွေးမနှင့် ယောက္ခမ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။

ချောင်မိဖုရားခေါင်က နောက်တစ်ကြိမ် ချောင်းဟန့်လိုက်ပြန်သည်။ "ဒီကိစ္စက မင်းနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ။ ဒေါသထွက်စရာတွေလည်း တော်တော်များများ လျော့ပါးသွားပြီဆိုတော့ တန်ဆေး လွန်ဘေး ဖြစ်လာလိမ့်မယ်"

လုမင်ယွိက အလွန်သဘောတူဟန်ဖြင့် ခေါင်းညိတ်ထောက်ခံလိုက်သည်။ "မူဟုပ် ပြောတာ မှန်ပါတယ်။ ကျွန်မလည်း အဲဒီလိုပဲ တွေးမိပါတယ်"

သို့သော် လုလင်းကတော့ ထိုသို့ တွေးမည် မဟုတ်ပေ။

လီဟောက်က သုံးကြိမ်လေးကြိမ်တိုင်တိုင် လက်ဦးမှု ရယူခဲ့ပြီး ယုံးကျားဧကရာဇ်ကလည်း အရှေ့နန်းဆောင်ကို တမင်သက်သက် အေးစက်စွာ ဆက်ဆံခဲ့သည်။ လုမင်ယွိသည် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသဖြင့် ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ လုလင်း ဆိုသည့် ဖခင်အရင်းကလည်း ရင်ထဲတွင် ဒေါသအမြိုက်မြိုက် ထွက်နေသည် မဟုတ်ပါလား။

ချောင်မိဖုရားခေါင်သည် ရှင်းယန်ဝမ်၏ လက်ရာဖြစ်ကြောင်း ရိပ်မိလိုက်သည်။

သို့သော်လည်း လုမင်ယွိက ဝန်မခံသဖြင့် သူမလည်း ဆက်ပြီး မပြောတော့ဘဲ မှာကြားစရာ ရှိသည်ကိုသာ ပြောလိုက်တော့သည်။ "ပန်ကုံးတောင် ဒီစာအုပ်ကို မြင်တွေ့နေရပြီဆိုတော့ အရှင်မင်းကြီးလည်း ဒီကိစ္စကို သိလောက်ပြီ။ နောက်ပိုင်းကျရင် မင်းက ဘာကိုမှ ဝင်မပါနဲ့တော့။ အရှေ့နန်းဆောင်ထဲမှာပဲ ကလေးကို ငြိမ်းငြိမ်းချမ်းချမ်း လွယ်ထားလိုက်။ ဘာကိစ္စပဲ ရှိရှိ ပန်ကုံးပဲ ဖြေရှင်းလိုက်မယ်"

လုမင်ယွိသည် ရင်ထဲတွင် နွေးထွေးသွားပြီး ပြုံးလျက် ခေါင်းညိတ်ကာ လက်ခံလိုက်လေသည်။

...

ယုံးကျားဧကရာဇ်သည် အမှန်တကယ်ပင် ပုံပြင်စာအုပ်ကို မြင်တွေ့ခဲ့ရလေသည်။

ယုံးကျားဧကရာဇ်သည် စိတ်ထဲတွင် ဒေါသများ အုံကြွလာသော်လည်း ဖွင့်ထုတ်၍ မရနိုင် ဖြစ်နေရ၏။

အကြောင်းမှာ ဤပုံပြင်စာအုပ်ထဲတွင် ရေးသားထားသည်မှာ သူဌေးသားနှင့် သူငယ်ချင်း၏ မယားငယ်တို့ အကြောင်းဖြစ်ပြီး တော်ဝင်မိသားစုနှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့်ပင်။ အကယ်၍ သူကသာ ဤကိစ္စကြောင့် ဒေါသတကြီး ဖြစ်သွားပါက ကောလာဟလ သတင်းများကို ဝန်ခံလိုက်သကဲ့သို့ ဖြစ်မသွားပေဘူးလား။

ယုံးကျားဧကရာဇ်သည် ရက်အနည်းငယ်ကြာအောင် ဒေါသအိုး ပေါက်ကွဲမတတ် ဖြစ်နေခဲ့ပြီး မကြာသေးမီက သူ နှစ်သက်သဘောကျခဲ့သော စတုတ္ထမင်းသားကိုပင် မကြာခဏ အပြစ်ရှာ ကြိမ်းမောင်းတော့သည်။ ပထမမင်းသားသည်လည်း စကားများမိသဖြင့် နှစ်ကြိမ်တိုင်တိုင် ဆဲဆိုခြင်း ခံလိုက်ရသည်။

ချောင်မိဖုရားခေါင်ကမူ ယုံးကျားဧကရာဇ်နှင့် မျက်နှာချင်း မဆိုင်မိသဖြင့် အလကားသက်သက် အဆူအဆဲ ခံရမည့်ဘေးမှ လွတ်ကင်းသွားခဲ့သည်။

လုမင်ယွိကမူ ပြောစရာပင် မလိုတော့ချေ။ ကိုယ်ဝန်လွယ်ထားရသဖြင့် အရှေ့နန်းဆောင်ထဲတွင်သာ အနားယူနေပြီး ယုံးကျားဧကရာဇ်နှင့် မတွေ့ဆုံသည်မှာ ထားဦးတော့။ တွေ့ဆုံလျှင်ပင် ယုံးကျားဧကရာဇ်က ဘာပြောနိုင်မည်နည်း။

နောက်ထပ် ရက်အနည်းငယ် ကြာသောအခါ လက်ဖက်ရည်ဆိုင်များရှိ ပုံပြောသူများသည် တောကြောင်မှတ်တမ်း အကြောင်းကို ပြောဆိုလာကြသည်။

ထပ်မံ၍ ရက်အနည်းငယ် ကြာသောအခါ ပြဇာတ်ရုံထဲတွင် ပြဇာတ်အသစ်တစ်ပုဒ် ထပ်မံ ရောက်ရှိလာခဲ့သည်။

ရှင်းယန်ဝမ်လုလင်းသည် စစ်တပ်စခန်းမှ ထွက်လာပြီးနောက် ပုံပြင်နားထောင်ရန်နှင့် ပြဇာတ်ကြည့်ရန် တမင်သက်သက် သွားရောက်ခဲ့လေသည်။ စိတ်ဝင်စားဖွယ် ကောင်းသော နေရာသို့ ရောက်သောအခါ မနေနိုင်မထိုင်နိုင် ခေါင်းညိတ်ကာ ချီးကျူးလိုက်လေတော့သည်။

...

အပိုင်း (၅၂၂) လက်တုံ့ပြန်ခြင်း (၂)

လုလင်းသည် လန်းဆန်းတက်ကြွစွာဖြင့် နန်းတော်ထဲသို့ ဝင်ရောက်ကာ အရှင်မင်းကြီးကို သွားရောက်ဖူးမြော်လေသည်။

ယှဉ်ကြည့်လိုက်လျှင် ယုံးကျားဧကရာဇ်၏ မျက်နှာအဆင်းမှာ များစွာ ဆိုးရွားနေ၏။

တစ်လကျော်ကြာ ကောင်းကောင်းမစား ကောင်းကောင်းမအိပ်ခဲ့ရသဖြင့် ယုံးကျားဧကရာဇ်၏ မျက်နှာသည် ညှိုးနွမ်းနေပြီး နဖူးနှင့် မျက်လုံးထောင့်များတွင် အရေးအကြောင်းများ တဖြည်းဖြည်း ပေါ်လာကာ အိုမင်းရင့်ရော်နေသယောင်။

လုလင်းသည် ဂါရဝပြု နှုတ်ဆက်ပြီးနောက် ယုံးကျားဧကရာဇ်ကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။ "အရှင်မင်းကြီးရဲ့ ဒီလိုပုံစံကိုမြင်ရတော့ ကျွန်တော်မျိုး စိတ်မကောင်းဖြစ်ရပါတယ်"

"အပြင်မှာပြောနေကြတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေက လေတစ်ချက်ဝှေ့လိုက်ရင် လွင့်ပါးသွားမယ့်အရာတွေပါ။ အရှင်မင်းကြီးက သဘောထားကြီးပါတယ်။ ဘာလို့ ဒီကိစ္စသေးသေးလေးကို စိတ်ထဲထားနေရတာလဲ"

ယုံးကျားဧကရာဇ် "..."

အရပ်ဖက် မူးမတ်များသည် စကားကို ထိန်းသိမ်းပြောဆိုတတ်ကြသည်။ ချောင်ကောလောင်ကဲ့သို့ လူမျိုးသည် အများဆုံး သွယ်ဝိုက်၍သာ နှစ်သိမ့်စကား ပြောဆိုမည်ဖြစ်ပြီး ကောလာဟလများကို တဲ့တိုး ရည်ညွှန်းပြောဆိုမည် မဟုတ်ပေ။

စစ်ဘက်ဆိုင်ရာ မူးမတ်များကတော့ မတူညီကြပေ။ တဲ့တိုးပင် ပြောဆိုတတ်ကြသည်။ ဤကဲ့သို့သော နှစ်သိမ့်စကားသည် ဧကရာဇ်မင်းမြတ်၏ ဒဏ်ရာပေါ်သို့ ဆားပက်လိုက်သလို ဖြစ်နေသည်ကို လုံးဝ သတိမထားမိကြချေ။

"ကွမ်းပင်းနယ်စားရဲ့ စိတ်နေစိတ်ထားကို ကျွန်တော်မျိုး ကောင်းကောင်းသိပါတယ်"

လုလင်းက ယုံးကျားဧကရာဇ်ကို ဆက်လက်နှစ်သိမ့်လိုက်သည်။ "သူက အလှအပကို မက်မောတတ်ပြီး ယောက်ျားမိန်းမ မရွေး စိတ်ကြိုက် ရှုပ်ပွေတတ်တာ မှန်ပေမယ့် မင်းမျိုးမင်းနွယ် သွေးသားကို ရောထွေးအောင်လုပ်ဖို့တော့ လုံးဝ သတ္တိရှိမှာ မဟုတ်ပါဘူး"

"ကောလာဟလတချို့ကြောင့် ကွမ်းပင်းနယ်စားက နေမကောင်းဘူး အကြောင်းပြပြီး အပြင်မထွက်တာက ပိုပြီးတော့တောင် အပြောခံရစရာ ဖြစ်နေတယ်..."

ယုံးကျားဧကရာဇ်သည် နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ အားဖြင့် ချောင်းတစ်ချက်ဟန့်ကာ လုလင်း၏စကားကို ဖြတ်ပြောလိုက်တော့သည်။ "ကျန်း စိတ်ထဲမှာ အတိုင်းအတာ ရှိပါတယ်။ မင်း သူ့အတွက် လိုက်ပြောပေးနေစရာ မလိုပါဘူး။ နောက်ထပ် အချိန်တစ်ခုလောက်ကြာလို့ ကောလာဟလတွေ ငြိမ်သွားမှပဲ သူ့ကို မျက်နှာပြခိုင်းလိုက်တော့မယ်"

လုလင်းသည် စကားလမ်းကြောင်းလွှဲလိုက်ပြီး တတိယမင်းသားအတွက် ဝင်ရောက်ပြောဆိုပေးပြန်သည်။ "တတိယမင်းသားက အရှင်မင်းကြီးရဲ့ အပူအပင်တွေကို ဖြေလျော့ပေးဖို့ မိန်းမလှလေး ဆက်သတာက သားသမီးဝတ္တရား ကျေပွန်တာပါ။ ဒါကို တခြားလူတွေက အထင်လွဲပြီး နားမခံသာအောင် ပြောဆိုနေကြတာ။ ကျွန်တော်မျိုး စစ်တပ်ထဲမှာတောင် ကြားမိလို့ စိတ်ထဲမှာ တကယ် မခံစားနိုင်ပါဘူး"

"မင်းသားက နဂါးဟန်ဇမဏီသွင်ပြင်နဲ့ အရှင်မင်းကြီးရဲ့ သွေးသားအရင်းခေါက်ခေါက်ပါ။ အရှင်မင်းကြီးအနေနဲ့ မင်းသားကို ပိုပြီး ဂရုစိုက်သင့်ပါတယ်"

"ကျွန်တော်မျိုး သတ္တိမွေးပြီး လျှောက်တင်ပါရစေ။ တတိယမင်းသား အိမ်တော်ကို အားဆေးတချို့ ချီးမြှင့်ပေးသနားတော်မူပါ။ မင်းသားက အပြင်မထွက်ရင်တောင် အရှင်မင်းကြီးက မင်းသားကို ကာကွယ်ပေးတယ်ဆိုတာ လူတိုင်း သိသွားကြမှာပါ။ အပြင်က ကောလာဟလတွေလည်း အလိုလို ငြိမ်သက်သွားပါလိမ့်မယ်"

ဤစကားများသည် အလွန် ရိုးသားဖြူစင်ဟန် ပေါက်နေလေသည်။

ယုံးကျားဧကရာဇ်သည် စိတ်လှုပ်ရှားသွားပြီး လုလင်းကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်လေသည်။ "တတိယမင်းသားအတွက် ပထမဆုံး ဝင်ပြောပေးတဲ့သူက မင်းဖြစ်နေလိမ့်မယ်လို့ ကျန်း တကယ် မထင်ထားခဲ့ဘူး"

ရုတ်တရက် ထွက်ပေါ်လာသော တောကြောင်မှတ်တမ်းကို မည်သို့စစ်ဆေးစေကာမူ မည်သူရေးသားသည်ကို စုံစမ်းမရချေ။

လက်ဖက်ရည်ဆိုင်မှ ပုံပြောသူများ၊ ပြဇာတ်ရုံထဲမှ ပြဇာတ်ကသူများသည် မည်သူ့စေခိုင်းချက်ကို ခံရသနည်း။

ယုံးကျားဧကရာဇ်သည် လုမိသားစု လက်ချက်ဖြစ်မည်ဟု စောစီးစွာကပင် တိတ်တဆိတ် သံသယဝင်နေခဲ့သည်။ မထင်မှတ်ထားသည်မှာ လုလင်းက ပွင့်လင်းရိုးသားစွာ နန်းတော်ထဲဝင်လာပြီး ပါးစပ်ဟသည်နှင့် ကွမ်းပင်းနယ်စားနှင့် တတိယမင်းသားအတွက် ဝင်ရောက်အသနားခံ ပြောဆိုပေးခြင်းပင်။

ဤသို့ မျှော်လင့်မထားသော အပြုအမူသည် ယုံးကျားဧကရာဇ်၏ သံသယစိတ် ထက်ဝက်ကျော်ကို လျော့ပါးသွားစေခဲ့သည်။

လုလင်းသည် ယုံးကျားဧကရာဇ်နှင့် အကြည့်ချင်းဆုံလိုက်ပြီး ပေါ့ပါးစွာ ရယ်မောလိုက်ကာ "အရှင်မင်းကြီးက ကျွန်တော်မျိုး နောက်ကွယ်ကနေ လှုံ့ဆော်နေတယ်လို့ သံသယရှိနေတာလား"

ယုံးကျားဧကရာဇ်သည် အတွေးကို ရိပ်မိခံလိုက်ရသဖြင့် အနည်းငယ် နေရခက်သွားသော်လည်း နှုတ်မှတော့ လုံးဝ ဝန်ခံမည် မဟုတ်ပေ။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျန်း မင်းကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဖူးပါဘူး"

လုလင်းသည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။ "အရှင်မင်းကြီး ဂုဏ်သိက္ခာကျဆင်းရင် ကျွန်တော်မျိုး သေသင့်ပါတယ်။ ကျွန်တော်မျိုးက အရှင်မင်းကြီးအပေါ် သစ္စာရှိပါတယ်။ အရှင်မင်းကြီးရဲ့ မျက်နှာတော်ကို အညှိုးစေမယ့် ကိစ္စမျိုးကို နည်းနည်းလေးတောင် လုပ်မှာမဟုတ်ပါဘူး"

"အရှင်မင်းကြီးက ကျွန်တော်မျိုးကို ယုံကြည်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်။ အရှင်မင်းကြီး သံသယဝင်ရင်တောင် ကျွန်တော်မျိုးက အရှင်မင်းကြီးကို အပြစ်တင်မှာ မဟုတ်ပါဘူး။ ဘယ်သူပဲ ကြည့်ကြည့် လုမိသားစုက နောက်ကွယ်ကနေ လက်ဝါးကြီးအုပ်ထားတယ်လို့ ထင်ကြမှာပါ။ ဒါပေမဲ့ ကျွန်တော်မျိုး ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်။ အစကနေအဆုံးထိ ဝင်မပါခဲ့ပါဘူး"

"ကျွန်တော်မျိုးရဲ့ စိတ်နေစိတ်ထား ဘယ်လိုရှိလဲဆိုတာ အရှင်မင်းကြီး အသိဆုံးပါ။ တစ်သက်လုံး လိမ်ညာမပြောခဲ့ဖူးသလို ကျိန်စာတိုက်ဖို့လည်း ဝန်မလေးပါဘူး။ ဒီနေ့တော့ ကျွန်တော်မျိုး ခြွင်းချက်အနေနဲ့ လုပ်ပါရစေ။ ကျွန်တော်မျိုး စောစောက ပြောခဲ့တဲ့စကားတွေက စကားလုံးတိုင်း အမှန်တရားတွေချည်းပါပဲ။ တကယ်လို့ စကားတစ်လုံးလောက်များ လိမ်ညာခဲ့မယ်ဆိုရင် ကျွန်တော်မျိုး မြှားဒဏ်သင့်ပြီး သေပါစေ..."

"တော်လိုက်တော့" ယုံးကျားဧကရာဇ်သည် သဘောထားကို မထုတ်ဖော်ဘဲ မနေနိုင်တော့ချေ။ "ကျန်းက မင်းကို ဘယ်လိုလုပ် သံသယဝင်ရမှာလဲ။ မင်းက သာ့ဝေတိုင်းပြည်ရဲ့ လက်ရုံးရည် နှလုံးရည် ပြည့်ဝတဲ့ မူးမတ်ကောင်းတစ်ယောက်ပဲ။ ကျန်းက ယုံကြည်ရဆုံး ရှင်းယန်ဝမ်ပဲလေ။ ကျန်းက မင်းကိုတောင် သံသယဝင်ရင် ဒီလောကကြီးမှာ ဘယ်သူ့ကို ယုံကြည်ရတော့မှာလဲ။ ဒီလိုကျိန်စာမျိုး လုံးဝ မဆိုပါနဲ့"

လုလင်း၏ မျက်နှာတွင် ကြည်နူးမှုများ ပေါ်လွင်လာပြီး မျက်ဝန်းအိမ်များ နီရဲလာလေသည်။ "အရှင်မင်းကြီးက ကျွန်တော်မျိုးအပေါ် ထားတဲ့စိတ်ထားက နေမင်းလမင်းလိုပါပဲ။ ကျွန်တော်မျိုးက အရှင်မင်းကြီးအတွက် ရှေ့တန်းက စစ်သည်တစ်ယောက်အဖြစ် သာ့ဝေတိုင်းပြည်အတွက် မျက်လုံးမမှိတ်ခင်အချိန်ထိ သစ္စာစောင့်သိပါ့မယ်"

ယုံးကျားဧကရာဇ်သည်လည်း ဤမျှ ရိုးသားစစ်မှန်သော ရင်ဖွင့်စကားကြောင့် စိတ်နှလုံး လှုပ်ရှားသွားပြီး မျက်ခုံးကြားတွင် စုဝေးနေသော အုံ့မှိုင်းမှုများ အားလုံး လွင့်စင်သွားကာ ဟားတိုက် ရယ်မောလိုက်လေသည်။ "ကောင်းပြီ ကောင်းပြီ ကောင်းပြီ။ ကျန်းက မင်းနဲ့အတူ မင်းကောင်းမူးမတ်ကောင်း ဆိုတဲ့ သမိုင်းမှတ်တမ်းကောင်းတစ်ခုကို ရေးထိုးချင်ပါတယ်"

မင်းနှင့်မူးမတ် နှစ်ဦးသား အကြည့်ချင်းဖလှယ်ပြီး သဘောကျစွာ ရယ်မောလိုက်ကြလေသည်။

လုလင်းက အခွင့်ကောင်းယူပြီး ပြုံးလျက် ပြောလိုက်သည်။ "ထိုက်ဇီဖေးက ကိုယ်ဝန်ရှိနေတော့ အရှေ့နန်းဆောင်မှာပဲ အနားယူနေရတယ်။ ကျွန်တော်မျိုးက ဖခင်တစ်ယောက်အနေနဲ့ စိတ်ထဲမှာ လွမ်းဆွတ်မိပါတယ်။ ဒီနေ့ နန်းတော်ထဲ ဝင်လာတုန်း ထိုက်ဇီဖေးကို သွားတွေ့ချင်ပါတယ်။ အရှင်မင်းကြီး ခွင့်ပြုပေးပါ"

ယုံးကျားဧကရာဇ်သည် အလွန်ရွှင်လန်းစွာဖြင့် ခွင့်ပြုလိုက်သည်။ "သွားတွေ့လိုက်ပါ။ ကိစ္စမရှိပါဘူး" ထို့နောက် လျိုကုန်းကုန်းဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။ "စားဖိုဆောင်ကို နန်းတွင်းပွဲတော်တစ်ပွဲ ပြင်ဆင်ခိုင်းပြီး အရှေ့နန်းဆောင်ကို ပို့ခိုင်းလိုက်။ ထိုက်ဇီဖေးနဲ့ ရှင်းယန်ဝမ်တို့ အတူတူ သုံးဆောင်ကြစေ"

နန်းတော်ထဲဝင်ပြီး နန်းတွင်းပွဲတော် ချီးမြှင့်ခံရသည်အထိ မျက်နှာပန်းလှသော မူးမတ်မှာ ရှင်းယန်ဝမ် တစ်ဦးတည်းသာ ရှိလေသည်။

လုလင်းက လက်ကိုယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

လျိုကုန်းကုန်းသည် အမိန့်ကို နာခံပြီး ထွက်ခွာသွားစဉ် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ရှင်းယန်ဝမ်က တကယ်ကို အစွမ်းထက်ပါပေတယ်။ နန်းတော်ထဲကို တစ်ခေါက်ဝင်လာတာနဲ့ ဧကရာဇ်မင်းမြတ်ရဲ့ သံသယကို ဖြေဖျောက်နိုင်ခဲ့တယ်။ သစ္စာစကား ဆိုခဲ့တယ်။ အသံတိတ်ပဲ ထိုက်ဇီဖေးအတွက် ကျောထောက်နောက်ခံ ပေးနိုင်ခဲ့တယ်။

ဒီလိုနည်းလမ်းက တကယ်ကို မြင့်မားလွန်းပါပေတယ်။

...

အမွှေးတိုင်တစ်တိုင်စာ ကုန်လွန်ပြီးနောက် လုလင်းသည် ဝမ်ဟွားနန်းဆောင်မှ ထွက်ခွာလာပြီး အရှေ့နန်းဆောင်သို့ ခြေလှမ်းလိုက်လေသည်။

လုမင်ယွိသည် သတင်းကြိုရထားသဖြင့် သားသမီးနှစ်ဦးကို ခေါ်ဆောင်ကာ ထွက်ကြိုလေသည်။ ဖခင်ရင်းကို မြင်လိုက်ရသည့် ခဏတွင် လုမင်ယွိ၏ ရင်ထဲ၌ ဝမ်းသာပီတိများ လျှံကျလာပြီး ခြေလှမ်းများ အလိုလို မြန်ဆန်လာတော့သည်။ "အဖေ"

လုလင်း၏ စိတ်ထဲတွင် ဝမ်းသာစိတ်လှုပ်ရှားမှုများသည် လုမင်ယွိထက် မလျော့နည်းပေ။ သို့သော် နန်းတော်ထဲတွင် ရောက်ရှိနေသဖြင့် မင်းနှင့်မူးမတ် ကျင့်ဝတ်ကို မမေ့လျော့အပ်ပေ။

"ကျွန်တော်မျိုး ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်" လုလင်းက ဦးစွာ လက်ယှက် ဂါရဝပြုလိုက်သည်။ "မင်းသားလေးနဲ့ မင်းသမီးလေးတို့ကို ဂါရဝပြုပါတယ်"

လုလင်းသည် ကြည့်ရလျှင် ကြမ်းတမ်းပုံပေါက်သော်လည်း အမှန်တကယ်တွင် စိတ်ထားနူးညံ့သိမ်မွေ့ပြီး ပြောဆိုလုပ်ကိုင်ရာတွင် အလွန် စေ့စပ်သေချာသူ ဖြစ်လေသည်။

လုမင်ယွိသည် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်ပြီး ဖခင်ဖြစ်သူကို တွဲထူလိုက်၏။

ရွှီအာနှင့် ရွှမ်းအာတို့သည် အဘိုးဖြစ်သူကို အလွန်ချစ်ခင်ကြသဖြင့် အတူတူ တိုးဝှေ့လာကြပြီး ချွဲနွဲ့စွာဖြင့် အဘိုး ဟု ခေါ်လိုက်ကြသည်။

လုလင်းက ပြုံးရွှင်စွာ ထူးလိုက်ပြီး ကိုယ်ကို အနည်းငယ် ကိုင်းကာ လက်နှစ်ဖက်ဖြင့် ကလေးနှစ်ယောက်လုံးကို ပွေ့ချီလိုက်လေသည်။

ရွှီအာနှင့် ရွှမ်းအာတို့သည် သဘောကျလွန်းသဖြင့် ရယ်မောနေကြတော့သည်။

မိခင်ဖြစ်သူ ကိုယ်ဝန်ရှိလာပြီးနောက်တွင် အားစိုက်၍ မရတော့သဖြင့် သူတို့ကို ဤကဲ့သို့ ပွေ့ချီမည့်သူ မရှိသည်မှာ ကြာပြီဖြစ်သည်။ မောင်နှမနှစ်ယောက်သည် လက်ကိုယ်စီဖြင့် အဘိုး၏ လည်ပင်းကို ဖက်တွယ်ထားကြသည်။

လုလင်းက သွားများပေါ်သည်အထိ ရယ်မောလိုက်ပြီး လုမင်ယွိကို ပြောလိုက်သည်။ "လနည်းနည်းလောက် မတွေ့ရတာ ရွှီအာနဲ့ ရွှမ်းအာတို့ ကြီးလာလိုက်ကြတာ။ အရင်ကထက်လည်း ပိုလေးလာတယ်"

လုမင်ယွိက ပြုံးကာ ပြောလိုက်သည်။ "ဟုတ်တာပေါ့။ အခု အရှေ့နန်းဆောင် တစ်ခုလုံးမှာ သူတို့နှစ်ယောက်လုံးကို တပြိုင်တည်း ချီနိုင်တဲ့သူ မရှိတော့ဘူး"

ချီယွင်သည်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပြီး ပြုံးလျက် ပြောလိုက်သည်။ "ညန်ညန် ရှင်းယန်ဝမ်ကို အရှေ့နန်းဆောင်ထဲ ဝင်ပြီး စကားပြောဖို့ ဖိတ်လိုက်ပါဦး"

လုမင်ယွိသည် အနည်းငယ် ရယ်မောလိုက်မိသည်။ "ကြည့်ပါဦး။ ဝမ်းသာလွန်းလို့ ဘာမှကို မမှတ်မိတော့ဘူး" ထို့နောက် လုလင်းဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "အဖေ အရှေ့နန်းဆောင်ထဲ မြန်မြန် ဝင်ရအောင်"

လုလင်းက ပြုံးလျက် အင်း ဟု အသံပြုလိုက်ပြီး မြေးနှစ်ယောက်ကို ပေါ့ပါးစွာ ပွေ့ချီလျက် အရှေ့နန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။

သားအဖနှစ်ယောက်သည် ကွဲကွာနေသည်မှာ ကြာမြင့်ပြီဖြစ်၍ ပြန်လည်ဆုံတွေ့ချိန်တွင် ပြောစရာစကားများ ပုံနေတော့သည်။

ရွှီအာနှင့် ရွှမ်းအာတို့သည်လည်း မခွဲခွာချင်ကြဘဲ လုလင်း၏ ဘေးနားတွင်သာ ကပ်နေကြသည်။ ချီယွင်သည် ပြုံးလျက် ရှေ့သို့တက်လာပြီး အကောင်းပြောကာ ချော့မော့လိုက်မှသာ မောင်နှမနှစ်ယောက်ကို ခေါ်ထုတ်သွားနိုင်တော့သည်။

ကလေးများ ထွက်သွားကြမှသာ အတွင်းခန်းဆောင်သည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထိုအချိန်ကျမှ လုလင်းသည် လုမင်ယွိကို သေချာကြည့်ရှုရန် အချိန်ရတော့သည်။ မျက်ဝန်းထဲတွင် သနားကြင်နာစိတ်နှင့် ရင်နာစိတ်များ အပြည့်ဖြင့် မေးလိုက်လေသည်။ "ရှောင်ယွိ မင်း ဒီရက်ပိုင်း နေကောင်းရဲ့လား"

...

All Chapters