အခန်း (၅၂၃-၅၂၅)
Vol. 35 Ch. 523-525
အပိုင်း (၅၂၃) လက်တုံ့ပြန်ခြင်း (၃)
လုလင်း၏ လေသံကို နားထောင်ရသည်မှာ လုမင်ယွိသည် မတရား ကြီးမားသော အနိုင်ကျင့်မှုကို ခံစားနေရသည့်အလားပင်။
တော်သေးသည်မှာ ယုံးကျားဧကရာဇ်သည် ဤနေရာတွင် ရှိမနေခြင်းဖြစ်သည်။ သို့မဟုတ်ပါက အမျက်ဒေါသထွက်ကာ သွေးအန်မည်မှာ သေချာလှသည်။
အမှန်မှာ လုမင်ယွိသည် နောက်ကွယ်မှနေ၍ ကောလာဟလများကို လှုံ့ဆော်ကာ တတိယမင်းသားကို အကျပ်ရိုက်စေခဲ့ခြင်း ဖြစ်သည်။ ကွမ်းပင်းနယ်စားမှာလည်း ဖြေရှင်းရန် စကားမရှိ ဖြစ်စေခဲ့ပြီး သာ့ဝေတိုင်းပြည်၏ ဧကရာဇ်ကိုပါ မျက်နှာပျက်စေခဲ့သည် မဟုတ်ပါလား။
ဤသည်ကို အနိုင်ကျင့်ခံရသည်ဟု ပြောရမည်လား။
လုမင်ယွိသည် နှုတ်ခမ်းထောင့်များ မြင့်တက်လာကာ ပြုံးရွှင်စွာ ပြောလိုက်လေသည်။ "ကျွန်မက နေ့တိုင်း ကောင်းကောင်းစား ကောင်းကောင်းအိပ်ပြီး စိတ်အခြေအနေလည်း အရမ်းကောင်းပါတယ်။ အဖေ ကျွန်မအတွက် စိတ်ပူစရာ မလိုပါဘူး"
ခဏရပ်ပြီးနောက် အဓိပ္ပာယ်ပါပါဖြင့် ထပ်ပြောလိုက်ပြန်သည်။ "လွန်ခဲ့တဲ့ရက်ပိုင်းက ချီယွင် နန်းတော်အပြင်ကနေ ပြန်လာတုန်း ကျွန်မအတွက် တောကြောင်မှတ်တမ်း ဆိုတဲ့ ပုံပြင်စာအုပ်တစ်အုပ် ဝယ်လာပေးတယ်။ အဲဒီစာအုပ်က ရေးထားတာ တကယ်ကို ယုတ္တိမရှိဘဲ ရသမြောက်လွန်းတယ်"
လုလင်းသည် မျက်ခုံးပင့်လိုက်ပြီး မျက်ဝန်းထဲတွင် ကျေနပ်ဂုဏ်ယူဟန်များ ဖြတ်ပြေးသွားသည်။ "မင်းလည်း ရသမြောက်တယ်လို့ ထင်လား"
သူကိုယ်တိုင်လည်း ကြီးမားသော တိုးတက်မှုဟု ခံစားမိလေသည်။
ယခင်က ရေးခဲ့သော ပုံပြင်စာအုပ်များနှင့် နှိုင်းယှဉ်လိုက်လျှင် ဤစာအုပ်သည် အလွန် ဆွဲဆောင်မှုရှိနေသည်။ အရင်စာအုပ်များမှာ သာမန်ကာလျှံကာသာ ဖြစ်ပြီး ပေါက်ကွဲအား မရှိသဖြင့် ရောင်းမစွံခြင်း ဖြစ်ပေမည်။
လုမင်ယွိသည် ဖခင်ဖြစ်သူ၏ တက်ကြွလှုပ်ရှားနေသော မျက်နှာထားကို ကြည့်ရင်း နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်မိလေသည်။ "အရမ်း ရသမြောက်ပါတယ်။ ကြားတာတော့ မြို့တော်ကနေ ကျင်းလင်မြို့အထိတောင် ရောင်းအားကောင်းနေတယ်ဆိုပဲ။ လက်ဖက်ရည်ဆိုင်တွေမှာ ပုံပြောတာတွေ၊ ပြဇာတ်ရုံတွေမှာ ကပြတာတွေလည်း အရမ်း ခေတ်စားနေတယ်တဲ့။ ဒီပုံပြင်စာအုပ်က တကယ်ကို နာမည်ကြီးနေပြီ"
လုလင်းသည် လုမင်ယွိကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။ "စိတ်မပူနဲ့။ အဖေ ဒီနေ့ နန်းတော်ထဲ ဝင်ပြီး အရှင်မင်းကြီးကို တွေ့ခဲ့တယ်။ ကွမ်းပင်းနယ်စားနဲ့ တတိယမင်းသားအတွက် ဝင်ပြောပေးခဲ့ပြီး အရှင်မင်းကြီးအပေါ် သစ္စာရှိကြောင်း ပြသခဲ့တယ်လေ။ အရှင်မင်းကြီးက အဖေ့ကို သံသယဝင်မှာ မဟုတ်ဘူး"
အလွန်ဆုံးရှိလှ စိတ်ထဲတွင် တိတ်တဆိတ် သံသယဝင်ရုံသာ ဖြစ်ပေမည်။
သက်သေအထောက်အထား မတွေ့ရှိသမျှ ကာလပတ်လုံး အချို့ကိစ္စများသည် မလုပ်ခဲ့သည်နှင့် အတူတူပင်။
အဓိကအချက်မှာ ရှင်းယန်စစ်တပ်အင်အား တစ်သိန်းကို ကိုင်တွယ်ထားသော လုလင်းသည် ဤကဲ့သို့ ပြုမူနိုင်လောက်အောင် ယုံကြည်မှုနှင့် အရည်အချင်း အပြည့်ရှိသောကြောင့်ပင်။
လုမင်ယွိသည်လည်း ထိုသဘောတရားကို ကောင်းစွာ နားလည်သဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "အဖေက ကျွန်မဘက်ကနေ ရပ်တည်ပေးလို့ ကျွန်မ အရမ်း ဝမ်းသာပါတယ်။ မျက်နှာပျက်စရာ ကိစ္စတွေ လုံးဝ မဖြစ်လာစေဘဲ အခုဆို လက်လျှော့လိုက်လို့ ရပါပြီ"
လုလင်းက ခေါင်းအသာညိတ်လိုက်သည်။ "အတိုင်းအတာကို အဖေ ကောင်းကောင်းသိပါတယ်။ စိတ်ချပါ" ထို့နောက် လုမင်ယွိ၏ ကျန်းမာရေးကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ "မင်း ကိုယ်ဝန်က ခြောက်လနီးပါး ရှိနေပြီနော်။ သန္ဓေသား အခြေအနေ ကောင်းရဲ့လား"
လုမင်ယွိသည် မတတ်သာသည့်အပြုံးဖြင့် သက်ပြင်းချလိုက်သည်။ "ဗိုက်ထဲက ဂျစ်ကန်ကန်လေးက အရမ်း ဆော့လွန်းတယ်။ တနေ့လုံး ဗိုက်ထဲမှာ လှုပ်နေတာပဲ။ ကျန်းမာလွန်းလို့ ပြောစရာတောင် မလိုတော့ဘူး"
လုလင်းသည် ရယ်မောလိုက်ကာ "ကလေး ကျန်းမာတာ ကောင်းတာပေါ့"
လုမင်ယွိ၏ ဗိုက်ထဲမှ ကလေးသည်လည်း မြေးတော်လေး တစ်ပါးပင်။
လုလင်းသည် သမီးဖြစ်သူကို အသက်တမျှ ချစ်ခင်သလို မြေးများကိုလည်း ထပ်တူပင် ချစ်ခင်လေသည်။ သို့သော် လုမင်ယွိသည် မင်းသားကြင်ရာတော် ဖြစ်သည့်အလျောက် မြေးတော်လေးတစ်ပါး ထပ်မွေးဖွားခြင်းသည် အရှေ့နန်းဆောင်အတွက် များစွာ အကျိုးရှိပေသည်။
သားအဖနှစ်ယောက်သည် စကားစမြည် ပြောဆိုပြီးနောက် လီကျင့်အကြောင်းကို ထည့်သွင်းပြောဆိုလာကြသည်။
"ထိုက်ဇီက ကျန့်ခရိုင်မှာ သုံးလလောက် နေခဲ့တယ်။ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရုံတင်မကဘူး။ ကျန့်ခရိုင်က လောဘကြီးပြီး အကျင့်ပျက်နေတဲ့ မူးမတ်တွေကိုလည်း ရှင်းလင်းပစ်ခဲ့တယ်" လုလင်းက ပြုံးလျက် ချီးကျူးလိုက်သည်။ "အခုဆို ကျန့်ခရိုင်တစ်ခုလုံး ရှင်းလင်းသွားပြီ။ ကျန့်ခရိုင်မှာ တာဝန်ထမ်းဆောင်ဖို့ သွားတဲ့ မူးမတ်တွေကလည်း ထိုက်ဇီနဲ့ ရင်းနှီးကြတယ်။ ထိုက်ဇီက ပြည်သူတွေကို ချစ်ခင်မြတ်နိုးတယ်ဆိုတဲ့ ဂုဏ်သတင်းကလည်း ပျံ့နှံ့နေပြီ။ နန်းတွင်းမှာလည်း နေရာရလာပြီ"
ဧကရာဇ်မင်းမြတ်၏ နှစ်သက်မှုကို မရရှိသော အိမ်ရှေ့စံသည် မိမိကိုယ်တိုင် ရပ်တည်နိုင်ပြီး နန်းတွင်းနှင့် ပြည်သူလူထုကြားတွင် ဂုဏ်သတင်းကျော်ကြားပါက ဧကရာဇ်မင်းမြတ်အနေဖြင့်လည်း မည်သို့မျှ မတတ်နိုင်ပေ။
လုမင်ယွိ၏ မျက်ဝန်းများ အရောင်လက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းသားက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို မရရှိတော့ တာဝန်ထမ်းဆောင်တဲ့အခါ ပိုပြီး ကြိုးစားရတာပေါ့"
လုလင်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး လုမင်ယွိနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။
အချို့စကားများကို ထုတ်ပြော၍ မရပေ။ သို့သော် သားအဖနှစ်ယောက်သည် စိတ်ချင်းဆက်နွယ်နေသဖြင့် ရှင်းလင်းစွာ ပြောစရာမလိုဘဲ နားလည်နေကြသည်။
လုလင်းသည် စဉ်းစားဆင်ခြင်ပြီးနောက် တိုးတိုးလေး ပြောလိုက်၏။ "အရှင်မင်းကြီးက ထက်မြက်တဲ့ မင်းမြတ်တစ်ပါးပါ။ ဒါပေမဲ့ မိသားစုကိစ္စတွေမှာတော့ နည်းနည်း ရှုပ်ထွေးနေတတ်တယ်။ စူးဖေးကြောင့် အရှေ့နန်းဆောင်နဲ့ စိတ်ဝမ်းကွဲခဲ့ရတယ်။ ဒါပေမဲ့ ထိုက်ဇီက အရှင်မင်းကြီး ကိုယ်တိုင် ခန့်အပ်ထားတဲ့ ထိုက်ဇီမင်းသားလေ။ ဂုဏ်သတင်းလည်း ကောင်းမွန်တယ်။ အမှားအယွင်းလည်း မရှိဘူး။ ကိုယ့်ဘာသာ တည်တည်ငြိမ်ငြိမ် နေနိုင်သရွေ့ ထိုက်ဇီရာထူးက တောင်ကြီးတစ်လုံးလို ခိုင်မြဲနေမှာပါ"
"မင်း နောက်ကွယ်ကနေ လှုပ်ရှားမှုအသေးစားလေးတွေ လုပ်တာကို အရှင်မင်းကြီးက အပြစ်ရှာဖို့ မလွယ်ကူဘူး။ ဒါပေမဲ့ ထိုက်ဇီကို သေချာမှာလိုက်ပါ။ သတိထားပြီးရင်း သတိထားဖို့လိုတယ်။ တချို့ကိစ္စတွေက မင်းလုပ်လို့ရပေမယ့် သူလုပ်လို့ မရဘူး"
လုမင်ယွိက ခေါင်းညိတ်လိုက်သည်။
လုလင်းက ထပ်မံမှာကြားပြန်သည်။ "ကောလာဟလတွေ ထွက်လာတော့ တတိယမင်းသားရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားပြီ။ ရေတိုကာလမှာတော့ ကြောက်စရာ မလိုတော့ဘူး။ ဒါပေမဲ့ ယုန်က အကျပ်ရိုက်ရင် ပြန်ကိုက်တတ်တယ်။ ပိုပြီး သတိထားဖို့ လိုတယ်"
လုမင်ယွိက ပြန်ဖြေလိုက်သည်။ "အဖေ ကျွန်မအတွက် စိတ်မပူပါနဲ့။ ကျွန်မ သတိထားပါ့မယ်"
ထိုနေ့ မွန်းတည့်ချိန်တွင် လုလင်းသည် အရှေ့နန်းဆောင်၌ နေ့လယ်စာ သုံးဆောင်လေသည်။
ပြင်ပမူးမတ်တစ်ဦးအနေဖြင့် အရှေ့နန်းဆောင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းသည် မသင့်လျော်ပေ။
လုလင်းသည် မခွဲခွာချင်သော်လည်း ပြန်ရမည့်အချိန် ရောက်လာခဲ့သည်။ မပြန်မီ ရွှီအာနှင့် ရွှမ်းအာတို့ကို အထပ်ထပ် မှာကြားလေသည်။ "မြေးတို့ရဲ့ မေမေက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ပင်ပန်းနေမှာ။ မြေးတို့ မောင်နှမနှစ်ယောက်ကိုလည်း ထိန်းရသေးတယ်။ မြေးတို့က မေမေ စိတ်ဆိုးအောင် မလုပ်ကြနဲ့နော်။ အဘိုးက အဝေးကြီးမှာ နေတာ။ တကယ်လို့ မေမေ စိတ်ဆိုးပြီး မြေးတို့ကို ရိုက်ရင် အဘိုး လာကယ်ဖို့ အချိန်မီမှာ မဟုတ်ဘူး"
ရွှီအာနှင့် ရွှမ်းအာတို့က လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်ကြသည်။
လုမင်ယွိသည် စိတ်ဆိုးရမလို ရယ်ရမလို ဖြစ်သွားသည်။ "အဖေ"
လုလင်းက ဟားတိုက်ရယ်မောလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။
လုမင်ယွိသည် ရင်းနှီးသော ကျောပြင်ကို ငေးကြည့်ရင်း ရင်ထဲတွင် လွမ်းဆွတ်မှုများ ပြည့်နှက်လာကာ နှာခေါင်းထိပ်များ ရှုံ့မဲ့လာတော့သည်။
လုလင်းသည် တစ်စုံတစ်ရာကို ခံစားမိသကဲ့သို့ အဝေးသို့ ရောက်နေပြီဖြစ်သော်လည်း လှည့်ကြည့်ကာ လုမင်ယွိကို လက်ပြနှုတ်ဆက်လေသည်။ လုမင်ယွိသည် မနေနိုင်တော့ဘဲ နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်မိလေသည်။
ရွှီအာက ရွှမ်းအာကို တိုးတိုးလေး ပြောလိုက်သည်။ "အဘိုး လာတော့ မေမေက အရမ်း ပျော်နေတာပဲ"
ရွှမ်းအာက မျက်လုံးလေး ကလည်ကလည် လုပ်လိုက်ပြီး "ငါတို့ မေမေကို ပြောရအောင်။ ဒီနေ့ စာမကျက်တော့ဘူး။ မြင်းစီးကွင်းမှာ မြင်းပုလေး သွားစီးမယ်လို့"
ရွှီအာသည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။ သို့သော် မောင်နှမနှစ်ယောက်သည် မည်သူကမှ ဦးအောင် မပြောရဲကြဘဲ တစ်ယောက်ကိုတစ်ယောက် တွန်းထိုးနေကြသည်။
လုမင်ယွိသည် ရယ်ချင်စိတ်ကို ထိန်းရင်း ကြည့်နေလိုက်သည်။ "ကဲ... တော်ကြပါတော့။ မူမပျက် လုပ်မနေကြနဲ့။ သားတို့ မြင်းပု စီးချင်နေတာ မဟုတ်လား။ ဒီနေ့ မေမေ လိုက်ပို့ပေးမယ်"
ရွှီအာနှင့် ရွှမ်းအာတို့သည် ချက်ချင်း မျက်နှာများ ဝင်းပသွားပြီး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ ချည်နှောင်ထားရာမှ လွတ်မြောက်သွားသော မြင်းရိုင်းလေးနှစ်ကောင်ကဲ့သို့ ပျော်ရွှင်နေကြတော့သည်။
လုမင်ယွိသည် ခဏမျှ ပြုံးရယ်နေပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်လိုက်ပြီး ချီယွင်ကို လှည့်မေးလိုက်သည်။ "ချီယွင် ငါ ပုံမှန်ဆို သူတို့အပေါ် အရမ်း တင်းကျပ်လွန်းနေသလား"
ချီယွင်က တိုးတိုးလေး ရယ်မောလိုက်သည်။ "နည်းနည်းလေးတော့ ပါတာပေါ့။ မင်းသားလေးနဲ့ မင်းသမီးလေးက အရမ်း ဉာဏ်ကောင်းကြပါတယ်။ စာကြိုးစားသလို သိုင်းသင်တာလည်း ကြိုးစားကြတယ်။ ဒါပေမဲ့ ကလေးဆိုတော့လည်း ဆော့ချင်တာ သဘာဝပဲလေ။ ညန်ညန် အရမ်း စိတ်မလောပါနဲ့။ ဖြည်းဖြည်းချင်း သင်ပေးလို့ ရပါတယ်"
လုမင်ယွိသည် ပြုံးလျက် သက်ပြင်းချလိုက်သည်။ "ကောင်းပြီ။ ငါ နင့်စကား နားထောင်ပါ့မယ်။ နောက်ဆို သူတို့အပေါ် နည်းနည်း လျှော့ပေးလိုက်မယ်"
ယခင်ဘဝက သူမသည် တစ်ဦးတည်းသော သားဖြစ်သူကို အသက်တမျှ ချစ်ခင်ခဲ့သည်။ လီဟောက် သေဆုံးပြီးနောက် သူမ၏ စိတ်နှလုံးတစ်ခုလုံးကို သားဖြစ်သူအပေါ်တွင် ပုံအပ်ထားခဲ့သည်။
သို့သော် နောက်ဆုံးတွင်တော့ သူမသည် သားဖြစ်သူ ကိုယ်တိုင် ယူလာပေးသော မုန့်ကို စားမိပြီး သေဆုံးခဲ့ရသည်။ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးတွင် အပြစ်မရှိကြောင်း သူမ သိသော်လည်း ရင်ထဲတွင်တော့ နက်ရှိုင်းသော ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်။
ထိုဒဏ်ရာသည် သူမအပေါ် သက်ရောက်မှု မရှိသယောင် ထင်ရသော်လည်း အမှန်တကယ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။
ဤဘဝတွင် သူမသည် သားသမီးနှစ်ဦးအပေါ် စည်းကမ်းတင်းကျပ်လွန်းခဲ့မိသည်။
ချီယွင်သည် ပြုံးလျက် ရှေ့သို့တက်လာပြီး လုမင်ယွိကို တွဲကူပေးလိုက်သည်။ "ညန်ညန်က မင်းသားလေးနဲ့ မင်းသမီးလေးကို ထူးချွန်စေချင်လို့ နေရာတိုင်းမှာ စည်းကမ်းကြီးနေတာပါ။ ဒါကလည်း ညန်ညန်ရဲ့ မေတ္တာစေတနာပါပဲ။ သူတို့က ငယ်သေးတော့ ဒီစေတနာကို ဘယ်နားလည်နိုင်ဦးမလဲ။ နောက်ဆို ကြီးလာရင် နားလည်လာကြမှာပါ"
လုမင်ယွိက ပြုံးလျက် အင်း ဟု အသံပြုလိုက်ပြီး သားသမီးများကို လှမ်းခေါ်လိုက်သည်။ "လာ... မေမေ သားတို့ကို မြင်းပု သွားစီးဖို့ လိုက်ပို့ပေးမယ်"
ရွှီအာနှင့် ရွှမ်းအာတို့သည် စိတ်လှုပ်ရှားစွာဖြင့် ထူးလိုက်ကြပြီး ပြေးလာကာ လုမင်ယွိ၏ ဘယ်ညာလက်များကို ဆုပ်ကိုင်လိုက်ကြကာ မျက်နှာလေးများမှာလည်း ပျော်ရွှင်ကြည်နူးနေကြသည်။
လုမင်ယွိသည် သားသမီးများ ဤမျှ စိတ်လှုပ်ရှား ပျော်ရွှင်နေသည်ကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ ပြုံးလိုက်မိလေတော့သည်။
...
အပိုင်း (၅၂၄) ညီအစ်ကိုများ
ထိုနေ့တွင် ယုံးကျားဧကရာဇ်သည် လျိုကုန်းကုန်းကို တတိယမင်းသား၏ အိမ်တော်သို့ စေလွှတ်၍ အားဆေးများစွာကို ချီးမြှင့်စေခဲ့သည်။
တစ်လကျော်ကြာ နေမကောင်းဖြစ်၍ နားနေခဲ့သော တတိယမင်းသား လီဟောက်သည် သိသိသာသာ ပိန်ကျသွားပြီး မျက်နှာသွင်ပြင်လည်း ညှိုးနွမ်းနေသဖြင့် အမှန်တကယ် ဖျားနာခဲ့သည့်ပုံစံ ပေါက်နေ၏။
လျိုကုန်းကုန်းသည် စိတ်ထဲတွင် တိတ်တဆိတ် နှမြောတသဖြစ်မိသွားတော့သည်။
မူလက နာမည်ဂုဏ်သတင်း ကြီးမားနေသော တတိယမင်းသားသည် ယခုအခါ ကောလာဟလများကြောင့် နာမည်ပျက်သွားခဲ့ရသည်။ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ ပြောသလောက် မလွယ်ကူလှပေ။
"အရှင်မင်းကြီးက အားဆေးတွေ လာပို့ခိုင်းပြီး မင်းသားကိုလည်း စကားပါးလိုက်ပါတယ်” လျိုကုန်းကုန်းက ရိုသေစွာဖြင့် ပြောလိုက်သည်။ "မင်းသားကို စိတ်အေးလက်အေးနဲ့ အနားယူစေချင်ပါတယ်တဲ့။ ရောဂါပျောက်ကင်းသွားရင်တော့ နန်းတော်ထဲ ဝင်ပြီး အရှင်မင်းကြီးကို လာတွေ့ပါလို့ မှာလိုက်ပါတယ်"
"လျိုကုန်းကုန်း နန်းတော်ပြန်ရောက်ရင် ကျွန်တော့်အစား ဖုဟွမ်ရဲ့ ကျေးဇူးတော်ကို ပြန်လည်လျှောက်တင်ပေးပါဦး" လီဟောက်သည် ကိုယ်တိုင် အနီရောင်စာအိတ်ကြီးကို ယူပြီး လျိုကုန်းကုန်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ "လျိုကုန်းကုန်း ဒီတစ်ခေါက် ပင်ပန်းသွားပါပြီ"
လျိုကုန်းကုန်းသည် ယုံးကျားဧကရာဇ်ကို နှစ်ပေါင်းများစွာ ခစားလာသူဖြစ်သဖြင့် ထူးခြားသော အရည်အချင်းများ ရှိပြီးသားပင်။ မင်းသားများ၏ အတက်အကျ အခြေအနေကို ဂရုမစိုက်ဘဲ အမြဲတမ်း ရိုသေလေးစားမှု ရှိနေတတ်ပြီး မည်သူ့ကိုမျှ အပြစ်ပြောစရာ ဖြစ်အောင် မနေတတ်ပေ။ "မင်းသားရဲ့ ဆုချီးမြှင့်မှုကို ကျေးဇူးတင်ပါတယ်"
လျိုကုန်းကုန်း ပြန်သွားပြီးနောက် မုန့်ယွင်လော်သည် မျက်ဝန်းအိမ်များ နီရဲလျက် ပြောလိုက်သည်။ "ဖုဟွမ်က အရှင်မင်းသားကို အမြဲတမ်း စိတ်ပူနေတာပဲ။ အရှင်မင်းသား မြန်မြန် နေကောင်းအောင် လုပ်ပြီး နန်းတော်ထဲဝင် ဖုဟွမ်ကို ဂါရဝသွားပြုလိုက်ပါ"
လီဟောက်သည် အစပိုင်းတွင် အခြေအနေကို ရှောင်တိမ်းရန်အတွက်သာ နေမကောင်းကြောင်း အကြောင်းပြခဲ့ခြင်းဖြစ်သည်။
သို့သော် ကွမ်းပင်းနယ်စားနှင့် စူးဖေးတို့ ဖောက်ပြန်ပြီး တတိယမင်းသားမှာ ကွမ်းပင်းနယ်စား၏ သားအရင်းဖြစ်သည်ဟူသော ကောလာဟလများ ထွက်ပေါ်လာချိန်တွင် လီဟောက်သည် ရေပုပ်ရေစပ်များဖြင့် အပက်ခံလိုက်ရသကဲ့သို့ နာမည်ပျက်သွားခဲ့သည်။ လီဟောက်သည် ဒေါသနှင့် ထိတ်လန့်မှုများ ရောထွေးနေပြီး ဖြေရှင်း၍ မရနိုင်သော အခြေအနေကြောင့် အမှန်တကယ် လဲကျသွားခဲ့ရသည်။
တောကြောင်မှတ်တမ်း ထွက်ပေါ်လာချိန်တွင် လီဟောက်၏ ရောဂါအခြေအနေသည် ပိုမိုဆိုးရွားသွားခဲ့သည်။ ယနေ့မှသာ အားတင်း၍ အိပ်ရာမှ ထလာနိုင်ခြင်းပင်။
မုန့်ယွင်လော်သည်လည်း ဒီရက်ပိုင်းတွင် အတော်လေး ပိန်ကျသွားပြီး မျက်နှာအဆင်း မလှမပ ဖြစ်နေကာ မျက်ခုံးများလည်း တွန့်ချိုးနေသည်။ သို့သော် ခင်ပွန်းသည်ကို အတတ်နိုင်ဆုံး နှစ်သိမ့်ပေးနေရရှာသည်။
လီဟောက်သည် စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်သည့်အလျောက် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။ "ငါသာ စိတ်ဓာတ်ကျပြီး ပြန်မထနိုင်ရင် ရန်သူတွေ ဝမ်းသာပြီး ဆွေမျိုးတွေ ဝမ်းနည်းရလိမ့်မယ်။ စိတ်မပူပါနဲ့။ ငါ တောင့်ခံနိုင်ပါတယ်"
ခဏရပ်ပြီးနောက် မုန့်ယွင်လော်ကို နူးညံ့စွာ ပြောလိုက်ပြန်သည်။ "ဒီရက်ပိုင်း မင်းလည်း ပင်ပန်းနေမှာပဲ။ အိမ်ပြင်မထွက်ရဘဲ အိမ်ထဲမှာ ငါ့ကို ပြုစုနေရတာ"
မုန့်ယွင်လော်သည် လက်ကိုင်ပုဝါဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး ရှိုက်သံဖြင့် ပြောလိုက်သည်။ "ရှင်သာ နေပြန်ကောင်းလာမယ်ဆိုရင် နှစ်လသုံးလမကဘူး။ နှစ်နှစ်လောက် ဒီလိုနေရလည်း ကျွန်မ ကျေနပ်ပါတယ်"
လက်ရှိအခြေအနေတွင် သူမသည်လည်း အပြင်ထွက်ပြီး လူတောတိုးရဲသည် မဟုတ်ပေ။
လီဟောက်သည် မုန့်ယွင်လော်ကို နှစ်သိမ့်ပြီးနောက် သူမထွက်သွားမှ စာကြည့်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
အိမ်တော်ထိန်းလျောင်နှင့် အကြံပေးနှစ်ဦးတို့သည် သခင်ဖြစ်သူကို ကြိုဆိုလိုက်ကြပြီး တစ်ယောက်တစ်မျိုး နှစ်သိမ့်စကား ပြောဆိုကြသည်။ ပြောစကားများမှာ "အရှင်မင်းကြီးက အားဆေးတွေ လာပို့ခိုင်းတာကို ကြည့်ရင် မင်းသားကို အမြဲတမ်း သတိရနေတာပါ" ဟူသော စကားမျိုးသာ ဖြစ်သည်။
လီဟောက်သည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသော်လည်း မျက်နှာပေါ်တွင် အပြုံးအရိပ်အယောင် လုံးဝ မရှိပေ။ "ဖုဟွမ်က မျက်နှာပျက်ခဲ့ရတာလေ။ ဘယ်လောက်တောင် ဒေါသထွက်နေမလဲ မသိဘူး။ တကယ်သာ ငါ့ကို သတိရရင် ဒီလောက်ကြာမှ လျိုကုန်းကုန်းကို လွှတ်လိုက်မှာ မဟုတ်ဘူး"
"ဒီကိစ္စတွေကို ငါ ကောင်းကောင်းသိပါတယ်။ စိတ်ထဲမှာလည်း ပြင်ဆင်ထားပြီးသားပါ။ မူလက ကောင်းမွန်နေတဲ့ အခြေအနေတွေ အကုန်လုံး ပျက်စီးသွားပြီ။ နောက်ပိုင်း ကောလာဟလတွေ ငြိမ်သွားလို့ နန်းတော်ထဲ ပြန်ဝင်ရင်တောင် အရင်ကလို မျက်နှာသာပေးခံရတော့မှာ မဟုတ်ဘူး"
အိမ်တော်ထိန်းလျောင်နှင့် အကြံပေးနှစ်ဦးတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။
ဤမျှ ထင်ရှားသော အဖြစ်အပျက်ကို မည်သူမဆို မြင်နိုင်ပေသည်။ သူတို့သည် သခင်ကို နှစ်သိမ့်ပေးချင်သော်လည်း ပြောစရာစကား မရှိသလောက် ဖြစ်နေသည်။
လီဟောက်သည် အရှေ့နန်းဆောင်ကို တိုက်ခိုက်ရန် စီစဉ်ခဲ့ပြီး ယုံးကျားဧကရာဇ်၏ ရင်ထဲတွင် ဆူးတစ်ချောင်းပြီး တစ်ချောင်း စိုက်ဝင်စေခဲ့သည်။ ထိုအရာက ယုံးကျားဧကရာဇ်နှင့် အရှေ့နန်းဆောင်ကြားတွင် အဖုအထစ် ဖြစ်စေခဲ့သည်။
အရှေ့နန်းဆောင်၏ တန်ပြန်တိုက်ခိုက်မှုသည် မြန်ဆန်ပြီး ပြင်းထန်လွန်းလှသည်။
လီဟောက်သည် အခြေခံအုတ်မြစ် မခိုင်မာသေးသဖြင့် သူမှီခိုအားထားရသည်မှာ ဧကရာဇ်မင်းမြတ်၏ မျက်နှာသာပေးမှုနှင့် ယောက္ခမဖြစ်သူ ကွမ်းပင်းနယ်စား၏ ထောက်ခံမှုတို့ ဖြစ်သည်။ ယခုအချိန်တွင်တော့ ထိုနှစ်ခုစလုံး ပြတ်တောက်သွားခဲ့ပြီ။
ယုံးကျားဧကရာဇ်၏ စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်နေပြီဖြစ်သည်။ နောင်တွင် သူသည် ကွမ်းပင်းနယ်စားနှင့် ဆက်ဆံရေးကို ဖြတ်တောက်ပြီး အကွာအဝေးတစ်ခု ထားရှိရတော့မည်။ သို့မဟုတ်ဘဲ ရင်းနှီးစွာ ဆက်ဆံနေလျှင် ယုံးကျားဧကရာဇ်၏ မနှစ်မြို့မှုနှင့် သံသယကို ခံရပေလိမ့်မည်။
ဤအချက်သည် အရှေ့နန်းဆောင်၏ အဆိုးရွားဆုံးသော တိုက်ခိုက်မှုပင်။
အိမ်တော်ထိန်းလျောင်သည် တတိယမင်းသား၏ အိမ်တော်ထိန်း ဖြစ်သည်။ နောင်တွင် လီဟောက်သည် မြို့တော်မှထွက်ခွာပြီး နယ်မြေအုပ်ချုပ်ရသည့်အခါ အိမ်တော်ထိန်းလျောင်သည်လည်း မိသားစုလိုက် လိုက်ပါသွားရလိမ့်မည်။ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွား အားလုံးသည် လီဟောက်အပေါ်တွင် မူတည်နေသည်။ အကြံပေးနှစ်ဦးသည်လည်း ထိုနည်းလည်းကောင်းပင်။
ထို့ကြောင့် လီဟောက် ဤသို့ အခြေအနေဆိုးနှင့် ကြုံတွေ့နေရသည်ကို သူတို့က လီဟောက်ထက်ပင် ပိုပြီး စိုးရိမ်ပူပန်နေကြသည်။ ဦးနှောက်ခြောက်မတတ် စဉ်းစားပြီး အကြံဉာဏ်များ ပေးနေကြရသည်။
"မင်းသားက ဒီတိုင်း ငြိမ်နေလို့ မဖြစ်ဘူး။ မျက်နှာပြဖို့ အခွင့်အရေးကောင်း တစ်ခု ရှာရမယ်"
"နောက်တစ်လနေရင် ပဉ္စမမင်းသားရဲ့ မင်္ဂလာပွဲ ကျင်းပတော့မယ်။ မင်းသားက ဒီတစ်လအတွင်း ကျန်းမာရေး ကောင်းအောင် နေလိုက်ပါ။ အဲဒီကျရင် ပဉ္စမမင်းသားအတွက် မင်္ဂလာပွဲ စီစဉ်ပေးရမှာလေ"
"မြို့တော်မှာ သတင်းအသစ်တွေက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေတာ။ နောက်တစ်လလောက်ဆိုရင် မင်းသားနဲ့ ပတ်သက်တဲ့ ကောလာဟလတွေလည်း မေ့ပျောက်လုနီးပါး ဖြစ်သွားလောက်ပြီ။ အဲဒီအချိန်ကျရင် မင်းသား မျက်နှာပြလို့ အဆင်ပြေသွားပြီ"
လီဟောက်သည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံ ထွက်ပေါ်လာ၏။
လီဟောက်က လေသံမာမာဖြင့် မေးလိုက်သည်။ "ဘယ်သူလဲ"
"အစ်ကို ကျွန်တော်ပါ" တံခါးအပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
လီချန်သည် လူပျိုဖော်ဝင်စ အရွယ်ရောက်နေသဖြင့် အသံမှာ အနည်းငယ် စူးရှအက်ကွဲနေပြီး မှတ်မိလွယ်သည်။ လီဟောက်သည် ကြားလိုက်သည်နှင့် ချက်ချင်းသိလိုက်ပြီး အကြံပေးများကို တံခါးဖွင့်ပေးရန် မျက်ရိပ်ပြလိုက်သည်။
မကြာသေးမီက လီဟောက် နေမကောင်းဖြစ်နေသဖြင့် လီချန်ကို ဂရုစိုက်ရန် စိတ်အင်အား မရှိခဲ့ပေ။
လီချန်သည် အစားအသောက် မရှောင်ဘဲ သိုင်းပညာကိုလည်း ကောင်းမွန်စွာ လေ့ကျင့်ခြင်း မရှိသဖြင့် ခန္ဓာကိုယ်မှာ ပိုပြီး ဝဖြိုးလာသည်။ လမ်းလျှောက်လျှင် မျက်နှာပေါ်မှ အသားများ တုန်ခါနေပြီး မျက်လုံးများမှာလည်း အဆီများကြောင့် မှေးကျဉ်းနေလေသည်။
လီဟောက်သည် လီချန်ကို ကြည့်လိုက်ပြီး ဒေါသထွက်သွားသည်။ "နောက်တစ်လဆို မင်း မင်္ဂလာဆောင်ရတော့မှာ။ မင်းရဲ့ ပုံစံကိုလည်း ပြန်ကြည့်ဦး။ အပြင်ထွက်ရင် လူတွေ ရယ်မောတာ မခံရဘူးလား"
လီချန်သည် အစ်ကိုဖြစ်သူကို ပြန်မပြောရဲဘဲ တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဒီလပိုင်းတွေမှာ အရယ်ခံရတာ နည်းလို့လား။ အစ်ကိုဆို မျိုးရိုးဇာစ်မြစ်ကအစ အပြောခံနေရတာ။ ကျွန်တော် အပြောခံရတာက ဘာမှ မဟုတ်ပါဘူး"
လီဟောက် "..."
အိမ်တော်ထိန်းလျောင်နှင့် အကြံပေးနှစ်ဦးတို့သည် သခင်ဖြစ်သူ၏ မျက်နှာထား မည်းမှောင်သွားသည်ကို မကြည့်ရဲဘဲ အတူတကွ ဦးညွှတ်နှုတ်ဆက်ပြီး ထွက်ခွာသွားကြသည်။
...
မကြာမီတွင် စာကြည့်ခန်းထဲ၌ ညီအစ်ကိုနှစ်ယောက်သာ ကျန်ရစ်တော့၏။
လီချန်သည် အစ်ကိုဖြစ်သူ၏ စူးရှသော အကြည့်များကြောင့် ဒူးထောက်လုနီးပါး ဖြစ်သွားပြီး မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။ "ကျွန်တော်က ပါးစပ်ထဲ ရှိတာ လျှောက်ပြောလိုက်တာပါ။ အစ်ကိုကို လှောင်ပြောင်ချင်တဲ့သဘော မရှိပါဘူး။ အစ်ကို ကျွန်တော့်ကို ခွင့်လွှတ်ပါ"
လီဟောက်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာ ကြည့်လိုက်သည်။ "လီချန်"
လီချန်၏ ကျောပြင်တွင် အေးစိမ့်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားကာ ခါးကို မတ်လိုက်မိသည်။ "အစ်ကို စိတ်မဆိုးပါနဲ့။ အားလုံး ကျွန်တော့်အမှားပါ။ ကျွန်တော် စကား မဆင်ခြင်မိဘူး..."
"ပါးစပ်ပိတ်ထား" လီဟောက်၏ မျက်နှာတွင် နှင်းရိုက်ထားသကဲ့သို့ အေးစက်နေသည်။ "မင်း စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာ ငါ အကုန်သိတယ်"
"မင်းက နာမည်ပျက်နေတဲ့ ငါ့လိုအစ်ကိုကို ရွံရှာနေရင် ဒီမှာ ဆက်မနေနဲ့တော့။ နောက်တစ်လဆိုရင် မင်း မင်္ဂလာဆောင်ရတော့မှာပဲ။ မင်းရဲ့ ပဉ္စမမင်းသား အိမ်တော်ကို ကြိုပြီး ပြောင်းနေလိုက်တော့"
လီချန်သည် လန့်ဖျပ်သွားပြီး ကြောက်ရွံ့မှုကို ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့ ပြေးတက်ကာ အစ်ကိုဖြစ်သူ၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး "အစ်ကို ကျွန်တော် ဘယ်တုန်းက အစ်ကိုကို ရွံရှာလို့လဲ။ ကျွန်တော်တို့က အမေတူ အဖေတူ ညီအစ်ကိုအရင်းတွေလေ။ ဒီလောကကြီးမှာ အစ်ကိုကလွဲရင် ဘယ်သူက ကျွန်တော့်ကို ဂရုစိုက်မှာလဲ"
"ကျွန်တော် စကားမှားသွားလို့ အစ်ကို စိတ်မကြည်ရင် ကျွန်တော့်ကို စိတ်ကျေနပ်တဲ့အထိ ရိုက်လိုက်ပါ။ ကျွန်တော့်ကို ပစ်မထားပါနဲ့"
ပြောရင်းဆိုရင်း မျက်ရည်များ တသွင်သွင် စီးကျလာပြီး မျက်ရည်၊ နှပ်ရည်များဖြင့် ရှုပ်ပွနေသော မျက်နှာဝိုင်းကြီးမှာ တုန်ခါနေသဖြင့် သနားစရာ ကောင်းသလို ရွံရှာစရာလည်း ကောင်းနေသည်။
လီဟောက်သည် နှုတ်ခမ်းပါးကို စေ့ထားပြီး မျက်ဝန်းထဲတွင် အေးစက်မှုများ ပြည့်နှက်နေသည်။ "ဆက်ပြီး မငိုနဲ့တော့။ မင်း မသွားချင်ရင် နောက်ထပ် လဝက်လောက် ဆက်နေလိုက်။ လဝက်နေရင်တော့ ပဉ္စမမင်းသား အိမ်တော်ကို ပြောင်းရမယ်။ နောက်ဆို မင်း အိမ်ထောင်ကျရင် လူကြီးဖြစ်ပြီ။ နားမလည်တဲ့ ကလေးတစ်ယောက်လို အစ်ကိုကိုချည်း မှီခိုနေလို့ မရတော့ဘူး"
...
အပိုင်း (၅၂၅) ကိုယ်ဝန် (၁)
လီချန်သည် တစ်နာရီခန့်ကြာအောင် ငိုကြွေးသော်လည်း အစ်ကိုဖြစ်သူကို စိတ်ပျော့သွားအောင် မလုပ်နိုင်ခဲ့ပေ။
နောက်ဆုံးတွင် လီချန်သည် မျက်လုံးများ မို့အစ်ပြီး အညှာပြုတ်သွားသည့် ခရမ်းသီးတစ်လုံးကဲ့သို့ ညှိုးနွမ်းစွာဖြင့် သူ၏ ခြံဝင်းထဲသို့ ပြန်သွားရလေသည်။
လီချန် ပြန်သွားပြီးနောက် လီဟောက်သည် စာကြည့်ခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေခဲ့သည်။
စာကြည့်ခန်းထဲတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေ၏။
မိုးသည် တဖြည်းဖြည်း ချုပ်လာသဖြင့် အလင်းရောင် အားနည်းလာလေသည်။ လီဟောက်၏ ချောမောသော မျက်နှာသည်လည်း တဖြည်းဖြည်း ဝါးတားတား ဖြစ်လာသည်။ သို့သော် သူ၏ မျက်ဝန်းထဲမှ ရက်စက်သော အရိပ်အယောင်များကတော့ အလွန် တောက်ပနေသည်။
ဤကိစ္စသည် လီကျင့်နှင့် မသက်ဆိုင်ဘဲ အစမှအဆုံးအထိ လုမင်ယွိ၏ လက်ချက်သာ ဖြစ်သည်။
ဤတစ်ကြိမ် တိုက်ခိုက်မှုကြောင့် သူ၏ ဂုဏ်သိက္ခာသည် လုံးဝ ပျက်စီးသွားခဲ့ပြီး ကွမ်းပင်းနယ်စားနှင့် ယောက္ခမ သားမက် ဆက်ဆံရေးလည်း ပြတ်တောက်သွားခဲ့ရသည်။ ထို့အပြင် ဧကရာဇ်မင်းမြတ်၏ စိတ်ကိုလည်း ဆုံးရှုံးလိုက်ရသည်။
သူမသည် သူ့ကို ဤမျှ မုန်းတီးနေသည်လား။ အရင်က သံယောဇဉ်ဟောင်းများကို အနည်းငယ်လေးတောင် မထောက်ထားတော့ပြီလား။
...
ထိုညတွင် ပဉ္စမမင်းသား၏ အိမ်တော်အတွင်း၌ ၁၄နှစ်အရွယ် နန်းတွင်းအစေခံမလေးတစ်ဦးသည် နှိပ်စက်ခံရပြီး အသက်ပျောက်သွားလေသည်။ မိုးမလင်းမီမှာပင် ဖျာကြမ်းဖြင့်ပတ်ကာ အိမ်တော်အပြင်သို့ ထုတ်သွားခဲ့ပြီး မည်သည့်နေရာတွင် မြှုပ်နှံလိုက်သည်ကို မည်သူမျှ မသိကြပေ။
ဤကဲ့သို့သော ကိစ္စမျိုးသည် ပထမဆုံးအကြိမ် မဟုတ်တော့ပေ။
လီဟောက်သည် ဘာမှ ဝင်မပြောသလို မုန့်ယွင်လော်သည်လည်း မသိချင်ယောင်ဆောင်နေခဲ့သည်။
တတိယမင်းသား အိမ်တော်၏ တံခါးမကြီးသည် ဆက်လက် ပိတ်ထားဆဲပင်။
သို့သော် ထိုနေ့မှစ၍ ယုံးကျားဧကရာဇ်သည် ရက်အနည်းငယ်ခြားတစ်ခါ ပစ္စည်းများ လာရောက်ပို့ဆောင်ပေးသဖြင့် တတိယမင်းသားသည် မိမိ၏ သားအရင်းမဟုတ်ဟု အမှန်တကယ် သံသယမဝင်ကြောင်း သိသာထင်ရှားနေသည်။
တတိယမင်းသား အိမ်တော်ရှိ လူအားလုံးသည် တိတ်တဆိတ် သက်ပြင်းချနိုင်ကြလေသည်။
ဆူညံနေသော ကောလာဟလများသည်လည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။
သို့သော် နန်းတော်ထဲတွင်တော့ လူများပြီး ပြဿနာများသဖြင့် လုံးဝ ငြိမ်းချမ်းသွားမည် မဟုတ်ပေ။
"ထိုက်ဇီဖေး" ချီယွင်က တိုးတိုးလေး လာရောက် သတင်းပို့သည်။ "ဟွမ်ဟုပ်ညန်ညန်က ချိုင်လန်ကို လွှတ်ပြီး စကားပါးလိုက်ပါတယ်။ ယိဟွားနန်းဆောင်က စူးကွေ့ရန် ကိုယ်ဝန် သုံးလ ရှိနေပြီလို့ သမားတော်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်တဲ့"
လုမင်ယွိသည် မျက်မှောင်ကြုတ်လိုက်သည်။
စူးကွေ့ရန်သည် နန်းတော်ထဲသို့ ဝင်ရောက်ပြီး လဝက်ခန့်သာ မျက်နှာပန်းလှခဲ့ပြီးနောက် လုံးဝ အရေးပေးခြင်း မခံရတော့ပေ။
ယုံးကျားဧကရာဇ်သည် ဒေါသကြောင့် ဤနှစ်လကျော်အတွင်း ယိဟွားနန်းဆောင်သို့ လုံးဝ ခြေဦးမလှည့်ခဲ့ပေ။ လူတိုင်းကလည်း စူးကွေ့ရန်ကို မေ့လျော့နေခဲ့ကြသည်။ မထင်မှတ်ထားသည်မှာ စူးကွေ့ရန်တွင် ကိုယ်ဝန်ရှိနေခြင်းပင်။
"ချီယွင် ငါတို့ ကျောင်းဖန်နန်းဆောင်ကို သွားကြမယ်" လုမင်ယွိက မတ်တပ်ထရပ်လိုက်သည်။
ချီယွင်သည် အသိစိတ်ကြောင့် လုမင်ယွိ၏ လက်မောင်းကို ချက်ချင်း တွဲကူလိုက်သည်။ "ညန်ညန် သတိထားပါဦး။ ကိုယ်ဝန် ထိခိုက်မှာ စိုးရိမ်ရပါတယ်"
လုမင်ယွိက ပေါ့ပါးစွာ ပြောလိုက်သည်။ "ဒီလောက် ကိစ္စလေးနဲ့ ငါက စိတ်ဆိုးမှာတဲ့လား။ စိတ်မပူပါနဲ့။ ငါ မူဟုပ်ကို စိတ်မချလို့ ကျောင်းဖန်နန်းဆောင်ကို သွားကြည့်တာပါ"
ချီယွင်သည် ဆက်မပြောတော့ဘဲ လုမင်ယွိ၏ လက်မောင်းကို တွဲကူလျက် လိုက်ပါသွားလေသည်။
လုမင်ယွိသည် ချီယွင်၏ စေတနာကို မငြင်းဆန်ဘဲ ကျောင်းဖန်နန်းဆောင်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
နန်းဆောင်ထဲသို့ ဝင်လိုက်သည်နှင့် မုန့်ဖေး၏ အသံကို ကြားလိုက်ရသည်။ "... ချန်ချဲ့ ကြားတာတော့ စူးကွေ့ရန်မှာ ကိုယ်ဝန်ရှိနေပြီတဲ့။ ဒါကြောင့် ညန်ညန်ကို လာပြီး သတိပေးတာပါ။ အရင်တုန်းက ကောလာဟလတွေ အရမ်း ကျယ်လောင်ခဲ့တယ်လေ။ စူးကွေ့ရန်က နန်းတော်ထဲမဝင်ခင် တတိယမင်းသား အိမ်တော်မှာ နေခဲ့တာဆိုတော့ ဒီကလေးက အရှင်မင်းကြီးရဲ့ သွေးသား ဟုတ်မဟုတ် သေချာပါ့မလား... အိုး ကြည့်ပါဦး။ ကျွန်မ ပါးစပ်က ဘာတွေ လျှောက်ပြောမိပါလိမ့်"
ဤစကားများသည် အလွန် ရိုင်းစိုင်းလှသည်။
လုမင်ယွိသည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ရှေ့သို့ တိုးဝင်လိုက်သည်။
သူမ ဂါရဝမပြုမီမှာပင် ချောင်မိဖုရားခေါင်က လှမ်းပြောလိုက်သည်။ "မင်းမှာ ကိုယ်ဝန်နဲ့ဆိုတော့ ဂါရဝမပြုပါနဲ့တော့။ မြန်မြန် ထိုင်ပါ"
လုမင်ယွိသည် ပြုံးလျက် လက်ခံလိုက်ပြီး မုန့်ဖေး၏ ရန်တိုက်ပေးလိုသော မျက်နှာကို တစ်ချက်ကြည့်ကာ မုန့်ဖေး၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
မုန့်ဖေးသည် မျက်နှာကို အနည်းငယ် ထိန်းသိမ်းတတ်သေးသည်။ နောက်ကွယ်တွင် အတင်းပြောနေသည်ကို လုမင်ယွိနှင့် တည့်တည့်တိုးသဖြင့် နေရခက်သွားပြီး ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။ "ထိုက်ဇီဖေးလည်း ရောက်လာတာလား"
လုမင်ယွိက အေးဆေးစွာ ပြောလိုက်၏။ "စူးကွေ့ရန် ကိုယ်ဝန်ရှိတာ နောက်နန်းဆောင်အတွက် ဝမ်းသာစရာ ကိစ္စတစ်ခုပဲလေ။ ဒါကြောင့် မူဟုပ်ကို ဂုဏ်ပြုစကား လာပြောတာပါ။ မထင်မှတ်ထားဘူး။ မုန့်ဖေးက ကျွန်မထက်တောင် စောရောက်နေတာပဲ"
"မုန့်ဖေး ခုနက ပြောတဲ့စကားတွေကိုလည်း ကျွန်မ ကြားလိုက်ပါတယ်။ ကျွန်မ မုန့်ဖေးကို အကြံပေးချင်တာက ပါးစပ်ကို စောင့်ထိန်းပါလို့။ ဒီလိုစကားမျိုးကို ဖုဟွမ် ကြားသွားရင် တော်တော်လေး အမျက်ဒေါသ ထွက်လိမ့်မယ်။ အဲဒီကျရင် အရေးယူခံရမှာ စိုးလို့ပါ"
မုန့်ဖေး "..."
ဟန်ဆောင်ကောင်းလိုက်တာ။
ကောလာဟလတွေ ဘယ်ကစလဲဆိုတာ သူ မသိဘူးလို့ ထင်နေလား။ အခုကျတော့ တရားသူကြီး မျက်နှာဖုံးစွပ်ပြီး လာသတိပေးနေတယ်တဲ့။ ဘယ်လိုများ ပြောထွက်ပါလိမ့်။
မုန့်ဖေးသည် စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း နှုတ်မှ တစ်လုံးတစ်ပါဒမျှ မပြောရဲပေ။ အကြောင်းမှာ အရှေ့နန်းဆောင်သည် အစကတည်းက ဝင်မပါဘဲ သန့်ရှင်းနေသောကြောင့်ပင်။ လူတိုင်းက စိတ်ထဲတွင် ထင်ကြေးပေးနေကြသော်လည်း လုမင်ယွိ၏ ရှေ့မှောက်တွင် မည်သူကများ တစ်လုံးတစ်ပါဒ ပြောရဲမည်နည်း။
မုန့်ဖေး ပါးစပ်ပိတ်သွားသဖြင့် နားအေးပါးအေး ဖြစ်သွားသည်။
လုမင်ယွိသည် မုန့်ဖေးကို မကြည့်တော့ဘဲ ချောင်မိဖုရားခေါင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "စူးကွေ့ရန် ကိုယ်ဝန်ရှိတဲ့ကိစ္စကို ဖုဟွမ်ဆီ သတင်းပို့ပြီးပြီလား မူဟုပ်"
ချောင်မိဖုရားခေါင်က ဖွဖွပြုံးလိုက်ကာ "ပန်ကုံး လူလွှတ်ပြီး သတင်းပို့ခိုင်းလိုက်ပါပြီ။ မယ်တော်ကြီးကျောက်ဆီကိုလည်း သတင်းပို့လိုက်ပြီ။ မယ်တော်ကြီးက နန်းတော်ထဲမှာ မင်းသားလေးတစ်ပါး ထပ်ရဖို့ မျှော်လင့်နေတာ။ ဒီလောက်မြန်မြန် ဆန္ဒပြည့်ဝမယ်လို့ ထင်မထားလောက်ဘူး"
သို့သော် ပြဿနာများစွာ ဖြစ်ပွားခဲ့ပြီးနောက် စူးကွေ့ရန်၏ သတင်းကောင်းသည် ရယ်စရာကောင်းပြီး လှောင်ပြောင်စရာ ဖြစ်နေသည်။
ချွေးမနှင့် ယောက္ခမ အကြည့်ချင်းဖလှယ်လိုက်ပြီး စိတ်ထဲတွင် အသီးသီး ရယ်မောလိုက်ကြသည်။
မုန့်ဖေးသည် ထိုင်နေရသည်မှာ ပျင်းစရာကောင်းသဖြင့် မကြာမီ နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။
ထိုအခါမှ ချောင်မိဖုရားခေါင်သည် လုမင်ယွိကို တိုးတိုးလေး ပြောပြလေသည်။ "စူးကွေ့ရန်က တစ်နေကုန် အခန်းထဲမှာပဲ အောင်းနေတော့ ကိုယ်ဝန်ရှိတာတောင် မသိဘူးတဲ့။ ဒီနေ့မနက် ရုတ်တရက် မေ့လဲသွားမှ သမားတော်တွေ လာစစ်ဆေးပြီး ကိုယ်ဝန်ရှိမှန်း သိရတာ"
စူးကွေ့ရန်သည် ယခုနှစ်မှ ၁၆နှစ်သာ ရှိသေးသည်။ ဤကဲ့သို့သော ကိစ္စများနှင့် ကြုံတွေ့ရသဖြင့် မိုးပြိုသကဲ့သို့ ခံစားနေရရှာသည်။ နေ့တိုင်း အခန်းထဲတွင် ပုန်းအောင်းကာ မျက်ရည်နှင့် မျက်ခွက် ဖြစ်နေပြီး စိတ်နှင့်လူနှင့် မကပ်ပေ။ ရာသီ နှစ်လကျော် ပျောက်နေသည်ကိုလည်း အသံမထွက်ခဲ့ပေ။
လုမင်ယွိက မျက်ခုံးပင့်လိုက်ကာ "ရာသီ နှစ်လကျော် ပျောက်နေတာကို ဒီနေ့မှ ကိုယ်ဝန်ရှိမှန်း သိရတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ချောင်မိဖုရားခေါင်က နှာခေါင်းရှုံ့လိုက်သည်။ "ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ အခုမှ လာပြောနေလည်း နောက်ကျသွားပြီ။ အရှင်မင်းကြီးနဲ့ မယ်တော်ကြီးရဲ့ တုံ့ပြန်မှုကိုပဲ စောင့်ကြည့်ရမှာပေါ့"
...
မယ်တော်ကြီးကျောက်သည် စူးကွေ့ရန် ကိုယ်ဝန်ရှိကြောင်း သိလိုက်ရချိန်တွင် ဝမ်းသာခြင်း မရှိဘဲ မျက်မှောင်ကြုတ်လိုက်မိ၏။
ဘေးနားတွင် ရှိနေသော ချင်ဖေးသည် မီးလောင်ရာ လေပင့်သည့်အနေဖြင့် အသံကို နှိမ့်ကာ ပြောလိုက်သည်။ "မယ်တော်ကြီး ချန်ချဲ့ရဲ့ စကားက နားထောင်ရဆိုးရင် ခွင့်လွှတ်ပါ"
"အရင်တုန်းက ကောလာဟလတွေက အဟုတ်ကြီးတွေလို ဖြစ်နေတာ။ စူးကွေ့ရန် နန်းတော်ထဲ မဝင်ခင်တုန်းက အပျိုစင်စစ်စစ် ဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ဘူးလေ။ တကယ်လို့ စူးကွေ့ရန်နဲ့ တတိယမင်းသား ဖောက်ပြန်ခဲ့ရင်... ဒီကလေး မွေးလာတဲ့အခါ အရှင်မင်းကြီးက အရှက်ကွဲရမှာပေါ့"
မယ်တော်ကြီးကျောက်သည်လည်း ထိုအချက်ကို စိုးရိမ်နေသဖြင့် မျက်မှောင်ပိုကြုတ်လိုက်မိသည်။ "တတိယမင်းသားက အဲဒီလောက်ထိ မိုက်မဲမယ် မထင်ပါဘူး။ အရင်တုန်းက ကောလာဟလတွေက အခြေအမြစ် မရှိပါဘူး။ အဟုတ်လို့ ယူဆလို့ မရဘူး"
ချင်ဖေးက နှုတ်ခမ်းမဲ့လိုက်သည်။ "အမှန်အမှားဆိုတာ အခုချိန် ဘယ်သူက ရှင်းရှင်းလင်းလင်း ပြောနိုင်မှာလဲ။ ချန်ချဲ့ အမြင်အရဆိုရင် ဒီကိုယ်ဝန်ကို ဖျက်ချပစ်သင့်တယ်။ နန်းတော်ထဲမှာ မင်းသား မင်းသမီးတွေ ရှားပါးတာမှ မဟုတ်တာ။ ဘာလို့ စူးကွေ့ရန်ကို ဒီကလေး မွေးခွင့်ပေးပြီး စွန့်စားရမှာလဲ"
မယ်တော်ကြီးကျောက်သည် စိတ်ရှုပ်ထွေးနေသဖြင့် ချင်ဖေးကို စိုက်ကြည့်ကာ ငေါက်လိုက်သည်။ "ပါးစပ်ပိတ်ထား။ တော်ဝင်မျိုးဆက်နဲ့ ပတ်သက်နေတာ။ ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် လုပ်လို့ရမှာလဲ။ အိုက်ကျား အရှင်မင်းကြီးကို အရင် မေးကြည့်ရမယ်... ကဲ... နင် အရင် ပြန်တော့။ အိုက်ကျား နားနားမှာ လာပြီး တတွတ်တွတ် လုပ်မနေနဲ့။ နားငြီးတယ်"
မယ်တော်ကြီးကျောက်သည် ရှားရှားပါးပါး စိတ်ဆိုးပြီး ချင်ဖေးကို မောင်းထုတ်လိုက်သည်။
ချင်ဖေးသည် မောင်းထုတ်ခံရသော်လည်း စိတ်မဆိုးပေ။
နန်းတော်အပြင်တွင် ကောလာဟလများ ပျံ့နှံ့နေပြီး တတိယမင်းသားနှင့် ကွမ်းပင်းနယ်စားတို့ ကံဆိုးမိုးမှောင် ကျနေချိန်တွင် စတုတ္ထမင်းသားသည် အခွင့်ကောင်းရနေသည်။ ယုံးကျားဧကရာဇ်သည် စတုတ္ထမင်းသားကို မကြာခဏ ခေါ်ယူတွေ့ဆုံပြီး မျက်နှာသာပေးနေသည်။
မကြာသေးမီက ချင်ဖေး၏ စိတ်အခြေအနေသည် အလွန်ကောင်းမွန်နေလေ၏။ စူးကွေ့ရန် ကိုယ်ဝန်ရှိသည် ဆိုသော်လည်း သူမ၏ ပျော်ရွှင်မှုကို အနည်းငယ်မျှ ထိခိုက်ခြင်း မရှိပေ။
ဒီအဆင့်ထိ ရောက်နေမှတော့ စူးကွေ့ရန် မင်းသားလေး မွေးဖွားလာရင်တောင် ပြန်လည် ဦးမမော့နိုင်တော့ပေ။
ထို့အပြင် စူးကွေ့ရန်အနေဖြင့် ဒီကိုယ်ဝန်ကို ထိန်းထားနိုင်မည်လား ဆိုသည်ကတော့ မပြောနိုင်သေးပေ။
...