အခန်း (၇၄၁-၇၄၂)
Vol. 75 Ch. 741-742
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၄၁ + ၇၄၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ဧကရာဇ်အသစ်လော။ ချက်ချင်းပင် တုပိုင် မင်းသမီးနင်းရွှဲ့ကို အလိုအလျောက်ပင် လှမ်းကြည့်လိုက်မိ၏။
သူမသည် ဧကရာဇ်ဟောင်း၏ တစ်ဦးတည်းသော သွေးသားရင်းချာ ဖြစ်ပြီး သူ၏ ကိုယ်ပိုင် ဇနီးသည်လည်း ဖြစ်လေ၏။ ထို့ကြောင့် သူမအား ဧကရာဇ်သစ်အဖြစ် တင်မြှောက်ခြင်းက သူ့အတွက် အကောင်းဆုံး ဖြစ်မည်မှာ သေချာလှပေသည်။
သို့သော်လည်း ဆန့်ကျင်သည့်အင်အားသည်တော့ အလွန် ကြီးမားလိမ့်မည် ဆိုသည်ကို တုပိုင် ကောင်းကောင်းကြီး သိထားလေ၏။
အခြားသော ကမ္ဘာမြေ၏ တရုတ်သမိုင်းတွင် ဝူဇီထျန်ကဲ့သို့သော အမျိုးသမီး ဧကရာဇ်တစ်ပါး ရှိခဲ့ဖူးလေသည်။ သို့ရာတွင် ဤကမ္ဘာ၏ တရုတ်သမိုင်းတွင်မူ အမျိုးသမီး ဧကရာဇ်ဟူ၍ လုံးဝ မရှိခဲ့ဖူးချေ။
ယခုအချိန်တွင် ရုပ်သေးဧကရာဇ် ယုံတယ်သည် နာမည်ဆိုးဖြင့် ကျော်ကြားနေပြီ ဖြစ်ရာ တုပိုင်အနေဖြင့် တော်ဝင်မိသားစုထဲမှ ဉာဏ်ပညာရှိသော မင်းသားတစ်ပါး၏ သားတော်ကို ရှာဖွေကာ ဧကရာဇ်သစ်အဖြစ် တင်မြှောက်လိုက်မည်ဆိုပါက တစ်လောကလုံးက အလွယ်တကူ အသိအမှတ်ပြု လက်ခံကြမည် ဖြစ်လေသည်။
သို့သော် မင်းသမီးနင်းရွှဲ့ကိုသာ တင်မြှောက်လိုက်မည် ဆိုပါက သူ့ကို ဝံပုလွေကဲ့သို့ ရည်မှန်းချက်ကြီးမားလွန်းသူဟု လူအများက ထပ်မံ၍ ပြစ်တင်ဝေဖန်ကြပေလိမ့်မည်။
ပညာရှင်အားလုံး၏ မျက်လုံးထဲတွင်သာမက အင်ပါယာ၏ မှူးမတ်ဆွေမျိုးများ၏ မျက်လုံးထဲတွင် မိန်းမတစ်ယောက်ကို ဧကရာဇ်အဖြစ် တင်မြှောက်ခြင်းက တိုင်းပြည်ပျက်သုဉ်းမည့် ကပ်ဘေးကြီးထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသေး၏။ ယင်းက ယင်နှင့်ယန်ကို ပြောင်းပြန်လှန်ပစ်ခြင်း ဖြစ်ပြီး စကြာဝဠာကြီးကို မှောက်လှန်ပစ်လိုက်ခြင်းပင် ဖြစ်လေသည်။
ပို၍ အရုပ်ဆိုး အကျည်းတန်စွာ ပြောရမည်ဆိုလျှင် လူအများအပြား၏ စိတ်ထဲတွင် ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်၏ သွေးသားအရင်း မဟုတ်သည့်အပြင် မိခင်ကို သတ်ဖြတ်ခဲ့သည့် အပြစ်ရှိနေသည်ဆိုလျှင်တောင် မိန်းမတစ်ယောက် ဧကရာဇ် ဖြစ်လာမည့်အစား ယုံတယ်ကိုသာ ဆက်လက်၍ ဧကရာဇ်အဖြစ် ရှိနေစေချင်ကြပေလိမ့်မည်။
မိန်းမတစ်ယောက် ဧကရာဇ် ဖြစ်လာခြင်းက တကယ်ကို အင်ပါယာအား ပြောင်းပြန်လန်သွားစေသည့် ကိစ္စကြီးပင် ဖြစ်လေသည်။
လီဝမ်ဝမ်က တုပိုင်၏ အတွေးများကို ရိပ်မိသွားပြီးနောက် ဝင်ပြောလိုက်လေသည်။ "ညီမလေးနင်းရွှဲ့က ပထမဧကရာဇ်ရဲ့ တစ်ဦးတည်းသော သွေးသားရင်းချာပဲလေ။ ထီးနန်းဆက်ခံမယ်ဆိုရင် အရမ်းကောင်းမှာပေါ့။ ဒါ့အပြင် အနောက်ကမ္ဘာမှာဆိုရင်လည်း နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်အဖြစ် အုပ်ချုပ်တဲ့ မိန်းမတွေ ရှိခဲ့ဖူးတာပဲ"
သူမ ဤသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မင်းသမီးနင်းရွှဲ့မှာ အံ့အားသင့်သွားခဲ့ပြီး သူမ၏ လက်ကို အလျင်အမြန် ခါယမ်းကာ ပြောလိုက်လေသည်။ "မဟုတ်ဘူး... မဟုတ်ဘူး... ဒီလောကကြီးမှာ ဧကရာဇ်ဖြစ်တဲ့ မိန်းမဆိုတာ မရှိဘူး။ မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး"
အခြားသူမပြောနှင့် မင်းသမီးနင်းရွှဲ့ ကိုယ်တိုင်ပင် မိန်းမတစ်ယောက် ဧကရာဇ် ဖြစ်လာမည့်ကိစ္စကို လက်မခံနိုင်သေးချေ။
ဆက်လက်ဖြစ်ပေါ်လာသော အခြေအနေများက တုပိုင်အတွက် အနည်းငယ်တော့ မထင်မှတ်စရာ ဖြစ်နေခဲ့သည်။
မထင်မှတ်ထားဘဲ အရာရှိများက တုပိုင်၏ အနောက်တောင်ပိုင်းသို့ ဆက်တိုက်ဆိုသလို ဝင်ရောက်လာကြပြီး အချို့က မြောက်ပိုင်းပြည်နယ် အများအပြားမှ အရာရှိများ ဖြစ်ကြကာ အချို့က မြို့တော်ရှိ တော်ဝင်နန်းတွင်းမှ အရာရှိများ ဖြစ်ကြလေသည်။
သိသာထင်ရှားစွာပင် သူတို့သည် ဧကရာဇ်ယုံတယ်၏ အာဏာစက်ကို သဘောမတူကြပေ။ ထို့အပြင် ဤအချိန်တွင် ဖန်းအုပ်စုမှ အမတ်များကလည်း နန်းတွင်းသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာကြပြီး ဗဟိုအာဏာကို ထိန်းချုပ်လိုက်ကြပြီ ဖြစ်လေ၏။
ထို့ကြောင့် ပထမဧကရာဇ်အပေါ် သစ္စာရှိကြသော ဤအမတ်များမှာ တစ်ဖန် ဖိနှိပ်ခံလိုက်ရပြီး ဘေးဖယ်ခံလိုက်ရပြန်လေသည်။
တုပိုင်က မယ်တော်ကြီး မကွယ်လွန်မီ ခန့်အပ်ခဲ့သော မှာတမ်းခံ အမတ်ကြီးတစ်ပါး ဖြစ်ပြီး မယ်တော်ကြီး၏ အမိန့်တော်အရ ဧကရာဇ်သစ် တစ်ပါးကို တင်မြှောက်နိုင်စွမ်း ရှိသူဖြစ်၏။ ထို့ကြောင့် သူတို့က အနောက်တောင်ပိုင်းအပေါ် မျှော်လင့်ချက်ထားကာ ဧကရာဇ်သစ်အပေါ်တွင်လည်း သဘာဝကျကျပင် မျှော်လင့်ချက် ထားရှိလာကြခြင်း ဖြစ်လေသည်။
အနောက်တောင်ပိုင်းသို့ ရောက်ရှိလာသူများထဲတွင် အဆင့်အမြင့်ဆုံး အရာရှိဖြစ်သူ ကျန်းရှန်းကျူသည် ယခင်က အစိုးရအဖွဲ့ဝန်ကြီးတစ်ဦး ဖြစ်ခဲ့ပြီး ဓလေ့ထုံးတမ်းဆိုင်ရာ ဝန်ကြီးတစ်ပါးပင် ဖြစ်ခဲ့ဖူးလေသည်။
ပထမဧကရာဇ် နတ်ရွာစံပြီးနောက် ဧကရာဇ်ယုံတယ်က လီယွမ်ကို ပြန်လည်အသုံးပြုခဲ့သည်။ ယင်းကို ကျန်းရှန်းကျူက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး လီယွမ် ရာထူးတိုးမြှင့်ခံရခြင်းကို တားဆီးရန် အကြိမ်ကြိမ် အသနားခံစာများ တင်သွင်းခဲ့လေသည်။
ဧကရာဇ်ယုံတယ်က နှစ်သိမ့်မှုများ ပြသခဲ့သော်လည်း နောက်ဆုံးတွင်တော့ လီယွမ်ကို ရာထူးတိုးပေးခဲ့ပြီး ထိုကိစ္စက ကျန်းရှန်းကျူကို အလွန် မပျော်မရွှင် ဖြစ်စေခဲ့လေသည်။
ရှန်ယန်စစ်ပွဲအတွင်း ဧကရာဇ်ယုံတယ်က လီယွမ်ကို မြို့စားဘွဲ့ ပေးသနားခဲ့ရာ ယင်းက နောက်ဆုံးတွင် အစိုးရအဖွဲ့ဝန်ကြီး၏ သည်းခံနိုင်စွမ်း ကန့်သတ်ချက်ကို ချိုးဖောက်သွားခဲ့သည်။ ထို့ကြောင့် သူက ရာထူးမှနုတ်ထွက်ကာ ဇာတိမြို့သို့ ပြန်ရန် တိုက်ရိုက် ဆုံးဖြတ်ခဲ့သည်။
နောက်ပိုင်းတွင် လီယွမ်က ပုန်ကန်ခဲ့ပြီး ရှန်ယန်တိုက်ပွဲတွင် ကြီးမားသော ရှုံးနိမ့်မှုကြီးကို ဖြစ်ပေါ်စေခဲ့လေ၏။
ယင်းနောက် ချက်ချင်းဆိုသလိုပင် တုပိုင်က ရှန်ဟိုင်ကွမ် တိုက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး မြောက်ပိုင်းချီတက်စစ်ကို စတင်ခဲ့ကာ တာ့နင်အင်ပါယာကို ပျက်စီးမည့် ကပ်ဘေးမှ ကယ်တင်နိုင်ခဲ့လေသည်။
ကျန်းရှန်းကျူက ဧကရာဇ်ယုံတယ်ထံသို့ စာတစ်စောင် ရေးသားခဲ့ပြီး အလွန်အမင်း စိတ်မပျက်ရန် ၊ သင်ခန်းစာယူရန်နှင့် တိုင်းပြည်ကို အကောင်းဆုံး အုပ်ချုပ်နိုင်ရန် ကြိုးစားဖို့ တိုက်တွန်းခဲ့လေသည်။ တာ့နင်အင်ပါယာ ပြန်လည်ထွန်းတောက်လာမည့် အချိန်က လက်တစ်ကမ်းတွင်သာ ရှိနေပြီဖြစ်ကြောင်းလည်း ပါဝင်လေသည်။
ထို့နောက် သူက ဧကရာဇ်ယုံတယ်၏ ခေါ်ယူမှုကို အိမ်တွင် စောင့်ဆိုင်းနေခဲ့ပြီး နန်းတွင်းဗဟိုသို့ ပြန်လည်ဝင်ရောက်ရန် အမြဲတမ်း အသင့်ရှိနေခဲ့လေသည်။
သူ၏ အမြင်တွင် ဧကရာဇ်ယုံတယ်က အမှားကို သိသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပြင်ဆင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။
သို့သော်လည်း သူ၏ စာတိုင်းကို ဧကရာဇ်ယုံတယ်က စိတ်ရှည်လက်ရှည်ဖြင့် အကြောင်းပြန်ခဲ့သော်လည်း သူ့ကို တစ်ခါမျှ ပြန်လည် ခန့်အပ်ခြင်း မရှိခဲ့သလို ပေကျင်းမြို့တော်သို့ ခေါ်ယူမည့် အမိန့်တော်ကိုလည်း သူ စောင့်မနေနိုင်ခဲ့တော့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် သခင်ကြီး ကျန်းရှန်းကျူမှာ ကပ်ဘေးကြီးတစ်ခုမှ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်လေသည်။ သို့မဟုတ်ပါက မယ်တော်ကြီး၏ ဈာပနအခမ်းအနားတွင် သူက ပထမဆုံး ထွက်လာသူ ဖြစ်နေမည်မှာ သေချာပြီး ဧကရာဇ်ယုံတယ်၏ သားသတ်ဓားအောက်တွင် သေချာပေါက် အသက်ပါသွားရပေလိမ့်မည်။
ဧကရာဇ်ယုံတယ်သည် နင်တောက်ရွှမ်၏ မိစ္ဆာမျိုးဆက်ဖြစ်နေပြီး မိခင်ကို သတ်ဖြတ်ခဲ့သည့် ရာဇဝတ်မှု သတင်းက ကျန်းရှန်းကျူ၏ ဇာတိဖြစ်သော ဟီနန်ပြည်နယ် ၊ ရူနင်စီရင်စုအထိ ပြန့်နှံ့သွားလာသည်။
ထိုအချိန်တွင် အဘိုးအိုက သူ၏ မိသားစုကို ချက်ချင်းခေါ်ဆောင်ကာ ဟီနန်မှ ထွက်ခွာလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာက မြောက်ပိုင်းဒေသ ဖြစ်ပြီး ဧကရာဇ်ယုံတယ်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသောကြောင့်ပင်။
သူက တာ့နင်အင်ပါယာအတွက် ဆက်လက် အလင်းရောင်ပေးနိုင်ရန် အနောက်တောင်ပိုင်းသို့ လာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။
သေချာသည်မှာ သူက တုပိုင်၏ ကျန့်ရှီးမြို့သို့ မသွားဘဲ ကွေ့လင်စီရင်စုသို့ တိုက်ရိုက် သွားရောက်ခဲ့ခြင်း ဖြစ်၏။
သူ ပေါ်လာမှုကြောင့် တောင်ပိုင်းသို့ ဆင်းလာကြသော အရာရှိ အများအပြားမှာ သူ၏ ဘေးတွင် ချက်ချင်း စုရုံးရောက်ရှိလာကြပြီး အဘိုးအိုမှာ တောင်ပိုင်းသို့ ဆင်းလာကြသော အရာရှိများ၏ ခေါင်းဆောင် ချက်ချင်း ဖြစ်လာခဲ့လေသည်။
တုပိုင်သည်လည်း အဘိုးအိုကို အတိုင်းအတာတစ်ခုအထိ လေးစားရလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဆရာသခင် ကျန်းရန်မင်၏ ဂိုဏ်းတူအစ်ကိုကြီး တစ်ဦး ဖြစ်ခဲ့ပြီး ရင်းနှီးသော သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ခဲ့သောကြောင့်ပင်။ (ကျန်းရန်မင်က ဟိုးအစောပိုင်းက တုပိုင်အကယ်ဒမီလေးခု ပြိုင်ပွဲကို ဝင်ပြိုင်တော့ တုပိုင်ဘက်ကနေ ထောက်ခံတဲ့ ဆရာသခင်ပါ။ မှတ်မိကြသေးရဲ့လား - ဘာသာပြန်)
ထို့အပြင် ဤအဘိုးအိုက တုပိုင်နှင့် အကြိမ်ကြိမ် အသေးစိတ် ဆွေးနွေးတိုင်ပင်မှုများလည်း ပြုလုပ်ခဲ့သေးသည်။ ထိုမျှသာမက တုပိုင်သည် အနောက်တောင်ပိုင်းက လက်အောက်ခံ နယ်စားမင်းများနှင့် နယ်စားမင်းများ၏ သားများကိုလည်း ကြိုဆိုလက်ခံခဲ့ရသေးသည်။
ကျောက်မင်းသား ၊ နင်မင်းသား ၊ ကျင်းမင်းသား ၊ လျောင်မင်းသား စသည်တို့ပင် ဖြစ်သည်။
သေချာသည်မှာ ဤလက်အောက်ခံများ သို့မဟုတ် မင်းသားများ၏ သားများက တုပိုင်ထံ လာရောက်လည်ပတ်ရခြင်း၏ ရည်ရွယ်ချက်က တစ်ခုတည်းသာ ရှိပြီး ယင်းမှာ ဧကရာဇ် ဖြစ်လာရန်ပင် ဖြစ်လေ၏။
"ရှုမင်းသားက သခင့်ကို လာတွေ့ပါတယ်" ကျီပြောင်ပြောင်က အပြင်ဘက်မှ သတင်းပို့လိုက်လေသည်။
တုပိုင်မှာ အံ့အားသင့်သွားခဲ့လေသည်။ ရှုမင်းသားသည် ပထမဧကရာဇ်၏ အစ်ကိုကြီး ဖြစ်ပြီး သူသည် ကြင်နာတတ်သော်လည်း သာမန်မျှသာ ဖြစ်ကာ တည်ရှိမှုက သိပ်မသိသာလှသော သူတစ်ယောက်သာ ဖြစ်၏။
တုပိုင်နှင့် ကျန့်ကော်နယ်စားမင်းတို့ကြား ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့စဉ်က ရှုမင်းသားမှာ အကောင်းဆုံး ကြားဝင်စေ့စပ်ပေးသူ ဖြစ်သင့်သော်လည်း သူက မည်သည့်စကားမျှ လုံးဝ ဝင်မပြောခဲ့ချေ။
ထို့နောက်တွင်တော့ တုပိုင်က သူ၏ စစ်တပ်ကို ဦးဆောင်ကာ စိချွမ်းနှင့် ဟူနန် ပြည်နယ်နှစ်ခုကို သိမ်းပိုက်ခဲ့လေသည်။ ရှုမင်းသားက နန်းတွင်းကိုယ်စား တုပိုင်ကို ပြစ်တင်ဝေဖန်သင့်သော်လည်း သူက ထိုသို့ မလုပ်ခဲ့ချေ။
တုပိုင်၏ စစ်တပ်က ချန်တူးမြို့ကို သိမ်းပိုက်ပြီးနောက်တွင်လည်း သူတို့က ရှုမင်းသားထံ သွားရောက်လည်ပတ်ခြင်း မရှိခဲ့သလို ၊ ရှုမင်းသားကလည်း သူ၏ထံသို့ လာရောက်လည်ပတ်ခဲ့ခြင်း မရှိပေ။ နှစ်ဖက်စလုံးက တစ်ဦးနှင့်တစ်ဦး ဝင်ရောက်မစွက်ဖက်ဘဲ နေခဲ့ကြလေသည်။
ဤတစ်ကြိမ်တွင် ရှုမင်းသား၏ သားတော်က လာရောက်လည်ပတ်လိမ့်မည်ဟု တုပိုင် မထင်ထားမိခဲ့ချေ။
"နင်ချုံးလီက ကျန့်ရှီးဘုရင်မင်းမြတ်ကို အရိုအသေပေးပါတယ်" ရှုမင်းသား၏ သားတော်က ဦးညွှတ်ကာ အရိုအသေပေးလိုက်လေ၏။
ဤလူက တုပိုင်ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့၏။
ရုပ်ရည်သွင်ပြင်အရ ပြောရလျှင် သူက သိပ်ပြီး ရုပ်ချောလှသည်တော့ မဟုတ်ပေ။ ဝတ်စားဆင်ယင်မှုအရ ပြောရလျှင်လည်း ခမ်းနားထည်ဝါနေခြင်း မရှိဘဲ သာမန် ရိုးရှင်းသော ဝတ်ရုံကိုသာ ဝတ်ဆင်ထားလေသည်။
သို့သော်လည်း သူ၏ဟန်ပန်က အလွန်ကျက်သရေရှိနေပြီး လောကီအညစ်အကြေးများနှင့် ကင်းစင်နေကာ နဂါးဆွေနဂါးမျိုးတို့၏ အငွေ့အသက်များ ပါဝင်နေလေ၏။
တုပိုင်က ပြန်လည်၍ အရိုအသေပေးလိုက်ပြီး ပြောလိုက်လေသည်။ "ရှုမင်းသားရဲ့ သားတော်နဲ့ တွေ့ဆုံရတာ ဝမ်းသာပါတယ်"
အသွင်အပြင်နှင့် စိတ်နေသဘောထားအရ ပြောရလျှင် ရှုမင်းသား၏ သားအကြီးဆုံးက တကယ်ကို ပြိုင်ဘက်ကင်းပြီး ပထမဧကရာဇ်၏ သွေးသားများနှင့် အလွန်နီးစပ်ကာ ပထမဧကရာဇ်၏ တူတော်စပ်သူလည်း ဖြစ်လေသည်။
ထို့နောက် ရှုမင်းသား၏ သားတော်နှင့် တုပိုင်တို့က ကဗျာလင်္ကာများအကြောင်း ဆွေးနွေးဖြစ်ခဲ့ကြလေ၏။
သူ၏ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုက အလွန်မြင့်မားပြီး ဂန္ထဝင်စာသားများကို လွယ်ကူချောမွေ့စွာ ကိုးကားပြောဆိုနိုင်လေသည်။ တကယ်လို့ တုပိုင်သာ ကမ္ဘာကူးလာသူ တစ်ယောက် မဟုတ်ခဲ့လျှင် ကဗျာလင်္ကာနှင့် ပတ်သက်၍ သူက ရှုမင်းသား၏ သားတော်လောက် တတ်ကျွမ်းမည်မဟုတ်ဟုပင် ပြောဆိုနိုင်လေသည်။
ထို့နောက် ရှုမင်းသား၏ သားတော်က ကဗျာစာပေများမှတစ်ဆင့် သိုင်းပညာများအကြောင်းကို ဆက်လက်ပြောဆိုလာခဲ့လေသည်။
မထင်မှတ်ထားဘဲ သူ၏ သိုင်းပညာ ကျွမ်းကျင်မှုကလည်း အလွန်မြင့်မားနေခဲ့ပြီး မဟာဆရာသခင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသူ ဖြစ်နေခဲ့လေသည်။ ယခုနှစ်တွင် အသက် ၂၉ နှစ်သာ ရှိသေးသော်လည်း မဟာဆရာသခင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူသည် တော်ဝင်မိသားစုထဲတွင် အလွန်ကို ထူးချွန်ထက်မြက်သူ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်လေ၏။
ဆက်လက်၍ သူသည် တုပိုင်နှင့်အတူ နိုင်ငံရေးနှင့် မူဝါဒသစ်များ အကြောင်းကို ဆွေးနွေးခဲ့လေသည်။
မူဝါဒသစ်များနှင့် ပတ်သက်၍ သူ၏ အမြင်များက တုပိုင်ကို အံ့အားသင့်သွားစေခဲ့ပြီး အလွန်နက်ရှိုင်းကာ အသိအမြင်သစ်များဖြင့် ပြည့်နှက်နေခဲ့လေသည်။ သူနှင့် တုပိုင်တို့၏ စကားဝိုင်းက အလွန် ပျော်ရွှင်စရာကောင်းလှသည်ဟု ဆိုနိုင်လေ၏။
"ကျန့်ရှီးဘုရင်... ခင်ဗျား စိချွမ်းနဲ့ ဟူနန်ကို စစ်တပ် စေလွှတ်တုန်းက တစ်လောကလုံးက ခင်ဗျားကို နယ်မြေချဲ့ထွင်ချင်တယ်လို့ ပြောကြတယ်။ လူတိုင်းက ခင်ဗျားကို ပြဿနာရှာတဲ့သူလို့ ပြောကြတယ်" ရှုမင်းသား၏ သားတော် နင်ချုံးလီက ပြောလိုက်လေသည်။ "ဒါပေမဲ့ ကျန့်ရှီးဘုရင်က ဒီလိုရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ နယ်မြေချဲ့ထွင်ဖို့ မဟုတ်ဘဲ အရှေ့ဘက် ပြည်ထောင်စုကို အနိုင်ယူဖို့အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ စိချွမ်းနဲ့ ဟူနန်မှာ ကျန့်ရှီးဘုရင် အလိုရှိတဲ့ အရာတစ်ခု ရှိနေလို့ပဲ"
ဤစကားကို ကြားလိုက်ရသည်နှင့် တုပိုင်၏ မျက်လုံးများက အလိုအလျောက် ကျဉ်းမြောင်းသွားလေ၏။ ဤနင်ချူံးလီသည် အလွန်ပါးနပ်လှသည်။
"ကမ္ဘာကြီးက ပြောင်းလဲသွားပြီဆိုတာ ကျွန်တော် သိပါတယ်။ ခေတ်ကြီးကလည်း ပြောင်းလဲသွားပြီလေ" ရှုမင်းသား၏ သားတော် နင်ချုံးလီက ပြောလိုက်လေသည်။ "ကျန့်ရှီးဘုရင်... ကြည့်ပါဦး။ ကျွန်တော့်ရဲ့ အသားအရေက မည်းနက်နေပြီး နှင်းကိုက်ခံထားရတဲ့ ပုံပေါက်နေတယ်မလား"
တကယ်ကို ထိုသို့ပင် ဖြစ်၏။ ရှုမင်းသား၏ သားတော်က အလိုလိုက်ခံထားရမည့်သူ ဖြစ်သင့်သော်လည်း သူ၏ အသားအရေက မည်းနက်ပြီး ကြမ်းတမ်းနေခဲ့လေသည်။
"ဒါက ပင်လယ်လေ တိုက်ခံထားရလို့ပါ" ရှုမင်းသား၏ သားတော်က ပြောလိုက်လေသည်။ "ကျွန်တော်က ကမ္ဘာအနှံ့ ခရီးထွက်ခဲ့ဖူးတယ်။ မီးနတ်ဘုရားကမ္ဘာဆီကိုလည်း ရောက်ခဲ့ဖူးတယ်။ ပါရှားအင်ပါယာမှာလည်း နှစ်ဝက်လောက် နေခဲ့ဖူးတယ်။ အနောက်ဘက်က တော်ဝင်ရောမ မဟာမိတ်အဖွဲ့ဆီကိုလည်း သွားခဲ့ဖူးပြီး ဗိုက်ကင်းဘုရင့်မြို့တော်မှာတောင် လအနည်းငယ်လောက် နေခဲ့သေးတယ်။ အဲဒီနေရာက ကမ္ဘာပေါ်မှာ အစည်ကားဆုံးနဲ့ အဆွဲဆောင်နိုင်ဆုံး နေရာပဲ"
ထိုအချက်က တုပိုင်ကို အမှန်တကယ်ပင် ဆွံ့အသွားစေခဲ့လေသည်။
ဤသူကား ကမ္ဘာကြီးကို မြင်တွေ့ရန် မျက်စိပွင့်နေပြီး ဗဟုသုတကြွယ်ဝလှသော ဆွေမျိုးတော်စပ်သည့် မင်းသားတစ်ပါး၏ သားတော်ပင် ဖြစ်လေတော့၏။ သို့သော်လည်း နန်းတွင်း၏ အမိန့်တော်အရ နယ်စားမင်းများဖြစ်စေ ၊ သူတို့၏ သားတော်များဖြစ်စေ ခွင့်ပြုချက်မရှိဘဲ အင်ပါယာ၏ ပိုင်နက်နယ်မြေမှ ထွက်ခွာခွင့် မရှိပေ။
ထို့နောက် သူတို့နှစ်ဦးက ထပ်မံ၍ စကားပြောဆိုခဲ့ကြပြီးနောက် ရှုမင်းသား၏ သားတော် နင်ချုံးလီက ထွက်ခွာသွားခဲ့လေသည်။
ဆက်လက်၍ ရှုမင်းသား၏ သားတော် နင်ချုံးလီမှာ နာမည်ကျော်ကြားလာခဲ့ပြီး သူ၏ ထင်ပေါ်ကျော်ကြားမှုက အခြားသော မင်းသားများကို ချက်ချင်းပင် လွှမ်းမိုးသွားလေတော့သည်။
တောင်ပိုင်းသို့ ဆင်းလာသော အမတ်များ၏ ခေါင်းဆောင် ကျန်းရှန်းကျူက သူသည် ဧကရာဇ်လောင်းတစ်ပါး၏ အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။
ကျန်းရှန်းကျူက သူ၏ ရပ်တည်ချက်ကို ဖော်ပြလိုက်သည်နှင့် ကွေ့လင်သို့ လွတ်မြောက်လာနိုင်ခဲ့သော အရာရှိများကလည်း ရှုမင်းသား၏ သားတော် နင်ချုံးလီကို ထောက်ခံကြောင်း ဖော်ပြလာကြလေသည်။
ထို့နောက် တိုင်းပြည်တွင် တစ်ရက်မျှပင် ဧကရာဇ်မရှိဘဲ မနေသင့်ကြောင်းနှင့် ဧကရာဇ်သစ်ကို အမြန်ဆုံး တင်မြှောက်သင့်ကြောင်း တုပိုင်ကို ဖျောင်းဖျပြောဆိုသူများ လှိုင်းလုံးကြီးပမာ ထွက်ပေါ်လာခဲ့လေသည်။ ရှုမင်းသား၏ သားတော်က ဉာဏ်ပညာကြီးမားပြီး ရဲရင့်ကာ သဘောထားကြီးပြီး ကြင်နာတတ်သူ ဖြစ်သည့်အပြင် ပထမဧကရာဇ်၏ သွေးသားများနှင့်လည်း အလွန်နီးစပ်သူ ဖြစ်လေရာ သူသည် အကောင်းဆုံး ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်နေခဲ့လေသည်။
သို့သော် တုပိုင်သည်တော့ မည်သည့်စကားမှ မဆိုခဲ့ချေ။
တုပိုင်သည် သူ၏ ဇနီးဖြစ်သူ မင်းသမီးနင်းရွှဲ့ကို ဧကရာဇ်သစ်အဖြစ် တင်မြှောက်ချင်ခဲ့သော်လည်း သူကိုယ်တိုင် စတင်ပြောဆိုရန်မှာ မကောင်းပေ။ အခြားသော မှာတမ်းခံအမတ်ကြီး တစ်ဦးဖြစ်သူ ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို စတင်အဆိုပြုခိုင်းခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ထိပ်တန်း သိုင်းပညာရှင် နှစ်ဦးဖြစ်သော လီတောက်ယွဲ့နှင့် လီဝမ်ဝမ်တို့ကမူ မင်းသမီးနင်းရွှဲ့ကို အန်နမ်နိုင်ငံသို့ တောင်ဘက်သို့ လိုက်ပါပို့ဆောင်ပေးကြ၏။
**--**--**--**--**--**--**--**
အန်နမ်နိုင်ငံ ၊ ဟွေအိမ်တော်၌ တုပိုင်က စိချွမ်းနှင့် ဟူနန် ပြည်နယ်များသို့ စစ်တပ်များ မစေလွှတ်မီကပင် မင်းသမီးယွီကျိန်းက ထွက်ခွာသွားခဲ့ပြီး နယ်စားမင်းဆုန်ချွဲနှင့် တုပိုင်တို့၏ သံတမန်ဆက်ဆံရေး ပြတ်တောက်သွားခဲ့လေသည်။
ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်၏ သွေးသားရင်းချာ မဟုတ်ကြောင်း တုပိုင် သိရှိသွားပြီးနောက်တွင် အဓိကကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ဆုန်ချွဲနှင့် သွားရောက်တွေ့ဆုံရန် ရွှဲ့ကွမ်ရင်ကို အန်နမ်နိုင်ငံသို့ ချက်ချင်း စေလွှတ်ကာ အနောက်တောင်ပိုင်းသို့ ဖိတ်ခေါ်ခဲ့လေသည်။
သို့သော်လည်း ဆုန်ချွဲက တုပိုင်သည် ဧကရာဇ်ယုံတယ်ကို အသရေဖျက်နေသည်ဟု ထင်မြင်ကာ ဒေါသတကြီးဖြင့် ရွှဲ့ကွမ်ရင်ကို အတင်းအကျပ် နှင်ထုတ်ခဲ့ပြီး တုပိုင်နှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့လေသည်။
ထို့နောက်တွင် ဧကရာဇ်ယုံတယ်က တုပိုင်သည် သူပုန်ဖြစ်သွားပြီဟု တရားဝင် ကြေညာခဲ့ပြီး သူ့ကို နှိမ်နင်းရန် တစ်တိုင်းပြည်လုံးရှိ စစ်ဘက် ၊ အရပ်ဘက် အရာရှိများကို အမိန့်ပေးခဲ့လေသည်။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည်လည်း ဤအမိန့်တော်ကို လက်ခံရရှိခဲ့သည်။ ယခုအခါ အန်နမ်နိုင်ငံ၏ စစ်ပွဲက ပြင်းထန်နေပြီး ငုယင်ပုန်ကန်သူများကို ချေမှုန်းရန်က လက်တစ်ကမ်းတွင်သာ ရှိနေ၏။ သေချာသည်မှာ ဆုန်ချွဲအနေဖြင့် တုပိုင်ကို ပြန်လည်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် မည်သို့ပင်ဆိုစေကာမူ သူသည် တာ့နင်အင်ပါယာ၏ သစ္စာရှိသော အမတ်တစ်ဦး ဖြစ်ပြီး အင်ပါယာ၏ ထောက်တိုင်ကြီး ဖြစ်သောကြောင့် ဧကရာဇ်၏ ဘက်မှ အမြဲတမ်း ရပ်တည်ရမည် ဖြစ်လေသည်။
ထို့ကြောင့် သူက ဧကရာဇ်၏ အမိန့်တော်ကို တုံ့ပြန်သည့်အနေဖြင့် တုပိုင်အား ဆန့်ကျင်တိုက်ခိုက်မည့် ကြေညာချက်တစ်ခုကို ရေးသားခဲ့လေသည်။ ထို့အပြင် နယ်စပ်ကို ချက်ချင်း ပိတ်ဆို့ကာ စီးပွားရေးအရ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်တားဆီးရန် အန်နမ်ဘုရင်ကိုလည်း တောင်းဆိုခဲ့လေသည်။
သို့သော် သူ၏ တိုက်ခိုက်ရေးကြေညာချက်ကို မပို့ဆောင်ရသေးမီမှာပင် မြောက်ပိုင်းမှ သတင်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး တစ်ခုထက်တစ်ခု ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။
ပထမသတင်းမှာ ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်၏ သွေးသားအရင်းအချာ မဟုတ်ဘဲ နင်တောက်ရွှမ်၏ မိစ္ဆာမျိုးဆက် ဖြစ်နေ၏။ ထို့နောက် ဧကရာဇ်ယုံတယ်သည် မိခင်ကို သတ်ဖြတ်ခဲ့ပြီး ပုန်ကန်မှု ကျူးလွန်ခဲ့သည့် သတင်းလည်းရောက်လာ၏။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ဤကိစ္စကို မယုံကြည်ခဲ့ပေ။ ယင်းမှာ ကောလာဟလတစ်ခု ၊ အရှက်မဲ့သော ကောလာဟလတစ်ခုသာ ဖြစ်သည်ဟု သူ ထင်မြင်ခဲ့လေသည်။
ထို့အပြင် ဤကောလာဟလ၏ နောက်ကွယ်မှ သတင်းဖြန့်သူမှာ တုပိုင် ဖြစ်နိုင်ခြေများလှသည်။
ထို့ကြောင့် သူက ရွှဲ့ကွမ်ရင်ကို နောက်တစ်ကြိမ် ထပ်မံရှာဖွေခဲ့ပြီး သူမ၏ သဘောထားကို ထုတ်ဖော်ရန်နှင့် တုပိုင်ကို လုံးဝ စွန့်ခွာရန် အတင်းအကျပ် တောင်းဆိုခဲ့လေသည်။
ရွှဲ့ကွမ်ရင်က ထပ်မံ ငြင်းဆန်ခဲ့ပြန်၏။ ဆုန်ချွဲက သွေးကွမ်ရင်ကို တရားဝင် နှင်ထုတ်ခဲ့ပြီး သူတို့၏ မွေးစားအဖေနှင့် မွေးစားသမီး ဆက်ဆံရေးကိုလည်း ဖြတ်တောက်လိုက်လေသည်။
ထို့နောက်တွင်တော့ သူက မင်းသမီးနင်းရွှဲ့ကို ကြိုဆိုရသည်။ ထိုအခါမှသာ လျှပ်စီးမိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်လှုပ်ဖွယ် အမှန်တရားကို သူ ကြားသိလိုက်ရလေတော့၏။
"ရုပ်သေးဧကရာဇ်ယုံတယ်က ခမည်းတော် ဧကရာဇ်ရဲ့ သွေးသားအရင်းအချာ မဟုတ်ဘူး။ ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်က မယ်တော်ကြီးကို အဓမ္မကျင့်ပြီးနောက်မှာ မွေးဖွားလာခဲ့တာပဲ"
"ကျွန်မခင်ပွန်း တုပိုင်ကို လုံးဝ ပျက်စီးသွားစေဖို့ ရုပ်သေးဧကရာဇ်ယုံတယ်က ကျွန်မကို လုပ်ကြံဖို့ လူလွှတ်ခဲ့တယ်။ မယ်တော်ကြီးက ဒေါသတကြီးနဲ့ သူ့ကို ဖော်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ရုပ်သေးဧကရာဇ်ယုံတယ်က မိခင်ကို သတ်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာပဲ"
မင်းသမီးနင်းရွှဲ့က အသေးစိတ် တစ်ခုမှ မလွတ်စေဘဲ အရာအားလုံးကို အလွန် အသေးစိတ်ကျကျ ပြောပြခဲ့လေသည်။
နောက်ဆုံးတွင် မင်းသမီးနင်းရွှဲ့က ဆက်ပြောလိုက်လေသည်။ "နောက်ကွယ်မှာ... မယ်တော်ကြီး မကွယ်လွန်ခင်လေးမှာ ရုပ်သေးဧကရာဇ်ယုံတယ်ကို နန်းချဖို့ ၊ တုပိုင် ၊ ဆုန်ချွဲ ၊ ကူရွှင်ချန်နဲ့ လီဝမ်ဟွေ့တို့ကို မှာတမ်းခံ အမတ်ကြီးတွေအဖြစ် ခန့်အပ်ဖို့နဲ့ ဧကရာဇ်သစ် တစ်ပါးကို တင်မြှောက်ဖို့ အမိန့်တော် ချမှတ်ခဲ့ပါတယ်"
ရုတ်တရက် ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ ခေါင်းမှာ ပေါက်ကွဲထွက်သွားမတတ် ဖြစ်သွားခဲ့လေသည်။ သူ၏ နားကို သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရ၏။
ထိုသို့ဆိုလျှင် တုပိုင် ပြောခဲ့သည့် အရာများအားလုံးသည် အမှန်တရားများ ဖြစ်နေသည်လော။ အကယ်၍ ဤအရာအားလုံးသာ အမှန်ဖြစ်နေခဲ့လျှင် ကျန်းနန်နယ်စားမင်း ဆုန်ချွဲတစ်ယောက် မျက်နှာကို မည်သို့ ဖုံးကွယ်ရမည်နည်း။
ထိုသည်က လေးစားခံရသော နယ်စားမင်းတစ်ပါး ဖြစ်သည့် သူ၏ မျက်နှာကို အရူးအမူး ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်တော့၏။
"မဟုတ်ဘူး... မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး..." ကျန်းနန်နယ်စားမင်း ဆုန်ချွဲက လည်ချောင်းကွဲသည့် အသံနက်ကြီးဖြင့် ဟစ်အော်လိုက်မိသည်။
ထိုစဉ် ချက်ချင်းဆိုသလိုပင် အန်နမ်နိုင်ငံ၏ မိဖုရား ဖြစ်သူ မင်းသမီးနင်းချန် ဝင်လာခဲ့ပြီး ပြောလိုက်လေသည်။ "ကျန်းနန်နယ်စားမင်း... ဒီအရာအားလုံးက အမှန်ပါပဲ။ ရုပ်သေးဧကရာဇ်ယုံတယ်ရဲ့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အမိန့်တော်က တစ်ကမ္ဘာလုံးကို ပြန့်နှံ့သွားခဲ့ပါပြီ"
"ဒါက ဧကရာဇ်ယုံတယ်က အန်နမ်နိုင်ငံဆီကို ပို့လိုက်တဲ့ အမိန့်တော်ပါပဲ" မင်းသမီးနင်းချန်က ဆက်ပြောလိုက်လေသည်။ "အရှင်မင်းကြီးကို အမိန့်ပေးပြီး နယ်စားမင်းကို ဖမ်းဆီးပြီးတော့ ပေကျင်းကို ခေါ်ဆောင်လာဖို့တဲ့။ ပုန်ကန်နေတဲ့ အမတ်တစ်ယောက်ဖြစ်တဲ့ သင့်ကို လက်မခံထားဖို့ ၊ အဲဒီလို လက်ခံထားရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာပဲလို့ ပါပါတယ်"
ထို့နောက် မင်းသမီးနင်းချန်က တာ့နင်အင်ပါယာမှ ပေးပို့လာသော တရားဝင် သံတမန်စာချွန်လွှာကို နယ်စားမင်းဆုန်ချွဲထံသို့ ကမ်းပေးလိုက်လေသည်။
ဆုန်ချွဲက ယူကြည့်လိုက်လေ၏။
"ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် တုပိုင်နှင့် ပူးပေါင်းကာ တာ့နင်အင်ပါယာကို ပုန်ကန်ချရန် ကြိုးပမ်းခဲ့သည်။ ထိုရာဇဝတ်မှုမှာ ခွင့်လွှတ်၍ မရနိုင်ပေ။ ဆုန်ချွဲ၏ ဘွဲ့ထူးဂုဏ်ထူးများနှင့် တရားဝင် ရာထူးအားလုံးကို ရုပ်သိမ်းလိုက်သည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး ၊ လီကျင်းဌာနနှင့် တာလီတရားရုံးတို့ကို သူ့အား ပူးပေါင်းဖမ်းဆီးရန် အမိန့်ပေးသည်။ အကယ်၍ ခုခံမှု တစ်စုံတစ်ရာ ရှိခဲ့လျှင် သတ်ပစ်စေ။ အန်နမ်နိုင်ငံအနေဖြင့် ဆုန်ချွဲနှင့် အခြားသူများကို ချက်ချင်း ဖမ်းဆီးပြီး တာ့နင်အင်ပါယာ၏ လီကျင်းဌာနမှ လာရောက်လွှဲပြောင်းယူမည့် အချိန်ကို စောင့်ဆိုင်းနေရမည်။ အကယ်၍ ဖီဆန်ခဲ့ပါက မိမိကြမ္မာ မိမိဖန်တီးခြင်းသာ ဖြစ်ပေလိမ့်မည်။"
ဆုန်ချွဲက ယင်းကို အကြိမ်ကြိမ်အခါခါ ဖတ်ရှုနေမိလေ၏။ ဤသည်မှာ ငြင်းမရသော အမှန်တရားကြီးဖြစ်ပြီး လုံးဝ နောက်ပြန်လှည့်၍ မရနိုင်တော့ချေ။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ ခန္ဓာကိုယ်သည် တစ်ဆက်ဆက်ဖြင့် တုန်ယင်လာတော့၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၄၁ + ၇၄၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team