အခန်း (၇၄၃-၇၄၄)
Vol. 75 Ch. 743-744
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၄၃ + ၇၄၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
မဟာနယ်စားမင်းဆုန်ချွဲ ခေါင်းများ မူးဝေနောက်ကျိသွားကာ ရင်ထဲတွင် ဆို့နင့်တက်လာ၏။ ဤသည်က သူ သစ္စာစောင့်သိခဲ့သော ဧကရာဇ်လော။ သူက မျက်စိပါလျက်နှင့် အလင်းမရဘဲ ၊ ဤမျှ တိရစ္ဆာန်ဆန်သောသူကိုမှ သစ္စာစောင့်သိခဲ့မိလေသလော။
သူ၏ ရင်ထဲတွင် တစ်ဆို့ပိတ်ဆို့နေပြီး အသက်ရှူရ ခက်ခဲနေသောကြောင့် အသည်းအသန် အသက်ရှူနေရလေ၏။
အံကိုတင်းတင်းကြိတ်ထားကာ သွားဖုံးများ ပေါက်ပြဲသွားပြီး ပါးစပ်တစ်ခုလုံး သွေးများ ပြည့်နှက်သွားသောကြောင့် ပါးစပ်ထဲတွင် ငန်ကျိကျိ အရသာများ ပြည့်နှက်နေလေသည်။
"ဖူးးး" ရုတ်တရက် ကျန်းနန်နယ်စားမင်း ဆုန်ချွဲက သွေးတစ်လုက်ကို ထွေးထုတ်လိုက်လေသည်။
"အားးးး"
ထို့နောက် သူ ယိမ်းယိုင်သွားပြီး ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ကာ အချိန်အတော်ကြာသည်အထိ မလှုပ်ရှားနိုင်တော့ချေ။
မင်းသမီးနင်းရွှဲ့ ပြောလိုက်သည်။ "ကျွန်မခင်ပွန်းက နယ်စားမင်းကို မြောက်ဘက် ကွေ့လင်စီရင်စုဆီကြွခဲ့ဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်။ ဧကရာဇ်သစ် ရွေးချယ်တင်မြှောက်မယ့်ကိစ္စ ဆွေးနွေးဖို့ပါ။ တိုင်းပြည်မှာ တစ်ရက်တောင် ဧကရာဇ်မရှိဘဲ နေလို့မရဘူးလေ"
ညနေပိုင်းတွင် မင်းသမီးနင်းရွှဲ့က မြောက်ဘက်သို့ ထွက်ခွာသွားပြီး တာ့နင်အင်ပါယာ၏ အနောက်တောင်ပိုင်းသို့ ပြန်သွားခဲ့လေ၏။
တစ်ရက်အကြာတွင် ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည်လည်း စစ်ရေးကိစ္စများကို လွှဲပြောင်းမှာကြားပြီးနောက် မြောက်ဘက်သို့ ချက်ချင်း ထွက်ခွာသွားသည်။
လူတိုင်းက သူ၏ ဘယ်ဘက်မျက်လုံးကို အဝတ်မည်းဖြင့် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရသော်လည်း အဘယ်ကြောင့်မှန်းတော့ မသိခဲ့ကြပေ။
**--**--**--**--**--**--**--**
ဆုန်ချွဲက တာ့နင်အင်ပါယာသို့ မရောက်မီမှာပင် အနွေးထွေးဆုံးသော ကြိုဆိုမှုများကို ရရှိခဲ့လေသည်။ တောင်ပိုင်းသို့ ဆင်းလာသော အရပ်ဘက် အရာရှိများ၏ ခေါင်းဆောင် ကျန်းရှန်းကျူက အရာရှိ ရာနှင့်ချီ၍ ဦးဆောင်ကာ ဆုန်ချွဲကို လာရောက် ကြိုဆိုခဲ့လေ၏။
ထို့နောက် မဏ္ဍပ်တစ်ခုထဲတွင် ကျန်းရှန်းကျူနှင့် ဆုန်ချွဲတို့က နာရီဝက်ခန့် သီးသန့် စကားပြောဆိုခဲ့ကြသည်။
ချက်ချင်းဆိုသလိုပင် ကျန်းနန်နယ်စားမင်း ဆုန်ချွဲက မြောက်ဘက်သို့ ဆက်လက် ထွက်ခွာသွားသည်။
ကွေ့လင်စီရင်စု၏ မြို့တံခါးအပြင်ဘက်တွင် တုပိုင်က ကျန်းနန်နယ်စားမင်း ဆုန်ချွဲ မြို့ထဲသို့ ဝင်ရောက်လာရန် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုခဲ့လေ၏။ ထို့နောက် သူတို့နှစ်ဦးက ကွမ်ရှီး ဘုရင်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြလေ၏။
**--**--**--**--**--**--**--**
ကျန်းနန်နယ်စားမင်း ဆုန်ချွဲက အဆုံးထိ ခါးကိုင်းကာ ဦးညွှတ်လိုက်လေ၏။ "ကျန့်ရှီးဘုရင်... ကျွန်တော် မှားသွားပါတယ်။ ခင်ဗျားက ဧကရာဇ်ယုံတယ်ဟာ ပထမဧကရာဇ်ရဲ့ သွေးသားရင်းချာမဟုတ်ဘဲ နင်တောက်ရွှမ်ရဲ့ မိစ္ဆာမျိုးဆက်ဆိုတာကို ပြောပြခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားကို အကြံအစည်ကြီးတယ်လို့ ကျွန်တော် ထင်ခဲ့မိတယ်။ ခင်ဗျားကို ယုံကြည်ရမယ့်အစား ဆိုးဆိုးရွားရွားစကားတွေ ပြောခဲ့မိတယ်။ ဧကရာဇ်က ခင်ဗျားကို နှိမ်နင်းဖို့ အမိန့်ပေးတော့ ကျွန်တော်က နှိမ်နင်းဖို့ စာချွန်လွှာတောင် ရေးခဲ့သေးတယ်။ တကယ်ကို မျက်စိပါလျက်နဲ့ အလင်းကို မမြင်နိုင်ခဲ့တာပါပဲ"
ထိုအချိန်၌ တုပိုင် မေးလိုက်သည်။ "ကျန်းနန်နယ်စားမင်းရဲ့ ဘယ်ဘက်မျက်လုံးက ဘာဖြစ်သွားတာလဲ။ စစ်ပွဲအတွင်းမှာ ဒဏ်ရာရသွားတာလား" အဘယ်ကြောင့်ဆိုသော် ဆုန်ချွဲ၏ ဘယ်ဘက်မျက်လုံးကို အဝတ်မည်းဖြင့် ပတ်စည်းထားသောကြောင့်ပင် ဖြစ်လေ၏။
ဆုန်ချွဲက မျက်နှာတစ်ချက်မပျက်ပဲ ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ကျွန်တော်က မျက်စိပါလျက်နဲ့ အလင်းကို မမြင်နိုင်ဘဲ ရုပ်သေးဧကရာဇ်ယုံတယ်ကို အထင်မှားခဲ့မိလို့ပဲ။ ဒါကြောင့် ဒီဘယ်ဘက်မျက်လုံးကို ကိုယ်တိုင် ပြန်ဖောက်ထုတ်ပစ်ခဲ့တာပါ"
ထိုစကားကို ကြားလိုက်ရသည်နှင့် တုပိုင်၏ မျက်နှာကြွက်သားများပင် အလိုအလျောက် တွန့်လိမ်သွားရလေ၏။
ဤကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် အလွန် ပြတ်သားလွန်းလှရာ သူ့ကိုယ်သူ ဤကဲ့သို့ပင် အပြစ်ပေးခဲ့လေသည်။
သို့သော်လည်း တုပိုင်က သူ့ကို နှစ်သိမ့်ရန် မည်သည့်စကားမျှ မဆိုခဲ့သလို ၊ ကျန်းနန်နယ်စားမင်းအနေဖြင့် အဘယ်ကြောင့် ဤသို့ လုပ်ရသနည်းဟုလည်း မမေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကိစ္စများက ဖြစ်ပျက်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ပြီးသွားသော ကိစ္စကို ပြန်ပြင်မရချေ။ ပြောလျှင်လည်း အချိန်ဖြုန်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ဆုန်ချွဲသည် အခြားသူများ၏ နှစ်သိမ့်မှုကို လက်ခံရန်အတွက် အလွန်မာနကြီးလွန်းသူ တစ်ယောက် ဖြစ်နေ၏။
"မယ်တော်ကြီး မကွယ်လွန်ခင် ခန့်အပ်ခဲ့တဲ့ မှာတမ်းခံ အမတ်ကြီးလေးပါးထဲမှာ အခု ကျွန်တော်တို့ နှစ်ယောက်ပဲ ကျန်တော့တယ်" ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ပြောလိုက်သည်။ "ကျန့်ရှီးဘုရင်... ဧကရာဇ်သစ်အတွက် ဘယ်သူက ပိုပြီး သင့်တော်မယ်လို့ ထင်လဲ။ ကျွန်တော့်အမြင်ကို အရင်ပြောပြပါရစေ။ ရှုမင်းသားရဲ့ သားအကြီးဆုံးက ဉာဏ်ပညာကြီးမားတယ် ၊ ရည်မှန်းချက်ကြီးတယ် ၊ ကိစ္စရပ်တော်တော်များများကို ထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီး စာပေရော သိုင်းပညာမှာပါ ထူးချွန်တဲ့အတွက် ကျွန်တော်တို့ တာ့နင်အင်ပါယာရဲ့ ဧကရာဇ်သစ်အဖြစ် အသင့်တော်ဆုံးပဲလို့ ထင်ပါတယ်"
တုပိုင် ပြန်ပြောသည်။ "မင်းသမီးနင်းရွှဲ့က ပထမဧကရာဇ်ရဲ့ တစ်ဦးတည်းသော သွေးသားရင်းချာပဲလေ။ သူကပဲ ဧကရာဇ်သစ် ဖြစ်သင့်တာပေါ့"
ထိုစကားများ ထွက်ပေါ်လာချိန်တွင် ကျန်းနန်နယ်စားမင်း ဆုန်ချွဲမှာ သူ၏ နားကိုပင် သူ မယုံကြည်နိုင်လုနီးပါး ဖြစ်သွားရလေ၏။
တုပိုင် ရူးသွားပြီလော။ မင်းသမီးနင်းရွှဲ့ကို ဧကရာဇ်သစ်အဖြစ် တင်မြှောက်ချင်နေသည်လော။ မိန်းမတစ်ယောက်ကို ဧကရာဇ်အဖြစ် တင်မြှောက်ချင်နေသည်လော။ ယင်းက ယင်နှင့်ယန်ကို ပြောင်းပြန်လှန်ပစ်သည့် ဖောက်ပြန်သော လုပ်ရပ်တစ်ခု မဟုတ်ပါလော။
ဆုန်ချွဲက ပြောလိုက်လေသည်။ "ကျန့်ရှီးဘုရင်... ဒါက တာ့နင်အင်ပါယာရဲ့ ဧကရာဇ်နေရာနော် ၊ ကလေးကစားစရာ ကိစ္စမဟုတ်ဘူး။ နှစ်ထောင်ချီတဲ့ ကျွန်တော်တို့ တရုတ်မင်းဆက် သမိုင်းတစ်လျှောက်မှာ မိန်းမတစ်ယောက် ဧကရာဇ်ဖြစ်ခဲ့ဖူးလို့လား။ ဒါ့အပြင် မင်းသမီးနင်းရွှဲ့က ခင်ဗျားရဲ့ ဇနီးလေ။ သူ့ကို ဧကရာဇ်အဖြစ် တင်မြှောက်လိုက်ရင် တစ်လောကလုံးက လူတွေက ခင်ဗျားကို ဘယ်လိုမြင်ကြမလဲ"
ထို့နောက် သူတို့နှစ်ဦးမှာ အပြင်းအထန် ငြင်းခုံဆွေးနွေးမှုများ ဖြစ်ပွားခဲ့ပြီး တိုက်ရိုက်ပင် လမ်းခွဲသွားခဲ့ကြလေတော့၏။
**--**--**--**--**--**--**--**
အနောက်တောင်ပိုင်း တစ်ခုလုံးသည် ဆန့်ကျင်ဘက် အုပ်စုနှစ်ခုအဖြစ် ကွဲထွက်သွားသည်။ တုပိုင်က တစ်ဖက်တွင် ရပ်တည်ကာ မင်းသမီးနင်းရွှဲ့ကို တာ့နင်အင်ပါယာ၏ ဧကရာဇ်သစ်အဖြစ် တင်မြှောက်ရန် ဆုံးဖြတ်ထားလေ၏။ ထိုသတင်း ထွက်ပေါ်လာပြီးနောက် အနောက်တောင်ပိုင်းတစ်ခုလုံး တုန်လှုပ်သွားခဲ့ပြီး မရေမတွက်နိုင်သော လူများက ကမ္ဘာမြေကြီး ပြောင်းပြန်လန်သွားသကဲ့သို့ ခံစားလိုက်ကြရလေ၏။
အမျိုးသမီးဧကရာဇ်လော။ ဤသည်က ကမ္ဘာကြီးကို ပြောင်းပြန်ကြီး ဖြစ်မနေပေဘူးလော။ ဤသည်က တိုင်းပြည်ပျက်သုဉ်းမည့် လက္ခဏာမျှသာ မဟုတ်တော့ဘဲ တစ်ကမ္ဘာလုံး၏ စည်းမျဉ်းစည်းကမ်းများကို အလုံးစုံ ပြောင်းပြန်လှန်ပစ်လိုက်ခြင်းပင် ဖြစ်လေတော့သည်။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် အစိုးရအဖွဲ့ဝန်ကြီးဟောင်း ကျန်းရှန်းကျူတို့ ဦးဆောင်သော အရာရှိများကမူ ရှုမင်းသား၏ သားတော် နင်ချုံးလီကို ဧကရာဇ်သစ်အဖြစ် တင်မြှောက်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားကြလေ၏။
ဇွန်လ ၉ ရက်နေ့။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် အစိုးရအဖွဲ့ဝန်ကြီးဟောင်း ကျန်းရှန်းကျူတို့က တောင်ပိုင်းသို့ ဆင်းလာသော အမတ်ရာနှင့်ချီ၍ ဦးဆောင်ကာ မင်းသမီးနင်းရွှဲ့ ထွက်ခွာမည့်ခရီးကို တားဆီးလိုက်ကြသည်။
အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အမတ်ရာနှင့်ချီ၍ မင်းသမီးနင်းရွှဲ့ရှေ့တွင် ဒူးထောက်ကာ ဦးညွှတ်လိုက်ကြပြီး ဆုန်ချွဲနှင့် ကျန်းရှန်းကျူတို့ကိုယ်တိုင်လည်း တိုက်ရိုက်ပင် ဒူးထောက်ဦးညွှတ်လိုက်ကြလေ၏။
"မင်းသမီး... တိုင်းပြည်ရဲ့ ထီးနန်းစည်းစိမ်နဲ့ တာ့နင်အင်ပါယာအတွက် မင်းသမီးကိုယ်တိုင် သီလရှင်ဝတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါမှသာ ကျန့်ရှီးဘုရင်က အမှားကြီးတစ်ခုကို မကျူးလွန်မိမှာပါ"
အနောက်တောင်ပိုင်းသို့ ထွက်ပြေးလာကြသော အရပ်ဘက်အရာရှိ ရာနှင့်ချီ၍ တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်ကာ တောင်းဆိုလိုက်ကြလေသည်။ "တာ့နင်အင်ပါယာအတွက် မင်းသမီး သီလရှင်ဝတ်ပေးဖို့ တောင်းဆိုပါတယ်"
"တာ့နင်အင်ပါယာရဲ့ ထီးနန်းအတွက် မင်းသမီး သီလရှင်ဝတ်ပေးဖို့ တောင်းဆိုပါတယ်"
"တာ့နင်အင်ပါယာရဲ့ ထီးနန်းအတွက် မင်းသမီး သီလရှင်ဝတ်ပေးဖို့ တောင်းဆိုပါတယ်"
မင်းသမီးနင်းရွှဲ့သာ သီလရှင်ဝတ်သွားပါက ထီးနန်းလုရန် မဖြစ်နိုင်တော့ဘဲ ရှုမင်းသား၏ သားတော် နင်ချုံးလီကသာ တစ်ဦးတည်းသော ဧကရာဇ်လောင်း ဖြစ်လာမည် ဖြစ်လေသည်။
မင်းသမီးနင်းရွှဲ့မှာ သူမ၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်ကို ခံစားလိုက်ရလေ၏။ သူမသည် ဧကရာဇ်ဖြစ်လာရန် တစ်ခါမျှ မတွေးဖူးခဲ့သလို ယခုအချိန်တွင်ပင် ယင်းက ရယ်စရာကောင်းလှသည်ဟု ထင်မြင်နေဆဲ ဖြစ်လေသည်။
သူမ၏ ခင်ပွန်းဖြစ်သူ တုပိုင်က သူမကို ဧကရာဇ်သစ်အဖြစ် တင်မြှောက်ချင်နေမှန်း သိလိုက်ရချိန်တွင် သူမ အလွန် စိုးရိမ်ပူပန်ခဲ့ရပြီး ဤဧကရာဇ်နေရာကို ဖြစ်ချင်သည့် ရည်ရွယ်ချက် လုံးဝ မရှိကြောင်း တုပိုင်ကို အကြိမ်ကြိမ် အတည်ပြုပြောဆိုခဲ့လေသည်။
သို့သော်လည်း ဤလူစုက သူမကို သီလရှင်ဝတ်ရန် အတင်းအကျပ် ဖိအားပေးနေခြင်းက သူမကို အလွန် ဒေါသထွက်စေခဲ့လေသည်။ ဤသည်က သူမနှင့် သူမ၏ ခင်ပွန်းကို အပြီးတိုင် ကွဲကွာသွားစေရန် လုပ်ဆောင်နေခြင်း မဟုတ်ပါလော။
"ရှင်တို့က ကျွန်မနဲ့ ကျန့်ရှီးဘုရင်ကို ကွဲကွာသွားအောင် လုပ်ဖို့ ကြိုးစားနေတာလား" မင်းသမီးနင်းရွှဲ့က ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
ကျန်းရှန်းကျူက ပြန်လည်ချေပလိုက်လေသည်။ "မင်းသမီးက သီလရှင် မဝတ်ချင်ဘူးဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ တာ့နင်အင်ပါယာရဲ့ ဧကရာဇ်သစ်အဖြစ် ရှုမင်းသားရဲ့ သားတော်ကို ထောက်ခံတယ်လို့ ဒီနေရာမှာ လူသိရှင်ကြား သဘောထား ထုတ်ဖော်ပေးပါ"
သေချာသည်မှာ မင်းသမီးနင်းရွှဲ့က သူမ၏ သဘောထားကို ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။ သူမကိုယ်တိုင် ဧကရာဇ် မဖြစ်ချင်လျှင်တောင်မှ ခင်ပွန်းဖြစ်သူ တုပိုင်၏ ဆန္ဒကို ဘယ်တော့မှ ဆန့်ကျင်မည် မဟုတ်ချေ။
"ဒုန်းးး ဒုန်းးး ဒုန်းးး" မြေကြီး တုန်ခါလာ၏။
အနောက်တောင်ပိုင်းမှ သံချပ်ကာ မြင်းတပ်ကြီးက ဒီရေလှိုင်းများပမာ ရောက်ရှိလာပြီး မင်းသမီးနင်းရွှဲ့အား အတင်းအကျပ် ဖိအားပေးနေကြသော ထိုအရာရှိများကို ဝန်းရံလိုက်ကြလေသည်။
တုပိုင်က မိစ္ဆာဝံပုလွေဘုရင်ကို စီးနင်းလျက် ထွက်ပေါ်လာပြီး ပြတ်သားကျယ်လောင်စွာ ပြောလိုက်လေသည်။ "ပထမဧကရာဇ်ရဲ့ တစ်ဦးတည်းသော သွေးသားရင်းချာဖြစ်တဲ့ မင်းသမီးနင်းရွှဲ့ကို တာ့နင်အင်ပါယာရဲ့ ဧကရာဇ်သစ်အဖြစ် ငါ တင်မြှောက်ချင်တယ်။ ဘယ်သူ သဘောတူလဲ။ ဘယ်သူ ဆန့်ကျင်မလဲ"
တောင်ပိုင်းသို့ ဆင်းလာသော အရပ်ဘက်အရာရှိများ၏ ခေါင်းဆောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးဟောင်း ကျန်းရှန်းကျူက ဒေါသတကြီးဖြင့် ပြစ်တင်ဝေဖန်လိုက်လေသည်။ "ကျန့်ရှီးဘုရင်... မင်းသမီးနင်းရွှဲ့က မိန်းမတစ်ယောက် ဖြစ်ရုံသာမက ခင်ဗျားရဲ့ ဇနီးလည်း ဖြစ်နေတယ်။ သူ့ကို ဧကရာဇ်အဖြစ် တင်မြှောက်ချင်နေတာ ခင်ဗျားမှာ ဘယ်လို လျှို့ဝှက်ရည်ရွယ်ချက်တွေ ရှိနေလို့လဲ။ ခင်ဗျားမှာ တိုင်းပြည်ကို လုယူချင်တဲ့ စိတ်ကူး ရှိနေတာလား"
တုပိုင်က ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ "တစ်ကိုယ်ကောင်းဆန်တာလား။ သေချာပေါက် ငါ့မှာ တစ်ကိုယ်ကောင်းဆန်စိတ် ရှိတာပေါ့။ ငါက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးနဲ့ အရင်က တစ်ခါမှ မရှိခဲ့ဖူးလောက်အောင် တိုးတက်နေတဲ့ အရှေ့ဘက် ပြည်ထောင်စုဆိုတဲ့ ရန်သူကြီးကို ရင်ဆိုင်နေရတာ။"
"ဒီစစ်ပွဲကို အနိုင်ရဖို့၊ အနောက်တောင်ပိုင်းကို ကာကွယ်ဖို့ ၊ တာ့နင်အင်ပါယာကို ပြန်လည်ရယူဖို့နဲ့ ရုပ်သေးဧကရာဇ်ယုံတယ်ကို ဖယ်ရှားပစ်ဖို့အတွက် ငါက ဘယ်လို နိုင်ငံရေး လွန်ဆွဲမှု ၊ ဘယ်လို ပြည်တွင်းရေး အားပြိုင်မှုမျိုးကိုမှ လက်ခံမှာ မဟုတ်ဘူး။ အနောက်တောင်ပိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လို ကန့်သတ်ချက်မျိုးနဲ့မှ နောက်ဆွဲခံနေလို့ မဖြစ်ဘူး"
ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ပြောသည်။ "ပွင့်ပွင့်လင်းလင်း ပြောရရင် ခင်ဗျားက အနောက်တောင်ပိုင်းမှာ အာဏာသိမ်းချင်နေတာ မဟုတ်လား။ ကျန့်ရှီးဘုရင်... အရင်က ရုပ်သေးဧကရာဇ်ယုံတယ်ကို ကျွန်တော် အထင်မှားခဲ့တဲ့အတွက် ကျွန်တော့်ရဲ့ ဘယ်ဘက်မျက်လုံးကို ဖောက်ထုတ်ပြီး ခင်ဗျားကို တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားနဲ့ ပြန်လည်ပေါင်းစည်းဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူးဆိုတာ ခင်ဗျား သိပါတယ်"
တုပိုင် တုန့်ပြန်၏။ "သေချာတာပေါ့။ ကျန်းနန်နယ်စားမင်းနဲ့ ကျွန်တော်ကြားက ဆက်ဆံရေး ပြတ်တောက်သွားပြီဆိုတာ သိပါတယ်။ အဲဒါကို ပြန်အဖတ်ဆယ်ဖို့ ရည်ရွယ်ချက်လည်း မရှိပါဘူး"
ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ဆက်ပြောသည်။ "ရုပ်သေးဧကရာဇ်ယုံတယ်က နင်တောက်ရွှမ်ရဲ့ မိစ္ဆာမျိုးဆက်ဖြစ်ပြီး မိခင်ကို သတ်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်။ အဲဒါက သူ့ရဲ့ ရက်စက်ယုတ်မာတဲ့ စိတ်ရင်းပဲ။ သူက ဓားချက်တစ်ထောင်နဲ့ အပိုင်းပိုင်းခုတ်ထစ် ခံရသင့်တယ်။ ဒါပေမဲ့ အဲဒါက အရင်တုန်းက စိချွမ်းနဲ့ ဟူနန်ကို ခင်ဗျား စစ်တပ် စေလွှတ်ခဲ့တာ မှန်ကန်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး"
ကျန်းရှန်းကျူက ဝင်ပြောလိုက်လေသည်။ "ဟုတ်တယ် ၊ ကျန့်ရှီးဘုရင်... ပထမဧကရာဇ်အပေါ် သစ္စာရှိတဲ့ အမတ်တွေ အခု ဒီနေရာမှာ ရှိနေကြတယ်။ စိချွမ်းနဲ့ ဟူနန်ကို ဘာကြောင့် စစ်တပ် စေလွှတ်ခဲ့ရတယ်ဆိုတာ ကျေးဇူးပြုပြီး ရှင်းပြပေးပါ။ ဒီကိစ္စက ရုပ်သေးဧကရာဇ်ယုံတယ်နဲ့ ဘာမှ မသက်ဆိုင်ဘူး"
မင်းသမီးနင်းရွှဲ့က ပြောလိုက်လေသည်။ "ကျွန်မခင်ပွန်းက စိချွမ်းနဲ့ ဟူနန်ကို စစ်တပ် စေလွှတ်ခဲ့တာ အရှေ့ဘက် ပြည်ထောင်စုကို အနိုင်ယူပြီး တာ့နင်အင်ပါယာကို ကာကွယ်ဖို့အတွက်ပါ"
ဤအချက်ကို မင်းသမီးနင်းရွှဲ့ကိုယ်တိုင် အမှန်တကယ် အတည်ပြုထားပြီး ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမက စိချွမ်းတွင် တုပိုင်နှင့် တွေ့ဆုံခဲ့စဉ်က တုပိုင်မှာ ရွှံ့ဗွက်များ ပေပွနေပြီး မြေအောက်ထဲမှ ယခုလေးတင် ထွက်လာခဲ့သည့်ပုံစံ ဖြစ်နေသောကြောင့်ပင်။
ယင်းက ဘာကို သက်သေပြနေသနည်း။
တုပိုင် လိုချင်သောအရာ တစ်ခုခု မြေအောက်ထဲတွင် ရှိနေကြောင်းကို သက်သေပြနေခြင်း ဖြစ်လေသည်။ ထိုအကြောင်းပြချက်ကြောင့်ပင် စိချွမ်းသို့ စစ်တပ် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး နယ်မြေချဲ့ထွင်ရန်အတွက် လုံးဝ မဟုတ်ပေ။
စိချွမ်းကို သိမ်းပိုက်ပြီးနောက် တုပိုင်သည် သူ၏ စစ်တပ်ကို တိုးချဲ့ခြင်း မပြုလုပ်ခဲ့သလို ၊ မူဝါဒသစ်များကိုလည်း ချက်ချင်း အကောင်အထည်ဖော်ခြင်း မရှိခဲ့ချေ။ ထို့အပြင် စားနပ်ရိက္ခာအတွက် အခွန်အခများကိုပင် ထပ်တိုးကောက်ခံခြင်း မရှိခဲ့ပေ။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ဆက်၍ မေးခွန်းထုတ်သည်။ "မင်းသမီးရဲ့ အကြောင်းပြချက်က ယုတ္တိမတန်ပါဘူး။ စစ်ပွဲက နီးကပ်နေပြီ။ ဒီအချိန်မှာ ကျန့်ရှီးဘုရင်က စိချွမ်းနဲ့ ဟူနန်ကို သိမ်းပိုက်ဖို့ စစ်တပ် စေလွှတ်ခဲ့တယ်။ အဲဒါကို သူ သက်သေပြချင်တယ်ဆိုရင်တောင် နောက်ကျသွားပါပြီ။"
"အရှေ့ဘက် ပြည်ထောင်စုနဲ့ စစ်ပွဲဖြစ်နေတဲ့ ဒီအချိန်မှာ စိချွမ်းနဲ့ ဟူနန် ပြည်နယ်နှစ်ခုက သိပ်ပြီး အသုံးမဝင်လှဘူး။ ကျန့်ရှီးဘုရင်ရဲ့ စစ်တပ်က ရှုံးနိမ့်သွားမယ်ဆိုရင်တောင် ဆုတ်ခွာဖို့ဆိုရင် သူ့စစ်တပ် စိချွမ်းကို ဆုတ်ခွာတာကို ဘယ်သူကမှ တားဆီးမှာ မဟုတ်ပါဘူး။ စစ်ရေးအမြင်အရ ပြောရရင် ကျန့်ရှီးဘုရင်က စိချွမ်းနဲ့ ဟူနန်ကို သိမ်းပိုက်ဖို့ စစ်တပ် စေလွှတ်ခဲ့တာက ရှင်းပြလို့ မရနိုင်ပါဘူး"
ကျန်းရှန်းကျူက ပြောသည်။ "ကျန့်ရှီးဘုရင်... စိချွမ်းနဲ့ ဟူနန်ကို သိမ်းပိုက်ခဲ့တဲ့ အဓိက အကြောင်းအရင်းမှန်ကို အခု ကျေးဇူးပြုပြီး ပြောပြပေးလို့ ရနိုင်မလား"
တုပိုင် အေးစက်စွာ တုန့်ပြန်လိုက်၏။ "မှတ်ချက်ပေးစရာ မရှိဘူး"
သူ၏သဘောထားက လူတိုင်းကို ခေတ္တမျှ တုန်လှုပ်သွားစေခဲ့ပြီး အလွန် မာနကြီးကာ အာဏာရှင်ဆန်လွန်းလှလေသည်။
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ ဒေါသထွက်သွားကြလေ၏။
ထို့နောက် တုပိုင်က ဆက်ပြောလိုက်သည်။ "ငါ ထပ်ပြောမယ်။ မင်းသမီးနင်းရွှဲ့ကို တာ့နင်အင်ပါယာရဲ့ ဧကရာဇ်သစ်အဖြစ် ငါ တင်မြှောက်ချင်တယ်။ ဘယ်သူ သဘောတူပြီး ဘယ်သူ ဆန့်ကျင်မလဲ"
"လုံးဝ မဖြစ်နိုင်ဘူး"
"ဒီလောကမှာ မိန်းမတစ်ယောက် ဧကရာဇ်ဖြစ်ရမယ့် အကြောင်းပြချက် ရှိလို့လား"
"ဒါက ကောင်းကင်ဘုံရဲ့ နိယာမကို ဖောက်ဖျက်တာပဲ။ တာ့နင်အင်ပါယာရဲ့ ဘိုးဘေးတွေ သိသွားရင် မြေအောက်ထဲမှာတောင် ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး"
"ဒါက ကမ္ဘာမြေကြီးကို ပြောင်းပြန်လှန်ပစ်တာပဲ"
အမတ်ရာနှင့်ချီသည် ဖြောင့်မတ်မှန်ကန်သော ဒေါသများဖြင့် အော်ဟစ်နေကြသည်။
သို့သော် ထိုအချိန်တွင် ရှုမင်းသား၏ သားတော်က မြင်းစီးလျက် ရောက်ရှိလာပြီး တုပိုင်ကို ဦးညွှတ်ကာ ပြောလိုက်လေ၏။ "ကျန့်ရှီးဘုရင်... ကျွန်တော် ပြောတာ နားထောင်ပါဦး။ အခုအချိန်မှာ ရုပ်သေးဧကရာဇ်ယုံတယ်ကို တစ်လောကလုံးက စွန့်ပယ်လိုက်ကြပြီး လူထောင်ပေါင်းများစွာရဲ့ ပြစ်တင်ဝေဖန်တာကို ခံနေရတယ်။"
"ဒါပေမဲ့ အရှင်က မင်းသမီးနင်းရွှဲ့ကို ဧကရာဇ်အဖြစ် တင်မြှောက်လိုက်တာနဲ့ တစ်ပြိုင်နက် လူထုရဲ့ အမြင်တွေက မုန်တိုင်းလို ဝင်ရောက်လာလိမ့်မယ်။ အရှင် နောက်ဆုံးမှာ ရရှိထားတဲ့ လူထုရဲ့ တရားမျှတမှုက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ရုပ်သေးဧကရာဇ်ယုံတယ် အပေါ် ကျရောက်နေတဲ့ လူထုရဲ့ ဖိအားတွေ လျော့ကျသွားလိမ့်မယ်။"
"အဲဒီအချိန်ကျရင် အရှင်က လူထောင်ပေါင်းများစွာရဲ့ လွှမ်းမိုးမှုကို တစ်ဖန် ပြန်ခံရပြီး တစ်လောကလုံးရဲ့ အပြစ်တင်တာကို ခံရလိမ့်မယ်။ ဘာလို့လဲဆိုတော့ လောကလူသားတွေရဲ့ မျက်လုံးထဲမှာ ရုပ်သေးဧကရာဇ်ယုံတယ်က ပုန်ကန်သူဖြစ်ရင်တောင် သူက နင်မျိုးနွယ်စုရဲ့ မျိုးဆက်တစ်ခုပဲလေ။"
"သူက မိခင်ကို သတ်ခဲ့ပြီး ပထမဧကရာဇ်ရဲ့ သွေးသားရင်းချာ မဟုတ်ဘူးဆိုရင်တောင်မှ လူတွေက ရွေးချယ်ရမယ်ဆိုရင် လူတိုင်းက ဧကရာဇ်ယုံတယ်ကိုပဲ လက်ခံကြပြီး မင်းသမီးနင်းရွှဲ့ကို လက်ခံဖို့ ဆန္ဒရှိကြမှာ မဟုတ်ဘူး။ ဒါက စိတ်ပျက်စရာကောင်းပေမဲ့ မိန်းမတစ်ယောက် ဧကရာဇ်ဖြစ်လာတာကို တစ်လောကလုံးက လက်ခံဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်"
တုပိုင်က အေးစက်စွာပြော၏။ "ငါက အဲတာတွေကို ဂရုစိုက်မယ်ထင်သလား"
ရှုမင်းသား၏ သားတော်က ပြောလိုက်လေသည်။ "ကျန့်ရှီးဘုရင်... ခင်ဗျား ကျွန်တော့်ကို အထင်သေးတယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး။ အခုချိန်မှာ အနောက်တောင်ပိုင်းမှာ မင်းသားတွေ အများကြီး ရှိနေပါတယ်။ ခင်ဗျား တခြား ဉာဏ်ပညာရှိတဲ့သူ တစ်ယောက်ကို ရွေးချယ်နိုင်ပါတယ်။ ကျွန်တော် နုတ်ထွက်ပေးပါ့မယ်"
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျန်းရှန်းကျူနှင့် ဆုန်ချွဲတို့မှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြပြီး ရှုမင်းသား၏ သားတော်သည် ယောက်ျားကောင်းပီသကာ သဘောထားကြီးမြတ်သူ ဖြစ်သည်ဟု ခံစားလိုက်ကြရလေ၏။
ရုတ်တရက် ထိုနေရာတွင် ရှိနေသော လူရာနှင့်ချီ၍ ပိုမို စိတ်အားထက်သန်လာကြပြီး ဤဧကရာဇ်နေရာသည် ရှုမင်းသား၏ သားတော်မှလွဲ၍ အခြားသူ မဖြစ်သင့်ဟု ခံစားလိုက်ကြရလေသည်။
မင်းသမီးနင်းရွှဲ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ကျောက်သလင်းပြွန်တစ်ခုကို ထုတ်ယူကာ အော်ပြောလိုက်လေ၏။ "ဧကရာဇ်မင်းမြတ်ရဲ့ လျှို့ဝှက်အမိန့်တော်"
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ ဆွံ့အသွားကြလေတော့၏။
တုပိုင်သည် ထိမ်းမြားလက်ထပ်ရန် ပေကျင်းမြို့တော်သို့ မဝင်ရောက်မီကပင် အိမ်ရှေ့စံမင်းသားထံမှ လျှို့ဝှက်စာတစ်စောင် လက်ခံရရှိခဲ့ကြောင်း ပထမဧကရာဇ်အား အသိပေးလျှောက်ထားခဲ့ဖူးလေသည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ထိုလျှို့ဝှက်စာမှာ အိမ်ရှေ့စံမင်းသား ရေးသားခဲ့ခြင်း မဟုတ်ကြောင်း သိရှိလိုက်ရသဖြင့် လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြလေ၏။
ယင်းနောက် ပထမဧကရာဇ်က မင်းသမီးနင်းရွှဲ့ကို လျှို့ဝှက်စွာ ခေါ်ယူတွေ့ဆုံခဲ့ပြီး လျှို့ဝှက်အမိန့်တော် တစ်ရပ်ကို ပေးအပ်ခဲ့လေသည်။
"အကယ်၍ အိမ်ရှေ့စံမင်းသားက ထီးနန်းဆက်ခံပြီးနောက်မှာ အရည်အချင်းမပြည့်မီဘဲ ဖန်းအုပ်စုနဲ့ ပူးပေါင်းကြံစည်ခဲ့မယ်ဆိုရင် မယ်တော်ကြီးနဲ့ တုပိုင်တို့က သူ့ကို ဧကရာဇ်အဖြစ်ကနေ နန်းချပိုင်ခွင့် ရှိစေရမယ်... ကျေးဇူးပြုပြီး လုပ်ဆောင်ပေးကြပါ"
ဤလျှို့ဝှက်သတင်းစကားမှာ အလွန်ပင် ရိုးရှင်းလှပေသည်။ တုပိုင်က ဖတ်ပြပြီးနောက် ပရိသတ်ကြီးမှာ ခေတ္တမျှ ဆွံ့အအံ့အားသင့်သွားကြလေ၏။
ထို့အပြင် အလွန် ဝမ်းနည်းကြေကွဲသွားကြလေသည်။
ကျန်းရှန်းကျူနှင့် အခြားသူများမှာ မျက်ရည်များပင် ကျဆင်းလာခဲ့ကြလေ၏။
တုပိုင်သည်လည်း သူ၏ ရင်ထဲတွင် အလွန်တရာ ခါးသီးပြီး ဝမ်းနည်းကြေကွဲမှုကို ခံစားလိုက်ရလေသည်။
ဤတံဆိပ်တော်မှတစ်ဆင့် မည်သည့်အရာကို မြင်တွေ့နိုင်သနည်း။
ဧကရာဇ် ထျန်ယွင်သည် မည်သည့်စကားမျှ မဆိုခဲ့သော်လည်း ဧကရာဇ်ယုံတယ်၏ ဇာစ်မြစ်ကို လုံးဝ မသိနားမလည်သူတော့ မဟုတ်ခဲ့ပေ။
သို့သော်လည်း သူက မသိချင်ယောင်ဆောင်ကာ ဆက်လက် စုံစမ်းခြင်း မပြုရန်သာ ရွေးချယ်ခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် အနှစ် ၂၀ ကျော်ကြာ ပြုစုပျိုးထောင်လာခဲ့ပြီးနောက် သူ၏ ရင်ထဲတွင် အိမ်ရှေ့စံမင်းသားအပေါ် သားအဖမေတ္တာများ ပြည့်နှက်နေခဲ့ပြီဖြစ်ရာ ဖြတ်တောက်ရန် မဖြစ်နိုင်တော့သောကြောင့်ပင်။ ထို့အပြင် အိမ်ရှေ့စံမင်းသားကို နန်းချလိုက်မည်ဆိုပါကလည်း အစားထိုးမည့်သူ မရှိပေ။
သို့သော်လည်း အိမ်ရှေ့စံမင်းသား ထီးနန်းဆက်ခံပြီးနောက် ဖြစ်ပေါ်လာမည့် အခြေအနေများအပေါ်တွင်လည်း သူ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့၏။ ထို့ကြောင့်ပင် အကယ်၍ အိမ်ရှေ့စံမင်းသား ထီးနန်းဆက်ခံပြီးနောက် ထီးနန်းနှင့် မထိုက်တန်သူ ဖြစ်လာပါက မယ်တော်ကြီးနှင့် တုပိုင်ကို ဤကိစ္စအား ဖြေရှင်းခွင့် ပေးခဲ့ခြင်း ဖြစ်လေသည်။
ဘုရင်တစ်ပါး၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် သူသည် အမှန်တကယ်ပင် ကောင်းမွန်သော ဧကရာဇ်တစ်ပါး မဟုတ်ခဲ့ချေ။ သို့သော်လည်း သူသည် အမှန်တကယ် ကောင်းမွန်သော မင်းမြတ်တစ်ပါး ဖြစ်ခဲ့လေ၏။
ထို့အပြင် လျှို့ဝှက်အမိန့်တော်ထဲတွင် မယ်တော်ကြီးနှင့် တုပိုင်တို့သာလျှင် နန်းချပိုင်ခွင့်ရှိကြောင်း ရေးသားထားပြီး ကျန်းရှန်းကျူ ၊ ကူရွှင်ချန်နှင့် ဆုန်ချွဲတို့ မပါဝင်ခဲ့ပေ။
ယင်းက သူသည် တုပိုင်ကို အထူးတလည် ယုံကြည်ရုံသာမက တုပိုင်၏ လက်ထဲတွင် စစ်တပ်အာဏာ ရှိနေသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် မယ်တော်ကြီးနှင့် တုပိုင်တို့ နှစ်ဦးတည်းကိုသာ နန်းချခွင့် ပေးခြင်းက ပြည်တွင်းရေး အားပြိုင်မှုများနှင့် ပဋိပက္ခများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မည် ဖြစ်လေ၏။
ထို့အပြင် သူသည် တုပိုင်၏ အနောက်တောင်ပိုင်းရှိ မူဝါဒသစ်များကို မြင်တွေ့ခဲ့ရပြီး အရှေ့ဘက် ပြည်ထောင်စု၏ အင်အားကြီးမားမှုကိုလည်း သိရှိခဲ့လေသည်။ ကမ္ဘာကြီး ပြောင်းလဲသွားပြီဖြစ်ကာ ခေတ်စနစ်ကြီးလည်း ပြောင်းလဲသွားပြီဆိုသည်ကို သူ နက်နက်ရှိုင်းရှိုင်း သိရှိနားလည်ခဲ့သည်။ သူကိုယ်တိုင် အမီမလိုက်နိုင်တော့သော်လည်း ဤခေတ်စနစ်၏ ခြေလှမ်းများကိုတော့ သူ မတားဆီးချင်ခဲ့ပေ။
ကျန်းရှန်းကျူ ၊ ဆုန်ချွဲနှင့် အခြားသူများက သေးငယ်သော လျှို့ဝှက်အမိန့်တော်ကို လွှဲပြောင်းရယူလိုက်ကြပြီး အကြိမ်ကြိမ်အခါခါ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ကြလေသည်။
ယင်းက ပထမဧကရာဇ်၏ လက်ရေးအစစ်အမှန် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး အသုံးပြုထားသော စုတ်တံ ၊ မင်နှင့် စက္ကူတို့မှာလည်း အစစ်အမှန်များပင် ဖြစ်လေသည်။
ဤလျှို့ဝှက်အမိန့်တော်ကို အစစ်တစ်ခုကဲ့သို့ အတုအပ ပြုလုပ်နိုင်သော်လည်း သူတို့ကတော့ ယင်းကို အစစ်အမှန်ဟုပင် ယုံကြည်လိုက်ကြလေ၏။
"ပထမဧကရာဇ်မင်းမြတ်..."
"ပထမဧကရာဇ်မင်းမြတ်..."
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၄၃ + ၇၄၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team