အခန်း (၇၄၅-၇၄၆)
Vol. 75 Ch. 745-746
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၄၅ + ၇၄၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
"ပထမဧကရာဇ်မင်းမြတ်..."
ကျန်းရှန်းကျူ ၊ ဆုန်ချွဲနှင့် အခြားသူများမှာ မြေကြီးပေါ်တွင် ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုကြွေးခြင်းကို မတားဆီးနိုင်ခဲ့ကြပေ။
မင်းသမီးနင်းရွှဲ့ ပြောသည်။ "ခမည်းတော်ရဲ့ လျှို့ဝှက်အမိန့်တော်မှာ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ မယ်တော်ကြီးနဲ့ တုပိုင်က နန်းချပိုင်ခွင့်နဲ့ နန်းတင်ပိုင်ခွင့်ကို လုပ်ဆောင်နိုင်တယ်လို့ဆိုတော့ ကျွန်မခင်ပွန်းမှာ ဧကရာဇ်သစ်ကို ရွေးချယ်တင်မြှောက်ခွင့် အာဏာရှိတယ်"
ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ပြောသည်။ "ဟုတ်ပါတယ်။ ပထမဧကရာဇ်ရဲ့ လျှို့ဝှက်အမိန့်တော်ထဲမှာ ကျန့်ရှီးဘုရင်ကို နန်းချခွင့် ၊ နန်းတင်ခွင့် အာဏာပေးထားတာ မှန်ပါတယ်။ ဒါပေမဲ့ သူ့မှာ မိန်းမတစ်ယောက်ကို ဧကရီအဖြစ် တင်မြှောက်ခွင့် အာဏာမရှိဘူး။ သူ့ရဲ့ ဇနီးကို ဧကရီအဖြစ် တင်မြှောက်ဖို့ဆိုတာကတော့ ဝေလာဝေးပဲ"
ကျန်းရှန်းကျူကလည်း ဆန့်ကျင်သည်။ "ဆိုရရင် မင်းသမီးနင်းရွှဲ့ကို ဧကရီအဖြစ် တင်မြှောက်လိုက်တာနဲ့ တစ်ပြိုင်နက် တာ့နင်အင်ပါယာရဲ့ မျိုးရိုးနာမည်က တု ဖြစ်သွားမလား ဒါမှမဟုတ် နင် ဖြစ်သွားမလား။ နောင်အနာဂတ်မှာ ထီးနန်းစွန့်လွှတ်ရမယ့်ကိစ္စတွေ ရှိလာဦးမလား"
"ဟုတ်တယ် ၊ မှန်တာပေါ့။ ကျန့်ရှီးဘုရင်မှာ နန်းချခွင့်နဲ့ နန်းတင်ခွင့် အာဏာရှိတယ်ဆိုပေမဲ့ မိန်းမတစ်ယောက်ကို ဧကရီအဖြစ် တင်မြှောက်ရမယ့် အကြောင်းပြချက် မရှိဘူး"
"မိန်းမတစ်ယောက်ကို ဧကရီအဖြစ် တင်မြှောက်တာက ရုပ်သေးဧကရာဇ်ယုံတယ် ထက်တော့ ပိုကောင်းပါတယ်"
တုပိုင်က ပြောလိုက်လေသည်။ "ဆိုလိုတာက ခင်ဗျားတို့က မင်းသမီးနင်းရွှဲ့ကို တာ့နင်အင်ပါယာရဲ့ ဧကရီအဖြစ် ထောက်ခံမှာ မဟုတ်ဘူးပေါ့"
"သေချာတာပေါ့ ၊ မထောက်ခံနိုင်ဘူး"
"သေချာပေါက် မထောက်ခံနိုင်ပါဘူး"
ကျန်းနန်နယ်စားမင်း ဆုန်ချွဲကလည်း ပြောသည်။ "ကျန့်ရှီးဘုရင်... ကျွန်တော်တို့က မထောက်ခံဘူးဆိုရင် ခင်ဗျားက ကျွန်တော်တို့ အားလုံးကို သတ်ပစ်မှာလား။ အဲဒီလိုဆိုရင်လည်း ခင်ဗျား လုပ်နိုင်ပါတယ်။ ဒီတစ်ကြိမ် ကွေ့လင်စီရင်စုကို ကျွန်တော် လူတိုင်းကို ခေါ်မလာနိုင်ခဲ့ဘူး။ လူဆယ်ယောက်ပဲ ပါလာခဲ့ပေမဲ့ ဒီကို ရဲရဲဝံ့ဝံ့ လာရဲတယ်ဆိုကတည်းက သေရမှာကို နည်းနည်းလေးမှ မကြောက်လို့ပဲ"
ကျန်းရှန်းကျူ တည်ငြိမ်စွာ ပြော၏။ "ကျန့်ရှီးဘုရင်က သတ်ချင်တယ်ဆိုရင်လည်း ကျုပ် ကျန်းရှန်းကျူရဲ့ ခေါင်းနဲ့ အရင် စတင်လိုက်ပါ"
ရှုမင်းသား၏ သားတော် နင်ချုံးကလည်း ပြောလိုက်သည်။ "ကျန့်ရှီးဘုရင်မှာ သိန်းချီတဲ့ စစ်တပ်ကြီး ရှိတယ်။ အကယ်၍ သူသာ သတ်ချင်တယ်ဆိုရင် ကျွန်တော့်ကိုလည်း တစ်ယောက်အပါအဝင် မှတ်ထားလိုက်ပါ"
"သတ်မယ် ဟုတ်လား" တုပိုင်က ပြောလိုက်သည်။
"အကယ်၍ ခင်ဗျားတို့သာ ကျွန်တော့်ရဲ့ မူဝါဒသစ်ကို ဖျက်ဆီးမယ် ဒါမှမဟုတ် အနောက်တောင်ပိုင်းမှာ ဆိုးယုတ်တဲ့ အလုပ်တွေ လုပ်မယ်ဆိုရင် ခင်ဗျားတို့ကို ရှင်းလင်းပစ်ဖို့ ကျွန်တော် ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံရေး အမြင်မတူတာလေး တစ်ခုနဲ့တင် ခင်ဗျားတို့ကို ကျွန်တော် သတ်မယ်ဆိုရင်တော့ ခင်ဗျားတို့ ကျွန်တော့်ကို အထင်သေးလွန်းရာ ကျသွားလိမ့်မယ်"
"ဒါက ထင်ကြေးပေးပြီး ပြောနေတဲ့ စကားမဟုတ်ဘူး။ ခင်ဗျားနဲ့ ကျွန်တော် သဘောထားချင်း မတိုက်ဆိုင်တော့တဲ့အတွက် ခင်ဗျားတို့ရဲ့ လမ်းကို ခင်ဗျားတို့ သွားကြပေတော့။ ခင်ဗျားတို့က မင်းသမီးနင်းရွှဲ့ကို တာ့နင်အင်ပါယာရဲ့ ဧကရီအဖြစ် မထောက်ခံကြတော့မှတော့ ကျွန်တော့်ရဲ့ အနောက်တောင်ပိုင်းကနေ အပြီးတိုင် ထွက်သွားကြစမ်း"
တုပိုင်က ပြတ်သားကြမ်းတမ်းစွာ ပြောလိုက်လေ၏။
ရုတ်တရက် လူငယ်နန်းတွင်းအမတ် အနည်းငယ်က ဝင်ပြောလိုက်ကြလေသည်။ "အနောက်တောင်ပိုင်းက တာ့နင်အင်ပါယာရဲ့ အနောက်တောင်ပိုင်းပဲ ၊ ခင်ဗျားရဲ့ ကိုယ်ပိုင် အနောက်တောင်ပိုင်း မဟုတ်ဘူး။ ဘာအခွင့်အရေးနဲ့များ ခင်ဗျားက ကျွန်တော်တို့ကို မောင်းထုတ်ရတာလဲ။ ခင်ဗျားက အာဏာရှင်ဆန်ဆန်နဲ့ ကျွန်တော်တို့ကို အလောတကြီး မောင်းထုတ်နေတာဆိုတော့ ခင်ဗျားမှာ အပြစ်ရှိစိတ် ဝင်နေလို့ မဟုတ်ဘူးလား။ ခင်ဗျားက ထီးနန်းလုချင်တဲ့ သူပုန်ကောင် ၊ သူခိုး မဟုတ်ရင် ဘာလဲ"
"ရွှမ်း... ရွှမ်း..."
သွေးမိစ္ဆာစစ်သည် အနည်းငယ် ရှေ့သို့ ထွက်လာကာ ထိုလူငယ်အနည်းငယ်ကို လက်တစ်ဖက်တည်းဖြင့် ဆွဲထုတ်လိုက်ပြီး သူတို့၏ လက်ထဲမှ ဓားကို မြှောက်ကာ ခေါင်းများကို ခုတ်ဖြတ်လိုက်ကြလေ၏။
ရုတ်တရက် ဤနေရာတွင် ရှိနေသူအားလုံးမှာ အလွန်တုန်လှုပ်သွားကြလေတော့သည်။ တုပိုင်သည် မည်သည့်စကားမှ မဆိုဘဲ တကယ်ပင် သတ်ဖြတ်လိုက်သည်လား။
"ကျန်းနန်နယ်စားမင်း ၊ အမတ်ကြီးကျန်း ၊ ခင်ဗျားတို့ရဲ့ လူတွေကို သေချာ ထိန်းချုပ်ထားပါ" တုပိုင်က ခက်ထန်စွာပြော၏။ "နိုင်ငံရေး အမြင်မတူဘူးဆိုရင်လည်း ကောင်းကောင်းမွန်မွန် ပြောကြပါ။ ဒါမှ ကျွန်တော်တို့ အေးအေးဆေးဆေး စုဝေးနိုင် ၊ လမ်းခွဲနိုင်မှာ။ စကားကို ဆင်ခြင်မပြောရင်တော့ ကျွန်တော် ပြတ်သားလွန်းတယ်လို့ အပြစ်မတင်နဲ့"
"မင်း ငါတို့ကို သတ်လိုက်ရုံနဲ့ တစ်လောကလုံးရဲ့ ပါးစပ်ကို ပိတ်ထားနိုင်မယ် ထင်နေလား။ ပုန်ကန်တဲ့ သူပုန်ကောင်... မင်းက ငါတို့ထဲက ငါးယောက် ၊ ဆယ်ယောက်ကို သတ်နိုင်ပေမဲ့ တစ်လောကလုံးက လူတွေကိုရော အကုန်သတ်နိုင်မလား"
လူငယ်အရာရှိ တစ်ဒါဇင်ခန့်မှာ ဖြောင့်မတ်မှန်ကန်သော ဒေါသများ ပြည့်နှက်နေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသေးသည်။
နောက်တစ်စက္ကန့်မှာပင် သွေးမိစ္ဆာစစ်သည် ဒါဇင်ပေါင်းများစွာက သူတို့ကို တိုက်ရိုက် ဆွဲထုတ်သွားကြပြီး လူတိုင်း၏ မျက်မှောက်တွင်ပင် ခေါင်းများကို ခုတ်ဖြတ်ပစ်လိုက်ကြလေ၏။
တုပိုင်က ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် ကျန်းရှန်းကျူတို့ကို ကြည့်ကာ ပြောလိုက်သည်။ "အမတ်ကြီး နှစ်ဦး... တုပိုင်က လူသတ်ခြင်း ၊ မသတ်ခြင်းအတွက် အကြောင်းပြချက် တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက ဒီလူက သေသင့် ၊ မသေသင့်ဆိုတာပဲ။"
"အကယ်၍ ကျွန်တော်က နာမည်ပျက်မှာကို စိုးရိမ်လို့ ၊ လူထုရဲ့ ဖိအားတွေကြောင့် မသတ်ရဲဘူးလို့ ခင်ဗျားတို့ ထင်နေရင်တော့ အမှားကြီးမှားသွားလိမ့်မယ်နော်။ စစ်ပွဲက နီးကပ်လာနေပြီ ၊ တိုင်းပြည်ကလည်း ပျက်သုဉ်းတော့မယ့် အခြေအနေကို ရောက်နေပြီ။ ကျွန်တော်က နာမည်ဂုဏ်သတင်းကို ဂရုမစိုက်ဘူး။ ခင်ဗျားတို့ အားလုံးကို သတ်ပစ်လိုက်ရင်တောင် ကျွန်တော့်အပေါ် ဘာဖိအားမှ သက်ရောက်လာမှာ မဟုတ်ဘူး"
ရုတ်တရက် ဆုန်ချွဲနှင့် ကျန်းရှန်းကျူတို့မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားကြလေတော့၏။
"ဘယ်သူက အသက်မစေ့သေးဘဲ သေချင်နေသလဲ" တုပိုင် အေးစက်စွာ ပြောလိုက်၏။ "ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြီးသွားပြီ။ မင်းသမီးနင်းရွှဲ့ကို ဧကရီအဖြစ် ထောက်ခံချင်တယ်ဆိုရင် နေခဲ့လို့ရတယ်။ မထောက်ခံဘူးဆိုရင်တော့ အနောက်တောင်ပိုင်းကနေ အခုချက်ချင်း ထွက်သွားကြ။ ဒါမှ အေးအေးဆေးဆေး လမ်းခွဲနိုင်မယ်။ ကျွန်တော့်ကို ဆဲချင်တယ်ဆိုရင် ကွယ်ရာမှာသွားဆဲ ၊ မျက်နှာချင်းဆိုင်မှာ လာမဆဲနဲ့။ ကျွန်တော့်ရဲ့ စိတ်ထားကို အထင်မကြီးနဲ့။ ကျွန်တော် ဧကရာဇ် မဖြစ်ချင်ဘူး ၊ နာမည်ဂုဏ်သတင်းလည်း မလိုချင်ဘူး"
"မင်းက ထီးနန်းကို လုချင်နေတာပဲ။ မင်းသမီးနင်းရွှဲ့ကို ဧကရာဇ်အဖြစ် တင်မြှောက်ပြီး သူ သားတစ်ယောက် မွေးလာတဲ့အခါကျရင် သူ့ကို သတ်ပြီး မင်းကိုယ်တိုင် ထီးနန်းလုယူလိမ့်မယ်" အခြားလူငယ်တစ်ယောက်က အော်ဟစ်လိုက်လေ၏။
နောက်တစ်စက္ကန့်မှာပင် သူ့ကို ဆွဲထုတ်သွားပြီး ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းကာ ခုတ်ဖြတ်လိုက်သည်။
ဆုန်ချွဲက တုန်ယင်စွာဖြင့် ပြောလိုက်လေသည်။ "တုပိုင်... မင်းရဲ့ လုပ်ရပ်တွေက ရုပ်သေးဧကရာဇ်ယုံတယ်လို တိရစ္ဆာန်နဲ့ ဘာကွာခြားတော့လို့လဲ။ နာမည်ပျက်ပြီး တစ်လောကလုံးရဲ့ ရန်သူဖြစ်သွားမှာကို မင်း တကယ်ပဲ မကြောက်ဘူးလား"
တုပိုင်က ပြန်ပြောလိုက်၏။ "ကျွန်တော်က အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ လမ်းကြောင်းကို သွားချင်တာ။ ဒါကြောင့် တစ်လောကလုံးရဲ့ ရန်သူဖြစ်သွားလည်း ဘာမှ မမှားဘူး"
"ကောင်းကင်ဘုံက လူတစ်ယောက်ကို ဖျက်ဆီးချင်ရင် အရင်ဆုံး ရူးသွပ်သွားအောင် လုပ်လိမ့်မယ်" ကျန်းနန်နယ်စားမင်း ဆုန်ချွဲက တုန်ယင်စွာ ပြောလိုက်သည်။ "ကျန့်ရှီးဘုရင်... မင်းက ဒီလောက်တောင် မာနကြီးပြီး ရက်စက်နေမှတော့ မင်း ပျက်သုဉ်းရမယ့် အချိန် သိပ်မဝေးတော့ပါဘူး"
ကျန်းရှန်းကျူကလည်း ကျယ်လောင်စွာ ပြောလိုက်လေ၏။ "ကျန့်ရှီးဘုရင်ရဲ့ အနောက်တောင်ပိုင်းက ငါတို့လို သစ္စာရှိတဲ့ အမတ်တွေ ၊ ဖြောင့်မတ်တဲ့သူတွေကို လက်မခံနိုင်တော့မှတော့ အပြီးတိုင် လမ်းခွဲကြတာပေါ့။ သွားကြစို့"
ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ပြောသည်။ "သွားမယ် ၊ အန်နမ်နိုင်ငံကို သွားကြမယ်။ ဒီကမ္ဘာကြီးမှာ မင်းရဲ့ အနောက်တောင်ပိုင်း တစ်ခုတည်းကသာ ခြေချစရာ နေရာရှိတာ မဟုတ်ဘူး"
ထို့နောက် ဆုန်ချွဲနှင့် ကျန်းရှန်းကျူတို့က လူများကို ဦးဆောင်ကာ ရှုအိမ်တော်မှ စစ်သည်ထောင်ပေါင်းများစွာ၏ အစောင့်အရှောက်ဖြင့် ကွေ့လင်စီရင်စုမှ ထွက်ခွာပြီး အန်နမ်နိုင်ငံဆီသို့ ဦးတည်သွားကြလေတော့၏။
ယခုအချိန်မှစ၍ ဧကရာဇ်ထျန်ယွင်အပေါ် သစ္စာရှိသော အင်အားစုနှစ်ခုမှာ အပြီးတိုင် ကွဲကွာသွားပြီဖြစ်လေ၏။
**--**--**--**--**--**--**--**
သုံးရက်အကြာတွင် တုပိုင်သည် ကွေ့လင်တွင် မင်းသမီးနင်းရွှဲ့ကို ဧကရီအဖြစ် တင်မြှောက်လိုက်ပြီး ကျန်းဝူဟူသော နန်းတက်နှစ်အမည်ကို သတ်မှတ်လိုက်၏။
ကွေ့လင်စီရင်စုကို ကွေ့ကျင်းဟု အမည်ပြောင်းလဲလိုက်ပြီး တာ့နင်အင်ပါယာ၏ ယာယီ နေပြည်တော် ဖြစ်လာစေသည်။
ဤသို့ဖြင့် မင်းသမီးနင်းရွှဲ့သည် ဤကမ္ဘာ၏ တရုတ်သမိုင်းတစ်လျှောက် ပထမဆုံးသော အမျိုးသမီးဧကရီ ဖြစ်လာလေတော့၏။
နန်းတက်ပွဲ အခမ်းအနား တစ်ခုလုံးမှာ အလွန်ပင် ရိုးရှင်းလှ၏။ ဧကရာဇ်ယုံတယ်၏ နန်းတက်ပွဲ အခမ်းအနားသည်ပင် ရိုးရှင်းသည်ဟု သတ်မှတ်၍ ရနေပြီ ဖြစ်လေသည်။
သို့သော် မင်းသမီးနင်းရွှဲ့၏ နန်းတက်ပွဲ အခမ်းအနားသည်တော့ တကယ် လုံးဝကို နုံချာချာနိုင်လွန်းလှသည်။
နန်းတော်ကိုလည်း ကွေ့လင် ဘုရင်ခံရုံးမှ ပြန်လည်မွမ်းမံ တည်ဆောက်ထားရပြီး နိုင်ငံခြား သံတမန် တစ်ယောက်မျှပင် မရှိခဲ့ချေ။
တုပိုင်၏ အနောက်တောင်ပိုင်းရှိ အရာရှိများမှလွဲ၍ အခြား မည်သည့် နန်းတွင်းအမတ်များမှ လာရောက် ပူးပေါင်းခြင်း မရှိခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် စိချွမ်းနှင့် ဟူနန် ပြည်နယ်များမှ အရာရှိ အမြောက်အမြား ထွက်ခွာသွားခဲ့ကြလေ၏။ အချို့က မြောက်ဘက်သို့ သွားကာ ရုပ်သေးဧကရာဇ်ယုံတယ်ထံ ခိုလှုံကြပြီး အချို့က တောင်ဘက်ရှိ အန်နမ်နိုင်ငံသို့ သွားကာ ရှုမင်းသား ဦးဆောင်သော ပြည်ပြေးအစိုးရထံတွင် သွားရောက်ခိုလှုံခဲ့ကြလေသည်။
ယူနန် ၊ ကွမ်ရှီးနှင့် ကွေ့ကျိုး ပြည်နယ်များတွင်ပင် အရာရှိအချို့ ထွက်ခွာသွားခဲ့ကြသည်။
သို့သော်လည်း နန်းတက်ပွဲ အခမ်းအနားက မည်မျှပင် အဖျင်းအချာနိုင်နေပါစေ ၊ နိုင်ငံခြား သံတမန်များ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊ မည်မျှပင် များပြားသော လူများက ဆန့်ကျင်နေကြပါစေ မင်းသမီးနင်းရွှဲ့သည် တာ့နင်အင်ပါယာ၏ ဧကရီ ဖြစ်လာဆဲပင်။
သူမသည် လူဦးရေ သန်းနှင့်ချီ၍ နေထိုင်ပြီး စတုရန်းကီလိုမီတာ ၁ ဒသမ ၅ သန်းနီးပါး ကျယ်ဝန်းသော အနောက်တောင်ပိုင်း ပြည်နယ်ငါးခုလုံး၏ အမြင့်ဆုံး အချုပ်အခြာအာဏာပိုင် ဧကရီဘုရား ဖြစ်လာလေ၏။
ချက်ချင်းဆိုသလိုပင် တာ့နင်အင်ပါယာက အစိုးရအဖွဲ့နှင့် ကွပ်ကဲရေးဌာနချုပ်တို့ကို ဖွဲ့စည်းလိုက်ပြီး အနောက်တောင်ပိုင်း ပြည်နယ်ငါးခုရှိ စစ်ရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် တိုးမြှင့်လုပ်ဆောင်ခဲ့ကာ မူဝါဒသစ်ကိုလည်း ပိုမို တွန်းအားပေး အကောင်အထည်ဖော်လိုက်ကြသည်။
လက်ရှိအချိန်၌ တုပိုင်၏ အနောက်တောင်ပိုင်း စစ်တပ်သည်လည်း တာ့နင်အင်ပါယာ၏ ဗဟိုတပ်မတော်အဖြစ် တရားဝင် ပြောင်းလဲသွားသည်။
နန်းတက်ပြီးနောက် မင်းသမီးနင်းရွှဲ့သည် ပထမဆုံး အမိန့်ပေး၏။ "ကျန့်ရှီးဘုရင် တုပိုင်ကို တာ့နင်အင်ပါယာရဲ့ ရင်ခွင်ပိုက်မင်းသားအဖြစ် ခန့်အပ်ပြီး စစ်ရေးနဲ့ နိုင်ငံရေး အာဏာတွေ အားလုံးကို တာဝန်ယူ ကိုင်တွယ်စေရမယ်"
ချက်ချင်းဆိုသလိုပင် ဖူဟုန်ပင်းကို တာ့နင်အင်ပါယာ၏ ဖူချန်နယ်စားမင်းအဖြစ် ခန့်အပ်လိုက်လေသည်။
ကျီရှီကို ကျီချန်နယ်စားမင်းအဖြစ် ခန့်အပ်လိုက်၏။
လီကျန့်ကို လီချန်နယ်စားမင်းအဖြစ် ခန့်အပ်လိုက်သည်။
လီလင်းကို လင်းချန်နယ်စားမင်းအဖြစ် ခန့်အပ်လိုက်လေ၏။
ကျီချင်းကျူကို ကျီချန်နယ်စားမင်းအဖြစ် ခန့်အပ်လိုက်သည်။
ရွှဲ့ကွမ်ရင်ကို တာ့နင်အင်ပါယာ ပထမရေတပ်စု၏ တပ်မှူးအဖြစ် ခန့်အပ်လိုက်လေသည်။
လီဝမ်ဟွေ့ကိုမူ ကွေ့နယ်စားမင်းအဖြစ် ခန့်အပ်လိုက်လေ၏။ ထို့နောက် ဧကရီကျန်းဝူက ယခုလက်ရှိ ရှိနေသော မိန်းမစိုးများမှလွဲ၍ ယခုမှစတင်ကာ တာ့နင်အင်ပါယာတွင် မည်သည့် မိန်းမစိုးကိုမျှ ထပ်မံ ခန့်အပ်တော့မည် မဟုတ်ကြောင်း အမိန့်တော် ထုတ်ပြန်လိုက်လေသည်။
လီကျင်းဌာနနှင့် အရှေ့ဘက်ကွပ်ကဲရေးရုံးတို့ကို ဖျက်သိမ်းလိုက်ပြီး တာ့နင်အင်ပါယာ လုံခြုံရေးဝန်ကြီးဌာနကို အသစ်ပြန်လည် ဖွဲ့စည်းတည်ထောင်လိုက်လေ၏။
အချုပ်အားဖြင့်ဆိုရသော် ထုတ်ပြန်လိုက်သော အမိန့်တော်များက အလွန်များပြားလှပြီး လူတိုင်း၏ အမြင်ကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်လေသည်။
ဤကဲ့သို့သော ပြုပြင်ပြောင်းလဲမှုမျိုးကို အပြင်းအထန် လုပ်ဆောင်ခြင်းဟူသော စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ဘဲ ၊ အလုံးစုံ ပြောင်းပြန်လှန်ပစ်လိုက်ခြင်း ၊ နန်းတွင်းအဖွဲ့အစည်းများကို လုံးလုံးလျားလျား အသွင်သစ် ပြောင်းလဲပစ်လိုက်ခြင်းပင် ဖြစ်လေတော့၏။
သေချာသည်မှာ ယခုအချိန်တွင် စစ်ပွဲက နီးကပ်နေပြီဖြစ်ရာ လုံခြုံရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနကဲ့သို့သော ဌာနသစ်များကို ဖွဲ့စည်းတည်ထောင်လိုက်သော်လည်း ယင်းတို့မှာ အခွံလွတ်များမျှသာ ဖြစ်နေဆဲပင်။
ယခုအခါ အနောက်တောင်ပိုင်း ပြည်နယ်ငါးခုရှိ အရာခပ်သိမ်းသည် နီးကပ်လာနေသော စစ်ပွဲကြီးအတွက် ဖြစ်လေ၏။
**--**--**--**--**--**--**--**
တုပိုင်က အနောက်တောင်ပိုင်းတွင် မင်းသမီးနင်းရွှဲ့ကို ဧကရီအဖြစ် တင်မြှောက်လိုက်ခြင်းသည် တစ်လောကလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေရုံသာမက မြေကြီးများ ပြိုကျကာ လှိုင်းတံပိုးများ အလိပ်လိုက် တက်လာသကဲ့သို့ ပြင်းထန်သော ဂယက်ရိုက်ခတ်မှုကြီးကို ဖြစ်ပေါ်သွားစေသည်။
တစ်လောကလုံးရှိ ပညာတတ် စာပေပညာရှင်များအားလုံးသည် ပထမဆုံးအနေဖြင့် လုံးဝ မှင်တက်အံ့အားသင့်သွားကြပြီးနောက် တုပိုင်အား ရူးသွပ်စွာဖြင့် ဝိုင်းဝန်း ပြစ်တင်ဝေဖန်လိုက်ကြတော့၏။
တုပိုင်အား ထီးနန်းလုသည့် သူပုန်ကောင်နှင့် သူခိုးသက်သက် မဟုတ်တော့ဘဲ ထာဝရအပြစ်သား ၊ ပုန်ကန်သူ ၊ ကိုယ်ကျင့်တရားကို ဖျက်ဆီးသူနှင့် စကြာဝဠာ၏ နိယာမကို ဖျက်ဆီးသူအဖြစ် သတ်မှတ်ခံလိုက်ကြသည်။
မြို့တော်ရှိ ရုပ်သေးဧကရာဇ်ယုံတယ်သည်တော့ ဝမ်းသာလုံးဆို့နေသည်။ ဤအတောအတွင်း သူ၏ အခြေအနေသည် အတော်ဆိုးရွားပြီး နာမည်ဆိုးဖြင့် ကျော်ကြားနေခဲ့၏။
အစပိုင်းတွင် သူ့ကို အသေအလဲ တိုက်ခိုက်ကာ စော်ကားကြသူများ ရှိခဲ့လေသည်။ သို့သော်လည်း သူ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုများ အပြီးတွင်မူ မြို့တော်တစ်ခုလုံး သွေးချောင်းစီးသွားခဲ့ပြီး ပြည်သူသန်းပေါင်းများစွာမှာ တုန်လှုပ်ချောက်ချားကာ မည်သူမျှ မပြောရဲ မဆိုရဲ ဖြစ်သွားကြတော့၏။
သို့သော်လည်း မြို့တော်တစ်ခုလုံးတွင် သူ၏ ဧကရာဇ်လမ်းကြောင်းကို စောင့်ကြည့်နေသော မျက်လုံးများ ရှိနေလေသည်။ ထို့အပြင် နေ့စဉ်နှင့်အမျှ ရုပ်သေးဧကရာဇ်ယုံတယ်၏ မိခင်ကို သတ်ခဲ့သော ရာဇဝတ်မှုများနှင့် နင်တောက်ရွှမ်၏ ဘဝဇာတ်ကြောင်းကို ဖော်ထုတ်ထားသည့် စာလုံးကြီးများဖြင့် ရေးသားထားသော စာရွက်စာတမ်း မြောက်မြားစွာ ထွက်ပေါ်လာလျက်ရှိသည်။
နေ့ခင်းဘက်တွင် ထိုစာရွက်များကို ဆုတ်ဖြဲရန် လူလွှတ်ခဲ့သော်လည်း ညတွင်းချင်း ပြန်လည်ထွက်ပေါ်လာ၏။ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းကလည်း အချည်းနှီးသာ ဖြစ်သည်။ တစ်လောကလုံးက သူ့ကို ကျိန်ဆဲနေကြသဖြင့် ရုပ်သေးဧကရာဇ်ယုံတယ်မှာ ရူးသွပ်လုမတတ် ဖြစ်နေရလေတော့သည်။
သို့သော် တုပိုင်က မင်းသမီးနင်းရွှဲ့ကို ဧကရီအဖြစ် တင်မြှောက်လိုက်ပြီးနောက်တွင်မူ တစ်လောကလုံးက လုံးဝ တုန်လှုပ်သွားကြပြီးနောက် ပြစ်တင်ဝေဖန်မှု အားလုံးသည် တုပိုင်နှင့် မင်းသမီးနင်းရွှဲ့ထံသို့ လှည့်သွားခဲ့လေတော့သည်။
ဤသို့ဖြင့် မင်းသမီးနင်းရွှဲ့မှာ ကျန်းဝူဧကရီဖြစ်လာလေ၏။
ဆုန်ချွဲနှင့် အခြားသူများ ပြောခဲ့သည့်အတိုင်းပင် လောကပြည်သူများက မိန်းမတစ်ယောက် ဧကရီဖြစ်လာခြင်းထက် ယုံတယ်ကဲ့သို့သော သူကို ဧကရာဇ်အဖြစ် ပို၍ သဘောကျလက်ခံကြလေသည်။ သူသည် မိခင်ကို သတ်ခဲ့ပြီး ပထမဧကရာဇ်၏ သွေးသားရင်းချာ မဟုတ်ခဲ့လျှင်တောင်မှ အနည်းဆုံးတော့ သူက ယောက်ျားတစ်ယောက် ဖြစ်နေသလို နင်မျိုးနွယ်စု၏ သွေးသားလည်း ဖြစ်နေသောကြောင့်ပင်။
"ဟားဟားဟား... ကောင်းကင်ဘုံက လူတစ်ယောက်ကို ဖျက်ဆီးချင်ရင် အရင်ဆုံး ရူးသွပ်သွားအောင် လုပ်လိမ့်မယ်" ရုပ်သေးဧကရာဇ်ယုံတယ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "တုပိုင်ရဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့် ငါ့အပေါ် ကျရောက်နေတဲ့ ပြစ်တင်မှုတွေ အားလုံး တစ်ခဏချင်း ပျောက်ကွယ်သွားပြီး တစ်လောကလုံးရဲ့ နာမည်ဆိုးတွေ အကုန်လုံး သူ့ဆီ ရောက်သွားပြီ။ မင်းရဲ့ လောဘကြီးမှုနဲ့ မိုက်မဲမှုအတွက် ငါ တကယ် ကျေးဇူးတင်ချင်တယ် တုပိုင်"
"မိန်းမတစ်ယောက်က ဧကရီ လုပ်မယ် ဟုတ်လား။ တုပိုင်... မင်းက ရင်ခွင်ပိုက်မင်းသား လုပ်ပြီးတော့ ရက်အနည်းငယ်လောက် အရသာခံလိုက်ဦးပေါ့။ မကြာခင်မှာ မင်း အမြစ်ပြတ် သုတ်သင်ခံရပြီး မင်းအတွက် မြေမြှုပ်စရာ နေရာတောင် ရှိမှာ မဟုတ်ဘူး"
"တုဟွေး... စစ်သည် ဘယ်လောက် စုစည်းပြီးပြီလဲ" ရုပ်သေးဧကရာဇ်ယုံတယ် မေးလိုက်သည်။ "ငါတို့ ဘယ်တော့ စစ်စတိုက်နိုင်မလဲ"
"အရှင်မင်းမြတ်... စစ်သည် ၅၀၀,၀၀၀ ကိုစုစည်းပြီးပါပြီ" တုဟွေးက ပြောလိုက်သည်။ "တုပိုင်ရဲ့ အနောက်တောင်ပိုင်း ပြည်နယ်ငါးခုကို အရှေ့ဘက်နဲ့ တောင်ဘက်ကနေ တိုက်ခိုက်ဖို့အတွက် ၆၅၀,၀၀၀ အထိ စုစည်းဖို့ လိုအပ်ပါတယ်။ လျှပ်စီးလက်သလို လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ တုပိုင်ရဲ့ အနောက်တောင်ပိုင်းကို အတိုတောင်းဆုံး အချိန်အတွင်း ဖျက်ဆီးပစ်ပါမယ်"
ရုပ်သေးဧကရာဇ်ယုံတယ် ဆက်မေး၏။ "ဒီစစ်ပွဲကို အဆုံးသတ်ပြီး တုပိုင်ရဲ့ အနောက်တောင်ပိုင်း ပြည်နယ်ငါးခုကို ဖျက်ဆီးပစ်ဖို့ အချိန်ဘယ်လောက် ကြာမယ်လို့ ခန့်မှန်းထားလဲ"
တုဟွေး ပြန်ဖြေသည်။ "ဧရာမအမြောက်ကြီးတွေက တောင်တရုတ်ပင်လယ်ကို ရောက်ရှိနေပါပြီ။ ခွန်လွန်ကျွန်စစ်တပ်ကလည်း ကုန်းပေါ်တက်ဖို့ လုပ်နေပါပြီ။ အရှေ့ဘက် ပြည်ထောင်စုရဲ့ စုစုပေါင်းအင်အားက တုပိုင်ထက် အဆတစ်ရာလောက် ပိုများပါတယ်။ ဒါက ကျားနဲ့ တောခွေးတွေကြားက မမျှတတဲ့ စစ်ပွဲတစ်ခုလိုပါပဲ။ ဒီတိုက်ပွဲမှာ သူတို့ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ ရှိမှာမဟုတ်ပါဘူး။ တစ်လခွဲအတွင်းမှာ အနောက်တောင်ပိုင်း တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး တုပိုင်ကို ဖျက်ဆီးပစ်နိုင်မှာပါ... ဘုရား"
**--**--**--**--**--**--**--**
ဇူလိုင်လ။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲ ၊ အစိုးရအဖွဲ့ဝန်ကြီး ကျန်းရှန်းကျူနှင့် နန်းတွင်းအမတ် ရာနှင့်ချီတို့၏ ထောက်ခံမှုဖြင့် ရှုမင်းသား၏ သားတော် နင်ချုံးလီသည် အန်နမ်နိုင်ငံ၏ ဟွေစီရင်စုတွင် ဧကရာဇ်အဖြစ် နန်းတက်ခဲ့ပြီး သူ၏ နန်းတက်နှစ်အမည်ကို ယုံချန်ဟု သတ်မှတ်လိုက်လေသည်။
မြို့တော်သည် တာ့နင်အင်ပါယာ၏ မြို့တော်အဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သော်လည်း ၊ ပြည်ပြေးအစိုးရ၏ နန်းတော်ကိုတော့ ဟွေစီရင်စုတွင် တည်ထောင်ခဲ့ကြလေ၏။
သို့သော်လည်း ဤပြည်ပြေးအစိုးရတွင် အရာရှိ ရာနှင့်ချီ၍ ရှိနေပြီး စစ်တပ်အင်အား ၁၀၀,၀၀၀ နီးပါးခန့် ရှိနေခဲ့သည်။
ထို့အပြင် ရှုမင်းသား၏ သားအကြီးဆုံး နင်ချုံးလီ နန်းတက်ပြီး မကြာမီမှာပင် တာ့နင်အင်ပါယာ တစ်ခုလုံးထံမှ တုံ့ပြန်မှုများကို ချက်ချင်း ရရှိခဲ့လေသည်။
ပညာတတ် အရာရှိများစွာမှာ တစ်ယောက်ပြီးတစ်ယောက် တောင်ဘက်သို့ ဆင်းလာကြကာ နင်ချုံးလီအပေါ် သစ္စာခံခဲ့ကြလေ၏။
ဧကရာဇ်ယုံတယ်၏ နန်းတော်မှာ ဖန်းမိသားစု၏ သိမ်းပိုက်ခြင်းကို ခံထားရပြီး ၊ ကျန်းဝူဧကရာဇ် (ဧကရီ) မှာလည်း မိန်းမတစ်ယောက် ဖြစ်နေပြန်သည်။
ထို့အတွက်ကြောင့် ပထမဧကရာဇ်အပေါ် သစ္စာရှိကြသော ဤအရာရှိများအနေဖြင့် အန်နမ်နိုင်ငံတွင် ပြည်ပြေးဘဝဖြင့် ရှိနေသော ဧကရာဇ်ယုံချန်ကိုသာ ရွေးချယ်နိုင်တော့မည် ဖြစ်လေသည်။
ပညာတတ် အရာရှိများသာမက သာမန်ပြည်သူ အများအပြားကလည်း ဧကရာဇ်ယုံချန်ကို ရင်ထဲမှနေ၍ ထောက်ခံခဲ့ကြလေ၏။
လက်ရှိအချိန်တွင် တာ့နင်အင်ပါယာ တစ်ခုလုံးတွင် ဧကရာဇ် သုံးပါး ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။
ယုံတယ် ၊ ကျန်းဝူ နှင့် ယုံချန် တို့ပင် သုံးဦးပင်ဖြစ်သည်။
ပြည်ပြေး ဧကရာဇ်ယုံချန်မှာ အင်အားအနည်းဆုံး ဖြစ်သော်လည်း သူ့ကို ပြည်သူများက တရားဝင် ဧကရာဇ်အဖြစ် သတ်မှတ်ကြသည်။
ဧကရာဇ်ယုံတယ်မှာ ဖန်းအုပ်စုနှင့် အရှေ့ဘက် ပြည်ထောင်စုတို့၏ ကျောထောက်နောက်ခံကြောင့် အင်အားအကြီးဆုံး ဖြစ်နေသည်။
ကျန်းဝူဧကရာဇ်မှာ တုပိုင်ကို ကျောထောက်နောက်ခံပြုထားပြီး လွှမ်းမိုးမှု အားဖြင့် ဒုတိယနေရာတွင် ရှိနေသော်လည်း မိန်းမတစ်ယောက် ဖြစ်နေသည့်အတွက် တစ်လောကလုံး နီးပါးက သူမကို သဘောမတူ လက်မခံကြချေ။
**--**--**--**--**--**--**--**
အန်နမ်နိုင်ငံ၏ ဟွေစီရင်စု ဧကရာဇ်ယုံချန်၏ ယာယီ စံအိမ်တော်၌ ကျန်းရှန်းကျူက ပြောသည်။ "အရှေ့ဘက် ပြည်ထောင်စုက စစ်တပ်အင်အား ၆၀၀,၀၀၀ ကို စုစည်းထားပြီး အနောက်တောင်ပိုင်းက တုပိုင်ကို ချီတက်တိုက်ခိုက်ဖို့က နီးကပ်နေပါပြီ။ ခရုနဲ့ စင်ရော်တို့ တိုက်ခိုက်နေချိန်မှာ တံငါသည်က အမြတ်ထွက်လိမ့်မယ်။ သူတို့နှစ်ဖက်စလုံး တိုက်ပွဲမှာ အထိနာသွားတဲ့ အချိန်ကျရင် ကျွန်တော်တို့က မြောက်ဘက်ကို စစ်တပ် စေလွှတ်ပြီး ကွမ်ရှီးကို သိမ်းပိုက်လို့ မရနိုင်ဘူးလား"
မင်းသမီးယွီကျိန်း ငြင်းသည်။ "မရဘူး။ တုပိုင်ရဲ့ အနောက်တောင်ပိုင်း နိုင်ငံရေးအမြင်ကို ကျွန်မတို့ သဘောမတူပေမဲ့လည်း ကျွန်မတို့မှာ အရှေ့ဘက် ပြည်ထောင်စုဆိုတဲ့ ဘုံရန်သူ တစ်ယောက် ရှိနေတယ်။ နှုတ်ခမ်းမရှိရင် သွားခိုက်တတ်တဲ့ သဘောအတိုင်း အရှေ့ဘက် ပြည်ထောင်စုကို ခုခံဖို့အတွက် ကျွန်မတို့ လျှို့ဝှက် မဟာမိတ် ဖွဲ့သင့်တယ်"
ကျန်းရှန်းကျူ ဒေါသထွက်သွား၏။ "တုပိုင်လို ထီးနန်းလုတဲ့ သူပုန် ၊ သူခိုးနဲ့ ဘယ်လိုလုပ် မဟာမိတ်ဖွဲ့လို့ ရမှာလဲ။ ဒါက လုံးဝ မဖြစ်နိုင်ဘူး"
ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ပြောလိုက်လေသည်။ "လောကကြီးမှာ အကျိုးအမြတ်အပြင် ကိုယ်ကျင့်တရားဆိုတာ ရှိသေးတယ်။ တုပိုင်က ဖောက်ပြန်တဲ့ လုပ်ရပ်တွေကို လုပ်ပြီး မိန်းမတစ်ယောက်ကို ဧကရာဇ်အဖြစ် တင်မြှောက်ခဲ့တာဟာ လောကကြီးကို အဆုံးသတ်လိုက်တာပဲ။ သူနဲ့ မဟာမိတ်ဖွဲ့ဖို့ဆိုတာ လုံးဝကို စကားထဲ ထည့်ပြောစရာ မလိုဘူး"
ယခင် ရှုမင်းသား၏ သားတော်နှင့် ယခု ဧကရာဇ်ယုံချန် ဖြစ်နေသူ နင်ချုံးလီက ပြောလိုက်လေသည်။ "တုပိုင်က မိန်းမတစ်ယောက်ကို ဧကရာဇ် တင်မြှောက်လိုက်တဲ့အတွက် သူ့ရဲ့ ရည်မှန်းချက်ကြီးမှုက ရှင်းရှင်းလင်းလင်း ပေါ်လွင်သွားပြီဖြစ်ပြီး တစ်လောကလုံးရဲ့ ဘုံရန်သူ ဖြစ်သွားပြီ။ ကျွန်တော်တို့ သူနဲ့ သွားပြီး မပတ်သက်သင့်ဘူး။ ဒီစစ်ပွဲမှာ ကျွန်တော်တို့က နောက်ဆုတ်နေပြီး တုပိုင် ပျက်သုဉ်းသွားမှာကို ထိုင်ကြည့်နေရုံပဲ။ သူတို့ နှစ်ဖက်ကြားက တိုက်ပွဲက ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်းဆုံး အချိန်ပဲ"
"မှန်ပါတယ်"
"တုပိုင်လို တစ်ကိုယ်တော်သမား သေသွားတာကို ထိုင်ကြည့်နေလိုက်ရုံပါပဲ"
"တုပိုင်နဲ့ အရှေ့ဘက် ပြည်ထောင်စု နှစ်ဖက်စလုံး အထိနာသွားပါစေ ၊ အဲဒီကျရင် ကျွန်တော်တို့က ထပ်ပြီး အမြတ်ထုတ်ရုံပေါ့"
"ကျွန်တော်တို့ နယ်စပ်ကို ပိတ်ဆို့ထားသင့်တယ်။ အန်နမ်နိုင်ငံကနေ တုပိုင်ရဲ့ အနောက်တောင်ပိုင်းဆီကို အဝတ်တစ်စတောင် မဝင်သွားစေရဘူး"
ထိုအချိန်မှာပင် စစ်သည်တစ်ယောက် အပြေးရောက်လာပြီး အော်ဟစ်လိုက်လေ၏။ "အရှင်မင်းမြတ်... ပြဿနာကြီးပါပြီ ၊ ပြဿနာ ကြီးကြီးတက်ပါပြီ။ အရှေ့ဘက် ပြည်ထောင်စုရဲ့ အားကောင်းတဲ့ ရေတပ်ကြီးက အန်နမ်နိုင်ငံဆီကို လာနေပါတယ်။ အဲဒီအပေါ်က အလံမှာတော့ မိုလို့ ရေးထားပါတယ်"
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ ဆွံ့အ တိတ်ဆိတ်သွားကြလေတော့၏။
အရှေ့ဘက်ပြည်ထောင်စုမှ သခင်သည် ရူးသွပ်သွားပြီလော။ အဘယ်ကြောင့် တုပိုင်အား မတိုက်ခိုက်ဘဲ သူတို့အား လာရောက် တိုက်ခိုက်ရသည်နည်း။
သူတို့သည် တုပိုင် ပျက်သုဉ်းသွားသည်ကို ထိုင်ကြည့်နေရန် ဆွေးနွေးနေကြခြင်း ဖြစ်သည်။ စစ်သည်တစ်ယောက် တစ်လေမျှ မကူညီသည့်အပြင် တုပိုင်နှင့် အရှေ့ဘက် ပြည်ထောင်စုတို့ နှစ်ဖက်စလုံး အထိနာသွားပြီးနောက် အကျိုးအမြတ် ရိတ်သိမ်းနိုင်ရန် နယ်စပ်ကိုပင် ပိတ်ဆို့ထားရန် စီစဉ်နေခဲ့ကြခြင်း ဖြစ်လေ၏။
သို့သော် ရလဒ်အနေဖြင့် သူတို့က အရင်ဆုံး အတိုက်ခံရတော့ပေမည်။
**--**--**--**--**--**--**--**
ကျယ်ပြောလှသော ပင်လယ်ပြင်ထက်တွင် ကြီးမားလှသော ကုန်တင်သင်္ဘောကြီးများနှင့် အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ်အင်အားများ ပြည့်နှက်နေသည့် အလွန် အားကောင်းသော ရေတပ်ကြီးတစ်ခု ရှိနေလေ၏။
သို့သော်လည်း အလံများပေါ်တွင်တော့ မိုဟု ရေးသားထားသည်။ ဤသည်က အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ် ဖြစ်ကြောင်း ထင်ရှားနေသော်လည်း ယင်းက မိုမိသားစု၏ အလံအောက်တွင် ရှိနေသည်။
အားလုံးက တာ့နင်အင်ပါယာ၏ မိုစော်ဘွားမိသားစုကို တွေးမိလိုက်ကြသည်။ သို့သော် မည်သည့် မိုမျိုးနွယ်စုပင် ဖြစ်နေပါစေ ၊ သူတို့၏ ပစ်မှတ်မှာ ဧကရာဇ်ယုံချန်၏ နန်းတော်ငယ်လေး ရှိရာ အန်နမ်နိုင်ငံပင် ဖြစ်လေတော့သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၄၅ + ၇၄၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal
(ဧကရာဇ်လို့ ရေးရမာလား။ ဧကရီလို့ရေးရမလား။ လောဆယ်တော့ တွေဝေနေတုန်းပါဗျ။ မကြာခင် တစ်ခုတည်းကိုပဲ ဆက်တိုက်သုံးပါမည်။)Team