← Chapters

အခန်း (၇၄၇-၇၄၈)

Vol. 75 Ch. 747-748

အခန်း (၇၄၇-၇၄၈)

Vol. 75 Ch. 747-748

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၄၇ + ၇၄၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

အရှေ့ဘက် ပြည်ထောင်စု ရေတပ်ကြီး၏ ဦးဆောင်စစ်သင်္ဘောကြီးပေါ်တွင် ပြိုင်ဘက်ကင်းသော အမျိုးသမီးတစ်ဦး ရပ်နေ၏။

သူမသည် နှင်းပွင့်ကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဆင်မြန်းထားပြီး ခမ်းနားလှပသော ရွှေသရဖူကို ဆောင်းထားကာ ပင်လယ်လေပြေကို မျက်နှာမူထားသည့် သူမ၏ အလှတရားမှာ နတ်မိမယ်တစ်ပါးကဲ့သို့ လှပလွန်းလှပေသည်။

ဤအမျိုးသမီးနှင့် မတွေ့ရသည်မှာ အချိန်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူမသည်ကား မိုမိသားစု စော်ဘွား၏ တစ်ဦးတည်းသော အမွေဆက်ခံသူ မိုဟန်ပင် ဖြစ်ပြီး ရူးသွပ်သွားသည့်အထိ သူမဘာသာသူ အမျိုးသမီးဧကရာဇ် ကစားပွဲကို ကစားနေခဲ့သူ ဖြစ်သည့် ဦးနှောက်ချို့ယွင်းနေသော အမျိုးသမီးဧကရာဇ် မိုဟန်ပင် ဖြစ်၏။

သင်္ဘောဦးပိုင်းတွင် ရပ်နေရင်း မိုဟန်က ခပ်ရေးရေးသာ မြင်နေရသည့် အန်နမ်နိုင်ငံ၏ နယ်မြေကို လှမ်းကြည့်ကာ အေးစက်စွာ ပြော၏။ "မိုမိသားစုရဲ့ ဘိုးဘေးတို့... ကျွန်မတို့ မိုမိသားစုပိုင်တဲ့ ထီးနန်းကို ကျွန်မ ပြန်ယူမယ်"

သူမ၏ အနောက်ဘက်ရှိ ရေတပ်ကြီးသည်လည်း အလွန် အင်အားကြီးမားလှ၏။ ဧရာမ သင်္ဘောကြီးများပေါ်တွင် အရှေ့ဘက် ပြည်ထောင်စုမှ လက်ရွေးစင် စစ်သည်များဖြင့် သိပ်သည်းစွာ ပြည့်နှက်နေသည်။

မိုဟန်၏ ဘေးတွင် ရပ်နေသူမှာ သခင်လေးဖန်းချန်၏ လူယုံတော် ရှောင်မူကျစ်ပင် ဖြစ်၏။

ရှောင်မူကျစ်က ပြုံးကာ ပြောသည်။ "အမျိုးသမီးဧကရာဇ်... ကျွန်တော် ကတိပေးထားတဲ့အတိုင်း သေချာပေါက် ဖြစ်လာစေရပါမယ်။ ကံကောင်းလို့ အဲဒီတုန်းက ခင်ဗျားက တုပိုင်နောက်ကို မလိုက်ဘဲ ကျွန်တော့်ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့တာပေါ့။ ဒါမှမဟုတ်ရင် အခုချိန်မှာ ခင်ဗျားက ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရလောက်ပြီ"

မိုဟန်က အေးစက်စွာပြန်ပြော၏။ "ကျွန်မ ကတိပေးထားတာတွေလည်း သေချာပေါက် ဖြစ်လာစေရမယ်။ ကျွန်မနဲ့ သခင်လေးဖန်းချန်က စေ့စပ်ထားပြီးသားပါ။ ကျွန်မက မြောက်ပိုင်းအန်နမ်ကို ပြန်လည်သိမ်းပိုက်ပြီး မြောက်အန်နမ်ရဲ့ အမျိုးသမီးဧကရာဇ် ဖြစ်လာတဲ့အခါ... မိုမင်းဆက် ပြန်လည်တည်ထောင်နိုင်တဲ့ အချိန်ကျရင် ကျွန်မက သခင်လေးဖန်းချန်ရဲ့ ဇနီးတွေထဲက တစ်ယောက် ဖြစ်လာမယ်။ တုပိုင်နဲ့ ပတ်သက်လို့ကတော့ ကျွန်မတို့ အချင်းချင်း အဆက်အသွယ် ရှိခဲ့တာ မှန်ပေမဲ့ သူ့ကို ကျွန်မ ဘယ်တုန်းကမှ အလေးအနက် မတွေးခဲ့ဖူးဘူး။ နောက်ဆိုရင် ကျွန်မရှေ့မှာ ဒီနာမည်ကို ထုတ်မပြောပါနဲ့"

ရှောင်မူကျစ် ပြုံးသည်။ "ဟုတ်ကဲ့ပါ အရှင်မင်းသမီး... အို... မဟုတ်သေးဘူး ၊ အမျိုးသမီးဧကရာဇ်..."

**--**--**--**--**--**--**--**

တုပိုင်နှင့် ကျန်းနန်နယ်စားမင်းတို့၏ ဆက်​ဆံရေးသည် အလွန်အမင်း ဆိုးရွားသွားခဲ့ရသည်။ ထို့အပြင် ရွှဲ့ကွမ်ရင်ကိုလည်း မောင်းထုတ်သည့်အတွက် တုပိုင်၏ ကျောင်းလုံစစ်သင်္ဘောမှာ မြောက်ဘက်သို့ ဦးတည်သွားကာ လျန်ကျိုးဆိပ်ကမ်းသို့ ဝင်ရောက်သွား​လေ၏။

သို့သော်လည်း ရွှဲ့ကွမ်ရင် သိမ်းဆည်းရမိခဲ့သော အရှေ့ဘက် ပြည်ထောင်စု၏ ဝမ်ချွမ် စစ်သင်္ဘောကိုမူ ကျန်းနန်နယ်စားမင်း၏ ရေတပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အန်နမ်နိုင်ငံနှင့် မိုင်ရာချီ ကွာဝေးနေသေးသော်လည်း အန်နမ်နိုင်ငံ၏ ရေတပ်နှင့် ကျန်းနန်နယ်စားမင်းတို့ ထွက်ပေါ်လာပြီး စုစုပေါင်း သင်္ဘော ဒါဇင်ပေါင်းများစွာဖြင့် မိုဟန်၏ ရေတပ်ကို ကြားဖြတ် တိုက်ခိုက်ရန် ကြိုးစားလာကြလေ၏။

မိုဟန်၏ ရေတပ်တွင် တိုက်ပွဲဝင် စစ်သင်္ဘောကြီး သုံးစင်း ၊ ခရူဇာစစ်သင်္ဘော လေးစင်းနှင့် ကုန်တင်သင်္ဘော ဆယ်စင်းနီးပါး ပါဝင်ကြသည်။

အန်နမ်နိုင်ငံနှင့် ကျန်းနန်နယ်စားမင်း၏ ရေတပ်ကို မြင်ပြီးနောက် အမျိုးသမီးဧကရာဇ် မိုဟန်က လှောင်ပြုံးပြုံးကာ ပြော၏။ "တိုက်ခိုက်ဖို့ ခရူဇာသင်္ဘောတစ်စင်း စေလွှတ်လိုက်"

ထိုအခါ ရှောင်မူကျစ်မှာ မှင်တက်သွားရသည်။

ဤသည်က သေချာပေါက် ပညာမဲ့ရာ ကျလှသော်လည်း ၊ ယခုလက်ရှိ မိုဟန်မှာ သခင်လေးဖန်းချန်နှင့် စေ့စပ်ထားပြီး ဖြစ်ကာ အနာဂတ် မိုမိသားစု၏ အမျိုးသမီးဧကရာဇ်ဖြစ်သည်။ ထို့ကြောင့် သူမ အလိုအတိုင်း လုပ်လိုသည် ဆိုပါကလည်း လွှတ်ထားပေးရုံသာ ရှိတော့၏။

မိုဟန်၏ အမိန့်နှင့်အတူ တန်ချိန် ၁,၀၀၀ ခန့် ရှိပြီး အမြောက် ၃၀ ထက်မနည်း တပ်ဆင်ထားသော ခရူဇာ စစ်သင်္ဘောတစ်စင်းမှာ အရှိန်တင်ပြီးနောက် ကျန်းနန်နယ်စားမင်းနှင့် အန်နမ်နိုင်ငံ၏ စစ်သင်္ဘော ဒါဇင်ပေါင်းများစွာထံသို့ ပြေးဝင်သွားလေ၏။

ရွက်တိုင် မပါရှိသော်လည်း သင်္ဘော၏ အမြန်နှုန်းမှာ အံ့မခန်းဖွယ် ရေမိုင် ၁၈ မိုင်အထိ ရောက်ရှိနေပြီး အန်နမ်နိုင်ငံနှင့် ကျန်းနန်နယ်စားမင်း၏ စစ်သင်္ဘောများထက် အဆပေါင်းများစွာ သာလွန်နေသည်။

အန်နမ်နိုင်ငံနှင့် ကျန်းနန်နယ်စားမင်း၏ ရေတပ်မှူးမှာ မှင်တက်သွားကြရလေ၏။ စစ်သင်္ဘော တစ်စင်းတည်းဖြင့် သူတို့ကို စိန်ခေါ်ရဲလေသလော။

"ဝိုင်းထားလိုက် ၊ ဖျက်ဆီးပစ်စမ်း"

အန်နမ်နိုင်ငံနှင့် ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ ရေတပ်မှာ ရုတ်တရက် အခွင့်အရေးရလာသောကြောင့် စိတ်လှုပ်ရှားသွားကြလေ၏။ စစ်သင်္ဘော ဒါဇင်ပေါင်းများစွာမှာ မိုဟန်၏ ခရူဇာသင်္ဘောကို ဝိုင်းရံလိုက်ကြသည်။

သို့သော်လည်း... မီတာ တစ်ထောင်ကျော် ကွာဝေးနေသေးချိန်မှာပင်။

"ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး"

ဦးနှောက်ချို့ယွင်းနေသော အမျိုးသမီးဧကရာဇ် မိုဟန်၏ ခရူဇာသင်္ဘောက စတင် ပစ်ခတ်၏။ ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။

သို့သော်လည်း သိသာလှစွာပင် မထိချေ။ ပြောင်းရစ်ပါသော အမြောက်များ၏တိကျမှုသည် အလွန်တရာ တိုးတက်လာခဲ့လျှင်ပင် ပထမအချီ ပစ်ခတ်မှုလောက်ဖြင့် ပစ်မှတ်ကို ထိမှန်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သေးချေ။

သို့သော် တစ်မိနစ်ပင် မကြာပေ။ ဒုတိယအချီ ပစ်ခတ်မှု စတင်လာ၏။

"ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး"

အမြောက်ဆန် ဆယ့်ငါးခုအနက် သုံးပုံတစ်ပုံခန့်က အန်နမ်နိုင်ငံ၏ ဦးဆောင်စစ်သင်္ဘော ဝမ်ချွမ်ကို ထိမှန်သွားသည်။

"ဘုန်းးး ဘုန်းးး ဘုန်းးး"

ချက်ချင်းပင် ဝမ်ချွမ်စစ်သင်္ဘောကြီးမှာ ပြင်းထန်စွာ ပေါက်ကွဲသွားလေတော့သည်။

ပထမဆုံး စစ်သင်္ဘော၏ အလယ်တည့်တည့်တွင် ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်သွားပြီးနောက် ၊ ဒုတိယ အမြောက်ဆန် ၊ တတိယ အမြောက်ဆန်တို့က ဆက်တိုက် ကျရောက်လာလေ၏။

ပေါက်ကွဲတတ်သော အမြောက်ဆန် ငါးခု ပေါက်ကွဲသွားပြီးနောက်တွင် ငုယင်မိသားစု၏ ပုန်ကန်မှုမှ သိမ်းဆည်းရမိခဲ့သော စစ်သင်္ဘောကြီးမှာ တိုက်ရိုက်ပင် အပိုင်းပိုင်း ကျိုးပဲ့သွားပြီး လုံးဝ နစ်မြုပ်သွားလေတော့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် အမျိုးသမီးဧကရာဇ် မိုဟန်၏ ရေနွေးငွေ့သုံး သံချပ်ကာ ခရူဇာသင်္ဘောက ရူးသွပ်ဖွယ်ကောင်းသော သရုပ်ပြမှုကို စတင်လေတော့သည်။

"ဘုန်းးး ဘုန်းးး ဘုန်းးး"

အဆက်မပြတ် ပစ်ခတ်သံများ ထွက်ပေါ်လာ၏။

အန်နမ်နိုင်ငံ ဖြစ်စေ ၊ ကျန်းနန်နယ်စားမင်း၏ ရေတပ် ဖြစ်စေ ဂရုမစိုက်တော့ဘဲ အပစ်ခံရသည်နှင့် တစ်ပြိုင်နက် ဧရာမ အပေါက်ကြီးများ တိုက်ရိုက် ပွင့်ထွက်သွားလေတော့သည်။

တစ်ခုတည်းသော ရလဒ်မှာ နစ်မြုပ်သွားခြင်းပင် ဖြစ်လေ၏။

တစ်နာရီ အကြာတွင်။

ပင်လယ်ပြင် တစ်ခုလုံးတွင် သစ်သားစများ အနှံ့အပြား ပေါလောပေါ်နေပြီး ၊ နေရာတိုင်းတွင် မီးတောက်မီးလျှံများ ဖြစ်ပေါ်နေကာ အလောင်းများလည်း နေရာအနှံ့ မျောပါနေလေတော့၏။

အန်နမ်နိုင်ငံနှင့် ကျန်းနန်နယ်စားမင်းတို့၏ ပူးပေါင်းရေတပ်ကြီးမှာ လုံးဝကို ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်လေသည်။

အမျိုးသမီးဧကရာဇ် မိုဟန်သည် သံချပ်ကာ ခရူဇာသင်္ဘော တစ်စင်းတည်းကိုသာ အသုံးပြုပြီး စစ်သင်္ဘော ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးပစ်ကာ ၊ အန်နမ်နိုင်ငံနှင့် ကျန်းနန်နယ်စားမင်းတို့၏ စစ်သင်္ဘော အားလုံးကို လုံးလုံးလျားလျား ချေမှုန်းပစ်လိုက်သည်။

ဤသည်က နည်းပညာ၏ အစွမ်းအစပင် ဖြစ်ပြီး ၊ ယဉ်ကျေးမှု နှစ်ရပ်ကြားက ကြီးမားလှသော ကွာဟချက်ကြီးပင် ဖြစ်လေ၏။

အမျိုးသမီးဧကရာဇ် မိုဟန် မေးသည်။ "တုပိုင်ရဲ့ ရေတပ်က ဘယ်မှာလဲ"

ရှောင်မူကျစ် ပြန်ဖြေ၏။ "တုပိုင်ရဲ့ ရေတပ်မှာ စစ်သင်္ဘော တစ်စင်းပဲ ရှိပါတယ်။ အဲဒါက ဗိုက်ကင်းနိုင်ငံက ပို့ပေးတဲ့ ကျောင်းလုံ စစ်သင်္ဘောပါ။ အဲဒါက နက်နဲဆန်းကြယ်တဲ့ စွမ်းအင်တစ်ခုကို အသုံးပြုထားတဲ့ သံချပ်ကာ စစ်သင်္ဘောဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရေနွေးငွေ့သုံး သံချပ်ကာ သင်္ဘောတွေထက် ပိုမြန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ပြောရရင်တော့ အဲဒါက သံအခေါင်းကြီး တစ်ခုပါပဲ"

အမျိုးသမီးဧကရာဇ် မိုဟန် မေးပြန်၏။ "ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ"

ရှောင်မူကျစ်က ရှင်းပြသည်။ "ဘာလို့လဲဆိုတော့ သူတို့ရဲ့ အမြောက်တွေက လုံးဝ ခေတ်နောက်ကျနေလို့ပါပဲ။ အားလုံးက ပြောင်းချောအမြောက်တွေဖြစ်ပြီး အခဲပုံစံ အမြောက်ဆန်တွေကိုပဲ ပစ်ခတ်နိုင်တာပါ။"

"ပစ်ခတ်နိုင်တဲ့ အကွာအဝေးက ကျွန်တော်တို့ရဲ့ အမြောက်တွေထက် အများကြီး နည်းပါးသလို ၊ တိကျမှုကလည်း ကျွန်တော်တို့နဲ့ ယှဉ်လို့မရပါဘူး။ စွမ်းအားဆိုရင် ပိုလို့တောင်ဆိုးသေးတယ်။ ဆယ်ပုံတစ်ပုံတောင် မရှိပါဘူး။ ဒါကြောင့် ကျောင်းလုံ စစ်သင်္ဘောက တုပိုင်ရဲ့ အသက်သွေးကြော ဖြစ်သလို တစ်ခုတည်းသော စစ်သင်္ဘောဆိုပေမဲ့ ကျွန်တော်တို့အတွက်ကတော့ အဲဒါက သံအခေါင်းကြီး တစ်ခုသာသာပါပဲ"

အမျိုးသမီးဧကရာဇ် မိုဟန် အမိန့်ပေး၏။ "ဒါဆိုရင်လည်း အဲဒါကို နစ်မြုပ်ပြီး ဖျက်ဆီးပစ်"

**--**--**--**--**--**--**--**

တစ်နာရီခွဲ ကြာပြီးနောက် အမျိုးသမီးဧကရာဇ် မိုဟန်၏ ရေတပ်က ရွှမ်အန်းဆိပ်ကမ်းကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့လေ၏။

ထို့နောက် အမျိုးသမီးဧကရာဇ် မိုဟန်၏ စစ်တပ်များ ကုန်းပေါ်သို့ စတင် တက်ရောက်လာခဲ့သည်။ အင်အား ၃၀,၀၀၀ သာ ရှိသည်။

ထိုအထဲတွင် သေနတ်ကိုင်တပ်သား ၁၀,၀၀၀ နှင့် လက်ရွေးစင်စစ်သည် ၂၀,၀၀၀ ပါဝင်သည်။ ထို့အပြင် ဟောင်ဝစ်ဇာအမြောက် တစ်ရာနှင့် ခွန်လွန်ကျွန်စစ်သည် တစ်ထောင်တို့လည်း ပါဝင်သေး၏။

ရှောင်မူကျစ် ပြောသည်။ "အရှင်မင်းမြတ်... ကျွန်တော်တို့က တပ်ဦးပဲ ရှိပါသေးတယ်။ သခင်လေးရဲ့ တောင်ပိုင်းစစ်မျက်နှာပြင်က အဓိကတပ်မကြီးက နောက်ထပ် ဆက်ပြီး ကုန်းပေါ်တက်လာပါလိမ့်မယ်။ ကျွန်တော်တို့ အဓိကတပ်မကြီး ရောက်လာတဲ့အထိ စောင့်ပြီးမှ ဟွေစီရင်စုကို တိုက်ခိုက်ကြတာပေါ့"

"မလုပ်ရဘူး" အမျိုးသမီးဧကရာဇ် မိုဟန်က ပြောသည်။ "ဟွေစီရင်စုကို အခုချက်ချင်း တိုက်ခိုက်မယ်။ ဒါက တစ်ချိန်တုန်းက ငါတို့ မိုမိသားစုရဲ့ ဒုတိယမြို့တော် ဖြစ်ခဲ့ဖူးတယ်"

ရှောင်မူကျစ်က ပြန်ပြောသည်။ "ဒါပေမဲ့ ဟွေစီရင်စုရဲ့ ခံစစ်မျဉ်းမှာ အန်နမ်နိုင်ငံရဲ့ အဓိကတပ်မကြီး ၇၀ ရာခိုင်နှုန်းနဲ့ ကျန်းနန်နယ်စားမင်း ဆုန်ချွဲရဲ့ အဓိကတပ်မကြီး အားလုံး စုစည်းထားပါတယ်။ စုစုပေါင်းဆိုရင် စစ်တပ်အင်အား သုံးသိန်းတောင် ရှိနေတော့ ကျွန်တော်တို့ထက် ဆယ်ဆလောက် ပိုများနေတယ်။ ကျွန်တော်တို့ရဲ့ တာဝန်က ရွှမ်အန်းဆိပ်ကမ်းမြို့ကို သိမ်းပိုက်ဖို့ပဲလေ။ အခု တာဝန်က ပြီးဆုံးသွားပြီ"

အမျိုးသမီးဧကရာဇ် မိုဟန်က အေးစက်စွာ ပြော၏။ "ငါ ဒုတိယတစ်ကြိမ် ထပ်မပြောချင်ဘူး။ ဟွေစီရင်စုထဲကို အခုချက်ချင်း ဝင်ရောက်တိုက်ခိုက်စမ်း"

"ဟုတ်ကဲ့ပါ" ရှောင်မူကျစ်က ကူရာကယ်ရာမဲစွာဖြင့် အမိန့်အား နာခံလိုက်ရသည်။

ထို့နောက် မိုမိသားစု၏ အလံတော်အောက်ရှိ အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ်အင်အား ၃၀,၀၀၀ ကျော်မှာ စတင်စုစည်းကြပြီး အန်နမ်နိုင်ငံ၏ အဓိကမြို့တော်ဖြစ်သော ဟွေစီရင်စုဆီသို့ ဦးတည်ချီတက်သွားကြလေတော့၏။

**--**--**--**--**--**--**--**

နှစ်ရက်အကြာတွင် အမျိုးသမီးဧကရာဇ် မိုဟန်သည် စစ်သည် ၃၀,၀၀၀ ကို ဦးဆောင်ကာ မြို့တော်ဆီသို့ ရောက်ရှိလာကြ၏။

စစ်ပွဲကာလ နှစ်နှစ်တာ ကြာမြင့်ပြီးနောက် ဟွေစီရင်စု၏ ပြည်သူများမှာ မြောက်ဘက်သို့ ပြောင်းရွှေ့သွားခဲ့ကြပြီ ဖြစ်သည်။ ယခင် ဟွေစီရင်စု တော်ဝင်မြို့တော်သည် ယခုအချိန်တွင် ဧရာမ စစ်တပ်ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

မြို့တော်တစ်ခုလုံးတွင် သာမန်ပြည်သူဟူ၍ မရှိသလောက် နည်းပါးသွားပြီး အားလုံးမှာ စစ်တပ်များသာ ဖြစ်ကြကာ စစ်တပ်ကို အလုပ်အကျွေးပြုနေသော အရပ်သားများသာ ရှိလေတော့သည်။

လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် အန်နမ်ဘုရင် လီချန်တို့၏ ပူးပေါင်းတပ်တို့သည် ကြီးမားသော အောင်ပွဲသုံးခုကို ဆက်တိုက် ရယူနိုင်ခဲ့ကြလေ၏။ တိုင်းပြည် ပျက်သုဉ်းမည့် အန္တရာယ်ကို ဖြေရှင်းနိုင်ခဲ့ရုံသာမက ငုယင်ပုန်ကန်သူများ၏ စစ်တပ်အင်အား ၂၀၀,၀၀၀ ကျော်ကိုလည်း ချေမှုန်းနိုင်ခဲ့ပြီး နယ်မြေ သုံးပုံတစ်ပုံကျော်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

ငုယင်တို့၏ ပုန်ကန်မှုကြီးမှာ လုံးဝ ချေမှုန်းခံရတော့မည့် အခြေအနေကို မြင်တွေ့ရပြီးနောက် အမျိုးသမီးဧကရာဇ် မိုဟန်က စစ်သည် ၃၀,၀၀၀ ပါဝင်သော စစ်တပ်ကြီးကို ဦးဆောင်ကာ မြို့တော်အနီးသို့ ချဉ်းကပ်လာခဲ့ခြင်း ဖြစ်လေ၏။

**--**--**--**--**--**--**--**

"အရှင်မင်းမြတ်... အရှေ့ဘက် ပြည်ထောင်စုရဲ့ တပ်သစ်က အင်အားကြီးတယ် ဆိုပေမဲ့ သူတို့ရဲ့ အင်အားက ကျွန်တော်တို့ရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့ဆီမှာ ခိုင်မာတဲ့ မြို့တော်ကြီးလည်း ရှိနေတယ်" ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ပြောသည်။ "ဒါကြောင့် ဒီတိုက်ပွဲမှာ ကျွန်တော်တို့ အနိုင်ရနိုင်ပါတယ်။ ဒါ့အပြင် တစ်ဖက်ရန်သူရဲ့ တပ်မှူးက မိုမိသားစု စော်ဘွားရဲ့ သမီးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက အန်နမ်နိုင်ငံ မိုမိသားစုရဲ့ သွေးဆက်ဖြစ်နေတဲ့ စစ်ရေးစွမ်းရည် လုံးဝမရှိတဲ့ မိန်းမတစ်ယောက်ပါပဲ"

ဧကရာဇ်ယုံချန် နင်ချုံးလီက ပြောသည်။ "ကျန်းနန်နယ်စားမင်းဆီမှာ အခုလို သေချာပေါက် အနိုင်ရနိုင်တဲ့ အခြေအနေ ရှိနေမှတော့ ကိုယ်တော် စိတ်အေးရပါပြီ။ အကယ်၍ ဒီတိုက်ပွဲမှာ တစ်ဖက်ရန်သူရဲ့ အမြောက်သစ်တွေနဲ့ သေနတ်တွေကို သိမ်းဆည်းရမိနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ။ အဲဒါက ကိုယ်တော်တို့ စစ်တပ်ရဲ့ အင်အားကို ပိုမို တောင့်တင်းခိုင်မာလာစေလိမ့်မယ်"

ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ဒူးထောက်အရိုအသေပေးကာ ပြော၏။ "အမတ်ငယ် အမိန့်တော်အတိုင်း နာခံမှတ်သားပါ့မယ်"

**--**--**--**--**--**--**--**

ဆုန်ချွဲ ထွက်ခွာသွားပြီးနောက် လမ်းတစ်ဝက်တွင် တာ့နင်အင်ပါယာ၏ ပြည်ပြေးအစိုးရအဖွဲ့ဝန်ကြီး ကျန်းရှန်းကျူက သူ့ကို တားဆီးလေသည်။

"ကျန်းနန်နယ်စားမင်း... ကျုပ်မှာ ဆွေးနွေးစရာ ကိစ္စလေး တစ်ခုရှိတယ်" ကျန်းရှန်းကျူ ပြောသည်။

ဆုန်ချွဲက ပြန်ပြော၏။ "ဒီအချိန်ကြီးမှာမှ ဆွေးနွေးရမှာလား။ စစ်ပွဲက ရောက်လာတော့မယ်လေ"

ကျန်းရှန်းကျူက ပြောသည်။ "ဧကရာဇ်ယုံချန်ရဲ့ ဇနီးသည်က ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားခဲ့တယ်။ ပြီးတော့ မင်းသမီးယွီကျိန်းကလည်း အိမ်ထောင်မပြုရသေးဘူးလေ။ သူတို့နှစ်ယောက်က ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ ဖူးစာရှင်တွေပါပဲ။ သမီးတော်လေးကို အရှင်မင်းမြတ်ရဲ့ ဧကရီအဖြစ် တင်မြှောက်ရင် ဘယ်လိုနေမလဲ"

နယ်စားမင်းဆုန်ချွဲမှာ အံ့အားသင့်သွားပြီးနောက် ပြော၏။ "အမတ်ချုပ်ကြီး... ဒါက အမတ်ကြီး တစ်ယောက်တည်းရဲ့ သဘောထားလား ဒါမှမဟုတ် အရှင်မင်းမြတ်ရဲ့ သဘောထားလား"

ကျန်းရှန်းကျူက ပြောသည်။ "သမီးတော်လေး ယွီကျိန်းက ခမ်းနားထည်ဝါပြီး လှပမြင့်မြတ်ပါတယ်။ အရှင်မင်းမြတ်က သူမကို အလွန် လေးစားမြတ်နိုးပါတယ်"

နယ်စားမင်းဆုန်ချွဲ ပြန်ပြော၏။ "ဒါက အရှင်မင်းမြတ်ရဲ့ သဘောထားဆိုမှတော့ ကျွန်တော်မျိုးက သဘာဝကျကျပဲ အမိန့်တော်ကို နာခံရမှာပေါ့"

ကျန်းရှန်းကျူ လှုံ့ဆော်သည်။ "အခု အခြေအနေက ထူးခြားနေတယ်လေ။ မင်္ဂလာပွဲကို အမြန်ဆုံး ကျင်းပနိုင်ရင် ပိုကောင်းလိမ့်မယ်"

နယ်စားမင်းဆုန်ချွဲ ပြော၏။ "ဒီတိုက်ပွဲ ပြီးသွားတဲ့အခါ သမီးငယ်လေးအတွက် မင်္ဂလာပွဲကို ပြင်ဆင်ပေးပါ့မယ်"

**--**--**--**--**--**--**--**

ဤတိုက်ပွဲအတွက် ကျန်းနန်နယ်စားမင်း ဆုန်ချွဲ တစ်ယောက်တည်းသာ ယုံကြည်မှု အပြည့် ရှိနေခြင်း မဟုတ်ဘဲ ဧကရာဇ်ယုံချန်၏ အခြားသော နန်းတွင်းအမတ်များကလည်း အောင်ပွဲသည် သူတို့၏ လက်ထဲတွင် ရှိနေပြီဟု ခံစားနေကြလေသည်။

မည်သို့ပင်ဆိုစေကာမူ မိမိတို့၏ စစ်တပ်အင်အားက တစ်ဖက်ရန်သူထက် ဆယ်ဆ ပိုများနေသည့်အပြင် ခိုင်ခံ့သော မြို့တော်ကလည်း လက်ထဲတွင် ရှိနေသည်မဟုတ်လော။

အရေးအကြီးဆုံးအချက်မှာ လီချန်ဘုရင်၏ စစ်တပ်ဖြစ်စေ ၊ ကျန်းနန်နယ်စားမင်း၏ စစ်တပ်ဖြစ်စေ အားလုံးမှာ စစ်ပွဲအတွေ့အကြုံရှိသော စစ်သည်များ ဖြစ်ကြပြီး တပ်သားသစ်များ မဟုတ်ကြခြင်းပင်။

လီချန်ဘုရင် တစ်ပါးတည်းသာလျှင် စိုးရိမ်ပူပန်နေခဲ့လေ၏။ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် သူက မင်းသမီးယွီကျိန်းထံသို့ သွားတွေ့၏။

"မင်းသမီးယွီကျိန်း... အကယ်၍ ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရင် မင်းသမီးနဲ့ မိဖုရားနင်းချန်တို့က အသက်ရှင်ကျန်ရစ်သူတွေကို ဦးဆောင်ပြီး မြောက်ဘက်က သန်လုံစီရင်စုကို တတ်နိုင်သမျှ ဆုတ်ခွာသွားပါ။ ပြီးရင်တော့ မုဆိုးမတွေဆီက ကလေးတချို့ကို ခေါ်ပြီး အနောက်တောင်ပိုင်းကို ဝင်သွားပါ။ ကျန့်ရှီးနယ်စားမင်း တုပိုင်ဆီမှာ သွားရောက် ခိုလှုံကြပါ" လီချန်ဘုရင်က လေးနက်စွာဖြင့် မှာကြားလေသည်။

မင်းသမီးယွီကျိန်းက အံ့အားသင့်စွာဖြင့် ပြန်ပြောသည်။ "အရှင်မင်းမြတ်... တစ်ဖက်ရန်သူရဲ့ တပ်မှူးက မိုဟန်လေ။ ဒီမိန်းမကို ကျွန်မ သိတယ်။ တုပိုင်ကတောင် သူ့ကို ဦးနှောက်ချို့ယွင်းနေတဲ့ မိန်းမလို့ ခေါ်တာ။ ပြီးတော့ သူ့ဆီမှာ စစ်တပ်အင်အား ၃၀,၀⁠၀၀ ပဲ ရှိတာပါ။ ကျွန်မတို့ရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး။ ဒါ့အပြင် ကျွန်မတို့က ကြီးမားတဲ့ တိုက်ပွဲကြီးတွေကို အကြိမ်ကြိမ် ဆင်နွှဲခဲ့ပြီးပြီလေ။ ငုယင်ပုန်ကန်ဘုရင်က ဟွေစီရင်စုကို တိုက်ခိုက်ဖို့ ၃၀၀,၀⁠၀၀ ကနေ ၄၀၀,၀⁠၀၀ အထိ ရှိတဲ့ စစ်တပ်ကြီးကို အသုံးပြုခဲ့ပေမဲ့ အကြိမ်တိုင်း ကျွန်မတို့ကပဲ အနိုင်ရခဲ့တာပါ။ လူ ၃၀,၀⁠၀၀ တည်းနဲ့ ဟွေတော်ဝင်မြို့တော်ကို သူတို့ ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ"

လီချန်ဘုရင်က ပြော၏။ "ငါ ကိုယ်တိုင် အကြောင်းပြချက် မရှိဘဲ စိုးရိမ်လွန်နေတာပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်"

**--**--**--**--**--**--**--**

နာရီဝက် ကြာပြီးနောက် စစ်ပွဲ စတင်သည်။ အမျိုးသမီးဧကရာဇ် မိုဟန်၏ စစ်တပ်အင်အား ၃၀,၀⁠၀၀ က ဟွေတော်ဝင်မြို့တော်ကို စတင် တိုက်ခိုက်လေ၏။

"ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး"

ဟောင်ဝစ်ဇာအမြောက် တစ်ရာဖြင့် ချက်ချင်းပင် အသေအလဲ ပစ်ခတ်လေတော့သည်။ ချက်ချင်းပင် မီးတောက်မီးလျှံများ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မြေကြီးများ တုန်ခါကာ တောင်တန်းများပင် လှုပ်ခါသွားရ၏။

လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း ဟွေမြို့တော်သည် ဧရာမ စစ်ပွဲကြီး နှစ်ခုကို ဖြတ်သန်းခဲ့ရပြီး ဖြစ်သည်။

ပထမအကြိမ်တွင် ငုယင်ပုန်ကန်ဘုရင်က စစ်တပ်အင်အား ၃၀၀,၀⁠၀၀ ကျော်ကို အသုံးပြုကာ ဟွေတော်ဝင်မြို့တော်ကို ဝိုင်းရံထားခဲ့သော်လည်း နှစ်ဝက်ကျော် ကြာသည်အထိ သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။

ဒုတိယအကြိမ်တွင်လည်း ငုယင်ပုန်ကန်ဘုရင်က စစ်တပ်အင်အား ၃၀၀,၀⁠၀၀ ကျော်ကို အသုံးပြုကာ ဟွေတော်ဝင်မြို့တော်ကို နှစ်လကျော်ကြာ ဝိုင်းရံထားခဲ့ပြန်သော်လည်း သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ချေ။

ဤစစ်ပွဲကြီး နှစ်ခု အပြီးတွင် ငုယင်တို့၏ အင်အားမှာ ပြင်းထန်စွာ ထိခိုက်သွားခဲ့ပြီး စစ်သည် ၂၀၀,၀⁠၀၀ ကျော် ဆုံးရှုံးသွားခဲ့ရလေ၏။ သူသည် ဟွေတော်ဝင်မြို့တော်ကို ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ မိုင်ရာပေါင်းများစွာ အကွာအဝေးအထိ ဆုတ်ခွာသွားခဲ့ရသည်။

ထို့ကြောင့် ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ဟွေတော်ဝင်မြို့တော်ကဲ့သို့သော အလွန် ခိုင်ခံ့သည့် မြို့တော်ကြီးကို သိမ်းပိုက်နိုင်ရန်အတွက် အနည်းဆုံး စစ်တပ်အင်အား ၅၀၀,၀⁠၀၀ ခန့်ဖြင့် နှစ်ဝက်ကျော်ကြာ ဝိုင်းရံထားမှသာ ဖြစ်နိုင်မည်ဟု ခံစားနေခဲ့ခြင်း ဖြစ်လေ၏။

သို့သော် ယခုအချိန်တွင်မူ တစ်နာရီပင် မပြည့်မီအချိန်အတွင်း အလွန် ခိုင်ခံ့လှသော ဤဟွေတော်ဝင်မြို့တော်ကြီးမှာ ဖျက်ဆီးခြင်း ခံရသည်။

အမြောက်တပ်ဖွဲ့ တစ်ရာကျော်က မီတာ တစ်ထောင်ကျော် အကွာအဝေးမှနေ၍ မြို့တံခါးကို မျက်နှာမူကာ မြို့ရိုးကို အစီအစဉ်မရှိ ပစ်ခတ်ကြ၏။

မြို့တွင်းရှိ စစ်တပ်က အမျိုးသမီးဧကရာဇ် မိုဟန်၏ အမြောက်တပ်များကို ဖျက်ဆီးရန်အတွက် အမြောက်ဒဏ်ကို အန်တုကာ မြင်းတပ်ဖွဲ့ သုံးဖွဲ့ကို စေလွှတ်လိုက်သည်။

သို့သော်လည်း အမျိုးသမီးဧကရာဇ် မိုဟန်၏ သေနတ်ကိုင်တပ်သား ၁၀,၀⁠၀၀ ရှေ့တွင် မြင်းတပ်ဖွဲ့ သုံးဖွဲ့မှာ ပြန်လည် ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ချေ။ ရန်သူ၏ အမြောက်တပ်စခန်းကို မီတာ ၃၀၀ အကွာအဝေးအတွင်း ချဉ်းကပ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထောင်ပေါင်းများစွာသော မြင်းတပ်သားများမှာ အရှေ့ဘက် ပြည်ထောင်စု၏ သေနတ်များနှင့် အမြောက်ဒဏ်အောက်တွင် အလွန် သနားစရာကောင်းစွာဖြင့် သေဆုံးသွားခဲ့ကြရသည်။

"ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး"

ကမ္ဘာမြေကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေလေ၏။

ဟွေတော်ဝင်မြို့တော်၏ ခိုင်ခံ့ပြီး ခမ်းနားထည်ဝါသော မြို့ရိုးကြီးမှာ ထောင်ပေါင်းများစွာသော အမြောက်ဆန်များဖြင့် ဗုံးကြဲခံလိုက်ရလေသည်။

မီတာ ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းသော အပေါက်ကြီးတစ်ခုမှာ ပေါက်ကွဲမှုကြောင့် ပြိုကျသွားလေတော့၏။

"မြို့ကို တိုက်ခိုက်မယ်" အမျိုးသမီးဧကရာဇ် မိုဟန်က အမိန့်ပေးလေ၏။

ထို့နောက် သူမသည် တစ်ယောက်တည်း ရှေ့မှ ဦးဆောင်ကာ ခွန်လွန်ကျွန်စစ်သည် တစ်ထောင်ကို ခေါ်ဆောင်၍ မြို့ရိုးပေါ်ရှိ အပေါက်ကြီးဆီသို့ ပြေးဝင်သွားလေတော့၏။

သံချပ်ကာဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသော စစ်သည် ၂၀,၀⁠၀၀ နှင့် သေနတ်ကိုင်တပ်သား ၁၀,၀⁠၀၀ ကလည်း မြို့ကို စတင် တိုက်ခိုက်ကြသည်။

ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ဒေါသတကြီးအော်ဟစ်သည်။ "လူ ၃၀,၀⁠၀၀ တည်းနဲ့ ငါ့ရဲ့ ၃၀၀,၀⁠၀၀ စစ်တပ်ကြီးကို လာပြီး တိုက်ခိုက်ရဲသေးတယ်ပေါ့။ သေချင်နေတာပဲ"

ထို့နောက် သူကိုယ်တိုင် စစ်တပ်အင်အား သောင်းနှင့်ချီကို ဦးဆောင်ကာ မြို့ရိုးပေါက်ကို ပိတ်ဆို့ရန် ထွက်လာသည်။

"သတ်... သတ်... သတ်..."

အမျိုးသမီးဧကရာဇ် မိုဟန်၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှ၏။ သူမ၏ အနောက်တွင် ခွန်လွန်ကျွန်စစ်သည် တစ်ထောင် ရှိနေပြီး သူတို့ တစ်ယောက်စီတိုင်းသည် နှစ်မီတာကျော် မြင့်မားပြီး တစ်ကိုယ်လုံးကို လျှို့ဝှက်ရွှေသံချပ်ကာဖြင့် ဖုံးလွှမ်းထားပြီး မျက်လုံးများကိုပင် ကာကွယ်ထားကြလေ၏။ တစ်ယောက်စီတိုင်းမှာ ပေါင် ၄၀၀ ကျော် လေးလံကာ အလွန် ခွန်အားကြီးမားပြီး လက်ထဲတွင် ပေါင်တစ်ရာကျော် လေးလံသော စစ်သုံးဓားကြီးများကို ကိုင်ဆောင်ထားကြလေသည်။

ခွန်လွန်ကျွန်စစ်သည်များသည် သံချပ်ကာ မဝတ်ဆင်ထားလျှင်ပင် တစ်ယောက်တည်းဖြင့် ဆယ်ယောက်ကို ရင်ဆိုင်နိုင်စွမ်း ရှိကြပေသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ သွေးမိစ္ဆာစစ်သည်များနှင့် ညီမျှသည်။

"သတ်... သတ်... သတ်... သတ်..."

မိုဟန်သည် ခွန်လွန်ကျွန်စစ်သည် တစ်ထောင်ကို ဦးဆောင်ကာ မြို့ရိုးပေါ်ရှိ အပေါက်ကြီးထဲသို့ ချက်ချင်း ပြေးဝင်သွားပြီး ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ သောင်းနှင့်ချီသော စစ်တပ်ကြီးထံသို့ ထိုးဖောက်ဝင်ရောက်လိုက်၏။

"သေစမ်း"

ကျန်းနန်နယ်စားမင်း ဆုန်ချွဲက သူ့ဓားကို ရုတ်တရက် ဆွဲထုတ်ကာ မိုဟန်ကို ခုတ်ချလေ၏။

"သေစမ်း"

မိုဟန်သည်လည်း ထက်မြက်လှသော ဓားတစ်ချက်ဖြင့် ပြန်လည် တိုက်ခိုက်သည်။

"ထန်းးးး"

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။

ချက်ချင်းပင် ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ မြင့်မားလှသော သန်မာသည့်ခန္ဓာကိုယ်ကြီးမှာ ရုတ်တရက် တုန်ရီသွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။

ဦးနှောက်ချို့ယွင်းနေသော အမျိုးသမီးဧကရာဇ် မိုဟန်ကို သူ မယုံကြည်နိုင်စွာဖြင့် ကြည့်မိ၏။

မိုဟန်၏ သိုင်းပညာ အလွန် မြင့်မားသည်ကို သူ သေချာပေါက် သိထားသော်လည်း သူမက ငယ်ရွယ်သေးသည်ဖြစ်ရာ မည်မျှအထိ ရောက်နိုင်မည်နည်း။

ထို့အပြင် သူ ဆုန်ချွဲမှာ အထွတ်အထိပ် ဆရာသခင်သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။ သို့သော် မိုဟန်၏ ဓားတစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားလေ၏။

"ဆုန်ချွဲ... လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ငါ ဘာတွေ တွေ့ကြုံခဲ့ရလဲဆိုတာ မင်း လုံးဝ မသိပါဘူး"

မိုဟန်က မောက်မာစွာဖြင့် ပြောသည်။ "မင်းက ခေတ်နောက်ကျနေပြီ"

ထို့နောက် သူမ၏ အနောက်ရှိ ခွန်လွန်ကျွန်စစ်သည် တစ်ထောင်က အကြမ်းပတမ်း ဝင်ရောက် တိုက်ခိုက်လာကြသည်။

ဆုန်ချွဲ၏ သောင်းနှင့်ချီသော စစ်တပ်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် ဤခွန်လွန်ကျွန်စစ်သည် တစ်ထောင်မှာ လုံးဝ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးကို ဆင်နွှဲနေကြခြင်းပင် ဖြစ်လေတော့၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် ရန်သူ၏ သေနတ်ကိုင်တပ်သား ၁၀,၀⁠၀၀ မှာ မီတာ ၇၀၀ အထိ ရှေ့သို့ တိုးလာကြလေသည်။

သူတို့သည် သေနတ်များကို ကိုင်မြှောက်ကာ မြို့ရိုးပေါ်ရှိ ခံစစ်တပ်သားများကို ချိန်ရွယ်၍ ပစ်ခတ်ကြ၏။

"ဘုန်းးး ဘုန်းးး ဘုန်း"

မြို့တွင်းရှိ ခံစစ်တပ်သားများမှာ လေးနှင့် မြားများကို အသုံးပြုကာ အသေအလဲ ပြန်လည် ခုခံတိုက်ခိုက်ကြလေသည်။

သို့သော်လည်း အချည်းနှီးသာ ဖြစ်ပေသည်။ သာမန် စစ်သည်တစ်ယောက်၏ လေးနှင့်မြားက မီတာ သုံးရာ အကွာအဝေးကို မပစ်ခတ်နိုင်ပေ။

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၄၇ + ၇၄၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters