← Chapters

အခန်း (၇၄၉-၇၅၀)

Vol. 75 Ch. 749-750

အခန်း (၇၄၉-၇၅၀)

Vol. 75 Ch. 749-750

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၄၉ + ၇၅၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

အရှေ့ဘက် ပြည်ထောင်စုက သေနတ်များ၏ စွမ်းအားကို အလွန်အမင်း တိုးတက်လာစေသည့် ပစ်ကရစ်အက်စစ်ကို တီထွင်နိုင်ခဲ့သည်။ ထို့အပြင် သူတို့ကိုင်ဆောင်ထားသည်မှာ ပြောင်းရစ်ပါသော သေနတ်များ ဖြစ်ကြ၏။ ထို့ကြောင့် မီတာ ၃၀၀ အကွာအဝေးအတွင်း ထိရောက်စွာ ပစ်ခတ်နိုင်ရန်မှာ ပြဿနာ မရှိလှပေ။

ထို့ကြောင့် တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး ဖြစ်လာ၏။

**--**--**--**--**--**--**--**

သုံးနာရီ ကြာပြီးနောက်တွင် ဟွေမြို့တော် စစ်ပွဲကြီး ပြီးဆုံးသွားသည်။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲနှင့် လီချန်ဘုရင်တို့၏ အအေးလက်နက်များကို ကိုင်ဆောင်ထားသော စစ်တပ်အင်အား သုံးသိန်းမှာ လုံးဝကို ကျရှုံးသွားကြရသည်။

အမျိုးသမီးဧကရာဇ် မိုဟန် ဦးဆောင်သော အရှေ့ဘက် ပြည်ထောင်စု၏ စစ်သည် ၃၀,၀၀၀ သည် ကြီးကျယ်ခမ်းနားသော အောင်ပွဲကို ရယူနိုင်ခဲ့လေ၏။

**--**--**--**--**--**--**--**

"ကျွန်မ မသွားဘူး ၊ ကျွန်မ မသွားဘူး" မိဖုရားနင်းချန်က ကျယ်လောင်စွာ ငိုကြွေးရင်း ပြော၏။ "သွားမယ်ဆိုရင်လည်း အတူတူသွားမယ် ၊ သေမယ်ဆိုရင်လည်း အတူတူသေမယ်"

လီချန်ဘုရင်က သက်ပြင်းချကာ ပြောသည်။ "မင်း သေသွားရင် ငါတို့ရဲ့ ကလေးတွေက ဘယ်လိုလုပ်မလဲ"

မိဖုရားနင်းချန်က ပြန်ပြော၏။ "အရှင်မင်းမြတ်လည်း သေစရာ မလိုပါဘူး။ အခုချိန်ဆို ကျွန်မတို့ ထွက်သွားဖို့ အချိန်မီပါသေးတယ်"

လီချန်ဘုရင်က ပြောသည်။ "ဟွေတော်ဝင်မြို့တော် ရှိနေသရွေ့ ငါ ရှိနေရမယ် ၊ ဟွေမြို့တော် ကျဆုံးသွားရင် ငါလည်း သေရမယ်လို့ တစ်ချိန်တုန်းက ငါ ကျိန်ဆိုထားခဲ့ဖူးတယ်။ ရှင်ဘုရင်ရဲ့ စကားမှာ နောက်ပြောင်တာမျိုး မရှိဘူး ၊ ငါ ပြောခဲ့တဲ့စကားက အတည်မဖြစ်လို့ ရမလား"

ထို့နောက် လီချန်ဘုရင်က ညင်သာစွာဖြင့် ဆက်ပြော၏။ "အချစ်... တကယ်တော့ ကိုယ့်ရင်ထဲမှာ မြိုသိပ်ထားခဲ့ရတဲ့ စကားတစ်ခွန်း ရှိတယ်"

"ဧကရာဇ်ယုံချန်နဲ့ ဧကရာဇ်ကျန်းဝူတို့ နှစ်ပါးကြားမှာ ကိုယ်က ဧကရာဇ်ကျန်းဝူကို ထောက်ခံတယ် ၊ ပြီးတော့ တုပိုင်ကို ထောက်ခံတယ်။ ဒါပေမဲ့ ကိုယ်က ပြင်ပလူတစ်ယောက်လေ။ တာ့နင်အင်ပါယာရဲ့ မိသားစု အတွင်းရေးကိစ္စတွေကို ဝင်ပြောဖို့ဆိုတာ ကိုယ့်အတွက် ခက်ခဲလွန်းတယ်"

"ဒါ့အပြင် ကျန်းနန်နယ်စားမင်းနဲ့ ဧကရာဇ်ယုံချန်တို့ရဲ့ ပြည်ပြေးအစိုးရအဖွဲ့ကလည်း ကိုယ်တို့ရဲ့ ဟွေမြို့တော်မှာ ရှိနေကြတာလေ။ အကယ်၍များ ကိုယ်က တုပိုင်နဲ့ ဧကရာဇ်ကျန်းဝူကို ထောက်ခံတယ်လို့ နှုတ်ဟလိုက်မိရင် ၊ သူတို့ကို နှင်ထုတ်သလို ဖြစ်မသွားဘူးလား။ ကျန်းနန်နယ်စားမင်းက ကိုယ်တို့အပေါ်မှာ သိပ်ကျေးဇူးရှိတာ ၊ ကိုယ် ဘယ်လိုလုပ်ပြီး ဒီစကားကို ပြောထွက်နိုင်မှာလဲ"

လီချန်ဘုရင်က သက်ပြင်းချလေ၏။ "အခုတော့ ဟွေတော်ဝင်မြို့တော်လည်း ကျဆုံးသွားခဲ့ပြီဆိုတော့... နောက်ဆုံးတော့လည်း ကိုယ့်ရင်ထဲက စကားတွေကို ပြောထွက်ခွင့် ရသွားခဲ့ပြီပေါ့"

"မင်း ဘာပစ္စည်းမှ ယူမနေနဲ့တော့။ မင်းသမီးယွီကျိန်းနဲ့အတူ မြောက်ဘက်က သန်လုံစီရင်စုကို သွားပါ။ ပြီးရင် ငါတို့ရဲ့ ကလေးတွေကို ခေါ်ပြီး ကွေ့လင်စီရင်စုကို သွား... တုပိုင်ဆီကို သွားပါ"

"အချစ်... ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့ပြီ။ ငါတို့တွေက ခေတ်နောက်ကျကျန်ရစ်ခဲ့ပြီး သမိုင်းရဲ့ အမှိုက်ပုံထဲကို လှည်းကျင်းပစ်ခံလိုက်ရပြီ။ ဒါပေမဲ့ တုပိုင်ကတော့ ခေတ်နောက်ကျ မနေခဲ့ဘူး။ သူက ဒီစစ်ပွဲအတွက် အမြဲတမ်း ပြင်ဆင်နေခဲ့တာ"

"ဒါကြောင့် ဒီတိုက်ပွဲမှာ ငါတို့ ရှုံးနိမ့်သွားခဲ့ပေမဲ့ အဆုံးသတ်သွားတာ မဟုတ်သေးဘူး ၊ ဒီစစ်ပွဲကြီးက အခုမှ စတင်ရုံပဲ ရှိသေးတာ"

လီချန်ဘုရင်က ဆက်ပြောသည်။ "သွားတော့... မင်းသမီးယွီကျိန်းကို ခေါ်ပြီး သန်လုံစီရင်စုကို သွားပါ။ ပြီးရင် ငါတို့ရဲ့ ကလေးတွေကိုပါ ခေါ်ပြီး တုပိုင်ဆီ သွားလိုက်ပါ။ သန်လုံစီရင်စုကလည်း တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။ မင်း တုပိုင်ရဲ့ ပိုင်နက်နယ်မြေထဲကို လုံးလုံးလျားလျား ဝင်ရောက်သွားမှ ရမယ်။ အန်နမ်နိုင်ငံကို မင်းဆီမှာပဲ အပ်နှံခဲ့ပါရစေ အချစ်ရယ်"

"မလုပ်ပါနဲ့... မလုပ်ပါနဲ့... သေရင် အတူတူသေကြမယ်။ အတူတူသေကြမယ်" မိဖုရားနင်းချန် ငိုကြွေးရင်း ပြော၏။ "တုပိုင်ဆီကို အတူတူသွားကြမယ်လေ... တိုင်းပြည်ပြန်လည်တည်ထောင်ဖို့အတွက် သူ့ကို ကူညီခိုင်းကြတာပေါ့"

လီချန်ဘုရင်က တည်ငြိမ်စွာပြောသည်။ "မရဘူး... ငါ့မှာ သူ့ကို ရင်ဆိုင်ရဲတဲ့ မျက်နှာ မရှိဘူး။ ငါ သေသွားမှသာ အနာဂတ်မှာ တိုင်းပြည်ပြန်လည်တည်ထောင်ဖို့ မျှော်လင့်ချက်ရောင်ခြည်လေး ရှိလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ အန်နမ်နိုင်ငံရဲ့ ပြည်သူတွေက သူတို့အတွက် အသက်ပေးသွားတဲ့ ဘုရင်အဖြစ် ငါ့ကို မှတ်မိနေကြလိမ့်မယ်လေ"

"တုပိုင်ကလည်း ငါ့ရဲ့ သံယောဇဉ်ကို ငဲ့ညှာပြီး ငါတို့ရဲ့ ကလေးတွေကို သနားကြင်နာပေးလိမ့်မယ်။ အကယ်၍ ငါ ထွက်ပြေးသွားခဲ့ရင်တော့ လီမိသားစုရဲ့ အမှိုက်ပုံထဲကို အပြီးတိုင် ရောက်သွားလိမ့်မယ်"

နာရီဝက် ကြာပြီးနောက်တွင် ဟွေမြို့တော် ကျဆုံးသွားပြီဖြစ်သည်။

**--**--**--**--**--**--**--**

မိဖုရားနင်းချန်သည် လူရာပေါင်းများစွာနှင့်အတူ မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့လေ၏။

လီချန်ဘုရင်သည် ကမ္ဘာ့ပြည်သူများအပေါ် ထားရှိသော သူ၏ ကတိကဝတ်ကို ဖြည့်ဆည်းပေးခဲ့ပြီး လူသိရှင်ကြား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့လေသည်။

အန်နမ်နိုင်ငံ၏ ပညာရှိဘုရင်ကြီး ကွယ်လွန်သွားသည်။ လူကြီးလူကောင်းတွေက အသက်တိုကြ၏။ လူယုတ်မာများသည်တော့ အသက်ရှည်ကြသည်။

**--**--**--**--**--**--**--**

ကျန်းနန်နယ်စားမင်းသည် အကြွင်းအကျန် စစ်သည်အင်အား တစ်သိန်းနီးပါးဖြင့် ဧကရာဇ်ယုံချန် ၊ အန်နမ်မိဖုရား နင်းချန်နှင့် ပြည်ပြေး အရပ်ဘက် ၊ စစ်ဘက်ဆိုင်ရာ အမတ်များကို အစောင့်အရှောက်ပေးကာ မြောက်ဘက်သို့ အသည်းအသန် ထွက်ပြေးခဲ့ကြလေ၏။

ဟွေမြို့တော်၏ မြောက်ဘက် မိုင်နှစ်ရာအကွာရှိ မြို့ငယ်လေးတစ်မြို့တွင် ဖြစ်သည်။

ဆုန်ချွဲသည် စစ်တပ်အင်အား တစ်သိန်းကို ဦးဆောင်ကာ တပ်စွဲထားပြီး ၊ အမျိုးသမီးဧကရာဇ် မိုဟန်၏ စစ်တပ်မှာ အမြောက်များ သယ်ယူပို့ဆောင်ရန် အဆင်မပြေမှုကြောင့် နှစ်ရက်အတွင်း ရောက်ရှိလာရန် ခက်ခဲပေသည်။

ဤမြို့ငယ်လေးထဲတွင် ပြင်းထန်သော ငြင်းခုံမှုတစ်ခု ဖြစ်ပွားနေ၏။

မိဖုရားနင်းချန်က ပြောသည်။ "ကျွန်မတို့ရဲ့ အကြွင်းအကျန် စစ်တပ်တစ်သိန်းက သန်လုံစီရင်စုကို အခုချက်ချင်း သွားသင့်တယ်။ ရွှေငွေတွေ ၊ စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အားလုံးကို ယူဆောင်ပြီး မြောက်ဘက်က ကျန့်ရှီးနယ်စားမင်း တုပိုင်ဆီကို သွားမယ်။ ပြီးရင် အရှေ့ဘက် ပြည်ထောင်စုကို ခုခံဖို့အတွက် သူနဲ့ ပခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်ကြမယ်"

တာ့နင်ပြည်ပြေးအစိုးရအဖွဲ့၏ အမတ်ချုပ်ကြီး ကျန်းရှန်းကျူက ပြော၏။ "လုံးဝ မဖြစ်ဘူး။ တုပိုင်က သူ့မိန်းမကို ထီးနန်းတင်ထားပြီးပြီ။ ဧကရာဇ်ကျန်းဝူက နန်းဆင်းပေးမှဖြစ်မယ် ၊ ဒါမှမဟုတ်ရင် ကျွန်တော်တို့ အနောက်တောင်ပိုင်းကို လုံးဝ မဝင်ဘူး"

"အရှင်မင်းမြတ်... တုပိုင်ရဲ့ ပိုင်နက်ထဲကို လုံးဝ ဝင်လို့မဖြစ်ပါဘူး"

ဧကရာဇ်ယုံချန်သည် မြေပုံကို ငေးမောကြည့်နေပြီးနောက် အချိန်အတော်ကြာမှ ပြောလေ၏။ "အနောက်ဘက်ကို သွားပြီး လွမ်ပရာဘွမ်နိုင်ငံထဲကို ဝင်ကြမယ်"

ထိုစကားများ ထွက်ပေါ်လာချိန်တွင် လူတိုင်း အံ့အားသင့်သွားကြရသည်။

ဧကရာဇ်ယုံချန်၏ ရည်ရွယ်ချက်မှာ အလွန် ရှင်းလင်းလှပေသည်။ အမျိုးသမီးဧကရာဇ် မိုဟန်သည် အန်နမ်နိုင်ငံ၏ မြောက်ပိုင်းကို သိမ်းပိုက်ကာ တုပိုင်ကို တိုက်ခိုက်ရန် အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုရန်သာ ကြိုးစားနေခြင်း ဖြစ်သည်။ ထို့နောက်တွင် အရှေ့ဘက် ပြည်ထောင်စု၏ အဓိကတပ်မကြီးသည် အန်နမ်နိုင်ငံ မြောက်ပိုင်းသို့ ဆက်လက် ဝင်ရောက်လာမည် ဖြစ်ပြီး အင်အား တစ်သိန်း ၊ နှစ်သိန်းနှင့် သုံးသိန်းအထိပင် ကျော်လွန်သွားနိုင်ပေသည်။

ထို့နောက် ဧကရာဇ်ယုံချန်က သူ၏ စစ်တပ်ကို ဦးဆောင်ကာ အန်နမ်နိုင်ငံမှ ဆုတ်ခွာပြီး အမျိုးသမီးဧကရာဇ် မိုဟန်ထံသို့ လုံးလုံးလျားလျား လွှဲပြောင်းပေးအပ်လိုက်ခြင်းပင် ဖြစ်၏။

ဤနည်းဖြင့် အမျိုးသမီးဧကရာဇ် မိုဟန်အနေဖြင့် သူတို့ကို လိုက်လံချေမှုန်းရန် နည်းလမ်းမရှိတော့ပေ။

နောက်တစ်ဆင့်မှာ အရှေ့ဘက် ပြည်ထောင်စုနှင့် တုပိုင်တို့ကြားက ကြီးမားလှသော အဆုံးအဖြတ် တိုက်ပွဲကြီးပင် ဖြစ်လေသည်။

ဧကရာဇ်ယုံချန်တွင် အခြားသော ရည်ရွယ်ချက်တစ်ခုလည်း ရှိနေသေး၏။ လွမ်ပရာဘွမ်နိုင်ငံသည် အားနည်းသလို ၊ ဗီယင်ကျန်းနိုင်ငံကလည်း အားနည်းသည်။ ဤစစ်တပ်အင်အား တစ်သိန်းဖြင့် ထိုနယ်မြေများကို လုံးလုံးလျားလျား သိမ်းပိုက်နိုင်ပြီး သူတို့၏ အစိုးရအဖွဲ့အတွက် ပိုင်နက်နယ်မြေသစ် တစ်ခု ဖြစ်လာနိုင်သည်။

အတိုချုပ်ပြောရလျှင် အရှေ့ဘက် ပြည်ထောင်စု၏ စစ်မြေပြင်မှ ဆုတ်ခွာသွားရန်သာ ဖြစ်လေသည်။

ထို့အပြင် လွမ်ပရာဘွမ်မင်းဆက်ကို သိမ်းပိုက်ပြီးသည်နှင့် ၊ သူတို့သည် အနောက်တောင်ပိုင်းရှိ တုပိုင်၏ ပိုင်နက်နယ်မြေကို ဝိုင်းရံထားနိုင်မည် ဖြစ်ပြီး ထိုအချိန်ကျမှ အရှေ့ဘက် ပြည်ထောင်စုနှင့်ပင် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

ဧကရာဇ်ယုံချန်က ဤနက်နဲလှသော ရည်ရွယ်ချက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

သို့သော်လည်း သူ၏ စိတ်ကူးများမှာ အလွန်တရာ ပါးနပ်ပြီး အကွက်ကျကျ စဉ်းစားတတ်လွန်းသည် ဆိုသည်ကိုမူ သံသယဖြစ်ဖွယ် မရှိချေ။

မိဖုရားနင်းချန်သည် ဧကရာဇ်ယုံချန်၏ ရည်ရွယ်ချက်ကို ကြားလိုက်ရလေ၏။ အရှေ့ဘက် ပြည်ထောင်စု၏ တိုက်ခိုက်မှုများ ရပ်တန့်သွားစေရန်အတွက် သူသည် အန်နမ်နိုင်ငံကို လုံးလုံးလျားလျား စတေးပစ်တော့မည် ဖြစ်သည်။

ထို့နောက် တုပိုင်၏ ပိုင်နက်နယ်မြေ တောင်ဘက်ရှိ ဒေသများကို သိမ်းပိုက်ကာ အရှေ့ဘက် ပြည်ထောင်စုနှင့် နောက်ထပ် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အခြေအနေများကို ဖန်တီးမည် ဖြစ်သည်။ ကျေးဇူးကန်းလိုက်လေခြင်းပင်။

သူမ၏ ခင်ပွန်းသည်က တုပိုင်ကို ရင်ထဲမှ ထောက်ခံခဲ့သော်လည်း ကျန်းနန်နယ်စားမင်းအပေါ် ထားရှိသည့် သံယောဇဉ်ကြောင့် ယုံချန်၏ ပြည်ပြေးအစိုးရအဖွဲ့ကို လက်ခံထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ရလဒ်အနေဖြင့် တစ်ဖက်လူက အန်နမ်နိုင်ငံကို စတေးပစ်ရန် အနည်းငယ်မျှပင် တွန့်ဆုတ်မနေခဲ့ပေ။

သို့သော် မိဖုရားနင်းချန်က ဘာမှ ထုတ်မပြောခဲ့ချေ။ အကယ်၍ တစ်စုံတစ်ရာ ထုတ်ပြောလိုက်သည်နှင့် သူမ၏ အသက်အန္တရာယ် ရှိလာနိုင်ကြောင်းကို သူမ သိထား၏။ ထို့ကြောင့် မင်းသမီးယွီကျိန်းထံသို့ တိုက်ရိုက်သွားကာ ပြောလိုက်သည်။ "ယွီကျိန်း... သွားမယ် ၊ ကျွန်မနဲ့အတူ မြောက်ဘက်က သန်လုံစီရင်စုကို လိုက်ခဲ့။ ပြီးရင် တုပိုင်ဆီ သွားကြမယ်"

"မရဘူး..." ကုတင်ပေါ်ရှိ ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ပြတ်သားစွာ ပြောလိုက်ပြီးနောက် ရုတ်တရက် ချောင်းဆိုးလာကာ သွေးအန်ချလိုက်ရလေ၏။

အမျိုးသမီးဧကရာဇ် မိုဟန်၏ ဓားဖြင့် အထိုးခံရပြီးနောက် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိနေခဲ့ပြီး ဖြစ်သည်။ သို့သော် သူက အပြင်းအထန် တိုက်ခိုက်နေဆဲ ဖြစ်သည့်အပြင် ၊ စစ်ရှုံးနိမ့်မှု၏ ထိုးနှက်ချက်နှင့်အတူ လီချန်ဘုရင်ကပါ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သဖြင့် သူ တိုက်ရိုက်ပင် လဲကျသွားခဲ့ရပြီး သေလုမြောပါး ဖြစ်နေကာ သွေးအန်ခြင်းကို မထိန်းနိုင်တော့ပေ။

"မိဖုရား... ကျေးဇူးပြုပြီး အရင် ထွက်သွားပေးပါ ၊ ယွီကျိန်းနဲ့ ကျွန်တော် စကားနည်းနည်းလောက် ပြောစရာရှိလို့ပါ" ဆုန်ချွဲက ပြောသည်။

မိဖုရားနင်းချန်က ဆုန်ချွဲကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် အပြင်သို့ ထွက်သွားလေ၏။

"ယွီကျိန်း... ဒူးထောက်လိုက်စမ်း" ဆုန်ချွဲက ပြောသည်။

မင်းသမီးယွီကျိန်းမှာ သူ၏ ကုတင်ရှေ့တွင် ဒူးထောက်လိုက်လေ၏။

ဆုန်ချွဲက ပြော၏။ "ဧကရာဇ်ယုံချန်က တာ့နင်အင်ပါယာရဲ့ တစ်ဦးတည်းသော တရားဝင် ဧကရာဇ်ဖြစ်တယ်။ မင်း သူ့အပေါ် သစ္စာရှိရမယ်"

မင်းသမီးယွီကျိန်းက ငိုကြွေးကာ ပြောသည်။ "ဟုတ်ကဲ့ပါ"

ဆုန်ချွဲက ဆက်ပြော၏။ "ဒါ့အပြင် အရှင်မင်းမြတ်က အဖေ့ကို တောင်းဆိုထားပြီးပြီ။ သူက မင်းကို ဧကရီအဖြစ် တင်မြှောက်ချင်နေတာ ၊ အဖေလည်း လက်ခံသဘောတူလိုက်ပြီ"

မင်းသမီးယွီကျိန်း အံ့အားသင့်သွားရလေသည်။ သူမသည် တုပိုင်နှင့် လမ်းခွဲခဲ့ပြီးဖြစ်သော်လည်း သူမရင်ထဲရှိ အမျိုးသားမှာ တုပိုင်ပင် ဖြစ်နေဆဲဖြစ်သည်။

သူမနှင့် တုပိုင်တို့၏ ရပ်တည်ချက်များ ကွဲလွဲနေသော်လည်း ၊ သူမသည် တာ့နင်အင်ပါယာအပေါ် လုံးဝ သစ္စာရှိသောကြောင့် ဖြစ်သည်။ သို့သော် သူမရင်ထဲတွင် ချစ်မြတ်နိုးရသော အမျိုးသားမှာ တုပိုင်ပင် ဖြစ်နေဆဲတည်း။

ဆုန်ချွဲက တင်းမာစွာ ပြော၏။ "မင်းက ငါ့ရဲ့ အမိန့်ကို ဖီဆန်ချင်နေတာလား"

မင်းသမီးယွီကျိန်းမှာ အလွန် ဝမ်းနည်းသွားရပြီး ငိုကြွေးရင်း ပြော၏။ "ခမည်းတော်... သမီး ဘယ်တော့မှ အိမ်ထောင်မပြုဘူး။ လုံးဝ အိမ်ထောင်မပြုဘူး"

ဆုန်ချွဲက ဒေါသတကြီး ပြောသည်။ "မင်း... မင်းက ငါ့ကို သေအောင် တွန်းပို့နေတာလား။ ဖီဆန်ဖို့ ကြိုးစားနေတာလား။ မင်းက ငါ့ကို အရှင်မင်းမြတ်အပေါ် သစ္စာဖောက်အောင် လုပ်ချင်နေတာလား"

"အရှင်မင်းမြတ်က မင်္ဂလာကိစ္စ တောင်းဆိုထားပြီးပြီ ၊ အဖေလည်း ကတိပေးထားပြီးပြီ။ အကယ်၍ မင်း သဘောမတူဘူးဆိုရင် ငါ့ကို သေအောင် တွန်းပို့သလိုပဲ ၊ မင်းရှေ့မှာတင် ငါ သေပြလိုက်မယ်" ထိုသို့ပြောရင်း ဆုန်ချွဲက နောက်ထပ် သွေးအနည်းငယ် အန်ချလိုက်ပြန်သည်။

မင်းသမီးယွီကျိန်းမှာ ကူရာကယ်ရာမဲ့ဖြစ်သွားပြီး ငိုကြွေးရင်း ပြော၏။ "ကောင်းပါပြီ... ကောင်းပါပြီ... သမီး ကတိပေးပါတယ်"

ဆုန်ချွဲက ပြောသည်။ "မင်း ထွက်သွားတော့ ၊ အရှင်မင်းမြတ်ကို ဝင်လာခဲ့ဖို့ ပင့်ပေးပါ"

**--**--**--**--**--**--**--**

ဧကရာဇ်ယုံချန် ဝင်လာပြီး ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ ကုတင်ဘေးတွင် ထိုင်လိုက်ကာ မျက်ရည်များဝဲလျက် သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေ၏။

"အရှင်မင်းမြတ်... ရှေ့ဆက်ပြီး ဘာတွေ အစီအစဉ်ရှိလဲ" ဆုန်ချွဲက အားနည်းစွာဖြင့် ပြော၏။

ဧကရာဇ်ယုံချန်က ပြောသည်။ "ကျန်းနန်နယ်စားမင်းကရော ဘာတွေ စီစဉ်ထားလို့လဲ"

ဆုန်ချွဲ ပြန်ပြော၏။ "စစ်တပ်ကို ဦးဆောင်ပြီး သန်လုံစီရင်စုထဲကို ဝင်သွားမယ်။ တုပိုင်နဲ့ ပေါ်ပေါ်ထင်ထင် မဟာမိတ် မဖွဲ့ထားဘူးဆိုပေမဲ့ ၊ အရှေ့ဘက် ပြည်ထောင်စုကို တိုက်ခိုက်ဖို့အတွက် အပြန်အလှန် အထောက်အကူ ပြုပေးလို့ရတယ်လေ"

ဧကရာဇ်ယုံချန်က ပြောသည်။ "ကိုယ်တော်ကတော့ စစ်တပ်ကို ဦးဆောင်ပြီး လွမ်ပရာဘွမ်နိုင်ငံထဲကို ဝင်ရောက်ဖို့ ဆုံးဖြတ်ထားတယ်။ ပြီးရင် မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းကို သိမ်းပိုက်မယ်။ ဒါမှ ကိုယ်တော်တို့ ခြေကုပ်ယူစရာ နေရာတစ်ခု ရှိမှာပေါ့"

ဆုန်ချွဲက မယုံကြည်နိုင်စွာဖြင့် ပြော၏။ "ဒါက... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက အန်နမ်နိုင်ငံကို စွန့်လွှတ်လိုက်တာ မဟုတ်ဘူးလား။ လီချန်ဘုရင်ကို သစ္စာဖောက်လိုက်တာ မဟုတ်ဘူးလား။ စိတ်မပူပါနဲ့ အရှင်မင်းမြတ်... သန်လုံစီရင်စုက တုပိုင်ရဲ့ ပိုင်နက်နဲ့ အလွန် နီးကပ်ပေမဲ့ ၊ လုံခြုံမှု ရှိမှာပါ"

ဧကရာဇ်ယုံချန်က ပြောသည်။ "ကိုယ်တော် ဆုံးဖြတ်ပြီးသွားပြီ"

ဆုန်ချွဲက တုန်ရီစွာဖြင့် ပြော၏။ "မဖြစ်ဘူး... မဖြစ်ပါဘူး။ ဒါက လီချန်ဘုရင်ကို သစ္စာဖောက်တာပဲ ၊ ဒါက တာ့နင်အင်ပါယာကို သစ္စာဖောက်တာပဲ။ ကျွန်တော်တို့က တုပိုင်နဲ့ မဟာမိတ် မဟုတ်ဘူး ဆိုရင်တောင်မှ တူညီတဲ့ ရန်သူကိုတော့ အတူတူ တိုက်ခိုက်နိုင်ပါတယ်။ အရှင်မင်းမြတ်နဲ့ ဧကရာဇ်ကျန်းဝူတို့က ဆွေမျိုးတွေလေ ၊ အရှေ့ဘက် ပြည်ထောင်စုကမှ ရန်သူစစ်စစ်ပါ"

ဧကရာဇ်ယုံချန်က ပြောသည်။ "ကိုယ်တော် ဆုံးဖြတ်ပြီးသွားပြီ ၊ နယ်စားမင်း ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး"

ဆုန်ချွဲက ပြော၏။ "မဖြစ်ဘူး ၊ မရဘူး ၊ ကျွန်တော်မျိုးက အရှင်မင်းမြတ်ကို ဒီလောက် ကြီးမားတဲ့ အမှားမျိုး လုံးဝ အလုပ်ခံမှာ မဟုတ်ဘူး"

ထို့နောက် သူက သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး ရုန်းကန်ထထိုင်ကာ သူ၏ စစ်တပ်ကို ခေါ်ယူတိုင်ပင်ရန် ကြိုးစားလေ၏။

ဧကရာဇ်ယုံချန်က ဆုန်ချွဲ၏ ရင်ဘတ်ပေါ်သို့ သူ၏ လက်ဝါးကို တင်လိုက်ပြီး ပြောသည်။ "ကိုယ်တော် ဆုံးဖြတ်ပြီးသွားပြီ။ ကျန်းနန်နယ်စားမင်း စိတ်ချလက်ချ အနားယူလိုက်ပါတော့ ၊ ဒီအကြွင်းအကျန် စစ်တပ်တစ်သိန်းကို ကိုယ်တော့်ဆီမှာသာ အပ်ထားခဲ့လိုက်ပါ"

ထို့နောက် သူက လက်ဝါးထဲမှ အတွင်းအားကို အနည်းငယ် ထုတ်လွှတ်လိုက်လေ၏။

ကျန်းနန်နယ်စားမင်း ဆုန်ချွဲမှာ သွေးများ ပန်းထွက်သွားပြီးနောက် လုံးဝ အသက်ထွက်သွားလေတော့သည်။

ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို သတ်ဖြတ်ပြီးနောက် ဧကရာဇ်ယုံချန်၏ လက်ဝါးထဲတွင် စူးအောင့်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ အလိုအလျောက် ငုံ့ကြည့်လိုက်မိ၏။

သူ၏ လက်ဝါးထဲတွင် သွေးထွက်နေသော ဇီးပွင့်ပုံသဏ္ဍာန် အပေါက်ငယ်ငါးပေါက် ထွက်ပေါ်နေသည်ကို မြင်လိုက်ရသဖြင့် အမြန် နမ်းရှူကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အဆိပ်မပါဝင်ချေ။

သူက ကျန်းနန်နယ်စားမင်း၏ အဝတ်အစားများကို လှန်ကြည့်လိုက်ရာ ၊ သူ၏ နှလုံးသားနေရာတွင် ကပ်လျက်ရှိသော ကျောက်သလင်း အကာအကွယ်ကြေးမုံတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ သို့သော် ကြေးမုံမှာ ကြေမွနေပြီဖြစ်ပြီး ၊ အမျိုးသမီးဧကရာဇ် မိုဟန်၏ ဓားချက်ကြောင့် ကျိုးပဲ့သွားခဲ့ခြင်း ဖြစ်ရပေမည်။

ဧကရာဇ်ယုံချန်က သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်ချိန်တွင် ၊ ထိုအကာအကွယ်ကြေးမုံ၏ အစအနများက သူ၏ လက်ဝါးထဲသို့ စူးဝင်သွားခဲ့ခြင်း ဖြစ်လေသည်။

ဧကရာဇ်ယုံချန်က ထိုကျိုးပဲ့နေသော ကျောက်သလင်းစကို ဖြုတ်ယူလိုက်ပြီး သူ၏ လက်အင်္ကျီလက်ထဲတွင် ဖွက်ထားလိုက်၏။

အချိန်အတော်ကြာပြီးနောက် ၊ ဧကရာဇ်ယုံချန်သည် မျက်ရည်များ ဝဲနေသော်လည်း ကျမလာစေဘဲ အခန်းထဲမှ ထွက်လာခဲ့လေသည်။

"ကျန်းနန်နယ်စားမင်း ထွက်သွားခဲ့ပြီ..."

သူ ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ၊ အပြင်ဘက်တွင် ရုတ်တရက် ငိုကြွေးသံများ ထွက်ပေါ်လာလေ၏။

အန်နမ်နိုင်ငံ၏ စစ်တပ်ဖြစ်စေ ၊ တာ့နင်အင်ပါယာ၏ စစ်တပ်ဖြစ်စေ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ မှီခိုအားထားရာ တိုင်လုံးကြီးနှစ်ခု ရှိပေသည်။ တစ်ခုမှာ လီချန်ဘုရင် ဖြစ်ပြီး ၊ အခြားတစ်ခုမှာ ကျန်းနန်နယ်စားမင်း ဆုန်ချွဲပင် ဖြစ်လေ၏။

ယခုမူ ထိုစိတ်ပိုင်းဆိုင်ရာ မှီခိုအားထားရာ တိုင်လုံးကြီးနှစ်ခုစလုံး ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။ သူတို့အတွက်မူ ဤသည်က လုံးလုံးလျားလျား မျိုးသုဉ်းပျက်သုဉ်းမည့် ကပ်ဘေးကြီးဖြစ်ပြီး ၊ နိဂုံးချုပ်ချိန် ရောက်ရှိလာခြင်းပင် ဖြစ်လေတော့၏။

မင်းသမီးယွီကျိန်းမှာ ဆက်လက် တောင့်ခံမထားနိုင်တော့ဘဲ တိုက်ရိုက်ပင် သတိလစ်မေ့မြောသွားလေသည်။

ဧကရာဇ်ယုံချန်သည် မြေပြင်ပေါ်တွင် ရှိနေသော စစ်သူကြီးများကို လှမ်းကြည့်လိုက်၏။ အကြွင်းအကျန် စစ်တပ်တစ်သိန်း၏ တပ်မှူးငယ်အဆင့်နှင့်အထက် အရာရှိများအားလုံး ဤနေရာတွင် ရှိနေကြသည်။

"လီချန်ဘုရင်လည်း ကျဆုံးသွားပြီ ၊ ကျန်းနန်နယ်စားမင်း ဆုန်ချွဲလည်း ထွက်သွားခဲ့ပြီ။ မင်းတို့တွေ လမ်းပြမယ့်သူ ပျောက်ဆုံးသွားလိမ့်မယ်ဆိုတာ ကိုယ်တော် သိတယ်" ဧကရာဇ်ယုံချန်က ပြောသည်။ "ကိုယ်တော်က တာ့နင်အင်ပါယာရဲ့ တစ်ဦးတည်းသော တရားဝင် ဧကရာဇ်ပါ။ မင်းတို့ရဲ့ လမ်းပြသစ် ဖြစ်လာဖို့ ကိုယ်တော် ဆန္ဒရှိပါတယ်။ ဟွေမြို့တော်က တိုက်ပွဲကို အားလုံး မြင်တွေ့ခဲ့ကြပြီးပြီ။ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ ၊ အရှေ့ဘက် ပြည်ထောင်စုက လုံးဝ အသစ်စက်စက် စစ်ဆင်ရေး နည်းဗျူဟာကို အသုံးပြုခဲ့ကြတယ်"

ထိုနေရာတွင် ရှိနေသော အရာရှိများက ဧကရာဇ်ယုံချန်ကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။

"တချို့က သန်လုံစီရင်စုကို သွားချင်ကြတယ်" ဧကရာဇ်ယုံချန်က ကျယ်လောင်စွာ ပြောသည်။ "ဒါပေမဲ့ ကိုယ်တော်တို့ သန်လုံစီရင်စုကို သွားလို့မရဘူး။ ဘာလို့လဲဆိုတော့ အဲဒီမှာ လီချန်ဘုရင်ရဲ့ အမွေဆက်ခံသူတွေ ရှိနေပြီး ၊ လမ်းတစ်လျှောက်မှာလည်း အန်နမ်နိုင်ငံက ပြည်သူတွေ မရေမတွက်နိုင်အောင် ရှိနေတယ်။ ကိုယ်တော်က ဧကရာဇ်ဖြစ်တဲ့အတွက် အရှေ့ဘက် ပြည်ထောင်စုရဲ့ ပစ်မှတ်က ကိုယ်တော်ပဲ။ ကိုယ်တော်တို့ ဘယ်ကိုပဲသွားသွား အမျိုးသမီးဧကရာဇ် မိုဟန်ရဲ့ စစ်တပ်က လိုက်လံချေမှုန်းလိမ့်မယ်။ သန်လုံစီရင်စုဆီ စစ်မီးကူးစက်သွားအောင် ကိုယ်တော်တို့ လုပ်လို့မဖြစ်ဘူး။ မေတ္တာတရားကြီးမားပြီး ကြီးမြတ်လှတဲ့ လီချန်ဘုရင်ကို ကိုယ်တော်တို့ မျက်နှာပျက်စရာ အလုပ်မျိုး လုပ်လို့မရဘူး"

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၊ အရာရှိများစွာမှာ မျက်ရည်များဝဲလျက် အသည်းအသန် ခေါင်းညိတ်လာကြလေ၏။ သူတို့သည် သာမန် စစ်သူကြီးများသာ ဖြစ်ကြပြီး ၊ အဆင့်မြင့် နိုင်ငံရေးကစားကွက်များကို လုံးဝ နားမလည်ကြပေ။

အမျိုးသမီးဧကရာဇ် မိုဟန်က အန်နမ်နိုင်ငံ၏ ပိုင်နက်နယ်မြေကို သိမ်းပိုက်လိုခြင်းသာ ဖြစ်ပြီး ၊ ဤအကြွင်းအကျန် စစ်တပ်ကို စိတ်မဝင်စားပေ။

ထို့ကြောင့် ဧကရာဇ်ယုံချန်သည် ဤစစ်တပ်ကို သူ၏ လက်အောက်သို့ သိမ်းသွင်းရန် အလွန် သိသာလှပေသည်။ ထို့နောက် သူတို့ကို ခေါ်ဆောင်ကာ အရှေ့ဘက် ပြည်ထောင်စုနှင့် တိုက်ပွဲကို ရှောင်ရှားရင်း ထွက်ပြေးမည် ဖြစ်ပြီး ၊ အန်နမ်နိုင်ငံကို လုံးလုံးလျားလျား စတေးကာ စစ်မီးကို တုပိုင်ဆီသို့ ဦးတည်သွားစေမည် ဖြစ်၏။ အဆုံးတွင်မူ သူသည် အန်နမ်နိုင်ငံ၏ မရေမတွက်နိုင်သော ပြည်သူပြည်သားများအတွက် စစ်မီးကို ဆွဲဆောင်ကာ စတေးခံပေးခဲ့သည်ဟု ဆိုလာပေလိမ့်မည်။

ဤသည်က ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်တစ်ခု ဖြစ်သည်မှာ သိသာလှသော်လည်း ၊ အလွန် ကြီးကျယ်ခမ်းနားနေလေ၏။

"ကိုယ်တော်တို့ မြောက်ဘက်ကို သွားလို့မရဘူး... သန်လုံစီရင်စုကို သွားလို့မရဘူး။ အဲဒီမှာ ပြည်သူတွေ မရေမတွက်နိုင်အောင် ရှိနေတယ်။ ပြီးတော့ မြောက်ဘက်ဆိုတာ ကိုယ်တော်တို့ တာ့နင်အင်ပါယာရဲ့ အမိမြေပဲ။ ကျန်းဝူ ဧကရာဇ်အ​တုနဲ့ တုပိုင်တို့က ခိုးယူသွားခဲ့ပြီ ဆိုပေမဲ့ ၊ အဲဒီမှာ ကြီးပြင်းလာတဲ့ တာ့နင်အင်ပါယာရဲ့ ပြည်သူတွေ မရေမတွက်နိုင်အောင် ရှိနေသေးတယ်။ ကိုယ်တော်တို့က စစ်မီးကို တာ့နင်အင်ပါယာဆီ လုံးဝ ကူးစက်သွားအောင် လုပ်လို့မဖြစ်ဘူး" ဧကရာဇ်ယုံချန်က ကျယ်လောင်စွာ ပြောလေ၏။

ချက်ချင်းပင် ၊ ကျန်းနန်နယ်စားမင်း၏ လက်အောက်ရှိ အကြွင်းအကျန် စစ်သည်များမှာ မျက်ရည်များဝဲလျက် အသည်းအသန် ခေါင်းညိတ်လာကြလေ၏။ အကြောင်းမူကား သူတို့၏ မိဘများနှင့် မိသားစုများမှာ ကွမ်ရှီးတွင် ရှိနေကြသောကြောင့် ၊ သဘာဝကျကျပင် စစ်ပွဲကို သူတို့၏ မိသားစုများထံသို့ မရောက်ရှိစေလိုကြပေ။

ဧကရာဇ်ယုံချန်က ဝမ်းနည်းကြေကွဲဖွယ် ဟန်ပန်ဖြင့် ပြောလေ၏။ "ကိုယ်တော်တို့ ဘယ်ကိုပဲသွားသွား ၊ စစ်ပွဲကလည်း အဲဒီကို ရောက်လာမှာပဲ။ ဒါဆိုရင် ကိုယ်တော်တို့ အနောက်ဘက်ကို သွားကြမယ် ၊ လူသူကင်းမဲ့နေတဲ့ သစ်တောအုပ်ကြီးဆီကို ဦးတည်ပြီး ၊ အနောက်ဘက်ကို သွားမယ် ၊ အနောက်ဘက်ကို သွားကြမယ်။ ဒါမှ စစ်ပွဲက အပြစ်ကင်းတဲ့ ပြည်သူတွေကို မထိခိုက်စေမှာပေါ့။ လီချန်ဘုရင်ရဲ့ အမွေဆက်ခံသူတွေကိုရော ၊ ကိုယ်တော်တို့ တာ့နင်အင်ပါယာရဲ့ ပြည်သူတွေကိုပါ အန္တရာယ် မပေးနိုင်တော့ဘူးလေ။ ဒါက တုပိုင်နဲ့ ကျန်းဝူ ဧကရာဇ်အတုအတွက် အကျိုးရှိသွားစေမယ် ဆိုပေမဲ့ ၊ ကိုယ်တော့်မှာ ဘာညည်းညူစရာမှ မရှိသလို ၊ ကြောက်ရွံ့မှုလည်း မရှိပါဘူး။ ဒါက သေလမ်းကိုးသွယ် ရှိနေတဲ့ အသက်စွန့်ရမယ့် ခရီးစဉ်တစ်ခုပဲ။ မင်းတို့တွေ ကိုယ်တော့်နောက်ကို လိုက်ဖို့ ဆန္ဒရှိကြရဲ့လား"

"ဆန္ဒရှိပါတယ်"

"ဆန္ဒရှိပါတယ်"

"ဆန္ဒရှိပါတယ်"

"အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ"

အန်နမ်နိုင်ငံ၏ မိဖုရားနင်းချန်မှာ တစ်ကိုယ်လုံး တုန်ရီသွားလေ၏။ သူမသည် မည်သည့် နိုင်ငံရေးလှည့်ကွက်မှ မသိသော ဖြောင့်မတ်သည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

သို့သော် ဤကဲ့သို့သော နိုင်ငံရေးအရ ဆွဲဆောင်စည်းရုံးမှုမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းပင်။ ဧကရာဇ်ယုံချန်သည် အာဏာသိမ်းရန် ၊ စစ်တပ်နှင့်အတူ ထွက်ပြေးရန်နှင့် အန်နမ်နိုင်ငံကို မိုဟန်ထံသို့ လွှဲပြောင်းပေးအပ်ရန် အလွန် သိသာထင်ရှားနေသော်လည်း ၊ သူက ကြီးမားသော စတေးမှုကြီးတစ်ခုအဖြစ် ပြောဆိုနေခဲ့လေ၏။

မိဖုရားနင်းချန်သည် အန်နမ်နိုင်ငံ၏ စစ်တပ်အစိတ်အပိုင်းကို ခေါ်ဆောင်သွားရန် ကြိုးစားရင်း ၊ အလိုအလျောက်ပင် မတ်တတ်ရပ်ကာ ချေပရန် ပြင်လိုက်သည်။

သို့သော်လည်း ၊ သူမ၏ ခင်ပွန်းသည် ပြောခဲ့သော စကားများက သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့လေ၏။

"ဘာပစ္စည်းမှ ယူမနေနဲ့ ၊ အကြွင်းအကျန် စစ်တပ်ကိုလည်း ဂရုစိုက်မနေနဲ့တော့ ၊ မင်းသမီးယွီကျိန်းကို ခေါ်ပြီး သန်လုံစီရင်စုကို သွားပါ။ ပြီးရင် ကလေးတွေကိုပါ ခေါ်ပြီး သန်လုံစီရင်စုက အကြွင်းအကျန် စစ်တပ်နဲ့အတူ တာ့နင်အင်ပါယာရဲ့ အနောက်တောင်ပိုင်းကို ထွက်ပြေး ၊ တုပိုင်ရဲ့ ပိုင်နက်ထဲကို ထွက်ပြေးပါ"

သူ အသက်ရှင်စဉ်ကတည်းက ၊ မိဖုရားနင်းချန် ပြောသမျှ စကားတိုင်းကို လိုက်နာခဲ့သည်။ သူမက အရှေ့ကို သွားရမည်ဟု ပြောလျှင် ၊ လီချန်ဘုရင်က အနောက်သို့ ဘယ်တော့မှ မသွားခဲ့ပေ။

ဇနီးသည်ကို အလိုလိုက်ခြင်း ဟုခေါ်သော ကိစ္စတွင် ၊ ဇနီးသည်၏ စကားတစ်ခွန်းစီတိုင်းက ဧကရာဇ်၏ အမိန့်တော်သဖွယ် ဖြစ်ပြီး ၊ ယင်းမှာ လီချန်ဘုရင်အကြောင်းပင် ဖြစ်လေ၏။

သို့သော်လည်း ၊ ယခုအချိန်တွင် မိဖုရားနင်းချန်သည် မည်သည့်အရာကိုပဲ လုပ်လုပ် ၊ မည်သို့ပင် ဆုံးဖြတ်စေကာမူ ၊ ခင်ပွန်းသည် ပြောခဲ့သော စကားများကို သူမ၏ စိတ်ထဲတွင် မှတ်မိနေမည် ဖြစ်ပြီး ၊ ယင်းကို အခြေအနေမဲ့ ယုံကြည်ကာ လိုက်နာတော့မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ ခင်ပွန်းသည်က သူမထက် အများကြီး ပိုမို ထက်မြက်ပြီး ၊ သူ၏ စိတ်ကူးများက မှန်ကန်ကြောင်းကို သူမ ရှင်းလင်းစွာ သိထားသောကြောင့်ပင်။

ထို့ကြောင့် သူမသည် အန်နမ်နိုင်ငံ၏ သောင်းနှင့်ချီသော အကြွင်းအကျန် စစ်တပ်အတွက် တိုက်ပွဲမဝင်နိုင်တော့ပေ ၊ သို့မဟုတ်ပါက သူမ၏ အသက်အန္တရာယ် ရှိလာနိုင်ပေသည်။

နောက်တစ်ဆင့်အနေဖြင့် ၊ သူမသည် မင်းသမီးယွီကျိန်းကို ခေါ်ဆောင်သွားရန် နည်းလမ်းရှာရတော့မည် ဖြစ်သည်။ ဧကရာဇ်ယုံချန်၏ အနီးအနားမှာ အလွန် အန္တရာယ်များနေခဲ့ပြီ ဖြစ်လေ၏။ ဤဧကရာဇ်က မရိုးသားချေ။

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၄၉ + ၇၅၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters