အသုံးမဝင်တာ မဟုတ်ဘူး၊ မကြီးမားလုံလောက်သေးလို့ပါ
Vol. 56 Ch. 630
ချီနိုင်ငံ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်ပြီးနောက် ကျန်းပေရန် တို့သည် လမ်းတလျှောက် လာရောက် တားဆီးသော ဂူကျင့်ကြံသူ အများအပြားနှင့် ကြုံတွေ့ရသော်လည်း ဂျိယွီ က အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။
ထို့နောက် မြေပုံအတိုင်း ကျန်းပေရန် သည် ချီနိုင်ငံ ၏ မြို့တော်နှင့် အင်အားအကြီးဆုံး ဂိုဏ်းအချို့သို့ အသီးသီး သွားရောက်ခဲ့သည်။
ထိုကာလအတွင်း ချီနိုင်ငံမှ ပြည်သူများကို ကယ်တင်ရန် ဂူပိုးကောင် မြေအောက်ခန်း များကို လိုက်လံ ရှာဖွေနေသော ထုံနိုင်ငံ အနက်ရောင် သူတော်စင် အချို့နှင့် ဆုံတွေ့ခဲ့သော်လည်း မေးမြန်းကြည့်ရာတွင် သူ လိုချင်သော အဖြေကို မရရှိခဲ့ပေ။
ချီနိုင်ငံ ၏ ထိပ်တန်း အစွမ်းထက်သူများ အားလုံး အမှန်တကယ် ကျဆုံးသွားသကဲ့သို့ပင်။
‘မဖြစ်နိုင်ပါဘူး...’
ချီနိုင်ငံ ကျဆုံးသွားသည်ကို ကျန်းပေရန် နားလည်နိုင်သော်လည်း ခုနစ်လေး ကဲ့သို့သော ကြီးမားသည့် ကံကြမ္မာပိုင်ရှင် တစ်ဦး အနေဖြင့် အန္တရာယ် တစ်စုံတစ်ရာ မကြုံတွေ့သင့်ပေ။
သို့သော် ဤလမ်းတလျှောက်တွင် ကျန်းပေရန် သည် ကောင်းကင်နှင့်မြေကြီး ပညာရပ် နှင့် သံလိုက်အိမ်မြှောင် ကို အသုံးပြု၍ နေရာအနှံ့ စစ်ဆေးခဲ့သော်လည်း မည်သည့် အရိပ်အယောင်မျှ မတွေ့ရပေ။
‘သူတို့ တစ်နေရာရာက လျှို့ဝှက်နယ်မြေ တစ်ခုခုထဲမှာ ပုန်းအောင်းနေဖို့ပဲ မျှော်လင့်ရတော့မှာပဲ’
ယခုအချိန်တွင် ကျန်းပေရန် ၌ လုပ်စရာ အရေးကြီး ကိစ္စများစွာ ရှိနေသေးသဖြင့် ချီနိုင်ငံ တွင် အချိန်အားလုံးကို အကုန်ခံ၍ အပ်ကျပျောက်ရှာ ရှာဖွေနေရန် မဖြစ်နိုင်ပေ။ ချီနိုင်ငံ ၏ ထိပ်ပိုင်း ခေါင်းဆောင်များ အားလုံး လျှို့ဝှက်နယ်မြေ တစ်ခုခုတွင် ပုန်းအောင်းနေပြီး အဆိပ်မြူများ ပျောက်ကွယ်သွားချိန်တွင် အလိုအလျောက် ထွက်ပေါ်လာမည်ဟုသာ မျှော်လင့်ရမည် ဖြစ်သည်။
“စီနီယာဂျိ ကျွန်တော်တို့ ပြန်ကြစို့”
ဆုံးဖြတ်ချက် ချပြီးနောက် ကျန်းပေရန် သည် ဂျိယွီ နှင့်အတူ ယွမ်မြို့တော် သို့ ပြန်လာခဲ့သည်။
မြေပြင်ပေါ်သို့ ရောက်သည်နှင့် ကျန်းပေရန်က ယဲ့ဖန် အား ပြောလိုက်သည်။
“မင်း သူငယ်ချင်းတွေကို သွားရှာလို့ ရပြီ”
ထို့နောက် ယဲ့ဖန် စကားပြောခွင့် မရမီ ပျံသန်းအိမ်တော် ပေါ်မှ တိုက်ရိုက် ထွက်ခွာသွားလေသည်။
စကားပြောရန် ပြင်နေသော ယဲ့ဖန် သည် စကားများကို ပြန်မျိုချလိုက်ရပြီးနောက် လက်ထဲရှိ ကတ်ပြားများကို ချကာ ရှီဖုန်းလန် ကို လက်ယှက် နှုတ်ဆက်လိုက်သည်။
“မမလန်လန် ကျွန်တော့် သူငယ်ချင်းတွေကို အရင် သွားရှာလိုက်ဦးမယ် သူတို့ အခု ကျွန်တော့်ကို အရမ်း စိတ်ပူနေလောက်ပြီ”
ရှီဖုန်းလန်သည် အလွန် နားလည်မှု ရှိစွာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မြန်မြန် သွား မြန်မြန် သွား နောက်ကျရင် မင်းရဲ့ သူငယ်ချင်းတွေကို အပေါ်ခေါ်လာပြီး အတူတူ လာကစားဖို့ ပေရန်လေး ကို မေးကြည့်ဦး”
သေချာ မယုံရဲသော်လည်း ဤအစ်မကြီး ခေါ်နေသော ပေရန်လေး ဆိုသည်မှာ နတ်မင်းကြီး ကို ခေါ်ဆိုခြင်း ဖြစ်ကြောင်း ယဲ့ဖန် အခြေခံအားဖြင့် သေချာနေပြီ ဖြစ်သည်။
ထိုအချက်က ယဲ့ဖန်ကို ရှီဖုန်းလန် ၏ အဆင့်အတန်းအား သူ လှမ်းမမြင်နိုင်သော အလွန် မြင့်မားသည့် နေရာတစ်ခုတွင် ထပ်ခါတလဲလဲ ထားရှိရန် ဖိအားပေးနေသကဲ့သို့ ဖြစ်နေသည်။
ရှီဖုန်းလန်ကို ထပ်မံ လက်ယှက် နှုတ်ဆက်ပြီးနောက် ယဲ့ဖန် သည် မတ်တတ်ရပ်ကာ မလှမ်းမကမ်းမှ တိတ်တဆိတ် ကြည့်ရှုနေသော မုန့်စစ်ဖေ့ ကိုလည်း အရိုအသေ ပြုလိုက်ပြီးမှ ပျံသန်းအိမ်တော် ပေါ်မှ ထွက်ခွာသွားလေသည်။
‘... ဒီဖိအားကြီးက တော်တော် ကြီးတာပဲ’
ယဲ့ဖန် ၏ အရိုအသေ ပြုခြင်းကို ခံလိုက်ရသော မုန့်စစ်ဖေ့ သည် သက်ပြင်းရှည် တစ်ချက် ချလိုက်မိသည်။ စောစောက အနက်ရောင် သူတော်စင် ကို အပြတ်အသတ် ရိုက်နှက်နေသော သူ၏ မြင်ကွင်းများက ခေါင်းထဲတွင် အဆက်မပြတ် ပေါ်လာနေသဖြင့် သူမ အနည်းငယ် ချွေးပျံသွားမိသည်။
...
ပျံသန်းအိမ်တော် မှ ထွက်လာသော ကျန်းပေရန်သည် ဂျိယွီ ကို ခေါ်ဆောင်ကာ အစည်းအဝေး ခန်းမဆောင် သို့ ပြန်လာခဲ့သည်။
ယခုအခါ အခြား နိုင်ငံ ငါးနိုင်ငံကို ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ အခြေခံအားဖြင့် ပြီးစီးသွားပြီ ဖြစ်ရာ နောက်ဆက်တွဲ ဘာလုပ်ရမည်ကို ဆွေးနွေးရန် အချိန်ရောက်ပြီ ဖြစ်သည်။
ပထမဆုံး အချက် အနေဖြင့် အခြား နိုင်ငံ ငါးနိုင်ငံမှ ကျင့်ကြံသူများကို အဆိပ်ဖြေပေးရန် ဖြစ်သည်။ သို့သော် ကူလျန်ချန် စိုးရိမ်သော ကိစ္စသည် ထုံနိုင်ငံ အနက်ရောင် သူတော်စင် အားလုံး စိုးရိမ်သော ကိစ္စလည်း ဖြစ်ပြီး လူကယ်ရင်း ကိုယ်ပါ အသတ်ခံရမည့် အဖြစ်မျိုး သူတို့ မလိုလားကြပေ။
သို့သော် ဤပြဿနာကို ဖြေရှင်းပေးမည်ဟု ကူလျန်ချန် ထံ ကျန်းပေရန် ကတိပေးထားပြီး ဖြစ်ရာ ထိုအကြောင်းကို ဆက်လက် မပြောတော့ပေ။
“အခု နိုင်ငံ ခြောက်နိုင်ငံ က အခြေခံအားဖြင့် တည်ငြိမ်သွားပြီ ဆိုတော့ တခြား နိုင်ငံတွေကို ကယ်ဆယ်ဖို့ လုပ်ငန်းစဉ်ကိုလည်း မဖြစ်မနေ စတင်သင့်ပြီ ဂူကျင့်ကြံသူတွေ လုံးဝ ရူးသွပ်မသွားခင်မှာ လူဦးရေ ဆုံးရှုံးမှုကို အနည်းဆုံး ဖြစ်အောင် လျှော့ချရမယ်”
စောစောကတည်းက ကျန်းပေရန်သည် အနက်ရောင် သူတော်စင် အချို့ကို အခြေအနေ သွားရောက် စုံစမ်းရန် လွှတ်ထားခဲ့သည်။ အလယ်ဗဟို ဒေသရှိ နိုင်ငံ ခြောက်နိုင်ငံ မှလွဲ၍ အခြား နိုင်ငံများရှိ ဂူကျင့်ကြံသူများ၏ စွမ်းရည်မှာ အတော်လေး နိမ့်ကျကြောင်း သိရှိရသည်။ စွမ်းရည်အရ ဆိုလျှင် အနက်ရောင် ဧကရာဇ် များက သူတို့ကို အလွယ်တကူ တိုက်ထုတ်နိုင်သော်လည်း အဆိပ်မြူ အတွင်းတွင်မူ လုံးဝ သတ်ဖြတ်၍ မရနိုင်သေးပေ။
ယန်ရှောင်ဘို ခေါင်းညိတ်လိုက်သည်။
“ဆရာကျန်း ရဲ့ စိုးရိမ်မှုက မှန်ပါတယ် ဒီကိစ္စကို တကယ်ပဲ အကောင်အထည် ဖော်သင့်ပြီ ခဏနေရင် ငါ ကိုယ်တိုင် ဒီကိစ္စကို စီစဉ်လိုက်မယ်”
“နောက်တစ်ချက်ကတော့ အဆိပ်မြူ ပြဿနာကို အပြီးတိုင် ဖြေရှင်းဖို့ပါပဲ ဒါပေမဲ့ ဒီကိစ္စကို လောလောဆယ် လောလို့ မရသေးဘူး အခု အဲဒီ ဂူကျင့်ကြံသူတွေက မျှော်လင့်ချက် လုံးဝ မဲ့သွားတဲ့ အခြေအနေ မရောက်သေးလို့ ငြိမ်သက်နေတယ်လို့ ဆိုလို့ရတယ် အရမ်း အစွန်းရောက်တဲ့ အလုပ်တွေ မလုပ်ကြသေးဘူး ဒါပေမဲ့ သူတို့ လုံးဝ မျှော်လင့်ချက် မဲ့သွားတဲ့ အချိန်ကျရင် ဘာတွေ လုပ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ဒါကြောင့် ငါတို့ဘက်က အပြည့်အဝ ပြင်ဆင်ထားပြီးမှ အဲဒီ ဂူကျင့်ကြံသူတွေကို မိုးကြိုးပစ်သလို ပြင်းထန်တဲ့ တိုက်ခိုက်မှု တစ်ခုတည်းနဲ့ အကုန်လုံးကို အပြတ်ရှင်းပစ်ရမယ်”
နိုင်ငံ အသီးသီးမှ အနက်ရောင် သူတော်စင် များ၏ အစီရင်ခံစာများ အရ ယခု ဂူကျင့်ကြံသူများသည် သူတို့တွင် တိုက်ခိုက်နိုင်စွမ်း ရှိသေးသည်ဟု ယူဆနေဆဲ ဖြစ်ကြောင်း သိသာသည်။ မည်သို့ပင်ဖြစ်စေ ရွှမ်နဂါးတိုက်ကြီး ၏ နေရာအများစုကို သူတို့ ထိန်းချုပ်ထားဆဲ ဖြစ်ရာ ရွှမ်နဂါးတိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်မည့် သူတို့၏ မူလ စစ်ရေး အစီအစဉ်ကို ဆက်လက် အကောင်အထည် ဖော်နေကြဆဲ ဖြစ်သည်။
မဟုတ်ပါက သူတို့သည် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ငါသေရင် မင်းလည်း သေရမယ် ဆိုသည့် ပုံစံမျိုးဖြင့် ဘယ်သူမှ အသက်မရှင်စေရန် လုပ်ဆောင်လာနိုင်ခြေ ရှိသည်။
ယန်ရှောင်ဘို က ရယ်မောကာ ပြောလိုက်သည်။
“ငါလည်း လောချင်တာပေါ့ ဒါပေမဲ့ အခု ဒီအဆိပ်မြူတွေကို အပြီးတိုင် ဖြေရှင်းဖို့ ဆိုတာ လုံးဝ သဲလွန်စ မရှိသေးတဲ့ ကိစ္စပဲလေ ဒါမှမဟုတ် ဆရာကျန်း ဆီမှာ အကြံအစည် ရှိနေပြီလား”
“တစ်လှမ်းချင်း ဖြည်းဖြည်းချင်း သွားရမှာ ဂူကျင့်ကြံသူတွေက အခု ငါတို့ကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ဘူး ဆိုမှတော့ အဆိပ်မြူတွေကို အပြီးတိုင် ဖြေရှင်းဖို့ ဆိုတာ အချိန် ပြဿနာ တစ်ခုပဲ”
“ကောင်းပြီ ဆရာကျန်း မှာ ဒီလို ယုံကြည်မှု ရှိတယ် ဆိုရင်တော့ ငါလည်း စိတ်အေးရပါပြီ ဒီကိစ္စကို မင်းကို အပြည့်အဝ တာဝန်ပေးတယ် ယွမ်မြို့တော် ထဲက ဘယ်သူ့ကို မဆို မင်း စိတ်ကြိုက် ခေါ်သုံးလို့ ရတယ်”
ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး စာရွက်တစ်ရွက်ကို ထုတ်ကာ ပြောလိုက်သည်။
“အခု အဓိက လမ်းကြောင်းကို ဆုံးဖြတ်ပြီးပြီ ဆိုတော့ အသေးစိတ် အချက်အလက် တချို့ကို ဆက်ဆွေးနွေးကြတာပေါ့ ဥပမာ အနေနဲ့ တခြား နိုင်ငံ ငါးနိုင်ငံက လူတွေကို နေရာချထားမယ့် ကိစ္စ၊ ကျဆုံးသွားတဲ့ အနက်ရောင် သူတော်စင် တွေကို ပြန်လည် အသက်သွင်းမယ့် ကိစ္စတွေပေါ့ ဒီကိစ္စတွေ အားလုံးကို အဆင့်ဆင့် လုပ်သွားရမယ်”
“အင်း သေချာ ဆွေးနွေးဖို့ လိုအပ်တယ်”
...
အချိန် နှစ်နာရီခန့် ကြာပြီးနောက် အပြည့်အဝ ရေးသားထားသော စာရွက်ကို ယန်ရှောင်ဘို ထံ ကမ်းပေးရင်း ကျန်းပေရန် က ပြောလိုက်သည်။
“ပဏာမ အစီအစဉ် ကတော့ ဒီအတိုင်းပါပဲ ဒါဆို ကျွန်တော်တို့ ခွဲပြီး တစ်ခုချင်းစီ အကောင်အထည် ဖော်ကြတာပေါ့”
စာရွက်ကို ယူကာ ဖတ်ကြည့်ပြီးနောက် ယန်ရှောင်ဘို က အနည်းငယ် ချွေးပျံသွားသော အပြုံးဖြင့် ပြောလိုက်သည်။
“ဒီကိစ္စတွေ အများစုက ဆရာကျန်း ကိုပဲ အားကိုးရမှာပဲ စွမ်းဆောင်နိုင်တဲ့သူ ပိုပင်ပန်းရတယ်လို့ပဲ ပြောရမှာပေါ့ ပင်ပန်းသွားပြီနော်”
“လုပ်ရမယ့် တာဝန်ပါပဲ ဒါဆို ကျွန်တော် အရင် ခွင့်ပြုပါဦးမယ်”
ယန်ရှောင်ဘို ကို လက်ယှက် နှုတ်ဆက်ပြီးနောက် ကျန်းပေရန် သည် အစည်းအဝေး ခန်းမဆောင် မှ ထွက်ခွာသွားလေသည်။
ယန်ရှောင်ဘိုသည် စီမံကိန်း စာရွက်ကို ဂျိယွီထံ ကမ်းပေးရင်း ပြောလိုက်သည်။
“တကယ်ကို ချွေးပျံစရာ ကောင်းတယ် ဒီလို အရေးကြီးတဲ့ ကိစ္စကြီးမှာ ငါက အသုံးမကျသလို ခံစားနေရတယ် အရင်ကဆို ဒါမျိုး လုံးဝ တွေးလို့တောင် မရဘူး”
ဤအဆိပ်မြူ ကိစ္စ မဖြစ်ပေါ်မီက ယန်ရှောင်ဘို သည် ထုံနိုင်ငံ တွင် ဂုဏ်သိက္ခာ အကြီးမားဆုံး အနက်ရောင် သူတော်စင် များအနက် တစ်ဦး အဖြစ် လောကရေးရာ အားလုံးကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင် အမြဲ ရှိနေခဲ့သည်။
ဤသည်မှာလည်း မှားယွင်းမှု မရှိပေ။ ထိပ်တန်း ကျင့်ကြံခြင်း အဆင့် ရှိထားခြင်းဖြင့် ခွန်အား ကြီးမားသူက အနိုင်ရသော ရွှမ်နဂါးတိုက်ကြီး တွင် အမှန်တကယ်ပင် ဘာမဆို လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် ခွန်အား သည် ရုတ်တရက် အသုံးမဝင်တော့သဖြင့် ဤအနက်ရောင် သူတော်စင် များ အနေဖြင့် အသုံးမကျသလို ခံစားရခြင်းမှာလည်း အလွန် သဘာဝကျပေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ မကျွမ်းကျင်သော နယ်ပယ်တွင် တိုက်ပွဲဝင်နေရခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့် ဖြစ်သည်။
ယန်ရှောင်ဘို ကမ်းပေးသော စီမံကိန်း စာရွက်ကို ယူကြည့်ပြီးနောက် ဂျိယွီ က ပြောလိုက်သည်။
“ဒါကြောင့် ငါတို့လည်း အရင် အခြေအနေမှာပဲ ရပ်တန့်နေလို့ မရတော့ဘူး ပိုမို အစွမ်းထက်တဲ့ စွမ်းအားတွေကို ရှာဖွေမှသာ ဒီနေ့လို အခြေအနေမျိုး ထပ်မဖြစ်မှာ”
ယန်ရှောင်ဘိုသည် ခါးသက်စွာ ပြုံးလိုက်ပြီး ဂျိယွီ ၏ အမြင်ကို လက်ခံလိုက်သည်။
ဟုတ်ပေသည်။ ခွန်အား က အသုံးမဝင်တော့သည် မဟုတ်ဘဲ သူတို့၏ ခွန်အားက မကြီးမား လုံလောက်သေးခြင်းသာ ဖြစ်သည်။ ဤကာလအတွင်း သူတို့သည် အမှန်တကယ်ပင် အလွန် သက်သောင့်သက်သာ နေထိုင်ခဲ့ကြပြီး အကန့်အသတ်မဲ့ အာဏာများက သူတို့ ယခင်က ရှာဖွေခဲ့သော အရာများကို မေ့ပျောက်သွားစေခဲ့သည်။ သက်သောင့်သက်သာ နေထိုင်မှုကို အပြည့်အဝ ခုံမင်နေခဲ့သည်ဟု မဆိုလိုသော်လည်း။
ယခင်ကဲ့သို့ နောက်မဆုတ်တမ်း ကြိုးစားချင်စိတ်မျိုး အမှန်တကယ် မရှိတော့ပေ။
...
“ဒီဝိညာဉ် အားဖြည့်ဆေး နှစ်စုံကို စားပြီးရင် ခဏလောက် အေးအေးဆေးဆေး နားလို့ ရပြီ အတွင်းအားကို တတ်နိုင်သမျှ မလှုပ်ရှားပါနဲ့”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာကြီး”
“အားနာစရာ မလိုပါဘူး ဒါဆို နောက်တစ်ယောက်ဆီ သွားလိုက်ဦးမယ်”
ယွမ်မြို့တော် အနောက်ဘက် ဧရိယာတွင် ယောက်ရီချန် သည် တဲတစ်လုံးထဲမှ ထွက်လာပြီး နောက်ထပ် လူနာ တစ်ဦးကို သွားရောက် ကြည့်ရှုရန် ပြင်လိုက်စဉ် သူ၏ နားထဲသို့ ဆရာကျန်း ၏ အသံ ရောက်ရှိလာသည်။
“ဆရာယောက် အဲဒီ အနက်ရောင် သူတော်စင် တွေရဲ့ အခြေအနေ ဘယ်လို ရှိလဲ”
ယောက်ရီချန် က လှည့်ကာ ပြန်ဖြေသည်။
“အနက်ရောင် သူတော်စင် အများစုက အဆိပ် တော်တော်လေး နက်နေတယ် ပြီးတော့ အတင်းအကျပ် အတွင်းအား သုံးခဲ့တာကြောင့် ခန္ဓာကိုယ်တွင်း ကလီစာတွေ ပျက်စီးမှုကလည်း တော်တော် ဆိုးရွားတယ် သူတို့ရဲ့ အစွမ်းထက်တဲ့ ကျင့်ကြံခြင်း အဆင့်ကို အားကိုးပြီး အသက်ဆက်နေရုံလေးပဲ ရှိတာ ကုသဖို့ကတော့ အချိန်တော်တော်လေး ပေးရလိမ့်မယ်”
“အားလုံးပဲ ပင်ပန်းသွားပါပြီ နောက်ပိုင်း အနက်ရောင် သူတော်စင် တွေကို ကုသတဲ့ ကိစ္စကို ကျွန်တော့်ကိုပဲ အပ်လိုက်ပါ”
ထိုစကားကို ကြားသောအခါ ယောက်ရီချန် အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် ကျန်းပေရန် သည် သူတို့၏ ဆေးပညာ စွမ်းရည်ကို မယုံကြည်၍ သူတို့ကို ဖယ်ရှားခြင်း ဖြစ်သည်ဟု သူ မထင်မှတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းပေရန် နှင့် အတူတကွ အလုပ်လုပ်လာခဲ့သည်မှာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ရာ သူသည် နောက်ကွယ်တွင်သာ နေထိုင်တတ်ပြီး မလိုအပ်ဘဲ ဘယ်တော့မှ အပြင်ထွက်၍ ထင်ပေါ်အောင် မလုပ်တတ်သူ ဖြစ်ကြောင်း သိရှိထားသောကြောင့် ဖြစ်သည်။
နိုင်ငံ အသီးသီးမှ အနက်ရောင် သူတော်စင် များ၏ အဆိပ်ကို ဖြေရှင်းပေးခြင်းသည် အလွန် ထင်ပေါ်ကျော်ကြားစေမည့် ကိစ္စတစ်ခု ဖြစ်ရာ ကျန်းပေရန် က ဤသို့ လုပ်ဆောင်ခြင်းမှာ အရေးကြီးသော အကြောင်းရင်း တစ်ခုခု သေချာပေါက် ရှိနေမည်မှာ သေချာသည်။
ထိုသို့ တွေးမိသောအခါ ယောက်ရီချန် ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုမှတော့ ဆရာကျန်း ကိုပဲ အပ်ပါတယ် ကူညီစရာ လိုအပ်တာ ရှိရင် အချိန်မရွေး ပြောပါ”
“ကောင်းပါပြီ တခြား ဆရာကြီးတွေကိုလည်း ဆရာယောက်ကပဲ တစ်ခါတည်း အကြောင်းကြားပေးပါ”
ဤနေရာသို့ ရောက်သောအခါ ကျန်းပေရန် က ရုတ်တရက် ရယ်မောကာ ပြောလိုက်သည်။
“ဒါပေမဲ့ လူကြီးမင်းတို့ကို အိမ်ပြန်ပြီး အနားယူခိုင်းတာ မဟုတ်ပါဘူး ပိုအရေးကြီးတဲ့ အလုပ်တွေ လုပ်ဖို့ ကျန်ပါသေးတယ်”
“ဆရာကျန်း ဆိုလိုတာက အနက်ရောင် သူတော်စင် တချို့ကို ပြန်လည် အသက်သွင်းမယ့် ကိစ္စလား”
“ဟုတ်ပါတယ်”
မြေကမ္ဘာ အဆင့် ခရမ်းရောင် ဝိညာဉ်ဆေးလုံး သည် ယဲ့ဖန် အတွက် ဖော်စပ်ရခြင်း ဖြစ်ကြောင်း ယခုအခါ ကျန်းပေရန် သိရှိသွားပြီ ဖြစ်ရာ ထုံနိုင်ငံ မှ ထိုအနက်ရောင် သူတော်စင် များ ပြန်လည် ရှင်သန်နိုင်ခြင်း ရှိမရှိ သည် သူ၏ အနာဂတ်နှင့် အသက်အန္တရာယ်ကို သက်ရောက်မှု ရှိမည် မဟုတ်တော့ပေ။
သို့သော် ရှီးဖုန်းရွာ တိုက်ပွဲတွင် ထိုအနက်ရောင် သူတော်စင် များ၏ ရဲစွမ်းသတ္တိနှင့် အနစ်နာခံမှုများကို ကျန်းပေရန် ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သူတို့သည် တိုင်းပြည်ကို ကာကွယ်ရန် အတွက် ကိုယ်ကျိုး မငဲ့ဘဲ အသက်စွန့်ခဲ့ကြသူများ ဖြစ်ရာ တစ်ဦးစီတိုင်းသည် သူရဲကောင်းများ ဖြစ်ကြသည်။
ထိုကဲ့သို့သော သူရဲကောင်းများကို ဤနေရာတွင် ထာဝရ အိပ်စက်သွားစေရန် ကျန်းပေရန် လည်း မလိုလားပေ။
သို့သော် လူသေကို ပြန်လည် အသက်သွင်းခြင်းသည် သူ ကျွမ်းကျင်သော နယ်ပယ် မဟုတ်ပေ။ ရွှမ်နဂါးတိုက်ကြီး တွင် ဤပညာရပ်ကို ကျွမ်းကျင်သူ မရှိဟုပင် ဆိုနိုင်သည်။ သို့မဟုတ်ပါက ထုံနိုင်ငံ အနက်ရောင် သူတော်စင် များက သေချာပေါက် ပြောပြခဲ့မည် ဖြစ်သည်။
ထို့ကြောင့် ဤကိစ္စကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် လူအများ၏ အကြံဉာဏ်များကို ရယူရမည် ဖြစ်သည်။ ယခုအခါ ရွှမ်နဂါးတိုက်ကြီး ၏ ထိပ်တန်း ဆေးပညာရှင်ကြီး အားလုံး ယွမ်မြို့တော် တွင် စုဝေးနေကြပြီ ဖြစ်ရာ သူတို့ကို ဝိုင်းဝန်း စဉ်းစားခိုင်းရန် အသုံးမချပါက အလဟဿ ဖြစ်ပေလိမ့်မည်။
ယောက်ရီချန် စဉ်းစားနေသည်ကို ကြည့်ရင်း ကျန်းပေရန် က ပြောလိုက်သည်။
“ယွမ်မြို့တော် ထဲမှာ ရှိတဲ့ အဆင့်ရှစ် အထက် ဆေးပညာရှင် အားလုံးကို ခေါ်ယူပြီး ဒီကိစ္စကို အတူတကွ ဆွေးနွေးဖို့ ရည်ရွယ်ထားတယ် ဒီအရေးကြီးတဲ့ ကိစ္စကို ဦးဆောင်ဖို့ အတွက် ဆရာယောက် ကလွဲရင် တခြားသူ မရှိဘူးလို့ ထင်တယ်”
ယောက်ရီချန် က ချက်ချင်း ပြန်ဖြေသည်။
“ငြင်းဆန်တာတော့ မဟုတ်ပါဘူး ဒါပေမဲ့ ဆရာကျန်း လည်း သိတဲ့အတိုင်း အခု ရွှမ်နဂါးတိုက်ကြီး က ထိပ်တန်း ဆေးပညာရှင် တွေ အားလုံး ဒီမှာ ရောက်နေကြတယ် ဒီလောက် ကြီးကျယ်တဲ့ ပွဲကို ဦးဆောင်ဖို့ ဆိုရင် လူတိုင်း လေးစားရတဲ့ ဆေးပညာရှင် တစ်ယောက်ကို ရွေးချယ်မှ ရမယ်”
“သြော်”
ထိုစကားကို ကြားသောအခါ ကျန်းပေရန် က ယောက်ရီချန် ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။
“ဆရာယောက် ပြောပုံ အရဆိုရင် ရွေးချယ်စရာ လူရှိနေပြီပေါ့”
ကျန်းပေရန် ၏ ဤစကားကို ကြားသောအခါ ယောက်ရီချန် အနည်းငယ် ကြောင်အမ်းသွားသော်လည်း ကျန်းပေရန် သည် လူတိုင်း သိသော ကိစ္စများတွင် အမြဲတမ်း ဗဟုသုတ နည်းပါး သကဲ့သို့ ပြုမူတတ်ကြောင်း သတိရလိုက်သောအခါ နားလည်သွားလေသည်။
ဘာတတ်နိုင်မည်နည်း။ လောကုတ္တရာ နယ်ပယ်မှ ပုဂ္ဂိုလ်ကြီးများ ဆိုသည်မှာ လောကီရေးရာ လူများနှင့် ကိစ္စရပ်များကို နားမလည်ခြင်းက ပုံမှန်ပင် ဖြစ်သည်။
“ဟုတ်ပါတယ် ဆေးပညာ လမ်းစဉ်မှာ နံပါတ်တစ် ဆိုရင် သေချာပေါက် ဆရာကြီးခူပဲ သူ ရှိနေတဲ့ အချိန်မှာ ဒီလူအိုကြီး က ဒီခေါင်းဆောင် နေရာကို ဘယ်လိုလုပ် ယူရဲပါ့မလဲ”
‘ဆရာကြီးခူ...’
ကျန်းပေရန် သည် ဤအမည်ကို စိတ်ထဲတွင် ရွတ်ဆိုကြည့်လိုက်သည်။
“ဒီဆရာကြီးခူက ဘယ်ကလဲ ဆိုတာ သိပါရစေ”
“ဝေ့နိုင်ငံ ကပါ ချန်ကျီခန်းမ ရဲ့ အဓိက ဆေးပညာရှင် ပါ”
‘ချန်ကျီခန်းမ ရဲ့ အတော်ဆုံး ဆေးပညာရှင် လား... ဒါဆိုရင် တကယ်ပဲ စွမ်းရည် ရှိလောက်တယ်’
နာမည်ကြီးသူများတွင် အကြောင်းမဲ့ နာမည်ကြီးလာခြင်း မရှိပေ။ ယခုအချိန်အထိ ကျန်းပေရန် တွေ့ဆုံခဲ့သော နိုင်ငံ ခေါင်းဆောင်တိုင်းသည် ချန်ကျီခန်းမ၏ စွမ်းဆောင်ရည်ကို အသိအမှတ် ပြုထားကြသည်။
ချန်ကျီခန်းမ သည် ရွှမ်နဂါးတိုက်ကြီး ရှိ အထူးပညာရှင် များ အားလုံး၏ အိပ်မက် စင်မြင့် ဖြစ်ပြီး ရွှမ်နဂါးတိုက်ကြီး ၏ အတော်ဆုံး အထူးပညာရှင် များ စုဝေးရာ နေရာဟု ဆိုနိုင်သည်။
ထိုကဲ့သို့သော ထိပ်တန်း အထူးပညာရှင် များကြားတွင် အဓိက နေရာကို ရယူနိုင်ခြင်းမှာ လူတိုင်း လက်ခံနိုင်လောက်သော စွမ်းရည် ရှိနေ၍ ဖြစ်ကြောင်း သေချာသည်။
‘စိတ်ဝင်စားစရာပဲ’
ယောက်ရီချန် တို့ထံမှ အဆင့်ကိုး ဆေးပညာရှင် များ၏ စွမ်းရည်ကို ကျန်းပေရန် မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သူတို့ တစ်ဦးစီတိုင်းသည် ဆေးပညာ လမ်းစဉ်အပေါ် အလွန် ထူးခြားသော နားလည်မှု ရှိကြပြီး ကျန်းပေရန် အနေဖြင့် အများအပြား သင်ယူနိုင်ခဲ့သည်။
ထို့ကြောင့် ဆရာကြီးခူ ကဲ့သို့ အဆင့်ကိုး များထဲမှ အဆင့်ကိုး ပုဂ္ဂိုလ်မျိုး ဆိုလျှင် ပို၍ အံ့သြဖွယ်ကောင်းသော စွမ်းရည်များ သေချာပေါက် ရှိနေမည် ဖြစ်ရာ ကျန်းပေရန် ကို မည်သို့ မျှော်လင့်ချက် မဖြစ်စေဘဲ နေမည်နည်း။
“ကောင်းပြီ သိပါပြီ ဒါပေမဲ့ ဒီအခြေအနေကို ဦးဆောင်မယ့် သူကတော့ ဆရာယောက် ပဲ ဖြစ်ရမယ် ဘာလို့လဲဆိုတော့ ဆရာ က အခု အိမ်ရှင် ဖြစ်နေလို့ပဲ ဟိုဆရာကြီးခူ ကိုတော့ သင့်တော်တဲ့ နေရာ တစ်ခု ကျွန်တော် စီစဉ်ပေးလိုက်ပါ့မယ်”
“အဲဒါက...”
ယောက်ရီချန် ခေတ္တ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
“ဒါဆို ဆရာကျန်း ရဲ့ စီစဉ်မှု အတိုင်းပဲ လုပ်ပါ့မယ်”
ရင်တွင်း ဆန္ဒအရဆိုလျှင် ယောက်ရီချန် သည် ဤကဲ့သို့ ထင်ပေါ်ကျော်ကြားမှုကို မလိုချင်ပေ။ မည်သည့် နယ်ပယ်တွင်မဆို အသက်အရွယ်နှင့် အတွေ့အကြုံကို လေးစားရမြဲ ဖြစ်သည်။ ဆရာကြီးခူ သည် စွမ်းရည် ထက်မြက်ရုံသာမက ဂုဏ်သိက္ခာ ကြီးမားသူ ဖြစ်ပြီး ယောက်ရီချန် ကိုယ်တိုင်ပင် ဤပညာရှင်ကြီး ကို အလွန် လေးစားသည်။
သူ ဆေးပညာ လမ်းစဉ်ကို စတင် သင်ယူချိန်တွင် ဆရာကြီးခူသည် အဆင့်ကိုး ပညာရှင်ကြီး တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
ထို့ကြောင့် ဆရာကြီးခူ နှင့် ရင်ဆိုင်ရချိန်တွင် သူသည် မိမိကိုယ်ကို တပည့် နေရာတွင်သာ ထားရှိမိမည်မှာ သေချာသည်။
သို့သော် ဆရာကျန်း ပြောသကဲ့သို့ပင် ယခု သူသည် ထုံနိုင်ငံ ကို ကိုယ်စားပြုနေပြီး ဤကဲ့သို့ အကဲဆတ်သော အချိန်ကာလတွင် အမည်ခံမျှသာ ဖြစ်စေကာမူ ဤနေရာကို ယူရမည်သာ ဖြစ်သည်။
ယောက်ရီချန် သဘောတူလိုက်သည်ကို မြင်သောအခါ ကျန်းပေရန် က ပြုံးလျက် ပြောလိုက်သည်။
“ဆရာယောက် ရဲ့ အများအကျိုးကို ရှေးရှုတဲ့ စိတ်ဓာတ်က တကယ်ကို လေးစားစရာ ကောင်းပါတယ် ဒါဆို ကျွန်တော် အခုပဲ သွားစီစဉ်လိုက်ပါ့မယ်”
“ကောင်းပါပြီ ဒါဆို ဒီလူအိုကြီး လည်း သွားပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပြီး ဆရာကျန်း ရဲ့ အကြောင်းကြားစာကို စောင့်နေပါ့မယ် ခွင့်ပြုပါဦး”
“ကောင်းပါပြီ ဆရာယောက် ဖြည်းဖြည်း သွားပါ”
ယောက်ရီချန် ကို ပို့ဆောင်ပြီးနောက် ကျန်းပေရန် ခေတ္တ စဉ်းစားကာ ကူလျန်ချန် ၏ ယာယီ စံအိမ်တော်သို့ ဦးစွာ သွားရောက်ခဲ့သည်။
သို့သော် မေးမြန်းကြည့်သောအခါ ထွက်တွေ့သူမှာ ကူလျန်ယွီ ဖြစ်နေသည်။
“ဆရာကျန်း”
ကျန်းပေရန် ကို မြင်သောအခါ ကူလျန်ယွီ က ချက်ချင်း ရှေ့တိုးကာ အရိုအသေ ပြုလိုက်သည်။
“သခင်လေး ကူလျန်”
ကျန်းပေရန် ပြန်လည် နှုတ်ဆက်ပြီး စကားပြောရန် ပြင်လိုက်စဉ် ကူလျန်ယွီ က အရင် ပြောလိုက်သည်။
“ဘိုးဘေးကြီး က အခု လူတွေ့ဖို့ အဆင်မပြေလို့ပါ ဆရာကျန်း နားလည်ပေးပါ”
‘ရှူး...’
ယခင်က လူငယ်ပုံစံ ဖြစ်သွားသော ကူလျန်ချန် ကို တွေးမိပြီး ယခု လူတွေ့ဖို့ အဆင်မပြေဘူး ဟူသော စကားကို ကြားလိုက်ရသောအခါ...
‘အဲဒီ အဘိုးကြီး ကလေးလေး ဘဝ ရောက်သွားပြီလား’
ကူလျန်ချန် ပြောသော သံသရာ စွမ်းအား ဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း ကျန်းပေရန် မသိသော်လည်း အပြင်ပန်း အခြေအနေများအရ သူသည် အစကနေ ပြန်လည် ကြီးထွားလာရမည့် ပုံစံမျိုး ဖြစ်နေသည်။
ပြန်လည် ကြီးထွားလာပြီးနောက် ကျင့်ကြံခြင်း အဆင့် တိုးလာမည်လား၊ လျော့သွားမည်လား ဆိုသည်ကိုတော့ မသိနိုင်ပေ။
ထို့ပြင် ဤသံသရာ လည်ပတ်မှုသည် အချိန် မည်မျှ ကြာမည်နည်း ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်သည်။
သို့သော် ဤမေးခွန်းများကို တိုက်ရိုက် မေးမြန်းရန် မသင့်တော်ပေ။ ကျင့်ကြံသူ တစ်ဦး အတွက် ဤကဲ့သို့သော အဓိက ကျင့်စဉ်သည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သောကြောင့် ဖြစ်၏။
‘ကောင်းရော ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ တာဝန်ရှောင်သွားပြီ တကယ်ပဲ ဘာမှ အားကိုးလို့ မရတော့ဘူး ထင်တယ်’