← Chapters

နတ်ဘုရား အဘိုးအို ထွက်ခွာသွားပြီ

Vol. 3 Ch. 286

နတ်ဘုရား အဘိုးအို ထွက်ခွာသွားပြီ

Vol. 3 Ch. 286

"ဆရာဘိုးဘိုး၊ ကျွန်တော့်ကို ဘာလို့ ဒီနေရာကို ပို့လိုက်တာလဲ"

ဆန်းလျန်က မေးလိုက်သည်။

"အဲဒီနေရာက အရင်တုန်းက ဆရာသခင် လီချင်းဆွေ နေခဲ့တဲ့ နေရာပဲ၊ သူမ လောကကို ကျော်လွန်သွားတဲ့ အချိန်မှာ သူမက အဲဒီနေရာကို သီးခြား ဗလာနယ်တစ်ခု အဖြစ် ပြောင်းလဲ ပေးခဲ့တယ်၊ ဒီနေရာဟာ နတ်ဘုရားတွေ တရား အလင်းပွင့်ရာ နယ်မြေလို့ ပြောလို့ရတယ်၊ မင်းကိုယ်မင်း အစစ်အမှန် ဘယ်သူလဲ ဆိုတာ သိမြင်လာတဲ့ အချိန်ကျရင် အဲဒီနေရာက ထွက်လာလို့ ရလိမ့်မယ်"

နတ်ဘုရား အဘိုးအို၏ စကားသံကို ကြားနေရလေသည်။ သို့သော် ထိုအသံက မည်သည့် နေရာက ထွက်လာသည်မှန်း မသိရပေ။

"ကျွန်တော့်အတွက်က အဆင်ပြေပါတယ်၊ ဒါပေမယ့် ကျွန်တော့် တူမလေး ရော့ရှီတော့ ဒုက္ခရောက်တော့မှာပဲ၊ ကျွန်တော် ဆယ်နှစ်နေလို့မှ ထွက်လာလို့မရရင် ကျွန်တော့် တူမလေးတော့ ပြဿနာပဲ"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

နတ်ဘုရား အဘိုးအိုက ရယ်မောလိုက်ရင်း…

"ဒါဆိုလည်း မြန်မြန် ထွက်လာနိုင်အောင် ကြိုးစားပေါ့"

နတ်ဘုရား အဘိုးအို စကားဆုံးသွားသည်နှင့် နေရာ တစ်ခုလုံးမှာ တိတ်ဆိတ် သွားလေသည်။ ဆန်းလျန် မည်မျှပင် အော်ခေါ်သော်လည်း သူ၏အသံကိုသာ ပဲ့တင်ထပ်ပြီး ပြန်ကြား နေရလေသည်။

နတ်ဘုရား အဘိုးအိုက သူ့ကို အန္တရာယ် ပေးမည့်သူ မဟုတ်မှန်း ဆန်းလျန် သိပါသည်။

သို့သော် ဤနေရာမှ ထွက်ခွာ သွားရန်မှာတော့ မည်သူ့ကိုမှ အားကိုး၍ မရတော့ပေ။ သူ့အစွမ်းအစကို အသုံးပြုပြီး ကြိုးစားရတော့မည် ဖြစ်လေသည်။

ထိုက်ဝေ့ထိုင် ခန်းမဆောင် တံခါးဝတွင် နတ်ဘုရား အဘိုးအို ရပ်နေလေသည်။

ထိုက်ဝေ့ထိုင် ခန်းမဆောင် အပြင်ဘက်တွင်တော့ ရော့ရှီလေး ရှိနေလေသည်။

ရော့ရှီက အဘိုးအိုကို ကြည့်ပြီး မေးလိုက်သည်။

"ဘိုးဘိုးကြီး၊ သမီးရဲ့ ဦးလေးကို ဘယ်နေရာကို ပို့လိုက်တာလဲ"

အဘိုးအို၏ မျက်နှာမှာ အရိုးများ ငေါထွက်နေပြီး ကြောက်စရာ ကောင်းအောင် ပိန်လှီနေသည့်တိုင် ရော့ရှီက ကြောက်လန့်ခြင်း မရှိပါ။ သူမက စမ်းချောင်းလေးကဲ့သို့ ကြည်လင်သည့် မျက်ဝန်းများဖြင့် အဘိုးအိုကို စိုက်ကြည့် နေလေသည်။

အဘိုးအိုက ပြုံးလိုက်ရင်း…

"တစ်နေရာကိုပေါ့ကွယ်…"

"အဲဒီနေရာက ဘယ်မှာလဲ"

ရော့ရှီက ထပ်မေး လိုက်လေသည်။

အဘိုးအိုက ပြုံးရုံသာ ပြုံးနေပြီး သူမကို စကားပြန်မပြောပေ။

ရော့ရှီက အဘိုးအိုကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

သူမ၏ အကြည့်များကြောင့် ထိုက်ဝေ့ထိုင် ခန်းမဆောင် တစ်ခုလုံးပင် အေးစက် လာသယောင် ထင်ရလေသည်။ သူမ၏ မျက်ဝန်းများတွင် ငွေရောင် အလင်းတန်းလေးများ ဖြာထွက် နေလေသည်။ သူမကို ကြည့်ရသည်မှာ ကောင်းကင်ကိုးခုမှ မြင့်မြတ်လှသည့် နတ်ဘုရား တစ်ပါးနှင့်ပင် တူလေသည်။

ပြင်းထန်လွန်းသည့် စိတ်အာရုံ စူးစိုက်မှုကြောင့် သူမ၏ မျက်ခုံးနှစ်ခုကြားတွင် လှိုင်းများပင် ထနေလေသည်။ သူမဆီမှ ထူးဆန်းလွန်းသည့် အငွေ့အသက်များ ထွက်ပေါ်လာပြီး သူမ၏ရှေ့တွင် ရေစက်များကဲ့သို့ အရာများ ပေါ်ထွက် လာလေသည်။

ရော့ရှီက သူမ၏ လက်ဖဝါးများကို အသာဖြန့်လိုက်ပြီး ထိုရေစက်များကို အသာ စုပ်ကိုင်လိုက်လေသည်။ ရေစက်များမှာ ငွေရောင် မီးတောက်များအသွင်သို့ ကူးပြောင်း သွားလေသည်။ ငွေရောင် မီးတောက်များမှ အပူငွေ့ကို မခံစားရပါ။ သို့သော် သေခြင်းတရား အငွေ့အသက် များကတော့ ထွက်ပေါ်နေလေသည်။

ရော့ရှီ၏ ပုံသဏ္ဌာန်မှာ ထူးခြားဆန်းကြယ် နေလေသည်။ ငွေရောင် မီးတောက်များက သူမ၏ လှပသည့် မျက်နှာတွင် အရိပ် ထင်နေလေသည်။ သို့သော် သူမ၏ မျက်နှာကတော့ ရေခဲတမျှ အေးစက် နေလေသည်။ သူမ အသက်အရွယ် မိန်းကလေးများနှင့် မသင့်တော်လှသည့် မျက်နှာထားမျိုး ဖြစ်လေသည်။

သူမသည် ရော့ရှီပင် ဖြစ်သည့်တိုင် ပိုပြီး အသက်ကြီး လာသယောင် ထင်ရလေသည်။ သူမလက်ထဲမှ ငွေရောင် မီးတောက်ဖြင့် ထိုက်ဝေ့ထိုင် ခန်းမဆောင်ကြီး တစ်ခုလုံးကို ပြာချ ပစ်တော့မည့် အလားပင်။

"သမီးရဲ့ဦးလေး ဘယ်ရောက် သွားတာလဲ"

သူမက အေးစက်စွာဖြင့်မေးလိုက်သည်။

ဆန်းလျန်က သူမကို ထိုက်ဝေ့ထိုင်သို့ ခေါ်လာရသည့် ရည်ရွယ်ချက်မှာ နတ်ဘုရား အဘိုးအိုထံတွင် သူမအတွက် အကူအညီ တောင်းရန် ဖြစ်လေသည်။ သို့သော် ဆန်းလျန် အကူအညီ မတောင်းလိုက်နိုင်မီမှာပင် ဗလာနယ် တစ်ခုထဲသို့ အဘိုးအိုက ပို့ဆောင်လိုက်ခြင်း ဖြစ်လေသည်။

နတ်ဘုရား အဘိုးအိုမှာ ရော့ရှီလေး၏ ထူးဆန်းသည့် ပုံစံကြောင့် အံ့သြသွားခြင်း မရှိပါ။ သူက မိန်းကလေးငယ်ကို အေးဆေးစွာပင် မေးခွန်း ထုတ်လိုက်သည်။

"ဘိုးဘိုးက မပြောဘူးဆိုရင် သမီးက ဒီနေရာကို မီးရှို့ပစ်တော့ မလို့လား"

"ဟုတ်တယ်၊ သမီး မီးရှို့ပစ်မှာ"

ရော့ရှီက ပြန်ပြောလိုက်သည်။

အဘိုးအိုက ပြုံးလိုက်ရင်း…

"ဒါဖြင့်လည်း လုပ်ပေတော့…"

ရော့ရှီ၏ လက်များမှာ တုန်နေလေသည်။ သူမကိုယ် သူမလည်း ထူးဆန်းသည်ဟု ခံစား နေရလေသည်။ သို့သော် သူမသည် ရော့ရှီသာ ဖြစ်ပြီး အခြားသူ တစ်ယောက်တော့ မဟုတ်သေးပေ။

တစ်ချိန်တည်းမှာပင် မမြင်ရသည့် တည်ရှိမှု တစ်ခုက သူမကို ထိန်းချုပ်နေသလို ခံစား နေရလေသည်။ သူမကို ထိန်းချုပ်နေသည့် စွမ်းအားများမှာ သူမ၏ ဦးလေးနှင့်ပင် တန်ခိုး စွမ်းအားချင်း တူညီလေသည်။

နတ်ဘုရား အဘိုးအိုမှာ ဆန်းလျန်၏ ဆရာဘိုးဘိုး ဖြစ်ကြောင်း သူမ သိလေသည်။

ထိုက်ဝေ့ထိုင် ခန်းမဆောင်မှာလည်း ချင်းရွှမ် နတ်တံခါး၏ အရေးပါသည့် နေရာတစ်ခု ဖြစ်ကြောင်း သူမ သိထားလေသည်။ သူမ၏ ဦးလေးမှာလည်း ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်ကြောင်းလည်း သူမ သိထားလေသည်။ သူမအနေဖြင့် ထိုက်ဝေ့ထိုင် ခန်းမဆောင်ကို မီးရှို့ မပစ်သင့်ပေ။ သို့သော် အဘိုးအိုက သူမ၏ဦးလေး မည်သည့် နေရာတွင် ရှိသည်ကို ပြောမပြသည့် အတွက် ရော့ရှီမှာ အလွန်မှ ဒေါသ ထွက်နေလေသည်။ ဒေါသ စိတ်ကြောင့်သာ စိတ်လိုက်မာန်ပါ လုပ်နေခြင်း ဖြစ်လေသည်။

နတ်ဘုရား အဘိုးအိုသည် သူမ၏ဦးလေးကို ဒုက္ခပေးမည့်သူ မဟုတ်ကြောင်း သူမ သိထားလေသည်။ သို့သော် သူမ၏ ဦးလေး တစ်ခုခု ဖြစ်သွားမည်ကို သူမ အလွန် စိတ်ပူ နေမိလေသည်။

သူမ၏ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းနှင့် စိတ်ခံစားချက်များ ရှုတ်ထွေး ကုန်သည့် အတွက် သူမကို ယ်တွင်းမှ ဖုံးကွယ်နေသည့် တန်ခိုးစွမ်းအားများ နိုးထလာခြင်းပင် ဖြစ်လေသည်။

သူမကျင့်ကြံခဲ့သည့် ကိုယ်တွင်းမှ တန်ခိုးစွမ်းအားသည် သိပ်ပြီး အားကောင်းခြင်း မရှိသေးပေ။ သို့သော် သူမ၏ ဝိညာဉ် စွမ်းအားကတော့ အလွန်ပြင်းထန် လေသည်။

နတ်ဘုရား အဘိုးအိုက ခေါင်းတစ်ချက် ခါယမ်းလိုက်သည်။

ထို့နောက် သူက လက်ညိုးနှင့် လက်ခလယ်ကို ရော့ရှီထံသို့ ညွှန်ပြ လိုက်လေသည်။ အဘိုးအိုထံမှ ငွေရောင် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ရော့ရှီ၏ လက်ဖဝါးထက်မှ ငွေရောင် မီးတောက်ကို သူ၏ ကိုယ်ထဲသို့ ပြောင်းယူ လိုက်လေသည်။

ရော့ရှီ၏ လက်ဖဝါးများ ထက်မှ ငွေရောင် မီးတောက်မှာ အဘိုးအို၏ လက်များနှင့် ထိတွေ့သွားသည်နှင့် ပိန်လှီလွန်းလှသည့် အဘိုးအို၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ လင်းထိန် သွားလေသည်။

အဘိုးအိုမှာ မီးတောက်ကြောင့် တောက်ပ လင်းထိန် နေသည့်တိုင် မီးလောင် ကျွမ်းသွားခြင်း မရှိပေ။ အဘိုးအိုမှာ သန့်စင်သည့် မီးတောက်တစ်ခု အလား ဖြစ်နေပြီး အသားအရေများမှာ ဖန်သားအလား ကြည်လင်နေကာ အရိုးများကိုပင် မြင်တွေ့ နေရလေသည်။

ရော့ရှီမှာ အဘိုးအို၏ တန်ခိုးစွမ်းအားကို မခံနိုင်ဘဲ နောက်သို့ ဆုတ်လိုက်ရင်း မြေပြင်ပေါ်သို့ နောက်ပြန် လဲကျသွားလေသည်။ သူမသည် အော်ဟစ် ငိုယိုလေတော့သည်။

နတ်ဘုရား အဘိုးအိုက ပြုံးလိုက်ရင်း…

"ဘာလို့ငိုနေတာလဲကွယ်၊ ဘိုးဘိုး အပြင်မထွက်တာ သိပ်ကိုကြာနေပြီ၊ လာ… ဘိုးဘိုးနဲ့ အဖော်ပြုပြီး လမ်းလျှောက် ထွက်ကြရအောင်လား"

အဘိုးအိုက ရော့ရှီလေး၏ လက်ကိုဆွဲကာ ထူလိုက်လေသည်။ ထို့နောက် ပတ်ဝန်းကျင် တစ်ခုလုံး လှိုင်းများ ထလာပြီး အဘိုးအိုနှင့် မိန်းကလေး ငယ်လေး တို့သည် ချင်းရွှမ်နတ်တံခါးရှိ ထိုက်ဝေ့ထိုင် ခန်းမဆောင်ရှေ့မှ ပျောက်ကွယ်သွားကာ ပင်လယ် ကမ်းခြေ တစ်ခုသို့ ရောက်ရှိသွား ကြလေတော့သည်။

ဆန်းလျန်သာ ရှိမည်ဆိုလျှင် ရော့ရှီလေး၏ မီးတောက်ကို စုပ်ယူလိုက်သည့် လင်းလက်နေသည့် အဘိုးအို၏ ခန္ဓာကိုယ်တွင်းမှ မီးတောက်ကို တွေ့မြင်ရမည် ဖြစ်လေသည်။ ထိုမီးတောက်မှာ အလွန် စွမ်းအားကြီးမားသည့် "သမာဓိမီးတောက်" တန်ခိုးစွမ်းအားပင် ဖြစ်လေသည်။

ဒဏ္ဍာရီများ အရ ဆိုလျှင် ထိုမီးတောက်ကို ကျင့်ကြံနိုင်သူ နှစ်မျိုးသာ ရှိလေသည်။ ပထမ တစ်မျိုးမှာ မိုးကောင်းကင် နတ်ဘုရား မျိုးနွယ်များ ဖြစ်လေသည်။ ဒုတိယ တစ်မျိုးမှာ သမာဓိ မီးတောက်ကို ကျင့်ကြံနိုင်ရန် ပင်ကိုပါရမီ ပါလာသူများ ဖြစ်လေသည်။

သမာဓိ မီးတောက် တန်ခိုးစွမ်းအားကို ကျင့်ကြံထားသူအား တော်ရုံလူက ယှဉ်နိုင်မည် မဟုတ်ပေ။ ထိုမီးတောက်ဖြင့် တိုက်ခိုက်ခံရပါက လောက နတ်ဘုရား တစ်ပါးပင်လျှင် ဒဏ်ရာ အပြင်းအထန် ရသွားနိုင်လေသည်။

နတ်ဘုရား အဘိုးအိုသည် "သမာဓိမီးတောက်" ကျင့်စဉ်ကို ကျင့်ကြံထားသူ တစ်ယောက် ဖြစ်သည်ကို ဆန်းလျန် သိရှိခဲ့ခြင်း မရှိပါ။

နတ်ဘုရား အဘိုးအိုသည် လောကကို ကျော်လွန်သည့် နတ်ဘုရား တစ်ပါး ဖြစ်လာရန် အလွန်နီးစပ်နေပြီ ဖြစ်လေသည်။ သူကျင့်ကြံထားသည့် သမာဓိ မီးတောက် ကျင့်စဉ်သည် လောကတွင် စွမ်းအား အကြီးဆုံး ကျင့်စဉ် တစ်ခု ဖြစ်လေသည်။ ရှန်ဆန်းကျန်းရန် လုကျိုးယွမ်ကဲ့သို့ လောကပထမ နတ်ဘုရား တစ်ပါးပင်လျှင် သမာဓိ မီးတောက်ကို ရင်ဆိုင် အနိုင်ယူနိုင်မည် မဟုတ်ပေ။

ဆန်းလျန်မှာတော့ အစိမ်းရောင် ကျောက်တုံးလေးများဖြင့် ခင်းထားသည့် လမ်းကျဉ်းလေးတွင် လမ်းလျှောက် နေလေသည်။ လမ်ကျဉ်းလေး၏ ဘေးတစ်ဖက် တစ်ချက်တွင် မက်မွန်းပန်းများ ပွင့်လန်း နေလေသည်။ မည်သည့်နေရာက ထွက်ပေါ် နေမှန်းမသိသည့် အလင်းတန်း တစ်ခုက လှည့်ပတ်နေသည့် အတွက် တစ်ချိန်တည်းမှာပင် နေ့နှင့်ည တစ်လှည့်စီ ဖြစ်နေသည့် အလား ခံစားရစေလေသည်။

ကောင်းကင် ထက်တွင်တော့ တိမ်လည်း မရှိသလို၊ ကြယ်စင်များလည်း မရှိပေ။

မက်မွန်ပန်း အကြွေများကတော့ အစိမ်းရောင် ကျောက်တုံး လမ်းလေး ပေါ်တွင်လည်း ကြွေကျနေသလို မြေပြင်ထက်တွင်လည်း ပြန့်ကျဲလျက် ရှိလေသည်။

ဆန်းလျန်က လမ်းကျဉ်းလေး အတိုင်း လျှောက်လာပြီး မက်မွန်ပင် တောအုပ်လေး အတွင်းသို့ ဝင်ရောက် လာခဲ့လေသည်။ ထိုမက်မွန်ပင် တောအုပ်လေးမှာ အတိတ်တစ်ချိန်က လင်ချုန်းရှောင် ပြောပြခဲ့သည့် ဇာတ်လမ်းထဲမှ မက်မွန်ပင် တောအုပ်လေး ဖြစ်မည်ဟု ဆန်းလျန် တွေးလိုက်မိသည်။

ဆန်းလျန်သည် အစိမ်းရောင် ကျောက်တုံးလမ်းလေး အဆုံးထိ လျှောက်သွား လိုက်လေသည်။ ထိုအခါ လမ်းကျဉ်းလေး၏ အလယ်တည့်တည့်တွင် နှစ်ချို့ မက်မွန်ပင်ကြီး တစ်ပင်ကို တွေ့လိုက်ရလေသည်။ အလွန်ကြီးမားသည့် မက်မွန်ပင်ကြီး တစ်ပင်ဖြစ်လေသည်။ မက်မွန်ပင်ကြီး၏ ပင်စည်ထက်တွင် အချိန်၏ တိုက်စားမှုကြောင့် ပျောက်ကွယ်လု နီးပါးပင် ဖြစ်နေသည့် ကဗျာတစ်ပုဒ်ကို တွေ့လိုက်ရလေသည်။ ကဗျာမှာ မှေးမှိန် နေသော်လည်း ဖတ်၍ ရသေးသည်။

"ကျုံးနန်တောင်က ချုန်းယန်…

လောကကြီးက ဆရာသခင်ကို

ရူးနေပြီလို့ ထင်ကြလိမ့်မယ်…

လွတ်လပ်ပေါ့ပါး ဂရုမထားဘဲ သူနေထိုင်ခဲ့လို့…

သေခြင်းတရားကနေ လွတ်မြောက် စေခဲ့တယ်…

တိမ်နဲ့ရေကို အဖော်ပြုလို့…

မရှိမှုတရားနဲ့ မိတ်ဆွေဖွဲ့မယ်…

လောက အကြောင်း အမှန်တရားကို သိမြင်တဲ့အခါ…

ရမ္မက် ဆန္ဒတွေရဲ့  ရှုပ်ထွေးမှုဆိုတာ မရှိတော့ပါ…"

ထိုကဗျာမှာ လင်ချုန်းရှောင် ပြောပြခဲ့သည့် ဇာတ်လမ်းထဲမှ ကဗျာနှင့် အတူတူပင် ဖြစ်လေသည်။

မက်မွန်ပင်ကြီး၏ နောက်ဘက်တွင် စမ်းချောင်းလေး တစ်ခုနှင့် သစ်သားအိမ်လေး တစ်လုံးကို တွေ့ရလေသည်။

ဤနေရာလေးမှာ သန့်စင်ပြီး လောကမှ မကောင်းမှု တရားများနှင့် ကင်းဝေးနေသည့် အတွက် ဆန်းလျန်၏ စိတ်များ တဖြည်းဖြည်း တည်ငြိမ် အေးချမ်းလာကာ လူ့လောကနှင့် အလှမ်း ဝေးသွားသကဲ့သို့ ခံစား လိုက်ရလေသည်။

သစ်သားအိမ်လေးမှာ တံခါးမရှိပါ။

ဆန်းလျန်က သစ်သားအိမ်လေး အတွင်းသို့ ဝင်လိုက်လေသည်။ အိမ်လေးထဲတွင် ဝါးကွပ်ပျစ်လေး တစ်ခုမှ လွဲပြီး မည်သည့်အရာမှ ရှိမနေပါ။

အိမ်တံခါးဝနှင့် မျက်နှာချင်းဆိုင် နံရံထက်တွင် ပန်းချီကားတစ်ချပ် ချိတ်ဆွဲ ထားခဲ့ဖူးဟန် ရှိလေသည်။ သို့သော် ယခုအချိန်တွင်တော့ ထိုနံရံထက်တွင် မည်သည့် ပန်းချီကားမှ ရှိမနေပါ။

***

All Chapters