← Chapters

အခန်း (၁၉၇၅-၁၉၇၆)

Vol. 142 Ch. 1975-1976

အခန်း (၁၉၇၅-၁၉၇၆)

Vol. 142 Ch. 1975-1976

ဘာသာပြန်သူ မှတ်ချက်

စာစဉ် (၁၄၂) မစတင်ခင် ကျင့်ကြံခြင်း အဆင့်တွေကို နည်းနည်းလောက် ပြန်နွှေးပေးချင်ပါတယ်။ အမွေခံအပြစ်သား ယူနီဗာ့စ်မှာ လောလောဆယ်အထိ ကျင့်ကြံခြင်း အဆင့်ကြီး (၅) အဆင့် အထိ ထုတ်ပြထားပြီးပါပြီ။ အဲဒီ အဆင့်ကြီး ငါးခုက...

(၁) အခြေခံ တည်ဆောက်ခြင်း အဆင့်

(၂) ချီပျစ်ခဲခြင်း အဆင့်

(၃) ကြယ်တာရာ အမြုတေ အဆင့်

(၄) လျှို့ဝှက် အာဏာရှင် အဆင့်

(၅) ပဲ့တင်သံ ဝိညာဉ်အဆင့်

အဆင့်ကြီး တစ်ခုချင်းစီမှာ အဆင့် (၁၀) ဆင့်စီ ပါဝင်ပါတယ်။ အဆင့်တစ်ခုချင်းစီကလည်း အတော်လေးကို ကွာခြားချက် ကြီးပြီး ကြမ်းပါတယ်။

ရှေ့အဆင့် သုံးဆင့်ကိုတော့ စာဖတ်သူတွေလည်း အတော်လေး ရင်းနှီး နေလောက်ပြီ ထင်တဲ့ အတွက် ရှင်းမပြတော့ပါဘူး။ အနည်းငယ် ဝေဝါး နေနိုင်တဲ့ လျှို့ဝှက် အာဏာရှင် အဆင့်နဲ့ ပဲ့တင်သံ ဝိညာဉ် အဆင့်တွေကိုပဲ အနည်းငယ် ရှင်းပြပါမယ်။

လျှို့ဝှက် အာဏာရှင် အဆင့် (၁၀) အဆင့်

(၁) လျှို့ဝှက် ကြယ်တာရာ

(၂) လျှို့ဝှက်ဝိညာဉ်

(၃) သေမျိုးတစ်ပိုင်း အရှင်

(၄) မြေကြီးရှန့်ထို (သင်္ကေတဘုရင် ဟုလည်း ခေါ်)

(၅)လောကရှန့်ထို (လောက အင်ပါယာ ဟုလည်း ခေါ်)

(၆) ကောင်းကင်ရှန့်ထို (မူလ တရားသူကြီး ဟုလည်းခေါ်)

(၇) အာဏာရှင် ရှန့်ထို (လျှို့ဝှက်အရှင် ဟုလည်း‌ခေါ်)

(၈) အစစ်အမှန် သူတော်စင်

(၉) အစစ်အမှန် ဝိညာဉ် (ဉာဏ်အလင်းရ သူတော်စင် ဟုလည်းခေါ်)

ပဲ့တင်သံ ဝိညာဉ်အဆင့်များ

(၁) ကောင်းကင်ငယ် တမန်တော် အဆင့် (ရိုးရွဲ သူတော်စင်)

(၂) တာအိုမျိုးစေ့ ရှာဖွေသူ အဆင့် (ကန်းပန် သူတော်စင်)

(၃) မူလ သူတော်စင် ...

လောလောဆယ်တော့ ဒီအဆင့်အထိပဲ ဖော်ပြထားသေးပါတယ်။ ဒီလောက်ဆိုရင် ကျင့်ကြံခြင်း အဆင့်တွေ ဖတ်ရတာလည်း အတော်လေး ရှင်းသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ... ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ဝေ့ဝူယင်ရဲ့ ငရဲ စွန့်စားခန်းတွေကို ဆက်ပြီး သွားလိုက်ရအောင်...

အပိုင်း(၁၉၇၅)

အနားသတ်ဟူ၍ မရှိ၊ အတိုင်းအဆဟူ၍ မရှိသော်လည်း အရာအားလုံးကို ကန့်သတ်ချုပ်ကိုင်ထားသည့် ကမ္ဘာတစ်ခု...။ ကြားရသည်မှာပင် ရှေ့နောက်မညီဘဲ ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း ဝေ့ဝူယင်အတွက်မူ ဤထူးခြားသည့် ဟင်းလင်းပြင်မှာ အလွန်ပင် ရင်းနှီးကျွမ်းဝင်လှသော နေရာတစ်ခု ဖြစ်ပေသည်။ ၎င်းမှာ ငရဲ ပင် ဖြစ်သည်။

ငရဲ၏ ဖြစ်တည်မှု၊ တည်နေရာနှင့် ငရဲသားအားလုံး စုဝေးရာအရပ်...။ ထိုနေရာသို့ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဝေ့ဝူယင်သည် စတုတ္ထအကြိမ်မြောက်အဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဤစတုတ္ထအကြိမ်မြောက် ရောက်ရှိလာခြင်းသည် စတုတ္ထကပ်ဘေးကို ရင်ဆိုင်ရန်မဟုတ်ဘဲ ပထမကပ်ဘေးကို တစ်ကျော့ပြန် ရင်ဆိုင်ရန်ဖြစ်လိမ့်မည်ဟု မည်သူက ခန့်မှန်းနိုင်ပါမည်နည်း။ ယခင်ကနှင့် ခြားနားစွာပင် ယခုတစ်ကြိမ်တွင် ဝေ့ဝူယင်သည် မှတ်ဉာဏ်များ ပျောက်ဆုံးနေခြင်း၊ စိတ်ဝိညာဉ် အပိုင်းပိုင်းကွဲကြေနေခြင်း သို့မဟုတ် သတိစိတ်နှင့် ကင်းကွာနေခြင်းမျိုး မရှိဘဲ မိမိကိုယ်မိမိ အပြည့်အဝ သိရှိလျက် ရောက်ရှိလာခြင်း ဖြစ်သည်။

ဝေ့ဝူယင်သည် ဤနေရာသို့ သူ၏ အစစ်အမှန် ခန္ဓာကိုယ်၊ အစစ်အမှန် ဝိညာဉ်တို့ဖြင့် ရောက်ရှိလာခြင်းဖြစ်ရာ ကျရှုံးခဲ့ပါက ပြန်လမ်းမရှိတော့ပေ။ သူ၏ အစစ်အမှန် ဝိညာဉ်မှာလည်း အပြစ်သား ကျမ်းစာ နှင့် အပြစ်သား ဝိညာဉ် တို့၏ အကာအကွယ်ကို မရရှိသေးချေ။ အကယ်၍သာ ကျရှုံးခဲ့ပါက သူသည် လုံးဝဥဿုံ ပျက်သုဉ်းသွားရမည်ဖြစ်ပြီး မည်သည့်ခြွင်းချက်မျှ ရှိလိမ့်မည် မဟုတ်ပေ။

သူ၏ ကြယ်တာရာ ပါရဂွန် ခန္ဓာ နှင့် လျှို့ဝှက်အဆင့် အစစ်အမှန် ဟင်းလင်းပြင် နဂါးသွေးမျိုးဆက် တို့သည်ပင် သူ့ကို အသက်ရှင်အောင် ဆွဲထားနိုင်လိမ့်မည် မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်နှင့်အတူ အစစ်အမှန် ဝိညာဉ်မှာလည်း ဆေးကြောသန့်စင်ခံရမည်ဖြစ်ပြီး၊ သူနှင့် ပေါင်းစပ်ထားသည့် မူလ အပြစ်မျိုးစေ့ များလည်း အတူတကွ ပျောက်ကွယ်သွားရပေလိမ့်မည်။

ကံကောင်းသည်က... ဝေ့ဝူယင်၏ ငရဲနှင့်ပတ်သက်သော အတွေ့အကြုံများ၊ ကောင်းကင်တာအိုကို ကိုင်တွယ်ခဲ့သည့် အတွေ့အကြုံများမှာ သူ့ကိုယ်သူ ယုံကြည်မှုရှိရန် လုံလောက်သော အခြေခံကောင်းများ ဖြစ်နေခြင်းပင်။

‘ငါ တကယ်ပဲ ငရဲကပ်ဘေးတွေကို ပြန်ရင်ဆိုင်ရတာပေါ့... တကယ့်ကို ထူးဆန်းတဲ့ ဖြစ်ရပ်ပဲ... သူတို့က အရင်အတိုင်းပဲ ဖြစ်မလား၊ ဒါမှမဟုတ် ကွဲပြားသွားမလား’

ဝေ့ဝူယင်သည် ပြန့်ပြူးနေသည့် မြေပြင်ပေါ်တွင် ဦးတည်ရာမဲ့ လမ်းလျှောက်ရင်း တွေးနေမိသည်။ ခဏအကြာတွင် အဝေးတစ်နေရာမှ မှိန်ပျပျ တောက်ပနေသော အလင်းရောင်တစ်ခုကို သူ လှမ်းမြင်လိုက်ရသည်။ ထိုအလင်းရောင်သည် ဆန်းကြယ်လှပြီး ငြင်းဆန်မရနိုင်သော ဆွဲဆောင်မှုတစ်ခု ကိန်းအောင်းနေလေသည်။

လေထုထဲတွင် ခပ်တိုးတိုး ရေရွတ်သံများ ပျံ့လွင့်နေသည်။

ထိုအသံများသည် ဝေ့ဝူယင်၏ မှတ်ဉာဏ် အစိတ်အပိုင်းများ ဖြစ်ကြပြီး၊ သူ၏ နှလုံးခုန်သံကဲ့သို့ပင် ရင်းနှီးနေကာ မည်သည့်အခါမျှ မေ့ပျောက်၍မရနိုင်သော အသံများ ဖြစ်ကြသည်။

ထိုတောက်ပသော အလင်းရောင်ရှိရာသို့ တိုးကပ်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ ရုတ်ချည်း ပြောင်းလဲသွားပြီး ရင်းနှီးသော ပုံရိပ်များ၊ မြေပြင်အနေအထားများအဖြစ် အသွင်ပြောင်းလာသည်။ အနက်ရောင် သစ်ခေါက်နှင့် အနီရောင် သစ်ရွက်များရှိသော သစ်ပင်များ ပေါ်ထွက်လာပြီး၊ ကောင်းကင်ယံမှာမူ အလွန်ပင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းကာ မှိုင်ညှို့နေသော မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည်။ သစ်ရွက်များပေါ်မှ သွေးရောင်အရည်များ စိမ့်ထွက်နေသည်မှာ သစ်ပင်ကြီးများ ငိုကြွေးနေသကဲ့သို့ ရှိပြီး လေထုထဲတွင် သွေးညှီနံ့များ လှိုင်လှိုင်ထနေလေသည်။

ခပ်တိုးတိုး ရေရွတ်သံများ ရုတ်ခြည်း ရပ်တန့်သွားသည်။ ထူးဆန်းသော တိတ်ဆိတ်မှုက ကမ္ဘာကြီးကို လွှမ်းမိုးသွား၏။ ထိုအလင်းရောင်မှာ ဝေ့ဝူယင်၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာပြီး၊ အလင်း၏ မြစ်ဖျားခံရာကို သူ မြင်လိုက်ရသည်။ ၎င်းမှာ လင်းကျိရန်၏ မျက်လုံးများကဲ့သို့ပင် ပြာလွင်နေသော ရေကန်ကြီးတစ်ကန် ဖြစ်သည်။

ဝေ့ဝူယင်၏ မျက်ဝန်းများတွင် လွမ်းဆွတ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ လွန်ခဲ့သော နှစ်များစွာက သူသည် ဤနေရာ၌ အသိစိတ် အပြည့်အဝ ရှိမနေခဲ့သော်လည်း၊ ယခုအခါတွင်မူ ထိုအတွေ့အကြုံကို အဖြူထည်သက်သက် ခံစားခဲ့ရသော အတိတ်နှင့် သူ ပြန်လည် ပေါင်းစပ်ထားပြီး ဖြစ်သည်။

သူ မှတ်မိသလောက် ဆိုလျှင်... ဤရေကန်ဘေးတွင် သူ ဆီးစွန့်ခဲ့ဖူးသည်။ ထိုစဉ်က သူသည် မိမိကိုယ်မိမိ အံ့ဩလောက်အောင် ရဲတင်းသည်ဟု ယူဆခဲ့ဖူး၏။ ငရဲ၏ ကပ်ဘေးကြီးတွင် သူ ပထမဆုံး ပြုလုပ်ခဲ့သည့် အမှတ်အသားမှာ ၎င်းကို ဆီးဖြင့် ပက်ဖျန်းခဲ့ခြင်းပင် ဖြစ်ပေသည်။

ရေကန်အတွင်း၌ ရင်းနှီးသော အသံများနှင့်အတူ ပုံရိပ်လွှာများ လှုပ်ခတ်နေသည်။ ထိုအသံများတွင် ကြင်နာမှု၊ မုန်းတီးမှု၊ ဒေါသ၊ ပျော်ရွှင်မှု၊ ပြတ်သားမှု သို့မဟုတ် တင်းကျပ်သော ဆုံးမမှုများ စသည့် ခံစားချက်ပေါင်းစုံ ပါဝင်နေသည်။ အတိတ်က သူသည် ထိုအသံများနှင့် ပုံရိပ်များကို ပြပွဲတစ်ခုကဲ့သို့သာ သဘောထားခဲ့သည်။ ဤပုံရိပ်များသည် သူ၏ အတိတ်၊ သူ၏ အနာဂတ်၊ ကွဲပြားနေသော အတိတ်များ သို့မဟုတ် ဖြစ်နိုင်ခြေရှိသော အနာဂတ်များ... ဖြစ်ခဲ့သမျှနှင့် ဖြစ်လာနိုင်သမျှ အရာအားလုံးကို စုစည်းထားခြင်း ဖြစ်သည်။

၎င်းတို့သည် ပြင်းထန်သော စိတ်ခံစားမှုများကို နှိုးဆွခြင်းဖြင့် သူ့ကို နစ်မြုပ်စေကာ သူ၏ ဝိညာဉ်ကို ဆေးကြောသန့်စင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ သစ်ပင်များမှ သွေးများ ယိုစီးလာမည်ဖြစ်ပြီး၊ သူသည် တဖြည်းဖြည်း အကျူးကျော်ခံရကာ မူလစိတ် ပျောက်ကွယ်သွားသည်အထိ သန့်စင်ခြင်း ခံရမည် ဖြစ်သည်။ ထိုအခါမှသာ ပြန်လည်မွေးဖွားရန် အတွက် အသန့်စင်ဆုံး အစစ်အမှန် ဝိညာဉ် အဖြစ် ကျန်ရှိတော့မည် ဖြစ်သည်။

သို့သော် ဝေ့ဝူယင်အတွက်မူ ဤဖြစ်စဉ်သည် သူ၏ ခန္ဓာကိုယ်နှင့်အတူ ဝိညာဉ်အတွင်းရှိ မာန နှင့် ကာမဂုဏ် အပြစ်မျိုးစေ့များကိုပါ ဖျက်ဆီးပစ်မည်ဖြစ်ရာ၊ သူ၏ အစစ်အမှန် ဝိညာဉ်ပါ အဆုံးသတ်သွားရမည် ဖြစ်သည်။

ဝေ့ဝူယင် ဆိုင်းငံ့နေခြင်း သို့မဟုတ် နောက်ထပ် လုပ်ဆောင်ရမည့်အရာကို စဉ်းစားနေခြင်းမျိုး မလုပ်တော့ပေ။ သူ ခြေတစ်လှမ်း လှမ်းလိုက်ပြီး အတိတ်မှတ်ဉာဏ်များ စီးဝင်နေသော ရေကန်ထဲသို့ တိုက်ရိုက် ခုန်ချလိုက်၏။ အတိတ်က ဝေ့ဝူယင်သာဆိုလျှင် ဤအခြေအနေကို ရုန်းကန်ရပေလိမ့်မည်။ သို့သော် ယနေ့၏ ဝေ့ဝူယင်မှာမူ သူ၏ ကျင့်ကြံခြင်း နှလုံးသားနှင့် စိတ်ဆန္ဒတို့မှာ သာမန် သေမျိုးများထက် များစွာသာလွန်သော အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤမှတ်ဉာဏ်များ သူ့အပေါ် သက်ရောက်မှုရှိပုံမှာ နေကြယ်ကို လေပြေအေးကလေး တိုက်ခတ်သွားသကဲ့သို့သာ ရှိပေသည်။

ရေကန်က သူ့ကို အတိတ်၏ နာကျင်မှုများ သို့မဟုတ် ပျော်ရွှင်မှုများကို ပြန်လည် ခံစားစေသော်လည်း၊ သူသည် အရာအားလုံးကို လက်ခံစုပ်ယူရင်း လုံးဝ တုန်လှုပ်ခြင်း မရှိပေ။ မိနစ်အနည်းငယ်အတွင်းမှာပင် သူသည် ရေကန်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရေတစ်စက်မျှပင် စိုစွတ်မနေချေ။

အနီရောင် သစ်ရွက်များနှင့် သွေးရောင်အရည်များမှာ လှုပ်ရှားမှု မရှိတော့ဘဲ၊ ရေကန်၏ အလင်းရောင်မှာလည်း ပျောက်ကွယ်သွားကာ အသံများမှာလည်း လေပြင်းတစ်ချက်အောက်တွင် လွင့်ပါးသွားသကဲ့သို့ တိတ်ဆိတ်သွားတော့သည်။ ထိုအသံများတွင် တွန့်ဆုတ်နေသော လှိုင်းလုံးကလေးများ ပါရှိနေပြီး လေထဲတွင် တိုးတိုးလေး ဝဲလည်နေကာ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

ပထမဆုံး ရေကန်ကို သူ ကျော်ဖြတ်နိုင်ခဲ့ပြီ။

‘စုစုပေါင်း ရေကန် ၄၉ ကန် ရှိတယ်... တစ်ကန်ချင်းစီမှာ မတူညီတဲ့ မှတ်ဉာဏ်တွေ၊ ဖြစ်နိုင်ခြေရှိတဲ့ အတိတ်တွေနဲ့ အနာဂတ်တွေ ပါဝင်နေတယ်... အရင်တစ်ခေါက်ကတော့ ဒီအဆင့်ကို ပြီးဖို့ ၇ နှစ်နဲ့ ၇ လ ကြာခဲ့တယ်... အဲဒီတုန်းက မှတ်ဉာဏ်တွေ ပျောက်နေတော့ အချိန်အတော်များများကို လမ်းပျောက်ပြီး လျှောက်သွားနေရင်း ကုန်ဆုံးခဲ့တာ...’

ဝေ့ဝူယင်သည် အဝေးမှ နောက်ထပ် အလင်းရောင်တစ်ခုကို မြင်လိုက်ရသည်။ သူ တွန့်ဆုတ်နေခြင်းမရှိဘဲ ရေပေါ်သို့ ခြေလှမ်းကာ ရှေ့သို့ ဆက်လျှောက်သွားသည်။ ရေကန်မှာ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး မာကျောသော မြေပြင်အဖြစ် ပြောင်းလဲသွား၏။

‘ငါ့ရဲ့ အတိတ်အပေါ် ငြင်းဆန်မှုမရှိဘဲ၊ ဖြစ်နိုင်ခြေရှိတဲ့ အတိတ်တွေအပေါ် စိတ်ပျက်တာ၊ နောင်တရတာ၊ တမ်းတတာ ဒါမှမဟုတ် ကြောက်ရွံ့တဲ့ စိတ်တွေ မရှိသရွေ့... ပြီးတော့ မကောင်းတဲ့ အနာဂတ်တွေကို ငြင်းပယ်ပြီး၊ လုပ်ကြံထားတဲ့ ကောင်းမွန်တဲ့ အနာဂတ်တွေအပေါ် တုန်လှုပ်ခြင်းမရှိသရွေ့... ငါ ဒီရေကန်တွေကို အောင်နိုင်မှာပဲ... ဒါက ဒီကပ်ဘေးရဲ့ သဘောတရားပဲ... ခံစားချက် မရှိရမှာ မဟုတ်ဘူး၊ မှန်ကန်တဲ့ ခံစားချက်နဲ့ တုံ့ပြန်ဖို့ လိုတာ... စိတ်ကူးယဉ်မှုတွေနဲ့ အဆိုးမြင်မှုတွေကို ရှောင်ရှားနိုင်ရမယ်... တကယ်ကို ကြောက်စရာကောင်းတဲ့ ကပ်ဘေးပဲ...'

ပထမဆုံး အကြိမ်တွင် သူသည် ‘ရှင်သန်ခြင်း’ အမှတ်အသားကိုသာ ရရှိခဲ့သည်။ အကြောင်းကား... ထိုစဉ်က ရေကန်များမှာ သူ့အပေါ် မည်သည့်သက်ရောက်မှုမျှ မပေးနိုင်ခဲ့လေရာ ကပ်ဘေးကို အောင်နိုင်ခဲ့ခြင်း မဟုတ်ဘဲ ကပ်ဘေး၏ လွှမ်းမိုးမှုအောက်တွင် ကြာရှည်ခံအောင် ရှင်သန်ခဲ့ခြင်းသာ ဖြစ်သောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် မှတ်ဉာဏ်များကို မိမိနှင့် မသက်ဆိုင်သကဲ့သို့ ခံစားချက်မရှိဘဲ ကြည့်ရှုခဲ့ခြင်းကြောင့် ၇ နှစ်တာအတွင်း ဆုံးရှုံးမှု ဟူသော ခံစားချက်ကို မရရှိဘဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ... သူသည် ဤငရဲကို အပြည့်အဝ အောင်နိုင်ရန် ရည်ရွယ်ထားသည်။

အစစ်အမှန် ဆုံးရှုံးမှု ကပ်ဘေး...

ထိုအရာကို အောင်မြင်ရန် သူ ဆုံးဖြတ်ချက် ချထားပေသည်။

...

ငရဲ၏ အနက်ရှိုင်းဆုံးသော နေရာ တစ်ခုတွင် စက်ဝိုင်း ပုံသဏ္ဌာန် ရုပ်ဝတ္ထုပေါင်း ကုဋေကုဋာတို့သည် ဟင်းလင်းပြင်ထဲ၌ ပျံလွင့်နေကြ၏။ ၎င်းတို့ထဲတွင် ဝိညာဉ်တစ်ခုစီ ကိန်းအောင်းနေကြသော်လည်း... တစ်ခုတည်းသော ခြွင်းချက်အနေဖြင့် စက်ဝိုင်း တစ်ခုထဲ၌ သွေးသားခန္ဓာကိုယ် အပြည့်အစုံဖြင့် တည်ရှိနေသော ဝိညာဉ်တစ်ခုလည်း ရှိနေလေသည်။

ထိုပုဂ္ဂိုလ်မှာ အခြားသူမဟုတ်... စိတ်ကူးယဉ်၍ပင် မရနိုင်သည့် ဤငရဲဘုံ၏ ထိတ်လန့်ဖွယ်ရာများကြားတွင် အစစ်အမှန် ဆုံးရှုံးမှု ကပ်ဘေးကို ဒုတိယအကြိမ်မြောက် ရင်ဆိုင်နေသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ပင် ဖြစ်သည်။ ဤသည်မှာ ငရဲ၏ သမိုင်းတစ်လျှောက်တွင် မကြုံစဖူးသော ထူးခြားဖြစ်ရပ်တစ်ခု ဖြစ်ပေသည်။

ရုတ်ခြည်းဆိုသလိုပင် ထိုကုဋေကုဋာမကသော ဘောလုံးများမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး တည်ရှိမှု လောကထဲမှ ပျောက်ကွယ်သွားသယောင် ရှိလေသည်။ နောက်ဆုံးတွင် မွဲပြာရောင် စက်လုံး တစ်ခုနှင့် ၎င်းကို ဝန်းရံထားသည့် ပြာလွင်လွင် အစက်အပြောက် ၄၉ စက်သာ ကျန်ရစ်တော့သည်။

ထို့နောက်တွင်မူ... အတိုင်းအဆမရှိ ကြီးမားလှသော အရိပ်မည်းကြီးတစ်ခုသည် ထိုနေရာ၌ အမြဲရှိနေခဲ့သည့်အလား တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။ ၎င်း၏ အရွယ်အစားမှာ ဖော်ပြ၍မရနိုင်အောင် ကြီးမားလှသလို၊ မရေမတွက်နိုင်သည့် မျက်လုံးများနှင့် သန်မာထွားကြိုင်းသော လက်ပေါင်း များစွာကို ပိုင်ဆိုင်ထားသည်။ ထိုလက်ကြီးများမှာ ငရဲတစ်ခုလုံးကို မတင်ထားဟန် ရှိပြီး မရေမတွက်နိုင်သော မျက်လုံးများကတော့ ခပ်သိမ်းသောအရာတို့ကို စောင့်ကြည့်နေသကဲ့သို့ ရှိပေသည်။

ထိုငရဲ ဟင်းလင်းပြင်ထဲတွင် မွန်မြတ်သော ရောင်စဉ်များ တောက်ပနေသည့် တံခါးတစ်ခုနှင့် ယုတ်မာသော မီးလျှံများ တောက်လောင်နေသည့် တံခါးတစ်ခု ပေါ်ထွက်လာသည်။ ထိုတံခါးနှစ်ခုမှ အတောင်ပံပါသော ဖြစ်တည်မှုနှစ်ခုမှာ တစ်ပြိုင်နက်တည်း လှမ်းထွက်လာကြသည်။

ပထမတစ်ခုမှာ သန့်စင်သည့် ရောင်စဉ်တံခါးမှ ထွက်လာသည့် သွေးရောင် အတောင်ပံရှိသူ ဖြစ်သည်။ သူ၏ အတောင်ပံများမှာ ခြောက်သွေ့အက်ကွဲနေပြီး အရေပြား ပါးပါးလေးဖြင့်သာ ဖွဲ့စည်းထားကာ အရိုးများနှင့် ကြွက်သားများမှာ အပြင်သို့ ထိုးထွက်နေသဖြင့် အားနည်းချည့်နဲ့သော ပုံသဏ္ဌာန် ရှိသည်။ သူသည် သန့်စင်သော အလင်းတံခါးမှ ထွက်လာသော်လည်း ရုပ်သွင်မှာ ယုတ်မာညစ်ထေးလှသော နတ်ဆိုးနှင့် တူလှပေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှမူ နတ်ဆိုး အော်ရာမျိုး လုံးဝ ထွက်ပေါ်မနေချေ။

ဒုတိယတစ်ခုမှာ မီးလျှံတံခါးမှ ထွက်လာသည့် ငွေရောင်အတောင်ပံနှင့် ဖြစ်တည်မှု ဖြစ်သည်။ သူ၏ အတောင်ပံများမှာ သန်မာထွားကြိုင်းပြီး တောက်ပသော စွမ်းအင်များ ထွက်ပေါ်နေသဖြင့် တံခါးနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူသည် မြင်ရသူအဖို့ သူတော်စင်တစ်ဦးကဲ့သို့ လှပသပ္ပါယ်လှသူ ဖြစ်သည်။ သို့သော်လည်း... ဆန့်ကျင်ဘက်ပင် သူ၏ ခန္ဓာကိုယ်မှမူ မွန်မြတ်သော အော်ရာမျိုး လုံးဝ ထွက်ပေါ်မနေပြန်ချေ။

"ရမ္မက် အပြစ်သား သေမျိုးလား... နောက်တစ်ယောက် ထပ်လာပြန်ပြီလား"

***

အပိုင်း(၁၉၇၆)

"ရမ္မက် အပြစ်သား သေမျိုးလား... နောက်တစ်ယောက် ထပ်လာပြန်ပြီလား"

ငွေရောင်အတောင်ပံနှင့် ပုဂ္ဂိုလ်က မယုံနိုင်သလို မေးလိုက်သည်။

"တစ်ခါဖြစ်တာကတော့ ထားပါတော့၊ အခုလို တိုတောင်းတဲ့ အချိန်အတွင်းမှာ နှစ်ခါတောင် ဖြစ်ရသလား... သူတို့မှာ သင့်တော်တဲ့ ကိုယ်စားလှယ်တွေ ကုန်သွားပြီလား"

မကြာသေးခင်ကပင် မာနအပြစ်ကို ဆက်ခံသူ သေမျိုးတစ်ဦးသည် ငရဲသို့ ရောက်ရှိလာခဲ့ပြီး မှတ်ဉာဏ် စွန့်လွှတ်ခြင်း ဒိုင်မန်းရှင်း သို့မဟုတ် ငရဲ၏ ပထမကပ်ဘေး ဖြစ်သည့် အစစ်အမှန် ဆုံးရှုံးမှု ကပ်ဘေး ကို ကျော်ဖြတ်နိုင်ခဲ့ဖူးသည်။ ထိုစဉ်က ငရဲ၏ ဆေးကြောသန့်စင်ခြင်း နယ်မြေ ၁၈ ထပ်စလုံးတွင်၊ အထူးသဖြင့် အထက်ပိုင်း ၆ ထပ်ရှိ ဖြစ်တည်မှုများကြားတွင် အတော်ပင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ရသည်။

ထိုအခြေအနေကြောင့်ပင်... နောက်ပိုင်း၌ ထိုသေမျိုးကို အမျိုးမျိုးသော ဖြစ်တည်မှုများက စောင့်ကြည့်ခဲ့ကြသည်။ သူ၏ အောင်မြင်မှုများမှာ အလွန်ပင် ဒဏ္ဍာရီဆန်လွန်းလှသဖြင့် ယနေ့တိုင် ငရဲအထက်ပိုင်းမှ နေထိုင်သူများသည် ထိုသူ၏အကြောင်းနှင့် အမွေခံ အပြစ်သားများ အကြောင်းကို နေ့စဉ်နှင့်အမျှ စကားဝိုင်းဖွဲ့ ပြောဆိုနေကြဆဲ ဖြစ်သည်။

မကြာသေးမီကပင် အမွေခံ အပြစ်သားတစ်ဦးသည် သူတို့၏ အာရုံစိုက်မှုကို ရရှိခဲ့သော်လည်း ကျရှုံးသွားခဲ့သည်။ ၎င်းမှာ ဝေ့ဝူယင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။ ထိုသူမှာ သူတော်စင် အဆင့် သို့ပင် ရောက်ရှိနေပြီး အစစ်အမှန် အပြစ်သား ဝိညာဉ် ကို ကျင့်ကြံထားသော်လည်း ဓားနှင့်မီးလျှံ ကပ်ဘေးတွင် ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ပျက်စီးသွားခဲ့ရသည်။ သူ ကြိုတင် ပြင်ဆင်ထားသည့် ဝိညာဉ်အကာအကွယ်များပင် သူ့ကို မကယ်တင်နိုင်ခဲ့ချေ။ ဝေ့ဝူယင် ဒုတိယကပ်ဘေးကို အောင်မြင်ခဲ့ပြီးနောက် ဤသို့ ဖြစ်ပျက်ခဲ့ခြင်းကြောင့် ဝေ့ဝူယင်အပေါ် စိတ်ဝင်စားမှုနှင့် မျှော်လင့်ချက်များမှာ ပို၍ မြင့်တက်လာခဲ့သည်။

သို့သော်လည်း... ဤသည်မှာ မထူးဆန်းသော မြင်ကွင်းပင်။ အမွေခံ အပြစ်သားများစွာသည် ငရဲသို့ ဝင်ရောက်လာကြသော်လည်း မရေမတွက်နိုင်အောင် ကျရှုံးခဲ့ကြရသည်။ သို့သော်လည်း... သေမျိုး တစ်ဦးက ဤအောင်မြင်မှုကို ရယူနိုင်ခဲ့ခြင်းမှာ သူ၏ ထူးခြားမှုကို ဖော်ပြနေပြီး ပို၍ အာရုံစိုက်ခံရခြင်း ဖြစ်သည်။ ယခုပင် စတုတ္ထကပ်ဘေးကို စောင့်ကြည့်နေသူများစွာ ရှိနေပြီး၊ ထို မာနအပြစ်သား သေမျိုး ပြန်လည် ရောက်ရှိလာမည့်အချိန်ကို စောင့်မျှော်နေကြသည်။ အချို့ကမူ ထိုသူသည် နောက်တစ်ဆင့်ဖြစ်သော မာနအပြစ်သား အာဏာရှင် ဖြစ်လာလိမ့်မည်ဟုပင် လောင်းကြေးထပ်နေကြကုန်၏။

ငရဲဘုံ၌ အလွန်ပင် စိတ်လှုပ်ရှားဖွယ်ရာ အချိန်ဖြစ်နေသည်။

သွေးရောင်တောင်ပံနှင့် ပုဂ္ဂိုလ်၏ အတောင်ပံများမှာ အံ့ဩသွားသကဲ့သို့ တုန်ခါသွားခဲ့၏။ သူက ပို၍ စကားပြောလိုစိတ် ရှိသူဖြစ်သည်။

"နေဦး... အဲဒီ အော်ရာက... ရင်းနှီးနေသလိုပဲ"

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း သူ၏ မှတ်ဉာဏ်မှာ အလွန်ကောင်းမွန်လှရာ၊ ဝေ့ဝူယင်၏ ဝိညာဉ်အော်ရာကို အာရုံခံကြည့်လိုက်သည်နှင့် ထူးခြားသော တူညီမှုကို ချက်ချင်း တွေ့ရှိသွားသည်။ သို့သော် ကွဲပြားမှုတစ်ခုတော့ ရှိနေသည်။

ဤအော်ရာမှာ မာနအပြစ် မဟုတ်ဘဲ ရမ္မက်အပြစ် ၏ အော်ရာ ဖြစ်နေခြင်းပင်။ သို့သော် ပို၍ နက်နဲစွာ အာရုံခံကြည့်သောအခါ ၎င်း၏ အတွင်း၌ မသိမသာ ကိန်းအောင်းနေသော မာနအပြစ် ၏ အရိပ်အယောင်များကို ခံစားလိုက်ရပြန်သည်။

"ဘယ်လိုကြီးလဲ..."

ငွေရောင်အတောင်ပံနှင့် ပုဂ္ဂိုလ်ကလည်း ဤအချက်ကို သတိပြုမိသွား၏။ သူသည် အတောင်ပံများကို ခတ်ခတ်ကာ ပို၍ နီးကပ်စွာ ပျံသန်းသွားခဲ့သည်။

သွေးရောင် အတောင်ပံနှင့် ပုဂ္ဂိုလ်ကလည်း နောက်မှ လိုက်သွား၏။ ထိုအတောအတွင်း အတိုင်းအဆမရှိသော အရိပ်မည်းကြီး၏ လက်မောင်းများနှင့် မျက်လုံးအချို့က တိတ်ဆိတ်စွာ စောင့်ကြည့်နေသဖြင့် ဖိအားများကြောင့် သူတို့၏ အရှိန်မှာ အနည်းငယ် နှေးကွေးသွားသော်လည်း ရပ်တန့်မသွားခဲ့ချေ။ နောက်ဆုံးတွင် အော်ရာကို အသေအချာ ခွဲခြားနိုင်သည့် အကွာအဝေးသို့ ရောက်ရှိသွားကြသည်။

"ဟုတ်တယ် သူပဲ"

ငွေရောင်အတောင်ပံနှင့် ပုဂ္ဂိုလ်က သူ၏ အာရုံခံစားမှုကို အတည်ပြုရန်အတွက် အခြားတစ်ဦးဘက်သို့ လှည့်ကြည့်လိုက်သည်။ သွေးရောင် အတောင်ပံနှင့် ပုဂ္ဂိုလ်၏ အံ့ဩမှင်သက်နေသော မျက်နှာထားနှင့် တုန်ခါနေသော အတောင်ပံများက သူ၏ သံသယကို အတည်ပြုပေးလိုက်လေပြီ။

"သူက မှတ်ဉာဏ်စွန့်လွှတ်ခြင်း ဒိုင်မန်းရှင်း ကို... နောက်တစ်ခါ ထပ်ပြီး ရင်ဆိုင်နေတာလား... တခြား အမွေခံ အပြစ်သား တစ်ယောက်အနေနဲ့လား"

ဤကဲ့သို့သော အခြေအနေမျိုးမှာ လုံးဝ မရှိခဲ့ဖူးသည်တော့ မဟုတ်သော်လည်း၊ သေမျိုးတစ်ဦးအတွက်မူ ဤသည်မှာ မယုံနိုင်လောက်အောင်ပင် ထူးခြားဆန်းကြယ်လွန်းလှပေသည်။ ဤသို့ မည်သို့ ဖြစ်နိုင်ပါသနည်း။

သေမျိုးတစ်ဦးမှာ အစစ်အမှန် အပြစ်သားထံမှ သွေးမျိုးဆက်ကို ဆက်ခံခြင်းဖြင့် ဤကဲ့သို့သော မူမမှန်မှု ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုနိုင်သော်လည်း၊ ယခုကဲ့သို့ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပျက်ခြင်းမှာမူ မတွေးဝံ့စရာပင်။

"ကြည့်စမ်း"

ငွေရောင်အတောင်ပံနှင့် ပုဂ္ဂိုလ်၏ တည်ငြိမ်သော ပုံစံမှာ ပျက်စီးသွားပြီး စိတ်လှုပ်ရှားစွာ ညွှန်ပြလိုက်၏။

"သူက မှတ်ဉာဏ်ရေကန် သုံးကန်ကို ကျော်ဖြတ်ပြီးပြီ၊ အခု စတုတ္ထမြောက် ရေကန်ကို သွားနေပြီ"

"တကယ်ကို အံ့ဩစရာကောင်းတဲ့ စိတ်ဓာတ်ခိုင်မာမှုပဲ... အစစအမှန်ဆုံးရှုံးမှုရဲ့ သွေးမျက်ရည်တွေ နည်းနည်းလောက်တောင် နိုးထလာနိုင်ခြင်း မရှိဘူး"

သွေးရောင် အတောင်ပံနှင့် ပုဂ္ဂိုလ်က မှတ်ချက်ပေးသည်။ ဤဒိုင်မန်းရှင်းကို ဤကဲ့သို့ အစွမ်းထက်စွာ ကျော်ဖြတ်နိုင်သူများထဲတွင် ထိုသေမျိုးမှာ ပထမဆုံး မဟုတ်သော်လည်း၊ သူ၏ အရှိန်အဟုန်မှာမူ ကမ္ဘာဦးအစကတည်းက ပြိုင်စံရှားလှသည်။ သူတို့ မမြင်တွေ့ဖူးခဲ့သော ပထမဦးဆုံးသော အပြစ်သား သာလျှင် ဤမျှ မြန်ဆန်ပေလိမ့်မည်။

သူတို့ နှစ်ဦးမှာ အရိပ်မည်းကြီးနှင့်အတူ ဝေ့ဝူယင်ကို အာရုံစိုက်ကြည့်နေကြ၏။ ဝေ့ဝူယင်သည် ရေကန်တစ်ခုချင်းစီထဲသို့ ဝင်ရောက်သွားပြီး စက္ကန့်အနည်းငယ်မှ တစ်မိနစ်ခန့်အတွင်းမှာပင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ဖြစ်နေသော်လည်း ကပ်ဘေး၏ အမည်နာမကို ပေးထားသည့် အစစ်အမှန် ဆုံးရှုံးမှု သွေးမျက်ရည် များမှာမူ သူ၏ ဝတ်ရုံစွန်းကိုပင် မထိတွေ့နိုင်ခဲ့ချေ။

"သူ ဘာလုပ်နေတာလဲ..."

သွေးရောင် အတောင်ပံနှင့် ပုဂ္ဂိုလ်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ ဝေ့ဝူယင်သည် ရေကန်ပေါင်း ၂၅ ကန်ကို အလွန်လွယ်ကူစွာ ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ထိုရေကန်များတွင် အလင်းရောင် မရှိတော့ချေ။

သို့သော်လည်း... သူသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး သွေးရောင်အရည်များ စိမ့်ထွက်နေသည့် အနီရောင်သစ်ရွက်ရှိသော အနက်ရောင်သစ်ပင်များကို အသေအချာ ကြည့်နေသည်။ ထို့နောက် သူက မိမိ၏ ဆန္ဒအလျောက် ထိုသစ်ရွက်များကို ဖြည်းညှင်းစွာ လှမ်းကိုင်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

"..."

သူတို့နှစ်ဦးစလုံး၏ အတောင်ပံများမှာ အံ့ဩလွန်း၍ တုန်ခါသွားကြလေ၏‌။ ဝေ့ဝူယင်သည် ခုနစ်ရောင်ခြည် အလင်းတန်းများ လွှမ်းခြုံထားသော လက်တစ်ဖက်နှင့် မီးခိုးရောင် နဂါးကြေးခွံများ ဖုံးလွှမ်းထားသော လက်တစ်ဖက်ဖြင့် သစ်ရွက်တစ်ရွက်ကို ဆွဲယူလိုက်သည်။

ထိုမြင်ကွင်းက သူတို့ကို အကြီးအကျယ် စိတ်လှုပ်ရှားသွားစေခဲ့ပြီးနောက်၊ ဤဒိုင်မန်းရှင်းကြီး၏ တည်ရှိမှုကိုပင် သံသယဝင်သွားစေလောက်မည့် အရာတစ်ခုကို ထပ်မံ မြင်တွေ့လိုက်ရလေသည်။

ဝေ့ဝူယင်က သွေးများ စိမ့်ထွက်နေသည့် သစ်ရွက်ကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ခြင်းပင်။ ထို့နောက် မျက်လုံးများကို မှိတ်ထားလျက် ဖြည်းညှင်းစွာ ဝါးစားနေ၏။ မိနစ်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက်... သူ၏ မျက်လုံးများက ရုတ်ခြည်း ပွင့်လာသည်။

‘တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ စိတ်ဝိညာဉ် ပစ္စည်းပဲ... မှတ်ဉာဏ်တွေကို လှုံ့ဆော်ပြီးတာနဲ့ အဲဒီမှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်တာမျိုး၊ အစစ်အမှန် ဝိညာဉ် ကို တိုက်ရိုက် သက်ရောက်မှုပေးတာမျိုး... ဒါက မှတ်ဉာဏ်တွေကို အခြေခံအဆင့်ကနေ တုံ့ပြန်နိုင်တာပဲ... ငါ့မှာ ဒါမျိုးလုပ်နိုင်တဲ့ ဧဒင်သာ မရှိရင်၊ ဒီရတနာကို သုံးပြီး မှတ်ဉာဏ်တွေကို ပြောင်းလဲတာ ဒါမှမဟုတ် အစစ်အမှန် ဝိညာဉ်ထဲကနေ အပြီးတိုင် ဖျက်ထုတ်ပစ်တာမျိုး လုပ်လို့ရမှာပဲ... ဒါကြောင့်လည်း ပထမကပ်ဘေးက ဝိညာဉ်ထဲမှာရှိတဲ့ ကိုယ်ပိုင်လက္ခဏာ သတ်မှတ်ချက်အားလုံးကို ဆေးကြောသန့်စင်ပစ်နိုင်တာကိုး’

ယနေ့ဖြစ်စေ၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပထမဆုံးအကြိမ် ဤကပ်ဘေးကို ရင်ဆိုင်စဉ်ကဖြစ်စေ... ဝေ့ဝူယင်သည် သစ်ရွက်များထဲတွင်ရှိသော အစစ်အမှန် ဆုံးရှုံးမှု သွေးမျက်ရည် များကို လုံးဝ နိုးထစေခဲ့ခြင်း မရှိပေ။ ပထမ တစ်ကြိမ်ကမူ သူသည် သွေးမျက်ရည်များ၏ မှတ်ဉာဏ်ဖျက်ဆီးမှုနှင့် ဝိညာဉ်သန့်စင်မှု ဒဏ်ကို ကြံ့ကြံ့ခံရင်း စမ်းသပ်မှု၏ သဘာဝအချိန်ကန့်သတ်ချက်ကို ကျော်လွန်သည်အထိ ရှင်သန်ခဲ့ခြင်းသာ ဖြစ်သည်။

သစ်ရွက်တစ်ရွက်ကို ရရှိပြီးနောက် ဝေ့ဝူယင်သည် မည်သည့်အခွင့်အရေးကိုမျှ အလဟဿ အဖြစ်မခံသည့်အတိုင်း အစွမ်းကုန် အသုံးချရန် ပြင်လေတော့သည်။ ဤအရာကို အသုံးပြု၍ စိတ်ဓာတ်ကို သန့်စင်ရန်၊ စိတ်ပိုင်းဆိုင်ရာ ခိုင်မာစေရန်နှင့် သူ၏ စိတ်စွမ်းအင် ဆိုင်ရာ ပညာရပ်များကို မြှင့်တင်ရန် စိတ်ကူးများ ရနေပြီ ဖြစ်သည်။

ဤဒုတိယအကြိမ်မြောက် ငရဲသို့ ခရီးစဉ်မှာ သူ့အတွက် ထူးခြားသော အခွင့်အရေးပင် ဖြစ်တော့သည်။ ဝေ့ဝူယင် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် ခန္ဓာကိုယ်အတွင်း၌ အတွင်းပိုင်း လောနှင့် ဆင်တူသော ဟင်းလင်းပြင် ဒိုင်မန်းရှင်းငယ်တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် အဂ္ဂိရတ် ဧဒင် အော်ရာ များဖြင့် အထပ်ထပ် ဖုံးအုပ်လိုက်ပြီး သစ်သီးစိုက်တောင်သူတစ်ဦး၏ စိတ်ရှည်မှုမျိုးဖြင့် သစ်ရွက်များကို ဆွတ်ခူးရုံတင်မကဘဲ... သစ်ပင်လိုက်ကိုပါ နုတ်ယူလေတော့သည်။

ဝုန်း...

ဝေ့ဝူယင်သည် အစစ်အမှန် ဟင်းလင်းပြင် နဂါးစွမ်းအားကို အသုံးပြု၍ သစ်ပင်များကို အမြစ်မှနေ၍ အားရပါးရ ဆွဲနုတ်ပစ်နေ၏။ မြေပြင်မှာ မြေသားအတိ ဖြစ်သော်လည်း သဘာဝဥပဒေသအချို့ ရှိနေပုံရ၏။ သို့သော်လည်း... အိုရီ ၏ အယ်ဖာ မူလစွမ်းအင် ကို အသုံးပြု၍ မြေပြင်ကို ပျော့ပျောင်းစေကာ သစ်ပင်အချို့ကို အလွယ်တကူ ဆွဲယူနိုင်ပေသည်။ သစ်ပင်ပေါင်း ၁၀၈ ပင်ကို နုတ်ယူပြီးနောက်၊ ထပ်မံလုပ်ဆောင်ပါက ကပ်ဘေး၏ တိုက်ရိုက်တုံ့ပြန်မှုကို ခံရနိုင်သည်ဟု ခံစားလိုက်ရသဖြင့် ကျေနပ်စွာ လက်ခုပ်တီးလျက် ၂၆ ခုမြောက် ရေကန်ဆီသို့ လှမ်းတက်လိုက်လေသည်။

"..."

"..."

ဒိုင်မန်းရှင်း၏ အပြင်ဘက်တွင်မူ အတောင်ပံပါသော ပုဂ္ဂိုလ်နှစ်ဦးစလုံးမှာ လုံးဝ ဆွံ့အနေကြ၏။ အတိုင်းအဆမရှိသော အရိပ်မည်းကြီး၏ မျက်လုံးများပင်လျှင် ဤဒိုင်မန်းရှင်းထဲမှ တစ်ခုတည်းသော စက်လုံး အပေါ်သို့ စုပြုံကျရောက်နေသည်။ ထိုမျက်လုံးများမှာ ကောင်းကင်နှင့် မြေကြီးအောက်ရှိ ခပ်သိမ်းသောအရာတို့အပေါ် လျစ်လျူရှုထားသယောင် ရှိသော်လည်း၊ စက်လုံးနှင့် အနီးဆုံးရှိ လက်ချောင်းကြီးများ လှုပ်ရှားသွားပုံမှာ တစ်မျိုးတစ်ဖုံ ထူးခြားနေပေသည်။

"သူက... သူက တကယ်ပဲ..."

ငွေရောင်အတောင်ပံနှင့် ပုဂ္ဂိုလ်မှာ မယုံနိုင်လွန်းသဖြင့် စကားပင် ဆုံးအောင် မပြောနိုင်တော့ချေ။ အခြားကပ်ဘေးများနှင့် ခြားနားစွာပင်... ဤကပ်ဘေးတွင်မူ သူတို့သည် ဝေ့ဝူယင်၏ လှုပ်ရှားမှုနှင့် လုပ်ရပ်တိုင်းကို အလွန်ရှင်းလင်းစွာ မြင်တွေ့နေရခြင်း ဖြစ်သည်။

"ဟား ဟား ဟား..."

သွေးရောင် အတောင်ပံနှင့် ပုဂ္ဂိုလ်ကမူ အားရပါးရ ရယ်မောလိုက်သည်။ သူသည် ဤအခြေအနေကို အလွန်ပင် သဘောကျနေပုံရ၏။

"သူက ကြိုးစားကြည့်တာတောင် မဟုတ်ဘူး၊ တကယ်ကြီး လုပ်ပစ်လိုက်တာ တကယ့် သေမျိုးပဲဟေ့"

"..."

ဝေ့ဝူယင်သည် မှတ်ဉာဏ်စွန့်လွှတ်ခြင်း ဒိုင်မန်းရှင်း ၏ စိန်ခေါ်မှုများကို လေပြေအေးလေးထဲ လမ်းလျှောက်နေသကဲ့သို့ အေးအေးလူလူ ကျော်ဖြတ်သွားသည်။ ဖြစ်နိုင်ခြေရှိသော အတိတ်များ၊ အနာဂတ်များ သို့မဟုတ် သူ၏ ဘဝတွင် တကယ်ဖြစ်ပျက်ခဲ့သည့် အရေးပါသော မှတ်ဉာဏ်များ ဖြစ်နေပါစေ... သူသည် ထိုအရာအားလုံးကို အကြိမ်ကြိမ် အခါခါ ကြုံတွေ့ဖူးနေသည့်အလား လုံးဝ တုန်လှုပ်ခြင်း မရှိပေ။

ထိုသေမျိုးသည် ရမ္မက်အပြစ် နှင့် မာနအပြစ် တို့ကို ဆက်ခံထားသူဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှ စိတ်ဓာတ်ခိုင်မာနေစေသနည်းဆိုသည်ကို သူတို့ နားမလည်နိုင်ကြချေ။

ဤသည်မှာ ဝေ့ဝူယင်၏ ကိုယ်ပိုင် အားသာချက်ပင် ဖြစ်ပေလိမ့်မည်။

***

All Chapters