အခန်း (၁၉၈၃-၁၉၈၄)
Vol. 142 Ch. 1983-1984
အပိုင်း(၁၉၈၃)
'ဒါပေမဲ့ ငါ ဘယ်လိုလုပ်ပြီး...'
ဝေ့ဝူယင်၏ စိတ်အာရုံ နှစ်ခုလုံးမှာ အတွေးမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေတော့သည်။
"ဘာဖြစ်လို့လဲ"
ဝေ့ဝူယင် စိတ်စွမ်းအင်များကို ပုံမှန်မဟုတ်ဘဲ အလွန်အကျွံ အသုံးပြုနေသည်ကို 'ကောင်းကင် စစ်ဝိညာဉ်' သိသိသာသာ ခံစားလိုက်ရသည်။ ထို့ကြောင့် သူမ၏ အသိစိတ် အတွင်း၌လည်း စိတ်စွမ်းအင် မုန်တိုင်းများ ဖြစ်ပေါ်လာသလို 'ဧဒင်နန်းတော်' အတွင်းသို့လည်း စွမ်းအင်များ စီးဆင်းဝင်ရောက်သွားခဲ့သည်။
"ဘာဖြစ်လို့လဲ ဟုတ်လား..."
ဝေ့ဝူယင်က တိုးညှင်းသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"ဘာမှတော့ မဖြစ်ပါဘူး... ဒါပေမဲ့ ငါ အခက်အခဲ တစ်ခုတော့ ကြုံနေရတယ်"
"အိုး..."
ဝေ့ဝူယင်၏ စကားကို ကြားသောအခါ ကောင်းကင် စစ်ဝိညာဉ်မှာ ထူးထူးခြားခြား စိတ်ဝင်တစား ဖြစ်သွားသည်။ သူမသည် စစ်မျိုးစေ့မှ မွေးဖွားလာပြီး သူမ၏ အသွင်ကူးပြောင်းမှု စတင်ရန် စောင့်ဆိုင်းနေရသဖြင့် ပျင်းရိ ငြီးငွေ့နေခဲ့ခြင်း ဖြစ်သည်။
"နင် အခက်အခဲ ရှိနေရင် ငါ သေချာပေါက် ကူညီပေးနိုင်ပါတယ်"
"ဒါဆိုရင်... 'ဉာဏ်အလင်းရ သူတော်စင်' တစ်ယောက်ကို ငါ ဘယ်လို သတ်နိုင်မလဲ"
ဝေ့ဝူယင်က တိုက်ရိုက် မေးလိုက်သည်။
"..."
ကောင်းကင် စစ်ဝိညာဉ်မှာ တိတ်ဆိတ်သွားပြီး သူမ၏ ရွှေရောင် ကိုယ်ထည်ကြီးမှာလည်း တောင့်ခဲသွားသည်။ သူမထံမှ အေးစက်သော လေထုတစ်ခု ထွက်ပေါ်လာ၏။
ဉာဏ်အလင်းရ သူတော်စင် တစ်ယောက်ကို သတ်ဖို့...
"နင်က... သူတော်စင် နွေဦးကွင်းပြင်ကို သတ်ချင်တာလား"
ကောင်းကင် စစ်ဝိညာဉ်တွင် 'ထိန်ကျန့်ဝမ်' ၏ မှတ်ဉာဏ်များ ရှိနေသဖြင့် သူမနှင့် ဝေ့ဝူယင်တို့မှာ 'ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်’ အကြောင်းကို ကောင်းကောင်း သိရှိထားကြသည်။ သူသည် 'အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ' ၏ အဆုံးစွန်သော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထိုဂလက်ဆီမှာ ထိန်ကျန့်ဝမ် 'ရတနာချိုင့်ဝှမ်း ဂလက်ဆီ' မှ ထွက်ခွာပြီးနောက် သွားရောက် လည်ပတ်ခဲ့သော နေရာလည်း ဖြစ်သည်။
ထိန်ကျန့်ဝမ်သည် 'အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ' သို့ သွားရောက်စဉ်က သူ့ကို မဆုံတွေ့ခဲ့သော်လည်း 'ကောင်းကင်နှလုံးသား ဂလက်ဆီ' သို့ လာရောက်စဉ်ကမူ သူ၏ လက်အောက်ငယ်သားနှင့် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ပြီး ခဏတာ ဆက်သွယ်မှု ပြုခဲ့ဖူးသည်။
ထိန်ကျန့်ဝမ်သည်လည်း 'သူတော်စင်' အဆင့်ရှိသူ တစ်ဦး ဖြစ်သဖြင့် ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်သည် သူ၏ ရည်မှန်းချက်များကို ရှင်းပြရန်နှင့် အဖိုးတန် 'ဟင်းလင်းပြင် သင်္ဘော' နှင့် လိုအပ်သော ကိရိယာများကို ပိုင်ဆိုင်ထားသည့် သူ၏ လက်အောက်ငယ်သားများကို အကာအကွယ်ပေးရန်အတွက် ထိန်ကျန့်ဝမ်နှင့် မလွှဲမရှောင်သာ ဆက်သွယ်ခဲ့ရခြင်း ဖြစ်သည်။
ကံကောင်းစွာပင် ထိန်ကျန့်ဝမ်သည် သခင်လေးရှန့်နှင့်အတူ ရှိနေသဖြင့် 'ကောင်းကင်နှလုံးသား ဂလက်ဆီ' အပေါ် လောဘတက်ကာ တစ်စုံတစ်ရာ လုပ်ဆောင်ရန် မရည်ရွယ်ခဲ့ပေ။ သူသည် မူလကပင် လေလွင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး အခြေစိုက်စရာ အမြစ်မရှိသဖြင့် မည်သည့် လက်တုံ့ပြန်မှုကိုမျှ မကြောက်ဘဲ ဂလက်ဆီများစွာကို လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်သူ ဖြစ်သည်။ အထူးသဖြင့် သူသည် 'အရှိန်အဟုန် သာမည အာဏာစက်' ကိုလည်း ပိုင်ဆိုင်ထားလေရာ မည်သည့် ဉာဏ်အလင်းရ သူတော်စင်ကိုမျှ ကြောက်ရွံ့ခြင်း မရှိချေ။
ထိန်ကျန့်ဝမ်သည် ဂုဏ်ဒြပ်ကြီးမားသော နောက်ခံမရှိပါဘဲ သူတော်စင်များနှင့် ဉာဏ်အလင်းရ သူတော်စင်များကြားတွင်ပင် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် သန်မာသူဖြစ်သည်။ အမှန်စင်စစ် ဆိုးရွားလှသော အခြေအနေများကြားမှ ဤအဆင့်သို့ ရောက်ရှိလာခြင်းမှာ အစွမ်းကုန် ချီးကျူးထိုက်သော အောင်မြင်မှုပင်။ သူ၏ နိဂုံးမှာ ဤမျှ ရုတ်တရက် ဆန်သွားခြင်းကသာ နှမြောစရာ ကောင်းလှပေသည်။
"မဖြစ်ဘူး... မဖြစ်နိုင်ဘူး... စမ်းတောင် မစမ်းကြည့်ပါနဲ့..."
ကောင်းကင် စစ်ဝိညာဉ်က အလောတကြီး တားမြစ်လိုက်သည်။ သူမ၏ အသံတွင် စိုးရိမ်ထိတ်လန့်မှုများ အထိုင်းအသား ပါဝင်နေ၏။
"ထိန်ကျန့်ဝမ်နဲ့ မတူတာဘူးနော်... သူတော်စင် နွေဦးကွင်းပြင်ရဲ့ ကျင့်ကြံခြင်းက ကန့်သတ်ခံထားရတာ မဟုတ်ဘူး.... သူက သူ့ရဲ့ 'အစစ်အမှန် ဝိညာဉ်' အဆင့် ကျင့်ကြံခြင်း အခြေခံကို အပြည့်အဝ အသုံးပြုနိုင်တယ်... ဒါကြောင့် စိတ်ရောင်ယောင်မှားမှုတွေက... သူ့အပေါ်မှာ သက်ရောက်မှာ မဟုတ်ဘူး... ထိန်ကျန့်ဝမ်တုန်းက နင် ကံကောင်းသွားတယ်လို့တောင် ပြောလို့ရတယ်... ဒါပေမဲ့ အစစ်အမှန် သူတော်စင်တစ်ယောက်ရဲ့ စွမ်းအားက ခန့်မှန်းလို့ မရနိုင်ဘူး!"
ထိန်ကျန့်ဝမ်နှင့် ပတ်သက်၍ ကောင်းကင် စစ်ဝိညာဉ် ပြောသည်မှာ မမှားပေ။ သူ သေဆုံးခဲ့ရခြင်းမှာ သူ့ ကျင့်ကြံခြင်း အခြေခံကို သူကိုယ်တိုင် ချိပ်ပိတ်ခဲ့ပြီး မသေဆုံးမီ ပြန်လည် မဖွင့်နိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ၎င်းမှာ လူကြီးတစ်ယောက်က သူ၏ လက်ခြေများကို သူကိုယ်တိုင် ဖြတ်တောက်ပစ်လိုက်သကဲ့သို့ပင် အသုံးမဝင် ဖြစ်သွားခြင်းပင်။
"မင်းက ဘယ်တုန်းက ဒီလောက်တောင် အဆိုးမြင်တတ်သွားတာလဲ..."
ဝေ့ဝူယင်က သဘောကျစွာ ပြုံးလိုက်သည်။ ကောင်းကင် စစ်ဝိညာဉ်မှာ ကြောက်တတ်သူ မဟုတ်သော်လည်း အလွန်အမင်း သတိကြီးသူ ဖြစ်သည်။ သူမသည် ဝေ့ဝူယင်ကို ယခင်ကထက် ပိုမို ဂရုစိုက်လာကြောင်း သိသာလှသည်။ ကျောက်တုံးကို ကြက်ဥနှင့် ပေါက်သကဲ့သို့ ဖြစ်စေ၊ နှံကောင်က ရထားလုံးကို တားသကဲ့သို့ ဖြစ်စေ အသက်အန္တရာယ်ကို စတေးမည့် အပြုအမူမျိုး မလုပ်ရန် သူမက အတင်းအကြပ် စည်းရုံးနေတော့သည်။
"နင် နောက်နေတာလား... ငါ့ကို အဲ့လိုမျိုး မခြောက်နဲ့လေ... သူတော်စင် နွေဦးကွင်းပြင်က သာမန် သူတော်စင် မဟုတ်ဘူး... သူက 'အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ' က လာတာ... သူ့ရဲ့ အခြေခံက ပျမ်းမျှထက် ပိုကောင်းလိမ့်မယ်... သူ့ရဲ့ ပိုင်ဆိုင်မှုတွေကလည်း မနည်းဘူး... သူ့မှာ 'သာမည အာဏာစက်' မရှိရင်တောင် 'ကောင်းကင်ဘုံ ရတနာ' ဒါမှမဟုတ် 'အထွတ်အထိပ် ကောင်းကင်ဘုံ ရတနာ' တောင် ရှိနေနိုင်တယ်..."
ကောင်းကင် စစ်ဝိညာဉ်၏ ရှင်းပြချက်မှာ ယုတ္တိရှိပေသည်။ 'အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ' သည် အဂ္ဂိရတ်လမ်းစဉ်တွင် နာမည်ကျော်ကြားသဖြင့် ထိုဂလက်ဆီတွင် ရှင်သန်ကြီးထွားလာသူများသည် သာမန်ထက် ပိုမို ထူးချွန်ကြမည်မှာ အမှန်ပင်။
"နောက်ပြီး မမေ့နဲ့ဦး..."
ကောင်းကင် စစ်ဝိညာဉ်က ထပ်လောင်း ပြောကြားလိုက်သည်။
"နင်က အခုထိ သေမျိုးအဆင့်ပဲ ရှိသေးတယ်... မီးခိုးရောင် နှင်းဆီတောင် သူ့လက်ချက်နဲ့ဆိုရင် တစ်ချက် နှစ်ချက်ထက် ပိုခံနိုင်မှာ မဟုတ်ဘူး... ကျင့်ကြံခြင်း အဆင့်တစ်ခုစီရဲ့ကြားမှာ စွမ်းအားနဲ့ နည်းလမ်းတွေက ချောက်ကမ်းပါးကြီးလို ကွာခြားနေတာ... နင်က 'ကြယ်တာရာ အမြုတေ အဆင့်’ မှာပဲ ရှိသေးတာ... ပြီးတော့ ဒီသူတော်စင် နွေဦးကွင်းပြင်က တစ်ယောက်တည်း လာမှာ မဟုတ်ဘူး။ အဆင့်မြင့် လက်အောက်ငယ်သားတွေလည်း ပါလာမှာ သေချာတယ်... ခုနက ရောက်လာတဲ့သူတွေကို ကြည့်လိုက်ဦး၊ အရင်က ဆုံခဲ့တဲ့သူ အပါအဝင် အနည်းဆုံး 'ကောင်းကင် ရှန့်ထို' သုံးယောက်တောင် ပါတာ"
"တကယ်လို့ ငါက အားသာချက် အားနည်းချက်ကို ညီမျှအောင် လုပ်နိုင်ရင်ရော..."
ဝေ့ဝူယင်သည် သူတော်စင် နွေဦးကွင်းပြင်နှင့် အပေါင်းအပါများ ရှိနေသော တြိဂံပုံ 'ဟင်းလင်းပြင် သင်္ဘော' ကို စိုက်ကြည့်လိုက်သည်။
"နင်က ကောင်းကင်နှလုံးသား ဂလက်ဆီရဲ့ ကောင်းကင်ဘုံ တားမြစ်ချက်ကို အသုံးချပြီး သူ့ကို ဥပဒေသတွေ သုံးလို့မရအောင် လုပ်ဖို့ စဉ်းစားနေတာလား... သူ့ကို အထဲကို မျှားခေါ်မလို့လား... မမိုက်နဲ့ ကောင်လေး... သူတော်စင်တစ်ယောက်ရဲ့ အင်အားက ဥပဒေသတွေကို နားလည်မှုပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူး... သူတို့ရဲ့ လျှို့ဝှက်လမ်းစဉ် အပေါ် နားလည်မှုက အထွတ်အထိပ်မှာ ရှိနေတာ... ဥပဒေသတွေကို နားလည်နိုင်စွမ်း ဆိုတာက 'ပဲ့တင်ထပ် ဝိညာဉ် အဆင့်' ကို ရောက်နိုင်မယ့် ထူးချွန်တဲ့ သူတော်စင်လား၊ သာမန်လားဆိုတာကိုပဲ ခွဲခြားပေးနိုင်တာ... 'ကောင်းကင်ဘုံ တားမြစ်ချက်' ထဲမှာတောင် သူတို့က 'လျှို့ဝှက် နယ်မြေ' တွေကို အပြည့်အဝ သုံးနိုင်သေးတယ်..."
"နောက်ပြီး နင့်ရဲ့ အကြီးမားဆုံး အင်အားဖြစ်တဲ့ 'သာမည ဥပဒေသ' တွေလည်း ကန့်သတ်ခံရမှာပဲ..."
ကောင်းကင် စစ်ဝိညာဉ်သည် တိုက်ခိုက်ရေးနှင့် ပတ်သက်လျှင် အလွန်အမင်း ဗဟုသုတ ကြွယ်ဝသူ ဖြစ်ပြီး နယ်ပယ်အသီးသီး၏ အင်အား ကွာခြားချက်များကိုလည်း ကောင်းကောင်း နားလည်ထားသူ ဖြစ်သည်။
သူမ ပြောသည်မှာ အမှန်တရားနှင့် နီးစပ်လှပေသည်။ သူတော်စင် အများစုမှာ မည်သည့် ဥပဒေသအပေါ်မှ 'သာမည အာဏာစက်' မရှိကြဘဲ ဥပဒေသများ၏ အကူအညီဖြင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော သူတို့၏ 'လျှို့ဝှက် နည်းလမ်း’ များအပေါ်တွင်သာ အဓိက အားကိုးကြခြင်း ဖြစ်သည်။ အကယ်၍ ဥပဒေသများသည် 'လျှို့ဝှက် အာဏာရှင် နယ်ပယ်' ၏ အဆင့်များကြားတွင် တံတားသဖွယ် မရှိမဖြစ် မလိုအပ်ခဲ့ပါက ၎င်းတို့သည် ဤနယ်ပယ်တွင် အရေးပါမှု များစွာ လျော့နည်းသွားပေလိမ့်မည်။
"..."
ဝေ့ဝူယင်သည် ထိုဖြစ်နိုင်ခြေများကို စဉ်းစားပြီးသား ဖြစ်သည်။ သူသည် သားရဲများကို အသုံးချရန်ပင် စဉ်းစားခဲ့သော်လည်း ထိုမျှ အင်အားကြီးသော သားရဲများမှာ သူ၏ ရိုးရှင်းသော အစီအစဉ်များတွင် အလွယ်တကူ ကျဆုံးမည် မဟုတ်ကြောင်း သိရှိထားပေသည်။
***
အပိုင်း(၁၉၈၄)
ကောင်းကင် စစ်ဝိညာဉ်၏ သတိပေးချက်များ ကြားနေရစဉ်အတွင်းမှာပင် ဝေ့ဝူယင်သည် သူ၏ 'ဒုတိယ စိတ်အာရုံ' အကူအညီဖြင့် ဖြစ်နိုင်ခြေရှိသော အစီအစဉ် ၆၇ ခုကို ရေးဆွဲခဲ့သော်လည်း ၎င်းတို့အားလုံးမှာ ပြိုင်ဘက်၏ အလွန်အမင်း သာလွန်သော အင်အားနှင့် မရေရာသော အချက်များကြောင့် ပယ်ဖျက်ခြင်း ခံခဲ့ရသည်။
ဝေ့ဝူယင် သူတော်စင် နွေဦးကွင်းပြင်ကို ထိပ်တိုက်ရင်ဆိုင်ရန် အလေးအနက် စဉ်းစားနေသည်ကို မြင်သောအခါ ကောင်းကင် စစ်ဝိညာဉ်မှာ မနေနိုင်ဘဲ ပြောလိုက်လေ၏။
"နင် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းပြီးတဲ့အထိ စောင့်ရင် မရဘူးလား... အဲ့ဒီအချိန်ကျရင် လျှို့ဝှက်တာအိုထဲကို ဝင်ရောက်သွားပြီ ဆိုတော့ သူတော်စင်တစ်ယောက်ကို အနိုင်ယူဖို့ အခွင့်အလမ်း ပိုများလာမှာပါ... အခု ဘာမှ လုပ်စရာ မလိုပါဘူး..."
ဝေ့ဝူယင်သည် သေမျိုးတစ်ဦးအဖြစ် ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်တစ်ဆင့်သို့ တက်လှမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဝေ့ဝူယင်သည် ဤအချက်ကို သဘောတူပေလိမ့်မည်။ သူသည် အနိုင်မရနိုင်သော အစီအစဉ်များ မချမှတ်မီအထိ စောင့်ဆိုင်းနိုင်သူ ဖြစ်သည်။ သို့သော် သူ၏ ဘဝတွင် ဤအရာမှာ အလှည့်အပြောင်း တစ်ခု ဖြစ်လာလိမ့်မည်ဟု သူ မရေမရာ ခံစားနေရသည်။
ဤသည်မှာ အခွင့်အရေး တစ်ခုပင်။
၎င်းမှာ မသေချာ မရေရာသော်လည်း 'အပြစ်သား သွေးမျိုးဆက်' သို့မဟုတ် 'ကောင်းကင်တာအို' များထံမှ လာခြင်း မဟုတ်ကြောင်း သူ သိနေသည်။ ၎င်းမှာ သူ၏ ဝိညာဉ်အတွင်းပိုင်းမှ၊ သူ၏ ဖြစ်တည်မှု အခြေခံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
ဝေ့ဝူယင် မသိရှိလိုက်ခင်မှာပင် တည်ရှိမှု နှစ်ခုမှာ ဤအခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ တစ်ဦးမှာ နူးညံ့ပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော်လည်း အခြားတစ်ဦးမှာမူ တည်ကြည်ပြီး ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။
ဤအချိန်တွင်ပင် ကောင်းကင် စစ်ဝိညာဉ်မှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။
"နင်က သေမျိုး အထွတ်အထိပ် အဆင့်မှာပဲ ရှိသေးတယ်... သူက အထွတ်အထိပ် အာဏာရှင်... နင် လျှို့ဝှက် နည်းလမ်းတွေကို နားလည်သွားတဲ့အထိ စောင့်ပါ... အဲ့ဒီအခါကျမှ သူတော်စင် နွေဦးကွင်းပြင်ကို သတ်ရမယ်ဆိုရင်တောင် ငါတို့ အစီအစဉ်ကို သေချာလေး ချနိုင်မှာပါ... ငါလည်း အစွမ်းကုန် ကူညီမယ်၊ ပြီးတော့ စစ်အလံ... နင့်ရဲ့ လက်အောက်ငယ်သားတွေနဲ့ အသွင်ပြောင်းပြီးတဲ့ ပိုင်လင်တို့ ပါလာရင် လွတ်လမ်းမရှိတဲ့ ထောင်ချောက်တစ်ခုကို ငါတို့ အလွယ်တကူ ဆင်နိုင်မှာပါ..."
ကောင်းကင်စစ်ဝိညာဉ်သည် ဝေ့ဝူယင်က အဘယ်ကြောင့် သူတော်စင် နွေဦးကွင်းပြင်ကို သတ်ချင်ရသလဲဟု မမေးတော့ပေ။ ၎င်းမှာ အရေးမကြီးတော့ပေ။ သူ၏ ရုတ်တရက် စိတ်လိုက်မာန်ပါ ဖြစ်မှုကြောင့် ဖြစ်စေ သို့မဟုတ် 'ကောင်းကင်နှလုံးသား ဂလက်ဆီ' တွင် နွေဦးကွင်းပြင် နှစ်ပေါင်းများစွာ မြှုပ်နှံထားသော ကြိုးပမ်းအားထုတ်မှုများကို သိမ်းပိုက်ရန် ဖြစ်စေ၊ မည်သည့် အကြောင်းကြောင့်ဖြစ်စေ အရေးမကြီးပေ။
"..."
ဝေ့ဝူယင်က သူ့ ခြေထောက်အောက်ရှိ ကျောက်သား ဂြိုဟ်သိမ်လေးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက်... သူက တိုးညှင်းစွာ ရေရွတ်လိုက်၏။
"အထွတ်အထိပ် သေမျိုး... အထွတ်အထိပ် အာဏာရှင်..."
ဤအချိန်တွင် သူ၏ 'ဒုတိယ စိတ်အာရုံ' သည် အခြားသော အစီအစဉ် ၄၂ ခုကို ရေးဆွဲပြီး ပယ်ဖျက်ပြီး ဖြစ်သည်။ အောင်မြင်မှု ရာခိုင်နှုန်း မြင့်မားနိုင်သော အစီအစဉ် တစ်ခုတော့ ရှိသော်လည်း ၎င်း၏ အကျိုးဆက်မှာ 'ကောင်းကင်နှလုံးသား ဂလက်ဆီ' ၏ အစိတ်အပိုင်း အတော်များများကို ပျက်စီးသွားစေနိုင်သည်။ သို့သော် အသက်ဘေးမှ လွတ်မြောက်နိုင်သော အချက်များ ပါဝင်သဖြင့် ၎င်းကို အဓိက အစီအစဉ်အဖြစ် မဟုတ်ဘဲ အရေးပေါ် အရန်အစီအစဉ်အဖြစ် ထားရှိရန်သာ အကောင်းဆုံး ဖြစ်သည်။
သခင်လေးရှန့်မှာလည်း လေးလံသော အငွေ့အသက်ကို ခံစားမိသဖြင့် တိတ်ဆိတ်နေတော့သည်။ သူသည် ဝေ့ဝူယင်က 'အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ' သို့ ဝင်ရောက်နိုင်ရန်အတွက် 'လောကရှန့်ထို အဂ္ဂိရတ် ပညာရှင်' အဖြစ် သူတော်စင် နွေဦးကွင်းပြင်နှင့် စတင် ဆက်သွယ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
အမှန်စင်စစ် ဝေ့ဝူယင်သည် 'အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ' ကို ယွီစွန်းလီအား ပေးထားခဲ့သော ကတိကို ဖြည့်ဆည်းရန်နှင့် ကြီးမားသော စားပွဲကြီးတစ်ခု ကျင်းပရန် စင်မြင့်အဖြစ် အသုံးချရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သူတော်စင် နွေဦးကွင်းပြင်၏ ဂုဏ်သတင်းကို အသုံးချကာ 'လျှို့ဝှက်လောက' အဆင့်ရှိ ပစ္စည်းများကို ရောင်းချမည်ဟု အကြောင်းပြလျက် အခြားဂလက်ဆီများမှ အဆင့်မြင့် ပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး သူ၏ ဂုဏ်သတင်းကို လျင်မြန်စွာ ပျံ့နှံ့စေရန် သူ မျှော်လင့်ထားခဲ့သည်။ ကံမကောင်းစွာဖြင့် 'အပြစ်၏ မြူတိမ်' က ထိုအရာအားလုံးကို ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။
"ဟက်..."
ဘုရင်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"အို..."
ဝေ့ဝူယင်၏ မျက်လုံးများ တောက်ပသွားသည်။
"ဝုန်း..."
ခရာတိုက ထပ်မံ အားဖြည့်ပေးလိုက်ရာ သူ၏ ရင်ဘတ်အတွင်း၌ ပြင်းထန်သော လှိုင်းလုံးများ ရိုက်ခတ်သွားသည်။
ဝေ့ဝူယင်၏ မျက်လုံးအတွင်းရှိ အလင်းတန်းမှာ ပိုမို ပြင်းထန်လာ၏။
"ရတာပေါ့... ရတာပေါ့... လုပ်ကြစို့..."
အိုရီက စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်သည်။ သူ၏ ငွေရောင်မျက်ဝန်းအတွင်းရှိ အလင်းတန်းမှာ အပြင်သို့ပင် လျှံထွက်လုနီးပါး ဖြစ်နေပြီး သူ၏ 'ဝိညာဉ် အင်အား' မှာ ယခင်ကကဲ့သို့ အကန့်အသတ်သို့ ရောက်ရှိနေသကဲ့သို့ပင်။
"တစ်ခုက အရမ်း ရှုပ်ထွေးနေရင် အဲ့တာကို ရိုးရှင်းအောင်ပဲ လုပ်လိုက်ပါ... ခင်ဗျား အရင်က ပြောခဲ့ဖူးတယ် မဟုတ်လား"
ဧဒင်က တိုးညှင်းစွာ သက်ပြင်းချရင်း အကြံပေးလိုက်သည်။ ၎င်းသည် သူ၏ ညီအစ်ကို မောင်နှမများကို သဘောတူခြင်း ရှိမရှိ ပြောရန် ခက်ခဲလှသည်။
"မင်းတို့ ပြောတာ မှန်တယ်"
ဝေ့ဝူယင်က အပေါ်သို့ မော့ကြည့်လိုက်၏။ သူ၏ မျက်ဝန်းအတွင်းရှိ တောက်ပမှုများမှာ ပေါင်းစည်းသွားကာ ငွေရောင်မျက်ဝန်းများကို အတိုင်းအဆမရှိ ဆွဲဆောင်မှုရှိသော အလှတရားအဖြစ် ပြောင်းလဲပေးလိုက်သည်။
"နင် ဘာလုပ်ဖို့ စဉ်းစားနေတာလဲ..."
ကောင်းကင် စစ်ဝိညာဉ်၏ ရွှေရောင် ကိုယ်ထည်ကြီးမှာ အမည်မဖော်နိုင်သော တုန်ယင်မှုကို ခံစားလိုက်ရသည်။
ဝေ့ဝူယင်က ယုံကြည်မှုနှင့် ပြတ်သားမှုတို့ ပါဝင်သော အပြုံးတစ်ခုကို ပြသလိုက်ရင်း ပြန်ဖြေလိုက်လိုက်လေ၏။
"ရိုးရှင်းအောင်ပဲ လုပ်မယ်..."
"..."
ကောင်းကင် စစ်ဝိညာဉ်။
...
တြိဂံပုံ 'ဟင်းလင်းပြင် သင်္ဘော' အတွင်း၌မူ နူးညံ့သော အသံတစ်ခုသည် မွေးရာပါ ခန့်ညားထည်ဝါမှုများနှင့်အတူ ထွက်ပေါ်လာလေ၏။
"အဲ့ဒီ... အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဆိုတဲ့သူက ဘယ်မှာလဲ"
....
ကောင်းကင်နှလုံးသား ဂလက်ဆီ ၏ အစွန်အဖျား၊ ဂလက်ဆီ အလွှာ၏ အပြင်ဘက်...
ကောင်းကင် တားမြစ်ချက်၏ ထိန်းချုပ်နယ်မြေ အစွန်းပိုင်း၊ မိုင်ပေါင်း တစ်သောင်းနှစ်ထောင်ခန့် အကွာတွင် တြိဂံပုံ 'ဟင်းလင်းပြင် သင်္ဘော' တစ်စီး ရှိနေသည်။ ၎င်းမှာ 'အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ' အတွင်း၌ ပိုင်ရှင်၏ အဆင့်အတန်းနှင့် ထူးကဲသော ဟင်းလင်းပြင် ဖြတ်သန်းနိုင်စွမ်းတို့ကြောင့် ကျော်ကြားသော သူတော်စင် နွေဦးကွင်းပြင်၏ နွေဦးလေပြည် သင်္ဘောပင် ဖြစ်သည်။
ယာယီ သင်္ဘောကပ္ပတိန်အဖြစ် တာဝန်ယူထားသော လူလတ်ပိုင်း အမျိုးသားနှင့် သင်္ဘောသား အားလုံးမှာ ရိုသေပျူငှာစွာ ကြိုဆိုနေကြပြီး ရောက်ရှိလာသူ လေးဦးကို ကြည်ညိုလေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။
အဓိက ဝင်ပေါက်တွင် ခမ်းနားစွာ ကြိုဆိုပြီးနောက်၊ အသစ်ရောက်လာသော အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူသည် မွေးရာပါ ခန့်ညားထည်ဝါမှုများနှင့်အတူ ရှေ့သို့ လှမ်းတက်လာသည်။ သူ၏ အော်ရာနှင့် အမူအရာတို့က ဤနေရာမှာ သူပိုင်ဆိုင်သော နေရာဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိ ဖော်ပြနေသည်။ အမှန်တကယ်လည်း သူပိုင်ဆိုင်ခြင်းပင်။
"အဲ့ဒီ...'အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဆိုတဲ့သူက ဘယ်မှာလဲ"
ခေါင်းဆောင်ဖြစ်သူက နွေဦး၏ နွေးထွေးမှုမျိုး ပါဝင်သော နူးညံ့သိမ်မွေ့သည့် အသံဖြင့် မေးလိုက်သည်။ သူ စကားပြောလိုက်သောအခါ လူတိုင်းမှာ စကားလုံး တစ်လုံးချင်းစီကို မလွတ်တမ်း နားထောင်နေကြရသည်။
သူသည် အသက်နှစ်ဆယ်ကျော်အရွယ် ခန့်ညားသော လူငယ်တစ်ဦးဖြစ်ပြီး မည်သည့် အိုမင်းရင့်ရော်သည့် လက္ခဏာမျှ မရှိပေ။ သူ၏ ဝါဖျော့ဖျော့ အသားအရေမှာ နုပျိုခြင်း၊ လှပခြင်း၊ သန့်ရှင်းခြင်းနှင့် ကျန်းမာခြင်းတို့၏ ပြယုဂ်ပင်။ သဘာဝအလျောက် တောက်ပနေသော၊ ငွေရောင် အလင်းတန်းလေးများ ပါဝင်သည့် ပြာလဲ့လဲ့ မျက်ဝန်းတစ်စုံမှာ နွေဦးကဲ့သို့ ထူးခြားလှပသော်လည်း သူ၏ အလှမှာ မိန်းမဆန်သော အလှမျိုး မဟုတ်ဘဲ မည်သည့်ရှုထောင့်ကကြည့်ကြည့် အမျိုးသားတစ်ဦး ဖြစ်ကြောင်း ငြင်းဆို၍ မရနိုင်ပေ။
သူသည် ပုလဲရောင် သွားအစုံဖြင့် အမြဲတမ်း ပြုံးယောင်သန်းနေတတ်သည်။ သူ၏ ဝတ်ရုံမှာ နွေဦး၏ နွေးထွေးသော အရောင်များ ဖြစ်သည့် ဘိန်းပန်းနီရောင်၊ နှင်းပန်းဝါရောင်၊ ကောင်းကင်ပြာရောင်နှင့် မက်မွန်ရောင်တို့ ရောယှက်နေသည်။ နဖူးတွင် ပန်းပွင့်ပုံစံများပါသော ခေါင်းစီးကို စည်းထားပြီး သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ရနံ့မှာ စိတ်ကို ကြည်လင် အပန်းပြေစေသည်။
'အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ' ရှိ နေထိုင်သူ အများစုမှာ ဤထူးခြားသော လူငယ်လေးကို ရှေးဟောင်းနှင့် ကျော်ကြားလှသော သူတော်စင် နွေဦးကွင်းပြင် အဖြစ် မှတ်မိကြပေလိမ့်မည်။
သူတော်စင် နွေဦးကွင်းပြင်၏ ကိုယ်စား ယာယီ တာဝန်ယူထားသော ကပ္ပတိန် လူလတ်ပိုင်း အမျိုးသားမှာ အလောတကြီးပင် ပြန်လည် ဖြေကြားလိုက်၏။
"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတင်ပဲ ကိုယ့်ကိုယ်ကိုယ် 'အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို' လို့ ခေါ်တဲ့သူက ကောင်းကင်နှလုံးသား ဂလက်ဆီ ထဲကို ဝင်သွားပါတယ်.... သူက အစကတည်းက သူ့ရဲ့ အော်ရာကို မဖုံးကွယ်ထားတဲ့အတွက် သူ့ရဲ့ တည်နေရာက ကောင်းကင်နှလုံးသား ဂလက်ဆီရဲ့ အလွှာအနီးမှာ ရှိနေပါတယ်"
***