အခန်း (၄၃၇-၄၃၈)
Vol. 32 Ch. 437-438
အပိုင်း(၄၃၇)
ဂရက် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း အိမ်စေအိုကြီးမှာ ထိုလူငယ်ကို မြင်သည်နှင့် ချက်ချင်းပင် ကျိပိုတုန်၏ ရှေ့သို့ အပြေးအလွှား သွားလိုက်ပြီး ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်တော့သည်။
“သူပဲ... သူ့ကို တားကြစမ်း... သူ့ကို အနားမလာခိုင်းနဲ့... သူက ကျွန်တော့်ကို ဓားနဲ့ ခြိမ်းခြောက်ပြီး သတိမေ့အောင် လုပ်ခဲ့တာ... သခင်ကြီး... သူက ဂရက် အစစ်မဟုတ်ဘဲ လုပ်ကြံသတ်ဖြတ်သူ ဖြစ်နေနိုင်တယ်...”
လဲကျနေသော အစေခံများမှာ ချက်ချင်းပင် နိုးကြားလာကြပြီး ဂရက်ကို ဝိုင်းဖမ်းရန် အပြေးအလွှား လာကြသဖြင့် အခြေအနေမှာ တစ်ကျော့ပြန် ရှုပ်ထွေးသွားပြန်သည်။
ဂရက်မှာ ဘာလုပ်ရမှန်းမသိဘဲ ကြောင်နေတော့၏။ လင်းကျဲမှာ ဘာတွေဖြစ်ခဲ့သည်ကို အတိအကျ မသိသော်လည်း ဤလူငယ်နှင့် အချိန်အတော်ကြာ လက်တွဲခဲ့ဖူးသဖြင့် ယင်းမှာ နားလည်မှုလွဲခြင်းသာ ဖြစ်မည်ဟု ယေဘုယျအားဖြင့် ခန့်မှန်းမိလိုက်သည်။
သူသည် ရယ်ရခက် ငိုရခက် ဖြစ်နေသော အမူအရာဖြင့် ရှင်းပြရန် ကြိုးစားလိုက်၏။
“အိမ်စေကြီး... ခင်ဗျား နားလည်မှု လွဲနေတာ ဖြစ်ပါလိမ့်မယ်... သူက ကျွန်တော့်ဆီ လာတာပါ... ပြီးတော့ သူက ကလေးပဲ ရှိပါသေးတယ်၊ ခင်ဗျားကို ဘယ်လိုလုပ် သတိမေ့အောင် လုပ်နိုင်မှာလဲ...”
အိမ်စေအိုကြီးမှာ ယခင်က အမှန်တကယ် ထိတ်လန့်သွားခဲ့သော်လည်း သူ၏ လည်ပင်းကို ဓားဖြင့် ထောက်ခဲ့သူမှာ မည်သူဖြစ်ကြောင်း သူ အသေအချာ မှတ်မိနေသည်။
“မဟုတ်ဘူး... ကျွန်တော် တကယ်ကို သေချာပါတယ်... သူပါပဲ... မစ္စတာလင်... သူ့ရဲ့ လှည့်စားမှုကို မယုံပါနဲ့...”
လင်းကျဲသည် ပခုံးတွန့်လိုက်ပြီး ဤအိမ်၏ သခင်ကြီးထံသို့ အကူအညီတောင်းသော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
ကျိပိုတုန်က ချက်ချင်းပင် ရှေ့သို့ တိုးလာပြီး ဆို၏။
“တော်ပြီ... သူတို့နှစ်ယောက်လုံးက ငါတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေပဲ... ဒါက နားလည်မှုလွဲတာ သေချာပါတယ်... အဲလ်ဘတ်... မင်း မှားနေတာ ဖြစ်ပါလိမ့်မယ်... အခုလောလောဆယ်တော့ စားသောက်ပွဲ ကျင်းပတဲ့ နေရာကို သွားပြီး ဧည့်သည်တွေကို အရင် နှစ်သိမ့်လိုက်ပါဦး”
သဘာဝကျစွာပင် အိမ်စေအိုကြီး အဲလ်ဘတ်သည် သူ့ သခင်၏ အလိုကို မဆန့်ကျင်နိုင်ချေ။ ထို့ကြောင့် သူသည် ဂရက်ကို ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်လိုက်သော်လည်း ဇွဲမလျှော့ဘဲ ပြောလိုက်သေးသည်။
“ဟုတ်ကဲ့ပါ သခင်ကြီး... ဒါပေမဲ့... လူဆိုတာ အန္တရာယ်ရှိတဲ့ နေရာမှာ မနေသင့်ဘူးလို့ ပြောကြပါတယ်... ကျွန်တော့်ရဲ့ သစ္စာရှိမှုနဲ့ တောင်းဆိုပါရစေ၊ ဓားကိုင်ထားတဲ့ လူတစ်ယောက်နဲ့ အခန်းတစ်ခန်းတည်းမှာ မနေပါနဲ့”
အပြင်ဘက်ရှိ ဧည့်သည်များထံမှ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သံများကိုလည်း ကြားနေရသည်။ ရုတ်တရက် ငလျင်လှုပ်လိုက်ခြင်းကြောင့် လူအများအပြား ထိတ်လန့်သွားကြပုံရသည်။
စားသောက်ပွဲမှာ ခေတ္တမျှ ရပ်တန့်သွားရ၏။
ကျိကျစ်ရှို့ ကျိပိုတုန်၏ အနားသို့ သွားလိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။
“အဖေ... ကျွန်မတို့ အရင်ထွက်သွားကြရအောင်... အပြင်က ဧည့်သည်တွေကိုလည်း ရှင်းပြဖို့ လိုသေးတယ်”
ကျိပိုတုန်သည် အလွန်အမင်း ပျာယာခတ်နေသော ဂရက်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော်တို့ အချိန်အကြာကြီး အတူမနေပေးနိုင်တာ ခွင့်လွှတ်ပါ မစ္စတာလင်..."
လင်းကျဲကလည်း နားလည်ကြောင်း ပြသလိုက်၏။
"သွားပါ၊ သွားပါ... နောက်မှ ပြန်လာပြီး ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျွန်တော့်ကို ပြောပြရင် ပိုကောင်းတာပေါ့"
‘ဘာတွေဖြစ်ခဲ့သလဲဆိုတာ... ခင်ဗျားအသိဆုံး မဟုတ်ဘူးလား...’
ကျိပိုတုန် စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း မျက်နှာတွင်မူ ယဉ်ကျေးပျူငှာသော အပြုံးကို ဆက်လက်ထိန်းထားဆဲပင်။
"အခြေအနေအမှန်ကို စုံစမ်းဖို့ လူလွှတ်လိုက်ပါ့မယ်... ဂရက်နဲ့ စကားပြောလို့ ပြီးသွားရင် ကျွန်တော် အကျိုးအကြောင်း ပြန်ပြောပြပါ့မယ်..."
ကျိသားအဖနှင့် အိမ်စေကြီး ထွက်သွားပြီးနောက် ကျန်ရှိသော အစေခံများလည်း လိုက်သွားကြသည်။ ဘေးခန်းထဲတွင် ဂရက်နှင့် လင်းကျဲ နှစ်ဦးတည်းသာ ကျန်ရစ်တော့၏။
လင်းကျဲ အသက်ကို ခပ်ပြင်းပြင်းရှူကာ ပြန်ထိုင်လိုက်သည်။ ထို့နောက် သူကိုင်ထားသော နာရီကလေးပေါ်မှ ဖုန်များကို မသိမသာ သုတ်လိုက်၏။
"ကဲ... ပြောပါဦး... ဘာတွေများ အရေးကြီးနေလို့ အိမ်စေကြီးတောင် အဲဒီလောက် ထိတ်လန့်သွားအောင် ပျာယာခတ်နေရတာလဲ..."
လင်းကျဲသည် လူကြီးတစ်ယောက်အနေဖြင့် ကလေးတစ်ယောက်ရှေ့တွင် ဘာမှမသိသလိုမျိုး မဖြစ်ချင်ချေ။ သူက လည်ချောင်းကို တစ်ချက်ဟန့်ကာ တည်ငြိမ်ဟန်ဆောင်ပြီး အကြံပေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မပျာယာပါနဲ့... အရာရာတိုင်းမှာ အဖြေရှိပါတယ်... တည်တည်ငြိမ်ငြိမ် နေတာက အမြဲတမ်း အလုပ်မဖြစ်နိုင်ပေမဲ့ ပျာယာခတ်နေတာထက်တော့ အများကြီး သာပါတယ်... မင်းမှာ အခက်အခဲ ဒါမှမဟုတ် ပြဿနာရှိရင် ငါ့ကို အမြဲပြောပြလို့ရတယ်လို့ ငါ ပြောဖူးတယ်မဟုတ်လား"
"ရှေးစကားပုံ ရှိသားပဲ၊ တံတားရောက်မှ ပျဉ်ခင်းတာပေါ့၊ ဟုတ်တယ်မလား... ငါ တတ်နိုင်သမျှ ကူညီပေးပါ့မယ်"
လင်းကျဲက ဂရက်ကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။ ထိုလူငယ်လေးသည် သတိပြန်ဝင်လာသော်လည်း ပို၍ပင် ဇဝေဇဝါ ဖြစ်နေပုံရသည်။ သူက ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ရင်း ပြောင်းလဲသွားပုံရသော အချိန်ကာလနှင့် အခြေအနေမသိရသေးသော သူ၏ဆရာအကြောင်းကို တွေးတောနေမိသည်။
နောက်ဆုံးတွင် သူက စိုးရိမ်တကြီးဖြင့် စကားများ ထစ်အငေါ့နေတော့၏။
"ဟုတ်ကဲ့... ဒါပေမဲ့... ကျွန်တော်... ခင်ဗျား... ခုနက... တောင်းပန်ပါတယ်... ဘယ်လို..."
လင်းကျဲက ထိုလူငယ်ကို နှစ်သိမ့်လိုက်သည်။
"မစိုးရိမ်ပါနဲ့... ဖြည်းဖြည်းချင်း ပြောပါ"
ဂရက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ စကားပြောရန် ပါးစပ်ဟလိုက်စဉ်မှာပင် သူ၏လက်ဖဝါးအတွင်းမှ တုန်ခါသံတစ်ခုက ဖြတ်တောက်လိုက်၏။ ချွေးစေးများဖြင့် စိုစွတ်နေသော လက်ထဲတွင် ဆက်သွယ်ရေးကိရိယာကို တင်းတင်းဆုပ်ကိုင်ထားမိကြောင်း သူ သတိပြုမိသွားသည်။ သူ ငုံ့ကြည့်လိုက်ရာ မျက်နှာပြင်ပေါ်တွင် ‘မျှော်စင်’ ဟူသော အမည် ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ယင်းမှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ဝန်ထမ်းများ အရေးပေါ် အကြောင်းကြားရန်အတွက် အထူးအသုံးပြုသော ID ဖြစ်သည်။
‘ဆရာကြီး ဂျိုးဇက်တို့ တိုက်ပွဲက အဆုံးသတ်သွားပြီလား...’
"တောင်းပန်ပါတယ်..."
ဂရက်သည် ချက်ချင်း ထရပ်ကာ လင်းကျဲကို ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ လင်းကျဲက ခွင့်ပြုကြောင်း အမူအရာပြသည်နှင့် သူသည် ဘေးခန်းရှိ တံခါးငယ်တစ်ခုမှတစ်ဆင့် အမြန်ထွက်သွားပြီး ဖုန်းကို ဖြေလိုက်တော့သည်။
"အလုပ်သင် သူရဲကောင်း ဂရက်"
တစ်ဖက်မှ သူစိမ်းတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။
ဌာနခွဲမှူး ဝင်စတန် မဟုတ်ချေ...
ဂရက်၏ ရင်ခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားပြီး သူက တိုးတိုးလေး ထူးလိုက်သည်။
"ကျွန်တော်ပါ..."
"မင်းရဲ့ တာဝန်ကို ဖျက်သိမ်းလိုက်ပြီ"
"ဘာဖြစ်လို့လဲ... ဘာကြောင့်လဲ..."
ဖုန်းထဲမှ အေးစက်စက် အသံမှာ အမိန့်တော် တစ်ခုကို ကြေညာနေသကဲ့သို့ပင်။
ဂရက် တစ်ယောက် ကျောထဲတွင် စိမ့်တက် သွားပြီး တုန်ရီနေသော အသံဖြင့် မေးလိုက်၏။
"ကျွန်တော့်ဆရာ ဂျိုးဇက်... ရောင်စဉ် သူရဲကောင်းကြီး ဘယ်လိုနေလဲ..."
"လောလောဆယ်မှာ စစ်မြေပြင်တစ်ခုလုံးကို အီသာစွမ်းအင်တွေ ဖုံးလွှမ်းနေလို့ ငါတို့လူတွေ အဝင်အထွက် လုပ်လို့မရသေးဘူး... ဒါကြောင့် တိကျတဲ့ အဖြေကို မင်းကို မပေးနိုင်သေးဘူး..."
ဂရက်မှာ မှင်တက်သွားပြီး ဘေးရှိ ပြတင်းပေါက်မှ ကုလားကာကို လှန်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ ကောင်းကင်ယံရှိ အက်ကွဲကြောင်းကြီးကို မြင်လိုက်ရချိန်တွင် သူ၏ စိတ်ဓာတ်များ ပြိုလဲသွားရ၏။
"တိုက်ပွဲရလဒ်ကရော ဘယ်လိုရှိလဲ..."
"အီသာ စောင့်ကြည့်ရေးကွန်ရက်ရဲ့ နောက်ဆုံး တိုင်းတာချက်အရ နှစ်ဖက်စလုံး ပျက်စီးသွားပုံရတယ်... မြေပြင် စုံစမ်းစစ်ဆေးရေး ဌာနရဲ့ အစီရင်ခံစာကို ထပ်စောင့်ရဦးမယ်"
ဂရက် တစ်ယောက် ကျောက်ရုပ်ပမာ တိတ်ဆိတ်သွားတော့၏။
‘ပုံရတယ်...’
"ဌာနခွဲမှူး ဝင်စတန်ရော... သူ ဘယ်မှာလဲ..."
အချိန်အတော်ကြာမှ ဂရက် စိတ်ကို တည်ငြိမ်အောင် အားယူလိုက်ရင်း မေးလိုက်သည်။
"အရင်က ကျွန်တော့်ကို သူပဲ ဆက်သွယ်နေကျလေ... အခု ဘယ်လိုဖြစ်လို့..."
"သူက စစ်မြေပြင်အနီးမှာ ရှိနေခဲ့လို့ ထိခိုက်သွားပုံရတယ်... အခု သူ့ကို ဘယ်မှာရှိမှန်း ရှာမတွေ့သေးဘူး"
ဖုန်းထဲမှ အသံမှာ အနည်းငယ်မျှပင် အပြောင်းအလဲ မရှိချေ။
"ကဲ... အလုပ်သင် သူရဲကောင်း... မင်း မေးတာ များလှပြီ... ဂျိုးဇက်က မင်းရဲ့ဆရာဆိုတော့ သတင်းရတာနဲ့ ငါတို့ ချက်ချင်း အကြောင်းကြားပါ့မယ်... ဒါပေမဲ့ အခုလောလောဆယ်မှာ ဝယ်လ်ရဲ့ အစွယ်အပွားတွေကို တားဆီးဖို့ မင်းရဲ့ တာဝန်ဟောင်းကို ဖျက်သိမ်းပြီး တာဝန်သစ်တစ်ခုကို လက်ခံရမယ်..."
"ရှာလော့ကို သတ်ပစ်လိုက်ပါ..."
ဂရက်သည် ဖုန်းကို ချလိုက်သည်။
သူ၏ စိတ်ထဲတွင် ပြင်းထန်သော သံသယများ ပေါ်ပေါက်လာ၏။
‘မဖြစ်နိုင်ဘူး... ဒါက လုံးဝ မဖြစ်နိုင်တာ... မစ္စတာလင် ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုရင် သူက ငါတို့ရဲ့ တောင်းဆိုမှုကို လက်ခံပြီး ဆရာ့ကို ကယ်တင်ခဲ့တာပဲ ဖြစ်ရမယ်...’
နှစ်ဖက်စလုံး ပျက်စီးသွားတယ်ဆိုတာ မဖြစ်နိုင်ချေ။
သို့သော် အကြီးမားဆုံး ပြဿနာမှာ ဂျိုးဇက်၏ အခြေအနေကို မသိရသေးမီမှာပင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် သည် သူ၏ တပည့်ကို ပို၍ အန္တရာယ်ကြီးသော တာဝန်တစ်ခုအား ခိုင်းစေနေခြင်းပင်။
သူတို့သည် ဂရက်၏ နာကျည်းမှုနှင့် လက်စားချေလိုစိတ်ကို အသုံးချနေခြင်းသာ ဖြစ်သည်။
***
အပိုင်း(၄၃၈)
‘တကယ်ကို ကြောက်စရာကောင်းလိုက်တာ...’
ကျိကျစ်ရှို့သည် နောက်ဆုံးရ သတင်းအချက်အလက်များကို လက်ခံရရှိပြီး ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်သုံးသပ်ကြည့်ရာတွင် တစ်ကိုယ်လုံး တုန်ရီလာသည်အထိ ခံစားလိုက်ရသည်။
အခရာအဆင့်များ၏ တိုက်ပွဲကို သူမ ကိုယ်တိုင် မမြင်တွေ့ခဲ့ရသော်လည်း မစ္စတာလင်က 'အချိန်စက်ဝန်း ပိုးကောင်' ပေါ်မှ လက်တံကို လှည့်လိုက်သည်ကိုမူ သူမ မျက်မြင်ပင်။
ဂရက် အပြေးအလွှား ဝင်လာစဉ်က ငိုလုနီးပါး ဖြစ်နေသော အမူအရာကို ကြည့်ခြင်းအားဖြင့် ဂျိုးဇက်သည် ထိုတိုက်ပွဲတွင် အလူးအလဲ ခံနေရပုံရသည်။ အနည်းဆုံးတော့ အချိန်နောက်ပြန်မလှည့်မီက ဖြစ်ပေလိမ့်မည်။
သို့သော် ယခုမူ အခြေအနေကို မည်သူမျှ မသိနိုင်တော့ချေ။ သူတို့ မြင်တွေ့ခဲ့ရသကဲ့သို့ အချိန်နိယာမကို ပိုင်စိုးသော အခရာအဆင့် တစ်ဦးက အချိန်ကို နောက်ပြန်လှည့်လျှင် ယင်းမှာ အချိန်၏ ရေစီးကြောင်း နောက်သို့ စီးဆင်းသွားခြင်းမျှသာ ဖြစ်သည်။ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု မရှိလျှင် အရာအားလုံးမှာ မူလအတိုင်းသာ ပြန်လည် ဖြစ်ပျက်လိမ့်မည် ဖြစ်သည်။
တစ်နည်းအားဖြင့် မစ္စတာလင်သာ တိုက်ပွဲရလဒ်ကို ပြောင်းလဲချင်လျှင် အချိန်နောက်ပြန်လှည့်ရုံဖြင့် မလုံလောက်ချေ။
ထို့ကြောင့် ထို အခရာအဆင့် တည်ရှိမှုကြီးကို မစ္စတာလင်က တမင်လွှတ်ပေးခဲ့ပြီး ဤတိကျသော အချိန်တွင်မှ ထိုသတ္တဝါ သေဆုံးချိန်၌ ထွက်ပေါ်လာသော ကြီးမားလှသော နိယာမ အစွမ်းများဖြင့် ကံကြမ္မာ၏ စက်သွားများကို ပြောင်းလဲပစ်လိုက်ခြင်းပင်။ ဤသည်ကို နာမည်ကျော် ‘ဘတ်တာဖရိုင်း အဖက်ထ်’ ဟု ခေါ်ဆိုနိုင်ပေသည်။
ဤဖြစ်စဉ်တစ်ခုလုံးတွင် အကြောက်စရာအကောင်းဆုံး အချက်မှာ မစ္စတာလင်သည် ထိုသတ္တဝါ၏ လှုပ်ရှားမှုများကို တိကျစွာ တွက်ချက်ထားခြင်းပင်။ ထိုတည်ရှိမှုကို အမြစ်ပြတ် သုတ်သင်ရုံသာမက ဝယ်လ်နှင့် ဂျိုးဇက်တို့၏ ကံကြမ္မာများကိုပါ သူ လိုသလို ကစားခဲ့သည်။
‘သူ စာအုပ်ဆိုင်ထဲကနေ စတင်ခြေလှမ်းလိုက်တည်းကလား... ငါ သူ့ကို ပါတီပွဲဆီကို ဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့တဲ့ အချိန်ကတည်းကလား... ဒါမှမဟုတ် အင်ဒရူးက နာရီကလေးကို ပေးခဲ့တဲ့ အချိန်ကတည်းကလား... ဒါမှမဟုတ် ဝယ်လ်နဲ့ ဂျိုးဇက်တို့ အချင်းချင်း သိကျွမ်းခဲ့တဲ့ အချိန်ကတည်းကလား...’
‘ဘယ်လိုပဲဖြစ်ဖြစ် အရာအားလုံးဟာ မစ္စတာလင်ရဲ့ အစီအစဉ်ထဲမှာ ရှိနေခဲ့တာပဲ...’
ဤသို့ တွေးမိရုံမျှဖြင့် ကျိကျစ်ရှို့ကဲ့သို့ အစွမ်းထက်သူတစ်ဦးပင်လျှင် ကြောက်ရွံ့လွန်းသဖြင့် တုန်လှုပ်သွားခဲ့တော့သည်။ ဤအရာမှာ သာမန်လူတို့ မည်သို့မျှ ရိပ်မိနိုင်မည့် အရာမဟုတ်ချေ။
"သခင်မလေးကျိ..."
ရင်းနှီးလှသော နှုတ်ဆက်သံကြောင့် ကျိကျစ်ရှို့ လန့်သွားရသည်။ သူမ လှည့်ကြည့်လိုက်ရာ လင်းကျဲသည် လက်ထဲတွင် နာရီကလေးကို ကိုင်လျက် ဘေးခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။
"မ... မစ္စတာလင်..."
ကျိကျစ်ရှို့ တစ်ယောက် လက်ပူးလက်ကြပ် အမိခံရသူတစ်ဦးအလား ထိတ်လန့်သွားပြီး ပါးစပ်ကို အုပ်ထားသော လက်ကို အမြန်ချကာ အတင်းပြုံးပြလိုက်သည်။
"ဘာလို့ ထွက်လာတာလဲ... ကျွန်မ ဘာကူညီပေးရမလဲ..."
သူမ၏ အကြည့်မှာ ‘အချိန်စက်ဝန်း ပိုးကောင်’ ဆီသို့ အလိုအလျောက် ကျရောက်သွားပြီး တစ်ကိုယ်လုံး တုန်သွားရသည်။
"ဘာမှမဟုတ်ပါဘူး... မင်း လက်ဆောင်ယူဖို့ မေ့နေတာကို သတိရလို့ပါ... ငါကလည်း ပေးပြီးသားကို လက်ထဲမှာ ကိုင်ထားမိနေသေးတယ်"
လင်းကျဲသည် ကျိကျစ်ရှို့၏ အေးစက်နေသော လက်ကလေးများကို ဆွဲယူကာ နာရီကလေးကို ထည့်ပေးလိုက်သည်။ သူက ပြုံးလျက် ဆိုလိုက်၏။
"ခုနက ငါ လုပ်ပြတာကို ကြည့်ပြီးပြီဆိုတော့ မင်း မကြောက်တော့ဘူး မဟုတ်လား... ကြည့်ပါဦး... ဒါက တကယ်ကို ကြောက်စရာမကောင်းပါဘူး၊ ပြောရရင် သူက အတော်လေးတောင် လိမ္မာပါသေးတယ်"
…
အမှန်တရား အသင်းတော်...
အင်ဒရူးသည် ရာဇီရယ်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါရင်း 'မက်ရှင်းလု' ၏ မြေအောက် အနက်ပိုင်း ရှိရာဆီသို့ ဆင်းသက်လာခဲ့သည်။
သူတို့ ပတ်ပတ်လည်ရှိ စွန့်ပစ်ထားသော ဓာတ်ခွဲခန်းများမှာ တိတ်ဆိတ်ခြောက်ကပ်နေပြီး၊ အထက်မျက်နှာကြက်ရှိ ရှုပ်ထွေးလှသော ချိပ်တံဆိပ်များထံမှ ထွက်ပေါ်လာသည့် အလင်းဖျော့ဖျော့ကသာ လမ်းပြနေသည်။ ဟာလာဟင်းလင်းဖြစ်နေသော စင်္ကြံ လမ်းတစ်လျှောက်တွင် သူတို့၏ သားရေဖိနပ်သံများက တချက်တချက် ပဲ့တင်ထပ်သွားသည်။
ဤနေရာကား နော်ဇင်မြို့ပြအတွင်းမှ မြို့ပြတစ်ခုဖြစ်သော 'မက်ရှင်းလု' ပင် ဖြစ်၏။
မက်ရှင်းလုသည် နော်ဇင်၏ ဗဟိုခရိုင်အောက်တည့်တည့်တွင် တည်ရှိပြီး အထက်ပိုင်းခရိုင်နှင့် အောက်ပိုင်းခရိုင်တို့ကို ဆက်သွယ်ပေးထားသည်။ ဤမြို့ပြ၏ အနိမ့်ဆုံး အမှတ်၌ အောက်ပိုင်းခရိုင်သို့ ဆင်းသက်ရာ တံခါးမကြီးများ ရှိနေပြီး လုံခြုံရေး အလွှာပေါင်းများစွာဖြင့် တင်းကျပ်စွာ ပိတ်ဆို့ထားသည်။ ၎င်းသည် အမှန်တရား အသင်းတော်တစ်ခုလုံး၏ အလုံခြုံဆုံးနှင့် အလျှို့ဝှက်ဆုံး နေရာလည်း ဖြစ်ပေသည်။
အောက်ပိုင်းခရိုင်အတွင်း လေ့လာရေးဆင်းသူများနှင့် 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးရေး အဖွဲ့' မှ သတ်မှတ်ထားသော ဝန်ထမ်းအချို့မှလွဲ၍ ကျန်မည်သူမဆို ဤနေရာကို ဖြတ်ကျော်ရန် ကြိုးစားပါက အမှန်တရား အသင်းတော်၏ အင်အားအလုံးအရင်းဖြင့် ခုခံမှုကို ရင်ဆိုင်ရမည်သာ ဖြစ်သည်။
အမှန်တရား အသင်းတော်၏ ဓာတ်ခွဲခန်းများနှင့် စက်ရုံအားလုံးသည် မက်ရှင်းလုအတွင်း၌ပင် တည်ရှိသည်။ အရည်အသွေးနိမ့် ဖလော်ဆိုဖာ ကျောက်တုံးများ ထုတ်လုပ်ရာ နေရာဖြစ်သလို၊ 'ရွှံ့ရုပ်တု' စီမံကိန်းကို ဖော်ဆောင်ခဲ့ရာ နေရာလည်း ဖြစ်သည်။ ထိုစီမံကိန်းမှတစ်ဆင့် နောက်ဆုံးတွင် S-277 ဟူသော အချောထည် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အောက်ခြေ အနက်ရှိုင်းဆုံး နေရာရှိ နှစ်ပေါင်းများစွာ စွန့်ပစ်ထားသော ကန့်သတ်နယ်မြေများသည် ရာဇီရယ်အတွက် နှစ်ပေါင်းထောင်ချီကြာ ခိုအောင်းရာ ခံတပ်ကြီးသဖွယ် ဖြစ်ခဲ့သည်။ 'မီးလျှံဓားလမ်းစဉ်' နှင့် သူ၏ ကိုယ်ပိုင် ရည်မှန်းချက်များဖြစ်သော အမှန်တရား အသင်းတော်တစ်ခုလုံးကို စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်ရေး၊ ထူးချွန်သော ပညာရှင်များ၏ ဦးနှောက်တည်ဆောက်ပုံကို သုတေသနပြုရေးနှင့် လူသားတုများအတွက် စစ်မှန်သော အသိစိတ်ကို ဖန်တီးပေးနိုင်ရေး စသည်တို့အားလုံးကို ဤနေရာ၌ပင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် ဤနေရာကား အညစ်အကြေးများကို ဖုံးကွယ်ထားရာ တွင်းနက်ကြီးပင် ဖြစ်တော့သည်။
အင်ဒရူးသည် ဗဟိုချက်ရှိ ပျားအုံသဏ္ဌာန် ဓာတ်ခွဲခန်းကြီးကို စိုက်ကြည့်နေမိသည်။ စက်မှုလမ်းကြောင်းများက အခန်းတစ်ခုစီကို လူ့ခန္ဓာကိုယ်မှ အင်္ဂါအစိတ်အပိုင်းများသဖွယ် ဆက်သွယ်ပေးထားပြီး၊ ဝတ်စုံဖြူဝတ် ဆေးဘက်ဆိုင်ရာ ပညာရှင် အမြောက်အမြားမှာမူ မျက်နှာသေများဖြင့် အခန်းများအကြား ကူးသန်းသွားလာနေကြသည်။
ရာဇီရယ် သူတို့ကို ဖန်တီးလိုက်သည့် အချိန်မှစ၍ သူတို့၏ အလုပ်များသည် တစ်စက္ကန့်မျှပင် ရပ်တန့်သွားခြင်း မရှိခဲ့ပေ။
သို့သော် ယနေ့တွင်မူ ထိုသို့ ထုံထိုင်းအေးစက်နေမှုများ အဆုံးသတ်တော့မည် ဖြစ်သည်။ အကြောင်းကား... အမှန်တရား အသင်းတော်သည် မိမိကိုယ်ကိုယ် ဖုံးကွယ်ထားရန် မလိုအပ်တော့သောကြောင့်ပင်။
အင်ဒရူး၏ ရင်ထဲတွင် မအောင့်နိုင်သော စိတ်လှုပ်ရှားမှုများ ဝေစီလာပြီး ရာဇီရယ်၏ နောက်မှ လိုက်ပါရင်း အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူသည် အမှန်တရား အသင်းတော်၏ ဗဟိုချက်ဆီသို့ တရွေ့ရွေ့ နီးကပ်လာနေပြီး အာဏာနှင့် လုပ်ပိုင်ခွင့်များ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဟု ခံစားနေရသည်။
ဝုန်း... ဝုန်း...
အထက်ဖက်ဆီမှ ပြိုကျပျက်စီးသံကဲ့သို့သော တုန်ခါမှုကြီး ထွက်ပေါ်လာပြီး ဖုန်မှုန့်များ ဝဲပျံကျဆင်းလာသည်။
ရှေ့မှ ဦးဆောင်နေသော ရာဇီရယ်က ခြေလှမ်းတစ်ချက်မျှ မပျက်ဘဲ …
"စိတ်ဝင်စားစရာပဲ... ဟိုနှစ်ယောက် တစ်ပြိုင်တည်း 'အခရာ အဆင့်' ကို တက်လှမ်းသွားကြပြီ"
‘ဟိုနှစ်ယောက်လား... ဂျိုးဇက်နဲ့ ဝယ်လ်လား...’
အင်ဒရူး အံ့အားသင့်သွားမိ၏။
‘မစ္စတာလင်က သူတို့ကို တစ်ပြိုင်တည်း အဆင့်တက်ခွင့် ပေးလိုက်တာလား... ငါထင်ထားတာက တစ်ယောက်က နောက်တစ်ယောက်ကို ခြေနင်းခုံလုပ်ပြီး တက်လှမ်းလိမ့်မယ်လို့ပဲ...’
"မင်း ထင်ထားတဲ့ အခြေအနေက တစ်ကြိမ် ဖြစ်ပျက်ခဲ့ပြီးပြီ…"
ရာဇီရယ်က လှည့်ကြည့်ကာ မျက်မှန်ကို ပင့်တင်လိုက်ရင်း ညည်းညူသံဖြင့် ပြောသည်။
"ဟာနီရယ်လ်ကို တစ်ခဏအတွင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်၊ ပြီးတော့ သူ ထွက်ပြေးမယ့် လမ်းကြောင်းနဲ့ သေဆုံးမှု နောက်ဆက်တွဲ ဂယက်ကို သုံးပြီး အဲဒီတိုက်ပွဲရဲ့ ရလဒ်ကို ပြန်လည် ရေးသားခဲ့တယ်... လင်... မဟုတ်ဘူး၊ အဲဒီ စာအုပ်ဆိုင်ပိုင်ရှင်က ငါထင်ထားတာထက်တောင် ဇာတ်ညွှန်းတွေကို ပိုပြီး ပိုင်ပိုင်နိုင်နိုင် ရေးနိုင်တာပဲ"
၎င်းတို့မှာ ရာဇီရယ်က သူ့ မျက်မှန်မှတစ်ဆင့် မြင်တွေ့ခဲ့ရသည့် အတိတ်က မြင်ကွင်းများသာ ဖြစ်သည်။
မီးလျှံဓားလမ်းစဉ်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ရာဇီရယ်သည် ဟာနီရယ်လ်၏ 'နိယာမ' မည်မျှ အင်အားကြီးကြောင်း သိထားသည်။ သို့သော် အရာအားလုံးတွင် ပေးဆပ်ရမည့် တန်ဖိုးရှိစမြဲဖြစ်ပြီး ထိုပိုးကောင်မလေးမှာ အင်အားကြီးသလောက် အဆင်အခြင်မဲ့ကာ မဆင်မခြင် ပြုမူတတ်သူဖြစ်သည်။
"သူ အဲဒီလူရဲ့ လက်ထဲမှာ ကျဆုံးသွားတာကတော့ သဘာဝကျပါတယ်လေ…"
ရာဇီယယ် ပြောရင်း သူ့ နားထင်ဘေးမှ အပေါက်ကို ကုပ်ခြစ်ရင်း တွေးတောနေသည်။
‘ခုနက ပြောခဲ့တဲ့ မီးလျှံဓားလမ်းစဉ်ရဲ့ ကောင်းကင်တမန် ဆယ်ပါးထဲက တစ်ပါးဖြစ်တဲ့ ဟာနီရယ်က မစ္စတာလင်ရဲ့ လက်ထဲမှာ ဒီလိုပဲ သေသွားတာလား...’
***