အခန်း (၄၃၉-၄၄၀)
Vol. 32 Ch. 439-440
အပိုင်း(၄၃၉)
'အခရာ အဆင့်' ဟူသော နတ်ဘုရားသဖွယ် စွမ်းအားရှင်တစ်ဦးကို ပုရွက်ဆိတ်တစ်ကောင်လို အလွယ်တကူ ချေမှုန်းလိုက်နိုင်ခြင်းမှာ အင်ဒရူး၏ လောကအမြင်ကို သုံးခါပြန် ဖျက်ဆီးပစ်ရန် လုံလောက်နေပြီဖြစ်သည်။ ၎င်းထက် ပို၍ ထူးခြားသည်မှာ အချိန်ကိုပင် နောက်ပြန်လှည့်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤအခြင်းအရာကို သိရှိပါက မည်သူမဆို ကျောချမ်းသွားမည် ဖြစ်သော်လည်း၊ မိမိကိုယ်ကိုယ် စာအုပ်ဆိုင်၏ လက်အောက်ခံ တစ်ဦးအဖြစ် မှတ်ယူထားသော အင်ဒရူးမှာမူ မစ္စတာလင်၏ စွမ်းပကားကြီးမားပုံကို တွေးတောရင်း ကြောက်ရွံ့ရိုသေမှု၊ ကြည်ညိုမှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့်သာ ပြည့်နှက်နေတော့သည်။
ထိုစဉ် အခြေအနေကို စောင့်ကြည့်ရန် တာဝန်ပေးထားသော ဟုဒ် ထံမှ ဖုန်းဝင်လာသည်။
"အီသာ စောင့်ကြည့်ရေး ကွန်ရက်က ချို့ယွင်းနေပြီ၊ ဒါပေမဲ့ တိုက်ပွဲကတော့ ပြီးဆုံးသွားပုံရတယ်... ဝယ်လ်နဲ့ ဂျိုးဇက်တို့ရဲ့ တိုက်ပွဲကတော့ အရှိန်ပြင်းနေဆဲပဲ၊ ဘယ်သူ သေ၊ ဘယ်သူ ရှင်လဲဆိုတာ မသိရသေးဘူး... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကတော့ အကူအညီပေးဖို့ တောင်းဆိုနေတုန်းပဲ... ကျွန်တော်တို့ လူလွှတ်ပေးရမလား..."
အင်ဒရူးက ပခုံးတွန့်ရင်း လှောင်ပြုံးပြုံးလိုက်သည်။
"ခဏလောက် ထပ်စောင့်ကြည့်ရအောင်... ဘယ်လိုပဲဖြစ်ဖြစ် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က ဂျိုးဇက်ရဲ့ အသက်ကို သိပ်ဂရုစိုက်ပုံမရဘူး... ဒီလူက အဖွဲ့အစည်းအပေါ် တစ်သက်လုံး ပုံအောပြီး သစ္စာရှိခဲ့တာ... တစ်နေ့ အမှန်တရားကို သိသွားတဲ့အခါ သူ့ရဲ့ မျက်နှာကို ငါတကယ် မြင်ချင်မိတယ်"
"ကောင်းပြီ၊ တိုက်ပွဲအပြီးအထိ စောင့်ကြည့်ကြတာပေါ့..."
ဟုဒ်က ပြန်ပြောကာ ဖုန်းချသွားသည်။
ရာဇီရယ်က ရှေ့သို့ ဆက်လျှောက်ရင်း...
"ဟိုနှစ်ယောက်ရဲ့ နောက်ဆုံးရလဒ်ကို မင်း သိပ်စိတ်ဝင်စားပုံမရဘူးပဲ"
"ဆရာကြီး ရာဇီရယ်... သူတို့ နိုင်တာ ရှုံးတာက ကျွန်တော့်အတွက်ရော၊ အမှန်တရား အသင်းတော်ရဲ့ ရည်မှန်းချက်အတွက်ရော ဘာမှ အရေးမပါဘူးဆိုတာ ခင်ဗျား သိပါတယ်"
အင်ဒရူးအနေဖြင့် မိမိသည် မစ္စတာလင်အပေါ်၌သာ သစ္စာရှိသည်ဟု ဗြောင်မပြောနိုင်သဖြင့် ပြုံးလျက်ပင် ဆက်ပြောလိုက်သည်။
"ဂျိုးဇက် နိုင်သွားရင်လည်း လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က သူ့လမ်းကြောင်းအတိုင်း သူ ဆက်သွားမှာပဲ... ဝယ်လ် နိုင်သွားရင်လည်း လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကို သူ ဆက်တိုက်နေမှာပဲ... သူတို့ မျှော်စင်ကြီးကို ဖြိုချလိုက်နိုင်ရင်တောင် ကျွန်တော်တို့အတွက်ကတော့ အတူတူပါပဲ... ဒီကမ္ဘာကြီးက 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' နဲ့ 'အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း' မရှိဘဲ ရပ်တည်လို့ ရနိုင်ပေမဲ့ 'အမှန်တရား အသင်းတော်' မရှိလို့တော့ မရဘူး... နော်ဇင်ကို ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ်၊ ပညာရှင်တွေအတွက် နေရာကတော့ အမြဲရှိနေမှာပဲ..."
ရာဇီရယ်က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
"မင်းက အမြင်ကျယ်သားပဲ... ငါ မင်းကို ပိုပြီး သဘောကျလာပြီ"
ထိုသို့သော ချီးမွမ်းစကားကို အင်ဒရူးက ဟန်ဆောင်အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။
"ဒါကြောင့် နောင်တစ်ချိန်မှာ အမှန်တရား အသင်းတော်ရဲ့ အသံက ပိုပြီး အားကောင်းလာဖို့အတွက်၊ ကျွန်တော်တို့ အသင်းတော်ကို လမ်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ရပါလိမ့်မယ်"
"မှန်တယ်... အဟောင်းတွေကို ဖက်တွယ်နေတဲ့ အသုံးမကျတဲ့ အမှိုက်တွေအားလုံး ပျောက်ကွယ်သွားသင့်ပြီ"
ရာဇီရယ်က အောက်ဖက်ရှိ လူသားတု ဓာတ်ခွဲခန်း ဝန်ထမ်းများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း...
"အမှန်တရား အသင်းတော်မှာ သူတို့ကို မလိုအပ်တော့ဘူး... အနာဂတ်ရဲ့ ပိုကောင်းတဲ့ အမှန်တရား အသင်းတော်အတွက် ဒီနေရာက အရာအားလုံးဟာ အနစ်နာခံပေးရလိမ့်မယ်"
အင်ဒရူးက ချက်ချင်းပင်...
"စိတ်မပူပါနဲ့၊ အားလုံး စီစဉ်ထားပြီးပါပြီ... ပရိုင်မာရဲ့ အစ်မကို အပြင်ကို ပို့ဖို့ လူလွှတ်ထားပြီးသားပါ... အများပြည်သူကိုတော့ ဂျိုးဇက်နဲ့ ဝယ်လ်တို့ရဲ့ တိုက်ပွဲကြောင့် အတွင်းပိုင်း ဓာတ်ခွဲခန်းက စမ်းသပ်ပစ္စည်းအချို့ ပေါက်ကွဲသွားတယ်လို့ ကြေညာလိုက်မယ်... ပြိုကျမှုတွေကြောင့် အောက်ပိုင်းခရိုင် တံခါးဝကို ခေတ္တပိတ်ထားရမယ်၊ ရိုးလ် သယံဇာတ ဖွံ့ဖြိုးရေး အဖွဲ့ဆီ ကုန်ပစ္စည်း ပို့ဆောင်တာကိုလည်း ခေတ္တ ရပ်ဆိုင်းထားရမယ်..."
သူက ခပ်ယုတ်ယုတ် အပြုံးဖြင့် ဆက်ပြော၏။
"အက်ရှ် ကုန်သည်ကြီးများ အသင်းက ဒုတိယမြောက် တံခါးဝကို ကြေညာပြီး ဈေးကွက်ကို သိမ်းပိုက်လိုက်တဲ့အခါ ဗဟိုခရိုင်ရဲ့ အာရုံစိုက်မှုတွေက ပြောင်းလဲသွားလိမ့်မယ်... အဲဒီအချိန်ကျရင် ကျွန်တော်တို့ တံခါးဝကို ပိတ်ထားဖို့ အချိန်ပိုရသွားပြီပေါ့... ပြီးတော့... အောက်ပိုင်းခရိုင်ကို စူးစမ်းလေ့လာဖို့ ကိုယ်တိုင် အနစ်နာခံ ဆင်းသွားတဲ့ ဂုဏ်သရေရှိ ဥက္ကဋ္ဌ မာရီယာကတော့... သူရဲကောင်းတစ်ယောက်အဖြစ် မြေအောက်မှာ ထာဝရ ကျန်ရစ်ခဲ့ပါလိမ့်မယ်"
"ပြီးပြည့်စုံတဲ့ နိဂုံးပဲ"
ရာဇီရယ်က တိုတိုတုတ်တုတ် မှတ်ချက်ပေးသည်။
သူတို့ နှစ်ယောက်သည် ပျားအုံသဏ္ဌာန် ဓာတ်ခွဲခန်းများကို ကျော်ဖြတ်လာခဲ့သည်။ ဤနေရာကို ကိုယ်တိုင် ပုံစံထုတ်ခဲ့သူဖြစ်သဖြင့် လမ်းကြောင်းအားလုံးမှာ သူ၏ ဝိညာဉ်ထဲအထိ စွဲမြဲနေခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် ဓာတ်လှေကားပေါ်သို့ ရောက်ရှိသွားကြသည်။
ကြည်လင်သော မှန်ဓာတ်လှေကားက အထက်သို့ တရွေ့ရွေ့ တက်လှမ်းနေစဉ် ရာဇီရယ်သည် အောက်ဖက်ရှိ ဝန်ထမ်းများကို အကြာကြီး စိုက်ကြည့်နေမိသည်။ ဤနေရာ၌ သူ 'မီးလျှံဓားလမ်းစဉ်' အတွက် လုပ်ဆောင်ခဲ့သော အထောက်အထားများနှင့် လူမဆန်သော စမ်းသပ်မှုများ၏ သက်သေများ ကွယ်ဝှက်ထားသည်။ အမှန်တရား အသင်းတော်တစ်ခုလုံးကို အုပ်ချုပ်မည့် ခေါင်းဆောင်သစ် တစ်ဦးဖြစ်လာရန်အတွက် ထိုအရာများအားလုံးကို ဖျက်ဆီးပစ်ရမည်မှာ မလွဲဧကန်ပင်။
‘သူ့မှာ ဦးနှောက်မရှိတော့တာတောင် နောင်တဆိုတာကို ခံစားနေရသေးတာလား...’
အင်ဒရူးက ရာဇီရယ်၏ ထူးဆန်းသော မျက်နှာထားကို ကြည့်ရင်း တွေးနေမိသည်။ မည်သို့ပင် ဆိုစေကာမူ... ရာဇီရယ်သည် ဤလူသားတုများနှင့် နှစ်ပေါင်းထောင်ချီကြာ အတူရှိခဲ့သည် မဟုတ်ပါလား။
ဓာတ်လှေကားသည် အတော်ကြာ တက်လာပြီးနောက် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ရောက်ရှိလာသည်။
ကောင်းကင်မှာ ကြည်လင်နေသော်လည်း အဆုံးမရှိသော အဖြူရောင် လွင်ပြင်ကြီးသဖွယ် ဖြစ်နေသည်။ ဆီးနှင်းနှင့် ရေခဲအားလုံး အရည်ပျော်သွားခဲ့ပြီ ဖြစ်သည်။
အင်ဒရူးသည် အမှန်တရား အသင်းတော်၏ အမိုးပေါ်၌ ရပ်ရင်း တိုက်ပွဲမြေပြင်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။ တိုက်ပွဲ၏ ရလဒ်ကို သူ ဂရုမစိုက်သော်ငြား၊ ဂျိုးဇက်နှင့် ဝယ်လ် နှစ်ဦးအနက် မစ္စတာလင်က မည်သူ့ကို မျက်နှာသာပေးမည်နည်း ဆိုသည်ကိုမူ စပ်စုလိုစိတ် ဖြစ်ပေါ်နေမိသည်။
ကောင်းကင်နှင့် မြေကြီး ထိစပ်ရာအရပ်တွင် ကြီးမားသော အလင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုစွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကို ဤနေရာမှပင် ခံစားနေရပြီး အင်ဒရူးနှင့် ရာဇီရယ်၏ ဆံပင်နှင့် အဝတ်အစားများမှာ ဆောင်းရာသီ၏ ပူနွေးသော လေပြင်းများကြားတွင် တဖျပ်ဖျပ် လွင့်ပျံနေသည်။
အနီးနားရှိ လမ်းမများမှာ မှတ်မိနိုင်စွမ်း မရှိတော့လောက်အောင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ နော်ဇင်မြို့ကို ထောက်ကန်ထားသော ဧရာမ မြေအောက် သံမဏိဘောင်ကြီးများမှာလည်း ပေါ်ထွက်နေပြီး၊ နက်ရှိုင်းသော တွင်းနက်ကြီးထဲမှ မမြင်ရသော သတ္တဝါကြီးတစ်ကောင်က လူသားတို့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားရစေသည်။
"သခင်ရာဇီရယ်... လုပ်လိုက်တော့"
အင်ဒရူးက ပြောလိုက်သည်။ ရာဇီရယ်သည် မြေအောက်ဓာတ်ခွဲခန်းရှိ လူသားတု ဝန်ထမ်းများ၏ ခန္ဓာကိုယ်အတွင်းရှိ 'မိမိကိုယ်ကိုယ် ဖျက်ဆီးရေး ယန္တရား' ကို ဖောက်ခွဲလိုက်သည်။ အောက်ခြေမှ တုန်ခါသံသဲ့သဲ့ ထွက်ပေါ်လာပြီး ခမ်းနားထည်ဝါသော မြေအောက်မြို့ပြကြီးမှာ ဖုန်မှုန့်များကြားတွင် တစ်ဖန် ပြန်လည် နစ်မြုပ်သွားတော့သည်။ အမှန်တရား အသင်းတော်၏ အရေးပေါ် အချက်ပေးသံများမှာလည်း ဆူညံစွာ ထွက်ပေါ်လာသည်။
တီ... တီ... တီ...
အင်ဒရူးသည် သူ၏ ရင်ဘတ်အိတ်ကပ်ထဲမှ တုန်ခါသံနှင့် အချက်ပေးသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူ မျက်မှောင်ကြုတ်ရင်း ဆက်သွယ်ရေး စက်ကို ထုတ်ကြည့်လိုက်ရာ ဖုန်းခေါ်ဆိုသူမှာ သူမှတ်သားထားသော လူစာရင်းထဲတွင် မရှိပေ။ သို့သော် သူ စိတ်ကြည်လင်နေသဖြင့် ဖုန်းကို ကိုင်လိုက်သည်။
"ဘယ်သူလဲ..."
"ဥက္ကဋ္ဌ အင်ဒရူး..."
အခြားတစ်ဖက်မှ အသံမှာ ဒဏ်ရာရထားသည့်နှယ် အားအင်ချည့်နဲ့နေသည်။
"ကျွန်တော်ပါ... ဝင်စတန်... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့က တပ်မှူးပါ"
…
ဝင်စတန်သည် ပြင်းထန်လှသော စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုများအပြီးတွင် အတော်ပင် ခဲခဲယဉ်းယဉ်း သတိပြန်လည်လာခဲ့သည်။
သူ မည်မျှကြာအောင် သတိလစ်သွားသည်ကို မသိသလို၊ ဤစစ်မြေပြင်၏ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုလည်း မဝေခွဲနိုင်တော့ပေ။ ကံကောင်းသည်က သူ မျက်လုံးဖွင့်လိုက်သည့်အခါ အနီးအနား၌ ကာရိုလိုင်းကို တွေ့ရှိလိုက်ရခြင်းပင်။
ရှုပ်ထွေးလှသော အခြေအနေများကြားတွင် သတိမလစ်ခင် စက္ကန့်ပိုင်းအလို၌ သူသည် မိမိထက် အင်အားနည်းသော 'ထောက်ပံ့ရေးတပ်ဖွဲ့' မှ တပ်မှူးကို ကာကွယ်ပေးရန် သတိမမေ့ခဲ့ပုံ ရသည်။
ကာရိုလိုင်းမှာမူ သူထက်စော၍ သတိရနှင့်နေပြီး ဘေးနားတွင် မတ်တပ်ရပ်လျက် မျက်မှောင်ကြုတ်ကာ မျက်စိမှိတ်ထားဆဲပင်။ သူမသည် စစ်မြေပြင်ကို အာရုံခံကြည့်ရှု နေခြင်း ဖြစ်သည်။
"အဟွတ်... အဟွတ်... အား..."
ဝင်စတန် သွေးတစ်လုပ် ထွေးထုတ်လိုက်ရ၏။ သူက ခေါင်းပေါ်မှ ဖုန်မှုန့်များကို ခါထုတ်ရင်း အားယူကာ ထရပ်လိုက်သည်။ စွမ်းအင်လှိုင်းများကို ခုခံရင်း သူ့ ခန္ဓာကိုယ်အတွင်းရှိ 'အီသာ' များမှာ ကုန်ခန်းလုနီးပါး ဖြစ်နေသဖြင့် ဝင်စတန်အနေဖြင့် မိမိကိုယ်ကိုယ် ကုသရန် နည်းလမ်းမရှိတော့ပေ။ သူသည် သူ၏ ချပ်ဝတ်တန်ဆာအတွင်းရှိ အရေးပေါ်အိတ်ထဲမှ သွေးစွန်းနေသော ပတ်တီးတစ်ခုကို ထုတ်ယူကာ သွေးတိတ်စေရန် လက်မောင်းပေါ်၌ အားပြု၍ စည်းနှောင်လိုက်ရသည်။
ဒဏ်ရာကို စည်းနှောင်ပြီးနောက် သူ တစ်ကိုယ်လုံးမှ နာကျင်မှုများကို ဂရုမစိုက်နိုင်တော့ဘဲ ကာရိုလိုင်းရှိရာသို့ ယိမ်းယိုင်စွာ လျှောက်သွားလိုက်သည်။
ကာရိုလိုင်း ကြည့်နေသည့် ဘက်သို့ သူ လှမ်းကြည့်လိုက်မိ၏။ ဖုန်မှုန့်နှင့် မီးခိုးငွေ့များ ဖုံးလွှမ်းနေသဖြင့် ဘာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း၊ လေတိုးသံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ချောက်ချားဖွယ်ရာ တိတ်ဆိတ်နေသည်။
ဝင်စတန် အနားသို့ ရောက်လာသည်ကို ကာရိုလိုင်းမှာ သိရှိပုံရပြီး သူမက...
"ဂျိုးဇက်နဲ့ ပတ်သက်တဲ့ သတင်းအစအနကို ရှာဖို့ ကြိုးစားနေတာ..."
ဟု ဆို၏။
ဝင်စတန် ခဏမျှ မှင်တက်သွားပြီးမှ လောလောလောလောဖြင့် မေးလိုက်သည်။
"ဘယ်လိုလဲ... တစ်ခုခု တွေ့လား..."
ကာရိုလိုင်း၏ မျက်ခုံးများ ပို၍ တွန့်ချိုးသွားကာ ခေါင်းခါပြလိုက်၏။
"မတွေ့..."
***
အပိုင်း(၄၄၀)
"မတွေ့..."
စကားပင် မဆုံးသေးခင် ကာရိုလိုင်း တစ်ယောက် နာကျင်စွာ ညည်းတွားလိုက်ပြီး သူမ၏ မျက်လုံးများမှ သွေးများ တစ်ဖန် စီးကျလာပြန်သည်။
ဝင်စတန်က အချိန်မီ ထိန်းပေးလိုက်သဖြင့်သာ သူမ လဲမကျသွားခြင်း ဖြစ်သည်။
ဝင်စတန်၏ စိုးရိမ်စိတ်များမှာ ပို၍ လေးလံလာ၏။ 'အခရာ အဆင့်' များ၏ တိုက်ပွဲကြောင့် အီသာစွမ်းအင်များ ထူထပ်ညစ်ညမ်းနေသော ဤပတ်ဝန်းကျင်တွင် အာရုံခံအတတ်ကို သုံးခြင်းမှာ မည်မျှ အန္တရာယ်ကြီးကြောင်း သူ နားလည်လိုက်ပြီ ဖြစ်သည်။
"ကိုယ်ကိုယ်ကိုယ် အရမ်းကြီး အတင်းအကြပ် မလုပ်ပါနဲ့ဦး"
ဝင်စတန်က သက်ပြင်းချရင်း ဆိုသည်။
"အခုချိန်မှာ ဒါကို အာရုံခံကြည့်နိုင်တဲ့ စွမ်းအားရှိတာ ကျွန်မတစ်ယောက်ပဲ ရှိတော့တာ... ကျွန်မ မလုပ်ရင် ဘယ်သူ့ကို သွားအားကိုးရမှာလဲ..."
မျက်လုံးမှ သွေးများ စီးကျနေသော ကာရိုလိုင်းသည် သူမ၏ အိတ်ကပ်ကို အကျင့်ပါသလို စမ်းကြည့်လိုက်မိသည်။ ဆေးလိပ်တစ်လိပ်လောက် သောက်ချင်သော်လည်း ဆေးရွက်ကြီး အပိုင်းအစအချို့ကိုသာ စမ်းမိတော့သည်။
သူတို့နှစ်ဦးသည် အနည်းငယ် ပြန့်ပြူးသော နေရာတစ်ခုတွင် အတူတူ ထိုင်ချလိုက်ရင်း၊ ဖုန်မှုန့်များကြားတွင် ရေးရေးမျှ မြင်နေရသည့် အဝေးမှ 'မြင်ကွင်း' ကို ငေးကြည့်နေမိကြသည်။
'အခရာ အဆင့်' များ၏ တိုက်ပွဲမှာ အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
နောက်ဆုံးတွင် ထိုနှစ်ယောက်မှာ အလင်းလုံးကြီး နှစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။ အရာအားလုံးကို ဝါးမြိုပစ်နိုင်သော အနက်ရောင်နှင့် အဖြူရောင် အလင်းတန်းကြီးများသည် အပြန်အလှန် ပေါက်ကွဲထွက်ပေါ်ခဲ့သည်။ ထိုကြီးမားလှသော စွမ်းအားနှစ်ခုမှာ တစ်ဦးကို တစ်ဦး အသေအလဲ သတ်ဖြတ်မည်ဟူသော ယုံကြည်ချက်ဖြင့် တစ်ချက်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ထိပ်တိုက် တိုးတိုက်ခဲ့ကြခြင်း ဖြစ်သည်။
တိုက်ပွဲ၏ ဗဟိုချက်မှာ ယခုအခါ ဧရာမ ကျင်းကြီးတစ်ခု ဖြစ်နေပြီ။ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာလည်း အနက်ရောင် ဖုန်မှုန့်များအဖြစ် ကြွေလွင့်သွားခဲ့ပြီး၊ တည်နေရာ တစ်ခုလုံးမှာ သေမင်းရနံ့ နံဟောင်နေသည့် ဆိတ်သုဉ်းရာ သဲကန္တာရကြီးတစ်ခုသဖွယ် ဖြစ်နေတော့သည်။
'အခရာ အဆင့်' သုံးဦး၏ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်ခဲ့မှုကြောင့် ညစ်ညမ်းပစ္စည်းများသဖွယ် ပြင်းထန်လှသော 'အီသာ' များသည် စစ်မြေပြင်တစ်ခုလုံးတွင် ပျံ့နှံ့နေသည်။
သာမန် စွမ်းအားရှင်များသာ ဆိုလျှင် ဤအနီးအနားသို့ ချဉ်းကပ်ရုံမျှဖြင့် နားအူခြင်း၊ အော့အန်ခြင်းတို့ကို ခံစားရမည်ဖြစ်ပြီး၊ သာမန် လူသားများသာဆိုပါက ရုပ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုများ ချက်ချင်း ဖြစ်ပေါ်လာနိုင်ပေသည်။
ထိုမျှမကသေး၊ တိုက်ပွဲမှ ကျန်ရစ်သော စွမ်းအားများမှာလည်း ဆက်လက်၍ ဒုက္ခပေးနေဆဲ ဖြစ်သည်။ ပိုင်ရှင်မဲ့သွားသော 'နိယာမ' များမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး အရာအားလုံးကို သက်ရောက်မှု ပေးနေသည်။ အကြောင်းမဲ့ မီးလောင်ကျွမ်းခြင်း၊ ရုတ်တရက် အိုမင်းရင့်ရော်ကာ ပျောက်ကွယ်သွားခြင်း သို့မဟုတ် အိပ်မက်ကမ္ဘာအတွင်းသို့ ဆွဲခေါ်သွားခြင်း စသည်တို့မှာ ဤနေရာ၌ အချိန်မရွေး ဖြစ်ပေါ်နိုင်သည်။
ဝင်စတန်၏ ခန့်မှန်းချက်အရ ၆၇ လမ်းမကြီး ပတ်ဝန်းကျင်မှာ မကြာမီ အန္တရာယ်ရှိ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ခံရတော့မည် ဖြစ်သည်။
"ချီးပဲ..."
ဝင်စတန် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ခေါင်းကို ကုတ်ခြစ်ရင်း ဆဲရေးလိုက်သည်။
"ဒီလို အခြေအနေမျိုးမှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က လူအများစုဟာ ဂျိုးဇက် သေပြီလို့ပဲ ယူဆကြလိမ့်မယ်... မျှော်စင်က လူတွေကို အသေခံခိုင်းမှာ မဟုတ်ဘူး၊ လူအသေအပျောက် နည်းအောင် ဒီနေရာကိုပဲ အရင်ဆုံး ချိပ်ပိတ်ပစ်လိမ့်မယ်..."
"သူ့ကို ရှာမတွေ့သေးပေမဲ့ ဂျိုးဇက် အသက်ရှင်နေဦးမယ်လို့ ကျွန်မ ခံစားနေရတယ်..."
ကာရိုလိုင်းက သူမ၏ 'အာရုံခံမျက်လုံး' ဖြင့် စစ်မြေပြင်ကို ခေါင်းမာစွာ ဆက်လက် စောင့်ကြည့်နေရင်း တိုးတိုးလေး ဆိုသည်။
"သူ အသက်ရှင်နေမှာပါ၊ ငါ သေချာပေါက် ပြောရဲတယ်..."
ဝင်စတန်က အံကို တင်းတင်းကြိတ်ရင်း အခိုင်အမာ ပြောလိုက်သည်။ သူနှင့် ဂျိုးဇက်တို့၏ အတိတ်က ရဲဘော်ရဲဘက် သံယောဇဉ်များမှာ သူ့စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။
‘ငါကတော့ ဘာမှ အသုံးမကျတဲ့ အမှိုက်ပါလား... ဂျိုးဇက်ကို တစ်ခုခုလောက်တောင် ငါ ကူညီနိုင်ခဲ့ရဲ့လား...’
နောင်တနှင့် နာကျင်မှုတို့က သူ၏ ရင်ကို ဓားဖြင့် မွှေနေသကဲ့သို့ ခံစားရစေသည်။ ဝင်စတန်သည် ဤနေရာ၌ ဂျိုးဇက်နှင့်အတူသာ သေဆုံးသွားချင်မိတော့သည်။
မေလီဆာ သူ၏ မျက်စိရှေ့တွင် ပျောက်ကွယ်သွားစဉ်ကပင် ဝင်စတန်မှာ နောင်တရရန်ပင် အချိန်မရခဲ့ပေ။ ယခုလည်း ဂျိုးဇက် ပျောက်ဆုံးသွားမှုအပေါ် ဘာမျှ မတတ်နိုင်ခဲ့ပြန်ချေ။ ဤသို့ ဘာမျှ မတတ်နိုင်ခြင်းမှာ သစ္စာဖောက်ခြင်းနှင့် မခြားနားဟု သူ ခံစားနေရသည်။
"ငါတို့ အရှုံးပေးလို့ မဖြစ်သေးဘူး..."
ဝင်စတန်က ရုတ်တရက် တိုးတိုးလေး ဆိုလိုက်သည်။
"ဂျိုးဇက်ကို ကယ်နိုင်မယ့်သူ တစ်ယောက် ရှိသေးတယ်"
"မစ္စတာလင်လား..."
ကာရိုလိုင်းက အံ့အားသင့်သွားသည်။
"ဒါပေမဲ့..."
"မဟုတ်ဘူး... ဒါမှမဟုတ် တစ်မျိုးပြောရရင်တော့ ဟုတ်လည်း ဟုတ်နိုင်တယ်... မစ္စတာလင်က ဂျိုးဇက်ကို တစ်ခါ ကယ်တင်ခဲ့ပြီးပြီ... အခုတော့ ဂျိုးဇက်ကို ဒီတွင်းနက်ထဲကနေ ပြန်ဆွဲတင်ဖို့ ငါတို့ ကိုယ်တိုင်ပဲ ကြိုးစားရတော့မယ်"
ဝင်စတန်က အသက်ကို ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူက ပြတ်သားသော လေသံဖြင့် ပြောလိုက်လေတော့သည်။
"အဲဒါ အင်ဒရူးပဲ"
ဝင်စတန်၏ ရွေးချယ်မှုကို ကြားလိုက်ရသည့်အခါ ကာရိုလိုင်းမှာ ခေတ္တမျှ တိတ်ဆိတ်သွား၏။
"သူကလည်း စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ လက်အောက်ခံ တစ်ယောက်ပဲ... မစ္စတာလင် ဝင်ပါခဲ့တယ်ဆိုကတည်းက ဂျိုးဇက်က သေချာပေါက် အသက်ရှင်နေဦးမှာ... အခုချိန်မှာ ဒီစစ်မြေပြင်ထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်တဲ့ စွမ်းအားရှိတာ 'အမှန်တရား အသင်းတော်' ပဲ ရှိတယ်... ဒါ ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ"
စစ်မြေပြင်အတွင်း ပျံ့နှံ့နေသော ပရမ်းပတာ နိယာမ စွမ်းအားများကို ကြည့်ရင်း ဝင်စတန်က ဆိုသည်။ သူ၏ ကိုယ်ပိုင် ဆက်သွယ်ရေး စက်မှာ ပျက်စီးသွားပြီ ဖြစ်သဖြင့်၊ သူသည် အနီးအနားမှ အသုံးပြု၍ ရသေးသော စက်တစ်ခုကို ရှာဖွေကာ အင်ဒရူးထံသို့ ဖုန်းခေါ်ဆိုလိုက်လေတော့သည်။
...
လင်ကျဲက နာရီလေးကို ကျိကျစ်ရှို့၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ ထို့နောက် သူက အားပေးစကား ဆိုလိုက်သည်။
“တကယ်တော့ သူက ချစ်ဖို့ကောင်းပါတယ်၊ ကိုင်ကြည့်လိုက်ပါဦး”
ကျိကျစ်ရှို့သည် လက်ရာမြောက်လှသော နာရီလေးကို လှမ်းယူလိုက်စဉ် အနည်းငယ် တုန်ယင်သွားမိသော်လည်း အတင်းပြုံးပြလိုက်၏။
“တကယ်ပါပဲ... သူ... သူက ကြောက်စရာ မကောင်းပါဘူး... ကျွန်မ မကြောက်တော့ပါဘူး”
ထိုသို့သာ ဆိုရသော်လည်း သူမသည် ထိုပိုးကောင်လေးကို လုံးဝ မထိရဲပေ။ ၎င်း၏ စွမ်းဆောင်ရည်ကို နှိုးဆွရန် အင်အားမလုံလောက်သည်မှာ တစ်ကြောင်း၊ အကယ်၍ သူမသာ မဆင်မခြင် ပြုမူမိ၍ အချိန်ကို ရှေ့တိုးနောက်ငင် ဖြစ်သွားစေကာ အရေးကြီးသော ဖြစ်ရပ်များကို ပြောင်းလဲပစ်မိပါက... သူမသည် သမိုင်းတရားခံကြီး ဖြစ်သွားပေလိမ့်မည်။
သူမသည် စိုးရိမ်စိတ်ကြောင့် တုန်ယင်နေသော မိမိ၏လက်ကို ငုံ့ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်ကာ...
“ကျွန်မရဲ့ ဒီလို အရှက်ရစရာ ကောင်းတဲ့ အားနည်းချက်ကို ပြမိတဲ့အတွက် တောင်းပန်ပါတယ်...”
“ဟား ဟား...”
လင်ကျဲက လက်ကာပြရင်း ပြုံးလျက်ပင်...
“လူတိုင်းမှာ ကြောက်တတ်တဲ့ အရာဆိုတာ ရှိစမြဲပါ... ဒီလိုကိစ္စမျိုးအတွက် တောင်းပန်နေဖို့ မလိုပါဘူး... အဓိကကတော့ လူဆိုတာ ကိုယ့်ရဲ့ ကြောက်စိတ်ကို ကိုယ်တိုင် ကျော်လွှားနိုင်ဖို့ လိုတယ်... မင်းကြောက်နေတဲ့ အရာဟာ တကယ်တော့ 'ကြောက်ရွံ့ခြင်း' ဆိုတဲ့ အသိစိတ်ကိုယ်တိုင်ပဲ ဖြစ်နေတတ်တယ်... ကြောက်လေလေ၊ အဲဒီအရာကို ပိုပြီး ထိပ်တိုက်ရင်ဆိုင်လေလေမှ တိုးတက်ဖို့ အခွင့်အလမ်း ရလာမှာပါ... စမ်းသပ်ကြည့်ဖို့ မကြောက်ပါနဲ့၊ ဒါက မင်းအတွက် ကောင်းကျိုးပဲ ရှိစေမှာပါ”
“ဟုတ်ကဲ့ပါ”
ကျိကျစ်ရှို့က ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
လင်ကျဲသည် ဘေးခန်းမဆောင်မှ ထွက်လာရခြင်းမှာ ဂရက် ကို စောင့်ဆိုင်းရန်နှင့် လက်ဆောင်ပေးရန်အတွက် ဖြစ်သည်။ ယခုအခါ သူသည် ဒုတိယထပ်တွင် ရောက်ရှိနေသဖြင့် အောက်ထပ်သို့ အမှတ်မထင် လှမ်းကြည့်လိုက်မိသည်။
ပြင်းအား ၇၊ ၈ အဆင့်ရှိသော ငလျင်ဒဏ်ကို ခံစားခဲ့ရသော်လည်း A16 စံအိမ်တော်ကြီးမှာမူ ခန့်ညားထည်ဝါသော အရှိန်အဝါကို ထိန်းထားဆဲပင်။ ကျိမိသားစုအတွက်မူ ထိုငလျင်မှာ ပန်းကန်ပြားအချို့နှင့် မီးဆိုင်းအချို့ ကွဲကြေသွားခြင်းမျှသာ ဖြစ်ဟန်တူပြီး မည်သည့် ထိတ်လန့်တုန်လှုပ်မှုမျိုးမျှ မရှိကြပေ။
ဤမျှလောက် ပြင်းထန်သော တုန်ခါမှုမျိုးကပင် သူဌေးတွေကို မတုန်လှုပ်စေနိုင်ပါလားဟု လင်ကျဲ တွေးတောမိသည်။ အမြဲတမ်းလိုလို မိုးယိုလိုက်၊ လေတိုးလိုက် ဖြစ်နေသည့် သူ၏ စုတ်ပြတ်သတ်နေသော စာအုပ်ဆိုင်နှင့်ကား များစွာ ကွာခြားလှပေသည်။
လင်ကျဲ၏ ရင်ထဲတွင် တကယ်ပင် စိတ်မကောင်း ဖြစ်သွားမိလေ၏။
***