အခန်း (၄၄၃-၄၄၄)
Vol. 32 Ch. 443-444
အပိုင်း(၄၄၃)
ဝယ်လ်၏ စိတ်ထဲတွင် ပြင်းထန်စွာ ရုန်းကန်နေမိသည်။ နာကျင်မှုနှင့် နက်ရှိုင်းသော နောင်တတို့က သူ့အား လွှမ်းမိုးသွားပြီး တစ်စုံတစ်ခုကို ဆုပ်ကိုင်ရန် လက်လှမ်းလိုက်သော်လည်း...
သူ့မှာ လက်တွေ မရှိတော့ပေ။
သိပ္ပံနည်းကျ ပြောရလျှင် သူ၏ ခန္ဓာကိုယ်မှာ အငွေ့ပျံနေခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်မှာ အလွန်နာကျင်ဖွယ် ကောင်းသော်လည်း သူ၏ အာရုံခံစားမှုများပါ ပျောက်ကွယ်သွားသဖြင့် နာကျင်မှုမှာ အရေးမပါတော့ချေ။
မှေးမှိန်လာသော မြင်ကွင်း၏ နောက်ဆုံးပုံရိပ်တွင် ဂျိုးဇက်လည်း မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသည်။
ထိုသူရဲကောင်းအိုကြီး၏ ခန္ဓာကိုယ်မှာလည်း စုတ်ပြတ်သတ်နေပြီး မျက်ဝန်းများထဲတွင် မကျေနပ်မှုနှင့် ဒေါသတို့ ပြည့်နှက်နေ၏။ သို့သော်လည်း... နေရောင်အောက်မှ ဓားတစ်လက်၏ အရောင်အဝါကဲ့သို့ တောက်ပနေဆဲပင်။ ကံဆိုးသည်က ဝယ်လ်၏ အမြင်အာရုံမှာ လျင်မြန်စွာ မှောင်အတိကျသွားပြီး သူ၏ ပြိုင်ဘက်၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မှာ ပြာအဖြစ် ပြောင်းလဲသွားသည်ကိုသာ နောက်ဆုံး မြင်လိုက်ရတော့သည်။
‘ဒါဟာ... ငါ့ရဲ့ အဆုံးသတ်ပဲလား...’
ဝယ်လ်သည် ဘာကိုမျှ ပြောင်းလဲနိုင်စွမ်း မရှိတော့ပေ။ အလွန်ပင် မကျေနပ်သော်လည်း သူသည် လက်လျှော့လိုက်ကာ သေခြင်းတရား၏ အေးစက်လှသော မှောင်မိုက်မှုထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားတော့သည်။ မြင်ကွင်းတစ်ခုလုံးမှာ မည်းမှောင်သွားပြီး တိတ်ဆိတ်ခြင်းကသာ သူ့အား ဝန်းရံထားတော့သည်။
ထိုစဉ်...
"ဝယ်လ်..."
ရင်းနှီးသော အသံတစ်ခုသည် သေခြင်းတရား၏ ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ သူ၏ နားထဲသို့ အိပ်မက်တစ်ခုကဲ့သို့ တိုးဝင်လာသည်။
"ငါ့ရဲ့ တပည့်..."
ထိုအသံမှာ ယခု ပို၍ ရှင်းလင်းလာသည်။ အိပ်မက်လွှာပေါင်းများစွာကို ဖြတ်ကျော်ကာ၊ တောင်တန်းနှင့် ပင်လယ်များကို ကျော်လွန်၍ ဝယ်လ်၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိလာခြင်း ဖြစ်သည်။
အလွန်ပင် ရင်းနှီးလှသော၊ နွေးထွေးလှသော အသံပင်။
ဝယ်လ်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်အတိကျနေသဖြင့် မည်သည့်အရပ်မျက်နှာသို့ ရောက်နေသည်ကို သူ မသိနိုင်ပေ။ သူ၏ ခြေလက် အင်္ဂါအစိတ်အပိုင်းများကိုလည်း မခံစားရတော့သဖြင့် မိမိကိုယ်တိုင် တကယ်တည်ရှိနေသေးရဲ့လားဟုပင် သံသယဝင်မိသည်။
သို့သော် ရှေးဟောင်း စာလုံးအချို့က သူ၏ ပတ်လည်တွင် ဝိုင်းရံလျက် ပျံဝဲနေပြီး ပတ်ဝန်းကျင်မှ အမှောင်ထုကို တားဆီးပေးထားသည်။
"ဆ... ဆရာ......"
ဝယ်လ်၏ ကျန်ရှိနေသော အသိစိတ်ကလေးက သူ့အား ခေါ်နေသူမှာ မည်သူဖြစ်ကြောင်း ခဲခဲယဉ်ယဉ် မှတ်မိလိုက်သည်။
'ဓမ္မသံစဉ်တို့၏ အရှင်သခင်'၊ 'နဂါးဘာသာဗေဒ ပညာရှင်'၊ 'ဘီလူးမျိုးနွယ်တို့၏ နောက်ဆုံးဆက်ခံသူ'...
ဤကဲ့သို့သော ဘွဲ့အမည်ပေါင်းများစွာ အပ်နှင်းခံထားရသည့် ထိုတန်ခိုးရှင်ကြီးမှာ သမိုင်းစာအုပ်တစ်အုပ်ကဲ့သို့ အသက်ရှင်နေသူဖြစ်သလို၊ အောက်လမ်းမှော်ဆရာ ဝယ်လ်၏ ဆရာလည်း ဖြစ်သော 'ဩဂတ်စတပ်' ပင် ဖြစ်သည်။
"ဆရာ..."
ဝယ်လ်သည် အဝေးဆီမှ တဖြည်းဖြည်း လင်းလက်လာသော စိမ်းဖန့်ဖန့် အလင်းစက်ကလေးတစ်ခုကို တွေ့လိုက်ရသဖြင့် အားကိုးတကြီး ဖြစ်သွားမိသည်။ ဘာကိုမျှ စဉ်းစားမနေတော့ဘဲ ထိုအလင်းစက်ရှိရာသို့ ဝယ်လ် ပြေးသွားလိုက်သည်။ အတိုင်းအဆမရှိသော အိပ်မက်ကမ္ဘာထဲတွင် အတော်ကြာအောင် သွားပြီးနောက် ထိုအလင်းစက်ကို သူ ဆုပ်ကိုင်လိုက်မိသည်။
ဖျပ်... ဖျပ်...
ထိုစာလွှာပေါ်ရှိ အတောင်ပံလေးများမှာ ယဉ်ပါးသော ချိုးငှက်ကလေးတစ်ကောင်ကဲ့သို့ ချက်ချင်းပင် ရုပ်သိမ်းသွားသည်။
‘ဒီလို သတင်းပို့တဲ့ နည်းလမ်းမျိုးက... ဆရာ့ရဲ့ လက်ရာ အစစ်ပဲ...’
ဝယ်လ် ထိုသို့ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် အတောင်ပံများ ပျောက်ကွယ်သွားပြီး စာလွှာမှာ သူ၏ လက်ထဲတွင် ငြိမ်သက်သွားသည်။ (၎င်းမှာ သူ၏ လက်အစစ် ဟုတ်၊ မဟုတ်တော့ ဝယ်လ် မသေချာပေ။)
ထိုစာလွှာပေါ်တွင် ရွှေပိုးကောင် ပုံသဏ္ဌာန် ရွှေရောင် ကျောက်မျက်ရတနာ တစ်ခု ရှိနေသည်။
‘ဒါက... ဆရာ အမြဲဝတ်လေ့ရှိတဲ့ လက်စွပ်ပဲ မဟုတ်လား...’
ဝယ်လ် ဘာကိုမျှ မတုံ့ပြန်နိုင်ခင်မှာပင် ရွှေပိုးကောင်၏ မျက်လုံးများထဲသို့ သူ ဆွဲသွင်းခြင်း ခံလိုက်ရသည်။ ဩဂတ်စတပ်၏ အသံမှာလည်း သူ၏ နားထဲ၌ ပဲ့တင်ထပ် ကျန်ရစ်နေခဲ့သည်...။
"ကံကောင်းပါစေ... ငါ့ရဲ့ နောက်ဆုံးသော တပည့်လေး..."
...
ပရိုင်မာသည် ဆက်သွယ်ရေးကိရိယာကို ချထားလိုက်ပြီးနောက် သက်ပြင်းရှည်တစ်ချက်ကို အသာအယာ ချလိုက်မိသည်။ ထို့နောက် စာဖတ်ခြင်းနှင့် ဆေးဖော်စပ်ခြင်းတို့တွင် အချိန်အတော်ကြာ နစ်မြောနေခဲ့သည့် သူမ၏ စိတ်အာရုံကို ကြည်လင်စေရန် ပါးပြင်နှစ်ဖက်ကို အသာအယာ ပုတ်ခတ်လိုက်သည်။
ဘေးနားရှိ ဆေးပုလင်းငယ်များကို တစ်ချက်ကြည့်ပြီးနောက် စင်ကြယ်သန့်ရှင်းနေသော စမ်းသပ်ခုံပေါ်မှ ‘ဆေးကျမ်း’ ကို ကောက်ကိုင်လိုက်၏။ သူမ၏ လက်ချောင်းလေးများသည် စာအုပ်မျက်နှာဖုံးပေါ်မှ ဝင်းလက်တောက်ပနေသော ရွှေရောင်စာလုံးများကို အသာအယာ ပွတ်သပ်နေမိသည်။ ပရိုင်မာ့အတွက်မူ ဤစာအုပ်သည် ‘အမှန်တရား၏ အလင်းရောင်’ ပင် ဖြစ်တော့သည်။
ဤစာအုပ်ထဲတွင် လက်ရှိ သုတေသနပြုချက်များထက် များစွာသာလွန်သော ဆေးပညာရပ်ဆိုင်ရာ အသိပညာ ဗဟုသုတများစွာ ပါရှိသည်။ ၎င်းသည် ဆေးဖော်စပ်သူ အပေါင်းတို့၏ တစ်သက်တာ ရည်မှန်းချက်လည်း ဖြစ်ပေသည်။ သူမသည် ထိုစာအုပ်ထူကြီးကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ပိုက်ထားမိပြီး ရင်ထဲ၌လည်း စိတ်လှုပ်ရှားမှုကြောင့် ခုန်လှုပ်နေရသည်။
မစ္စတာလင်၏ အလိုဆန္ဒသည်... လေဒီဝါးပူဂစ်၏ အလိုဆန္ဒပင် ဖြစ်သည်။
စာအုပ်ဆိုင်တွင် နေထိုင်ခဲ့သည့် အတောအတွင်း ပရိုင်မာသည် အချက်တစ်ချက်ကို ကောင်းစွာ နားလည်ခဲ့သည်။ ညဖန်တီးရှင်အဖြစ် အာဏာစက်ကို ဆက်ခံမည့် မွန်း တစ်ယောက် စာအုပ်ဆိုင်၏ လက်ထောက်အဖြစ် စိတ်ရောကိုယ်ပါ အားစိုက်လုပ်ကိုင်နေခြင်းမှာ ဆိုင်ရှင် မစ္စတာလင်မှာ သူမအား ဘဝသစ်ကို ပေးသနားခဲ့သည့် ‘ဖခင်’ ကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ မွန်း၏ အတွေးနှင့် လုပ်ရပ်တိုင်းတွင် မစ္စတာလင်သည် အမြဲတမ်း ပထမ ဖြစ်သည်။
ထို့ကြောင့် ထိုကာလအတွင်း မွန်းနှင့်အတူ နေထိုင်ခဲ့ပြီး မစ္စတာလင်အပေါ် ထားရှိသော မွန်း၏ ကြည်ညိုလေးစားမှုများကို နေ့စဉ်နှင့်အမျှ ကြားသိခဲ့ရသည့် ပရိုင်မာ့အဖို့ ထိုအချက်မှာ သူမ၏ ရင်ထဲတွင် စွဲထင်နေခဲ့ပြီ ဖြစ်သည်။
‘ဒါဟာ စမ်းသပ်မှုတစ်ခုပဲ ဖြစ်ရမယ်၊ မစ္စတာလင်က ငါ့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ပြဿနာတွေကို ဖြေရှင်းပြီး သူ့အတွက် အသုံးဝင်တဲ့သူတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်နေတာပဲ...’
စာအုပ်ဆိုင်မှ ထွက်လာပြီးနောက် ပရိုင်မာ၏ ဘဝသည် သိသိသာသာ ပြောင်းလဲလာခဲ့သည်။ အရာခပ်သိမ်းကို သိမြင်နိုင်စွမ်းရှိသော ထိုအရှင်သခင်သည် သူမ၏ ကံကြမ္မာကို လုံးဝဥဿုံ ပြောင်းလဲပေးခဲ့သည်။ ထို့ကြောင့် သူမအနေဖြင့် တတ်နိုင်သမျှ ကျေးဇူးဆပ်ရမည် ဖြစ်သည်။ မစ္စတာလင်ထံမှ အသိပညာများကို ရရှိပြီးကတည်းက ပရိုင်မာသည် သင်ယူမှုကို တစ်စက္ကန့်မျှ မရပ်နားခဲ့ပေ။ သူမသည် ယနေ့ကဲ့သို့သော နေ့မျိုးကို စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။
ပရိုင်မာသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ‘ဆေးဝါးဌာနမှူး’ အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အခြားသူများကို ဦးဆောင်ညွှန်ကြားရမည် ဖြစ်သဖြင့် စိုးရိမ်စိတ်လေးတော့ ရှိနေမိသည်။ ရှက်တတ်သော မိန်းမငယ်လေးသည် စိတ်ထဲတွင် ကြိုတင်လေ့ကျင့်ထားသည့်အတိုင်း သတ္တိကို မွေးမြူကာ အဝတ်အစားကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး ဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့သည်။
သူမကို စောင့်မျှော်ကြည့်ရှုနေကြသော ပညာရှင်များကို မြင်သောအခါ တံခါးနောက်သို့ ပြန်ဝင်ပုန်းချင်သည့် စိတ်ကို အသာထိန်းလိုက်ရသည်။ အစ်မဖြစ်သူ၏ သွက်လက်ထက်မြက်သည့် ဟန်ပန်ကို အတုယူကာ တည်ငြိမ်စွာဖြင့်ပင်...
“ဒါဟာ အရေးပေါ် မစ်ရှင်တစ်ခု ဖြစ်ပါတယ်၊ သုတေသနလုပ်ငန်း မရှိသေးတဲ့ အဆင့် (A) နဲ့ အထက် ပညာရှင်တွေ ကျွန်မနောက်ကို လိုက်ခဲ့ကြပါ၊ ကာကွယ်ရေး ဝတ်စုံတွေ ယူခဲ့ကြ၊ ကျွန်မတို့ ၆၇ လမ်းမကြီးကို သွားကြမယ်”
ဤသည်မှာ ပရိုင်မာ၏ ဘဝတွင် ပထမဆုံးအကြိမ် အမိန့်ပေးခြင်း ဖြစ်သည်။ ရှေ့မှ ဆိတ်ဆိတ်နေကြသော လူအုပ်ကြီးကို ကြည့်ရင်း မိန်းမငယ်လေးမှာ မြေကြီးထဲသာ ငုပ်လျှိုးသွားချင်စိတ် ပေါက်လာမိသည်။
‘ငါကတော့ အရင်အတိုင်းပါပဲလား...’
ဟု တွေးလိုက်မိစဉ်မှာပင်...
“ဟုတ်ကဲ့ပါ ဌာနမှူး”
ပညာရှင်များမှာ အလိုအလျောက် အုပ်စုနှစ်စု ကွဲသွားကြသည်။ အဆင့် (A) အောက်ရှိသူများက အလုပ်ဆက်လုပ်ကြပြီး အဆင့် (A) အထက်ရှိသူများမှာမူ ကာကွယ်ရေးဝတ်စုံများရှိရာ အခန်းသို့ ထွက်ခွာသွားကြသည်။ အခွင့်အာဏာ အဆင့်ဆင့်ကို သိပ်မသိသေးသော သာမန်ပညာရှင်များမှာ ရိုးရှင်းသည့် အတွေးသာ ရှိကြသည်။ အထက်က အမိန့်ပေးလျှင် နာခံရန်သာ ဖြစ်သည်။ ကာကွယ်ရေးဝတ်စုံရှိလျှင် အသက်အန္တရာယ် ကင်းဝေးနိုင်ပြီး ကူးစက်ပိုးမွှား သို့မဟုတ် ညစ်ညမ်းမှုများမှာ သိပ်ပြဿနာမဟုတ်ဟု ယူဆကြသည်။
ထို့အပြင် ၆၇ လမ်းမကြီးဆိုသည်မှာ ‘အခရာ အဆင့်’ နှစ်ဦး အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသည့် ရှားပါးသော စစ်မြေပြင်ဟောင်းတစ်ခု မဟုတ်ပါလား။ ထိုနေရာတွင် သုတေသနပြုစရာများစွာ ရှိနေမည်မှာ အသေအချာပင်။ အောင်မြင်မှု တစ်စုံတစ်ရာ ရရှိခဲ့ပါက ပညာရပ်ဆိုင်ရာ နယ်ပယ်တွင် မှတ်တမ်းတင်ခံရမည် ဖြစ်ရာ သေရလျှင်ပင် တန်သည်ဟု ယူဆသူများ ရှိနေသည်။
အချို့သော ပညာရှင်များဆိုလျှင် စိတ်လှုပ်ရှားစွာဖြင့် ပရိုင်မာ့ထံ လာရောက်ကာ လက်ဆွဲနှုတ်ဆက်ရင်း “ဒီအခွင့်အရေးအတွက် ကျေးဇူးတင်ပါတယ် ဌာနမှူး... ပေးအပ်တဲ့ တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်သွားပါ့မယ်” ဟုပင် ပြောကြသေးသည်။
ပရိုင်မာသည် ရှေ့မှ ပညာရှင်ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်၏။ သူမ၏ စိုးရိမ်စိတ်များသည် ဝမ်းသာပီတိအဖြစ်သို့ ပြောင်းလဲသွားသည်။
‘ဪ... အစ်မ ခံစားခဲ့ရတဲ့ ခံစားချက်မျိုးက ဒါမျိုးကိုး’
***
အပိုင်း(၄၄၄)
၆၇ လမ်းမကြီး...
လေထုထဲတွင် မီးခိုးငွေ့များ၊ ပြင်းထန်သော အီသာ စွမ်းအင်များနှင့် ကစဉ့်ကလျား ဖြစ်နေသော နိယာမများသည် မြူနှင်းများကဲ့သို့ပင် ရောယှက်နေသည်။ အကယ်၍ ၎င်းတို့ကို အဆုတ်ထဲသို့ ရှူသွင်းမိပါက အသက်ဓာတ်ကို တဖြည်းဖြည်းချင်း လောင်မြိုက်စေမည့် အဆိပ်ငွေ့များ ဖြစ်လာပေလိမ့်မည်။
ဝင်စတန်သည် လက်ထဲမှ ဆက်သွယ်ရေးကိရိယာကို ကြည့်ကာ စိုးရိမ်တကြီး ဖြစ်နေ၏။ ထို့နောက် အနားယူနေသော ကာရိုလိုင်းကို လှည့်ကြည့်လိုက်သည်။ သူမသည် အစောပိုင်းက စမ်းသပ်မှုအချို့ လုပ်ဆောင်ခဲ့ရသဖြင့် အစွမ်းကုန် ပင်ပန်းနွမ်းနယ်နေပြီး ယခုအခါ သတိမေ့မြောကာ အီသာ စွမ်းအင်ကိုပင် မစုစည်းနိုင်တော့ပေ။
သို့သော်လည်း အားလုံးက အချည်းနှီးသာ ဖြစ်ခဲ့သည်။ ကာရိုလိုင်း၏ မျက်လုံးများသည် သည် ဂျိုးဇက်၏ ‘လောင်မြိုက်ခြင်း’ စွမ်းအင်များ စည်းချက်ညီညီ ခုန်လှုပ်နေသည်ကိုသာ အာရုံခံမိသည်။ ၎င်းသည် လူသူကင်းမဲ့သော စစ်မြေပြင်တွင် ကျန်ရစ်နေသည့် ဝိညာဉ်တစ်ခုကဲ့သို့ပင် ဖြစ်ပြီး သတင်းအချက်အလက် စုဆောင်းမှုကို အနှောင့်အယှက် ပေးနေသည်။
ဤသည်မှာ ကာရိုလိုင်းကို အားကိုးရာမဲ့စေခဲ့သည်။ ထိုနည်းတူစွာပင် ကြွင်းကျန်ရစ်သော စွမ်းအင်များသည် ဝင်စတန်ကိုလည်း ထိုဧရိယာအတွင်းသို့ ဝင်ရောက်ခွင့် မပေးပေ။ ယခုအခါ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ‘အမှန်တရား အသင်းတော်’ က စေလွှတ်လိုက်မည့်သူများသာ ဖြစ်သည်။
ရုတ်တရက် ဝင်စတန်၏ ပုခုံးကို တစ်စုံတစ်ယောက်က ပုတ်လိုက်သည်။ ဝင်စတန်သည် ထိတ်လန့်သွားပြီး ဓားကို ဆွဲထုတ်ရန် ပြင်လိုက်သော်လည်း ဤနေရာတွင် သူနှင့် ကာရိုလိုင်းမှအပ အခြားသူမရှိနိုင်သဖြင့် ရောက်လာသူမှာ ကယ်ဆယ်ရေးအဖွဲ့သာ ဖြစ်ရမည်ဟု တွေးကာ စိတ်သက်သာရာ ရသွားသည်။
သူ လှည့်ကြည့်လိုက်သောအခါ... ဘာကိုမျှ မမြင်ရချေ။
“ကျေးဇူးပြုပြီး ခေါင်းလေး ငုံ့ကြည့်ပေးပါဦး...”
ထိုအသံကြောင့် ဝင်စတန်သည် အကြည့်ကို အောက်သို့ နှိမ့်လိုက်သောအခါ တစ်ကိုယ်လုံးကို ကာကွယ်ရေးဝတ်စုံဖြင့် ဖုံးအုပ်ထားသော အရပ်ပုပု မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
“မင်းက...”
“ကျွန်မက ပရိုင်မာ ဆန်ဒရာပါ၊ အမှန်တရား အသင်းတော်ရဲ့ ဆေးဝါးဌာနမှူးပါ”
ပရိုင်မာ၏ အသံမှာ အီသာ ကာကွယ်ရေးဝတ်စုံထဲမှတစ်ဆင့် အက်ရှရှ ထွက်ပေါ်လာသည်။
“ဒု-ဥက္ကဋ္ဌ အင်ဒရူးက ကျွန်မကို လွှတ်လိုက်တာပါ”
“မင်းကိုး...”
ဝင်စတန် အနည်းငယ် အံ့အားသင့်သွားသည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ သတင်းအချက်အလက်များအရ ပရိုင်မာသည် စာအုပ်ဆိုင်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့သူများထဲမှ တစ်ဦးဖြစ်သည်။ ထို့နောက်တွင် သူမကို အင်ဒရူးက ဆေးဝါးဌာနမှူးအဖြစ် တိုက်ရိုက် ရာထူးတိုးပေးခဲ့ခြင်း ဖြစ်သည်။
မှန်ပေသည်။ မစ္စတာလင်နှင့် ပတ်သက်လာလျှင် အင်ဒရူးသည် ပေါ့ဆရဲခြင်း မရှိဘဲ စာအုပ်ဆိုင်နှင့် တိုက်ရိုက်ပတ်သက်သူကိုပင် စေလွှတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ မစ္စတာလင် ပြောခဲ့သည့် “ဂျိုးဇက် နိုင်လိမ့်မယ်၊ ဒါပေမဲ့ လုပ်ငန်းစဉ်ကတော့ အနည်းငယ် ရှုပ်ထွေးနိုင်တယ်” ဆိုသည့် စကား မှန်ကန်ကြောင်း သက်သေပြနေခြင်းလော။
အကယ်၍ ထိုအရှင်သခင်သည် သူတို့ကို ကစားချင်ရုံသက်သက်ဆိုလျှင် ပရိုင်မာ့ကို လာခွင့်မပေးဘဲ အလွယ်တကူ တားဆီးနိုင်သည် မဟုတ်ပါလား။ ဝင်စတန် ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုး တစ်ဝက်ခန့် လျော့ကျသွားသလို ခံစားလိုက်ရသည်။ ဂျိုးဇက် အသက်ရှင်နိုင်ခြေသည် အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်းခန့် ပိုများလာပြီ ဖြစ်သည်။
အတော်ကောင်းလှပြီ ဖြစ်သည်။ သို့သော် ရှေ့မှ မိန်းကလေးက တကယ်ပဲ လုပ်နိုင်ပါမည်လော။ ဝင်စတန် စိုးရိမ်စိတ်ကို ဖုံးကွယ်ထား၍ မရပေ။ ပရိုင်မာမှာ စာအုပ်ဆိုင်၏ မျက်နှာသာပေးမှုကို ရထားသော်လည်း ငယ်ရွယ်လွန်းလှသည်။ ထို့အပြင် သူမ၏ ဆေးပညာဆိုင်ရာ အောင်မြင်မှု မှတ်တမ်းများမှာလည်း မရှိသလောက်ပင် ဖြစ်သည်။ ဂျိုးဇက် အသက်ရှင်နေလျှင်ပင် အခြေအနေမှာ အလွန်ဆိုးရွားနေပေလိမ့်မည်။ သူမ တကယ်ပဲ ကယ်တင်နိုင်ပါမည်လော။
မိန်းမငယ်လေးမှာ သူရဲကောင်း၏ မျက်လုံးထဲမှ သံသယကို မြင်သော်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှု လျော့ပါးမသွားပေ။
“ဒု-ဥက္ကဋ္ဌ အင်ဒရူးက မပြောပေမဲ့၊ ရှင်က ကျွန်မကို မစ္စတာဂျိုးဇက်ကို ကယ်စေချင်နေတာ မဟုတ်လား... ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးပါ၊ သူ့ကို အပြင်ကို ခေါ်ထုတ်လာခဲ့ပါ့မယ်... ဒါကို ညဉ့်ဦးယံ အရှင်သခင်ရဲ့ နာမတော်နဲ့ ကျွန်မ ကျိန်ဆိုပါတယ်”
သူမက အခိုင်အမာ ပြောလိုက်သည်
“...”
ဝင်စတန် အံ့ဩသွား၏။ သူမမှာ မူလစုန်းမကြီး တစ်ပါးကို ကိုးကွယ်သူဖြစ်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ သို့သော်... တစ်ခုခုတော့ မှားနေသည်။ သူမသည် ဝါးပူဂစ်ကို ကိုးကွယ်သူဖြစ်ပါက စာအုပ်ဆိုင်ရှင်ကို ဘာသာခြား သို့မဟုတ် ဘာသာခြား နတ်ဘုရားတစ်ပါးအဖြစ်သာ ရှုမြင်သင့်သည် မဟုတ်ပါလား။ အကြောင်းမှာ ထိုအရှင်သခင်သည် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ အစပြုသူ ဖြစ်သောကြောင့်ပင်။
သို့ဆိုလျှင် ပရိုင်မာသည် အဘယ်ကြောင့် စာအုပ်ဆိုင်၏ ပေးသနားမှုကို လက်ခံပြီး အင်ဒရူး၏ ဘက်တော်သား ဖြစ်နေရသနည်း။ သူမ၏ ယုံကြည်မှုကို သစ္စာဖောက်ခဲ့ခြင်းလား... မဟုတ်နိုင်ပေ။ သူမ၏ အကြည့်များသည် စစ်မှန်လွန်းပြီး အစွန်းရောက်နေသည့်အလားပင်။
ဝင်စတန်သည် လှည့်ထွက်သွားသော မိန်းကလေး၏ ကျောပြင်ကို ကြည့်ရင်း ဝေခွဲမရ ဖြစ်နေ၏။ သူ၏ သံသယများအတွက် အဖြေမရှိသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ခန့်မှန်းချက်တစ်ခုကတော့ ခေါင်းထဲတွင် ပေါ်လာခဲ့သည်။
ဤအခြေအနေမျိုးတွင် ဖြစ်နိုင်ခြေတစ်ခုသာ ရှိသည်။ စာအုပ်ဆိုင်ရှင်နှင့် မူလစုန်းမကြီးတို့သည်... ‘မူလဇစ်မြစ် တူညီနေကြခြင်း’ ပေလော။
ဝင်စတန် တစ်ယောက် ကိုယ်ပိုင်ခန့်မှန်းချက်ကြောင့် တုန်လှုပ်နေစဉ်မှာပင် ပရိုင်မာသည် သူမ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ ထိုငရဲခန်းကဲ့သို့သော စစ်မြေပြင်အတွင်းသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားခဲ့လေပြီ။ လွှမ်းခြုံထားသော အီသာစွမ်းအင်များက ပရိုင်မာ၏ ကာကွယ်ရေးဝတ်စုံကို သားရဲတစ်ကောင်ကဲ့သို့ ဝိုင်းဝန်းကိုက်ခဲနေကြသည်။ ပရိုင်မာသည် သူမ၏ ရင်ခွင်ထဲမှ ‘ဆေးကျမ်း’ ကို တင်းကျပ်စွာ ပွေ့ပိုက်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်ကာ တာဝန်များကို အသီးသီး ခွဲဝေပေးပြီးနောက် ပျက်စီးနေသော စစ်မြေပြင်၏ ဗဟိုချက်ဆီသို့ တဖြည်းဖြည်းချင်း တိုးဝင်သွားလေတော့သည်။
ဤဒေသတွင် မြေကမ္ဘာမှာ အစအနမကျန်အောင် ဖျက်ဆီးခံထားရပြီး ကောင်းကင်ယံ၌လည်း ထူထပ်မှိုင်းညို့သော တိမ်တိုက်များက နေရောင်ခြည်ကို လုံးဝကွယ်ထားကြသည်။ အဆုံးမရှိသော မုန်တိုင်းများ တိုက်ခတ်နေပုံမှာ ပရိုင်မာတစ်ယောက် ထူးဆန်းသော တစ်ပါးလောကသို့ ခြေချမိသကဲ့သို့ ခံစားရစေသည်။
ညစ်ထေးမှောင်မိုက်သော မီးခိုးငွေ့များကို ကာကွယ်ရေးဝတ်စုံက တားဆီးပေးထားသော်လည်း သူမ၏ ရှေ့မှောက်တွင် တောက်လောင်နေသော မီးလျှံများနှင့် ပင့်ကူမျှင်များကဲ့သို့ လွင့်မျောနေသည့် ဖျက်ဆီးခြင်းအမှုန်အမွှားများကိုမူ အထင်အရှား မြင်တွေ့နေရသည်။ ထိုအချင်းချင်း ရစ်ပတ်ယှက်နွယ်နေသော အီသာစွမ်းအင်များ ဖြတ်သန်းသွားလေရာတိုင်းတွင် မြေပြင်မှာ လောင်ကျွမ်းပြာကျသွားခြင်း သို့မဟုတ် အနုမြူအဆင့်အထိ ပျက်စီးသွားခြင်းတို့သာ ကျန်ရစ်ခဲ့သည်။
ကာကွယ်ရေးဝတ်စုံပြင်ပရှိ ပတ်ဝန်းကျင်အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ မခံစားရလျှင်ပင် ဤမြင်ကွင်းကို ကြည့်ရုံဖြင့် ရင်ထဲတွင် မသက်မသာ ဖြစ်လာစေသည်။ ...အမှန်စင်စစ် ဤကဲ့သို့ ရှားပါးလှသော ဖြစ်စဉ်မျိုးသည် သုတေသနပြုရန် အလွန်တန်ဖိုးရှိသော်လည်း ပရိုင်မာအနေဖြင့်မူ ဤအတွေ့အကြုံမျိုးကို ထပ်မံ၍ ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့လိုတော့ပေ။
ပရိုင်မာ တစ်ယောက် စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း အပျက်အစီးများကြားမှ ခဲယဉ်းစွာ ဖြတ်ကျော်ကာ ဖြစ်နိုင်ခြေရှိသော ထောင့်စွန်းတိုင်းကို ဂရုတစိုက် ရှာဖွေနေမိသည်။ ဤနယ်မြေထဲသို့ မဝင်မီကပင် သူမသည် လက်အောက်ငယ်သား တစ်ဦးချင်းစီကို နယ်မြေအလိုက် အသေးစိတ် တာဝန်ခွဲဝေပေးခဲ့သည်။ သို့မှသာ ပိုမိုထိရောက်မြန်ဆန်မည် ဖြစ်သည်။
တကယ်တော့ လူတိုင်းက သိထားကြပြီးသားဖြစ်သည်။ ဥက္ကာခဲကြီးတစ်ခု ကျရောက်သကဲ့သို့ ပြင်းထန်လှသော ‘အခရာ အဆင့်’ တိုက်ပွဲတစ်ခုတွင် သက်ဆိုင်သူ နှစ်ဦးမှအပ မည်သူမျှ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် စစ်မြေပြင်၏ ဗဟိုချက်ဆီသို့ သွားရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ ဂျိုးဇက် သို့မဟုတ် ဝယ်လ်ကို ရှာဖွေရန်သာ ဖြစ်သည်။
သို့သော် ပရိုင်မာက ထိုသို့မတွေးပေ။ သူမ၏ မစ်ရှင်မှာ ဂျိုးဇက်ကို ရှာဖွေရန် ဖြစ်သော်လည်း ဂျိုးဇက်တစ်ဦးတည်းကိုသာ အာရုံမစိုက်ဘဲ အသက်ရှင်ကျန်ရစ်သူ ရှိနိုင်မလားဆိုသည့် အတွေးဖြင့် စစ်မြေပြင်တစ်ခုလုံးကို လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။
ရှေးယခင်ကတည်းက တည်ရှိခဲ့ပြီး ယနေ့တိုင် တည်မြဲနေသော ပဋိညာဉ်အရ ညဦးယံ၌ အေးချမ်းစွာ အိပ်စက်သူတိုင်းကို အကာအကွယ် ပေးရမည်ဖြစ်သည်။ ဤသည်မှာ ဝါးပူဂစ်ကို ကိုးကွယ်သူတို့ ပြုမူရမည့် ကျင့်ဝတ်တစ်ခုလည်း ဖြစ်ပေသည်။
“ဘယ်သူရှိသေးလဲ... အသက်ရှင်နေတဲ့သူ ရှိသလား...”
ပရိုင်မာ လက်နှစ်ဖက်ကို ကတော့ပုံလုပ်၍ အော်ဟစ်လိုက်သည်။ အီသာစွမ်းအင်ကို အသုံးမပြုနိုင်သဖြင့် ရှိသမျှ အားအင်ကုန်ထုတ်၍သာ အော်ဟစ်နိုင်တော့သည်။
ဗဟိုချက်သို့ နီးကပ်လာသည်နှင့်အမျှ ပုပ်ပွနေသော အလောင်းများပင် မတွေ့ရတော့ဘဲ လုံးဝဥဿုံ ပျက်စီးနေသော ဆိတ်သုဉ်းမှုများကိုသာ တွေ့ရတော့သည်။ တစ်ချိန်တည်းမှာပင် ဓာတ်ခွဲခန်းထဲ၌သာ အချိန်ကုန်လေ့ရှိသော ပရိုင်မာ့အဖို့ ကိုယ်လက်လှုပ်ရှားမှု အလွန်အမင်း များပြားလာသဖြင့် အမောဆို့လာခဲ့သည်။
ပရိုင်မာသည် အမောတကောဖြင့် လက်ကို မြှောက်ကြည့်လိုက်ရာ သူမ၏ ကာကွယ်ရေးဝတ်စုံမှာ ဟောင်းနွမ်းစုတ်ပြတ်လာသည်ကို သတိပြုမိသွားသည်။ ထို့ကြောင့် ဝတ်စုံအတွင်းရှိ ကိရိယာကို အသုံးပြုကာ ခန္ဓာကိုယ်ကို ခဏတာ ကြံ့ခိုင်စေမည့် ဆေးရည်တစ်မျိုးကို မိမိကိုယ်ကိုယ် ထိုးနှံလိုက်သည်။
ဤဆေးရည်များမှာ သူမရရှိခဲ့သည့် လျှို့ဝှက်ကျမ်းစာကို အခြေခံ၍ သုတေသနပြု ဖော်စပ်ထားခြင်းဖြစ်ပြီး ‘အမှန်တရား အသင်းတော်’ ထံသို့လည်း တရားဝင် တင်ပြထားခြင်း မရှိသေးပေ။ ထို့ကြောင့် အမည်လည်း မပေးရသေးသလို အမြောက်အမြား ထုတ်လုပ်ရန် သို့မဟုတ် အခြားသူများကို ပေးဝေရန်လည်း မဖြစ်နိုင်သေးဘဲ လောလောဆယ်တွင် မိမိဘာသာသာ အသုံးပြုနိုင်သေးသည်။
‘ပတ်ဝန်းကျင်က ပိုပိုဆိုးလာပြီ၊ ကာကွယ်ရေးဝတ်စုံရှိရင်တောင် ငါ အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး၊ အမြန်လုပ်မှ ဖြစ်မယ်...’
‘ပတ်ဝန်းကျင်က ပိုပိုဆိုးလာပြီ၊ ကာကွယ်ရေးဝတ်စုံရှိရင်တောင် ငါ အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး၊ အမြန်လုပ်မှ ဖြစ်မယ်...’
ပရိုင်မာ စိတ်ထဲက တွေးနေမိသည်။ ‘လောင်မြိုက်ခြင်း’ နယ်ပယ်၏ လွှမ်းမိုးမှုမှာ များစွာအားနည်းသွားပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနယ်ပယ်၏ သဘောတရားမှာ အစွန်းရောက်သွားသည့်အခါ ပိုင်ရှင်၏ ခန္ဓာကိုယ်ကိုပင် ပြန်လည်လောင်ကျွမ်းစေသောကြောင့် ဖြစ်သည်။ ပရိုင်မာ၏ ခန့်မှန်းချက်အရ ဤဒေသရှိ အီသာများ ပျက်စီးနှုန်းကို ကြည့်လျှင် နောက်ထပ် သုံးရက်ခန့်အကြာ၌ လုံးဝ ကွယ်ပျောက်သွားနိုင်ပေသည်။
သို့သော် ဝယ်လ်၏ ‘နိဂုံး’ နယ်ပယ်မှာမူ ဆက်လက် တည်ရှိနေဆဲဖြစ်ပြီး ၎င်း၏ အာဏာစက်အတွင်းရှိ အရာခပ်သိမ်းကို ချေမှုန်းရန် ကြိုးစားနေဆဲ ဖြစ်သည်။ ဗဟိုချက်သို့ နီးကပ်လေလေ အန္တရာယ် ပိုကြီးလေလေ ဖြစ်သည်။
***