အခန်း (၄၄၅-၄၄၆)
Vol. 32 Ch. 445-446
အပိုင်း(၄၄၅)
တစ်ရက်အကြာ...
ပရိုင်မာသည် နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး မောပန်းနွမ်းနယ်နေသော်လည်း ရှေ့သို့ ဆက်လက်တိုးဝင်နေသည်။ သူမသည် မှန်ကန်သော လမ်းကြောင်းကို အနည်းနှင့်အများ ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ဆေးရည် အစီအရင်တစ်ခုကို အသုံးပြုကာ ‘ညအိပ်မက်ဘုံ’ နှင့် ဆက်သွယ်၍ လမ်းညွှန်မှု ရယူခဲ့ပြီးနောက် အလွန်အားနည်းလှသော အငွေ့အသက်တစ်ခုကို မရေမရာ အာရုံခံမိခဲ့သည်။
ထို့ကြောင့် ပရိုင်မာသည် လမ်းတစ်ဝက်မှ တစ်ခေါက် ပြန်လှည့်၍ ရိက္ခာများနှင့် အပိုဆေးရည်အချို့ကို သွားရောက်ယူဆောင်ခဲ့ရသည်။ ထိုဆေးရည်များသည် လူအများအဖို့တော့ တားမြစ်ထားသည့် အရာများသာ ဖြစ်ပေလိမ့်မည်။
ယခုအခါ သူမသည် စစ်မြေပြင်၏ ဗဟိုချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ အာရုံခံစားမှုများက အန္တရာယ်ရှိကြောင်း သတိပေးနေသကဲ့သို့ တုန်လှုပ်နေပြီး အစောပိုင်းက အားနည်းသော အငွေ့အသက်မှာလည်း ဤနေရာ၌ ပို၍ ထင်ရှားလာသည်။
‘ရောက်တော့မယ်...’
ပရိုင်မာ စိတ်ထဲက ရေရွတ်လိုက်သည်။ ထို့နောက် နောက်ထပ် ခြေတစ်လှမ်း အလှမ်းတွင် မမြင်နိုင်သော အတားအဆီးတစ်ခုကို ကျော်ဖြတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ခြေထောက်သည် မတူညီသော မြေပြင်ပေါ်သို့ နင်းမိသွားပြီး ခံစားနေရသော ဖိအားများလည်း လျော့ပါးသွားသဖြင့် အသက်ကို ပြင်းပြင်းရှူကာ ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရသည်။
ပတ်ဝန်းကျင်၌ မုန်တိုင်းကဲ့သို့ သောင်းကျန်းနေသော အီသာစွမ်းအင်များမှာ ချက်ချင်းဆိုသလို ငြိမ်သက်သွားသည်။
တိတ်ဆိတ်နေသော စစ်မြေပြင်တွင် သက်ရှိဟူ၍ လုံးဝမရှိဘဲ အပ်ကျသံပင် မကြားရချေ။ ပရိုင်မာသည် မှောင်မိုက်နေသော နယ်ပယ်အတွင်း၌ တစ်ဦးတည်း ရှိနေသဖြင့် မလုံခြုံသလို ခံစားရကာ ကိုယ်ကို အနည်းငယ် ကျုံ့ထားမိသည်။
ထို့နောက်... သူမ၏ မျက်လုံးများက ရှေ့မှောက်ရှိ ကြီးမားလှသော ကျင်းကြီးတစ်ခုဆီသို့ အာရုံစိုက်လိုက်မိ၏။ မီတာ တစ်ရာကျော်ခန့် နက်ရှိုင်းစွာ နိမ့်ဆင်းသွားသော ထိုကျင်းကြီး၏ အလယ်တွင် သေးငယ်လှသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသူသည် ဓားကို ရှေ့သို့ ထိုးစိုက်ထားသည့် ပုံစံအတိုင်း မလှုပ်မယှက် ရှိနေသည်။ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများမှာ လောင်ကျွမ်းကာ သစ်ကိုင်းခြောက်များကဲ့သို့ ရှုံ့တွနေသဖြင့် လူပုံပန်းသဏ္ဍာန်ကိုပင် မသဲကွဲတော့ပေ။ ယခုအခါ ထိုခန္ဓာကိုယ်မှာ ပြာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲကာ လေထဲသို့ လွင့်မျောနေပြီး ကြည့်ရသည်မှာ အလျင်အမြန် ဆွဲထားသော ပုံကြမ်းတစ်ခုနှင့်ပင် တူနေတော့သည်။
သို့သော် ကျန်ရှိနေသေးသော မျက်လုံးအိမ်အတွင်း၌ အဖြူရောင် မီးလျှံများမှာ တောက်ပနေဆဲဖြစ်ပြီး ထိုမှောင်မိုက်သော ကမ္ဘာကြီးတွင် တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ်အဖြစ် နောက်လာနောက်သားတို့အတွက် ‘ပြအိုး’ တစ်ခုသဖွယ် ဖြစ်နေသည်။
သေဆုံးသွားသော ရန်သူကို ဓားဖြင့် ညွှန်ပြနေသည့် ဤရုပ်တုကြီးသည် ဤအခိုက်အတန့်၌ ထာဝရအဖြစ် အေးခဲသွားသည့်အလားပင်။ ဖျက်ဆီးခြင်း အငွေ့အသက်များက ဤခန္ဓာကိုယ်အနီးသို့ မချဉ်းကပ်နိုင်ဘဲ ဘေးသို့ ပတ်သွားကြသည်။ သေဆုံးသွားချိန်တွင်ပင် သူ၏ ဂုဏ်သိက္ခာမှာ ပျောက်ကွယ်မသွားပေ။
‘ဒါ... ဘယ်လို စိတ်ဓာတ်ကြံ့ခိုင်မှုမျိုးလဲ...’
ပရိုင်မာ အလွန်အမင်း တုန်လှုပ်သွားသဖြင့် စကားလုံးပင် မထွက်နိုင်တော့ပေ။ ခဏအကြာမှ သတိပြန်ဝင်လာပြီး ကျင်းကြီးထဲသို့ အပြေးအလွှား ဆင်းသွားကာ ထို ‘အလောင်း’ ရှိရာသို့ အသည်းအသန် သွားမိရာ လမ်းတွင် မှောက်ရက်လဲလုနီးပါး ဖြစ်ခဲ့ရသည်။
ဂျိုးဇက်၏ ခန္ဓာကိုယ် အနားသို့ ခဲယဉ်းစွာ ရောက်ရှိသွားသောအခါ ပရိုင်မာ့အတွက် အခက်အခဲတစ်ခု ကြုံရပြန်သည်။ ထိုခန္ဓာကိုယ်ကို မည်သည့်နေရာမှ ကိုင်တွယ်ရမှန်း မသိသဖြင့် ပရိုင်မာသည် ‘ခန္ဓာကိုယ်’ ကို အကြိမ်ကြိမ် ပတ်ကြည့်နေမိသည်။
ဂျိုးဇက်မှာ သေလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ကျန်ရှိနေသည်မှာ သူ၏ ပြင်းပြလှသော စိတ်ဆန္ဒတစ်ခုသာ ဖြစ်သည်။
‘သူ တစ်ခုခုကို ကာကွယ်ဖို့ ကြိုးစားနေတာလား...’
ပရိုင်မာသည် တစ်ခါမျှ မဆုံဖူးသော ဤ ‘ရောင်စဉ် သူရဲကောင်း’ ကြီးအပေါ် လေးစားစိတ်များ ဖြစ်ပေါ်လာမိသည်။ လွန်ခဲ့သော နှစ်ပေါင်း သောင်းချီက ဝါးပူဂစ်သည် အားကိုးရာမဲ့သော လူသားများကို အကာအကွယ် ပေးမည်ဟု ပဋိညာဉ်ပြုခဲ့သည်။ ယခုအခါတွင်လည်း ဤကဲ့သို့သော လူသားများသည် နော်ဇင်ကို ကာကွယ်ရန် သူတို့၏ ရှိသမျှ အားအင်အားလုံးကို ပေးဆပ်နေကြသည်။ အကယ်၍ လေဒီဝါးပူဂစ်သာ ဤမြင်ကွင်းကို မြင်တွေ့ရလျှင် အလွန်ပင် ဝမ်းမြောက်မိပေလိမ့်မည်။
ပရိုင်မာသည် သူမ၏ ရှေ့မှောက်ရှိ သူရဲကောင်း၏ အသက်ကို ကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။ သူမ ဖော်စပ်ထားသော ဆေးရည်တစ်မျိုးကို ထုတ်ယူကာ ပျက်စီးနေသော ခန္ဓာကိုယ်ပေါ်သို့ လောင်းချလိုက်ရင်း...
“ရှင်... ကျွန်မ စကားကို ကြားနိုင်လား”
ဟု ခပ်တိုးတိုး မေးလိုက်သည်။ ထို့နောက် သူမ ခဏ စောင့်နေမိသည်။
ပရိုင်မာသည် ဤဆေးရည်ကို ‘အရုဏ်ဦး ရှင်သန်ခြင်း’ ဟု အမည်ပေးထားသည်။ ၎င်း၏ အဓိက ပါဝင်ပစ္စည်းမှာ ကလေးငယ်တစ်ဦး၏ အချင်း ဖြစ်သည်။ ၎င်းသည် အရာခပ်သိမ်း မရှိရာမှ ရှိလာပုံကို သက်သေပြနေသည့် အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ‘မွေးဖွားခြင်း’ ဟူသော သဘောတရား ကိန်းအောင်းနေသည်။ ထို့ကြောင့် ၎င်းမှ ဖော်စပ်ထားသော ဆေးရည်တွင် ‘သက်ရှိ’ ဟူသော သဘောတရား၏ အလင်းရိပ်အချို့ ပါဝင်နေခြင်း ဖြစ်သည်။
ပရိုင်မာသည် သူမ၏ ဆေးဖော်စပ်မှု အဆင့်အတန်းကို တစ်ခါမျှ မစစ်ဆေးခဲ့ဖူးပေ။ သို့သော် အကယ်၍ အခြားသူများသာ သူမသည် ဤကဲ့သို့သော ‘သဘောတရား’ များ ပါဝင်သည့် ဆေးရည်ကို ဖော်စပ်နိုင်ကြောင်း သိသွားပါက အလွန်ပင် ထိတ်လန့်သွားကြပေလိမ့်မည်။
အကြောင်းကား... ဤစွမ်းအားမှာ ‘အခရာ အဆင့်’ များသာ ရရှိနိုင်သော စွမ်းအားမျိုး ဖြစ်သောကြောင့်ပင်။ ‘အခရာ အဆင့်’ များသည် များသောအားဖြင့် နိယာမ တစ်ခု၏ အာဏာစက်ကိုသာ ဆုပ်ကိုင်ထားနိုင်သော်လည်း ပရိုင်မာ့အဖို့မူ ဆေးဖော်စပ်ရာတွင် ထိုကဲ့သို့ ကန့်သတ်ချက်များ မရှိပေ။ ထို့ကြောင့် သီအိုရီအရ သူမသည် သဘောတရား အားလုံး ပါဝင်သည့် ဆေးရည်ကို ဖော်စပ်နိုင်ပြီး ၎င်းကို နိယာမတစ်ခုအဖြစ်ပင် အဆင့်မြှင့်တင်နိုင်စွမ်း ရှိပေသည်။
အရုဏ်ဦး အလင်းရောင်ကဲ့သို့ပင် ဆေးရည်များသည် ဂျိုးဇက်၏ ပျက်စီးနေသော ခန္ဓာကိုယ်ပေါ်သို့ စီးကျသွား၏။ ဆေးရည် ထိတွေ့လေရာတိုင်းတွင် လောင်ကျွမ်းနေသော အပိုင်းအစများ ကွာကျသွားပြီး အသားအသစ်များ ပြန်လည် ထွက်ပေါ်လာသည်။ ထို့အတူ အရိုးများနှင့် သွေးကြောများသည်လည်း ပျိုးပင်လေးများ ကြီးထွားလာသကဲ့သို့ တဖြည်းဖြည်း ပြည့်စုံလာသည်။
လက်မောင်းများ၊ ခြေလက်များ၊ ကိုယ်ထည်၊ ဦးခေါင်း၊ မျက်လုံးနှင့် ဆံပင်များ...
မြေကြီးပေါ်သို့ ကျသွားသော ဆေးရည်များသည် အလင်းတန်းများအဖြစ် ပျံ့နှံ့သွားပြီး လောင်ကျွမ်းထားသော မြေပြင်အောက်ရှိ သေဆုံးနေပြီဖြစ်သော မျိုးစေ့များနှင့် ထိတွေ့သွားသည်။ ခဏချင်းမှာပင် စိမ်းလန်းစိုပြည်သော မြက်ခင်းများ ပေါက်ရောက်လာပြီး တိတ်ဆိတ်ခြောက်သွေ့နေသော စစ်မြေပြင်နှင့် လုံးဝ မလိုက်ဖက်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
မျက်လုံးအိမ်အတွင်းရှိ အဖြူရောင် မီးလျှံမှာလည်း အားတက်သရော ကခုန်လာသကဲ့သို့ ရှိသည်။
ပရိုင်မာသည် လက်ထဲမှ အီသာ အာရုံခံကိရိယာလေးကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ ဝင်းလက်သွားသည်။ အစောပိုင်းက အားနည်းနေသော တုံ့ပြန်မှုမှာ တဖြည်းဖြည်း အားကောင်းလာသည်ကို သူမ မြင်တွေ့နေရသည်။ ထို့အပြင် အားနည်းလှသော နှလုံးခုန်သံကိုလည်း စတင် ကြားလိုက်ရပြီ ဖြစ်သည်။
“သူရဲကောင်း ဂျိုးဇက်... ရှင် ကျွန်မစကားကို ကြားရတယ်ဆိုရင် အီသာကို စုစည်းဖို့ ကြိုးစားကြည့်ပါ၊ ဒါမှ ရှင့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဆန္ဒ ပေါင်းစည်းမှုကို အထောက်အကူ ပြုမှာပါ...”
ပရိုင်မာ တစ်ဖက်လူ နားလည်စေရန် ထိုစကားကို သုံးကြိမ်တိုင်တိုင် ဖြည်းဖြည်းချင်း ထပ်ပြောလိုက်သည်။ ထို့နောက် သူမသည် ဆောင့်ကြောင့်ထိုင်ချကာ အသစ်ပေါက်လာသော မြက်ပင် အနည်းငယ်ကို နုတ်ယူလိုက်၏။
“တောင်းပန်ပါတယ်... တောင်းပန်ပါတယ်နော်...”
သူမ တိုးတိုးလေး ရေရွတ်ရင်း ထိုအပြစ်ကင်းသော မြက်ပင်လေးများကို ဆေးရည်ထည့်သည့် အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။ အင်ဒရူး အမှန်တရား အသင်းတော်ကို အလုံးစုံ မထိန်းချုပ်နိုင်သေးမီ အချိန်အထိ ပရိုင်မာ အနေဖြင့် သူမ၏ ကြောက်မက်ဖွယ်ကောင်းသော ဆေးဖော်စပ်မှု စွမ်းရည်ကို ထုတ်ဖော်၍ မဖြစ်သေးပေ။ ထို့ကြောင့် သူမအနေဖြင့် ဤမြက်ပင်လေးများကိုသာ သက်သေအဖြစ် အသုံးပြုရတော့မည် ဖြစ်သည်။
“ငါ...”
အဘိုးအိုတစ်ဦး၏ အက်ရှရှ အသံ ထွက်ပေါ်လာ၏။ ထိုအသံကို ကြားသောအခါ ပရိုင်မာ မော့ကြည့်လိုက်မိသည်။ ဂျိုးဇက်၏ မျက်လုံးအိမ်အတွင်းရှိ အဖြူရောင် မီးလျှံမှအပ ကျန်ရှိသော အစိတ်အပိုင်းများမှာ မူလအတိုင်း ပြန်လည် ကောင်းမွန်နေပြီဖြစ်သည်။ သူရဲကောင်း လူအိုကြီးသည် သူ၏ ပုံမှန်မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်ကာ ပရိုင်မာ့ကို စိုက်ကြည့်လိုက်၏။ သူ တစ်စုံတစ်ခု ပြောရန် နှုတ်ခမ်းပြင်လိုက်သော်လည်း ‘ဗုန်း’ ခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျကာ သတိမေ့သွားလေတော့သည်။
“...”
ပရိုင်မာသည် အိတ်ထဲမှ ဆက်သွယ်ရေးကိရိယာကို အမြန်ထုတ်လိုက်သည်။ သူမ ယခု လုပ်ဆောင်ခဲ့သည်မှာ အရေးပေါ် ကုသမှုသာ ရှိသေးသည်။ သူ့ကို အပြည့်အဝ ကုသပေးနိုင်ရန် ဆေးရည်များ ဆက်တိုက် ဖော်စပ်ရဦးမည် ဖြစ်သည်။
ဂျိုးဇက်ကို ရှာတွေ့ပြီဖြစ်သဖြင့် ဦးစွာပထမ ဝင်စတန်ကို အကြောင်းကြားရမည်။ အစောပိုင်းက ဝင်စတန်ကို ကြည့်ရသည်မှာ အလွန်ပင် စိုးရိမ်ပူပန်နေပုံ ရပေသည်။
***
အပိုင်း(၄၄၆)
“ဌာနမှူး ဝင်စတန်... ကျွန်မ ဂျိုးဇက်ကို ရှာတွေ့...”
ပရိုင်မာ စကားပင် မဆုံးသေးမီ တစ်ဖက်မှ တုန်ရီနေသော အသံက ဖြတ်ပြောလိုက်သည်။
“တကယ်လား... မင်း... မင်း သူ့ကို ရှာတွေ့ခဲ့တာလား... သူ... သူ ဘယ်လိုနေသေးလဲ... ဂျိုးဇက်က...”
ဝင်စတန်သည် ဆက်ပြောရန် အားယူနေရသည်။ ဂျိုးဇက်၏ တိုက်ပွဲသည် လူပေါင်းများစွာ၏ နှလုံးသားကို လှုပ်ခတ်စေခဲ့သည်။ မျှော်လင့်ချက်နှင့် စိုးရိမ်စိတ်တို့မှာ ပြင်းထန်လွန်းလှသဖြင့် အမြဲတမ်း တည်ငြိမ်လှပါသည်ဆိုသော ဝင်စတန်ပင်လျှင် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပေ။ ဂျိုးဇက် သေဆုံးသွားပြီဟူသော သတင်းဆိုးအား ကြားရမည်ကို သူ အလွန်ကြောက်နေမိသည်။
ပရိုင်မာသည် လူနာ၏ မိသားစုနှင့် သူငယ်ချင်းများကို စိတ်မချမ်းမြေ့စရာ မြင်ကွင်းများအကြောင်း မပြောပြရန် ဆုံးဖြတ်လိုက်ပြီး လိုရင်းကိုသာ ခပ်တိုတို ပြောလိုက်သည်။
“သူ အသက်ရှင်နေပါတယ်”
လည်ချောင်းအတွင်း ရောက်နေသော ဝင်စတန်၏ နှလုံးသားမှာ တစ်ချက်တည်းနှင့် နေရာပြန်ကျသွားသလို ခံစားလိုက်ရသည်။ သူသည် ဝမ်းသာအားရဖြင့် သက်ပြင်းချလိုက်ပြီး ချက်ချင်းပင် မေးလိုက်၏။
“သူနဲ့ စကားပြောလို့ ရမလား... အာ၊ မဟုတ်ဘူး၊ ငါ ဘာတွေ ပြောနေမိတာလဲ... ဂျိုးဇက် ဒဏ်ရာ တော်တော် ပြင်းထန်တယ် မဟုတ်လား”
‘ပြင်းထန်တာပေါ့... သူ့ခန္ဓာကိုယ်က ပုံကြမ်းလောက်ပဲ ကျန်တော့တာကိုး’
ပရိုင်မာ စိတ်ထဲက တွေးလိုက်သည်။ သူမ သူမ၏ ပုခုံးပေါ်တွင် မှီထားသော သူရဲကောင်း လူအိုကြီးကို တစ်ချက်ကြည့်လိုက်၏။ သူမ ဝတ်ထားသော ကာကွယ်ရေးဝတ်စုံသည် စက်မှု အထောက်အကူပြု ဝတ်စုံ တစ်မျိုး ဖြစ်သဖြင့် လူတစ်ယောက်ကို သယ်ဆောင်ရသည်မှာ ခက်ခဲသော အလုပ်မဟုတ်ပေ။ ထို့အပြင် သူမကိုယ်တိုင်လည်း ခွန်အားတိုးဆေးရည်ကို သုံးစွဲထားသေးသည်။
“သူ အဆင်ပြေပါတယ်၊ ဒါပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်ဆိုရုံပဲ ရှိပါသေးတယ်... ပြန်လည် နာလန်ထူဖို့နဲ့ ခန္ဓာကိုယ် အသားကျဖို့ အချိန်ယူရပါလိမ့်မယ်... ဒီကာလအတွင်းမှာ သူ အီသာစွမ်းအင်ကို အသုံးမပြုရသလို အားစိုက်ရတဲ့ အလုပ်တွေလည်း မလုပ်ရပါဘူး... အနားယူဖို့အတွက် လုံးဝ ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခု ရှာပေးတာ အကောင်းဆုံးပါပဲ... နောက်ပိုင်းကျရင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က သူ့ကို ပြန်ခေါ်သွားလို့ ရမှာပါ၊ လအနည်းငယ်လောက် အေးအေးဆေးဆေး နားလိုက်ရင်တော့ ကောင်းသွားမှာပါ”
“မင်းရဲ့ အကူအညီအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်...”
ဝင်စတန်သည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။ ပရိုင်မာက ထုတ်မပြောသော်လည်း ဂျိုးဇက်ကို သေမင်းတွင်းထဲမှ ဆွဲထုတ်ရန် သူမ မည်မျှ ကြိုးစားခဲ့ရသည်ကို ဝင်စတန် ကောင်းစွာ သိသည်။
ဤမိန်းမငယ်လေး... မဟုတ်သေး၊ စာအုပ်ဆိုင်ရှင်၏ မျက်နှာသာပေးမှုကို ရထားသူဖြစ်သဖြင့် ဤမျှ စွမ်းဆောင်နိုင်သည်မှာ မဆန်းတော့ပေ။ သူ၏ အစောပိုင်းက သံသယများမှာ အပိုသာ ဖြစ်ခဲ့သည်။
ထိုသို့ဆိုလျှင် စိုးရိမ်စရာ မရှိတော့ပေ။ ဝင်စတန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြောလိုက်၏။
“မင်း သူ့ကို ဘေးကင်းတဲ့ တစ်နေရာရာကို တိုက်ရိုက် ခေါ်သွားပေးလို့ ရမလား... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကို ပြန်လာစရာ မလိုတော့ဘူး”
ပရိုင်မာ အနည်းငယ် အံ့အားသင့်သွားသည်။
“ဘေးကင်းတဲ့ နေရာ... မျှော်စင်ကို ပြန်စရာ မလိုဘူးဆိုတာ သေချာရဲ့လား... သူက...”
ဝင်စတန်က ခိုင်မာစွာ ဖြတ်ပြောလိုက်သည်။
“သေချာပါတယ်... မင်းကိုလည်း တစ်ခု တောင်းဆိုချင်တာက... သူ သေဆုံးသွားပြီလို့ လူသိရှင်ကြား ကြေညာပေးပါ”
ပရိုင်မာသည် ဘာဖြစ်နေမှန်း မသိသဖြင့် ဆက်သွယ်ရေးကိရိယာကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေမိသည်။
“မင်း ဇဝေဇဝါ ဖြစ်နေမယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့... ဒါဟာ ဂျိုးဇက်ရဲ့ အသက်နဲ့ ဆိုင်နေလို့ပါ”
‘ဂျိုးဇက်ရဲ့ အသက် = မစ္စတာလင်ရဲ့ တာဝန်’
ပရိုင်မာ့ ခေါင်းထဲတွင် ညီမျှခြင်း တစ်ချက် လက်ခနဲ ပေါ်လာသည်။
“ကောင်းပါပြီ၊ အဲဒါ ပြဿနာမရှိပါဘူး”
မိန်းမငယ်လေးက ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်သည်။
“ဒါကို ကျွန်မ လုံးဝ လျှို့ဝှက်ထားပါ့မယ်... ကျွန်မရဲ့ ဓာတ်ခွဲခန်းကို တိုင်တည်ပြီး... ကျိန်ဆိုပါတယ်”
ဝင်စတန်က ပြန်ပြောသည်။
“ကျေးဇူးတင်ပါတယ်... နောက်ပြီး အဲဒီနေရာက ဘယ်မှာလဲဆိုတာ ငါ့ကိုလည်း မပြောပါနဲ့... မင်းတစ်ယောက်တည်း သိနေတာက ပိုကောင်းပါတယ်”
“ဟုတ်ကဲ့ပါ”
ပရိုင်မာက အသိအမှတ်ပြုစကားဆိုကာ ဖုန်းချလိုက်သည်။ သို့သော်... ဘယ်နေရာက ဘေးအကင်းဆုံး ဖြစ်မည်နည်း။ ပရိုင်မာသည် အောက်နှုတ်ခမ်းကို ကိုက်ကာ အသည်းအသန် စဉ်းစားနေမိသည်။
အမှန်တရား အသင်းတော်က သူမ၏ ဓာတ်ခွဲခန်လော။
‘အဲဒီမှာဆိုရင် ပစ္စည်းကိရိယာ အစုံအလင်ရှိပြီး ငါ့ အတွက်လည်း ရင်းနှီးပြီးသား နေရာဖြစ်လို့ အဆင်ပြေနိုင်ပါတယ်... ဒါပေမဲ့ အသင်းတော်ကို ရောက်သွားရင်တော့ အင်ဒရူး သိသွားမှာ အသေအချာပဲ...’
“ဘေးကင်းတဲ့နေရာ... ဘေးကင်းတဲ့နေရာ...”
ပရိုင်မာ ထပ်ခါတလဲလဲ တွေးတောနေစဉ် ကောင်တာနောက်မှာ စာအုပ်တစ်အုပ်ကို ကိုင်ပြီး ထိုင်နေတတ်သည့် အေးစက်စက်နှ့် လှပသော မိန်းကလေးတစ်ယောက်၏ ပုံရိပ်က သူမ အာရုံထဲ ပေါ်လာသည်။
‘မွန်း’...
မွန်းသည် ည၏ဖန်တီးရှင် ဖြစ်ပြီး စာအုပ်ဆိုင်ရှင်မှာလည်း လေဒီဝါးပူဂစ်၏ အလိုဆန္ဒပင် ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် အလုံခြုံဆုံးနေရာမှာ လေဒီဝါးပူဂစ်၏ အကာအကွယ်အောက်တွင် ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ဂျိုးဇက်ကို စာအုပ်ဆိုင်သို့ ပို့လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့အပြင် မွန်းနှင့် မစ္စတာလင်တို့မှာ လူသားများ မဟုတ်ကြချေ။ သို့ဆိုလျှင် ဤလျှို့ဝှက်ချက်ကို သိသူမှာ သူမ တစ်ဦးတည်းသာ ရှိတော့မည် မဟုတ်ပါလား။
ထိုသို့ တွေးတောပြီးနောက် ပရိုင်မာသည် လမ်းကြောင်းပြောင်းကာ ဂျိုးဇက်ကို သယ်ဆောင်လျက် စာအုပ်ဆိုင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့တော့သည်။
...
ဝင်စတန်သည် ဆက်သွယ်ရေးကိရိယာကို ပိတ်လိုက်ပြီး သက်ပြင်းရှည်တစ်ချက်ကို ချလိုက်သည်။ ပရိုင်မာ့အတွက်မူ အခြားသူများ မသိနိုင်သည့် ဘေးကင်းသောနေရာမှာ တစ်ခုတည်းသာ ရှိသည်။ ဤရလဒ်မှာ သူကိုယ်တိုင် ထိုမိန်းကလေးငယ်ကို တမင်တကာ လမ်းကြောင်းပေးခဲ့ခြင်း ဖြစ်သည်။
အကြောင်းရင်းမှာ အလွန်ရိုးရှင်းပါသည်။ ဝင်စတန်တွင် ကြောက်မက်ဖွယ်ကောင်းသော ခန့်မှန်းချက်တစ်ခု ရှိနေပြီး ၎င်းကို စမ်းသပ်လိုသောကြောင့် ဖြစ်သည်။ ထိုခန့်မှန်းချက်မှာ ‘လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သည် ဂျိုးဇက်ကို အသုံးချရုံသာ အသုံးချလိုခြင်း ဖြစ်သည်’ ဟူသောအချက်ပင်။
ဤဖြစ်ရပ်က ဝင်စတန်ကို အမြင်သစ်တစ်ခု ရစေခဲ့သည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သည် ဂျိုးဇက် သေသည်၊ ရှင်သည်ကို အဘယ်ကြောင့် ဂရုမစိုက်သနည်း။ အကြောင်းမှာ သူတို့၏ မျက်လုံးထဲတွင် ဂျိုးဇက်မှာ သူရဲကောင်းတစ်ယောက် မဟုတ်သောကြောင့် ဖြစ်သည်။ သူသည် လင်းကျဲကို စမ်းသပ်ရန်အတွက် ကိရိယာတစ်ခုမျှသာ ဖြစ်သည်။ မျှော်စင်နှင့် နော်ဇင်ကို နှစ်ပေါင်းများစွာ ကာကွယ်ခဲ့သည့် ‘ရောင်စဉ် သူရဲကောင်း’ ကြီးအဖြစ် သူတို့ တစ်ခါမျှ မသတ်မှတ်ခဲ့ကြပေ။
မျှော်စင်၏ ထိုကဲ့သို့သော သဘောထားကို တွေးမိသောအခါ ဝင်စတန် တစ်ယောက် သွေးများ အေးစက်သွားသလို ခံစားလိုက်ရသည်။ ဂျိုးဇက် တစ်ကြိမ် အစွန့်ပစ်ခံခဲ့ရဖူးသည်ကို သူ မေ့နေခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ဂျိုးဇက်သည် ‘အခရာ အဆင့်’ သို့ မတက်လှမ်းနိုင်ဘဲ ပြင်းထန်စွာ ဒဏ်ရာရသွားပါက မျှော်စင်က မည်သို့ ဆက်ဆံမည်နည်း။
ဝင်စတန် ဆက်မတွေးရဲတော့ပေ။ သို့သော် သူ သိလိုက်ရသည်မှာ မျှော်စင်ကို သူ ဆက်၍ မယုံကြည်နိုင်တော့ခြင်းပင် ဖြစ်သည်။ ဂျိုးဇက်ကို ကယ်တင်နိုင်ခဲ့လျှင်ပင် မျှော်စင်၏ လက်ထဲသို့ ပြန်ရောက်ပါက တန်ဖိုးရှိသမျှ ညှစ်ထုတ်ခြင်း ခံရကာ ထပ်မံ အသုံးချခံရပေလိမ့်ဦးမည်။
ဂျိုးဇက်၏ နောက်ဆုံးကျန်ရှိသော တန်ဖိုးက ဘာဖြစ်နိုင်သနည်း။
ဝင်စတန်၏ အမြင်အရဆိုလျှင် ဘေးကင်းရာသို့ ပို့ဆောင်ထားပြီး သတိမေ့နေဆဲဖြစ်သော မိန်းကလေးငယ် ‘မေလီဆာ’ သာ ဖြစ်ပေလိမ့်မည်။
ယခုအချိန်မှစ၍ စာအုပ်ဆိုင်ရှင်သည် ကောင်းသလား၊ ဆိုးသလားဟူသော ဆုံးဖြတ်ချက်များမှာ အဓိပ္ပာယ်မရှိတော့ကြောင်း ဝင်စတန် နားလည်သွားသည်။ နော်ဇင်၏ ကစဉ့်ကလျား ဖြစ်မှုများသည် မစ္စတာလင်ကြောင့်ဟု သူ ထင်ခဲ့မိသော်လည်း တကယ်တမ်းမှာ သူ အကြီးအကျယ် မှားယွင်းခဲ့သည်။ ဤအရာအားလုံးမှာ လူသားတို့၏ လောဘကြောင့်သာ ဖြစ်သည်။
ဝင်စတန်သည် မျက်နှာတွင် သွေးများ ပေကျံလျက် သတိမေ့နေဆဲဖြစ်သော ကာရိုလိုင်းကို ငေးကြည့်နေမိသည်။
‘ဂျိုးဇက် အသက်ရှင်နေသေးတယ်ဆိုတာ ဘယ်သူ့ကိုမှ ပြောလို့ မဖြစ်ဘူး... အနည်းဆုံးတော့ သူ အားပြန်ပြည့်လာတဲ့အထိပေါ့...’
ဝင်စတန်သည် စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်လေသည်။
***