အခန်း (၄၄၇-၄၄၈)
Vol. 32 Ch. 447-448
အပိုင်း(၄၄၇)
၆၇ လမ်းမကြီး၏ စစ်မြေပြင်ပြင်ပ လောကတွင်မူ ပြင်းထန်သော နှင်းမုန်တိုင်းများနှင့် အချက်ပေးသံများမှာ လေထုထဲတွင် ပျံ့လွင့်နေသည်။
လူအပေါင်းတို့သည် နော်ဇင်၏ အတွင်းပိုင်းတည်ဆောက်ပုံများ အဘယ်ကြောင့် ပြိုလဲပျက်စီးကုန်ရသနည်း၊ အဘယ်ကြောင့် ဤမျှ ပြင်းထန်သော ရိုက်ခတ်မှုများ ဖြစ်ပေါ်ရသနည်းဟူသည်ကို သူတို့၏ အိမ်များထဲ၌ ဆွေးနွေးနေကြသည်။
လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ စောင့်ကြည့်သူများလည်း မရှိတော့ဘဲ ဖောက်သည်များလည်း ကင်းဝေးနေသော စာအုပ်ဆိုင်၏ ပတ်ဝန်းကျင်မှာ တစ်ဖန်ပြန်၍ အေးစက်သော ဆိတ်သုဉ်းမှုများ ဖုံးလွှမ်းနေသည်။
ဒေါက်... ဒေါက်...
မွန်းသည် ထိုနေ့အတွက် နွားနို့လက်ဖက်ရည် ပြင်ဆင်နေစဉ် စာအုပ်ဆိုင်၏ သစ်သားတံခါးကို အသည်းအသန် ခေါက်သံ ထွက်ပေါ်လာသည်။
‘ဆိုင်ဖွင့်ဖို့ အချိန်မတန်သေးဘူး... ဘယ်သူက ဒီလောက် အသည်းအသန် လာခေါက်နေတာပါလိမ့်... ဘော့စ်တော့ မဖြစ်နိုင်ဘူး၊ သူ့မှာ သော့ရှိတာပဲ’
‘ဒါပေမဲ့ ဘော့စ် ခရီးထွက်သွားတာ နှစ်ရက်ရှိပြီ... သူ ပြန်လာဖို့ အချိန်လည်း ရောက်နေပြီပဲ...’
ဘုန်း...
မွန်း တံခါးဖွင့်လိုက်သောအခါ အမိုးပေါ်မှ နှင်းပုံကြီး ကျလာသည်။ ထို့နောက်တွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
“ပရိုင်မာ...”
သူမ၏ ရှေ့မှောက်တွင် ခေါင်းပေါ်မှ နှင်းများကို ပုတ်ခါနေသော မိန်းကလေးငယ်မှာ သူမ၏ အကြီးမားဆုံးသော ယုံကြည်ကိုးကွယ်သူ တစ်ဦးလည်း ဖြစ်သည်။
“ဟုတ်ပါတယ်...”
ပရိုင်မာသည် စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
“ဒါက...”
မွန်းသည် ပရိုင်မာ၏ ဘေးတွင် လဲလျောင်းနေသော ကာကွယ်ရေးဝတ်စုံဝတ် လူကြီးကို ကြည့်ကာ မည်သည့်ခံစားချက်မျှ မပါသော အသံဖြင့် မေးလိုက်သည်။
“ဒါ မစ္စတာဂျိုးဇက်ပါ”
ပရိုင်မာက အမြန်ပြောသည်။
“သူ့ကို ဘေးကင်းတဲ့ နေရာတစ်ခုမှာ ကုသဖို့ လိုအပ်နေလို့ပါ၊ အဲဒါကြောင့်... ကျွန်မ စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော နေရာက ဒီနေရာပဲ ရှိပါတယ်”
“ဒီနေရာကို ဘေးကင်းတယ်လို့ မင်း သတ်မှတ်တဲ့အတွက် ငါ ဝမ်းသာပါတယ်၊ ဒါပေမဲ့ ငါ သိချင်တာက သူ့ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း မဟုတ်ဘူး... အရင်ထဲဝင်ခဲ့ပါဦး”
မွန်းသည် ပရိုင်မာ ဂျိုးဇက်ကို စာအုပ်ဆိုင်ထဲသို့ သယ်ဆောင်လာနိုင်ရန် တံခါးကို ခပ်ကျယ်ကျယ် ဖွင့်ပေးလိုက်သည်။ ကောင်တာပေါ်တွင် ဝပ်နေသော ကြောင်ဖြူလေးမှာ လူးလှိမ့်ကာ ‘ညောင်’ ဟု အော်ဟစ်ပြီး သူ၏ အမွေးများကို ခါယမ်းနေ၏။ ၎င်းသည် နှာခေါင်းကို ရှုံ့ကာ အနံ့ခံကြည့်လိုက်ပြီးနောက် ဂျိုးဇက်၏ ဘေးသို့ ခုန်ဆင်းသွားသည်။ ကြောင်ကလေး၏ အကြည့်မှာ မြိန်ယှက်လှသော အစာတစ်ခုကို တွေ့လိုက်ရသည့်အလား လောဘဇောများ တက်နေသည်။
မွန်းသည် ကြောင်ကလေးကို မယူလိုက်ပြီး ခေါင်းလေးကို အသာပုတ်လိုက်၏။
“ဒါကို စားလို့ မရဘူးနော်”
“မြောင်...”
အဖြူလေး တစ်ကောင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက် ကျသွားတော့သည်။
ပရိုင်မာ ကာကွယ်ရေးဝတ်စုံကို ဖွင့်လိုက်ရာ ဂျိုးဇက်၏ ခန္ဓာကိုယ်ထဲတွင် ‘နိဂုံး’ နယ်ပယ်မှ ထွက်ပေါ်လာသော ဖျက်ဆီးခြင်း အငွေ့အသက်များ ရစ်ပတ်နေသည်ကို တွေ့လိုက်ရသည်။ သူရဲကောင်း လူအိုကြီး၏ တစ်ကိုယ်လုံးမှာ မှတ်မိနိုင်စွမ်း မရှိတော့လောက်အောင်ပင် တိုက်စားခံထားရသည်။
“တောင်းပန်ပါတယ်.... သူ့ရဲ့ ဝိညာဉ်ပါ ‘နိဂုံး’ နယ်ပယ်ရဲ့ ဒဏ်ကို ခံထားရမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး... ကျွန်မက သူ့ရဲ့ ခန္ဓာကိုယ်ကိုပဲ ပြန်ကောင်းအောင် လုပ်ပေးနိုင်တာပါ၊ ဝိညာဉ်ရေးရာပိုင်းမှာကျတော့ ကျွန်မရဲ့ ကျွမ်းကျင်မှုက မလုံလောက်သေးလို့ပါ”
ထိုသို့ ပြောပြီးနောက် ပရိုင်မာသည် ဆေးရည်များ ထပ်မံဖော်စပ်ရန် အမြန်ပြင်ဆင်တော့သည်။ မွန်းသည် ပရိုင်မာ လုပ်ကိုင်နေသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။
အချိန်အတန်ကြာသည်အထိ ပရိုင်မာမှာ ဘာဆက်လုပ်ရမှန်း မသိဘဲ ဖြစ်နေသည်ကို မြင်သောအခါ မွန်းသည် ခေါင်းလေးကို စောင်းလိုက်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်သည်။ သူမ၏ လက်ဖဝါးထဲတွင် လရောင်ကဲ့သို့ အီသာစွမ်းအင်များ စုစည်းလာသည်။
အထွတ်အမြတ် ကောင်းချီး...
စာအုပ်ကို အသည်းအသန် လှန်လှောကြည့်နေသော ပရိုင်မာသည် နွေးထွေးလှသော လရောင်အလင်းကို သတိပြုမိသွားသည်။ သူမ မော့ကြည့်လိုက်သောအခါ မည်သည့်ခံစားချက်မျှ မဖော်ပြသော မွန်း၏ လက်ထဲမှ ညဖန်တီးရှင်၏ စွမ်းအားများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ဂျိုးဇက်၏ အရေပြားများမှာ တဖြည်းဖြည်း ပြန်လည် ထွက်ပေါ်လာသည်။ ပရိုင်မာ ခဏတာ မှင်သက်သွားသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာသည်။ မှောင်မိုက်သော ညအလင်းတန်းများသည် လရောင်ခြည် လှောင်အိမ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဂျိုးဇက်ကို လွှမ်းခြုံထားသည်ကို သူမ မြင်တွေ့နေရသည်။
မွန်းက သူမ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဂျိုးဇက်ကို သေချာစစ်ဆေးကာ စွမ်းအားကို တစ်ဖန်ပြန်၍ စုစည်းလိုက်ပြန်သည်။
လရောင်မြက်ခင်းပြင်...
လရောင်လွှမ်းခြုံထားသော ထိုဧရိယာသည် ညဖန်တီးရှင်၏ နယ်မြေ ဖြစ်သွားသည်။ ခဏချင်းမှာပင် ဂျိုးဇက်၏ ‘အခရာ အဆင့်’ အငွေ့အသက်များမှာ လုံးဝ ကွယ်ပျောက်သွားလေတော့၏။
…
မွန်းသည် ညအရှင်သခင်မ လေဒီဝါးပူဂစ်၏ အရှိန်အဝါ အာဏာစက်ကို အပြည့်အဝ လက်ခံရရှိထားပြီးဖြစ်ရာ သူမကို မူလ စုန်းမကြီး အသစ်တစ်ဦးဟုပင် ဆိုနိုင်ပေသည်။ လရောင်ကဲ့သို့ အေးမြလှသော အီသာစွမ်းအင် ကောင်းချီးများသည် ဂျိုးဇက်၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာသည်။
ထိုအေးချမ်းလှသော လရောင်အောက်တွင် ဂျိုးဇက်၏ ခန္ဓာကိုယ်မှာ သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အရှိန်အဟုန်ဖြင့် ပြန်လည်ရှင်သန်လာပြီး အမာရွတ်တစ်စက်မျှပင် ကျန်ရစ်ခြင်းမရှိချေ။ မွန်းအနေဖြင့် အကျိုးအကြောင်း နိယာမများကို နားမလည်သော်လည်း ဂျိုးဇက်သည် စာအုပ်ဆိုင်၏ ဖောက်သည်ဟောင်းတစ်ဦး ဖြစ်သည်ကိုမူ သိရှိသည်။ ဆိုင်ရှင် မစ္စတာလင် မရှိခိုက်တွင် ထက်မြက်သော လက်ထောက်တစ်ဦးအနေဖြင့် ဆိုင်၏ အရောင်းအဝယ်ကိစ္စများကို ကောင်းစွာ စောင့်ရှောက်ရမည် ဖြစ်သည်။
ဂျိုးဇက်သည် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ရောင်စဉ် သူရဲကောင်းကြီး ဖြစ်သော်လည်း ဤမျှ ပြင်းထန်သော ဒဏ်ရာများရရှိထားချိန်တွင် မျှော်စင်သို့ မပြန်ဘဲ နေခြင်းမှာ အကြောင်းရင်း တစ်ခုခုရှိရမည်။ ထို့ကြောင့် မွန်းသည် ဤနေရာကို လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က သတိမပြုမိစေရန် အစွမ်းကုန် ဖုံးကွယ်ပေးထားလိုက်သည်။
ဂျိုးဇက် တစ်ဘောာက် ဝေဝေဝါးဝါး အခြေအနေမှ နိုးထလာချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ပြင်းထန်သော နာကျင်မှုများကို စတင်ခံစားလိုက်ရသည်။ လောင်မြိုက်နေသော ဝေဒနာမှာ ယခုမှပင် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသကဲ့သို့ ရှိသော်လည်း သူ မျက်မှောင်ကို အနည်းငယ်သာ ကြုတ်လိုက်မိသည်။ သူရဲကောင်းတစ်ဦးအဖြစ် ဖြတ်သန်းခဲ့သော နှစ်ပေါင်းများစွာအတွင်း ဤမျှသော နာကျင်မှုမှာ သူ့အတွက် ဘာမျှမဟုတ်ပေ။
အာရုံငါးပါးလုံး ပြန်လည်နိုးကြားလာပြီးနောက် စာအုပ်ဟောင်းနံ့ သင်းသင်းနှင့် နွားနို့လက်ဖက်ရည်နံ့တို့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူသည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ရာ ရင်းနှီးနေသော မျက်နှာကျက်ကို မြင်လိုက်ရသည်။
“နောက်ဆုံးတော့ နိုးလာပြီပေါ့”
မိန်းမငယ်လေး တစ်ဦး၏ ပင်ပန်းနွမ်းနယ်နေသော အသံကို သူ ကြားလိုက်ရသည်။
“ရောင်စဉ် သူရဲကောင်းကြီး ဂျိုးဇက်”
ဂျိုးဇက် ခက်ခဲစွာဖြင့် ပရိုင်မာ့ကို လှည့်ကြည့်လိုက်သည်။
“ဒီနေရာက...”
အသစ်ပြန်လည်ဖြစ်ပေါ်လာသော အသံအိုးကြောင့် ဂျိုးဇက်မှာ စကားပြောရန် အနည်းငယ် ရုန်းကန်နေရသည်။ သို့သော် တကယ်တမ်းတွင်မူ သူသည် ဤနေရာကို ကောင်းကောင်းမှတ်မိနေသည်။
ဤနေရာသည်... မစ္စတာလင်၏ စာအုပ်ဆိုင် မဟုတ်ပါလား။
ပရိုင်မာက လေးလေးနက်နက်ပင် ဆိုလိုက်၏။
“ဒါက မစ္စတာလင်ရဲ့ စာအုပ်ဆိုင်ပါ၊ ဌာနမှူး ဝင်စတန်က ရှင့်ကို ဒီမှာ အနားယူဖို့ ပို့ခိုင်းလိုက်တာ”
“မစ္စတာလင်ရဲ့ စီစဉ်မှုလား...”
ပရိုင်မာ ခေတ္တမျှ စဉ်းစားလိုက်သည်။ ဒု-ဥက္ကဋ္ဌ အင်ဒရူးက သူမကို လွှတ်လိုက်သည်ဟု ဆိုနိုင်သော်လည်း ၎င်းမှာ မစ္စတာလင်၏ သွယ်ဝိုက်သော အမိန့်ကြောင့်သာ ဖြစ်ရမည်။ ထို့ကြောင့် မစ္စတာလင်က သူမကို လာခိုင်းသည်ဟု ပြောခြင်းမှာ မမှားနိုင်ပေ။
“ဟုတ်ပါတယ်”
မိန်းကလေးငယ်က ပြန်ဖြေလိုက်သည်။ ပရိုင်မာ၏ အဖြေကို ကြားသောအခါ ဂျိုးဇက်၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲ၌ မြင့်မြတ်သော တည်ရှိမှုတစ်ခု၏ အငွေ့အသက်များ ကျန်ရှိနေသေးသည်ကို သူ အာရုံခံမိသည်။ ‘အခရာ အဆင့်’ သို့ အပြည့်အဝ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည့်အားလျော်စွာ ဤစွမ်းအား၏ မြစ်ဖျားခံရာကို ဂျိုးဇက် ကောင်းစွာ သိရှိသည်။
ဤသည်မှာ ညဦးယံနှင့် လမင်းတို့၏ စွမ်းအားပင် ဖြစ်သည်။ ထိုကဲ့သို့သော တည်ရှိမှုမျိုးကသာ သူ၏ အရာရာကို ဖုံးကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်ကို ပြန်လည်ရှင်သန်စေနိုင်မည် ဖြစ်သည်။ ဂျိုးဇက် ကပျာကယာပင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကောင်တာနောက်တွင် တည်ငြိမ်စွာ ထိုင်နေသော မွန်းကို တွေ့လိုက်ရသည်။
“အများကြီး ကျေးဇူးတင်ပါတယ်”
ဂျိုးဇက်သည် ခက်ခဲစွာဖြင့် ပြောလိုက်သည်။ သူ၏ သံသယများမှာ ပျောက်ကွယ်သွားသော်လည်း အံ့ဩတုန်လှုပ်မှုက အစားထိုးဝင်ရောက်လာသည်။ မူလစုန်းမကြီး တစ်ပါးပင်လျှင် စာအုပ်ဆိုင်ရှင်၏ လက်ထောက်အဖြစ် နေထိုင်ရန် လိုလားနေပါသလော။
“ကျေးဇူးတင်စရာ မလိုပါဘူး၊ ရှင်က စာအုပ်ဆိုင်ရဲ့ ဖောက်သည်ဟောင်း တစ်ယောက်ပဲဥစ္စာ...”
မွန်းက အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
“ဒါက လက်ထောက်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်ပဲ၊ တခြားကိစ္စ မရှိရင်တော့ ဆက်ပြီး အနားယူနိုင်ပါတယ်၊ ကျွန်မ လုပ်စရာလေးတွေ ရှိသေးလို့”
သူမပြောသော ‘လုပ်စရာလေးတွေ’ ဆိုသည်မှာ နွားနို့လက်ဖက်ရည် ဖော်စပ်နည်းအသစ်များကို ဆက်လက် ရှာဖွေစမ်းသပ်ရန်ပင် ဖြစ်သည်။
ပရိုင်မာမှာ မွန်းကို နှုတ်ဆက်ကာ မခွဲနိုင်မခွာနိုင်သော အကြည့်များဖြင့် ထွက်ခွာသွားခဲ့သည်။
ဂျိုးဇက်ကတော့ ဆိုဖာပေါ်တွင် လဲလျောင်းရင်း မျက်လုံးများမှာ အကြည့်မဲ့နေသည်။ သေမင်းနှင့် ယှဉ်ခဲ့ရသော အတွေ့အကြုံက အတွေးများစွာကို ဖြစ်ပေါ်စေပြီး ဝယ်လ်နှင့် တိုက်ခဲ့ရသည့် တိုက်ပွဲကိုလည်း မတွေးဘဲ မနေနိုင်ပေ။ သူသည် ဝယ်လ်နှင့်အတူ အသေခံပြီး ကံကြမ္မာကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ယခုကဲ့သို့ အသက်ရှင်ကျန်ရစ်ကာ မစ္စတာလင်၏ အလွယ်တကူ ကယ်တင်ခြင်းကို ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤတိုက်ပွဲတွင် အနိုင်အရှုံး ရှိကောင်းရှိနိုင်သော်လည်း ဂျိုးဇက်သည် ပထမဆုံးအကြိမ်အဖြစ် တကယ့်ထိတ်လန့်မှုကို နားလည်သွားခဲ့သည်။ ‘အခရာ အဆင့်’ နယ်ပယ်ဆိုသည်မှာ ဂျိုးဇက်အတွက် အမြဲတမ်း အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သော်လည်း ယခုအခါ ထိုနယ်ပယ်သို့ ရောက်ရှိသွားချိန်တွင် ‘အခရာ အဆင့်’ ထက်ပင် သာလွန်သော တည်ရှိမှုဆိုသည်မှာ မည်သို့ရှိမည်ကို သူ ပိုမိုနားလည်လာခဲ့သည်။
အချိန်ကို အလွယ်တကူ နောက်ပြန်လှည့်နိုင်ပြီး ဝေးကွာလှသော နေရာမှနေ၍ မျက်တောင်တစ်ချက် မခတ်ဘဲ တိုက်ပွဲ၏ ရလဒ်ကို ပြောင်းလဲနိုင်စွမ်း ရှိသူ...
လင်းကျဲ ဆိုသော တည်ရှိမှုသည် ဂျိုးဇက် စိတ်ကူးထားသည်ထက် များစွာ သာလွန်လှပေသည်။ မစ္စတာလင်၏ မျက်လုံးထဲတွင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ လှည့်ကွက်ကလေးများမှာ ကလေးကလား အတွေးများသာ ဖြစ်ပေလိမ့်မည်။
‘သူက တကယ်ပဲ ဘယ်လောက်တောင် အစွမ်းထက်တာလဲ... ဒါပေမဲ့ ငါနဲ့ ဝယ်လ်ကြားမှာ ဘာဖြစ်လို့ မစ္စတာလင်က ငါ့ကို ရွေးချယ်ခဲ့တာပါလိမ့်...’
“လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်...”
ဂျိုးဇက်သည် ထိုစကားလုံး သုံးလုံးကို ရုတ်တရက် ရေရွတ်လိုက်မိသည်။ မျှော်စင်အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သော်လည်း နောက်ဆုံးတွင် သူသည် မစ္စတာလင်ကို စမ်းသပ်ရန်အတွက် အဖွဲ့အစည်း၏ အသုံးချခံ ကိရိယာတစ်ခုမျှသာ ဖြစ်ခဲ့ရသည်ကို သိလိုက်ရချိန်တွင် ဂျိုးဇက်၏ ရင်ထဲ၌ မခံချိမခံသာ ဖြစ်ရသည်။ သို့သော် ထူးဆန်းသည်မှာ သူသည် အလွန် တည်ငြိမ်နေခြင်းပင်။ ဖြစ်နိုင်သည်က... သူသည် အစကတည်းက ဤကဲ့သို့ ဖြစ်လာမည်ကို ကြိုတင်မျှော်လင့်ထား၍ ဖြစ်ပေလိမ့်မည်။ သူ၏ ဇနီး သေဆုံးခဲ့ချိန်မှစ၍ သူသည် မစ်ရှင်များဆီသို့ အမြဲတမ်း စေလွှတ်ခံခဲ့ရသော်လည်း မျှော်စင်က သူ့ကို တစ်ကြိမ်တစ်ခါမျှပင် တားဆီးဖျောင်းဖျခြင်း မရှိခဲ့ပေ။
ဂျိုးဇက်သည် မျက်နှာကျက်ကို ငေးကြည့်နေမိသည်။ အကယ်၍ သူ့ကို လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သို့သာ ပို့ခဲ့လျှင် သူတို့ သူ့ကို မည်ကဲ့သို့ ထပ်မံ အသုံးချဦးမည်နည်း။
“ကျေးဇူးတင်ပါတယ် ဝင်စတန်...”
ဂျိုးဇက် သက်ပြင်းချလိုက်သည်။ ခန္ဓာကိုယ်မှ နာကျင်မှုများမှာ ရင်ထဲမှ နာကျင်မှုနှင့် နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်တော့ဘဲ ဂျိုးဇက်သည် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူသည် တရားမျှတမှုကို စောင့်ထိန်းရန်နှင့် မျှော်စင်ကို ကာကွယ်ရန် သူ၏ အရာရာကို ပေးဆပ်ခဲ့သော်လည်း ယခုမှပင် ထိုအရာများမှာ မည်မျှ ရယ်စရာကောင်းကြောင်း နားလည်သွားတော့သည်။
မည်သို့ပင်ဖြစ်စေ... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကို အစွမ်းကုန် ကာကွယ်ခဲ့သော ယခင်က ဂျိုးဇက်သည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုရှိနေသော ဂျိုးဇက်မှာ မစ္စတာလင် ကယ်တင်ထားသော ဂျိုးဇက်သာ ဖြစ်သည်။
သူသည် မျက်နှာကျက်ကို တိတ်ဆိတ်စွာ ငေးကြည့်ရင်း မေလီဆာ၏ လှပသော မျက်နှာလေးကို တွေးမိကာ သူမ မသေဆုံးမီက ပြုံးပြခဲ့သော နွေးထွေးလှသော အပြုံးလေးကို ပြန်လည် အာရုံဖော်ရင်း ယခုအခါတွင်မူ သူ အရာရာကို လက်လွှတ်လိုက်သင့်ပြီဟု တွေးလိုက်သည်။
မေလီဆာသည် ယခုအခါ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။ ဂျိုးဇက်ကဲ့သို့ အမှားမျိုးကို ထပ်မံ မကျူးလွန်စေရန် အစကတည်းက လမ်းကြောင်းမှန်ကို ရှာပေးထားခြင်းက ပို၍ ကောင်းပေလိမ့်မည်။ အမုန်းတရားသည် ကြီးထွားရန်အတွက် အကောင်းဆုံး အာဟာရဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ဂျိုးဇက်သည် သူတို့၏ ကံကြမ္မာကို မျှော်စင်ထံ ဆုံးဖြတ်ခွင့်ပေးတော့မည် မဟုတ်ချေ။
***
အပိုင်း(၄၄၈)
(A16) စံအိမ်ကြီး။
ခဏတာ လှုပ်ခတ်သွားသော ငလျင်သည် ချမ်းသာကြွယ်ဝသူများ၏ စုဝေးမှုကို ထိခိုက်မှု သိပ်မရှိလှပေ။ စည်းစိမ်ဥစ္စာ ကြွယ်ဝလှသော ကျိမိသားစုအတွက် ဧည့်သည်များကို နှစ်သိမ့်ဖျော်ဖြေရန်မှာ အလွန်လွယ်ကူသော အလုပ်ဖြစ်သည်။
သို့သော် ပျော်စရာအချိန်တိုင်းမှာ အဆုံးသတ်ရှိစမြဲပင်။
လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ကျင်းပခဲ့သော ပါတီပွဲကြီးမှာ အဆုံးသတ်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ လင်းကျဲသည် သူ၏ လက်ဆောင်ကို ပေးအပ်ပြီးခဲ့ပြီဖြစ်သလို စာအုပ်ဖြန့်ချိရေးအတွက် ဈေးနှုန်းညှိနှိုင်းမှုမှာလည်း အတော်အတန် ပြေလည်သွားခဲ့ပြီ ဖြစ်သည်။
ကျိပိုတုံနှင့် သူ၏ သမီးဖြစ်သူတို့သည် လွန်ခဲ့သော ရက်ပိုင်းအတွင်း လင်းကျဲကို အထူးဧည့်သည်တော်အဖြစ် ဆက်ဆံခဲ့ကြသည်။ ဘာမျှမသိသော ဘေးလူများပင်လျှင် ဤရိုးရိုးအေးအေး စာအုပ်ဆိုင်ရှင်မှာ ထင်သလောက် မရိုးရှင်းကြောင်း နားလည်လာကြသည်။
သို့သော် သူတို့က မည်သို့ပင် ချဉ်းကပ်ရန် ကြိုးစားပါစေ၊ လင်းကျဲကမူ ပုံမှန် အတိုင်းသာ ဆက်ဆံနေသဖြင့် လူအများအဖို့ သူသည် ပို၍ပင် လျှို့ဝှက်နက်နဲကာ ခန့်မှန်းရခက်သောသူ ဖြစ်လာတော့သည်။ လင်ကျဲ၏ အမြော်အမြင်မှာ အတိုင်းအဆမရှိ နက်ရှိုင်းလှသည်ဟု ဧည့်သည်များ ထင်မြင်လာကြသည်။
လက်ဆောင်ပေးပြီးနောက် လင်းကျဲသည် သူ ကြိုတင်ပြင်ဆင်ထားသော ဈေးနှုန်းညှိနှိုင်းရေး နည်းဗျူဟာများကို တည်ငြိမ်စွာ စတင်ခဲ့သည်။ သို့သော် သူ၏ ပြင်ဆင်မှုများမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်၊ အကြောင်းကား... သူ မည်သို့ပင် တောင်းဆိုပါစေ ကျိသားအဖ နှစ်ဦးစလုံးက လိုလိုလားလားပင် သဘောတူနေသောကြောင့် ဖြစ်သည်။
လင်းကျဲသည် သူ တောင်းဆိုမှု များသွားပြီလားဟုပင် စိတ်မကောင်း ဖြစ်လာကာ နောက်ဆုံးတွင် ၃၀-၇၀ အချိုးဖြင့် ခွဲဝေရန်သာ အဆိုပြုလိုက်သည်။ သို့သော် ငြင်းဆိုခံရနိုင်သော အကြောင်းပြချက်များစွာကို စဉ်းစားထားသော လင်းကျဲမှာ ကျိပိုတုံ၏ မျက်နှာထားကို ကြည့်ကာ အံ့အားသင့်သွားရသည်။ ကျိပိုတုံက... “ကျွန်တော် တစ်ပြားတစ်ချပ်မှ မမြတ်ရင်တောင်မှ မစ္စတာလင်ရဲ့ အသိပညာတွေကို ပျံ့နှံ့အောင် လုပ်ပေးရမှာပါ” ဟု ပြောမည့်ဟန်ဖြင့် ခိုင်မာစွာ ကြည့်နေသည်။
ညှိနှိုင်းမှုမှာ အလွန်ပင် ချောမွေ့လွန်းလှသဖြင့် စီးပွားရေးလောကထဲတွင် ငွေနောက်လိုက်ခဲ့သည့် နှစ်များအတွင်း တစ်ခါမျှ မခံစားဖူးသော အားနာစိတ်မျိုးကို လင်းကျဲ ခံစားလိုက်ရသည်။
“ဒီပူးပေါင်းဆောင်ရွက်မှုက ဒီထက်ပိုပြီး ကောင်းလာစရာ မရှိတော့ပါဘူး”
ကျိပိုတုံက လင်းကျဲ၏ လက်ကို အတင်းဆွဲကာ လှိုက်လှိုက်လဲလဲ နှုတ်ဆက်လိုက်သည်။
“မစ္စတာလင်... ခင်ဗျားက တကယ့်ကို ရက်ရောပြီး ကြင်နာတတ်တဲ့သူပဲ... နောင်မှာ ခင်ဗျားနဲ့ လက်တွဲလုပ်ကိုင်ရမှာကို ကျွန်တော် တကယ်ကို မျှော်လင့်နေမိပါတယ်... ကျွန်တော် ခင်ဗျား အတွက် အစွမ်းကုန် အလုပ်အကျွေး ပြုသွားပါ့မယ်”
‘ရက်ရောတာက ခင်ဗျား မဟုတ်ဘူးလား၊ ဒါမှမဟုတ် ဒီကမ္ဘာမှာ အရူးလုပ်ရတာ လွယ်တဲ့သူတွေပဲ များနေတာလား... ငါ ၉၀-၁၀ အချိုးလို့ ပြောရင်တောင် ကျိပိုတုံက သဘောတူမယ့်ပုံပဲ... ဒါပေမဲ့ နောင်ရေရှည် လက်တွဲဖို့အတွက်တော့...’
လင်းကျဲ မိမိကိုယ်ကိုယ် ထိန်းလိုက်ရသည်။
‘အင်း... သူတို့ စိတ်ထဲမှာ ငါ့ကို သတ်မှတ်ထားတဲ့ အဆင့်အတန်းက မြင့်လွန်းနေသလား မသိဘူး...’
ဈေးနှုန်းညှိနှိုင်းမှုသည် ဤပွဲတစ်ခုလုံးတွင် လင်းကျဲအတွက် အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ရမည်ဖြစ်သော်လည်း ကျိပိုတုံကမူ ၎င်းကို အလွန်အမင်း အရေးမစိုက်ဘဲ ကျော်ဖြတ်သွားခဲ့သည်။ ကြီးမားလှသော ကိစ္စကြီးမှာ ပြီးဆုံးသွားသလိုပင် ရှိနေပြီး ကျန်ရှိသည်မှာ ဟန်ပြလုပ်ဆောင်ရန်သာ ရှိတော့သည်။
လင်းကျဲ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။ ဖြစ်နိုင်သည်က... သူသည် ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်တစ်ဦးကို တွေ့လိုက်ရပြီဟု ထင်နေခြင်း ဖြစ်ပေလိမ့်မည်။ ဤကျိသားအဖမှာ စာဖတ်ခြင်းကို တကယ်ပင် မြတ်နိုးပြီး ပညာရှိသူများကို လေးစားကြသူများ ဖြစ်သည်။
“မစ္စတာလင်၊ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးပါဦး... အပြင်ဘက် ခန်းမဆောင်က နောက်ဆုံးညစာစားပွဲကို တက်ရောက်ရအောင်ပါ... တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လူတိုင်းရှေ့မှာ ကြေညာပေးပါ့မယ်”
ကျိပိုတုံက ထိုင်ရာမှထကာ ရိုသေစွာ ဆိုလိုက်သည်။ ကျိကျစ်ရှို့ကလည်း... ပြုံးလိုက်ပြီး လင်းကျဲကို ယဉ်ကျေးပျူငှာစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ဤသည်မှာ ပွဲတော်၏ နောက်ဆုံးနေ့ ဖြစ်ပြီး အခြေအနေပေးပါက လင်းကျဲသည် ယနေ့ညတွင်ပင် အိမ်ပြန်နိုင်ပေလိမ့်မည်။ နောက်ဆုံးည၏ စားပွဲတော်မှာ ဧည့်သည်များ လွတ်လပ်စွာ ရောနှောစကားပြောနိုင်သည့် ပွဲဖြစ်ရာ ဧည့်သည်အားလုံးသည် ခန်းမဆောင်ကြီးအတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
၎င်းသည် ပျော်ပွဲရွှင်ပွဲများဖြင့် ပြည့်နှက်နေသော ပျော်စရာကောင်းသည့် ညတစ်ည ဖြစ်သင့်ပေသည်။
သို့သော် ဝမ်းနည်းစရာက... တက်ရောက်လာသူ အများစုမှာ မရိုးသားသော ရည်ရွယ်ချက်များ ရှိကြသည့် ထူးခြား စွမ်းအင်ပိုင်ရှင်များ ဖြစ်နေကြခြင်းပင်။ သူတို့သည် အစားအသောက်နှင့် ဝိုင်ကို အရသာခံရန် ရောက်နေကြခြင်း မဟုတ်ဘဲ ဘေးဘက်ခန်းမမှ ထွက်လာသော လင်းကျဲနှင့် ကျိမိသားစုကိုသာ ဂရုတစိုက် စောင့်ကြည့်နေကြသည်။
မှန်ပေသည်။ လူတိုင်းမှာ ကျိပိုတုံ၏ စကားကို စောင့်မျှော်နေကြခြင်း ဖြစ်သဖြင့် သိသိသာသာ ထင်ပေါ်ခြင်းတော့ မရှိချေ။
နောက်ဆုံးညစာစားပွဲ၏ အထွတ်အထိပ် အချိန်သို့ ရောက်ရှိလာသည်။ ကျိပိုတုံသည် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ ခန်းမ၏ အလယ်သို့ လျှောက်လှမ်းသွားသည်။
“လူကြီးမင်းတို့ခင်ဗျာ၊ အလုပ်များနေတဲ့ကြားက ကျွန်တော့်သမီးလေးရဲ့ မွေးနေ့ပွဲကို တက်ရောက်ပေးကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်... ကျွန်တော် ဒီနေရာမှာ ကြေညာစရာ တစ်ခုရှိပါတယ်...”
ကျိပိုတုံက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ဆိုလိုက်သည်။
လင်းကျဲသည် သူ၏နောက်မှနေ၍ ပြုံးပြုံးလေး ကြည့်နေမိသည်။ ရင်ထဲတွင်မူ အနည်းငယ် ရယ်ချင်နေမိသည်။
‘ဟူး... ဒါက ဘယ်လိုပဲ ကြည့်ကြည့် စေ့စပ်ကြောင်းလမ်းပွဲနဲ့ တူနေပါလား’
ထို့နောက် ကျိပိုတုံသည် နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ကာ လင်းကျဲ၏ ဘေးတွင် ရပ်လိုက်သည်။
“ဒီပွဲမှာ ကျွန်တော့်အတွက် ဂုဏ်ယူစရာ အကောင်းဆုံးအချက်ကတော့ မစ္စတာလင်နဲ့ ကျွန်တော် စီးပွားရေး လက်တွဲလုပ်ကိုင်ဖို့ သဘောတူညီမှု ရခဲ့တာပါပဲ...”
လင်းကျဲ ခေတ္တမျှ မှင်သက်သွားသော်လည်း... တည်ငြိမ်သော အပြုံးဖြင့်ပင် တုန့်ပြန်လိုက်သည်။
“ဒါက စာအုပ်နည်းနည်းလေးပါပဲ... ရိုးလ် သယံဇာတ ကုမ္ပဏီ နဲ့ လက်တွဲခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ”
“...”
လင်းကျဲ၏ စကားကြောင့် ဧည့်သည်အများအပြားမှာ အံ့ဩမှင်သက်သွားကြသည်။ ဧည့်သည်အများစုမှာ ‘ရိုးလ် သယံဇာတ ကုမ္ပဏီနှင့် လက်တွဲခြင်း’ ဆိုသည့် စကားကိုသာ အာရုံစိုက်နေကြသည်။
ရိုးလ် သယံဇာတ ကုမ္ပဏီဆိုသည်မှာ မည်သို့သော ကုမ္ပဏီမျိုးနည်း။ နော်ဇင်ကို ရာစုနှစ်ပေါင်းများစွာ တစ်ဦးတည်း လက်ဝါးကြီးအုပ်ချုပ်ကိုင်လာခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော လုပ်ငန်းစုကြီး ဖြစ်သည်။ ၎င်းသည် အခြားသူများနှင့် လက်တွဲလုပ်ကိုင်ရန် လိုအပ်ပါသလော။ အက်ရှ် ကုန်သည်ကြီးများ အသင်းပင်လျှင် ထိုကဲ့သို့သော အခွင့်အရေးမျိုး မရရှိခဲ့ဖူးချေ။ ယခုကဲ့သို့ အမည်မသိ စာအုပ်ဆိုင်လေးတစ်ခုဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
တစ်ဖက်တွင်လည်း ထူးခြားစွမ်းအင်ပိုင်ရှင်များမှာမူ ‘စာအုပ်အနည်းငယ်မျှသာ’ ဟူသော စကားလုံးတွင် စိတ်ဝင်စားမှု အပြည့်အဝ ရှိနေကြသည်။
ကျိပိုတုံသည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ဖော်ပြနေမိသည်။ နော်ဇင်၏ ချမ်းသာကြွယ်ဝမှု အထွတ်အထိပ်တွင် ရှိနေသော လူတစ်ယောက် စိတ်လှုပ်ရှားရလောက်အောင် အဘယ်အရာက စွမ်းဆောင်နိုင်သနည်း။
အခြားအရာ မဟုတ်နိုင်ချေ... ကျိပိုတုံအတွက် တစ်သက်တာ နောင်တရစရာမှာ ထူးခြားစွမ်းအင်ပိုင်ရှင် တစ်ဦး မဖြစ်ခဲ့ရခြင်းပင်။ ထိုစာအုပ်များမှာ မည်သို့သော စာအုပ်များ ဖြစ်သနည်း။
ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သော စည်းမျဉ်းများကို ဆန့်ကျင်နိုင်ပြီး ကျိပိုတုံကို ခုခံတော်လှန်နိုင်စွမ်းရှိသော သတ္တိများ ပေးစွမ်းနိုင်သော စာအုပ်များပင် ဖြစ်သည်။
ထိုစာအုပ်များ၏ ပိုင်ရှင် ... ကျိပိုတုံ၏နောက်တွင် ပြုံးပြုံးလေး ရပ်နေသော ထိုလူမှာ အမှန်စင်စစ် မည်သူနည်း။
ကျိပိုတုံသည် လှည့်ကြည့်ကာ အိမ်စေကို လက်ရိပ်ပြလိုက်ပြီး စာအုပ်ငါးအုပ်ကို ယူလာရန် အချက်ပြလိုက်သည်။
“ဒီစာအုပ်တွေကို နောက်သုံးရက်အတွင်းမှာ ဈေးကွက်ထဲ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်... စိတ်ဝင်စားသူတိုင်း လာရောက် လေ့လာနိုင်ပါတယ်”
လူအုပ်ထဲမှ တိုးတိုးတိုးတိုး ပြောသံများ ထွက်ပေါ်လာသည်။ ထူးခြားစွမ်းအင်ပိုင်ရှင် အသီးသီးတို့မှာ နေရာတွင်ပင် အေးခဲသွားသလို ဖြစ်သွားပြီးနောက် သူတို့၏ အကြည့်များမှာ ထိုစာအုပ်များဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြသည်။ အသက်ရှူသံများ မြန်လာကြပြီး သူတို့၏ မျက်လုံးထဲတွင် လောဘဇောများမှာ အထင်အရှားပင် ပေါ်ထွက်လာကြ၏။
လူတိုင်းမှာ ထိုစာအုပ်များ၏ ထူးဆန်းသော ဆွဲဆောင်မှုကို ခံစားနေရသည်။ သို့သော်... သူတို့ မတွန်းလှန်နိုင်ကြချေ။ တွန်းလှန်ရန်လည်း မရည်ရွယ်ကြပေ။ သူတို့အားလုံးမှာ ထိုစာအုပ်များထဲရှိ အရာရာကို ပိုင်ဆိုင်လိုစိတ်များ ပြင်းပြနေကြလေတော့သတည်း။
***