အခန်း (၄၄၁-၄၄၂)
Vol. 32 Ch. 441-442
အပိုင်း(၄၄၁)
ဘေးနားတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေသော ကျိကျစ်ရှို့သည် စာအုပ်ဆိုင်ပိုင်ရှင် တိတ်ဆိတ်သွားသည်ကို သတိပြုမိလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် အောက်ထပ်မှ ထိတ်လန့်နေသော လူအုပ်ကြီးမှာ အသိုက်မီးလောင်နေသည့် ပုရွက်ဆိတ်များသဖွယ် အရိပ်ထင်နေပြီး သူ၏ မျက်နှာထက်တွင် တည်ကြည်လေးနက်သော အမူအရာတစ်ခု ပေါ်လွင်လာသည်။ သူ့ အမြင်တွင် သက်ရှိအားလုံးမှာ စင်မြင့်ထက်မှ ပြဇာတ်ကဏ္ဍလေးတစ်ခုမျှသာဖြစ်ပြီး သူသည်သာလျှင် တစ်ဦးတည်းသော ပရိသတ် ဖြစ်နေသကဲ့သို့ပင်။
ကျိကျစ်ရှို့ သူမလက်ထဲရှိ 'အချိန်စက်ဝန်းပိုးကောင်' ကို ငုံ့ကြည့်လိုက်သည်။ သူမသည် လက်ချောင်းများကို အားစိုက်ကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိ၏... အကယ်၍ ဤအရာအားလုံးသည် မစ္စတာလင် ညွှန်ကြားပြသနေသည့် ပြဇာတ်တစ်ခုဆိုလျှင်…
သူမသည်လည်း ဇာတ်လိုက်တစ်ဦး ဖြစ်ချင်မိသည်။
ကျိမိသားစု၏ တစ်ဦးတည်းသော သမီးလေးမှာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူမ လုံးဝ ကြောက်ရွံ့နေ၍ မဖြစ်ပေ။ သို့မဟုတ်ပါက သူ၏ နယ်ရုပ်လေးတစ်ရုပ် ဖြစ်ခွင့်တောင် ရတော့မည်မဟုတ်။
ဂျိုးဇက်နှင့် ဝယ်လ်တို့ ကဲ့သို့ပင်...။
“မစ္စတာဝယ်လ်နဲ့ မစ္စတာဂျိုးဇက်တို့ အခု ဘယ်လိုနေကြမလဲမသိဘူးနော်... ပြောရရင်တော့...”
ကျိကျစ်ရှို့က အနည်းငယ် ဝမ်းနည်းဟန်ဖြင့်...
“သူတို့နှစ်ယောက်က ကျွန်မရဲ့ 'စာဖတ်ဖော်' တွေလို့တောင် ဆိုလို့ရပါတယ်... သူတို့ကို ဒီညစာစားပွဲကို ဖိတ်ချင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ...”
လင်ကျဲမှာ ကျိကျစ်ရှို့၏ စကားကို ကြားရသဖြင့် အတော်ပင် ကျေနပ်သွားမိသည်။ မည်သို့ပင် ဆိုစေ... သူ စာအုပ်ကဖေး ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဖောက်သည်အချင်းချင်း ဆက်ဆံရေး တိုးမြှင့်ရန်၊ ပညာရပ်ပိုင်းဆိုင်ရာတွင် အပြန်အလှန် အားပေးရန်နှင့် စာအုပ်များများ ရောင်းရရန်အတွက်သာ ဖြစ်ပေသည်။
သို့သော်လည်း... ဂျိုးဇက်မှာ ယခုအခါ တာဝန်တစ်ခုဖြင့် ရောက်ရှိနေပြီး အဘိုးဝယ်လ်မှာလည်း သုတေသန တစ်ခုခု လုပ်နေပေလိမ့်မည်။ ဝယ်လ်၏ အထီးကျန်ဆန်လှသော စရိုက်နှင့်ဆိုလျှင် ဤကဲ့သို့သော ပွဲလမ်းသဘင်မျိုးသို့ မည်သို့ တက်ရောက်ပါမည်နည်း။
“သူတို့ နှစ်ဦးစလုံး မလာနိုင်တော့ဘူး...”
လင်ကျဲက ပခုံးတွန့်ရင်း ရှင်းပြလိုက်သည်။ ကျိကျစ်ရှို့၏ ရင်ခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“သူတို့နှစ်ယောက် တစ်ခုခု ဖြစ်သွားလို့လားဟင်...”
“မဟုတ်ပါဘူး... သူတို့နှစ်ယောက်က ဘာဖြစ်မှာလဲ...”
လင်ကျဲက ခေတ္တမျှ စဉ်းစားပြီးနောက် နောက်ပြောင်သည့် သဘောဖြင့်...
“သခင်လေးကျိရဲ့ အကြံက သိပ်ပြီး မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်လို့ပါ... သူတို့နှစ်ယောက်သာ တွေ့ကြရင် သေချာပေါက် ရန်ဖြစ်ကြလိမ့်မယ်... နောက်ဆုံးတော့လည်း စိတ်မချမ်းမြေ့စရာတွေနဲ့ပဲ လမ်းခွဲကြမှာ သေချာတယ်”
‘စိတ်မချမ်းမြေ့စရာတွေနဲ့ လမ်းခွဲကြမှာလား... လမ်းခွဲကြမှာတဲ့...’
ကျိကျစ်ရှို့၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ စိတ်မချမ်းမြေ့စရာ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လမ်းခွဲနိုင်ဖို့ဆိုတာ သူတို့ ရှိနေမှ ဖြစ်မှာမဟုတ်ပါလား...။
‘ဒါဆို မစ္စတာလင် ဆိုလိုတာက... သူတို့ နှစ်ယောက်စလုံး အသက်ရှင်နေသေးတယ် ဆိုတာလား...’
…
"ဝင်စတန်လား... သူ ဘာလို့ ဖုန်းဆက်တာလဲ"
အင်ဒရူးသည် မျက်မှောင်ကြုတ်လျက် ရာဇီရယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ရာဇီရယ်မှာ ဦးနှောက်မရှိတော့သော်လည်း စိတ်စွမ်းအား အလွန်တရာ ကြီးမားသော 'အခရာ အဆင့်' ပညာရှင်တစ်ဦး ဖြစ်နေဆဲပင်။ သာမန်မျက်စိဖြင့် မမြင်နိုင်သော အချက်အလက်များကို သူ နားလည်နိုင်စွမ်း ရှိပေလိမ့်မည်။
ရာဇီရယ်က သူ၏ ရွှေရောင်ကိုင်းမျက်မှန်ကို ပင့်တင်လိုက်ရင်း...
"သူ ဘာပြောမလဲဆိုတာ အရင် နားထောင်ကြည့်လိုက်ပါဦး"
အင်ဒရူးက ဆက်သွယ်ရေး ကိရိယာကို ကိုင်လိုက်ပြီး သိလျက်နှင့်ပင် ဟန်ဆောင်မေးလိုက်သည်။
"အို... ဌာနမှူး ဝင်စတန်ပါလား... ခင်ဗျားအသံက သိပ်မကောင်းလှဘူးပဲ၊ ပြီးတော့ ဘာလို့ တခြားသူရဲ့ စက်နဲ့ ဆက်နေတာလဲ... တစ်ခုခု ဖြစ်လို့လား..."
သူသည် စကားပြောနေစဉ်မှာပင် အဝေးဆီမှ ဖုန်မှုန့်များ ဖုံးလွှမ်းနေသည့် ဧရာမ ကျင်းကြီးကို လှမ်းကြည့်လိုက်သည်။
'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' သည် သာမန်လူများ၏ အမြင်နှင့် အသိစိတ်ကို ပိတ်ဆို့ဖို့ ယာယီ အတားအဆီး သုံးထပ်ကို အမြန်ဆုံး ချထားသော်လည်း၊ အင်ဒရူးကဲ့သို့သော အဆင့်အတန်းရှိသူအတွက်မူ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။
သူ့အမြင်တွင် ၆၇ လမ်းမကြီးတစ်ခုလုံးမှာ ပျက်စီးယိုယွင်းနေပြီး သက်ရှိရိပ် လုံးဝကင်းမဲ့နေ၏။ ဝင်စတန် တစ်ယောက် ရှေ့တန်းစစ်မျက်နှာတွင် ပြင်းထန်စွာ ဒဏ်ရာရထားသည်မှာ အထင်အရှားပင်။
ဝင်စတန်၏ အသံမှာ တုန်ယင်လျက် ဆက်လက်ထွက်ပေါ်လာ၏။
"အပိုတွေ ပြောမနေပါနဲ့တော့... အမှန်တရား အသင်းတော်က စစ်မြေပြင်ဆီကို စစ်ကူတစ်ယောက်မှ မလွှတ်သေးဘူး... ခင်ဗျားတို့က မျှော်စင်နဲ့ အဆက်အသွယ် ဖြတ်ချင်နေတာလား"
ဝင်စတန်၏ အသံထဲတွင် ဖုံးကွယ်ထားသော စိုးရိမ်စိတ်များကို ကြားလိုက်ရသဖြင့် အင်ဒရူးက အေးအေးဆေးဆေးပင် ပြုံးလိုက်သည်။
"ဂျိုးဇက်နဲ့ ဝယ်လ်တို့ရဲ့ တိုက်ပွဲက ပြီးသွားပြီလား... ကျွန်တော်တို့ လွှတ်မယ့်သူတွေက စစ်မြေပြင်ကို ရှင်းလင်းရေးလုပ်ဖို့ပဲလေ... အစောကြီးရောက်တာနဲ့ နောက်ကျမှရောက်တာ ဘာကွာလို့လဲ... ပြီးတော့ အဆက်အသွယ်ဖြတ်ဖို့ဆိုတာ... ဝင်စတန်၊ ခင်ဗျား ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး... တကယ်လို့ အဲဒီလို ဖြစ်လာရင်တောင် ဘယ်သူက ပိုပြီး နစ်နာသွားမလဲဆိုတာ ခင်ဗျား သိမှာပါ"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝင်စတန်က...
"ဂျိုးဇက် နိုင်လိမ့်မယ်... ဒါကို မစ္စတာလင် ကိုယ်တိုင် ပြောခဲ့တာ"
အင်ဒရူး အံ့အားသင့်သွားစဉ် ဝင်စတန်က ဆက်ပြောပြန်၏။
"ခင်ဗျား ကြားတာ မှန်ပါတယ်... ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး မစ္စတာလင်ရဲ့ သဘောထားကို သိဖို့ မျှော်စင်က လူလွှတ်ခဲ့တယ်၊ အဲဒီတာဝန်ကို ကျုပ် ကိုယ်တိုင် တာဝန်ယူခဲ့တာ"
အင်ဒရူး ရာဇီရယ်ဘက်သို့ အလိုအလျောက် လှည့်ကြည့်မိသည်။ ရာဇီရယ်က သူ၏ မျက်မှန်ကို ပင့်တင်ရင်း "သူ လိမ်မပြောဘူး" ဟု ခေါင်းညိတ်ပြသည်။
"ဟား ဟား ဟား..."
အင်ဒရူးက အားရပါးရ ရယ်မောလိုက်၏။
"ဒါဆို ဒါက မျှော်စင်က သူ့ရဲ့ သစ္စာရှိတဲ့ သူရဲကောင်းတစ်ယောက်အပေါ် ဆက်ဆံပုံပေါ့... ရယ်စရာကောင်းလိုက်တာ... ဂျိုးဇက်သာ သူကိုယ်တိုင်က အသုံးချခံ ပစ္စည်းတစ်ခု ဖြစ်နေတယ်ဆိုတာ သိရင် ဘယ်လို ခံစားရမလဲ..."
ဝင်စတန်က အေးစက်စွာ တုံ့ပြန်သည်။
"သူ ဘယ်လိုခံစားရမလဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ သူ နိုင်ကို နိုင်ရမယ်... အကယ်၍ အမှန်တရား အသင်းတော်ရဲ့ လျစ်လျူရှုမှုကြောင့် သူ သေသွားခဲ့ရင် ခင်ဗျားတို့မှာ တာဝန်မရှိဘူးလို့ ထင်နေတာလား..."
"အိုး..."
အင်ဒရူးက နှာခေါင်းရှုံ့လိုက်၏။
"သူက မျှော်စင်က လူပဲ... ခင်ဗျားတို့ လူတွေက သူ့ကို မကယ်တာ ငါနဲ့ ဘာဆိုင်လို့လဲ"
ဝင်စတန်က နှာခေါင်းတစ်ချက် မှုတ်လိုက်၏။
"မူလကတော့ မဆိုင်ဘူးပေါ့။ ဒါပေမဲ့ အခုတော့ ခင်ဗျားကိုပါ ကျုပ် ဆွဲသွင်းလိုက်ပြီထင်တယ်... ခင်ဗျားက အခြေအနေကို သိနေပါရက်နဲ့ ဂျိုးဇက်ကို ရှာဖို့ လူမလွှတ်ခဲ့ဘူးဆိုတာကို မစ္စတာလင် သိသွားရင် ခင်ဗျားကို ဘယ်လို ထင်မလဲ"
“…”
အင်ဒရူးသည် မစ္စတာလင်အပေါ် လုံးလုံးလျားလျား သစ္စာမရှိသော ဂျိုးဇက်ကဲ့သို့ လူစားမျိုးကို တကယ်ပင် မနှစ်မြို့သော်လည်း၊ မစ္စတာလင်က ထိုသို့သော လူစားမျိုးကို ပြောင်းလဲပစ်ရသည်ကို စိတ်ဝင်တစား ရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။
တစ်နည်းအားဖြင့်ဆိုသော် စာအုပ်ဆိုင်ပိုင်ရှင်သည် မွန်မြတ်ဖြောင့်မတ်သော သူရဲကောင်းကြီး ဂျိုးဇက်ကို သူ၏ လက်အောက်ခံ သစ္စာရှိ ယုံကြည်သူတစ်ဦး ဖြစ်လာအောင် ပြောင်းလဲပစ်ခြင်းဖြင့် အချိန်ဖြုန်းနေခြင်း ဖြစ်ပေလိမ့်မည်။ ၎င်းမှာ မစ္စတာလင်အတွက် ပျော်ရွှင်စရာ ကိစ္စတစ်ခု ဖြစ်နိုင်ပေသည်။ မစ္စတာလင်ကဲ့သို့သော တန်ခိုးရှင်ကြီးများအတွက် ပျော်ရွှင်မှု ရှာဖွေခြင်းကသာ သူတို့ဘဝ၏ အရေးကြီးဆုံးအရာ မဟုတ်ပါလား။
‘ဒါက မစ္စတာလင်ရဲ့ အပျော်တမ်း ဝါသနာတစ်ခု ဖြစ်နေမလား...’
‘ကောင်းပြီလေ...’
သူ ဂျိုးဇက်ကို မုန်းသော်လည်း၊ အရှင်သခင်၏ နောက်လိုက်တစ်ဦးအနေဖြင့် အရှင်သခင်ကို ပျော်ရွှင်စေမည့် မည်သည့်အရာမဆို အင်ဒရူးအတွက် ပထမဦးစားပေးပင် ဖြစ်သည်။
သူက သက်ပြင်းတစ်ချက်ချလိုက်၏။
"ကောင်းပြီ... စစ်မြေပြင်မှာ ရှာဖွေဖို့ လူလွှတ်ပေးမယ်... ဒါပေမဲ့ ရှာဖွေရုံသက်သက်ပဲ ကန့်သတ်ထားမယ်နော်"
ဆက်သွယ်ရေး ကိရိယာ၏ အခြားတစ်ဖက်တွင် ဝင်စတန်မှာ သက်ပြင်းချလိုက်ပုံရသည်။ အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက ခဲခဲယဉ်ယဉ်ပင် ကျေးဇူးတင်စကား ဆိုကာ ဖုန်းချသွားခဲ့သည်။
အင်ဒရူး လက်ထဲမှ စက်ကို ကြည့်ရင်း သံချပ်ကာဝတ် သူရဲကောင်းကြီး ဝင်စတန်၏ ပုံရိပ်ကို မြင်ယောင်ကာ တစ်ကိုယ်လုံး ကြက်သီးထသွားမိသည်။ သူက ရွံရှာစွာဖြင့် စက်ကို ပိတ်ပစ်လိုက်၏။
"မျှော်စင်က အခရာ အဆင့် ဖြစ်လာနိုင်မယ့် မျိုးစေ့တစ်ယောက်ကိုတောင် စွန့်လွှတ်ရဲတာ တကယ်ကို သတ္တိရှိတာပဲ... ဒါပေမဲ့ ငါ့ရဲ့ အာရုံခံစားမှုအရဆိုရင် ဂျိုးဇက် အသက်ရှင်နေရင်တောင် အခြေအနေတွေက သူတို့ ထင်သလို ဖြစ်လာပါ့မလားပဲ"
ရာဇီရယ်က မှတ်ချက်ပေးလိုက်လေ၏။
***
အပိုင်း(၄၄၂)
အင်ဒရူး ခေါင်းညိတ်လိုက်ပြီး သူ၏ ဆက်သွယ်ရေး ကိရိယာကို ပြန်ဖွင့်လိုက်သည်။
ဂျိုးဇက် အသက်ရှင်၊ မရှင်ကို သူ ဂရုမစိုက်သော်လည်း ထိုသူရဲကောင်းအိုကြီး၏ အသက်မှာ မစ္စတာလင်၏ စိတ်ဆန္ဒနှင့် တစ်စုံတစ်ရာ ဆက်စပ်နေသဖြင့် အင်ဒရူးအနေဖြင့် ယခင်ကကဲ့သို့ ပေါ့ပေါ့တန်တန် မလုပ်နိုင်တော့ဘဲ ယုံကြည်စိတ်ချရသူတစ်ဦးကို စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဖုန်းစာအုပ်ကို လှန်ကြည့်လိုက်၏။
ပရိုင်မာ ဆန်ဒရာ...
ဤမိန်းမငယ်လေးမှာ အင်ဒရူး ကိုယ်တိုင် ရာထူးတိုးပေးထားသော 'ဆေးဘက်ဆိုင်ရာ ဌာနမှူး' သစ် ဖြစ်သည်။ သူမသည် မကြာသေးမီကမှ ဤနေရာမှ ထွက်ခွာသွားပြီး လက်ရှိတွင် အပင်သဏ္ဌာန် ဖြစ်နေသော သူမ၏ အစ်မဖြစ်သူနေရာတွင် အစားထိုးဝင်ရောက်လာသူ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမသည် စာအုပ်ဆိုင်ပိုင်ရှင်၏ ကောင်းချီးပေးခြင်းကို ခံထားရသူလည်း ဖြစ်သည်။
အရည်အချင်းအရရော၊ ရာထူးအရပါ သူမသည် အသင့်တော်ဆုံးပင်။
သူ ချက်ချင်းပင် ဖုန်းခေါ်လိုက်လေ၏။
...
ပရိုင်မာသည် ဓာတ်ခွဲခန်းအတွင်း၌ ဆေးရည်များကို ချိန်ညှိရင်း အလုပ်ရှုပ်နေသည်။ သူမသည် စာရေးတံ ထိပ်ဖျားကို ကိုက်လျက် ဆေးဖော်စပ်မှု ပုံသေနည်းများနှင့် ပါဝင်ပစ္စည်းများ၏ ထူးခြားချက်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲများကို တွက်ချက်နေရင်း အလုပ်ထဲတွင် အာရုံနစ်ဝင်နေသည်။ သူမ၏ မျက်နှာတွင် အလွန်အမင်း အာရုံစူးစိုက်ထားသည့် အမူအရာ ပေါ်လွင်နေ၏။
မြေပြင်နှင့် နီးကပ်သော ဤဓာတ်ခွဲခန်းမှာ အမြင့်ဆုံး လုံခြုံရေးအဆင့်ရှိပြီး ပရိုင်မာ ကိုယ်တိုင်၊ အင်ဒရူးနှင့် ဟုဒ် တို့မှလွဲ၍ မည်သူမျှ ဝင်ရောက်နှောင့်ယှက်ခွင့် မရှိပေ။
မိုင်ပေါင်းများစွာ ဝေးသော စစ်မြေပြင်မှ တုန်ခါမှုများက သူမ၏ အာရုံကို မဖမ်းစားနိုင်သလို၊ အနီးအနားမှ ဆူညံလှသော အရေးပေါ် အချက်ပေးသံများကိုလည်း သူမ သတိမထားမိပေ။ ဆက်သွယ်ရေးစက်မှ စူးရှသော ဖုန်းသံ ထွက်ပေါ်လာသည့် အခါကျမှသာ သူမသည် ဆေးရည်များထံမှ အာရုံခွာနိုင်တော့သည်။
ပရိုင်မာ ဓာတ်ခွဲခန်းထဲတွင် မည်မျှ အာရုံစိုက်တတ်ကြောင်း ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်ကပင်... သူမ အလုပ်ထဲ အလွန်အကျွံ နစ်ဝင်နေချိန်တွင် သတိပြန်ဝင်လာစေရန် ဤကဲ့သို့ စူးရှသော ဖုန်းသံကို အင်ဒရူးက အတင်းအကြပ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
"အာ..."
ပရိုင်မာသည် လန့်ဖျပ်သွားပြီး လက်ထဲမှ ကလောင်တံပင် လွတ်ကျသွား၏။ သူမ အမြန်ပင် ဖုန်းကိုင်လိုက်သည်။
"ဒု-ဥက္ကဋ္ဌကြီး..."
အထက်လူကြီးဆီမှ ဖုန်းဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမ အလွန်ပင် စိုးရိမ်တုန်လှုပ်သွားကာ အလောတကြီး နှုတ်ဆက်လိုက်သည်။
‘ဥက္ကဋ္ဌကြီးလို့ ခေါ်စမ်းပါ...’
အင်ဒရူးက စိတ်ထဲမှ မကျေမနပ် ပြင်ပေးလိုက်သည်။ သို့သော် ယခုမှာ ထိုကိစ္စကို အငြင်းပွားနေရမည့် အချိန်မဟုတ်ပေ။
အင်ဒရူးက မြန်မြန်ပင် ပြောလိုက်၏။
"မင်းရဲ့ လက်အောက်ငယ်သားတွေထဲက ဆရာဝန်တွေနဲ့ ဆေးဖော်စပ်သူ အချို့ကို ရွေးလိုက်ပါ... ငါ တိုက်ခိုက်ရေးသမား အချို့ကိုလည်း မင်းနဲ့အတူ ထည့်ပေးမယ်... သူတို့ကို ဦးဆောင်ပြီး ၆၇ လမ်းမကြီးက စစ်မြေပြင်ဆီကို သွားပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေပါ... 'အခရာ အဆင့်' တစ်ဦး သေဆုံးမှုကြောင့် ပျံ့နှံ့နေတဲ့ ‘နိဂုံး’ နိယာမတွေ အဲဒီမှာ ရှိနေတာကို သတိထားပါ... ကာကွယ်ရေး ဝတ်စုံတွေ ဝတ်ဆင်ပြီး ဘေးကင်းရေး အစီအမံတွေကို လုပ်ဆောင်သွားပါ"
အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန်ဟု ဆိုသော်လည်း၊ တကယ်တမ်းတွင်မူ ထိုကဲ့သို့ စစ်မြေပြင်၏ ဗဟိုချက်တွင် မည်သည့် သာမန် စွမ်းအားရှင်မျှ အသက်ရှင်နိုင်မည် မဟုတ်ပေ။ သို့သော် 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' ၏ မျက်နှာကို ထောက်ထားသောအားဖြင့် ဂျိုးဇက်ကို ရှာဖို့သက်သက်ဟု သူ လုံးဝ ပြော၍မရချေ။
‘ကောင်းပါပြီ...’
ပရိုင်မာသည် စိတ်ထဲမှ ရေရွတ်ရင်း ခေါင်းညိတ်လိုက်သည်။ သူ၏ အမူအရာက အလွန်ပင် လေးနက် နေ၏။ ၎င်းက ဌာနမှူး ဖြစ်လာပြီး နောက်ပိုင်း သူမ၏ ပထမဆုံးသော တာဝန်ပင်။
ထို့နောက် အင်ဒရူးက အားလုံးကို A16 စံအိမ်တော်ကို ဂရုစိုက်ရန် မှာကြားခဲ့ဖူးသည်ကို သတိရသွားကာ သူမ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
"ဒီတာဝန်က မစ္စတာလင်နဲ့ ပတ်သက်နေတာလား..."
သူမက သတိထားပြီး မေးလိုက်သည်။
အင်ဒရူး၏ အဖြေမှာ တိုတိုတုတ်တုတ်ပင်...။
"ဟုတ်တယ်... ဒါကြောင့် မင်း အစွမ်းကုန် ကြိုးစားရမယ်၊ နားလည်လား"
ပရိုင်မာ ရင်ခုန်သံ မြန်လာပြီး မစ္စတာလင် ပေးခဲ့သော ဆေးကျမ်းစာအုပ်ကို လှည့်ကြည့်လိုက်မိသည်။ မစ္စတာလင်က ‘ဆေးပညာကို လေ့လာခြင်းဟာ မိမိကိုယ်တိုင်ရဲ့ တန်ဖိုးကို ဖန်တီးဖို့ ဖြစ်တယ်’ လို့ တစ်ခါက ပြောခဲ့ဖူးသည်။
သူမ စိတ်တည်ငြိမ်အောင် အသက်ကို အကြိမ်အနည်းငယ် ပြင်းပြင်းရှူလိုက်၏။
‘ဒါဟာ ဆေးဘက်ဆိုင်ရာ ဌာနမှူးအနေနဲ့ ငါ့ရဲ့ ပထမဆုံး တာဝန်တင်မကဘဲ ငါ့ရဲ့ ကျေးဇူးရှင် မစ္စတာလင်နဲ့ ပတ်သက်တဲ့ တာဝန်လည်း ဖြစ်တယ်... ဒါဆိုရင် မစ္စတာလင်ကို ငါ့ရဲ့ တန်ဖိုးကို သက်သေပြရမယ့် အချိန် ရောက်ပြီပေါ့...
"ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်..."
ပရိုင်မာက မိမိကိုယ်ကိုယ် အားပေးရင်း ဆိုလိုက်လေတော့သည်။
...
အခြားတစ်ဖက်တွင်မူ ဖုန်းချပြီးနောက် အင်ဒရူး၏စိတ်ထဲ၌ မေးခွန်းတစ်ခု ဖျပ်ခနဲ ပေါ်ပေါက်လာခဲ့သည်။
‘နေပါဦး... အရှင်သခင်ကိုယ်တိုင်က ဂျိုးဇက်ရဲ့ အောင်ပွဲလို့ ဆုံးဖြတ်ချက်ချခဲ့တယ်ဆိုပေမဲ့၊ လူအများအပြားကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ အဲဒီကောက်ကျစ်စဉ်းလဲလှတဲ့ အောက်လမ်းမှော်ဆရာ 'ဝယ်လ်' ဟာ တကယ်ပဲ သေသွားပြီလား...’
ထိုစဉ် ရာဇီရယ်က ရုတ်တရက် အဖြေပေးလာသည်။
"သေပြီ"
အင်ဒရူး လှည့်ကြည့်လိုက်သောအခါ ရာဇီရယ်က ဆက်၍ ဆိုပြန်သည်။
"ဒါပေမဲ့ မသေသေးဘူး"
“…”
ဤအခိုက်အတန့်တွင် အင်ဒရူး၏မျက်နှာမှာ အလွန်ပင် ဖော်ပြရခက်သော အမူအရာ ဖြစ်သွားတော့သည်။ ရာဇီရယ်၏ ခေါင်းပေါ်ရှိ အပေါက်ကြီးမှတစ်ဆင့် ဟင်းလင်းပြင်ကို ငေးကြည့်ရင်း ဤလူကြီး၏ စိတ်ထဲတွင် ဘာတွေတွေးနေသလဲဆိုသည်ကို သူ တကယ်ပင် သိချင်မိသည်။
သို့သော် ရာဇီရယ်ကမူ အင်ဒရူး၏ စူးစိုက်ကြည့်မှုကို ဂရုမစိုက်ဘဲ မိုးကုတ်စက်ဝိုင်းဆီသို့ မျှော်ကြည့်ရင်း တိုးတိုးလေး ရေရွတ်နေ၏။
"ဩဂတ်စတပ်...”
"မီးလျှံဓားလမ်းစဉ်ကတောင် အညံ့ခံအောင် မလုပ်နိုင်ခဲ့တဲ့ ဘီလူးဘုရင်ကြီး... အခုတော့ ခင်ဗျားလည်း ကံကြမ္မာရဲ့ ခေါ်ယူမှုကို မလွန်ဆန်နိုင်ဘဲ ဒီပဋိပက္ခဝဲဂယက်ထဲကို ခြေစုံပစ်ဝင်လာခဲ့ပြီပေါ့... ခင်ဗျား အဲဒီပလ္လင်ပေါ်ကနေ ဆင်းသက်လာဖို့ကလည်း အချိန်တစ်ခုပဲ လိုတော့တာ မဟုတ်လား..."
အင်ဒရူးသည် ထိုရေရွတ်သံများကို နားမလည်နိုင်သော်လည်း ယခုအချိန်တွင် ရာဇီရယ်၏ မျက်ဝန်းများကို ကြည့်ရသည်မှာ ဦးနှောက်မရှိတော့သည့် အလိုတော်ရိ 'ချီးမွမ်းစက်' တစ်လုံးနှင့် မတူတော့ဘဲ နော်ဇင်မြို့တစ်ခုလုံးကို ဖန်တီးခဲ့သည့် စစ်မှန်သည့် ပညာရှင်ကြီးနှင့် ပို၍ တူနေတော့သည်။
...
သေခြင်းတရား နီးကပ်လာချိန်တွင်...
ဝယ်လ်သည် ပက်လက်လန်လဲကျသွားခဲ့၏။ တောက်လောင်နေသော ငရဲမီးများကြားတွင် အရှင်လတ်လတ် မီးရှို့ခံနေရသကဲ့သို့ ခံစားချက်ကြီးက သူ၏ခန္ဓာကိုယ်ကို ဝါးမြိုသွားသည်။ ထိုနာကျင်မှုမှာ သူ၏ ခံနိုင်ရည်အကန့်အသတ်ကို ကျော်လွန်သွားပြီး နောက်ဆုံးတွင် နာကျင်မှုဟူသည်ကိုပင် သူ မေ့လျော့လာတော့သည်။
ဂျိုးဇက်၏ နောက်ဆုံးတိုက်ကွက်ကို ခုခံရင်း သူ၏ ရုပ်ခန္ဓာမှာ တစ်စစီ ကြွေလွင့်ပျက်စီးသွားခဲ့ရာ ယခုဆိုလျှင် လုံးဝဥဿုံ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။
အောက်လမ်းမှော်ဆရာ ဝယ်လ်သည် ဤနောက်ဆုံးအချိန်၌ မိမိကိုယ်ကိုယ် မစ္စတာလင်ထံသို့ တစ်ဖန်ပြန်၍ ယဇ်ပူဇော်ရန် ကြိုးစားလိုက်သည်။ ဤနည်းလမ်းဖြင့် သေခြင်းတရားမှ တစ်ကြိမ်ထပ်၍ လွတ်မြောက်ရန် အားထုတ်ခြင်း ဖြစ်၏။
သို့သော် ယခင်တစ်ခေါက်က ဖြစ်ရပ်ကို သူ ရုတ်တရက် သတိရသွားသည်။ သူ၏ အသက်ကို ယဇ်ပူဇော်ခြင်းအပေါ် မစ္စတာလင် ပေးခဲ့သော တုံ့ပြန်မှုမှာ... 'ငြင်းပယ်ခြင်း' ပင် ဖြစ်သည်။
မှန်ပေသည်။ ငြင်းပယ်ခံရမှသာ ယဇ်ပူဇော်ခံရသော အသက်သည် သံသရာမှ ကင်းလွတ်ပြီး လူ့လောကသို့ ပြန်လည်ဝင်စားခွင့် ရရှိမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မစ္စတာလင်က သူ၏ ယဇ်ပူဇော်မှုကို ငြင်းပယ်လိုက်ခြင်း ဟူသည်မှာ... ဝယ်လ်အား သူ၏ 'နတ်ဘုံနိုင်ငံတော်' မှ နောက်လိုက်တစ်ဦးအဖြစ် လက်ခံရန် ငြင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။ ၎င်းမှာ ဝယ်လ်၏ သစ္စာရှိမှုအပေါ် တစ်စုံတစ်ရာ ပြဿနာရှိနေသည်ဟု ဆိုလိုခြင်းပင်။
"ငါ့ရဲ့... ငါ့ရဲ့ သစ္စာရှိမှုက... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..."
ဝယ်လ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး စကားလုံးများ ဆွံ့အသွား၏။ အမှန်စင်စစ် သူ၏ သစ္စာရှိမှုတွင် လိုအပ်ချက်တစ်ခု ရှိနေခဲ့ပြီး ၎င်းမှာ အလွန်တရာပင် ပြစ်မှားစော်ကားရာ ရောက်နေခဲ့သည်။
၎င်းက... သူသည် ‘မစ္စတာလင်က မိမိအား ငြင်းပယ်ရန် ရည်ရွယ်ချက်’ ဖြင့် ယဇ်ပူဇော်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ထိုငြင်းပယ်မှုကို အသုံးချကာ ဂျိုးဇက်ကို အနိုင်ယူရန် ကြိုးစားခဲ့ခြင်းပင် ဖြစ်သည်။
ဤလောကတွင် မိမိကိုးကွယ်သော ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်လိုဘဲ ဘုရားသခင်က မိမိအား ငြင်းပယ်ရန် တောင်းဆိုသည့် သစ္စာရှိ ယုံကြည်သူဟူ၍ ရှိပါမည်လော။ မိမိ၏ ကိုယ်ပိုင်ဆန္ဒကို ဖြည့်ဆည်းရန်အတွက် အရှင်သခင်ကို အသုံးချရန် ကြံစည်မိသည်လား။
‘အို... ဘုရားသခင်၊ ငါ ဘာတွေလုပ်မိပါလိမ့်...’
ဤတိုက်ပွဲတွင် မစ္စတာလင်သည် အဘယ်ကြောင့် ဂျိုးဇက်ဘက်မှ ရပ်တည်ခဲ့သနည်း ဆိုသည်ကို ဝယ်လ် နောက်ကျမှ သိရှိနားလည်လိုက်တော့သည်။
‘မဟုတ်ဘူး... ဒါဆိုရင်... ငါ ဖြစ်ချင်ခဲ့တာက... ငါ တောင့်တခဲ့တာက... မဟုတ်ဘူး... ဒါက မစ္စတာလင်က ငါ့ အပေါ် ထားတဲ့ သဘောထားပဲလား...’
***