← Chapters

မသိမှု

Vol. 3 Ch. 287

မသိမှု

Vol. 3 Ch. 287

ဆန်းလျန်က စိတ်အာရုံ စူးစိုက်မှုကို အသုံးပြုကာ အိမ်လေး တစ်ခုလုံးကို အာရုံခံကြည့် လိုက်လေသည်။ သို့သော် မည်သည့် ထူးခြားချက်ကိုမှ မတွေ့ရပေ။ အချိန်အလွန် ကြာမြင့်ပြီ ဖြစ်သည့် အတွက်လည်း ထူးခြားချက် မတွေ့ရခြင်း ဖြစ်ကောင်း ဖြစ်နိုင်လေသည်။ ဆရာဘွားဘွား လီချင်းဆွေ ချန်ထားခဲ့သည့် တာအိုတရား ဓမ္မများကို မည်သည့် နေရာ တွင်မှရှာ၍ မတွေ့တော့ပေ။

သူ အိမ်လေးထဲမှ ပြန်ထွက် လိုက်သည့် အချိန်တွင်တော့ အိမ်လေးကို ဆောက်လုပ်ထားသည့် သစ်သားများကို သတိထား လိုက်မိသည်။ အိမ်လေးကို ဆောက်လုပ်ထားသည့် သစ်သားများမှာ ထုံးကျောက်နှင့် ဆင်တူပြီး အရောင်နှင့် ပုံသဏ္ဌာန်မရှိပေ။ အမှတ်တမဲ့ ဆိုလျှင် သစ်သားအိမ်နှင့် မတူဘဲ ကျောက်တုံး အိမ်လေးနှင့် တူနေလေသည်။

ထို့ကြောင့် လင်ချုန်းရှောင် ပြောပြသည့် ဇာတ်လမ်းထဲတွင် "မက်မွန်တောထဲရှိ ကျောက်တုံးအိမ်လေး" ဟု မှားယွင်းကာ ပြောပြမိခြင်း ဖြစ်ဟန် တူလေသည်။

သို့သော် ထိုသစ်သားများတွင် ထူးခြားချက် တစ်စုံတစ်ရာကိုတော့ ဆန်းလျန် ရှာတွေ့ချေ။ သူ့အနေဖြင့် အိမ်လေး တစ်ခုလုံးကို ဖြိုချပြီး ဖိုထဲ ထည့်ထိုး၍ စမ်းသပ်ကြည့်ရန်လည်း မဖြစ်နိုင်ပေ။

ရုတ်တရက်…

ဆန်းလျန်သည် လေပြည်လေး တစ်ခုဖန်ဆင်းကာ ကောင်းကင်ထက်သို့ ပျံတက် သွားလေသည်။ ဆန်းလျန်သည် ကောင်းကင်ထက် ပေပေါင်းများစွာ အမြင့်တွင် လေပြည်ကို တွန်းကန် ထားလိုက်လေသည်။

သူ၏ လက်ထဲတွင် ရွှမ်တယ်ဓားကို ကိုင်ထားပြီး ဓားသွားထိပ်ဖျားမှာ တုန်ခါနေလေသည်။ ဆန်းလျန်က ဗလာနယ်ဖျက် ဓားသိုင်းကို အသုံးပြုကာ သီးခြား ဗလာနယ်ကို ထိုးဖောက်ရန် ကြိုးစား လိုက်လေသည်။

ဗလာနယ်ဖျက် ဓားကို ကျင့်ကြံပါက လောကကို ကျော်လွန်ပြီး မိုးကောင်းကင် နတ်ဘုရား တစ်ပါး အဖြစ် တက်လှမ်းနိုင်ရန် အတွက် များစွာ အထောက်အကူ ပြုလေသည်။ ဆန်းလျန်မှာ နတ်ဘုရားတစ်ပါး မဖြစ်သေးသည့် တိုင် ဗလာနယ်ဖျက် ဓားကို ဗလာနယ်ကို ခွဲသည့် အဆင့်ထိတော့ အသုံးပြု နိုင်လေသည်။ ထို့ကြောင့်ပင် မက်မွန် တောအုပ်လေး တည်ရှိရာ နေရာတွင် အက်ကြောင်း တစ်ခု ထင်သွားလေသည်။

သို့သော် စကြဝဠာ တစ်ခုလုံး ပျက်စီး သွားလျှင်တောင်မှ သူရောက်ရှိနေသည့် နေရာမှ ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့် ဆိုသော် ပြင်ပလောကမှာ အမှန်တကယ် တည်ရှိသည့် လောကဖြစ်ပြီး ဆန်းလျန်ရောက်ရှိ နေသည့်နေရာနှင့် သုံးဖက်မြင် အလွှာပေါင်းများစွာ ကွာခြား နေသောကြောင့် ဖြစ်လေသည်။ ဗလာနယ် တစ်ခုကို ဖျက်ဆီးလိုက်နိုင်လျှင်တောင်မှ နောက်ထက် မရေတွက်နိုင်သည့် အလွှာပေါင်း များစွာဖြင့် ဖုံးကွယ်ထားပြီး ပြင်ပလောကကို သက်ရောက်နိုင်မည် မဟုတ်ပေ။

ဆန်းလျန်မှာ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးမှ ထိုသို့ နားလည် သွားခြင်း ဖြစ်လေသည်။

ဆန်းလျန်၏ စိတ်အခြေအနေသည် ပိုမိုနက်ရှိုင်းလာပြီး ကိစ္စရပ်များ အပေါ်တွင် မတူညီသည့် ရှုထောင့်မှ ရှုမြင်လာနိုင် လေသည်။ လူတစ်ယောက်သည် ကိစ္စရပ်များကို ရှုထောင့် အမျိုးမျိုးမှ ရှုမြင်လာနိုင်လျှင် အခြေအနေကိုလည်း ရှုထောင့်အမျိုးမျိုးမှ နားလည်လာမည် ဖြစ်လေသည်။ ဗောဓိသကျနှင့် တာအို ဆရာသခင်ကြီးများ၏ အဆင့်သို့ ရောက်လျှင် ထိုကဲ့သို့ ရှုမြင်နိုင်မည် ဖြစ်ပြီး မတည်ရှိမှုကိုပင် သိမြင်နိုင်မည် ဖြစ်လေသည်။

ဆန်းလျန်၏ ဗလာနယ်ဖျက်ဓားမှာ အကန့်အသတ် မရှိသည့် သီးခြား ဗလာနယ်တစ်ခုအလား ဖြစ်နေသည့် မက်မွန်တောအုပ် တည်ရှိရာနေရာ၏ အလွှာပါးလေး တစ်လွှာကိုသာ ဖျက်ဆီး နိုင်ခဲ့လေသည်။ သို့သော် ယခုကဲ့သို့ သီးခြား တည်ရှိနေသည့် ဗလာနယ် တစ်ခုသည် သူ၏ ဗလာနယ်ဖျက် ဓားသိုင်းဖြင့် တစ်ခုခုထူးခြားအောင် ပြုလုပ်နိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်လေသည်။

ဆန်းလျန်၏ ရွှမ်တယ် ဓားထိပ်ဖျားမှာ ကောင်းကင်ကို ရိုက်ခတ် မိသွားလေသည်။ ထိုအခါ ရေထဲသို့ ကျောက်ခဲ ပစ်ချလိုက်သည့် အလား လှိုင်းများ ထသွားလေသည်။ သို့သော် ထိုလှိုင်းများက ပြန်ကန် ထွက်လာပြီး ဆန်းလျန်မှာ ကောင်းကင်ထက်မှ ခြေလွတ်လက်လွတ် ပြုတ်ကျသွားရလေသည်။

သူက မြေပြင်ပေါ်ပြန်ရောက်သွားသည်နှင့် သူ၏ စွမ်းအားများကို အသုံးပြုကာ မြေပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက် လေသည်။ သို့သော် သူ၏ စွမ်းအားများက မြေပြင်အတွင်းသို့ စီးဝင်မသွားဘဲ သူ၏ လက်ကသာ မြေပြင်အတွင်းသို့ ကျွံဝင်သွားလေသည်။

ဆန်းလျန်မှာ ကောင်းကင်ကို ထိုးဖောက် မရသည့်အတွက် မြေပြင်ကို ထိုးဖောက်ကြည့်ရန် ကြိုးစားကြည့်ခြင်း ဖြစ်လေသည်။ သူက မြေပြင်ကို ထိုးခွဲကာ မြေအောက်မှ ဖောက်ထွက် နိုင်မလားဟု တွေးခဲ့မိသည်။

ရုတ်တရက် ဆန်းလျန်၏ အာရုံထဲတွင် အကြီးအကျယ် အန္တရာယ် ကျရောက်တော့မည့် အငွေ့အသက်များကို ခံစား လိုက်ရလေသည်။ သူ၏ ပတ်ဝန်းကျင် တစ်ခုလုံးတွင် မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါး လှုပ်ခါနေသည်ကို ခံစားလိုက်ရလေသည်။ သူသာ မြေကြီးကို လက်ဝါးဖြင့် ဆက်လက် ရိုက်နေပါက သူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲ ထွက်သွားတော့မည် ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန် မြေကြီးကို ထိုးဖောက်ခြင်းကိုလည်း ရပ်တန့် လိုက်ရလေသည်။

ထိုသို့ဖြင့် ဆယ်ရက် ကြာသွားခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်သည် သူသိသမျှသော နည်းလမ်းပေါင်းစုံဖြင့် သီးခြား ဗလာနယ်လေးမှ ဖောက်ထွက်ရန် စမ်းသပ် ကြည့်ပြီးပြီ ဖြစ်လေသည်။ သို့သော် လွတ်မြောက်နိုင်ရန် လမ်းစပင် မမြင်ပေ။

ဆန်းလျန်မှာ သေတ္တာ တစ်ခုအတွင်းတွင် ပိတ်မိနေသည့် လူတစ်ယောက်အလား ခံစားနေရလေသည်။ အချိန်၏ ပြောင်းလဲခြင်းကိုလည်း သိမြင်နိုင်ခြင်း မရှိတော့ပေ။

သူက သွေးလည်ပတ်မှုနှင့် အတွင်းအား လည်ပတ်မှုကို အခြေခံပြီး ဘယ်နှရက် ကြာနေပြီ ဖြစ်ကြောင်းကို ခန့်မှန်း တွက်ချက်ထားရန်သာ တတ်နိုင်လေသည်။

ဆန်းလျန်သည် သီးခြား ဗလာနယ်လေးကို ထိုးဖောက်ရန် အတွက် မကြိုးစားတော့ပေ။ သူ၏ စိတ်များကို ထိန်းချုပ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်လေသည်။

သူက မက်မွန်ပန်း ရနံ့လေးများကို ရှူရှိုက်လိုက်ပြီး မြေတွင် ကြွေကျနေသည့် မက်မွန် ပွင့်လွှာလေးများကို လေ့လာ နေလိုက်သည်။ မက်မွန်ပင်မှ အမြစ်များက မြေကြီးထဲမှ ရေကို စုပ်ယူနေသည့် အသံကို သူကြားနေရလေသည်။ ရေကို စုပ်ယူပြီးသည်နှင့် မက်မွန် ပန်းပင်လေးများ ကြီးထွား လာကြသည်ကိုလည်း သူ သတိပြုလိုက်မိသည်။

မြေသို့ ကြွေကျသွားကြသည့် မက်မွန်ပန်းလေးများသည် မြေဆီသြဇာ ဖြစ်သွားပြီး အသစ်သော ဘဝတစ်ခုကို ဖြစ်တည်စေလေသည်။

"ပွင့်ကြွေလေးတွေဟာ နှလုံးသားကင်းမဲ့တဲ့ ပန်းလေးတွေ မဟုတ်ပါ၊ သူတို့က နွေဦးမှာ မြေဆီလွှာ အဖြစ် ပြောင်းလဲသွားပြီး နောက်ထပ် ပွင့်လန်းလာမယ့် ပန်းပွင့်လေးတွေကို ကာကွယ် ပေးနေတာပါ"

ဟူသည့် ကဗျာ စာကြောင်းလေးကို ဆန်းလျန် သတိရလိုက်မိသည်။

သေခြင်းရှင်ခြင်း တရားများသည် ကံတရားအတိုင်း သံသရာလည်လျက် ရှိလေသည်။ သေခြင်းနှင့် ရှင်ခြင်းသည် ဒင်္ဂါးပြား တစ်ပြား၏ ခေါင်းနှင့် ပန်းကဲ့သို့ ခွဲခြား၍ မရသည့်အရာ ဖြစ်လေသည်။

မက်မွန်ပန်းလေးများ ပွင့်လန်း လာရလေသည်။ ထို့နောက် ပွင့်ကြွေများက မြေကြီးပေါ်သို့ ကြွေကျကာ မြေဆီသြဇာများ အဖြစ် ပြောင်းလဲသွားသည်။ ထိုမြေဆီသြဇာများကို သစ်စေ့များက စုပ်ယူပြီး သစ်ပင်တစ်ပင် ပြန်လည် ရှင်သန်လာကာ အသစ်သော ပန်းပွင့်လေးများ အသစ်ပြန်လည် ဖူးပွင့် လာကြလေသည်။ ထို့နောက် အသစ်သော ပန်းပွင့်များသည် မြေပြင်ထက်သို့ ပြန်လည် ကြွေကျ မြေခ ကြရပြန်သည်။

ဘဝဆိုသည်မှာလည်း ထိုသဘောတရားပင် ဖြစ်လေသည်။

မိုးနှင့်မြေတွင် အသက်ရှင်ခြင်း၏ အဆုံးသတ်သည် သေခြင်းတရား မဟုတ်ပါ။ သေခြင်း တရားသည် ရှင်သန်ခြင်း၏ အခြားသော ပုံစံ တစ်ခုမျှသာ ဖြစ်လေသည်။

သို့သော် ဆန်းလျန် အတွက်တော့ သေခြင်းနှင့် ရှင်ခြင်းသည် လုံးဝ ကွဲပြားခြားနား လေသည်။

လူသားများက အမြဲတမ်း အသက် ရှင်သန်နိုင်ရန် အတွက် နတ်ဘုရားတစ်ပါး ဖြစ်လိုကြသည်။ မက်မွန်ပင်သည် ပန်းပွင့်လေးများ ကြွေကျနေသည့်တိုင် အစဉ်အမြဲ ပွင့်လန်းနေဆဲ ဖြစ်လေသည်။ သို့သော် ပန်းပွင့်များကတော့ မနေ့က ပန်းပွင်နှင့် ဒီနေ့ ပန်းပွင့် တူညီခြင်းမရှိတော့ပေ။

ဆန်းလျန်သည် အနာဂါတ်ကို မျှော်လင့်နေသည့် အတွက်ကြောင့် ပစ္စုပ္ပန်တွင် လက်လွှတ် သွားရခြင်းမျိုးကို မဖြစ်လိုပေ။

ယခုဘဝတွင် သူက "ငါ" ဟု အစွဲရှိနေမည် ဖြစ်လေသည်။ နောက်ဘဝ တစ်ခုတွင်လည်း သူမဟုတ်တော့သည့် အခြားသူ တစ်ယောက်က "ငါ" ဟု အစွဲထား နေဦးမည် ဖြစ်လေသည်။

ဆန်းလျန် တရားထိုင်နေရင်းနှင့် တဖြည်းဖြည်း နားလည် သဘောပေါက်စ ပြုလာလေသည်။

သူက ကဗျာလေး ရေးထားသည့် မက်မွန်ပင်ကြီး အောက်တွင် တရားထိုင်နေခြင်း ဖြစ်သည်ကို သူ့ကိုယ်သူပင် သတိမပြုခဲ့မိပေ။

"ကျုံးနန်တောင်က ချုန်းယန်…

လောကကြီးက ဆရာသခင်ကို

ရူးနေပြီလို့ ထင်ကြလိမ့်မယ်…

လွတ်လပ်ပေါ့ပါး ဂရုမထားဘဲ သူနေထိုင်ခဲ့လို့…

သေခြင်းတရား ကနေ လွတ်မြောက် စေခဲ့တယ်…

တိမ်နဲ့ရေကို အဖော်ပြုလို့…

မရှိမှုတရားနဲ့ မိတ်ဆွေဖွဲ့မယ်…

လောက အကြောင်း အမှန်တရားကို သိမြင်တဲ့အခါ…

ရမ္မက်ဆန္ဒတွေရဲ့ ရှုပ်ထွေးမှုဆိုတာ မရှိတော့ပါ…"

ကဗျာလေးမှာ မက်မွန်ပင်ကြီးပေါ်တွင် အမြဲထာဝရ တည်ရှိနေမည် မဟုတ်ပါ။ အချိန်ကာလ ကြာလာသည်နှင့် အမျှ ရေးထွင်းထားသည့် ကဗျာလေးသည် ပျောက်ကွယ် သွားမည် ဖြစ်လေသည်။ ထိုအခါ အားလုံးကလည်း ထိုကဗျာလေးကို မေ့ပျောက် သွားကြမည် ဖြစ်လေသည်။

ဆန်းလျန်ကတော့ ကဗျာလေး ပျောက်ကွယ် သွားမည်ကို စိုးရိမ်မိခြင်းလည်း မရှိသလို ကဗျာလေးကို သတိရခြင်းပင် မရှိတော့ပေ။ သူက မက်မွန်ပင်ကြီးအောက်တွင် မက်မွန်ပင်ကြီးကို ကျောခိုင်းကာ တရားထိုင် နေလေသည်။

ဗုဒ္ဓဘုရားသည် ဗောဓိပင်အောက်တွင် မနေမနား တရားထိုင် ကျင့်ကြံ ခဲ့ပြီးသည့်နောက် စစ်မှန်သည့် ဓမ္မကို ရှာဖွေ တွေ့ရှိခဲ့လေသည်။

ဗုဒ္ဓဘုရားမှာ လောကတွင် အတုမရှိ ဖြစ်လေသည်။

ဆန်းလျန်ကတော့ ဆန်းလျန်သာဖြစ်ပြီး ဗုဒ္ဓကို အတုယူကာ မနေမနား တရားထိုင် နေခဲ့လေသည်။

သူ၏ ဝိညာဉ် စွမ်းအားများသည် သူ့ကိုယ်ထဲတွင် စီးဆင်းနေပြီး သူ၏ သွေးများသည် မြစ်တစ်စင်း အလား ခန္ဓာကိုယ်ထဲတွင် လှည့်ပတ် နေလေသည်။

သူ၏ ဝိညာဉ်သည် သူ၏ ရုပ်ခန္ဓာအတွင်းမှ ထွက်ခွာသွားပြီး သူ့အနားတွင် ပုံရိပ်တစ်ခု စတင် ဖြစ်တည် လာလေသည်။

ထိုပုံရိပ်မှာ ဆန်းလျန် ဝတ်ဆင်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ထားခြင်း မရှိသလို ခန္ဓာကိုယ် ဖွဲ့စည်းပုံကလည်း ဆန်းလျန်နှင့် တူညီခြင်းမရှိပေ။

ဆန်းလျန်၏ မျက်လုံးများ မှိတ်ထားသည့်တိုင် ပြင်ပမှ အရာအားလုံးကို စိတ်အာရုံတွင် ရှင်းရှင်းလင်းလင်း တွေ့မြင် နေရလေသည်။

ထိုပုံရိပ်သည် ပျောက်ကွယ် သွားပြီး နောက်ထပ် ပုံရိပ်များ ထပ်မံ ထွက်ပေါ် လာပြန်လေသည်။ ထိုပုံရိပ်များ အားလုံးသည် ဘဝအဆက်ဆက် သံသရာ လည်ခဲ့သည့် ဆန်းလျန်၏ အတိတ်ဘဝများကို ကိုယ်စားပြု လေသည်။

ထိုပုံရိပ်များသည် သူပင် ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် သူလည်း မဟုတ်ပေ။

ဖော့ဝမ့်အဆင့်၏ "ယုံမှား သံသယအဆင့်" ကို ကျော်ဖြတ်ရန် လမ်းစကို စတင် ဝင်ရောက်လာခြင်း ဖြစ်လေသည်။

ဆန်းလျန်၏ စိတ်အစဉ်တွင် "သမာဓိ" ဖြစ်တည် လာလေသည်။ သူ၏ စိတ်သည် ငြိမ်းချမ်းနေပြီး အတွေးများ ကင်းစင် နေလေသည်။ သူ၏ အခြေအနေသည် ချန်ဆန်း တံခါးဝကိုပင် သွားခေါက် နေသည့် အလား ဖြစ်လေသည်။

မသိမှုတရားများ အားလုံး ကင်းဝေးသွားပြီး သူကိုယ်တိုင်၏ အစစ်အမှန် တရားကို မြင်တွေ့ ချင်နေမိလေသည်။

သူ၏ ပတ်ပတ်လည်မှ ပုံရိပ်များသည် ဆန်းလျန်ကို ဝန်းရံ ထားကြလေသည်။ ဆန်းလျန်မှာ ဒုက္ခများဖြင့် ပြည့်နက်ရာ သံသရာ စက်ဝန်းမှ ရုန်းမထွက်နိုင်သည့် အလား ခံစားနေရလေသည်။

ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများ သိပ်သည်းသွားပြီး နတ်သက်ခြွေ ဓားသိုင်းကို အသုံးပြုကာ ပုံရိပ်များ အားလုံးကို တစ်ခုပြီးတစ်ခု ဖျက်ဆီး ပစ်လိုက်လေသည်။ ပုံရိပ်တစ်ခုကို ဖျက်ဆီးပစ်တိုင်း သူ၏ စိတ်အာရုံကို များစွာ စူးစိုက်ထားရ လေသည်။

သူ၏စိတ်အစဉ်မှ အညစ်အကြေးများသည် တဖြည်းဖြည်း သန့်စင် လာလေသည်။ သူ၏ စိတ်တွင် ကိလေသာ မြူမှုံများ တစ်စထက်တစ်စ နည်းပါးလာလေသည်။

ဆန်းလျန်သည် သူ့ပတ်ဝန်းကျင်မှ ပုံရိပ်များ အားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

သူဖျက်ဆီးရန် အတွက် ပုံရိပ်တစ်ခုသာ ကျန်တော့သည်။

ထိုအချိန်တွင် သူ့စိတ်ဖြင့် ပုံဖော်လေ့ရှိသည့် ကျောက်စိမ်း ကျိုင်းတံကို ကိုင်ထားသည့် နတ်ဘုရား ပေါ်လာလေသည်။ ထိုနတ်ဘုရားသည် သူ့ဘဝတွင် အခက်အခဲကြုံတိုင်း ကိုယ်ထင် ပြတတ်သည့် နတ်ဘုရား ဖြစ်လေသည်။ ထိုနတ်ဘုရားမှာ ငယ်ရွယ်ပြီး ယောကျ်ား ပီသသည့် ပုံသဏ္ဌာန် ရှိလေသည်။

ဆန်းလျန် စိတ်လှုပ်ရှား သွားသည့်အတွက် ဓားဝိညာဉ်မှာ တုံ့ဆိုင်း သွားရလေသည်။

ထိုအချိန်မှာပင် အတွေးတစ်ချက် သူ့ခေါင်းထဲတွင် လက်ခနဲ ပေါ်လာလေသည်။

"အားလုံးက ပုံရိပ်တွေဆိုရင်၊ ငါကိုယ်တိုင်က ဘယ်သူလဲ"

ထိုအတွေး ပေါ်လာသည်နှင့် သူ၏ စိတ်စဉ်သည် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိ သွားလေသည်။ သူကိုယ်တိုင် အစိတ်စိတ် အမြွှာမြွှာ တစ်စစီဖြစ်ကာ ပျောက်ကွယ် သွားသလို ခံစား လိုက်ရလေသည်။ ထို့နောက် သွေးများ အန်ချလိုက်ပြီး မျက်လုံးများကို ဖွင့်ကြည့် လိုက်လေသည်။

ပုံရိပ်များ အားလုံး ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။ ဆန်းလျန်မှာ တုန်လှုပ်နေမိလေသည်။ ပုံရိပ်ယောင်များ အားလုံးကို ဖျက်ဆီးပြီး သူကိုယ်တိုင်၏ အစစ်အမှန်ကို ရှာဖွေခဲ့လေသည်။

သို့သော် သူဖျက်ဆီးမိသည့် အရာမှာ သူကိုယ်တိုင် ဖြစ်ခဲ့လျှင် မည်သို့ဖြစ်မည်နည်း။

ဆန်းလျန်သည် လက်လွန်သွားဖို့ အနည်းငယ်သာ လိုလေသည်။ သူသာ နောက်ဆုံးကျန်ရှိသည့် ပုံရိပ်ကို ဖျက်ဆီးခဲ့လျှင် သူ့ကိုယ်သူ ဖျက်ဆီး မိသလို ဖြစ်သွားမည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံး ပုံရိပ်သည် သူကိုယ်တိုင် အစစ်အမှန် ဖြစ်နေသောကြောင့်ပင် ဖြစ်လေသည်။

ကျောက်စိမ်း ကျိုင်းတံကိုင်ထားသည့် နတ်ဘုရားသာ ပေါ်မလာခဲ့လျှင် သူသည် သူ့ကိုယ်သူ ပြန်လည် ဖျက်ဆီး လိုက်သလို ဖြစ်သွားပြီး ဆယ်စုနှစ်နှင့်ချီကာ သတိလစ် မေ့မြောနေမည် ဖြစ်လေသည်။

ယခုတစ်ကြိမ်တော့ ဆန်းလျန်သည် ဖော့ဝမ့်အဆင့်၏ "ယုံမှားသံသယ" အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်လေသည်။ သို့သော် မည်သည့် အချိန်တွင် ယခုကဲ့သို့ နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်ရဦးမည်လည်း မသိနိုင်သေးပေ။

ဆန်းလျန် ခါးသီးစွာ ရယ်မောလိုက်လေသည်။

ထို့ပြင် ကြောက်မက်ဖွယ်ရာ အမှန်တရား တစ်ခုကိုလည်း ဆန်းလျန် သိလိုက်ရလေသည်။

သူပုံဖော်လေ့ရှိသည့် ကျောက်စိမ်း ကျိုင်းတံ ကိုင်ဆောင်ထားသည့် နတ်ဘုရားသည် သူတွေးထင် ထားသလို "သူ၏ မသိစိတ်အတွင်းမှ ဖန်တီးထားသည့် အရာတစ်ခု မဟုတ်" ဆိုသည့် အချက်ပင် ဖြစ်လေသည်။ ထိုနတ်ဘုရားသည် သူ့ဘဝ၏ အရေးကြီးသည့် အချိန်များတွင် အမြဲတမ်း ထွက်ပေါ်လာလေ့ရှိပြီး လွတ်မြောက်အောင် ကူညီလေ့ရှိသူ ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် ရော့ရှီနှင့်အတူ ပင်လယ် ကမ်းခြေတွင် လမ်းလျှောက်နေသည့် နတ်ဘုရား အဘိုးအိုသည် "အိုး" ဟု တစ်ချက် အော်လိုက်လေသည်။

ထို့နောက် အဘိုးအိုက ရော့ရှီဘက်သို့ လှည့်ကြည့်လိုက်ပြီး…

"သမီးရဲ့ ဦးလေးက တကယ် စိတ်ဝင်စားစရာ ကောင်းတဲ့သူပဲ၊ တကယ့်ကို ဒုက္ခ ရောက်ခါနီး အချိန်မှာ သူက နိုးထလာတယ်"

နတ်ဘုရား အဘိုးအိုက ဗလာနယ်ထဲတွင် ဆန်းလျန် ဖြစ်ပျက်နေသမျှကို သိရှိနိုင်ရန် အတွက် သူ၏ စိတ်အာရုံကို ဗလာနယ်ထဲတွင် လွှတ်ထားခဲ့လေသည်။ အဘိုးအိုသည် ဆန်းလျန် ပုံဖော်လေ့ ရှိသည့် ကျောက်စိမ်း ကျိုင်းတံကိုင် ထားသည့် နတ်ဘုရားကို မြင်တွေ့ရခြင်း မရှိပေ။ သို့သော် ဆန်းလျန်၏ သိမြင်နိုင်စွမ်းအားမှာ အလွန်မြင့်မားကြောင်း နတ်ဘုရား အဘိုးအို ခံစား လိုက်ရလေသည်။

အမှန်တော့ နတ်ဘုရား အဘိုးအိုကလည်း ဆန်းလျန် ထိုသို့ ဒုက္ခတွေ့မည့် အချိန်ကို စောင့်နေခြင်း ဖြစ်လေသည်။ တကယ်တမ်း ဆန်းလျန် ဒုက္ခကြုံရလျှင် သူကလည်း ဆန်းလျန်ကို တရားထိုင်ခြင်းမှ နှိုးလိုက်ရန် ကြံရွယ် ထားပြီးသား ဖြစ်လေသည်။

သို့သော် သူနှိုးစရာပင် မလိုအောင်ပင် ဆန်းလျန်သည် ပုံရိပ်ယောင်များကို ဖယ်ရှားပြီးသည်နှင့် ချက်ချင်း နိုးထ လာနိုင်ခဲ့လေသည်။

"ယုံမှားသံသယ" အဆင့်တွင် ဆန်းလျန်သည် ပုံရိပ်ယောင်များကိုသာ ဖယ်ရှားပြီး ပုံရိပ်အစစ်ကို မှားယွင်း ဖယ်ရှား ခါနီးအချိန်တွင် သီသီလေး နိုးထ လာခဲ့ခြင်း ဖြစ်လေသည်။

အဘိုးအိုသည် ဆန်းလျန်ကို အထင်ကြီး သွားမိသည်။

"ဘိုးဘိုးကြီး၊ သမီးရဲ့ဦးလေး ဘာဖြစ်လို့လဲဟင်"

ရော့ရှီက မေးလိုက်လေသည်။

အဘိုးအိုက ရယ်မော လိုက်ရင်း…

"ဘာမှ မဖြစ်ပါဘူးကွယ်"

ရော့ရှီလေးမှာ အခုတော့ နတ်ဘုရား အဘိုးအိုကို ကြောက်ရွံ့ ရိုသေနေပြီ ဖြစ်လေသည်။ သူမက အဘိုးအိုထံမှ သူမ၏ဦးလေး မည်သို့ ဖြစ်နေသည်ကို မေးမြန်းချင်နေမိသည်။ သို့သော် အဘိုးအိုသည် သူ့ဦးလေးထက် များစွာ အဆင့်မြင့်သူ တစ်ယောက် ဖြစ်ကြောင်း သူမ သိထားလေသည်။ အဘိုးအိုကို အတင်းဖိအား ပေးခြင်းဖြင့် သူမအတွက် မည်သည့် အကျိုးမျှ မရှိနိုင်ပေ။

"သမီးတို့ အခု ဘယ်ကို သွားကြမလဲ"

ဟုသာ ရော့ရှီလေးက မေးလိုက်လေသည်။

"ဘိုးဘိုးက အပြင်မထွက်တာ သိပ်ကြာနေပြီ၊ ဒီနားဟိုနား လျှောက်ကြည့် ကြတာပေါ့ကွယ်၊ ဒါနဲ့ ဟိုတစ်နေ့က ဘိုးဘိုး အသုံးပြုလိုက်တဲ့ အဖြူရောင် မီးတောက် ပညာကို သမီးသင်ချင်သလား"

အဘိုးအိုက နူးညံ့စွာဖြင့် ပြောလိုက်လေသည်။

ရော့ရှီလေးက အဘိုးအိုကို မော့ကြည့် လိုက်ပြီး…

"အဲဒီ မီးတောက်ပညာက တကယ် အံ့သြစရာပဲ ၊ သမီးသင်လို့ ရနိုင်မလား"

မိန်းကလေးငယ်၏ စကားကို အဘိုးအိုက သဘောကျစွာဖြင့် တဟားဟား ရယ်မော လိုက်လေသည်။

"တခြားသူတွေ အတွက်တော့ ခက်ချင် ခက်လိမ့်မယ်၊ ဒါပေမဲ့ သမီးသင်မယ် ဆိုရင်တော့ လွယ်လွယ်လေးပဲ"

"ဒါဖြင့်လည်း သမီး သင်မယ်လေ"

အဘိုးအိုက ပြုံးလိုက်ရင်း…

"မင်းကတော့ အမြဲတမ်း သင်မယ် ဆိုတာချည်းပဲ"

"ငါသာ အဲဒီပညာကို သင်ယူနိုင်ရင် ဦးဦးလည်း ငါ့အတွက် သိပ်ပြီး စိတ်မပူရတော့ဘူး၊ ပြီးတော့ ဦးဦးကိုတောင် ကူညီချင်ရင် ကူညီနိုင်ဦးမှာ"

ဟု ရော့ရှီလေးက တွေးနေမိလေသည်။

သူမ၏ အတွေးများကို နတ်ဘုရား အဘိုးအိုထံမှ ဖုံးကွယ်ထား၍ မရမှန်း သူမက သိနေပြီး ဖြစ်လေသည်။ သို့သော် ယခု တစ်ကြိမ်တွင်တော့ သူမက ထိုအတွေးကို တွေးဖြစ်အောင် တွေးလိုက်လေသည်။

အဘိုးအိုနှင့် ရော့ရှီသည် အေးအေးဆေးဆေးပင် လမ်းဆက်လျှောက် လာကြလေသည်။ အဘိုးအိုက ရော့ရှီလေးကို သမာဓိ မီးတောက်ကျင့်စဉ်ကို လက်ဆင့်ကမ်း သင်ကြားပေးလေသည်။

ထို့နောက် နတ်ဘုရား အဘိုးအိုသည် ရော့ရှီလေးကို ခေါ်ဆောင်ကာ ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာ သွားလေတော့သည်။

နတ်ဘုရားအဘိုးအို၏ တန်ခိုး စွမ်းအားများမှာ ရော့ရှီ တွေးထင်ထားသည် ထက်ပင် အဆပေါင်း များစွာ မြင့်မားလေသည်။

သူမ၏ ဦးလေး ဖြစ်သူဆန်းလျန် ပျံသန်းလျှင် အလွန် လျင်မြန်သည်ဟု ရော့ရှီက ထင်ခဲ့မိလေသည်။ သို့သော် နတ်ဘုရား အဘိုးအို ပျံသန်းသည်နှင့် ယှဉ်ကြည့် လိုက်မည်ဆိုလျှင်တော့ သူမ၏ ဦးလေးမှာ လေးဘက် သွားနေသလောက်သာ ရှိလေသည်။

ရော့ရှီလေးက ကောင်းကင်မှ ကြယ်စင်များ၏ အနေအထားကို လေ့လာကြည့်ရင်း သူတို့ နှစ်ယောက်မှာ ချင်းရွှမ်နှင့် မိုင်ပေါင်း တစ်သောင်းမျှ အဝေးသို့ ရောက်နေပြီ ဖြစ်သည်ကို သတိပြုလိုက် မိလေသည်။

သို့သော် သူတို့ မည်သည့် နေရာသို့ သွားနေသည်ကို မသိရပေ။ လေထုမှာ မြူခိုးများဖြင့် ထူထပ်နေပြီး မည်သည့် အရပ်သို့ သွားနေသည်လည်း ခန့်မှန်း၍ မရနိုင်ပေ။

အမှန်တော့ သူတို့ ရောက်ရှိနေသည့် နေရာမှာ "ပင်လယ်တြိဂံ" ဟုခေါ်သည့် အလွန် အန္တရယ်များသည့် ဒေသတစ်ခု ဖြစ်လေသည်။ ထိုနေရာသို့ ရောက်ရှိလာကြသည့် လောက နတ်ဘုရားများမှာ သေလောက်သည်အထိ နာကျင် ခံစားကြရပြီး ပိတ်မိ နေတတ် ကြလေသည်။ တစ်ခါတစ်ရံ နှစ်ပေါင်းရာနှင့်ချီ ကြာပြီးမှ ပြန်လည် လွတ်မြောက် လာကြရလေသည်။

ထို့ပြင် ပင်လယ်တြိဂံဒေသသည် ထျန်းဟွာနယ်နှင့် ယွမ်ကျိုးနယ်ကို ခြားနားထားသည့် ဒေသလည်း ဖြစ်လေသည်။ ကြောက်မက်ဖွယ်ရာ ဒေသတစ်ခုက ထျန်းဟွာနယ်နှင့် ယွမ်ကျိုးနယ်တို့ အဆက်အသွယ် မရှိကြခြင်း၏ အကြောင်းအရင်း တစ်ခုမှာ ပင်လယ် တြိဂံ ဒေသကြောင့်လည်း ဖြစ်လေသည်။

နတ်ဘုရား အဘိုးအိုက သမာဓိ မီးတောက်ကို ထွန်းညှိ လိုက်သည့် အတွက် မြူခိုးများ ပျောက်ကွယ် သွားလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး လင်းလက် သွားသည့် အတွက် ရော့ရှီက ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ် လိုက်သည်။ သို့သော် သူမ မည်သည့် အရာကိုမှ မမြင်ရပေ။

နတ်ဘုရား အဘိုးအိုသည် ပျံသန်းနေသည့် အရှိန်ကို လျှော့ချ လိုက်လေသည်။

ထိုအချိန်မှာပင် မြူခိုးများထဲတွင် တုန်ခါသွားပြီး ဟိန်းသံကြီး တစ်သံ ထွက်ပေါ်လာလေသည်။

ထို့နောက်တွင်တော့ ကြီးမားလွန်းသည့် ဧရာမ သားရဲကြီး တစ်ကောင် ပေါ်ထွက် လာလေတော့သည်။

***

All Chapters