အသုဘ
Vol. 48 Ch. 707
ဖက်ထုပ်မုန့်များလို အထုပ်လိုက် အချည်ခံထားရသော ကျားယိုကျစ်နဲ့ တင်းရှန်းတို့သည် စတူဒီယို မျက်နှာကြက်မှာ တွဲလောင်းကျနေရင်း စောင့်ကြည့်ဗီဒီယိုက ထွက်လာသည့် အသံများကို နားထောင်ကာ အနည်းငယ် ရှက်သွားကြသည်။
"ငါတို့ရဲ့ ပြင်းပြင်းထန်ထန် ခုခံမှုနဲ့ အရှုံးမပေးတဲ့ပုံရိပ်တွေက ဗီဒီယိုထဲမှာ မပါလာဘူးပဲ၊ ငါ တင်းရှန်းဆိုတာ အနုပညာလောကမှာ သစ္စာရှိမှုကြောင့် နာမည်ကြီးတာပါ"
"ဒါရိုက်တာလီ... ကျွန်တော် ကျားယိုကျစ်က ဒီနေ့ကစပြီး ခင်ဗျားရဲ့ ခွေးပါပဲ၊ ခင်ဗျား အရှေ့သွားဆို အရှေ့သွားမယ်၊ အနောက်သွားဆို အနောက်သွားပါ့မယ်၊ အဲ့ဒီအရူးကို ဒီကနေ မြန်မြန်ဖယ်ထုတ်ဖို့ နည်းလမ်းရှာပါဦး၊ သူ ကျွန်တော်တို့ စတူဒီယိုမှာ ရှိနေတာ မကောင်းဘူးနော်"
လီဆန်းစီ၏ ငယ်သားနှစ်ယောက်သည် အရှက်မဲ့စွာ အော်ဟစ်လိုက်ကြသည်။ သူတို့သည် အသက်ရှင်ဖို့အတွက်သာ ဖြစ်ပြီး အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။
"အခု ငါတို့ ဘာလုပ်သင့်လဲ"
ကောင်းမင်က ဝူဝေကို ကြည့်လိုက်သည်။
"ကြိုးတွေကို ဖြတ်ချလိုက်ပြီး သူတို့ကို လူနာစာရင်းထဲ ထည့်လိုက်ရုံပဲ"
ဝူဝေကတော့ မနေ့ညက ကောင်းမင်နှင့်အတူ ထွက်သွားရန် ဆုံးဖြတ်ခဲ့ခြင်းကို အတော်လေး ဂုဏ်ယူနေမိသည်။ မဟုတ်ပါက ယခု တွဲလောင်းခိုနေသူသည် သူမ ဖြစ်နေလောက်ချေပြီ။
"ငါ ဆိုလိုတာက လူနာတစ်ယောက် ရူးသွားရင် ပုံမှန်ဆို ဘာလုပ်လေ့ရှိလဲ၊ ရဲခေါ်မလား၊ ဒါမှမဟုတ် ဆေးရုံကို အကြောင်းကြားမလား ၊ အဲ့ဒါကို ပြောတာ"
"သြော်... အဲ့လိုလား"
ဝူဝေက ဖုန်းကိုထုတ်၍ ကျူးချွမ်းအဖွဲ့နှင့် ဆက်စပ်နေသည့် ဆေးရုံကို ဖုန်းခေါ်လိုက်သည်။
"ထိန်းချုပ်မှု လုံးဝလွတ်သွားတဲ့ လူနာတွေကို ညရဲတွေက ကိုင်တွယ်တယ်၊ အသိစိတ်ကျန်သေးတဲ့ လူနာတွေကိုတော့ ကျူးချွမ်းဆေးဝါးလုပ်ငန်းကို လွှဲပေးတာ အကောင်းဆုံးပဲ၊ သူတို့က ဆေးအသစ်တွေ စမ်းသပ်ဖို့ စေတနာ့ဝန်ထမ်းတွေ လိုနေတာဆိုတော့ လူနာတွေကို လက်ခံဖို့ အတော်လေး စိတ်အားထက်သန်ကြတယ်၊ ဒါပေမဲ့ လူနာတွေ အဲ့ထဲ ရောက်သွားရင်တော့ ပြန်ထွက်လာဖို့ မလွယ်တော့ဘူး"
မကြာမီ အဖြူအနီ လူနာတင်ကားတစ်စီး စတူဒီယိုရှေ့ ရောက်လာလေသည်။ သန်မာထွားကြိုင်းသည့် လူနာတင်ယာဉ်ဝန်ထမ်း အချို့သည် ကိရိယာမျိုးစုံကို အသုံးပြု၍ ပေါက်ကွဲထွက်တော့မည့် လူနာကို ခေါ်ဆောင်သွားကြသည်။
"ဒါရိုက်တာလီ... ခင်ဗျားရဲ့ အသက်ကျေးဇူးကို ဘယ်လိုမှ ဆပ်လို့မကုန်တော့ပါဘူးဗျာ၊ ခင်ဗျားက ကျွန်တော့်ရဲ့ ဒုတိယမိဘပါပဲ"
ကျားယိုကျစ်မှာ တစ်ညလုံး တွဲလောင်းချိတ်ခံထားရသဖြင့် အားအင်ကုန်ခမ်းနေပြီး ကြမ်းပြင်ပေါ် ချပေးလိုက်သောအခါ ရွှံ့ပုံကြီးကဲ့သို့ ပျော့ခွေနေတော့သည်။
"အခုလို တွေ့ကြုံတာတွေ များလာတော့မှ ဒါရိုက်တာလီကသာ ကျွန်မတို့အပေါ် တကယ်စေတနာရှိမှန်း နားလည်တော့တယ်၊ ဒါရိုက်တာလီက ကျွန်မရဲ့ မိသားစုပဲ"
တင်းရှန်းက ကောင်းမင်ရှိရာဆီသို့ တွားသွားလိုက်သည်။သူမသည် သူနှင့်မခွဲနိုင်တော့သလို အမူအရာမျိုး လုပ်နေသော်လည်း အချိန်အတော်ကြာ တွားသွားပြီးနောက်တွင်ပင် တစ်မီတာတောင် မရောက်သေးပေ။
"မင်းတို့နှစ်ယောက် ပါးစပ်ပိတ်ပြီး အနားယူကြတော့၊ ပြီးရင် တံခါးနဲ့ ပြတင်းပေါက်တွေကို ပြင်ကြဦး၊ ဒီည တခြားအရူးတစ်ယောက် ထပ်ဝင်မလာအောင် သတိထားရမယ်"
ကောင်းမင်က သူ့ကျောပိုးအိတ်ကို သယ်၍ စတူဒီယိုထဲက ပစ္စည်းသိုလှောင်ခန်းထဲ ဝင်သွားသည်။ သူ ခဏတဖြုတ် အိပ်စက်ရန် ပြင်လိုက်သည်။ ထိုစဉ် ခွေးလမ်းမအပြင်ဘက်မှ ဆူညံသံများ ပြန်ထွက်လာပြန်သည်။ လူတစ်စုသည် နေ့ခင်းကြောင်တောင်ရှိသေးသော်လည်း လုယက်ဖျက်ဆီး၍ မီးရှို့နေကြခြင်းဖြစ်သည်။ စတူဒီယို၏ အသစ်တပ်ထားသော တံခါးသည်လည်း ထပ်မံ ကန်ချိုးခံလိုက်ရပြန်သည်။
"လီဆန်းစီဆိုတာ ဘယ်ကောင်လဲ၊ ထွက်ခဲ့စမ်း"
လည်ပင်းမှ ရင်ဘတ်အထိ ကျားတက်တူး ထိုးထားသော ဂိုဏ်းသားတစ်ယောက်က လက်ထဲတွင် စာရင်းတစ်ခု ကိုင်၍ ပေါ်လာလေသည်။ သူ့နောက်မှာလည်း နောက်လိုက်တချို့ လိုက်ပါလာသည်။
"ကျားပြာအစင်းကြောင်းတွေ... ဒီလူက ဝမ်ရှန့်ဂိုဏ်းရဲ့ အမာခံဂိုဏ်းသားပဲ"
ကျားယိုကျစ်က နောက်သို့ ကျုံ့သွား၏။
"သူ့ ကြည့်ရတာ ကောင်းသောလာခြင်း မဟုတ်လောက်ဘူး"
ကောင်းမင်က ပစ္စည်းသိုလှောင်ခန်းထဲက အမှိုက်ပုံများကြားတွင် သူ့ကျောပိုးအိတ်ကို အသာဝှက်လိုက်ပြီး ပင်ပန်းနွမ်းနယ်နေသည့် ပုံစံဖြင့် ထွက်လာသည်။
"ကျွန်တော်က လီဆန်းစီပါ"
"သူ မပြေးဘူးပဲ၊ အတော်လေး သတ္တိရှိသားပဲကွ"
တက်တူးနဲ့လူက စာရင်းကို လှန်ကြည့်ရင်း ခေါင်းညိတ်ပြသည်။
"ငါ့နာမည်က လီချုံ၊ ဝမ်ရှန့်ဂိုဏ်းရဲ့ နယ်မြေခံခေါင်းဆောင် ၁၃ ယောက်ထဲက တစ်ယောက်ပဲ၊ ကျူးချွမ်းအဖွဲ့က ငါတို့နဲ့ သဘောတူညီမှု ရထားပြီးပြီ၊ ခွေးမည်းရဲ့ စီးပွားရေး၊ အရင်းအမြစ်နဲ့ လူအင်အားအားလုံးကို ဝမ်ရှန့်ဂိုဏ်းထဲ ပေါင်းထည့်မယ်"
"ခွေးမည်းတော့ ပြီးသွားပြီပေါ့"
တင်းရှန်းက ကောင်းမင်နောက်တွင် ပုန်းနေလေသည်။ ထိုသတင်းကို ကြားသောအခါ သူမ သိပ်ပျော်မသွားပေ။အဘယ်ကြောင့်ဆိုသော် ခွေးရူး ထွက်သွားသောအခါ ကျားရောက်လာလို့ပင်။
"ဒီနေ့က အစ်မကြီးရဲ့ ဈာပနနေ့ပဲ၊ ငါ သွေးမမြင်ချင်ဘူး၊ မင်းတို့ ငါနဲ့ လိုက်ခဲ့ကြ"
လီချုံက ဘာမှ ထပ်မမေးတော့ဘဲ သူ့လူများအား ကောင်းမင်တို့အဖွဲ့ကို စတူဒီယိုထဲမှ ဆွဲထုတ်ခိုင်းလိုက်ပြီး ကုန်ကားအကြီးကြီးတစ်စီးထဲ ထည့်လိုက်သည်။
ကားထဲတွင် ထိုင်ခုံများမရှိဘဲ ခွေးမည်း၏ ချစ်သူများ၊ မိသားစုဝင်များနဲ့ သူ့တပည့်များဖြင့် ပြည့်နှက်နေလေသည်။
ခွေးမည်းနှင့် နီးစပ်သူများဆိုပါကင် ပိုပြင်းပြင်းထန်ထန် အရိုက်ခံထားရသည်။ ခွေးမည်း၏ ယုံကြည်ရသော လက်ရုံးလူများဆိုလျှင် အသက်ငင်နေကြပြီ ဖြစ်သည်။
"ကျူးချွမ်းအဖွဲ့က ဝမ်ရှန့်နဲ့ ပဋိပက္ခမဖြစ်ချင်လို့ နောက်ဆုတ်သွားပြီး၊ ခွေးမည်းကိုလည်း ငါတို့လက်ထဲ အပ်လိုက်ပြီ၊ အခုကစပြီး ငါက မင်းတို့ရဲ့ သခင်အသစ်ပဲ"
လီချုံက စာရင်းကိုစစ်ပြီး လူအရေအတွက်ကို ရေတွက်လိုက်သည်။
"ကဲ နောက်တစ်နေရာကို သွားကြမယ်"
ကောင်းမင် မျှော်လင့်ထားသည့် ပဋိပက္ခက ပေါက်ကွဲမလာခဲ့ပေ။ ကျူးချွမ်းအဖွဲ့သည် အလွန်အမင်း စိတ်ရှည်နေလေသည်။ခွေးမည်းနှင့် သူထိန်းချုပ်ထားသည့် စီးပွားရေးများကို တိုက်ရိုက်စွန့်လွှတ်လိုက်ပြီး အခြေအနေ ပိုဆိုးမသွားစေရန် သူတို့ဘာသာ အနစ်နာခံလိုက်ပုံရသည်။
"ကြည့်ရတာ သူတို့ရဲ့ စမ်းသပ်ချက်က အရေးကြီးတဲ့ အဆင့်ကို ရောက်နေတဲ့ပုံပဲ၊ ဘာမှ အမှားမခံချင်ကြတာ ဖြစ်မယ်"
ကောင်းမင်အတွက် ထူးဆန်းနေသည်မှာ ညရဲတပ်ဖွဲ့များက ဘာမှ မလှုပ်ရှားသေးဘဲ တိတ်ဆိတ်နေသည်ကိုပင်။ သူတို့ ကြံစည်နေသည်များကို သူသိချင်နေမိသည်။
တစ်မနက်ခင်းလုံး ကောင်းမင်နားထဲတွင် နာကျင်စွာ အော်ဟစ်သံများဖြင့် ပြည့်လျှံနေခဲ့သည်။ ဂိုဏ်းတစ်ခုကို ကပ်တွယ်ခြင်းသည် အလွန်အမင်းအန္တရာယ်များသည့် လမ်းကြောင်းသာ ဖြစ်သည်။ ခွေးမည်း အာဏာရှိစဉ်က သူ့နောက်လိုက်များသည် ပတ်ဝန်းကျင်တွင် ဗိုလ်ကျခဲ့ကြသော်လည်း ယခု ကျူးချွမ်းအဖွဲ့က သူ့ကို စွန့်ပစ်လိုက်သောအခါ သူနှင့်အနီးစပ်ဆုံးလူများကတော့ ကံဆိုးကြတော့မည်။
အရင်က ခွေးလမ်းမကို လာအကြွေးတောင်းခဲ့သော ခွေးမည်း၏ အောက်ဆွဲတစ်ယောက်ဆိုလျှင် သွားများ အကုန်ရိုက်ချိုးခံထားရပြီး ခွေးသေတစ်ကောင်လို လဲနေရသည်။ လီချုံက အတော်လေး ဂရုစိုက်တတ်သည်ဟု ဆိုရပေမည်။ သူတို့ကို မသေအောင် ထိန်းထားပြီး နာကျင်မှု အရှိန်အမြင့်ဆုံး ခံစားရစေရန် လုပ်နေခြင်း ဖြစ်သည်။
လူများပြည့်နေသော ကုန်ကားကြီး နှစ်စီးသည် လမ်းမများပေါ် လှည့်ပတ်မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် ဝမ်ရှန့်ဂိုဏ်းနယ်မြေထဲကို ဝင်ရောက်လာခဲ့သည်။ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သည့် ဝမ်ရှန့်ဂိုဏ်းသည် နောက်ဆုံး ကလဲ့စားချေခွင့် ရခဲ့သော်လည်း ဂိုဏ်းတွင်း လေထုကတော့ တင်းမာနေလေသည်။ သူတို့၏ အုံကြွနေသော ဒေါသများက ပိုပြင်းထန်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာအားလုံးသည် သူတို့ဘော့စ်၏ သမီးဖြစ်သူ၏ အသက်နှင့် လဲလှယ်ခဲ့ရသောကြောင့်ပင်။
"အဲ့ဒီလိပ်အိုကြီးက တကယ် သည်းခံနိုင်တာပဲ"
ကျားယိုကျစ်က ကောင်းမင်ကို ခပ်တိုးတိုး ကပ်ပြောသည်။
"နတ်ဘုရားတွေ တိုက်ခိုက်ကြရင် နတ်ဆိုးလေးတွေပဲ ခံစားရတာ၊ ငါတို့ ဘာမှားခဲ့လို့လဲ၊ ငါတို့က အနိုင်ကျင့်ခံရရုံပဲ"
"ရှင့်အသံကို တိုးတိုးပြော၊ သူတို့ ကြားသွားဦးမယ်"
တင်းရှန်းက ကားပေါ်က ပြာအချို့ကို ယူပြီး သူမ၏မျက်နှာနှင့်လည်ပင်းတွင် သုတ်လိမ်းလိုက်သည်။ ဆံပင်များကိုလည်း ရှုပ်ပွအောင် လုပ်ဆောင်လိုက်သည်။
"ဝူဝေ၊ နင်လည်း အဲ့ဒါတွေ နည်းနည်း သုတ်ထားသင့်တယ်၊ နင်က ရုပ်မလှပေမဲ့ ထူးထူးဆန်းဆန်း ဝါသနာပါတဲ့ တဏှာရူးတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ"
ကားရပ်သွားပြီး တံခါးပွင့်လာသည်။ စူးရှသော နေရောင်ခြည်က ကားထဲသို့ စီးဝင်လာ၏။ ကောင်းမင်သည် နေရာအနှံ့တွင် ကြဲထားသည့် အသုဘငွေစက္ကူများနှင့် အဖြူရောင်ပိုးဖဲကြိုးများကို မြင်တွေ့လိုက်ရသည်။
ဂိုဏ်းချုပ်၏ သမီးဖြစ်သူသည် သူတို့ကိုယ်ပိုင်နယ်မြေထဲမှာပင် သေနတ်ဖြင့် အပစ်ခံရလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။ ယင်းက ဝမ်ရှန့်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ဗြောင်ကျကျ စော်ကားလိုက်ခြင်းပင်။
တလက်လက် တောက်ပနေသော ဓားများက အေးစက်စက် အဖြူရောင်အလင်းကို ထင်ဟပ်နေစေသည်။ ဝမ်ရှန့်ဂိုဏ်း၏ ဂိုဏ်းခွဲ ၁၃ခုထဲမှ တစ်ဝက်ကျော် ရောက်ရှိနေကြပြီး ဝမ်ရှန့်လမ်းမကြီး တစ်ခုလုံးကို ဝိုင်းရံထားကြသည်။
"သူတို့တွေက ခွေးမည်းရဲ့ နောက်လိုက်တွေပဲ၊ သူတို့ကို သတ်ပစ်၊ အစ်မကြီးအတွက် လက်စားချေကြ"
"သူတို့ကို သတ်ရတာက အရမ်းလွယ်လွန်းတယ်၊ သူတို့ရဲ့ တန်ဖိုးမရှိတဲ့ အသက်တွေက အစ်မကြီးရဲ့ အသက်နဲ့ မယှဉ်နိုင်ဘူး၊ သူတို့ ခန္ဓာကိုယ်တွေကို ဖောက်ထုတ်ပြီး အာဟာရရည်တွေ ထိုးထည့်ပြီး သေဖို့တောင်းဆိုလာအောင် လုပ်ရမယ်"
"မင်းတို့ရဲ့ အသက်နဲ့ ပြန်ပေးဆပ်ကြ၊ အသက်နဲ့ ပြန်ပေးဆပ်ကြ"
ဂိုဏ်းသားများ၏ အော်ဟစ်သံများက တောင်ပြိုသလို အရပ်ရှစ်မျက်နှာမှ ဟိန်းထွက်လာသည်။ ကျားယိုကျစ်နှင့် တင်းရှန်းတို့ တုန်လှုပ်နေကြချေပြီ။ သူတို့ ရှင်းပြချင်သော်လည်း ဘယ်သူမှ ဂရုမစိုက်ကြပေ။
ဝမ်ရှန့်ဂိုဏ်း၏ အထက်လူကြီးများကလည်း နားထောင်မည် မဟုတ်ချေ။ သူတို့သည် သူတို့၏ဒေါသကို ဖြေဖျောက်ဖို့နှင့် ဂိုဏ်းသားများကို ရှင်းပြချက် တစ်ခုပေးဖို့သာ လိုလားကြခြင်းဖြစ်သည်။
အင်အားကြီးသည့် ကျူးချွမ်းအဖွဲ့ကို ရင်မဆိုင်နိုင်သောအခါ သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အားနည်းသူများကိုသာ ပစ်မှတ်ထားကြတော့သည်။
"ဒီလူယုတ်မာတွေကတော့... ငါ အစ်မကြီးအတွက် လက်စားချေမယ်"
လူအုပ်ကြီးက ဘေးသို့ ရှဲသွားပြီး အရပ် ၂ မီတာနီးပါးရှိသည့် ကျောတွင် ကျားတက်တူးအပြည့်ဖြင့် ကိုယ်ဗလာ ဗလကြီးတစ်ယောက်က ခွေးမည်း၏ နောက်လိုက်တစ်ယောက်ကို ဆွဲထုတ်လိုက်သည်။
ဓားတစ်ချက် ဝှေ့လိုက်သည်နှင့် သနားစရာကောင်းသော ထိုသတ္တဝါလေးသည် နောက်ဆုံးစကားပင် မပြောနိုင်ဘဲ ခေါင်းပြတ်သွားတော့သည်။ သူ့ခန္ဓာကိုယ်ကို လူအုပ်ကြားထဲ ပစ်ထည့်လိုက်ရာ သွေးများက အဖြူရောင် အသုဘငွေစက္ကူများပေါ် စွန်းထင်သွားသည်။
လူအုပ်ကြီးက ရူးသွပ်စွာ အော်ဟစ်အားပေးလိုက်ကြသည်။ သေခြင်းတရားက အမုန်းတရားကို မီးမွှေးပေးလိုက်ပြီး ဆိုးယုတ်မှုများက အတားအဆီးမရှိ ပြန့်နှံ့သွားတော့သည်။
"ယင်ရှို့ ၊ ဘယ်သူက မင်းကို ဒါလုပ်ခိုင်းလို့လဲ"
လီချုံက သူ့ကို တားရန် ကြိုးစားသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
"နယ်မြေခံခေါင်းဆောင်တစ်ယောက် အနေနဲ့ မင်းငါ့ကို ဆရာလုပ်လို့မရဘူးကွ"
ယင်ရှို့ဟု ခေါ်သော ထိုဗလကြီးသည်လည်း ဝမ်ရှန့်ဂိုဏ်း၏ နယ်မြေတစ်ခုကို အုပ်ချုပ်ရသူ ဖြစ်သည်။ သူက လီချုံကို ဂရုမစိုက်ဘဲ နောက်ထပ် လူတစ်ယောက်ကို လှမ်းဆွဲလိုက်ပြန်သည်။
ဈာပန မစတင်ရသေးခင်မှာပင် အခြေအနေများက ရူးသွပ်လာပြီး ခန့်မှန်းမရနိုင်အောင် ဖြစ်နေလေသည်။