မမျှော်လင့်သော အပြောင်းအလဲ
Vol. 48 Ch. 708
"ငါမင်းကို ရပ်ခိုင်းနေတယ်လေ"
လီချုံတစ်ယောက် ထိတ်လန့်တကြားဖြစ်သွား၏။ အခြေအနေများ ထိန်းချုပ်မရဖြစ်သွားမည်ကို သူမလိုလားပေ။ ဝမ်ရှန့်ဂိုဏ်းသည် ယခုတွင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ အကယ်၍ ကျူးချွမ်းအဖွဲ့နှင့် ပဋိပက္ခများ အကြီးအကျယ်ဖြစ်ပွားလာပါက နှစ်ဖွဲ့လုံး ညရဲတပ်ဖွဲ့၏ အပြတ်ရှင်းခြင်းကို ခံရပေလိမ့်မည်။
သူက ယင်ရှို့၏ လက်မောင်းကို လှမ်းဆွဲလိုက်သော်လည်း ခွန်အားချင်းက အလွန်ကွာခြားနေသည်။ ယင်ရှို့က နောက်တစ်ယောက်ကို ထပ်သတ်ရန်ပြင်နေသည်ကို မြင်သောအခါ လီချုံက သူ့အင်္ကျီလက်ထဲတွင် ဝှက်ထားသောအရာတစ်ခုဖြင့် ယင်ရှို့၏ ကျောကို ထောက်လိုက်သည်။
"ရပ်စမ်း"
"ချီးပဲ၊ မင်းက အပြင်လူတွေကိုကျတော့ မပစ်ရဲဘဲ ငါ့ကိုကျတော့ ချိန်ရဲတယ်ပေါ့လေ"
ယင်ရှို့သည် ဒေါသထွက်နေသော ကျားတစ်ကောင်ကဲ့သို့ မျက်နှာတွင် အကြောများ ထောင်ထလာ၏။ သူက လီချုံကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း စိန်ခေါ်လိုက်သည်။
"ပစ်လေ၊ မင်းသတ္တိရှိရင် ငါ့ကို သတ်လိုက်စမ်းပါ"
ဓားရောင်တစ်ချက်နှင့်အတူ ယင်ရှို့သည် ခွေးမည်း၏ နောက်လိုက်တစ်ယောက်ကို လီချုံ၏ မျက်စိရှေ့တင် သတ်ပစ်လိုက်ပြန်သည်။
သွေးများက သူ့အပေါ် လွင့်စင်သွား၏။ ယင်ရှို့က ကျယ်လောင်စွာ ရယ်မောလိုက်၏။ ဘေးနားရှိ ဝမ်ရှန့်ဂိုဏ်းသားအားလုံး ဟိန်းဟောက် အားပေးကြတော့သည်။ လီချုံ၏ လက်ချောင်းက ခလုတ်ပေါ်သို့ ရောက်နေသော်လည်း သူ့မျက်နှာမှာ အလွန်အမင်း ဖြူလျော့နေလေသည်။
"ဘာလို့ မပစ်တာလဲ၊ မင်းလို လူကြောက်တစ်ယောက်က ဘယ်လိုလုပ် ဂိုဏ်းခေါင်းဆောင် ဖြစ်လာတာလဲ၊ ဝမ်ရှန့်ဂိုဏ်းက မင်းတို့လိုလူတွေကြောင့် ပျက်စီးရတာပဲကွ၊ ဟိုဟာလည်း ကြောက်၊ ဒီဟာလည်း ကြောက်နဲ့ တဖြည်းဖြည်း နောက်ဆုတ်လာရင်း နောက်ဆုံး မင်းအိမ်ထဲမှာတင် အသတ်ခံရလိမ့်မယ်"
"တော်လောက်ပြီ"
လီချုံ၏ လေသံမှာ မည်းမှောင်သွားပြီး တစ်ခုခု ပြောရန်ပြင်လိုက်စဉ်မှာပင် အဝေးမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"အသုဘတစ်ခုမှာ တိုက်ခိုက်သတ်ဖြတ်နေကြတာ... ဘယ်လိုတောင် ယဉ်ကျေးမှု မရှိရတာလဲ"
ထိုအသံမှာ အိုမင်းရင့်ရော်နေ၏။ ပြောလိုက်သူမှာ ဆံပင်များ ဖြူဖွေးနေသော အဘိုးကြီးတစ်ဦး ဖြစ်သည်။ သူ့မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် တက်တူးမျိုးစုံဖြင့် ပြည့်နှက်နေလေသည်။
ထိုအဘိုးကြီး၏ အသံကို ကြားလိုက်ရသောအခါ မောက်မာလှသော ယင်ရှို့က မလိုလားသော်လည်း ဓားကို ပြန်ချလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများသည်လည်း ရုတ်တရက် အပူချိန်ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
"မျက်ခုံးဖြူ မြို့စားကြီး..."
လီချုံက အင်္ကျီလက်ထဲမှ သေနတ်ကို အသာပြန်သိမ်း၍ အဘိုးကြီးကို ဦးညွှတ်လိုက်သည်။ သူတို့နှစ်ဦးလုံးသည် ဂိုဏ်းခေါင်းဆောင်များ ဖြစ်ကြသော်လည်း ရှေ့မှအဘိုးကြီးမှာ ဝမ်ရှန့်ဂိုဏ်းချုပ် ယွမ်ချင်း၏ ဦးလေးတော်စပ်သူဖြစ်ရာ ဝါစဉ်အရ အများကြီး မြင့်မားလှသည်။
"ယင်ရှို့က အရူးတစ်ယောက်ပဲ၊ ဘာလို့ မင်းပါ သူ့နောက်လိုက်ရူးနေရတာလဲ"
အဘိုးကြီးက လီချုံ၏ အင်္ကျီလက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ဝမ်ရှန့်ခန်းမရဲ့ အတွင်းတံခါးကို ဖွင့်လိုက်တော့၊ ဧည့်သည်တွေ စောင့်နေကြတာ ကြာနေပြီ"
ဈာပနတေးသံများ ပျံ့လွင့်လာပြီး မြေပြင်ပေါ်မှ အလောင်းများနှင့် သွေးများကို ဖိနပ်များဖြင့် နင်းလျှောက်သွားကြသည်။ သူတို့၏ သေဆုံးမှုကို ဘယ်သူမှ ဂရုမစိုက်ကြပေ။ သွေးစွန်းနေသော ဖိနပ်ရာများသည်လည်း ဖုန်မှုန့်များအောက်တွင် ခဏချင်း ပျောက်ကွယ်သွားတော့သည်။
ဝမ်ရှန့်ဂိုဏ်းသည် တစ်ချိန်က ခရိုင် ၃ ၏ အကြီးမားဆုံးဂိုဏ်း ဖြစ်ခဲ့သည်။ သူတို့သည် ခရိုင်၏ အကောင်းဆုံးနေရာ၌ မြို့ကြီးထဲမှ မြို့တစ်မြို့သဖွယ် ဝမ်ရှန့်ခန်းမကြီးကို တည်ဆောက်ခဲ့ကြသည်။ အလယ်ဗဟိုတွင် ပင်မခန်းမရှိပြီး အောက်၌ ဂိုဏ်းခွဲပေါင်း ၁၃ ခုက အရပ်မျက်နှာအနှံ့ တိုက်ခိုက်ခဲ့ကြသည်။ ခရိုင် ၃ တင်မကဘဲ တခြားခရိုင်များတောင် သူတို့၏ အရှိန်အဝါကို ရှောင်ဖယ်ပေးခဲ့ရဖူးသည်။ သို့သော်လည်း ယင်းက အတိတ်ကအကြောင်းများသာ ဖြစ်သည်။ ယခု ဝမ်ရှန့်ဂိုဏ်းမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာပြီး ဂိုဏ်းခွဲ ၁၃ ခုလုံး ကျဉ်းမြောင်းသော နယ်မြေလေးထဲတွင်သာ စုပြုံနေရသည်။ လူအတော်များများက ထွက်ခွာသွားကြပြီး ကျန်ရှိနေသူများမှာလည်း ကိုယ်စီ အကြံအစည်များ ရှိနေကြသည်။
ကြီးမားထည်ဝါလှသော အတွင်းတံခါးကြီးက ပွင့်ဟသွား၏။ တောက်ပသော အနီရောင် အဆောက်အအုံများနှင့် နေရာအနှံ့လွင့်ပျံ့နေသော အသုဘငွေစက္ကူများသည် ထူးဆန်းသော ဆန့်ကျင်ဘက် မြင်ကွင်းတစ်ခုကို ဖန်တီးထားသည်။ ဝူဝေက စူးစမ်းလိုစိတ်ဖြင့် မော့ကြည့်လိုက်၏။ သူမ အဝေးသို့ လှမ်းကြည့်ရန် ကြံစည်လိုက်စဉ်မှာပင် တုတ်တစ်ချောင်းက သူမခေါင်းကို လာရိုက်သည်။
"မလှုပ်နဲ့"
ဘေးနားရှိ ဝမ်ရှန့်ဂိုဏ်းသားများက သူတို့ကို လူဟုပင် သဘောမထားကြပေ။
လူအုပ်ကြီးက တဖြည်းဖြည်း ရွေ့လျားသွားပြီး ဈာပနတေးသံများ ငြိမ်သက်သွားသည်။ ဝမ်ရှန့်ခန်းမရှေ့ရှိ ကွင်းပြင်ကြီးတွင် လူ ၈ ယောက် မရသည့် ခေါင်းတလားကြီးတစ်ခုကို ချထား၏။ အသက် ၆၀ အစောပိုင်းလောက်ရှိမည့် အမျိုးသားတစ်ယောက်က ခေါင်းတလားကို မှီ၍ ထိုင်နေသည်။
သူ့နှာခေါင်းနှင့် ပါးစပ်များမှာ သံချိတ်များဖြင့် ဖောက်ထုတ်ခံထားရသလို ဖြစ်နေပြီး မျက်လုံးတစ်ဖက်ကလည်း ပုံပျက်နေလေသည်။ သူ့မျက်နှာသည် အရုပ်ဆိုးပြီး ကြောက်စရာကောင်းလှသည်။ သူ့ရင်ဘတ်ထဲ၌ အသက်ရှူပိုက်တစ်ခု ထည့်ထားပြီး ဝမ်းဗိုက်ကလည်း အလွန်ကြီးမားနေသည်။သူသည် မည်သို့ပင်ကြည့်စေကာမူ လူနှင့်မတူဘဲ မကောင်းဆိုးဝါးတစ်ကောင်နှင့်သာ တူသည်။
"ဒါက တကယ်ပဲ လူတစ်ယောက်လား"
ကောင်းမင် အရင်က ရဲစခန်း၌ မြင်ဖူးခဲ့သည့် လူနာများပင် ဤအရာထက် လူနှင့် ပိုတူသေးသည်။
"တိုးတိုးပြောပါ၊ အဲ့ဒီ ရုပ်ဆိုးတဲ့ မကောင်းဆိုးဝါးကြီးက ဝမ်ရှန့်ဂိုဏ်းရဲ့ ဘော့စ် ယွမ်ချင်းပဲ၊ သူ ငယ်ငယ်တုန်းက ဂိုဏ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်၊ သူက တခြားသူတွေအပေါ် ရက်စက်သလို ကိုယ့်ကိုယ်ကိုယ်လည်း ရက်စက်တယ်၊ သူ့ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ ပြုပြင်ခဲ့လို့ နောက်ဆုံးတော့ ဒီလို ကြောက်စရာကောင်းတဲ့ ပုံစံကြီး ဖြစ်သွားတာပဲ"
ကျားယိုကျစ်က ခေါင်းငုံ့၍ အလွန်တိုးညှင်းသော အသံဖြင့် ပြောပြသည်။
ပြင်ပလောကရှိ ယွမ်ချင်း၏ ပုံတူများနှင့် သတင်းအချက်အလက်များ၌မူ သူ့ကို ယဉ်ကျေးသိမ်မွေ့သော သက်လတ်ပိုင်းအရွယ် လူတစ်ဦးအဖြစ်သာ ဖော်ပြထားကြသည်။ ဝမ်ရှန့်ခန်းမထဲသို့ ရောက်ပြီး သူ့ကို လူကိုယ်တိုင် မြင်လိုက်ရတော့မှသာ မီဒီယာများ၏ သတင်းများက အမှန်တကယ်ပင် တလွဲဖြစ်နေသည်ကို သိလိုက်ရတော့သည်။
"ဘော့စ်... လူတွေအားလုံး ရောက်ပါပြီခင်ဗျ"
လီချုံက စာရင်းကိုကိုင်၍ ခေါင်းတလားနားသို့ လျှောက်သွားလိုက်သည်။
ဝမ်ရှန့်ဂိုဏ်း၏ အကြီးအကဲမှာ အိပ်ပျော်နေသကဲ့လိုပင်။ လီချုံက ထပ်ခါတလဲလဲ ပြောလိုက်တော့မှသာ သူ၏ ဆူဖြိုးလှသော ခန္ဓာကိုယ်ကြီးက အနည်းငယ် လှုပ်ရှားလာသည်။
သူ၏ အူလမ်းကြောင်းထဲ၌ အဝါရောင်အရည်များ လှုပ်ခတ်သွားသံကို ကြားလိုက်ရ၏။ သူ၏ ရုပ်ဆိုးလှသော မျက်နှာက လီချုံဘက်သို့ လှည့်လာသည်။ ကင်းခြေများတစ်ကောင်၏ ပါးစပ်နှင့်တူသော အမာရွတ်များ ပြည့်နှက်နေသည့် ပါးစပ်ကြီးက တွန့်ကွေးစွာ ပွင့်ဟလာသည်။
"သူတို့ကို အခေါင်းရှေ့မှာ ဒူးထောက်ခိုင်းလိုက်"
“ကောင်းပါပြီ”
လီချုံက ခေတ္တ တွန့်ဆုတ်နေပြီးမှ ပြောသည်။
“အတွင်းခန်းမထဲ မဝင်ခင် ယင်ရှို့က လူနှစ်ယောက်ကို သတ်ပစ်လိုက်တယ်...”
“အဲ့တော့ ဘာဖြစ်လဲ”
ယွမ်ချင်း၏ ကြီးမားလှသော လက်ကြီးက ခေါင်းတလားကို ပွတ်သပ်နေလေသည်။သူသည် သမီးဖြစ်သူ၏ ပါးပြင်ကို ပွတ်သပ်နေသည့်အလားပင်။ ယွမ်ချင်း၏ မျက်နှာပေါ်တွင် သံယောဇဉ်နှင့်တူသော ထူးဆန်းသည့် ခံစားချက်တစ်ခု ပြည့်နှက်နေသည်။
“သွားတော့၊ ဧည့်သည်တွေကို ရယ်စရာမဖြစ်စေနဲ့”
“ကောင်းပါပြီ”
လီချုံက တိတ်တဆိတ် မော့ကြည့်လိုက်ရာ ယွမ်ချင်း၏ အနောက်ဘက်ရှိ အတွင်းခန်းမထဲမှ သီးသန့်အခန်းတစ်ခုဆီသို့ အကြည့် ရောက်သွားသည်။
အပြင်ဘက်၌ အသုဘငွေစက္ကူများ လွင့်ပျံ့နေပြီး ဆောင်းဦးရာသီ၏ လေထုက ခြောက်ကပ်ကာ ဝမ်းနည်းမှုနှင့် ဒေါသများ ပြည့်နှက်နေသည်။ သို့သော် အတွင်းထဲတွင်မူ လူများက ဤဈာပနနှင့် လုံးဝမသက်ဆိုင်သော အကြောင်းအရာများကို ပြောဆိုနေကြသည်။
အသားဖြူဖြူဖြင့် ဝဖိုင့်နေသော အဘိုးကြီးတစ်ယောက်က ပင်မထိုင်ခုံ၌ ထိုင်နေလေသည်။ သူသည် ကြင်နာတတ်ပြီး ဘာအန္တရာယ်မှ မရှိသည့်ပုံစံမျိုးရှိနေသည်။ထိုပုံစံက လူတိုင်းကို ခင်မင်စိတ် ပေါက်သွားစေသည်။
“ကောင်စီဝင် ယွမ်နျန်လည်း ဒီကို ရောက်နေတာလား”
လီချုံ အတော်လေး အံ့သြသွားသည်။ မြို့တော်ကောင်စီခန်းမထဲ ရောက်သွားကတည်းက ထိုကောင်စီဝင်သည် ဝမ်ရှန့်ဂိုဏ်းဆီသို့ ပြန်လာသည်မှာ ရှားပါးလှသည်။ သူနှင့် ယွမ်ချင်းတို့မှာ သွေးရင်းသားရင်းများ ဖြစ်ကြသော်လည်း သူက ဂိုဏ်းနှင့် လုံးဝ အဆက်အသွယ်ဖြတ်ထားခဲ့ခြင်း ဖြစ်သည်။
ကောင်စီဝင် ယွမ်နျန်၏ ဘယ်ဘက်၌မူ အနက်ရောင် မိုးကာအင်္ကျီ ဝတ်ထားသော ညရဲတစ်ယောက် ထိုင်နေပြီး သူ့ပခုံးတံဆိပ်တွင် ဇီးကွက်တစ်ကောင်ပုံ ရှိသည်။ ဤကဲ့သို့ ပခုံးတံဆိပ်မျိုးရှိသော ညရဲသည် တစ်မြို့လုံးတွင် ၁၀ ယောက်ထက် မပိုပေ။ ၎င်းတို့ တစ်ဦးချင်းစီတွင် ကြီးမားသော အာဏာများကို ပိုင်ဆိုင်ထားကြသည်။ ကောင်စီဝင် ယွမ်နျန်၏ ညာဘက်၌မူ ဝတ်စုံပြည့် ဝတ်ထားသော အမျိုးသမီးတစ်ယောက် ထိုင်နေပြီး သူမ၏လက်ပေါ်တွင် အမြဲတစေ ရှင်သန်ကြီးထွားနေသော ခေါင်ရမ်းပန်း ပန်းတက်တူးများ ရှိနေ၏။ လှပသော ခေါင်ရမ်းပန်းကို လူအများက မြတ်နိုးကြသော်လည်း ‘ခေါင်ရမ်း’ ဟူသည့် အမည်မှာ ‘အသုဘ’ အသံထွက်နှင့် ဆင်တူနေသောကြောင့် လူအတော်များများကမူ ယင်းကို နမိတ်မကောင်းသော ပန်းဟု ယူဆကြသည်။
"ခေါင်ရမ်းပန်းပန်း မပါဘဲ လက်ဆောင်ပေးတယ်၊ သက်ရှည်ဖရဲသီး မပါဘဲ လက်ဆောင်ပြန်ပေးတယ်... ခရိုင် ၅ က ပန်းမိန်းကလေးက ဘာလို့ ဒီကို ရောက်နေတာလဲ"
လီချုံ ဇဝေဇဝါဖြစ်နေသော်လည်း သူ့တာဝန်အတိုင်း ခွေးမည်း၏ မိသားစုဝင်များကို ခေါင်းတလားနား ဆွဲခေါ်လာပြီး အားလုံးကို ဒူးထောက်ခိုင်းလိုက်သည်။
"ဘော့စ်၊ သူတို့ကို သတ်ခွင့်ပေးပါ၊ အစ်မကြီးအတွက် လက်စားချေရမယ်၊ ညီအစ်ကိုတွေအတွက် လက်စားချေရမယ်"
ယင်ရှို့က သူ့ဓားကြီးကို တရွတ်တိုက်ဆွဲရင်း ရှေ့သို့ ထွက်လာ၏။ သူ့မျက်လုံးများက နီရဲနေပြီး သားကောင်ကို ဝါးမြိုတော့မည့် သားရဲတစ်ကောင်နှင့် တူလှသည်။
သူ ရှေ့မှ စတင်ဦးဆောင်လိုက်သောအခါ တခြားဂိုဏ်းခွဲများမှ ညီအစ်ကိုများကလည်း ဝိုင်းဝန်းအော်ဟစ်ကြတော့သည်။ ဝမ်ရှန့်ဂိုဏ်းသားများသည် နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံထားရသောကြောင့် ဒေါသများ ပေါက်ကွဲနေကြပြီ ဖြစ်သည်။
ခန်းမအပြင်ဘက်၌ သွေးနံ့များနှင့် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသော်လည်း အတွင်းထဲတွင်မူ "ထိပ်သီးလူကြီးများ" က အေးအေးဆေးဆေး စကားပြောနေကြဆဲပင်။
"အစ်မကြီးက ဒီလိုမျိုး အလကား သေသွားလို့ မရဘူး၊ သူက သူ့ဟိုတယ်ထဲမှာတင် သေနတ်နဲ့ အပစ်ခံလိုက်ရတာ"
အခြား ဂိုဏ်းဝင်တစ်ယောက်က အော်ဟစ်လိုက်သည်။
"ကျူးချွမ်းအဖွဲ့ဆိုတာ ဆေးပဲ ဖော်တတ်တဲ့ အရူးတွေပဲ၊ သူတို့ကိုသတ်ပြီး စက်ရုံကို သိမ်းပိုက်လိုက်ရင် ငါတို့ ဆေးတွေအတွက် ဘယ်တော့မှ ပူစရာမလိုတော့ဘူး"
ဝမ်ရှန့်ဂိုဏ်းသားအများစုသည် အစ်မကြီးသေသည်ကို ဂရုမစိုက်ကြပေ။ သူတို့ စိတ်ဝင်စားသည်မှာ ကျူးချွမ်းအဖွဲ့၏ ဆေးဝါးအသစ်များသာ ဖြစ်သည်။ သူတို့၏ အတွင်းစိတ်၌ အကြမ်းဖက်လိုစိတ်နှင့် ဆိုးယုတ်မှုများသည် အဆက်မပြတ် နိုးထလျက်ရှိနေကြသည်။
"တိတ်စမ်း၊ အားလုံး ငြိမ်ငြိမ်နေကြစမ်း"
လီချုံက အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားသော်လည်း နယ်မြေခံခေါင်းဆောင်များကပါ ဦးဆောင်နေသောကြောင့် ဂိုဏ်းသားများက သူ့ကို ဂရုမစိုက်ကြပေ။
အခြေအနေများ ထိန်းချုပ်မရ ဖြစ်တော့မည်ကို မြင်လိုက်သည့်အခါ တိတ်ဆိတ်နေသော ယွမ်ချင်းက နောက်ဆုံး လှုပ်ရှားလာသည်။ သူ၏ ဆူဖြိုးပြီး အရုပ်ဆိုးလှသော ခန္ဓာကိုယ်ကြီးက မတ်တပ်ထရပ်လိုက်ပြီး ကြောက်စရာကောင်းသော သူ့မျက်လုံးများဖြင့် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဆိုးယုတ်မှု အရှိန်အဝါများသည် အကောင်အထည်ဖြစ်လုနီးပါး ပြင်းထန်နေလေသည်။
စကားတစ်လုံးမှ ပြောစရာမလိုဘဲ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကပင် လူတိုင်းကို အရိုးထဲအထိ အေးစိမ့်သွားစေသည်။ ယွမ်ချင်း၏ အကြည့်နှင့် ဆုံမိသူတိုင်းသည် ရေခဲဂူထဲ ကျသွားသလို ခံစားရပြီး ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။
လူအုပ်ကြီး တဖြည်းဖြည်း ငြိမ်သက်သွားသည့်အချိန်တွင် ဘယ်သူမှ ထင်မှတ်မထားသည့် အရာတစ်ခု ဖြစ်ပျက်လာသည်။
လီချုံ ဖမ်းဆီးခေါ်ဆောင်လာသည့် "အကျဉ်းသားများ" ကြားထဲမှ သေနတ်ပြောင်းတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။ နက်မှောင်လျက်ရှိသော သေနတ်ပြောင်းဝသည် ခေါင်းတလားဘေးရှိ ယွမ်ချင်း၏ နှလုံးသားဆီသို့ တည့်တည့်မတ်မတ် ချိန်ရွယ်ထားချေသည်။