← Chapters

ဆုံးဖြတ်ချက်

Vol. 48 Ch. 709

ဆုံးဖြတ်ချက်

Vol. 48 Ch. 709

"မင်းတို့အားလုံး ဒေါသထွက်နေကြမှန်း ငါသိတယ်! ငါက မင်းတို့ထက်တောင် ဒေါသထွက်နေသေးတယ်၊ ဒီထဲမှာ လဲလျောင်းနေတာက ငါ့သမီး... ငါ့ရဲ့ အချစ်ရဆုံး ကလေးပဲ"

သူ့ဝမ်းဗိုက်ထဲရှိ ပိုက်များထဲမှ အရည်များ ပန်းထွက်လာပြီး ယွမ်ချင်း၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့တွနေလေသည်။

"ငါ့ရန်သူကို ငါကိုယ်တိုင် အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲပစ်ချင်တာ မင်းတို့ထက် ပိုတယ်ကွ၊ ဒါပေမဲ့ ဒီကိစ္စက ထူးဆန်းလွန်းနေတယ်၊ အမှန်တရားကို စုံစမ်းနေတုန်းပဲ"

ယွမ်ချင်းသည် အလွန်အမင်း နာကျင်ခံစားနေရသော်လည်း တခြားသူ၏ အသုံးချခံ နယ်ရုပ်တစ်ရုပ် ဖြစ်သွားလောက်အောင်ထိတော့ မတုံးအပေ။ ကျူးချွမ်းအဖွဲ့က ထိုကဲ့သို့ ရူးသွပ်သည့် လုပ်ရပ်မျိုး လုပ်မည်မဟုတ်မှန်း သူယုံကြည်ပေသည်။ ခွေးမည်းကို နည်းလမ်းမျိုးစုံသုံး၍ ပြင်းပြင်းထန်ထန် နှိပ်စက်ပြီးနောက် ခွေးမည်းသည် လူသတ်သမားမဟုတ်ကြောင်း သူ ပိုသေချာသွားခဲ့သည်။

အကယ်၍ သူသာ ဒေါသကို ရှေ့တန်းတင်ပြီး ကျူးချွမ်းအဖွဲ့နှင့် သွားတိုက်ခိုက်ခဲ့ပါက တရားခံအစစ်က ပျော်ရွှင်စွာဖြင့် လက်ခုပ်လက်ဝါးတီးနေပေလိမ့်မည်။

တကယ်တမ်း ယွမ်ချင်းတွင် လူသတ်သမားနှင့် ပတ်သက်၍ အဖြေတစ်ခု ရှိနှင့်နေပြီးသား ဖြစ်သည်။ဘယ်သူက အကျိုးအမြတ် အများဆုံး ရမလဲ၊ အဲ့ဒီလူကပဲ လူသတ်သမား ဖြစ်ဖို့ ပိုများတယ်။

ဝမ်ရှန့်ဂိုဏ်း၏ နယ်မြေခံခေါင်းဆောင်အချို့နဲ့ အကြီးအကဲအချို့သည် ယွမ်ချင်း၏ စကားကို ကြားပြီးနောက် မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။ အတိတ်က ယွမ်ချင်းဖြစ်ပါက ဘာရှင်းပြချက်မှ ပေးနေမှာ မဟုတ်ချေ။ ဝမ်ရှန့်ဂိုဏ်းသည် ရှင်းပြချက်များ မလိုအပ်ပေ။ သို့သော်လည်း ယခုတွင် အခြေအနေကို ထိန်းချုပ်ရန်အတွက် အနိုင်မခံအရှုံးမပေးသော ကျားကြီးသည် ခေါင်းငုံ့နေရချေပြီ။

ဆိုးယုတ်မှုများ ဖုံးလွှမ်းနေသော အတွင်းခန်းမထဲရှိ လူများသည် ယွမ်ချင်း၏ ဆင်ခြင်တုံတရားကို မမြင်နိုင်ကြပေ။သူတို့က အိုမင်းပြီး သတိကြီးလွန်းနေသော အရုပ်ဆိုးလှသည့် ကျားအိုကြီးကိုသာ မြင်နေကြရသည်။

"လူဆိုတာ အိုမင်းလာကြမှာပဲ၊ ဘယ်သူမှ မလွတ်နိုင်ဘူး၊ အခု ငါတို့ လိုအပ်တာက လူတိုင်း သူ့အားနည်းချက်ကို မြင်သွားဖို့ပဲ..."

တစ်စုံတစ်ယောက်က ခပ်တိုးတိုး ပြောသည်။ ဆူညံသံများနှင့် အော်ဟစ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ယွမ်ချင်း၏ အရှိန်အဝါနှင့် ဒေါသများကို ဖိနှိပ်ထားနိုင်ခါနီးမှာပင် ဘာသတိပေးချက်မှမရှိဘဲ ဝမ်ရှန့်အတွင်းခန်းမထဲတွင် သေနတ်သံတစ်ချက် ဟိန်းထွက်လာတော့သည်။

"ဒိုင်း"

သေနတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ အသံထိန်းကိရိယာ မပါသလို ပစ်ခတ်လိုက်သည့် ပုဂ္ဂိုလ်ကလည်း ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။

ယမ်းနံ့များက လေထဲတွင် ပျံ့လွှင့်သွားသည်။ ယွမ်ချင်း၏ ဆူဖြိုးလှသည့် ဝမ်းဗိုက်တွင် အပေါက်ကြီး တစ်ပေါက် ဖြစ်သွားပြီး သွေးများနှင့် အဝါရောင်အရည်များ ရောနှောစီးကျလာကာ ခန်းမတစ်ခုလုံး အနံ့ဆိုးများဖြင့် ပြည့်နှက်သွားတော့သည်။

သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ယွမ်ချင်းသည် တစ်စုံတစ်ယောက်က သေနတ်ကို သူ့အနားသို့ ဒီလောက်နီးနီးကပ်ကပ် ယူလာနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ သူသည် အံတင်းတင်းကြိတ်၍ အသည်းခိုက်မတတ် နာကျင်မှုကို တောင့်ခံထား၏။ သူ လဲကျသွားဖို့ ငြင်းဆန်နေသလို လဲကျရန်လည်း မဝံ့ရဲချေ။ သူသည် ဤရာထူးကို ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများနှင့် ကြောက်စရာကောင်းသော ခွန်အားတို့ဖြင့် ရယူခဲ့ရခြင်း ဖြစ်သည်။ သူ့အာဏာကို လုံးဝ အလှုပ်ခတ် ခံ၍ မဖြစ်ပေ။

ကျည်ဆန်က သူ့နှလုံးကို လွဲချော်သွားသည်။ယင်းက သေစေနိုင်ခြင်း မရှိသော အမှားအယွင်းတစ်ခုပင်။ သူ့အသားထဲတွင် များစွာသော ကျည်စများ စိုက်ဝင်သွားရုံသာ ရှိသည်။

ယင်းကို တွေးတောနေရင်း သူ့ခန္ဓာကိုယ်က ထိန်းချုပ်မှုကင်းမဲ့စွာ နောက်သို့ လန်ကျသွားသည်။ သူ့တွင် များစွာသော ဒဏ်ရာဟောင်းများ ရှိနေသလို ငယ်ရွယ်မှုလည်း မရှိတော့ပါချေ။

"ဘုန်း"

နံရံကြီးတစ်ခုကဲ့သို့ အရုပ်ဆိုးလှသော သူ့ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ် လဲကျသွားတော့သည်။ အတွင်းခန်းမထဲရှိ ဆွေးနွေးပွဲက ရုတ်တရက် ရပ်တန့်သွားသည်။ အဝင်ဝတွင်ရှိနေသာ လီချုံမှာ အတွေးများ ဗလာဖြစ်သွားတော့သည်။ သူသည် သူခေါ်လာသည့် လူတိုင်းကို သုံးကြိမ်တိုင်တိုင် ရှာဖွေခဲ့ခြင်းဖြစ်၍ သူတို့တွင် သေနတ်ပါလာစရာ အကြောင်း လုံးဝမရှိချေ။ ဒါက လွဲရင်ပေါ့...။

လီချုံက ယင်ရှို့ကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်မိသည်။ ယင်ရှို့သည် သတ်ဖြတ်မှုများ ပြုလုပ်၍ ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်ခဲ့စဉ်က လူအုပ်ထဲသို့ တစ်စုံတစ်ယောက် ထိုးဖောက်ဝင်ရောက်လာခဲ့သည်ကို သူအမှတ်ရသွားသည်။

"သေနတ်တွေ ခိုးသွင်းလာတာ ဝမ်ရှန့်ဂိုဏ်းသားတွေပဲ ၊သစ္စာဖောက် ရှိနေပြီ"

လီချုံက သူတို့ကို တားဆီးရန် ကြိုးစားသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ယင်ရှို့နှင့် အခြား နယ်မြေခံခေါင်းဆောင် အချို့က ရှေ့ကို ပြေးထွက်သွားကြချေပြီ။

"သေနတ်သံက ကျူးချွမ်းအဖွဲ့က လူတွေဆီက လာတာပဲ၊ သူတို့ ဘော့စ်ကို သတ်လိုက်ကြပြီ"

"သူတို့ကို သတ်၊ ဂိုဏ်းချုပ်အတွက် လက်စားချေကြ"

"အဲ့ဒီကျူးချွမ်းက အကောင်တွေကို အပိုင်းပိုင်း ခုတ်ပစ်လိုက်ကြ"

ဖိနှိပ်ထားသည် ဒေါသများက အရင်ကထက် ပိုမို ပြင်းထန်စွာ ပေါက်ကွဲထွက်လာတော့သည်။ လူအုပ်ကြားထဲမှ သေနတ်သံများ ထပ်ထွက်လာပြီး ပဋိပက္ခကို ပိုမိုကြီးထွားလာစေရန် လောင်စာထည့်ပေးလိုက်သည်။

"အားလုံးကို သတ်ပစ်၊ တစ်ယောက်မှ အရှင်မထားနဲ့"

ဝမ်ရှန့်ဂိုဏ်းသားများက သူတို့ဓားများကို ဆွဲထုတ်လိုက်ကြသည်။သို့သော် ခွေးမည်း၏ လူများကလည်း ဒီအတိုင်း ငြိမ်ခံနေမည် မဟုတ်ချေ။ သူတို့ထဲက အများစုသည် တကယ်တမ်းတွင် ခွေးမည်းနှင့် ရင်းနှီး၍ မဟုတ်ဘဲ ကျူးချွမ်းအဖွဲ့၏ ပိုင်ဆိုင်များကို သိမ်းပိုက်ရန်အတွက် လီချုံတို့က အတင်းအဓမ္မ ဖမ်းခေါ်လာခဲ့သူများသာ ဖြစ်သည်။

"တိုက်ခိုက်ကြ၊ ဝမ်ရှန့်လမ်းကနေ လွတ်အောင်ပြေးနိုင်ရင် ငါတို့ အသက်ရှင်နိုင်မယ်"

ညရဲများက ထိုမျှ ရက်စက်လိမ့်မည်ဟု ကောင်းမင် ထင်မထားခဲ့ချေ။ အသုဘပွဲတွင် ယွမ်ချင်းကို ပစ်သတ်လိုက်ခြင်းသည် လူတိုင်းရှေ့တွင် ဝမ်ရှန့်၏ ဂုဏ်သိက္ခာကို ဆွဲဖြဲလိုက်ခြင်းပင်။ အကယ်၍ ဝမ်ရှန့်ဂိုဏ်းက ယင်းကို သည်းခံနိုင်သေးပါက လိပ်များပင် သူတို့ကို လာကန်တော့ရလိမ့်မည်။

သို့သော်လည်း ၎င်းက ကောင်းမင်နှင့် အဖမ်းခံထားရသူများကို အမှန်တကယ် ဒုက္ခရောက်စေခဲ့သည်။ အကြွေးရှင် ပြောင်းရုံသာဟု ထင်ထားသော်လည်း ယခုတွင် အသက်လုပွဲ ဖြစ်သွားရချေပြီ။

အတွင်းခန်းမ တံခါးများ ပိတ်ဆို့ခံရပေတော့မည်။ ကောင်းမင်က ဝူဝေကို ဆွဲ၍ တံခါးဆီသို့ အသည်းအသန် ပြေးတော့သည်။ ဓားချက်များ၊ သေနတ်သံများ၊ သွေးများနှင့် ပိုင်းဖြတ်ခံထားရသော ခြေလက်များကြားတွင် ဤဈာပန၏ အဓိကဇာတ်ဆောင်များကတော့ တိတ်ဆိတ်နေကြဆဲ ဖြစ်သည်။

"ပြေးကြ"

ထိုသို့တွေးနေသူမှာ ကောင်းမင်တစ်ယောက်တည်းတော့ မဟုတ်ပေ။ ဆက်နေပါက သေရုံသာ ရှိသည်။ လူအုပ်ကြီးက ကြောက်လန့်နေသော သိုးများကဲ့သို့ တစ်ခုတည်းသော ထွက်ပေါက်ဆီသို့ တိုးဝှေ့ပြေးလွှားကြတော့သည်။

"ဒါရိုက်တာလီ... ကျွန်တော့်ကို ကယ်ပါဦး၊ ဒါရိုက်တာလီ"

နေရာကား လုံးဝကို ဖရိုဖရဲပင်။ ကောင်းမင်၏ မျက်လုံးများက နီရဲလျက် ရှိနေ၏။ သူ့အတွင်းထဲမှ ဆိုးယုတ်မှုများကို တိတ်တဆိတ် ထိန်းချုပ်၍ သူ့ခန္ဓာကိုယ်ကို သန်မာစေလိုက်သည်။သူသည် ဝူဝေနှင့်အတူ ဝမ်ရှန့်ခန်းမထဲမှ မနည်းလွတ်အောင် ပြေးထွက်ဟန် ပြုလိုက်သည်။

သွေးများဖြင့် ရဲရဲနီနေပြီးသားဖြစ်သော တံခါးများက သွေးအများအပြား စွန်းထင်သွားတာကြောင့် ပို၍ပင် တောက်ပြောင်နေသည်။ အလောင်းများက တံခါးဝတွင် ပိတ်ဆို့နေသဖြင့် လူများသည် အပြင်ထွက်ရန် အလုအယက် ရုန်းကန်နေကြရသည်။

ကောင်းမင်သည်လည်း လူအများအပြားကို မကယ်တင်နိုင်ချေ။ သူ ကားတစ်စီး ခိုးလိုက်ပြီး ချက်ချင်း ထွက်ပြေးရန် ကြံနေစဉ် သူ့နောက်မှ ကျားယိုကျစ်၏ အကူအညီတောင်းသံ ထွက်ပေါ်လာပြန်သည်။

"ဒါရိုက်တာလီ"

သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ ကျားယိုကျစ်ထံမှ အံ့အားသင့်စရာ ခွန်အားမျာား ထွက်ပေါ်လာလေသည်။ သူက အလောင်းပုံကြားထဲမှ တင်းရှန်းကို ဆွဲထုတ်လာခဲ့သည်။

ကားကို အမြန်နောက်ဆုတ်ရင်း မျက်နှာတွင် သွေးများပေကျံနေသော ကောင်းမင်က အော်ဟစ်လိုက်သည်။

"တက်၊ တက်"

ဝူဝေက သူတို့နှစ်ယောက်ကို ကားထဲ ဆွဲသွင်းလိုက်သည်။ တံခါးပင် မပိတ်ရသေးခင် ကောင်းမင်က လီဗာကို အဆုံးနင်း၍ ကားကို အပြင်ဘက်ကို ဝုန်းခနဲ မောင်းထွက်သွားသည်။

ဝမ်ရှန့်လမ်းမပေါ်တွင် ပဋိပက္ခများ မရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ထိုနေရာတွင် ဘယ်သူမှ ပြဿနာ မရှာဝံ့ကြချေ။ လူတိုင်းက ယင်းကို ဝမ်ရှန့်ဂိုဏ်း၏ နောက်ဆုံးစည်းဟု သတ်မှတ်ထားကြသော်လည်း ဤနေ့တွင် ထိုစည်းသည် ဗြောင်ကျကျ ကျော်ဖြတ်ခံလိုက်ရချေပြီ။

ကောင်းမင် ကားကို အရှိန်ပြင်းပြင်း မောင်းထွက်သွားချိန်တွင် ဟွန်းသံများ မြည်ဟီးလာပြီး ဝမ်ရှန့်ဂိုဏ်း၏ ကားနှင့် ဆိုင်ကယ်များ နောက်မှ လိုက်ပါလာကြတော့သည်။

အတွင်းခန်းမကား အသားကြိတ်စက်ကြီးတစ်ခု ဖြစ်သွားပြီဖြစ်သည်။ ဒေါသထွက်နေသည့် ဝမ်ရှန့်ဂိုဏ်းသားများက သူတို့၏ အရှက်ရမှုကို သွေးစက်ပေါင်းများစွာနဲ့ ဆေးကြောပစ်ချင်နေကြသည်။

"ဒီကျူးချွမ်းက လူယုတ်မာတွေကို ရပ်ခိုင်းလိုက်စမ်း"

တုံ့နှေးမနေဝံ့ဘဲ ကောင်းမင်၏ အတွေးများက အမြန်ဆုံး လည်ပတ်နေရသည်။ သူ့နောက်မှ လိုက်ပါလာသော ကားများကို သူ မျက်ခြေမဖြတ်နိုင်ချေ။ သူနှင့် ကျီးကန်းနက်၏ ပတ်သက်မှုကိုလည်း လူသိခံ၍ မဖြစ်သေးသလို ညရဲတွေဆီ သွားရန်လည်း အချိန်မတန်သေးပေ။

တခြား ရွေးချယ်စရာ မရှိတော့သောကြောင့် ကောင်းမင်က ကျူးချွမ်းအဖွဲ့၏ နယ်မြေဆီသို့ တည့်တည့်မတ်မတ် မောင်းနှင်သွားတော့သည်။

ဝမ်ရှန့်အတွင်းခန်းမထဲ၌မူ ခေါင်းတလားဘေးတွင် ဆိုးရွားသော အနံ့အသက်များ ထွက်ပေါ်နေလေသည်။ ယွမ်ချင်း၏ သွေးများနှင့် အဝါရောင်အရည်များ ရောနှောနေခြင်းက ပျို့အန်ချင်စရာ ကောင်းလှသည်။

ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာရထားသော ယွမ်ချင်းကို အရေးပေါ် ကုသရန် ခေါ်ဆောင်သွားကြပြီ ဖြစ်သည်။ နယ်မြေခံခေါင်းဆောင် အချို့က ခေါင်းတလားကို ဝိုင်းထားကြပြီး သူတို့မျက်နှာများက တင်းမာနေကြသည်။

"လီချုံ... မင်း ခေါ်လာတဲ့လူမှာ သေနတ်ပါလာတာပဲ၊ ဒါက ပေါ့ဆတာလား ဒါမှမဟုတ် တမင်တကာလား"

လီချုံ ဘာမှ မပြောရသေးခင် ကောက်ကျစ်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ပြောလိုက်သူသည် မျက်နှာတွင် အဖြူကွက်များရှိသော လူတစ်ယောက်ဖြစ်သည်။ သူသည်လည်း ဝမ်ရှန့်၏ နယ်မြေခံခေါင်းဆောင် တစ်ယောက်ပင်။

"ပန်ကျစ်... အထောက်အထား မရှိဘဲ လျှောက်မပြောနဲ့ကွ"

လီချုံ သတိအနေအထား ဖြစ်သွားသည်။ လူတိုင်းသည် ယခုအချိန်တွင် ဆင်ခြင်တုံတရားကင်းမဲ့နေကြသဖြင့် သူအပြစ်မရှိကြောင်းလည်း သက်သေမပြနိုင်ပေ။ အကယ်၍ ကောင်းစွာ မကိုင်တွယ်နိုင်ရင် သူ ဓားစာခံ ဖြစ်သွားပေလိမ့်မည်။

"ငါ လူတိုင်းကို သုံးကြိမ်တိတိ စစ်ဆေးခဲ့တာကွ၊ လုံးဝ သေနတ်ပါလာစရာ အကြောင်းမရှိဘူး၊ သစ္စာဖောက်က တခြားတစ်ယောက်ပဲ၊ ဒီကျူးချွမ်းဂိုဏ်းသားတွေ ကားပေါ်က ဆင်းပြီးတာနဲ့ တစ်ယောက်ယောက်က တမင်တကာ ပြဿနာလာရှာပြီး ပဋိပက္ခဖြစ်နေတုန်း သူတို့နားကို ကပ်သွားတာ"

"မင်းဆိုလိုတာက ပဋိပက္ခကို စတင်ခဲ့တဲ့လူက သစ္စာဖောက်ပေါ့လေ"

ပန်ကျစ်က ယင်ရှို့ကို လှမ်းကြည့်လိုက်သည်။

"အဓိပ္ပါယ် မရှိတာ"

ယင်ရှို့က သွေးများ စွန်းပေနေသော သူ့ဓားကြီးကို မြှောက်၍ ဟိန်းဟောက်လိုက်သည်။

"မင်းပဲ သစ္စာဖောက်ခွေး၊ မင်းက ငါ့ကို လာအပြစ်တင်ချင်တာလား"

"တိတ်ကြစမ်း၊ အချင်းချင်း ရန်ဖြစ်မနေနဲ့၊ အရေးကြီးဆုံးက ဂိုဏ်းချုပ်ကို ကယ်ဖို့ပဲ၊ ပြီးတော့ မင်းတို့ရဲ့ ကိုယ်ပိုင်နယ်မြေတွေကို အမြန်ဆုံးပြန်ပြီး မင်းတို့ရဲ့လူတွေကို ပြင်ဆင်ဖို့ အသိပေးထားကြ"

အဘိုးကြီး ပိုင်ဟောက်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ ဆံပင်ဖြူများကြားမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေ၏။

"ကျူးချွမ်းအဖွဲ့ကို ချေမှုန်းဖို့က ဒီလအတွင်းမှာ ဖြစ်လာလိမ့်မယ်"

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏။ နယ်မြေခံခေါင်းဆောင်အချို့ သစ္စာမရှိကြောင်းကို ပိုင်ဟောက် သိပေသည်။ ယခုတွင် ဂိုဏ်းသားများ၏ ဒေါသနဲ့ လောဘကို ဖွင့်ထုတ်ပေးရန် လိုအပ်နေချေပြီ။ ဂိုဏ်းချုပ်မရှိဘဲ ဂိုဏ်းကြီး ပြိုကွဲသွားသည်ကို ထိုင်ကြည့်နေမည့်အစား ထိုဒေါသများကို ကျူးချွမ်းအဖွဲ့ဆီ လှည့်ပေးလိုက်ခြင်းက ပိုကောင်းပေသည်။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းကသာ အခွင့်အရေးတစ်ခုကို ဖန်တီးပေးနိုင်လိမ့်မည်။

All Chapters