← Chapters

နတ်ဆိုးပင် အထင်သေးခဲ့သော သူတို့၏ဆိုးယုတ်မှု

Vol. 48 Ch. 713

နတ်ဆိုးပင် အထင်သေးခဲ့သော သူတို့၏ဆိုးယုတ်မှု

Vol. 48 Ch. 713

အမှန်တကယ် ပျော်ရွှင်မှုဟူသည်မှာ နှိုင်းယှဉ်ချက်တစ်ခုသာ ဖြစ်သည်။ သင်းအုပ်ဆရာ ဖြစ်လာပြီးနောက် ကျားယိုကျစ်သည် အလွန်အမင်း ပျော်ရွှင်ခဲ့ရပြီး သူ့အရင်ဘဝမှာ ဝက် သို့မဟုတ် ခွေးတစ်ကောင်၏ ဘဝကဲ့သို့ပင် ဖြစ်ခဲ့သည်ဟု ခံစားခဲ့ရသည်။

သို့သော် ကောင်းမင်ထံမှ အမှန်တရားကို ကြားလိုက်ရပြီးနောက် ထိုအရာအားလုံးကို သူတို့ ဘယ်လိုရယူခဲ့ရကြောင်း သိလိုက်ရသောအခါ ကျားယိုကျစ်သည် ဓာတ်ပုံစတူဒီယိုထဲမှ နေ့ရက်များကို စတင်လွမ်းဆွတ်လာတော့သည်။ ထိုအချိန်ကမှ တကယ့် ပျော်ရွှင်မှုအစစ်အမှန် ဖြစ်ခဲ့ခြင်းဖြစ်သည်။

"ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူး၊ ငါတို့ လိုချင်တာက အသက်ရှင်ဖို့ပဲ၊ ဒါပေမဲ့ ဒီမြို့ထဲက လူတိုင်းက ငါတို့ကို သတ်ချင်နေကြတယ်"

ကောင်းမင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ခွေးမည်းက ငါတို့ကို စာချုပ်တွေနဲ့ လိမ်ညာပြီး အလကား အလုပ်လုပ်ခိုင်းခဲ့တယ်၊ ဝမ်ရှန့်က ငါတို့ခန္ဓာကိုယ်တွေကို ကုန်ပစ္စည်းလို သဘောထားပြီး စိတ်တိုင်းကျ သတ်ဖြတ်တယ်၊ ညရဲတွေက ငါတို့ကို ဘယ်တော့မှ အကာအကွယ်မပေးဘူး၊ ကာကွယ်ခရဖို့ ငါတို့အသက်တွေကိုပဲ လောင်းကြေးထပ်ခိုင်းတယ်၊ သေချာ စဉ်းစားကြည့်... ငါတို့ ဘာအမှားလုပ်ခဲ့လို့လဲ၊ ဒီမြို့ကြီးရဲ့ အမှောင်ထုနဲ့ ပရမ်းပတာ ဖြစ်နေတာတွေက ငါတို့နဲ့ ဘာဆိုင်လို့လဲ၊ သူတို့က အခွင့်ထူးမှန်သမျှ ခံစားနေရပြီး ငါတို့ကတော့ ဒီဒုက္ခတွေရဲ့ အကျိုးဆက်ကို ခံစားနေရတယ်၊ ဒါက တရားမျှတရဲ့လား"

ကောင်းမင်၏ အသံက ပိုမိုကျယ်လောင်လာ၏။

"ရှောင်ဝူက သာမန် အချစ်ရေးတစ်ခုပဲ လိုချင်တာ၊ မင်းကလည်း မင်းဘဝကို ဒီအတိုင်းပဲ ဖြတ်သန်းနေတာ၊ ငါကရော... ငါက ရုပ်ရှင်တစ်ကားပဲ ရိုက်ချင်တာ မဟုတ်လား၊ ဒါလေးပဲလေ၊ သူတို့ပဲ ငါတို့ကို ဒီအခြေအနေအထိ ချောက်ကမ်းပါးအထိ တွန်းပို့ခဲ့ကြတာ"

ကောင်းမင်၏ စကားကို ကြားရသောအခါ ကျားယိုကျစ်နှင့် ဝူဝေတို့သည် ကောင်းမင် ဘာကြောင့် ကန့်သတ်နယ်မြေထဲ သွားချင်ရကြောင်း ဘာကြောင့် ၎င်းကို လက်နက်တစ်ခုအဖြစ် သုံးချင်နေရကြောင်း အနည်းငယ် နားလည်သွားကြသည်။

သူတို့၏ ဒါရိုက်တာလီကား ရူးသွပ်သွားအောင် တွန်းပို့ခံလိုက်ရပြီ ဖြစ်သည်။

"ဒါပေမဲ့ ခင်ဗျား ကန့်သတ်နယ်မြေထဲ သွားလို့မဖြစ်ဘူး"

ကျားယိုကျစ်က ခါးသီးစွာ ပြောလိုက်သည်။ သူ၏ ဆံပင်ဖြူများသည် အကုန်လုနီးပါး ကျွတ်ထွက်နေပြီ ဖြစ်သည်။

"ငါ တစ်ယောက်တည်း မဟုတ်ဘူး"

ကောင်းမင်က သူ၏ လက်အောက်ငယ်သား သုံးယောက်ကို ဝေ့ကြည့်လိုက်သည်။

"ငါတို့ အားလုံး သွားရမှာ"

သူသည် ဒေသခံများနှင့် အပြင်လူများကြားရှိ မွေးရာပါ ခြားနားချက်များကို နားလည်လိုနေသည်။ ထို့ကြောင့် အတိအကျပစ်မှတ်ထားသည့် ဆေးဝါးများကို တီထွင်နိုင်ရန်နှင့် သူ၏ ဟန်ဆောင်မှုကို ပိုမိုပီပြင်စေရန် ကြိုးစားနေခြင်းဖြစ်သည်။ ကောင်းမင် စကားပြောပြီးနောက် ဝတ်ပြုကျောင်းလေးမှာ တိတ်ဆိတ်သွား၏။ သူ့လူများ၏ တဒိန်းဒိန်း ခုန်နေသော နှလုံးခုန်သံများကိုပင် သူကြားနေရသည်။

"ပြီးခဲ့တဲ့တစ်ခေါက်က ဝူဝေနဲ့ငါ နှစ်ယောက်တည်း သွားခဲ့လို့ မင်းတို့နှစ်ယောက် စတူဒီယိုမှာ ကျန်ခဲ့ပြီး အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရတယ်၊ ဒီတစ်ခါတော့ သေသေချာချာ စဉ်းစားကြ"

ကောင်းမင်သည် ကျားယိုကျစ်နှင့် တင်းရှန်းတို့ကို ခြိမ်းခြောက်နေခြင်း မဟုတ်ဘဲ အရှိကို အရှိအတိုင်း ပြောပြနေခြင်း ဖြစ်သည်။ သူ၏ ကြိုးပမ်းများကြောင့် သူ့ရန်သူများမှာ ပို၍ပင် များပြားလာခဲ့ပြီ မဟုတ်ပါလား။

"ဒုက္ခရောက်လည်းအတူတူ ချမ်းသာတော့လည်း အတူတူပေါ့၊ ကျွန်မကတော့ ဒါရိုက်တာလီဘက်မှာ အမြဲရှိနေမှာပါ"

တင်းရှန်းက ပထမဆုံး ထုတ်ဖော်ပြောဆိုလိုက်ပြီး ကောင်းမင်၏ လက်မောင်းကို ချစ်ခင်စွာ ဆွဲချိတ်လိုက်သည်။

"ကျွန်မက ကန့်သတ်နယ်မြေ အပြင်ဘက်ကနေ စောင့်ကြည့်ပေးမယ်၊ ဘာပဲဖြစ်ဖြစ် ရှင့်တို့အတွက် နောက်တန်းက အကူအညီပေးမယ့်သူ လိုအပ်တာပဲလေ"

"ကျွန်တော် လုပ်မယ်"

ကျားယိုကျစ်က အလျင်အမြန် လက်ထောင်လိုက်သည်။

"နောက်တန်းကနေ အကူအညီပေးဖို့ဆိုရင် ယုံကြည်ရတဲ့သူတစ်ယောက် လိုတယ်၊ ကျွန်တော်က ဒါရိုက်တာလီနောက်ကို လိုက်လာတာ ကြာပြီ၊ အသက်ရှင်ရင် သူ့ခွေး၊ သေရင် သူ့သရဲပဲ"

သူ့လက်အောက်ငယ်သားများမှာ အလွန်စိတ်အားထက်သန်နေကြသဖြင့် ကောင်းမင် ကျေနပ်သွားသည်။ အဖွဲ့သားများဖြင့် အသေးစိတ် အစီအစဉ်ကို ဆွေးနွေးနေကြရင်း မသိလိုက်ခင်မှာပင် ညနေစောင်းသို့ ရောက်ရှိလာခဲ့သည်။ နေမင်းကြီး မိုးကုပ်စက်ဝိုင်းအောက်သို့ ငုပ်လျှိုးသွားချိန်တွင် ကရုဏာဖောင်ဒေးရှင်းဝန်ထမ်းများက တုန်လှုပ်ဖွယ် သတင်းတစ်ခုကို သယ်ဆောင်လာခဲ့ကြသည်။ ယမန်နေ့ညက ဝမ်ရှန့်ဂိုဏ်း၏ နယ်မြေခံခေါင်းဆောင် ဆယ့်သုံးယောက်ထဲမှ တစ်ယောက်အသတ်ခံလိုက်ရပြီး သုံးယောက်မှာ အပြင်းအထန် ဒဏ်ရာရခဲ့ကြသည်။ ကျူးချွမ်းအဖွဲ့ကို လက်စားချေသည့်အနေဖြင့် ဝမ်ရှန့်ဂိုဏ်းသည် ကျူးချွမ်း၏ ဆေးဝါးစက်ရုံအသစ်ကို ဖျက်ဆီးပစ်လိုက်ရာ မြို့တော်၏ လေးပုံတစ်ပုံခန့်မှာ ဆေးဝါးထောက်ပံ့မှု ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ယင်းက အဓိကပြဿနာ မဟုတ်သေးပေ။ ဆေးဝါးစွန့်ပစ်ပစ္စည်းများ ယိုစိမ့်ထွက်လာခဲ့သဖြင့် လမ်းမနှစ်ခုသည် လူနာဆောင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ သန့်ရှင်းရေးဝန်ထမ်းများနှင့် ဆရာဝန်များ ဝင်ရောက်ရန် ကြိုးစားခဲ့ကြသော်လည်း ဝင်သွားသမျှလူ တစ်ယောက်မှ ပြန်ထွက်မလာခဲ့ကြပေ။ အပြင်ဘက်ရှိ လူများသည် ကန့်သတ်နယ်မြေအသစ်တစ်ခု ပေါ်ပေါက်လာတော့မည်ကို စိုးရိမ်နေကြသည်။

ဝမ်ရှန့်ဂိုဏ်းသည် ဝိုင်းဝန်းရှုံ့ချမှုများနှင့် ရင်ဆိုင်နေရပြီး တခြားခရိုင်များကလည်း ဖိအားပေးလာကြသည်။ သို့သော်လည်း အခုချိန်တွင် နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။ ဝမ်ရှန့်ဂိုဏ်းက ထိုးစစ်ကို ပိုမိုအရှိန်မြှင့်လိုက်တော့သည်။ သူတို့၏ အခြေအနေကို သူတို့ ကောင်းကောင်းသိပေသည်။ အကယ်၍ သူတို့သာ နောက်ဆုတ်ပြီး ညှိနှိုင်းမှုများကို လက်ခံလိုက်ပါက ဂိုဏ်းချုပ်အတွက် လက်စားမချေနိုင်ရုံသာမက တခြားသူများ၏ ပြင်းထန်စွာ တိုက်ခိုက်ခြင်းနှင့် ခွဲဝေယူခြင်းတို့ကိုပါ ခံရပေလိမ့်မည်။

ပေါက်ကွဲမှုသည် ခရိုင် ၃ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် ကန့်သတ်နယ်မြေတစ်ခု ဖြစ်ပေါ်လာပါက ခရိုင် ၃ မှာ အထိခိုက်ဆုံး ဖြစ်ပေလိမ့်မည်။ သို့သော် ခရိုင် ၃ ရှိ ဂိုဏ်းများက ထိုပြဿနာကို ဖြေရှင်းရန် အစီအစဉ် မရှိကြပေ။

ဝမ်ရှန့်ဂိုဏ်းသည် ကျူးချွမ်းအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရန် သူတို့၏ နယ်မြေထဲသို့ အသည်းအသန် ထိုးစစ်ဆင်နေဆဲဖြစ်သည်။ အကြီးအကျယ် ထိခိုက်ပျက်စီးသွားသော ကျူးချွမ်းအဖွဲ့မှာလည်း ဝမ်ရှန့်ဂိုဏ်းကို လက်စားချေရန်အတွက် တခြားခရိုင်များဆီမှ အကူအညီတောင်းခံခြင်း အပါအဝင် နည်းလမ်းမှန်သမျှကို အသုံးပြုလာသည်။ ညရဲတပ်ဖွဲ့ကား ဟန်ပြအနေဖြင့် အဖွဲ့ငယ်လေးတစ်ခုကိုသာ စုံစမ်းစစ်ဆေးရန် စေလွှတ်ထားကြသည်။ ကျန်လူများမှာမူ အနိုင်ရသူ ပေါ်ထွက်လာပြီး အလောင်းများကို ပြန်လည်ကောက်ယူရန်အတွက်သာ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။

"တကယ်လို့ ကန့်သတ်နယ်မြေက အန္တရာယ်များလွန်းတယ်လို့ ထင်ရင် တခြားတစ်နေရာကို သွားလို့ရပါတယ်"

နေဝင်သွားပြီးနောက် ကောင်းမင်က ပြောလိုက်သည်။ သူနှင့် သူ့လူသုံးယောက်သည် ကရုဏာဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများအဖြစ် ဟန်ဆောင်၍ ပေါက်ကွဲမှုဖြစ်ပွားရာ လခြမ်းလမ်းဆီသို့ ဦးတည်လိုက်ကြသည်။

မြို့ထဲကို ရောက်ကတည်းက ကောင်းမင်သည် ကန့်သတ်နယ်မြေများ၏ တည်ရှိမှုကို စိတ်ဝင်စားနေခဲ့ခြင်းဖြစ်သည်။ ယခုတွင် အနီးကပ် မြင်တွေ့နိုင်မည့် အခွင့်အရေးကို ရရှိလာပြီဖြစ်သည်။

ကားသည် ညအမှောင်ထုထဲသို့ ဝင်ရောက်သွားသည်။ အဖြူရောင် သင်းအုပ်ဆရာ ဝတ်စုံအောက်တွင် ကောင်းမင်၏ သွေးမြို့တော်တက်တူးသည် မှိန်ဖျော့စွာ နီရဲတောက်ပနေ၏။ ကောင်းမင်သည် မျက်စိမှိတ်၍ အနားယူနေခဲ့သော်လည်း ကားက တစ်စုံတစ်ခုနှင့် တိုက်မိသွားသဖြင့် ရုတ်တရက် ဘရိတ်အုပ်လိုက်ရသည်။

"ဘာဖြစ်တာလဲ"

"တစ်ယောက်ယောက်က ကျွန်တော်တို့ကားကို လာတိုက်သွားတာနဲ့ တူတယ်"

ကရုဏာယုံကြည်သူတစ်ဦး ဖြစ်သည့် ဒရိုင်ဘာသည် ကျားယိုကျစ်နှင့် ရက်အနည်းငယ်ကြာ အတူနေခဲ့ပြီးနောက် သူ့ကို ကရုဏာဖောင်ဒေးရှင်း၏ တမန်တော်တစ်ဦးအဖြစ် သတ်မှတ်ထားကာ မေးခွန်းထုတ်ခြင်းမရှိဘဲ နာခံနေသူဖြစ်သည်။

"ကျွန်တော်တို့ လခြမ်းလမ်းနယ်မြေထဲကို ရောက်နေပြီ၊ ဒါပေမဲ့ ရဲတိပ်တွေ၊ လမ်းပိတ်ဆို့ထားတာတွေ ဒါမှမဟုတ် ဘာလက္ခဏာမှ မတွေ့ရသေးဘူး၊ အဝင်ဝကို စောင့်နေတဲ့သူတွေပါ ကူးစက်ခံလိုက်ရပြီလို့ ကျွန်တော် သံသယရှိတယ်၊ ဒီမစ်ရှင်က အရမ်းအန္တရာယ်များလွန်းတယ်၊ လာရာလမ်းအတိုင်း ပြန်လှည့်ကြမလား"

"အန္တရာယ်ရှိလို့ အမှောင်ကို ကြောက်နေမယ်ဆိုရင် ကရုဏာကောင်စီဝင်ဟာ ဒီအခက်ခဲဆုံး လမ်းကို ရွေးချယ်ခဲ့မှာ မဟုတ်ဘူး"

ကျားယိုကျိက ကောင်းမင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မချိပြုံးပြုံးကာ ပြောလိုက်သည်။

"ဆက်မောင်းပါ"

ဝမ်ရှန့်ဂိုဏ်း၏ ဌာနချုပ်သည် ဝမ်ရှန့်ဘုရားကျောင်းဖြစ်ပြီး ကျူးချွမ်းအဖွဲ့၏ အဓိကနယ်မြေမှာ လခြမ်းလမ်းနှင့် ကျိရှင်းလမ်းတို့ဖြစ်သည်။ ထိုနေရာတွင် ကြီးမားလှသော ဆေးဝါးစက်ရုံကြီး ရှိနေပြီး စက်ရုံပတ်လည်တွင် လုပ်ငန်းအမျိုးမျိုး ပေါ်ပေါက်လာသဖြင့် မြို့ခံများစွာကို အခြေချလာရန် ဆွဲဆောင်နိုင်ခဲ့သည်။

"သင်းအုပ်ဆရာ ကျား... ကျွန်တော် အရင်က ဒီကို ရောက်ဖူးပါတယ်၊ ဒီနေရာက အရမ်းစည်ကားတာ၊ ညဘက်မှာတောင် မီးတွေ ထိန်ထိန်လင်းနေတတ်တယ်၊ စက်ရုံက ၂၄ နာရီလုံး လည်ပတ်နေတာလေ၊ ဒါပေမဲ့ အခု ကြည့်ပါဦး၊သက်ရှိလူသားတွေ လှုပ်ရှားနေတဲ့ နေရာနဲ့ကို မတူတော့တာ"

ကားသည် ရှေ့သို့ ဆက်လက်မောင်းနှင်နေပြီး ဒရိုင်ဘာက ပို၍ စိတ်ရှုပ်ထွေးလာသည်။ ပတ်ဝန်းကျင်က အဆောက်အအုံများသည် အပွန်းအပဲ့မရှိဘဲ ကောင်းကောင်းမွန်မွန် ရှိနေလေသည်။ အကြီးအကျယ် ပေါက်ကွဲမှု ဖြစ်ခဲ့သည့် ပုံစံမျိုး လုံးဝမရှိပေ။

"တားမြစ်နယ်မြေ(ကန့်သတ်နယ်မြေ)တစ်ခုက သက်ရှိလူသားတွေရဲ့ အာရုံခံစားမှုတွေကို လွှမ်းမိုးနိုင်တာလား"

ကောင်းမင်၏ မေးခွန်းကြောင့် ကားထဲရှိ လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

ပေါက်ကွဲမှုကြောင့် ဆေးဝါးစက်ရုံသစ်နှင့် လမ်းမများ ပျက်စီးသွားခဲ့သော်လည်း ဤနေရာရှိ အရာအားလုံးမှာ ပုံမှန်အတိုင်းပင် ရှိနေသေးသည်။ အဆောက်အအုံများမှာ ပျက်စီးခြင်း မရှိသော်လည်း သက်ရှိ လူသားများအားလုံးမှာ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

"တားမြစ်နယ်မြေအသစ်တစ်ခု ပေါ်လာတာလား၊ ကျူးချွမ်းအဖွဲ့ရဲ့ ဆေးတွေကို ဘယ်လိုများ ထုတ်လုပ်ထားတာလဲ၊ ပေါက်ကွဲမှုတစ်ခုက ဒီလောက် ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေကို ဘယ်လို ဖြစ်စေနိုင်တာလဲ"

အခြေအနေက ပိုထူးဆန်းလေလေ ကောင်းမင်က ပိုပြီး သိချင်လာလေလေ ဖြစ်သည်။ ပြီးခဲ့သည့်ရက်များအတွင်း သူသည် သွေးမြို့တော်တက်တူးကို ပိုမိုပြည့်စုံအောင် လုပ်ဆောင်ခဲ့ပြီး လီဆန်းစီ၏ နှလုံးသားထဲရှိ ဆိုးယုတ်မှုများကို ပိုမို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။

ဤမြို့ကြီးရှိ လူသားတိုင်းသည် ဆိုးယုတ်မှု၏ မျိုးစေ့များကို ပျိုးထောင်ရာ ပန်းအိုးများ ဖြစ်ကြသည်။ သူတို့သည် တစတစ ကြီးထွားလာသော မကောင်းဆိုးဝါး အတွေးများကို အသုံးပြု၍ ထိုမျိုးစေ့များကို အလှပဆုံးသော ဆိုးယုတ်မှုပန်းပွင့်များအဖြစ် ပွင့်လန်းလာအောင် ကူညီပေးကြသည်။

ဆိုးယုတ်မှုများ ပွင့်လန်းလာသည့် အချိန်သည် သူတို့၏ သေဆုံးချိန်ပင် ဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ "မကောင်းဆိုးဝါး" ပင်လျှင် လူသားတို့၏ ဆိုးယုတ်မှုကို အထင်သေးခဲ့မိသည်။ မြို့ခံများသည် ဆေးဝါးများကို အသုံးပြု၍ ဆိုးယုတ်မှုများ ပေါက်ကွဲလာအောင် အရှိန်မြှင့်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ သူတို့သည် မိမိတို့၏ မြို့ခံအချင်းချင်းကို စမ်းသပ်ခံများအဖြစ် အသုံးပြုကာ အသွေးအသားနှင့် ခန္ဓာကိုယ်များကို ရင်း၍ နည်းစနစ်မျိုးစုံကို တီထွင်ခဲ့ကြသည်။ ဤကဲ့သို့ အတုအယောင် နည်းလမ်းဖြင့် ဆိုးယုတ်မှုများကို ပေါက်ကွဲစေခြင်းသည် လူနာကို သေဆုံးစေခြင်းမရှိဘဲ လူသားဆန်မှုကင်းမဲ့သည့် မကောင်းဆိုးဝါးတစ်ကောင်အဖြစ်သို့သာ ပြောင်းလဲပေးလိုက်ခြင်း ဖြစ်တော့သည်။

All Chapters