ကျားရေခြုံ၍ အာဏာပြခြင်း
Vol. 48 Ch. 710
"ခွေးမည်းနဲ့ သူ့လူတွေအားလုံးကို အပိုင်းပိုင်းခုတ်ပြီး ခွေးကျွေးပစ်ရမယ်၊ သွေးကြွေးကို သွေးနဲ့ပဲ ဆပ်ရမယ်"
အမိန့်များပေးလိုက်ပြီးနောက် ပိုင်ဟောက်သည် အတွင်းခန်းမ၏ အနက်ရှိုင်းဆုံးနေရာသို့ လျှောက်လှမ်းဝင်ရောက်သွား၏။ သူသည် နယ်မြေခံခေါင်းဆောင်များထဲတွင် ကြိုတင်အကြောင်းကြားရန်မလိုဘဲ အတွင်းခန်းမသို့ စိတ်ကြိုက် ဝင်ထွက်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
ခန်းမအပြင်ဘက်တွင် ဆူညံပွက်လောရိုက်နေသော်လည်း အတွင်းထဲ၌မူ သေမင်းတမျှ တိတ်ဆိတ်လျက်ရှိ၏။
ဝဖိုင့်ဖိုင့် ကောင်စီဝင် ယွမ်နျန်သည် တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ့မျက်လုံးများအောက်တွင် အနက်ရောင်လိုင်းအချို့ ထင်ဟပ်လျက်ရှိနေသည်။ သူ၏ ဘယ်ညာနှစ်ဖက်တွင် ထိုင်နေသော ဂုဏ်သရေရှိ ဧည့်သည်များမှာလည်း ဘာမှမပြောဘဲ ပွဲကြည့်ပရိသတ်များကဲ့သို့ ပြပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
"အပြင်မှာ ဘာတွေဖြစ်နေတာလဲ"
ကောင်စီဝင် ယွမ်နျန်က သိလျက်နှင့် မေးလိုက်သည်။
"ဂိုဏ်းသားတွေ ဒေါသထွက်လွန်းလို့ ခွေးမည်းရဲ့ လူတွေကို သတ်နေကြတာပါ၊ အခုတော့ အဲ့ဒီရာဇဝတ်ကောင်တွေက သနားညှာတာဖို့ အော်ဟစ်တောင်းပန်နေကြတယ်လေ"
ပိုင်ဟောက်သည် ယွမ်ချင်း သေနတ်ပစ်ခံရန်သည့်ကိစ္စကို ထည့်မပြောပေ။
"ဂိုဏ်းသားတွေရဲ့ ဒေါသက တောမီးလို ဟုန်းဟုန်းတောက်နေပြီ၊ ကျူးချွမ်းအဖွဲ့က ငါတို့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ရန်စနေခဲ့တာ အခုတော့ ကန့်သတ်ချက်ကို ကျော်သွားပြီ"
"ဒါဆို ခင်ဗျားရဲ့ သဘောထားက ဘာလဲ"
"သတ်ဖို့"
ပိုင်ဟောက်၏ အသံမှာ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သော ဓားတစ်စင်းကဲ့သို့ ပြတ်သားလှသည်။
"မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ"
...
ဝမ်ရှန့်လမ်းမမှ လွတ်မြောက်လာပြီးနောက် ကောင်းမင်သည် နောက်ယောင်ခံလိုက်လာသော ကားအချို့ကို ဖြတ်ထုတ်ရင်း ကျူးချွမ်းအဖွဲ့၏ နယ်မြေထဲသို့ မောင်းဝင်လာခဲ့သည်။
ထိုနေရာရှိ ဂိုဏ်းသားများသည် အပြာရောင်ယူနီဖောင်းများကို ဆင်တူဝတ်ဆင်ထားကြသည်။ ဝမ်ရှန့်ဂိုဏ်း၏ ရက်စက်ကြမ်းကြုတ်သော လူမိုက်များနှင့်ယှဉ်လျှင် ကျူးချွမ်းအဖွဲ့ဝင်များက ပို၍ ယဉ်ကျေးပုံပေါက်သည်။ အနည်းဆုံးတော့ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို လာရောက်မေးမြန်းကြသေးသည်။
"ယွမ်ချင်းကို ခွေးမည်းရဲ့လူတွေက ပစ်သတ်လိုက်ပြီ၊ ယွမ်ချင်းသမီးရဲ့ အသုဘမှာတင်ပဲ သတ်ပစ်လိုက်တာ၊ ယွမ်ချင်း လဲကျသွားတော့ သူ့အူတွေနဲ့ သွေးတွေက အခေါင်းဖုံးပေါ်မှာ အိုင်ထွန်းနေတာပဲ"
ပြဿနာမီးကို ပိုမိုကြီးထွားလာစေချင်သော ကောင်းမင်သည် ကားဟွန်းကို တဆက်တည်းတီးပြီး အော်ပြောလိုက်ရာ ကျူးချွမ်းအဖွဲ့ဝင်များ ဆွံ့အသွားကြသည်။
"ခွေးမည်းကို စစ်ဆေးမေးမြန်းဖို့ ဘော့စ်က ဝမ်ရှန့်ဂိုဏ်းဆီ အပ်လိုက်တာမဟုတ်လား၊ သူက ဘယ်လိုလုပ် ယွမ်ချင်းကို ပစ်သတ်နိုင်ရတာလဲ၊ ပြီးတော့ ဒါကလည်း သူ့သမီးရဲ့ အသုဘမှာတဲ့လား၊ ဒါက တော်တော်ရက်စက်တာပဲ"
"ဒါက တကယ်ပဲကွ၊ လူတိုင်း ကိုယ်တိုင်မြင်ခဲ့ကြတာ၊ ငါတို့လည်း ဝမ်ရှန့်ဂိုဏ်းချုပ် ဖမ်းဆီးတာ ခံရပြီး အတွင်းခန်းမကို ရောက်သွားခဲ့ကြတာ၊ ဝမ်ရှန့်ဂိုဏ်းချုပ်က သူ့သမီးအတွက် သွေးကြွေးဆပ်ဖို့ ငါတို့အားလုံးကို သတ်ဖို့ ကြံနေတာ၊ ဒါဟာ သူ့အတွက် လက်စားချေမှု ပထမအဆင့်ပဲတဲ့၊ ဒါပေမဲ့ ခွေးမည်းမှာ နောက်ထပ် အစီအစဉ်တစ်ခု ဝှက်ထားပုံပဲ၊ သူ့လူတွေက အသုဘပွဲမှာ အခွင့်အရေးရှာပြီး ယွမ်ချင်းကို အနီးကပ် ပစ်သတ်လိုက်တာပဲ"
ကောင်းမင်သည် သူမြင်ခဲ့ရသည်များကို "အဖြစ်မှန်" အဖြစ် ပိုပိုသာသာ လုပ်ကြံပြောဆိုလိုက်သည်။ ကျူးချွမ်းဂိုဏ်းသားများ စဉ်းစားတွေးတောရန် အချိန်မရလိုက်ပေ။ အကြောင်းမှာ ဝမ်ရှန့်ဂိုဏ်းသားများက နောက်မှ အသည်းအသန် လိုက်ပါလာကြသောကြောင့်ဖြစ်သည်။
သူတို့ဘော့စ် အပစ်ခံလိုက်ရသည်ကို မည်သို့ သည်းခံနိုင်ကြမည်နည်း။
သူတို့သည် ကားပေါ်မှ ဝုန်းခနဲ ဆင်းလာကြပြီး မကောင်းဆိုးဝါးများ ဝင်ပူးနေသကဲ့သို့ ဓားများကို ဝှေ့ယမ်းကာ မြင်သမျှလူကို ခုတ်ထစ်၍ မြင်သမျှအရာတိုင်းကို ဖျက်ဆီးတော့သည်။
ဝမ်ရှန့်ဂိုဏ်းသားများ၏ ရူးသွပ်နေသော အခြေအနေကို မြင်ရသောအခါ ကျူးချွမ်းဂိုဏ်းသားများသည် ကောင်းမင်၏ စကားကို တဖြည်းဖြည်း ယုံကြည်လာကြတော့သည်။ လူတိုင်း ခွေးမည်းကို အထင်သေးခဲ့ကြခြင်းဖြစ်သည်။ ထိုအကောင်သည် ဤမျှကြီးမားသော အကြံအစည်ကြီးကို အကောင်အထည်ဖော်ရန်အတွက် တစ်ချိန်လုံး အောင့်အည်းသည်းခံနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဈေးဆိုင်များ မီးရှို့ခံရပြီး နှစ်ဖက်အဖွဲ့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာတော့သည်။ ကောင်းမင်က ကားကို ဆက်လက်မောင်းနှင်သွားပြီး လူသူမရှိသော နေရာတစ်ခုအရောက်တွင် ကားကို စွန့်ပစ်ကာ ထွက်ပြေးသွားပြန်သည်။ ထို့နောက် လုံးဝအရောင်မတူသော နောက်ကားတစ်စီးကို ခိုးယူကာ သူ့လူသုံးယောက်ကို တင်ဆောင်ပြီး ခရိုင် ၂ ဆီသို့ ဦးတည်မောင်းနှင်သွားတော့သည်။
ပဋိပက္ခမှာ စတင်ပေါက်ကွဲနေပြီဖြစ်သည်။ ခရိုင် ၂ အတွင်း၌ ညရဲစခန်းတစ်ခုသာလျှင် အတော်အတန် ဘေးကင်းနိုင်တော့သည်။ သို့သော်လည်း ကောင်းမင်သည် ကျီးကန်းနက်နှင့် ပတ်သက်မှုကို စောစီးစွာ လူသိမခံလိုပေ။ ကျူးချွမ်းအဖွဲ့အပေါ်သို့ မုန်းတီးမှုများ လုံလောက်အောင် ပုံချပြီးနောက် သူသည် ချက်ချင်း ဆုတ်ခွာရန် ရွေးချယ်လိုက်သည်။
သူ၏ ဆုံးဖြတ်ချက်မှာ အလွန်ပင် ဉာဏ်ရှိသည်ဟု ဆိုရပေမည်။ ပဋိပက္ခသည် အရှိန်အဟုန်ဖြင့် ပြန့်နှံ့နေပြီဖြစ်သည်။ ယမ်းအိုးကြီးဖြစ်သော ဝမ်ရှန့်ဂိုဏ်းအား မီးကူးသွားပြီဖြစ်ပြီး ထိုနေရာ၌ ဆက်နေပါက ဝဲဂယက်ထဲသို့ ဆွဲသွင်းခံရမည်မှာ အသေအချာပင်။
“ကားထဲမှာပဲ နေကြ၊ လျှောက်မသွားနဲ့၊ ငါတို့ စတူဒီယိုကို ပြန်လို့မရတော့ဘူး၊ ငါ မင်းတို့အတွက် နေရာအသစ်တစ်ခု ရှာပေးမယ်”
ကောင်းမင်သည် အထွတ်အမြတ်နှလုံးသားဘုရားရှိခိုးကျောင်းသို့ ရောက်ရှိလာ၏။ သူ့နောက်သို့ ဘယ်သူမှ လိုက်မလာကြောင်း အတည်ပြုပြီးနောက် နောက်ဖေးတံခါးသို့ သွားကာ တံခါးချပ်ကို ထူးခြားသော စည်းချက်တစ်ခုဖြင့် ခေါက်လိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် တံခါးဘေးမှ ချောမွေ့သော နံရံကြီးသည် အတွင်းသို့ ပြိုကျသွားပြီး အေးစိမ့်မှောင်မိုက်နေသော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။
“ဒီဘက်ကို ကြွပါရှင်”
စီထုံ၏ အသံက အမှောင်ထဲမှ ထွက်ပေါ်လာသည်။ မျက်မမြင်မိန်းကလေးသည် ကောင်းမင်၏ လက်ကိုဆွဲကာ အမှောင်ထဲမှတစ်ဆင့် ဦးဆောင်ခေါ်သွားသည်။
“အလင်းကို မြင်တွေ့ဖို့ဆိုရင် အမှောင်ထုကို အရင်ကြုံတွေ့ဖူးရမယ်၊ လူတွေက အလင်းထဲမှာ ရပ်နေတဲ့ ပုံရိပ်ကိုပဲ မြင်ကြပြီး အမှောင်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ဂရုမစိုက်ကြဘူး၊ အမှောင်ထဲမှာတော့ ရှင်လုပ်ချင်တာမှန်သမျှ လုပ်နိုင်ပါတယ်”
တစ်ဖက်လူ၏ လက်ဖဝါးက ပိုမိုနွေးထွေးလာသည်ကို ကောင်းမင် ခံစားလိုက်ရသည်။ ပါးလွှာသော အဝတ်တစ်ခုက သူ့လက်မောင်းပေါ်သို့ ဝဲကျလာလေသည်။ သူ့လက်အား ရှေ့သို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။
“ငါက စီမေကို လာရှာတာ၊ လမ်းကို သေသေချာချာပြပါ၊ အချိန်မဖြုန်းနဲ့၊ အဓိပ္ပာယ်မရှိတာတွေလည်း မပြောနဲ့”
ကောင်းမင်၏ လေသံသည် အေးစက်နေသော်လည်း ယခုအခါ လီဆန်းစီအဖြစ် ပြောဆိုနေခြင်းဖြစ်ရာ ယုံကြည်ကိုးစားဖွယ်ရာတော့ မရှိချေ။ စီထုံအနေဖြင့် ကောင်းမင် အတည်ပြောနေခြင်းဖြစ်ကြောင်း သိရှိရန် ခဏမျှ အချိန်ယူလိုက်ရသည်။
သူတို့၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြပြီး အများပြည်သူသို့ ဖွင့်လှစ်မထားသော ရုံးခန်းအမှတ် ၄ သို့ ရောက်ရှိလာကြသည်။ ဤနေရာသည် ကောင်စီဝင်စီမေ၏ အထူးစာရွက်စာတမ်းများကို ကိုင်တွယ်ဖြေရှင်းရာ နေရာဖြစ်သည်။ သူမသည် ကောင်းမင်ကို ယုံကြည်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ရင်းမှန်ရှိကြောင်း ပြသသည့်အနေဖြင့် ဤနေရာ၌ တွေ့ဆုံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
"ခရိုင် ၃ မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ငါသိပြီးသွားပြီ၊ ညရဲတွေက စည်းမျဉ်းတွေကို စောင့်ရှောက်တဲ့လူတွေလို့ လူတိုင်း ပြောကြပေမဲ့ မင်းတို့တွေ ရူးသွားတဲ့အခါ ဒီလောက်ထိ ဥပဒေမဲ့ လုပ်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး၊ သမီးရဲ့ အသုဘပွဲမှာတောင် အဖေကို သတ်နိုင်ကြတယ်နော်"
ကောင်စီဝင် စီမေသည် သန့်စင်သော အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားပြီး လှပတင့်တယ်လျက် ရှိသည်။သူမသည် အိပ်ရာမှ နိုးထလာစ ကောင်းကင်တမန်တစ်ပါးနှင့် တူနေပေသည်။
"ဒါက ကျူးချွမ်းအဖွဲ့က သတ်တာပါ၊ ညရဲတွေနဲ့ ဘာမှမဆိုင်ဘူး"
"အမှန်ပဲ၊ အဲ့ဒါ ကျူးချွမ်းအဖွဲ့က သတ်တာပဲ၊ ဒါပေမဲ့ အခုတော့ မင်းရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကို ငါယုံကြည်သွားပြီ"
စီမေသည် ကောင်းမင်နှင့် သဘောတူညီချက် ရပြီးခါစအချိန်တွင်ပင် တစ်ဖက်လူက နောက်တစ်ဆင့်ကို လျင်မြန်ပြတ်သားစွာ လုပ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ဂိုဏ်းတွေရဲ့ အာဏာကို ကန့်သတ်ချင်တဲ့ ကောင်စီဝင်က ငါတစ်ယောက်တည်း မဟုတ်ဘူး၊ တခြားသူတွေလည်း ပူးပေါင်းဖို့ ဆန္ဒရှိကြတယ်၊ ငါ့ရဲ့ နောက်လိုက်တွေလည်း ခရိုင် ၃ ထဲကို ဝင်သွားကြပြီ၊ ကျူးချွမ်းအဖွဲ့နဲ့ ဝမ်ရှန့်တို့ ပျက်စီးသွားပြီးရင် ငါ ရသင့်ရထိုက်တဲ့ အကျိုးအမြတ်ကို ဘေးကင်းကင်းနဲ့ ရနိုင်ဖို့ မျှော်လင့်ပါတယ်"
"စိတ်မပူပါနဲ့၊ ကျူးချွမ်းအဖွဲ့နဲ့ ဝမ်ရှန့်ဂိုဏ်းက ပထမအဆင့်ပဲ ရှိသေးတာ၊ ကျုပ်တို့ရဲ့ ရည်မှန်းချက်ကလည်း ခင်ဗျားနဲ့ အတူတူပါပဲ၊ မှောင်မိုက်နေတဲ့ ဒီမြို့ကြီးထဲကို အလင်းဆောင်ပေးဖို့ပေါ့"
ကောင်းမင်၏ စူးရှသော အကြည့်က စီမေထံသို့ စိုက်ကြည့်နေပြီး သူ့ရည်မှန်းချက်မှာ မီးလျှံကဲ့သို့ တောက်လောင်နေလေသည်။ သူသည် ထိုဂိုဏ်းများကို သူ့ပြိုင်ဘက်အဖြစ် တစ်ခါမှ မမှတ်ယူခဲ့ဖူးပေ။ သူ ဖျက်ဆီးချင်သည်မှာ ဤမြို့ကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် မြှုပ်နှံထားသော အမှောင်ထုကြီးသာ ဖြစ်သည်။
စီမေက ပြုံးလိုက်ရင်း ကောင်းမင်ကို အတော်လေး လေးစားသွားမိသည်။ ရုပ်ရည်ကိုကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး' ဟုလည်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ နှာဘူးရုပ်ပေါက်နေသော ဤသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ကိုယ်သူ ဖုံးကွယ်ရာ၌ အလွန်ကျွမ်းကျင်လှသည်။ သူမနှင့်အတူရှိနေစဉ် သူမ၏ ဆွဲဆောင်မှုရှိသော အနံ့အသက်များ၏ လွှမ်းမိုးမှုအောက်၌သာ သူ၏ စိတ်ရင်းအချို့ကို ဖော်ပြတတ်ခြင်း ဖြစ်သည်။
"ဒါကိုပြောဖို့သက်သက်တော့ ဒီကို လာခဲ့တာ မဟုတ်ဘူးမလား"
ကောင်စီဝင် စီမေက သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်လိုက်ရင်း ကောင်းမင်ကို ပိုစိတ်ဝင်စားလာသည်။ တကယ်တမ်းတွင် သူမသည် မနေ့ညကတည်းက သတင်းအချက်အလက်အချို့ကို စုဆောင်းထားပြီးဖြစ်သည်။
"သဘောတူထားတဲ့အတိုင်းပဲ၊ ခရိုင် ၃ ကို ဝင်မယ့် ခင်ဗျားရဲ့ နောက်လိုက်တွေဟာ ကျုပ်စည်းကမ်းတွေကို လိုက်နာရမယ်၊ ကျုပ်လူတွေက သူတို့ကို စောင့်ကြည့်ပေးဖို့ ဆန္ဒရှိကြတယ်၊ သေချာတာပေါ့ ဒါက ယာယီပါပဲ၊ ပဋိပက္ခတွေ အကြီးအကျယ် ဖြစ်လာပြီး ညရဲတွေ စလှုပ်ရှားတဲ့အခါကျရင် ခင်ဗျား စိတ်ကြိုက်လုပ်လို့ရတယ်"
ကောင်းမင်၏ မျက်လုံးများထဲတွင် တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒများ မရှိဘဲ တောက်လောင်နေသော ရည်မှန်းချက်များသာ ရှိသည်။ ဤကဲ့သို့သော လူစားမျိုးသည် ကြီးမြတ်သူ ဖြစ်လာဖို့ ကံပါလာတတ်ကြသည်။ သို့မဟုတ်လျှင်လည်း နိဂုံးနှစ်မျိုးထဲမှ တစ်မျိုးကိုသာ ရတတ်သည်။ တစ်ခုမှာ အခြေအနေအရပ်ရပ်ကို ကြိုးကိုင်နိုင်သော စွမ်းအားရှိသူ ဖြစ်လာခြင်း သို့မဟုတ် မိမိ၏ ရည်မှန်းချက်မီးတောက်နှင့်အတူ အရှင်လတ်လတ် လောင်ကျွမ်းသွားခြင်း ဖြစ်ပေမည်။
စီမေသည် ကောင်းမင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေ၏။ သူမသည် သူ၏ နှာဘူးရုပ်နောက်ကွယ်မှ တစ်ခုခုကို ရှာဖွေနေပုံရသည်။ နောက်ဆုံးတွင်တော့ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ၊ ဒါပေမဲ့ ငါ့ကို အကြာကြီးတော့ မစောင့်ခိုင်းနဲ့"
ကောင်းမင်၏ အစီအစဉ်မှာ အမှန်တကယ်တော့ ရိုးရှင်းပေသည်။ကောင်စီဝင် စီမေ၏ အဆက်အသွယ်များကို အသုံးပြုကာ ညရဲများကို ခြိမ်းခြောက်ရန်နှင့် ညရဲများကြားထဲတွင် ကောင်စီဝင် စီမေ၏ လူအဖြစ် ဟန်ဆောင်ကာ ရောနှောနေရန် ဖြစ်သည်။ ထို့နောက် ဖရိုဖရဲဖြစ်လာမည့် အခြေအနေကို စောင့်ဆိုင်းကာ အခွင့်အရေးကို အရယူရန်သာ ဖြစ်ပေတော့သည်။