← Chapters

နောက်ဆုံးအလင်းတန်း(ယွီဟွေး)

Vol. 48 Ch. 714

နောက်ဆုံးအလင်းတန်း(ယွီဟွေး)

Vol. 48 Ch. 714

ကရုဏာဖောင်ဒေးရှင်းမှ ယာဉ်များသည် ဆေးဝါးစက်ရုံအနီးအထိ မောင်းနှင်လာခဲ့ကြသည်။ လမ်းမများနှင့် အဆောက်အအုံများမှာ ပျက်စီးခြင်းမရှိဘဲ နဂိုအတိုင်းပင် ရှိနေသေး၏။

"ရောက်ပြီ"

ဒရိုင်ဘာသည် ကားပေါ်မှ ဆင်းရန် တွေဝေနေပြီး စတီယာရင်ဘီးကို တင်းတင်းဆုပ်၍ စိုးရိမ်တကြီးဖြင့် ဟိုကြည့်သည်ကြည့် လုပ်နေလေသည်။

"ကောင်စီဝင် စီမေက ငါတို့နဲ့အတူ ရှိနေတာပဲ၊ မကြောက်နဲ့"

ကျားယိုကျစ်က ဒရိုင်ဘာကို အားပေးလိုက်သည်။ သို့သော်လည်း သူ့ကျောပြင်မှာလည်း ချွေးအေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။ သူသည် တည်ငြိမ်သယောင် ဟန်ဆောင်နေရ၏။

"ဘန်း"

ကားတံခါး ပွင့်သွားပြီး အေးစိမ့်သော လေထုက ကားထဲသို့ တိုးဝင်လာသည်။ ကောင်းမင်က ပထမဆုံး အပြင်သို့ ဆင်းလိုက်သည်။

"လူတွေ အကုန်ဘယ်ရောက်ကုန်တာလဲ"

"အားလုံး သေကုန်ကြပြီထင်တယ်"

ဝူဝေက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဆေးဝါးစက်ရုံဟောင်း တားမြစ်နယ်မြေတုန်းကလည်း အလောင်းတစ်လောင်းမှ ရှာမတွေ့ခဲ့ဘူးလေ၊ ကြားတာတော့... မကောင်းဆိုးဝါးတစ်ကောင်က အသက်ရှင်နေတဲ့သူတွေရဲ့ အလောင်းတွေကို တစ်နေရာတည်းမှာ ပုံထားပြီး အခန်းပြည့်သွားတော့ အဲ့ဒီအလောင်းတွေနဲ့ပဲ သူ့အိမ်ကို ဖန်တီးခဲ့တာတဲ့"

"မင်းစကား မပြောတတ်ရင် ငြိမ်ငြိမ်နေစမ်းပါ"

ကျားယိုကျစ်မှာ ကြောက်နေပြီးသားဖြစ်သော်လည်း ဝူဝေ၏ စကားကြောင့် ပိုထိတ်လန့်သွားကာ ကောင်းမင်၏ နောက်သို့ ကျုံ့လိုက်သည်။

ဟာလာဟင်းလင်းပွင့်နေသော ဆေးဝါးစက်ရုံ တံခါးဝကို ကြည့်ရင်း ကောင်းမင်က တည့်တည့်မတ်မတ် လျှောက်ဝင်သွား၏။ မြေပြင်ပေါ်တွင် စီးကရက်ဖင်စီခံများစွာနှင့် ကလေးတစ်ယောက်၏ ဖိနပ်ရာအချို့ ရှိနေသည်။ ထိုဖိနပ်ရာများသည် စိုစွတ်နေပြီး ဖိနပ်ပိုင်ရှင်မှာ တစ်စုံတစ်ခုသော အရည်များထဲမှ ကူးထွက်လာသည့်ပုံစံမျိုး ဖြစ်နေ၏။

"အဲ့ဒါတွေကို မထိနဲ့"

ဝူဝေက တင်းရှန်း၏ လက်ကို ဆွဲတားလိုက်သည်။

"ပြန်ထားလိုက်"

"ဘာဖြစ်လို့လဲ"

ကောင်းမင် ရပ်တန့်လိုက်ပြီး တင်းရှန်း၏ အိတ်ကပ်ထဲမှ ဖျော့တော့တော့ အနီရောင်ရှိသော အရည်ပုလင်းကို ယူကြည့်လိုက်သည်။

"ဒါက ကျူးချွမ်းအဖွဲ့ရဲ့ ဆေးအသစ်ပဲ၊ မှောင်ခိုဈေးကွက်မှာ ငွေအများကြီး ရနိုင်တယ်၊ မြေကြီးပေါ်မှာ ပြန့်ကျဲနေတာ တွေ့လို့ နှမြောတာနဲ့ ကောက်လိုက်တာ"

တင်းရှန်းက ဝူဝေ၏ လက်ထဲမှ ရုန်းထွက်ပြီး သူမကို စိုက်ကြည့်လိုက်သည်။

"ဆေးအသစ်တွေက မြေကြီးပေါ်မှာ ဒီအတိုင်း ပြန့်ကျဲနေတာလား"

ကောင်းမင်က အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုကဲ့သို့သော ပုလင်းများစွာ ရှိနေသော်လည်း အများစုမှာ ကွဲအက်နေပြီး အရည်များမှာ နေရာအနှံ့ စီးကျနေလေသည်။

ပုလင်းကို လှန်ကြည့်လိုက်သည့်အခါ "ယွီဟွေး" (နောက်ဆုံးအလင်းတန်း)ဟူသော စာလုံးကို ကောင်းမင် မြင်လိုက်ရသည်။

"ကျူးချွမ်းအဖွဲ့ရဲ့ ဆေးဟောင်းနာမည်က “ချန်ကွမ်း” (အရုဏ်ဦးအလင်းတန်း)လို့ ခေါ်ပြီး စုစုပေါင်း ၉ မျိုးရှိတယ်၊ ဆေးအသစ်နာမည်ကတော့ နောက်ဆုံးအလင်းတန်းတဲ့၊ အခုမှ ဒုတိယမျိုးဆက်ပဲ ရှိသေးပေမဲ့ အာနိသင်က အရမ်းပြင်းတယ်"

ဒရိုင်ဘာက ကားပြတင်းပေါက်မှ ခေါင်းပြူကြည့်ရင်း ကောင်းမင်လက်ထဲရှိ ဆေးကို မနာလိုစွာ ကြည့်ရှုနေသည်။

"ယွီဟွေး..."

ကောင်းမင်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ ပုလင်းထဲရှိ နီရဲပြီး အဖတ်လေးများ ပါဝင်သော အရာမှာ လှုပ်ရှားနေသည့် လူသားတစ်သျှူးအချို့နှင့် တူနေလေသည်။ ဤမျှ ကြောက်စရာကောင်းသော အရာကို ဆေးအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

သူသည် သူ့လက်ချောင်းကို အနည်းငယ်လှီးလိုက်ပြီး လက်ထိပ်ကို ပုလင်းထဲသို့ ထည့်ကာ မျက်စိမှိတ်လိုက်သည်။

...

"ကျွန်တော့်ရဲ့ အဖေနဲ့အမေက ဆေးဝါးစက်ရုံမှာ အလုပ်လုပ်ကြတယ်၊ သူတို့က အပြာရောင် ဝတ်စုံဝတ်ထားတဲ့ နတ်သားတွေဖြစ်တယ်၊ လူတွေရဲ့ အသက်ကို ကယ်ဖို့ နေ့တိုင်း ကြိုးစားနေကြတယ်၊ ကျွန်တော် သူတို့ကို အရမ်းချစ်တယ်"

ယွီဟွေးသည် သူ့ခဲတံကိုကိုက်ရင်း စာကြောင်းကို အဆုံးသတ်ရန် ကြိုးစားနေလေသည်။

"ဆရာမက ငါ့မိသားစုအကြောင်း အက်ဆေးရေးခိုင်းတာ၊ ဒါပေမဲ့ အဖေနဲ့အမေက နေ့တိုင်း အလုပ်လုပ်နေတော့ ငါနဲ့ စကားသိပ်မပြောဖြစ်ဘူး၊ သူတို့က ငါ့အပေါ်မှာ ဘိုးဘိုးလီလောက် မကောင်းကြဘူး"

ယွီဟွေး၏ မျက်ခုံးတန်းလေးများက တွန့်ချိုးသွားပြီး စားပွဲပေါ် မှောက်လိုက်ကာ စာရွက်ပေါ်သို့ လေများမှုတ်ထုတ်နေသည်။

"ဖတ်"

စက္ကူလေယာဉ်ပျံတစ်စင်း ပြတင်းပေါက်ကို တိတိကျကျ လာမှန်သည်။ ယွီဟွေးက အပြင်ကို လှမ်းကြည့်လိုက်သည့်အခါ မျက်နှာလေး ချက်ချင်း ဝင်းပသွား၏။ သူသည် အရုပ်လက်ပတ်နာရီကို ဖြုတ်လိုက်ပြီး ကုလားထိုင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ အဆောင်တံခါးကို ဖွင့်၍ လှေကားထောင့်ဆီသို့ ပြေးထွက်သွားတော့သည်။

လွန်ခဲ့သော တစ်ပတ်လောက်က ယွီဟွေးသည် ဆေးဝါးစက်ရုံတွင် သူငယ်ချင်းအသစ်များ ရရှိခဲ့သည်။ သူတို့သည် တခြားလူနေရပ်ကွက်များဆီမှ လျှို့ဝှက်စွာ ထွက်ပြေးလာကြသော ကလေးများ ဖြစ်သည်။

အစပိုင်းတွင် သူတို့သည် အဆောင်ပတ်ဝန်းကျင်မှာတွင်သာ ကစားကြသော်လည်း နောက်ပိုင်းတွင် စက်ရုံတံခါးဝနားအထိ ပိုနီးနီးကပ်ကပ် ကစားလာကြသည်။

"ရှောင်ဟွေး... မိုးချုပ်တော့မယ်နော်၊ အပြင်မှာ တစ်ယောက်တည်း လျှောက်သွားမနေနဲ့ဦး၊ အိမ်ကို အမြန်ပြန်တော့"

ဂိတ်စောင့်ကြီး၏ မျိုးရိုးနာမည်က လီဖြစ်သည်။ သူက ကြင်နာတတ်ပြီး စိတ်ရှည်တတ်သည့် ပုံစံရှိသော်လည်း ဆေးလိပ်အလွန်သောက်တတ်သူ ဖြစ်ကာ တစ်နေ့လျှင် နှစ်ဘူး၊ သုံးဘူးခန့် ကုန်အောင် သောက်လေ့ရှိသည်။

"ဘိုးဘိုးလီ... သားက ခဏလေးပဲ ဆက်ကစားပြီး အိမ်စာသွားလုပ်တော့မှာပါ၊ ဒါကို အဖေနဲ့အမေကို မပြောပါနဲ့နော်"

"အခုမှ ကြောက်နေတာလား"

ဘိုးဘိုးလီက တံခါးကို ပိတ်၍ ကလေးကို တိတ်ဆိတ်စွာ ကြည့်နေရင်း ဈေးအပေါဆုံး ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။

"ဘိုးဘိုးလီက မျက်စိတကယ်မကောင်းတာပဲနော်၊ မင်းက ဒီလောက်အနီးလေးမှာ ရှိနေတာတောင် မမြင်ဘူးနော်။"

...

"အစ်ကိုဝက်ဝံ... ကျွန်မကလေးအတွက် တကယ် စိုးရိမ်မိတယ်၊ အစ်ကိုက ကြီးကြပ်ရေးမှူးတစ်ယောက် ဖြစ်နေပြီပဲ၊ သူ့ကို အဝေးတစ်နေရာကို ပို့ခွင့်မရှိဘူးလား"

နံပါတ် ၀၃၁ သည် ဆေးဝါးစက်ရုံတွင် အလှဆုံး အမျိုးသမီးအလုပ်သမားတစ်ယောက် ဖြစ်သည်။ သူမသည် ကျူးချွမ်းကုမ္ပဏီ၏ ဆေးဝါးစက်ရုံသို့ ရောက်ရှိလာပြီး ရည်းစား ၄ ယောက် ပြောင်းခဲ့ပြီးနောက် နောက်ဆုံးတွင် ဆေးဝါးကြီးကြပ်ရေးမှူး ဝက်ဝံနက်နှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့၏ အိမ်ထောင်ရေးမှာ မသာယာလှပေ။ ဝက်ဝံနက်က သူမအား သူ၏ ဒေါသဖြေဖျောက်ရာနှင့် သားသမီးရယူရေး ကိရိယာတစ်ခုအဖြစ်သာ သဘောထားပုံရသည်။

"မင်းအလုပ်ခွင်ကို ပြန်သွားတော့"

ဝက်ဝံနက်က ခေါင်းမဖော်ဘဲ ဆေးဝါးအသစ်အတွက် စမ်းသပ်ချက် အချက်အလက်များကိုသာ တစိုက်မတ်မတ် မှတ်တမ်းတင်နေလေသည်။

"သူက ရှင့်ကလေးနော်၊ ရှင့်ကလေး"

နံပါတ် ၀၃၁ မှာ စိတ်လှုပ်ရှားလာသည်။ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့တတ်သော သူမသည် ကလေးအတွက်ကြောင့် အသိဉာဏ်မဲ့သူတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး ဝက်ဝံနက်၏ လက်ထဲမှ ဆေးဝါးစမ်းသပ်ချက် မှတ်တမ်းများကို ဆွဲယူလိုက်သည်။

"လွှတ်စမ်း... ဒုတိယအကြိမ် ထပ်မပြောရစေနဲ့ ၀၃၁"

ဝက်ဝံနက်၏ အသံသည် သက်ရှိလူသားတစ်ယောက်၏ လေသံနှင့် မတူဘဲ ကြောက်စရာကောင်းလှသည်။ သို့မဟုတ် သူသည် ကျူးချွမ်းဆေးဝါးစက်ရုံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးနောက် သူ၏ လူသားဆန်မှုများ အကုန်ကွယ်ပျောက်သွားခြင်း ဖြစ်နိုင်ပေသည်။

ဆေးဝါးစမ်းသပ်ချက်မှတ်တမ်းများကို ဆွဲကိုင်ထားသော လက်က တဖြည်းဖြည်း လျော့ရဲသွားသည်။ ၀၃၁ က အံကြိတ်လိုက်သည်။

"ရှင်က တကယ့်တိရစ္ဆာန်ပဲ"

"ချီးမွမ်းပေးတာ ကျေးဇူးပဲ"

၀၃၁ က သူမ၏ ဦးထုပ်နှင့် ကာကွယ်ရေးဝတ်စုံကို ချွတ်ပြီး ဝက်ဝံနက်၏ စားပွဲပေါ် ပစ်တင်ကာ အလုပ်ရုံထဲမှ ပြေးထွက်သွားတော့သည်။

ကျူးချွမ်းအဖွဲ့၏ ဆေးအသစ်ထုတ်လုပ်ရေး စက်ရုံတွင် တင်းကျပ်သော စည်းကမ်းများ ရှိသည်။ အလုပ်ချိန်အတွင်း မည်သူမျှ အလုပ်ရုံမှ ထွက်ခွာခွင့်မရှိဘဲ စည်းကမ်းဖောက်ဖျက်ပါက ပြင်းထန်သော အကျိုးဆက်များကို ခံစားရမည် ဖြစ်သည်။ သို့သော်လည်း ၀၃၁ သည် ဝက်ဝံနက်နှင့် ပတ်သက်မှုကို အားကိုး၍ စည်းကမ်းများကို အကြိမ်ကြိမ် လျစ်လျူရှုခဲ့ဖူးသည်။

ည ၁၀ နာရီတွင်

၀၃၁ သည် အဆောင်သို့ နှစ်နာရီစောပြီး ပြန်ရောက်လာလေသည်။ ဂိတ်စောင့်ကြီး ဘိုးဘိုးလီက သူမကို ပြုံးပြသော်လည်း သူမက လှည့်မကြည့်ဖြစ်ချေ။သူမ၏မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။

ကျူးချွမ်းဆေးဝါးစက်ရုံအတွင်းရှိ အလုပ်သမားအများစုမှာ နံပါတ်များသာ ရှိကြပြီး စီမံခန့်ခွဲသူများနှင့် အဓိက အဖွဲ့ဝင်များသာ အမည်ရှိကြသည်။ သို့သော် ၀၃၁ ၏ ကလေးမှာလည်း ယွီဟွေးဟူသည် အမည်တစ်ခု ရှိလေသည်။

အစပိုင်းတော့ ၀၃၁ သည် ဝက်ဝံနက်က သူ့အခွင့်ထူးကို သုံး၍ ကလေးကို အမည်ပေးထားသည်ဟု ထင်ခဲ့ပြီး တခြားသူများကိုပင် ကြွားခဲ့သေးသည်။ မည်သို့ပင်ဖြစ်စေ ဤညစ်ပတ်ပြီး ပရမ်းပတာဖြစ်နေသည့် မြို့ကြီးတွင် ယောက်ျားတစ်ယောက်ကို အားကိုးရခြင်းသည် ရှက်စရာမဟုတ်ပေ။ သို့သော်လည်း ခုနက ဝက်ဝံနက်လက်ထဲရှိ ဆေးဝါးစမ်းသပ်ချက် မှတ်တမ်းကို သူမ မြင်လိုက်ရသည်။ ကျူးချွမ်းအဖွဲ့၏ ဆေးအသစ်နာမည်ကား နောက်ဆုံးအလင်းတန်း (ယွီဟွေး)ပင်။

ကလေးကို မွေးဖွားခဲ့စဉ်က ၀၃၁ သည် ဝက်ဝံနက်အား ဘာကြောင့် အဖေမျိုးရိုးလည်းမဟုတ် အမေမျိုးရိုးလည်းမဟုတ်သည့် ဤနာမည်ပေးရသော အကြောင်းအရင်းကို မေးခဲ့ဖူးသည်။ ဝက်ဝံနက်ကတော့ သူ့တွင် ရန်သူများစွာ ရှိနေသောကြောင့် ကလေးကို ထုတ်မပြချင်ဟုသာ ရှင်းပြခဲ့သည်။

ထိုအကြောင်းကြောင့်ပင် ယွီဟွေးသည် အသက် ၅ နှစ်အထိ ဆေးဝါးစက်ရုံပြင်ပသို့ တစ်ခါမှ မရောက်ဖူးခဲ့ပေ။ သူ၏ ပညာရေး၊ ကစားခြင်းနှင့် ရှင်သန်မှုအားလုံးသည် စက်ရုံအတွင်း၌သာ ရှိနေခဲ့သည်။

၀၃၁ သည် ယင်းကို ဝက်ဝံနက်၏ ကလေးကို အကာအကွယ်ပေးခြင်းဟု အမြဲထင်ခဲ့သည်။ ခုနက ဆေးဝါးမှတ်တမ်းကို မမြင်ခင်အထိ ထင်ခဲ့ခြင်းပင်။ သူမ၏ ကလေးသည် ဆေးအသစ် ဖြစ်နေခဲ့ခြင်းပင်။

ဤမြို့ကြီးသည် ညစ်ပတ် မှောင်မိုက်ပြီး ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေခြင်းဖြစ်သည်။ သို့သော် မွေးကင်းစကလေးငယ်များသည် မညစ်ညမ်းသေးသောကြောင့် အကောင်းဆုံး ဓာတ်ကူပစ္စည်းများ ဖြစ်ကြပေသည်။

"အမေ သားကို ကာကွယ်ပေးမယ်"

အိမ်သို့ ပြန်ရောက်သောအခါ ၀၃၁ က ကလေး၏ အမည်ကို အကြိမ်ပေါင်းများစွာ အော်ခေါ်ရင်း ပစ္စည်းများကို မွှေနှောက်ရှာဖွေနေသော်လည်း ဘာသံမှ ပြန်မကြားရပေ။

"ယွီဟွေးလား"

သူမသည် ထိတ်လန့်တကြားဖြင့် အိပ်ခန်းထဲသို့ ပြေးဝင်သွားသည်။ ယွီဟွေးသည် ထောင့်တစ်နေရာတွင် တစ်ယောက်တည်း ထိုင်ကာ သူ့ဘာသာ စကားပြောနေသည်ကို တွေ့လိုက်ရသည်။

"ယွီဟွေး၊ အမေ ခေါ်နေတာကို ဘာလို့ ပြန်မထူးတာလဲ"

ယွီဟွေးကို ဆွဲယူရန် လက်လှမ်းလိုက်သည်။ထိုအချိန်တွင် ယွီဟွေးသည် ညစ်ပတ်နေသော အနီရောင် ဂါဝန်လေး ဝတ်ထားသည်ကို ၀၃၁ သတိပြုမိသွားသည်။ ထိုကဲ့သို့သော အဝတ်အစားမျိုး အိမ်မှာ မရှိမှန်း သူမ သေချာပေါက် သိသည်။

"သား နေ့ခင်းဘက် ဘယ်တွေ သွားခဲ့တာလဲ၊ ဒါက ဘယ်သူ့ အဝတ်အစားတွေလဲ"

All Chapters