← Chapters

ဒါပေမယ့် သူတို့က ရောက်နေပြီးသားလေ

Vol. 48 Ch. 715

ဒါပေမယ့် သူတို့က ရောက်နေပြီးသားလေ

Vol. 48 Ch. 715

“မေမေ...”

ယွီဟွေးသည် သရဲစီးခံထားရသကဲ့သို့ ငေးငိုင်နေရာမှ ယခုမှပင် နံပါတ် ၀၃၁ ကို သတိပြုမိသွားဟန်တူသည်။

“မိုးချုပ်ခါနီးတုန်းက သား ရေကန်ထဲ ပြုတ်ကျသွားတာလေ၊ အဲ့ဒါကို သားကို သူငယ်ချင်းတွေက လာကယ်ကြတယ်၊ အဝတ်အစားတွေတောင် ပေးလိုက်သေးတယ်”

“သားသူငယ်ချင်းတွေ ဟုတ်လား... အဆောင်ထဲမှာ တခြားကလေးတွေ ရှိသေးလို့လား”

“ဟုတ်တယ်... သူတို့က အရမ်းသဘောကောင်းတာ၊ ကစားနည်းမျိုးစုံလည်း ဆော့ကြတယ်၊ ဖေဖေနဲ့မေမေ့ဆီက အချစ်တွေ ပိုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း သူတို့က သင်ပေးတယ်”

“သူတို့က ဘာတွေပြောလို့လဲ”

ယွီဟွေးသည် သူ့လည်ပင်းတဝိုက်ရှိ အနီကွက်အဝိုင်းများကို ထုတ်ပြလိုက်သည်။ ထို့နောက် ဘာမှ ပြန်မပြောဘဲ အပြစ်ကင်းစင်စွာ ပြုံးပြလိုက်သည်။

“မေမေ မေးနေတယ်လေ”

နံပါတ် ၀၃၁ သည် စိုးရိမ်စိတ်ကြောင့် တင်းမာသွားကာ ယွီဟွေး၏ ပုခုံးကို အတင်းဖိညှစ်လိုက်မိသည်။ ယွီဟွေးကမူ သူ့မိခင် ထူးထူးခြားခြား ဖြစ်ပျက်နေသည်ကို သတိမထားမိဘဲ စိတ်အာရုံက ထိုနေ့ခင်းက အဖြစ်အပျက်များဆီသို့သာ ရောက်ရှိနေပုံရသည်။ သူသည် ပုခုံးကို တင်းကျပ်စွာ အဖိခံထားရသော်လည်း နာကျင်ခြင်းကြောင့် ငိုယိုခြင်း မရှိပေ။

“ထားလိုက်တော့... မမေးတော့ဘူး”

နံပါတ် ၀၃၁ သည် ညစ်ပတ်နေသော အနီရောင်အင်္ကျီကို အကြမ်းပတမ်း ဆွဲချွတ်ပစ်လိုက်သည်။

“ဗီရိုထဲက သန့်ရှင်းတဲ့ အဝတ်အစားတွေ သွားလဲလိုက်၊ ပြီးရင် သားပစ္စည်းတွေ သိမ်းတော့၊ မေမေ သားနဲ့ အပြင်ထွက်ပြီး ကစားပေးမယ်”

“အပြင်သွားကစားမလို့လား”

ယွီဟွေး၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။

“ဟုတ်... ဟုတ်”

သူသည် အိပ်ခန်းထဲသို့ ခုန်ပေါက်ဝင်သွားတော့သည်။ သူ၏ ခရီးဆောင်သေတ္တာလေးကို ဆွဲထုတ်လိုက်ပြီး ကျောင်းစာအုပ်များနှင့် အိမ်စာစာအုပ်များမှလွဲ၍ ကျန်ရှိသမျှကို အတင်းထိုးထည့်တော့သည်။

နံပါတ် ၀၃၁ သည် စိုးရိမ်မှုများပြည့်နေသော မျက်ဝန်းများဖြင့် ကြမ်းပြင်ပေါ်မှ အနီရောင်အင်္ကျီကို ကောက်ယူကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ သူမသည် ၎င်းကို ရေချိုးကန်အတွင်း မီးရှို့လိုက်ပြီး ထိုအနီရောင်အင်္ကျီ ပြာဖြစ်သွားသည်ကို မြင်ရတော့မှပင် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားတော့သည်။

“ပစ္စည်းတွေ အများကြီး မယူနဲ့၊ လိုတာရှိရင် တခြားရပ်ကွက်တွေမှာ ဝယ်လို့ရတယ်”

နံပါတ် ၀၃၁ သည် ဝက်ဝံနက် ပေးထားသည့် လက်ဝတ်ရတနာများနှင့် ငွေအချို့ကို အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ယွီဟွေး၏ လက်ကိုဆွဲကာ ဝန်ထမ်းအဆောင်မှ ထွက်လာခဲ့ကြသည်။

“ဖေဖေကို မစောင့်တော့ဘူးလားဟင်”

“သူက သားဖေဖေ ဖြစ်ရလောက်တဲ့အထိ မထိုက်တန်ဘူး”

သေတ္တာ၏ ဘီးသံများသည် လှေကားထစ်များနှင့် ထိမိကာ တဂျိဂျိ မြည်နေလေသည်။ နံပါတ် ၀၃၁ နှင့် ယွီဟွေးတို့သည် အဆောက်အအုံအပြင်ဘက်သို့ ပြေးထွက်လာခဲ့ကြသည်။ ဂိတ်စောင့်ကြီး ဘိုးဘိုးလီသည် ဝင်းတံခါးကို ပိတ်ရန် ပြင်ဆင်နေစဉ် သူတို့သားအမိ လာနေသည်ကို မြင်လိုက်ရသည်။ သူ့ လှုပ်ရှားမှုများ နှေးကွေးသွားသည်။

“ကလေးကို ခေါ်သွားမလို့လား... ဝက်ဝံနက်က သဘောတူရဲ့လား”

“ဟုတ်ကဲ့... သူက ယွီဟွေးကို တွေ့ချင်လို့တဲ့”

အမျိုးသမီးသည် အရာအားလုံး ပုံမှန်ဖြစ်နေသယောင် ဟန်ဆောင်နေသော်လည်း ဘိုးဘိုးလီကမူ သူမ၏ လိမ်ညာမှုကို ရိပ်မိနေခဲ့သည်။ သို့သော် သူက ထုတ်ဖော်မပြောခဲ့ပေ။

သူ့လက်များ ဘေးသို့ ကျသွားသည်။ဘိုးဘိုးလီသည် ဈေးပေါသော ဆေးလိပ်တစ်လိပ်ကို ထုတ်လိုက်ပြီး ခြောက်ကပ်နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ အကြာကြီး စဉ်းစားပြီးမှ ပြောလိုက်သည်။

“မိုက်မဲတာတွေ မလုပ်ပါနဲ့၊ သူက မွေးကတည်းက ဒီမှာပဲ ရှင်သန်ဖို့ ကံပါလာတာ၊ အပြင်ထွက်ရင် သူ သေလိမ့်မယ်”

“ဖယ်စမ်းပါ”

နံပါတ် ၀၃၁ သည် ဘိုးဘိုးလီ၏ စကားအဓိပ္ပာယ်ကို နားလည်သည်။ ထိုဆေးဝါးစက်ရုံသည် သန့်စင်ပြီး ကြင်နာတတ်သည့် အမျိုးသမီး အလုပ်သမား အများအပြားကို ငှားရမ်းထားသည်။ ပုံမှန်အားဖြင့် စာချုပ်မှာ ၃ နှစ်မှ ၅ နှစ်အထိ ဖြစ်သည်။ ထိုကာလအတွင်း သူတို့ကို သင့်တော်သည့် ရည်းစားများနှင့် စပ်ဟပ်ပေးလေ့ရှိသည်။ သူတို့ စက်ရုံတွင် အလုပ်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျန်းမာသန်စွမ်းသည့် ကလေးငယ်တစ်ဦး မွေးဖွားပေးရန်သာ ဖြစ်သည်။ထို့နောက် ထိုကလေးသည် ဆေးဝါးအဖြစ် အသုံးချခံရမည် ဖြစ်သည်။

နံပါတ် ၀၃၁ သည် ဝက်ဝံနက်အားအား အခြားလူများနှင့်မတူဘဲ အားကိုးထိုက်သူဟု ယုံကြည်ကာ မျှော်လင့်ချက် ထားခဲ့မိသည်။ သို့သော် သူတို့သည် ဆေးနာမည်ကိုပင် ကြိုတင်ရွေးချယ်ထားကြောင်း သူမ မသိခဲ့ပေ။ အရာအားလုံးသည် စမ်းသပ်မှု၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်နေခဲ့သည်။

“ငါ မင်းကို တားနေတာမဟုတ်ဘူး... မင်းကို ကယ်နေတာ”

ဘိုးဘိုးလီသည် သက်ပြင်းချလိုက်ပြီး ဝေ့ဝဲနေသော ဆေးလိပ်ငွေ့များကြားတွင် လှည့်ထွက်သွားတော့သည်။

“ယွီဟွေးက တခြားကလေးတွေကို မြင်တွေ့ပြီးနေပြီပဲ”

“သွားကြစို့”

နံပါတ် ၀၃၁ က ဘိုးဘိုးလီ၏ စကားကို ဖြတ်ပြောလိုက်သည်။သူမသည် ခရီးဆောင်သေတ္တာကို ဆွဲ၍ ယွီဟွေး၏ လက်ကိုဆွဲကာ အပြင်သို့ ပြေးထွက်သွားသည်။

“ဘိုးဘိုးလီ... သားတို့ သွားပြီနော်၊ ဂရုစိုက်ပါ... ဆေးလိပ်လည်း လျှော့သောက်ပါ”

ယွီဟွေးက လက်ကလေး ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် အလွန်ကြင်နာတတ်သည့် ကလေးငယ် ဖြစ်သဖြင့် ဘိုးဘိုးလီက သူ့ကို အလွန်ချစ်သည်။ သို့သော် ယခုတစ်ခါတွင်မူ ဘိုးဘိုးလီသည် လှည့်မကြည့်ဘဲ ဆေးလိပ်ကိုသာ တိတ်ဆိတ်စွာ သောက်နေခဲ့သည်။

သူသည် ယခင်ကလည်း ထိုကဲ့သို့သော အဖြစ်အပျက်များကို ကြုံဖူးဟန်တူသော်လည်း မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ခဲ့ပေ။

ကားအဆင့်ဆင့် ပြောင်းစီးပြီးနောက် နံပါတ် ၀၃၁ သည် ယွီဟွေးကို ကျူးချွမ်းအဖွဲ့နှင့် ဝေးရာ ၁၁ ခုမြောက် ရပ်ကွက်၏ အစွန်အဖျားသို့ ခေါ်ဆောင်သွားခဲ့သည်။

“ရှောင်ဟွေး... နောက်နေ့တွေမှာ အပြင်မထွက်နဲ့ဦးနော်၊ အထဲမှာပဲ နေပါ”

နံပါတ် ၀၃၁ သည် ယွီဟွေးအား ယခင်က တစ်ခါမှ ထိုမျှလောက် အလေးအနက် မပြောဖူးပေ။

“မေမေ့ကို ကတိပေးပါ... သား သေချာပေါက် ကတိပေးရမယ်”

“ဟုတ်ကဲ့... သား နားလည်ပါပြီ”

ယွီဟွေးသည် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိရှာပေ။ သူ၏ ကလေးစိတ်တွင် မိခင်ဖြစ်သူ ပြောသည်ကို နားထောင်ခြင်းသည် အမြဲတမ်းမှန်ကန်သည့်အရာဟု ယူဆထားပေသည်။

“အိပ်တော့နော်... ဒီနေ့ ပင်ပန်းသွားရပြီ”

ငှားထားသည့် အခန်းမှာ သိပ်မကျယ်ပေ။ သီးသန့်အိပ်ခန်း မရှိဘဲ အိမ်သာ၊ မီးဖိုနှင့် အိပ်ရာ အားလုံးသည် စတုရန်းမီတာ ၂၀ အတွင်း၌သာ စုပြုံနေလေသည်။

“နောက်ရက်ကျရင် မေမေ သားအတွက် ပိုကြီးတဲ့ အိမ်တစ်လုံး ရှာပေးမယ်”

တံခါးကို ဂျက်ထိုး၍ မီးပိတ်လိုက်ပြီးနောက် နံပါတ် ၀၃၁ သည် ယွီဟွေးကို စောင်ခြုံပေးလိုက်သည်။ ထို့နောက် တံခါးရှေ့၌ ဖျာစုတ်လေးတစ်ချပ် ခင်း၍ အိပ်စက်လိုက်သည်။

“ယွီဟွေးက ငါ့ကလေးပဲ... ဆိုးယုတ်မှုကို ကုသတဲ့ ဆေးမဟုတ်ဘူး...”

သူမ၏ မျက်ခွံများက တဖြည်းဖြည်း ပိုလေးလံလာကာ အိပ်ပျော်သွားတော့သည်။

အချိန်မည်မျှကြာသွားသည်မသိ ရုတ်တရက် ကလေးတစ်ဦး၏ စကားပြောသံကြောင့် သူမ နိုးလာခဲ့သည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ယွီဟွေးသည် သူမ၏ မျက်နှာကို စိုက်ကြည့်လျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမ နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် သားဖြစ်သူက ရုတ်တရက် ဘေးနားတွင် ရပ်၍ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် နံပါတ် ၀၃၁ မှာ ချွေးအေးများ စီးကျလာတော့သည်။

“ရှောင်ဟွေး... သား ဘာကြည့်နေတာလဲ”

“သား သူငယ်ချင်းတွေက အထဲဝင်ချင်လို့တဲ့၊ သူတို့ တံခါးအပြင်မှာ ရောက်နေကြပြီ၊ ဒါပေမဲ့ မေမေက လမ်းပိတ်နေလို့လေ... သားက မေမေ့ကို နှိုးရမလားလို့ စဉ်းစားနေတာ၊ မေမေ တစ်နေ့လုံး အလုပ်လုပ်ရတော့ ပင်ပန်းနေမှာ စိုးလို့ပါ”

ယွီဟွေးသည် အလွန်သိတတ်လွန်းသည့် ကလေးငယ် ဖြစ်သည်။ သူသည် အမြဲတမ်း တခြားသူများအတွက် တွေးပေးတတ်သည်။သူသည် ထိုမျှ ချစ်စရာကောင်းသည့် ကလေးတစ်ယောက်ပင်။

“သူတို့နဲ့ မကစားနဲ့၊ သူတို့နဲ့ လုံးဝ မကစားရဘူးနော်”

နံပါတ် ၀၃၁ ၏ လေသံက အလွန်ပင် လေးနက်နေသည်။ သူမသည် ပြန်မအိပ်ရဲတော့ဘဲ မိုးလင်းသည့်တိုင်အောင် တံခါးဝ၌ စောင့်ကြပ်နေခဲ့ရသည်။

သူမ၏ ခေါင်းမှ မူးနောက်နေဆဲ ဖြစ်သည်။ နေထွက်လာသောအခါ မြို့ကြီးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသလိုပင်။ အမှောင်ထုများ ပျောက်ကွယ်သွားကာ လူများသည်လည်း ၎င်းတို့၏ အလုပ်ကိစ္စများကို လုပ်ဆောင်ကြတော့သည်။

နောက်ဆုံးတွင် အမှောင်ထု ကုန်လွန်သွားပြီ ဖြစ်သဖြင့် နံပါတ် ၀၃၁ စိတ်သက်သာရာ ရသွားသည်။ သူမသည် ယူဆောင်လာသည့် အစားအသောက်များကို ရေနွေးဖြင့် စိမ်လိုက်ကာ ယွီဟွေးနှင့်အတူ ရိုးရှင်းသည့် မနက်စာကို စားလိုက်ကြသည်။

“မေမေ ခဏလောက် အနားယူဦးမယ်နော် ရှောင်ဟွေး၊ သား မေမေ့နားကနေ လုံးဝ ဝေးဝေးမသွားနဲ့နော်”

နံပါတ် ၀၃၁ သည် ယွီဟွေးအတွက် အလွန်စိုးရိမ်နေသဖြင့် အိပ်ရာခင်းကို ကျစ်ကျစ်ပါအောင် လိပ်ကာ သူမ၏ လက်များနှင့် ယွီဟွေး၏ ခါးကို တွဲချည်ထားလိုက်သည်။

အိပ်ချင်စိတ်များက သူမကို လွှမ်းမိုးလာသည်။ တစ်ညလုံး ကင်းစောင့်နေခဲ့ရသဖြင့် ၀၃၁ သည် ခဏမျှ အိပ်ပျော်သွားတော့သည်။ ယွီဟွေးသည်လည်း အလွန်လိမ္မာသဖြင့် သူ၏ ရုပ်ပြစာအုပ်ကို ထုတ်ကာ တိတ်တဆိတ် ဖတ်ရှုနေလိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီး ၀၃၁ ပြန်နိုးလာသောအခါ မွန်းတည့်ချိန်သို့ ရောက်နေပြီဖြစ်သည်။ သူမသည် လိုက်ကာကို အသာဟ၍ အပြင်သို့ ကြည့်လိုက်သည်။ ၁၁ ခုမြောက် ရပ်ကွက်တွင် ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။

“ကျူးချွမ်းအဖွဲ့က ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး၊ သူတို့ နောက်ထပ် ရက်နည်းနည်းလောက်တော့ ဆက်ရှာကြဦးမှာပဲ”

အိပ်ရာခင်းကို ဆွဲဖယ်လိုက်သောအခါ ယွီဟွေးသည် သူ၏ ရုပ်ပြစာအုပ်ပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာလေးသည် အလွန်ပင် အပူအပင်မဲ့၍ အပြစ်ကင်းစင်လှသည်။ ယွီဟွေးသည် မွေးကတည်းက သန့်ရှင်းစင်ကြယ်သည့် ကလေးငယ်တစ်ယောက် ဖြစ်ပေသည်။

“ရှောင်ဟွေး... နေ့လယ်စာ စားချိန်ရောက်ပြီ”

၀၃၁ သည် ယွီဟွေးအား အစားအသောက်အချို့ ပေးလိုက်သည်။ ယွီဟွေးသည် အိပ်ချင်မူးတူးဖြင့် အစားအသောက်များကို ကြည့်ကာ ခဏမျှ ငြိမ်သက်သွားသည်။ ထို့နောက် ထိုအစားအသောက်များကို ညီမျှသော အပုံလေးများအဖြစ် ခွဲလိုက်လေသည်။

“သား ဘာလုပ်နေတာလဲ”

“သား သူငယ်ချင်းတွေလည်း ဗိုက်ဆာနေကြပြီတဲ့... သူတို့လည်း စားချင်လို့တဲ့”

“ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ”

၀၃၁ က ယွီဟွေး၏ လက်ကို လှမ်းဆွဲလိုက်သည်။ ထူထဲသည့် လိုက်ကာများက နေရောင်ခြည်ကို ပိတ်ဆို့ထားသဖြင့် ယွီဟွေး၏ မျက်နှာလေးပေါ်တွင် အလင်းပြောက်လေးများသာ ကျရောက်နေသည်။

“စားတော့၊ ဒီမှာပဲ ငြိမ်ငြိမ်နေနော်၊ အပြင်ထွက်ပြီး အစားအသောက် သွားမပေးနဲ့... ဘာအသံပဲ ကြားကြား ပြန်မထူးနဲ့”

“ဒါပေမဲ့...”

ယွီဟွေးသည် ရေချိုးခန်းဘက်သို့ ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်းကြည့်လိုက်သည်...။

“သူတို့ အထဲကို ရောက်နေကြပြီလေ”

All Chapters