ကလေးမျက်စိထဲက မြို့ကြီး
Vol. 48 Ch. 716
ကလေးတစ်ယောက်၏ စကားများသည် ရိုးရှင်းသော်လည်း ထိုရိုးရှင်းမှုထဲတွင်ပင် စစ်မှန်သော ထိတ်လန့်ခြောက်ခြားဖွယ်ရာများ ကိန်းအောင်းနေတတ်သည်။
“မဖြစ်နိုင်တာ... သူတို့က နေ့ခင်းကြီး ပေါ်လာလို့မရဘူးလေ”
“မေမေ... သူတို့က မေမေ့ရဲ့ အနောက်တည့်တည့်မှာပဲ ရှိနေတာ”
“တိတ်စမ်း... တိတ်တော့ နောက်တစ်ခွန်းမှ ထပ်မပြောနဲ့တော့”
နံပါတ် ၀၃၁ ၏ ပုခုံးများက အသာအယာတုန်ရီနေပြီး ထမင်းပန်းကန်ကိုပင် လွတ်ကျသွားစေခဲ့သည်။
“မေမေ...”
ယွီဟွေးသည် သူ၏မိခင်ဖြစ်သူ အဘယ်ကြောင့် ထိုသို့ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ရှာပေ။
“လာ... တခြားတစ်နေရာကို သွားကြမယ်၊ သူတို့ သားကို လုံးဝ ရှာမတွေ့နိုင်တဲ့ နေရာမျိုးကို မေမေ ခေါ်သွားပေးမယ်”
“ဒါပေမဲ့ သားက သူတို့နဲ့ ကစားချင်တယ်လေ၊ သားမှာ ငယ်ငယ်လေးကတည်းက သူငယ်ချင်း တစ်ယောက်မှ မရှိခဲ့ဘူး”
“သားသာ သူတို့နဲ့အတူ နေမယ်ဆိုရင် ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး၊ ပြီးတော့ သားလည်း သူတို့လိုပဲ ဖြစ်သွားလိမ့်မယ်”
နံပါတ် ၀၃၁ သည် အထုပ်အပိုးများကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။ထို့နောက် ကြောင်အမ်းအမ်း ဖြစ်နေသော ယွီဟွေး၏ လက်ကိုဆွဲ၍ တစ်ညတာ တည်းခိုခဲ့ရသည့် ထိုအိမ်လေးမှ ထွက်ခွာလာခဲ့ကြပြန်သည်။
“မေမေ... သားတို့ ဘယ်ကို သွားကြမှာလဲ”
“သူတို့ မေမေတို့ကို ဘယ်တော့မှ ရှာမတွေ့နိုင်တော့မယ့် နေရာကိုပေါ့”
နောက်ရက်အနည်းငယ်အတွင်း နံပါတ် ၀၃၁ နှင့် ယွီဟွေးတို့သည် တစ်နေရာပြီးတစ်နေရာသို့ အဆက်မပြတ် ရွှေ့ပြောင်းနေခဲ့ကြသည်။ ယွီဟွေးက သူ့သူငယ်ချင်းများအကြောင်းကို တဖြည်းဖြည်း မပြောပြတော့ပေ။ သို့သော်လည်း နံပါတ် ၀၃၁ ကမူ ပေါ့ဆဝံ့ခြင်းမရှိဘဲ ယွီဟွေးကို အဖိုးတန်ရတနာတစ်ခုကဲ့သို့ အနီးကပ် စောင့်ရှောက်နေခဲ့သည်။ သူမသည် ယွီဟွေး အိမ်သာသွားချိန်တွင်ပင် စက္ကန့်အနည်းငယ်ခြားတိုင်း လှမ်းမေးနေတတ်သည်။
စားစရာများ ကုန်သွားသောအခါ နံပါတ် ၀၃၁ သည် အပြင်မထွက်၍ မရတော့ပေ။
သူမ လိုက်ကာနောက်ကွယ်မှ ချောင်းကြည့်လိုက်သည်။လမ်းမပေါ်တွင် လူများဖြင့် စည်ကားနေပြီး လူတိုင်းသည် ကျူးချွမ်းအဖွဲ့၏ သူလျှိုများကဲ့သို့ သူမ၏ မျက်စိထဲတွင် မြင်နေရသည်။
“ရှောင်ဟွေး... သား အိမ်မှာပဲ နေခဲ့နော်၊ မေမေ စားစရာသွားဝယ်လိုက်ဦးမယ်”
နံပါတ် ၀၃၁ က တံခါးကိုဖွင့်လိုက်ပြီး ညအမှောင်ထဲတွင် တိတ်တဆိတ် ထွက်လာ၏။ ယွီဟွေးသည် နောက်ပိုင်းတွင် သူ့သူငယ်ချင်းများအကြောင်း မပြောတော့ဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်နေသဖြင့် သူမက သူ့ကို အိမ်တွင် တစ်ယောက်တည်း ထားခဲ့ဝံ့ခြင်း ဖြစ်သည်။
ဦးထုပ်၊ နှာခေါင်းစည်းတို့ဖြင့် လုံခြုံစွာ ဖုံးအုပ်ထားသဖြင့် မည်သူမျှ သူမကို မှတ်မိနိုင်မည်မဟုတ်ဟု နံပါတ် ၀၃၁ က ထင်မှတ်ထားသည်။ သူမ စူပါမားကတ်ထဲသို့ ပြေးဝင်သွားလိုက်သည်။ ဈေးနှုန်းများကိုပင် ဂရုမစိုက်တော့ဘဲ ပစ္စည်းအများအပြားကို ဝယ်ယူလိုက်ပြီး အိမ်သို့ အမြန်ပြန်လာခဲ့သည်။
အသွားအပြန် မိနစ် ၂၀ ခန့်သာ ကြာသော်လည်း တိုက်ခန်းအဆောက်အအုံနားသို့ နီးကပ်လာသောအခါ လူတစ်ယောက်သည် အနီးအနားတွင် မသင်္ကာဖွယ်ရာ ခိုးကြောင်ခိုးဝှက်ပြုနေသည်ကို တွေ့လိုက်ရသည်။
“ကျူးချွမ်းအဖွဲ့ပဲ”
နံပါတ် ၀၃၁ သည် စားစရာများကို ပိုက်လျက် နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွား၏။ သူမ၏ ကျောပြင်က 'နံရံ' တစ်ခုနှင့် သွားတိုက်မိတော့သည်။ သူမ လှည့်ကြည့်လိုက်သောအခါ ဗလတောင့်တောင့်နှင့် ထွားကြိုင်းသော လူတစ်ယောက်က လမ်းပိတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့အရေပြားပေါ်တွင် ဆေးဝါးအလွန်အကျွံ သုံးစွဲမှုကြောင့် ထွက်ပေါ်နေသော အနက်ရောင် သွေးကြောကြီးများက ဖောင်းကြွလျက်ရှိနေလေသည်။
“မိခင် ၀၃၁... မင်းကို တွေ့ပြီ”
ထိုထွားကြိုင်းသော လူ၏ လက်ကောက်ဝတ်မှ အနက်ရောင်နာရီက အနီရောင်အလင်းတစ်ချက် ဖျတ်ခနဲ လင်းလက်လာသည်။
“ဆေးအသစ်ကို ဘယ်မှာ ဝှက်ထားတာလဲ”
“ဒါက ဆေးမဟုတ်ဘူး... ဒါက ငါ့ကလေး”
ညစ်ပတ်ကြမ်းတမ်းသော လက်တစ်ဖက်က အမျိုးသမီး၏ လည်ပင်းကို ညှစ်ကာ နံရံတွင် ကပ်ထားလိုက်သည်။
“ဆေးမရှိရင် မင်းရော ငါရော ရူးသွားကြလိမ့်မယ်၊ အဲ့ဒီဆေးရဲ့ ကျေးဇူးက ငါတို့အပေါ် ကြီးမားတယ်ကွ၊ ကောင်းပြီ... အရူးလိုလုပ်မနေဘဲ သူ ဘယ်မှာလဲဆိုတာ မြန်မြန်ပြောစမ်း”
မိခင် ၀၃၁ ကမူ ဘာမှပြန်မပြောဘဲ သူမ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် ရုန်းကန်၍ ထိုလူ၏ လက်ကို ကိုက်ချလိုက်သည်။ ပျစ်ခဲပြီး နောက်ကျိနေသော သွေးမည်းများ စီးကျလာလေသည်။ ထိုလူက အမျိုးသမီး၏ ခန္ဓာကိုယ်ကို နံရံနှင့် အရှိန်ပြင်းပြင်း ဆောင့်ပစ်လိုက်သည်။
သူမ၏ခေါင်းစည်းနှင့် နှာခေါင်းစည်းများ ကျွတ်ထွက်သွား၏။ မိခင် ၀၃၁ ၏ လှပသော မျက်နှာ ပေါ်ထွက်လာသောအခါ ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားတော့သည်။
“ဒီလို လှပတဲ့ မိန်းကလေးတစ်ယောက်ကို ဒီဖက်တီးကောင်က ဘယ်လိုတောင် လုပ်ရက်တာလဲကွ၊ သူက ငါတို့ ၁၁ ရပ်ကွက်က လူမဟုတ်ဘူး ထင်တယ်”
“အဲ့ဒီမိန်းကလေးက ထွက်ပြေးသွားတဲ့ ငါ့မိန်းမနဲ့ တူတယ်... မဟုတ်ဘူး၊ သူက ငါ့မိန်းမပဲ၊ ညီအစ်ကိုတို့... သူတို့ကို တားကြစမ်း”
အလှအပဟူသည် နေရာအနှံ့တွင် ရှားပါးလှသော အရာတစ်ခု ဖြစ်သည်။ မကောင်းသော ရည်ရွယ်ချက် ရှိသည့် လူများစွာ စုဝေးလာကြသဖြင့် ထိုလူ ဆက်မနေရဲတော့ပေ။ နောက်ဆုံးတွင် ဤနေရာသည် ကျူးချွမ်းအဖွဲ့၏ နယ်မြေမဟုတ်ပေ။ သူသည် အမျိုးသမီးကို မချီကာ လမ်းကြားထဲသို့ ပြေးဝင်သွားတော့သည်။
တိုက်ခန်းဟောင်းလေးအတွင်း၌မူ ယွီဟွေးသည် ဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး တံခါးဝဆီသို့ မကြာခဏ လှမ်းကြည့်နေလေသည်။
နာရီဝက်ခန့် ကြာသွားသော်လည်း မိခင်ဖြစ်သူ ပြန်မလာသေးပေ။ ယွီဟွေးသည် ရုတ်တရက် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“အပြင်မထွက်လာနဲ့... မေမေက ခနနေ ပြန်လာတော့မှာ”
“ငါ့ကို စကားမပြောနဲ့... ငါ ဘာမှမကြားဘူး၊ ငါ မင်းတို့နဲ့ မကစားချင်တော့ဘူး”
“ထွက်သွားကြ... ငါ့ကို မထိနဲ့၊ ဝေးဝေးနေကြစမ်း”
နံပါတ် ၀၃၁ သည် ယွီဟွေးကို အိမ်အမျိုးမျိုးသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားခဲ့ခြင်းဖြင့် ထိုလူများကို မျက်ခြေဖြတ်နိုင်ခဲ့ပြီဟု ထင်မှတ်ထားခဲ့သည်။ အမှန်စင်စစ် ယွီဟွေးသည် မိခင်ဖြစ်သူ မည်မျှပင်ပန်းနေသည်ကို မြင်တွေ့နေရသဖြင့် ပုံမှန်ဖြစ်နေသယောင် ဟန်ဆောင်နေခဲ့ခြင်းသာ ဖြစ်သည်။
ကျူးချွမ်းဆေးဝါးစက်ရုံမှ ထွက်ခွာလာပြီးကတည်းက သူ့မျက်စိထဲတွင် ကမ္ဘာကြီးသည် တဖြည်းဖြည်း ထူးဆန်းလာခဲ့သည်။ သူ့သူငယ်ချင်းများသည် တံခါးချောင်းကြည့်ပေါက်မှတစ်ဆင့် သူ့ကို ချောင်းကြည့်ရုံတင်မကတော့ဘဲ ပြတင်းပေါက်တွင်လည်း မျက်နှာများ ကပ်ကာ သူ့ကို အောက်ဆင်းကစားရန် ခေါ်နေတတ်ကြသည်။ နောက်ပိုင်းတွင် သူတို့ အိမ်ထဲ မည်သို့ဝင်လာသည်မသိဘဲ ထောင့်တိုင်းတွင် ရပ်ကာ သူ့ကို စိုက်ကြည့်နေကြတော့သည်။
တိုးပွားလာသော သူငယ်ချင်းများအပြင် ယခင်က သူပုံမှန်ဟု ထင်မှတ်ခဲ့ထားသော မြို့ကြီးနှင့် မြို့သားများသည်လည်း ထူးထူးခြားခြား စတင်ပြောင်းလဲလာခဲ့သည်။ လူတို့၏ နှလုံးသားများထဲတွင် အရုပ်ဆိုးလှသော လက်တံများ သို့မဟုတ် အမြစ်များကဲ့သို့ အရာတစ်ခု ပေါက်ဖွားနေသည်ကို သူ မြင်တွေ့နေရသည်။ ထိုအရာများ၏ အောက်ခြေတွင် ရှည်လျားသေးငယ်သော အနက်ရောင် အမြစ်များသည် အာရုံကြောများနှင့် သွေးကြောများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ လူသားတို့၏ နှလုံးသားထဲမှ မီးခိုးရောင်စိတ်ခံစားချက်များကို အစဉ်အမြဲ စုပ်ယူနေကြသည်။
လူအများစုမှာ လူသားပုံသဏ္ဌာန်ကို ထိန်းသိမ်းထားနိုင်သော်လည်း အချို့မှာ ကျောပေါ်တွင် သစ်ပင်အခေါက်များကဲ့သို့ အမြစ်များ ဖုဖောင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ထူးဆန်းသော ပုံစံကွက်များ ဖုံးလွှမ်းနေလေသည်။ ထိုသူတို့၏ ပါးစပ်များသည် ပွင့်လိုက်ပိတ်လိုက် ဖြစ်နေပြီး အသက်ရှူလိုက်တိုင်း သွေးစုပ်ပိုးကောင်များကဲ့သို့သော အမည်းရောင် အစက်အပြောက်များကို ထုတ်လွှတ်နေကြသည်။
မြို့သားများ ရုပ်ဆိုးပြီး ကြောက်စရာကောင်းလေလေ ယွီဟွေး၏ တည်ရှိမှုကို ပိုအာရုံခံနိုင်လေလေ ဖြစ်ပုံရသည်။ သူတို့သည် မျက်လုံးဖြင့်အာရုံခံနေခြင်း မဟုတ်ဘဲ နှာခေါင်းဖြင့် အာရုံခံနေခြင်းဖြစ်သည်။ ယွီဟွေးထံမှ ရှားပါးလှသော မွှေးရနံ့တစ်ခု ထွက်ပေါ်နေသည့်အလားပင်။
ဤမြို့ကြီးသည် ရှုပ်ထွေးပြီး ပုံပျက်ပန်းပျက် ဖြစ်နေသော သစ်ပင်အကျိတ်တစ်ခုနှင့် တူလှသည်။ လူတိုင်းသည် အဆိပ်ရှိသော အနက်ရောင်ပိုးကောင်များကို ရှူမှုတ်ထုတ်နေကြပြီး နံစော်လှသော အနက်ရောင် မြူခိုးများက နေရာအနှံ့ လွင့်မျောနေကြသည်။ ဤနေရာသည် ကယ်တင်၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ယွီဟွေး၏ နားထဲတွင် သူငယ်ချင်းတစ်ယောက်၏ အသံက ပိုမိုကျယ်လောင်လာသဖြင့် နားကိုပိတ်ကာ မျက်လုံးများ မှိတ်ထားလိုက်သည်။
“မေမေ... မေမေ ဘယ်သွားနေတာလဲ၊ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ၊ မဟုတ်မှလွဲရော... မေမေက ငါ့ကို မလိုချင်တော့လို့လား”
တစ်နာရီ၊ နှစ်နာရီ ကုန်လွန်သွားပြီးနောက် အမှောင်ထုသည် ထပ်မံ ဖုံးလွှမ်းလာပြန်သည်။
အခန်းကျဉ်းလေးသည် ပုံမှန်ထက် ပိုအေးစိမ့်လာသည်။ ယွီဟွေးသည် ကုတင်ထောင့်တွင် ကွေးကွေးလေးဖြစ်နေပြီး သူ့ဆံပင်များကြားမှ တံခါးဝကို ချောင်းကြည့်လိုက်သည်။
“မင်းမေမေက မင်းကို မလိုချင်တော့ဘူး၊ သူက မင်းကို ဘာတစ်ခုမှ ဂရုစိုက်တာမဟုတ်ဘူး၊ သူက ပိုက်ဆံရဖို့အတွက်ပဲ မင်းကို မွေးခဲ့တာ၊ သူက သူ့ရဲ့ နာမည်ရင်းကိုတောင် မင်းကို မပြောရဲဘူး၊ ၀၃၁ ဆိုတာ သူ့ရဲ့ အခန်းနံပါတ်ပဲ”
“လူကြီးတွေက ကလေးတွေကို အမြဲလိမ်တတ်ကြတယ်၊ ဘာလို့လဲဆိုတော့ ငါတို့တွေက ဆိုးယုတ်မှုတွေနဲ့ မညစ်နွမ်းသေးလို့ပေါ့၊ မကြာခင် မင်းလည်း ငါတို့လိုပဲ ဆေးဝါးအဖြစ် အသုံးချခံရတော့မှာ”
“မင်းရဲ့ ခန္ဓာကိုယ်၊ အသားနဲ့ အရိုးတွေအားလုံး ဆေးဝါးရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာလိမ့်မယ်၊ မင်းရဲ့ သန့်ရှင်းတဲ့ ဝိညာဉ်က သူတို့နှလုံးသားထဲက အမှောင်ထုတွေကို ဖိနှိပ်ဖို့အတွက် ကုထုံးတစ်ခု ဖြစ်လာလိမ့်မယ်”
“ဒါပေမဲ့ ဒါက သူတို့ရဲ့ ရောဂါကို မကုသနိုင်ပါဘူး၊ လူလူချင်း စားသော်နေတဲ့ ခွေးတွေက ဘယ်လိုလုပ် ယုတ်မာတဲ့စိတ်မရှိဘဲ နေမှာလဲ”
“လက်လျှော့လိုက်ပါတော့၊ ငါတို့ရဲ့ မှတ်ဉာဏ်တွေကို လက်ခံပြီး ငါတို့နဲ့အတူ ထာဝရ နေကြစို့”
ရှုပ်ထွေးလှသော အသံပေါင်းစုံသည် ယွီဟွေး၏ နားစည်ကို ထိုးဖောက်ကာ သူ့ကို အဆက်မပြတ် လှုံ့ဆော်နေကြသည်။
“တော်ကြတော့၊ မပြောကြနဲ့တော့”
“ငါတို့ ပြောနေတာတွေက အမှန်တရားတွေဆိုတာ မင်း သိပါတယ်”
“အမည်းရောင် မျိုးရိုးနာမည် ပေးထားတဲ့ သက်ရှိလူသားတွေဟာ သူတို့ရဲ့ လူသားဆန်မှုတွေကို ဆုံးရှုံးသွားတာ ကြာလှပြီ၊ သူတို့ရဲ့ ကလေးတွေကို ဆေးအဖြစ် အောင်မြင်အောင် အသုံးချနိုင်မှပဲ ကျူးချွမ်းအဖွဲ့ရဲ့ အမာခံအဖွဲ့ဝင်တွေ ဖြစ်လာနိုင်မှာလေ၊ သူတို့တွေက အမှောင်ထုရဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားကြပြီ”
“အခု မင်းကြုံတွေ့နေရတာတွေကို ငါတို့အားလုံး ကြုံခဲ့ဖူးတယ်၊ အချစ်ဆိုတာ အလိမ်အညာပဲ၊ ဂရုစိုက်မှုနဲ့ ကြင်နာမှုအားလုံးရဲ့ နောက်ကွယ်မှာ နက်ရှိုင်းတဲ့ မကောင်းမှုတွေ ဖုံးကွယ်နေတာပဲ”
“ငါတို့ကို ယုံလိုက်ပါ၊ သူတို့ လုပ်သမျှ အားလုံးက မင်းကို အကောင်းဆုံး ဆေးတစ်ခွက် ဖြစ်အောင် လုပ်ဖို့အတွက်ပဲ”
ယွီဟွေးသည် လက်နှစ်ဖက်ဖြင့် သူ့နားများကို တင်းတင်းပိတ်လိုက်သည်။ သူ့မျက်နှာလေးမှာ ရှုံ့မဲ့လျက် ရှိနေသည်။ သူသည် ပတ်ဝန်းကျင်ရှိ သွေးစွန်းနေသော ကလေးငယ်များကို ကြည့်ကာ အော်ဟစ်ငိုကြွေးလိုက်တော့သည်။
“မပြောကြနဲ့တော့၊ ချန်ကွမ်း... ကျေးဇူးပြုပြီး မပြောပါနဲ့တော့”