ပြင်ဆင်ထားသော ဆေးဝါး
Vol. 48 Ch. 717
အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ယောက်အတွက် ယွီဟွေးသည် အမှန်တရားကို ရင်ဆိုင်ရန် မျက်စိဖွင့်ကြည့်ခြင်းထက် လှပသော မုသားများကြားတွင်သာ မှေးစက်နေလိုတော့သည်။
သူသည် ကျူးချွမ်းအဖွဲ့၏ ဆေးဝါးစက်ရုံအဆောင်သို့သာ ပြန်သွားချင်သည်။ သူကိုယ်တိုင်သာ ဖျားနာနေသူတစ်ဦး ဖြစ်ချင်မိပြီး သူ့မိခင်ဖြစ်သူ ပြန်လာမည့်အချိန်ကိုသာ တောင့်တနေမိသည်။
“ထွက်သွားကြစမ်း၊ ငါ့အိမ်ထဲကနေ ထွက်သွားကြ”
ယွီဟွေးသည် သူ့လက်ကလေးများဖြင့် လေထဲတွင် ယမ်းခါလိုက်သည်။သို့သော်လည်း သွေးစွန်းနေသော ပုံရိပ်များက သူ့အနားသို့ ပို၍တိုးကပ်လာကြသည်။
“ပြေးတော့ ယွီဟွေး... ဒီမြို့ကြီးကနေ ထွက်ပြေးတော့၊ လူကြီးတွေအတွက် ဆေးဝါးအဖြစ် အသုံးချမခံပါနဲ့၊ တတ်နိုင်သမျှ ဝေးဝေး ပြေးတော့”
“ငါမေမေ့ကို စောင့်ရမယ်... မေမေ ပြန်ရောက်လာတော့မှာ”
“သူ ပြန်မလာတော့ဘူး၊ သူက မင်းကို ပိုက်ဆံရဖို့ ကုန်ပစ္စည်းတစ်ခုလိုပဲ သဘောထားခဲ့တာ၊ သူ့ရဲ့ ဗိုက်(ကိုယ်ဝန်)နဲ့ မင်းရဲ့ ဝိညာဉ်ကို သူရောင်းစားခဲ့တာပဲ”
“မင်းတို့ ငါ့ကို လိမ်နေတာ၊ မင်းတို့က ကလေးဆိုးတွေပဲ၊ မေမေပြောတာ မှန်တယ်၊ မင်းတို့က ကလေးဆိုးတွေမို့လို့ အပြစ်ပေးခံနေရတာ”
“တကယ်တော့ ငါတို့ လိမ်မပြောဘူးဆိုတာ မင်းကိုယ်တိုင် အသိဆုံးပါ၊ ဒါကြောင့်လည်း မင်း ကြောက်နေတာပေါ့ ၊ မင်း စိတ်ဓာတ်တွေ ပြိုကွဲပြီး နာကျင်နေတာပေါ့၊ ယွီဟွေး... ထွက်ပြေးလိုက်စမ်းပါ၊ ငါတို့ရဲ့ မှတ်ဉာဏ်တွေကို ယူပြီး ဒီမြို့ကနေ ထွက်သွားတော့”
ကလေးငယ်များ၏ အသံက ပိုမိုစူးရှလာတော့သည်။
“တိတ်ကြစမ်း၊ ပါးစပ်ပိတ်ထား ငါ့အိမ်ထဲက ထွက်သွား၊ ငါ့ခေါင်းထဲက ထွက်သွားကြ”
ယွီဟွေးသည် ထိုကလေးများကို ရိုက်နှက်၍ မရသဖြင့် သူ၏ဦးခေါင်းကိုသာ ပြင်းထန်စွာ ထုရိုက်နေတော့သည်။သူသည့် သူ့ဦးခေါင်းကို ထုခွဲ၍ အတွင်း၌ ပုန်းအောင်းနေသော အသံများကို ဆွဲထုတ်ပစ်ချင်နေခဲ့သည်။
“ငါတို့ကို ခွဲထုတ်လို့ မရတော့ဘူး၊ မင်းအဖေ ဝက်ဝံနက်က မင်းရဲ့အသားဖြည့်စွက်စာတွေထဲမှာ ဆေးဟောင်းတွေကို ရောတိုက်ခဲ့တာလေ၊ ယွီဟွေး... မင်းက ငါတို့ရဲ့ သွေးတွေကို သောက်ပြီး ကြီးပြင်းလာခဲ့တာပဲ၊ ငါတို့ရဲ့ မှတ်ဉာဏ်တွေက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ စိမ့်ဝင်နေတာ ကြာလှပြီ”
“မင်းတို့က ဖျားနေကြတာ၊ မင်းတို့ ရောဂါပျောက်သွားရင် ငါမင်းတို့နဲ့ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး”
“ယွီဟွေး... ဒီမြို့ကြီးမှာရှိတဲ့ လူကြီးတွေကမှ တကယ်ဖျားနေကြတာ၊ ထွက်ပြေးလိုက်တော့၊ ဒီမှာ ဆက်နေရင် မင်းကို ဆေးဝါးအဖြစ် အသုံးချကြလိမ့်မယ်၊ ခုခံရင်တော့ မင်းဟာ အသိစိတ်မရှိ မကောင်းဆိုးဝါးတစ်ကောင်၊ တားမြစ်နယ်မြေတစ်ခု ဖြစ်သွားလိမ့်မယ်၊ ငါတို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမဲ့ တစ်ခုမှ အလုပ်မဖြစ်ခဲ့ဘူး၊ ထွက်ပြေးဖို့ တစ်ခုပဲ ရှိတော့တယ်”
အကြီးဆုံးကလေးငယ်သည် သွေးစွန်းနေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်မှာ ဂျစ်ဆောပဟေဠိတုံးများကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေလေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဆေးဝါးစက်ရုံဟောင်း၏ မီးတောက် အမှတ်အသားများ ခပ်နှိပ်ထား၏။
ကျူးချွမ်းအဖွဲ့၏ ဆေးဝါးများကို ကြင်နာတတ်ပြီး အပြစ်ကင်းစင်သော ကလေးငယ်များထံမှ ထုတ်ယူထားခြင်းဖြစ်သည်။ ၎င်းတို့ကို ဆိုးယုတ်မှုများ ဖိနှိပ်ရန် အသုံးပြုသည်။ ဆေးဝါးများကို အဆင့်မြှင့်တင်ရန်အတွက် သူတို့သည် ကလေးအသစ်များကို ဆေးအဟောင်းများ တိုက်ကျွေးကာ ပိုမိုသန့်စင်သော ဝိညာဉ်တစ်ခုကို ရှာဖွေကြသည်။
ချန်ကွမ်းစီးရီးတွင် မျိုးဆက်ကိုးခုအထိ ရှိခဲ့ပြီး ယွီဟွေးစီးရီးမှာမူ ဒုတိယမျိုးဆက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း ယွီဟွေးစီးရီးတွင် ကျူးချွမ်းအဖွဲ့ပင် မသိနိုင်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့ပြီး အခြားကလေးများ၏ မှတ်ဉာဏ်များသည် ကလေးတစ်ဦးတည်းပေါ်၌ လာရောက် နိုးထလာခဲ့ကြခြင်း ဖြစ်သည်။
“ထွက်ပြေး... ဒီမြို့ကြီးကနေ ထွက်ပြေးတော့...”
ကလေးများအားလုံး၏ အသံများက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လျက်ရှိသည်။ ယွီဟွေးသည် အလွန်လေးလံသော ဝန်ထုတ်ကြီးကို ထမ်းပိုးထားရသကဲ့သို့ ခံစားရပြီး တဖြည်းဖြည်းနှင့် ဖိခြေခြင်း ခံနေရသည်။
သူ့မျက်စိရှေ့မှ ကမ္ဘာကြီးက ပိုမိုထူးဆန်းလာလေသည်။ ဝေဝါနေသော မြင်ကွင်းထဲတွင် ယွီဟွေးသည် မိုးထိအောင် မြင့်မားလှသော အလွန်ကြီးမားသည့် ယဇ်ပလ္လင်ကြီးတစ်ခုကို အဝေးတွင် လှမ်းမြင်လိုက်ရသည်။ ထိုယဇ်ပလ္လင်ကြီးအား အမှောင်ထုကြီးက ဝန်းရံထားပေသည်။
ယွီဟွေးသည် ငှားထားသော အခန်းကျဉ်းလေးထဲတွင် ပုံလျက်သားလဲကျသွား၏။ သူ မရုန်းကန်လိုတော့ပေ။ သူသည် ဆေးဝါးစက်ရုံအတွင်း၌ အကျဉ်းချခံရသော ကလေးငယ်တစ်ဦးမျှသာ ဖြစ်သည်။
သုံးရက်အကြာတွင် ကျူးချွမ်းအဖွဲ့မှ လူများက အခန်းတံခါးကို ဖျက်ဆီးဝင်ရောက်လာပြီး ယွီဟွေးကို ရှာတွေ့သွားကြသည်။
“မင်းအမေက မင်းကို မကာကွယ်နိုင်ခဲ့ပါဘူး၊ သူကိုယ်တိုင်ပဲ မင်းရှိတဲ့နေရာကို ပြောပြလိုက်တာ”
“ဒါပေမဲ့ အမေက သုံးရက်တောင် တောင့်ခံခဲ့တာပဲ၊ ကျူးချွမ်းအဖွဲ့ရဲ့ ဆေးဝါးတွေနဲ့ နှိပ်စက်မှုတွေကို သုံးရက်တောင် ခံနိုင်ခဲ့တာ”
ယွီဟွေးက တိုးတိုးလေး ရေရွတ်လိုက်သည်။
ထူးဆန်းသည်မှာ ဤတစ်ကြိမ်တွင် သွေးစွန်းနေသော ကလေးများက ယွီဟွေး၏ စကားကို မငြင်းဆန်ခဲ့ကြပေ။ သူတို့အားလုံးသည် ဤမြို့ကြီးတွင် ကြင်နာတတ်သော လူကြီးတစ်ယောက်မှ မရှိဟု ယူဆထားကြသည်။အရာအားလုံးသည် နံပါတ် ၀၃၁ နှင့် ဝက်ဝံနက်တို့ ကပြနေသော ပြဇာတ်တစ်ခုဟုသာ ယုံကြည်နေကြသည်။သူတို့သည် ယွီဟွေးသာ ထွက်မပြေးလျှင် နောက်တစ်နေ့မှာပင် အဖမ်းခံရလိမ့်မည်ဟု လောင်းကြေးထပ်ခဲ့ကြသေးသည်။သို့သော် နံပါတ် ၀၃၁ က သုံးရက်တိုင်တိုင် တောင့်ခံသွားလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ကြပေ။
နံပါတ် ၀၃၁ သည် သူမသေဆုံးသွားသည့်တိုင်အောင် ယွီဟွေး၏ တည်နေရာကို မပြောပြခဲ့ဘဲ ကျူးချွမ်းအဖွဲ့ကသာ ၎င်းတို့၏ အရင်းအမြစ်များကို သုံး၍ ၁၁ ရပ်ကွက်တွင် သုံးရက်တိုင်တိုင် ရှာဖွေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
ကျူးချွမ်းအဖွဲ့မှ လူများသည် ယွီဟွေးကို ခက်ခဲအောင် မပြုလုပ်ခဲ့ကြပေ။ ဝက်ဝံနက်ကိုယ်တိုင် လာရောက်ကာ ယွီဟွေးကို စောင်ဖြင့်ပတ်၍ ညင်သာစွာ ချီပိုးခေါ်ဆောင်သွားခဲ့သည်။
“ငါ့ကလေးလေး... မင်း ပင်ပန်းသွားရပြီ”
ဝက်ဝံနက်သည် အဖိုးတန် အာဟာရဖြည့်စွက်ဆေးကို ယွီဟွေး၏ ခန္ဓာကိုယ်အတွင်းသို့ ဂရုတစိုက် ထိုးသွင်းပေးလိုက်သည်။ ကြမ်းတမ်းခက်ထန်ပုံရသော ထိုလူတွင် ဤမျှ နူးညံ့သော အမူအရာရှိလိမ့်မည်ဟု မည်သူမျှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။
ကျူးချွမ်းအဖွဲ့၏ ဗန်ကားကြီးသည် အလွန်ကျယ်ဝန်းပြီး အရုပ်များ၊ ရုပ်ပြစာအုပ်များနှင့်အတူ ယွီဟွေးအတွက် ပြင်ဆင်ထားသော ရှေးဦးသူနာပြုပစ္စည်းများလည်း ပြည့်နှက်နေလေသည်။
“အပြင်လောကက အန္တရာယ်များတယ်၊ မင်းက ငယ်သေးတော့ အိမ်မှာနေတာ အကောင်းဆုံးပါပဲ”
ဝက်ဝံနက်က ယွီဟွေးကို ပွေ့ဖက်ထားရင်း ညင်သာစွာ ဆိုလိုက်သည်။
“လူကြီးတွေက မင်းအတွက် လေဒဏ်မိုးဒဏ်ကို ကာကွယ်ပေးမယ်၊ မင်းအတွက် ကောင်းကင်ကြီးကို ထမ်းပိုးပေးထားမယ်”
“သူ မင်းကို လိမ်နေတာ၊ ယွီဟွေး... ဒီတိရစ္ဆာန်က မင်းကို လှည့်စားနေတာကွ၊ ပြန်ရောက်သွားရင် မင်းက လူကြီးတွေရဲ့ နှလုံးသားထဲက အညစ်အကြေးတွေကို ကုသဖို့ ဆေးအဖြစ် အသုံးချခံရလိမ့်မယ်”
ကလေးအသံမှာ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ ထိုအသံသည် ထွက်ခွာမသွားဘဲ ယွီဟွေး၏ ဦးနှောက်အတွင်းသို့ပင် စိမ့်ဝင်နေပြီဖြစ်သည်။
ဝက်ဝံနက်က ယွီဟွေး၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း ပြောသည်။
“မင်းမေမေက နေမကောင်းဘူးလေ၊ သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစပြီး အဓိပ္ပါယ်မရှိတဲ့ စကားတွေ လျှောက်ပြောနေတာ”
ဒရိုင်ဘာက ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ကားအတွင်းရှိ ဖန်သားပြင်တွင် စောင့်ကြည့်ရေးဗီဒီယိုအချို့ ပြသလာသည်။ မျက်နှာပြင်ပေါ်ရှိ လှပသော မိခင်ဖြစ်သူသည် ယခုအခါ စိတ်လွတ်နေသော အရူးမတစ်ဦး ဖြစ်နေခဲ့ချေပြီ။
“ဒါပေမဲ့ ငါတို့ သူ့ကို အပြစ်မတင်ပါဘူး၊ ဒါက သူ့အမှားမဟုတ်ပါဘူး၊ ဒီမြို့ကြီးကိုယ်တိုင်က နာဖျားနေတာပဲလေ”
ဝက်ဝံနက်၏ လေသံတွင် ဝမ်းနည်းခြင်း၊ မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းနှင့် နောင်တရခြင်းများ ပြည့်နှက်နေလေသည်။ သူ့ထံတွင် ဆိုးယုတ်သောအမူအရာ တစ်စွန်းတစ်စမရှိဘဲ မိသားစုကို ကာကွယ်လိုသော စိတ်ဆန္ဒသာ ရှိနေပုံရသည်။
ဗီဒီယိုခေါ်ဆိုမှု ပြီးဆုံးသွား၏။ အာဟာရဆေးရည်များ ထိုးသွင်းပြီးနောက်တွင် ဝက်ဝံနက်သည် သွေးရောင်ပြန်လွှမ်းလာသော ယွီဟွေး၏ မျက်နှာကို ကြည့်ကာ မေးလိုက်သည်။
“မင်း အိမ်နဲ့ဝေးနေတဲ့ နေ့တွေမှာ တခြားကလေးတွေကို မြင်ခဲ့သေးလား၊ သူတို့က အနီရောင် အဝတ်အစားတွေ ဝတ်ထားပြီး အမြဲတမ်း ထူးဆန်းတဲ့စကားတွေ ပြောတတ်ကြတယ်လေ”
ယွီဟွေးက တုံ့ပြန်ခြင်းမရှိသော်လည်း သူ၏ မျက်စိသူငယ်အိမ်မှာ အနည်းငယ် တုန်လှုပ်သွားသည်။ ထိုသေးငယ်သော တုံ့ပြန်မှုကို ဝက်ဝံနက်က သတိပြုမိသွားသည်။
ကျူးချွမ်းအဖွဲ့၏ ဆေးသစ်ထုတ်လုပ်ရေး စက်ရုံသို့ ပြန်ရောက်သောအခါ ယွီဟွေးသည် နှိပ်စက်ညှဉ်းပန်းမှုများနှင့်ခြိမ်းခြောက်မှုများ မကြုံတွေ့ရပေ။ ဝက်ဝံနက်သည်လည်း အရင်ကကဲ့သို့ အချိန်ပို အလုပ်မလုပ်တော့ဘဲ မိခင်မေတ္တာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ယွီဟွေးနှင့်အတူ အချိန်များ ကုန်ဆုံးပေးခဲ့သည်။
အချိန်တချို့ကြာပြီးနောက်တွင် ဝက်ဝံနက်သည် နံပါတ် ၀၃၁ ကို မြို့စွန်တစ်နေရာတွင် ရှာတွေ့ပြီဟု သတင်းရရှိခဲ့သည်။ သူသည် “အလွန်အမင်းဝမ်းသာ” သွားပြီး ယွီဟွေးကို ခေါ်ဆောင်၍ မိခင်ဖြစ်သူထံသို့ သွားတွေ့တော့သည်။
သို့သော် ကျူးချွမ်းအဖွဲ့၏ ဆေးရုံသို့ ရောက်ရှိသောအခါ နံပါတ် ၀၃၁ မှာ အသက်မပါတော့သော လူတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့ချေပြီ။သူမ၏ အတွင်းအင်္ဂါများက ခြောက်ကပ်နေပြီး အသက်ရှူနေရုံမျှသာ ရှိတော့သည်ကို တွေ့လိုက်ရသည်။
“သူ့အခြေအနေက အရမ်းဆိုးဝါးတယ်၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အစားထိုးဖို့ လိုအပ်ပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းထူးခြားနေတယ်၊ လိုက်ဖက်မယ့် တစ်ဦးတည်းသောသူကတော့...”
ဆရာဝန်က ကလေးငယ် ယွီဟွေးကို အကူညီမဲ့စွာ ကြည့်လိုက်ပြီး “သူ့ရဲ့ ကလေးပါပဲ”
“နောက်ဆုံးတော့ သူတို့ရဲ့ ပုံစံအစစ်ကို ထုတ်ပြလာပြီပဲ”
ကလေးငယ်များ၏ အသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ အသက်ငါးနှစ်အရွယ် ယွီဟွေးသည် လုံးဝ ပုံပျက်ပန်းပျက် ဖြစ်နေသော ဤကမ္ဘာကြီးကိုကြည့်ရင်း ဝက်ဝံနက်နှင့် ဆရာဝန်တို့၏ သရုပ်ဆောင်မှုကို ကြည့်ရှုနေခဲ့သည်။
သူတို့သည် အပြင်းအထန် ငြင်းခုံကြပြီးနောက် ဆုံးဖြတ်ချက်ကို ယွီဟွေး၏ လက်ထဲသို့ အပ်နှင်းလိုက်ကြသည်။ သူ ငြင်းပယ်လိုက်ပါက မိခင်ဖြစ်သူမှာ မျက်စိရှေ့တွင် သေဆုံးသွားမည်ဖြစ်ပြီး သူသဘောတူပါက အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုဖြင့် ထိုအမျိုးသမီးကို ကယ်တင်နိုင်မည် ဖြစ်သည်။
သူ့စိတ်ထဲရှိ ကလေးက သက်ပြင်းချလိုက်သည်။ အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်သည် ဤမည်းမှောင်နေသော မြို့ကြီးကို ဆန့်ကျင်၍ မည်သို့ ရုန်းကန်နိုင်ပါမည်နည်း။ သူတို့အားလုံးသည် ရလဒ်ကို ကြိုတင်သိရှိနေကြပြီး ဖြစ်သည်။ အကြောင်းမှာ သူတို့ထဲမှ လူအများစုသည်လည်း ဤသို့သော ဆုံးဖြတ်ချက်ကိုပင် ချခဲ့ကြဖူးသောကြောင့် ဖြစ်သည်။
ကျူးချွမ်းအဖွဲ့၏ မိခင်ဆောင်များတွင် ကလေးငယ်များစွာ မွေးဖွားခဲ့ကြသည်။ ကြင်နာတတ်ပြီး အပြစ်ကင်းစင်သော ကလေးများသာ စမ်းသပ်မှုအဆင့်ဆင့်ကို အောင်မြင်ပြီး ဆေးဝါးများ ဖြစ်လာနိုင်ကြသည်။
“သား သဘောတူပါတယ်၊ သား မေမေ့ကို ကယ်ချင်တယ်”
ကလေး၏ အသံမှာ နူးညံ့ပြီး ကြည်လင်လှသည်။ ဆရာဝန်က သက်ပြင်းချကာ စိတ်အေးသွားပြီး ဝက်ဝံနက်ကမူ လှည့်ထွက်သွားရင်း အပြုံးတစ်ခု ပေါ်လာတော့သည်။
ထို့နောက်တွင် ယွီဟွေးအား ဆေးဝါးများ ထိုးသွင်းခြင်းနှင့် တိုက်ကျွေးတို့ကို ပြုလုပ်ခဲ့သည်။ တစ်ပတ်အကြာတွင် ယွီဟွေးကို ကြီးမားသော ဖန်လှောင်အိမ်ကြီးအတွင်းသို့ ထည့်သွင်းလိုက်ကြသည်။ ကျူးချွမ်းအဖွဲ့သည် သူ့ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် ဘဝပန်းအသစ်တစ်ပင်ကို စိုက်ပျိုးလိုက်လေသည်။