← Chapters

တားမြစ်နယ်မြေတစ်ခု မွေးဖွားခြင်း

Vol. 48 Ch. 718

တားမြစ်နယ်မြေတစ်ခု မွေးဖွားခြင်း

Vol. 48 Ch. 718

ဖန်လှောင်အိမ်ကြီးအတွင်း၌ ဆေးရည်များ ပြည့်နှက်နေ၏။ ယွီဟွေး၏ ခန္ဓာကိုယ်သည် ပြွန်ပိုက်များစွာဖြင့် ချိတ်ဆက်ခံထားရသည်။ ဆရာဝန်နှင့် ဝက်ဝံနက်တို့က ယင်းသည် သူ့မိခင်ကို ကယ်တင်ရန်အတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ရှင်းပြကြသည်။

သူ၏ သေးငယ်သော ခန္ဓာကိုယ်‌လေးသည် စေးပျစ်သော ဆေးရည်များထဲတွင် နစ်မြုပ်နေရသည်။ ယွီဟွေးသည် ဖန်သားပြင်မှတစ်ဆင့် ပြင်ပကမ္ဘာကို လှမ်းကြည့်နေမိသည်။

ပြင်ပလောကကြီးသည် အရုပ်ဆိုးလွန်းလှသည်။ ဖြူစင်သော ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် ဆရာဝန်၏ လည်ပင်းနှင့် တံတောင်ဆစ်များမှ မည်းညစ်ခြောက်ကပ်နေသော လက်တံများ ထွက်ပေါ်နေကြသည်။ သူ့ကျောပေါ်ရှိ ကြီးမားလှသော ခရုခွံကြီးများပေါ်တွင် သေဆုံးသူများ၏ ကြောက်မက်ဖွယ်မျက်နှာများ တိုးထွက်လျက် ရှိနေသည်။

ဝက်ဝံနက်သည်လည်း များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် လူသားတစ်ယောက်နှင့် မတူတော့ဘဲ ဆိုးယုတ်မှုများ ဖုံးလွှမ်းနေပြီး မတ်တပ်ရပ်နေသော ဝက်ဝံကြီးတစ်ကောင်နှင့် တူနေတော့သည်။ သူ၏ အရေပြားတွင် အနက်ရောင် အမွေးအမှင်များ ဖုံးလွှမ်းနေပုံရသည်။ သူသည် တစ်စုံတစ်ယောက်ကို အချိန်မရွေး ဆွဲယူစားသောက်တော့မည့်အလား သူ၏ မှောင်မိုက်နေသော မျက်စိသူငယ်အိမ်များတွင် လောဘနှင့်လိုအင်ဆန္ဒများ ပြည့်နှက်လေသည်။

ဖန်သားကြောင့် ဝေဝါးနေသော အဝေးမှကမ္ဘာကြီးကို ဆက်လက် ကြည့်ရှုလိုက်သည်။ ကြီးမားသော အနက်ရောင် အမြစ်များက မြေပြင်ကို ထိုးဖောက်နေကြသည်။ နေရာအနှံ့တွင် သေးငယ်သော လက်တံများက တွန့်လိမ်လျက် ရှိနေကြသည်။ အချို့သော လက်တံထိပ်ဖျားများတွင် မျက်လုံးများ ရှိနေပြီး ထိုမျက်လုံးများသည် လူသားတို့နှင့် လုံးဝမတူဘဲ အဆိပ်ပြင်းသော မြွေဆိုးတစ်ကောင်ထက်ပင် ပိုမိုအေးစက်ကာ ခြောက်ခြားဖွယ် ကောင်းလှပေသည်။

ယွီဟွေးသည် သူ့ခန္ဓာကိုယ်ကို ပြန်လည် ကြည့်ရှုလိုက်သည်။ ဘဝပန်းများက သူ့ထံမှ တစ်စုံတစ်ခုကို စုပ်ယူနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ မျိုးစေ့များသည် သူ၏ အသွေးအသားထဲတွင် အမြစ်တွယ်၍ အပင်ပေါက်လာကြပြီး အရေပြားကို ထိုးဖောက်ထွက်နေကြသည်။

ယွီဟွေး၏ အမြင်တွင် ထိုဘဝပန်းဟူသည် ပန်းများနှင့် လုံးဝမသက်ဆိုင်ပေ။ ၎င်းတို့သည် ကြင်နာမှုများကို စားသုံး၍ ကြီးထွားလာသော ဝေဝေဝါးဝါး ပါးစပ်များသာ ဖြစ်သည်။ ကောင်းမွန်သော စိတ်ခံစားချက်များ မရရှိတော့ပါက ချက်ချင်းပင် ညှိုးနွမ်းသွားတတ်ကြသည်။

“ဒီထူးဆန်းတဲ့ ပုံစံကွက်တွေ... ကောင်းကင်က ယဇ်ပလ္လင်ကြီးပေါ်မှာ ငါမြင်ခဲ့ဖူးသလိုပဲ၊ ဒီဘဝပန်းတွေက အဲ့ဒီယဇ်ပလ္လင်ကနေ လွင့်စင်လာတဲ့ အပိုင်းအစတွေလား၊ ဒါမှမဟုတ် နတ်ဘုရားတွေရဲ့ မေ့လျော့နေတဲ့ မှတ်ဉာဏ်တွေလား...”

သူ့ခန္ဓာကိုယ်အတွင်းသို့ အမြစ်များ ပိုမိုစိမ့်ဝင်လာပြီး ယွီဟွေးစိတ်ထဲတွင် မိခင်ဖြစ်သူ၏ ပုံရိပ်များသာ အဆက်မပြတ် ပေါ်ထွက်နေတော့သည်။ သူ အိပ်ပျော်တော့မည့် အချိန်တိုင်းတွင် ခန္ဓာကိုယ်အတွင်းသို့ လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်စီးသွားပြီး ဘဝပန်းများကို ဆက်လက်အာဟာရဖြစ်စေရန် လှုံ့ဆော်ပေးနေသည်။

“ငါ့ကလေးလေး... မင်း လုပ်နိုင်ခဲ့ပြီပဲ”

ဝက်ဝံနက်သည် ဖန်လှောင်အိမ်အပြင်ဘက်မှ ရပ်ကြည့်ရင်း သူ့သားအတွက် ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် ဂုဏ်ယူနေမိသည်။

“မင်းအမေက ဟိုးဘက်အခန်းမှာ ရှိတယ်၊ မင်း သတိမေ့နေတဲ့ အချိန်တစ်လျှောက်လုံး သူမင်းဘေးမှာ ရှိနေပေးလိမ့်မယ်၊ မင်း နိုးလာတဲ့အခါ သူကိုယ်တိုင် မင်းကို အပြင်ကို ပွေ့ချီပြီး ခေါ်ထုတ်သွားလိမ့်မယ်”

ဝက်ဝံနက်သည် အနက်ရောင် အဝတ်စတစ်ခုဖြင့် ဖန်လှောင်အိမ်ကြီးကို ဖုံးအုပ်လိုက်ပြီးနောက် အခန်းပြင်သို့ ထွက်ခွာသွားသည်။ ကော်ရစ်ဒါတစ်လျှောက်ရှိ အခန်းတိုင်းတွင် အလားတူ ဖန်လှောင်အိမ်များ ပြည့်နှက်နေပြီး လေထုထဲတွင် ဘဝပန်းရနံ့များ သင်းပျံ့နေလေသည်။ ဤနေရာတွင် ရှိနေရုံမျှဖြင့် လူတစ်ယောက်၏ နှလုံးသားထဲမှ ဆိုးယုတ်မှုများကို တဖြည်းဖြည်း လျှော့ချပေးနိုင်စွမ်း ရှိသည်။

“ဒီဘဝပန်းအသစ်က အရမ်းအစွမ်းထက်တယ်၊ သန်ကောင်နက်တစ်ယောက်တော့ ဒီတစ်ခါ အချီကြီး အလုပ်ဖြစ်ခဲ့တာပဲ၊ ငါလည်း ဆေးအသစ်ကို အမြန်ဆုံးထုတ်နိုင်မှ ဖြစ်မယ်၊ မဟုတ်ရင် အဲ့ဒီကောင်က ငါ့ခေါင်းပေါ် တက်လာလိမ့်မယ်”

ဝက်ဝံနက်သည် ဖန်လှောင်အိမ်များကို ဖြတ်ကျော်၍ လှေကားထစ်များပေါ်သို့ လှမ်းတက်သွားသည်။

အနက်ရောင် အဝတ်စက တဖြည်းဖြည်း လျောကျလာ၏။ ယွီဟွေးသည် ဝက်ဝံနက်၏ ကျောပြင်ကို လှမ်းမြင်လိုက်ရသည်။ ဝက်ဝံနက်က မြေအောက်ခန်းတံခါးကို ဖွင့်လိုက်ရာ အလင်းတန်းတစ်ခု ဝင်ရောက်လာပြီး သူ့အပေါ်သို့ ကျရောက်လာသည်။ သူသည် နောက်လှည့်မကြည့်ဘဲ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။

“မင်းလည်း မလွတ်မြောက်နိုင်ခဲ့ပါလား... မင်းလည်း ဆေး ဖြစ်လာတာပဲ”

“ဘဝပန်းက မင်းကို စုပ်ယူပြီးသွားရင် မင်းရဲ့ နှလုံးသားက နောက်ထပ် ဆေးအသစ်အတွက် လက်ဆောင်တစ်ခု ဖြစ်လာလိမ့်မယ်၊ ဒီကြမ္မာဆိုးကြီးက ဆက်လည်ပတ်နေဦးမှာပဲ”

“ဒါပေမဲ့ ကံကောင်းတာက အနည်းဆုံးတော့ မင်းအမေကို မင်းကယ်တင်နိုင်ခဲ့တာပဲလေ”

“ဒီဘဝပန်းအကြောင်းကို ငါတို့ ပိုပြီး လေ့လာသင့်တယ်ထင်တယ်၊ အဲ့ဒါက အရမ်း ထူးခြားတယ်”

“နောက်ထပ်ရောက်လာမယ့် ဆေးအသစ်က မင်းလို ကြောက်တတ်တဲ့သူ မဖြစ်ပါစေနဲ့လို့ မျှော်လင့်တယ် ၊ တစ်နေ့ကျရင် တကယ့်ဆေးကောင်း တစ်လက်က ဒီမြို့ကြီးကို ကုသပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ”

အချိန်သည် ဆေးရည်များအတွင်း၌ နှေးကွေးစွာ စီးဆင်းနေသလို ခံစားရသည်။ ကလေးငယ်များ၏ အသံများက အဆက်မပြတ် ပဲ့တင်ထပ်နေလေသည်။

ရက်များကုန်လွန်သွားသောအခါ ယွီဟွေး၏ ခန္ဓာကိုယ်သည် လူသားအဖြစ် သတ်မှတ်၍ မရတော့ပေ။ သူသည် လုံးဝညှိုးနွမ်းသွားသည်အထိ ဤနေရာ၌သာ ရှိနေရမည် ဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ ဝမ်ရှန့်ဂိုဏ်း၏ ဖောက်ခွဲရေးပစ္စည်းများက စက်ရုံတံခါးကို ဖောက်ခွဲလိုက်တော့သည်။ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး မီးခိုးများ တလိပ်လိပ် လွင့်တက်လာသည်။ ချိတ်ပိတ်ထားသော ဖန်လှောင်အိမ်များ အက်ကွဲကုန်ပြီး အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားတော့သည်။

ဆေးရည်များထဲတွင် ကြီးပြင်းခဲ့ရသော ယွီဟွေးသည် ပိုက်လိုင်းများကို တွယ်ကပ်၍ အပြင်ဘက်သို့ တွားသွား ထွက်လာခဲ့သည်။ သူသည် မှောင်မိုက်သော ကော်ရစ်ဒါအတိုင်း တွားသွားထွက်လာရင်း ပိုက်လိုင်းများအဆုံးတွင် အခြားတစ်ဖက်မှ စက်ပစ္စည်းများကို တွေ့လိုက်ရသည်။

သူ့ခန္ဓာကိုယ်မှ ထုတ်ယူထားသော သွေးများနှင့် သူ၏ ကိုယ်ပိုင်အသားများဖြင့် အာဟာရကျွေးထားသော ဘဝပန်းများကို နောက်ထပ်အလုပ်ရုံတစ်ခုသို့ သယ်ဆောင်သွားကာ ထိုနေရာတွင် ဆေးရည်ပုလင်းများအဖြစ် ထုတ်လုပ်နေကြခြင်း ဖြစ်သည်။

ယွီဟွေးက ထိုအရာများကို လုံးဝဂရုမစိုက်ပေ။ သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ နောက်အခန်းတစ်ခုဆီသို့သာ ဆက်လက် တွားသွားနေခဲ့သည်။ဝက်ဝံနက်က မိခင်ဖြစ်သူသည် ဘေးခန်းတွင် ရှိနေသည်ဟု ပြောခဲ့ဖူးသည်မဟုတ်လော။

တံခါးများကို တစ်ချပ်ပြီးတစ်ချပ် တွန်းဖွင့်ကြည့်သော်လည်း ယွီဟွေးသည် ဆေးရည်များထဲ ပိတ်မိနေသော အခြားကလေးများကိုသာ တွေ့ရသည်။ သူတို့၏ ဝိညာဉ်များက လုံလောက်စွာ မသန့်စင်သဖြင့် သူတို့ ခန္ဓာကိုယ်ပေါ်ရှိ ဘဝပန်းများသည် အပြည့်အဝပွင့်လန်းနိုင်ခြင်း မရှိကြပေ။ သို့သော်လည်း ကျူးချွမ်းအဖွဲ့သည် သူတို့အား ဆက်လက်ချုပ်နှောင်ထားကာ အဆင့်နိမ့်ဆေးဝါးများ ထုတ်လုပ်ရန်အတွက် အသုံးချနေကြသည်။

“မေမေ ဘယ်မှာလဲ”

ပေါက်ကွဲသံများ၊ အချက်ပေးသံများနှင့် ခြေသံများကြောင့် ဆေးဝါးစက်ရုံကြီးမှာ ပရမ်းပတာ ဖြစ်နေလေသည်။ မည်သူမျှ ယွီဟွေးကို ဂရုမစိုက်ကြပေ။ သူသည် တွားသွားနေသော ကုန်းနေရေနေ မကောင်းဆိုးဝါးတစ်ကောင်နှင့် တူနေတော့သည်။

ယွီဟွေးသည် ခြေလှမ်းတိုင်းကို ရုန်းကန်ရင်း လှေကားထစ်များကို တက်လှမ်းကာ ပထမထပ်သို့ ရောက်ရှိလာသည်။ သူသည် နံရံပေါ်ရှိ ဓာတ်ပုံများနှင့် စာသားများကို မော့ကြည့်လိုက်သည်။

နေရောင်ခြည်ကို မမြင်ရသည်မှာ ကြာမြင့်လှပြီဖြစ်သဖြင့် သူ့မျက်လုံးများက ကျိန်းစပ်နေလေသည်။ သို့သော်လည်း ဓာတ်ပုံများအတွင်းမှ အကြောင်းအရာများက နေရောင်ခြည်ထက်ပင် ပိုမို စူးရှလွန်းလှသည်။

ဆေးဝါးစက်ရုံ၏ စည်းကမ်းချက်များကို ချိုးဖောက်ခဲ့သဖြင့် နံပါတ် ၀၃၁ ကို ဥပမာအဖြစ် အသုံးချခဲ့ကြသည်။ ကျူးချွမ်းအဖွဲ့သည် နံပါတ် ၀၃၁ အပေါ် ကျူးလွန်ခဲ့သော ကြောက်မက်ဖွယ် လုပ်ရပ်များနှင့် သူမ၏သနားစဖွယ် အခြေအနေများကို ဓာတ်ပုံများရိုက်ကာ အလုပ်ရုံအတွင်း၌ ကပ်ထားခဲ့ကြခြင်း ဖြစ်သည်။

ထိုကြောက်မက်ဖွယ်ရာ ပုံရိပ်များသည် အသက်ဝင်လာသကဲ့သို့ ယွီဟွေး၏ မျက်လုံးများအတွင်းသို့ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်လာကြသည်။ သူ့စိတ်ထဲမှ ကလေးများ၏ အသံအားလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး ကမ္ဘာကြီးတစ်ခုလုံး ငြိမ်သက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်တွင် ပွင့်လန်းနေသော ဘဝပန်းသည် စတင်ညှိုးနွမ်းလာတော့သည်။

ဝိညာဉ် မဖြူစင်တော့သောအခါ ကောင်းမွန်သော စိတ်ထားများကို မစုပ်ယူနိုင်တော့သည့်အတွက် ဘဝပန်းက ညှိုးနွမ်းသွားရခြင်း ဖြစ်သည်။

ယွီဟွေး၏ နှလုံးသားထဲမှ တစ်စုံတစ်ခု ပေါက်ကွဲထွက်သွားသည်။ သူ့ပုံသဏ္ဌာန်သည် ကလေးတစ်ယောက်နှင့် မတူတော့ဘဲ ညစ်ညမ်းနေသော ဤမြို့ကြီးနှင့် စတင်၍ တသားတည်း ဖြစ်လာတော့သည်။ သူ၏ အားနည်း၍ ပုံပျက်နေသော လက်များသည် မြေကြီးထဲသို့ အမြစ်တွယ်သွားပြီး ယုတ်မာရက်စက်သော အတွေးများက သူ့ခန္ဓာကိုယ်အနှံ့မှ ထွက်ပေါ်လာတော့သည်။

“သူ့ကို သတ်... သူတို့ကို သတ်ပစ်စမ်း”

ပြင်းထန်လှသော အဆိုးမြင် စိတ်ခံစားချက်များသည် ရိုင်းစိုင်းစွာ ပျံ့နှံ့သွားပြီး ဆေးပုလင်းများ ကွဲအက်ကုန်တော့သည်။ ယွီဟွေး၏ ခန္ဓာကိုယ်မှ ထုတ်ယူထားသော သွေးများနှင့် ဆေးရည်များသည် သူ့ထံသို့ ပြန်လည် တွားဝင်လာကြသည်။ ဆေးဝါးစက်ရုံအတွင်းရှိ အခြားကလေးများသည်လည်း ယွီဟွေးထံသို့ တဖြည်းဖြည်း တွားသွားလာကြတော့သည်။

သူတို့၏ ကြေကွဲဖွယ် မှတ်ဉာဏ်များက ဆေးရည်များနှင့် ရောယှက်သွား၏။ ဘဝပန်းများကလည်း အစုလိုက်အပြုံလိုက် ကြွေကျကုန်ကြသည်။ ထိုမရေမတွက်နိုင်သော ပန်းပွင့်ဖတ်များကြားတွင် တားမြစ်နယ်မြေတစ်ခု၏ အငွေ့အသက်များ စတင်ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

...

“ခရက်”

ကောင်းမင်လက်ထဲရှိ ဆေးပုလင်းက ကွဲအက်သွား၏။ သူသည် ပြတ်ရှထားသော သူ့လက်ချောင်းကို ထိတွေ့ကြည့်လိုက်ရာ သွေးနှင့် ဆေးရည်တို့ ရောယှက်သွားချိန်တွင် ယွီဟွေး၏ မှတ်ဉာဏ်များကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

သူတို့နှစ်ဦးလုံးသည် ဘဝပန်းကို အာဟာရကျွေးခဲ့ရသူများ ဖြစ်သောကြောင့် ကောင်းမင်သည်လည်း ဆေးထဲမှ ကလေးတစ်ဦးအဖြစ် ခံစားချက်များကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုနာကျင်ဖွယ် မှတ်ဉာဏ်သည် သူ့စိတ်ထဲတွင် စွဲထင်နေပြီး သူ့ကိုလည်း ၎င်းတို့နှင့် တသားတည်းဖြစ်အောင် ဝါးမြိုရန် ကြိုးစားနေကြသည်။

“ကျူးချွမ်းအဖွဲ့ရဲ့ ဆေးဝါးတွေက ကလေးတွေပဲကိုး၊ ဒီမြို့ကြီးထဲက လူတွေဟာ အမှောင်ထုထဲမှာ နစ်မွန်းနေကြပြီး မွေးကင်းစကလေးတွေဆီက သန့်စင်တဲ့ ဝိညာဉ်တွေကို ရှာဖွေပြီး ဆေးဝါးဖော်စပ်ဖို့ အသုံးချနေကြတာပဲ”

ဤတိုက်ဆိုင်မှုလေးတစ်ခုမှတစ်ဆင့် ကောင်းမင်သည် မမျှော်လင့်သောအရာတစ်ခုကို ရရှိခဲ့သည်။ သူသည် တားမြစ်နယ်မြေအကြောင်းကို အခြေခံအားဖြင့် နားလည်သွားခဲ့ပြီ ဖြစ်သည်။

“ဆေးဝါးစက်ရုံဟောင်းကြီး တားမြစ်နယ်မြေ ဖြစ်သွားရတာက ချန်ကွမ်းလို့ခေါ်တဲ့ ကလေးနဲ့ ပတ်သက်နေမှာ သေချာတယ်၊ သူက ပထမဆုံး ထိန်းချုပ်မှုလွှတ်သွားခဲ့တဲ့ ကလေးပဲ၊ ယွီဟွေးကလည်း သူ့ရဲ့ လွှမ်းမိုးမှုကိုခံရပြီး တဖြည်းဖြည်း ထိန်းချုပ်မရ ဖြစ်သွားခဲ့တာပဲ”

ဆေးဝါးအဖြစ် အသုံးချခံရသော ကလေးများသည် သူတို့၏ မှတ်ဉာဏ်များကို ဆေးဝါးအတွင်းရှိ အသွေးအသားများမှတစ်ဆင့် လက်ဆင့်ကမ်းနိုင်သည် ဟူသောအချက်ကို ကောင်းမင် ယခင်က မစဉ်းစားခဲ့မိပေ။ သူသည် ဤမြို့ကြီး၏ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို တဖြည်းဖြည်း လှန်လှောကြည့်ရှုရင်း အစစ်အမှန်ကို မြင်တွေ့လာပြီဟု ခံစားလာရသည်။

All Chapters