မုန်တိုင်းစပြီ
Vol. 3 Ch. 288
ထိုသတ္တဝါကြီးမှာ ဧရာမ မျောက်ဝံကြီး တစ်ကောင် ဖြစ်လေသည်။ အမွေးများက ရွှေရောင်ဖြစ်ပြီး ခြေနှင့်လက်မှာ ရှစ်ချောင်း ရှိလေသည်။ ကောင်းကင် တစ်ခုလုံးကို သူ၏ ခန္ဓာကိုယ်ကြီးဖြင့် ကာထားလေသည်။ နေကိုပင် ဖုံးကွယ်ထား နိုင်လောက်အောင် သူ၏ခန္ဓာကိုယ်ကြီးက ကြီးမား လွန်းလေသည်။ ထိုမျောက်ဝံကြီး၏ မျက်ခွံများပေါ်တွင် သွေးများ ထွက်နေသည့် အတွက် သွေးရောင် မျက်လုံးများ ရှိသည်ဟု ထင်မှတ်ရလေသည်။ အမှန်တော့ မျောက်ဝံကြီးမှာ မျက်လုံးကို တင်းတင်းကျပ်ကျပ် မှိတ်ထားခြင်း ဖြစ်လေသည်။
ထိုဧရာမ မျောက်ဝံကြီး၏ ခြေထောက်အောက်တွင် အတောင်ပံများ ပါရှိသည့် မြွေဖြူတစ်ကောင် ရှိနေလေသည်။ ထိုမြွေဖြူ၏ ပါးစပ်မှ သွေးစများ ထွက်ကျ နေလေသည်။ မြွေဖြူ၏ ဗိုက်ကို မျောက်ဝံကြီးက နင်းထားသည့် အတွက် မြွေဖြူ၏ ဝမ်းဗိုက်မှာ ပေါက်တော့မည့် အလား ဖောင်းကား နေလေသည်။
ဟိန်းသံကြီးမှာ ဧရာမ မျောက်ဝံကြီးဆီမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
နတ်ဘုရား အဘိုးအိုက ထိုသတ္တဝါကြီးများကို လက်ညှိုး ညွှန်ပြလိုက်ရင်း….
"ပင်လယ် တြိဂံဒေသမှာ ဒီလို နတ်မိစ္ဆာ သားရဲကြီးတွေ အများကြီးရှိတယ်၊ သူတို့က အရမ်းရှေးကျတဲ့ မျိုးနွယ်တွေကနေ ဆင်းသက်လာကြတဲ့ သားရဲကြီးတွေပဲ၊ သူတို့က အသက်ရှည် လွန်းတဲ့အတွက် မွေးဖွားခြင်းကို မသိကြဘူး၊ အချင်းချင်း သတ်ဖို့ပဲ အချိန်ပြည့် စဉ်းစားနေကြတာ၊ ပြီးတော့ တခြား နတ်မိစ္ဆာတွေလို လူသားအသွင်လည်း ပြောင်းလို့ မရကြဘူး၊ ဒါပေမဲ့ သူတို့က နတ်မိစ္ဆာတွေထက် ပိုပြီး စွမ်းအား ကြီးမားကြတယ်၊ ဒါပေမဲ့ ဒီသားရဲကြီး တွေဟာ အခုတော့ တဖြည်းဖြည်း လျော့နည်း လာနေပြီ၊ ဘာဖြစ်လို့လဲဆိုတော့ ဘိုးဘိုးတို့လို ကျင့်ကြံသူတွေကလည်း သူတို့ကို ဖမ်းဆီးကြတယ်၊ သတ်ဖြတ်ကြတယ်၊ တခြား နတ်မိစ္ဆာတွေကလည်း မျိုးဆက် ပိုမိုကောင်းမွန်ဖို့ အတွက် သူတို့ရဲ့ သွေးကို လိုချင်ကြတယ်၊ အဲဒါကြောင့် ဒီသားရဲကြီးတွေက ပင်လယ်တြိဂံ ဒေသမှာ လာပြီး ပုန်းအောင်း နေကြတာ၊ ဒါကြောင့် သူတို့က ဒီဒေသထဲကို အပြင်လူတွေ ဝင်လာရင် မကြိုက်ကြဘူးကွဲ့"
အဘိုးအိုက ရော့ရှီလေးကို ရှင်းပြလိုက်သည်။
နတ်ဘုရား အဘိုးအို စကားဆုံးသွားသည်နှင့် မျောက်ဝံကြီးက သူတို့ကို စတင် တိုက်ခိုက် လိုက်လေသည်။ သူ၏ တိုက်ခိုက်မှုက အလွန်ပြင်းထန် လေသည်။ မည်သူ့ကိုမဆို အမှုန့် ဖြစ်သွား စေလောက်အောင် စွမ်းအား ပြင်းထန်လေသည်။
လေကို ထိုးခွင်းလာသည့် မျောက်ဝံကြီး၏ လက်သီးချက်ကြီးများမှာ အာကာသထဲမှ ကျရောက် လာသည့် ဥက္ကခဲကြီးများ အလားပင် ဖြစ်လေသည်။ လက်သီးချက်ကြီး ဝင်ရောက် မလာခင်မှာပင် ကြီးမားသည့် စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် လေလှိုင်းကြီးများကို ခံစားရလေသည်။ ထိုလေလှိုင်းကြီးကြောင့် ဆယ်မိုင် ပတ်လည် အတွင်းမှ မြူခိုးများပင် လွင့်စဉ် ထွက်သွားရလေသည်။
"တောင်နှင့်မြစ်ရေ" သင်္ကေတကို အဘိုးအိုက ရေးဆွဲ လိုက်လေသည်။
ထိုက်စု နတ်ဘုရားဂိုဏ်းတွင် ဆန်းလျန် အသုံးပြုခဲ့သည့် သင်္ကေတ ပညာပင် ဖြစ်လေသည်။ သို့သော် အဘိုးအို သင်္ကေတကို အသုံးပြုနေပုံက ဆန်းလျန်ထက်ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်သလို စွမ်းအားလည်း အပြည့်ပါလေသည်။
အဘိုးအိုက တောင်နှင့် မြစ်ရေသင်္ကေတမှ ကြီးမားသည့် စွမ်းအားဖြင့် မျောက်ဝံကြီး၏ ကြီးမားသည့် လက်သီးကြီးကို ပြန်လည် ခုခံ တိုက်ခိုက် လိုက်လေသည်။
မျောက်ဝံကြီးထံမှ အရိုးကျိုးသည့် အသံများ ထွက်ပေါ်လာလေသည်။
ဧရာမ ရွှေရောင် မျောက်ဝံကြီးထံမှ အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။ မျောက်ဝံကြီး၏ လက်တွင် သွေးစီးကြောင်း တစ်ခုကို မြင်တွေ့ လိုက်ရလေသည်။
ထို့နောက် မျောက်ဝံကြီး၏ မျက်ခုံး နှစ်ခုကြားတွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီး ထိုအပေါက် အတွင်းမှ ရွှေရောင် ပိုးချည်မျှင်များ ထွက်ပေါ် လာလေသည်။ ထိုရွှေရောင် ပိုးခြည်မျှင်များမှာ အရုဏ်ဦး နေရောင်ခြည်အလား လင်းလက်တောက်ပ နေလေသည်။ ထိုပိုးချည်မျှင် များသည် နတ်ဘုရား အဘိုးအိုထံသို့ အရှိန်ဖြင့် ဝင်ရောက် လာလေသည်။
မျောက်ဝံကြီး၏ တိုက်ခိုက်မှုကြောင့် နတ်ဘုရားအဘိုးအိုက တစ်ချက်ပင် တုန်လှုပ် သွားခြင်း မရှိပါ။ ဖန်သားကဲ့သို့ ကြည်လင်သည့် မှန်တစ်ချပ် အဘိုးအို ရှေ့တွင် ပေါ်လာပြီး ရွှေရောင် ပိုးချည်မျှင်များကို အလင်းယို င်စေလိုက်သည်။ ယိုင်သွားသည့် အလင်းတန်းက ဧရာမ မျောက်ဝံကြီး၏ ဝမ်းဗိုက်ဆီသို့ ပြန်လည် ဝင်ရောက် သွားလေသည်။
ရွှေရောင် မျောက်ဝံကြီးမှာ အလင်းတန်းဖြင့် ထိမှန်ခံရပြီး အသားနှင့် အရိုးများ တစ်စစီဖြစ်ကာ ပေါက်ကွဲ ထွက်သွားလေ သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မျောက်ဝံကြီးထံမှ ထွက်ပေါ်လာသည့် ရွှေရောင် ပိုးချည်မျှင်များမှာ အလွန်ထူးဆန်းသည့် အရာများဖြစ်ကြောင်း သိရှိနိုင်လေသည်။
အတောင်များပါသည့် အဖြူရောင် မြွေမှာ ကြောက်လန့် လွန်းသောကြောင့် ခွေနေလေသည်။ ပေါက်ကွဲ ထွက်သွားသည့် ဧရာမ မျောက်ဝံကြီး၏ အသားစများနှင့် ရွှေရောင် သွေးများသည် အဖြူရောင်မြွေ၏ အရေခွံတွင် ကပ်ငြိနေကြလေသည်။
"ဒီအဖြူရောင် မြွေပျံက တကယ့်နဂါး အစစ်က ဆင်းသက်လာတဲ့ မျိုးဆက်ပဲ၊ ဘိုးဘိုးတို့ စီးတော်ယာဉ်အဖြစ် အသုံးပြုလို့ရတယ်၊ ကဲ မင်း ကျုပ်တို့ကို ခေါ်သွားပေးပေတော့"
အဘိုးအိုက များစွာ အားစိုက်ထုတ်ခြင်း မရှိဘဲ ဧရာမ ရွှေရောင် မျောက်ဝံကြီးကို နှိမ်နင်း ခဲ့လေသည်။
သို့သော် မြွေဖြူမှာ တကယ့် နဂါးသွေး အစစ်ပါသည်ဟု မထင်ရလောက်အောင်ပင် ကြောက်ရွံ့ ထိတ်လန့် နေလေသည်။ နတ်ဘုရား အဘိုးအိုရှေ့တွင် နဂါးနှင့်မတူဘဲ ငါးလေး တစ်ကောင်အလားပင် ထင်ရလေသည်။
မြွေဖြူ၏ ကျောပြင်မှာ လှေကြီး တစ်စင်းအလား ကြီးမား ကျယ်ပြန့် လေသည်။ နတ်ဘုရား အဘိုးအိုနှင့် ရော့ရှီတို့က မြွှေဖြူ၏ ကျောပေါ်သို့ တက်လိုက် ကြလေသည်။ မြွေဖြူက အဘိုးအိုတို့ ထိုင်ရ အဆင်ပြေစေရန် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် ကော့ထား ပေးလိုက်လေသည်။
သုံးရက်ကြာပြီးနောက်…
နဂါးမျိုးနွယ်ဖြစ်သည့် မြွေဖြူကို စီးနှင်ကာ ပျံသန်းလာသည့် အဘိုးအိုနှင့် မိန်းကလေး ငယ်တို့သည် ထျန်းဟွာနယ်သို့ ရောက်ရှိ လာကြလေသည်။ သူတို့နှစ်ယောက် ထျန်းဟွာနယ်တွင် လွတ်လွတ်လပ်လပ်ပင် လည်ပတ် သွားလာနေကြ လေသည်။ ဝိညာဉ် စွမ်းအား ကောင်းမွန်သည့် တောင်များနှင့် အဖိုးတန် သစ်ပင်များရှိရာ ဒေသများသို့ သွားရောက်ကာ ဝိညာဉ် စွမ်းအား ဆေးဝါးများကို စုစည်း ကြလေသည်။ သူတို့ နှစ်ယောက်ကို မည်သူကမှလည်း မတားဆီးကြသလို သူတို့ မည်သူမည်ဝါ ဖြစ်သည်ကိုလည်း မည်သူမှ မသိကြပေ။
သို့သော် ထျန်းဟွာနယ်မှ နတ်ဘုရား ဂိုဏ်းများနှင့် ကျင့်ကြံသူ ဂိုဏ်းများမှာ အဘိုးအိုမှာ ရန်သူတစ်ယောက် ဖြစ်နေ မည်ကို စိတ်ပူပန် နေကြလေသည်။ သူတို့က အဘိုးအိုက သူတို့ ပိုင်နက် အတွင်းသို့ ရောက်ရှိလာမည်ကို ကြောက်လန့် နေကြလေတော့သည်။
နှစ်ပတ်အတွင်းမှာပင် ကူးချိုင်ဝေ့သည် ထိုက်ဝေ့ထိုင် ခန်းမဆောင်သို့ မကြာခဏလာရောက် ကြည့်ရှုခဲ့လေသည်။
သို့သော် ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင် မည်သူမျှ ရှိမနေပါ။ ဆရာဘိုးဘိုးဖြစ်သူ နတ်ဘုရား အဘိုးအို၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။
ဆန်းလျန်မှာလည်း မည်သည့် နေရာသို့ ရောက်နေမှန်း မသိသလို ရော့ရှီလေးမှာလည်း ပျောက်ဆုံး နေလေသည်။
ဆန်းလျန်၏ ဝိညာဉ် မီးအိမ်လင်းနေသည် ကိုသာ မခံစားရလျှင် ကူးချိုင်ဝေ့မှာ ဆန်းလျန် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟု ယူဆမိမှာ ဖြစ်လေသည်။
ကူးချိုင်ဝေ့ ချင်းရွှမ်နတ်တံခါးသို့ တပည့်အဖြစ် စတင် ဝင်ရောက်လာသည့် အချိန်ကတည်းက နတ်ဘုရား အဘိုးအိုမှာ ထိုက်ဝေ့ထိုင် ခန်းမဆောင်ကို စောင့်ရှောက်နေသူ ဖြစ်လေသည်။
သူမမှ မဟုတ်ပေ။ သူမ၏ ဆရာဖြစ်သူ ပိယွင်နတ်သမီးနှင့် ဆရာဘွားဘွား ဖြစ်သူ ကျိလင်နတ်သမီးတို့ ချင်းရွှမ် နတ်တံခါးသို့ တပည့်အဖြစ် စတင် ဝင်ရောက်သည့် အချိန်ကတည်းက ထိုအဘိုးအိုသည် ထိုက်ဝေ့ထိုင်ခန်းမ ဆောင်ကို စောင့်ရှောက် နေသည်မှာ ယနေ့ထိတိုင်ပင် ဖြစ်လေသည်။ ဟိုးအရင် အချိန်များ ကတည်းကပင် အဘိုးအို၏ ပုံသဏ္ဌာန်မှာ ပြောင်းလဲ သွားခြင်း မရှိခဲ့ပေ။
အဘိုးအို၏ အသက် မည်မျှရှိပြီကို ချင်းရွှမ်နတ်တံခါးတွင် မည်သူမျှ မသိရှိကြပေ။ ဤသည်ကို ကြည့်ခြင်း အားဖြင့် အဘိုးအိုသည် ချင်းရွှမ် နတ်တံခါးတွင် ရှေးအကျဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။
ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်သူ ဆန်းလျန်က ချင်းရွှမ်ကို ပြန်လည် ဦးမော့လာအောင် ကြိုးစား ဆောင်ရွက်ပေး သူဟု သတ်မှတ်နိုင်ပြီး နတ်ဘုရား အဘိုးအိုကတော့ ချင်းရွှမ် နတ်တံခါး၏ အခြေခံ အုတ်မြစ် တစ်ခုဟု သတ်မှတ်နိုင် လေသည်။
အဘိုးအို ရှင်သန်နေသရွေ့ ချင်းရွှမ် နတ်တံခါးလည်း ရှင်သန်နေမည် ဖြစ်လေသည်။
သို့သော် ယခုတော့ တစ်ချိန်တည်းမှာပင် နတ်ဘုရား အဘိုးအိုရော ဆန်းလျန်ပါ ပျောက်ခြင်းမလှ ပျောက်ဆုံး သွားကြပြီ ဖြစ်လေသည်။ ဆန်းလျန်၏ ဝိညာဉ်မီးအိမ်မှ အလင်းရောင်ကိုသာ မခံစား ရတော့လျှင် ကူးချိုင်ဝေ့မှာ များစွာ ထိတ်လန့် တုန်လှုပ်မိမည် ဖြစ်လေသည်။
ဆန်းလျန်၏ ဝိညာဉ် မီးအိမ် ထွန်းလင်းနေသေးသည့် အတွက်သာ သူမက တည်ငြိမ်နေခြင်း ဖြစ်လေသည်။ သူမက ဆန်းလျန်မှာ တံခါးပိတ် ကျင့်ကြံနေသည်ဟု သတင်း လွှင့်ထားလိုက်လေသည်။
ချင်းရွှမ် ခန်းမဆောင်မှ အလုပ် တာဝန်များကို ကူးချိုင်ဝေ့က တာဝန်ယူပြီး လုပ်ပေးနေရလေသည်။ ဆန်းလျန် ညွှန်ကြား ထားသည်များ အတိုင်း သူမက တသွေမတိမ်း စနစ်တကျ တာဝန်ယူ ပေးနေရခြင်း ဖြစ်လေသည်။
သို့သော် ချင်းရွှမ် နတ်တံခါးမှ တပည့်များမှာ ပထမအကြိမ် ဆန်းလျန်တစ်ယောက် လျှို့ဝှက်စွာ ခရီး ထွက်သွား ကတည်းက သံသယ ဝင်နေကြလေရာ ယခုလည်း ဆန်းလျန် ပြန်ရောက် လာသည်ဟုသာ သတင်း ကြားရပြီး လူကို တွေ့ရခြင်း မရှိသည့် အတွက် မကျေမနပ် ဖြစ်နေကြလေသည်။ ကူးချိုင်ဝေ့က ဆန်းလျန် တံခါးပိတ် ကျင့်ကြံနေသည်ဟု သတင်း လွှင့်ထားသည့်တိုင် သူတို့၏ သံသယများက ကြီးမား လာကြလေသည်။ ထို့ကြောင့်ပင် ချင်းရွှမ် နတ်တံခါးတွင် သဘောထား ကွဲလွဲမှုများ စတင် ဖြစ်ပေါ်လာရလေသည်။
ကူးချိုင်ဝေ့သည် စိတ်အနှောင့်အယှက် ဖြစ်ရသည်များကို ခဏမေ့ထားပြီး ကျင့်စဉ် ကျင့်ကြံ နေလေသည်။ သူမသည် ဟိုင်သန်း အဆင့် တက်ရောက်နိုင်ရန် အနည်းငယ်သာ လိုတော့သည်။ သို့သော် သူမအတွက် ဟိုင်သန်းအဆင့်သို့ တက်ရောက် နိုင်ခြင်း မရှိသေးဘဲ ကျင့်စဉ်လမ်း အခက်အခဲများနှင့် ရင်ဆိုင်နေရလေသည်။ ဟိုင်သန်း အဆင့် တက်ရောက်ရန် ခက်ခဲနေသည့် အတွက် ဆန်းလျန်ဆီမှ ကျင့်စဉ်လမ်း လွှဲပြောင်းပေးခြင်းကို တောင်းဆိုရမည်လား ဟုပင် သူမ စိတ်ကူးနေခဲ့မိသည်။
သို့သော် မလိုအပ်ဘဲ သူမက ဆန်းလျန်ထံမှ ကျင့်စဉ်လမ်း လွှဲပြောင်း ပေးခြင်းကို မပြုလုပ်လိုပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ကျင့်စဉ်လမ်း လွှဲပြောင်းပေးခြင်းကို ပြုလုပ်ကြသည်မှာ များသောအားဖြင့် ကျင့်ကြံသူ ဇနီးမောင်နှံ (သို့မဟုတ်) ချစ်သူများတွင်သာ ပြုလုပ်လေ့ ရှိကြသောကြောင့် ဖြစ်လေသည်။ သူမသာ ဆန်းလျန်ထံမှ ကျင့်စဉ်လမ်း လွှဲပြောင်းပေးသည်ကို လက်ခံလိုက်လျှင် သူမနှင့် ဆန်းလျန်မှာ ချစ်သူများဟု အထင်ခံ ရနိုင်ဖွယ် ရှိလေသည်။
ထို့ပြင် ဆန်းလျန်ကလည်း လက်ရှိအချိန်တွင် ဘယ်ကမ္ဘာသို့ ရောက်ရှိနေသည် မသိပေ။
လင်ထိုင် တာအိုပြိုင်ပွဲ နီးကပ်လာပြီ ဖြစ်သည့် အတွက် သူမသည် ဟိုင်သန်းအဆင့်သို့ အလွန် တက်ရောက်ချင်နေပြီ ဖြစ်လေသည်။ သို့မှသာ လင်ထိုင် တာအိုပြိုင်ပွဲတွင် ချင်းရွှမ် နတ်တံခါး ကိုယ်စား သူမ ပါဝင်ခွင့်ရမည် ဖြစ်လေသည်။
သူမ ကျင့်စဉ်လမ်း အခက်အခဲများ ရင်ဆိုင်နေရဆဲ အချိန်တွင် ချန်ကျန့်မေနှင့် ယန့်ပုကွေးကတော့ ဟိုင်သန်းအဆင့် အောင်မြင် ခဲ့ကြပြီ ဖြစ်လေသည်။ ထို့ကြောင့် ကူးချိုင်ဝေ့မှာ စိတ်ဓာတ် ကျချင် သလိုလိုပင် ဖြစ်နေမိတော့သည်။
စိတ်များ ရှုပ်ထွေးနေသည့် အတွက် သူမအတွက် ကျင့်စဉ်ကို ကောင်းကောင်း မကျင့်ကြံနိုင်ဘဲ ရှိလေသည်။ ထို့ကြောင့် သူမ ကျင့်ကြံခြင်းကို ရပ်နား လိုက်လေသည်။ ထျန်းတိကျန်းမှ မှိန်ပျပျ အလင်းရောင်သည် ချင်းရွှမ်ခန်းမဆောင် ကြမ်းပြင်ပေါ်သို့ ကြည်လင်သည့် ရေအလား စီးဆင်း ဖြာကျနေလေသည်။
ထိုဖြာကျနေသည့် ထျန်းတိကျန်း၏ အလင်းရောင်ထဲတွင် ထိုက်ယီ တောင်ထိပ်သို့ လာနေသည့် တာအို ဆရာတစ်ပါးကို တွေ့လိုက်ရလေသည်။
အခြားသူ မဟုတ်၊ ဆရာဘိုးဘိုး ပိုင်စုဟွမ်ပင် ဖြစ်လေသည်။
အဘယ့်ကြောင့် ပိုင်စုဟွမ် ထိုက်ယီ တောင်ထိပ်သို့ လာရသည်ကို သူမ အံ့သြနေမိလေသည်။
သူမက ကျင်းချင်းကို စိတ်စွမ်းအားဖြင့် ဆက်သွယ်စကား ပြောလိုက်ကာ ပိုင်စုဟွမ်ကို ကြိုဆို ခိုင်းလိုက်သည်။
သိပ်မကြာမီပင် ကျင်းချင်းနှင့်အတူ ပိုင်စုဟွမ် ခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာလေသည်။
ပိုင်စုဟွမ်မှာ အလွန် မောက်မာသည့် ဟန်ဖြင့် ဝင်လာခြင်း ဖြစ်လေသည်။ သူ့ထံမှ နိုင်လိုမင်းထက် ပြုလိုသည့် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
"ဆရာဘိုးဘိုးပိုင်၊ ဘာကိစ္စများရှိလို့ ရောက်လာပါသလဲ"
ကူးချိုင်ဝေ့က မေးလိုက်လေသည်။
"ကျုပ် ဆန်းလျန်နဲ့ တွေ့ချင်လို့…"
ပိုင်စုဟွမ်က ပြန်ဖြေလိုက်သည်။
"ဆရာဘိုးဘိုးပိုင်၊ ဂိုဏ်းချုပ်ကို ဆန်းလျန်လို့ နာမည်ခေါ်လို့ မရဘူးဆိုတာ မသိဘူးလား"
ကူးချိုင်ဝေ့က ပြောလိုက်သည်။
"ဟွန်း… ကျုပ်ကျင့်စဉ်လမ်း စတင်တဲ့အချိန်မှာ သူက မွေးတောင် မွေးသေးတဲ့ကောင် မဟုတ်ဘူး၊ သူ့နာမည်ခေါ်တော့ ဘာဖြစ်သလဲ၊ ပြီးတော့ သူကလည်း ဘယ်တုန်းက ဂိုဏ်းချုပ် တစ်ယောက်လို နေလို့လဲ"
ပိုင်စုဟွမ်က ငေ့ါတော့တော့ လေသံဖြင့် ပြောလိုက်လေသည်။
"ဒီအဘိုးကြီးက တော်တော် မောက်မာတာပဲ"
ဟု ကူးချိုင်ဝေ့ တွေးလိုက်မိလေသည်။
သို့သော် သူမက လေသံကိုလျှော့ လိုက်ရင်း…
"ဂိုဏ်းချုပ်က တံခါးပိတ် ကျင့်ကြံနေပါတယ်၊ ဧည့်သည်တွေ အတွေ့မခံပါဘူး"
"ကျုပ်ကြားတာတော့ ဆန်းလျန် ခရီးက ပြန်လာပြီးတဲ့နောက် မင်းနဲ့ ပထမဆုံး တွေ့ဆုံခဲ့တာပဲ၊ သူတစ်ခုခု ဖြစ်တာလား ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြံလိုက်တာလား၊ ကျုပ်ကို ဘာကြောင့် ပြောမပြရတာလဲ"
ပိုင်စုဟွမ်က အေးစက်စွာ ပြောလိုက်လေသည်။
"ဆရာဘိုးဘိုးပိုင်ရဲ့ စကားက ဘာကို ဆိုလိုတာလဲ၊ တစ်ယောက်ယောက်က မကောင်းတဲ့ စိတ်နဲ့ လုပ်ကြံတယ်ဆိုတာ ဘာကို ပြောချင်တာလဲ၊ ကျွန်မသိအောင် သေချာလေး ရှင်းပြပါဦး ဆရာဘိုးဘိုးပိုင်"
"ဆန်းလျန်မရှိရင် အကျိုးအမြတ် အရှိဆုံးလူက မင်းပဲလေ၊ ဒီတော့ ဆန်းလျန်ကို မကောင်းတဲ့ စိတ်နဲ့ လုပ်ကြံတဲ့ သူက ဘယ်သူ ဖြစ်မယ်ဆိုတာ မင်းပဲ စဉ်းစားကြည့်ပေါ့"
ပိုင်စုဟွမ်က ချက်ချင်း ပြန်ပြောလိုက်သည်။
"ဆရာဘိုးဘိုးပိုင်၊ ဒီစကားကတော့ တော်တော် စော်ကားတဲ့ စကားပဲ၊ ချင်းရွှမ်နတ်တံခါးဆိုတာ ချင်းရွှမ်က တပည့်အားလုံး ပိုင်ဆိုင်တဲ့ နေရာပါ၊ ကျွန်မ ကိုယ်ကျိုးအတွက် ကျွန်မလုပ်ခဲ့တာ ဘာတစ်ခုမှ မရှိဘူး၊ စကားတွေက တော်တော် ရိုင်းစိုင်းတာပဲ"
ကူးချိုင်ဝေ့က အေးစက်စွာ ပြန်ပြောလိုက်လေသည်။
"ချင်းရွှမ်နတ်တံခါးကို ချင်းရွှမ်က တပည့်အားလုံး ပိုင်တယ်ဆိုရင် တပည့်တွေ အသက်ရှည်ဖို့ အတွက် နတ်အသက်ရှည်ဆေး ရှိနေတာကို ဘာလို့ မပေးရတာလဲ၊ ကျုပ်က အဲဒီ ဆေးကိုရဖို့ အကြာကြီး စောင့်နေရတာ"
ပိုင်စုဟွမ်က မထီမဲ့မြင် လေသံဖြင့် ပြောလိုက်လေသည်။
အခြေအနေကတော့ ဆိုးသည်ထက် ဆိုးလာပြီ ဖြစ်ကြောင်း ကူးချိုင်ဝေ့ ရိပ်မိ လိုက်လေတော့သည်။
***