← Chapters

ဒြပ်စင်စွမ်းအားငါးမျိုး

Vol. 3 Ch. 289

ဒြပ်စင်စွမ်းအားငါးမျိုး

Vol. 3 Ch. 289

ကူးချိုင်ဝေ့က မျက်ခုံးကို တစ်ချက်ပင့်လိုက်ပြီး….

"ဆရာ ဘိုးဘိုးပိုင်၊ ဒီသတင်းကို ဘယ်ကနေ ကြားတာလဲ"

"ဘယ်ကနေ ကြားကြားပေါ့၊ အဲဒါ ဟုတ် မဟုတ်ဆိုတာကိုသာ မင်းဝန်ခံဖို့ လိုတယ်"

ပိုင်စုဟွမ်က ရန်လို ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

ကူးချိုင်ဝေ့က စကားတစ်ခွန်းမှ မဆိုဘဲ ပိုင်စုဟွမ်ကို အေးစက်စွာဖြင့် ကြည့်လိုက်သည်။

မြွေမိစ္ဆာကြီး ကျင်းချင်းသည် ချက်ချင်းပင် မြွေအသွင် ပြောင်းလဲလိုက်ကာ ချင်းရွှမ် ခန်းမဆောင်၏ တိုင်လုံးကြီးကို ရစ်ပတ် ထားလေသည်။ မြွေမိစ္ဆာကြီးက ကြမ်းတမ်း ရက်စက်သော မျက်လုံးများဖြင့် ပိုင်စုဟွမ်ကို စိုက်ကြည့် နေလေသည်။ ပိုင်စုဟွမ်၏ ကြီးမားလွန်းသည့် တန်ခိုး စွမ်းအားများက ချင်းရွှမ် ခန်းမဆောင် တစ်ခုလုံးတွင် ပြည့်နေလေသည်။

တန်ခိုးစွမ်းအား ပေါက်ကွဲမှုကြီး ဖြစ်တော့မည့် အလား ခံစားရလေသည်။ ကူးချိုင်ဝေ့နှင့် ကျင်းချင်းတို့ နှစ်ယောက် ပေါင်းပြီးသာ တောင့်ခံထားခြင်း မရှိလျှင် သူတို့ နှစ်ယောက်လုံးမှာ သတိလစ်မေ့မြော သွားနိုင်လောက်သည့် တန်ခိုးစွမ်းအား ထုကြီး ဖြစ်လေသည်။

ထိုအချိန်မှာပင် ထျန်းတိကျန်းမှ အလင်းရောင်များ ဖြာထွက်လာပြီး ခန်းမဆောင် တစ်ခုလုံး လင်းထိန် သွားလေသည်။

ထျန်းတိကျန်း ထွက်ပေါ်လာသည်နှင့် ပိုင်စုဟွမ်က ဟွန့်ခနဲ တစ်ချက် လုပ်လိုက်ပြီး အလင်းတန်း တစ်ခုအဖြစ် ဖန်ဆင်းကာ တိမ်များအတွင်းသို့ တိုးဝင် ပျောက်ကွယ် သွားလေသည်။

ထိုအခါမှ ကူးချိုင်ဝေ့မှာ စိတ်သက်သာရာ ရသွားလေသည်။ တိုင်လုံးကြီးကို ပတ်ထားသည့် မြွေမိစ္ဆာကြီး ကျင်းချင်းမှာတော့ ချွေးဆေးများပင် ထွက်နေလေသည်။ ထျန်းတိကျန်းမှာ အနောက်သို့ ပြန်ဆုတ်သွားပြီး အလင်းရောင်များ တဖြည်းဖြည်း မှိန်ဖျော့ သွားလေသည်။

ကျင်းချင်းက…

"သူက ပြီးသွားမှာ မဟုတ်ဘူးနော်၊ ပြီးတော့ ကျုပ်တို့နှစ်ယောက် တန်ခိုးစွမ်းအား နှစ်ခု ပေါင်းရင်တောင် သူ့ကို အနိုင်ရအောင် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"

ကူးချိုင်ဝေ့က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"အခြေအနေတွေက ရှုတ်ထွေးကုန်ပြီ၊ ငါတို့ကသာ သူ့ကို နတ်အသက်ရှည် ဆေးမပေးရင် ပြဿနာရှာမယ့် ပုံမယ်၊ ဒါပေမဲ့ နတ်အသက်ရှည် ဆေးဆိုတာ တကယ့် လျှို့ဝှက်ကိစ္စပဲ၊ သူက ဘယ်လိုလုပ် သိသွားရတာလဲ"

ပိုင်စုဟွမ်တွင် အခြား ရည်ရွယ်ချက် မရှိလျှင်တော့ သူက ဆန်းလျန် ပြန်ရောက်လာသည် အထိ စောင့်သင့် လေသည်။ ပိုင်စုဟွမ်မှာ အတွေ့အကြုံ ရင့်ကျက်သူ တစ်ယောက် ဖြစ်သည့်အပြင် ချင်းရွှမ် နတ်တံခါးတွင်လည်း နှစ်ပေါင်းတစ်ရာမက ကျင့်ကြံ နေထိုင်ခဲ့သူ တစ်ယောက် ဖြစ်လေသည်။ သူ့တွင် ပြဿနာရှိလျှင် ဆန်းလျန်ကို ကျိုးကြောင်း ညီညွတ်စွာ ရှင်းပြပြီး နတ်အသက်ရှည်ဆေး တောင်းခံမည် ဆိုပါက ဆန်းလျန်ကလည်း ပေးမည်သာ ဖြစ်လေသည်။

သို့သော် သူက ဆန်းလျန်လည်း မရှိသည့်အချိန်၊ နတ်ဘုရား အဘိုးအိုလည်း ပျောက်ကွယ် သွားသည့်အချိန်၊ ကျိလင် နတ်သမီးမှာလည်း တံခါးပိတ် ကျင့်ကြံနေသည့် အချိန်ကို သေသေချာချာ ရွေးချယ်ကာ ကူးချိုင်ဝေ့ထံသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။ သူ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် အင်မတန်မှ စိတ်ဓာတ် အောက်တန်းကျသူ ဖြစ်ကြောင်း ထင်ရှား နေလေတော့သည်။

ထို့ထက်ပိုပြီး အရေးကြီးသည့် အချက်မှာ နတ်အသက်ရှည် ဆေးအကြောင်း ပိုင်စုဟွမ် သိသွားခြင်းပင် ဖြစ်လေသည်။ ထိုသို့ သိသွားခြင်းမှာ တိုက်ဆိုင်မှု မဖြစ်နိုင်ပေ။ ပိုင်စုဟွမ်ကို ထိုသတင်းကို ပေးသူမှာ မည်သူ ဖြစ်လေသနည်း။ စဉ်းစားစရာပင် ဖြစ်လေသည်။

ကူးချိုင်ဝေ့မှာ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ထမ်းထားသည့်အလား ခံစားနေရလေသည်။ ပိုင်စုဟွမ် ရောက်လာသည်မှာ အခြေအနေကို လာရောက် စမ်းသပ်ခြင်း ဖြစ်လေသည်။ သူနောက်တစ်ကြိမ် ထပ်မံ လာရောက်သည့် အချိန်တွင် ဆန်းလျန်သာ မရှိပါက ဒုက္ခ ရောက်ရပေတော့မည်။ ပိုင်စုဟွမ်မှာ ဘဝ နေဝင်ချိန် နီးနေပြီ ဖြစ်သည့်အတွက် မည်သည့် နည်းနှင့်မျှ အလျှော့ ပေးတော့မည် မဟုတ်ပေ။

ကူးချိုင်ဝေ့သည် ချင်းရွှမ်ခန်းမဆောင် အပြင်ဘက်သို့ လှမ်းမျှော်ကြည့် လိုက်လေသည်။ သူမသည် ဆန်းလျန်ကို မျှော်နေခြင်း ဖြစ်လေသည်။

"ဂိုဏ်းတူ မောင်လေး၊ မင်းဘယ်ရောက်နေလဲ၊ ဘာတွေများ ဖြစ်နေသလဲကွယ်"

သူမ တွေးလိုက်မိလေသည်။

ချစ်စရာ ကောင်းသည့် ရွှတ်နောက်နောက် အပြုံးလေးဖြင့် ချင်းရွှမ် ခန်းမဆောင် အတွင်းသို့ လှမ်းဝင်လာမည့် လူငယ်လေးကို သူမဘဝတွင် တစ်ခါမှ ထိုမျှလောက် မတမ်းတ ခဲ့မိဖူးပေ။ ဆန်းလျန်သာ ပြန်လာလျှင် ပြဿနာ အားလုံး ဖြေရှင်းနိုင်သွားမည် ဖြစ်လေသည်။

ဆန်းလျန်မှာ မက်မွန်ပင်ကြီး အောက်တွင် ထိုင်နေလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက် နေလေသည်။ သူက ပုံရိပ်ယောင်များ ဝင်ရောက်လာခြင်း မရှိအောင် စိတ်ကို ထိန်းချုပ်ရင်း တရား ထိုင်နေလေသည်။ သူ၏စိတ်မှာ နက်ရှိုင်းသည့် တွင်းနက်ကြီး တစ်ခုထဲသို့ ရောက်ရှိနေသည့် အလား တိတ်ဆိတ် အေးချမ်းနေလေသည်။

အဖြစ်အပျက်များစွာ ကြုံတွေ့ ပြီးသည့်နောက် သေရေးရှင်ရေး အခြေအနေများတွင် ကျောက်စိမ်းကျိုင်းတံ ကိုင်ထားသည့် နတ်ဘုရား ထွက်ပေါ်လာကာ သူ့ကို ကယ်တင်လေ့ ရှိကြောင်း သတိပြုခဲ့မိပြီ ဖြစ်သည်။ သို့သော် ထိုသို့ လာရောက် ကယ်တင်သည်ကို ဆန်းလျန် မလိုချင်မိပေ။

မက်မွန်ပွင့်လေးများသည် အစိမ်းရောင် ကျောက်တုံး လမ်းလေးပေါ်သို့ ကြွေကျ နေလေသည်။ မြေပြင်ထက်တွင် ကြွေကျနေသည့် ပွင့်ကြွေများမှာ လွန်စွာမှ လှပနေလေသည်။ လေပြည်လေးက တိုက်ခတ်လာပြီး ပွင့်ကြွေများသည် လေအဝေ့တွင် လွင့်မျော သွားလေသည်။ ထို့နောက် မိုးစက်လေးများ ရွာသွန်းလာကာ မြေကြီးမှာ မြေဆီသြဇာများ ကြွယ်ဝ လာလေသည်။

ဆန်းလျန်သည် အစိမ်းရောင် ကျောက်တုံး လမ်းလေးကို စူးစိုက်ကြည့်နေလေသည်။

"ဒီလမ်းရဲ့ အဆုံးမှာ ဒီဗလာနယ်ကနေ ထွက်တဲ့လမ်း ရှိကိုရှိရမယ်၊ ငါထပ်ပြီး သွားကြည့်သင့်တယ်"

နှစ်နာရီ အတွင်းမှာပင် အစိမ်းရောင် ကျောက်တုံးလမ်းလေး အဆုံးသို့ ဆန်းလျန် ရောက်ရှိလာလေသည်။

ရှေ့တွင် မည်သည့်လမ်းမျှ မရှိတော့ပေ။

သီးခြား ဗလာနယ်၏ အဆုံးသတ် ဖြစ်သည့်အတွက် သူ့ရှေ့တွင် အဆုံးမရှိသည့် ဗလာနယ်ကိုသာ မြင်တွေ့ နေရလေသည်။ အလင်းရောင်လဲ့လဲ့ တောက်ပနေသည်ကို ဆန်းလျန် မြင်ရသည်။ သို့သော် ထိုအလင်းရောင်မှာ မည်သည့် နေရာမှ ထွက်ပေါ်နေသည်လဲ ဆန်းလျန် မသိပေ။

သူ့ရှေ့ရှိ အဆုံးမရှိသည့် ဗလာနယ်ထဲတွင် အသက်ဓာတ် စွမ်းအားလည်း မရှိသလို ဝင်ရောက်၍လည်း မရပေ။ သူက ဗလာနယ်ထဲသို့ ဝင်ရောက်ရန် ကြိုးစားလိုက်တိုင်း သူ၏ သွေးကြောများနှင့် သူ၏ တန်ခိုးစွမ်းအားများမှာ ဖောင်းပွလာပြီး ပေါက်ထွက်လုမတတ် ဖြစ်ရလေသည်။

ထို့ကြောင့် သူက အစိမ်းရောင် ကျောက်တုံး လမ်းလေး အဆုံးတွင်ရပ်ကာ အခြေအနေကို လေ့လာ နေလိုက်လေသည်။ စိတ်အာရုံ စူးစိုက်မှုကို အမြင့်အဆုံး အဆင့်ထိ အသုံးပြုကာ ဗလာနယ်တွင်းမှ အပြောင်းအလဲများကို အာရုံခံ ကြည့်လိုက်သည်။

အချိန်တစ်နေ့တာ ကုန်ဆုံးသွားပြီ ဖြစ်လေသည်။

ထိုအချိန်တွင် လေထဲမှ ထွက်ပေါ်လာသည့် သဲမှုံလေး တစ်မှုံကို ဆန်းလျန် တွေ့လိုက် ရလေသည်။ ထိုသဲမှုံလေးသည် အစိမ်းရောင် ကျောက်တုံး လမ်းလေးဆီသို့ ပျော်ဝင် ပေါင်းစပ် သွားလေသည်။

အချိန်များ ကုန်ဆုံးသွားသည်နှင့် အမျှ သဲမှုံလေးများ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာပြီး ဗလာနယ်၏ ဧရိယာကို ချဲ့ထွင် ပေးနေလေသည်။ ကြည့်ရသည်မှာ သီးသန့် ဗလာနယ်လေးမှာ အလွန် နှေးကွေးသည့် အရှိန်ဖြင့် ဖြည်ဖြည်းချင်း နယ်မြေ ချဲ့ထွင် နေပုံရလေသည်။

သဲမှုံလေး တစ်မှုံမှာ နေရာတစ်ခုကို ဖန်တီးနိုင်ရန် အတွက် အလွန်မှ နည်းပါးသည့် ပမာဏ ဖြစ်လေသည်။ သို့သော် ထိုသဲမှုံလေး တစ်မှုံကပင် ဖြစ်တည်မှုကို စတင် ဖန်ဆင်းနိုင်လေသည်။

ဆန်းလျန် သဘောပေါက် သွားရသည်။ ဤသီးသန့် ဗလာနယ် ဖြစ်တည်လာခြင်း၏ နောက်ကွယ်မှ တန်ခိုးစွမ်းအားသည် သဲမှုံလေးတစ်မှုံ ဖြစ်တည်လာခြင်း၏ နောက်ကွယ်မှ တန်ခိုးစွမ်းအားနှင့် အတူတူပင် ဖြစ်လေသည်။

သဲမှုံလေး တစ်မှုံတွင် ဘဝတစ်ခုကို ဖြစ်တည်စေသည့် ပြီးပြည့်စုံသည့် ဖွဲ့စည်းမှု တစ်ခု ပါရှိလေသည်။

ဗုဒ္ဓကျမ်းစာထဲတွင် ရေးသားထားသည်မှာ "သဲမှုံလေး တစ်မှုံကပင်လျှင် လောကကြီး တစ်ခု ဖြစ်တည် လာနိုင်သည်" ဟူ၍ ဖြစ်လေသည်။ ကျမ်းစာထဲမှ စကားမှာ အမှန်ပင် ဖြစ်လေသည်။ အလွန်မှ သေးငယ်သည့်တိုင် သဲမှုံလေးများထဲတွင် အသက်ဓာတ် စွမ်းအားများ ပါဝင်နေသည်ကို ဆန်းလျန် ခံစား လိုက်မိလေသည်။

သဲမှုံလေးများကို ကြည့်ရင်း ထိုက်ရွှီး နည်းဗျူဟာ အကြောင်း စဉ်းစား လိုက်မိသည့် အခါ သူဝမ်းသာ အားရ အော်ဟစ် လိုက်မိသည်။

ထိုက်ရွှီး နည်းဗျူဟာ၏ ဖြစ်တည်မှု တန်ခိုးစွမ်းအားမှာ ကောင်းကင်၊ မြေကြီး၊ တောင်၊ ရွှံ့နွံ ၊ ရေ၊ မီး၊ လေနှင့် လျှပ်စီးဆိုသည့် ဒြပ်စင် စွမ်းအားရှစ်မျိုးကို အခြေခံထားခြင်း ဖြစ်လေသည်။ ထိုအရာများသည် အခြေခံ တည်ရှိမှုများပင် ဖြစ်လေသည်။

ထိုအတွေး ဖြစ်တည်လာသည်နှင့် သူ့စိတ်ထဲတွင် အနီ၊ လိမ္မော်၊ အဝါ၊ အဖြူ၊ အစိမ်း၊ အပြာ၊ ခရမ်းနှင့် အနက်ရောင် စွမ်းအားများ ထွက်ပေါ်လာလေသည်။ ထိုစွမ်းအားများကို အသုံးပြုကာ ဗလာနယ် အရံအတားကို ဆန်လျန် စတင် ထိုးဖောက် လိုက်လေသည်။ ထိုက်ရွှီး တန်ခိုး စွမ်းအားများမှာ ဂမ္ဘီရ မှော်ရောင်စဉ်များ အလား လင်းလက် တောက်ပနေလေသည်။

ထိုက်ရွှီး နည်းဗျူဟာ၏ ဒြပ်စင် စွမ်းအား ရှစ်မျိုးသည် သဲမှုံလေးများ ဖြစ်တည် လာခြင်း၏ နောက်ကွယ်မှ တန်ခိုးစွမ်းအားပင် ဖြစ်လေသည်။ ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများသည် ထိုက်ရွှီး တန်ခိုးစွမ်းအားများနှင့် ပေါင်းစပ် သွားလေသည်။ ထိုအခါ ဒြပ်စင်စွမ်းအား ရှစ်မျိုးတွင် ပြောင်းလဲမှု စတင်ဖြစ်ပေါ်လာပြီး ထူးဆန်းသည့် စွမ်းအား တစ်ခုကို ထုတ်လွှတ် ပေးလိုက်လေသည်။ ထိုစွမ်းအားသည် ဗလာနယ်ထဲတွင် ဟိုမှ ဒီမှ လှုပ်ရှားနေလေ သည်။

ဆန်းလျန် ဖတ်ခဲ့ဖူးသည့် စာပိုဒ် တစ်ပိုဒ်ဖြစ်သည့် -

"ထူးဆန်းသည့် တစ်စုံတစ်ရာသည် မိုးနှင့်မြေ မမွေးဖွားခင် စတင် ဖြစ်တည်လာသည်။ တိတ်ဆိတ် နေသည့် ဗလာနယ် ထဲတွင် ထိုအရာသည် တစ်ခုတည်း တည်ရှိနေပြီး မပြောင်းမလဲ ရှိနေလေသည်။ ထိုအရာသည် ဖြစ်တည်မှု အရာ အားလုံး၏ မိခင်ဖြစ်နိုင်သည်။ ထိုအရာ၏ အမည်ကို ကျွန်ုပ်မသိ။ ထို့ကြောင့် ထိုအရာကို တာအို ကျင့်စဉ်လမ်းဟု အမည် ပေးလိုက်သည်"

ဟူသည့် စာပိုဒ်အတိုင်းပင် ဖြစ်လေသည်။

ဆန်းလျန်မှာ စိတ်များ ရှုပ်ထွေးနေသည့်တိုင် သူ၏ ခန္ဓာကိုယ်ထဲတွင် ထိုက်ရွှီး တန်ခိုးစွမ်းအား ရှစ်ခုဖြင့် ပြည့်နှက်နေလေသည်။ ထိုက်ရွှီး တန်ခိုးစွမ်းအားများ ကြီးမား လာသည်နှင့် အမျှ ယင်နှင့် ယန်စွမ်းအားများ အဖြစ်သို့ ပြောင်းလဲ သွားလေသည်။ ထို့နောက် ယင်နှင့် ယန်မှ ဒြပ်စင်စွမ်းအား ငါးမျိုးအဖြစ်သို့ ကူးပြောင်းသွားလေသည်။ ဗလာနယ်ထဲမှ တည်ရှိမှုမှာ ပြောင်းလဲ တိုးတက်လာပြီး ထိုးဖောက်နိုင်မှုက တဖြည်းဖြည်း ကျယ်ပြန့် လာလေသည်။

ဆန်းလျန်က ထူးဆန်းသည့် တန်ခိုးစွမ်းအား တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုတန်ခိုးစွမ်းအားမှာ ချမ်းမော့ထံမှ သူရရှိထားသည့် တန်ခိုးစွမ်းအား ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါသွားပြီး ခဏတာမျှ သတိလစ်သလို ဖြစ်သွားရလေသည်။ သူပြန်လည် သတိရလာသည့် အချိန်တွင်တော့ သူ၏ ခန္ဓာကိုယ်ထဲတွင် ချမ်းမော့၏ ထူးဆန်းသည့် တန်ခိုးစွမ်းအားနှင့် ထိုက်ရွှီးတန်ခိုး စွမ်းအားရှစ်ခု ပေါင်းစပ်သွားပြီး ရောင်စဉ်ငါးခု ထွက်ပေါ် လာလေသည်။ အစိမ်း၊ အဝါ၊ အနီ၊ အနက်နှင့် အဖြူရောင် တန်ခိုးစွမ်းအားများ ဖြစ်လေသည်။ ထိုစွမ်းအားများမှာ  မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လျင်မြန်လွန်းလေသည်။

"ထိုက်ရွှီး နည်းဗျူဟာ၊ တာအိုကျင့်စဉ်ရဲ့ အခြေခံ ဒြပ်စင် စွမ်းအားငါးမျိုး"

ဆန်းလျန် တွေးလိုက်မိသည်။

ဆန်းလျန် ကိုယ်ထဲမှ ဒြပ်စင် စွမ်းအား ငါးမျိုးမှာ ဒြပ်စင် စွမ်းအား ရှစ်မျိုးဖြင့် ပေါင်းစည်း သွားလေသည်။ ကိုယ်တွင်းမှ တန်ခိုးစွမ်းအားများသည် တဖြည်းဖြည်းနှင့် အလွန်ခိုင်မာ ကျစ်လျစ် လာလေသည်။

သို့သော် ဒြပ်စင်စွမ်းအား ငါးမျိုးမှာ အလွန် လေးလံလှသည့် အတွက် ဆန်းလျန် ထိန်းချုပ်ရန် ခက်ခဲ နေရလေသည်။

သို့သော် သူက စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အာရုံစူးစိုက် လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်အတွင်း ထူးဆန်းသည့် တန်ခိုး စွမ်းအားများသည် တာအို စွမ်းအား အဖြစ် တစ်သမတ်တည်း ကာရံညီသွားပြီး ဗလာနယ် အတွင်းတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ် သွားလေတော့သည်။

ထိုအချန်မှာပင်…

ထိုက်ယီတောင်ထိပ်ရှိ ချင်းရွှမ် ခန်းမဆောင်ရှေ့သို့ အတောင်များ တဖျတ်ဖျတ်ခတ်ရင်း ချမ်းမော့ ရောက်ရှိ လာလေသည်။ အစိမ်း၊ အနီ၊ အဝါ၊ အနက်နှင့် အဖြူ ဒြပ်စင်စွမ်းအား ငါးမျိုးမှာ သူမ၏ ခန္ဓာကိုယ်မှ ရောင်စဉ်ဖြာလင်းကာ ထွက်ပေါ်လျက် ရှိလေသည်။

ကူးချိုင်ဝေ့က ခန်းမဆောင် အပြင်ဘက်သို့ ထွက်လိုက်ပြီး ချမ်းမော့ကို ကြည့်လိုက်သည်။

"ဒီငှက်လေးက ဂိုဏ်းတူမောင်လေးနဲ့ အရမ်း ရင်းနှီးတယ်၊ သူများ ဂိုဏ်းတူမောင်လေး ဘယ်မှာရှိလဲ ဆိုတာ သိနိုင် မလားပဲ"

ဟု ကူးချိုင်ဝေ့ တွေးလိုက် မိလေသည်။

"မင်း ဆန်းလျန် ဘယ်မှာလဲ သိလားဟင်…"

သူမက ချမ်းမော့ကို မျှော်လင့်တကြီးဖြင့် မေးလိုက်လေသည်။

သို့သော် ချမ်းမော့ကတော့ သူမကို အရေးပင်မလုပ်ပေ။ ဇာမဏီငှက် သီးချင်း ဆိုနေသည့် အလား ကျီကျီကြာကြာ အသံလေးများသာ အော်ဟစ်နေလေသည်။

ထိုအချိန်မှာပင် …

ပိုင်စုဟွမ်နှင့် အခြားသော တပည့်ဆယ်ယောက်ခန့် ကောင်းကင်ထက်တွင် ပျံသန်း လာကြသည်ကို ကူးချိုင်ဝေ့ မြင်တွေ့ လိုက်ရလေသည်။

"နောက်ဆုံးတော့ သူတို့ရောက်လာကြပြီ …"

ကူးချိုင်ဝေ့မှာ သက်ပြင်း တစ်ချက်ချရင်း ထိုမျှသာ ရေရွတ် လိုက်နိုင်တော့သည်။

***

All Chapters