← Chapters

ထူးခြားသည့် အခွင့်အရေး

Vol. 3 Ch. 290

ထူးခြားသည့် အခွင့်အရေး

Vol. 3 Ch. 290

ကူးချိုင်ဝေ့က ရောက်လာသည့် သူများ၏ တန်ခိုးစွမ်းအားကို ခန့်မှန်းတွက်ချက် ကြည့်လိုက်သည်။ ပိုင်စုဟွမ် ဦးဆောင်လာသည့် ကျင့်ကြံသူ အုပ်စုတွင် ဟိုင်သန်း အဆင့်ကျင့်ကြံသူ သုံးယောက် ပါဝင်လေသည်။ သူတို့၏ စွမ်းအားများသာ ပေါင်းစပ်လိုက်ပါက ကျင့်ကြံသူ ဂိုဏ်းငယ်လေး တစ်ခုကိုပင် နှိမ်နင်း နိုင်လောက်အောင် တန်ခိုးစွမ်းအား ကြီးမားမည် ဖြစ်လေသည်။

ဥပမာပေးရလျှင် ချင်းကျန်းဂိုဏ်းကဲ့သို့ ဂိုဏ်းမျိုးကို ထိုလူအုပ်ဖြင့် လုံး၀ နှိမ်နင်းနိုင်မည်မှာ မလွဲဧကန်ပင်။ ထို့ပြင် ပိုင်စုဟွမ်မှာ ဖော့ဝမ့် အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့် အတွက် သူ၏ တန်ခိုးစွမ်အားက ဟွမ်လုန်ကျီထက် မသာလျှင်တောင် မလျော့ပေ။

ကူးချိုင်ဝေ့မှာ အရက်သမား တာအိုဆရာနှင့် ဆရာသခင် ကယ်ယွမ်းတို့ကို အကြောင်း ကြားရန်မှာလည်း အချိန်မမီ တော့ပေ။

ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါးမှ တပည့် အများစု၏ ယုံကြည်မှုကို ရရှိထားသူ ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန်သည် အချိန်မရွေး နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက် နိုင်တော့မည့်သူ ဖြစ်သည့်အတွက် ပိုင်စုဟွမ်ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်မည် ဖြစ်လေသည်။

သို့သော် သူမကတော့ ထိုသို့ မဟုတ်ပေ။ သူမကို ကူညီမည့်သူမှာ ဆန်းလျန်နှင့် ကျိလင် နတ်သမီးသာ ရှိလေသည်။

ဆရာဘွားဘွား ဖြစ်သူ ကျိလင် နတ်သမီးကတော့ အခက်အခဲ ရင်ဆိုင်ရသည့် အချိန်တွင် အလွန်အရေးကြီးလျှင် သူမကို ဆင့်ခေါ်ရန် မှာကြား ထားလေသည်။ သို့သော် ဆရာဘွားဘွား ဖြစ်သူမှာ တံခါးပိတ် ကျင့်ကြံပြီး ဒဏ်ရာကုသ နေခြင်း ဖြစ်သည့်အတွက် သူမအနေဖြင့် အနှောင့်အယှက် မပေးလိုပေ။ ထို့ပြင် သူမ ဆင့်ခေါ်လိုက်ကာမှ ကျိလင် နတ်သမီး မဟုတ်ဘဲ ချင်းရှောင်း နတ်သမီး အသွင်ဖြင့် ထွက်ပေါ်လာပါက ပြဿနာများမှာ ရှင်း၍မရအောင် ရှုတ်ကုန်မည် ဖြစ်လေသည်။

ပိုင်စုဟွမ်မှာ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင် ထားလေသည်။ သူ့နောက်တွင် ရပ်နေသူမှာ ဆရာသခင် ကျန်းရော့ရွှီး၏ တူဖြစ်သူ ကျန်းလင်ရှန့် ဖြစ်လေသည်။ ကျန်းလင်ရှန့်နှင့် အတူ အခြားသော ဟိုင်သန်းအဆင့် ဆရာနှစ်ယောက် ပါလာခြင်း ဖြစ်လေသည်။ သို့သော် သူတို့ နှစ်ယောက်လုံးမှာ ကျင့်စဉ် လမ်းရှေ့ဆက်နိုင်ရန် အခြေအနေမဟန်သူများ ဖြစ်ကြလေသည်။

သို့တိုင်အောင် သူတို့သည် နောက်ထပ်နှစ်ပေါင်းရာနှင့်ချီပြီး အသက်ရှည်ဦးမှာ ဖြစ်လေသည်။ သို့သော် သူတို့က ထိုမျှနှင့်လုံလောက်သည်ဟု မထင်ကြပေ။ ထို့ကြောင့် ပိုင်စုဟွမ်နှင့် ကျန်းလင်ရှန့်တို့ ဦးဆောင်မှု နောက်မှလိုက်ကာ နတ်အသက်ရှည်ဆေး ဝေစုကိုရရန် လိုက်တောင်းကြခြင်း ဖြစ်လေသည်။ သူတို့၏ တပည့် အနည်းငယ်က သူတို့နောက်မှ လိုက်ပါလာခြင်း ဖြစ်လေသည်။ ထို့ကြောင့် အားလုံးပေါင်း ဆယ်ယောက်ခန့် ဖြစ်သွားရခြင်း ဖြစ်လေသည်။

ပိုင်စုဟွမ်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူထံမှ အန္တရာယ်ပြုမည့် အငွေ့အသက်များ ထွက်ပေါ်နေလေ သည်။

သူ၏ တန်ခိုးစွမ်းအားများမှာ ချင်းရွှမ် ခန်းမဆောင် ရှေ့တွင် ပေါက်ကွဲလု နီးပါး ဖြစ်နေလေသည်။ သူ့ထံမှ "အချိန် စက်ဝန်းဓားသိုင်း" အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ သူကျင့်ကြံနေသည့် "လမင်းရောင်ခြည်ကျင့်စဉ်" မှာ အလွန်အဆင့်မြင့်နေပြီ ဖြစ်လေသည်။

ကူးချိုင်ဝေ့ထံမှ ကိုယ်ရောင်ကိုယ်ဝါများ တောက်ပ လာလေသည်။

သူမ၏ နောက်တွင် ချင်းရွှမ်နတ်တံခါးမှ တပည့် အချို့ ပေါ်လာလေသည်။

ကူးချိုင်ဝေ့ကို ကူညီမည့် တပည့် အုပ်စုကို ဦးဆောင်သူမှာ ချိုးရှီ ဖြစ်လေသည်။ ဆန်းလျန်က ကြာပန်း ဓားဝိညာဉ်ကို သူ၏ ကိုယ်တွင်းသို့ ထည့်ပေးကာ လက်ဆင့်ကမ်း ပေးခဲ့သည့် တပည့် ဖြစ်လေသည်။ ထိုဓားဝိညာဉ်ကို ရရှိပြီး နောက်ပိုင်း ချိုးရှီ၏ တန်ခိုး စွမ်းအားများမှာ အဆမတန် မြင့်မား လာခဲ့လေသည်။ သို့သော် ပိုင်စုဟွမ်နှင့် ရင်ဆိုင်ရာ တွင်တော့ ချိုးရှီ၏ တန်ခိုးစွမ်းအားများမှာ အသုံးဝင်မည် မဟုတ်ပေ။

ချိုးရှီနှင့် အခြား တပည့်များသည် ပိုင်စုဟွမ်၏ ပြင်းထန်လွန်းသည့် တန်ခိုးစွမ်းအားများကို ခံစား နေကြရသည့်တိုင် အကြောက်အလန့် မရှိ ကြပေ။

ဘာမဟုတ်သည့် သာမန် တပည့်လေးများက သူ့ကို ဆန့်ကျင်နေသည့် အတွက် ပိုင်စုဟွမ်မှာ ဒေါသချောင်းချောင်း ထွက်သွားရလေသည်။ သူ့ခန္ဓာကိုယ်ထဲမှ တန်ခိုး စွမ်းအားများမှာ ပျံသန်းနေသည့် နဂါးတစ်ကောင် အလား ချိုးရှီတို့ အုပ်စုကို ရိုက်ချ လိုက်လေသည်။ တပည့်အုပ်စုက ချက်ချင်းပင် နောက်သို့ ခုန်ရှောင် လိုက်ကြလေသည်။ သို့သော် မည်သူမျှ လဲကျသွားခြင်းတော့ မရှိပေ။

သူက ရက်စက်စွာ တိုက်ခိုက် လိုက်သည့်တိုင် တပည့်များက သူ၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်တိမ်း သွားကြသည့် အတွက် ပိုင်စုဟွမ်မှာ အံ့သြ သွားရလေသည်။

ထိုအချိန်မှာပင် ကူးချိုင်ဝေ့ထံမှ ထိုက်ရွှီး တန်ခိုးစွမ်းအားများ ဖြစ်သည့် ဒြပ်စင်စွမ်းအား ရှစ်မျိုး ထွက်ပေါ် လာလေသည်။ ထိုတန်ခိုး စွမ်းအားများက တံတိုင်း တစ်ခုအလား ချိုးရှီ ဦးဆောင်သည့် တပည့်အုပ်စုကို ကာကွယ် ပေးလိုက်လေသည်။

ထိုအချိန်မှာပင် ချမ်းမော့က ကူးချိုင်ဝေ့၏ နံဘေးသို့ ရောက်ရှိလာပြီး သူမ၏ ထူးဆန်းသည့် တန်ခိုး စွမ်းအားများကို ကူးချိုင်ဝေ့၏ ခန္ဓာကိုယ် အတွင်းသို့ လွှဲပြောင်း ပေးနေလေသည်။

ချမ်းမော့၏ တန်ခိုးစွမ်းအားများ ကိုယ်တွင်းသို့ စီးဝင်လာသည်နှင့် ကူးချိုင်ဝေ့၏ တန်ခိုး စွမ်းအားများမှာ အဆမတန် မြင့်မား လာလေသည်။

"ဆရာဘိုးဘိုးပိုင်၊ ရှင်က ဘာဖြစ်ချင်နေတာလဲ"

သူမက ပိုင်စုဟွမ်ကို အော်ဟစ် မေးမြန်း လိုက်သည်။

ကျန်းလင်ရှန့်က ရှေ့သို့ တက်လာပြီး ကူးချိုင်ဝေ့ကို အော်ဟစ်လိုက်သည်။

"ဂိုဏ်းတူ ညီမကူးချိုင်ဝေ့၊ မင်းက ဂိုဏ်းချုပ်ကို တိတ်တဆိတ် လုပ်ကြံပြီး နတ်အသက် ရှည်ဆေးကို ခိုးယူထားတာ မဟုတ်လား၊ ကျုပ်တို့က မင်းကို စစ်ဆေးဖို့ ရောက်လာတာ၊ မင်းမှာ သိက္ခာ ရှိသေးတယ် ဆိုရင် နတ်အသက်ရှည် ဆေးကို ကျုပ်တို့ကို ထုတ်ပေးပြီး ဂိုဏ်းချုပ် ဘယ်ရောက် နေလဲဆိုတာ ပြောပြစမ်း"

"ဂိုဏ်းတူ အစ်ကို ကျန်းလင်ရှန့်၊ ရှင်ဒီနေ့ လုပ်နေတဲ့ ကိစ္စတွေကိုသာ ရှင့်ရဲ့ဦးလေး ဆရာ သခင်ကျန်းရော့ရွှီးသိရင် အကြီးအကျယ် စိတ်ပျက်သွားမှာပဲ"

ကူးချိုင်ဝေ့က အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။

"ကျုပ်ရဲ့ဦးလေး လူကဲခတ်ညံ့ခဲ့လို့ မင်းလို မိန်းမတစ်ယောက်ရဲ့ စိတ်ယုတ်မာတွေကို မမြင်ခဲ့ဘဲ တပည့်အဖြစ် လက်ခံခဲ့တာပေါ့"

ကျန်းလင်ရှန့်က ပြန်ပြောလိုက်လေသည်။

ထိုအချိန်မှာပင် ပိုင်စုဟွမ်၏ တန်ခိုးစွမ်းအားများမှာ အဆမတန် မြင့်တက် လာလေသည်။

ကူးချိုင်ဝေ့က ကျန်းလင်ရှန့်ကို ပြန်လည်ချေပရန် ပြင်ဆင် လိုက်သော်လည်း ပိုင်စုဟွမ် ထုတ်လွှတ် လိုက်သည့် တန်ခိုး စွမ်းအားများကြောင့် အသက်ပင် မရှူနိုင် ဖြစ်သွားရလေသည်။

ပိုင်စုဟွမ်မှာ သူသေကိုယ်သေ တိုက်ခိုက်မည့်ပုံ ပေါက်နေလေသည်။ ကူးချုင်ဝေ့က အရှုံးပေးပြီး နတ်အသက်ရှည် ဆေး မပေးသရွေ့ အလျှော့ပေးမည့်ပုံ မပေါ်ပေ။

ကူးချိုင်ဝေ့မှာ သူမနှင့် ဆန်းလျန် အကြောင်း မဟုတ်မမှန် ကောလာဟလများကို ကြားလိုက်ရသည့် အတွက် ဒေါသများ ချောင်းချောင်း ထွက်လျက် ရှိလေတော့သည်။

ပိုင်စုဟွမ်၏ တန်ခိုး စွမ်းအားများက အလွန်မြင့်တက် နေသည့် အတွက် ကူးချိုင်ဝေ့မှာ ချမ်းမော့၏ အကူအညီကို ယူထားသည့်တိုင် ပိုင်စုဟွမ်ကို မတွန်းလှန်နိုင် ဖြစ်နေရလေသည်။

သို့သော် သူမ၏ ဒေါသ တရားများကြောင့် ထွက်ပေါ်လာသည့် ထိုက်ရွှီး တန်ခိုး စွမ်းအားများမှာ အလွန်မှ သိပ်သည်း နေလေသည်။ ချမ်းမော့ကလည်း ကူညီပေးထားသည့် အတွက် ထိုက်ရွှီး တန်ခိုးစွမ်းအားများမှာ အထွတ်ထိပ်သို့ ရောက်ရှိသွားလေတော့သည်။

ထိုအချိန်ခဏမှာပင် သူမသည် ထူးဆန်းသည့် ကျင့်စဉ်လမ်း အဆင့်တစ်ခုသို့ မထင်မှတ်ဘဲ ရောက်ရှိ သွားလေသည်။ သူမ၏ စိတ်အစဉ်တွင် အလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ပြီးပြည့်စုံသည့် ပြဒါးကျင့်စဉ်လမ်းကို မြင်တွေ့ လိုက်ရလေသည်။

ပိုင်စုဟွမ်၏ အမြင်တွင်တော့ ကူးချိုင်ဝေ့မှာ ငှက်စုတ် တစ်ကောင်ထံမှ အကူအညီရယူကာ သူ့ကို အံတုနေသည် ဟုသာ ထင်မြင်မိလေသည်။ ထို့ကြောင့် သူ၏ စွမ်းအားများကို ပိုမို ထုတ်လွှတ်လိုက်ပြီး ကူးချိုင်ဝေ့ကို ဖိအားပေး လိုက်လေသည်။

သို့သော် ကူးချိုင်ဝေ့သည် ယိုင်လဲ သွားခြင်း မရှိဘဲ ပိုင်စုဟွမ်၏ တန်ခိုးစွမ်းအားများကို တောင့်ခံထားဆဲ ဖြစ်လေသည်။ ပိုင်စုဟွမ်မှာ အံ့သြ သွားရလေသည်။

သို့သော် ပိုင်စုဟွမ်က "လမင်းရောင်ခြည် ကျင့်စဉ်" တန်ခိုးစွမ်းအားကို အစွမ်းကုန် ထုတ်သုံးထားခြင်း မရှိသေးပေ။ ပိုင်စုဟွမ်သာ တန်ခိုးစွမ်းအားများ အားလုံးကို ထုတ်သုံးလိုက်ပါက ကူးချိုင်ဝေ့၏ ကျင့်စဉ်လမ်း တစ်ခုလုံး ပျက်စီးသွားပြီး အသက်ပါ ဆုံးရှုံး သွားနိုင်လေသည်။ ထိုအခါ သူလိုချင်သည့် နတ်အသက်ရှည် ဆေးလည်း ရတော့မည် မဟုတ်ပေ။

သူ၏ရည်ရွယ်ချက်က ကူးချိုင်ဝေ့ အရှုံးပေးသည်ကိုသာ လိုချင်ခြင်း ဖြစ်လေသည်။ ကူးချိုင်ဝေ့ကို အသက်သေသည် အထိ မဖြစ်စေလိုပေ။

ချမ်းမော့၏ အကူအညီသာ မပါရှိလျှင် ကူးချိုင်ဝေ့မှာလည်း ထိုမျှ တောင့်ခံနိုင်မည် မဟုတ်ပေ။ ထို့အတူ ကျင့်စဉ်လမ်းကိုလည်း ရှင်းလင်းစွာ အမြင်ပွင့် သွားပြီး တရားအလင်း ရသွားနိုင်မည် မဟုတ်ပေ။

သူမ၏ ခန္ဓာကိုယ်မှာ ကြေးမီးဖိုကြီး တစ်ခုအလား ပူလောင် နေလေသည်။

ထိုက်ရွှီးတန်ခိုး စွမ်းအားများမှာ မီးတောက်များ အလား လောင်ကျွမ်းနေပြီး ချမ်းမော့၏ ထူးဆန်းသည့် တန်ခိုး စွမ်းအားများက သူမထံသို့ အဆက်မပြတ် စီးဝင်နေလေသည်။ ထို့အတူ ပိုင်စုဟွမ်၏ တန်ခိုး စွမ်းအားများကလည်း သူမကို အဆမတန် ဖိနှိပ် ထားလေသည်။ သူမသည် တန်ခိုး စွမ်းအားနှစ်ခု၏ ဆုံချက် အလယ်တည့်တည့်သို့ ရောက်မှန်းမသိ ရောက်ရှိ နေရလေသည်။

ထိုသို့သော ဖြစ်ရပ်မျိုးမှာ အလွန်မှ ကြုံရခဲသည့် ဖြစ်ရပ်မျိုး ဖြစ်လေသည်။ ကူးချိုင်ဝေ့ အနေဖြင့် အကြီးအကျယ် ဒဏ်ရာ ရသွားနိုင်သလို ကျင့်စဉ်လမ်း အဆင့်လည်း တက်သွား နိုင်လေသည်။

သို့သော် ကူးချိုင်ဝေ့မှာ ကျန်းလင်ရှန့်၏ စွပ်စွဲချက်များကြောင့် အကြီးအကျယ် ဒေါသ ထွက်နေသည့် အတွက် တန်ခိုးစွမ်းအား စီးဆင်းနေမှုများကို သတိမထားမိပေ။ သူမထံမှ ထိုက်ရွှီး တန်ခိုး စွမ်းအားများကိုသာ စိတ်ရှိလက်ရှိ ထုတ်လွှတ်ကာ တိုက်ခိုက် နေခဲ့မိလေသည်။ ထိုအချက်ကြောင့်ပင် သူမသည် ဟိုင်သန်းအဆင့်သို့ ပထမဆုံးခြေလှမ်း တက်လှမ်းနိုင်သည့် အဆင့်သို့ ရောက်ရှိ သွားခဲ့လေသည်။ ဆရာ ဘွားဘွား လီချင်းဆွေသာ အနားတွင်ရှိလျှင် ဟိုင်သန်း အဆင့် တက်ရောက် နိုင်ရန်အတွက် ထူးခြားသည့် အခွင့်အရေးကို ကံကောင်းလွန်းစွာဖြင့် ရရှိသည်ဟု မှတ်ချက် ပြုမည်မှာ အသေအချာပင် ဖြစ်လေသည်။

ကျန်းလင်ရှန့်၏ မဆင်မခြင် ပြောဆိုမှုများကြောင့် ချိုးရှီမှာလည်း ဒေါသ အလွန် ထွက်နေရလေသည်။ ချိုးရှီမှာ ဆန်းလျန်ကို လေးစားသူ တစ်ယောက် ဖြစ်သည့်အတွက် ကျန်းလင်ရှန့်က ကူးချိုင်ဝေ့နှင့် ဆန်းလျန် အကြောင်း မဟုတ်တမ်းတရား ပြောဆိုနေသည်ကို လက်မခံနိုင်ပေ။

သူက အရှေ့သို့ ထွက်လိုက်ပြီး ဓားဝိညာဉ်ကို ထုတ်လွှတ် လိုက်လေသည်။

"ဆရာဦးလေး ကျန်းလင်ရှန့် ၊ ခင်ဗျားရဲ့ စကားတွေက သိပ်လွန်နေပြီ"

ချိုးရှီက အေးစက်စွာ ပြောလိုက်လေသည်။

ပိုင်စုဟွမ် ရှေ့ထွက်လာသည့် ချိုးရှီကို သူ၏ တန်ခိုးစွမ်းအား များဖြင့် တွန်းထုတ် လိုက်လေသည်။ သို့သော် ပိုင်စုဟွမ်က တန်ခိုး စွမ်းအားများစွာ အသုံးပြုခြင်း မရှိခဲ့ပေ။ ချိုးရှီကို တားဆီးရုံလောက်သာ အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။

ထို့ပြင် သူက နတ်အသက်ရှည်ဆေးကိုသာ လိုချင်ခြင်းဖြစ်ပြီး တပည့်အငယ်များကို ဒုက္ခပေးလိုစိတ် မရှိပေ။

ချိုးရှီ၏ ကြာပန်း ဓားဝိညာဉ်သည် ကျန်းလင်ရှန့်ဆီသို့ ပျံသန်း သွားလေသည်။

ကြာပန်း ဓားဝိညာဉ်မှာ ကြောက်စရာ ကောင်းလွန်းသည့် အတွက် ကျန်းလင်ရှန့်မှာ နောက်သို့ ခုန်ဆုတ် လိုက်ရသည်။ ချိုးရှီ၏ ဓားသိုင်းမှာ ချန်ကျန့်မေ ငယ်စဉ်ကကဲ့သို့ပင် အစွမ်းထက် လှလေသည်။ ချိုးရှီမှာ ထိုမျှ အစွမ်းထက် နေလိမ့်မည်ဟု ကျန်းလင်ရှန့် ထင်မထားမိပေ။

ကျန်းလင်ရှန့်က လေပွေ တစ်ခု ဖန်ဆင်းကာ ချိုးရှီကို အဆက်မပြတ် ပြန်လည် တိုက်ခိုက် လိုက်လေသည်။ သူ၏ တိုက်ခိုက်မှုက အားလည်း မပြင်းသလို အားလည်း မနည်းပေ။

သို့သော် ထိုလေပွေထဲတွင် ထောင်နှင့်ချီသည့် ငွေရောင် အပ်ကလေးများ ပါဝင်နေသကဲ့သို့ ထက်ရှနေပြီး တဝီဝီ မြည်သံများလည်း ထွက်ပေါ် နေလေသည်။

ကျန်းလင်ရှန့် အသုံးပြုလိုက်သည့် ကျင့်စဉ်မှာ "လေထဲမှပန်းချီကား" ကျင့်စဉ် ဖြစ်လေသည်။ ချိုးရှီ၏ ကြာပန်းဓား ဝိညာဉ်သာ အလွန် အစွမ်းထက်ခြင်း မရှိလျှင် ကျန်းလင်ရှန့်က ထိုပညာကို အသုံးပြုမည် မဟုတ်ပေ။

ကျန်းလင်ရှန့်မှာ အတွေ့အကြုံ အလွန်များသည့် ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ လေထဲမှ ပန်းချီကား တန်ခိုးစွမ်းအားဖြင့် ဖန်ဆင်းထားသည့် ငွေရောင် လေပွေသည် ချိုးရှီ၏ ကြာပန်းဓားကို ရိုက်ချ လိုက်လေသည်။ ကြာပန်းဓား ဝိညာဉ်မှာ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေ သွားရလေသည်။

သို့သော် ကျန်းလင်ရှန့်က အလျှော့မပေးပါ။ သူ၏ ငွေရောင်လေပွေမှာ ပိုမိုပြင်းထန်လာပြီး ချိုးရှီထံသို့ အရှိန်အဟုန် ပြင်းထန်စွာဖြင့် ဝင်ရောက် လာလေသည်။ လေပွေထဲတွင် ထောင်နှင့်ချီနေသည့် ငွေအပ်လေးများ ပါဝင်နေလေသည်။ ထိုလေပွေဖြင့်သာ ရိုက်ခတ်မိလျှင် ချိုးရှီမှာ ဒဏ်ရာ အပြင်းအထန် ရသွား မည်ဖြစ်လေသည်။

ထိုအချိန်မှာပင် တိမ်တိုက်တစ်ခု ပေါ်ထွက်လာပြီး ကျန်းလင်ရှန့်၏ လေပွေကို တားဆီး ထားလိုက်လေသည်။ ထို့နောက် တိမ်တိုက်က ပျောက်ကွယ်သွားပြီး လူငယ်တစ်ယောက် ပေါ်ထွက် လာလေသည်။ ထိုသူမှာ ဆံပင်ကို ပဝါ တစ်စဖြင့် စည်းနှောင်ထားပြီး စာပေသမားဝတ်စုံကို ဝတ်ဆင် ထားလေသည်။ သူ၏ လက်ထဲတွင် အဖြူရောင် မီးတောက်နှင့် ဆင်တူသည့် နတ်ဓားတစ်လက်ကို ကိုင်ဆောင် ထားလေသည်။

ကျန်းလင်ရှန့်၏ ငွေရောင်လေပွေမှာ ထိုမီးတောက်နှင့် ထိမိသည်နှင့် ပြာမှုန့်များ အဖြစ် တစ်စစီ ဖြစ်သွားရလေသည်။ ကျန်းလင်ရှန့်မှာ စာပေသမား လူငယ်၏ ဓားဝိညာဉ်ကို ရှုံးနိမ့်သွားရပြီ။

ကျန်းလင်ရှန့်က စာပေသမား လူငယ်ကို လှမ်းကြည့်လိုက်ရင်း…

“ဂိုဏ်းတူတူလေး လူစောယိ ၊ မင်းက ဘာလို့ ကျုပ်ကို အခက်တွေ့အောင် လုပ်ရတာလဲ၊ ကျုပ်ရဲ့ ဦးလေးက မင်းအပေါ် ဘယ်လောက် ကောင်းခဲ့လဲဆိုတာ မေ့သွားပြီလား”

ချိုးရှီကို ကာကွယ် ပေးလိုက်သူမှာ စာပေသမား လူစောယိ ဖြစ်လေသည်။

လူစောယိမှာ ဆန်းလျန် ဂိုဏ်းချုပ်ဖြစ်ပြီး နောက်တစ်နှစ်တွင် လူ့လောကသို့ လေ့လာရေး ခရီး ထွက်ခွာ သွားခဲ့လေသည်။ ယခု ချင်းရွှမ်နတ်တံခါးသို့ ပြန်ရောက် လာသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည်။

သို့သော် လူစောယိသည် ဟိုင်သန်း အဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည့် ကျန်းလင်ရှန့်ကို ရင်ဆိုင် တိုက်ခိုက်နိုင်မည်ဟု မည်သူမျှ ထင်မထားမိကြပေ။

အမှန်တော့ လူစောယိမှာ ဟိုင်သန်းအဆင့် တက်ရောက် အောင်မြင်ခဲ့ပြီ ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါးတွင် ယန့်ပုကွေးပြီးလျှင် ဟိုင်သန်း အဆင့်သို့ တက်ရောက်ခဲ့သည့် တပည့်မှာ လူစောယိပင် ဖြစ်လေသည်။

အချိန်တို အတွင်းမှာပင် ချင်းရွှမ်နတ်တံခါးတွင် ဟိုင်သန်း အဆင့်ကျင့်ကြံသူ လေးဦး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ချင်းရွှမ် နတ်တံခါးအတွက် ကောင်းမွန်သည့် လက္ခဏာပင် ဖြစ်လေသည်။

တပည့် အငယ်များမှာ သူတို့ ပညာသင်ယူနေသည့် ကျောင်းတော်ကြီးအတွက် အားတက် လာမိကြလေသည်။ နတ်ဘုရား တစ်ပါးအဖြစ် တက်ရောက်နိုင်ခြင်း မရှိခင် သေဆုံးသွားကြသည့် ကျင့်ကြံသူများ များစွာ ရှိသည့်တိုင် ဆန်းလျန်၊ ချန်ကျန့်မေနှင့် ယန့်ပုကွေးတို့မှာတော့ သူတို့အတွက် စံပြပုဂ္ဂိုလ်များ ဖြစ်ကြပြီး မျှော်လင့်ချက် အသစ်ကို ဖြစ်ပေါ်စေလေသည်။

“ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကျုပ်ရဲ့ဆရာတော့ တမလွန်မှာ ခင်ဗျားကြောင့် အရှက် ရနေတော့မှာပဲ၊ ဒါကြောင့် ခင်ဗျား ပုန်ကန်တာကို ဆရာ့ကိုယ်စား ကျုပ်ကခွင့်မပြုနိုင်ဘူး ၊ ခင်ဗျားသာ ကျုပ်ရဲ့ဆရာကို တကယ် ဂရုစိုက်တယ်ဆိုရင် ခင်ဗျား ဒီနေရာက ထွက်သွားသင့်တယ်၊ ဒါဆိုရင် ကျုပ်ရဲ့ ဂိုဏ်းတူ အစ်ကိုဆန်းလျန်ကို ခင်ဗျားကို ခွင့်လွှတ်ဖို့ တောင်းပန်ပေးမယ်”

လူစောယိက ပြောလိုက်လေသည်။

“ဂိုဏ်းတူတူလေး လူစောယိ၊ မင်းမှားနေပြီ၊ အစတုန်းက ကျုပ်ရဲ့ ဦးလေးက မင်းကို ချင်းရွှမ် နတ်တံခါးရဲ့ ဂိုဏ်းချုပ် ဖြစ်လာဖို့ ရည်ရွယ်ထားခဲ့တာ၊ ဒါပေမဲ့ လက်ရှိ ဂိုဏ်းချုပ်က သိပ်ကို တော်လွန်းနေတော့ မင်းက ဂိုဏ်းချုပ် ဖြစ်မလာတော့ဘူးပေါ့၊ အခုတော့ လက်ရှိ ဂိုဏ်းချုပ်က ကူးချိုင်ဝေ့ ပြုစားတာ ခံနေရပြီ၊ သေလား ရှင်လားတောင် မသိတော့ဘူး၊ မင်းသာ အမြင်ကျယ်မယ် ဆိုရင် ကျုပ်ဘက်ကတောင် ရပ်တည်ပေးပြီး ဒီအမှားလုပ်နေတဲ့ တပည့်တွေကို နှိမ်နင်း ပေးသင့်တယ်၊ ဒါဆိုရင် ဆန်းလျန် ပြန်မလာခင် အချိန်မှာ မင်းကို ယာယီ ဂိုဏ်းချုပ် အဖြစ် ကျုပ်ဘက်က တင်မြှောက်ပေးဖို့ အဆင်သင့်ပဲ၊ ကျုပ်တို့ အတူတူ ကျောင်းတော်ကို တိုးတက်အောင် လုပ်ကြတာပေါ့”

လူစောယိက ခါးသည်းစွာဖြင့် ရယ်မောလိုက်လေသည်။

“အမှန်ပဲ၊ ကျုပ်ဒီနေ့ ရောက်လာတာ အမှားလုပ်နေတဲ့ တပည့်တွေကို နှိမ်နင်းဖို့ ရောက်လာတာပဲ”

All Chapters