ခင်ဗျားပြောတဲ့ စကားကို ခင်ဗျားရင်ထဲ သေချာ မှတ်ထားပါ
Vol. 3 Ch. 291
ချက်ချင်းပင် လူစောယိ၏ ဓားဝိညာဉ်သည် ကြယ်တံခွန် အမြီးကဲ့သို့ လင်းလက်လာပြီး ကျန်းလင်ရှန့်ကို ချုပ်နှောင် ထားလိုက်လေတော့သည်။
"မင်းက ကျုပ်ကို တကယ် ဆန့်ကျင်တော့ မလို့လား"
ကျန်းလင်ရှန့်က ဒေါသတကြီးဖြင့် မေးလိုက်သည်။
သူက လူစောယိ၏ ဓားဝိညာဉ်ကို အစိမ်းရောင် အလင်းတန်း တစ်ခု ဖန်ဆင်းကာ ခုခံလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကျောက်စိမ်းပြား တစ်ခုကို ကောင်းကင်ထက်သို့ ပစ်တင် လိုက်လေသည်။ ကျောက်စိမ်းပြားမှာ လေထဲတွင် ပျံဝဲနေပြီး အစိမ်းရောင် ဓားပျံလေးများ ထွက်ပေါ် လာလေသည်။
ဓားပျံလေးများက လေကို ထိုးခွင်းလာပြီး လူစောယိကို ဝန်းရံ ထားလိုက်လေသည်။ လူစောယိက သူ၏ ခန္ဓာကိုယ်ကို ဘေးသို့ အသာယိမ်းလိုက်ကာ အစိမ်းရောင် ဓားပျံလေးများကို ရှောင်ရှား လိုက်သည်။ သူ၏ ရှောင်တိမ်းသွားပုံမှာ အလွန်သေသပ် လှပလေသည်။
ထို့နောက် လူစောယိ၏ ဓားဝိညာဉ်က ကျန်းလင်ရှန့်၏ အစိမ်းရောင် အလင်းတန်းကို ထိုးဖောက် တိုက်ခိုက်လိုက် လေသည်။ အစိမ်းရောင် ဓားပျံလေးများက လူစောယိ၏ ဓားဝိညာဉ်ကို တားဆီး ထားသည့်တိုင် လူစောယိက တစ်ချက်ကလေးမှ နောက်တွန့်သွားခြင်း မရှိပေ။ အစိမ်းရောင် ဓားပျံလေးများသည် လူစောယိ၏ ပြင်းထန်လွန်းသည့် ဓားဝိညာဉ်ကို မခုခံနိုင်တော့ဘဲ လွင့်စဉ် ထွက်ကုန်ကြလေသည်။
ကျန်းလင်ရှန့်၏ ပါးစပ်မှ သွေးများ အန်ထွက်လာလေသည်။ သူ့အနေဖြင့် လူစောယိကို လုံးဝ မယှဉ်နိုင်တော့ပေ။
ပိုင်စုဟွမ်က ကျန်းလင်ရှန့် ရှုံးနိမ့်သွားသည်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ထို့နောက် သူက ထူးဆန်းသည့် လက်ပုံသဏ္ဌာန် တစ်ခုကို ပြုလုပ်လိုက်ပြီး ရေနှင့်မီးများကို ဖန်ဆင်း လိုက်လေသည်။ သူ၏ တန်ခိုးစွမ်းအားများက ကူးချိုင်ဝေ့ကို ဖိနှိပ်ထားဆဲ ဖြစ်လေသည်။
သို့သော် လူစောယိက ကျန်းလင်ရှန့်ကို အချိန်ခဏလေး အတွင်းမှာပင် အနိုင်ယူ လိုက်သည်ကို တွေ့မြင် လိုက်ရသည့် အတွက်ကြောင့် သူ ရင်ထိတ် သွားရလေသည်။ ထို့ကြောင့် တန်ခိုးစွမ်းအား အချို့ကို ခွဲထုတ်ပြီး လူစောယိကို တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။
ပိုင်စုဟွမ် ဖန်ဆင်းလိုက်သည့် ရေနှင့်မီးများသည် လူစောယိဆီသို့ အရှိန်ဖြင့် ဝင်ရောက် လာလေသည်။ တန်ခိုးစွမ်းအားမှာ ကြောက်မက်ဖွယ် ပြင်းထန် လွန်းလှလေသည်။
လူစောယိမှာ သူ၏ ဓားဝိညာဉ်ကို ပြန်လည်စုစည်းချိန်ပင် မရတော့ပေ။ ထို့ကြောင့် ပိုင်စုဟွမ်၏ ရေနှင့်မီးများကို လက်ဝါးသိုင်း အသုံးပြုကာ ခုခံ တိုက်ခိုက် လိုက်လေသည်။ တစ်စက္ကန့် အတွင်းမှာပင် သူ၏ လက်ဝါးသိုင်းမှာ လက်ဝါးရိုက်ချက် ထောင်ပေါင်းများစွာ ခွဲဖြာ ထွက်သွားလေသည်။ အဆုံးမရှိသည့် တိမ်တိုက်များ အဆက်မပြတ် ထွက်ပေါ်လာပြီး ပိုင်စုဟွမ်၏ ရေနှင့် မီးများကို ခုခံ ကာကွယ်လိုက်လေသည်။
ပိုင်စုဟွမ်၏ ရေနှင့် မီးတန်ခိုးစွမ်းအား များသည် လူစောယိ၏ လက်ဝါး ရိုက်ချက်များနှင့် ထိတွေ့ လိုက်သည့် အခါ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါသွားပြီး မြေကြီး တစ်ပြင်လုံး ပွင့်ထွက် သွားတော့မည့် အလားပင် ထင်မှတ် ရလေသည်။
လူစောယိမှာ ဒဏ်ရာ အနည်းငယ် ရသွားလေပြီ။ သူ၏ သွေးကြော ဆုံချက်များမှာ တုန်ခါနေပြီး နာကျင်မှုကို ခံစား လိုက်ရလေသည်။ သူ၏ တန်ခိုးစွမ်းအား များမှာလည်း ထပ်မံ ထုတ်ဖော်၍ မရတော့ပေ။ ပိုင်စုဟွမ်ကို သူ၏ အဆင့်ဖြင့် မည်သို့မှ မယှဉ်နိုင်ကြောင်း လူစောယိ နားလည် သဘောပေါက် သွားရလေသည်။
လူစောယိမှာ နောက်သို့ ခြေလှမ်းသုံးလှမ်းခန့် လွင့်ထွက် သွားလေသည်။ သူလွင့်ထွက် သွားသည့်နေရာ မြေပြင်ထက်တွေင် အက်ကြောင်းများပင် ထွက်ပေါ်လာလေသည်။
"ကောင်လေး၊ မင်းကိုပြောလိုက်မယ်၊ ဒီကိစ္စမှာ ဝင်မပါနဲ့၊ မင်း ဒီအဆင့်ကို ရောက်ဖို့ အများကြီး ကြိုးစားခဲ့ရတာ၊ အကုန်လုံး ဆုံးရှုံးသွားမယ်"
"ဆရာဘိုးဘိုးပိုင်၊ ဘာလို့ ဒီလို ပုန်ကန်ရတာလဲ၊ ကျိလင်နတ်သမီးနဲ့ ဂိုဏ်းချုပ်က ဆရာဘိုးဘိုးကို အပြစ်ပေးမှာ မကြောက်ဘူးလား"
လူစောယိက ဒေါသကို ထိန်းချုပ်ထားသည့် လေသံဖြင့် မေးလိုက်သည်။
ပိုင်စုဟွမ်က မဲ့ပြုံး တစ်ချက် ပြုံးလိုက်သည်။ သူအတွေးထဲတွင်တော့…
"ကျိလင်က နောက်ထပ် ဆယ်နှစ် ဒါမှမဟုတ် အနှစ် နှစ်ဆယ် လောက်နေမှ ပြန်လာမှာ၊ ဆန်းလျန်က ဘယ်ရောက် နေမှန်းတောင် မသိဘူး၊ ငါက သေရတော့မယ်၊ ဘယ်သူက သူတို့နှစ်ယောက် အပြစ် ပေးမှာကို အရေးလုပ်နေမှာလဲ"
သို့သော် သူတကယ်တမ်း ပြောလိုက်သည့် စကားကတော့…
"ကျုပ်က ချင်းရွှမ်နတ်တံခါးရဲ့ အကျိုးအတွက် ဆောင်ရွက်နေရတာ၊ ကူးချိုင်ဝေ့က ဘာကောင်းတာ ရှိသလဲ၊ ဆန်းလျန်ဘယ်မှာလဲ ဆိုတာကိုတောင် ပြောမပြနိုင်ဘူး၊ ပြီးတော့ နတ်အသက် ရှည်ဆေးကိုလည်း အပိုင်စီးထား သေးတယ်"
ပိုင်စုဟွမ် စကားဆုံးသည်နှင့် ကျန်းလင်ရှန့်၏ ကျယ်လောင်သည့် အသံက ထွက်ပေါ် လာလေသည်။
"အားလုံးပဲ ကျုပ်ပြောတာကို နားထောင်ကြပါ၊ ကျုပ်တို့က ဂိုဏ်းချုပ် ဘယ်ပျောက် နေလဲဆိုတာကို သိရဖို့ စုံစမ်း နေကြတာပါ၊ ကူးချိုင်ဝေ့က ဂိုဏ်းချုပ်က တံခါးပိတ် ကျင့်ကြံနေတယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် ဘယ်နေရာမှာ တံခါးပိတ် ကျင့်ကြံနေသလဲလို့ မေးတဲ့ အခါမှာ ကူးချိုင်ဝေ့က ဖြေကြားနိုင်ခြင်း မရှိပါဘူး၊ ဒါ သံသယ ဝင်စရာ အချက်ပါပဲ၊ ချင်းရွှမ်ဟာ အခုအချိန်မှာ အရမ်းကို ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့အချိန်ပါ၊ မင်းတို့ တပည့်တွေ အားလုံး အမြင် ကျယ်ကျယ်နဲ့ ကြည့်ကြပါ၊ မကောင်းတဲ့ လူတွေရဲ့ ဦးဆောင်မှု နောက်ကို မလိုက်ကြပါနဲ့"
ကူးချိုင်ဝေ့မှာ အာရုံငါးပါးလုံးကို ဖြတ်တောက် ထားသည့် အတွက် ပြင်ပမှ အနှောင့်အယှက်များကို ခံစားရခြင်း မရှိပေ။ ထို့ကြောင့် ကျန်းလင်ရှန့်၏ စကားသံများကိုလည်း ကြားရခြင်း မရှိပေ။
သူမကိုယ်တွင်းမှ ထိုက်ရွှီး တန်ခိုးစွမ်းအားများသည် စွမ်းအားအပြည့် အလုပ်လုပ်နေပြီး ကျင့်စဉ်လမ်း အဆင့်တက် လုနီးပါး ဖြစ်နေလေပြီ။
ကျန်းလင်ရှန့်၏ စကားများမှာ တပည့်များ၏ စိတ်ကို ကယောင်ကတမ်း ဖြစ်ကာ ထိတ်လန့် သွားစေလေသည်။ ထို့ပြင် လူစောယိမှာလည်း ပိုင်စုဟွမ်ကို ရှုံးနိမ့် သွားရသည့် အတွက် ကူးချိုင်ဝေ့ဘက်မှ ရပ်တည် ပေးနေသည့် တပည့်များမှာ စတင် ကြောက်ရွံ့ လာကြတော့လေသည်။
"ဆရာကျန်း၊ မကောင်းတဲ့ လူတွေရဲ့ ဦးဆောင်မှုဆိုတာ ဘယ်သူ့ကို ပြောနေတာလဲ၊ ကျုပ်ကို ပြောနေတာလား"
အဝေးဆီမှ အသံတစ်သံ လွင့်ပျံ လာလေသည်။
သားမွေး ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ကြယ်စင် သရဖူကို ဆောင်းထားသည့် လူငယ် တာအို ဆရာတစ်ယောက် ကောင်းကင်ထက်တွင် ပျံသန်းလာသည်ကို တွေ့မြင် လိုက်ကြရလေသည်။ ထိုလူငယ်သည် ပေတစ်ထောင်ခန့် အမြင့်မှ ကူးချိုင်ဝေ့အနားသို့ ချက်ချင်း ရောက်ရှိ လာလေသည်။
လူငယ်၏ မျက်နှာအမူအရာက တည်ငြိမ်နေလေသည်။ သို့သော် သူက ကြည်လင် နက်ရှိုင်းသည့် မျက်ဝန်းများဖြင့် ပိုင်စုဟွမ်နှင့် ကျန်းလင်ရှန့်ကို စိုက်ကြည့်နေလေသည်။
တစ်ချိန်တည်းမှာပင် သူက ပိုင်စုဟွမ်၏ တန်ခိုး စွမ်းအားများကို ခုခံ တွန်းလှန်နေသည့် ကူးချိုင်ဝေ့၏ ပခုံးထက်ဆီသို့ သူ၏ လက်ဖြင့် ထိလိုက်ကာ တန်ခိုး စွမ်းအားများ ထည့်သွင်း ပေးလိုက်လေသည်။ ပိုင်စုဟွမ်မှာ ကြီးမားလှသည့် တန်ခိုး စွမ်းအား အရှိန်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်လှုပ်လာလေသည်။
ဆန်းလျန်၏ မျက်နှာကတော့ ခန့်မှန်း၍ မရနိုင်လောက်အောင် တည်ငြိမ်နေလေသည်။
ကျန်းလင်ရှန့်မှာ ဆန်းလျန်ကို ငေးကြည့်ရင်း အံ့သြ မှင်တက်နေလေသည်။ ဆန်းလျန်၏ အကြည့်တစ်ချက်ကပင် သူ့ကို မသက်မသာ ခံစားရစေလေသည်။ သူက စကားပြောရန် ကြိုးစား လိုက်သော်လည်း တောင်တစ်လုံးနှင့် ဖိထားသည့်အလား ခံစားလိုက်ရပြီး မည်သည့် စကားမှ ပြောမထွက်နိုင်တော့ပေ။
"ဆန်းလျန်၊ မင်းရောက်လာပြီ ဆိုမှတော့ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်၊ ကျုပ်ရဲ့ ဘဝ နေဝင်ချိန်က နီးကပ်လာပြီ၊ ဒါကြောင့် ကျုပ် အသက် ဆက်ရှင်နိုင်ဖို့ အတွက် နတ်အသက်ရှည်ဆေး လိုအပ်တယ်၊ ကူးချိုင်ဝေ့က အရေး မလုပ်တဲ့ အပြင် မင်းဘယ်မှာလဲ ဆိုတာတောင် ပြောမပြဘူးလေ၊ ဒါကြောင့် ဒီနေ့လို ကိစ္စတွေဖြစ်ကုန်တာပဲ"
ကျင့်ကြံသူ တစ်ယောက် အသက်ရှည်ဆေး လိုချင်သည်မှာ သဘာဝကျပါသည်။ အထူးသဖြင့် ဘဝနေဝင်ချိန် နီးကပ်နေပြီ ဖြစ်သည့် ကျင့်ကြံသူများက ပိုပြီးလိုချင်မည် ဖြစ်လေသည်။ သို့သော် ယခုကဲ့သို့ စည်းမရှိ ဘောင်မရှိ လုပ်ချင်တိုင်း လုပ်သည်ကတော့ မသင့်တော်သည့် ကိစ္စပင်ဖြစ်သည်။
ဆန်းလျန်က ပိုင်စုဟွမ်ကို တစ်ချက် စိုက်ကြည့် လိုက်လေသည်။ ထို့နောက် ရောင်စဉ်ငါးမျိုး ဒြပ်စင် စွမ်းအား ငါးမျိုးကို ထုတ်လွှတ်ပြီး ပိုင်စုဟွမ်ကို ဝိုင်းပတ်ကာ ချုပ်နှောင် ထားလိုက်လေသည်။ ဆန်းလျန်၏ တန်ခိုး စွမ်းအားများမှာ မှော်ဆန် လွန်းလှလေသည်။
ထို့နောက် ဆန်းလျန်က လက်ညှိုးနှင့် လက်ခလယ်ကို ကျန်းလင်ရှန့်ထံသို့ ထိုးညွှန် လိုက်လေသည်။ အနက်ရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ကျန်းလင်ရှန့်နှင့် သူ၏ လူများကို ဝိုင်းပတ် ထားလိုက်လေသည်။
ကျန်းလင်ရှန့်မှာ ဆန်းလျန်၏ တန်ခိုးစွမ်းအား ဒဏ်ကိုမခံနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျ သွားလေသည်။ ပိုင်စုဟွမ်နှင့် ပါလာသည့် တပည့်များ အားလုံးမှာလည်း မြေပြင်ပေါ်သို့ လဲကျ ကုန်ကြလေသည်။
တန်ခိုးစွမ်းအား အနည်းငယ်သာ အသုံးပြုပြီး ကျင့်ကြံသူ ဆယ်ယောက်ကို တစ်ပြိုင်တည်း ထိန်းချုပ်ထားခြင်း ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်၏ တန်ခိုး စွမ်းအားများမှာ နတ်ဘုရား တစ်ပါးနီးပါး မြင့်မားနေပြီ ဖြစ်ကြောင်း သိနိုင်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း....
"နတ်အသက်ရှည်ဆေး အကြောင်း ဘယ်က သတင်းရတာလဲ ဆရာဘိုးဘိုးပိုင်"
သူက ကျန်းလင်ရှန့်ကို မေးခွန်း ထုတ်ခြင်း မရှိပါ။
ပိုင်စုဟွမ်ကိုသာ လိုရင်း အချက်ကို မေးခွန်း ထုတ်လိုက်လေသည်။
"ဒီလိုပဲ ကြုံကြိုက်လို့ သိသွားတာပေါ့"
ပိုင်စုဟွမ်က လေသံ ခပ်တိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
"ကြုံလို့ သိတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ"
ဆန်းလျန်က ထပ်မေးလိုက်သည်။
ပိုင်စုဟွမ်က နှုတ်ခမ်းကို တင်းတင်းစေ့ ထားလိုက်ပြီး ဆန်းလျန်၏ အမေးကို မဖြေဘဲ နေလိုက်သည်။
သို့သော် သူက ဆန်းလျန်ကို မေးခွန်းတစ်ခု ပြန်ထုတ်လိုက်သည်။
"ဘာလဲ၊ မင်းက ဘာတွေ သံသယ ဝင်နေတာလဲ၊ နတ်အသက်ရှည်ဆေးကို မပေးချင် လို့လား"
"အမှန်ပဲ၊ ကျုပ် ခင်ဗျားကို မယုံဘူးလေ"
ပိုစုဟွမ်က သက်ပြင်း တစ်ချက် ချလိုက်ရင်း...
"ကျုပ်က အသက်ဆက်ရှည် နိုင်ဖို့အတွက် နတ်အသက်ရှည် ဆေးပဲ လိုချင်တာပါ၊ တခြားဘာကိုမှ မတောင်းဆိုပါဘူး၊ မင်းကျုပ်ကိုတော့ ပေးသင့်ပါတယ်"
"ကျုပ်ကို နတ်အသက်ရှည် ဆေးအကြောင်း ဘယ်က သတင်းကြားသလဲ ဆိုတာသာ အရင်ပြောပြပါ၊ ခင်ဗျားကို နတ်အသက်ရှည် ဆေးပေးဖို့ ကျုပ်စဉ်းစားပေးမယ်၊ မပြောဘူးဆိုရင်တော့ ကျုပ်က လုံးဝပေးမှာ မဟုတ်ဘူး"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
"ဒါဖြင့်လည်း အနိုင်ရတဲ့သူက ဆုံးဖြတ်ကြေးပေါ့၊ မင်းရှုံးသွားရင် နတ်အသက်ရှည်ဆေး ကျုပ်ကို ပေးရမယ်၊ ကျုပ်ရှုံးသွားရင်တော့ နောက် ဘယ်တော့မှ ချင်းရွှမ်ကို ဒုက္ခ မပေးတော့ဘူးလို့ ကတိပေးတယ်"
ပိုင်စုဟွမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ၊ ခင်ဗျားပြောတဲ့ စကားကို ခင်ဗျားရင်ထဲ သေချာ မှတ်ထားပါ"
ဆန်းလျန်က အေးဆေးစွာပင် ပြန်ပြော လိုက်လေသည်။
ဆန်းလျန်က ချင်းရွှမ် နတ်တံခါးကို ကာကွယ်ထားသည့် အရံအတားကို သူ၏ သန့်စင်သည့် တန်ခိုး စွမ်းအားများဖြင့် တစ်ချက် တွန်းကန်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာ သွားလေသည်။
ဆန်းလျန်သည် တိမ်တိုက်များ ပေါ်တွင် ရောင်စဉ် ငါးမျိုး ဖြာလင်းကာ တောက်ပ နေလေသည်။ ဆန်းလျန်၏ ခမ်းနားမှုမှာ ရင်သပ် ရှုမောဖွယ်ရာ ဖြစ်လေသည်။ သူ၏ပုံစံမှာ အခြားသူများ လေးစား အားကျဖွယ်ရာပင် ဖြစ်လေသည်။
ပိုင်စုဟွမ်ကလည်း နှောင့်နှေးနေခြင်း မရှိပါ။ သူကလည်း တန်ခိုး စွမ်းအားများကို ထုတ်လွှတ်ကာ တိမ်ပေါ်သို့ ပျံတက် သွားလေသည်။ သူတို့ နှစ်ယောက်၏ တန်ခိုး စွမ်းအားများ ပေါင်းစပ် သွားပြီး တန်ခိုး စွမ်းအားကြိုး အရှည်ကြီး တစ်ခုအလား ပတ်ဝန်းကျင်ကို ရိုက်ခတ် သွားလေသည်။ လေနှင့်မိုးများပင် စတင် တိုက်ခတ် လာလေသည်။
သူတို့ နှစ်ယောက်၏ တန်ခိုးစွမ်းအား ပြောင်းလဲမှုများက ယင်နှင့်ယန် ကိုပါ ပြောင်းလဲ သွားစေလေသည်။ ယင်နှင့်ယန် ပြောင်းလဲ သွားသည့်အတွက် သဘာဝ တရားကလည်း ပြောင်းလဲ သွားခြင်း ဖြစ်လေသည်။
ပိုင်စုဟွမ်၏ လမင်းရောင်ခြည် ကျင့်စဉ်မှာ အဆင့် တက်နေပြီ ဖြစ်ပြီး လောကတွင် ထိပ်တန်း ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီဖြစ်လေသည်။ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းမှ ဟွမ်ကျန်းနှင့်ပင် သူမသာ ကိုယ်မသာ အနေအထား ဖြစ်လေသည်။ ဆန်းလျန်၏ တန်ခိုး စွမ်းအားများမှာလည်း အဆမတန် ကြီးမားလာခဲ့သော်လည်း ပိုင်စုဟွမ်ကိုတော့ လွယ်လွယ်နှင့် အနိုင်ရနိုင်မည် မဟုတ်ပေ။
ကူးချိုင်ဝေ့မှာ ပြင်ပနှင့် အဆက်သွယ် ပြတ်တောက် နေလေသည်။ ထိုက်ရွှီးတန်ခိုး စွမ်းအားများမှာ ထိုက်ယီတောင်ထိပ်မှ မိုးမြေ စွမ်းအားများ ပေါင်းစပ်ကာ ကူးချိုင်ဝေ့မှာ ဒူးထောက် လဲကျသွားလေသည်။ ကြီးမားလွန်းသည့် မိုးမြေ စွမ်းအား ပေါင်းစည်းမှုကြီးကြောင့် သူမဘေးမှ တပည့်များသည်ပင် တုန်ခါမှုကို ခံစား နေရလေသည်။ တပည့်များမှာ ကူးချိုင်ဝေ့ကို ကြည့်ပြီး အံ့သြ မှင်တက်နေကြလေသည်။
ကူးချိုင်ဝေ့ထံမှ ဟိုင်သန်းအဆင့် တက်ရောက်တော့မည့် နိမိတ်များကို မြင်တွေ့နေရပြီ မဟုတ်ပါလား။
တပည့်များသည် ကူးချိုင်ဝေ့ကို ဝိုင်းဝန်းကာ ကာကွယ် ပေးထားကြလေသည်။ သူတို့က ဆန်းလျန်နှင့် ပိုင်စုဟွမ်၏ တိုက်ပွဲကြောင့် ကူးချိုင်ဝေ့ကို အနှောင့်အယှက် မဖြစ်စေရန် ဖြစ်လေသည်။
***