အချိန်မစောင့်
Vol. 3 Ch. 292
မြေပြင် တစ်ခုလုံး တုန်ခါနေသည့် အတွက် ဆန်းလျန်နှင့် ပိုင်စုဟွမ်၏ တိုက်ပွဲမှာ မည်မျှ ပြင်းထန်နေသည်ကို ခန့်မှန်း၍ ရနိုင်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း....
"ဆရာဘိုးဘိုးပိုင်၊ ကျုပ်တို့ တခြား နေရာသွားပြီး တိုက်ခိုက်ကြရအောင်"
ပိုင်စုဟွမ်က အောက်သို့ တစ်ချက် ငုံ့ကြည့်လိုက်သည်။
"မင်းက ဒီမိန်းကလေး အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်နေတာ မဟုတ်လား"
ကူးချိုင်ဝေ့မှာ ဟိုင်သန်း အဆင့် တက်ရောက်တော့မည်ကို ပိုင်စုဟွမ်ကလည်း ရိပ်မိ လိုက်လေသည်။
ပိုင်စုဟွမ်သည် ချက်ချင်းပင် တိမ်ကို ထိုးခွင်းကာ ထွက်ခွာသွားလေသည်။
ဆန်းလျန်က ရယ်မော လိုက်ရင်း ပိုင်စုဟွမ်နောက်မှ လိုက်ပါသွားသည်။
သိပ်မကြာမီပင် ဆန်းလျန်သည် သူ့ကို ကျော်ဖြတ်ကာ အရှေ့သို့ ရောက်ရှိ သွားလေသည်။ ဆန်းလျန် ကျင့်စဉ်လမ်းကို လျှောက်လှမ်းသည်မှာ အနှစ်သုံးဆယ်ပင် မပြည့်သေးပေ။ သို့သော် ထိုလူငယ်လေး၏ ကျင့်စဉ်လမ်း အဆင့် တက်ရောက်မှုမှာ အလွန် လျှင်မြန် လွန်းလေသည်။ ပိုင်စုဟွမ်မှာ အံ့သြခြင်းမက အံ့သြ နေမိလေတော့သည်။
ဆန်းလျန်မှာ အမှန်တကယ်ပင် ပါရမီရှင် တစ်ပါး ဖြစ်လေသည်။
သူတို့ နှစ်ယောက်လုံး တန်ခိုးစွမ်းအား အပြည့်အဝ အသုံးပြုကာ ခရီး နှင်ခဲ့ကြလေသည်။ ထို့ကြောင့် မိနစ်သုံးဆယ် အတွင်းမှာပင် ချင်းရွှမ်နတ်တံခါးနှင့် အလွန်ဝေးကွာသည့် နေရာတစ်ခုသို့ ရောက်ရှိ လာကြလေသည်။
ကောင်းကင်ထက်တွင် သူတို့နှစ်ယောက် တစ်ပြိုင်တည်း ရပ်တန့် လိုက်ကြသည်။ လေပြေအေးက သူတို့ကို ဖြတ်သန်း တိုက်ခတ်သွားပြီး ပတ်ဝန်းကျင်တွင် ပုံသဏ္ဌာန် မျိုးစုံ ပြောင်းလဲနေသည့် တိမ်တိုက်များကို တွေ့မြင်ရလေသည်။
ဆန်းလျန်ကတော့ သူ၏ အမူအကျင့်အတိုင်း အေးဆေး တည်ငြိမ် နေလေသည်။ သူ၏ တာအိုဝတ်ရုံသည် လေထဲတွင် လွင့်ပျံ နေလေသည်။ သူ၏ခန္ဓာကိုယ်မှ ရောင်စဉ် ငါးမျိုး အလင်းတန်းများ ဖြာထွက်နေလေသည်။
ဆန်းလျန်က တည်ငြိမ်နေသလို ပိုင်စုဟွမ်မှာလည်း အကြီးပီသစွာ သိက္ခာရှိရှိ ရပ်တည် နေလေသည်။ သူနှင့် ဆန်းလျန်၏ တိုက်ပွဲတွင် သူ့ဘက်က အနိုင်ရရှိရန် မသေချာလှပေ။ သို့သော် အခြေအနေများက လက်လွန်ခဲ့ပြီ ဖြစ်သည့်အတွက် သူ့အနေဖြင့် ရွေးချယ်စရာလမ်း မရှိတော့ပေ။
ဆန်းလျန်က စတင် တိုက်ခိုက်လိုက်သည်။ ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်လေသည်။ ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းသည် ဧရာမ ဓားကြီး တစ်လက်အဖြစ် ပြောင်းလဲ သွားလေသည်။ ထိုဧရာမ ဓားကြီးသည် ပိုင်စုဟွမ်ဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက် လာလေသည်။
ဆန်းလျန်က ချင်းကျန်းဂိုဏ်း၏ ယွင်ဆွေ အလင်းဓားကို သူ၏ တန်ခိုးစွမ်းအားဖြင့် ပေါင်းစပ်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။ ရွှေရောင် ဓားသွားမှာ အလွန်စွမ်းအား ပြင်းထန် လှလေသည်။
ထိုဓားသွားကို ချင်းကျန်း ဂိုဏ်းကို တည်ထောင်သူ နတ်ဘုရား ဆွေလင်ကျိ ကိုယ်တိုင်မှ လွဲပြီး မည်သူမျှ ခုခံချေဖျက်နိုင် မည်မဟုတ်ပေ။
ဓားတစ်ချက် ဝှေ့ယမ်း လိုက်ရုံမျှဖြင့် မိုင်တစ်ထောင် ပတ်လည် အတွင်းရှိ သက်ရှိသက်မဲ့များ အားလုံး အဝေးသို့ လွင့်စဉ် ထွက်သွားရလေသည်။
ပိုင်စုဟွမ်၏ မျက်နှာမှာ တည်ကြည် လေးနက်နေပြီး သူ၏ ဦးခေါင်းထက်တွင် တိမ်တိုက် တစ်ခု ဖြစ်တည် လာလေသည်။ ထိုတိမ်တိုက်မှာ အဝါရောင် လက်ဖဝါးကြီး တစ်ခုအဖြစ် အသွင် ပြောင်းသွားပြီး ရွှေရောင် ယွင်ဆွေ အလင်းဓားကို အညှာအတာ ကင်းမဲ့စွာ ရိုက်ချ လိုက်လေသည်။
တန်ခိုး စွမ်းအားနှစ်ခု ရိုက်ခတ်မိသည်နှင့် အဝါရောင် အလင်းတန်း တစ်ခု ဖြာထွက်လာပြီး လေထုမှာ ကွဲအက် သွားလေသည်။ ကြမ်းတမ်းသည့် တန်ခိုး စွမ်းအား လှိုင်းများ ရိုက်ခတ်မှုကြောင့် ကောင်းကင် တစ်ခွင်လုံး တုန်လှုပ်နေလေသည်။
တိမ်တိုက်များနှင့် ငှက်များမှာ အဝေးသို့ လွင့်စဉ် ထွက်ကုန်ကြပြီး ငှက်များမှာ လေထဲတွင် အမှုန့်ဖြစ်ကာ သွေးစများ အဖြစ်သာ ကျန်ရစ်ခဲ့ကြလေသည်။
"ကမ္ဘာအဆုံးက ဝေးကွာလွန်းတယ်… လရောင်ခြည်က ဓားသွားကဲ့သို့ ဖြတ်တောက်မယ်"
ပိုင်စုဟွမ်၏ အသံက ကောင်းကင် တစ်လျှောက် ပဲ့တင် ထပ်သွားလေသည်။
ကြည်လင်သည့် ကောင်းကင်အောက်တွင် လတစ်စင်း ထွန်းလင်း လာလေသည်။
ဤသည်မှာ ပိုင်စုဟွမ် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် လမင်းရောင်ခြည် ကျင့်စဉ်၏ တာအို ဖွဲ့စည်းပုံ ဖြစ်လေသည်။
တကယ့် လမင်း အစစ်တော့ မဟုတ်ပေ။ သို့သော် တန်ခိုး စွမ်းအားများမှာတော့ အလွန်မှ ကြောက်ရွံ့ ထိတ်လန့်စရာ ကောင်းလေသည်။
လရောင်သည် အရှေ့ဆီမှ ထွက်ပေါ်လာပြီး မြေပြင်ထက်သို့ ဖြာကျ နေလေသည်။
လရောင်မှ ထွက်ပေါ်နေသည့် အလင်းတန်းများမှာ ထိုက်ယင်း အလင်းစွမ်းအားများ ဖြစ်လေသည်။ ထိုအလင်းတန်း များသည် ရွှေနှင့် အခြားသော သတ္တုများကိုပင် လွယ်လွယ်ကူကူ ဖြတ်တောက် ပစ်နိုင်စွမ်း ရှိလေသည်။
ပိုင်စုဟွမ်သည် လရောင်အတွင်းသို့ ပျော်ဝင် သွားလေသည်။ သူ၏ ခန္ဓာကိုယ်မှ အဝါရောင် အလင်းတန်းများ ဖြာထွက်နေပြီး သူ၏ အသားအရေမှာ ဖန်သားကဲ့သို့ ကြည်လင်နေလေသည်။ လနတ်ဘုရား တစ်ပါးအလားပင် ဖြစ်လေသည်။
လရောင်များနှင့် ထိတွေ့ လိုက်သည်နှင့် ဆန်းလျန်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဓားတစ်လက်ဖြင့် အရိုက်ခံ လိုက်ရသည့် အလား တုန်ခါသွားလေသည်။ သူ့အပေါ်သို့ ဖြာလင်း ကျနေသည့် လရောင်မှာ ထောင်ပေါင်း များစွာသော ဓားသွားများ သူ့ဆီသို့ ထိုးစိုက် ကျလာသည့် အလား ခံစား လိုက်ရလေသည်။
ထိပ်တန်း ဖော့ဝမ့် အဆင့် ကျင့်ကြံသူ တစ်ယောက်ဖြင့် ဆန်းလျန် ပထမဦးဆုံး ရင်ဆိုင်ဖူးခြင်း ဖြစ်လေသည်။
မည်သို့ပင် ဖြစ်စေကာမူ ဆန်းလျန်သည် ပိုင်စုဟွမ်ကို လေးစားသွားမိသည်။
ပိုင်စုဟွမ်သည် သူ့ဘဝ တစ်လျှောက်လုံးတွင် လမင်းရောင်ခြည် ကျင့်စဉ် တစ်ခုတည်းကိုသာ တစိုက်မတ်မတ် ကျင့်ကြံခဲ့သူ ဖြစ်လေသည်။ နတ်ဘုရား တစ်ပါး ဖြစ်လာနိုင်သည် အထိ သူ၏ တန်ခိုး စွမ်းအားများကို သန့်စင်အောင် ကျင့်ကြံ ထားခဲ့လေသည်။
ဆန်းလျန်သည် ဗလာနယ် ဖြစ်တည်ခြင်းနှင့် ဒြပ်စင် စွမ်းအား ငါးမျိုး ဆက်စပ်နေသည့် တာအို ဖွဲ့စည်းပုံ အကြောင်းကို နားလည် သဘောပေါက် သွားသည်မှာ သိပ်မကြာသေးပေ။ ထို့ကြောင့် ဆန်းလျန်၏ တန်ခိုး စွမ်းအားများမှာ ပိုင်စုဟွမ် နှစ်ပေါင်းရာနှင့် ချီပြီး ကျင့်ကြံထားသည့် ကျင့်ကြံခြင်း များနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ပေ။
သို့သော် ဒြပ်စင် စွမ်းအား ငါးမျိုး ဆက်စပ်နေသည့် တာအို ဖွဲ့စည်းပုံ အကြောင်းကို နားလည် သဘောပေါက် နေခြင်းကပင် ပိုင်စုဟွမ်ထက် ခြေတစ်လှမ်း သာနေသည့် အချက် ဖြစ်လေသည်။
ဆန်းလျန်၏ တန်ခိုး စွမ်းအားများ မြင့်တက် လာလေသည်။ သူက လမင်းရောင်ခြည် တန်ခိုး စွမ်းအားများကို ပြန်လည် ခုခံတိုက်ခိုက်ရန် အတွက် သူ့ဘဝလုံး လေ့လာ သင်ယူခဲ့သည့် တန်ခိုး စွမ်းအားများ အားလုံးကို ဖော်ထုတ် လိုက်လေသည်။
မရေမတွက် နိုင်အောင် များပြားသည့် ကျင့်စဉ် တန်ခိုး စွမ်းအားများသည် ဒြပ်စင် စွမ်းအား ငါးမျိုးနှင့် ပေါင်းစပ် သွားလေသည်။ ထိုအခါ အဆုံးမရှိသည့် တန်ခိုးစွမ်းအား အလွှာများ တစ်လွှာချင်း ပေါ်ထွက် လာလေတော့သည်။
ထိုတန်ခိုး စွမ်းအားများဖြင့် လက်သီးချက်ပေါင်း များစွာလည်း ဖန်ဆင်းနိုင်သလို တောင်နှင့် မြစ်ရေ သင်္ကေတကိုလည်း ဖန်ဆင်း နိုင်လေသည်။ ရှိခြင်းမရှိခြင်း ဓားဝိညာဉ်ကိုလည်း အသုံးပြုနိုင်သလို မိုးကောင်းကင် မီးတောက်များကိုလည်း ဖန်ဆင်း နိုင်လေသည်။ လမင်းရောင်ခြည် ကျင့်စဉ်ကို တန်ပြန် တိုက်ခိုက်နိုင်မည့် အခြားသော မရေမတွက် နိုင်သည့် တန်ခိုး စွမ်းအားပေါင်း များစွာကိုလည်း ဖန်ဆင်းနိုင်မည် ဖြစ်လေသည်။
ဤသည်မှာ စစ်မှန်သည့် တာအို တိုက်ပွဲပင် ဖြစ်လေသည်။ ပိုင်စုဟွမ်၏ သန့်စင်လွန်းသည့် လမင်းရောင်ခြည် တန်ခိုး စွမ်းအားများနှင့် ဆန်းလျန်၏ မရေမတွက် နိုင်အောင် များပြားသည့် တန်ခိုးစွမ်းအားများ အားပြိုင်ကြသည့် တိုက်ပွဲပင် ဖြစ်လေသည်။
တန်ခိုးစွမ်းအားများ အကြိမ်ကြိမ် ရိုက်ခတ် မိပြီးသည့်နောက် ပိုင်စုဟွမ်၏ လရောင်မှာ တဖြည်းဖြည်း မှိန်ဖျော့ လာလေသည်။ တိုက်ပွဲတွင် ဆန်းလျန်ဘက်မှ တဖြည်းဖြည်း အသာစီး ရလာလေသည်။
ဆန်းလျန်၏ တန်ခိုးစွမ်းအားမှာ သူ့ထက် အဆင့်မြင့်ကြောင်း ပိုင်စုဟွမ် သဘောပေါက်စ ပြုလာပြီ ဖြစ်လေသည်။
ဆန်းလျန်သည် မူလဝိညာဉ် ခန္ဓာကိုရရှိပြီး နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ရန် လက်တစ်ကမ်းသာ လိုတော့ကြောင်း ပိုင်စုဟွမ် နားလည် လိုက်မိသည်။
ထိုအခါ သူ့ရင်ထဲတွင် မုန်းတီးမှုများကို ခံစားလိုက်ရလေသည်။
"မိုးနတ်မင်းက တရားမျှတမှု မရှိလိုက်လေ"
ဟု သူ တွေးလိုက်မိသည်။
ကျိလင်နှင့် ဆန်းလျန်တို့ကျတော့ အလွန်မှ ကံကောင်း လွန်းကြလေသည်။ သူတို့သည် အခြားသူ ဆယ်နှစ် ကျင့်ကြံမှ ရရှိနိုင်မည့် ကျင့်စဉ်လမ်း အဆင့်မျိုးကို တစ်နှစ်လောက်ဖြင့် ရရှိသွားကြလေသည်။
သူ့မှာတော့ ကျင့်စဉ်လမ်းတွင် များစွာ အားစိုက်ထုတ် ခဲ့ရလေသည်။ ဆန္ဒများစွာကို ဖြတ်တောက် ထားခဲ့ပြီး တပည့်ပင် မွေးခဲ့ခြင်း မရှိပေ။ ယခုတော့ သူ့မှာ နတ်ဘုရား တစ်ပါး ဖြစ်မလာဘဲ ဝမ်းနည်းစရာ ဇာတ်သိမ်းဖြင့် ကြုံတွေ့ ရတော့မည်။
ထို့ကြောင့် အမုန်းတရားများအပြည့်ဖြင့် ဆန်းလျန်ကို တိုက်ခိုက် လိုက်လေတော့သည်။
သူက မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ပြီး အကန့်အသတ် မရှိသည့် တန်ခိုးစွမ်းအား စီးကြောင်း တစ်ခုကို ဆန်းလျန်ဆီသို့ ပစ်လွှတ် တိုက်ခိုက် လိုက်လေသည်။
ပိုင်စုဟွမ် အသုံးပြုလိုက်သည့် မန္တန်မှာ "အချိန်မစောင့်" ဆိုသည့် မန္တန် ဖြစ်လေသည်။ အချိန်မစောင့် မန္တန်မှာ လမင်းရောင် ခြည်ကျင့်စဉ်၏ အခြေခံမန္တန် တစ်ပုဒ်လည်း ဖြစ်လေသည်။ ထိုမန္တန် ကျင့်ကြံ အောင်မြင်သွားလျှင် အချိန်ခရီးသွား၍ပင် ရနိုင်လေသည်။
Top of Form
အချိန်မစောင့် မန္တန်အကြောင်းကို ထိုက်ဝေ့ထိုင် ခန်းမဆောင်ထဲတွင် ဆန်းလျန်က အကျဉ်းအားဖြင့် ဖတ်ဖူးလေသည်။ ထို့ကြောင့် ထိုမန္တန်မှာ မည်မျှ တန်ခိုးစွမ်းအား ကြီးမားကြောင်းကို ဆန်းလျန် သိလေသည်။
အချိန် မစောင့်မန္တန်မှာ တိုက်ခိုက်သည့် တန်ခိုးစွမ်းအား တစ်ခုမဟုတ်ပေ။ ပြိုင်ဘက် ရန်သူကို အားနည်းအောင်လုပ် သည့် တန်ခိုးစွမ်းအား ဖြစ်လေသည်။ ပြိုင်ဘက်သည် မည်မျှပင် စွမ်းအား ကြီးမားပါစေ အချိန်နှင့်အမျှ တဖြည်းဖြည်း အင်အား နည်းသွားမည် ဖြစ်လေသည်။
ကမ္ဘာကို ကိုင်လှုပ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည့် တန်ခိုးရှင်ပင် ဖြစ်ပါစေ အချိန် မစောင့်မန္တန်ကို အသုံးပြုလိုက်လျှင် သာမန် တန်ခိုးစွမ်းအား အဖြစ် ပြောင်းလဲသွားမည် ဖြစ်လေသည်။
ဆန်းလျန်ကတော့ တည်ငြိမ်နေဆဲ ဖြစ်လေသည်။
ပိုင်စုဟွမ်မှာ ဖော့ဝမ့် အဆင့်ဖြင့် နှစ်ပေါင်းရာနှင့် ချီ ရပ်တည်နေခဲ့သူ တစ်ယောက် ဖြစ်သည့် အတွက် အတွေ့အကြုံ အလွန်များလေသည်။ ထို့ကြောင့် ဆန်းလျန်အနေဖြင့် ပိုင်စုဟွမ်ကို လွယ်လွယ်နှင့် အနိုင်ရမည်တော့ မဟုတ်ပေ။
ဆန်းလျန်၏ နှုတ်ခမ်းလေးများ တွန့်ကွေးသွားပြီး အပြုံးပါးပါးလေး တစ်ချက် ပြုံးလိုက်လေသည်။
ထို့နောက် သူက လေထဲသို့ အလင်းတန်း တစ်ခု ထုန်လွှတ် လိုက်လေသည်။ ဆန်းလျန် လေ့လာထားသမျှ တန်ခိုး စွမ်းအားတိုင်းသည် ပိုမို ပြင်းထန်သည့် တန်ခိုးစွမ်းအားများ အဖြစ် ပြောင်းလဲ သွားလေတော့သည်။
***