တန်ခိုးစွမ်းအား၏ စကားသံကို နားထောင်ပါ စိတ်ဆန္ဒ နောက်သို့ မလိုက်ပါနှင့်
Vol. 3 Ch. 293
ပိုင်စုဟွမ်နှင့် ဆန်းလျန်မှာ သူသေကိုယ်သေ တိုက်ခိုက် နေကြလေသည်။ ဆန်းလျန်က မတူညီသည့် တန်ခိုး စွမ်းအားပေါင်း များစွာကို အဆက်မပြတ် ထုတ်ဖော် တိုက်ခိုက်နေလေသည်။
ပတ်ဝန်းကျင်ရှိ တိမ်တိုက်များမှာ အဆက်မပြတ် ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲ နေလေသည်။
တိုက်ပွဲဆိုသည်မှာ ဆန်းလျန် အတွက်တော့ ကစားပွဲတစ်ခုသာ ဖြစ်လေသည်။ ကစားပွဲသည် သိပ်မကြာမီပင် အဆုံးသတ်တော့မည် ဖြစ်လေသည်။ တိုက်ပွဲကို သူသာလျှင် အနိုင်ရမည် ဖြစ်လေသည်။
တာအို လမ်းစဉ်ဆိုသည်က သမာဓိ တည်သည်အထိ အာရုံစူးစိုက်မှု ဖြစ်လေသည်။ အာရုံစူးစိုက်မှု မရှိပါက တန်ခိုးစွမ်းအားကို အသုံးပြု၍ ရမည် မဟုတ်ပေ။
ဆန်းလျန်ကတော့ ထိပ်တန်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်အတွက် ကျင့်စဉ် စွမ်းအား မှန်သမျှနှင့် တန်ခိုးစွမ်းအား မှန်သမျှကို သူဆန္ဒရှိသည့် အတိုင်း ထုတ်ဖော် အသုံးပြု နိုင်လေသည်။ သူ၏ တိုက်ခိုက်ဟန်မှာလည်း ကဗျာဆန် လွန်းလှလေသည်။
ယခင် တိုက်ပွဲများတို က်ခိုက်စဉ်က ဆန်းလျန်က တန်ခိုး စွမ်းအားများ၊ ကျင့်စဉ် စွမ်းအားများနှင့် မန္တန်များကို မသိစိတ်မှ ထွက်ပေါ် လာသည့် အတိုင်း အလိုက်သင့် ထုတ်ဖော် အသုံးပြုသွားခြင်း ဖြစ်လေသည်။ ယခုတစ်ကြိမ် တိုက်ခိုက်သည့် အခါတွင်တော့ ဆန်းလျန်က တန်ခိုးစွမ်းအား အမျိုးမျိုးကို စမ်းချောင်းမှ ရေစီးဆင်းသည့် အလား တစ်ခုပြီးတစ်ခု အစီအစဉ်တကျ ထုတ်လွှတ်နေခြင်း ဖြစ်လေသည်။ သူ့ထံမှ တန်ခိုး စွမ်းအား စီးဆင်းမှုသည် တစ်ချက်ကလေးပင် ရပ်တန့် သွားခြင်း မရှိပေ။
မိုးမြေ စွမ်းအားများသည် ဆန်းလျန်နှင့် တစ်သားတည်းကျကာ ပေါင်းစပ် နေလေသည်။ ဆန်းလျန်နှင့် မိုးမြေ သဘာဝ တရားကြီး တစ်ခုလုံးမှာ တစ်သားတည်း ကျပြီး ထာဝရ ရှင်သန်ခြင်း တံခါးကို ဖွင့်နိုင်တော့မည့် နိမိတ်များကို မြင်တွေ့ရလေသည်။
ထိုသို့သော် နိမိတ်များကို ရရှိရန်အတွက် ပိုင်စုဟွမ်မှာ နှစ်ပေါင်းများစွာ မရမနေ ကြိုးစား ခဲ့ရလေသည်။ သို့သော် ထိုနိမိတ်များသည် သူ့အတွက်တော့ အိပ်မက်မျှသာ ဖြစ်နေရသေးသည်။
ဆန်းလျန်မှာ ဖော့ဝမ့် အဆင့်မှ နတ်ဘုရား တစ်ပါးအဆင့်သို့ တက်ရောက် နိုင်ရန်အတွက် ခြေတစ်လှမ်းမျှသာ လိုတော့သည်။ သို့သော် သူကတော့ သူကတော့ မိုင်ထောင်ပေါင်းများစွာ လိုနေသေးသည် မဟုတ်ပါလား။
ပိုင်စုဟွမ်မှာ ဆန်းလျန်၏ တိုက်ခိုက်မှုများကို အသေအလဲ ခုခံနေရလေသည်။ သူ့တွင် ဆန်းလျန်ကို ပြန်လည် တိုက်ခိုက်ရန် နည်းလမ်း မရှိတော့ပြီ။
ဆန်းလျန်မှာ စကြာဝဠာနှင့်တစ်သားတည်းကျနေပြီး သူ၏ထိုက်ရွှီးတန်ခိုးစွမ်းအားများမှာ တာအိုဖွဲ့စည်းမှု တစ်ခုအဖြစ် ပြောင်းလဲ သွားလေသည်။ သူနားလည် ထားသည့် ကျင့်စဉ် လမ်းများ အားလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်း သွားလေသည်။
ထိုအဆင့်ကို တာအိုဝါဒတွင် "တန်ခိုး စွမ်းအား၏ စကားသံကို နားထောင်ပါ၊ စိတ်ဆန္ဒ နောက်သို့ မလိုက်ပါနှင့်" ဟု ခေါ်ဆိုလေသည်။
ဆန်းလျန်က ထောင်ပေါင်းများသော တန်ခိုး စွမ်းအားများ၊ မန္တန်များနှင့် ကျင့်စဉ် စွမ်းအားများကို စုပေါင်းပြီး အတူတကွ အသုံးချနေခြင်း ဖြစ်လေသည်။ ဆန်းလျန်၏ တိုက်စစ်ဆင်မှုမှာ တုန်လှုပ် ချောက်ချား ဖွယ်ရာပင် ဖြစ်လေသည်။ ဆန်းလျန်၏ခန္ဓာကိုယ်မှ ဒြပ်စင် စွမ်းအား ငါးမျိုးမှာ လင်းလက် တောက်ပ နေလေသည်။
အစိမ်း၊ အဝါ၊ အနီ၊ အနက်နှင့် အဖြူ ဒြပ်စင် စွမ်းအားငါးမျိုး၏ ရောင်စဉ်များသည် တစ်စု တစ်စည်းတည်း ပေါင်းစည်း သွားပြီး ပိုင်စုဟွမ်ထံသို့ ဝင်ရောက် သွားလေသည်။
ပိုင်စုဟွမ်သည် နောက်သို့ ခုန်ဆုတ်လိုက်မိလေသည်။ သို့သော် ပိုင်စုဟွမ်သည် ယခု ကဲ့သို့သော ပုံစံမျိုးဖြင့် ရှုံးနိမ့် မသွားလိုပါ။ သူက ဆန်းလျန် အသုံးပြုလိုက်သည့် တောင်နှင့် မြစ်ရေ သင်္ကေတကို ချိုးဖျက်ရန် အတွက် လမင်းရောင်ခြည်ကို ဆင့်ခေါ် လိုက်လေသည်။
လမင်း ရောင်ခြည်သည် မိုးနှင့်မြေကိုပင် ဖြတ်တောက် ပစ်နိုင်သည့် ဓားတစ်လက် အလား ထက်ရှ လွန်းလေသည်။ သို့သော် ဆန်းလျန်၏ ရောင်စဉ် စွမ်းအား ငါးမျိုးကိုတော့ ဖြတ်တောက် ပစ်နိုင်စွမ်း မရှိခဲ့ပါ။ ပြင်းထန်လွန်းသည် ဒြပ်စင် စွမ်းအား ငါးမျိုးကို မည်သည့် အရာကမှ ဖျက်ဆီး ပစ်နိုင်မည် မဟုတ်ပေ။
ထို့အတူ ပိုင်စုဟွမ် အသုံးပြုထားသည့် အချိန်မစောင့် မန္တန်မှာလည်း ဒြပ်စင် စွမ်းအား ငါးမျိုးအပေါ်တွင် သက်ရောက်မှု မရှိတော့ပေ။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်သည် တာအိုလမ်းစဉ်၏ အခြေခံ ဒြပ်စင်ငါးပါးကို ကောင်းစွာ နားလည် သဘောပေါက် သွားသောကြောင့် ဖြစ်လေသည်။
အချိန်၏ အကြင်နာတရား ကင်းမဲ့မှုက အရာအားလုံးကို မြေမှုန့် ဖြစ်သွားအောင် တိုက်စား နိုင်လေသည်။ သို့သော် သဘာဝတရား၏ အခြေခံ ဒြပ်စင် စွမ်းအား ငါးမျိုးကတော့ အဆုံးမရှိ ပြောင်းလဲနေမြဲ ဖြစ်လေသည်။ ဒြပ်စင် စွမ်းအား ငါးမျိုးသည် ရှင်သန် ဖြစ်တည်မှုတိုင်၏ နောက်ကွယ်တွင် မရှိမဖြစ် ပါဝင်နေသည့် စွမ်းအားများ ဖြစ်လေသည်။
ဆန်းလျန်၏ ဒြပ်စင် စွမ်းအားငါးမျိုး၏ ရောင်စဉ်များနှင့် ပိုင်စုဟွမ်၏ လမင်းရောင်ခြည် စွမ်းအားများသည် အရှိန်အဟုန်ပြင်းစွာ ထိခိုက် မိသွားလေသည်။ ထိတ်လန့်စရာ ကောင်းလှစွာပင် လမင်းရောင်ခြည် စွမ်းအားသည် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက် သွားရလေသည်။
တိုက်ပွဲ၏ ရလဒ်မှာ ထိုသို့ ဖြစ်လာလိမ့်မည်ဟု ပိုင်စုဟွမ် မျှော်လင့် မထားခဲ့မိပေ။ သူ တိုက်ပွဲကို ရှုံးနိမ့်သွားရပြီ ဖြစ်လေသည်။ ထို့အတူ သူ့ဘဝ၏ အရာရာသည်လည်း အဆုံးသတ် သွားရပြီ ဖြစ်လေသည်။
အမှန်တော့ အစ ကတည်းကပင် ဆန်းလျန်ကို သူအထင်မသေးခဲ့ပါ။ သို့သော် ဆန်းလျန်၏ ဆန်ခိုး စွမ်းအားများနှင့် ကျင့်စဉ်လမ်း တိုးတက်မှုမှာ သူခန့်မှန်း ထားသည်ထက် ကျော်လွန် နေခဲ့လေသည်။
ပိုင်စုဟွမ်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာလေသည်။ လမင်း ရောင်ခြည် တာအို ဖွဲ့စည်းပုံမှာ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
ဆန်းလျန်က တောင်နှင့်မြစ်ရေ သင်္ကေတကို ပြန်လည် ရုတ်သိမ်း လိုက်လေသည်။ ပိုင်စုဟွမ်ဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက် သွားသည့် တန်ခိုး စွမ်းအား ထုထည်ကြီးမှာ ချက်ချင်းပင် ပျောက်ကွယ် သွားလေသည်။
သို့သော် တောင်နှင့် မြစ်ရေ သင်္ကေတ၏ ကြွင်းကျန်ရစ်သည့် ပုံရိပ်ယောင်က ပိုင်စုဟွမ်၏ ငယ်ထိပ်ကို ရိုက်ခတ် မိသွားပြီး ပိုင်စုဟွမ်မှာ ကောင်းကင်ထက်မှ ပြုတ်ကျ သွားလေတော့သည်။
ပိုင်စုဟွမ်၏ မာန တရားများ အားလုံး ရိုက်ချိုး ခံလိုက်ရပြီ ဖြစ်လေသည်။
သူ၏ ခန္ဓာကိုယ်မှာ အမြင့်မှ အနိမ့်သို့ အဆက်မပြတ် ပြုတ်ကျ နေလေသည်။
မီးလောင် လွယ်သည့် ပစ္စည်းတစ်ခုသည် မီးထဲတွင် ပြာမှုန့် ဖြစ်သွားသကဲ့သို့၊ ကြယ်တံခွန် တစ်စင်းသည် လျင်မြန်သည့် အရှိန်ဖြင့် ပျောက်ကွယ် သွားသကဲ့သို့ သူခံစား နေရလေသည်။
ထို့နောက် ပိုင်စုဟွမ်၏ ခန္ဓာကိုယ်သည် လှိုင်းလေ ပြင်းထန်လွန်းသည့် ပင်လယ်ဆီသို့ ပြုတ်ကျ သွားကာ တဖြည်းဖြည်း နစ်မြုပ် သွားလေတော့သည်။
ဆန်းလျန်က ဒီတိုင်း ရပ်ကြည့်နေခြင်း မရှိပါ။
သူက ပင်လယ် ကမ်းခြေဆီသို့ တစ်ပတ်ကျွမ်း ထိုးကာ ခုန်ဆင်း လိုက်လေသည်။
ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်မှာ ကမ္ဘာ့ထိပ်တန်း တာအို ကျင့်စဉ် တစ်ခုဖြစ်သလို အဆင့်မြင့် သိုင်းပညာ တစ်မျိုးလည်း ဖြစ်လေသည်။ ယင်နှင့်ယန်၊ ဒြပ်စင် စွမ်းအား ငါးမျိုးတို့ကို အခြေခံထားခြင်း ဖြစ်သည့် အတွက် လူ့လောကတွင် အခြေခံ သိုင်းပညာ အဖြစ်လည်း လေ့ကျင့်၍ ရနိုင်သည့် ကျင့်စဉ် ဖြစ်လေသည်။
ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်တွင် တာအို ကျင့်စဉ်ပေါင်း များစွာ၏ အခြေခံ သဘောတရားများ ပါဝင်သည့် အတွက်ကြောင့် အခြားသော မည်သည့် ကျင့်စဉ်ကိုမဆို လွယ်လွယ်ကူကူနှင့် သဘောပေါက် နိုင်လေသည်။ ထိုက်ရွှီး တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသူသည် အခြားသော ကျင့်စဉ်များကို မှုလောက်စရာ မရှိပေ။
ဆန်းလျန်က လက်ဖဝါး နှစ်ဖက်ဆီမှ အလင်းတန်းများ ထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းများက ပင်လယ်ရေထဲသို့ နစ်မြုပ် သွားသည့် ပိုင်စုဟွမ်ကို ရေပြင်ထက်သို့ ဆွဲတင် လိုက်လေသည်။ ပိုင်စုဟွမ်မှာ အားနည်းနေပြီး သူ၏ အစိမ်းရောင် တာအိုဝတ်စုံမှာ ရေများဖြင့် စိုရွှဲနေလေသည်။
ဒဏ်ရာ ပြင်းထန်စွာ ရသွားခဲ့သည့် အတွက် သွေးများလည်း အဆက်မပြတ် အန်နေလေသည်။
ကောင်းကင်၊ သမုဒ္ဒရာနှင့် မြေပြင် တစ်ခုလုံး တုန်လှုပ်အောင် တိုက်ခိုက်ကြသည့် သူတို့ နှစ်ယောက်၏ တိုက်ပွဲကြောင့် ငါးသတ္တဝါများ၊ ငှက်သတ္တဝါများ မည်မျှ အသက်ဆုံးခဲ့ပြီလဲ မသိနိုင်ပေ။
သို့သော် ပိုင်စုဟွမ်မှာ အလွန် မာန ကြီးလွန်းသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်အတွက် ဆန်းလျန်မှာလည်း သတ္တဝါများ၏ အသက်ကို ငဲ့ညှာ မနေနိုင်တော့ဘဲ တိုက်ခိုက်ခဲ့ရခြင်း ဖြစ်လေသည်။ အခြားသော ဖော့ဝမ့်အဆင့် ကျင့်ကြံ သူသာဆိုလျှင် ဆန်းလျန်၏ တန်ခိုး စွမ်းအားများကို မည်သို့မျှ တောင့်ခံနိုင်မည် မဟုတ်ပေ။ ပိုင်စုဟွမ်မှာ အလွန်သန့်စင်သည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည့် ထိပ်တန်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သောကြောင့်သာ ဆန်းလျန်ကို ဤမျှ အချိန်ကြာကြာ တောင့်ခံနိုင်ခြင်း ဖြစ်လေသည်။
ပိုင်စုဟွမ်က တစ်ချက် ကြုံးဝါး လိုက်လေသည်။ သူ၏ ကြုံးဝါးသံကြောင့် မိုးနှင့်မြေပင် တုန်လှုပ် သွားရသည်။
ပိုင်စုဟွမ်က သူ၏ လက်နှစ်ဖက်ကို ရင်ပတ်ရှေ့တွင် ထားလိုက်ပြီး မိုးမြေ စွမ်းအားများကို စုပ်ယူ လိုက်လေသည်။
ထူးဆန်းသည့် ရောင်စဉ်တန်း တစ်ခု ထွက်ပေါ်လာလေသည်။ ထိုရောင်စဉ်တန်း ဆီမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထွက်နေလေသည်။ ထိုအငွေ့အသက် များမှာ ပိုင်စုဟွမ်၏ တန်ခိုး စွမ်းအားများကို ကျော်လွန်နေပြီး နတ်ဘုရား တစ်ပါး၏ တန်ခိုး စွမ်းအားများ အလားပင် ဖြစ်လေသည်။
ဆန်းလျန်၏ စိတ်များက ဖန်သားပြင် အလား ကြည်လင်နေလေသည်။
ပိုင်စုဟွမ်က နောက်ဆုံး တိုက်ကွက်ကို အသုံးပြုလိုက်ခြင်း ဖြစ်ကြောင်း သူသိလိုက် လေသည်။
ရုတ်တရက်...
ဆူနာမီ လှိုင်းလုံးကြီး အလား ကြီးမားလွန်းသည့် လှိုင်းလုံးကြီး တစ်လုံးက ကမ်းခြေသို့ ရိုက်ခတ် လာလေသည်။ ကျယ်လောင်သည့် အသံကြီးကိုလည်း ကြားနေရလေသည်။
ပိုင်စုဟွမ်၏ နောက်ဆုံး တိုက်ခိုက်မှုမှာ မည်မျှ ပြင်းထန်ကြောင်း မခန့်မှန်းနိုင်ပါ။
ဆန်းလျန်ကလည်း ဒြပ်စင် စွမ်းအား ငါးမျိုးကို စုစည်းလိုက်ပြီး မုန်တိုင်းထဲတွင် ကြံ့ကြံ့ခံ ရပ်တည် နေလေသည်။
အံ့သြစရာ ကောင်းစွာဖြင့်ပင် ပိုင်စုဟွမ်သည် လမင်းရောင်ခြည် ကျင့်စဉ်၏ "အချိန်စက်ဝန်း ဓားသိုင်း" ကို အသုံးပြု လိုက်ခြင်း ဖြစ်လေသည်။ အချိန်စက်ဝန်း ဓားသိုင်းမှာ နတ်ဘုရားအဆင့် တက်ရောက် နိုင်မှသာ အသုံးပြုနိုင်မည့် ဓားသိုင်း တစ်ခု ဖြစ်လေသည်။
ယခုတော့ ပိုင်စုဟွမ်က နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် တန်ခိုး စွမ်းအားများ အားလုံးကို လောင်ကျွမ်းစေပြီး ထိုဓားသိုင်းကို ထုတ်ဖော် အသုံးပြုလိုက်လေပြီ။
သူ၏ ရုပ်ခန္ဓာသည် အချိန်စက်ဝန်းဓား၏ တန်ခိုးစွမ်းအား ဒဏ်ကို မခံနိုင်တော့ဘဲ သွေးများ ထွက်လာလေသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း မဟန်နိုင်တော့ဘဲ လဲကျ သွားရလေသည်။
ဆန်းလျန်မှာ ပိုင်စုဟွမ် ထိုကဲ့သို့ ဆုံးဖြတ်ချက်ချကာ တိုက်ခိုက် လိမ့်မည်ဟု မျှော်လင့် မထားမိပေ။
လူတစ်ယောက်၏ အပြင်းထန်ဆုံး နောက်ဆုံး တိုက်ကွက်ကို ထုတ်သုံးမှသာ အကောင်းဆုံး ပြိုင်ဘက်ဟု ခေါ်ဆိုနိုင်မည် ဖြစ်လေသည်။
သို့သော် ဆန်းလျန်ကလည်း ကြောက်လန့်သွားခြင်း အလျဉ်း မရှိခဲ့ပါ။
အချိန်စက်ဝန်း ဓားသိုင်းမှာ နတ်ဘုရား တစ်ပါး၏ တန်ခိုးစွမ်းအား ဖြစ်သည့်တိုင် ရင်ဆိုင်နိုင်မည်ဟု ဆန်းလျန်က ယုံကြည်ချက် အပြည့်ရှိလေသည်။
သူက ပိုင်ဟုဟွမ်ကို မာန်စွယ်ကျိုးကာ အရှုံးပေးသည် အထိ တိုက်ခိုက် နှိမ်နင်းပြီး ချင်းရွှမ်သို့ အသက်ရှင်လျက် ပြန်ခေါ် သွားမည်ဟု ဆုံးဖြတ် ထားလေသည်။
အချိန်စက်ဝန်းဓား ထွက်ပေါ်လာသည်နှင့် ဆန်းလျန်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ဗလာနယ် တစ်ခုကို ဖန်ဆင်း လိုက်လေသည်။
ဗလာနယ်နှင့် အချိန်စက်ဝန်းဓားမှာ အရှိန်အဟုန်ပြင်းစွာ ထိခိုက်မိသွားလေသည်။
"ဝုန်း ဝုန်း ဝုန်း"
ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အသံကြီးများ ထွက်ပေါ်လာပြီး ဗလာနယ် တစ်ခုလုံး ပေါက်ကွဲ သွားလေသည်။ ပင်လယ် လှိုင်းလုံးကြီးများမှာ ကြောက်မက်ဖွယ်ရာ တလိမ့်လိမ့် တက်လာ လေသည်။
ကမ္ဘာ့ နောက်ဆုံး အချိန်တွင် မီးတောင်များ ပေါက်ကွဲပြီး ငလျင်များ လှုပ်ခတ် သကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံးမှာ တုန်လှုပ် နေလေသည်။
ပေါက်ကွဲသွားသည့် ဗလာနယ်ထဲတွင် အချိန်စက်ဝန်း ဓားသည် အပိုင်းပိုင်း ကွဲကြေ သွားရလေသည်။
သို့သော် ဆန်းလျန်ကတော့ ကြံ့ကြံ့ခံ ရပ်တည်နေဆဲ ဖြစ်လေသည်။
မုန်တိုင်းထန်နေသည့် ကောင်းကင်အောက်တွင် လဲကျနေပြီ ဖြစ်သည့် ပိုင်စုဟွမ်ကို ဆန်းလျန် ခေါ်ဆောင် လာခဲ့လေသည်။ ဆန်းလျန်၏ တာအိုဝတ်ရုံမှာ လေထဲတွင် တလွင့်လွင့် လှုပ်ရှား နေလေသည်။
ပိုင်စုဟွမ်၏ ပုံသဏ္ဌာန်မှာ ဆယ်နှစ်ခန့်ပိုပြီး အိုမင်းသွားသလို သူ၏ မျက်နှာတွင်လည်း သွေးရောင် မရှိတော့ပေ။
ထို့အတူ ဆန်းလျန် မျက်နှာမှာလည်း ဖြူဖပ်ဖြူလျော် ဖြစ်နေလေသည်။
ဆန်းလျန်က သက်ပြင်း တစ်ချက်ချလိုက်ရင်း…
“ကိုယ့်ကိုယ်ကိုယ်ဘာလို့ ဒီလိုဖြစ်အောင် လုပ်ရတာလဲဗျာ၊ ပြီးတော့ ကျုပ်ကိုလည်း ဘာလို့ ဒီလိုဖြစ်အောင် လုပ်ရတာလဲ”
***