တာအိုကျင့်ကြံသူ စိတ်ထားကို ထိန်းသိမ်းထားရန်မှာခက်ခဲသည်
Vol. 3 Ch. 294
နေမင်းသည် မိုးကုတ် စက်ဝိုင်းအတွင်းသို့ ဝင်ရောက် သွားပြီ ဖြစ်လေသည်။ ပင်လယ် ရေပြင်မှာလည်း ပြန်လည် တည်ငြိမ်စ ပြုနေပြီ ဖြစ်သည်။ ပင်လယ်ရေပြင်သည် စောစောက ဆူနာမီ ရေလှိုင်းများ ပြင်းထန် ခဲ့သည်မှာ သူမဟုတ်သည့် အလား ငြိမ်သက် နေပြီ ဖြစ်လေသည်။
ဆန်းလျန် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ နေရာတစ်နေရာမှ ထွက်ပေါ်နေသည့် လူသတ်လိုသည့် အငွေ့အသက်များကို သတိပြုလိုက် မိလေသည်။ တစ်စုံတစ်ယောက်သည် သူတို့ နှစ်ယောက်၏ တိုက်ပွဲကို ခိုးကြောင်ခိုးဝှက်ဖြင့် ကြည့်နေပုံ ရလေသည်။
ထိုနေရာသို့ ဆန်းလျန် တစ်ချက် စိုက်ကြည့်လိုက်သည့် အခါတွင်တော့ ထိုအငွေ့အသက် များမှာ ချက်ချင်းပင် ပျောက်ကွယ် သွားလေသည်။
သူနှင့် ပိုင်စုဟွမ်၏ တိုက်ပွဲကို ခိုးကြောင် ခိုးဝှက် ကြည့်နေသူသည် လျှို့ဝှက်စွာပင် ထွက်ခွာ သွားပြီ ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိ လိုက်လေသည်။
သူတို့နှစ်ယောက်၏ တိုက်ပွဲကို ကြည့်နေသူမှာ ပိုင်စုဟွမ်ထက် အဆင့်မနိမ့်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ သူက တိုက်ပွဲကို အခြေအနေ လေ့လာသည့် သဘောဖြင့်သာ လာရောက် ကြည့်ရှုခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်းသို့ ပါဝင် ပတ်သက်လိုခြင်း ရှိပုံ မပေါ်ပေ။
လူသတ်လိုသည့် အငွေ့အသက်များ ပျောက်ကွယ် သွားသည့် အခါတွင်တော့ ပိုင်စုဟွမ်မှာ များစွာ အံ့သြ သွားရလေသည်။
သူ့ရင်ထဲတွင် နောင်တ တရားများဖြင့် ပြည့်နှက်နေပြီး ဆန်းလျန်ကို အမှန်အတိုင်း ဝန်ခံရန် အသင့်ဖြစ်နေပြီ ဖြစ်လေသည်။
ပိုင်စုဟွမ်၏ ဝန်ခံချက်အရ ပိုင်စုဟွမ်တွင် ချန်မုပိုင်ဆိုသည့် ဆွေမျိုးနီစပ် တော်စပ်သူ တစ်ယောက် ရှိလေသည်။ ထိုသူမှာ ကွမ်းချင်း နတ်ဘုရား ဂိုဏ်း၏ နတ်ဘုရား အလောင်းအလျာ ဆယ့်နှစ်ပါးတွင် တစ်ပါး အပါအဝင် ဖြစ်လေသည်။ ထိုအကြောင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်ခန့်ကမှ ပိုင်စုဟွမ် သိရှိခဲ့ရခြင်း ဖြစ်လေသည်။
ပိုင်စုဟွမ်သည် ဘဝ တစ်လျှောက်လုံးတွင် ကျင့်စဉ်လမ်းကို တစ်စိုက်မတ်မတ် အာရုံ စိုက်ထားသူ ဖြစ်လေသည်။ ထိုကဲ့သို့သော လူတစ်ယောက်သည် သွေးသား တော်စပ်သည့် သူများအပေါ်တွင် အရေးတယူ အလေး ထားလိမ့်မည်ဟု ဆန်းလျန် ထင်မထားခဲ့မိပေ။
အမှန်တော့ ချန်မုပိုင်က ပိုင်စုဟွမ်နှင့် စတင် ဆက်သွယ်ပြီး ရင်းနှီးအောင် ကြိုးစားကာ ချင်းရွှမ် နတ်တံခါး၏ အတွင်းရေးများကို နှိုက်ထုတ်ခဲ့ခြင်း ဖြစ်လေသည်။
ချင်းရွှမ် နတ်တံခါးမှာ တဖြည်းဖြည်း ကျဆင်းနေပြီ ဖြစ်သည့် အတွက် လျှို့ဝှက်ချက်များ ပေါက်ကြားလျှင်လည်း အရေးမကြီးနိုင်ဟု ပိုင်စုဟွမ်က ထင်ခဲ့မိလေသည်။ ချင်းရွှမ် နတ်တံခါးတွင် သူ့ကိုလည်း မည်သူမျှ အပြစ်ပေးနိုင်မည် မဟုတ်ဟု သူက တွေးထားခဲ့သည်။
ဆန်းလျန် ဂိုဏ်းချုပ်နေရာ ဆက်ခံသည့် ကိစ္စကို သူကန့်ကွက် ခဲ့ရသည်မှာလည်း အကြောင်း ရှိလေသည်။ ဆန်းလျန်မှာ ငယ်ရွယ်ပြီး အရည်အချင်း ရှိသူတစ်ယောက် ဖြစ်လေသည်။ သူ၏ သစ္စာဖောက်မှုကို သိရှိသွားပါက ဆန်းလျန်သည် သူ့ကို အန္တရာယ် ပေးနိုင်သည့် တစ်ဦးတည်းသော လူတစ်ယောက် ဖြစ်လာနိုင်သောကြောင့်ပင် ဖြစ်လေသည်။
ထို့ပြင် ချင်းရွှမ်နတ်တံခါးတွင် နတ်အသက်ရှည်ဆေး ရှိသည်ဆိုသည့် အကြောင်းကို ချန်မုပိုင်က ပိုင်စုဟွမ်ကို သတင်း ပေးခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ဆန်းလျန် မရှိချိန်တွင် ကူးချိုင်ဝေ့ကို ပုန်ကန်ခဲ့ခြင်းကတော့ ရှင်းပြရန် ခက်သည့် ကိစ္စ ဖြစ်လေသည်။ ပိုင်စုဟွမ်မှာ ဘဝနေဝင်ချိန်မှာ နီးကပ်လာပြီ ဖြစ်သောကြောင့် နတ်အသက်ရှည်ဆေး လိုချင်သည့် စိတ်ဖြင့် မိုက်ရူးရဲဆန်စွာ ပြုလုပ်ခဲ့ခြင်း ဖြစ်လေသည်။ သူက ဖြစ်လာမည့် ပြဿနာများကို နောက်မှ ရှင်းမည်ဟု စဉ်းစား ထားခဲ့လေသည်။
ကူးချိုင်ဝေ့ထံမှ နတ်အသက်ရှည် ဆေးကို တောင်းယူရန် အတွက် ဆန်းလျန် ပျောက်ဆုံးနေသည် ဆိုသည့် အချက်ကို အတည်ပြုရန် နှစ်ခါလောက် သက်သေ ရှာခဲ့ရလေသည်။ သေချာတော့မှ သူက အကြံအစည်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်လေသည်။
သူက ကျန်းရော့ရွှီး၏ တူဖြစ်သူ ကျန်းလင်ရှန့်ကို စည်းရုံး ခေါ်ဆောင် ခဲ့လေသည်။ ကျန်းလင်ရှန့်မှာလည်း ဆန်းလျန်ကို အမြင်ကြည်သူ တစ်ယောက် မဟုတ်ပေ။
ထို့ပြင် ဆရာသခင် ကျန်းရော့ရွှီးနှင့် ဆန်းလျန်၏ ဆက်ဆံရေးက သာမန် ဆရာတပည့် ဆက်ဆံရေးထက် ပိုခဲ့သည်ကို လူတိုင်း သိကြလေသည်။ ဆရာသခင် ကျန်းရော့ရွှီးသည် ဆန်းလျန်ကို များစွာ အားကိုးကာ အလေးထား ချစ်ခင်ခဲ့လေသည်။ ထို့ကြောင့် အခြေအနေ မဟန်လျှင် ကျန်းရော့ရွှီး၏ တူဖြစ်သူ ကျန်းလင်ရှန့်၏ မျက်နှာဖြင့် အပြစ်ကို ဖုံးကွယ်ရန် ကြံစည် ထားခဲ့ခြင်း ဖြစ်လေသည်။
ပိုင်စုဟွမ် ပြောပြသည့် အကြောင်းစုံကို နားထောင် ပြီးတော့မှ ဆန်းလျန်က ပြောလိုက်သည်။
"ဆရာ ဘိုးဘိုးပိုင်၊ ချန်မုပိုင်နဲ့ ပေါင်းပြီး ခုလို သစ္စာဖောက်တဲ့ ကိစ္စကို ထိုက်ဝေ့ထိုင်က ဆရာဘိုးဘိုးကို ဖုံးကွယ်ထားလို့ ရမယ်များ ထင်နေသလား၊ ခင်ဗျား တစ်ခုခု လုပ်တာ သူသာ သိသွားရင် ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး၊ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းက ကာကွယ် ပေးမယ် ဆိုရင်တောင်မှ ထိုက်ဝေ့ထိုင်က ဆရာဘိုးဘိုးရဲ့ အရည်အချင်းနဲ့ ဆိုရင် ဘယ်လိုမှ လွတ်နိုင်မှာ မဟုတ်ဘူး"
ပိုင်စုဟွမ်က ခါးသက်စွာ ပြုံးလိုက်ရင်း...
"ဟုတ်ပါတယ်၊ ကျုပ်လည်း ဒီကိစ္စကို တွေးမိပါတယ်၊ ဒါပေမဲ့ ဒီနှစ်တွေ အတွင်း ဘာမှလည်း ဖြစ်မလာတော့ သူမသိဘူးလို့ပဲ ထင်ခဲ့မိတာ၊ ဒါပေမဲ့ သူအရာအားလုံးကို သိနေတယ်ဆိုလည်း သူက ဘာလို့ ကျုပ်ကို လာမရှာရတာလဲ"
"ခင်ဗျားလည်း ဒီနှစ်တွေ အတွင်းမှာ ထိုက်ဝေ့ထိုင် ခန်းမကို မသွားခဲ့ဘူး မဟုတ်လား"
ဆန်းလျန်က အေးဆေးစွာပင် ပြောလိုက်လေသည်။
"ဒီလောက် ကြောက်စရာ ကိစ္စကြီးကို လုပ်ထားတာ၊ ဘာလို့ ထိုက်ဝေ့ထိုင်မှာ သူနဲ့ သွားတွေ့ရမှာလဲ၊ ကိုယ့်အပြစ်ကိုယ် ဝန်ခံသလို ဖြစ်သွားမှာပေါ့"
"သူကလည်း ခင်ဗျားလာတာကို စောင့်နေတာ ဖြစ်ချင်ဖြစ်မှာပေါ့၊ ဒီလို ကိစ္စမျိုးကိုတောင် ရင်ဆိုင် မဖြေရှင်းရဲရင် ဘယ်လိုလုပ် ယုံမှားခြင်း အဆင့်ကို ကျော်ဖြတ် နိုင်မှာလဲ၊ ကျင့်စဉ်လမ်းဆိုတာ ရေဆန်မှာ ရွက်လွှင့် ရသလိုပဲ၊ ရှေ့ကို ရောက်အောင် မကြိုးစားနိုင်ရင်တော့ နောက်မှာပဲ ကျန်ခဲ့ ရလိမ့်မယ်၊ ဆရာဘိုးဘိုးပိုင် တာအို ကျင့်စဉ် လမ်းကို စတင် လျှောက်လှမ်း ခဲ့တုန်းက ဘယ်လို ရည်ရွယ်ချက်နဲ့ လျှောက်လှမ်း ခဲ့တာလဲ ဆိုတာ ပြန်စဉ်းစား စေချင်တယ်၊ အဲဒီ အချိန်တုန်းက ပိုင်စုဟွမ်ဆိုတာ အခု ပိုင်စုဟွမ်နဲ့ ယှဉ်လိုက်ရင် ပိုပြီး သတ္တိရှိ၊ ပိုပြီး ဉာဏ်ထက်မြက်ပြီး ပိုပြီး ဆုံးဖြတ်ချက် ခိုင်မာတဲ့ သူတစ်ယောက် မဟုတ်ဘူးလား၊ အခုတော့ ဆရာဘိုးဘိုးပိုင်မှာ အကြောက်တရားတွေ ကိန်းအောင်း နေတာ တွေ့မြင်နေရတယ်"
ဆန်းလျန်က ပြောလိုက်သည်။
တာအိုကျင့်စဉ်လမ်း ဆိုသည်က မည်သည့် အခါမှ လွယ်ကူသည် မရှိပေ။ သာမန်လူများ သည်းမခံနိုင်သည့် နာကျင်မှုများ၊ ခက်ခဲ ပင်ပန်းမှုများ၊ အတားအဆီးများနှင့် အစစ်ဆေး ခံရမှုများကို ရင်ဆိုင် ကြရစမြဲ ဖြစ်လေသည်။
အကြီးမားဆုံးသော အစစ်ဆေးခံရမှုမှာ တာအို ကျင့်ကြံသူ စိတ်ထားကို ရေရှည် ထိန်းသိမ်း ထားနိုင်ရန်ပင် ဖြစ်လေသည်။ အချို့သူများသည် ဟိုင်သန်း အဆင့် အောင်မြင်သည် အထိ သူတို့၏ တာအို ကျင့်ကြံသူ စိတ်ထား မပျက်စီး ကြသေးပေ။ သို့သော် အချိန်ကာလ ကြာရှည်စွာ ကျင့်စဉ်လမ်းတွင် လျှောက်လှမ်းခဲ့ပြီး ဖော့ဝမ့် အဆင့်သို့ ရောက်ရှိလာသည့် အခါတွင်တော့ တာအို ကျင့်ကြံသူ စိတ်ထားမှာ ပျောက်ကွယ် သွားရလေသည်။
ထို့ကြောင့် ရှေးလူကြီးများ ပြောကြသည့် ဆိုရိုးစကား တစ်ခုရှိလေသည်။
"တာအိုကျင့်စဉ်လမ်းကို လျှောက်လှမ်းရန်မှာ လွယ်ကူကောင်း လွယ်ကူ လိမ့်မည်၊ သို့သော် တာအို ကျင့်ကြံသူ စိတ်ထားကို ထိန်းသိမ်း ထားရန်မှာတော့ ခက်ခဲသည်"
ဟူ၍ ဖြစ်လေသည်။
စစ်မှန်သည့် တာအိုကျင့်ကြံသူ တစ်ယောက်သည် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုတွင် မိမိကိုယ်မိမိ လိုလားစွာပင် စွန့်လွှတ် အနစ်နာခံလေ့ ရှိကြလေသည်။ ထို့ပြင် သူတို့၏ စိတ်ဝိညာဉ်မှ အစွန်းအထင်း များကိုလည်း ရင်ဆိုင်ရန် သတ္တိ ရှိကြလေသည်။
သူနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည့် ပိုင်စုဟွမ်၏ ဆုံးဖြတ်ချက်ကို ဆန်းလျန် လေးစားမိလေသည်။ သို့သော် တစ်ချိန်တည်းမှာပင် ပိုင်စုဟွမ်၏ သတ္တိများ လျော့နည်း လာရသည့် အားနည်းချက်ကိုလည်း တွေ့မြင် လိုက်ရသည်။
ပိုင်စုဟွမ်သည် သူ၏ တာအို ကျင့်ကြံသူ စိတ်ထားကို ဆုံးရှုံးခဲ့ရပြီ ဖြစ်လေသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ကျင့်ကြံခဲ့သည့်တိုင် ကျင့်စဉ်လမ်း အဆင့်မတက် နိုင်ရခြင်း ဖြစ်လေသည်။
“ကျုပ်သာ ဒီနေ့ ပြဿနာ မရှာခဲ့ဘဲ မင်းပြန်ရောက် လာတဲ့ အချိန်အထိ စောင့်နေမယ်ဆိုရင် နတ်အသက်ရှည်ဆေးကို မင်းက ကျုပ်ကို ပေးမှာလား"
ပိုင်စုဟွမ်က မေးလိုက်သည်။
“ဆရာဘိုးဘိုးပိုင် ဒီနေ့ပြဿနာ ရှာသည်ဖြစ်စေ မရှာသည်ဖြစ်စေ ကျုပ်က နတ်အသက်ရှည်ဆေးကို ပေးမှာပါဗျာ၊ ဒါပေမဲ့ ကျုပ် တစ်ခုတော့ စိတ်မကောင်း ဖြစ်မိတယ်၊ ဆရာဘိုးဘိုးပိုင် ဖော့ဝမ့် အဆင့် တက်ရောက်ခဲ့တာ နှစ်ပေါင်းရာနဲ့ ချီနေပြီ၊ နောက်ထပ် နှစ်အနည်းငယ် ထပ်နေပြီး ဘာလုပ်ဦးမလို့လဲ၊ ဆရာ ဘိုးဘိုးပိုင်ရဲ့ ကျင့်စဉ်လမ်း အဆင့်က တဖြည်းဖြည်း ဆုတ်ယုတ်နေပြီပဲ၊ ရှေ့ဆက် နိုင်ဦးမယ်လို့ ထင်နေသေးလို့လား"
ဆန်းလျန်က အေးဆေးစွာပင် ပြန်ပြောလိုက်လေသည်။
“အမှန်ပါပဲ၊ ကျုပ်က တော်တော် မိုက်မဲတဲ့ လူတစ်ယောက်ပါပဲ၊ ဒါပေမဲ့ နည်းနည်း အသက်ပိုရှည်တော့ မျှော်လင့်ချက် နည်းနည်း ပိုထားလို့ ရတာပေါ့လေ၊ ခုချိန်ကစပြီး လမ်းမှန်ကို ပြန်သွားတော့မယ်၊ ကျုပ်ကျင့်စဉ် လမ်းကို လိုက်ခဲ့ရတဲ့ ကနဦး ရည်ရွယ်ချက် အတိုင်း ကျုပ်ရဲ့ ပုံစံ အစစ်အမှန်ကို ပြန်ရှာတော့မယ်၊ ကျုပ်ဟာ တော်တော်မိုက်မဲခဲ့ လူတစ်ယောက်ပါပဲကွာ”
ပိုက်စုဟွမ်က စိတ်မကောင်းခြင်း ကြီးစွာဖြင့် ပြောလိုက်လေသည်။
ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်ရင်း…
“အခုချိန်မှာ နားလည်သွားတာ နောက်မကျ သေးပါဘူးဗျာ၊ ဒါပေမဲ့ ဒီနေ့ ဆရာဘိုးဘိုးပိုင် လုပ်ခဲ့တဲ့ အပြစ်အတွက် အပြစ်တော့ ပေးရမယ်၊ ဆရာဘိုးဘိုးပိုင်ရဲ့ တန်ခိုး စွမ်းအားတွေကို နတ်ဒေဝါ လက်သည်းနဲ့ တံဆိပ် ခတ်လိုက်မယ်၊ ထိုက်ယီတောင် အနောက်ဘက်မှာ နှစ်ပေါင်းတစ်ရာ နေထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ၊ ဘယ်လိုလဲ”
“ကျုပ်သက်တမ်းက သုံးနှစ်ပဲ ကျန်တော့တယ်၊ ကျုပ်ကို တောင်အနောက်ဘက်မှာ နှစ်ပေါင်း တစ်ရာ ချုပ်ထားစရာ မလိုတော့ပါဘူး”
ပိုင်စုဟွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ဆန်းလျန်က ပြုံးရုံသာ ပြုံးလိုက်ပြီး ပိုင်ဟုဟွမ်ကို စကားပြန်မပြောတော့ပါ။
ပင်လယ်ပြင်တွင် တိုက်ခတ်နေသည့် လေပြည်လေးနှင့် အတူ ဆန်းလျန်နှင့် ပိုင်စုဟွမ်တို့ ချင်းရွှမ်တောင် တည်ရှိရာ ပင်လယ် ကမ်းခြေဆီသို့ ပြန်လည် ရောက်ရှိ လာကြလေသည်။
ပိုင်စုဟွမ်ကို ဆန်းလျန် အနိုင်ယူခဲ့သည်မှာ အချိန်တစ်နှစ်ခန့် ကြာသွားပြီ ဖြစ်လေသည်။
ဆန်းလျန်သည် ချင်းရွှမ် နတ်တံခါးတွင် တာအို ကျင့်စဉ်များ အကြောင်းကို အဆက်မပြတ် သင်ကြား ပြသပေးလျက် ရှိလေသည်။ သူ၏ သင်ကြားပေးမှုများမှာ ဟိုင်သန်း အဆင့် ကျင့်ကြံသူများ အတွက်ပင် အလွန် အကျိုးရှိ ကြလေသည်။
ပိုင်စုဟွမ်နှင့် ကျန်းလင်ရှန့် တို့မှာတော့ ထိုက်ယီတောင် နောက်ဘက်တွင် အချုပ်ကျကာ အပြစ်ပေး ခံနေကြရလေသည်။ ဆန်းလျန်က သူတို့ နှစ်ယောက်ကို အသက်ညှာဆုံး အပြစ်ဒဏ် ပေးထားခြင်း ဖြစ်လေသည်။
ကျန်းလင်ရှန့်ကတော့ ဆန်းလျန်အပေါ်တွင် ရင်ထဲမှ နက်နက်ရှိုင်းရှိုင်း စိတ်ဆိုး စိတ်ကွက် နေလေသည်။ ဦးလေးဖြစ်သူ ကျန်းရော့ရွှီးကိုပါ မကျေနပ်သည်နှင့် ပေါင်းကာ ဆန်းလျန် အပေါ်တွင်သာ မကျေနပ်မှုက နှစ်ဆ ဖြစ်နေလေတော့သည်။
သို့သော် ဆန်းလျန်က ကျန်းလင်ရှန့်နှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက် မဖြစ်မိပါ။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကျန်းလင်ရှန့်၏ စိတ်နေစိတ်ထားသည် ပြုပြင်၍ရမည် မဟုတ်ပေ။
ချင်းရွှမ် နတ်တံခါးတွင် ပေါ်ပေါက်ခဲ့သည့် ပုန်ကန်မှုသည် ကိစ္စရပ် အသေးလေးမျှသာ ဖြစ်လေသည်။
နတ်ဘုရား အဘိုးအိုသည် ပိုင်စုဟွမ် သစ္စာဖောက်သည့် ကိစ္စကို သိရှိပြီးသား ဖြစ်လိမ့်မည်ဟု ဆန်းလျန် ယုံကြည် ထားလေသည်။ သို့သော် ပိုင်စုဟွမ်အား အကြောက်တရားကို ကျော်ဖြတ်ကာ တာအို ကျင့်ကြံသူ စိတ်ထား ပြန်လည်ရရှိပြီး နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ရန် အတွက် ကူညီလိုသည့် အတွက်သာ မသိချင်ယောင် ဆောင်နေခဲ့ခြင်း ဖြစ်နိုင်လေသည်။
သို့သော် ပိုင်စုဟွမ်မှာ အကြောက်တရား၏ အတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ကျင့်စဉ်လမ်းတွင် အဆင့်မတက်နိုင်သည့် အပြင် နတ်အသက် ရှည်ဆေး ရရှိရန် မလုပ်သင့်သည်များကို လုပ်ဆောင် ခဲ့လေသည်။
အသက် ဆက်ရှည်နိုင်မှသာ မူလဝိညာဉ် ခန္ဓာရရှိသည် အထိ ကျင့်ကြံနိုင်ကာ နတ်ဘုရားတစ်ပါး ဖြစ်လာမည်ဟု သူက ယူဆ ထားလေသည်။ သို့သော် မသေချာ မရေရာသည့် အနာဂတ်တွင် ထိုသို့ဖြစ်လာရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။
နတ်ဘုရား အဘိုးအိုက ပိုင်စုဟွမ်သည် အကြောက်တရားကို ကျော်ဖြတ် နိုင်သွားလျှင် ပိုပြီး တော်လာမည်ဟု မျှော်လင့် ထားခဲ့လေသည်။ ပြင်ပမှ ဝင်ရောက်လာသည့် လောဘ၊ ဒေါသ၊ မောဟများ ကင်းစင်စွာဖြင့် တရား အလင်းပွင့်သည့် အဆင့်ကို တက်လှမ်းနိုင်ရန် မျှော်လင့် ထားခဲ့သည်။ သို့သော် ပိုင်စုဟွမ်က ကျရှုံးခဲ့လေသည်။ မလိုက်သင့်သည့် လမ်းမှားသို့ လိုက်ခဲ့မိသည်။
ထို့ကြောင့် တကယ့် ကျဉ်းထဲ ကြပ်ထဲ ပြဿနာ ဖြစ်သည့် အချိန်တွင် ဆန်းလျန် ရောက်ရှိ လာခဲ့ရခြင်း ဖြစ်လေသည်။ နတ်ဘုရား အဘိုးအို၏ စိတ်အာရုံ စူးစိုက်မှုက ဆန်းလျန်ကို မက်မွန်တော်လေး ရှိရာ ဗလာနယ်ထဲမှ အပြင်သို့ ထွက်နိုင်ရန် သဲမှုံလေးများကို တွေ့မြင်စေကာ ကူညီပေးခဲ့ခြင်း ဖြစ်လေသည်။
ဤသည်မှာ ချင်းရွှမ် နတ်တံခါး၏ တပည့်များကို သင်ကြား ပြသပေးသည့် နည်းလမ်းပင် ဖြစ်လေသည်။ နှစ်ပေါင်း တစ်သောင်းကျော် ရပ်တည်ခဲ့ပြီး များပြားလွန်းသည့် နတ်ဘုရားများကို မွေးထုတ် ပေးနေသည်မှာလည်း ထိုသင်ကြား ပြသပေးသည့် နည်းလမ်းကြောင့်ပင် ဖြစ်လေသည်။
“ကိုယ့်ကိုယ်တိုင်က လက်မလျှော့သရွေ့ ချင်းရွှမ်နတ်တံခါးဟာ တပည့်တွေ အပေါ်မှာ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး၊ တပည့်တွေ ကိုယ်တိုင်က ကန့်သတ်ချက်တွေ မထားသရွေ့ ချင်းရွှမ်ဟာ ဘယ်တပည့်ကို မဆို ကန့်သတ်ချက်တွေနဲ့ ချုပ်ချယ် ထားတာ မရှိပါဘူး”
သာယာနာပျော်ဖွယ် ကောင်းသည့် တာအိုတရား ဟောကြားသံသည် ဝိညာဉ် မြစ်ကမ်း အထိပင် ပျံ့လွင့် နေလေသည်။
ချင်းရွှမ်နတ်တံခါးမှ ဆရာသခင် အဆင့်ရှိသော ဟိုင်သန်း အဆင့် ကျင့်ကြံသူများနှင့် အခြားသော တပည့်အငယ်များမှာ ထိုက်ယီ တောင်ထိပ်ရှိ ချင်းရွှမ် ခန်းမဆောင်သို့ ရောက်ရှိ နေကြလေသည်။ သူတို့ အားလုံးက ဆန်းလျန် သင်ကြား ပြသပေးနေသည့် ကျင့်စဉ်လမ်းများ အကြောင်းကို လေးစားစွာဖြင့် နားထောင် နေကြလေသည်။ ဆန်းလျန်သည် အစိမ်းရောင် ကြာပလ္လင်ထက်တွင် အေးဆေးစွာ ထိုင်ရင်း တပည့်များကို သင်ကြား ပေးနေခြင်း ဖြစ်လေသည်။
တပည့်များ အားလုံး၏ ရင်ထဲတွင် ဆန်းလျန်သည် မကြာမီ အချိန်မှာပင် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက် နိုင်တော့မည်ဟု ခံစားနေကြရလေသည်။
သူတို့ အတွက်တော့ ဆန်းလျန်သည် အလွန်မှ အထင်ကြီး လေးစားစရာ ဖြစ်နေ လေတော့သည်။
***