ဒြပ်စင်စွမ်းအား ငါးမျိုးနှင့် ကင်းလွတ်သည့် ဖြစ်တည်မှု မရှိ
Vol. 3 Ch. 295
ဆန်းလျန်က တရားဟောခြင်းကို ခဏ ရပ်နားလိုက်ပြီး သင်ယူနေသူများ မှတ်သားချိန် ရရန် အချိန် ပေးလိုက် လေသည်။
ထိုအချိန် ခဏလေး အတွင်းမှာပင် ဆန်းလျန်က မျက်တောင် တစ်ချက် ခတ်လိုက်ပြီး ကျင်းချင်းဘက်သို့ လှည့်ကြည့် လိုက်သည်။
“ကျင်းချင်း၊ နတ်တံခါး အဝင်ဝမှာ လူတစ်ယောက် ရောက်နေတယ်၊ သူ့ကို သွားခေါ်လာခဲ့ပါ”
ကျင်းချင်းက ဆန်းလျန်ကို ဦးညွှတ်လိုက်ပြီး…
“ဂိုဏ်းချုပ်၊ အဲဒီ လူက ဘယ်လို ပုံစံမျိုးလဲ”
ဆန်းလျန်က ပြုံးလိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို လေထဲသို့ တစ်ချက် ညွှန်ပြ လိုက်သည်။ လေထဲတွင်တွင် လှိုင်းများ တစ်ချက် ထသွားပြီး မှန်တစ်ချပ် အလား ကြည်လင်သည့် မျက်နှာပြင် တစ်ခု ပေါ်လာလေသည်။ ထိုနေရာတွင် လူတစ်ယောက်၏ ပုံသဏ္ဌာန် ပေါ်လာလေသည်။
ဆန်းလျန်၏ တရားကို နာကြား နေကြသည့် တပည့်များ အားလုံးမှာ နတ်တံခါးအဝင်တွင် မတ်တတ် ရပ်နေသည့် လူတစ်ယောက်ကို မြင်တွေ့ လိုက်ရလေသည်။ သူတို့ အားလုံးက လေထဲတွင် မြင်ကွင်းကို ထင်ရှားစွာ ဖော်ပြနိုင်သည့် ဂိုဏ်းချုပ် ဖြစ်သူ၏ တန်ခိုးစွမ်းအားကို အထင်ကြီး လေးစား သွားမိ ကြလေသည်။
ဆန်းလျန်က ကြားခံနယ် တစ်ခုပင် အသုံးပြုခြင်း မရှိဘဲ မြင်ကွင်း ပုံရိပ်များကို ပေါ့ပေါ့ပါးပါးပင် ဖန်ဆင်း ပြနိုင်သည်မှာ အလွန်မှ လေးစား လောက်စရာ ဖြစ်လေသည်။ ဂိုဏ်းချုပ်သည် နတ်ဘုရား တစ်ပါး ဖြစ်လုနီးပြီဟု အားလုံးက တိတ်တဆိတ် တွေးမိ လိုက်ကြလေသည်။
ဆန်းလျန်မှာ ယုံမှား သံသယဖြစ်ခြင်း အဆင့်ကို ကျော်လွန်ခဲ့ပြီ ဖြစ်သည့် အတွက် နတ်ဘုရား တစ်ပါး ဖြစ်ရန်သိပ်ပြီး မလိုတော့ပေ။ မူလဝိညာဉ် ခန္ဓာရရှိရန် တစ်ခုသာ လိုအပ်တော့သည်။
ဆန်းလျန်သည် လွန်ခဲ့သည့် တစ်နှစ်ပတ်လုံး တောင်အောက်သို့ ဆင်းခဲ့ခြင်း မရှိပေ။ ချင်းရွှမ် နတ်တံခါးရှိ လျှို့ဝှက် နေရာတစ်ခုတွင် ကျင့်ကြံမှုများ ပြုလုပ် နေခဲ့လေသည်။ ထိုလျှို့ဝှက် နေရာမှာ ယခင်က နတ်ဘုရား တစ်ပါး နတ်ဘုရား အဆင့် တက်ရောက်ခဲ့ရာ နေရာဟောင်း တစ်ခု ဖြစ်လေသည်။
ချင်းရွှမ် နတ်တံခါးမှ တပည့်များသည် ဆန်းလျန် ဖန်ဆင်းထားသည့် ကြည်လင်သည့် မှန်ချပ်တွင် ပေါ်နေသည့် လူကို ကြည့်နေလေသည်။ ဝမ့်ရှင်းလမ်းကို ဖြတ်ကျော်လာသည့် သက်လတ်ပိုင်း အရွယ် လူတစ်ယောက်ကို တွေ့ကြရလေသည်။ ထိုသူ၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး ဖုန်မှုန့်များလည်း ပေကျံ နေလေသည်။
ထိုလူမှာ သာမန် လူသားတစ်ယောက်မျှသာ ဖြစ်ကြောင်း သူတို့အားလုံး ရိပ်မိ လိုက်ကြသည်။
သာမန် လူသားဆိုသည်မှာ ချောင့်တုန့် အဆင့်ပင် မရောက်သေးသည့် ကျင့်ကြံသူကို ဆိုလိုခြင်း ဖြစ်လေသည်။ တန်ခိုးစွမ်းအားလည်း သိပ်ပြီး ရှိကြသူများ မဟုတ်ပေ။
သို့သော် ဝမ့်ရှင်း လမ်းထိပ်တွင် ရပ်နေသည့် သက်လတ်ပိုင်း အရွယ်လူ၏ မျက်ခုံးများမှာ ထူထဲနေပြီး ဆုံးဖြတ်ချက် တစ်ခုကို ခိုင်မာစွာ ချထားသည့်ပုံ ရလေသည်။ သူ၏ ပုံသဏ္ဌာန်မှာ ဘဝတွင် တစ်လျှောက် အမျိုးမျိုးသော အပြောင်းအလဲ များကို ရင်ဆိုင်ခဲ့ရဟန် ရှိလေသည်။
ထူးခြားသည်မှာ သူ၏ မျက်ဝန်းများကတော့ ဟန်ဆောင်မှု ကင်းမဲ့ပြီး အပြစ်ကင်းစင် နေခြင်း ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကောင်းမွန်သည့် တာအို ကျင့်ကြံခြင်း ပါရမီရှိသည်ဟု ဆိုနိုင်လေသည်။
ဆန်းလျန်၏ ပုံဖော်နိုင်မှု အရည်အချင်းက ကြည်လင် ပြတ်သား လွန်းသည့်အတွက် တပည့်များမှာ ထိုသူကို အသေးစိတ် လေ့လာကြည့်ရှု နိုင်ကြခြင်း ဖြစ်လေသည်။
ကျင်းချင်းက ထိုလူ၏ရုပ်ပုံကို မှတ်သားလိုက်ပြီး ချင်းရွှမ် ခန်းမဆောင်ထဲမှ ထွက်ခွာ သွားလေသည်။
ကျင်းချင်း ထွက်ခွာသွားသည်နှင့် ဆန်းလျန်က တာအိုတရားကို ဆက်လက် ဟောပြော လိုက်လေသည်။
ဆန်းလျန်သည် ဒြပ်စင်စွမ်းအား ငါးမျိုးအကြောင်းကို စတင် နားလည် သဘောပေါက်ပြီး နောက်ပိုင်း ထိုစွမ်းအားများကို ကျင့်စဉ်လမ်းတွင် စတင်ပြီး လက်တွေ့ အသုံးချခဲ့လေသည်။ တာအို ကျင့်စဉ်လမ်း ဆိုသည်မှာ နက်နဲလွန်းလှပြီး စကြဝဠာ တစ်ခုလုံးတွင် ဒြပ်စင် စွမ်းအားငါးမျိုးနှင့် ကင်းလွတ်သည့် ဖြစ်တည်မှု မရှိဆိုသည့် အချက်ကို ဆန်းလျန် စတင်နားလည်စ ပြုခဲ့ပြီ ဖြစ်လေသည်။
ထို့ကြောင့်ပင် ကျိလင် နတ်သမီးနှင့် ဆန်းလျန်၏ တရားအလင်း ရပုံရနည်းမှာ မတူညီဘဲ ကွဲပြား သွားရလေသည်။ ကျိလင် နတ်သမီးက ယင် နှင့် ယန် စွမ်းအားနှစ်ခု ပြောင်းလဲခြင်းကို နားလည် သဘောပေါက်ပြီး တရားအလင်းရကာ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လေသည်။ သို့သော် ဆန်းလျန်ကတော့ ဒြပ်စင် စွမ်းအား ငါးမျိုးကို နားလည် သဘောပေါက်ပြီး တရားအလင်း ရမည့်သူ တစ်ယောက် ဖြစ်လေသည်။ သို့သော် ဒြပ်စင် စွမ်းအား ငါးမျိုးကို သိမြင်နားလည်ပြီး နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ရန်မှာ လွယ်ကူလွန်းခြင်း မရှိပေ။
သူက ဒြပ်စင် စွမ်းအား ငါးမျိုးကို သူ၏ ပြဒါး တန်ခိုးစွမ်းအားများဖြင့် ပေါင်းစပ်ကာ မရေမတွက်နိုင်သော တန်ခိုးစွမ်းအားများကို ဖော်ထုတ်နိုင်လေသည်။ သို့သော် တန်ခိုးစွမ်းအား တစ်ခုကို ဖော်ထုတ် လိုက်တိုင်း တန်ခိုးစွမ်းအား၏ ကြီးမားမှုကြီးမှာ တောင်တစ်တောင်အလား လေးလံလှပြီး ထိန်းချုပ်ရန်လည်း ခက်ခဲလေသည်။ ထိုအချက်သည် သူ၏ ကိုယ်တွင်းမှ ပြဒါးတန်ခိုး စွမ်းအားဖြစ်သည့် ရွှေပြဒါး အမြုတေနှင့် ဒြပ်စင်စွမ်းအား ငါးမျိုး ပေါင်းစပ်မှုတွင် ရင်ဆိုင်နေရသည့် အခက်အခဲပင် ဖြစ်လေသည်။
ယုံမှား သံသယ အဆင့်ကို တစ်ကြိမ် ဖြတ်ကျော်ခဲ့ပြီးပြီ ဖြစ်သော်လည်း နောက်တစ်ကြိမ် စမ်းသပ်မှုက ထပ်မံရောက်ရှိ လာဦးမည် ဖြစ်လေသည်။ ထိုတစ်ကြိမ်တွင်တော့ သူ့အတွက် ကြီးမားသည့် အလှည့်အပြောင်း တစ်ခုကို ကြုံတွေ့ရမည်ဟု ဆန်းလျန် မှတ်ယူထားလေသည်။
သို့သော် ဆန်းလျန်က အတင်းအကျပ် လုပ်ယူခြင်းမျိုး မရှိဘဲ အချိန်ကျသည်အထိ စောင့်ရန် ဆုံးဖြတ် ထားလေသည်။
ဆန်းလျန်က သူ၏ ရွှေပြဒါး အမြုတေ စွမ်းအားကို ဒြပ်စင် စွမ်းအား ငါးမျိုးနှင့် ဒြပ်စင် စွမ်းအား ရှစ်မျိုးအဖြစ် ပြောင်းလဲပြီး ထိုက်ရွှီး တန်ခိုးစွမ်းအားများ အဖြစ် ဖော်ထုတ်သည့် အချိန်တွင် သူ၏ တန်ခိုးစွမ်းအားများက အဆုံးမရှိ မြင့်မားလာလေသည်။ အဘယ်ကြောင့်ဆိုသော် ဒြပ်စင် စွမ်းအား ငါးမျိုးသည် မခန့်မှန်း နိုင်လောက်အောင် တန်ခိုးစွမ်းအား ကြီးမားလွန်းသောကြောင့် ဖြစ်လေသည်။
ယခုအချိန်တွင်သာ ယန်ရွှီးနှင့် ပြန်လည် ရင်ဆိုင်ရမည်ဆိုလျှင် အနိုင်ရရန်မှာ မသေချာသည့်တိုင် ယခင်တစ်ချိန်ကလိုတော့ ဆုတ်ခွာ ထွက်ပြေးတော့မည် မဟုတ်ပေ။
ဆန်းလျန်သည် နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်ရောက် နိုင်ရန် အချိန်စောင့်ရင်းနှင့်ပင် ထိုက်ဝေ့ထိုင် ခန်းမဆောင်ထဲမှ စာအုပ်များကို တစ်အုပ်မကျန် ဖတ်နေခဲ့လေသည်။ ထို့ကြောင့် သူ၏ အသိဉာဏ် ဗဟုသုတများမှာလည်း မြင့်မားသည်ထက် မြင့်မားလာခဲ့လေသည်။ ထို့ကြောင့်သူက ချင်းရွှမ် ခန်းမဆောင်တွင် သင်ကြားမှုများကို ပြုလုပ်ပေးနိုင်ခြင်း ဖြစ်လေသည်။ သူက သင်ကြားမှုများ ပြုလုပ်ပေးတိုင်း ချင်းရွှမ် နတ်တံခါး၏ ကျင့်စဉ်များကိုသာ အဓိကထား သင်ပြပေးလေ့ ရှိလေသည်။
ချင်းရွှမ် နတ်တံခါးတွင် အဓိက ကျင့်စဉ် တစ်ရာ့ရှစ်မျိုးရှိပြီး ပညာရပ်အားလုံးမှာ နတ်ဘုရားတစ်ပါး ဖြစ်သည်အထိ အဆင့်တက်ရောက်နိုင်သည့် အခြေခံ တာအိုကျင့်စဉ်များ ဖြစ်ကြလေသည်။
မျိုးဆက်တစ်ခုက ကျင့်စဉ် ပညာရပ်များကို တီထွင် ဖန်တီးခဲ့ကြပြီး နောက်မျိုးဆက် တစ်ခုက ထိုကျင့်စဉ်များ ပိုမိုသန့်စင်ပြီး ပြီးပြည့်စုံမှု ရှိစေရန် ဆက်လက် ပြုလုပ်ကြလေသည်။
ထို့ကြောင့် တာအို ကျင့်စဉ်များကို ကြာရှည်စွာ အမွေဆက်ခံပြီး ထိန်းသိမ်း ထားနိုင်လေလေ၊ တပည့်များအတွက် ကျင့်ကြံရ ပိုမိုလွယ်ကူ အဆင်ပြေလေ ဖြစ်လေသည်။
ချင်းရွှမ်နတ်တံခါး၏ အဓိက တာအိုကျင့်စဉ် တစ်ရာ့ရှစ်မျိုးလုံးမှာ ထျန်းကန်း ပုံပြောင်းပညာ သုံးဆယ့်ခြောက်မျိုးနှင့် တိရှားပုံပြောင်း ပညာခုနစ်ဆယ့် နှစ်မျိုးမှ သွေဖယ်သွားသည့် ကျင့်စဉ်ဟူ၍ မရှိပေ။ သို့သော် ခေတ်အဆက်ဆက် ပြောင်းလဲ လာသည်နှင့်အမျှ မည်သည့် ကျင့်စဉ်က ထျန်းကန်း ကျင့်စဉ်၊ မည်သည့် ကျင့်စဉ်က တိရှားကျင့်စဉ်ဟူ၍ ခွဲခြားထားနိုင်ခြင်း မရှိတော့ပေ။
ချန်ကျန့်မေ ကျင့်ကြံခဲ့သည့် သဏ္ဌာန်မဲ့ ဓားသိုင်းပညာသည် တိရှားပုံပြောင်း ပညာ ခုနစ်ဆယ့်နှစ်မျိုးထဲတွင် ပါဝင်သည်ဟု ပြော၍ ရလေသည်။ သို့သော် ထျန်းကန်း ပုံပြောင်း ပညာ သုံးဆယ့်ခြောက်မျိုးနှင့်လည်း ကင်းလွတ်ခြင်း မရှိသေးပေ။ သို့သော် ချန်ကျန့်မေက ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်ကို ရရှိခဲ့သည့် ရှားပါးသည့် ပါရမီရှင် တစ်ယောက် ဖြစ်သည့် အတွက် အနာဂတ်တွင် နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့လျှင် သဏ္ဌာန်မဲ့ ဓားသိုင်းပညာ၏ ထျန်းကန်း ပုံပြောင်း ပညာသုံးဆယ့် ခြောက်မျိုးနှင့် ဆက်နွှယ်နေသည့် အားနည်းချက်များကို ဖယ်ရှားပစ်လိမ့်မည် ဖြစ်လေသည်။
ထျန်းကျန်းပုံပြောင်း ပညာ သုံးဆယ့်ခြောက်မျိုးနှင့် တိရှား ပုံပြောင်းပညာ ခုနစ်ဆယ့် နှစ်မျိုးတို့မှာ လုံး၀ တူညီခြင်း မရှိပေ။ တန်ခိုးစွမ်းအား အရာတွင်ရော တရား အလင်း သိမြင်ခြင်းတွင်ပါ ကွာခြားလေသည်။
သို့သော် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကတော့ စကြာဝဠာ တစ်ခုလုံးတွင် ထိပ်တန်း ကျင့်စဉ် တစ်ခုဖြစ်ပြီး ကျင့်ကြံရန်လည်း ခက်ခဲ လွန်းလှလေသည်။ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံအောင်မြင်နိုင်ရန်အတွက် အချိန်ကိုက်ညီမှုလည်း ရှိရမည်ဖြစ်သလို အောင်မြင်ရန်အတွက် ကံကြမ္မာပေးသည့် အခွင့်အရေး ကောင်းလည်း ရှိရမည် ဖြစ်လေသည်။ ထို့ပြင် ထိုကျင့်စဉ်ကို လူတိုင်းလည်း လေ့ကျင့်၍ မရနိုင်ပေ။
တာအို ကျင့်စဉ်များက အစွမ်းထက်လေ ကျင့်ကြံရပိုပြီး ခက်ခဲလေ ဖြစ်လေသည်။ ကျင့်ကြံသူများ ဆိုသည်မှာ တစ်ယောက်ချင်းစီတွင် မတူညီသည့် အတွေ့အကြုံများ၊ အရည်အချင်း များနှင့် အမြင်များကို ပိုင်ဆိုင် ထားကြသူများ ဖြစ်လေသည်။ ရှေ့မျိုးဆက် အသီးသီးမှ ကျင့်ကြံသူများ၏ အတွေ့အကြုံများသည် ကျင့်စဉ်လမ်း အစပိုင်းတွင် အသုံးဝင်လေ့ ရှိလေသည်။ သို့သော် ဟိုင်သန်း အဆင့်တက်ရောက် ခါနီး အချိန်တွင်တော့ နှောင့်နှေး သွားနိုင်လေသည်။
ရှေ့မျိုးဆက်မှ ကျင့်ကြံသူများ၏ အတွေ့အကြုံများမှာ အသုံးမဝင်ဟု ဆိုလိုခြင်း မဟုတ်ပါ။ အမှန်တော့ တာအို ကျင့်စဉ်လမ်း ဆိုသည်က ရွေးချယ်စရာ များသလောက် စိန်ခေါ်မှုလည်း များသည့် ကျင့်စဉ်လမ်း ဖြစ်လေသည်။
အခြား နတ်ဘုရား ကျောင်းတော်များတွင်တော့ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်မှာ တပည့်များ ကိုယ်တိုင် အပေါ်တွင်သာ မူတည်လေသည်။ ထို့ကြောင့် ဂိုဏ်းအတွင်းရှိ ဂိုဏ်းတူ ဆရာသခင် များမှာလည်း သူတို့၏ ကိုယ်ပိုင် ကျင့်စဉ်လမ်းကို သူတို့ကိုယ်တိုင် နားလည် သဘောပေါက်ခြင်း မရှိကြပေ။ ထို့ကြောင့် သူတို့၏ အတွေ့အကြုံများမှာ ယခင်မျိုးဆက်မှ ကျင့်ကြံသူများက ကျမ်းစာထဲတွင် ရေးသားထားသည်များနှင့် ကိုက်ညီခြင်း မရှိတော့ပေ။
ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါး၏ အဓိက ကျင့်စဉ် တစ်ရာ့ရှစ်မျိုးလုံးကို ထဲထဲဝင်ဝင် သိရှိခြင်းငှာ မတတ်နိုင်ပါ။ သို့သော် သူက သူ့နည်းသူ့ဟန်ဖြင့် သိသင့် သလောက်ကိုတော့ သိရှိထားလေသည်။ ထို့ကြောင့်လည်း တာအိုကျင့်စဉ် လမ်းကို သင်ကြား ပြသပေးနိုင်ခြင်း ဖြစ်လေသည်။
စကြဝဠာ တစ်ခုလုံးတွင် ဒြပ်စင် စွမ်းအား ငါးမျိုးဖြင့် ကင်းလွတ်ပြီး ဖြစ်တည်သည့်အရာ မည်သည့် အရာမှ မရှိပေ။ ထို့ကြောင့် သူက တာအို ကျင့်စဉ်လမ်းများ အကြောင်း သင်ကြား ပို့ချပေးသည့် အခါတွင် ဒြပ်စင် စွမ်းအားငါးမျိုးနှင့် ခွဲခြားစိတ်ဖြာပြီး သင်ကြား ပြသပေးလေ့ ရှိလေသည်။ စကြဝဠာမှ ဖြစ်တည်မှုများတွင် ပါဝင် ပေါင်းစပ်နေသည့် ဒြပ်စင်စွမ်းအား ငါးမျိုးမှာ သာမန် ဒြပ်စင်ငါးပါး ဖြစ်သည့် သတ္တု၊ သစ်သား၊ ရေ၊ မီး နှင့် မြေကြီးဆိုသည့် အချက်များထက် နက်နဲလေသည်။
ဆန်းလျန်က တာအိုကျင့်စဉ် အားလုံးကို ဒြပ်စင်စွမ်းအား ငါးမျိုးနှင့် ဆက်စပ် ကြည့်တတ်သူ ဖြစ်လေသည်။ သူက အသေးစိတ် တစ်ခုမကျန် သင်ကြား ပေးခြင်းမျိုးတော့ မပြုလုပ်ပေ။ သို့သော် သူ၏ သင်ကြားပေးမှုကို တပည့် အငယ်များသာမက ဟိုင်သန်း အဆင့် ဆရာသခင်များကပါ သဘောကျ နှစ်သက်ကြလေသည်။ သူက တာအို ကျင့်စဉ်လမ်း တစ်ခုချင်းစီကို သူ့နည်းသူ့ဟန်ဖြင့် နားလည်အောင် ချဉ်းကပ်ပြီး အသစ်သော နားလည်မှုဖြင့် ပြန်လည် သင်ကြားပေးခြင်း ဖြစ်လေသည်။
ဆန်းလျန် အနေဖြင့် လူတိုင်းကို တရားအလင်းရအောင် ဟောပြော သင်ကြား ပေးနိုင်ခြင်းတော့ မရှိပါ။
သို့သော် ကျင့်စဉ်လမ်းတွင် ကိုယ်ရောက်နေသည့် အဆင့်မှ ရှေ့ဆက် တိုးတက်မှု ရရှိရန် အတွက်တော့ ဆန်းလျန်က သင်ပြ ပေးနိုင်လေသည်။
ဆန်းလျန် သင်ပြပေးနေမှု အရေးကြီးသည့် အပိုင်းသို့ ရောက်ရှိနေသည့် အချိန်တွင် မြွေမိစ္ဆာကြီး ကျင်းချင်း ပြန်ရောက် လာလေသည်။ ကျင်းချင်းနှင့်အတူ လိုက်ပါလာသူမှာ ဝမ့်ရှင်းလမ်း အဆုံးတွင် ရပ်နေသည့် သက်လတ်ပိုင်း အရွယ်လူပင် ဖြစ်လေသည်။
ထိုသူမှာ အခြားသူမဟုတ်။ ကူရှန်ဝတ် ကျောင်းတော်မှ ချီးစန်းကွမ်းပင် ဖြစ်လေသည်။ ချီးစန်းကွမ်းမှာ တာအိုဆရာ စန်းဝမ့်၏ မျိုးဆက်ဖြစ်ပြီး ချင်းရွှမ်နတ်တံခါးနှင့် ရေစက်ပါသူ တစ်ယောက် ဖြစ်လေသည်။
ချီးစန်းကွမ်းမှာ ကျင်းချင်း ခေါ်ဆောင်ရာသို့ လိုက်ပါလာပြီး ထိုက်ယီတောင်ထိပ်သို့ ရောက်ရှိ လာလေသည်။ ချီးစန်းကွမ်းမှာ သူမျှော်လင့်ထားသလို ရွှေရောင် နန်းတော်ကြီးများနှင့် ကျောက်စိမ်း လှေကားထစ်များကို မြင်တွေ့ရခြင်း မရှိသော်လည်း သဘာဝအတိုင်း စိမ်းစိုလှပစေသည့် ပတ်ဝန်းကျင်ကတော့ သူ့စိတ်အစဉ်ကို ငြိမ်းချမ်းစေလေသည်။
သူက အစိမ်းရောင် ကြာပလ္လင်ထက်တွင် ထိုင်ကာ တရားဟောပြော သင်ကြားပေးနေသည့် ဆန်းလျန်ကို မြင်တွေ့ လိုက်ရလေသည်။ ချီးစန်းကွမ်းသည် သူ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် စကားတစ်ခွန်းပင် မဆိုနိုင်ရလောက်အောင် အံ့သြ သွားရလေသည်။ ထို့အတူ ဆန်းလျန်ကိုလည်း အလွန်အမင်း အထင်ကြီး လေးစား သွားမိလေသည်။
သူက နတ်ဘုရား တစ်ပါး ဖြစ်လာရန် ကျင့်ကြံနိုင်ရန် အတွက် တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်သန်းကာ ချင်းရွှမ် နတ်တံခါးသို့ ရောက်အောင် လာခဲ့ရသူ တစ်ယောက် ဖြစ်လေသည်။ သူချင်းရွှမ် နတ်တံခါးသို့ ရောက်အောင် လာခဲ့ရသည့် ခရီးလမ်းသည် ရှည်လျားလှပြီး အန္တရာယ်ပေါင်း များစွာဖြင့်လည်း ရင်ဆိုင်ခဲ့ရလေသည်။ သူ့အတွက် ခဏတာမျှ ထပ်မံစောင့်ရခြင်းက ပြဿနာ မရှိပေ။
ထို့ကြောင့် သူက ချင်းရွှမ် ခန်းမဆောင်ထဲတွင် ငြိမ်ငြိမ်လေး ထိုင်ကာ ဆန်းလျန် ဟောကြားနေသည့် တရားကိုသာ တိတ်ဆိတ်စွာ နားထောင် နေလေတော့သည်။
***