ရေပြင်တစ်ခုလုံးကို ထိန်းချုပ်ဖို့ နဂါးတွေကို စေခိုင်းမယ်
Vol. 3 Ch. 296
ဆန်းလျန်က ချီးစန်းကွမ်း ရောက်လာသည်ကို သတိပြုလိုက်မိလေသည်။ သို့သော် ကျင့်စဉ် သင်ကြား ပေးနေခြင်းမှာ လက်စ မသတ်သေးသောကြောင့် ဆက်လက် သင်ပြ ပေးနေလေသည်။ ထိုသို့ဖြစ် နေ့တစ်ဝက်ခန့် ကြာမြင့် သွားလေသည်။
ချီးစန်းကွမ်းမှာ ဆန်းလျန် သင်ပြ ပေးနေသည်များကို တိတ်တဆိတ် နားထောင်နေလေသည်။ အစပိုင်းတွင် နားလည်မှု မရှိသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း နားလည်လာလေသည်။ ထို့ပြင် ဆန်းလျန် သင်ပြ ပေးနေပုံမှာလည်း အလွန်မှ စိတ်ဝင်စားဖွယ်ရာ စွဲဆောင်မှု ရှိလေသည်။ ဆန်းလျန်၏ အသံသည် သူ၏နားထဲတွင် အလွန်မှာ သာယာနာပျော်ဖွယ်ရာ ဖြစ်နေလေသည်။ ချီးစန်းကွမ်းမှာ ဆန်းလျန်၏ တရားစကားတွင် မျောပါသွားပြီး လေထဲတွင် လွင့်မျောကာ ဈာန်တန်ခိုး ရနေသည့် အလားပင် ခံစားနေရတော့သည်။
ဆန်းလျန်၏ သင်ကြား ပြသပေးမှု ပြီးဆုံးသွားသည်နှင့် ချီးစန်းကွမ်းမှာ အိပ်မက်မှ နိုးထလာသူ တစ်ယောက်ပမာ ခံစားလိုက်ရလေသည်။ သူက အူကြောင်ကြောင်ဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့် လိုက်မိသည်။ ဆန်းလျန်၏ သင်ကြားပေးမှုကို နားထောင်နေကြသည့် ကျင့်ကြံသူများမှာ အသီးသီး ထွက်ခွာ သွားကြပြီ ဖြစ်လေသည်။ ဆန်းလျန် တစ်ယောက်တည်းသာ ချင်းရွှမ် ခန်းမဆောင်ထဲတွင် ကျန်ရစ် ခဲ့လေသည်။ ချီးစန်းကွမ်း အတွက်တော့ ဆန်းလျန်ကို တွေ့ရသည်မှာ တောက်ပသည့် လမင်းတစ်စင်းကို တွေ့မြင်ရသည့် အလားပင် ဖြစ်လေသည်။
ချီးစန်းကွမ်းက ချက်ချင်းပင် ဆန်းလျန်ကို ဦးချကန်တော့ လိုက်ပြီး…
"တပည့် ချီးစန်းကွမ်း ဆရာသခင် ဆန်းလျန်ကို ဂါရဝပြုပါတယ်"
သို့သော် ချီးစန်းကွမ်း၏နဖူး ကြမ်းပြင်နှင့် မထိခင်မှာပင် မမြင်ရသည့် စွမ်းအား တစ်ခုက သူ့ကို တားဆီး ထားလိုက်လေသည်။ ထို့ကြောင့် ချီးစန်းကွမ်းမှာ ဆန်းလျန်ကို ဦးချ ကန်တော့နိုင်ခြင်း မရှိတော့ပေ။
ချီးစန်းကွမ်းမှာ ဆန်းလျန်၏ စွမ်းအားကို ဆန့်ကျင်နိုင်ခြင်း မရှိတော့သဖြင့် ဦးချ ကန်တော့ရန် မကြိုးစားတော့ဘဲ ရပ်တန့် လိုက်ရလေသည်။ ဆန်းလျန်၏ တန်ခိုး စွမ်းအားများက သူ့ကို မတ်တတ် ရပ်စေရန် ကူညီပေးလိုက်သည်။
"ချင်းရွှမ် နတ်တံခါးကို လာဖို့အတွက် တကယ့် ခရီးရှည်ကြီးကို ဖြတ်သန်း လာခဲ့ရမှာပဲ၊ ဒါပေမဲ့ ရောက်အောင် လာနိုင်တာကိုက မင်းရဲ့ ဇွဲရှိပြီး ဖြောင့်မတ်တဲ့ စိတ်ထားကို ပြသနေတာပဲ၊ ဒီမှာ သုံးနှစ်လောက် နေပြီး တန်ခိုး စွမ်းအား တစ်ခုခု ရအောင် ကျင့်ကြံသွားပေါ့၊ ပြီးရင်တော့ လူ့လောကကို ပြန်ပြီး ဘဝမှာ သက်တောင့်သက်သာပဲ နေသွားတော့ပေါ့၊ ဒီက သင်ယူသွားတဲ့ တန်ခိုးစွမ်းအားတွေကို မင်းရဲ့ သားစဉ် မြေးဆက်တွေကို ပြန်လည် သင်ပြပေးနိုင်ပါတယ်"
ဆန်းလျန်က ပြောလိုက်သည်။
"ဒီနှစ်တွေ အတွင်းမှာ လူ့လောကမှာ အတွေ့အကြုံတွေလည်း တော်တော် ရခဲ့ပါပြီ၊ လူ့လောကို ပြန်သွား လိုစိတ်လည်း မရှိတော့ပါဘူး၊ ကျုပ်အတွက်တော့ တာအို ကျင့်စဉ်လမ်းကို လိုက်ပြီး နတ်ဘုရား တစ်ပါးပဲ ဖြစ်ခွင့် ရချင်ပါတော့တယ်"
ချီးစန်းကွမ်းက စိတ်ဆန္ဒ ပြင်းပြစွာဖြင့် ပြောလိုက်လေသည်။
"ကျင့်စဉ်လမ်းကို လျှောက်လှမ်းမယ်ဆိုရင် မင်းအတွက် သိပ်နောက်ကျနေပြီ၊ မရမနေ ကြိုးစား ကျင့်ကြံမယ် ဆိုရင်တောင်မှ သိပ်ပြီး အကျိုးရှိနိုင်မယ် မထင်ဘူး၊ ဒီတောင်ပေါ်မှာ အသက်ကြီးလာပြီး အထီးကျန်စွာနဲ့ ဘဝကို အဆုံးသတ် ရလိမ့်မယ်၊ ထပ်ပြီး စဉ်းစားပါဦး"
ဆန်းလျန်က ပြောလိုက်သည်။
"နောက်ကျနေလည်း တပည့် ကြိုးစားကြည့်ချင်ပါတယ်"
ချီးစန်းကွမ်းက ဆန်းလျန်ကို မျှော်လင့်တကြီးဖြင့် မော့ကြည့်ရင်း ဆိုလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"တာအိုကျင့်စဉ် လမ်းဆိုတာ ခက်ခဲရုံသာ မကဘူး ဘဝ တစ်လျှောက်လုံး အထီးကျန်စွာ ကျင့်ကြံ ရလိမ့်မယ်၊ မင်းကျင့်ကြံချင်တယ် ဆိုရင်လည်း မင်းအပေါ်ပဲ မူတည်ပါတယ်"
ချီးစန်းကွမ်း စကားပြန် မပြောနိုင်ခင်မှာပင် ဆန်းလျန်က ချီးစန်းကွမ်းကို လက်ညှိုးနှင့် လက်ခလယ် လက်ချောင်းများဖြင့် တစ်ချက် ညွှန်ပြလိုက်လေသည်။ ချီးစန်းကွမ်း၏ ခြေထောက် အောက်တွင် တိမ်တိုက် တစ်ခုပေါ်လာပြီး လေပေါ်သို့ ပျံဝဲသွားလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဆန်းလျန်နှင့် ချီးစန်းကွမ်းသည် တောင်ထိပ် တစ်ခုသို့ ရောက်ရှိ လာလေသည်။ ထိုတောင်ပေါ်တွင် ဝါးရုံတောကြီး တစ်ခုရှိလေသည်။ အလွန်သာယာ လှပလွန်းသည့် တောင်ထိပ် တစ်ခု ဖြစ်လေသည်။
သူတို့သည် တောင်ထိပ်တွင် ရှိနေသည့် တာအို ကျောင်းဆောင်လေး တစ်လုံးဆီသို့ ရောက်လာလေသည်။
သူတို့ ရောက်လာသည်နှင့် ကျောင်းဆောင်လေး၏ တံခါးက အလိုလို ပွင့်သွားလေသည်။
ထို့နောက် အိမ်ထဲမှ စကားသံ တစ်သံ ထွက်ပေါ်လာလေသည်။
"ညဉ့်နက်နေပြီ၊ ဘာကိစ္စများ ရှိလို့ ရောက်လာရတာလဲ ဂိုဏ်းချုပ်"
ဆန်းလျန်က ကျောင်းဆောင်လေး အတွင်းသို့ လှမ်းဝင်လိုက်သည်။ ချီးစန်းကွမ်းကလည်း ဆန်းလျန်နောက်မှ လိုက်ပြီး ကျောင်းဆောင်လေး အတွင်းသို့ လိုက်ဝင် လိုက်လေသည်။
ကျောင်းဆောင်လေး အတွင်းသို့ ရောက်သည်နှင့် အခန်းထဲတွင် ထိုင်နေသည့် စာပေသမား လူငယ် တစ်ယောက်ကို တွေ့မြင် လိုက်ရလေသည်။ သူ၏ လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားလေသည်။ သူက ဆန်းလျန်ကို တွေ့သည်နှင့် စာအုပ်ကို စားပွဲပေါ်သို့ ချထားလိုက်ပြီး ဆန်းလျန် အနားသို့ ရောက်လာလေသည်။
"ဂိုဏ်းတူ ညီလေး လူစောယိ၊ ဒီလူက ကျင့်စဉ်လမ်းကို လျှောက်လှမ်းချင်လို့ ကျုပ်တို့ ချင်းရွှမ် နတ်တံခါးကို ရောက်လာတာ၊ သူ့ကို မင်းဆီမှာ အပ်ချင်လို့ပါ"
ဆန်းလျန်က ပြောလိုက်လေသည်။
စာပေသမား လူငယ်မှာ လူစောယိပင် ဖြစ်လေသည်။
သူက ထူးဆန်းသည့် အဖြစ်အပျက် တစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး ကျင့်စဉ်လမ်းတွင် များစွာ တိုးတက် လာခဲ့လေသည်။ ယခုတော့ ဟိုင်သန်းအဆင့်ပင် အောင်မြင်သွားခဲ့ပြီ။ လူစောယိသည် ချင်းရွှမ် နတ်တံခါး၏ ဟိုင်သန်းအဆင့် ဆရာသခင်များထဲတွင် အလွန် တန်ခိုးစွမ်းအား ကြီးမားသူ တစ်ယောက် အဖြစ် အများက အသိအမှတ် ပြုထားကြလေသည်။
ယခုတော့ သူက ချင်းလျန်တောင်တွင် တစ်ယောက်တည်း တာအို ကျောင်းဆောင်လေး ဆောက်လုပ်ကာ နေထိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် ချင်းလျန်တောင်တွင် သူနှစ်သက်သည့် ဝါးရုံတောကြီးရှိသလို အေးချမ်း တိတ်ဆိတ်သည့် ပတ်ဝန်းကျင်ကိုလည်း သဘောကျသောကြောင့် ဖြစ်လေသည်။ သူက များသော အားဖြင့် တစ်ယောက်တည်း နေကာ ကျင့်ကြံနေတတ်လေသည်။
လူစောယိက ချီးစန်းကွမ်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ တစ်ချက် ကြည့်ရုံမျှဖြင့် သာမန် လူတစ်ယောက်ထက် မပိုသော ချီးစန်းကွမ်း၏ အဆင့်ကို ချက်ချင်း သတိပြုလိုက်မိလေသည်။
လူစောယိက ပြုံးလိုက်ရင်း…
"သူက ဂိုဏ်းတူ အစ်ကိုစန်းဝမ့်ရဲ့ မျိုးဆက်ပဲ၊ သူ့ကို လက်မခံနိုင်စရာ မရှိပါဘူး၊ ဒါပေမဲ့ ကျုပ်က ဂိုဏ်းချုပ်လောက်တော့ ကျင့်စဉ်လမ်းကို ဘယ်လိုလုပ် သင်ကြား ပေးတတ်မှာလဲ၊ ဂိုဏ်းချုပ်ကတော့ တာအိုကျင့်စဉ်နဲ့ ပတ်သက်တဲ့ မရှင်းလင်းတာတွေ အကုန်လုံးကို ရှင်းပြနိုင်စွမ်း ရှိတယ်လေ"
"သူ့ကို တာအို ကျင့်စဉ်တွေ သင်ကြားပေးဖို့ မဟုတ်ပါဘူး၊ စာပေ ပညာသင်ပေးဖို့ပါ"
ဆန်းလျန်က ပြောလိုက်တော့ လူစောယိက ပြုံးလိုက်သည်။
"ဒါတော့ အမှန်ပဲ၊ ဂိုဏ်းချုပ်ထက်တော့ ကျုပ်က စာပေ ပညာပိုတော်တာပေါ့လေ"
ဆန်းလျန်က ချီးစန်းကွမ်း ဘက်သို့ လှည့်ကြည့်လိုက်ရင်း…
"အသက်အရွယ်လည်း ရနေပြီဆိုတော့ စာပေ ပညာရော သင်ချင်စိတ် ရှိသေးရဲ့လား"
"ဆရာသခင် ဆန်းလျန်၊ တာအိုကျင့်စဉ် လမ်းလျှောက်လှမ်းတာ စာပေပညာနဲ့ ဆိုင်လို့လား၊ ကျုပ်က စာအုပ် တစ်အုပ်တောင် ဖတ်ဖူးတဲ့သူ မဟုတ်ဘူး"
ချီးစန်းကွမ်းက ပြန်ပြော လိုက်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"စာပေ ပညာသင်ယူတော့ ဗဟုသုတတွေ ကြွယ်ဝလာမှာပေါ့၊ ကျင့်စဉ်လမ်းမှာ အထောက်အကူ ဖြစ် မဖြစ်ကတော့ မပြောတတ်ဘူးလေ၊ ကဲပါလေ ကျုပ်ရဲ့ ဂိုဏ်းတူ ညီလေးဆီမှာ မင်း စာပေပညာ သင်ချင်သလား၊ မသင်ချင်ဘူးလား ဆိုတာပဲ ပြောစမ်းပါ"
"တပည့် စာပေပညာ မသင်ချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မိုင်ပေါင်းများစွာ သက်စွန့်ဆံဖျား ခရီးနှင်လာတာ တာအို ကျင့်စဉ်တွေ ကျင့်ကြံချင်လို့ပါ"
ချီးစန်းကွမ်းက ပြန်ပြောလိုက်သည်။
"ဒါဖြင့်လည်း ကျုပ်ရဲ့ ဂိုဏ်းတူ ညီလေးဆီမှာပဲ စာပေပညာ အရင်သင်လိုက်ပါဦး၊ စာပေ ပညာ နည်းနည်း သင်ယူပြီးတာနဲ့ တာအိုကျင့်စဉ် အခြေခံတွေကို မင်းကို စပြီး သင်ပြပေးမယ်၊ ဘယ်လို သဘောရလဲ"
ဆန်းလျန်က ပြောလိုက်လေသည်။
"တပည့် ဆရာ့စကားကို နာခံပါ့မယ်"
ချီးစန်းကွမ်းက ပြောလိုက်လေသည်။
"ကဲ… ဒါဖြင့်လည်း လာရင်းကိစ္စ ပြီးပြီ၊ ညီလေး လူစောယိ၊ ဒီညလကလည်း သာလိုက်တာ၊ ရာသီဥတု ကလည်း သာယာတယ်၊ ကျုပ်တို့တွေ စစ်တုရင် တစ်ပွဲလောက် ကစား လိုက်ကြရအောင်၊ စန်းကွမ်းကတော့ ဝါးရုံတောထဲ သွားပြီး ဝါးပင် နည်းနည်း ခုတ်ခဲ့ပါလား၊ အနွေးဓာတ်ရအောင် မီးလှုံရတာပေါ့ဗျာ"
ဆန်းလျန်က ပြောလိုက်လေသည်။
"ဘယ်နှယ် ဝါးပင်နဲ့ မီးဖိုလို့ရရမှာလဲ၊ မကြားဖူးပေါင်၊ ပြီးတော့ သူတို့ နှစ်ယောက်က ခုတောင် ဒီလောက်အေးတဲ့ ရာသီဥတုမှာ အေးအေးဆေးဆေး နေနေတာကို ဘယ်လိုဖြစ်လို့ မီးလှုံချင်ရတာလဲ"
ချီးစန်းကွမ်း တွေးလိုက်မိလေသည်။
ချီးစန်းကွမ်းက အထွန့်တက်ရန် ကြံစည် လိုက်သော်လည်း စိတ်ကို ပြန်ပြောင်းလိုက်လေသည်။ ယခုကဲ့သို့ ဝါးပင် ခုတ်ခိုင်းခြင်းမှာ သူ့ကို စမ်းသပ်ခြင်းဖြစ်နိုင်လေသည်။
ထို့ကြောင့် သူက ဆန်းလျန်နှင့် လူစောယိကို တစ်ချက် ဦးညွှတ် လိုက်ကာ ဝါးရုံတောထဲသို့ ထွက်ခွာ သွားလေတော့သည်။
လူစောယိက မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး…
"ဂိုဏ်းချုပ်၊ ဘာလို့ သူ့ကို ဝါးရုံ တောထဲသွားပြီး ဝါးပင် ခုတ်ခိုင်း လိုက်ရတာလဲ၊ ဒီ ချင်းလျန်တောင်ပေါ်က ဝါးပင်တွေက မာလိုက်တာမှ သံမဏိ ကျနေတာပဲ၊ သူက သိုင်းပညာ လေ့ကျင့်ဖူးပုံ ရပေမယ့် ဝါးပင်တွေကိုတော့ ခုတ်နိုင်မယ် မထင်ဘူး"
"ဒီနေ့ ကျုပ် တာအိုတရား သင်ကြားပေးနေတာကို သူနားထောင် နေခဲ့သေးတယ်၊ ဒါကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ တာအိုမျိုးစေ့တွေ ကျန်ရစ်ခဲ့တယ်၊ သူအဲဒါတွေကို အသုံးပြုနိုင်လိမ့်မယ်၊ ပြီးတော့သူက လူလတ်ပိုင်း အရွယ် ဖြစ်နေပြီ၊ ကျင့်စဉ်လမ်း အခြေခံလည်း နည်းနည်းသိတယ် ဆိုတော့ သူလုပ်နိုင်ပါလိမ့်မယ်"
ဆန်းလျန်က ပြောလိုက်လေသည်။
"ကျုပ်သိပါပြီ၊ ဒါနဲ့ ဂိုဏ်းတူ အစ်ကိုစန်းဝမ့်ရဲ့ မျိုးဆက်ကို ဂိုဏ်းချုပ်က ချင်းရွှမ်ကို ခေါ်လာလိမ့်မယ်လို့ မျှော်လင့် မထားခဲ့မိဘူး၊ တမလွန်ကနေ အစ်ကိုစန်းဝမ့် တစ်ယောက် စိတ်အေး သွားလောက်ပါပြီ"
လူစောယိက ပြောလိုက်သည်။
"ကျုပ်တို့ ချင်းရွှမ်နတ်တံခါးကို စရောက်လာတဲ့ အချိန်ကို မှတ်မိသေးလား၊ ရှယွမ့်အဆောင်မှာ အစ်ကို စန်းဝမ့်ရယ်၊ အစ်ကို ယန့်ပုကွေးရယ်၊ အစ်မ ကူးချိုင်ဝေ့ရယ် အစ်ကိုချန်ကျန့်မေရယ်၊ ဒီလူတွေပဲ ရှိတာ၊ အခု သူတို့ထဲက သုံးယောက်က ဟိုင်သန်း အဆင့် တက်ရောက် နိုင်သွားပြီ၊ အစ်ကို စန်းဝမ့် တစ်ယောက်ပဲ ကွယ်လွန် သွားခဲ့တယ်၊ ဒါကြောင့် လောကမှာ ပြည့်စုံတယ် ဆိုတာ ဘယ်အရာမှ မရှိဘူးလေ…. နော်၊ အစ်ကို စန်းဝမ့်ဟာ ကွယ်လွန် သွားပေမယ့် ချင်းရွှမ် နတ်တံခါးအတွက် အများကြီး အကျိုးပြုခဲ့တဲ့ သူပါ၊ ဒီတော့ ကျုပ်တို့ ကျောင်းတော်က သူ့အတွက် တစ်ခုခုတော့ ပြန်ပေးဆပ် သင့်တာပေါ့၊ ဒါကြောင့် သူ့ရဲ့ မျိုးဆက်ဖြစ်တဲ့ စန်းကွမ်းကို ကျုပ်တို့က စောင့်ရှောက် ပေးသင့်တာပေါ့၊ ပြီးတော့ စန်းကွမ်းကလည်း စိတ်ထား ဖြောင့်မတ်တဲ့ သူတစ်ယောက်ပဲ မဟုတ်လား"
ဆန်းလျန်က ပေါ့ပေါ့ပါးပါး လေသံဖြင့်ပင် ပြောလိုက်လေသည်။
လူစောယိက သက်ပြင်း တစ်ချက် ချလိုက်ရင်း…
"ဒီ ချင်းရွှမ် ကျောင်းတော်ကြီးရဲ့ ကိစ္စတွေကို လုပ်ဆောင် နေရတာနဲ့ပဲ ဂိုဏ်းချုပ်လည်း ပင်ပန်း နေရပြီနော်"
"ကျုပ်ကို မပင်ပန်းစေချင်ရင် မင်းဂိုဏ်းချုပ် လုပ်လိုက်ပေါ့ကွာ"
ဆန်းလျန်က ပြောလိုက်သည်။
လူစောယိမှာ ဆန်းလျန် စကားကြောင့် အံ့သြ မှင်တက်သွားရပြီး ဘာပြန်ပြောရမှန်းပင် မသိ ဖြစ်သွားရလေသည်။
နောက်မှ…
"ဆန်းလျန်၊ လာနောက်နေပြန်ပြီ…"
ဟု ပြောလိုက်လေတော့သည်။
လူစောယိက ငယ်စဉ်အခါ ပညာအတူတူ သင်စဉ်က ဆန်းလျန်ကို ဆန်းလျန်ဟုပင် ခေါ်လေ့ ရှိသော်လည်း ဆန်းလျန် ဂိုဏ်းချုပ် ဖြစ်သွားပြီးသည့် နောက်ပိုင်း ထိုသို့ ခေါ်ဆိုခြင်း မရှိတော့ပေ။ သူက ဆန်းလျန်ကို လေးစားသမှုဖြင့် "ဂိုဏ်းချုပ်" ဟုသာ ခေါ်ဆိုတတ်လေသည်။
ယခုတော့ မယဉ်ကျေးရာ ရောက်သည့်တိုင် ဂိုဏ်းချုပ်ကို ဆန်းလျန်ဟုပင် ရင်းရင်းနှီးနှီး ခေါ်လိုက်မိလေပြီ။
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရယ်မော လိုက်ကြလေသည်။ ယခု အချိန်လေးသည် သူတို့နှစ်ယောက် ချင်းရွှမ်နတ်တံခါးကို စတင် ရောက်ရှိလာသည့် အချိန် အခိုက်အတန့် လေးကို ပြန်လည် သတိရ ခံစားမိစေသည်။
"ကျုပ်က ဘယ်မှာ နောက်နေလို့လဲ"
ဆန်းလျန်က ပြောလိုက်သည်။
"အရင်ကလိုမျိုး ချင်းရွှမ် နတ်တံခါး သိပ်ကို အင်အားကြီးမားတဲ့ အချိန်မျိုး ဆိုရင်တော့ ကျုပ် ဂိုဏ်းချုပ်လုပ်လည်း ဘာအရေးလဲ၊ ဒါပေမဲ့ အခု ကျင့်ကြံသူ လောကမှာ ပြဿနာတွေ ရှုတ်ထွေးနေတဲ့ အချိန်လေ၊ မင်းကသာ နှစ်ပေါင်း တစ်သောင်းကျော် ကြာအောင် ရပ်တည်ခဲ့တဲ့ ချင်းရွှမ် နတ်တံခါးကို ဆက်ပြီး ထိန်းသိမ်း ပေးထားနိုင်တဲ့ အရည်အချင်းရှိတဲ့ ဂိုဏ်းချုပ် တစ်ယောက်ပါ"
လူစောယိက ပြောလိုက်လေသည်။
"မင်းပြောတာ မှန်းတယ်၊ ခုချိန်မှာတော့ ဂိုဏ်းချုပ်နေရာကို မင်းကို လွှဲပြောင်းပေးလို့ မဖြစ်နိုင်သေးဘူး၊ ဒါပေမဲ့ တစ်နေ့မှာတော့ အချိန်ကောင်းကို ရောက်လာမှာပါ၊ ဒါကြောင့် မင်းက အဆင့်သင့် ပြင်ဆင် ထားဖို့လိုတယ်၊ တစ်ချိန်မှာတော့ ဒီတာဝန်ကြီးကို မင်းကို လွှဲပေးဖြစ်မှာပါ"
ဆန်းလျန်က ပြောလိုက်သည်။
လူစောယိ၏ မျက်နှာက ချက်ချင်းပင် တည်ကြည် လေးနက် သွားသည်။
"မင်းကို စတွေ့တဲ့ နေ့ကတည်းက လောကမှာ ဘယ်လိုအရာမျိုးကမှ မင်းကို ချည်နှောင်ထားလို့ မရဘူးဆိုတာ ကျုပ်သိထား ပြီးသားပါ၊ ဒါပေမဲ့ မင်းက သံယောဇဉ်တော့ ကြီးတဲ့သူ တစ်ယောက်ပဲနော်၊ ဒါကြောင့်လည်း ချင်းရွှမ်နတ်တံခါးရဲ့ အခက်ခဲဆုံး အချိန်မှာ ဂိုဏ်းချုပ်နေရာကို တာဝန်ယူပေးခဲ့တာပေါ့၊ ချင်းရွှမ်နတ်တံခါးကို ကာကွယ်ဖို့လိုအပ်လာရင် ကျုပ်ကလည်း မင်းဘက်က အမြဲတမ်း ရှိနေပေးမယ်လို့ ကတိပေးပါတယ်"
"စောယိ၊ မင်းကတကယ့်ကို စိတ်ထား ဖြောင့်မတ်တဲ့ သူတစ်ယောက်ပဲ"
ဆန်းလျန်က သိမ်မွေ့စွာဖြင့် ဆိုလိုက်သည်။
ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်လေသည်။ စစ်တုရင် ခုံတစ်ခု သူတို့ နှစ်ယောက်ရှေ့တွင် ပေါ်လာလေသည်။ သူတို့နှစ်ယောက် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး စစ်တုရင် စတင် ကစားလိုက်ကြလေသည်။
ဆန်လျန်နှင့် လူစောယိ စစ်တုရင် ကစားနေကြသည့် အချိန်တွင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းတည်ရှိရာ ထိုက်ချန်း တောင်ထိပ်တွင်လည်း စစ်တုရင် ကစားနေကြသည့် လူနှစ်ယောက် ရှိနေလေသည်။
တာအိုဝတ်ရုံကို ဝတ်ဆင်ထားသူမှာ ဟွမ်ကျန်း ဖြစ်လေသည်။
ဟွမ်ကျန်းနှင့်အတူ စစ်တုရင် ကစားနေသူမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်သည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင် ထားလေသည်။ သူ့ထံမှ ရန်လိုမှုနှင့် စွမ်းအား ကြီးမားသည့် အငွေ့အသက်များ ထွက်ပေါ် နေလေသည်။ ထိုသူမှာ စစ်တုရင် ကစားနေသည့် တိုင်အောင် သူ့ဆီမှ လူသတ်လိုသည့် အငွေ့အသက် များက ဖုံးမရ ဖိမရအောင် ထွက်ပေါ်လျက် ရှိလေသည်။
ထိုသူက အဖြူရောင် စစ်တုရင် ရုပ်လေးများ ဘက်မှ ကစားနေခြင်း ဖြစ်လေသည်။ သူက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ စစ်တုရင် ကွက်တစ်ကွက်ကို ရွှေ့လိုက်ရင်း…
"ကဲ… ပထမဆုံး အကွက်ကတော့ စွမ်းအား အပြည့်ပဲဗျ၊ ရန်သူတွေ အကုန်လုံးကို အနိုင်တိုက်မယ့် အကွက်မျိုးပဲဗျ၊ ရေပြင် တစ်ခုလုံးကို ထိန်းချုပ်ဖို့ နဂါးတွေကို စေခိုင်းတဲ့ အကွက်မျိုး၊ ယင်နဲ့ ယန်ကို ထိုးဖောက်မယ့် တန်ခိုး စွမ်းအားမျိုးကို အသုံးပြုထားတယ်၊ ဒါပေမဲ့ မုပိုင်က ဂိုဏ်းတူအစ်ကို လောက်တော့ ဘယ်တော်မှာလဲဗျာ"
ဟု ပြောလိုက်လေသည်။
***