← Chapters

နတ်ဘုရားတစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ရန်

Vol. 3 Ch. 297

နတ်ဘုရားတစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ရန်

Vol. 3 Ch. 297

ထိန်ထိန်သာ နေသည့် လရောင်အောက်တွင် ကျင့်ကြံသူ နှစ်ယောက် စစ်တုရင် ကစားနေကြလေသည်။ သူတို့ နှစ်ယောက်က ထိုက်ချန်းတောင် အလယ်တွင် တည်ရှိသည့် ခန်းမဆောင် တစ်ခုတွင် စစ်တုရင် ကစားနေကြခြင်း ဖြစ်လေသည်။ သူတို့ စစ်တုရင် ကစားနေသည့် နေရာမှ မော့ကြည့် လိုက်မည်ဆိုလျှင် လေထဲတွင် လွင့်မျောနေသည့် "လင်ရှောင်ခန်းမဆောင်" ကို မြင်တွေ့ရနိုင်လေသည်။

ဟွမ်ကျန်းက အင်္ကျီလက် တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း စစ်တုရင် ရုပ်တစ်ရုပ်ကို ရွှေ့လိုက်သည်။ ထို့နောက် မပွင့်တစ်ပွင့် ပြုံးလိုက်ရင်း…

"ကျုပ်က ဂိုဏ်းတူ ညီလေးမုပိုင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊ ညီလေးမုပိုင်ကသာ ပိုင်စုဟွမ်ကို ဘာမှ အားမသုံးလိုက်ရဘဲ ချင်းရွှမ်ကနေ ဖယ်ရှား ပစ်နိုင်ခဲ့တာ၊ ဒါက နွေခေါင်ခေါင်မှာ မိုးကြိုး ပစ်ချလိုက်သလို မဖြစ်နိုင်တဲ့ အလုပ်ကို လုပ်ပြလိုက်တာပဲ မဟုတ်လား"

ဟွမ်ကျန်းနှင့် စစ်တုရင် ကစားနေသည့် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်မှာ ဟွမ်ကျန်း၏ ဂိုဏ်းတူညီငယ် ချန်မုပိုင်ပင် ဖြစ်လေသည်။ ချန်မုပိုင်မှာ ပိုင်စုဟွမ်နှင့် ဆွေမျိုးတော်စပ်သူ ဖြစ်လေသည်။ သို့သော် သူတို့ နှစ်ယောက်သည် မတူညီသည့် ဂိုဏ်းနှစ်ခုတွင် ပညာသင်ယူခဲ့ကြပြီး ဖော့ဝမ့် အဆင့်သို့ အတူတူ ရောက်ရှိလာကြသည်မှာ ထူးခြားသည့် အချက်ပင် ဖြစ်လေသည်။

ချန်မုပိုင်က ဟွမ်ကျန်းကို လှမ်းကြည့်လိုက်ရင်း…

"ပိုင်စုဟွမ်ကတော့ သွားပြီ ဆိုပေမယ့် ချင်းရွှမ် နတ်တံခါးရဲ့ အင်အားက လျော့မသွားတဲ့ အပြင် ပိုတောင် အင်အား ကြီးမားလာသေးတယ် မဟုတ်လား"

ဆန်းလျန်နှင့် ပိုင်စုဟွမ်၏ တိုက်ပွဲ အကြောင်းကို ချန်မုပိုင် ပြန်စဉ်းစား ကြည့်နေမိသည်။ ထိုတိုက်ပွဲကို သူက တစ်နေရာမှ ပုန်းအောင်းရင်း ခိုးကြည့်ခဲ့သူ ဖြစ်လေသည်။ သို့သော် ဆန်းလျန်၏ နတ်ရေစင် အလား ကြည်လင်သည့် မျက်ဝန်းများက သူ့ဆီသို့ ကျရောက် လာသည်နှင့် သူခိုး ကြည့်နေသည်ကို ဆန်းလျန် သိရှိသွားပြီ ဖြစ်ကြောင်း ချက်ချင်း ရိပ်မိ လိုက်လေသည်။ ဆန်းလျန်၏ အကြည့်က သူ၏ ကျောရိုး တစ်လျှောက် စိမ့်သွားစေသည် အထိ သူ့ကို တုန်လှုပ် သွားစေလေသည်။ ထို့ကြောင့် ချက်ချင်းပင် ဆုတ်ခွာ ထွက်ပြေး လာခဲ့ခြင်း ဖြစ်လေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်သည် ကျင့်စဉ်လမ်းတွင် သူတို့ထက် ခြေတစ်လှမ်း သာနေပြီ ဖြစ်သည်ကို သိရှိနိုင်လေသည်။

ဟွမ်ကျန်းက လေထဲတွင် လွင့်မျောနေသည် လင်ရှောင် ခန်းမဆောင်ကြီးကို တစ်ချက် မော့ကြည့်လိုက်သည်။

"မပူပါနဲ့ကွာ၊ ဆန်းလျန်သာ လောက နတ်ဘုရား တစ်ပါး ဖြစ်လာတဲ့ တစ်နေ့ကျရင် ချင်းရွှမ် နတ်တံခါးဟာ ဘယ်တော့မှ မတွေ့ကြုံဘူးတဲ့ ဘေးဆိုးကြီးနဲ့ ကြုံတွေ့ရလိမ့်မယ်"

ဟွမ်ကျန်း၏ စကားကြောင့် ချန်မုပိုင်မှာ ကြက်သေ သေသွားရလေသည်။ သူက ဟွမ်ကျန်း ပြောသည့် စကား အဓိပ္ပာယ်ကို နားလည်ခြင်း မရှိပေ။

"ဘာလို့ ဒီလို ပြောရတာလဲ ဂိုဏ်းတူအစ်ကို"

"ခုချိန်မှာတော့ မင်းကို ပြောမပြသင့်သေးဘူး၊ ဒါနဲ့ ဆရာနေတဲ့ လင်ရှောင် ခန်းမဆောင်ဟာ မှော်ဝင် ခန်းမကြီး တစ်ခု ဖြစ်လာတော့မယ် ထင်တယ်"

ဟု ဟွမ်ကျန်းက ပြောလိုက်လေသည်။

ချန်မုပိုင်ကလည်း လေထဲတွင် လွင့်မျောနေသည့် ခမ်းနားလွန်းသည့် လင်ရှောင် ခန်းမဆောင်ကြီးကို မော့ကြည့် လိုက်လေသည်။ ခန်းမကြီး ပတ်ပတ်လည်တွင် ခရမ်းရောင် မြူခိုးငွေ့များ ဝန်းရံနေသည်ကို လရောင်အောက်တွင် တွေ့မြင်နိုင်လေသည်။ ခရမ်းရောင် မြူခိုးများမှာ နဂါးတစ်ကောင် ပုံသဏ္ဌာန် ဖြစ်တည်နေပြီး နဂါး လက်သည်းများကိုပင် မြင်တွေ့ နိုင်လေသည်။

"အမှန်ပဲ၊ ကျုပ်ဘဝတစ်ခုလုံး မျှော်လင့်နေခဲ့တာ၊ ကောင်းကင်ဘုံနန်းတော်ကြီး ပြန်ပေါ် လာသလိုပါပဲ၊ အဲဒီအချိန်သာ ရောက်ရင် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ပြီး ဘယ်ဘေး အန္တရယ်ကိုမှ ကြောက်စရာ မလိုတော့ဘူး"

ချန်မုပိုင်က ခမ်းနားလှသည့် လင်ရှောင် ခန်းမဆောင်ကြီးကို ကြည့်ပြီး ပြောလိုက်လေသည်။

ဟွမ်ကျန်းက ချန်မုပိုင်၏ လက်ကို လှမ်းကိုင်လိုက်ပြီး အသံတိုးတိုးဖြင့်…

"တစ်နေ့ကျရင် အဲဒီလို ဖြစ်လာမှာပေါ့ကွာ…"

ဆန်းလျန်သည် ကျီဖူတောင်ထိပ်တွင် တစ်ယောက်တည်း ရှိနေလေသည်။

ချင်းရွှမ်တောင်ရှိ တောင်ထိပ်ငါးခုတွင် ထိုက်ယီတောင်ပြီးလျှင် ကျီဖူတောင်မှာ ဒုတိယ အမြင့်ဆုံးတောင် ဖြစ်လေသည်။ ထို့ပြင် ကျီဖူတောင်ထိပ်မှ ကြည့်လိုက်လျှင် အခြားသော တောင်လေးခုကိုလည်း တွေ့မြင့်နိုင်သလို ဝိညာဉ်မြစ်ကိုလည်း လှမ်းပြီး တွေ့မြင်နိုင်လေသည်။

ကျီဖူတောင်ထိပ်တွင် တိမ်ခိုးများ ရစ်သိုင်းနေလေသည်။ တိမ်ခိုးများသည် နေရောင်ခြည်ဖြင့် ထိတွေ့သည့် အခါ ခရမ်းရောင် မြူခိုးများအဖြစ် ပြောင်းလဲ သွားလေသည်။ ထိုခရမ်းရောင် မြူခိုးများတွင် မိုးမြေ စွမ်းအားများ ပြည့်ဝစွာ ပါဝင်လေသည်။ ထို့ကြောင့် ကျီဖူတောင်ထိပ်သည် ကျင့်ကြံသူများ အတွက် အကောင်းဆုံးသော နေရာတစ်ခု ဖြစ်လေသည်။ ထို့ကြောင့်ပင် ကျီဖူ (ခရမ်းရောင်ဂေဟာ) ဟု တင်စားခေါ်ဝေါ်ခြင်း ဖြစ်လေသည်။

ယန့်ပုကွေးသည် တောင်တက် လမ်းလေးအတိုင်း ကျီဖူတောင်ထိပ်သို့ တရွေ့ရွေ့ တက်လာလေသည်။

ကျီဖူတောင်ထိပ်တွင် ကျင့်ကြံသူများ နေထိုင်သည့် တာအို ကျောင်းဆောင်လေးများ များစွာ ရှိလေသည်။ သို့သော် ကျောင်းဆောင် အများစုမှာ နေထိုင်သည့်သူများ မရှိကြတော့ပေ။ အဘယ်ကြောင့် ဆိုသော် ကျင့်ကြံသူ အများစုမှာ နတ်ဘုရားများ အဖြစ် အဆင့် တက်ရောက် သွားကြပြီ ဖြစ်သောကြောင့် ဖြစ်လေသည်။

သူတို့ နတ်ဘုရားများ ဖြစ်ပြီး လောကကို ကျော်လွန် သွားကြသည့်တိုင် သူတို့နေထိုင်ခဲ့သည့် နေရာလေးများကတော့ မူမပျက် ကျန်ရစ်ခဲ့လေသည်။ နှောင်းလူများကလည်း ထိုနေရာများကို လေးစား တန်ဖိုး ထားကြလေသည်။

ထို့ပြင် ချင်းရွှမ် နတ်တံခါး၏ အဖိုးတန် စာအုပ်စာပေများနှင့် ခေတ်အဆက်ဆက် မှတ်တမ်း မှတ်ရာများကို ထိန်းသိမ်း ထားသည့် ထိုက်ဝေ့ထိုင် ခန်းမဆောင်သည်လည်း ကျီဖူတောင်ထိပ်တွင် တည်ရှိလေသည်။

ယန့်ပုကွေးမှာ ကျီဖူတောင်ထိပ်တွင် မထင်မှတ်ဘဲ ဂိုဏ်းချုပ်ကို မြင်တွေ့လိုက်ရလေသည်။ သို့သော် သူ၏ စိတ်ထဲတွင် ဆန်းလျန်၏ ပုံရိပ်မှာ မပီဝိုးတဝါး အိပ်မက်အလား ခံစားလိုက်ရလေသည်။

ဆန်းလျန်သည် တကယ် တည်ရှိသည်လား၊ တကယ် မရှိဘူးလား…။

ဆန်းလျန်သည် တကယ့် အစစ်အမှန်လား၊ ပုံရိပ်ယောင် တစ်ခုလား…။

ထိုအတွေးများသည် ယန့်ပုကွေး၏ စိတ်အစဉ်ဝယ် လှည့်ပတ် သွားလာနေလေတော့သည်။

ဆန်းလျန်သည် စကြဝဠာ တစ်ခုလုံးနှင့် တစ်သားတည်း ကျနေလေသည်။

ဆန်းလျန်သည် ကျီဖူတောင်ထိပ်တွင် အခြားသော ဆရာသခင်များ ရပ်ခဲ့သည့် နေရာတွင်ပင် ရပ်နေခဲ့လေသည်။

ဆန်းလျန်သည် အစိမ်းရောင် ကျောက်တုံးကြီး တစ်တုံး၏ အပေါ်တွင် ရပ်နေခြင်း ဖြစ်လေသည်။ ထိုကျောက်တုံးကြီးသည် နှစ်ပေါင်းထောင်နှင့် ချီပြီး မိုးမြေ စွမ်းအားများနှင့် နေနှင့်လ၏ တန်ခိုး အနှစ်သာရများကို စုပ်ယူထားသည့် ကျောက်တုံးကြီး ဖြစ်လေသည်။ ထိုကျောက်တုံးကြီး နံဘေးတွင်လည်း မြက်ပင်ငယ်လေးများ ပေါက်ရောက်နေ လေသည်။ မြက်ပင်လေးများနှင့် ကျောက်တုံးကြီးမှာ အသက်ဓာတ် စွမ်းအားများဖြင့် ဆက်စပ် နေကြလေသည်။ သူတို့အားလုံးသည် နေနှင့်လ၏ အနှစ်သာရ စွမ်းအားများကို စုပ်ယူထားသည့် အတွက် တောက်ပ နေကြလေသည်။

ယန့်ပုကွေးမှာ ကျောက်တုံးကြီးကို အာရုံ စူးစိုက်ကြည့် လိုက်သည့် အခါတွင်တော့ ကျောက်တုံးကြီးထံမှ အသက်ရှူသံကိုပင် ကြားရသကဲ့သို့ ရှိလေသည်။

သို့သော် ဆန်းလျန်မှာ သူ့မြင်ကွင်းထဲမှ ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။

ဆန်းလျန်သည် ချင်းရွှမ် နတ်တံခါး၏ သမိုင်းတစ်လျှောက်တွင် အံ့သြစရာ အကောင်းဆုံးနှင့် အတော်ဆုံး ဂိုဏ်းချုပ် တစ်ယောက် ဖြစ်လေသည်။ ကျင့်စဉ်လမ်းကို စတင် ဝင်ရောက်ခဲ့ ကတည်းက လောကီကိစ္စများနှင့် အလှမ်းကွာခဲ့သူလည်း ဖြစ်လေသည်။ ဗောဓိသကျ တစ်ပါးအလား ဘဝတစ်လျှောက်လုံး သန့်စင်စွာ နေထိုင်ခဲ့သူ ဖြစ်လေသည်။

ယန့်ပုကွေးမှာ ဆန်းလျန်ကို မတွေ့ရတော့သည့်တိုင် အစိမ်းရောင် ကျောက်တုံးကြီး ထက်တွင် ဆန်းလျန်၏ အငွေ့အသက်များ ထင်ကျန်နေသည်ကို သတိပြုလိုက်မိပြန်သည်။

ဂိုဏ်းချုပ်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူနှင့်အတူ ဝါးရုံတောထဲတွင် အတူတူ အရက်သောက် ခဲ့ကြသည့် လူငယ်လေး တစ်ယောက် မဟုတ်တော့ပေ။

ပြင်ပလောကတွင် တောတောင် ရေမြေများသည် အချိန်နှင့်အမျှ ပြောင်းလဲ နေလေသည်။ ထို့အတူပင် ကျင့်ကြံသူ လောကတွင်လည်း အရာရာက ပြောင်းလဲနေစမြဲပင် ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးသည် ရာစု နှစ်ပေါင်းများစွာ အတွင်း အတက်အကျနှင့် အပြောင်းအလဲ များစွာကို ရင်ဆိုင်ခဲ့ရသည်။ ချင်းရွှမ်နှင့် ပတ်သက်သမျှ အရာအားလုံးသည် ချင်းရွှမ်နတ်တံခါးမှ ဆရာသခင်များ၊ တပည့်များ အားလုံးနှင့်လည်း ပတ်သက် ဆက်နွှယ် နေလေသည်။

ထို့ကြောင့် ချင်းရွှမ်နတ်တံခါးမှ ဆရာသခင်များနှင့် တပည့်များ အားလုံး၏ ကံတရားများသည် ဂိုဏ်းချုပ်ဖြစ်သည့် ဆန်းလျန် အပေါ်တွင် မူတည်နေလေသည်။ ချင်းရွှမ်လမ်းစဉ် ဆက်လက် တည်ရှိနေရန်နှင့် ချင်းရွှမ်နတ်တံခါးမှ များပြားလှသည့် ကျင့်ကြံသူ တပည့်များ၏ ကံတရားသည် ဆက်စပ် နေလေသည်။

သို့သော် ဆန်းလျန် အတွက်တော့ ထိုအရာများ အားလုံးသည် ဘာမှမဟုတ်သည့် ပုံရိပ်ယောင်တွေ များလား။ ဆန်းလျန်သည် ယုံမှား သံသယ အဆင့်ကို ဖြတ်ကျော်ပြီးသည့် အခါ သူတို့ အားလုံးကိုလည်း သံယောဇဉ်မဲ့စွာ ဖြတ်တောက် ထားခဲ့ပြီး လောကီရှိရှိသမျှ အရာအားလုံးကို စွန့်လွှတ် သွားလေတော့မည်လား။

ယန့်ပုကွေးသည် ထိုအကြောင်းအရာများကို စဉ်းစားရင်း ဆယ်ရက်နှင့် ဆယ်ညလုံးလုံး အရက် မူးနေသည့် လူတစ်ယောက် အလား ခံစားလာရလေသည်။

ထိုအချိန်မှာပင် …

ရုတ်တရက် အစိမ်းရောင် ကျောက်တုံးကြီးပေါ်တွင် ဆန်းလျန် ပြန်ပေါ်လာလေသည်။

ယခုတစ်ကြိမ်တွင်တော့ အမှန်တကယ် တည်ရှိနေသည့် ဆန်းလျန်၏ အရှိတရားကို ယန့်ပုကွေး ခံစား လိုက်ရလေသည်။

ဆန်းလျန်က ယန့်ပုကွေးကို ပြုံးပြလိုက်လေသည်။

သူ၏အပြုံးမှာ ထူးခြားပြီး ဆွဲဆောင်မှု ရှိလှလေသည်။ သို့သော် ထိုအပြုံးကြောင့်ပင် ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါးတွင် သက်ရှိ ထင်ရှား ရှိနေသေးသည် ဟူသော အတွေး ဝင်ရောက်လာကာ ယန့်ပုကွေးမှာ စိတ်သက်သာရာ ရသွားလေသည်။

ယန့်ပုကွေးက အစိုးရိမ် လွန်နေခြင်း ဖြစ်လေသည်။ သူက ဂိုဏ်းချုပ်သည် ဗောဓိသကျနှင့် တာအို ဆရာသခင်ကြီးအလား လောကီ ကိစ္စရပ်များ အားလုံးကို ဖြတ်တောက်ကာ တရားရပြီး ထွက်ခွာ သွားတော့မည်လားဟု တွေးတော ပူပန်နေခြင်း ဖြစ်လေသည်။ ထိုသို့ဖြစ်ခဲ့လျှင်တော့ ကျင့်ကြံသူ လောကတွင် မတည်မငြိမ် ဖြစ်သွားပြီး ပြဿနာများလည်း ဖြစ်ပေါ်လာမည် ဖြစ်လေသည်။

ယန့်ပုကွေးမှာ သတ္တိရှိပြီး စိတ်ဓာတ် တည်ကြည်သူ တစ်ယောက် ဖြစ်လေသည်။

ယခုအချိန်တွင် သူက ရှင်သန်စေခြင်း ကျောင်းတော်ကို စောင့်ရှောက် နေရသည့်သူ ဖြစ်လေသည်။ ထို့ကြောင့်ပင် သူက ချင်းရွှမ် နတ်တံခါး၏ တည်ရှိမှုသည် လူပေါင်းများစွာ၏ ကံတရားများ အပေါ်တွင် သက်ရောက်မှု ရှိနေကြောင်း သဘောပေါက် လာခဲ့ရသည်။

ယခုနှစ်များ အတွင်းတွင် ယွမ်ကျိုးနယ်တစ်ခွင်၌ ကျင့်ကြံသူများစွာ ပေါ်ထွက် လာခဲ့လေသည်။ ထို့ပြင် ပင်လယ် ဧရိယာ တစ်ခုလုံးသည် ချင်းရွှမ်နတ်တံခါးက စောင့်ရှောက် ပေးထားရသည့် ဒေသတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် ထိုဒေသများသည် ချင်းရွှမ်နတ်တံခါးနှင့် အနီးကပ် ပတ်သက် နေသည့် ဒေသများ ဖြစ်လေသည်။ ချင်းရွှမ်သာ ပြိုလဲသွားလျှင် ပင်လယ်ဒေသ တစ်ခုလုံးမှ ချင်းရွှမ်ကို မှီခိုနေကြသည့် လူသားပေါင်းများစွာ၊ ကျင့်ကြံသူပေါင်း များစွာသည် မိုးရေနှင့် မျောပါသွားသည် ဘဲစာပင်များ ပမာ ပျက်စီး ကြရမည် ဖြစ်လေသည်။

ဆန်းလျန်သည် ယန့်ပုကွေးကို မြင်လိုက်သည်နှင့် ပျော်ရွှင်စွာဖြင့် စကားဆိုလိုက်သည်။

"အစ်ကိုယန့် ပုကွေး၊ ခင်ဗျား ပြန်ရောက်လာပြီပေါ့"

ယန့်ပုကွေးက ဆန်းလျန်ကို လက်နှစ်ဖက်စုပ် ဂါရဝပြုလိုက်ရင်း…

"ဂိုဏ်းချုပ်၊ ပင်လယ်ဒေသ တစ်လျှောက်လုံးက ကျင့်ကြံသူတွေနဲ့ ဆက်သွယ်ပြီး စုံစမ်း ကြည့်ပြီးပါပြီ၊ဘယ်သူမှ ဆရာဘိုးဘိုးနဲ့ ရော့ရှီရဲ့ သတင်းကို အစအနတောင် မရကြပါဘူး"

ဆန်းလျန်က သက်ပြင်း ချလိုက်လေသည်။

"ဆရာဘိုးဘိုး ဘယ်နေရာကို ရောက်နေသလဲဆိုတာ ကျုပ်ရဲ့ တန်ခိုးစွမ်းအားနဲ့လည်း အာရုံခံကြည့်လို့ မရဘူးဖြစ်နေတယ်၊ မင်းတို့တွေလည်း စုံစမ်းလို့ရမယ်လို့ ကျုပ် မမျှော်လင့် ထားခဲ့ပါဘူးလေ"

"ဒီလောကမှာ ဆရာဘိုးဘိုးကို ဒုက္ခ ရောက်အောင် လုပ်နိုင်တဲ့သူ မရှိသလောက် ရှားပါးပါတယ်၊ ရော့ရှီလည်း ဆရာဘိုးဘိုးနဲ့ အတူတူရှိနေမယ်ဆိုရင် အန္တရာယ် မရှိလောက်ပါဘူး၊ ဂိုဏ်းချုပ် သူ့အတွက် စိတ်ပူမနေပါနဲ့"

ယန့်ပုကွေးက ပြောလိုက်လေသည်။

ဆန်းလျန်က မျက်မှောင် တစ်ချက် ကြုတ်လိုက်ရင်း…

"ကျုပ်က ရော့ရှီအတွက် စိတ်ပူနေတာ မဟုတ်ဘူး၊ ဆရာ ဘိုးဘိုးအတွက် စိတ်ပူနေတာ"

ဆန်းလျန်၏ စကားကြောင့် ယန့်ပုကွေး ထိတ်လန့် အံ့သြသွားရသည်။

"ဆရာဘိုးဘိုးက ဘာများဖြစ်လို့လဲ"

"ကျုပ်လည်း အစကမသိဘူး၊ ယုံမှား သံသယအဆင့်ကို ကျော်ဖြတ်ပြီးတော့မှ နည်းနည်း သဘောပေါက်လာတာ၊ လူ့လောကမှာ ထာဝရ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့်လည်း လောက နတ်ဘုရားတွေဟာ နောက်ဆုံးမှာ လောကကို ကျော်လွန်ပြီး ထွက်ရပ် ပေါက်သွားကြတာပေါ့၊ ဒါမှ သူတို့ဘဝမှာ အန္တရာယ် မကျရောက်နိုင်မှာလေ၊ ဒါပေမဲ့ ဆရာ ဘိုးဘိုးကတော့ တန်ခိုးစွမ်းအား မြင့်မားလွန်းပြီး ကံလည်း ကောင်းလွန်းခဲ့တယ်၊ ဒါကြောင့် သူက လောကမှာ အကြာကြီး နေထိုင်ပြီး မိုးကောင်းကင် အစစ်ဆေးခံရမယ့် အန္တရာယ်ကို ရွှေ့ဆိုင်း ထားခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ ဒီအန္တရယ်ကို မလွှဲမရှောင်နိုင်ဘဲ ရင်ဆိုင်ရတာပါပဲ၊ ဒါ့ကြောင့် ရော့ရှီကိုခေါ်ပြီး နတ်တံခါးကနေ ထွက်သွားခဲ့တာ၊ ကြည့်ရတာ သူ့ဘဝရဲ့ နောက်ဆုံး အချိန်ကို ရောက်ခဲ့ပြီမို့လို့ လောကထဲမှာ အလည်အပတ် လျှောက်သွားချင်တယ် ထင်ပါရဲ့"

ဆန်းလျန်သည် အေးဆေးသည့်လေသံဖြင့် ယန့်ပုကွေးကို ပြောပြ လိုက်လေတော့သည်။

***

All Chapters