← Chapters

မိုးကောင်းကင် နတ်မိစ္ဆာဝိညာဉ်

Vol. 3 Ch. 298

မိုးကောင်းကင် နတ်မိစ္ဆာဝိညာဉ်

Vol. 3 Ch. 298

နတ်ဘုရားအဘိုးအိုမှာ ချင်းရွှမ် နတ်တံခါး၏ အဓိက ထောက်တိုင်တစ်ခု ဖြစ်လေသည်။ ကျိလင်နတ်သမီး၏ ဒဏ်ရာမှာ အပြည့်အဝ သက်သာခြင်း မရှိသေးသလို ဆန်းလျန်မှာလည်း နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် လက်ရှိအချိန်တွင် နတ်ဘုရား အဘိုးအိုသည် ချင်းရွှမ် နတ်တံခါး အတွက် အရေးပါသူ တစ်ယောက် ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါးမှ တပည့်အများစုမှာ လက်ရှိ အခြေအနေကို သိရှိကြခြင်း မရှိသေးပေ။ သူတို့က ထိုက်ဝေ့ထိုင် ခန်းမဆောင်မှ အဘိုးအိုကြီးမှာ မည်သူမည်ဝါ ဖြစ်သည်ကိုပင် မသိကြပေ။

ယန့်ပုကွေးကတော့ နတ်ဘုရား အဘိုးအို အကြောင်းကို ကောင်းကောင်း သိထားလေသည်။ သူက ဆန်းလျန်တို့ မျိုးဆက်တွင် အကြီးဆုံး တပည့်တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။

ယန့်ပုကွေးက မရယ်ချင် ရယ်ချင်ဖြင့် ရယ်မော လိုက်လေသည်။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကျုပ် ချင်းရွှမ်ကို ရောက်ကတည်းက ခုချိန်ထိ ဆရာဘိုးဘိုးကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး၊ ဆရာဘိုးဘိုး နှစ်တွေ ဒီလောက် အကြာကြီး အသက်ရှည်ခဲ့တာ၊ သူ့မှာ ဘာအန္တရာယ်မှ မကြုံတွေ့နိုင်ပါဘူး"

ယန့်ပုကွေးမှာ ပြောသာ ပြောလိုက်ရသည် သူ့စကားကို သူကိုယ်တိုင်လည်း သိပ်ပြီး မသေချာလှပေ။

ထို့နောက် သူတို့ နှစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သက် သွားကြလေသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ညဘက်သို့ ရောက်ရှိ လာလေတော့သည်။

ယန့်ပုကွေး သတိ ဝင်လာသည့် အချိန်တွင် ဆန်းလျန်သည် အစိမ်းရောင် ကျောက်တုံးကြီး ပေါ်တွင် ထိုင်နေဆဲ ဖြစ်လေသည်။ သူ၏ ပုံသဏ္ဌာန်မှာ ကျောက်ရုပ် တစ်ရုပ် အလားပင် ငြိမ်သက် နေလေသည်။ ယန့်ပုကွေးမှာ ဆန်းလျန်ကို ကြည့်ကာ တအံ့တသြဖြင့် ရယ်မော လိုက်မိလေသည်။

ဆန်းလျန်ထံမှ ထွက်ပေါ်နေသည့် ဝိညာဉ် စွမ်းအားများကြောင့် ယန့်ပုကွေးမှာ အချိန်ကြာမြင့်စွာ သတိ လက်လွတ် ဖြစ်သွားရခြင်း ဖြစ်လေသည်။

ယန့်ပုကွေး၏ ရင်ထဲတွင် ဆန်းလျန်၏ တန်ခိုး စွမ်းအား ကြီးမားမှုများကို ကြောက်ရွံ့ လာမိလေသည်။

တစ်ချိန်တည်းမှာပင် စိတ်သက်သာရာလည်း ရသွားမိသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ ကြောက်စရာ ကောင်းလွန်းသည့် တန်ခိုး စွမ်းအားများသည် လက်ရှိ အချိန်တွင် ချင်းရွှမ် နတ်တံခါးကို ကာကွယ် ပေးရန်အတွက် လိုအပ်နေသည့် အရာပင် ဖြစ်လေသည်။

သူက ဆန်းလျန်အနားသို့ လမ်းလျှောက် သွားလိုက်လေသည်။ သူ့စိတ်ထဲတွင် သင်တောင့် သက်သာ ခံစားလာရပြီး ဆန်းလျန်ဘေးတွင် ဝင်ထိုင် လိုက်လေသည်။

ဆန်းလျန်သည် ကောင်းကင်ထက်မှ ကြယ်များကို ကြည့်နေ လေသည်။ ထိုက်ဝေ့နှင့် ကျီဝေ့ ကြယ်စင်နှစ်ခုသည် ကောင်းကင်ထက်တွင် ထွန်းလင်း နေလေသည်။

ယန့်ပုကွေးမှာ အရက် သောက်ချင်လာမိသည်။ ထို့ကြောင့် သူ၏ အရက်ထည့်ထားသည့် ဘူးသီးခြောက်ကို ထုတ်လိုက်ကာ ဆန်းလျန်ကို အရင် တိုက်လိုက်သည်။

ဆန်းလျန်က အရက် ထည့်ထားသည့် ဘူးသီးခြောက်ကို ယူလိုက်ရင်း…

"မင်းသိလား၊ ကောင်းကင်က ကြယ်တွေက တစ်ခုနဲ့တစ်ခု အရမ်းနီးကပ်တယ်လို့ ထင်ရလောက်တယ်၊ ဒါပေမဲ့ တကယ်တော့ အဲဒီကြယ်တွေဟာ တစ်ခုနဲ့တစ်ခု သိပ်ပြီး ဝေးကွာလွန်းတယ်၊ ကျုပ်တို့ ကျင့်ကြံမှု တန်ခိုးစွမ်းအားတွေနဲ့ ကြယ်စင်တွေ တစ်ခုဆီကနေ နောက်တစ်ခုဆီကို ခရီးနှင်မယ် ဆိုရင်တောင် နှစ်ပေါင်း ရာနဲ့ချီပြီး ကြာမြင့်နိုင်တယ်"

"ဒီအကြောင်းတွေကို ဂိုဏ်းချုပ်က ဘယ်လိုလုပ်သိတာလဲ၊ တာအို ကျမ်းစာတွေထဲမှာ ရေးသား ထားတာလား"

ယန့်ပုကွေးက မေးလိုက်သည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကျုပ် အထက်တန်း ကျောင်းစာအုပ်ထဲက ဖတ်ထားတာပေါ့"

ယန့်ပုကွေးက တအံ့တသြဖြင့်…

"အထက်တန်း ကျောင်းစာအုပ် ဆိုတာ ဘယ်လို ရှေးဟောင်း စာအုပ်မျိုးလဲ"

ဟု မေးလိုက်လေသည်။

အမှန်တော့ ယန့်ပုကွေးက စာဖတ် ဝါသနာ ပါသူတစ်ယောက် မဟုတ်ပေ။ သူက စာအုပ်များ စုဝေးရာ ထိုက်ဝေ့ထိုင် ခန်းမဆောင်ကိုပင် မုန်းတီးမိသူ ဖြစ်လေသည်။ ထို့ကြောင့် ယန့်ပုကွေးသည် ဗဟုသုတ ကြွယ်ဝလှသူ မဟုတ်ပေ။ သို့သော် အထက်တန်း ကျောင်းစာအုပ် ဆိုသည့် စာအုပ် နာမည်ကတော့ တစ်ခါမှ မကြားဖူးသည့် ထူးဆန်းသည့် နာမည်တစ်ခု ဖြစ်နေလေသည်။

"ရှေးဟောင်းစာအုပ် မဟုတ်ပါဘူးဗျာ၊ အရင်တုန်းက ဖတ်ခဲ့တဲ့ စာအုပ်လေး တစ်အုပ်ပါ၊ တကယ်တော့ တစ်နေ့ ကျင့်စဉ်လမ်း အောင်မြင်ရင် မိုးကောင်းကင် ကိုးထပ်ကို ကျော်ဖြတ်ပြီး အမြင့်ဆုံးကို ပျံသန်းချင်ခဲ့မိတာ၊ ကြယ်တွေကြားမှာ ရွက်လွှင့်ရင်း ကြယ်တွေ အကြောင်းလည်း လေ့လာချင်ခဲ့မိတာ"

ဆန်းလျန်က ပြောလိုက်လေသည်။

"ဂိုဏ်းချုပ် လောကကို ကျော်လွန်သွားတဲ့ တစ်နေ့ကျရင်တော့ အဲဒီလို ပျံသန်းချင်ရင် ပျံသန်းလို့ ရနိုင်မှာပေါ့၊ ကျုပ်လည်း ဂိုဏ်းချုပ် အဲဒီလိုပျံသန်းတာကို ထိုင်ကြည့် နေနိုင်ဖို့ မျှော်လင့်မိပါရဲ့"

ယန့်ပုကွေးက ရေရွတ် ပြောဆိုလိုက်လေသည်။

သူ၏ စကားဆုံး သွားသည်နှင့် ဆန်းလျန်ဆီမှ ဓားဝိညာဉ် တစ်ခု အရှိန်ပြင်းပြင်းဖြင့် ပျံဝဲ ထွက်ခွာသွားလေသည်။ ဓားဝိညာဉ်မှ ရောင်စဉ်တန်းများ ဖြာထွက် နေလေသည်။ အလွန်မှ ခမ်းနားလွန်းပြီး တန်ခိုးစွမ်းအား မြင့်မားသည့် ဓားဝိညာဉ် တစ်ခု ဖြစ်လေသည်။ ဝိညာဉ်ထဲ အထိ အံ့သြ တုန်လှုပ်သွားစေသည့် ဓားဝိညာဉ် တစ်ခု ဖြစ်လေသည်။

ထိုအချိန်မှာပင် လေထဲတွင် လူရိပ် တစ်ခုပေါ်လာလေသည်။

ဓားဝိညာဉ်သည် ထိုအရိပ်ကို ရက်စက်စွာဖြင့် ထိုးခုတ် ချလိုက်လေသည်။

လူရိပ်မှာ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားပြီး သဲလွန်စပင် မကျန်တော့ပေ။

ဆန်းလျန်သည် ယန့်ပုကွေး ပေးထားသည့် ဘူးသီးခြောက်ထဲမှ အရက်များကို တစ်ရှိန်ထိုး မော့ချ လိုက်လေသည်။ သူဝတ်ဆင် ထားသည့် တာအိုဝတ်ရုံသည် သူ၏ မြင့်မြတ် ခမ်းနားမှုကို ဖုံးကွယ်ထား၍ မရနိုင်ပေ။ သူ့ဘေးနားတွင် စန္ဒကူး သစ်သား ဓားတစ်လက် ရှိနေပြီး ဓားသွား တစ်လျှောက်တွင် အစိမ်းရောင်နှင့် အဝါရောင် စီးဆင်း နေလေသည်။ စောစောက လေထဲမှ ပေါ်လာသည့် လူရိပ်ကို ထိုးခုတ် ပစ်လိုက်သည်မှာ စန္ဒကူးဓားမှ ထုတ်လွှတ်လိုက်သည့် ဓားဝိညာဉ်ပင် ဖြစ်လေသည်။

ဆန်းလျန်က အရက်များ ထည့်ထားသည့် ဘူးသီးခြောက်ကို ယန့်ပုကွေးထံသို့ ပြန်ပေး လိုက်သည်။

"ခုန လူရိပ်ကို မင်းသိသလား"

ဆန်းလျန်က သက်ပြင်း တစ်ချက်ချရင်း မေးလိုက်လေသည်။

"သဲလွန်စ မကျန်ဘဲ ရောက်လာတယ်၊ သဲလွန်စမကျန်ဘဲ ပျောက်ကွယ် သွားတယ်၊ ဒါ မိုးကောင်းကင် နတ်မိစ္ဆာပဲ ဖြစ်ရမယ်"

ယန့်ပုကွေးက ပြောလိုက်လေသည်။

"အမှန်ပဲ…"

ဆန်းလျန်က ယန့်ပုကွေး၏ စကားကို ထောက်ခံလိုက်သည်။

"ဘယ်က မိုးကောင်းကင် နတ်မိစ္ဆာက ရောက်လာရတာလဲ၊ ယန်ရွှီးများလား၊ ယန်ရွှီးများ တိတ်တိတ်လေး ပြန်ရောက်လာတာလား"

ယန့်ပုကွေးက ယန်ရွှီးဆိုသည့် အတွေးကို တွေးလိုက်မိရုံမျှဖြင့် ကြောက်ရွံ့ တုန်လှုပ် သွားလေသည်။

ယန့်ပုကွေးက ယန်ရွှီးနှင့် ရင်ဆိုင်ခဲ့ဖူးခြင်း မရှိပါ။

သို့သော် သူ၏ ဆရာဖြစ်သူ အရက်သမား တာအိုဆရာကတော့ ယန်ရွှီးဖြင့် တစ်ကြိမ် တိုက်ခိုက် ခဲ့ဖူးလေသည်။ ဆရာဖြစ်သူက သူ့ကို ယန်ရွှီး အကြောင်း ပြောပြသည့် အချိန်တွင် ကြောက်ရွံ့ နေခဲ့လေသည်။ သူ၏ ဆရာ ကြောက်ရွံ့သည်ကို သူ့ဘဝတွင် ထိုတစ်ကြိမ်သာ တွေ့မြင် ခဲ့ဖူးလေသည်။

ဆန်းလျန်က ခေါင်းခါယမ်း လိုက်ရင်း…

"ယန်ရွှီး မဟုတ်ပါဘူး၊ ကျီဖူ တောင်ထိပ်မှာ မိုးကောင်းကင် နတ်မိစ္ဆာ ဝိညာဉ်ရှိနေတာ၊ ဒါပေမဲ့ ဘာမှ မပြောပလောက်ပါဘူး၊ ဒါပေမဲ့ အခု ကျုပ်က ဖော့ဝမ့်အဆင့် ရောက်နေတော့ ရုပ်ခန္ဓာက မပြတ်မသား ဖြစ်နေသလို စိတ်ကလည်း မိစ္ဆာ စိတ်ထားတွေ ထွက်ပေါ်နေတယ်၊ ဒါကြောင့် ကျုပ်ရဲ့ မိစ္ဆာ စိတ်ထားတွေက မိုးကောင်းကင် မိစ္ဆာဝိညာဉ် ထွက်ပေါ်လာအောင် ဆွဲဆောင်နေတာပဲ"

"ကျီဖူတောင်ထိပ်မှာ ဘယ်က ဘယ်လို မိုးကောင်းကင် နတ်မိစ္ဆာ ဝိညာဉ်က ရှိနေရတာလဲ"

ယန့်ပုကွေးက တအံ့တသြဖြင့် ပြန်ပြော လိုက်လေသည်။

ယန့်ပုကွေး၏ အမြင်ဖြင့် ပြောရလျှင် ထိုက်ယီ တောင်ထိပ်တွင် မိုးကောင်းကင် နတ်မိစ္ဆာ ဝိညာဉ်ရှိနေသည် ဆိုလျှင်တောင် လက်ခံ နိုင်သေးသည်။ ကျီဖူတောင်ထိပ်တွင် မိုးကောင်းကင် နတ်မိစ္ဆာရှိသည် ဆိုသည့် အချက်ကို လက်ခံ၍မရပေ။

အဘယ်ကြောင့် ဆိုသော် ကျီဖူတောင်ထိပ်မှာ ရှေးဟောင်း စာအုပ်များနှင့် မှတ်တမ်းများ အားလုံးကို ထိန်းသိမ်းထားသည့် ထိုက်ဝေ့ထိုင် ခန်းမဆောင် တည်ရှိရာနေရာ ဖြစ်သောကြောင့် ဖြစ်လေသည်။ ထိုက်ဝေ့ထိုင် ခန်းမဆောင်သည် ချင်းရွှမ် နတ်တံခါး၏ နှလုံးသား ဖြစ်လေသည်။ ထို့ပြင် ကျီဖူတောင်ထိပ်တွင် တရားအလင်း ပွင့်ကာ နတ်ဘုရား အဆင့် တက်လှမ်း နိုင်သွားသည့် ကျင့်ကြံသူပေါင်း များစွာရှိလေသည်။ ထို့ကြောင့် သူတို့၏ အငွေ့အသက်များက လည်း ကျန်ရှိနေဆဲ ဖြစ်လေသည်။

ထို့ပြင် လက်ရှိ အချိန်တွင်လည်း ချင်းရွှမ်နတ်တံခါး၏ ဆရာသခင်များက ကျီဖူတောင်ထိပ်တွင် နေထိုင်ကြလေသည်။ နတ်ဘုရား အဘိုးအိုသည်ပင်လျှင် ချင်းရွှမ်မှ ထွက်ခွာ မသွားမီက ကျီဖူတောင်ထိပ်မှ ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင် တစ်ဖဝါးမှ မခွာဘဲ နေထိုင်ခဲ့သူ ဖြစ်လေသည်။

"ဒါကြောင့် ဒီရက်တွေမှာ ကျုပ်ကျီဖူ တောင်ထိပ်မှာ လာနေတာပေါ့၊ ဖော့ဝမ့်အဆင့်ကို ကျော်ဖြတ်ပြီး နတ်ဘုရား အဖြစ် တက်ရောက်တဲ့ အဆင့်က ထင်ယောင်ထင်မှား ဖြစ်တဲ့ အဆင့်နဲ့ ဆင်တူတယ်လေ"

ဆန်းလျန်က ပြောလိုက်သည်။

ဆန်းလျန်၏ ရုပ်ခန္ဓာမှာ မပြတ်မသား ဖြစ်နေသည့် အတွက် ထင်ယောင်ထင်မှား အတွေးများကို တစ်ခါတလေ လျှောက်ပြော နေတတ်လေသည်။ ထို့ပြင် သူ၏ ထင်ယောင် ထင်မှား အတွေးများကြောင့်လည်း မိုးကောင်းကင် နတ်မိစ္ဆာဝိညာဉ်က ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ မိုးကောင်းကင် နတ်မိစ္ဆာဝိညာဉ်မှာ တိတ်ဆိတ်စွာ ပုန်းအောင်းနေသည့် တိုင်အောင် ဆွဲဆောင် မှုများကြောင့် မနေနိုင်ဘဲ ထွက်ပေါ်လာရခြင်း ဖြစ်လေသည်။

မိုးကောင်းကင် နတ်မိစ္ဆာ ဝိညာဉ်ကို တွေ့ရသည်မှာ ဆန်းလျန်အနေဖြင့် ယခု အကြိမ်သည် ပထမဆုံး အကြိမ် မဟုတ်ပေ။ ထို့ပြင် မိုးကောင်းကင် နတ်မိစ္ဆာ ဝိညာဉ်သည် ကျီဖူတောင်ထိပ်တွင် မည်သည့် နေရာတွင် ပုန်းအောင်း နေသည်လဲ ဆိုသည်ကို ဆန်းလျန်လည်း ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသေးပေ။

"ဒီကိစ္စကို ရှင်းလင်းအောင် လုပ်ရမယ်၊ ဒါပေမဲ့ ဒီကိစ္စမျိုး ဖြစ်နေတာကို ဆရာဘိုးဘိုးက အရင်ကတည်းက မသိခဲ့ဘူးလား"

ယန့်ပုကွေးက မေးလိုက်သည်။

ယန့်ပုကွေး မေးသည့် မေးခွန်းမျိုးကို ဆန်းလျန်လည်း သူ့ကိုယ်သူ မေးကြည့်ပြီးပြီ ဖြစ်လေသည်။ ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင် နေထိုင်သည့် ဆရာဘိုးဘိုးသည် မိုးကောင်းကင် နတ်မိစ္ဆာ ဝိညာဉ်ကိစ္စကို မသိဆိုသည့်အချက်မှာ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်လေသည်။

ဆန်းလျန်သည် စကားပြန် မပြောဘဲ အတန်ကြာ တိတ်ဆိတ်နေလေသည်။ ထို့နောက် သူက ကောင်းကင်ထက်သို့ တစ်ချက် မော့ကြည့် လိုက်ရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။

"ကျုပ်လည်း အဲဒီကိစ္စကို စဉ်းစားနေတာပါပဲ၊ အင်း…. အရင်တုန်းက ချင်းရွှမ် နတ်တံခါးမှာ ယန်ရွှီးဆိုတဲ့သူက ဘာတန်ခိုးစွမ်းအားမှ ရှိတာမဟုတ်ဘူး၊ ဒါပေမယ့် ပကတိဖန်ဆင်းခြင်းပညာကို သူဘယ်ကနေ ရယူ ခဲ့တာလဲ၊ သူက အဲဒီမိစ္ဆာ ကျင့်စဉ်ကို လျှို့ဝှက်ကျင့်ကြံနေခဲ့တာ၊ သူ့ရဲ့ကျင့်စဉ်က အောင်မြင်ခါနီး အချိန်မှာ ကျုပ်ရဲ့ဆရာ ပိယွင် နတ်သမီးက သိသွားခဲ့တာ"

"မဖြစ်နိုင်တာပဲ၊ ဒါတွေ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ယန့်ပုကွေးက ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

သူကြားရသည့် စကားများသည် ဆန်းလျန်ဆီမှ ကြားရခြင်းသာ မဟုတ်လျှင် သူလုံးဝ ယုံကြည် နိုင်လိမ့်မည် မဟုတ်ပေ။

ယန့်ပုကွေးက ကြိုးစားပြီး ပြုံးလိုက်သည်။

"ဘာလို့ ဂိုဏ်းချုပ်က ကျုပ်ကို ဒီကိစ္စတွေ ပြောပြနေရတာလဲဗျ၊ ဂိုဏ်းတူ အစ်မ ကူးချိုင်ဝေ့နဲ့ ဂိုဏ်းတူညီလေး လူစောယိတို့က ဂိုဏ်းချုပ်နဲ့ ပိုပြီး ရင်းနှီးကြတဲ့သူတွေပဲ၊ သူတို့ကိုတော့ ဘာလို့ ဒီအကြောင်းတွေ ပြောမပြရတာလဲ"

ဆန်းလျန်က အပြုံးပါးပါးလေး တစ်ချက် ပြုံးလိုက်ရင်း…

"အရင်တုန်းက မင်းက သိပ်ပြီး သတ္တိရှိတဲ့ သူပါ၊ ဘာမဆို လုပ်ရဲတယ်၊ ခုတော့ ဘာလို့ ကြောက်နေရတာလဲ"

ဆန်းလျန်၏ စကားကြောင့် ယန့်ပုကွေးမှာ မည်သို့ ပြန်ပြောရမည် မသိတော့ပေ။ သူက ဘူးသီးခြောက်ထဲမှ အရက် တစ်ကျိုက် မော့သောက် လိုက်လေသည်။

"ပြောပြသင့်တယ် ထင်လို့ ပြောပြရတာပေါ့ဗျာ၊ ပြီးတော့ ကျုပ်ခန့်မှန်း မိသလောက် ဒီပြဿနာတွေ အားလုံးရဲ့ တရားခံက ဆရာ ဘိုးဘိုးများလားလို့ စဉ်းစားမိတယ်၊ ဒီ မိုးကောင်းကင် မိစ္ဆာဝိညာဉ်ကိုလည်း ဆရာဘိုးဘိုးက ဘာမှ မလုပ်ဘူးလေ၊ ဂိုဏ်းတူ အစ်မကို ကျုပ်ပြောမပြ ခဲ့ဘူးဆိုတာက အစ်မ မခံစားနိုင် ဖြစ်သွားမှာ စိုးလို့ပါ၊ စောယိကိုလည်း မပြောပြချင်ဘူး၊ ဘာလို့လဲ ဆိုတော့ သူက သိပ်ကို ဖြောင့်မတ်လွန်းတဲ့ သူတစ်ယောက် ဖြစ်လို့ပဲ၊ ပြီးတော့ အခု ကျုပ်တို့ နှစ်ယောက် ပြောကြတဲ့ စကားတွေကိုလည်း ရယ်စရာအဖြစ် ပြောကြတယ်လို့ပဲ သဘော ထားလိုက်ပါဗျာ၊ ဒီညလိုမျိုး ရာသီဥတု ကြည်လင်တဲ့ ညမှာ အရက်ကောင်းလေး သောက်ရတဲ့ အရာသာ ပျက်သွား ပါဦးမယ်"

ဆန်းလျန်က ခံစားချက် ကင်းမဲ့သည့် မျက်နှာ အမူအရာဖြင့် ပြောလိုက်သည်။

ဆန်းလျန်နှင့် ယန့်ပုကွေးမှာ တစ်ညလုံး အရက်သောက် နေကြပြီး နောက်ဆုံးတော့ ဘူးသီးခြောက်ထဲမှ အရက်များ အားလုံး ကုန်သွားလေသည်။

ယန့်ပုကွေး၏ ရင်ထဲတွင် နာကျင် နေလေသည်။

အရုဏ်တက် လာသည်နှင့် သူက ကျီဖူတောင်ထိပ်မှ ထွက်ခွာ သွားလေသည်။

သူဆန်းလျန်နှင့် နောက်ထပ် တစ်ကြိမ် မတွေ့လိုတော့ပေ။ သူက သူ၏ ဆရာဖြစ်သူ အရက်သမား တာအိုဆရာ နေထိုင်ရာ တာအို ကျောင်းဆောင်လေးသို့ တန်းတန်းမတ်မတ် သွားရောက် လိုက်လေသည်။ ဆရာနှင့် တွေ့ခွင့်မရလျှင်တောင်မှ ဆရာဖြစ်သူ၏ အရက်ကန်ထဲမှ အရက်များ ခိုးယူသွားရန် တွေးလိုက် မိလေသည်။

***

All Chapters