အခန်း (၁၁၄၃-၁၁၄၄)
Vol. 67 Ch. 1143-1144
အပိုင်း (၁၁၄၃)
ရင်ကွမ်းသည် သူတို့နှစ်ဦးကို ခေါ်ဆောင်ပြီး မြို့ရိုးတံခါးထက်သို့ တက်ရောက်သွားခဲ့သည်။ အောက်ဘက် ရင်ပြင်တွင် လူနှစ်သိန်းကျော် ရှိနေဆဲ ဖြစ်သည်။ သူတို့သည် သိပ်သည်းစွာ စုဝေးနေပြီး မြို့ရိုးတံခါးထက်ကို မော့ကြည့်နေကြသည်။
ရင်ကွမ်းက ပြောလိုက်၏။ “မင်းသားလျန်... ခင်ဗျားက တော်ဝင်ရန် အင်ပါယာရဲ့ အထူးသံတမန်ပဲ။ တရားဝင် ကြေညာပေးလိုက်ပါ။”
လူနှစ်သိန်းကျော်က မင်းသားလျန်ကို စိုက်ကြည့်နေကြသည်။ ဤအခြေအနေသည် ပို၍ပင် ရယ်စရာ ကောင်းနေသည်ဟု သူ ခံစားလိုက်ရ၏။ ချန်နိုင်ငံသစ်၏ ပြည်သူတစ်ဝက်ကျော်က ရှမ့်လန်ကို ထောက်ခံခဲ့ သော်လည်း အသုံးမဝင်ပေ။ သူတို့သည် အင်ပါယာမြို့တော်သို့ မရောက်နိုင်သလို နန်းတော်ရှေ့သို့လည်း မရောက်နိုင်ကြပေ။
မင်းသားလျန် မျက်လုံးများကို နာကျင်စွာ မှိတ်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် သူ သေမှာ ကြောက်သည်။ သို့သော်ငြား သူ့အတွက် သေခြင်းတရားထက် ပိုအရေးကြီးသော အရာတစ်ခု ရှိသည်။ ၎င်းမှာ သူ၏ ဂုဏ်သိက္ခာ ဖြစ်သည်။ သူသည် တော်ဝင် မိသားစုဝင်တစ်ဦးဖြစ်ပြီး တော်ဝင်ရန်အင်ပါယာ၏ နိုင်ငံခြားရေးရာ ကိစ္စများကို ဆယ်စုနှစ် တစ်ခုနီးပါး တာဝန်ယူခဲ့သူ ဖြစ်သည်။ ယခု ရှေ့မှောက်ရှိ မြင်ကွင်းသည် ကြီးမားသော အရှက်တကွဲ ဖြစ်မှုပင်။
‘အရာအားလုံးက အင်ပါယာ အကျိုးအတွက်ပါပဲ။’ မင်းသားလျန် တွေးလိုက်မိသည်။
ရင်ကွမ်းက ပြောလိုက်၏။ “မင်းသားလျန်... ကြေညာလိုက်ပါ။”
မင်းသားလျန်သည် အသံချဲ့စက်ကို ယူလိုက်ပြီး ကြေညာလိုက်သည်။ “ချန်နိုင်ငံသစ် ပြည်သူတွေရဲ့ မဲပေးပွဲ ရလဒ်ကို တရားဝင် ကြေညာပါတယ်။ အရှင် ရင်ကွမ်း အနိုင်ရရှိသွားပါတယ်။ ချန်နိုင်ငံသစ်ရဲ့ ၁.၅ သန်း စတုရန်းကီလိုမီတာ နယ်မြေဟာ ရင်မျိုးနွယ်စု ပိုင်ဆိုင်သွားပါပြီ။ ဒီနေ့ကစပြီး ဒီမြေဟာ ကျန်းမျိုးနွယ်စုနဲ့ မသက်ဆိုင်တော့ပါဘူး။”
လူအုပ်ကြီးသည် စက္ကန့်အနည်းငယ် တိတ်ဆိတ်နေကြသည်။ ထို့နောက် တစ်စုံတစ်ယောက်က ဒူးထောက်ပြီး ဦးတိုက်၏ “အရှင် ရင်ကွမ်း သက်တော်ရာကျော် ရှည်ပါစေ။ မဟာရင်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
အစပိုင်းတွင် လူထောင်ဂဏန်းလောက်သာ ရှိသော်လည်း နောက်ပိုင်းတွင် သောင်းချီသော လူများက ဟစ်ကြွေးလာကြသည်။ ဤလူနှစ်သိန်းကျော်သည် ဒူးထောက်ရုံသာ ဒူးထောက်ကြပြီး ဝမ်းသာအားရ ဟစ်ကြွေးခြင်း မရှိကြပေ။ သူတို့ လိုချင်သော ရလဒ်ကို တိတ်တဆိတ် လက်ခံလိုက်ကြခြင်း ဖြစ်သည်။
......................................
“ရုပ်ပျက်ဆင်းပျက် ဇာတ်လမ်းပါပဲ။”
တော်ဝင်ချန်အင်ပါယာ၊ နန်းတွင်း အတိုင်ပင်ခံကောင်စီ ဒုတိယ အကြီးအကဲ စုနန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ် မအံ့သြပါဘူး။”
“ကျုပ်လည်း မအံ့သြပါဘူး။”
မှန်က ပြောလိုက်၏။ “အရှင် ရင်ကွမ်း... ရလဒ်က ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ၊ ဒါက အဖြေတစ်ခုပါပဲ။ ကျုပ် သွားတော့မယ်။”
“သွားမယ် ဟုတ်လား။”
ရင်ကွမ်းက မထီမဲ့မြင် ပြုံးလိုက်သည်။ “ခင်ဗျား ဘယ်ကို သွားနိုင်မယ် ထင်လို့လဲ။”
စုနန်က အေးစက်စွာ မေးလိုက်၏။ “အရှင်ရင်ကွမ်း... ဘာသဘောလဲ။ အရှင် ရှမ့်လန်ကို ဖမ်းဆီးထားချင်တာလား။”
ထို့နောက် စုနန်က မင်းသားလျန်ကို ကြည့်ကာ ပြောလိုက်သည်။ “တော်ဝင်ရန် အင်ပါယာနဲ့ သဘာဝလွန် အင်အားစု ၆ ခုက အရှင် ရှမ့်လန်ကို ကာကွယ်ပေးမယ်လို့ ကတိပေးထားပါတယ်။”
ရင်ကွမ်းက ပြောလိုက်၏။ “ကျုပ် အရှင်ရှမ့်လန်ကို သတ်မယ်လို့ မပြောပါဘူး။ ညှဉ်းပန်း နှိပ်စက်မယ်လို့လည်း မပြောပါဘူး။ သူ့ကို နေခဲ့ဖို့ ဖိတ်ခေါ်ရုံပါပဲ။ အရှင်ရှမ့်လန်... ကျုပ်ရဲ့ တော်ဝင်ချန် နန်းတော်ကို သဘောကျတယ် မဟုတ်လား။ ဒါဆိုရင် တစ်သက်လုံး ဒီမှာပဲ နေလိုက်ပါတော့။”
ရင်ဝူချန်က ပြုံးလိုက်သည်။ “တော်ဝင်ချန် ဧကရာဇ် မဖြစ်ရရင်တောင် အကျဉ်းသား ဖြစ်ရတာ မဆိုးပါဘူး။”
ရင်ကွမ်းက မင်းသားလျန်ကို ပြောလိုက်၏။ “အထူးသံတမန်... ရန်အင်ပါယာနဲ့ ဝေးနေတာ ကြာပြီပဲ။ ပြန်ပြီး အစီရင်ခံသင့်ပြီ ထင်တယ်။”
မင်းသားလျန် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရင်ကွမ်းကို တောင်းဆိုလိုက်သည်။ “အရှင်ရင်ကွမ်း... ကျုပ် အရှင်ရှမ့်လန်နဲ့ သီးသန့် စကားပြောချင်ပါတယ်။”
ရင်ကွမ်းနှင့် အခြားသူများ ထွက်ခွာသွားကြပြီး အခန်းထဲတွင် မင်းသားလျန်နှင့် မှန်သာ ကျန်ရစ်ခဲ့သည်။ မင်းသားလျန်သည် မှန်ကို တိတ်တဆိတ် ကြည့်နေမိသည်။ လွန်ခဲ့သော နှစ်ဝက်အတွင်း ရင်ကွမ်းနှင့် မှန် မကြာခဏ မတွေ့ဆုံခဲ့ကြသော်လည်း မင်းသားလျန်သည် မှန်နှင့် နေ့စဉ်နီးပါး အတူ ရှိနေခဲ့သည်။ သူသည် မည်သည့် ဟာကွက်မှ မတွေ့ခဲ့ရသလို မှန်သည် အစားထိုးသူ ဖြစ်ကြောင်းလည်း မသိခဲ့ပေ။ ထူးဆန်းသည် ဟုသာ ခံစားခဲ့ရ၏။
“အရှင်ရှမ့်လန်... စစ်တုရင်ရုပ် တစ်ရုပ် အနေနဲ့ ခင်ဗျားမှာ ရွေးချယ်ခွင့် မရှိပါဘူး။ ကျုပ်လည်း တစ်ချိန်တုန်းက ကိုယ့်ကိုယ်ကိုယ် ကစားသမားလို့ ထင်ခဲ့ဖူးပေမဲ့ နောက်ဆုံးတော့ သနားစရာ ကောင်းတဲ့ အရုပ်တစ်ရုပ် ဖြစ်နေတာပါပဲ။ ဒါပေမဲ့ ကစားသမားလို့ ထင်ပြီး အရုပ်ဖြစ်သွားတာ ကျုပ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ခင်ဗျား အဲလို မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။”
မှန်သည် ပြုံးရုံသာ ပြုံးနေပြီး စကားတစ်ခွန်းမှ မဆိုပေ။
“နှုတ်ဆက်ပါတယ်။ ဂရုစိုက်ပါ။”
နောက်တစ်နေ့တွင် မင်းသားလျန်သည် သံတမန်အဖွဲ့နှင့်အတူ တော်ဝင်ရန်အင်ပါယာသို့ ပြန်လည် ထွက်ခွာ သွားခဲ့သည်။ ရှမ့်လန်၏ သံတမန်အဖွဲ့ကို လုံးဝ စွန့်ပစ်ထားခဲ့သည်။
ရင်ကွမ်းသည် သူ အနိုင်ရရှိကြောင်း လောကကို တရားဝင် ကြေညာလိုက်သည်။ ယနေ့မှ စ၍ ချန်နိုင်ငံသစ်၏ ၁.၅ သန်း စတုရန်းကီလိုမီတာ နယ်မြေသည် ရင်မျိုးနွယ်စုပိုင် ဖြစ်သွားပြီ။ ယနေ့မှစ၍ ချန်နိုင်ငံသစ်ဟူ၍ မရှိတော့၊ တော်ဝင်ရင်အင်ပါယာသာ ရှိတော့မည်။
ထို့နောက် ရင်ကွမ်းသည် ရှမ့်လန် (မှန်)နှင့် နုရှောင့်မြို့၏ သံတမန်အဖွဲ့ဝင် ရာပေါင်းများစွာကို တရားဝင် ဖမ်းဆီး ထိန်းသိမ်းလိုက်သည်။ ဆက်လက်ပြီး ချန်နိုင်ငံသစ်တစ်ခုလုံး အလံလဲလှယ်လိုက်သည်။ ခရိုင်နှင့် ပြည်နယ် အားလုံးကို တော်ဝင်ရင်အင်ပါယာ၏ အနက်ရောင် တော်ဝင်အလံများ လွှင့်ထူလိုက်၏။
နယ်စားများ၊ မြို့စားများနှင့် အရာရှိ အားလုံးသည် ဝတ်စုံလဲလှယ်လိုက်ကြပြီး တော်ဝင်ရင်အင်ပါယာ၏ အရာရှိများ ဖြစ်လာကြသည်။ ချန်မြို့တော်မှ ပြည်နယ်များ၊ ကျေးရွာများအထိ ရုံးတံဆိပ် အားလုံးကို လဲလှယ်လိုက်သည်။ ကျေးရွာတိုင်းတွင် မဲပေးပွဲရလဒ်ကို ကြေညာသော အမိန့်ပြန်တမ်းများ ကပ်ထား လိုက်သည်။
ဤကြီးကျယ်သော အောင်ပွဲကို ဂုဏ်ပြုသောအနေဖြင့် ရင်ကွမ်းသည် စပါးကျီများ ဖွင့်လှစ်ခြင်း၊ လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။ နန်းတွင်းစာမေးပွဲကိုလည်း သက်တမ်းတိုးကြောင်း ကြေညာ ခဲ့၏။
ပြည်နယ်၊ ခရိုင်၊ မြို့ အသီးသီးမှ အရာရှိများသည် အောင်ပွဲခံ အခမ်းအနားများ ကျင်းပကြရသည်။ သက်ကြီး ရွယ်အိုများကို အဝတ်အစားများ ဝေငှခြင်း၊ ကလေးများကို မုန့်ပဲသရေစာများ ဝေငှခြင်းဖြင့် ရင်ကွမ်း၏ စေတနာကို ပြည်သူများ ခံစားစေခဲ့သည်။
............................
တော်ဝင်ရန် အင်ပါယာ နန်းတော်အတွင်း...
မင်းသားလျန် ဦးတိုက်လိုက်၏။ “အရှင့်သား... ရင်ကွမ်းက အမှန်တရားကို ဖုံးကွယ်ပြီး လိမ်ညာခဲ့ပါတယ်။ တော်ဝင်ရန်အင်ပါယာ အနေနဲ့ သူ့ကို အပြစ်ပေးသင့်ပါတယ်။ လိုအပ်ရင် မဟာဗျူဟာမြောက် တိုက်ခိုက်မှု ပြုလုပ်သင့်ပါတယ်။”
အိမ်ရှေ့စံ ပြန်မဖြေခဲ့ပေ။
“အရှင့်သား... ရင်ကွမ်းရဲ့လုပ်ရပ်က တော်ဝင်ရန် အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ကျုပ်တို့သာ အပြစ်မပေးရင် လောကက အင်ပါယာကို ဘယ်လို မြင်မလဲ။”
အိမ်ရှေ့စံက ဖြည်းညင်းစွာ ပြောလိုက်သည်။ “မင်းသားလျန်... ခင်ဗျား သရုပ်ဆောင်တာ သိပ်လွန်နေပြီ။”
မင်းသားလျန် တုန်လှုပ်သွားခဲ့၏။ “အရှင့်သား... ဒီကိစ္စကို ဒီတိုင်း လွှတ်ထားတော့မလို့လား။”
“မင်းသားလျန်... တခြားလူတွေအားလုံး သရုပ်ဆောင်နေကြတာလေ။ ခင်ဗျားက ဘာလို့ ဒီလောက် အတည်ကြီး လုပ်နေရတာလဲ။”
မင်းသားလျန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “သံတမန်တအားလုံးက ရင်ကွမ်း လိမ်ညာတာကို မြင်ခဲ့ကြတယ်။ တော်ဝင်ရန်အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ဘယ်လောက် ထိခိုက်လိုက်သလဲ။ လောကက တော်ဝင်ရန် အင်ပါယာကို ဘယ်လို ထင်မလဲ။”
အိမ်ရှေ့စံ လက်ကာပြလိုက်၏။ “မင်းသားလျန်... ခင်ဗျား ပင်ပန်းနေပြီ။ ပြန်နားလိုက်တော့။”
“အရှင့်သား...”
အိမ်ရှေ့စံသည် စာအုပ် တစ်အုပ်ကို ကောက်ယူ ဖတ်ရှုလိုက်သည်။ နောက်ထပ် စကားမပြောတော့ပေ။
မင်းသားလျန် တုန်ယင်စွာဖြင့် ဦးတိုက်ပြီး ဆုတ်ခွာသွားခဲ့သည်။
ထို့နောက် အိမ်ရှေ့စံက ပြောလိုက်၏။ “ရင်ကွမ်းကို ပြစ်တင်ရှုတ်ချတဲ့ အမိန့်ပြန်တမ်း ထုတ်လိုက်။ အင်ပါယာဆီ လူလွှတ်ပြီး တောင်းပန်ခိုင်းလိုက်။”
“ကောင်းပါပြီ အရှင့်သား။”
......................
ရက်အနည်းငယ် ကြာသောအခါ ရင်ကွမ်းသည် အင်ပါယာသို့ သံတမန်အဖွဲ့ကြီး စေလွှတ်ပြီး တောင်းပန်သည်။ တော်ဝင်ရန်အင်ပါယာသည် ရင်ကွမ်းကို ပြစ်တင်ရှုတ်ချသော အမိန့်ပြန်တမ်း သုံးစောင် ဆက်တိုက် ထုတ်ပြန်ခဲ့သည်။
ရင်ကွမ်းသည် ထပ်မံ တောင်းပန်ခဲ့ပြီး တော်ဝင်ရင်အင်ပါယာကို တော်ဝင်ရင်နိုင်ငံအဖြစ် အဆင့်လျှော့ချလိုက်သည်။ တော်ဝင်ရန်အင်ပါယာ၏ အုပ်ချုပ်မှုကို ထောက်ခံကြောင်း၊ ဧကရာဇ်သည် အရှေ့လောက၏ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်ကြောင်း ကြေညာခဲ့၏။
အင်ပါယာ တိတ်ဆိတ်နေခဲ့သည်။ တော်ဝင်ရင်နိုင်ငံ တည်ရှိမှုကို ချက်ချင်း အသိအမှတ် မပြုသော်လည်း ချန်နိုင်ငံသစ်၏ ၁.၅ သန်း စတုရန်းကီလိုမီတာနယ်မြေသည် ရင်မျိုးနွယ်စု ပိုင်ဆိုင်ကြောင်း အသိအမှတ် ပြုလိုက်သည်။
ထို့နောက် တော်ဝင်ချန်အင်ပါယာ ဝန်ကြီးချုပ် ရှားကျင်း၊ ဝူဘုရင်၊ ချောင်ဘုရင်နှင့် ရွဲ့ဘုရင်တို့ ပူးပေါင်းပြီး ရင်ကွမ်းကို ပြစ်တင်ရှုတ်ချသော အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့သည်။ မဲရလဒ် လိမ်ညာမှုကို ရှုတ်ချပြီး ရလဒ်ကို အသိအမှတ် မပြုကြောင်း ကြေညာခဲ့သည်။ ချန်နိုင်ငံသစ်နယ်မြေသည် တော်ဝင်ချန်အင်ပါယာ ပိုင်ဆိုင်ကြောင်း ကြေညာခဲ့၏။
ဆက်လက်ပြီး နိုင်ငံအားလုံး သံတမန်များက ရင်ကွမ်း၏ လိမ်ညာမှုကို တဖြည်းဖြည်း ဖော်ထုတ်လာကြသည်။
လောကတွင် လုံခြုံသော နံရံဟူ၍ မရှိပေ။ နိုင်ငံအားလုံး သံတမန် ရာပေါင်းများစွာသည် မဲရလဒ်ကို ကြားသိခဲ့ကြပြီး ရင်ကွမ်း၏ လုပ်ရပ်ကို မြင်တွေ့ခဲ့ကြသည်။
ဂယက်သည် ပိုမို ကြီးမားလာပြီး အရှေ့လောက တစ်ခုလုံးကို မုန်တိုင်းကဲ့သို့ လွှမ်းခြုံသွားခဲ့သည်။ ထို့နောက် မျက်လုံးအားလုံးသည် တော်ဝင်ရန်အင်ပါယာမှ မင်းသားလျန်ထံသို့ ရောက်ရှိလာကြ၏။
အဘယ်ကြောင့် ဆိုသော် သူသည် ဤကိစ္စကို တာဝန်ယူခဲ့သူဖြစ်ပြီး ရလဒ်ကို ကြေညာခဲ့သူ၊ လုပ်ငန်းစဉ် တစ်ခုလုံးကို ဦးဆောင်ခဲ့သူ ဖြစ်သောကြောင့်ပင်။
ဤအချိန်တွင် သူသာ ရင်ကွမ်း လိမ်ညာခဲ့ကြောင်း ဖော်ထုတ်လိုက်လျှင် တော်ဝင်ရန်အင်ပါယာ၏ ဂုဏ်သိက္ခာ ထိခိုက်သွားမည်။ သို့သော်ငြား ရင်ကွမ်း မလိမ်ညာခဲ့ကြောင်း လူသိရှင်ကြား ကြေညာပါက ရင်ကွမ်း၏ ပြစ်မှုများကို ထောက်ခံရာ ရောက်သွားမည်။
မင်းသားလျန်သည် နန်းတော်သို့ အကြိမ်ကြိမ် သွားရောက်ပြီး ခေါင်းကွဲမတတ် ဦးတိုက်ခဲ့သည်။ အိမ်ရှေ့စံကို ရင်ကွမ်းအား အပြစ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော်ငြား အိမ်ရှေ့စံ မတုန့်ပြန်ခဲ့ပေ။ မရေမတွက်နိုင်သော အကြည့်များနှင့် အသံများက မင်းသားလျန်ကို အမှန်အတိုင်း ပြောရန် ဖိအားပေးနေကြသည်။
နောက်ဆုံးတွင် တော်ဝင်ရန်အင်ပါယာ အိမ်ရှေ့စံက မင်းသားလျန်ထံ စာတစ်စောင် ပေးပို့လိုက်သည်။ စာထဲတွင် စာလုံးအနည်းငယ်သာ ပါရှိ၏။
‘ရှမ့်လန်အစစ်က နုရှောင့်မြို့မှာ ရှိနေတယ်။ သူနဲ့ ရင်ကွမ်း တိုက်ပွဲက မကြာခင် စတော့မယ်။’
မင်းသားလျန် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ‘တခြားလူတွေ အားလုံး သရုပ်ဆောင် နေကြတာ။ ခင်ဗျားက ဘာလို့ ဒီလောက် အတည်ကြီး လုပ်နေရတာလဲ။’
အိမ်ရှေ့စံ၏ စကားကို သူ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရ၏။
‘မင်း... မင်းတို့ ကျုပ်ကို မျောက်တစ်ကောင်လို ကစားနေကြတာလား။ ရင်ကွမ်းက ကျုပ်ကို ကစားတယ်။ ရှမ့်လန်... မင်းက ကျုပ်ကို ကစားတယ်။ အိမ်ရှေ့စံ... ခင်ဗျားရော ကျုပ်ကို ကစားနေတာလား။ ကျုပ် လုပ်သမျှ အရာအားလုံးက တော်ဝင်ရန် အင်ပါယာ အကျိုးအတွက်ပါပဲ။ ဘာလို့ ကျုပ်ကို ဒီလောက် ဖိအားပေးနေကြတာလဲ။’
နောက်တစ်နေ့တွင် မိသားစုဝင်များသည် မင်းသားလျန်၏ အလောင်းကို စာကြည့်ခန်းထဲတွင် တွေ့ရှိလိုက် ကြသည်။ တော်ဝင်ရန်အင်ပါယာ၏ သံတမန်ရေးရာလောကကို လွှမ်းမိုးခဲ့သော မင်းသားကြီးသည် ဤကဲ့သို့ဖြင့် လောကကို နှုတ်ဆက် ထွက်ခွာသွားခဲ့သည်။
..........................
ချန်ပြည်သူများ၏ မဲပေးပွဲနှင့်ပတ်သက်သော စကားစစ်ထိုးပွဲသည် ပိုမို ပြင်းထန်လာခဲ့သည်။ နုရှောင့်မြို့၊ ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်များသည် ရင်ကွမ်းကို နေ့စဉ် ပြစ်တင်ရှုတ်ချပြီး သူ၏ ပြစ်မှုများကို လောကသိအောင် ဖွင့်ချနေကြသည်။ ရင်ကွမ်းအနေဖြင့် ချန်နိုင်ငံသစ်၏ ၁.၅ သန်း စတုရန်းကီလိုမီတာ နယ်မြေကို ခြွင်းချက်မရှိ ပြန်လည်ပေးအပ်ရန်နှင့် ဧကရာဇ် ရှမ့်လန် အပါအဝင် သံတမန် အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် တောင်းဆို ကြ၏။
လောကကြီး ဆူညံသွားခဲ့သည်။
‘ရင်ကွမ်းက ဒီလောက်တောင် စွမ်းသလား။ တော်ဝင်ချန် ဧကရာဇ်နဲ့ သံတမန်အဖွဲ့ကိုတောင် ဖမ်းဆီးထား ရဲသလား။ တော်ဝင်ချန်ဧကရာဇ် ဖမ်းဆီးခံလိုက်ရရင် တော်ဝင်ချန်အင်ပါယာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။’
ကြီးမားသော အရှက်တကွဲ ဖြစ်မှုပင်။ အင်ပါယာသည် တရားမျှတမှုကို ဖော်ဆောင်ရန် ရည်ရွယ်ချက် မရှိသကဲ့သို့ တိတ်ဆိတ်နေခဲ့သည်။ နောက်ဆုံးတွင် တော်ဝင်ချန်အင်ပါယာ အတွင်းဝန်ရုံးနှင့် နန်းတွင်း အတိုင်ပင်ခံကောင်စီသည် ရင်ကွမ်းထံသို့ အပြင်းထန်ဆုံး သဝဏ်လွှာ ပေးပို့လိုက်၏။
ဧကရာဇ် ရှမ့်လန်၊ တပ်မှုး ချောင်ယောင်းအာ၊ ဒုတိယ အတိုင်ပင်ခံ စုနန်နှင့် သံတမန် အဖွဲ့ဝင် အားလုံးကို ၁၀ ရက်အတွင်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ သဘောမတူပါက တော်ဝင်ချန် အင်ပါယာ အနေဖြင့် ရင်ကွမ်းကို တရားဝင် စစ်ကြေညာမည် ဖြစ်ကြောင်း အသိပေးလိုက်သည်။
ရင်ကွမ်းသည် ညီလာခံတွင် မှူးမတ်အားလုံး၏ ရှေ့မှောက်၌ သဝဏ်လွှာကို မီးရှို့ပစ်လိုက်သည်။ သူ၏ သဘောထားမှာ အလွန် မောက်မာပြီး မထီမဲ့မြင် ပြုနေခဲ့၏။
တော်ဝင်ချန်အင်ပါယာ အတွင်းဝန်ရုံးနှင့် အတိုင်ပင်ခံကောင်စီသည် သည်းမခံနိုင်တော့ပေ။ ဝူဘုရင်၊ ချောင်ဘုရင်နှင့် ရွဲ့ဘုရင်တို့ နုရှောင့်မြို့သို့ ရောက်ရှိလာကြသည်။ တစ်ရက်နှင့် တစ်ညကြာ ဆွေးနွေးပြီးနောက် တော်ဝင်ချန်အင်ပါယာသည် တော်ဝင်ရင်နိုင်ငံဟု ခေါ်ဆိုသော နိုင်ငံကို တရားဝင် စစ်ကြေညာလိုက်သည်။
လောကကြီး ဆူညံသွားပြန်၏။
‘မင်းတို့ ဧကရာဇ် ရှမ့်လန် ဖမ်းဆီးခံထားရတာလေ။ ခေါင်းဆောင် မရှိဘဲနဲ့ မှူးမတ်တွေက စစ်ကြေညာချင်နေတာလား။ ဒါဆိုရင် ဒီစစ်ပွဲမှာ ဘာမျှော်လင့်ချက် ရှိတော့မှာလဲ။’
နိုဝင်ဘာ ၁၉ ရက်နေ့တွင် နုရှောင့်မြို့မှ စစ်သည် ၅၀၀၀၀ သည် ရွှဲ့ပြည်နယ်သို့ ဆင်းသက်လာခဲ့သည်။ တော်ဝင်ချန်အင်ပါယာ၏ စစ်သည် ၅၀၀၀၀ သည် ရင်ကွမ်းကို တိုက်ခိုက်ရန် တရားဝင် မြောက်ပိုင်းသို့ ချီတက်လာခဲ့ကြသည်။
လောက၏အမြင်တွင် ဤသည်မှာ တော်ဝင်ချန်အင်ပါယာ၏ ဂုဏ်သိက္ခာတိုက်ပွဲ ဖြစ်သည်။ ဝမ်းနည်း ပက်လက်နှင့် မျှော်လင့်ချက်မဲ့သော တိုက်ပွဲ၊ ရှုံးနိမ့်ရန် သေချာနေသော တိုက်ပွဲ ဖြစ်၏။
သို့သော်ငြား သူတို့ တိုက်ခိုက်ရပေမည်။ တော်ဝင်ချန်အင်ပါယာ၏ ဧကရာဇ်ပင် ဖမ်းဆီးခံထားရပြီဖြစ်ရာ သူတို့ ဘာမှမလုပ်ဘဲ နေပါက လောကကို မည်သို့ မျက်နှာပြမည်နည်း။ တော်ဝင်ချန်အင်ပါယာ၏ ဂုဏ်သိက္ခာ ဘယ်မှာ ရှိတော့မည်နည်း။
အပိုင်း (၁၁၄၄)
အမှန်တကယ်တွင် တော်ဝင်ချန်အင်ပါယာ၏ လေတပ်နှင့် ကြည်းတပ်သာ ပိုမို အင်အားကြီးမားလာသည် မဟုတ်ပေ။ အခြားတပ်ဖွဲ့တစ်ခုလည်း ပိုမို တိုးတက်လာခဲ့သည်။ ၎င်းမှာ ဦးခေါင်းခွံဂိုဏ်း၏ ရေတပ် ဖြစ်သည်။
အနောက်လောကမှ ပြန်ရောက်လာသည်မှာ ၄ နှစ်ခန့် ရှိပြီ။ ကောင်းကင်ပင်လယ်နန်းဆောင်၏ ရှေးဟောင်း စစ်သင်္ဘောကို ပြုပြင်ပြီးသည်မှာ ၃ နှစ် ရှိပြီ။ အခြား ရှေးဟောင်းစစ်သင်္ဘော ဒါဇင်ချီ ပြုပြင်ပြီးသည်မှာ ၁ နှစ်ခွဲခန့် ရှိပြီ ဖြစ်၏။
ကောင်းကင်လေကျွန်း၏ သင်္ဘောကျင်းသည် လွန်ခဲ့သော ၄ နှစ်တာ ကာလအတွင်း စွမ်းအားအပြည့် လည်ပတ်နေခဲ့ပြီး စစ်သင်္ဘော ၈ စင်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော်ငြား နိုင်ငံတစ်နိုင်ငံသည် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြင့်မားနေချိန်တွင် တစ်ချို့သော တည်ဆောက်ပြီးသည့် လက်နက် ကိရိယာများမှာ ခေတ်နောက်ကျ ကျန်ရစ်နိုင်သည်။ အထူးသဖြင့် သံချပ်ကာ စစ်သင်္ဘောများ ဖြစ်သည်။
စစ်သင်္ဘော ၈ စင်းအနက် ၅ စင်းသည် သံချပ်ကာ တပ်ဆင်ထားသော သစ်သား စစ်သင်္ဘောများ ဖြစ်ကြသည်။ နောက်ဆုံး ထွက်ရှိသော စစ်သင်္ဘော ၃ စင်းသာ သံချပ်ကာ စစ်သင်္ဘောအစစ်များ ဖြစ်ကြသည်။
ကောင်းကင်လေကျွန်း၏ သင်္ဘောကျင်းသည် ရှေးဟောင်းနှင့် ခေတ်သစ် တရုတ်နိုင်ငံထက် ကြီးမားသော အားသာချက် ရှိ၏။
ပထမအချက်မှာ သံမဏိ အရည်အသွေး မြင့်မားခြင်း ဖြစ်ပြီး၊ ဒုတိယအချက်မှာ ဂဟေဆက် နည်းပညာ ကောင်းမွန်ခြင်း ဖြစ်သည်။ သူတို့သည် ခေတ်သစ် လောကမြေထက်ပင် သာလွန်သော အိပ်မက်ဆိုး ကျောက်တုံး ပလာစမာ မီးတောက်ကို အသုံးပြုကြသည်။
သို့သော်ငြား စစ်သင်္ဘောများ၏ စွမ်းအင်ပိုင်းမှာမူ အလွန် ညံ့ဖျင်းနေသေးသည်။ စစ်သင်္ဘော ၆ စင်းသည် ရွက်လွှင့်ခြင်းကို အဓိကအားပြုရပြီး ရေနွေးငွေ့အင်ဂျင်ကို အရံအဖြစ်သာ အသုံးပြုရသည်။ လောင်စာအင်ဂျင်ကို ထုတ်လုပ်နိုင်ပြီ ဖြစ်သော်လည်း စစ်သင်္ဘောတွင် အသုံးပြုရန် ကြီးမားလွန်းသောကြောင့် စမ်းသပ်အဆင့်သာ ရှိသေးသည်။ နောက်ထပ် စစ်သင်္ဘောများတွင်မှ အကြီးစား လောင်စာအင်ဂျင်ကို အသုံးပြုနိုင်ပေမည်။
အကယ်၍ အသုံးပြုနိုင်လျှင်ပင် ခေတ်နောက်ကျနေဦးမည်။ အဘယ်ကြောင့်ဆိုသော် လောင်စာ အင်ဂျင်သည် အိပ်မက်ဆိုးကျောက်တုံးနှင့် ရှေးဟောင်းစွမ်းအင် ဗဟိုချက်တို့ထက် ခေတ်နောက်ကျသောကြောင့်ပင်။ သို့သော်ငြား ဤအားနည်းချက်များ ရှိနေလင့်ကစား ရှမ့်လန် အင်ပါယာ၏ ရေတပ်သည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့၏။
သူတို့သည် ရှေးဟောင်း စစ်သင်္ဘော ၃၀ ကျော်၊ စစ်သင်္ဘောသစ် ၈ စင်းနှင့် သံချပ်ကာ သစ်သား စစ်သင်္ဘော ၂၀ ကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ ပင်မ ရေတပ်ဖွဲ့တွင် စစ်သင်္ဘော ၅၈ စင်း ပါဝင်ပြီး ဟောင်ဝစ်ဇာ အမြှောက်အသစ် ၁၅၀၀ ကျော်၊ ရှေးဟောင်း ယန္တရားကြီး ရာပေါင်းများစွာ တပ်ဆင်ထားသည်။
ပိုမို အံ့အားသင့်စရာ ကောင်းသည်မှာ သင်္ဘောများပေါ်တွင် တပ်ဆင်ထားသော အသေးစား နဂါးအရှိန်အဝါ အမြှောက်များ ဖြစ်သည်။ ဦးခေါင်းခွံဂိုဏ်း ရေတပ်၏ ကြိုးပမ်းမှုကြောင့် ကြည်းတပ်မှ အသေးစား နဂါးအရှိန်အဝါ အမြှောက် ၁၅ လက် ရရှိခဲ့ပြီး ရှေးဟောင်း စစ်သင်္ဘော အချို့တွင် တပ်ဆင်နိုင်ခဲ့၏။
ထို့အပြင် ဦးခေါင်းခွံဂိုဏ်း အင်အား ၃၀၀၀၀ ၏ ပင်မတပ်ဖွဲ့ကိုလည်း လက်နက်အသစ်များ တပ်ဆင် ထားပြီး ဖြစ်သည်။ အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များ မသုံးနိုင်သေးသော်လည်း ရှေးဟောင်း လေးမြားများ၊ ရိုင်ဖယ်အဟောင်းများ တပ်ဆင်ထားသောကြောင့် ပင်လယ်ပြင်တွင် အနီးကပ် တိုက်ပွဲကို ကြောက်ရွံ့စရာ မလိုတော့ပေ။
ရေတပ်သည် တောင်ဘက်ရှိ ကျောက်မဲရဲတိုက်ကို တိုက်ခိုက်ရန် အင်အား မလုံလောက်သေးပေ။ စေတီတောင် ၏ ပင်မရေတပ်ဖွဲ့သည် ထိုနေရာတွင် တပ်စွဲထားသည်။ သို့သော်ငြား နုရှောင့်မြို့ကို ကာကွယ်ရန် နှင့် အရှေ့၊ အနောက် ရေလမ်းကြောင်းကို ကာကွယ်ရန်မူ လုံလောက်၏။
ဧရာမ ရေတပ်ဖွဲ့ကြီးသည် တော်ဝင်ချန် တပ်တော်သစ်မှ စစ်သည် ၅၀၀၀၀ နှင့်အတူ လက်နက်ခဲယမ်း အမြောက်အမြား၊ အမြှောက်များကို ကုန်းမြေပေါ်သို့ သယ်ဆောင်ပေးခဲ့သည်။ ကမ်းတက်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံး ၃ ရက်နှင့် ၃ ည ကြာမြင့်ခဲ့သည်။ ရွှဲ့ပြည်နယ်မှ စစ်သည်အသစ် ၁၀၀၀၀၀ သည် တိုက်ပွဲတွင် တိုက်ရိုက် မပါဝင်နိုင်သော်လည်း အဓိက သယ်ယူပို့ဆောင်ရေး အင်အားစု ဖြစ်လာခဲ့သည်။
ရှမ့်လန်သည် ပြုပြင်ထားသော ရှေးဟောင်း စစ်သင်္ဘောပေါ်တွင် ရပ်ပြီး လူပြည့်ကျပ်နေသော ဆိပ်ကမ်းကို ကြည့်နေခဲ့၏။ “ဦးလေးထန်၊ ဟီလာ... အိမ်ကို ခင်ဗျားတို့ဆီ အပ်ခဲ့မယ်။ တောင်ဘက်က စေတီတောင် ရေတပ်ဖွဲ့က နုရှောင့်မြို့ကို လာတိုက်မှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ အရန်သင့် ပြင်ဆင်ထားကြပါ။”
“စိတ်ချပါ အရှင်...”
“ကလဲ့စားချေမယ်။ တရားမျှတမှု ရှာမယ်။”
ထိုအချိန်တွင် မိုးခြိမ်းသံကဲ့သို့ ဟစ်ကြွေးသံကြီး ဆိပ်ကမ်းမှ ထွက်ပေါ်လာသည်။ တော်ဝင်ချန်အင်ပါယာနှင့် ရွှဲ့ပြည်နယ် တပ်တော်သစ်များ အားလုံး ဟစ်ကြွေးလိုက် ကြခြင်း ဖြစ်သည်။
ရှမ့်လန်သည် တပ်တော်ထဲတွင် ရှိနေသော်လည်း လူအများစု မသိကြပေ။ ရှမ့်လန်ကို ချန်မြို့တော်တွင် ရင်ကွမ်းက ဖမ်းဆီးထားသည်ဟုသာ ထင်မှတ်နေကြသည်။ သို့သော်ငြား ‘အရှင်ကို ကယ်တင်ကြ’ ဟူသော စကားမျိုး မထွက်ပေါ်လာပေ။
တော်ဝင်ချန်တပ်တော်၏ နှလုံးသားထဲတွင် အရှင် ရှမ့်လန်သည် အရာအားလုံး လုပ်ဆောင်နိုင်သူ ဖြစ်သည်။ သူတို့၏ အကူအညီကို အဘယ်ကြောင့် လိုအပ်မည်နည်း။ အရှင်သည် ရင်ဝူမင်ကို ချက်ချင်း သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်၏။
ယခုတစ်ကြိမ်တွင် ချန်နိုင်ငံသစ် မဲပေးပွဲ၏ အမှန်တရား ပေါ်ပေါက်လာခဲ့သည်။ အခြားနိုင်ငံများ သံသယ ရှိနေနိုင်သော်လည်း ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်များ၊ အထူးသဖြင့် တော်ဝင်ချန်တပ်တော်သည် ချန်နိုင်ငံသစ် ပြည်သူများ အရှင်ရှမ့်လန်ကို ထောက်ခံခဲ့ကြောင်း ခိုင်မာစွာ ယုံကြည်ကြသည်။ သူတို့ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ရင်ကွမ်းသည် ယုတ်မာကောက်ကျစ်ပြီး အရှက်မရှိသဖြင့် အမှန်တရားကို ဖုံးကွယ်ကာ အောင်ပွဲကို လုယူသွားခြင်း ဖြစ်သည်။
“ချန်နိုင်ငံသစ်ကို လွတ်မြောက်စေ။ ချန်မြို့တော်ကို ပြန်ယူကြ...”
ဆိပ်ကမ်းပေါ်တွင် လူသောင်းပေါင်း များစွာ ဟစ်ကြွေးနေကြသည်။ တော်ဝင်ချန် စစ်သည်အသစ် ၅၀၀၀၀ သာမက ရွှဲ့ပြည်နယ် စစ်သည်အသစ် ၁၀၀၀၀၀ နှင့် အရပ်သား သိန်းပေါင်းများစွာလည်း စိတ်ဓာတ် တက်ကြွနေကြ၏။
“ကလဲ့စားချေမယ်။ တရားမျှတမှု ရှာမယ်။ ချင်နိုင်ငံကို လွတ်မြောက်စေ။ ချန်မြို့တော်ကို ပြန်ယူကြ...”
အစပိုင်းတွင် အသံများ ရှုပ်ထွေးနေသော်လည်း မကြာမီ တစ်သံတည်း ဖြစ်သွားခဲ့သည်။ လူသိန်းပေါင်း များစွာသည် အလုပ်လုပ်ရင်း ကြွေးကြော်နေကြသည်။ သူတို့၏ တိုက်ခိုက်လိုစိတ် မြင့်မားနေပြီး ခွန်အားများ ပြည့်ဝနေကြသည်။ ၅၀၀ ကီလိုဂရမ်လေးသော အမြှောက်ကျည်ဆန်များကို အရပ်သား ၄ ယောက်က ထမ်းပိုးပြီး သယ်ဆောင်သွားကြသည်။
“မင်းသားလျန်... နှမြောစရာပါပဲ။” ရှမ့်လန် ရုတ်တရက် ပြောလိုက်၏။။
အမှန်တကယ်တွင် မင်းသားလျန် သေစရာ မလိုပေ။ သူ အရှက်မရှိစွာ ဆက်လက် အသက်ရှင်နေနိုင်သည်။ သူ၏ ဂုဏ်သိက္ခာ ပျက်စီးသွားမည် ဖြစ်သော်လည်း အနည်းဆုံးတော့ အသက်ရှင်နေဦးမည် မဟုတ်ပါလား။
ချန်ပြည်သူများ၏ မဲပေးပွဲတွင် မင်းသားလျန်နှင့် ရှမ့်လန် အပါအဝင် လူတိုင်းက ရင်ကွမ်း အနိုင်ရမည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော်ငြား မှန်၏ လွှမ်းမိုးနိုင်စွမ်း ကောင်းမွန်လွန်းသဖြင့် ပြည်သူများ၏ နှလုံးသားကို လှုပ်ခတ်နိုင်ခဲ့ပြီး အံ့ဖွယ် အနိုင်ရရှိခဲ့သည်။
ထိုအချိန်တွင် မင်းသားလျန်အနေဖြင့် အမှန်တရားကို ဖုံးကွယ်ပြီး ရှမ့်လန် ရှုံးသည်။ ရင်ကွမ်း နိုင်သည်ဟု ပြောဆိုနိုင်သည်။ သို့သော်ငြား သူ ထိုသို့ မလုပ်ခဲ့ပေ။ အမှန်အတိုင်း အရင် ပြောပြီးမှ စကားပြန်ပြင်ခဲ့၏။ သူ စကားပြန်ပြင်သည်မှာ ရင်ကွမ်း၏ ခြိမ်းခြောက်မှုကြောင့်လား။ အကြောင်းရင်း တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သော်လည်း အဓိက အကြောင်းရင်းမှာ တော်ဝင်ရန်အင်ပါယာ၏ အကျိုးစီးပွား အတွက်လည်း ဖြစ်၏။
အင်ပါယာ၏စီမံကိန်းတွင် ရင်ကွမ်းအနိုင်ရမှ ဖြစ်မည်။ မင်းသားလျန်သည် မောက်မာလွန်းပြီး ရှုပ်ထွေးလွန်းသူ ဖြစ်သည်။ တစ်ဖက်တွင် တော်ဝင်ရန် အင်ပါယာ၏ အကျိုးစီးပွားကို ကာကွယ်လိုပြီး အိမ်ရှေ့စံ၏ဆန္ဒကို လိုက်လျောလိုသည်။ အခြားတစ်ဖက်တွင် တော်ဝင်ရန် အင်ပါယာ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ပိုင် ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုသည်။ အထူးသဖြင့် ရင်ကွမ်းကဲ့သို့ သစ္စာဖောက် တစ်ယောက်ကို ခေါင်းမငုံ့လိုပေ။
အင်ပါယာသို့ ပြန်ရောက်သောအခါ သူသည် အိမ်ရှေ့စံ၏ စိတ်ကို ပြောင်းလဲရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ ရိုးရှင်းပါသည်။ ချန်နိုင်ငံသစ်၏ မဲရလဒ်ကို ထိန်းသိမ်းရုံသာမက ရင်ကွမ်းကို သေစေလောက်သော ထိုးနှက်ချက် ပေးလိုခြင်း ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာ၏ ဂုဏ်သိက္ခာနှင့် သူ၏ ဂုဏ်သိက္ခာကို ကာကွယ်လိုခြင်း ဖြစ်သည်။
ထိုးနှက်ချက် ပေးရန် နည်းလမ်းများစွာ ရှိသည်။ မဟာဗျူဟာမြောက် တိုက်ခိုက်ခြင်း၊ သို့မဟုတ် အစွမ်းထက် သိုင်းပညာရှင်များ အသုံးပြုပြီး ရင်ကွမ်း မိသားစုကို ဖျက်ဆီးခြင်းများ ပြုလုပ်နိုင်သည်။ သူ မင်းသားလျန် သည် ခြိမ်းခြောက်ခံရမည့်သူ မဟုတ်ကြောင်း ရင်ကွမ်းကို သိစေချင်၏။
နောက်ဆုံးတွင် တော်ဝင်ရန်အိမ်ရှေ့စံက ငြင်းပယ်ခဲ့သည်။ မင်းသားလျန်၏ ဂုဏ်သိက္ခာကို မကာကွယ်ပေးသလို တော်ဝင်ရန်အင်ပါယာ၏ ဂုဏ်သိက္ခာကိုလည်း မကာကွယ်ပေးခဲ့ပေ။ ဤသည်မှာ မင်းသားလျန်အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်သည်။ ထို့အပြင် လောကကြီးက သူ့ကို ဝိုင်းဝန်း လှောင်ပြောင်နေကြသည်။ ထို့ကြောင့် သူ မိမိကိုယ်ကိုယ် သတ်သေရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
“ဒီလူက အရှက်မရှိတဲ့ လူတစ်ယောက်လို့ ပြောလို့ရတယ်။ ချောင်ဘုရင်အိုကြီး သေဆုံးတုန်းက သူ အရှက်မရှိ ပြုမူခဲ့တယ်။ ချောင်ဘုရင်သစ်အပေါ်မှာလည်း ယုတ်မာခဲ့တယ်။ ဒါပေမဲ့ သူက အရှက်မဲ့လွန်းသူတော့ မဟုတ်ပြန်ဘူး။ သူက မောက်မာတဲ့သူလေ။ ဂုဏ်သိက္ခာ အထိခိုက် မခံနိုင်ဘူး။ ဂုဏ်သိက္ခာအတွက်ဆိုရင် သေဖို့ ရွေးချယ်မယ့်သူမျိုးပဲ။” မင်းသားကျင်းက ပြောလိုက်သည်။
“သူက သရုပ်ဆောင်တာ သိပ်လွန်သွားတာပါ။ အရေးအကြီးဆုံးက တော်ဝင်ရန်အိမ်ရှေ့စံက သူ့အပေါ် အရမ်း သွေးအေးလွန်းတော့ မျှော်လင့်ချက် ကုန်ဆုံးသွားတာပါ။”
“သူ့အကြောင်း မပြောပါနဲ့တော့။ ရန်သူ မဟုတ်ပေမယ့် ရန်သူပါပဲ။ သေသွားပြီဆိုတော့လည်း ပြီးတာပါပဲ။”
“အရှင်... အရှင်ရဲ့ စီမံကိန်းအရ ချန်မြို့တော်ကို တိုက်ခိုက်ဖို့က ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ စေတီတောင်ကို တိုက်ခိုက်ဖို့က ခက်ခဲပါလိမ့်မယ်။ ကျုပ်တို့ရဲ့ စစ်သင်္ဘောတွေက မိုင်ထောင်ချီ ပျံသန်းနိုင်မှာ မဟုတ်ပါဘူး။”
“ချန်မြို့တော် တိုက်ပွဲမှာ ဂိုဏ်းချုပ်ရန် ရှိနေပါစေလို့ မျှော်လင့်ရတာပဲ။”
“တကယ်လို့ မရှိရင် ဘယ်လိုလုပ်မလဲ။ စေတီတောင်ကို ဝိုင်းထားပြီး မတိုက်ဘဲ နေမလား။”
သူ၏စဉ်းစားချက်သည် ရှမ့်လန် တွေးတောနေသော မေးခွန်းပင် ဖြစ်သည်။ ယခု အဆုံးအဖြတ် တိုက်ပွဲသည် ရင်ကွမ်းနှင့် စေတီတောင်ကို အပြီးအပိုင် ချေမှုန်းရန် ဖြစ်သည်။ အမှန်တကယ်တွင် စေတီတောင်ကို ချေမှုန်းရန်မှာ ပိုမို အရေးကြီးသည်။ မဟုတ်ပါက ချန်မြို့တော်ကို သိမ်းပိုက်နိုင်လျှင်ပင် စေတီတောင် တပ်ဖွဲ့များက နုရှောင့်မြို့ကို ဖြတ်ကျော်လာပြီး ရှမ့်လန် (သို့မဟုတ်) ချောင်ပြည်နယ်ကို ကျောမှ ဓားဖြင့် ထိုးနိုင်ပေသည်။
အချိန်အတော်ကြာမှ ရှမ့်လန် ပြောလိုက်၏။ “တကယ်လို့ ဂိုဏ်းချုပ်ရန်က ချန်မြို့တော် တိုက်ပွဲမှာ မရှိဘူးဆိုရင် နုရှောင့်မြို့ကို ဖြတ်ကျော်ပြီး စေတီတောင်ဌာနချုပ်ကို ဖျက်ဆီးဖို့ တခြားနည်းလမ်း စဉ်းစားရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုက်ပွဲကို တစ်ချက်တည်းနဲ့ အပြတ်ဖြတ်ရမယ်။”
..........................
ရက်အနည်းငယ် ကြာပြီးနောက် ရှမ့်လန်၏ တော်ဝင်ချန် တပ်တော်သစ်သည် ကမ်းတက်ခြင်း ပြီးဆုံးပြီး အနောက်ဘက်သို့ ဦးတည် ချီတက်ခဲ့ကြသည်။ ဤသည်မှာ ပင်ပန်းသော စစ်ချီခရီးစဉ် ဖြစ်သည်။ ရွှဲ့ပြည်နယ် တစ်ခုလုံးကို ဖြတ်ကျော်ပြီး ချောင်ပြည်နယ် နယ်မြေထဲသို့ ဝင်ရောက်ရမည်။ ထို့နောက် ချောင်ပြည်နယ်မှ မြောက်ဘက်သို့ တက်ပြီး ချင်နိုင်ငံသို့ ဝင်ရောက်ရမည်။ ခရီးအကွာအဝေးမှာ မိုင်ပေါင်း တစ်သောင်းကျော် ရှိသည်။
ပင်မ တပ်ဖွဲ့မှာ စစ်သည် ၅၀၀၀၀ သာ ရှိသော်လည်း အရန်တပ်ဖွဲ့နှင့် အရပ်သား ၂၅၀၀၀၀ ကျော် ပါဝင်သည်။ စုစုပေါင်း လူ ၃၀၀၀၀၀ သည် မိုင်ရာချီ ရှည်လျားစွာ တန်းစီ ချီတက်နေကြပြီး ခမ်းနားကြီးကျယ်လှသည်။ ဤစစ်ချီခရီးတွင် ရိက္ခာ အများအပြား သယ်ဆောင်စရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် ရွှဲ့ပြည်နယ်နှင့် ချောင်ပြည်နယ်တို့က လမ်းခရီး တစ်လျှောက် အရာအားလုံးကို အကောင်းဆုံး ပြင်ဆင်ထားပေး သောကြောင့်ပင်။
ရိက္ခာများ သာမက စစ်မြင်းများ၊ လှည်းများနှင့် အခြားပစ္စည်းများကိုလည်း စနစ်တကျ ပြင်ဆင်ထား ပေးသည်။ ဤသည်မှာ နိုင်ငံသုံးနိုင်ငံ၏ အသုံးဝင်မှုပင် ဖြစ်သည်။ ရှမ့်လန်၏ စစ်သည် ၅၀၀၀၀ သည် လက်နက် ကိရိယာများကိုသာ ယူဆောင်လာရန် လိုအပ်၏။
လမ်းခရီးတစ်လျှောက်တွင် ရွှဲ့ပြည်နယ်က ရိက္ခာနှင့် အရင်းအမြစ်များ ထောက်ပံ့ပေးရုံသာမက မရေမတွက်နိုင်သော ပြည်သူများသည်လည်း စစ်တပ်အတွက် ရိက္ခာနှင့် အသားများကို လာရောက် ပို့ဆောင် ပေးကြသည်။
ထို့အပြင် စစ်တပ်သည် စခန်းချရန် မလိုအပ်ပေ။ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသည်နှင့် ရွှဲ့ပြည်နယ် တပ်ဖွဲ့များနှင့် ပြည်သူများက စခန်းကြီးများကို ကြိုတင် တည်ဆောက်ထားပြီး ဖြစ်သည်။ ချက်ပြုတ် ထားသော အစားအစာများနှင့် ရေနွေးများလည်း အဆင်သင့် ဖြစ်နေသည်။ ဝင်ရောက် နားခိုလိုက်ရုံသာ။
သို့တိုင်အောင် စစ်ချီ အမြန်နှုန်းမှာ တစ်ရက်လျှင် မိုင် ၅၀၊ ၆၀ ခန့်သာ ရှိသည်။ တော်ဝင်ချန် တပ်တော်သစ် ၅၀၀၀၀ သည် အမေဇုန် စစ်သည်တော်များ သို့မဟုတ် နိဗ္ဗာန စစ်သည်တော်များ ဖြစ်ကြသည်။
သူတို့ တစ်ဦးစီသည် ပေါင် ၂၀၀၊ ၃၀၀ ဝန်ကို ထမ်းပြီး တစ်ရက်လျှင် မိုင် ၃၀၀၊ ၄၀၀ ခရီးနှင်နိုင်သည်။ သာမန် စစ်တပ် လုံးဝ မဟုတ်ပေ။
စစ်တပ်ကို နှေးကွေးစေသည့် အရာမှာ များပြားလှသော အရင်းအမြစ်များ ဖြစ်သည်။ အသေးစား နဂါးအရှိန်အဝါ အမြောက် ၆ တန်၊ ၇ တန်၊ ငရဲမီးဗုံး ၅၀၀ ကီလိုဂရမ်၊ ၁ တန် စသည်တို့ ပါဝင်သည်။ ထို့အပြင် အထူးကျည်ဆန်များ၊ အမြောက် ရာပေါင်းများစွာနှင့် အမြောက်ကျည် သောင်းပေါင်းများစွာ ပါဝင်သည်။
“ကလဲ့စားချေမယ်။ တရားမျှတမှု ရှာမယ်။ ချန်နိုင်ငံကို လွတ်မြောက်စေ။ ချန်မြို့တော်ကို ပြန်ယူကြ...”
သွေးဆူပွက်စေသော ကြွေးကြော်သံများဖြင့် တော်ဝင်ချန် တပ်တော်သစ် ၅၀၀၀၀ သည် တစ်လခွဲကြာ ခရီးနှင်ပြီးနောက် ရွှဲ့ပြည်နယ်ကို ဖြတ်ကျော်ကာ ချောင်ပြည်နယ်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။ ချောင်ပြည်နယ်သို့ ရောက်သောအခါ မြေပြန့်လွင်ပြင် ဖြစ်သဖြင့် စစ်ချီ အမြန်နှုန်း အနည်းငယ် ပိုမြန်လာ၏။
ချောင်ဘုရင်သည် အရန်တပ်ဖွဲ့ ၂၀၀၀၀၀ နှင့်အတူ ရိက္ခာ၊ အရင်းအမြစ် အမြောက်အမြား ယူဆောင်ပြီး လာရောက် ကြိုဆိုသည်။ “ညီလေး နင်ကျန်း... ထျန်းရွှဲ့ကို ပြန်လိုက်တော့။ ကျန်တာ ကျုပ်တာဝန်ထား။”
နင်ကျန်းသည် ရှမ့်လန်ကို တိတ်တဆိတ် နှုတ်ဆက်လိုက်သည်။ သို့သော်ငြား နင်ချီ၊ ကျုံးယောင်နှင့် အခြား တပ်မှုး များသည် စစ်တပ်နှင့်အတူ လိုက်ပါပြီး မြောက်ပိုင်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြ၏။
“အရှင်... ကျုပ်မှာ အကြံတစ်ခု ရှိပါတယ်။”
“ပြောပါ။”
“ရွှဲ့ပြည်နယ်က မှူးမတ်တွေနဲ့ သံတမန်တွေကို နုရှောင့်မြို့မှာ အလှည့်ကျ တာဝန်ထမ်းဆောင်စေချင် ပါတယ်။”
ဤရွဲ့ဘုရင်သည် ရှမ့်လန်ကို တကယ့်ကို ယုံကြည်ပေသည်။ တိုက်ပွဲ မစသေးခင်ကပင် ရှမ့်လန် အနိုင်ရမည်ဟု သူ မြင်နေပြီး အောင်ပွဲအတွက် ကြိုတင် ပြင်ဆင်နေပြီ ဖြစ်သည်။
“သံတမန်တွေ၊ မှူးမတ်တွေတင် မဟုတ်ဘဲ လူလတ်တန်းစား အရာရှိတွေ၊ လူငယ် အရာရှိတွေကိုပါ နုရှောင့်မြို့မှာ ၂ နှစ်၊ ၃ နှစ်လောက် တာဝန်ထမ်းဆောင်စေပြီးမှ ရွှဲ့ပြည်နယ်ကို ပြန်လွှဲပြောင်းပေးသင့် ပါတယ်။ လိုအပ်ရင် တော်ဝင်ချန် ဗဟိုအစိုးရမှာ ဆက်နေခိုင်းလို့လည်း ရပါတယ်။”
ဤပုဂ္ဂိုလ်သည် တကယ်ကို သဘောထားကြီးသူ ဖြစ်သည်။ ဤသည်မှာ နှစ်ဖက်စလုံး၏ အုပ်ချုပ်ရေး အာဏာကို ချိတ်ဆက်လိုက်ခြင်း ဖြစ်သည်။ ရွှဲ့ပြည်နယ်သည် တော်ဝင်ချန်အင်ပါယာ စနစ်ထဲသို့ လုံးဝ ဝင်ရောက်သွားပေတော့မည်။
“အရှင်ရှမ့်လန်... ကျုပ်လည်း ဒီလို တွေးပါတယ်။ နိုင်ငံသုံးနိုင်ငံက မူဝါဒအသစ်တွေ ချမှတ်ထားပေမဲ့ ကျုပ်တို့က အင်အားစုဟောင်းတွေပါပဲ။ အတွေးအခေါ်တွေက မပွင့်လင်းသေးဘူး။ နုရှောင့်မြို့ကတော့ မတူဘူး။ အရမ်း မြန်ဆန်ပြီး ကျွမ်းကျင်မှု ရှိတယ်။
အရှင် ကျန်းလီ ပြောသလိုပဲ ယဉ်ကျေးမှုကို လွတ်မြောက်စေပြီး တော်ဝင်ချန်အင်ပါယာနဲ့ အရှေ့ လောကကြီး တစ်ခုလုံးကို ပိုမိုမြင့်မားတဲ့ ယဉ်ကျေးမှု၊ ပိုမို တောက်ပတဲ့ ခေတ်ကာလဆီ ဦးဆောင်သွားရမယ်။ အခု နုရှောင့်မြို့မှာ ဒီလို တိုးတက်မှုမျိုး မြင်နေရပြီဆိုတော့ နိုင်ငံသုံးနိုင်ငံကလည်း အမီလိုက်ရပါမယ်။
ပြီးတော့ အရှင်က ချန်မြို့တော်ကို တိုက်ခိုက်ပြီး ရင်ကွမ်းကို သတ်ပြီးရင် ချန်နိုင်ငံသစ် တစ်ခုလုံးကို လွှဲပြောင်းယူဖို့ ပြင်ဆင်ရပါမယ်။ ရင်ကွမ်းကို သစ္စာရှိတဲ့ အရာရှိတွေကို သုံးလို့ရမှာ မဟုတ်ဘူး။ နုရှောင့်မြို့ရဲ့ ဖွဲ့စည်းပုံက ရိုးရှင်းပြီး အရာရှိ အများကြီး မရှိဘူး။ ဒါကြောင့် နိုင်ငံသုံးနိုင်ငံကနေ လွှဲပြောင်းပေးဖို့ လိုအပ် ပါလိမ့်မယ်။ အရာရှိ အများအပြားကို နုရှောင့်မြို့ပို့ပြီး သင်ယူခိုင်း၊ အလုပ်လုပ်ခိုင်းရင် အနာဂတ်မှာ ချင်နိုင်ငံ တစ်ခုလုံးကို လွှဲပြောင်းယူရာမှာ အဆင်ပြေပါလိမ့်မယ်။”
ချောင်ဘုရင်ကလည်း ဝင်ပြောလိုက်သည်။ “ကျုပ်လည်း သဘောတူပါတယ်။ အရှင် သဘောတူရင် ချောင်ပြည်နယ်ရဲ့ အဓိက အရာရှိ ငါးပုံတစ်ပုံကို နုရှောင့်မြို့ဆီ လွှဲပြောင်းပေးဖို့ စာရင်း ပြုစုလိုက်ပါ့မယ်။”
ရှမ့်လန် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ မူအားဖြင့် သဘောတူပါတယ်။ ဒါပေမဲ့ မင်းသားကျင်း၊ သခင်ကြီး ဆော့ရွှမ်းတို့နဲ့ သေချာ လွှဲပြောင်းမှု လုပ်ကြအုံး။”
................