အခန်း (၁၁၄၅-၁၁၄၆)
Vol. 67 Ch. 1145-1146
အပိုင်း (၁၁၄၅)
ရှမ့်လန်၏ စစ်သည် ၅၀၀၀၀ ပင်မတပ်ဖွဲ့ ချီတက်ရာ လမ်းကြောင်းသည် လျှို့ဝှက်ချက် မဟုတ်သလောက်ပင်။
သူတို့ရောက်ရှိနေသော နေရာ၊ ချင်နိုင်ငံနှင့် မည်မျှဝေးကွာနေသည်ဆိုသော အချက်အလက်များကို ချန်မြို့တော်သာမက အင်ပါယာ၊ စေတီတောင်နှင့် လောကနိုင်ငံ အသီးသီးကပါ သိရှိနေကြသည်။
သေစေလောက်သော ထိုးနှက်ချက် ဖြစ်စေရန် ရှမ့်လန်၏ အထူး ကောင်းကင်ခံတပ် ၆ စင်းသည် စစ်တပ်နှင့်အတူ မလိုက်ပါလာခဲ့ပေ။ ၎င်းတို့သည် လျင်မြန်စွာ ပျံသန်းနိုင်သဖြင့် စစ်တပ် စစ်မြေပြင်သို့ ရောက်ရှိချိန်တွင် အချိန်မီ ရောက်ရှိလာနိုင်၏။
ထို့ကြောင့် ဤကာလအတွင်း ဝေဟင် ကာကွယ်ရေးကို တချောင်နှင့် အထူး စစ်သည်တော် ဒါဇင် အနည်းငယ်တို့က တာဝန်ယူထားရသည်။ ရှမ့်လန်၏ နုရှောင့်မြို့တွင် နှင်းလင်းယုန် ဒါဇင်အနည်းငယ်သာ ရှိသည်။
နောက်ပိုင်းတွင် တော်ဝင်ရန်အင်ပါယာထံမှ ဒါဇင်အနည်းငယ် ငှားရမ်းခဲ့ပြီး ချန်မြို့တော်သို့ ယူဆောင် သွားခဲ့သည်။ ထို့နောက် တော်ဝင်ချန်အင်ပါယာမြို့တော်ဆီ အကြောင်းကြားသည့် အနေဖြင့် တစ်ဝက်ခန့်ကို နုရှောင့်မြို့သို့ ပြန်လည် မောင်းနှင်သွားခဲ့သည်။ ကျန်တစ်ဝက်မှာ ချန်မြို့တော်တွင် အဖမ်းခံထားရ၏။
ထို့ကြောင့် ဤကာလအတွင်း ကောင်းကင်ယံတွင် ကင်းထောက်များ နေ့စဉ်နီးပါး ပျံဝဲနေကြသည်။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၊ အင်ပါယာ၊ ရင်ကွမ်း၊ စေတီတောင် စသည်တို့မှ ကင်းထောက်များ ဖြစ်ကြသည်။ သူတို့သည် ရှမ့်လန်စစ်တပ်၏ လမ်းကြောင်းကို ရှာဖွေရုံသာမက အခြေခံအားဖြင့် စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
၁၀ နာရီကြာတိုင်း ရင်ကွမ်းနှင့် အင်ပါယာသည် ရှမ့်လန် စစ်တပ်၏ တည်နေရာ အတိအကျကို သတင်း ရရှိနေကြသည်။ လောကကို ကြေညာခြင်း မပြုရုံသာ ရှိ၏။
“နုရှောင့်မြို့ရဲ့ အမြှောက်စာ စစ်သည် ၅၀၀၀၀ ချောင်ပြည်နယ်ထဲ ဝင်လာပြီ။”
“ချင်နိုင်ငံ နယ်စပ်နဲ့ ၂၃၀၀ မိုင်ပဲ ဝေးတော့တယ်။”
“၁၅၀၀ မိုင်ပဲ လိုတော့တယ်။”
“၁၀၀၀ မိုင်ပဲ လိုတော့တယ်။”
လောကတွင် လျှို့ဝှက်ချက် ဟူ၍ မရှိပေ။ ချန်မြို့တော်နှင့် အင်ပါယာမှ ပြည်သူများပင် ရှမ့်လန်၏ စစ်သည် ၅၀၀၀၀ မည်သည့်နေရာ ရောက်နေကြောင်း သိရှိကြသည်။ သူတို့က တော်ဝင်ချန် တပ်တော်သစ်ကို စတေးခံ တပ်တော် ဟုပင် အမည်ပေးထားကြသည်။
.....................
အင်ပါယာသည် နုရှောင့်မြို့နှင့် ရင်ကွမ်းတို့၏ အဆုံးအဖြတ် တိုက်ပွဲအကြောင်း ဘာမှ မပြောခဲ့ပေ။ ကြားဝင် ဖြန်ဖြေပေးရန်လည်း ဟန်ဆောင်ခြင်း မရှိခဲ့ပေ။ ရှမ့်လန်၏ စစ်သည် ၅၀၀၀၀ ရွှဲ့ပြည်နယ်သို့ ကမ်းတက်သည့်နေ့တွင် စေတီတောင်နှင့် ရင်ကွမ်းတို့သည် စစ်တပ်ကို စတင် စုစည်းနေကြပြီ ဖြစ်သည်။ သို့သော်ငြား သူတို့ စစ်တပ်၏ အတိုင်းအတာသည် ရှမ့်လန်ထက် များစွာ ကြီးမား၏။
ရင်ကွမ်းသည် ရည်မှန်းချက်ကြီးသူ ဖြစ်သည်။ လွန်ခဲ့သော နှစ် ၂၀ အတွင်း အစွမ်းကုန် မထုတ်ခဲ့သော်လည်း သေချာပေါက် ငြိမ်သက်မနေခဲ့ပေ။ ချင်နိုင်ငံတွင် လူဦးရေ သန်း ၆၀ ရှိပြီး စစ်တပ် အင်အား ၁ သန်း ရှိသည်။ အမှန်တကယ်တွင် ဤအရေအတွက်သည် သိပ်မများလှပေ။ ချောင်ပြည်နယ်နှင့် ရွှဲ့ပြည်နယ်သည် လူဦးရေ သန်း ၂၀ သာ ရှိသော်လည်း အထွတ်အထိပ် အချိန်တွင် စစ်သည် ၆၊ ၇ သိန်းအထိ ရှိခဲ့သည်။
စစ်တပ်၏ အရည်အသွေးသည် အရေအတွက်ထက် ပိုအရေးကြီးပြီး ရင်ကွမ်း၏ စစ်တပ်သည် သေချာပေါက် လက်ရွေးစင်များ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ် ၂၀ အတွင်း သူသည် စေတီတောင်နှင့် ပူးပေါင်းပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားသော ငရဲတပ်တော်ကို လေ့ကျင့်ပေးခဲ့သည်။ နဂါးနောင်တ ဖြင့် နှစ်ကြိမ် တိုက်ခိုက်ခံရသဖြင့် ငရဲစစ်သည် ၅၀၀၀၀၊ ၆၀၀၀၀ ခန့် ဆုံးရှုံးခဲ့သော်လည်း အများအပြား ကျန်ရှိနေသေး၏။
နုရှောင့်မြို့နှင့် ယခု အဆုံးအဖြတ် တိုက်ပွဲသည် ရင်ကွမ်း နိုင်ငံထူထောင်ပြီးနောက် ပထမဆုံး တိုက်ပွဲ ဖြစ်သည်။ ရင်ကွမ်းသည် သူ၏ အစွမ်းအစကို ပြသလိုပြီး လူတိုင်းကို တုန်လှုပ်သွားစေလိုသည်။ ထို့ကြောင့် ရှမ့်လန် စစ်တပ် စေလွှတ်သည့်နေ့မှစ၍ ချန်နိုင်ငံသစ်နှင့် စေတီတောင်သည် စစ်တပ်ကို စုစည်းခဲ့ကြသည်။
လဝက်ကြာပြီး တော်ဝင်ချန် စစ်သည် ၅၀၀၀၀ ချောင်ပြည်နယ်ထဲ ဝင်ရောက်သွားချိန်တွင် ရင်ကွမ်းနှင့် စေတီတောင်သည် စစ်တပ်ကို စုစည်းနေဆဲ ဖြစ်သည်။ သူတို့ စစ်သည် မည်မျှ စုစည်းမည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။ ချန်မြို့တော် ဝန်းကျင်တစ်ခုလုံးတွင် ကောင်းကင်နှင့်မြေကြီး ထိစပ်နေသကဲ့သို့ စစ်တပ်စခန်းများ ပြည့်နှက်နေ၏။
စေတီတောင်နှင့် ချန်မြို့တော်ကြား လေကြောင်းပိုင်နက်တွင် အဆုံးမဲ့ သားရဲပျံများနှင့် ပြည့်နှက်နေပြီး နေ့စဉ်နှင့်အမျှ ပျံသန်းနေကြသည်။
ရင်ကွမ်းအတွက် အကောင်းဆုံး လုပ်ဆောင်ရမည့်အရာမှာ ရန်သူ အင်အားကုန်ခမ်းသွားမည့် အချိန်ကို စောင့်ဆိုင်းခြင်း ဖြစ်သည်။ချန်မြို့တော် ခံစစ်စည်းတွင် စစ်သည် သိန်းချီ စုစည်းထားပြီး နုရှောင့်မြို့၏ စစ်သည်အသစ် ၅၀၀၀၀ လာရောက် တိုက်ခိုက်သည်ကို စောင့်ဆိုင်းသင့်သည်။ သို့သော်ငြား ထိုသို့ လုပ်ဆောင်ပါက နုရှောင့်မြို့စစ်တပ်ကို ရင်ကွမ်း၏ နယ်မြေထဲ ဝင်ရောက်ခွင့် ပေးရပေမည်။ ဤသည်မှာ အရှက်ရစရာ မဟုတ်ပါလား။
လောကအမြင်တွင် နုရှောင့်မြို့၏ မြောက်ပိုင်း စစ်ဆင်ရေးသည် စတေးခံ တိုက်ပွဲ၊ မျှော်လင့်ချက်မဲ့သော တိုက်ပွဲ ဖြစ်သည်။ ဘုရင်ရင်ကွမ်းအနေဖြင့် ရန်သူကို တိုင်းပြည်ထဲ ဝင်ရောက်ကျူးကျော်ခွင့် ပေးရမည်လား။ ရန်သူကို တိုင်းပြည် အပြင်ဘက်တွင် တားဆီးရမည် မဟုတ်ပါလား။
.............
ချန်မြို့တော်
“အရှင်... နုရှောင့်မြို့ရဲ့ စစ်သည် ၅၀၀၀၀ က နယ်စပ်နဲ့ ၈၀၀ မိုင်ပဲ ဝေးတော့ပါတယ်။”
လန်ရှစ်က လျှောက်တင်သည်။ “ကျုပ်တို့ စစ်သည် ၅၀၀၀၀၀ လည်း အဆင်သင့် ဖြစ်နေပါပြီ။ အရှင် ကိုယ်တိုင် စစ်ချီမလား သိပါရစေ။”
ရင်ကွမ်းက ပြန်မေးလိုက်၏။ “ဒီမြောက်ပိုင်း စစ်ဆင်ရေးကို ဘယ်သူ ဦးဆောင်တာလဲ။”
“စစ်သေနာပတိချုပ်က မင်းသားကျင်း၊ ဒုစစ်သေနာပတိချုပ်က လန်ဖုန်းပါ။”
“လန်ဖုန်း... သူက ဒုစစ်သေနာပတိချုပ် လုပ်နိုင်ပါ့မလား။ လန်မျိုးနွယ်စုကို အထင်သေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက သူက အဆင့် ၃ တပ်မှူးပဲ ရှိသေးတာလေ။”
လန်မျိုးနွယ်စု၏ အဆင့်အတန်းသည် တော်ဝင်ချန်အင်ပါယာတွင် ကျုံးမျိုးနွယ်စုနှင့် တူညီသည်။ လန်ရှစ်သည် လန်ဖုန်းနှင့် လန်တို၏ ဦးလေး ဖြစ်သည်။ အသက် ၈၀ ရှိပြီဖြစ်ပြီး အင်ပါယာ ကျန်းလီ လက်ထက် တည်းက စစ်ဘက်ဆိုင်ရာ ဒုတိယ အကြီးအကဲ ဖြစ်ခဲ့သည်။ ပြောရလျှင် လန်ရှစ်နှင့် ရင်ကွမ်းသည် တစ်ချိန်က ရန်သူများ ဖြစ်ခဲ့ကြသည်။ လန်မျိုးနွယ်စုသည် ကျန်းမျိုးနွယ်စု၏ သစ္စာအရှိဆုံး စစ်သူကြီးများ အဖြစ် လူသိများ ခဲ့သည်။
သို့သော်ငြား အင်ပါယာ ကျန်းလီ သေဆုံးပြီးနောက် လန်မျိုးနွယ်စု၏ တစ်စိတ်တစ်ပိုင်းသည် ရင်ကွမ်းဘက်သို့ ကူးပြောင်းသွားခဲ့ကြသည်။ လန်ရှစ်၊ လန်ရှစ်နှင့် အခြားသူများသည် လက်နက်ချပြီး ရင်ကွမ်း၏ လက်အောက်ခံများ ဖြစ်လာခဲ့ကြ၏။
လန်ရှစ်သည် ချန်နိုင်ငံသစ်၏ စစ်ဘက်ဆိုင်ရာ အကြီးအကဲအဖြစ် နှစ် ၃၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏တူ လန်ဖူသည်လည်း ဒုတိယ အကြီးအကဲ ဖြစ်လာခဲ့သည်။
“မင်းသားကျင်းက စွမ်းတယ် ဆိုပေမဲ့ လူရိုင်းဘုရင် တစ်ပါးပါပဲ။ ကျုပ် ကိုယ်တိုင် ဦးဆောင်စရာ မလိုပါဘူး။ အစ်ကိုရန်... ဒီစစ်သည် ၅၀၀၀၀၀ ကို ဘယ်သူ ဦးဆောင်ရင် အကောင်းဆုံး ဖြစ်မလဲ။”
ထိုသို့ပြောလိုက်ချိန်တွင် ရင်ကွမ်း စိတ်မကောင်း ဖြစ်သွားရသည်။ မူလက အိမ်ရှေ့စံ ရင်ဝူမင်သည် အသင့်တော်ဆုံး ဖြစ်သည်။
စေတီတောင် ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “ငရဲခန်းမဆောင်သခင် ရန်တန်ရှောင်က စစ်သေနာပတိချုပ် လုပ်ပါစေ။ မင်းသား ရင်ဝူချန်နဲ့ လန်ရှစ်က ဒုစစ်သေနာပတိချုပ် လုပ်ပါစေ။”
ထိုစကား ကြားလိုက်သည်နှင့် ရင်ကွမ်း စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ စေတီတောင်၏ အကြီးအကဲများထဲတွင် ငရဲခန်းမဆောင်သည် အဆင့် ၁ ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ခန်းမဆောင်သည် အဆင့် ၂ ဖြစ်သည်။
ငရဲခန်းမဆောင်သည် ငရဲတပ်တော်နှင့် အထူးတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန် တာဝန်ယူထားရသည်။ ရန်တန်ရှောင်သည် ခန်းမဆောင်သခင် ဖြစ်ရုံသာမက ဂိုဏ်းချုပ်၏ တူတော်မောင်လည်း ဖြစ်သည်။ ဤရာထူး ခန့်အပ်မှုက ဂိုဏ်းချုပ်ရန်အနေဖြင့် ရန်တန်ရှောင်ကို ဆက်ခံသူအဖြစ် ရွေးချယ်လိုက်ပြီလားဟု တွေးတောစရာ ဖြစ်စေ၏။
သို့သော်ငြား ထိုသို့ မဟုတ်နိုင်ချေ။ ရန်တန်ရှောင်သည် တူတော်မောင် ဖြစ်သော်လည်း အသက် ၁၀ နှစ်ကျော်သာ ငယ်သည်။ ယခု အသက် ၅၀ ကျော်နေပြီ ဖြစ်သည်။ သို့သော်ငြား တစ်ချက် သေချာသည်မှာ ယခုအချိန်တွင် ရန်တန်ရှောင်သည် စေတီတောင်၏ ဒုတိယ အရေးအပါဆုံး ပုဂ္ဂိုလ် ဖြစ်နေခြင်းပင်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဂိုဏ်းချုပ်ရန်သည် တောင်ပင်လယ်ဒေသ ရှေးဟောင်းအပျက်အစီးများ ထဲတွင် နေထိုင်ခဲ့ပြီး ရန်တန်ရှောင်က စေတီတောင် ဌာနချုပ်ကို စောင့်ရှောက်ခဲ့သည်။ ယခင်က တော်ဝင်ရန် အင်ပါယာ၏ နဂါးနောင်တ တိုက်ခိုက်မှုကို ရန်တန်ရှောင် ကြားဖြတ် ဟန့်တားခဲ့ဖူးသည်။
ရင်ကွမ်း မကျေနပ်သည့်အချက်မှာ ရန်တန်ရှောင်က စစ်သေနာပတိချုပ် ဖြစ်ပြီး ရင်ဝူချန်က ဒုစစ်သေနာပတိချုပ် ဖြစ်နေခြင်းပင်။ ရင်မျိုးနွယ်စုသည် အဆင့်နိမ့်ကျသွားသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။ ရင်ကွမ်း၏မျိုးရိုးအမည်မှာ ရန်ဖြစ်သော်လည်း ရင်မျိုးနွယ်စုသည် လောကရှိ တော်ဝင် မျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်နေဆဲပင်။
“ကောင်းပြီလေ။ ဒီလူ ၃ ယောက် ဦးဆောင်ပြီး နုရှောင့်မြို့က လူ ၅၀၀၀၀ ကို သုတ်သင်ကြတာပေါ့။”
ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “တန်ရှောင်... ဝင်ခဲ့”
ချက်ချင်းဆိုသလို အရပ် ၂ မီတာခန့် မြင့်သော ကြီးမားထည်ဝါသည့် လူတစ်ယောက် ဝင်ရောက်လာသည်။ ခန်းမဆောင် တစ်ခုလုံး ဖိအားတစ်ခု ခံစားလိုက်ရ၏။
အသက် ၅၀ ကျော်နေပြီ ဖြစ်သော်လည်း အသက် ၃၀ ခန့်သာ ရှိပုံရသည်။ ဂိုဏ်းချုပ်ရန်နှင့် အလွန် တူညီသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများသည် အဆိပ်ပြင်း မြွေများ ရစ်ခွေနေသကဲ့သို့ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။ သူသည် စေတီတောင် ဌာနချုပ်တွင် အမြဲ နေထိုင်ခဲ့သည်။ လျှို့ဝှက်တပ်တော်ကို လေ့ကျင့်ပေးသော အဖွဲ့အစည်း ဖြစ်သောကြောင့် ငရဲခန်းမဆောင်သည် အမြဲတစေ လျှို့ဝှက် နေခဲ့သည်။ ထို့ကြောင့် လူလုံးထွက်မပြသလောက်ပင်။
သို့သော်ငြား သိုင်းပညာအရာတွင် သူသည် ရန်ယင်ယင်နှင့် ရင်ဘောင်တန်းနိုင်ပြီး ကျူးဟုန်ရွှဲ့ထက် သာလွန်သည်။ မင်းသမီး နင်ဟန် အထွတ်အထိပ် အချိန်နှင့် ယှဉ်ပြိုင်နိုင်သည်။ အတိုချုပ် ပြောရလျှင် သူသည် ထိပ်တန်း သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။ အနည်းဆုံးတော့ ရှမ့်လန်ဘက်တွင် သူ့ကို ယှဉ်နိုင်သူ မရှိပေ။
ရင်ကွမ်းက မေးလိုက်သည်။ “တန်ရှောင်... ဒီစစ်ပွဲကို ဘယ်လို တိုက်မလဲ သိလား။”
“လူ ၅၀၀၀၀ လုံး ခေါင်းဖြတ်မယ်၊ သွေးဖောက်ထုတ်မယ်၊ အလောင်းတွေကို တစ်စစီ ဆွဲဖြဲမယ်။”
ဤလူသည် အလွန် တိုက်ရိုက်ကျသည်။ နောက်ပြောင်နေခြင်း မဟုတ်သလို ဒေါသထွက်နေခြင်းလည်း မရှိပေ။ သွေးဖောက်ထုတ်ခြင်းနှင့် အလောင်းများကို ဆွဲဖြဲခြင်းသည် အသုံးဝင်သောကြောင့် ဖြစ်၏။
တစ်စိတ်တစ်ပိုင်းကို အဆိပ်ပိုးမွှားများ မွေးမြူရာတွင် အသုံးပြုပြီး ကျန်တစ်စိတ်တစ်ပိုင်းကို စေတီတောင်၏ အထူးတပ်ဖွဲ့ ဖြစ်သော ငရဲတပ်တော် လေ့ကျင့်ရာတွင် အသုံးပြုသည်။ အတိုချုပ် ပြောရလျှင် အလွန် ယုတ်မာသည်။ စေတီတောင်၏ ဇီဝဗေဒ ဓာတ်ခွဲခန်းသည် ကောင်းကင်ပင်လယ် နန်းဆောင်၏ သုတေသန ဌာနထက်ပင် အဆများစွာ ပိုမို ဆိုးရွားသည်။
ရင်ကွမ်းက ပြောလိုက်၏။ “လောကကြီးက ကျုပ်တို့ကို စောင့်ကြည့်နေတယ်။ ကျုပ်တို့ဘက်က ၅ သိန်း၊ နုရှောင့်မြို့ဘက်က ၅ သောင်း။ လူအင်အား ၁၀ ဆ၊ ခွန်အား ၁၀၀ ဆ သာလွန်တယ်။ ပြီးတော့ တိုက်ပွဲက ကျုပ်တို့ ရင်အင်ပါယာ နယ်စပ်မှာ ဖြစ်မှာ။ ဒါကြောင့် လျှပ်စီးလို မြန်မြန်ဆန်ဆန် တိုက်ခိုက်ပြီး ရန်သူကို ပြာမှုန့် ဖြစ်သွားအောင် လုပ်ရမယ်။ ဒါမှ ကျုပ်တို့ ရင်အင်ပါယာရဲ့ အစွမ်းအစကို ပြသနိုင်မှာ။”
ထိုအချိန်တွင် လန်ရှစ်က ဝင်ပြောလိုက်သည်။ “အရှင်... ရှမ့်လန်က အကျဉ်းသား ဖြစ်နေပါပြီ။ နုရှောင့်မြို့က လူ ၅၀၀၀၀ က မြောက်ပိုင်းကို အတင်း လာတိုက်တာပါ။ သူတို့က အစတေးခံတွေပါပဲ။ ချေမှုန်းဖို့ လွယ်ကူပါတယ်။
ဒါပေမဲ့ တော်ဝင်ရန်အင်ပါယာက အဓိက သော့ချက်ပါ။ တကယ်လို့ သူတို့က အထူး နဂါးနောင်တ နဲ့ ပစ်ခတ်ရင် ဘယ်လိုလုပ်မလဲ။ နယ်စပ်မှာ ကြားဖြတ် ဟန့်တားရေး စက်ပစ္စည်းတွေ မရှိပါဘူး။”
“တော်ဝင်ရန် အင်ပါယာက အထူး နဂါးနောင်တကို ပစ်ရဲမှာ မဟုတ်ဘူး။”
လန်ရှစ်က နားမလည်နိုင်ပေ။ ‘ဘာလို့ မပစ်ရဲရမှာလဲ။ ရှမ့်လန် ချန်မြို့တော်မှာ ရှိနေလို့လား။ ရှမ့်လန်ကို ဓားစာခံ လုပ်ပြီး တော်ဝင်ရန် အင်ပါယာကို ခြိမ်းခြောက်မလို့လား။’
အမှန်တကယ်တွင် ထိုအကြောင်းရင်း တစ်ခုတည်း မဟုတ်ပေ။ စေတီတောင်တွင် အခြား သေစေလောက်သော လက်နက်တစ်ခု ရှိနေသောကြောင့်ပင်။ ၎င်းကို နဂါးအရှိန်အဝါဖြင့် ပစ်ခတ်ရသော်လည်း နဂါးနောင်တ မဟုတ်ပေ။ ကူပိုးကောင်များဖြင့် ပြုလုပ်ထားသော လက်နက်သစ် ဖြစ်သည်။ နဂါးနောင်တလောက် ကြောက်မက်ဖွယ်ရာမကောင်းသော်လည်း ကြီးမားသော ပျက်စီးမှုကို ဖြစ်စေနိုင်သည်။
သို့သော်ငြား စေတီတောင်၏ ငရဲတပ်တော်နှင့် အထူးစစ်သည်တော်များပင် ဤကူပိုးကောင်များကို ကာကွယ်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် သူနှင့်ကိုယ် မခွဲခြားနိုင်သော ဤလက်နက်ကို စစ်မြေပြင်တွင် အသုံးပြုရန် မဝံ့မရဲ ဖြစ်နေကြခြင်း ဖြစ်၏။
“ရင်ဝူချန်... မင်း ဘယ်လို သဘောရလဲ။” ရင်ကွမ်းက သားဖြစ်သူကို မေးလိုက်သည်။
“ကျုပ်တို့ စစ်သည် ၅ သိန်းက ချောင်ရင်နယ်စပ် ရောက်ဖို့ ၁၅ ရက် ကြာပါမယ်။ တိုက်ပွဲက ၁ ရက်ပဲ ကြာပါမယ်။ စစ်အောင်နိုင်ကြောင်း သတင်းပို့ဖို့ ၁ ရက် ထပ်ပေါင်းရင် ၁၇ ရက်ပါ။ အဖေ၊ ဂိုဏ်းချုပ်ရန်... ကျုပ်ကို ၁၇ ရက် အချိန်ပေးပါ။ ၁၇ ရက် အတွင်း တော်ဝင်ချန်အင်ပါယာရဲ့ အစတေးခံတပ်ဖွဲ့ လုံးဝ ပျက်စီးသွားပြီ ဆိုတဲ့ သတင်းကို ကြားစေရပါမယ်။ ကတိပေးပါတယ်။”
လန်ရှစ် မျက်မှောင်ကြုတ်လိုက်မိသည်။ စကားကြီးလွန်းနေသည်။ နှင်းမုန်တိုင်းကျလျှင် မည်သို့လုပ်မည်နည်း။
“မင်းကို ရက် ၃၀ အချိန်ပေးမယ်။ တစ်လအတွင်း တော်ဝင်ချန်တပ်တော်လုံးဝ ပျက်စီးသွားပြီ ဆိုတဲ့ သတင်းကို ငါ ကြားချင်တယ်။”
“အမိန့်တော်အတိုင်းပါ။”
“အမိန့်တော်အတိုင်းပါ။”
“အမိန့်တော်အတိုင်းပါ။”
ရင်တန်ရှောင်၊ ရင်ဝူချန်နှင့် လန်ရှစ်တို့ ဟစ်ကြွေးလိုက်ကြသည်။ ထို့နောက် ရင်ကွမ်း၏ အမိန့်ဖြင့် စေတီတောင်နှင့် ရင်ကွမ်း၏ စစ်သည် ၅ သိန်းသည် တောင်ဘက်သို့ ချီတက်သွားကြသည်။
…………
ရင်ကွမ်း၏ တပ်တော် တောင်ဘက်သို့ ချီတက်နေသည်။ စုစုပေါင်း စစ်သည် ၅ သိန်း၊ သို့သော်ငြား ၁ သန်းဟု ကြွေးကြော်ထားသည်။ ဤသတင်းသည် အင်ပါယာ၊ ထျန်းရွှဲ့မြို့၊ ချောင်ပြည်နယ်နှင့် ဝူပြည်နယ် မြို့တော်များသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
ကောင်းကင်မှ ကြည့်လျှင် ဤတပ်တော်ကြီးသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်နေသည်။ မိုင်ရာချီ ရှည်လျားပြီး အမှောင်လှိုင်းလုံးကြီး တောင်ဘက်သို့ စီးဆင်းသွားသကဲ့သို့ ဖြစ်သည်။ စစ်သည် ၅ သိန်းအနက် ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားသော အထူး စစ်သည်တော် ၃၀၀၀ ပါဝင်သည်။ ဤသည်မှာ မကြုံစဖူး အရေအတွက် ဖြစ်သည်။ ယခင် နုရှောင့်မြို့ကို တိုက်ခိုက်စဉ်က အယောက် ၃၀၀ သာ ပါဝင်ခဲ့သည်။
ငရဲတပ်တော် ၁၅၀၀၀၀ သည် ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။ ယခင်က ၅၀၀၀၀၊ ၆၀၀၀၀ ခန့်သာ အသုံးပြုခဲ့ဖူးသည်။ ကျန်ရှိသော ၃၀၀၀၀၀ သည် ချန်နိုင်ငံသစ်၏ မူလ ပင်မတပ်ဖွဲ့များ ဖြစ်ကြသည်။ သာမန် စစ်သည်များဟု သတ်မှတ်နိုင်သည်။ လောက အမြင်တွင် ဤတပ်တော်သည် တော်ဝင်ချန်တပ်တော်ထက် အဆ ၁၀၀ ပိုမို အင်အားကြီးမား၏။
ရှမ့်လန် အရှေ့လောကသို့ ပြန်ရောက်သည်မှာ ၄ နှစ်ရှိပြီ ဖြစ်သော်လည်း သူ၏ တပ်တော်သည် တကယ့် တိုက်ပွဲကြီး တစ်ပွဲမှ မတိုက်ခဲ့ဖူးပေ။ တော်ဝင်ချန်တပ်တော်၏ တိုက်ခိုက်နိုင်စွမ်းကို လူတိုင်း သံသယ ရှိနေကြသည်။ ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ် တပ်တော် ၂၀၀၀၀ ကို အနိုင်ရခဲ့ခြင်းမှာ တစ်ခုတည်းသော အောင်ပွဲ ဖြစ်သည်။
သို့သော်ငြား ထိုတိုက်ပွဲတွင် အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးကို အသုံးပြုပြီး ကောင်းကင်ပင်လယ် နန်းဆောင်၏ ရှေးဟောင်းစွမ်းအင်ဗဟိုချက်ကို ရပ်တန့်စေခဲ့သောကြောင့် သွေးဝိညာဉ် တပ်တော် စွမ်းရည် ကျဆင်းသွားကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက တော်ဝင်ချန်တပ်တော်ပျက်စီးသွားပေလိမ့်မည်။
ယခုတစ်ကြိမ်တွင် ရင်ကွမ်းနှင့် စေတီတောင်သည် ငရဲတပ်တော် အထူးစစ်သည်တော်များကို စေလွှတ်လိုက်ပြီ ဖြစ်သည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းသည် ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်တပ်တော်ထက် များစွာ သာလွန်၏။
ရှမ့်လန် ဖမ်းဆီးခံထားရပြီး ခေါင်းဆောင် မရှိသော တော်ဝင်ချန်တပ်တော်သည် မည်သို့ တိုက်ခိုက်မည်နည်း။
မျှော်လင့်ချက်မဲ့ခြင်းထက် ပိုမို ဆိုးရွားသော အခြေအနေ ဖြစ်သည်။ ထို့အပြင် ရှမ့်လန်သည် ရင်ဝူမင်နှင့် တစ်ဦးချင်း တိုက်ခိုက်ရန် အဘယ်ကြောင့် စွန့်စားခဲ့ရကြောင်း လူတိုင်း ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြရသည်။ ရင်ဝူမင်၏ စစ်သည် ၁၀၀၀၀၀ က ရွှဲ့ပြည်နယ် မြို့တော်ကို တိုက်ခိုက်တော့မည် ဖြစ်သောကြောင့်ပင်။
သာမန် စစ်အင်အားဖြင့် ရွှဲ့ပြည်နယ်ကို ကာကွယ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ရှမ့်လန်သည် ထိုကဲ့သို့ အန္တရာယ်များသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အံ့ဖွယ်နည်းဖြင့် ရင်ဝူမင်ကို သတ်ဖြတ်နိုင်ခဲ့ သော်လည်း ယခုအခါ ဖမ်းဆီးခံထားရပြန်သည်။
ဤအချက်က တော်ဝင်ချန်တပ်တော်၏ အားနည်းချက်ကို ပိုမို ထင်ရှားစေသည်။ ရင်ဝူမင်၏ စစ်သည် ၁၀၀၀၀၀ ကိုပင် မတားဆီးနိုင်ခဲ့လျှင် ယခု စစ်သည် ၅၀၀၀၀၀ ကို မည်သို့ တားဆီးမည်နည်း။
………………..
အပိုင်း (၁၁၄၆)
လူအများစု၏ မျက်လုံးများအောက်တွင် အင်အား ကွာခြားလွန်းသော တပ်တော်နှစ်ခုသည် တစ်ခုနှင့်တစ်ခု နီးကပ်လာနေကြသည်။ ရှမ့်လန်၏ စစ်သည် ၅၀၀၀၀ သည် မြောက်ဘက်သို့ ချီတက်နေပြီး ရင်ကွမ်း၏ စစ်သည် ၅၀၀၀၀၀ သည် တောင်ဘက်သို့ ချီတက်နေသည်။ ချောင်ရင်နယ်စပ်သည် စစ်မြေပြင် ဖြစ်လာပေတော့မည်။
၁၀ ရက် ကြာချိန်မှာတော့ ရှမ့်လန်၏ စစ်သည် ၅၀၀၀၀ သည် နယ်စပ်သို့ ဦးစွာ ရောက်ရှိလာသည်။ သူတို့သည် ရှေ့ဆက် မတက်တော့ဘဲ ခံစစ်ပြင်ဆင်ကြသည်။ ထိုအချိန်တွင် ရင်ကွမ်း၏ စစ်သည် ၅၀၀၀၀၀ သည် နယ်စပ်နှင့် မိုင်ရာချီ ဝေးကွာနေသေးသည်။ တော်ဝင်ချန်တပ်တော်ခံစစ်ပြင်နေကြောင်း ကြားသိရချိန်မှာတော့ စစ်သေနာပတိ ၃ ဦးသည် တပ်တော်ကို အရှိန်မြှင့်ရန် အမိန့်ပေးလိုက်ကြသည်။
၄ ရက် ကြာချိန်မှာတော့ ရင်ကွမ်းနှင့် စေတီတောင်၏ စစ်သည် ၅၀၀၀၀၀ သည် ချောင်-ရင်နယ်စပ်သို့ ရောက်ရှိလာကြသည်။ တပ်တော်နှစ်ခုသည် မိုင် ၅၀ သာ ကွာဝေးတော့သည်။ ရှမ့်လန်နှင့် ရင်ကွမ်း တပ်တော်တို့၏ အဆုံးအဖြတ် တိုက်ပွဲကြီး စတင်တော့မည်။
………………………
ရှမ့်လန် တပ်တော်၏ အသေးစား နဂါးအရှိန်အဝါ အမြှောက် ၁၃၀ သည် မီတာ ၃၀၀၀ ရှည်လျားသော ခံစစ်စည်း တစ်လျှောက် ဖြန့်ခွဲထားသည်။ စစ်သည် ၅၀၀၀၀ သည် ၅ ကီလိုမီတာ ရှည်လျားသော စတုရန်းပုံ တပ်ဖွဲ့ ၂၀ ဖွဲ့စည်းထားသည်။ ပါးလွှာ နည်းပါးသော တပ်ဖွဲ့ ဖြစ်သည်။ အမြှောက် ၃၀၀ ကျော်ကို ကတုတ်ကျင်းများနှင့် အကာအကွယ်များထဲတွင် ထားရှိပြီး အသေးစား နဂါးအရှိန်အဝါ အမြှောက်များကို ပံ့ပိုးပေးထား၏။
တစ်ချိန်တည်းမှာပဲ အထူး ကောင်းကင် ခံတပ် ၆ စင်းသည် အမြင့်ပေ ၁၃၀၀၀ မှနေ၍ ဖြည်းညင်းစွာ ချဉ်းကပ်လာနေကြသည်။ တော်ဝင်ချန် တပ်တော်သစ် ၅၀၀၀၀ သည် ရင်ကွမ်း၏ စစ်သည် ၅၀၀၀၀၀ ထောင်ချောက်ထဲ ဝင်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
နှစ်သစ်ကူး ရောက်ရှိလာပြီဖြစ်သည်။ သို့သော်ငြား ယခုနှစ်တွင် ပျော်ရွှင်ဖွယ် အငွေ့အသက်မျိုး မရှိပေ။ စစ်မြေပြင်တွင်သာမက အခြားနိုင်ငံများတွင်လည်း မရှိပေ။ လူတိုင်း၏ မျက်လုံးများသည် ချောင်ရင်နယ်စပ်သို့ ရောက်ရှိနေကြ၏။
ဇန်နဝါရီ ၁၉ ရက်...
“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...”
ရင်ကွမ်း၏ စေတီတောင် တပ်တော်မှ စစ်မောင်းသံများ ထွက်ပေါ်လာသည်။
“နုရှောင့်မြို့တပ်ကို ချေမှုန်းကြ။ အကုန်သတ်ကြ။” စစ်သေနာပတိ ၃ ဦး၏ အမိန့်ဖြင့် စစ်သည် ၅၀၀၀၀၀ သည် သေမင်းတမန် ရေလှိုင်းကြီးကဲ့သို့ ရှမ့်လန်၏ စစ်သည် ၅၀၀၀၀ ဆီသို့ တိုးဝင်လာကြ၏။
မင်းသမီးဒိုဟာသည် တချောင်ကို စီးပြီး အမြင့်ဆုံးသို့ ပျံတက်ကာ ရန်သူကို ကြည့်ရှုလိုက်သည်။
“ရန်သူ မိုင် ၅၀ အကွာ ရောက်ပြီ။”
“ရန်သူ မိုင် ၄၀ အကွာ ရောက်ပြီ။”
“ရန်သူ မိုင် ၃၀ အကွာ ရောက်ပြီ။”
ဤအချိန်တွင် တော်ဝင်ချန် စစ်သည် ၅၀၀၀၀ သည် ရန်သူကို မမြင်ရသေးသော်လည်း မြေကြီး တုန်ယင်မှုနှင့် မြောက်ဘက်မှ စစ်မောင်းသံများကို ကြားနေရပြီ ဖြစ်၏။
မင်းသမီး ဒိုဟာသည် ကောင်းကင်မှ ရှင်းလင်းစွာ မြင်တွေ့နေရသည်။ စစ်သည် ၅၀၀၀၀၀ သည် မိုးတိမ်မဲကြီးများကဲ့သို့၊ အမှောင်မိစ္ဆာကောင်ကြီးကဲ့သို့၊ ကြောက်မက်ဖွယ် ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ လွှမ်းခြုံလာနေသည်။
“မိုင် ၃၀... ရပြီ။”
စစ်သေနာပတိ မင်းသားကျင်း အမိန့်ပေးလိုက်၏။ “အသေးစား နဂါးအရှိန်အဝါ အမြှောက်အားလုံး အဆင်သင့် ပြင်ထား။”
ချက်ချင်းဆိုသလိုပဲ အသေးစား နဂါးအရှိန်အဝါ အမြှောက် ၁၃၀ ကို မောင်းနှင်လိုက်ပြီး ၁ တန်လေးသော ငရဲမီးကျည်ဆန်များကို ထည့်သွင်းလိုက်သည်။ ၁ တန်လေးသော ဗုံး၏ ဖျက်ဆီးအားသည် အံ့မခန်း ဖြစ်သည်။
“ပစ်...”
မင်းသားကျင်း၏ အမိန့်သံအဆုံးတွင် ပညာရှင် ၁၃၀ သည် ပစ်ခတ်ရေး ခလုတ်ကို နှိပ်လိုက်ကြ၏။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
ချက်ချင်းဆိုသလို လောကမြေကို တုန်လှုပ်စေသော အသံများနှင့်အတူ ငရဲမီး ကျည်ဆန် ၁၃၀ သည် လျှပ်စီးကဲ့သို့ ပျံသန်းသွားကြသည်။ အသံထက် ၆ ဆ ပိုမြန်သောကြောင့် အသံလှိုင်း ပေါက်ကွဲသံသည် နားကွဲမတတ် ဖြစ်စေသည်။
ကောင်းကင်နှင့် မြေကြီး တုန်ယင်သွားသည်။ ပစ်ခတ်လိုက်သည်နှင့် အလွန် ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။ မိုင် ၃၀ (၁၅၀၀၀ မီတာ) အကွာအဝေးကို ရောက်ရန် ၈ စက္ကန့်၊ ၉ စက္ကန့်သာ ကြာမြင့်၏။
ခဏအကြာတွင် ဤကြောက်မက်ဖွယ် ငရဲမီး ကျည်ဆန် ၁၃၀ သည် ရင်ကွမ်း၏ စစ်သည် ၅၀၀၀၀၀ ကြားသို့ ကျရောက်သွားခဲ့သည်။ ချိန်ရွယ်စရာ မလိုပေ။ နေရာတိုင်းတွင် ရန်သူများ ရှိနေသောကြောင့်ပင်။
“ဘုန်း... ဘုန်း... ဘုန်း...”
တုန်လှုပ်ဖွယ် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ပိုမို အံ့အားသင့်ဖွယ်၊ လောကမြေကို တုန်လှုပ်စေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ငရဲမီး ကျည်ဆန်တိုင်းသည် ကြောက်မက်ဖွယ် အစိမ်းရောင် မီးတောက် ပန်းပွင့်ကြီးများကို ဖန်တီးလိုက်ကြသည်။ မီးလုံးကြီး ၁၀၀ ကျော် ပေါက်ကွဲသွားပြီး မိုင်ပေါင်းများစွာ ဖြန့်ကျက်သွားသည်။ ကြောက်မက်ဖွယ် သတ်ဖြတ်ပွဲကြီး စတင်လေပြီ။
..............................
“အဲဒါ ဘာကြီးလဲ။ ဘာကြီးလဲဟ။”
ကောင်းကင်မှ ငရဲမီး ကျည်ဆန်များကို ဦးစွာ တွေ့ရှိသူများမှာ နှင်းလင်းယုန် စီးနင်းထားသော အထူး စစ်သည်တော်များ ဖြစ်ကြသည်။ သူတို့ လုံးဝ ကြက်သေ သေသွားကြသည်။ ငရဲမီး ကျည်ဆန်များသည် မြန်လွန်းလှသည်။ နဂါးနောင်တထက်ပင် မြန်နေသေးသည်။ ပိုမို ထူးဆန်းသည်မှာ အသံမကြားရခြင်းပင်။ အမှန်တကယ်တွင် အသံမရှိခြင်း မဟုတ်ပေ။ ကျည်ဆန် အမြန်နှုန်းက အသံထက် မြန်လွန်းသောကြောင့် အသံမကြားလိုက်ရခြင်းသာ ဖြစ်၏။
“တားဆီးကြ... တားဆီးကြ...”
အမိန့်ပေးလိုက်သည်နှင့် မြေပြင်ရှိ ဧရာမ လေးမြားကြီးများနှင့် အထူး စစ်သည်တော်များ၏ လက်ထဲမှ ရှေးဟောင်း လေးမြားများ ပစ်ခတ်လိုက်ကြသည်။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
မရေမတွက်နိုင်သော မြားများသည် ကောင်းကင်သို့ ပျံတက်သွားပြီး ရှမ့်လန် ပစ်ခတ်လိုက်သော ငရဲမီး ကျည်ဆန်များကို တားဆီးရန် ကြိုးစားကြသည်။ သို့သော်ငြား ဤသည်မှာ အချည်းနှီးဖြစ်ပြီး ရယ်စရာ ကောင်းလှသည်။ အသံထက် ၆ ဆ၊ ၇ ဆ မြန်သော အရာကို မီတာ ၁၅၀၀၀ အကွာမှနေ၍ တားဆီးမည်လား။
ကံကောင်းထောက်မစွာဖြင့် ရှေးဟောင်း လေးမြား အချို့က ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့လျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။ ငရဲမီးကျည်ဆန်၏ မောင်းတံသည် အလွန် အဆင့်မြင့်သောကြောင့် လေထဲတွင် ထိမှန်ရုံဖြင့် ပေါက်ကွဲမည် မဟုတ်ပေ။ ထို့ကြောင့် ရန်သူများသည် ငရဲမီးကျည်ဆန်များ သူတို့၏ တပ်ဖွဲ့ကြားသို့ ကျရောက် လာသည်ကို ကြည့်နေရုံသာ တတ်နိုင်ကြသည်။ ထို့နောက် တပ်တော် တစ်ခုလုံး ပျောက်ကွယ်သွားခဲ့သည်။
ပြင်းအားမြင့် ယမ်း ၁တန် ပေါက်ကွဲမှုသည် ၃၀၀၀၀ စတုရန်းမီတာ အကျယ်အဝန်းကို သတ်ကွင်းအဖြစ် ဖန်တီးနိုင်သည်။ ရှမ့်လန်၏ ငရဲမီးကျည်ဆန်တွင် အလွန်ပြင်းထန်သော ပေါက်ကွဲပစ္စည်းများ ပါဝင်ရုံသာမက ငရဲမီး ပါဝင် ပစ္စည်းများလည်း ပါဝင်သည်။ ဤသည်မှာ လျှို့ဝှက် ပုံသေနည်း ဖြစ်သည်။ ငရဲမီး ပိုးကောင် သွေး၊ ပင်လယ်မိစ္ဆာ သွေးနှင့် သိုင်းပညာရှင် သွေးများပင် ပါဝင်၏။
အတိုချုပ် ပြောရလျှင် ပါဝင်ပစ္စည်းများ ရှုပ်ထွေးသော်လည်း ပေါက်ကွဲအားနှင့် အထူးသဖြင့် မီးတောက်များကို အလွန်အမင်း ပြင်းထန်စေသည်။ ပေါက်ကွဲချိန်တွင် အပူချိန်သည် ဒီဂရီ ၁၀၀၀၀ ကျော်အထိ ချက်ချင်း ရောက်ရှိသွားသည်။ ငရဲတပ်တော်၏ သံချပ်ကာ မည်မျှခိုင်မာစေကာမူ အရည်ပျော်ပြီး ပုံပျက်သွားရသည်။ အတွင်းမှ လူများသည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ မီးသွေးတုံး ဖြစ်သွားကြသည်။
ပေါက်ကွဲမှု ဗဟိုချက် အပြင်ဘက်ရှိ သာမန် စစ်သည်များသည် အပိုင်းပိုင်းအစစ ဖြစ်သွားကြသည်။ အစွမ်းထက်သော ငရဲတပ်တော်သည် သံချပ်ကာ ကောင်းမွန်သောကြောင့် လွင့်စင်သွားရုံသာ ရှိသော်လည်း အကန့်အသတ်မဲ့သော မီးတောက်များက သူတို့၏ ခန္ဓာကိုယ်ကို ဝါးမျိုလိုက်ကြ၏။
ဤငရဲသံချပ်ကာသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည်။ အဖြိုက်နက် အလွှာက အပူဒဏ်ကို ကာကွယ်ပေးပြီး ခိုင်မာမှုက ပေါက်ကွဲလှိုင်းဒဏ်ကို ကာကွယ်ပေးသည်။ သာမန် ကျည်ဆန် ဆိုလျှင် သူတို့ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။ ဗုံးရှင်းလင်းရေး ဝတ်စုံထက်ပင် ပိုမို ကောင်းမွန်သေးသည်။
သို့သော်ငြား ငရဲမီး ကျည်ဆန်၏ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ အပူချိန်သည် သံချပ်ကာ အကွာအဟများမှ တဆင့် စိမ့်ဝင်သွားပြီး လူ့ခန္ဓာကိုယ်ကို တိုက်ရိုက် လောင်ကျွမ်းစေသည်။ ပေါက်ကွဲလှိုင်းသည် သံချပ်ကာကို ဖြတ်သန်းသွားပြီး ငရဲစစ်သည်များကို ရိုက်ခတ်၏။
“အား... အား... အား...”
မရေမတွက်နိုင်သော ငရဲစစ်သည်များ လွင့်စင်သွားပြီး လေထဲတွင် သနားစဖွယ် အော်ဟစ်ကာ မြေကြီးပေါ် ပြုတ်ကျလာကြသည်။ သံချပ်ကာ အပြင်ပန်းတွင် ထိခိုက်မှု မရှိသော်လည်း အတွင်းမှ လူများသည် ကြည့်မကောင်းအောင် မီးလောင်ကျွမ်းနေခြင်း သို့မဟုတ် ပေါက်ကွဲလှိုင်းကြောင့် အတွင်း ကလီစာများ ကြေမွပြီး မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ ထွက်ကုန်ကြသည်။
သာမန် စစ်သည်များမှာမူ ပိုမို ဆိုးရွားသည်။ ငရဲမီးကျည်ဆန် ကျရောက်သည်နှင့် တိုက်ရိုက် အမှုန့်ဖြစ်သွား ကြ၏။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
လောကမြေကို တုန်လှုပ်စေသော ပေါက်ကွဲသံများနှင့်အတူ အစိမ်းရောင် မီးတောက် ပန်းပွင့်ကြီးများ ပွင့်အာလာပြီး စစ်သည် ၅ သိန်း တပ်တော်ကြီးထဲတွင် ကွက်လပ်ကြီး ၁၀၀ ကျော် ဖြစ်ပေါ်လာခဲ့သည်။
သေဆုံးဒဏ်ရာရသူ မည်မျှရှိသနည်း။ မသိနိုင်ပေ။ တွက်ချက်၍လည်း မရနိုင်ချေ။ ၁ တန်လေးသော ငရဲမီး အမြောက်ဆံ ပေါက်ကွဲပြီးနောက် ၂၀၀၀၀ စတုရန်းမီတာအတွင်းရှိ လူများသည် မရေမတွက်နိုင်အောင် သေဆုံး ဒဏ်ရာရခဲ့ကြ၏။
ရင်ဝူချန်၊ လန်ရှစ်နှင့် ရန်တန်ရှောင်တို့ လုံးဝ ကြက်သေ သေနေကြသည်။ ‘ဒါ... ဒါ ဘယ်လို လက်နက်မျိုးလဲ။’
နုရှောင့်မြို့ရဲ့ လက်နက်တွေကို သူတို့ သိထားပြီးသားဖြစ်သည်။ သာမန် အမြှောက်ဆံတွေကို အကြိမ်ကြိမ် လေ့လာခဲ့ပြီးပြီ။ ခြိမ်းခြောက်မှု မရှိချေ။ အထူးသဖြင့် ငရဲသံချပ်ကာ အတွက်ဖြစ်သည်။ သို့သော်ငြား သူတို့ ယခု အံ့သြဖို့ အချိန်မရလိုက်ပေ။
“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”
ကောင်းကင်မှ အနက်ရောင် ကြယ်တံခွန် ၁၀၀ ကျော် ထပ်မံ ပျံသန်းလာပြန်သည်။ ရှမ့်လန်၏ အသေးစား နဂါးအရှိန်အဝါ အမြှောက် ၁၃၀ သည် ဒုတိယအကြိမ် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ ယခင်ကကဲ့သို့ပင် ပုံရိပ်ကိုသာ မြင်ရပြီး အသံမကြားရပေ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သံမဏိ မိုးစက်များ သည် ရင်ကွမ်း၏ တပ်တော်ထဲသို့ ထပ်မံ ကျရောက်လာခဲ့၏။
“ဝပ်နေကြ... ဝပ်နေကြ...” အရာရှိ အားလုံးနီးပါး အလိုအလျောက် အော်ဟစ်လိုက်ကြသည်။
စစ်သည် သိန်းချီ မြေကြီးပေါ် ဝပ်လိုက်ကြ၏။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
နောက်ထပ် လောကမြေ တုန်လှုပ်ဖွယ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ငလျင်လှုပ်သကဲ့သို့ မြေကြီး တုန်ယင်သွားသည်။ အကန့်အသတ်မဲ့သော မီးတောက်များသည် ကောင်းကင်ကို ထပ်မံ ဖုံးလွှမ်းသွားပြန်သည်။
ရင်ကွမ်းနှင့် စေတီတောင် စစ်သည်များ ဝပ်နေတတ်ခြင်းသည် ကောင်းမွန်သော အရာ ဖြစ်သည်။ ထိခိုက်မှုကို လျှော့ချနိုင်သည်။ သို့သော်ငြား ငရဲမီး ကျည်ဆန်၏ အဓိက ဖျက်ဆီးအားသည် အစအနများ မဟုတ်ဘဲ မီးတောက်များ ဖြစ်သည်။ ထို့ကြောင့် ဝပ်နေလျှင်လည်း အဓိပ္ပာယ် မရှိပေ။
ပေါက်ကွဲလှိုင်းသည် အတွင်းကလီစာများကို ကြေမွသွားစေနိုင်သည်။ အရေးအကြီးဆုံးမှာ ပေါက်ကွဲမီးတောက်များသည် ၂၀၀၀၀ စတုရန်းမီတာ အတွင်းရှိ အောက်ဆီဂျင် အားလုံးကို လောင်ကျွမ်းပစ်လိုက်ပြီး လေထုအပူချိန်ကို အလွန်အမင်း မြင့်တက်စေခြင်း ဖြစ်သည်။ မတ်တတ်ရပ် လျှင်လည်း သေမည်။ ဝပ်နေလျှင်လည်း သေရမည်ပင်။
“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...” ထို့နောက် တတိယအကြိမ် ပစ်ခတ်မှု ရောက်လာ၏။
စတုတ္ထအကြိမ်။
ပဉ္စမအကြိမ်။
ပိုမို ကြောက်မက်ဖွယ် ကောင်းသည်မှာ ပစ်ခတ်မှု တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ကြီးမားလာခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ၁.၇ တန်လေးသော ငရဲမီး ကျည်ဆန်များပါ ကျရောက်လာခဲ့သည်။
ရင်ဝူချန်သည် ဧရာမ အရာဝတ္ထုကြီး ကောင်းကင်မှ ကျလာပြီး ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသည်။ ချက်ချင်းဆိုသလို မီးတောက်များသည် သူ၏ မြင်ကွင်း တစ်ခုလုံးကို ပြည့်နှက်သွားပြီး ၃၀၀၀၀ စတုရန်းမီတာ အတွင်းရှိ အရာအားလုံး ပျက်စီးသွားခဲ့သည်။ နုရှောင့်မြို့တွင် မည်ကဲ့သို့ လက်နက်မျိုး ရှိနေသနည်း ဆိုသည်ကို သူ စိတ်ကူး၍ မရနိုင်တော့ပေ။
‘၃၅၀၀ ကီလိုဂရမ်လေးတဲ့ ဗုံးကို ၁၅ ကီလိုမီတာ အဝေးကနေ ဘာနဲ့ ပစ်တာလဲ။ နဂါးအရှိန်အဝါကလွဲလို့ တခြား အမြှောက် မရှိနိုင်ဘူး။’
ရင်ဝူချန်သည် နဂါးအရှိန်အဝါ၏ စွမ်းအားကို ကောင်းစွာ သိသည်။ ပေါင်သောင်းချီ လေးသော အရာဝတ္ထုကို မိုင်ရာချီ ပစ်ခတ်နိုင်သည်။ သို့သော်ငြား နုရှောင့်မြို့ တစ်ခုလုံးတွင် နဂါးအရှိန်အဝါ တစ်ခုသာ ရှိကြောင်း သူ သိထားသည်။ စေတီတောင်နှင့် တော်ဝင်ရင်အင်ပါယာ ပေါင်းလျှင်တောင် ၁၀ ခုထက် မပိုပေ။ ဤသည်မှာ မဟာဗျူဟာမြောက် လက်နက် ဖြစ်သည်။
‘ဒါပေမဲ့ နုရှောင့်မြို့က အလုံး ၁၀၀ ကျော် ပစ်ခတ်နေတယ် ဆိုတော့ သူတို့မှာ ပစ်ခတ်စင် ၁၀၀ ကျော် ရှိနေတာလား။ နုရှောင့်မြို့က ဒီလောက် စွမ်းနေရင် ဘာလို့ စောစောက မပစ်တာလဲ။’
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
တော်ဝင်ချန် တပ်တော်သည် မောပန်းခြင်း မရှိသကဲ့သို့ တရစပ် ပစ်ခတ်နေသည်။ ကြောက်မက်ဖွယ် ငရဲမီး ကျည်ဆန်များသည် မြေပြင်ကို ထပ်ခါတလဲလဲ ဆေးကြောနေသည်။ စစ်သည် ၅ သိန်း တပ်တော်ကြီးသည် ရှေ့ဆက် မတိုးနိုင်တော့ပေ။ ရှေ့တိုးလို့မရ၊ နောက်ဆုတ်လို့မရ။ မတ်တတ်ရပ်နေလို့လည်း အလကား၊ ဝပ်နေလို့လည်း အလကား။ အသေအလဲ အရိုက်ခံနေရရုံ သတ်သတ်သာ။ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်ပြီး သေဆုံးဒဏ်ရာရသူ အရေအတွက် တိုးပွားလာနေသည်။
‘ပြန်တိုက်ချင်ပေမဲ့ ၁၅ ကီလိုမီတာ ဝေးနေရင် ဘယ်လို လုပ်မလဲ။ ဘာလုပ်ကြမလဲ။’
ထိတ်လန့်စရာ မလိုအပ်ချေ။ သူတို့မှာ စစ်အင်အား အသာစီး ရနေသေးသည်။ ကောင်းကင်တပ်တော်ဆိုရင် ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားတဲ့ အထူး စစ်သည်တော်တွေ ပါဝင်၏။
စစ်သေနာပတိ ရန်တန်ရှောင်က အမိန့်ပေးလိုက်သည်။ “အမှတ် ၁ ကောင်းကင် တပ်တော်... ထွက်ခွာ။ တာဝေးပစ် လက်နက်တွေကို ရှာပြီး ချက်ချင်း ဖျက်ဆီးပစ်။”
“ကောင်းပါပြီ။” ချက်ချင်းဆိုသလို အထူး စစ်သည်တော် ၁၀၀၀ သည် နှင်းလင်းယုန်များကို စီးနင်းပြီး တော်ဝင်ချန်တပ်တော်ဆီသို့ အရှိန်မြှင့် ပျံသန်းသွားကြသည်။ ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်သည်။ နှင်းလင်းယုန် ၁၀၀၀ သည် တိုက်လေယာဉ် ၁၀၀၀ နှင့် တူသည်။ မြေပြင်မှ ကြည့်လျှင် မိုင်ပေါင်းများစွာ ရှည်လျားသော အမဲရောင် အကောင်ကြီးများ ဖြစ်သော ကောင်းကင် တပ်တော်ကြီး ဖြစ်၏။
ရင်တန်ရှောင်နှင့် ရင်ဝူချန်တို့ သိထားသည်မှာ နုရှောင့်မြို့တွင် အသံထက်မြန်သော ပျံသန်းသတ္တဝါ တစ်ကောင် ရှိသည်။ ထိုအရာမှလွဲ၍ သူတို့၏ လေတပ်သည် လုံးဝ အသုံးမဝင်ပေ။ ချန်မြို့တော်သို့ သွားရောက်စဉ်က နှင်းလင်းယုန် အလုံအလောက်ပင် မရှိဘဲ တော်ဝင်ရန် အင်ပါယာထံမှ ဒါဇင်အနည်းငယ် ငှားရမ်းခဲ့ရသည်။ ယခုထက်ထိ တစ်ချို့တစ်ဝက်ကို ပြန်မပေးရသေးပေ။
..............................